← Chapters

သူစိမ်းများ

Vol. 3 Ch. 223

သူစိမ်းများ

Vol. 3 Ch. 223

တုန်းယီမျိုးနွယ်စု ဆိုသည်မှာ ရှေးဟောင်းမျိုးနွယ်စု တစ်ခုဖြစ်ပြီး သာမန်လူများနှင့် မတူဘဲ ထူးဆန်းသူများ ဖြစ်ကြလေသည်။ တုန်းယီမျိုးနွယ်စုမှ လူများ၏ သွေးကြော ဖွဲ့စည်းပုံများက ထူးခြားပြီး မွေးရာပါ တန်ခိုးစွမ်းအား ပိုင်ဆိုင် ထားကြသူများ ဖြစ်သည်။ မျိုးနွယ်စု ခေါင်းဆောင်မှာ တစ်တန်ကျော်လေးသည့် လေးကို ကိုင်ဆောင် ပစ်ခတ်နိုင်စွမ်း ရှိလေသည်။

ရှေးယခင်တုန်းက တုန်းယီမျိုးနွယ်စုမှ စစ်သည်တော် တစ်ယောက်ဆိုလျှင် အရှေ့ပင်လယ်ရှိ ကန္တာရကျွန်း တစ်ကျွန်းပေါ်မှ မြားကိုးစင်း ပစ်လွှတ်ပြီး ခေါင်းကိုးလုံး မြွေပျံမိစ္ဆာကို တစ်ချက်တည်းဖြင့် နှိမ်နင်းခဲ့ ဖူးလေသည်။

ထိုအဖြစ်အပျက်များကို “နတ်ဘုရားများနှင့် နတ်မိစ္ဆာများ၏ ထူးဆန်းသည့် သမိုင်းကြောင်းများ” ဆိုသည့် စာအုပ်တွင် ရေးသားထားသည်ကို ဆန်းလျန် ဖတ်ခဲ့ရခြင်း ဖြစ်လေသည်။

ထိုစစ်သည်တော်မှာ အသက်နှစ်ရာ ရှည်ခဲ့လေသည်။ စွမ်းအား ကြီးမားလွန်းသည့် စစ်သည်တော် တစ်ပါးဖြစ်သည့်တိုင် သေခြင်းတရားကိုတော့ လွန်ဆန်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် တုန်းယီမျိုးနွယ်စုမှ လူသားများမှာ လေးအတတ် ကျွမ်းကျင်မှု ထိပ်ဆုံးအဆင့်သို့ ရှောက်ရှိသည့် သူများ ဖြစ်သည့်အတွက် လောကနိယာမ တရားများကို နားလည်သူများ ဖြစ်သလို သူတို့ကိုယ် သူတို့လည်း နားလည်ကြလေသည်။ ထို့ကြောင့် အသက်ရှည်ခြင်း အခြေခံ အကြောင်းရင်းများကို သိရှိသည့် အတွက် အသက်ရှည်ကြသည်မှာတော့ မဆန်းလှပေ။

ခေါင်းဆောင်လူငယ်မှာ ဆန်းလျန်က သူတို့မျိုးနွယ်စု ဘာသာစကားကို ပြောလိုက်သည့် အတွက် အံ့သြ ဝမ်းသာသွားလေသည်။

အမှန်တော့ လူငယ်ခေါင်းဆောင်သည် ဆန်းလျန်ကို ငှက်တစ်ကောင်နှင့် အမှတ်မှားကာ မြားဖြင့် ပစ်လိုက်ခြင်း ဖြစ်လေသည်။ သူတို့က ဆန်းလျန်မှာ လေတွင် ပျံသန်းနေသည့် တန်ခိုးရှင် တစ်ပါးဟု ထင်မှတ်မထားမိပေ။ သို့သော် ယခုတော့ သူတို့ကြောင့် ဆန်းလျန် ဒဏ်ရာရသွားခြင်း မရှိသည့် အတွက်ပင် ဝမ်းသာနေကြသည်။ လူငယ်ခေါင်းဆောင်က ဆန်းလျန်ကို တောင်းပန်းစကား အကြိမ်ကြိမ် ပြောကြားပြီး မှားယွင်း ပစ်ခတ်မိသည့် အတွက် လျော်ကြေးမည်မျှ ပေးရမည်လဲ မေးမြန်း နေလေသည်။

ဆန်းလျန် ပျံသန်းနေသည့် အချိန်တွင် ကောင်းကင် တစ်ခုလုံးမှာ တိမ်များ မြူများဖြင့် ဖုံးလွှမ်းနေပြီး ဆန်းလျန် ဝတ်ဆင်ထားသည့် ဝတ်ရုံမှ အင်္ကျီလက်နှစ်ဖက်မှာလည်း လေထဲတွင် လွင့်ပျံနေသည့် အတွက် အတောင် နှစ်ဖက်ခတ်ကာ ပျံသန်းနေသည့် ငှက်တစ်ကောင်အလား ထင်မှားသွားရခြင်း ဖြစ်လေသည်။

အဘယ်ကြောင့် လူငယ်ခေါင်းဆောင်သည် မြားကို မစူးစမ်းဘဲ အလျင်စလို ပစ်ခတ်လိုက်ရပါသနည်း။ ကောင်းကင်တွင် ငှက်များစွာ ပျံသန်းနေသည့်အတွက် ထိုသို့ အထင်မှားကာ အလျင်စလို ပစ်ခတ်လိုက်ရခြင်း ဖြစ်သည်ဟု ဆိုလေသည်။

ဆန်းလျန်က လူငယ်ခေါင်းဆောင်ကို မသိမသာ လေ့လာ နေလိုက်သည်။ လူငယ်မှာ ငယ်ရွယ်ပြီး ကြည်လင်သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားလေသည်။ သူ၏လက်ထဲတွင် ထူးဆန်းသည့်လေးကို တင်းကြပ်စွာ စုပ်ကိုင်ထားသည်။ လေးပေါ်တွင် မည်သည့် အင်းစာလုံးမှ ရေးထွင်းထားခြင်း မရှိဘဲ လေးကြိုးမှာလည်း တင်းကြပ်နေလေသည်။ ထိုလေးကို တင်နိုင်ရန်အတွက် အလွန် ခွန်အားကြီးမှ ပင်ရမည် ဖြစ်လေသည်။

ဆန်းလျန်က လူငယ်ခေါင်းဆောင်၏ နောက်မှ လူအုပ်စုကို ကြည့်လိုက်သည်။ ထိုလူအုပ်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင် နေလေသည်။ ထို့ပြင် သူတို့ကို ကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ် နေပုံလည်း ရလေသည်။

လူငယ်ခေါင်းဆောင်၏ မျက်ဝန်းအစုံမှာလည်း ကြည်လင်ပြီး စွမ်းအား ပြည့်ဝနေသည့်တိုင် သူ၏ပုံစံမှာ တစ်စုံတစ်ခုကို စိတ်ပူပန်ပြီး အသင့် စောင့်စိုင်းနေသည့် အနေအထားမျိုး ဖြစ်လေသည်။

သူက ဆန်းလျန်ကို တောင်းပန် စကားပြောနေရင်းနှင့်ပင် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်နေလေသည်။

ဆန်းလျန်လည်း တစ်စုံတစ်ခုကို မသင်္ကာ ဖြစ်လာပြီး သူ၏ စိတ်အာရုံ စူးစိုက်မှု စွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ထိုအခါ လေထဲမှ ထူးဆန်းသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။

ကောင်းကင်ထက်တွင် တိမ်တစ်အုပ်သည် လျင်မြန်သည့် အရှိန်ဖြင့် ပျံသန်းနေလေသည်။ ထိုတိမ်များဆီမှ လျှပ်စီး မှိန်မှိန်လေး ထွက်ပေါ်နေပြီး မိုးခြိမ်းသံများကိုလည်း ကြားနေရလေသည်။ ထိုတိမ်တိုက် ရွေ့လျားနေပုံမှာ ဆန်းလျန် ကောင်းကင်ထက်တွင် ပျံသန်းနေသည့် ပုံသဏ္ဌာန်နှင့် ဆင်တူလေသည်။ သို့သော် သေသေချာချာ ကြည့်မည် ဆိုလျှင်တော့ တူညီမှု လုံးဝမရှိသည်ကို သတိပြုနိုင်မည် ဖြစ်လေသည်။

ထိုတိမ်တိုက်ကို မြင်သည်နှင့် လူငယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ တစ်ချက် တောင့်တင်းသွားပြီး လေးကိုတင်ကာ ကောင်းကင်ထက်သို့ မြားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။

သူ့ဘေးနားရှိ စစ်သည်တော် အုပ်စုမှာလည်း ချက်ချင်းပင် အသင့် အနေအထား ပြင်ဆင်လိုက်ကြပြီး သူတို့၏လက်ထဲမှ သစ်သား လှံတံများကို မိုးပေါ်သို့ ကိုင်မြှောက် လိုက်ကြလေသည်။

စစ်သည်တော်များ အားလုံးမှာ ကြွက်သားများဖြင့် တောင့်တင်းသည့် ခန္ဓာကိုယ် ရှိကြပြီး ကြည့်ကောင်း ကြလေသည်။ သာမန်လူသားများနှင့်ယှဉ်လျှင် ထိပ်တန်းအဆင့် စစ်သည်တော်များ ဖြစ်လေသည်။ ကောင်းကင်ထက်တွင် ပျံသန်းနေသည့် တိမ်တိုက်ဆီမှ မိစ္ဆာစွမ်းအားများ ထွက်ပေါ် နေလေသည်။

လူငယ်ခေါင်းဆောင် ပစ်လွှတ်လိုက်သည့် မြားသည် မသိမသာ တိမ်းစောင်းသွားပြီး လေထဲတွင် လှပသည့် စက်ဝိုင်းပုံသဏ္ဌာန် ကွေ့ဝိုက်သွားကာ တိမ်တိုက်ဆီမှ ထူးဆန်းသည့် အရာကို ထိုးစိုက်လိုက်လေသည်။

တိမ်းတိုက်များ ရုတ်တရက် စုစည်းသွားပြီး တိမ်တိုက်ထဲမှ အရာက မြားကို ပြန်လည် တိုက်ခိုက်လိုက်သည်။ တိုက်ခိုက်လိုက်သည့် အတွက် တိမ်တိုက်ထဲမှ အရာကို မြင်တွေ့ လိုက်ရလေသည်။ ထိုသတ္တဝါမှာ ငှက်ဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိပြီး သူ၏ နံရိုးများကြားမှ အတောင်နှစ်ဖက် ငေါထွက်နေလေသည်။ ထိုအတောင်များကို တဖျပ်ဖျပ်ခတ်လိုက်လျှင် မိုးကြိုး မုန်တိုင်းငယ် တစ်ခုကို ဖြစ်ပေါ် စေလေသည်။

ထိုသတ္တဝါ၏ ပုံသဏ္ဌာန်မှာ လူသားနှင့်ဆင်တူလေသည်။ ဆန်းလျန်မှာ လူသားနှင့် ဆင်တူသည့် သတ္တဝါများ အကြောင်းကို စာအုပ်များထဲတွင် များစွာ ဖတ်ဖူးလေသည်။

သို့သော် ယခုကဲ့သို့ နံရိုးများကြားမှ အတောင်ပံများ ပေါက်နေပြီး မိုးကြိုး မုန်တိုင်းကို ဆင့်ခေါ်နိုင်သည့် သတ္တဝါမျိုးကိုတော့ ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။

တိမ်တိုက်အစုအဝေးက လူငယ်ခေါင်းဆောင် ပစ်လွှတ်လိုက်သည့် မြားကို ရိုက်ချလိုက်လေသည်။ လေထဲမှ လေချွန်သံကဲ့သို့ စူးရှသည့် အသံတစ်ချက် ထွက်ပေါ်လာပြီး မြားမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားရလေသည်။

ထိုခဏလေး အတွင်းမှာပင် တိမ်တိုက်များမှာ အမြင့်ဆုံးအဆင့်ထိ သိပ်သည်းသွားပြီး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲ ထွက်သွားလေသည်။

သို့သော် အလွန်ဝေးလံလှသဖြင့် အဖြစ်အပျက်များကို ဆန်းလျန် သေသေချာချာ မမြင်တွေ့လိုက်ရပေ။ သို့သော် သူအလွန် စိတ်ဝင်စားသွားမိလေသည်။

ငှက်လူသားမှာ ရပ်တန့်သွားခြင်း မရှိပါ။ သို့သော် အောက်သို့ ဆင်းလာလေသည်။ မိုးခြိမ်းသံများမှာလည်း ကျယ်လောင်လာပြီး အပြာရောင် အလင်းဖျော့ဖျော့လေးများ သူ၏ ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် တောက်ပ နေလေသည်။ သူ၏ လျင်မြန်သည့် အဟုန်ကတော့ အံ့သြလောက်စရာပင်။

စစ်သည်တော်များက သူတို့၏ လှံတံများကို ငှက်လူသားထံသို့ ပစ်လွှတ်လိုက်ကြသည်။ သို့သော် ငှက်လူသားက လှံတံများကို လွယ်ကူစွာပင် ရှောင်တိမ်း လိုက်လေသည်။ မရှောင်နိုင်သည့် လှံတံများကိုလည်း သူ၏ အတောင်ပံဖြင့် ခတ်ထုတ်ပစ်လိုက်လေသည်။ လှံတံအချို့မှာ မိုးကြိုး မုန်တိုင်းကြားတွင် ကျိုးပဲ့ ကုန်ကြလေသည်။

လူငယ်ခေါင်းဆောင်မှာ ဆန်းလျန်ကို ရှင်းပြနေရန် အချိန်မရတော့ပေ။ သူက လေးကိုတင်ကာ ချက်ချင်း ပစ်ခတ် လိုက်လေသည်။ သူ၏ ပစ်ခတ်မှုမှာ လျင်မြန်လွန်းလှသည်။

လူငယ်ခေါင်းဆောင်က မျက်စိတစ်မှိတ် အတွင်းမှာပင် မြားခြောက်ချောင်း ပစ်လွှတ်လိုက်ခြင်း ဖြစ်လေသည်။

များစွာ အားစိုက် ထုတ်လိုက်ရသည့် အတွက် လူငယ်ခေါင်းဆောင် နဖူးထက်တွင် ချွေးများပင် စို့နေလေသည်။ သို့သော်... သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး ငှက်လူသားကို စူးစိုက် ကြည့်နေလေသည်။

မြားခြောက်စင်းမှ လေကို ထိုးခွဲသည့် အသံများထွက်ပေါ်လာပြီး နဂါးတစ်ကောင် အလား ငှက်လူသားဆီသို့ ထိုးဖောက် ဝင်ရောက် သွားလေသည်။ မြားခြောက်စင်းဆီမှ ကြီးမားသည့် မိုးမြေစွမ်းအား လှိုင်းလုံးကြီးကို ဆန်းလျန် ခံစားမိလေသည်။

လူငယ်ခေါင်းဆောင် လေးတင်လိုက်သည်နှင့် သူ၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင် မီးတောက် သင်္ကေတမှာ တစ်လက်လက် တောက်ပလာလေသည်။ လောင်ကျွမ်းနေသည့် မီးတောက်တစ်ခု အလားပင် ဖြစ်လေသည်။ လူငယ်ခေါင်းဆောင်၏ စွမ်းအားမှာ ရှေးဟောင်း နတ်ဘုရား တစ်ပါးကဲ့သို့ သိပ်သည်းပြီး အေးစက်လေသည်။

မည်သည့် တန်ခိုးစွမ်းအားနှင့်မျှ ဆင်တူခြင်း မရှိသည့် စွမ်းအားတစ်မျိုး ဖြစ်လေသည်။ သေသေချာချာ နှိုင်းယှဉ် ပြရမည်ဆိုလျှင် မဟူရာ အဏ္ဏဝါနန်းတော်မှ ထူးဆန်းသည့် စွမ်းအားနှင့် ဆင်တူနေလေသည်။

ဆန်းလျန်က သူတို့၏ တိုက်ခိုက်မှုကို ဝင်ရောက် စွက်ဖက်ခြင်းမရှိပါ။ ငှက်လူသားနှင့် တုန်းယီမျိုးနွယ်စုတို့မှာ ရန်သူများ ဖြစ်ကြဟန် တူလေသည်။ ဆန်းလျန်က တိုက်ပွဲကို လေ့လာ နေလိုက်သည်။ လူငယ်ခေါင်းဆောင်သည် ရက်စက်သည့် နဂါးတစ်ကောင်အလား ငှက်လူသားကို မြားဖြင့် ချိန်ရွယ် ထားလေသည်။

သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ သူမသာ ကိုယ်မသာ ဖြစ်နေပြီး လူငယ်ခေါင်းဆောင်သည် မြားကို အဆက်မပြတ် ပစ်ခတ်နေလေသည်။

သူက ရှေးဟောင်းဂါထာ တစ်ပုဒ်ကိုလည်း ဌာန်ကရိုင်း ကျကျရွတ်ဆိုနေပြီး သူ၏ နဖူးထက်မှ အနီရောင် မီးတောက် သင်္ကေတမှာ ထိုဂါထာ ရွတ်ဖတ်သည်နှင့် ပိုပြီးတောက်ပလာလေသည်။ သို့သော် လူငယ်ခေါင်းဆောင်၏ ကိုယ်ထဲမှ စွမ်းအားသည် လျော့နည်းလာပြီ ဖြစ်သည်ကို ဆန်းလျန် ရိပ်မိ လိုက်လေသည်။

လူငယ်ခေါင်းဆောင်၏ မျက်ခုံး နှစ်ခုကြားမှ အနီရောင် မီးတောက် သင်္ကေတမှာ လူငယ်က ငှက်လူသားဆီသို့ မြားတစ်စင်း ပစ်လွှတ်လိုက်တိုင်း တောက်ပမှု လျော့နည်းသွားရသည်။

ထိုအနီရောင် သင်္ကေတမှ အပူရှိန်များ ထွက်ပေါ်နေပြီး မီးတောက်မှာ လေထုထဲ အထိ စီးဝင်သွားလေသည်။

ထို့နောက်....

လူငယ်သည် အားအင်ကုန်ခမ်းကာ မြေပြင်ထက်သို့ လဲကျ သွားလေတော့သည်။

***

All Chapters