← Chapters

ပျောက်ဆုံးနေသည့် ကျူးထျန်းတိမ်လွှာ တန်ခိုးစွမ်းအား

Vol. 3 Ch. 224

ပျောက်ဆုံးနေသည့် ကျူးထျန်းတိမ်လွှာ တန်ခိုးစွမ်းအား

Vol. 3 Ch. 224

လေထဲတွင် ကျယ်လောင်သည့် အသံကြီး တစ်ခု ထွက်ပေါ်လာပြီး လူငယ်၏ မျက်ခုံးနှစ်ဖက်ကြားရှိ အနီရောင် မီးတောက်မှာ လေထုထဲတွင် စီးမျောသွားပြီး ငှက်လူသားကို ထိမှန်သွားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ငှက်လူသား၏ ငေါထွက်နေသည့် အတောင်ပံများမှာ မီးတောက်ထဲတွင် လောင်ကျွမ်းသွားပြီး မြေပြင်ထက်သို့ ပြုတ်ကျလာလေသည်။

ငှက်လူသားကို သုတ်သင်လိုက်နိုင်သည့်တိုင် လူငယ် ခေါင်းဆောင်မှာလည်း မသက်သာလှပါ။

ဆန်းလျန်က တောက်ပနေသည့် ပြဒါးဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ဆေးလုံးမှ သင်းပျံ့သည့် ရနံ့သည် ပတ်ဝန်းကျင်တွင် ပျံ့လွင့် သွားလေသည်။ စစ်သည်တော်များမှာ ထိုဆေးလုံးကို ကြည့်ပြီး စားချင်စိတ်များ ဖြစ်ပေါ်ကာ သွားရည်များပင် ကျလာကြသည်။

သို့သော် စစ်သည်တော်များက လူငယ်ခေါင်းဆောင်အတွက် စိတ်ပူနေသည့် အတွက် ဆန်းလျန်ကို သတိထားပြီး စောင့်ကြည့် နေကြသည်။

ဆန်းလျန်က သူတို့ကို ဂရုမစိုက်ဘဲ ပြဒါးဆေးလုံးကို လဲကျနေသည့် လူငယ် ခေါင်းဆောင်၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်သည်။ ထိုပြဒါး ဆေးလုံးမှာ ဒဏ်ရာကို ကုသနိုင်ခြင်း မရှိပါ။

သို့သော်... ထိုဆေးလုံးမှာ "ရနံ့ကိုးပါး ဂျင်ဆင်းဆေးလုံး" ဖြစ်ပြီး မှော်ဆေးပင် ကိုးမျိုးဖြင့် ဖော်စပ်ထားခြင်း ဖြစ်လေသည်။ အချိန်တိုအတွင်းတွင် အသက်ဓာတ် စွမ်းအားကို ပြန်လည် အားပြည့် စေလေသည်။

လူငယ်ခေါင်းဆောင်၏ မျက်ခုံးနှစ်ခုကြားမှ မီးတောက် ပုံသဏ္ဌာန် သင်္ကေတမှာ တောက်ပခြင်း လုံးဝမရှိတော့ဘဲ မီးတောက်ပုံ အနာရွတ် တစ်ခုမျှသာ ကျန်တော့သည်။ သို့သော်... ဆန်းလျန်၏ ရနံ့ကိုးပါး ဂျင်ဆင်းဆေးကို မျိုချလိုက်သည်နှင့် အနီရောင် မီးတောက်သည် ချက်ချင်းပင် ပြန်တောက်ပလာလေသည်။ သို့သော် မှိန်ဖျော့နေပြီး ယခင်ကလောက် တောက်ပခြင်း မရှိတော့ပေ။

"ဆေးအတွက် ကျေးဇူးတင်ပါတယ် တာအိုဆရာ ၊ ကျုပ်နာမည်က ကျိမုန်ပါ ၊ ကျုပ်မျိုးနွယ်စုဆီ ပြန်ရောက်တာနဲ့ ကျေးဇူး ပြန်ဆပ်ပါ့မယ်"

လူငယ်က ဆန်းလျန်ကို ပြုံးပြရင်း ပြောလိုက်သည်။

လူငယ်က တုန်းယီ ဘာသာစကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည့်တိုင် အလွန် ယဉ်ကျေး သိမ်မွေ့လေသည်။ ဆန်းလျန်မှာ လူငယ်ကို ထိုမျှ ယဉ်ကျေး သိမ်မွေ့လိမ့်မည်ဟု ထင်မထားမိပေ။

"ကျုပ်က တာအိုဆရာ တစ်ယောက်ဆိုတာ မင်းဘယ်လိုလုပ် သိတာလဲ ၊ ကျုပ်လို လူမျိုးတွေနဲ့ ဆုံတွေ့ခဲ့ ဖူးလို့လား"

ဆန်းလျန်က မေးလိုက်သည်။

"ကျုပ်တို့ မျိုးနွယ်စုထဲက အကြီးအကဲ တစ်ယောက် ခရီးထွက်သွားတုန်းက ခင်ဗျားတို့လို လူမျိုးတွေနဲ့ ဆုံခဲ့ဖူးတယ်လေ ၊ ပြီးတော့ ခင်ဗျားတိုက်တဲ့ ဆေးကို ကြည့်ပြီးတော့ ကျုပ်က ခန့်မှန်း ကြည့်လိုက်တာပါ"

ကျိမုန်က ပြောလိုက်သည်။

တုန်းယီမျိုးနွယ်စုကဲ့သို့ ထူးဆန်းသည့် မျိုးနွယ်စုမှ လူများမှာ သာမန်လူများ မရောက်နိုင်သည့် နေရာများကို သွားရောက် နိုင်စွမ်း ရှိကြလေသည်။ သူတို့က ရေခဲပြင်များ ဆီသို့လည်း ခြေဆန့်နိုင်ကြသလို အမြင့်ဆုံး တောင်ထိပ်များသို့လည်း တက်ရောက် နိုင်ကြသည်။ မွေးရာပါ စွမ်းအားကြီးမားသူများ ဖြစ်ကြလေသည်။

"အဲဒီ ငှက်လူသားက ဘယ်သူလဲ"

ဆန်းလျန်က မေးလိုက်သည်။

"ဒီကောင်က ခွန်စန်းတောင်က ရာနဲ့ချီတဲ့ မျိုးနွယ်တွေထဲက အတောင်ပါတဲ့ မျိုးနွယ်  သတ္တဝါတစ်ကောင်ပဲ၊ ကျုပ်တို့ စောင့်ရှောက်နေတဲ့ နတ်ဘုရား မင်မွန်ပင်က အသီးကိုသာ ခိုးစားမထားဘူးဆိုရင် သူလား ဒီလောက်တန်ခိုးကြီးမှာ ၊ စောစောက ခင်ဗျား တိမ်ပေါ်ပျံလာတာကို သူနဲ့မှားပြီး မြားနဲ့ပစ်မိတာပါ"

ကျိမုန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဒီအကောင်က နတ်ဘုရား မက်မွန်သီးလဲ စားပြီးရော လေနဲ့မိုးကြိုးကိုတောင် ဆင့်ခေါ်နိုင်လောက်အောင် တန်ခိုး စွမ်းအားကြီးလာတယ်လေ ၊ ကျုပ်တို့ အကြီးအကဲက အဲဒီ နတ်ဘုရား မက်မွန်သီးကို ရွှမ်ထုံနတ်မိစ္ဆာဘုရင်စီစဉ်တဲ့ နတ်ဘုရား ဈေးပွဲတော်မှာ လေလံတင်ဖို့ စီစဉ်ထားတာ၊ ဒီသတ္တဝါက ခိုးစားသွားမယ်လို့ ဘယ်ထင်မှာလဲ ၊ ဒါနဲ့ ခင်ဗျားလည်း နတ်ဘုရား ဈေးပွဲတော်ကို သွားမလို့လား"

ကျိမုန် စကားဆက်ပြောရင်း မေးမြန်းလိုက်သည်။ ဆယ်ကျော်သက် လူငယ်တစ်ယောက်ပမာ နုပျိုနေဆဲ ဆန်းလျန်မှာ ကျိမုန်နှင့် သက်တူရွယ်တူခန့်ဟု ထင်ရလေသည်။ ကျိမုန်မှာ ငယ်စဉ်ကပင် မျိုးနွယ်စု ခေါင်းဆောင်၏ တပည့်ရင်း အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး အခြားသူများထက် အသိဉာဏ်ပညာ သာလွန်လေသည်။ သူ၏ မျိုးနွယ်စု အကြီးအကဲက….

“တာအိုဆရာများမှာ များသောအားဖြင့် ငယ်ရွယ်နုပျိုကြပြီး အသက်လည်း ရှည်ကြကြောင်း ၊ အလွန် အစွမ်းထက်သည့် တာအိုဆရာများဆိုလျှင် သမုဒ္ဒရာများကိုပင် ခမ်းခြောက်အောင် ပြုလုပ်နိုင်ကြပြီး သိပ်ပြီး အစွမ်းမထက်သည့် တာအိုဆရာများပင်လျှင် အနည်းဆုံး မြေရှိုးမိုးပျံ နိုင်ကြကြောင်း ၊ ထို့ပြင် သူတို့က ထူးဆန်းသည့် ဆေးဝါးများကိုလည်း ဖော်စပ်နိုင်ပြီး သေသူကိုပင် အသက် ပြန်သွင်းနိုင်စွမ်း ရှိသလို မျိုးနွယ်စု တစ်ခုလုံးကိုလည်း တစ်ခဏတည်းဖြင့် သတ်ဖြတ်ပစ်နိုင်ကြောင်း”

ကျိမုန်ကို ပြောပြထားလေသည်။ ထို့ပြင် တာအိုဆရာ အများစုမှာ အခြားသူများကို ဘယ်တော့မှ စတင်ပြီး ဒုက္ခ ပေးလေ့မရှိဟု သူ၏ ဆရာဖြစ်သူ အကြီးအကဲက မှာလိုက်သေးသည်။

“မင်းတို့ မျိုးနွယ်စုက ဒီနေရာကနေ အရမ်းဝေးတဲ့ နေရာမှာ နေတာမဟုတ်လား၊ ပျံသန်းနိုင်တာလည်း မဟုတ်ဘူး၊ သမုဒ္ဒရာကို ဘယ်လိုများ ဖြတ်သန်း လာကြတာလဲ”

ဆန်းလျန်က တစ်ချက် စဉ်းစားလိုက်ရင်း မေးလိုက်လေသည်။

ကျိမုန်က ဒယိမ်းဒယိုင်ဖြင့် မတ်တပ် ထရပ်လိုက်သည်။

“အရမ်းဝေးတဲ့ နေရာကနေ ဒီနေရာအထိ ဘယ်လို ရောက်လာလဲဆိုတာ တာအိုဆရာက သိချင်နေတာလား၊ ပြောမပြနိုင်စရာ မရှိပါဘူးဗျာ ၊ ကျုပ်တို့ မျိုးနွယ်စု အကြီးအကဲက မှော်ပညာ အသုံးပြုပြီး ဒီနေရာကို ပို့လိုက်တာ၊ တကယ်တော့ ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်စီစဉ်တဲ့ နတ်ဘုရား ဈေးပွဲတော်ကို တန်းပြီး ရောက်သွားရမှာ၊ ဒါပေမဲ့ ဘာဖြစ် သွားတာလဲ မသိဘူး ဒီကျွန်းပေါ်ကို ရောက်လာပြီး ဟို အတောင်ပါတဲ့ မျိုးနွယ် သတ္တဝါ တိုက်ခိုက်တာ ခံရတော့တာပဲ၊ အဲဒါနဲ့ ဒီကျွန်းပေါ်မှာ သောင်တင်နေရတာပါ ၊ ပြီးတော့ ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်စီစဉ်တဲ့ နတ်ဘုရား ဈေးပွဲတော် အကြောင်းကို ဘယ်လို ကြားတာလဲဆိုတော့ အရင် မျိုးနွယ်စု အကြီးအကဲ လက်ထက်တုန်းက ရွှမ်ထုံ နတ်မိစ္ဆာဘုရင်က ကျုပ်တို့ဆီ ရောက်လာခဲ့ဖူးတယ် ၊ ယခင် မျိုးနွယ်စု အကြီးအကဲက မှော်ပညာနဲ့ ရွှမ်ထုံ နတ်မိစ္ဆာဘုရင်ရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ် ၊ သူက ကျုပ်တို့ မျိုးနွယ်စုနဲ့ ခင်မင်နေပြီး အဆက်အသွယ်လည်း အမြဲရှိခဲ့တယ်”

ကျိမုန်က ရှည်လျားစွာ ရှင်းပြ လိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ဒီလောက်လည်း အများကြီး ရှင်းပြမနေပါနဲ့ကွာ ၊ မင်းတို့ နတ်ဘုရား ဈေးပွဲတော်ကို သွားမယ်ဆိုရင် မင်းတို့ အားလုံးကို ကျုပ်ခေါ်သွား ပေးလို့ရပါတယ်”

ကျိမုန်က အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ဆန်းလျန်၏ စကားကို လက်ခံလိုက်လေသည်။

“တန်ခိုးစွမ်းအား ကြီးမားသူများက အကူအညီပေးလျှင် မငြင်းဆန်ရ၊ ငြင်းဆန်မိလျှင် ဒုက္ခရောက်တတ်သည်”

ဟု အကြီးအကဲက သူ့ကိုမှာထားသည့် စကားကို သတိရမိ သွားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်ကတော့ “မည်သို့သော မှော်ပညာက စစ်သည်တော်အုပ်စုတစ်စုလုံးကို အလွန်ဝေးကွာသော နေရာသို့ ချက်ချင်း ပို့ဆောင် ပေးနိုင်ပါသနည်း” ဟု စဉ်းစားရင်း အနည်းငယ် အံ့သြနေမိသေလည်။ ဆန်းလျန် နားမလည်နိုင်သည့် လောကကို ထိုးဖောက်နိုင်သည့် ထူးဆန်းသည့် မှော်ပညာတစ်ခု ဖြစ်နိုင်လေသည်။

တကယ်တော့ ချင်းရွှမ် နတ်တံခါးတွင်လည်း လောကကို ထိုးဖောက်နိုင်သည့် မှော်အင်းစက္ကူများစွာ ရှိခဲ့ဖူးလေသည်။ သို့သော်… ထိုအင်းစက္ကူများကို လောက နတ်ဘုရား တစ်ပါးက ယူသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် မတူညီသည့် နေရာများမှ ထူးခြား ဆန်းကျယ်မှုများကို ရှာဖွေရန် ခရီးဆန့်မည် ဖြစ်သည့်အတွက် ယူဆောင်သွားခဲ့ခြင်း ဖြစ်လေသည်။

အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုတွင် လောကကို ထိုးဖောက်ကာ ဖြတ်သန်းသွားလာမှုကို ပြုလုပ်နိုင်သည့် နတ်ဘုရားဂိုဏ်းမှာ ထိုက်စု နတ်ဘုရားဂိုဏ်း ဖြစ်လေသည်။

ထိုက်စု နတ်ဘုရားဂိုဏ်းဟု စဉ်းစားလိုက်မိသည်နှင့် ဆန်းလျန်မှာ ရော့ရှီလေးကို သတိရလာမိသည်။ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေပါလျှက်နှင့် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာလာရသည့် အကြောင်းအရင်းမှာ အစ်မဖြစ်သူ ကူးချိုင်ဝေ့၏ ရှင်သန်စေခြင်း ကျောင်းတော်ကို ကူညီချင်၍ ဖြစ်သလို ရော့ရှီလေးကိုလည်း ပြန်လည် ရှာဖွေချင်၍ ဖြစ်လေသည်။ အချိန်ခြောက်နှစ် ခုနစ်နှစ်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ရော့ရှီလေးသည် သူ့ကိုပင် မှတ်မိပါဦးမည်လား မသေချာပေ။

ရော့ရှီမှာ ဆန်းလျန်၏ ဘဝတွင် တစ်ဦးတည်း ကျန်ရစ်သည့် သွေးသားရင်းချာ တစ်ယောက်ဖြစ်သည့် အတွက် မည်သည့်နည်းနှင့်မျှ သူမကို မစွန့်ပစ်နိုင်ပေ။

ထို့ပြင် ဆန်းလျန်မှာ လက်ရှိအချိန်တွင် ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက် ရော့ရှီကို ကောင်းကောင်း ကာကွယ်ပေးနိုင်ပြီ ဖြစ်လေသည်။

ဆန်းလျန် အနည်းငယ် မျက်နှာပျက်သွားသည်ကို ကျိမုန်က ရိပ်မိလိုက်သော်လည်း အကြောင်းရင်းကိုတော့ သိရှိခြင်းမရှိပေ။ သူတို့ယူဆောင်လာသည့် နတ်ဘုရား မက်မွန်သီး မရှိတော့သည့်တိုင် ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်ကို တွေ့ဆုံရန် အတွက် နတ်ဘုရားဈေးပွဲတော်သို့ သွားရောက် ရဦးမည် ဖြစ်လေသည်။ အကြီးအကဲ၏ မှာကြားမှုအရ လောက ဝတ္တရားအတိုင်း သွားရောက် တွေ့ဆုံနှုတ်ဆက်ရမည် ဖြစ်လေသည်။

ကျိမုန်တွေးနေသည့်အချိန်မှာပင် ဆန်းလျန်က သူ၏ လက်ချောင်းများကို လှုပ်ရှားလိုက်သည်။ လျင်မြန်လွန်းသည့် အတွက်ကြောင့် ကျိမုန်မှာ အရိပ်တစ်ခု လှုပ်ရှားသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ သိပ်မကြာမီ မုန်တိုင်းတစ်ခု ဖြစ်တည်လာပြီး သူတို့ အားလုံးကို ကောင်းကင်ထက်သို့ ခေါ်ဆောင် သွားလေတော့သည်။

စစ်သည်တော်များမှာ ကြောက်လန့် လွန်းသောကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြလေသည်။ ကျိမုန်မှာ ကြောက်လန့် နေမိသော်လည်း ဆန်းလျန်က တန်ခိုးစွမ်းအား အသုံးပြုထားခြင်း ဖြစ်ကြောင်း သိရှိနေသည့် အတွက် ကြောက်လန့်မှုကို မျိုသိပ် ထားလိုက်လေသည်။

မကြာမီမှာပင် သူတို့ ကမ်းခြေတစ်ခုသို့ ရောက်ရှိလာကြလေသည်။ ဆန်းလျန်က လက်တစ်ဖက် ဝေ့ယမ်းလိုက်ပြီး ကောင်းကင်ထက်တွင် ရပ်တန့်လိုက်လေသည်။

ကောင်းကင်ထက်တွင် နန်းဆောင် အဆောက်အဦးများကို တွေ့လိုက်ရလေသည်။ အဆောက်အဦးများ ပတ်လည်တွင် အဝါရောင် ရောင်စဉ်တစ်ခု တောက်ပနေလေသည်။

တိမ်တိုက်များအလယ်မှ အဆောက်အဦးများသည် မြေပြင်ပေါ်မှ အဆောက်အဦး ပေါင်းများနှင့် မတူဘဲ တစ်မူ ထူးခြားနေလေသည်။ ကောင်းကင် နန်းတော်ကြီး တစ်ခုအလား ခမ်းနားလွန်းလေသည်။ အဆင့်မြင့် ကျင့်ကြံသူများ အနေဖြင့် ထိုအဆောက်အဦးများမှာ ပျောက်ဆုံးနေသည့်..

“ကျူးထျန်းတိမ်လွှာ” တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားခြင်း ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်လေသည်။ ကျူးထျန်း တိမ်လွှာတန်ခိုး စွမ်းအားမှာ ကောင်းကင်ထက်တွင် ထိုကဲ့သို့ အဆောက်အဦးများ ဖန်ဆင်းနိုင်သည့် ပညာ ဖြစ်လေသည်။

တိမ်လွှာ အဆောက်အဦး တစ်ခု၏ အခန်းတစ်ခုထဲတွင် အမွှေးတိုင်လေး တစ်တိုင် ထွန်းညှိထားလေသည်။ အမွှေးတိုင်လေးမှ မွှေးရနံ့လေးက သင်းပျံ့စွာ ထွက်ပေါ်နေလေသည်။

ထိုအချိန်….

အခန်းတွင်းရှိ လိုက်ကာတစ်ခု နောက်ကွယ်မှ အသံတစ်သံထွက်ပေါ်လာလေသည်။

“ထုံအော်၊ ဧည့်သည်တွေ ရောက်လာကြပြီ ၊ သွားကြိုလိုက်ပါဦး”

အသံမှာ ခံစားချက် ကင်းမဲ့နေပြီး မိန်းကလေး တစ်ယောက်၏ အသံလား ယောကျ်ားလေး တစ်ယောက်၏ အသံလား ခွဲခြား၍ မရနိုင်ပေ။

***

All Chapters