အခန်း (၁၇)
Vol. 2 Ch. 17
ဝံပုလွေအုပ်စုသည် သူတို့၏ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုလျက် ချွန်ထက်သော လက်သည်းများဖြင့် သွေးဓားမော့အဖွဲ့သားများကို အကြမ်းပတမ်း တိုက်ခိုက်ကြသည်။ သူတို့က ဓားမော့များဖြင့် ခုတ်ပိုင်းခံရလျှင်ပင် သူတို့၏ လက်သည်းများက ရန်သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလိမ့်မည်။ သူတို့၏ ချွန်ထက်သော လက်သည်းများက ရန်သူ၏ ခန္ဓာကိုယ်ပေါ်မှ အသွေးအသားကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။
ကျားရဲတောင်တန်းဒေသဆီသို့ ရောက်လာကြသော ထိုလူများသည် သွေးဓားမော့အဖွဲ့အစည်းထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။ သူတို့တစ်ယောက်စီက သန်မာသော ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ သူတို့က သုံးယောက်အတူပူးပေါင်း၍ လှုပ်ရှားလိုက်သည့်အခါ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပေးနိုင်ကြသည်။ သို့သော်လည်း ဝံပုလွေအရေအတွက်က အလွန်များပြားသည်။ ထို့ပြင် ဝံပုလွေများသည် သူတို့၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ အသေအကြေ တိုက်ခိုက်ကြသည်။ လက်သီးနှစ်လုံးက လက်လေးဖက်ကို မည်သို့ယှဉ်နိုင်မည်နည်း။ ဝံပုလွေအုပ်စု၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများက သွေးဓားမော့အဖွဲ့သားများကို ချက်ချင်း အရေးနိမ့်သွားစေသည်။
“ အား ”
အဖွဲ့သားတစ်ယောက်သည် သတိလက်လွတ်သွားသောကြောင့် ဝံပုလွေတစ်ကောင်၏ ခုန်အုပ်ခံလိုက်ရသည်။ ဝံပုလွေသည် ပါးစပ်ဟလိုက်ပြီး သူ၏ လည်ချောင်းကို ကိုက်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ သွေးက ဖြန်းခနဲ ပန်းထွက်လာပြီး သူ၏ လည်ပင်းက ဟောင်းလောင်းပေါက်ဖြစ်သွားသည်။ လည်ပင်းသည် လူသားခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်းများအနက် တစ်ခုဖြစ်သည်။ လည်ပင်းအကိုက်ခံရမှတော့ ထိုလူ၏ အဆုံးသတ်က တွေးကြည့်စရာမလိုအောင် ထင်ရှားပေသည်။
ဖြန်းခနဲ ပန်းထွက်လာသော သွေးကို မြင်သောအခါ ဝံပုလွေအုပ်စုက ပိုပြီးရူးသွပ်သွားသည်။
“ ဝံပုလွေတွေက ဒီလောကရဲ့ သွေးအဆာဆုံး သားရဲမျိုးစိတ်တွေထဲက တစ်ခုပဲ… ဝံပုလွေတစ်ကောင်က ကြောက်ဖို့မကောင်းပေမဲ့ ဝံပုလွေအုပ်စုက တကယ်ကြောက်ဖို့ကောင်းတယ် ”
သီရှီထျန်က ချုံပုတ်ထဲမှာ ပုန်းအောင်းနေရင်း လူသားများနှင့် ဝံပုလွေများကြားမှ တိုက်ပွဲကို တိတ်တဆိတ် ကြည့်နေသည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဝံပုလွေအုပ်စုထဲမှာ ဝံပုလွေဘုရင်တစ်ပါးရှိကြောင်း အစောနက သူသည်လည်း ရှာတွေ့သွားခဲ့သည်။ ဝံပုလွေဘုရင်က ပထမဆုံး အူလိုက်သော ဝံပုလွေဖြစ်ရမည်။ ဝံပုလွေအုပ်စု၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ပုံကို ကြည့်နေရင်း သီရှီထျန်က ရုတ်တရက် အတွေးတစ်ခုရသွားသည်။ ထိုအတွေးကို ယခင်က တစ်ခါမှ သူမစဉ်းစားဖူးပေ။
“ မေမေကျားဖြူနဲ့ ငါ့ညီလေးညီမလေးကို မသေမျိုးကျင့်ကြံသူတွေက ဖမ်းဆီးသွားခဲ့တယ်… ဒီလောကမှာ ကျင့်ကြံသူတွေက အသန်မာဆုံးဖြစ်တယ်… မိစ္ဆာမျိုးနွယ်စုက အားနည်းနေမှာ ငါစိုးရိမ်တယ်… တကယ်လို့ ငါက အနာဂတ်မှာ မိစ္ဆာတစ်ကောင်ဖြစ်လာမယ်ဆိုရင်တောင် မသေမျိုးကျင့်ကြံခြင်းဂိုဏ်းထဲ ငါတစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ဖို့က မဖြစ်နိုင်ဘူး ”
သီရှီထျန်၏ မျက်လုံးထဲမှ အလင်းတန်းက ပိုပြီးအားကောင်းသထက် အားကောင်းလာ၏။ သူက ဝံပုလွေအုပ်စုကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ မျိုးနွယ်စုတစ်စုရဲ့ ဘုရင်ဖြစ်လာတဲ့ သားရဲတွေက တခြားသားရဲတွေဆီမှာ မရှိတဲ့ ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားရမယ်… အဲ့တော့ ဒီဝံပုလွေဘုရင်ကို ငါသိမ်းသွင်းနိုင်မယ်ဆိုရင် သူက အနာဂတ်မှာ ငါ့အတွက် အကူအညီတစ်ခု ဖြစ်လာနိုင်တယ် ”
… … …
မျက်မှောက်ခေတ်တွင် ဤလောကကို လူသားများက လွှမ်းမိုးခြယ်လှယ်နေသည်။ သူတို့က ဤကုန်းမြေ၏ ဇာတ်ဆောင်များ ဖြစ်ကြသည်။ မိစ္ဆာများသည်တော့ မကောင်းဆိုးဝါးများအဖြစ်၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဗီလိန်များအဖြစ် သတ်မှတ်ခံရသည်။ မိစ္ဆာများကို မြင်သည်နှင့် လူတိုင်းက သတ်ပစ်ကြလိမ့်မည်။ မသေမျိုးကျင့်ကြံသူများသည် မိစ္ဆာများကို စီးတော်သားရဲများအဖြစ် အသုံးချလိုကြသည်။ သူတို့က ကျင့်ကြံခြင်းအုတ်မြစ်အတွက် အမြူတေဓာတ်လုံးဖွဲ့စည်းရန် မိစ္ဆာများကို လိုက်လံရှာဖွေပြီး သတ်ဖြတ်ကြသည်။ မျက်မှောက်ခေတ်မှာ မိစ္ဆာမျိုးနွယ်စု၏ အခြေအနေက မည်မျှဆိုးဝါးနေကြောင်း နတ်ဘုရားသာလျှင် သိနိုင်လိမ့်မည်။
အကယ်၍ သူသာ ကျင့်ကြံခြင်းဂိုဏ်းဆီသို့ တစ်ယောက်တည်း သွားမည်ဆိုလျှင် မသေမျိုးကျင့်ကြံသူအများအပြား၏ ဝိုင်းရံတိုက်ခိုက်ခံရမည်ကို သူစိုးရိမ်သည်။ မည်သို့ဖြစ်ပါစေ လက်သီးနှစ်လုံးက လက်လေးဖက်ကို မယှဉ်နိုင်ပေ။ အတိတ်ဘဝမှ သူ၏ အတွေ့အကြုံများအရ အကယ်၍ သူက အလုံအလောက်မသန်မာလျှင်၊ သူ့အနောက်မှာ ကြီးမားသော အင်အားစုမရှိလျှင် မည်သည့်အရာကိုမှ သူစွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု သူက မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေပြီး သွေးမျိုးဆက်အမွေအနှစ်ကို ပိုင်ဆိုင်သွားသည်။ အကယ်၍ သူက တစိုက်မတ်မတ် ကြိုးစားမည်ဆိုလျှင် အောင်မြင်မှုတစ်ခုကို သေချာပေါက် ရရှိလိမ့်မည်။
သို့သော်လည်း ဝံပုလွေဘုရင်က သိုင်းပညာရှင်ဒါဇင်ခန့်ကို တိုက်ခိုက်ရန် ဝံပုလွေအုပ်စုအား အမိန့်ပေးနေကြောင်း ယခု သူမြင်သွားသောအခါ သူသည်လည်း သူ့ကိုယ်ပိုင်အင်အားစုတစ်ခု ဖွဲ့စည်းရန် ဆန္ဒရှိလာသည်။
“ တကယ်လို့ ငါက လူသားတစ်ယောက်ဆိုရင် လူတွေကြားထဲက နဂါးတစ်ကောင်ဖြစ်ရမယ်… ငါက သားရဲတစ်ကောင်ဆိုရင် သားရဲတွေရဲ့ ဘုရင်ဖြစ်ရမယ်… အခု ငါက မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေပြီဆိုတော့ မိစ္ဆာတွေရဲ့ ဘုရင် ငါဖြစ်လာရမယ် ”
သီရှီထျန်က သူ၏ နှလုံးသားထဲမှာ အော်လိုက်သည်။ စိတ်ဓာတ်ပြတ်သားသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တိရိစ္ဆာန်တစ်ကောင်က မိစ္ဆာဖြစ်ချင်သည်ဆိုလျှင် အရင်ဆုံး ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားရမည်။ သာမန်တိရိစ္ဆာန်များဆီမှာ ဝိညာဉ်အသိဉာဏ်မရှိပေ။ ယခု သူ့အရှေ့မှ ဝံပုလွေဘုရင်က ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။
ဝံပုလွေဘုရင်ကို သူသိမ်းသွင်းနိုင်မည်ဆိုလျှင် ၎င်းက သူ့နောက်သို့ လိုက်ပြီး အနာဂတ်မှာ သူ့ကို ကူညီပေးနိုင်မည့် မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။ ထို့ပြင် သူက ဝံပုလွေဘုရင်တစ်ကောင်တည်းဖြင့် တင်းတိမ်နေမည် မဟုတ်ပေ။
ထိုအကြံဉာဏ် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ အတွေးများက ရေပန်းသဖွယ် ဒလဟော တိုးထွက်လာသည်။ ထိုအတွေးများကို သူမဖိနှိပ်နိုင်တော့ပေ။ သူ့ခေါင်းထဲမှာ အကြံအစည်အမျိုးမျိုး ထွက်ပေါ်လာသည်။
ဝံပုလွေဘုရင်သည် မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းရန် အရည်အချင်းပြည့်မီသော ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသည့် တိရိစ္ဆာန်တစ်ကောင် ဖြစ်သည်။ အဓိကအချက်မှာ သူက ဝံပုလွေမျိုးနွယ်၏ ဘုရင်ဖြစ်သည်။ သို့ဖြစ်လေရာ တခြားမျိုးနွယ်များ၏ ဘုရင်များသည်လည်း ဝိညာဉ်အသိဉာဏ်ရှိနိုင်ကြသည်။
ကျားရဲတောင်တန်းဒေသထဲမှာ မျိုးနွယ်အများကြီး စုပေါင်းနေထိုင်ကြသည်။ အကယ်၍ သူသာ ထိုသားရဲဘုရင်အားလုံးကို သိမ်းသွင်းနိုင်လျှင် အနာဂတ်မှာ သူက သစ္စာရှိသော အစွမ်းထက် လက်အောက်ငယ်သားများကို ပိုင်ဆိုင်သွားလိမ့်မည်။ သူတို့အားလုံး မိစ္ဆာလမ်းစဉ်ကို အတူတကွ လျှောက်လှမ်းကြမည်ဆိုလျှင် သူတို့က အနာဂတ်မှာ သူ့မိသားစု၏ အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မည်။
သူက ကျားရဲတောင်တန်းဒေသထဲမှ မျိုးနွယ်အားလုံးကို သိမ်းသွင်းနိုင်လိမ့်မည်။
ထို့နောက် သူက သူ့ကိုယ်ပိုင်အင်အားစုကို ဖန်တီးနိုင်လိမ့်မည်။
ဤအခိုက်အတန့်မှာ သီရှီထျန်သည် ကျားရဲတောင်တန်းဒေသထဲမှာ ရည်ရွယ်ချက်တစ်ခုကို ရှာတွေ့သွားသည်။ သူက ကျားရဲတောင်တန်းဒေသ၏ အစစ်အမှန် ဘုရင်တစ်ပါး ဖြစ်ချင်သည်။
“ အာဝူး ”
တမူထူးခြားသော ဝံပုလွေအူသံက ထပ်မံ ထွက်ပေါ်လာသည်။ ထိုအူသံက ဝံပုလွေဘုရင်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဝံပုလွေအူသံ ထွက်ပေါ်လာရာ နေရာဆီသို့ လှမ်းကြည့်မည်ဆိုလျှင် ဝံပုလွေအုပ်ထဲမှာ တခြားဝံပုလွေများထက် အနည်းငယ် ပိုမြင့်သော ဝံပုလွေတစ်ကောင်ရှိနေကြောင်း မြင်ရလိမ့်မည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်၌ တခြားဝံပုလွေများက ရိုသေလေးစားစွာ စောင့်ကြပ်နေကြသည်။ ၎င်းက နှင်းကဲ့သို့ ဖြူဖွေးဆွတ်လေရာ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးဟူ၍ စိုးစဉ်းမျှ မရှိသည့်အလားပင်။ ၎င်းက အလွန်ရှည်လျားလေရာ မတ်တတ်ရပ်လိုက်လျှင် လူရွယ်တစ်ယောက်၏ ဝမ်းဗိုက်အထိ ရောက်နိုင်သည်။
၎င်းက ဝံပုလွေဘုရင် ဖြစ်သည်။
ဝံပုလွေဘုရင်၏ မျက်လုံးထဲမှာ ဝိညာဉ်အသိဉာဏ်ဖြင့် ပြည့်နှက်နေသည်။ ယင်းက ၎င်းအား ကြည့်မိသူတိုင်းကို အေးစက်မှု ခံစားရစေသည်။ အစောနက ဝံပုလွေအူသံထဲမှာ တမူထူးခြားသော အဓိပ္ပာယ်တစ်ခု ရှိနေဟန် ရ၏။
သိုင်းပညာရှင်ဒါဇင်ခန့်ကို ဝိုင်းရံတိုက်ခိုက်နေကြသော ဝံပုလွေများသည် သူတို့၏ ဖရိုဖရဲတိုက်ခိုက်မှုပုံစံကို ပြောင်းလဲလိုက်ကြသည်။ သူတို့က ရှေ့တိုးနောက်ဆုတ်ကို စည်းစနစ်ကျစွာ ပြုလုပ်လိုက်ကြသည်။ သူတို့တိုက်ခိုက်နေသော ပစ်မှတ်များနှင့် နေရာများက ရုတ်တရက် ပြောင်းလဲသွားသည်။ အစောနက သူတို့က ရန်သူများကို ဖရိုဖရဲ တိုက်ခိုက်ခဲ့ကြသည်။ ဤအခိုက်အတန့်မှာ သူတို့က ရန်သူတစ်ယောက်တည်းကို စုပေါင်းတိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ရန်သူ မပြိုလဲသွားမချင်း သူတို့က ရပ်တန့်လိမ့်မည် မဟုတ်ချေ။
“ အခွင့်အရေးလာပြီ ”
ဝံပုလွေဘုရင်၏ အူသံကို ဖူရှန်းကြားသောအခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက ဝံပုလွေအုပ်ထဲမှ ဝံပုလွေဘုရင်ကို ချက်ချင်း ရှာတွေ့သွားသည်။ သူက လုံးဝ တုံ့ဆိုင်းမနေဘဲ သူ့လက်ထဲမှ ဓားမော့ကို ပစ်လွှတ်လိုက်သည်။ ထိုသို့သူမပစ်လွှတ်ခင် သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ချီကို ဓားပျံထဲသို့ အပြည့်အဝ ထည့်သွင်းခဲ့သည်။
“ ရွှတ် ”
ဓားပျံက လေထဲမှာ မြန်ဆန်စွာ ဖြတ်သန်းသွားသည်။
ယင်းက ဖော်မပြနိုင်အောင် အလွန်မြန်ဆန်သည်။
ဓားပျံသည် သူ့လက်ထဲမှ ပျံသန်းထွက်သွားသည်နှင့်ချက်ချင်း အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ဓားပျံ၏ လေခွင်းသံသည်ပင် အလွန်တိုးညင်းသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာနားမထောင်လျှင် ဓားပျံလာနေကြောင်း အသံကြားနိုင်လိမ့်မည် မဟုတ်ချေ။ ဓားပျံက ဝံပုလွေဘုရင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဓားပျံက ဝံပုလွေဘုရင်၏ အရှေ့သို့ ရောက်လာသည်။ သုံးလက်မရှည်သော ဓားပျံပေါ်မှာ အေးစက်စက်အလင်းနှင့် အန္တရာယ်အရှိန်အဝါက ကိန်းအောင်းနေသည်။
“ ဖောက် ”
“ ဘန်း ”
ဓားပျံ၏ အလျင်က အလွန်မြန်ဆန်လေရာ ဝံပုလွေဘုရင်ဆီမှာ ရှောင်တိမ်းရန် အခွင့်အရေးမရှိပေ။ သို့သော်လည်း ထိုသို့အရေးကြီးအခိုက်အတန့်မှာ အရွယ်အစားကြီးမားသော ဝံပုလွေတစ်ကောင်က ဝံပုလွေဘုရင်၏ အရှေ့သို့ တိုက်ရိုက် ခုန်ဝင်လိုက်သည်။ ဓားပျံက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ သူ၏ လည်ပင်းပေါ်မှာ သွေးယိုစီးနေမည့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။ ထိုဝံပုလွေကြီးသည် အချိန်တစ်ခဏကြာ ရုန်းကန်ပြီးလျှင် အသက်မဲ့သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ထိုဓားပျံက အလွန်အမင်း ချွန်ထက်သည်။
“ အာဝူး ”
ဤအခိုက်အတန့်မှာ ဝံပုလွေဘုရင်က ဒေါသထွက်သွားသည်။ ၎င်းက ကောင်းကင်ကို မျက်နှာမူ၍ ဒေါသတကြီး အူလိုက်သည်။ ၎င်းက ဖူရှန်းကို စိုက်ကြည့်လိုက်လေရာ အေးစက်စက်အလင်းက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ဝံပုလွေအုပ်စုက ရူးသွပ်သွားပြီး ဒေါသတကြီး တိုက်ခိုက်လိုက်သည်။ အရပ်ရှည်သော ဝံပုလွေတစ်ရာခန့်က ဖူရှန်းဆီသို့ ခုန်အုပ်လိုက်ကြသည်။
“ သေစမ်း ”
အဖွဲ့ခေါင်းဆောင်မြောင်ရီတောက်က ကျယ်လောင်စွာ အော်လိုက်သည်။ သူက လက်ထဲမှ ဓားမော့ကို ကိုင်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဓားမော့အလင်းက အရှေ့သို့ ပျံသန်းထွက်သွားပြီး အချင်းသုံးမီတာအတွင်းမှ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ သုံးမီတာအတွင်းမှ ဝံပုလွေတစ်ကောင်ပြီးတစ်ကောင်က ဓားမော့အလင်းအောက်မှာ အပိုင်းပိုင်း ခုတ်ဖြတ်ခံလိုက်ကြရသည်။
“ ဝှစ် ဝှစ် ဝှစ် ”
ဖူရှန်းသည် အတွေ့အကြုံရှိသူပီပီ မြောင်ရီတောက်က သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးနေကြောင်း ချက်ချင်း နားလည်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး နောက်ထပ် ဓားပျံသုံးချောင်းကို ပစ်လွှတ်လိုက်သည်။ ဓားပျံသုံးချောင်းက လေထဲမှာ တြိဂံပုံသဏ္ဍာန် ဖွဲ့စည်းသွားပြီး ဝံပုလွေဘုရင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ ဓားပျံသုံးချောင်းက ဝံပုလွေဘုရင်၏ လွတ်လမ်းအားလုံးကို ပိတ်ဆို့ထားသည်။ ထို့ပြင် ယင်းတို့က လျှပ်စီးပမာ မြန်ဆန်လှ၏။
“ အာဝူး ”
ဝံပုလွေဘုရင်၏ မျက်လုံးထဲမှာ အံ့ဖွယ်အလင်း ထွက်ပေါ်လာသည်။ သူက အနောက်ခြေနှစ်ချောင်းဖြင့် မြေကြီးကို ကန်၍ လေထဲသို့ ခုန်ကာ အရှေ့ခြေနှစ်ချောင်းဖြင့် ဓားပျံနှစ်ချောင်းကို ရိုက်ချလိုက်သည်။ ဝံပုလွေဘုရင်၏ လက်သည်းက အေးစက်စက်အလင်း တောက်ပလာပြီး စူးရှသော လေခွင်းသံကို ထုတ်လွှတ်လိုက်သည်။
“ ထန် ထန် ”
တိုးညင်းသော လေခွင်းသံများကြားတွင် ဝံပုလွေဘုရင်၏ လက်သည်းက ဓားပျံနှစ်ချောင်းဖြင့် တွေ့ဆုံသွားသည့်အခါ ထူးဆန်းသော သတ္ထုမြည်သံ ထွက်ပေါ်လာသည်။ ဓားပျံများထဲမှာ ကိန်းအောင်းနေသော အစစ်အမှန်ချီက ဝံပုလွေဘုရင်၏ လက်သည်းကို မည်သည့်ဒဏ်ရာမှ မဖြစ်စေပေ။ ထို့ပြင် လေထဲ၌ ဝံပုလွေဘုရင်သည် ဓားပျံနှစ်ချောင်း၏ အရှိန်အဟုန်ကို ငှားယူ၍ လေထဲသို့ ထပ်မံ ခုန်လိုက်သည်။
“ ဝှစ် ”
တတိယမြောက် ဓားပျံက ဝံပုလွေဘုရင်၏ ဝမ်းဗိုက်အောက်မှ ဖြတ်သန်းသွားသည်။ ဓားပျံက ဝံပုလွေဘုရင်၏ အမွှေးတချို့ကိုသာ ဖြတ်တောက်သွားသည်။
သူက ဝံပုလွေတစ်ထောင်ကျော်၏ ဘုရင်တစ်ပါးဖြစ်လေရာ မည်သို့ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။ သူ၏ စွမ်းအားက သာမန်ဝံပုလွေတစ်ကောင်ထက် အများကြီး ပိုကြောက်စရာကောင်းသည်။
“ အာဝူး ”
ဝံပုလွေဘုရင်သည် ဓားပျံများကို ရှောင်တိမ်းပြီးသော်လည်း မရပ်တန့်ခဲ့ပေ။ ၎င်းက သွေးဓားမော့အဖွဲ့အစည်းထဲမှ လူများဆီသို့ ခုန်အုပ်လိုက်သည်။ ၎င်း၏ အလျင်က အလွန်မြန်ဆန်လေရာ လေထဲ၌ အဖြူရောင်ပုံရိပ်တစ်ခု ရွေ့လျားနေကြောင်းသာ မြင်ရ၏။ ၎င်းနောက်သို့ လိုက်ဖမ်းရန် မဖြစ်နိုင်ပေ။
“ အား ”
“ ကယ်ပါဦး… ဒီဝံပုလွေက အရမ်းမြန်တယ်… ငါသူ့ကို မတိုက်ခိုက်နိုင်ဘူး”
“ ကြောက်စရာကောင်းလိုက်တာ ”