အခန်း (၂၂)
Vol. 2 Ch. 22
“ ကံကောင်းစွာပဲ… ဒီတစ်ကြိမ် ငါက ဆေးလုံးနှစ်လုံးကို ကြိုပြင်ဆင်ထားခဲ့တယ်… အခု ငါက ဆေးလုံးနှစ်လုံးထဲက ဝိညာဉ်စွမ်းအားကို ငါ့ရဲ့ မိစ္ဆာစွမ်းအားနဲ့ ပေါင်းစည်းပြီး အတားအဆီးကို တိုက်ခိုက်မယ်… ဒီတစ်ကြိမ် တစ်ခါတည်းနဲ့ အတားအဆီးကို ငါချိုးဖြတ်နိုင်ရမယ် ”
သူက မှိတ်ထားသော မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူက ပါးစပ်ဟလိုက်ပြီး ဒုတိယမြောက် စွမ်းအင်စုစည်းဆေးလုံးကို သူ၏ ပါးစပ်ထဲသို့ စုပ်သွင်းလိုက်သည်။ ဆေးလုံးက အရည်ပျော်သွားပြီး သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားသည့်အခါ ရူးသွပ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အမှန်မှာ စွမ်းအင်စုစည်းဆေးလုံးက အရည်အသွေးမြင့် ဝိညာဉ်ဆေးလုံးဖြစ်ပြီး ယင်းကို တစ်နေ့တစ်လုံးသာ သောက်သုံးသင့်ကြောင်း သီရှီထျန် သိသည်။ တစ်နေ့တစ်လုံးက သူ့အတွက် အကန့်အသတ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆေးလုံးကို သောက်သုံးပြီးလျှင် သူက ရုတ်တရက် တိုးပွားလာသော ခွန်အားနှင့် နေသားကျစေရန် ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ပုံသွင်းထုဆစ်ရလိမ့်မည်။ ယင်းက အစားစားခြင်းနှင့် ဆင်တူသည်။ သူက ခန္ဓာကိုယ်၏ လက်ခံနိုင်စွမ်းထက် ပိုပြီးကျော်လွန်စွာ စားသုံးမည်ဆိုလျှင် ပိုလျှံလာသော အာဟာရဓာတ်ကို သူထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ယခုအခြေအနေက ထိုသဘောတရားနှင့် တူညီသည်။ အကယ်၍ သူ၏ ရုပ်ခန္ဓာကိုယ်သာ ရုတ်တရက် တိုးပွားလာသော စွမ်းအားကို မြန်ဆန်စွာ ကျင့်သားမရလျှင် သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ နာကျင်ရလိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် တစ်နေ့ ဆေးတစ်လုံးသာ သောက်သုံးနိုင်၏။ သူက တစ်လုံးထက် ပိုသောက်သုံးလျှင် ရုတ်တရက် တိုးပွားလာမည့် စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ နာကျင်စေလိမ့်မည်။ သူ၏ မရီဒျန်များသည်ပင် ပျက်စီးသွားနိုင်၏။
သီရှီထျန်သည် စွမ်းအင်စုစည်းဆေးလုံးကို ရရှိကတည်းက ဆေးလုံးအကြောင်း အကြမ်းဖျဉ်း နားလည်ထားသည်။ သို့တိုင် ယခု သူက ဆေးလုံးနှစ်လုံး သောက်သုံးရန် ဆန္ဒရှိနေသည်။ အကြောင်းအရင်းမှာ သူက ရုတ်တရက် တိုးပွားလာမည့် စွမ်းအားကို အသုံးပြု၍ အတားအဆီးကို တစ်ခါတည်း ချိုးဖြတ်ပစ်ချင်သည်။ အကယ်၍ သူအောင်မြင်သွားလျှင် ပမာဏအလွန်များပြားသော မိစ္ဆာစွမ်းအားက အသစ်ဖွင့်လှစ်လိုက်သော သူ၏ မရီဒျန်များထဲသို့ စီးဆင်းသွားလိမ့်မည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးက အပြည့်အဝ ချိတ်ဆက်သွားကြလိမ့်မည်။ မိစ္ဆာစွမ်းအားက သူ၏ မရီဒျန်များထဲမှာ အစဉ်မပြတ် စီးဆင်းနေလျှင် ဆေးလုံးနှစ်လုံးသောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများကို သူရှောင်ရှားနိုင်သွားလိမ့်မည်။ ထို့ပြင် သူ၏ စွမ်းအားက ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။
အကယ်၍ ပထမအခြေအနေ မဖြစ်ပေါ်လျှင် ဒုတိယအခြေအနေက ဖြစ်ပေါ်လာလိမ့်မည်။
ဒုတိယအခြေအနေက အလွန်ရိုးရှင်းသည်။ ယင်းက အစောနက ဥပမာအတိုင်းပင်။ အကယ်၍ လူတစ်ယောက်က သူတို့၏ အကန့်အသတ်ထက် ပိုပြီးကျော်လွန်စွာ စားမည်ဆိုလျှင် ဗိုက်ဖောင်းခြင်း၊ ရင်ပြည့်ခြင်းကို ခံစားရလိမ့်မည်။ တစ်စုံတစ်ယောက်က အလွန်အကျွံ အစားစားမည်ဆိုလျှင် သူ၏ တစ်ကိုယ်လုံးက မအီမသာ ဖြစ်နေလိမ့်မည်။ သူက အလွန်သက်တောင့်သက်သာမရှိမှုကို ခံစားရလိမ့်မည်။ သူက လမ်းလျှောက်ရန်ပင် ခက်ခဲနေလိမ့်မည်။
တစ်နာရီ နှစ်နာရီကြာသည်အထိ အစားအစာကို မချေဖျက်ရသေးလျှင် ထိုမအီမသာဖြစ်မှုက ဆက်ရှိနေလိမ့်မည်။
ထို့နည်းတူပင် အကယ်၍ တစ်စုံတစ်ယောက်က ဆေးလုံးအများအပြားကို သောက်သုံးမည်ဆိုလျှင် ပမာဏ အလွန်များပြားသော ဆေးအစွမ်းက ခန္ဓာကိုယ်၏ စုပ်ယူနိုင်စွမ်းထက် လုံးဝ ကျော်လွန်သွားလိမ့်မည်။ ယင်း၏ နောက်ဆက်တွဲအကျိုးဆက်က အစာအများကြီး စားခြင်းထက် ပိုပြီးဆိုးဝါးသည်။
အကယ်၍ တစ်စုံတစ်ယောက်၏ မရီဒျန်များက အားနည်းနေလျှင်၊ ဒလဟော ပေါ်လျှိုးလာမည့် ဆေးအစွမ်းကို အပြည့်အဝ မသန့်စင်နိုင်လျှင် ယင်းက မရီဒျန်များကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလိမ့်မည်။ မရီဒျန်များ ပြတ်တောက်သွားနိုင်သော ဖြစ်နိုင်ခြေပင် ရှိ၏။
ယင်းက ခန္ဓာကိုယ်ကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ ခန္ဓာကိုယ်ကို အကြီးအကျယ် ပျက်စီးစေမည့် ဆေးအစွမ်းက ရိုးရှင်းသော ဝိညာဉ်စွမ်းအားမျှသာ မဟုတ်ပေ။ ယင်းအစား အလွန်သန်စွမ်းသော အဖျက်စွမ်းအားမုန်တိုင်း ဖြစ်၏။
ထို့ကြောင့် ကျင့်ကြံခြင်းလောကတွင် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ပေါ် မူတည်၍ သောက်သုံးနိုင်သော ဝိညာဉ်ဆေးလုံးများကို အထူးသတ်မှတ်ထားသည်။ တစ်နေ့လျှင် ဆေးလုံးမည်မျှ သောက်သုံးရမည်ကိုလည်း ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။
လက်ရှိ သီရှီထျန်၏ ကျင့်ကြံခြင်းအရ တစ်နေ့လျှင် ဆေးလုံးတစ်လုံး သောက်သုံးခြင်းက သူ့အတွက် ကန့်သတ်ချက်ဖြစ်သည်။ အကယ်၍ သူက ပိုပြီးသောက်သုံးလျှင် ယင်းက အလွန်အကျွံသုံးစွဲခြင်း ဖြစ်လိမ့်မည်။ ထုံးစံအားဖြင့် အလွန်အကျွံသုံးစွဲခြင်းက ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။
“ ဘန်း ”
ဒုတိယမြောက် စွမ်းအင်စုစည်းဆေးလုံးက သူ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သူက ပြည့်လျှံမှုကို ခံစားမိသွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ အဝါရောင်မြစ်က ဘေးသို့ လျှံထွက်လာနေသည့်အလားပင်။ ပမာဏ အလွန်များပြားသော ဝိညာဉ်စွမ်းအားက ဒလဟော ပေါ်လျှိုးလာသည်။ ယင်းက သူ၏ ထိန်းချုပ်နိုင်စွမ်းအောက်မှ ကင်းလွတ်သွားသည်။ ယင်းက ပထမ စွမ်းအင်စုစည်းဆေးလုံးထဲမှ အပြည့်အဝ မသန့်စင်ရသေးသော ဆေးအစွမ်းကိုလည်း ဆွဲဆောင်လိုက်သေးသည်။
ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်က မီးပုံထဲသို့ လောင်စာဆီ လောင်းထည့်လိုက်သည့်အလား တစ်ပုံစံတည်း တူညီသွားသည်။
ပမာဏ အလွန်များပြားသော ဝိညာဉ်စွမ်းအားက သူ၏ မရီဒျန်များထဲသို့ တစ်ဟုန်ထိုး စီးဆင်းသွားသည်။
မူလကတည်းက မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံလုနီးပါးဖြစ်နေသော မရီဒျန်များသည် ပမာဏအလွန်များပြားသော ဝိညာဉ်စွမ်းအားဒီရေ၏ ရုတ်တရက် တိုးဝင်လာမှုကို တွေ့ကြုံသွားသည်။ ထိုအခိုက်အတန့်မှာ ပြင်းထန်သော နာကျင်ခံစားမှုက သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မရီဒျန်များက ပြင်းထန်စွာ တုန်ရီသွားကြသည်။ ထို့ပြင် ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ဖွင့်လှစ်ထားပြီးသော မရီဒျန်အားလုံးဆီသို့ ဆက်တိုက် စီးဆင်းသွားနေသည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏ ဖွင့်လှစ်ထားပြီးသော မရီဒျန်အားလုံးက ဖောင်းကြွလာကြသည်။ ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ သူ၏ မရီဒျန်များထဲမှာ ပြည့်လျှံနေသော ဝိညာဉ်စွမ်းအားအားလုံးကို မိစ္ဆာစွမ်းအားအဖြစ် မသန့်စင်ရသေးခြင်းပင်။ ထိုဝိညာဉ်စွမ်းအား၏ ပမာဏက အလွန်အံ့ဖွယ်ကောင်းသည်။ မိစ္ဆာစွမ်းအားအဖြစ် မသန့်စင်ရသေးသော ဝိညာဉ်စွမ်းအားက ရတနာ ဖြစ်၏။ သို့သော် ယင်းက ချိန်ကိုက်ဗုံးတစ်ခုဆိုလည်း မမှားပေ။ ယင်းကို အချိန်မီ သူမသန့်စင်နိုင်လျှင် သို့မဟုတ် သူမထိန်းချုပ်နိုင်လျှင် ထိုဝိညာဉ်စွမ်းအားက သူ၏ မရီဒျန်များကို အကြီးအကျယ် ထိခိုက်ပျက်စီးစေလိမ့်မည်။
“ ငါတောင့်ခံထားရမယ်… သေချာပေါက် ငါတောင့်ခံနိုင်ရမယ်… အား… အတားအဆီးကို ငါချိုးဖြတ်ရမယ်… ဒီပမာဏများပြားတဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ပိတ်ဆို့နေတဲ့ မရီဒျန်တွေကို ငါဖွင့်လှစ်မယ် ”
သီရှီထျန်သည် သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုကို နောက်ထပ် မတောင့်ခံနိုင်တော့လေရာ အော်ဟစ်ညည်းညူလိုက်သည်။ သို့သော်လည်း သူက စိတ်ထဲမှာ ရူးသွပ်စွာ အော်လိုက်သည်။ သူ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒက သူ၏ အသိစိတ်ကို ပိုပြီးစိတ်ဓာတ်ပြတ်သားစေသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး တောင့်ခံထားလိုက်သည်။
တစ်ချိန်တည်းမှာ သူက “ ကျားဟိန်းသံကျင့်စဉ်ကို ” မြန်ဆန်စွာ အသက်သွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားကို လှည့်ပတ်လိုက်သည်။ တစ်ကြိမ် သူလှည့်ပတ်လိုက်သည့်အခါတိုင်း ဝိညာဉ်စွမ်းအားတချို့က မိစ္ဆာစွမ်းအားအဖြစ် သန့်စင်သွားလိမ့်မည်။
သို့သော်လည်း မိစ္ဆာစွမ်းအား သန့်စင်သော အမြန်နှုန်းက စွမ်းအင်စုစည်းဆေးလုံးများထံမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားပမာဏကို မနှိုင်းယှဉ်နိုင်ပေ။ သူ၏ မရီဒျန်များထဲမှ ဝိညာဉ်စွမ်းအားပမာဏက အချိန်နှင့်အမျှ တိုးပွားလာနေရာ သူ၏ မရီဒျန်များက စတင်ဖရိုဖရဲဖြစ်လာကြသည်။
ပမာဏ များပြားသော ဝိညာဉ်စွမ်းအားက သူ၏ မရီဒျန်များထဲမှ လျှံထွက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားများထဲသို့ ဝင်ရောက်သွားသည်။
ထိုအချိန်တွင် အပြင်ဘက်မှကြည့်လျှင် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ အလွန်ထူထဲသော မဟူရာမိစ္ဆာစွမ်းအားက သီရှီထျန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် နေနှင့်လ၏ အနှစ်သာရဖြစ်သော ငွေရောင်အလင်းစက်များ မရေမတွက်နိုင်အောင်ရှိသည်။ ယင်းတို့က အသိုက်ဆီသို့ ပြန်လာကြသော ငှက်ကလေးများသဖွယ် အရပ်မျက်နှာအသီးသီးထံမှ ထွက်ပေါ်လာကြပြီး သီရှီထျန်၏ မွေးညင်းပေါက်များထဲသို့ စဉ်ဆက်မပြတ် ဝင်ရောက်နေကြသည်။
မဟူရာမိစ္ဆာစွမ်းအား၏ ဖုံးလွှမ်းမှုအောက်မှာ သီရှီထျန်၏ ဧရာမခန္ဓာကိုယ်က အကြီးအကျယ် ပြောင်းလဲသွားနေကြောင်း မည်သူမဆို မသဲမကွဲ မြင်နိုင်လိမ့်မည်။ မူလကတည်းက အလွန်ကြီးမားသော သူ၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် ကြီးထွားလာပြန်သည်။ သူ၏ ကျားခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပိုပြီးကြီးမားလာသည်။
“ ဗုန်း… ဗုန်း… ဗုန်း ”
သီရှီထျန်၏ ညွှန်ကြားမှုအောက်မှာ ဘေးပတ်ဝန်းကျင်မှ မိုးမြေ၏ ဝိညာဉ်စွမ်းအားက အရပ်မျက်နှာအသီးသီးထံမှ မြန်ဆန်စွာ စုဝေးရောက်ရှိလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဝဲကတော့တစ်ခုက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။ ထိုဝဲကတော့က မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ဝဲကတော့ထဲမှ ဝိညာဉ်စွမ်းအားက သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်လာသည်။
“ ကောင်းတယ်… အချိန်ကိုက်ပဲ… ဒီတစ်ကြိမ် တစ်ခါတည်းနဲ့ ငါအောင်မြင်ရမယ်… မရီဒျန်တွေ ငါ့အတွက် ပွင့်လိုက်စမ်း ”
သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေကြောင်း စက်ကရာ ခံစားမိသွား၏။ ထို့ပြင် အပြင်ဘက်မှ မိုးမြေ၏ ဝိညာဉ်စွမ်းအားသည်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာနေသည်။ ယခုအချိန်က သူ့အတွက် အာမခံချက် အပြည့်အဝရှိသည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်သာ ယင်းကို တောင့်ခံနိုင်မည်ဆိုလျှင် ဤတစ်ကြိမ် သူ၏ ကြိုးစားမှုက တစ်ခါတည်း အောင်မြင်သွားလိမ့်မည်။ အတားအဆီးကို အောင်မြင်စွာ ချိုးဖြတ်နိုင်သွားလျှင် သူက တတိယအဆင့်သို့ တတ်လှမ်းသွားလိမ့်မည်။
“ ချိုးဖြတ်စမ်း ”
ရူးသွပ်သော အော်သံက သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို လှည့်ပတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားအားလုံးကို စုစည်းလိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များက မြစ်တစ်စင်းသဖွယ် ဖြစ်လာသည်။ လောလောဆယ်တွင် ထိုမြစ်က ချောမွေ့စွာ စီးဆင်းမနေပေ။ တစ်စုံတစ်ခု၏ ပိတ်ဆို့ခံထားရသည့်အလား ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ သူလုပ်ဆောင်ချင်သည်မှာ ထိုအတားအဆီးကို ချိုးဖြတ်ပြီး မြစ်ကို ချောမွေ့စွာ စီးဆင်းစေမည်။ သူက ပြတ်တောင်းပြတ်တောင်းဖြစ်နေသော မြစ်ကို တသွင်သွင် စီးဆင်းစေမည်။ ထိုအခါ သူ၏ မိစ္ဆာစွမ်းအားက သူဆန္ဒရှိသည့်အတိုင်း အပြည့်အဝ လှည့်ပတ်နိုင်လိမ့်မည်။
ဤအခိုက်အတန့်မှာ မိစ္ဆာစွမ်းအားက ဒေါသထွက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ နဂါးသည် သူ၏ မရီဒျန်များထဲမှာ ပြည့်လျှံနေသော ဝိညာဉ်စွမ်းအားကို သယ်ယူ၍ သူ၏ အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များအား ပိတ်ဆို့ထားသော အတားအဆီးထံသို့ တစ်ဟုန်ထိုး ဦးတည်သွားသည်။
ထိုအတားအဆီးက ဖြိုချမရနိုင်သော ကျောက်တုံးကြီးနှင့် ဆင်တူသည်။
“ ဘန်း ”
သူ၏ ခန္ဓာကိုယ်ထဲဝယ် အကန့်အသတ်မဲ့ မိစ္ဆာစွမ်းအားနှင့် ဝိညာဉ်စွမ်းအားက ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်သဖွယ် အတားအဆီးကို ဝင်ဆောင့်သွားသည်။ ကျောက်တုံးသည် ဖော်မပြနိုင်အောင် သန်မာသည်။ မိစ္ဆာစွမ်းအားသည်လည်း အလွန်အမင်း သန်စွမ်း၏။ ထိုနှစ်ခု တွေ့ဆုံသွားသည့်အခါ ကြီးမားသော အင်အားက ချက်ချင်း ထွက်ပေါ်လာသည်။ အလွန်ပြင်းထန်သော သက်ရောက်မှုက မရီဒျန်များကို အဆက်မပြတ် တုန်ရီစေသည်။ မရီဒျန်များ ပြတ်တောက်သွားတော့မည့် လက္ခဏာများသည်ပင် ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် အနီရောင်သွေးစက်များက သူ၏ မွေးညင်းပေါက်များထဲမှ အဆက်မပြတ် စိမ့်ထွက်လာနေသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ကို သွေးချင်းချင်းနီရဲစေသည်။ အနီရောင်အခိုးအငွေ့သည် သူ၏ နှာခေါင်းနှင့် ပါးစပ်ထဲမှ အလိပ်လိပ် ထွက်လာသည်။