အခန်း (၁၈)
Vol. 2 Ch. 18
ဝံပုလွေဘုရင်၏ အလျင်သည် သိုင်းလောကမှ ထိပ်တန်းသိုင်းပညာရှင်များထက် မလျော့ပေ။ သို့ဖြစ်လေရာ အဆင့်နိမ့်သိုင်းသမားများက ၎င်းကို မည်သို့လိုက်ဖမ်းနိုင်မည်နည်း။ သွေးဓားမော့အဖွဲ့သားများသည် အဖြူရောင်ပုံရိပ်ကို မြင်လိုက်ပြီးနောက် ဝံပုလွေဘုရင်၏ လက်သည်းချက်အောက်မှာ သေဆုံးသွားကြသည်။ သူတို့၏ လည်ပင်းပေါ်မှာ အကိုက်ခံထားရသော သွေးယိုပေါက်တစ်ခု ရှိသည်။ သွေးက ဒလဟော စီးကျလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သွေးဓားမော့အဖွဲ့သား ဆယ်ယောက်ကျော်က ဒဏ်ရာအပြင်းအထန် ရရှိသွားကြပြီး သူတို့ထဲမှ တချို့က သေဆုံးသွားကြသည်။
“ ဝှစ် ဝှစ် ဝှစ် ”
သွေးဓားမော့အဖွဲ့သားများက ကြောက်လန့်စွာ အော်ဟစ်နေကြစဉ် သူတို့ထဲမှ အဖွဲ့သားတစ်ယောက်က ကြံရာမရသည့်အဆုံး အသေခံတိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဓားမော့ကို မြှောက်၍ ဝံပုလွေဘုရင်ကို ခုတ်ပိုင်းလိုက်သည်။ သူ၏ ဓားမော့ခုတ်ချက်က ဝံပုလွေဘုရင်ကို လေထဲမှာ တဒင်္ဂ ရပ်တန့်သွားစေသည်။ သို့သော်လည်း ထိုတဒင်္ဂအချိန်က ဖူရှန်းအတွက် မဟာအခွင့်အရေး ဖြစ်သည်။ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းတန်း ထွက်ပေါ်လာသည်။
တိုးညင်းသော လေခွင်းသံနှင့်အတူ ဓားပျံအများအပြားက တစ်ပြိုင်နက် ပျံသန်းထွက်သွားကြသည်။ စုစုပေါင်း ဓားပျံကိုးချောင်း ရှိသည်။ ယင်းတို့က အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဝံပုလွေဘုရင်၏ လမ်းကြောင်းအားလုံးကို တားဆီးပိတ်ဆို့လိုက်သည်။ အေးစက်စက်အလင်း ကိန်းအောင်းနေသော ဓားပျံများက ဝံပုလွေဘုရင်၏ သေကွင်းသေကွက်နေရာအားလုံးကို ပစ်မှတ်ထားလိုက်သည်။
ဖူရှန်း၏ ဓားပျံပစ်လွှတ်ခြင်းအတတ်က အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုရမည်။ ဝံပုလွေဘုရင်သည် ဝိညာဉ်အသိဉာဏ်ရှိသော်လည်း မိစ္ဆာလမ်းစဉ်ပေါ်သို့ မလျှောက်လှမ်းရသေးပေ။ ၎င်းက သန်မာသည်ဆိုလျှင်ပင် သာမန်ဝံပုလွေတစ်ကောင်ထက်သာ ပိုပြီးသန်မာသည်။ ဖူရှန်းသည် သိုင်းလောကထဲတွင် ပထမတန်းစား သိုင်းပညာရှင် ဖြစ်သည်။ သူ၏ ဓားပျံများကို ခုခံကာကွယ်ရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။
ယခု သူက ခွန်အားအကုန် အသုံးပြုထားလေရာ ထိုဓားပျံများက အလွန်ကြောက်စရာကောင်းသည်။
“ အာဝူး ”
ထိုဓားပျံများကို ရင်ဆိုင်ရသောအခါ ဝံပုလွေဘုရင်က သေခြင်းအရှိန်အဝါကို နောက်ဆုံးမှာ ခံစားမိသွားသည်။ ၎င်းက ဝမ်းနည်းကြေကွဲစွာ အူလိုက်သည်။ ဝံပုလွေဘုရင်၏ အူသံကို ကြားသောအခါ ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုများက ပိုပြီးရက်စက်ကြမ်းကြုတ်လာသည်။ လူအများအပြားက ဝံပုလွေများ၏ လက်သည်းများနှင့် အစွယ်များကြောင့် ဆက်တိုက် သေဆုံးသွားကြသည်။
မှန်ပေသည်။ ဝံပုလွေဘုရင်က သေခြင်းတရားကို ထိုင်စောင့်နေလိမ့်မည် မဟုတ်ချေ။ ၎င်းက အရှေ့ခြေနှစ်ချောင်းကို ထပ်မံ မြှောက်လိုက်သည်။ ၎င်းက ဝံပုလွေလက်သည်းကို အသုံးပြု၍ ဓားပျံနှစ်ချောင်းကို တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ၎င်းက ခန္ဓာကိုယ်ကို တိမ်းစောင်း၍ ဓားပျံသုံးချောင်းကို ရှောင်ရှားလိုက်သည်။ သို့သော်လည်း နောက်ထပ် ဓားပျံလေးချောင်း ကျန်ရှိနေဆဲပင်။ ထို့ကြောင့် ဝံပုလွေဘုရင်သည် ဓားပျံများ ၎င်း၏ အဓိကအစိတ်အပိုင်းများကို မထိမှန်စေရန်အလို့ငှာ ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
“ ဒုတ် ဒုတ် ဒုတ် ”
ကြွပ်ဆပ်သော မြည်သံများ ထွက်ပေါ်လာသည်။ ဓားပျံလေးချောင်းထဲမှ နှစ်ချောင်းက ဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို ထိုးစိုက်သွားသည်။ ကျန်ဓားပျံနှစ်ချောင်းတွင် တစ်ချောင်းက အရှေ့ခြေထောက်ကို ထိမှန်သွားပြီး နောက်တစ်ချောင်းက အနောက်ခြေထောက်ကို ထိမှန်သွားသည်။ သွေးသည် ဓားစိုက်ဝင်သွားသော နေရာမှ စီးကျလာသည်။
“ တော်တယ် ဖူရှန်း… သူ့ကို အမြန်သတ်ပစ်လိုက်… ဝံပုလွေဘုရင်ကို သတ်နိုင်ရင် ငါတို့အသက်ရှင်ပြီ… ”
ဝံပုလွေဘုရင် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မြောင်ရီတောက် မြင်သွားသည်။ သူက အလွန်ပျော်ရွှင်သွားပြီး သူ၏ လက်ထဲမှ ဓားမော့ကို အကြမ်းပတမ်း လွှဲခုတ်လိုက်သည်။
“ အင်း ”
ဖူရှန်း၏ လက်နှစ်ဖက်က အလွန်တည်ငြိမ်ပြီး ကြောက်စရာကောင်းသည်။ သူက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်လေရာ ဓားပျံနောက်တစ်ချောင်း ထွက်ပေါ်လာသည်။ သူက ထိုဓားပျံများကို မည်သည့်နေရာမှာ ဖွက်ထားကြောင်း မသိရပေ။
“ ဝှစ် ”
ဖူရှန်းသည် သူ၏ အစစ်အမှန်ချီအားလုံးကို ထိုဓားပျံထံသို့ ထည့်သွင်းလိုက်သည်။ ဓားပျံကို သူပစ်လွှတ်လိုက်သည့်အခါ အားအင်ချည့်နဲ့သွားပြီး ပြိုလဲကျလုနီးပါးဖြစ်သွားသည်။ သူ၏ နဖူးပေါ်မှာ ချွေးစေးများထွက်ပေါ်လာသည်။
သို့သော်လည်း သူ၏ ကြိုးစားမှုက အချည်းနှီးမဖြစ်သွားပေ။ ထိုဓားပျံ၏ အလျင်က အစောနက ဓားပျံများထက် အဆပေါင်းများစွာ ပိုပြီးမြန်ဆန်သည်။ အေးစက်စက်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားစဉ် ဓားပျံက ဝံပုလွေဘုရင်၏ နဖူးကို ထိုးဖောက်ပစ်ရန် တာဆူနေသည်။ ဝံပုလွေဘုရင်သည်ပင် သေခြင်းတရား၏ ရောက်ရှိလာမှုကို ခံစားမိသွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ဝမ်းနည်းကြေကွဲသော အငွေ့အသက် ထွက်ပေါ်လာသည်။ ၎င်း၏ မျက်လုံးထဲမှာ အလိုဆန္ဒမရှိမှု အရိပ်အယောင် ထွက်ပေါ်နေသည်။
“ ဂရောင်း ”
ထိုအခိုက်အတန့်မှာ မိုးကောင်းကင်ကို တုန်လှုပ်သွားစေမည့် ကျားဟိန်းသံ ထွက်ပေါ်လာသည်။ ထိုကျားဟိန်းသံထဲမှာ သက်ရှိအားလုံးကို တုန်လှုပ်ချောက်ချားသွားစေမည့် ဘုရင်အရှိန်အဝါ ကိန်းအောင်းနေသည်။ ယင်းက ကျားဘုရင်အရှိန်အဝါ ဖြစ်သည်။ သာမန်ကျားတစ်ကောင်၏ ဟိန်းသံသည် တိရိစ္ဆာန်အများစုကို ခြေထောက်ပျော့ခွေသွားပြီး လဲကျသွားစေရန် လုပ်ဆောင်နိုင်၏။
သို့သော် ဤကျားဟိန်းသံက ပိုပြီးလွှမ်းမိုးဗိုလ်ကျသည်။ ယင်းက လူများ၏ အသိစိတ်ကို တိုက်ရိုက် တုန်လှုပ်စေနိုင်သည်။ ကျားအရှိန်အဝါက အလွန်ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းသွားသည်။ ဘုရင်တစ်ပါး၏ တည်ရှိမှုအငွေ့အသက်က နေရာတိုင်းဆီသို့ ပျံ့နှံ့သွားသည်။
“ အာဝူး ”
ဝံပုလွေအုပ်စုသည် သားရဲဘုရင်၏ အရှိန်အဝါကို မခုခံနိုင်လေရာ ဝံပုလွေတစ်ကောင်ပြီးတစ်ကောင်က မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။
“ ထန် ”
ဝံပုလွေဘုရင်ကို အသက်ဇီဝိန်နုတ်တော့မည့် ဓားပျံသည် လေထဲ၌ ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင်ကျားလက်သည်း၏ တားဆီးခံလိုက်ရသည်။ သတ္ထုမြည်သံ ထွက်ပေါ်လာပြီးလျှင် အံ့ဖွယ်စွမ်းအား ကိန်းအောင်းနေသော ဓားပျံက ကျားလက်သည်းထဲမှာ ဖမ်းဆုပ်ခံလိုက်ရသည်။ ဓားပျံက နောက်ထပ် မရွေ့လျားနိုင်တော့ပေ။
“ အို ဘုရားရေ… ဘယ်လောက် ကြီးလိုက်တဲ့ အနက်ရောင်ကျားလဲ ”
“ အဲ့ဒီကောင်က ဖူရှန်း အစွမ်းကုန်သုံးပြီး ပစ်လွှတ်လိုက်တဲ့ ဓားပျံကို အလွယ်တကူ ဖမ်းဆီးနိုင်တယ်… အဲ့ဒီကျားက မိစ္ဆာမဟုတ်လောက်ဘူးမလား ”
မှန်ပေသည်။ ယခု ထွက်ပေါ်လာသော ကျားက သီရှီထျန် ဖြစ်သည်။
အစက သူသည် ထိုသိုင်းပညာရှင်အုပ်စုကို ဝံပုလွေဘုရင်နှင့် ဝံပုလွေအုပ်စုတို့ အမြစ်ဖြတ်သုတ်သင်ပြီးမှ ၎င်းတို့အား သိမ်းသွင်းမည်ဟု စဉ်းစားခဲ့သည်။ သို့သော်လည်း သူ၏ အစီအစဉ်က မကြာမီ ပြောင်းလဲသွားသည်။ ထိုသိုင်းပညာရှင်အုပ်စုထဲမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားပျံသိုင်းသမားတစ်ဦး ရှိနေမည်ဟု သူမမျှော်လင့်ထားပေ။ ထိုသူက ဝံပုလွေဘုရင်ကို အန္တရာယ်အခြေအနေသို့ ကျရောက်စေသည်။
ယင်းက သူမမျှော်လင့်ထားသော အရာဖြစ်သော်လည်း ဝံပုလွေဘုရင်ကို ဓားပျံအောက်မှာ အသက်ဆုံးရှုံးသွားစေရန် သူဆန္ဒမရှိပေ။ ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များက အလွန်ရှားပါးသည်။ အကယ်၍ ဤနေရာမှာ ဝံပုလွေဘုရင် သေဆုံးသွားလျှင် ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်တစ်ကောင် လျော့နည်းသွားလိမ့်မည်။
… … …
သီရှီထျန်၏ နှလုံးသားထဲမှာ ဝံပုလွေဘုရင်ကို သူ၏ အနာဂတ် လက်အောက်ငယ်သားတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်လေရာ သူက ဝံပုလွေဘုရင် အသတ်ခံရတော့မည်ကို ရပ်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် အရေးကြီးအခိုက်အတန့်မှာ သူက လှုပ်ရှားလိုက်သည်။
သိုင်းလောကထဲတွင် ဓားပျံသိုင်းပညာရှင်များက အမှန်တကယ် ကြောက်စရာကောင်းသည်။ အထူးသဖြင့် ပထမတန်းစား ဓားပျံသိုင်းပညာရှင်များပင်။ အကယ်၍ အတိတ်မှာသာဆိုလျှင် သီရှီထျန်က ထိုသို့သိုင်းပညာရှင်ကို အလွယ်တကူ ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ချေ။ သူက အသတ်မခံရလျှင်ပင် အနည်းဆုံး ဒဏ်ရာအပြင်းအထန်ရရှိသွားလိမ့်မည်။
သို့သော်လည်း မိစ္ဆာလမ်းစဉ်ကို သူလျှောက်လှမ်းပြီးနောက် သူ၏ ခွန်အားက နေ့စဉ်နေ့တိုင်း တိုးပွားလာသည်။ ယခု သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို ဒုတိယအဆင့်ထိ ကျင့်ကြံထားလေရာ မိစ္ဆာစွမ်းအားကို ကောင်းမွန်စွာ အသုံးပြုနိုင်သွားသည်။ မိစ္ဆာစွမ်းအား၏ ထုဆစ်ပုံသွင်းပေးမှုကြောင့် သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုပြီးသန်မာလာသည်။ သာမန်ဓားလှံလက်နက်များက သူ၏ ခန္ဓာကိုယ်ကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။ သူ၏ မျက်လုံးက အလွန်စူးရှသည်။ ဓားပျံ၏ အလျင်က အံ့မခန်း မြန်ဆန်သော်လည်း ယင်းက မိစ္ဆာစွမ်းအား ကိန်းအောင်းနေသော သူ၏ ကျားမျက်လုံးအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူက ကျားလက်သည်းကို ဝှေ့ယမ်းလိုက်ပြီး ဓားပျံကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။
“ ဝေါင်း ”
လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံသည် အဆုံးမဲ့ခြိမ်းခြောက်မှုကို သယ်ဆောင်လျက် လူတိုင်း၏ နားထဲမှာ ဗုံမြည်သံပမာ ပဲ့တင်ထပ်သွားသည်။ သားရဲဘုရင်အရှိန်အဝါဖြင့် ရုတ်တရက် ထွက်ပေါ်လာသော စက်ကရာကို မြင်သောအခါ ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုအောက်မှာ အလဲလဲအပြိုပြိုဖြစ်နေပြီးသော သိုင်းပညာရှင်များက တောင်ကြီးတစ်တောင်၏ ဖိချမှုကို ခံစားမိသွားကြသည်။ သူတို့က ခြေထောက်ပျော့ခွေသွားကြပြီး မြေကြီးပေါ်မှာ ကောင်းကောင်း မရပ်နိုင်ကြတော့ပေ။ သူတို့က အရှေ့မှ ဧရာမကျားနက်ကို ကြောက်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
“ ရွှတ် ”
စက်ကရာ၏ ကျားလက်သည်းထဲမှ ဓားပျံသည် မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ အနက်ရောင်ဓားပျံအဖြစ် ပြောင်းလဲသွားသည်။ ဓားပျံသည် လေကို ဖြိုခွင်းသွားပြီး ဖူရှန်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
“ အား ”
ဓားပျံပစ်လွှတ်ခြင်းတွင် အားအကုန်အသုံးပြုခဲ့သော ဖူရှန်းသည် ယခုအချိန်မှာ ခြေကုန်လက်ပန်းကျနေသည်။ ယခု သူက မြေကြီးပေါ်မှာ မတ်တတ်ရပ်ရန်ပင် မနည်းအားပြုနေရလေရာ မိစ္ဆာစွမ်းအား ကိန်းအောင်းနေသော ဓားပျံကို မည်သို့တိမ်းရှောင်နိုင်မည်နည်း။
သီရှီထျန်က ဓားပျံပစ်လွှတ်ခြင်းအတတ်ကို မကျွမ်းကျင်သော်လည်း သူပစ်လွှတ်လိုက်သော ဓားပျံထဲမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်က ကိန်းအောင်းနေသည်။ ထို့ပြင် ထိုဓားပျံ၏ အဓိက ကြောက်စရာအကောင်းဆုံးအပိုင်းက မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်ဖြစ်သည်။
ဖူရှန်းက “ အား ”ဟု တစ်ချက်သာ အော်နိုင်ခဲ့သည်။ သူက ဓားပျံဖောက်ထွက်သွားသော သူ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်စဉ် မြေကြီးပေါ်သို့ တောင့်တောင့်ကြီး ပြုတ်ကျသွားသည်။ သွေးက သူ၏ လည်ပင်းထဲမှ ဒလဟော ယိုစီးလာသည်။
“ ယီး… အဲ့ဒီကျားနက်မှာ အသိဉာဏ်ရှိတယ်ဟ… အဲ့ဒီကောင်က ဓားပျံဘယ်လိုပစ်ရမလဲတောင် သိတယ်… ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က ပုံမှန်ကျားတစ်ကောင်ထက် အများကြီး ပိုကြီးတယ်… သူက ဝိညာဉ်သားရဲမဟုတ်ရင်တောင် ဝိညာဉ်သားရဲဖြစ်လာဖို့ သိပ်မလိုလောက်တော့ဘူး ”
“ အို ဘုရားရေ… ကျားရဲတောင်တန်းဒေသထဲမှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ ကျားတစ်ကောင် တည်ရှိနေပါလား… အဲ့ဒါကို စောစော ငါသိခဲ့မယ်ဆိုရင် ငါ့မှာ အသက်ဆယ်သက်ရှိမယ်ဆိုရင်တောင် ဒီကို ဘယ်တော့မှ လာခဲ့မှာမဟုတ်ဘူး ”
ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေဘုရင် အသတ်ခံရတော့မည့်အချိန် ပိုပြီးကြောက်စရာကောင်းသော အနက်ရောင်ကျားတစ်ကောင်က အရေးကြီးအခိုက်အတန့်မှာ ထွက်ပေါ်လာလိမ့်မည်ဟု မြောင်ရီတောက် မမျှော်လင့်ထားပေ။ ဤအခိုက်အတန့်မှာ သူက ကျားရဲတောင်တန်းဒေသဆီသို့ ထွက်လာခြင်းကို အကြီးအကျယ် နောင်တရသွားသည်။ သူက စိတ်ထဲမှာ ခါးသီးစွာ အော်လိုက်သည်။
“ ညီအကိုတို့… ဒီတစ်ကြိမ် ငါတို့က ဝံပုလွေအုပ်စုရဲ့ ပစ်မှတ်ထားတာ ခံရတယ်… အခု ပိုကြောက်စရာကောင်းတဲ့ ကျားတစ်ကောင်က ငါတို့အရှေ့မှာ ထွက်ပေါ်လာပြန်ပြီ… ငါတို့တွေ ဆိုးဝါးတဲ့ အဆုံးသတ်နဲ့ တွေ့ကြုံရတော့မှာ ငါစိုးရိမ်တယ်… ဒီနေ့ ငါတို့တွေ အသက်ရှင်ရက် မလွတ်မြောက်နိုင်တော့ဘူးဆိုမှတော့ ငါ မြောင်ရီတောက်က ဒီသားရဲတွေကို ငါနဲ့အတူ ငရဲပြည်ဆီ အပါခေါ်ဆောင်သွားမယ် ”
မြောင်ရီတောက်က သူ့အနောက်မှ ရဲဘော်ရဲဘက်များကို ဝေ့ဝိုက်ကြည့်လိုက်ပြီး သူ၏ လက်ထဲမှ ဓားမော့ကို ကိုင်မြှောက်လိုက်သည်။ သူ၏ လေသံထဲမှာ ရက်စက်ကြမ်းကြုတ်တော့မည့် အရိပ်အယောင်ရှိသည်။
“ ဟုတ်တယ်… အဖွဲ့ခေါင်းဆောင်ပြောတာ မှန်တယ်… ဒီတိရိစ္ဆာန်တွေကို အသေအကြေ တိုက်ခိုက်ကြမယ် ”
“ ငါတို့သေရတော့မယ်ဆိုရင်တောင် သားရဲတချို့ကို သတ်သွားရအောင် ”
တောက်ဘာနှင့် တခြားညီအကိုများက မြောင်ရီတောက်၏ စကားကို ကြားသောအခါ စိတ်ဓာတ်ပြတ်သားသော အကြည့်ကို ထုတ်ဖော်လိုက်ကြသည်။ သူရဲကောင်းအရှိန်အဝါက သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သူတို့က ဝံပုလွေအုပ်စု၏ ဝိုင်းရံခံထားရလေရာ ဤနေရာမှ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်ကြသည်။ ယခု ပိုပြီးကြောက်စရာကောင်းသော အနက်ရောင်ကျားတစ်ကောင်က ထွက်ပေါ်လာလေရာ ဆိုးဝါးသော အဆုံးသတ်က သူတို့ကို စောင့်ကြိုနေကြောင်း သိလိုက်ကြသည်။ ထိုသို့ဆိုမှတော့ မည်သို့ကြောင့် အသက်စတေးပြီး အသေအကြေ မတိုက်ခိုက်ရမည်နည်း။ သူတို့က အသက်မရှင်နိုင်လျှင် သူတို့ရန်သူသည်လည်း အသက်မရှင်ရပေ။ ထိုအတွေးက သူတို့၏ သွေးကို ပွက်ပွက်ဆူလာစေသည်။
မြောင်ရီတောက်က ကျယ်လောင်စွာ အော်လိုက်ပြီး အသက်ရှင်ကျန်ရှိသော သွေးဓားမော့အဖွဲ့သားများကို ဦးဆောင်လိုက်သည်။ သူတို့အားလုံးက အံတင်းတင်းကြိတ်လိုက်ပြီး သူတို့၏ လက်ထဲမှ ဓားမော့များကို ကိုင်မြှောက်လိုက်ကြသည်။ သူတို့က ကိုယ်ဖော့ပညာများကို အသုံးပြု၍ စက်ကရာဆီသို့ ပြေးသွားကြလေရာ ရူးသွပ်သော အကြည့်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
တောက်ဘာသည် သူ့လက်ထဲမှ ဓားမော့ကို မြှောက်တင်၍ ရိုးရှင်းသော သိုင်းကွက်ဖြစ်သော “ တောင်ခွဲဓားချက် ”ကို ထုတ်ဖော်လိုက်သည်။ ယင်းက ရိုးရှင်းသော သိုင်းကွက်ဖြစ်သော်လည်း ထိုထဲမှာ သူ၏ အစစ်အမှန်ချီအားလုံး ပါဝင်နေသည်။ ထို့ပြင် သူက အသက်မရှင်နိုင်တော့မှန်း သိထားလေရာ ထိုတောင်ခွဲဓားချက်ထဲမှာ သူ၏ ရှိရှိသမျှ အရာအားလုံးကို ထည့်သွင်းထားသည်။
ထိုဓားမော့ခုတ်ချက်က တောင်တစ်လုံးကို အမှန်တကယ် ခွဲပစ်နိုင်ဟန် ရ၏။ ထက်ရှပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သီရှီထျန်ကို လွှမ်းခြုံသွားသည်။
“ ဂရား ”
သီရှီထျန်၏ ကျားမျက်လုံးထဲမှာ တောက်ပသော အလင်းတန်းနှစ်ခု ပေါ်လျှိုးလာသည်။ သူ့အရှေ့မှ ပုဂ္ဂိုလ်ဆီမှာ သူ့ကို အန္တရာယ်ပေးနိုင်သော အရှိန်အဝါရှိနေကြောင်း သူအာရုံခံမိသည်။ မည်သို့ဖြစ်ပါစေ သူက မိစ္ဆာစံအိမ်ကို မဖွင့်လှစ်ရသေးသလို စစ်မှန်သော မိစ္ဆာတစ်ကောင်လည်း မဖြစ်လာသေးပေ။ သူ့မှာ မိစ္ဆာစွမ်းအားရှိသည့်တိုင် အကယ်၍ သူဂရုမစိုက်လျှင် ရန်သူကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။
“ အဲ့ဒီလူက နောက်ထပ် အသက်ရှင်ဖို့ ဆန္ဒမရှိတော့ဘူး… လူသားတွေမှာ အဆုံးမဲ့အလားအလာတွေရှိတာ တကယ်မှန်တာပဲ… သူက အသက်ရှင်ဖို့ အခွင့်အရေးမရှိတော့တာကို သိထားတာတောင် ဒီလောက်အားကောင်းတဲ့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်သေးတယ်… ဒါပေမဲ့ မင်းကို အသုံးပြုပြီး ငါ့ရဲ့ ‘ ကျားဟိန်းသံကျင့်စဉ် ’ကို စမ်းသပ်ကြည့်ရမယ် ”