အခန်း (၁၆)
Vol. 2 Ch. 16
လူအများပြောကြသည်မှာ…
ဝံပုလွေတစ်ကောင်က ကြောက်စရာမကောင်းပေ။ သို့သော် ဝံပုလွေအုပ်စုက ကြောက်စရာကောင်း၏။
တခြားပြောစကားတစ်ခု ရှိသေးသည်။
“ ရိုင်းစိုင်းတဲ့ ကျားတစ်ကောင်က ဝံပုလွေအုပ်စုကို အနိုင်မယူနိုင်ပေ ”
ယင်းက အမှန်တရားဖြစ်သည်။
မည်သည့်တိရိစ္ဆာန်မှ တောအုပ်ထဲမှာ ဝံပုလွေအုပ်စုကို အနိုင်မယူနိုင်ပေ။ သို့သော် ယင်းက အတိတ်မှ ကိစ္စသာ ဖြစ်သည်။ ယခင်ကဆိုလျှင် သီရှီထျန်သည် ဝံပုလွေအုပ်စု၏ အော်သံကို ကြားသည့်အခါ သူတို့ကို ရှောင်ထွက်သွားလိမ့်မည်။ သူက ဝံပုလွေရာပေါင်းများစွာကို တစ်ယောက်တည်း အနိုင်မယူနိုင်ကြောင်း သိသည်။ အကယ်၍ သူတို့ထဲမှာသာ ဝံပုလွေဘုရင်တစ်ပါးရှိနေလျှင် ယင်းက ပိုပြီးအန္တရာယ်များလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော်…
ဝံပုလွေဘုရင်က တခြားဝံပုလွေများနှင့်မတူဘဲ ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးထားပြီးသူ ဖြစ်သည်။ အသိဉာဏ်ရှိသော ဝံပုလွေဘုရင်၏ အမိန့်ပေးမှုအောက်မှာ ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုက ပိုပြီးကြမ်းတမ်းလိမ့်မည်။
“ အခု ဝံပုလွေအူသံက ဆက်တိုက် ထွက်ပေါ်လာနေတယ်… ကြည့်ရတာ ဒီတစ်ကြိမ် ဝံပုလွေအုပ်စုရဲ့ ပစ်မှတ်က ပေါ့သေးသေးမဟုတ်တဲ့ပုံပဲ… ပစ်မှတ်ကို ဝံပုလွေအုပ်စုက မသတ်နိုင်သေးလောက်ဘူး ”
ဆက်တိုက် အော်မြည်နေသော ဝံပုလွေအူသံကို နားထောင်ရင်း စက်ကရာက တွေးတောလိုက်သည်။
“ ကျားရဲတောင်တန်းဒေသထဲမှာ ငါ့ကို ယှဉ်ပြိုင်နိုင်တဲ့ သားရဲတွေက အများကြီး မရှိဘူး… ဒါဆိုရင် ဘယ်သားရဲက ဝံပုလွေအုပ်စုရဲ့ တိုက်ခိုက်မှုကို တောင့်ခံထားနိုင်တာ ဖြစ်မလဲ ”
ထိုသို့ပြောလိုက်သည်နှင့် စူးစမ်းလိုစိတ်က သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ အစက သူသည် တခြားဦးတည်ရာများထံမှ သားကောင်များကို ရှာဖွေရန် ရည်ရွယ်ထားသည်။ သို့သော် ယခု သူက ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး ဝံပုလွေအူသံ ဆက်တိုက် ထွက်ပေါ်နေသော အရှေ့တောင်အရပ်ဆီသို့ ပြေးသွားသည်။
အကယ်၍ အတိတ်မှာဆိုလျှင် စက်ကရာက ထိုသို့ကိစ္စမှာ ဝင်ပါလိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်ပါစေ ဝံပုလွေအုပ်စုက အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ သူက မဆင်မခြင် ပြေးဝင်သွားမည်ဆိုလျှင် ဝံပုလွေအုပ်စု၏ အစာဖြစ်သွားလိမ့်မည်။ သို့သော်လည်း ယခု သူက ယခင်ကနှင့် လုံးဝ ခြားနားသွားသည်။
သူ၏ ကျားခန္ဓာကိုယ်သည် အရွယ်ရောက်ကျားတစ်ကောင်ထက် ပိုပြီးသန်မာသည်။ သူ၏ အမွှေးအမျှင်များက သန်မာလေရာ သာမန်တိရိစ္ဆာန်များ၏ လက်သည်းများ၊ သွားများက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားရှိသည်။ မိစ္ဆာစွမ်းအားဖြင့်ဆိုလျှင် ဤတောအုပ်ထဲမှ မည်သည့်သားရဲမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။
အဓိက သူစိတ်ဝင်စားသည်မှာ ဝံပုလွေအုပ်စု၏ ပစ်မှတ်ဖြစ်သည်။ သူက ထိုစူးစမ်းလိုစိတ်ကို မဖိနှိပ်နိုင်လေရာ အရှေ့တောင်အရပ်ဆီသို့ အမြန်ပြေးသွားသည်။
သူ၏ ခန္ဓာကိုယ်က ယခင်ကထက် အများကြီး ပိုကြီးထွားလာသော်လည်း သူ၏ အလျင်က နည်းနည်းမှ မလျော့သွားပေ။ ယင်းအစား သူ၏ အလျင်က ပိုပြီးမြန်ဆန်လာသည်။ နေဝင်ဆည်းဆာ၏ နီညိုရောင်အလင်းအောက်တွင် သူက တောအုပ်ထဲမှာ မြန်ဆန်စွာ ပြေးနေသည်။ သူက လမ်းတစ်လျှောက်တွင် သားရဲဘုရင်အရှိန်အဝါကို မထုတ်လွှတ်ခဲ့ပေ။ ယင်းအစား သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို အသုံးပြု၍ သူ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။
သူက အလွန်လျင်မြန်စွာ ပြေးနေလေရာ သူ၏ ပုံရိပ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ အနက်ရောင်အရိပ်တစ်ခုက တောအုပ်ထဲမှာ ပြေးလွှားနေကြောင်းသာ မြင်ရ၏။ သူ၏ အလျင်က အလွန်မြန်ဆန်ကြောင်း သံသယရှိရန်မလိုပေ။
ဝံပုလွေအူသံ၏ လမ်းညွှန်မှုအရ မကြာမီ သီရှီထျန်က ဝံပုလွေအုပ်စုနားသို့ ရောက်ရှိသွားသည်။
သူက အနီးနားမှ လူတစ်ယောက်အရပ်ခန့် မြင့်မားသော ချုံပုတ်ထဲမှာ ဝင်ပုန်းအောင်းလိုက်ပြီး အပြင်ဘက်သို့ သူ၏ တောက်ပသော မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။ အံ့ဩမှုက သူ၏ နှလုံးသားထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။
“ လူသားတွေ ကျားရဲတောင်တန်းဒေသထဲ ဝင်လာကြပြီလား… သူတို့က ဓားတွေနဲ့ ဓားမော့တွေကို ကိုင်ဆောင်ထားကြပါလား ”
သီရှီထျန်ပုန်းအောင်းနေသော ချုံပုတ်နှင့် အတန်ငယ် ဝေးကွာသော နေရာတွင် ကျယ်ပြောသော မြေနေရာလွတ်တစ်ခု ရှိသည်။ ထိုနေရာတွင် သစ်ပင်များက အရေအတွက်အနည်းငယ်သာ ရှိ၏။ မြေနေရာလွတ်ထဲတွင် ရွက်ဖျင်တဲများ ရှိကြသည်။ ရွက်ဖျင်တဲများ၏ အရှေ့၌ မီးပုံတစ်ခု ရှိသည်။ မီးပုံထဲမှ မီးတောက်က တဟုန်းဟုန်း တောက်လောင်နေပြီး ဘေးပတ်ဝန်းကျင်ကို အလင်းရောင်ပေးနေသည်။ မီးပုံ၏ ဘေးပတ်ပတ်လည်တွင် လူဒါဇင်ခန့်က မီးတုတ်များ ကိုင်လျက် သတိကြီးစွာ ရပ်နေကြသည်။
သူတို့က လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်၍ သူတို့အား ဝိုင်းရံထားသော ဝံပုလွေအုပ်စုကို ကြည့်လိုက်ကြသည်။ ချောက်ချားသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။
“ သူတို့က သာမန်အမဲလိုက်သမားတွေ မဟုတ်ဘူး… သူတို့က အရင်ဘဝတုန်းက ငါကြားဖူးတဲ့ သိုင်းလောကထဲက သိုင်းပညာရှင်တွေ ဖြစ်မယ်… ဘာလို့ သိုင်းပညာရှင်တွေက ကျားရဲတောင်တန်းဒေသဆီ ရုတ်တရက် ရောက်လာကြတာလဲ ”
သီရှီထျန်က ဇဝေဇဝါဖြစ်သွားသည်။ ထိုလူအုပ်စုသည် ရွက်ဖျင်တဲများ ယူဆောင်လာကြပြီး ထက်ရှိသော ဓားများနှင့် ဓားမော့များကို ကိုင်ဆောင်ထားကြသည်။ သူတို့တစ်ယောက်စီက လူသတ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြလေရာ မည်သို့မှ သာမန်လူအုပ်စု မဖြစ်နိုင်ပေ။
ယခင် သူမြင်ခဲ့ဖူးသော ကျင့်ကြံသူများနှင့် ခြားနားသည်မှာ သူတို့၏ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအား သို့မဟုတ် အသက်ဓာတ်အနှစ်သာရက မစီးဆင်းနေပေ။ သို့သော် သူတို့၏ ခန္ဓာကိုယ်ထဲမှာ သူမရင်းနှီးသော စွမ်းအားတစ်ခု ရှိသည်။
အချိန်တစ်ခဏကြာ သူစဉ်းစားပြီးနောက် ဖြစ်နိုင်ခြေတစ်ခုကို ရှာတွေ့သွားသည်။ သေမျိုးလောက၏ သိုင်းပညာရှင်များသည် အစစ်အမှန်ချီကို ကျင့်ကြံကြသည်။ ထို့ကြောင့် ထိုလူအုပ်စုက သိုင်းလောကသားများဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။
ထို့နောက် သူက ထိုသိုင်းသမားအုပ်စု၏ စခန်းအား ဝိုင်းရံထားသော ဝံပုလွေအုပ်စုကို ကြည့်လိုက်သည်။ ယင်းက ပိုပြီးချောက်ချားဖွယ်ကောင်းသည်။ ထိုနေရာမှာ ဝံပုလွေတစ်ထောင်ခန့် ရှိကြသည်။ သူတို့တစ်ကောင်စီက အရပ်ရှည်ပြီး သန်မာကြသည်။ သူတို့ပါးစပ်ဟလိုက်သည့်အခါ အေးစက်စက်အလင်း ထုတ်လွှတ်နေသော ဝံပုလွေအစွယ်များ ထွက်ပေါ်လာသည်။ သူတို့က အလယ်၌ ဝိုင်းရံခံထားရသော လူအုပ်စုကို စိုက်ကြည့်နေကြသည်။ သူတို့က ပါးစပ်ဖြဲထားစဉ် သွားရည်က သူတို့၏ သွားကြားထဲမှ တတောက်တောက် စီးကျနေသည်။ ညအမှောင်ထဲမှာ သူတို့၏ အစိမ်းရောင်မျက်လုံးများက မဟူရာကျောက်စိမ်းသဖွယ် ထွန်းလင်းတောက်ပနေသည်။ ထို့ပြင် သူတို့၏ မျက်လုံးထဲမှာ သွေးဆာသော အလင်းတန်းလည်း ရှိ၏။
“ ဝံပုလွေအုပ်စု… အဲ့ဒါ ကျားရဲတောင်တန်းဒေသထဲက ဝံပုလွေအုပ်စုပဲ… ဒီတစ်ကြိမ် ငါတို့တော့ ဒုက္ခရောက်ပြီ ”
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဝံပုလွေအုပ်စုကို ကြည့်နေရင်း ခါးသီးစွာ ပြောသည်။ ကြောက်ရွံ့မှုအရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။
“ အဖွဲ့ခေါင်းဆောင်… ဒီဝံပုလွေတွေက အရေအတွက် များလွန်းတယ်… သူတို့က အနည်းဆုံး အရေအတွက်တစ်ထောင် နှစ်ထောင်ရှိနေမှာ စိုးရိမ်ရတယ်… သူတို့သာ မီးကို မကြောက်နေရင် ကျုပ်တို့ဆီ ခုန်အုပ်ပြီးနေလောက်ပြီ… ကျုပ်တို့ ဘာလုပ်ကြမလဲ ”
မျက်နှာပေါ်မှာ အမာရွတ်ရှိသော လူသန်ကြီးတစ်ယောက်သည် သက်လတ်ပိုင်းအမျိုးသား၏ ဘေးမှာ မတ်တတ်ရပ်နေသည်။ သူက ဓားမော့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူက တံတွေးမျိုချလိုက်ပြီး စိတ်ပျက်အားလျော့စွာ ပြောသည်။
ထိုသက်လတ်ပိုင်းအမျိုးသားက ဤသိုင်းသမားအုပ်စု၏ အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသည်။
သူတို့၏ အဖွဲ့အစည်းသည် သိုင်းလောကတွင် အလယ်အလတ်တန်းစားရှိသော သွေးဓားမော့အဖွဲ့အစည်း ဖြစ်သည်။ အဖွဲ့အစည်း၏ နာမည်အတိုင်း သူတို့ထဲမှ လူအများစုက ဓားမော့ကို အဓိကအသုံးပြုကြသည်။ သွေးဓားမော့အဖွဲ့အစည်းထဲမှာ အဖွဲ့ဝင်တစ်ထောင်ကျော် ရှိသည်။ သူတို့က ကျားရဲတောင်တန်းဒေသ၏ အနီးနားမှ နယ်မြို့ထဲမှာ အခြေချနေထိုင်ကြသည်။ ဤတစ်ကြိမ်တွင် သူတို့က ကျားရဲတောင်တန်းဒေသထဲမှာ ထူးဆန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကြောင်း ကြားသိခဲ့ကြသည်။ ယင်းက အဖိုးတန်ရတနာတစ်ခု ထွက်ပေါ်လာသော လက္ခဏာ ဖြစ်နိုင်သည်။
အလိုရမ္မက်နှင့် စူးစမ်းလိုစိတ်၏ သွေးဆောင်မှုအောက်မှာ သွေးဓားမော့အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သော မြောင်ရီတောက်သည် တခြားလူများနည်းတူ ကျားရဲတောင်တန်းဒေသဆီသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သူက ဘယ်လက်ရုံးနှင့် ညာလက်ရုံးကိုသာမက လက်ရွေးစင်အဖွဲ့သားအုပ်စုတစ်ခုကိုလည်း သူနှင့်အတူ ကျားရဲတောင်တန်းဒေသဆီသို့ ခေါ်ဆောင်လာသည်။
ရတနာကို အရင်ဆုံးရချင်သော အတွေးကြောင့် မြောင်ရီတောက်သည် ပြင်ဆင်မှုတချို့ ပြုလုပ်ပြီးနောက် သူ့အဖွဲ့သားများကို ဦးဆောင်၍ ကျားရဲတောင်တန်းဒေသထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
တောင်တန်းဒေသ၏ အနီးနားတစ်ဝိုက်မှာ သားရိုင်းကောင်တချို့ ကျင်လည်ကျက်စားနေသော်လည်း ၎င်းတို့က အရေအတွက်မများပေ။ ထူးဆန်းသော အလင်းတန်းက တောင်တန်းဒေသ၏ အတွင်းပိုင်းထဲမှ ပေါ်လျှိုးလာကြောင်း သူတို့ကြားသိခဲ့သည်။ သူတို့က လမ်းတစ်လျှောက်၌ တောင်တန်းများနှင့် မြစ်ချောင်းများကို တွေ့ကြုံခဲ့ကြသည်။ သူတို့က ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာခဲ့ကြသည်။ သို့သော် အချိန်က သူတို့သတိမထားမိခင်မှာ ညဘက်သို့ ကူးပြောင်းသွား၏။ ထို့ကြောင့် သူတို့က ဤနေရာမှာ အနားယူရန် ရွက်ဖျင်ထိုး၍ စခန်းချကြသည်။
သို့သော် ရက်စက်ကြမ်းတမ်းသော ဝံပုလွေအုပ်စုက ရုတ်တရက် ထွက်ပေါ်လာမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ဝံပုလွေတစ်ထောင်ကျော်က သူတို့စခန်းကို အပြင်ဘက်မှ သုံးထပ်ဝိုင်းရံထားကြသည်။ အကယ်၍ မီးပုံမပြုလုပ်ထားလျှင်၊ သူတို့၏ လက်ထဲမှာ မီးတုတ်များ မကိုင်ဆောင်ထားလျှင် ထိုဝံပုလွေများက သူတို့အပေါ်သို့ ခုန်အုပ်ပြီးနေလောက်၏။
“ ယီး… ဒီနေ့ ဒီနေရာမှာ ငါမသေချင်သေးဘူး… တောက်ဘာ ညီအကိုတွေကို မင်းဦးဆောင်ပြီး ဓားမော့ဝင်္ကပါတစ်ခု ဖွဲ့စည်းပါ… မီးတုတ်တွေက ကြာကြာမတောင့်ခံနိုင်ဘူး… မီးတုတ်ကုန်သွားတာနဲ့ အဲ့ဒီဝံပုလွေတွေ ငါတို့ကို တိုက်ခိုက်လိမ့်မယ် ”
သွေးဓားမော့အဖွဲ့အစည်း၏ ခေါင်းဆောင်မြောင်ရီတောက်သည် ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ ယခု သူ့ဆီမှာ လွတ်လမ်းမရှိတော့ကြောင်း မြင်သောအခါ သူ၏ မျက်နှာက တင်းမာခက်ထန်သွားသည်။ သူက ဘေးမှ တောက်ဘာကို အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ပါ… အဖွဲ့ခေါင်းဆောင်… အဲ့ဒီအသိဉာဏ်မရှိတဲ့ ဝံပုလွေတွေက ကျုပ်တို့ကို ဒီနေရာမှာ ထိန်းထားနိုင်မယ်လို့ ကျုပ် တောက်ဘာ မယုံဘူး ”
တောက်ဘာက ကျယ်လောင်စွာ အော်လိုက်ပြီး သူ့ဘာသာ သတ္တိမွေးလိုက်သည်။
သူက အနောက်သို့ လျှောက်သွားပြီး သိုင်းသမားဝတ်စုံ ဝတ်ဆင်ထားသော ယောင်္ကျားလေး ဒါဇင်ခန့်ကို အမိန့်ပေးလိုက်သည်။ ဤနေရာဆီသို့ လိုက်ပါခွင့်ရသူများသည် သွေးဓားမော့အဖွဲ့အစည်း၏ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့အားလုံးက သေခြင်းရှင်ခြင်းအခြေအနေကို အတွေ့အကြုံရှိဖူးသူများ ဖြစ်ကြသည်။ ယခု သူတို့၏ အခြေအနေက မကောင်းမွန်ကြောင်း သူတို့သိကြသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ သူတို့က အသက်ရှင်နိုင်ရန် အစွမ်းကုန်ထုတ်သုံးရတော့မည်။
သူတို့က လူသုံးယောက်တစ်အုပ်စုစီ ဖွဲ့လိုက်ကြသည်။ ယင်းက သိုင်းလောကထဲမှာ ပုံမှန်မြင်တွေ့နေကျဖြစ်သော ဓားမော့သုံးလက်ဝင်္ကပါငယ် ဖြစ်သည်။ သူတို့၏ လက်ထဲမှ ထူထဲသော ဓားမော့ကို ပြိုင်တူကိုင်မြှောက်လိုက်စဉ် အေးစက်စက် အလင်းတန်းက ဓားမော့ပေါ်မှာ ထွက်ပေါ်လာသည်။ သူတို့က ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ချီကို အဆုံးစွန်ထိ မြှင့်တင်လိုက်ကြသည်။
“ ဖူရှန်း… မင်းက အဖွဲ့ထဲမှာ ဓားမော့ပစ်လွှတ်တာ အထူးချွန်ဆုံးပဲ… ဒီနေရာမှာ ဝံပုလွေတွေအများကြီး ရှိတယ်… ဒီတော့ သူတို့ထဲမှာ ဝံပုလွေဘုရင်လည်း ပါရမယ်… မင်း ငါ့နောက်ကနေ လိုက်ခဲ့ပါ… ဝံပုလွေဘုရင်ကို မင်းရှာတွေ့တာနဲ့ ဓားမော့ပစ်လွှတ်လိုက်ပါ… ဝံပုလွေဘုရင်သေသွားရင် ဒီဝံပုလွေအုပ်စုက ခေါင်းဆောင်မဲ့သွားလိမ့်မယ်… အဲ့ဒီအခါ ဝံပုလွေတွေ အနောက်ပြန်ဆုတ်သွားလိမ့်မယ်… ဒီနေ့ကပ်ဘေးကနေ ငါတို့လွတ်မြောက်နိုင်မလားဆိုတာ မင်းအပေါ်မှာ မူတည်တယ် ”
ထိုအချိန်တွင် မြောင်ရီတောက်က သူ့ဘေးမှ မျက်လုံးစူးရှသော အမျိုးသားကို ပြောသည်။ ထိုအမျိုးသား၏ လက်ထဲမှ ဓားမော့သည် တခြားလူများ၏ လက်ထဲမှ ဓားမော့များနှင့် မတူညီပေ။ သူ၏ ဓားမော့က သုံးလက်မခန့်သာ ရှည်လျားသည်။ ယင်းက ပေါက်ဓားတစ်လက်နှင့် မခြားပေ။ သူက ပေါက်ဓားကို လေပေါ်သို့ မြှောက်၍ ဆော့ကစားနေသည်။
ထိုပေါက်ဓားက အရွယ်အစား သေးငယ်သော်လည်း ဓားဖျားက အလွန်ချွန်ထက်သည်။ သူက ပေါက်ဓားပစ်လွှတ်ခြင်းကို အထူးလေ့ကျင့်ထားသည့်အလား သူ၏ လက်နှစ်ဖက်က မိန်းကလေးလက်သဖွယ် သေးသွယ်သည်။ ယင်းက ပေါက်ဓားပစ်ရန် မွေးဖွားလာသော လက်တစ်စုံဖြစ်ဟန် တူသည်။
“ စိတ်မပူပါနဲ့ အဖွဲ့ခေါင်းဆောင်… ဝံပုလွေဘုရင် ထွက်ပေါ်လာတာနဲ့ ကျုပ်ရဲ့ ဓားမော့က သူ့ရဲ့ လည်မျိုကို ချက်ချင်း ထိုးဖောက်သွားမယ်လို့ ကျုပ်အာမခံပါတယ် ”
ဖူရှန်းက ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ပြောသည်။
“ အာဝူး ”
ထိုအချိန် မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသော ဝံပုလွေအူသံက ဝံပုလွေအုပ်စုထဲမှ ထွက်ပေါ်လာသည်။ ထိုဝံပုလွေအူသံက တခြားဝံပုလွေအူသံများဖြင့် ခြားနားသည်။ ယင်းက အလွန်စူးရှကျယ်လောင်ပြီး ထိုအူသံထဲမှာ မောက်မာထောင်လွှားသော ဘုရင်တစ်ပါး၏ သားရဲအရှိန်အဝါက ကိန်းအောင်းနေဟန် ရသည်။
“ အာဝူး ”
“ အာဝူး ”
“ အာဝူး ”
ဝံပုလွေအုပ်စုက အနောက်မှ လိုက်လံအူကြသည်။ သူတို့၏ မျက်လုံးထဲမှ အစိမ်းရောင်အလင်းက ပိုပြီးထင်ရှားလာသည်။ ဤသည်မှာ သူတို့က အစောနက အူသံထဲမှ အချက်ပြမှုတစ်ခုကို ရရှိသွားသည့်အလားပင်။ အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော ဝံပုလွေများသည် တစ်ကောင်ပြီးတစ်ကောင် အရှေ့သို့ ခုန်ထွက်သွားကြသည်။ သူတို့က ထိုလူအုပ်စု၏ လက်ထဲမှ မီးတုတ်များကို လျစ်လျူရှုလျက် အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။
ဝံပုလွေအုပ်စုသည် ရက်စက်သော မျက်နှာများ၊ ကြောက်စရာကောင်းသော အစွယ်များ၊ ချွန်ထက်သော လက်သည်းများနှင့် ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါဖြင့် စတင်တိုက်ခိုက်လိုက်ကြသည်။
“ သတ် ”
သွေးဓားမော့အဖွဲ့အစည်းမှ လူများသည်လည်း ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး စတင်လှုပ်ရှားလိုက်ကြသည်။ အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ အေးစက်စက် အလင်းတန်းက သူတို့၏ ဓားမော့များထဲမှာ ထွန်းလင်းလာသည်။ လူသုံးယောက်တစ်အုပ်စုစီသည် ဓားမော့သုံးလက်ဝင်္ကပါဖြင့် တိုက်ခိုက်လိုက်ကြသည်။ သူတို့က ဓားမော့များကို မြန်ဆန်စွာ ဝှေ့ယမ်းလိုက်ကြပြီး ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုများကို ခုခံတားဆီးလိုက်ကြသည်။