← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

ဝိညာဉ်အသိဉာဏ်ဖွံ့ဖြိုးပြီးသော သားရဲဘုရင်တစ်ပါးအနေဖြင့် ဝံပုလွေဘုရင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော စွမ်းအားက မည်သည့်အရာဖြစ်ကြောင်း သိသည်။ ယင်းက သူ့ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။ မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားသည့်အခါ နွေးထွေးသော ခံစားမှုက သူ၏ စိတ်ဝိညာဉ်ကို သက်တောင့်သက်သာရှိစေသည်။ သူ၏ ဝိညာဉ်အသိဉာဏ်အရ သူက အကျိုးကျေးဇူးများကို ရှင်းလင်းစွာ ခံစားမိသွားသည်။ သီရှီထျန်က မိစ္ဆာစွမ်းအားတချို့ကို သူ၏ ခန္ဓာကိုယ်ထဲမှာ ချန်ထားပေးခဲ့ကြောင်း သူသိသည်။ ယင်းက သူ့အတွက် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။

အစောနက ကျားနက်သည် သူတို့ကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အညံ့ခံစေခဲ့သည်။ သို့သော် ယခု ကျားနက်က သူတို့ကို အခွင့်အရေးတစ်ခု ပေးကမ်းလာသည်။

ဝံပုလွေဘုရင်၏ အတွေးများက ရိုးရှင်းသည်။ သီရှီထျန်က သူ့ထက် အများကြီး ပိုသန်မာသည်။ သို့ဖြစ်၍ သီရှီထျန်ကို အညံ့ခံခြင်းက သူ့အတွက် ရှက်စရာမဟုတ်ပေ။ သူ၏ ဒဏ်ရာများကို ကုသပေးသည့်အတွက် သီရှီထျန်ကို ပိုပြီးကျေးဇူးတင်မိသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်ကို ကြည့်သော ဝံပုလွေဘုရင်၏ အကြည့်က လုံးဝ ပြောင်းလဲသွားသည်။ ရိုသေလေးစားမှုက သူ၏ မျက်လုံးထဲမှာ ပေါ်လွင်နေသည်။

“ အာဝူး ”

“ အာဝူး ”

ဝံပုလွေဘုရင်က အညံ့ခံသွားလေရာ ဘေးပတ်ဝန်းကျင်မှ အရေအတွက်ရာထောင်ချီသော ဝံပုလွေအရိုင်းများသည် သီရှီထျန်၏ သားရဲဘုရင်အရှိန်အဝါကို နောက်ထပ် ခုခံရန် မလိုတော့ပေ။ သူတို့အားလုံးက သီရှီထျန်ကို မျက်နှာမူ၍ မြေကြီးပေါ်မှာ ဝပ်တွားလိုက်ကြပြီး တိုးညင်းစွာ အူလိုက်ကြသည်။ ဤသည်မှာ သူတို့က ဘုရင်အသစ်ကို အရိုအသေပေးနေသည့်အလားပင်။

“ လကို ပူဇော်တဲ့ ဝံပုလွေ… အခုကစပြီး ငါမင်းကို ပိုင်ယွဲ့လို့ ခေါ်မယ် ”

သီရှီထျန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ဝံပုလွေဘုရင်၏ ဖြူဖွေးဆွတ်သော အမွှေးကို ကြည့်လိုက်သည်။ ဝံပုလွေဘုရင်က ယခု သူ့ကို အညံ့ခံသွားပြီဆိုမှတော့ သူ့မှာ နာမည်တစ်ခု ရှိသင့်သည်။ သို့ဖြစ်၍ သူက တစ်ခဏ တွေးတောပြီးနောက် ဝံပုလွေဘုရင်ကို “ ပိုင်ယွဲ့ ”ဟု နာမည်ပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ယခင်ဘဝတွင် လပူဇော်သော ဝံပုလွေမျိုးနွယ်စုအကြောင်း ပုံပြင်ဖတ်ခဲ့ဖူးသောကြောင့်ပင်။

“ ကျေးဇူးတင်ပါတယ် အရှင်… အခုကစပြီး ကျုပ်က ပိုင်ယွဲ့ဖြစ်သွားပါပြီ ”

မိစ္ဆာစွမ်းအားက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ ဝံပုလွေဘုရင်၏ ဝိညာဉ်အသိဉာဏ်က ထပ်မံ ဖွံ့ဖြိုးသွားသည်။ သူက တိုးညင်းစွာ အူလိုက်ပြီး ရိုသေလေးစားသော လေသံဖြင့် ပြောသည်။

ယင်းက တိရိစ္ဆာန်များကြားမှ သားရဲဘာသာစကား ဖြစ်သည်။ သာမန်လူများသည် ယင်းကို နားမလည်နိုင်ကြပေ။ သို့သော်လည်း မွေးရာပါ ဝိညာဉ်အသိဉာဏ်ရှိသော သီရှီထျန်က ယင်းကို နားလည်ပေသည်။

သူက အရင်ဦးဆုံး ဝံပုလွေဘုရင်ပိုင်ယွဲ့ကို ကျားရဲတောင်တန်းဒေသထဲမှ ဝံပုလွေအားလုံးအား သိမ်းသွင်းရန် တာဝန်ပေးလိုက်သည်။ ထို့ပြင် သူက ဝံပုလွေဘုရင်နှင့် ဝံပုလွေအုပ်စုကို တခြားသားရဲဘုရင်များအား လိုက်လံရှာဖွေစေသည်။

သုံးရက်ကြာပြီးလျှင် ရေတံခွန်ရှိသော ချိုင့်ဝှမ်းထဲမှာ သူ့အား သတင်းလာပို့ရန် ဝံပုလွေဘုရင်ကို စက်ကရာ မှာကြားလိုက်သည်။ ထို့နောက် သူက ဝံပုလွေအုပ်စုထဲမှ ထွက်သွားသည်။ သူ၏ အရွယ်အစားကြီးမားသော ခန္ဓာကိုယ်က ဝံပုလွေများ၏ မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

“ ဝံပုလွေဘုရင်ကို သိမ်းသွင်းတာက ပထမအဆင့်ပဲ ရှိသေးတယ်… ပိုင်ယွဲ့ တခြားသားရဲဘုရင်တွေ နေထိုင်တဲ့ တည်နေရာကို ရှာဖွေပြီးရင် သူတို့ဆီ ငါကိုယ်တိုင်သွားပြီး ဝိညာဉ်အသိဉာဏ်ရှိတဲ့ တိရိစ္ဆာန်အားလုံးကို သိမ်းသွင်းပစ်မယ်… ပြီးသွားရင် သူတို့ကို နေနဲ့လရဲ့ အနှစ်သာရကို ဘယ်လိုစုပ်ယူရမလဲ၊ မိုးမြေကြားက ဝိညာဉ်စွမ်းအားကို ဘယ်လိုစုပ်ယူရမလဲ ငါသင်ကြားပေးမယ်… သူတို့က အနာဂတ်မှာ ငါ့ကိုယ်ပိုင်အင်အားစုအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ် ”

သီရှီထျန်သည် လှိုဏ်ဂူဆီသို့ ပြန်သွားနေရင်း သူ၏ စိတ်ထဲမှာ အစီအစဉ်တစ်ခု စတင်ရေးဆွဲလိုက်သည်။ ထိုလုပ်ဆောင်မှုက သူ့အား မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသော အနာဂတ်ဂိတ်တံခါးကို ဖွင့်လှစ်နိုင်စေလိမ့်မည်။

မှန်ပေ၏။ လူသားများသည် ဂိုဏ်းများကို တည်ထောင်နိုင်ကြပြီး တောင်ဂိတ်တံခါးများကို ဖွင့်လှစ်ကာ တပည့်များကို စုဆောင်းနိုင်ကြသည်။ နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်ကြာပြီးလျှင် သူတို့က စွမ်းအားကြီးမားသော အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။

လူသားတွေက အဲ့ဒီလိုလုပ်ဆောင်နိုင်ရင် သူက ဘာလို့ အဲ့ဒီလိုမလုပ်နိုင်ရမှာလဲ။

မိစ္ဆာတစ်ကောင် အရွယ်ရောက်လာသည့်အခါ ထိုသူက မသေမျိုးကျင့်ကြံသူများထက် နိမ့်ကျတော့မည်မဟုတ်ကြောင်း သီရှီထျန် အမြဲယုံကြည်ထားသည်။ တိရိစ္ဆာန်အများစုက တောအုပ်များနှင့် တောင်တန်းများထဲမှာ ပုန်းအောင်းနေရန်သာ ရွေးချယ်ကြသောကြောင့်မဟုတ်လျှင် သူတို့က လူသားများထက် နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။

သားရဲများသည် အားမနည်းသော်လည်း သူတို့က မသေမျိုးကျင့်ကြံသူများကို မယှဉ်နိုင်ကြပေ။ အထူးသဖြင့် သားရဲတစ်ကောင်က လူအများအပြားကို အနိုင်မယူနိုင်ပေ။ တစ်စုံတစ်ယောက်က မည်မျှသန်မာပါစေ တစ်ယောက်တည်းဖြစ်နေလျှင် အနှေးနှင့်အမြန် လူအများ၏ ဝိုင်းရံတိုက်ခိုက်ခံရပြီး သေဆုံးသွားလိမ့်မည်။

ထို့ကြောင့်…

သူက သူ့ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းရန် ဆန္ဒရှိသည်။

ထိုအကြံဉာဏ်ကြောင့် သီရှီထျန်၏ စိတ်ထဲမှာ အတွေးအမြင်အများကြီး ထွက်ပေါ်လာသည်။

သူက လမ်းလျှောက်နေရင်း တွေးတောလိုက်သည်။

“ ငါ့ကိုယ်ပိုင်အင်အားစုကို တည်ဆောက်ချင်တယ်ဆိုရင် အဓိကအရေးကြီးဆုံးက ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့ပဲ… ငါ့မှာ လုံလောက်တဲ့ ခွန်အားမရှိရင် ငါက ပညာရှင်တွေအရှေ့မှာ ခွေးတစ်ကောင်ဖြစ်နေလိမ့်မယ်… ဒီတော့ ငါ့ကိုယ်ပိုင်အင်အားစုကို တည်ဆောက်နေရင်း ငါ့ရဲ့ ခွန်အားကိုလည်း မြန်နိုင်သမျှမြန်မြန် တိုးမြှင့်ရမယ် ”

သူက ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အကြည့်က အလွန်နက်နဲသည်။ သူ့မှာ ကျင့်စဉ်တစ်ခု ရှိသွားပြီ ဖြစ်၏။

“ ကျားဟိန်းသံကျင့်စဉ် ”က သူ့အတွက် လုံလောက်ပေသည်။ သို့သော်လည်း ကျင့်စဉ်တစ်ခုတည်းဖြင့် သူ၏ မိစ္ဆာစွမ်းအားကို တိုးမြှင့်ချင်သည်ဆိုလျှင် အချိန်အကြာကြီး လိုအပ်လိမ့်မည်။ ကံကောင်းစွာဖြင့် သူ့ဆီမှာ စွမ်းအင်စုစည်းဆေးပုလင်း ရှိသည်။ ထိုစွမ်းအင်စုစည်းဆေးလုံးများက သူ၏ ကျင့်ကြံခြင်းအချိန်ကို အတိုင်းအတာတစ်ခုအထိ တိုတောင်းစေပြီး သူ၏ မိစ္ဆာစွမ်းအားကို မြန်ဆန်စွာ တိုးပွားစေသည်။

မကြာမီ လှိုဏ်ဂူက သူ၏ မြင်ကွင်းထဲမှာ ထွက်ပေါ်လာသည်။

လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးနောက် သူက လှိုဏ်ဂူအပေါက်ကို ချုံနွယ်ပိတ်ပေါင်းတချို့ဖြင့် ဖုံးကွယ်လိုက်သည်။ ထို့ကြောင့် လှိုဏ်ဂူ၏ တည်နေရာက ပိုပြီးလျှို့ဝှက်သွားသည်။ တစ်စုံတစ်ယောက်သည် သေချာသတိထားမကြည့်လျှင် ထိုနေရာမှာ လှိုဏ်ဂူတည်ရှိနေကြောင်း မြင်ရလိမ့်မည် မဟုတ်ချေ။ လှိုဏ်ဂူထဲမှာ မှောင်မည်းနေသည်။ သို့သော်လည်း လက်ရှိ သီရှီထျန်အတွက်တော့ ယင်းက သူ့အတွက် နေ့အချိန်နှင့် မခြားပေ။

သူက မြေကြီးထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်လိုက်ပြီး ဆေးတစ်လုံး သွန်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် သူက နောက်ထပ် ဆေးတစ်လုံးကို သွန်လိုက်ပြီး သန့်ရှင်းသော တိရိစ္ဆာန်အမွှေးဖြင့် ရစ်ပတ်လိုက်သည်။ သူက လှိုဏ်ဂူထဲမှ ပြန်ထွက်လာပြီး ကျောက်တုံးကြီးဆီသို့ ပြေးသွားသည်။ လမ်းတစ်လျှောက်တွင် သူက တောယုန်နှစ်ကောင်ကို သတ်၍ ဗိုက်ဖြည့်လိုက်သည်။ ကျောက်တုံးကြီးဆီသို့ သူရောက်သွားသည့်အခါ လစန္ဒာက ကောင်းကင်ယံမှာ ထွက်ပေါ်လာ၏။

“ ဝှီး ”

စက်ကရာက ကျောက်တုံးကြီးပေါ်သို့ ပေါ့ပါးစွာ လှမ်းခုန်တတ်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး လစန္ဒာကို ကြည့်လိုက်သည်။ လစန္ဒာက ထိန်ထိန်လင်းနေသော်လည်း ယနေ့ညတွင် တိမ်မည်းတိမ်စိုင်များက ကောင်းကင်ယံ၌ ထူထဲစွာ လွင့်မျောနေကြသည်။ ရံဖန်ရံခါ ထိုတိမ်စိုင်ခဲများက လစန္ဒာကို ဖုံးအုပ်သွားကြသည်။ လစန္ဒာကို ဝိုးတိုးဝါးတား မြင်ရပေသည်။ ယင်းက မကြာခင် လက်ထပ်တော့မည့် ရှက်ကြောက်နေသော သတိုးသမီးပမာ လူများကို အဆုံးမဲ့သော စိတ်ကူးစိတ်သန်းများ ပေးသည်။

“ ဟမ်… တိမ်မည်းတွေက လရောင်ခြည်ကို ဖုံးကွယ်နေပါလား ”

ယင်းကို သီရှီထျန်မြင်သောအခါ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

“ တိမ်မည်းတွေက လရောင်ခြည်ကို ဖုံးကွယ်နေတယ်ဆိုတော့ နေနဲ့လရဲ့ အနှစ်သာရကို ငါစုပ်ယူနိုင်ပါဦးမလား ”

ထိုသို့အဖြစ်အပျက်ကို အတိတ်မှာ တစ်ခါမှ သူမတွေ့ကြုံခဲ့ဖူးပေ။ ယခင်ညများတွင် ကောင်းကင်ယံမှာ တိမ်တိုက်များ မရှိပေ။ ထို့ကြောင့် လရောင်ခြည်က မြေကြီးပေါ်သို့ ထိန်ထိန်လင်းစွာ ကျဆင်းလာခဲ့သည်။ ထိုသို့မေးခွန်းကို ယခင်က တစ်ခါမှ သူမစဉ်းစားဖူးပေ။

တစ်ခဏကြာ တွေးတောပြီးနောက် ထိုမေးခွန်း၏ အဖြေကို စဉ်းစားနေရုံဖြင့် အတည်မပြုနိုင်ကြောင်း သူနားလည်သွားသည်။ ယင်းကို သူကိုယ်တိုင် တွေ့ကြုံခံစားကြည့်မှ တိကျသော အဖြေကို ရနိုင်လိမ့်မည်။

“ ဟူး ”

သီရှီထျန်သည် တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ်ကို ” အကြိမ်ရေအနည်းငယ် လှည့်ပတ်လိုက်သည်။ မိစ္ဆာစွမ်းအားသည် တောယုန်တစ်ကောင်နှယ် သူ့ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲမှာ မြန်ဆန်စွာ ခုန်ပေါက်ပြေးလွှားသွားသည်။ မိစ္ဆာစွမ်းအားသည် ဦးခေါင်းမှ စတင်၍ အမြှီးအထိ စီးဆင်းသွားသည်။ ထို့နောက် အရှေ့ခြေထောက်နှစ်ချောင်းထဲသို့ စီးဆင်းသွားသည်။ မရီဒျန်များထဲ၌ မိစ္ဆာစွမ်းအားက လှည့်ပတ်သွားစဉ် သူ၏ မွေးညင်းပေါက်များက တစ်ခုပြီးတစ်ခု ဖွင့်လှစ်သွားကြသည်။

ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ဦးခေါင်းထက်မှ လစန္ဒာကို မျက်နှာမူလိုက်သည်။ သူက အသက်ရှူသွင်းရှူထုတ်ခြင်းကို စည်းချက်ညီစွာ ပြုလုပ်လိုက်သည်။

“ ရွှီး ”

ကျင့်စဉ်ကို သူလှည့်ပတ်လိုက်သည်နှင့် သူ့အောက်မှ ကျောက်တုံးကြီးက နောက်တစ်ကြိမ် လှုပ်ရှားသက်ဝင်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် ထွက်ပေါ်လာသော စွမ်းအားက ယခင်ကဲ့သို့ မသိပ်သည်းပေ။ မပေါများပေ။ စွမ်းအင်အမျှင်တန်းတချို့သာလျှင် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ယင်းက အလွန်အေးစက်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်နှင့် အသိစိတ်ကို ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိစေသည်။

ယခုအချိန်မှစ၍ သူက ထိုစွမ်းအားကို ကျောက်တုံးကြီး၏ အံ့ဖွယ်အင်အားဟု ခေါ်ဆိုလိမ့်မည်။

ကျောက်တုံးကြီး၏ အံ့ဖွယ်အင်အားသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် မပြိုကွဲသွားပေ။ ယင်းအစား အံ့ဖွယ်အင်အားက မိစ္ဆာစွမ်းအားနှင့် အတူတကွ လှည့်ပတ်သွားနေသည်။ သူ၏ မရီဒျန်များထဲမှာ လှည့်ပတ်စီးဆင်းနေစဉ် ယင်းက မိစ္ဆာစွမ်းအားနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့်အချက်မှာ ထိုစွမ်းအားက မိစ္ဆာစွမ်းအားနှင့် ပေါင်းစပ်သွားသည့်အခါ မိစ္ဆာစွမ်းအားက ပိုပြီးသန့်စင်လာသည်။ ဤသည်မှာ ကျောက်တုံးကြီး၏ အံ့ဖွယ်အင်အားက သူ၏ မိစ္ဆာစွမ်းအားကို သန့်စင်ပေးနိုင်သည့်အလားပင်။

သီရှီထျန် ကျင့်စဉ်လှည့်ပတ်လိုက်သည်နှင့် ငွေရောင်အလင်းစက်များက ကောင်းကင်ယံမှ လရောင်ခြည်ထဲမှာ စတင်ထွက်ပေါ်လာကြသည်။ ယင်းတို့က အနက်ရောင်တိမ်တိုက်များကို လျစ်လျူရှုလျက် မွေးညင်းပေါက်များမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ တိုးဝင်လာကြသည်။

“ အဲ့ဒါ နေနဲ့လရဲ့ အနှစ်သာရစွမ်းအားပဲ ”

ကျင့်စဉ်လှည့်ပတ်နေသော သီရှီထျန်က ယင်းကို အာရုံမခံမိစရာ အကြောင်းမရှိပေ။ ယခု သူက အချင်းဆယ်မီတာအတွင်းမှ အရာအားလုံးကို အာရုံခံစားနိုင်သော အံ့ဖွယ်အခြေအနေထဲသို့ ဝင်ရောက်နေ၏။ ငွေရောင်အလင်းစက်များ၏ ထွက်ပေါ်လာမှုက သူ့အား အလွန်ပျော်ရွှင်စေသည်။ ယင်းတို့က နေနှင့်လ၏ အနှစ်သာရဖြစ်ကြောင်း သူသိသည်။

ဤအခိုက်အတန့်မှာ သူက တွေးတောလိုက်သည်။

“ ကြည့်ရတာ အနက်ရောင်တိမ်တိုက်တွေက လစန္ဒာကို ဖုံးထားနိုင်ပေမဲ့ နေနဲ့လရဲ့ အနှစ်သာရကိုတော့ မတားဆီးနိုင်တဲ့ပုံပဲ… ဒီတော့ လကို ငါမမြင်နိုင်ရင်တောင် လရောင်ခြည်ရဲ့ အနှစ်သာရကို စုပ်ယူနိုင်လိမ့်မယ် ”

သူ၏ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ လစန္ဒာ ဖုံးကွယ်ခံရခြင်း မခံရခြင်းက အရေးမကြီးကြောင်း ချက်ချင်း သူနားလည်သွားသည်။ အရေးကြီးသည်မှာ ကောင်းကင်ပေါ်တွင် လရှိနေလျှင် လုံလောက်၏။ လရောင်ခြည် ကမ္ဘာမြေပြင်ပေါ်သို့ ကျဆင်းလာသည့်အခါ နေနှင့်လ၏ အနှစ်သာရကို သူစုပ်ယူနိုင်လိမ့်မည်။

ထိုအချက်ကို သီရှီထျန် အတည်ပြုပြီးနောက် ကျင့်ကြံခြင်းတွင် အတွေ့အကြုံတချို့ ရရှိသွားသည်။ သူ၏ စိတ်အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားကြောင်း ခံစားမိသွားသောအခါ သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက တိရိစ္ဆာန်အမွှေးကို ဖွင့်လိုက်သည်။ သူက စွမ်းအင်စုစည်းဆေးလုံးကို လျှာဖြင့် လိပ်၍ သူ၏ လည်ချောင်းထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။ သူ၏ အရှေ့မှာ နောက်ထပ် ဆေးတစ်လုံး ရှိနေသေးသည်။

ထို့နောက် သူက နောက်တစ်ကြိမ် မျက်လုံးမှိတ်လိုက်သည်။

ဤရက်များတွင် သူက လှိုဏ်ဂူထဲမှာ သူ၏ မိစ္ဆာစွမ်းအားကို တိုးပွားစေရန် ကြိုးစားကျင့်ကြံခဲ့သည်။ သူက ဦးခေါင်းမှ အမြှီးထိရှိသော မရီဒျန်များနှင့် အရှေ့ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို ဖွင့်လှစ်ပြီးသွားပြီ ဖြစ်၏။ ယင်းက သူ၏ မိစ္ဆာစွမ်းအားကို ယခင်ကထက် ပိုပြီးသန့်စင်စေသည်။

ယနေ့ မြောင်ရီတောက်နှင့် တခြားလူများ၏ ထွက်ပေါ်လာမှုက သူ့အား ဆိုးဝါးသော နိမိတ်ကို ခံစားရစေသည်။ ထို့ကြောင့် သူက ပိုပြီးသန်မာသော ခွန်အားကို ပိုင်ဆိုင်နိုင်ရန် ဆန္ဒစောလာသည်။ ဤတစ်ကြိမ်တွင် သူက အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို ဖွင့်လှစ်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”၏ တတိယအဆင့်သို့ တတ်လှမ်းရန် ကြိုးစားတော့မည်။ ထို့ကြောင့် သူက စွမ်းအင်စုစည်းဆေးလုံးနှစ်လုံးကို ယူဆောင်လာခဲ့ခြင်းပင်။

All Chapters