← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

သီရှီထျန်က အနည်းငယ် အံ့ဩသွားသော်လည်း ရှောင်တိမ်းမည့် အရိပ်အယောင်မပြချေ။ သူက အပြင်ထွက်လာရန် ရွေးချယ်ခဲ့မှတော့ ထိုလူများကို မည်သို့အလွတ်ပေးနိုင်မည်နည်း။ သူက အတိတ်ဘဝမှာ လူသားတစ်ယောက်ဖြစ်ခဲ့လေရာ လူသားများက မည်မျှဉာဏ်ကောင်းကြောင်း သူသိသည်။ ပိုပြီးကြောက်စရာကောင်းသည်မှာ လူသားများ၏ စူးစမ်းလိုစိတ် ဖြစ်သည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်က ဤနေရာမှ လွတ်မြောက်သွားမည်ဆိုလျှင် ယနေ့အဖြစ်အပျက်က အပြင်လောကမှာ ပျံ့နှံ့သွားလိမ့်မည်။ ထိုအခါ လူသားများ၏ စူးစမ်းလိုစိတ်အရ ပိုမိုများပြားသော အန္တရာယ်များက ကျားရဲတောင်တန်းဒေသဆီသို့ ရောက်လာလိမ့်မည်။

သူက အမဲလိုက်သမားအုပ်စုကို မကြောက်ပေ။ သို့သော်လည်း ထိပ်တန်းသိုင်းပညာရှင်အများအပြားကိုတော့ သူဂရုစိုက်ရမည်။ ထို့ပြင် ယင်းက မသေမျိုးကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားလျှင် ပိုပြီးပြဿနာများလိမ့်မည်။ ထို့ကြောင့် ယနေ့ သူက မည်သူ့ကိုမှ အသက်ရှင်လျက် မလွှတ်ပေးနိုင်ပေ။

သီရှီထျန်က ဟိန်းဟောက်လိုက်ပြီး သူ၏ ညာဘက်ကျားလက်သည်းကို မြှောက်တင်လိုက်သည်။ ပမာဏ အလွန်များပြားသော မိစ္ဆာစွမ်းအားက သူ၏ ကျားလက်သည်းဆီသို့ စီးဆင်းသွားသည်။ ထိုအခါ အနက်ရောင်အခိုးအငွေ့က ကျားလက်သည်းပေါ်မှာ ထွက်ပေါ်လာသည်။ ကျားလက်သည်းပေါ်မှာ မဟူရာအလင်း ထွက်ပေါ်လာပြီးလျှင် ယင်းက သူ့အရှေ့မှ ဓားမော့နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

“ ထန် ”

ကျားလက်သည်းနှင့် ထက်ရှသော ဓားမော့တို့ အပြန်အလှန် တွေ့ဆုံသွားကြသည်။ ထိုအခိုက်အတန့်မှာ တောက်ဘာက အံ့ဩထိတ်လန့်သွားသည်။ သူ၏ ဓားမော့က ကျားလက်သည်းကို ခုတ်မိသွားသည်ဟု သူမခံစားမိပေ။ ယင်းအစား သူက အလွန်မာကျောသော ကျောက်တုံးတစ်တုံးကို ခုတ်ပိုင်းမိသွားသည့်အလား ခံစားမိသွားသည်။ ယင်းက အလွန်မာကျောလေရာ ကျား၏ အရေပြားသည်ပင် ထိခိုက်ဒဏ်ရာမရသွားပေ။ ယင်းအစား ကြီးမားသော သက်ရောက်အားက ကျားလက်သည်းထံမှ ပေါ်လျှိုးလာပြီး ဓားမော့ပေါ်သို့ ဆင်းသက်လာသည်။

“ ခရက် ”

သံမဏိကောင်းဖြင့် သွန်းလုပ်ထားသော ဓားမော့က အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။

“ ဝီး ”

သီရှီထျန်၏ ကျားလက်သည်းက မရပ်တန့်သွားပေ။ လေထဲမှာ ကြွင်းကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။

“ ဖူချီ ”

ကျားလက်သည်းက တောက်ဘာ၏ ရင်ဘက်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်သည်။ သွေးက ဖြန်းခနဲ ပန်းထွက်လာသည်။ တောက်ဘာက မျက်လုံးပြူးသွားသည်။ သူ၏ မျက်လုံးထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်နေသည်။ သူ့အရှေ့မှ အနက်ရောင်ကျား၏ စွမ်းအားက သူ၏ စိတ်ကူးနိုင်စွမ်းထက် အများကြီး ကျော်လွန်နေမည်ဟု သူမမျှော်လင့်ထားပေ။

“ ဝှစ် ”

ထိုစဉ် သီရှီထျန်က လေခွင်းသံကို ရုတ်တရက် ကြားလိုက်ရ၏။ သူက အမြန်ခေါင်းလှည့်လိုက်လေရာ မြောင်ရီတောက်က ကိုယ်ဖော့ပညာကို အသုံးပြု၍ လေထဲသို့ ခုန်လိုက်ကြောင်း သူမြင်သွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်သည်။ သူက အရူးတစ်ယောက်ပမာ ထွက်ပြေးသည်။ သူက ဝံပုလွေများ၏ ခန္ဓာကိုယ်ပေါ် ဆက်တိုက် တတ်နင်းသွား၍ ကိုယ်ဖော့ပညာဖြင့် ထွက်ပြေးသည်။ သူ၏ ကိုယ်ဖော့အစွမ်းက မသေးငယ်ပေ။

“ ဟွန့်… မင်းက ငါ့မျက်စိအရှေ့ကနေ ထွက်ပြေးချင်တယ်လား ”

သီရှီထျန်၏ မျက်လုံးထဲမှာ ထက်ရှသောအလင်း ထွက်ပေါ်လာသည်။ မြောင်ရီတောက်သည် အစကတည်းက သူနှင့် အတန်ငယ် ကွာဝေးနေသည်။ ယခု သူက ကိုယ်ဖော့ပညာကို အသုံးပြု၍ ထွက်ပြေးသွားလေရာ မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ရောက်ရှိသွားသည်။ သူက ဝံပုလွေအုပ်စု၏ ဝိုင်းရံမှုအောက်မှ လွတ်မြောက်သွားတော့မည်။

“ ငါသူ့ကို အလွတ်ပေးလို့ မဖြစ်ဘူး ”

သီရှီထျန်သည် တစ်ဖက်လူကို အလွတ်ပေးရန် ဆန္ဒမရှိပေ။ သူက ကျားလက်သည်းကို မြှောက်ပြီး မြောင်ရီတောက်၏ နောက်ကျောထံ ဦးတည်၍ ကြမ်းတမ်းစွာ ကုတ်ဆွဲလိုက်သည်။ တစ်ချိန်တည်းမှာ မိစ္ဆာစွမ်းအားက သူ၏ စေခိုင်းမှုအတိုင်း ကျားလက်သည်းထဲသို့ ဒလဟော စီးဆင်းသွားသည်။

“ ဝှီး ”

ဤတစ်ကြိမ်တွင် သူက မိစ္ဆာစွမ်းအားအကုန်ကို သူ၏ ကျားလက်သည်းထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ ထူးဆန်းသော အံ့ဖွယ်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ လေထဲမှာ သူ၏ ကျားလက်သည်းကို လွှဲယမ်းလိုက်သည့်အခါ အနက်ရောင်အခိုးအငွေ့က ရုတ်တရက် ကျယ်ပြန့်သွားသည်။ အနက်ရောင်အခိုးအငွေ့က သူ့အရှေ့၌ မဟူရာကျားလက်သည်းကို တိုက်ရိုက် ဖွဲ့စည်းသွားသည်။ မဟူရာကျားလက်သည်းသည် မယုံကြည်နိုင်သော အလျင်ဖြင့် လေထုကို ဖြတ်သန်းသွားပြီး မြောင်ရီတောက်၏ ကျောပေါ်သို့ ထိမှန်သွားသည်။

“ ဖူချီ ”

ကိုယ်ဖော့ပညာသုံး၍ ထွက်ပြေးနေသော မြောင်ရီတောက်သည် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးမည်မျှက ကျိုးသွားကြောင်း သူမသိပေ။ သူက “ ဝေါခနဲ ” သွေးအန်လိုက်သည်။ သို့သော်လည်း ပါးစပ်အပြည့် သွေးအန်ပြီးနောက် သူ၏ မျက်နှာက နီမြန်းလာသည်။ သူ၏ စိတ်ဝိညာဉ်က ရုတ်တရက် အဆမတန် တိုးမြှင့်သွားသည်။ သူက အလျင်မလျော့ကျသွားသည့်အပြင် ပိုပြီးမြန်ဆန်လာသည်။ သူက ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်လွှတ်၍ ဝံပုလွေအုပ်စု၏ ဝိုင်းရံမှုမှ ရုန်းထွက်သွားသည်။ တစ်ဆက်တည်းမှာ သူက အနောက်လှည့်မကြည့်ဘဲ အမှောင်တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။

ယင်းကို သီရှီထျန်မြင်သွားသောအခါ သူ၏ မျက်လုံးက အေးစက်သွားသည်။ ထိုလူ၏ အသက်ရှင်ချင်သော စိတ်ခွန်အားကို သူလျော့တွက်မိသွားသည်။ သို့သော်လည်း အစောနက တိုက်ခိုက်မှုအတွက် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားအားလုံးကို သူအသုံးပြုခဲ့သည်။ သို့ဖြစ်၍ မြောင်ရီတောက်က လွတ်မြောက်သွားလျှင်ပင် ရက်ကြာကြာ အသက်မရှင်နိုင်ပေ။ အနှေးနှင့်အမြန် သူသေဆုံးသွားလိမ့်မည်။

“ ဝေါင်း ”

လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ သီရှီထျန်က မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူက ကျားလက်သည်းကို မြှောက်၍ သွေးဓားမော့အဖွဲ့သားအားလုံးကို အမြစ်ဖြတ်သုတ်သင်လိုက်သည်။

သွေးက မြေကြီးပေါ်မှာ အိုင်ထွန်းသွားသည်။ အလွန်အားကောင်းသော သွေးညှီနံ့က ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။

သီရှီထျန်၏ ကျားအရှိန်အဝါက အလွန်အံ့ဖွယ်ကောင်းသည်။ သားရဲဘုရင်သာလျှင် ပိုင်ဆိုင်နိုင်သော ပြိုင်ဘက်ကင်းအရှိန်အဝါက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအရှိန်အဝါ၏ သက်ရောက်မှုအောက်မှာ ဤနေရာမှ သတ်ဖြတ်ပွဲတော်က ဖုံးကွယ်ခံလိုက်ရသည်။ ဤနေရာမှာ မည်သည့်တိုက်ခိုက်မှုမှ မဖြစ်ပျက်ခဲ့သည့်အလားပင်။

အစောနက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့ကြသော ဝံပုလွေများသည် ဆွဲဆွဲငင်ငင် အူလိုက်ကြပြီး မြေကြီးပေါ်မှာ လှဲချလိုက်ကြသည်။ သီရှီထျန်ကို ကြည့်သော သူတို့၏ မျက်လုံးထဲမှာ ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်နေသည်။

သီရှီထျန်သည် ဘေးသို့ ခေါင်းလှည့်လိုက်ပြီး မြေကြီးပေါ်မှာ လဲလျောင်းနေသော ဝံပုလွေဘုရင်ကို ကြည့်လိုက်သည်။ စူးရှတောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ဝံပုလွေဘုရင်သည် အမှန်တကယ် မောက်မာထောင်လွှားသည်။ ၎င်း၏ ခြေထောက်များက ဓားပျံများကြောင့် ဒဏ်ရာရရှိထားလေရာ ၎င်းက မတ်တတ်မရပ်နိုင်ပေ။ သို့တိုင် ၎င်းက ခေါင်းကို မြင့်မြင့်မော့ထားဆဲပင်။ မောက်မာထောင်လွှားမှုနှင့် အညံ့မခံလိုမှုက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။

“ ငါ့ကို အညံ့ခံမလား ဒါမှမဟုတ် အသတ်ခံမလား ”

သီရှီထျန်က ဝံပုလွေဘုရင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သားရဲဘုရင်အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ သူက ဟိန်းဟောက်လိုက်ပြီး သူ၏ သဘောထားကို သားရဲဘာသာစကားဖြင့် ပြောသည်။ ဝိညာဉ်အသိဉာဏ်ရှိသော မည်သည့်သားရဲမဆို သူ၏ စကားကို နားလည်နိုင်လိမ့်မည်။

တောင်ကြီးတစ်တောင်ပမာ ကြီးမားလှသော ဖိအားက ဝံပုလွေဘုရင်ပေါ်သို့ ကျဆင်းလာ၏။ ဤသည်မှာ အရွယ်အစားကြီးမားသော တောင်က ၎င်း၏ ဦးခေါင်းပေါ်သို့ ဖိကျလာနေသည့်အလားပင်။

မျိုးနွယ်စုတစ်ခု၏ ဘုရင်ဖြစ်သော ဝံပုလွေဘုရင်သည် အလွယ်တကူ အညံ့မခံပေ။ ၎င်းက ခေါင်းမော့လိုက်ပြီး ဘုရင်တစ်ပါး၏ မောက်မာမှုကို ထုတ်ဖော်လိုက်သည်။

“ ဝေါင်း ”

ကျားဟိန်းသံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သီရှီထျန်၏ အရှိန်အဝါက ဖြည်းဖြည်းချင်း တိုးပွားလာသည်။ ပိုပြီးကြီးမားသော ဖိအားက ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။ ဖိအားက အလွန်ကြီးမားလေရာ ၎င်းက နောက်ထပ် ခေါင်းမမော့နိုင်တော့ပေ။ ၎င်းက ဖြည်းဖြည်းချင်း ခေါင်းငုံ့သွားသည်။

“ အာဝူး ”

ဝံပုလွေဘုရင်သည် အညံ့ခံရန် ဆန္ဒမရှိကြောင်း ထင်ရှားသည်။ ၎င်းက အစွမ်းကုန်သုံး၍ သဏ္ဍာန်မဲ့ဖိအားကို တွန်းလှန်လိုက်သည်။ သို့သော်လည်း ၎င်းက သီရှီထျန်၏ သားရဲဘုရင်အရှိန်အဝါကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။ ၎င်းက နောက်ဆုံးမှာ ရိုသေကျိုးနွံစွာ ခေါင်းငုံ့သွားသည်။

“ အာဝူး ”

ဝံပုလွေဘုရင်သည် မြေကြီးပေါ်မှာ ဝပ်တွားလိုက်ပြီး သီရှီထျန်၏ ခြေထောက်ကို အကြိမ်ရေအနည်းငယ် ဦးတိုက်လိုက်သည်။ ရှင်းလင်းစွာပင် ယင်းက ၎င်း၏ အညံ့ခံမှုကို ဖော်ပြသော လုပ်ရပ်ဖြစ်သည်။

တိရိစ္ဆာန်များကြားမှ ဆက်ဆံရေးသည် လူသားများထက် အများကြီး ပိုရိုးရှင်းသည်။ သူတို့က စည်းမျဉ်းတစ်ခုတည်းကိုသာ လိုက်နာကြသည်။ ယင်းမှာ ခွန်အားကြီးမားသူကို ရိုသေကိုးကွယ်ခြင်းပင်။ ယခု စက်ကရာက ဝံပုလွေဘုရင်ထက် သူပိုပြီးသန်မာကြောင်း ဖော်ပြလိုက်လေရာ ဝံပုလွေဘုရင်က ရိုသေကျိုးနွံစွာ အညံ့ခံသွားသည်။ ပိုပြီးခွန်အားကြီးမားသူကို အညံ့ခံခြင်းက တိရိစ္ဆာန်များအတွက် ရှက်စရာမဟုတ်ပေ။ ထို့ပြင် ဝံပုလွေဘုရင်ထံတွင် သာမန်တိရိစ္ဆာန်များဆီမှာ မရှိသော ဝိညာဉ်အသိဉာဏ်ရှိသည်။

ဝံပုလွေဘုရင်က အသိဉာဏ်ရှိလေရာ ယနေ့ ၎င်းသာ သီရှီထျန်ကို အညံ့မခံလျှင် သေချာပေါက် အသတ်ခံရလိမ့်မည်ဖြစ်ကြောင်း သိသည်။ ၎င်းက အသက်မသေချင်မှတော့ အညံ့ခံရန် ရွေးချယ်လိုက်သည်။

ဝံပုလွေဘုရင်က အညံ့ခံသွားကြောင်း မြင်သောအခါ သီရှီထျန်က စိတ်ကျေနပ်သွားပြီး သူ၏ သားရဲအရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်သည်။ ဝံပုလွေဘုရင်က သူ့အပေါ် သစ္စာဖောက်မည်ကို သီရှီထျန် မစိုးရိမ်ပေ။ တိရိစ္ဆာန်များသည် အလွယ်တကူ အညံ့ခံလေ့မရှိပေ။ သို့ဖြစ်၍ သူတို့က တစ်ခါအညံ့ခံပြီးသွားလျှင် လွယ်လွယ် သစ္စာမဖောက်ကြချေ။ ထို့ကြောင့် ဝံပုလွေဘုရင်၏ သစ္စာရှိမှုကို အချိန်တစ်ခုအထိ သူစိုးရိမ်ရန် မလိုပေ။

… … …

ဝံပုလွေဘုရင် အညံ့ခံသွားသည်ကို မြင်သောအခါ သီရှီထျန်၏ နှလုံးသားထဲမှာ ဂုဏ်ယူမှုဖြင့် ပြည့်နှက်သွားသည်။ ဝံပုလွေဘုရင်ကို သိမ်းသွင်းနိုင်ခြင်းက အရေအတွက်ထောင်ချီသော ဝံပုလွေများကို သိမ်းသွင်းနိုင်ခြင်းနှင့် အတူတူပင်။

ယခုအချိန်မှစ၍ သူက ကျားရဲတောင်တန်းဒေသထဲမှာ သူ့ကိုယ်ပိုင်အင်အားစုကို ပိုင်ဆိုင်နိုင်တော့မည်။ သူက နောက်ခံအင်အားစုမရှိသော ဘုရင်တစ်ပါး မဟုတ်တော့ပေ။ အနာဂတ်မှာ သူက သူ့ကိုယ်ပိုင်အင်အားစုဖြင့် ကျားရဲတောင်တန်းဒေသကို လွှမ်းမိုးခြယ်လှယ်နိုင်လိမ့်မည်။

“ ချီ… ချီ ”

ဝံပုလွေဘုရင်ကို အပြည့်အဝ သိမ်းသွင်းရန် ခြိမ်းခြောက်မှုတစ်ခုတည်းဖြင့် မလုပ်ဆောင်နိုင်ပေ။ ဝံပုလွေဘုရင်က သူ့အား ဦးညွတ်နေကြောင်း သီရှီထျန် မြင်သောအခါ သူက သားရဲဘုရင်အရှိန်အဝါကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး ဝံပုလွေဘုရင်၏ နဖူးပေါ်သို့ တင်လိုက်သည်။ မိစ္ဆာစွမ်းအင်လှိုင်းတစ်ခုက သူ၏ ကျားလက်သည်းထဲမှ ထွက်ပေါ်လာပြီး ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သီရှီထျန်၏ ထိန်းချုပ်မှုအောက်မှာ မိစ္ဆာစွမ်းအားက ဓားပျံစိုက်ဝင်နေသော ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။ မိစ္ဆာစွမ်းအား တိုးဝင်လာသည့်အခါ ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်မှာ စိုက်ဝင်နေသော ဓားပျံများက တဝီဝီမြည်သွားကြပြီး တုန်ယင်သွားကြသည်။ ထို့နောက် ဓားပျံများက အတွင်းဘက်မှ ပြင်းထန်သော တွန်းကန်အားကြောင့် အပြင်သို့ တွန်းထုတ်ခံလိုက်ကြရသည်။

ဓားပျံများထုတ်ရန် ဝံပုလွေဘုရင်ကို ကူညီပေးပြီးနောက် သီရှီထျန်က သူ၏ ကျားလက်သည်းကို ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း သူက ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲမှ သူ၏ မိစ္ဆာစွမ်းအားကို ပြန်မရုပ်သိမ်းခဲ့ပေ။ ယင်းအစား သူက မိစ္ဆာစွမ်းအားကို ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိစေပြီး သူ့ဘာသာ လှည့်ပတ်စေသည်။

ဝံပုလွေဘုရင်ဆီမှာ ဝိညာဉ်အသိဉာဏ်ရှိသော်လည်း ဉာဏ်ရည်တွင် သူနှင့် သီရှီထျန်ကြားမှာ ကမ္ဘာတစ်ခု ခြားနေလေသည်။ သို့ဖြစ်၍ ဝံပုလွေဘုရင်အတွက်မူ နေနှင့်လ၏ အနှစ်သာရကို သူ့ဘာသာ စုပ်ယူနိုင်ရန် အချိန်အများကြီး လိုအပ်သည်။

သီရှီထျန်သည် ဝံပုလွေဘုရင်အား သာမန်သားရဲဘုရင်တစ်ပါးအဖြစ် သိမ်းသွင်းလိုခြင်း မဟုတ်ပေ။ သူက သူနှင့်အတူ မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့် လက်အောက်ငယ်သားတစ်ဦးကိုသာ လိုချင်သည်။ ဝံပုလွေဘုရင်သည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ရန် အချိန်အများကြီး လိုအပ်လိမ့်မည်။ သီရှီထျန်သည် ထိုအတွက် အချိန်မပေးချင်ပေ။ ထို့ကြောင့် သူက ပိုပြီးတိုက်ရိုက်ကျသော နည်းလမ်းကို အသုံးပြုလိုက်ပြီး သူ၏ မိစ္ဆာစွမ်းအားတချို့ကို ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့လိုက်သည်။

ယခုအချိန်မှစ၍ မိစ္ဆာစွမ်းအားသည် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ထဲမှာ သူ့ဘာသာ လှည့်ပတ်နေလိမ့်မည်။ သူ၏ ညွှန်ကြားမှုအောက်မှာ မကြာမီ ဝံပုလွေဘုရင်က မိစ္ဆာစွမ်းအားကို သူ့ဘာသာ လှည့်ပတ်နိုင်သွားလိမ့်မည်။

ထိုအချိန်ကျလျှင် ဝံပုလွေဘုရင်က နေနှင့်လ၏ အနှစ်သာရကို သူ့ဘာသာ စုပ်ယူနိုင်သွားလိမ့်မည်။ ထို့နောက် ၎င်းက သူ့နောက်သို့ လိုက်ပြီး မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနိုင်သွားလိမ့်မည်။

“ အာဝူး ”

ဝံပုလွေဘုရင်က တိုးညင်းစွာ အူလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ၎င်းက အရှေ့ခြေထောက်နှစ်ချောင်းကို ကွေး၍ သီရှီထျန်ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

All Chapters