← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

အတားအဆီး၏ ကြီးမားသော တန်ပြန်သက်ရောက်မှုကြောင့် ပြင်းထန်သော နာကျင်မှုကို သီရှီထျန် ခံစားမိသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားသည်လည်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထိုသက်ရောက်မှုကြောင့် သူ၏ တစ်ကိုယ်လုံးက အပြင်းအထန် ဒဏ်ရာရရှိသွားသည်။

“ အာ… ချစမ်းကွာ… ငါ့အတွက် ကျိုးသွားလိုက်စမ်း ”

ရူးသွပ်သော စိတ်ဆန္ဒက သီရှီထျန်၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ လူတချို့ပြောကြသည်မှာ မရူးသွပ်လျှင် အသက်မရှင်နိုင်ပေ။ ဤအခိုက်အတန့်မှာ သူက ဆုံးဖြတ်ချက်ချပြီးလေရာ လုံးဝ ရပ်တန့်ပစ်လိမ့်မည် မဟုတ်ချေ။ သူက ပန်းတိုင်သို့ မရောက်မချင်း လုံးဝ လက်မလျော့ပေ။

သူက အံတင်းတင်းကြိတ်လိုက်ပြီး အဆုံးမဲ့သော နာကျင်မှုကို တောင့်ခံလိုက်သည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို လှည့်ပတ်လိုက်ပြီး ပိုမိုများပြားသော စွမ်းအင်ပမာဏကို နောက်တစ်ကြိမ် စုဝေးလိုက်သည်။ သူ၏ မိစ္ဆာစွမ်းအားနှင့် ဝိညာဉ်စွမ်းအားက တစ်ချိန်တည်းမှာ အတူတကွ ပေါင်းစည်းသွားပြီး တုန်ယင်နေသော သူ၏ မရီဒျန်များထဲမှာ တစ်ဟုန်ထိုး စီးဆင်းသွားသည်။ သူက ပိတ်ဆို့နေသော မရီဒျန်များ၏ အရှေ့မှ အတားအဆီးကို နောက်တစ်ကြိမ် အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။

“ ဘန်း ”

ဒုတိယအကြိမ် တိုက်ခိုက်မှုက မရီဒျန်များကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးပေါ်သို့ ကျရောက်လာသည်။ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုအောက်မှာ နောက်ဆုံးမှာတော့ ကျောက်တုံးကြီးက နောက်ထပ် မတောင့်ခံနိုင်တော့ပေ။ ကျောက်တုံးကြီးက စတင်လှုပ်ခါသွားပြီး အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ ကျောက်တုံးကြီးက အချိန်မရွေး ပြိုကွဲသွားတော့မည့်အလားပင်။

သို့သော်လည်း ပမာဏများပြားသော စွမ်းအားက ပြင်းထန်သော သက်ရောက်မှုကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှာ နောက်တစ်ကြိမ် ပရမ်းပတာဖြစ်သွားသည်။ အဖျက်စွမ်းအားမုန်တိုင်းက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရိုက်ခတ်သွားသည်။ သွေးမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသည်။ သူက နောက်တစ်ကြိမ် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

“ နောက်တစ်ကြိမ် ”

ဤတစ်ကြိမ် သက်ရောက်မှုက စက်ကရာအား မျှော်လင့်ချက်အလင်းရောင်ကို မြင်နိုင်စေသည်။ ပြင်းပြသော ဇွဲကောင်းမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ အတားအဆီးကို သူမချိုးဖြတ်နိုင်မချင်း လက်လျော့လိမ့်မည် မဟုတ်ချေ။ သူက နောက်တစ်ကြိမ် အံကြိတ်လိုက်ပြီး မိစ္ဆာစွမ်းအားကို စုစည်းလိုက်သည်။ ကြီးမားသော အရှိန်အဟုန်နှင့်အတူ အတားအဆီးကို ကြမ်းတမ်းစွာ ဝင်ဆောင့်လိုက်သည်။

ယင်းက ထပ်ခါထပ်ခါ ဖြစ်ပွားနေသည်။ သူက မိစ္ဆာစွမ်းအားကို စုစည်း၍ ပိတ်ဆို့နေသော မရီဒျန်များကို ရူးသွပ်စွာ တိုက်ခိုက်နေ၏။ ထိုအခါ အတားအဆီးသည် အပြင်းအထန် တုန်ယင်လာပြီး အဆက်မပြတ် လှုပ်ယမ်းသွားသည်။ ဤသည်မှာ အတားအဆီးက အချိန်မရွေး ပြိုကွဲသွားနိုင်သည့်အလားပင်။ သို့တိုင် ယင်းက ဆက်ပြီး ခေါင်းမာနေဆဲပင်။ အတားအဆီးက ယခုအထိ မအက်ကွဲသေးပေ။ ယင်းက အလွန်အမင်း မာကျောသည်။ ယင်းက အချိန်မရွေး ပြိုကွဲသွားနိုင်သည်ဟု အောက်မေ့ရသော်လည်း အမှန်တကယ် အက်ကွဲသွားရန် အဝေးကြီး လိုနေသေးဟန် ရ၏။

“ အား… ကျားဟိန်းသံ… အသက်ဝင်လာစမ်း ”

တန်ပြန်သက်ရောက်မှု တစ်ကြိမ်ဖြစ်ပေါ်လာတိုင်း သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသော သွေးစက်များက သူ၏ ဘေးပတ်ဝန်းကျင်တွင် ထူထဲသော သွေးမြူခိုးအဖြစ် သိပ်သည်းသွားနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မရပ်မနား တုန်ယင်နေသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ အဖျက်စွမ်းအားမုန်တိုင်းက သူ့ခန္ဓာကိုယ်၏ တောင့်ခံနိုင်စွမ်းထက် ကျော်လွန်သွားတော့မည်။ အကယ်၍ သူက ဆက်ပြီး တိုက်ခိုက်နေဦးမည်ဆိုလျှင် အတားအဆီးမပြိုကွဲခင် အရင်ဆုံး သူပြိုလဲသွားမည်ကို စိုးရိမ်ရ၏။

သူ၏ ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း သူသိသည်။ သူ့အရှေ့မှ မရီဒျန်များကို တားဆီးပိတ်ဆို့ထားသော အတားအဆီးက အလွန်ကြံ့ခိုင်ပြီး မာကျောကြောင်းလည်း သူသိသည်။ သို့တိုင် သူက ဘုရင့်နောင်ဖောင်ဖျက်သကဲ့သို့ အနောက်ဆုတ်မည့် အတွေးအားလုံးကို ရှင်းထုတ်ပစ်လိုက်သည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို အကန့်အသတ်ထိ လှည့်ပတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ သူ၏ ဦးခေါင်းထက်မှ ဝဲကတော့က ပိုမိုများပြားသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပေးလိုက်ကြောင်း သူမြင်သွားသည်။ အရပ်မျက်နှာအသီးသီးထံမှ ရောက်ရှိလာသော နေနှင့်လ၏ အနှစ်သာရသည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြန်ဆန်စွာ စုဝေးသွားသည်။ ယခုအချိန် သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် ယင်းတို့ကို မြင်နိုင်ပေသည်။ မရေမတွက်နိုင်သော ငွေရောင်အလင်းစက်များက သီရှီထျန်၏ တစ်ကိုယ်လုံးကို အပြည့်ဖုံးလွှမ်းသွားသည်။

နေနှင့်လ၏ အနှစ်သာရနှင့် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားသည် သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဒလေဟာ တိုးဝင်လာပြီး စွမ်းအားအသစ်တစ်မျိုးအဖြစ် ချက်ချင်း ပေါင်းစပ်သွားကြသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ သီရှီထျန်က သူ၏ နောက်ဆုံးတိုက်ခိုက်မှုကို စတင်လိုက်သည်။ သူက ဤတစ်ကြိမ်တွင် အလွန်မာကျောသော ထိုကျောက်တုံးကို အပြီးသတ် ဖြိုချပစ်မည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ ထိုစဉ် သူ၏ အတွေးကို သူ့အောက်မှ ကျောက်တုံးကြီးက ကြားသွားဟန် ရ၏။ သူတို့ကြားမှာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိနေသည့်အလား အေးစက်ပြီး ထူးဆန်းသော စွမ်းအင်လှိုင်းများက ကျောက်တုံးကြီးထံမှ ချက်ချင်း ပေါ်လျှိုးလာကြသည်။ စွမ်းအင်လှိုင်းများသည် သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ဒီရေသဖွယ် တိုးဝင်လာကြသည်။

ယင်းက ယခင်တစ်ခေါက်မှ အခြေအနေနှင့် တစ်ထပ်တည်း တူညီ၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးလျှင် သူ၏ မရီဒျန်များထဲသို့ မစီးဆင်းသွားပေ။ ယင်းအစား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက သိမ်မွေ့ညင်သာသော စမ်းရေသဖွယ် သူ၏ မရီဒျန်များကို ကာကွယ်ပေးလိုက်သည်။ အကြီးအကျယ် ထိခိုက်ဒဏ်ရာရထားသော သူ၏ မရီဒျန်များသည် ထိုစွမ်းအားကြောင့် ဖော်မပြနိုင်အောင် သက်တောင့်သက်သာရှိသွားသည်။ ဤသည်မှာ ပင်ပန်းနွမ်းနယ်နေသော လူတစ်ယောက်က ရေပူစမ်းထဲမှာ ရေစိမ်လိုက်ရသည့်အလားပင်။

ထိခိုက်ပျက်စီးနေသော သူ၏ မရီဒျန်များက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။

ကျောက်တုံးကြီး၏ အံ့ဖွယ်စွမ်းအားက နောက်ဆုံးမှာ အသက်ဝင်လာကြောင်း သီရှီထျန် အာရုံခံမိသောအခါ မည်သည့်အရာကိုမှ သူမစိုးရိမ်တော့ပေ။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို အဆုံးစွန်အထိ လှည့်ပတ်လိုက်ပြီး နေနှင့်လ၏ အနှစ်သာရ၊ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားနှင့် စွမ်းအင်စုစည်းဆေးလုံးများထံမှ ဝိညာဉ်စွမ်းအားအပြင် သူ့ကိုယ်ပိုင် မိစ္ဆာစွမ်းအားကိုလည်း ဆင့်ခေါ်လိုက်သည်။ သူက ထိုစွမ်းအားအမျိုးမျိုးကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ ရက်စက်ကြမ်းကြုတ်သော မဟူရာနဂါးတစ်ကောင်က သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာဟန် ရ၏။ မဟူရာနဂါးသည် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ အလွန်ခေါင်းမာနေသော အတားအဆီးထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။

“ ဗုန်း ”

ထိုတိုက်ခိုက်မှုက မိုးကြိုးပစ်ချလိုက်သည့်အလား အလွန်အားကောင်း၏။ အလွန်သန်စွမ်းသော အင်အားက သူ၏ ခန္ဓာကိုယ်ထဲမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ သီရှီထျန်က စွမ်းအားကို ထိန်းချုပ်၍ အတားအဆီးကို ဝင်ဆောင့်လိုက်သည့်အခါ အလွန်ကျယ်လောင်သော ပေါက်ကွဲမှုက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာကြောင်း ခံစားမိသွားသည်။ သူ၏ အသိစိတ်က ဗလာဖြစ်သွားပြီး အပြင်းအထန် တုန်ယင်သွားသည်။ သူက ကျောက်တုံးကြီးပေါ်မှာ လဲကျသွားပြီး သတိမေ့မြောသွားသည်။

ထူထဲသော သွေးမြူခိုးက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည်။

… … …

ကျားရဲတောင်တန်းဒေသ၏ အပြင်ဘက်တွင်… ။

မင်းသမီးချူယွမ်နှင့် သူ့အဖွဲ့သားများက တောင်တန်းဒေသထဲသို့ ဝင်ရောက်တော့မည့်အချိန် အခြေအနေကို ရှာတွေ့သွားသော အစောင့်အကြပ်များက သတင်းတင်ပို့ရန် အမြန်ရောက်လာကြသည်။

“ အရှင့်သမီးတော်… ကျုပ်တို့တွေ အရှေ့ကို ကင်းထောက်နေတဲ့အချိန် ဒဏ်ရာအပြင်းအထန်ရနေတဲ့ သိုင်းပညာရှင်တစ်ယောက်ကို တွေ့ခဲ့ပါတယ်… သူ့ပုံစံအရ အချိန်ကြာကြာ အသက်မရှင်နိုင်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ် ”

နာလိုင်က ရိုသေလေးစားစွာ ပြောသည်။

“ သူက အသက်မရှင်နိုင်တော့ဘူးဆိုမှတော့ မင်းသူ့ကို တစ်နေရာရာဆီ ခေါ်သွားပြီး မြေမြှုပ်ပေးသင့်တယ်… ဘာလို့ မင်းသမီးကို လာနှောင့်ယှက်ရတာလဲ ”

ချင်းဟိုင်က ထိုအစောင့်အကြပ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး မေးသည်။

ဝံပုလွေစစ်တပ်က သူ၏ ထိန်းချုပ်မှုအောက်မှာ တည်ရှိသည်။ ထိုသို့အသေးအမွှားကိစ္စကို သူတို့ဖြေရှင်းနိုင်ကြောင်း ကောင်းကောင်း သူသိသည်။ ထိုသို့ကိစ္စအတွက် သူတို့ကို သတင်းလာပို့ရန် မလိုပေ။ ဖြစ်နိုင်သည်မှာ တခြားကိစ္စတစ်ခု ရှိရမည်။ သူ့မေးခွန်းက တခြားလူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

မင်းသမီးချူယွမ်သည် ငတုံးမဟုတ်ပေ။ သူက တော်ဝင်မိသားစုဝင်တစ်ယောက်အနေဖြင့် သာမန်လူသားများ မနှိုင်းယှဉ်နိုင်သော ဉာဏ်ထက်မြက်မှုကို ပိုင်ဆိုင်ထားသည်။ ဤကိစ္စက ထင်သလောက်မရိုးရှင်းကြောင်း သူမြင်နိုင်၏။ ထို့ကြောင့် စူးစမ်းလိုသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အရှင့်သမီးတော်… အဲ့ဒီလူကို ကျုပ်တို့မြင်တော့ သူ့ကို တစ်နေရာရာဆီ သယ်သွားဖို့ ကျုပ်တို့ ကြိုးစားခဲ့ပါတယ်… ဒါပေမဲ့ အဲ့ဒီလူက ကျားရဲတောင်တန်းဒေသနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခုကို ပြောပါတယ်… ကျုပ်တို့က ကိုယ့်ဘာသာ မဆုံးဖြတ်ရဲတာကြောင့် အရှင့်သမီးတော်နဲ့ စစ်သူကြီးရဲ့ အမိန့်ကို လာရောက်တောင်းခံတာပါ ”

ယခု သတင်းတင်ပြသော အစောင့်အကြပ်နာလိုင်သည် စစ်ပွဲများစွာကို တွေ့ကြုံဖူးသော စစ်သည်တော်တစ်ဦးဖြစ်ကြောင်း ထင်ရှား၏။ သူက မင်းသမီးကို ရိုသေလေးစားသော်လည်း ကြောက်ရွံ့နေခြင်း အလျင်းမရှိပေ။ သူက မထစ်မငေါ့ဘဲ ချောမွေ့စွာ စကားပြောသည်။ သူက ဖြစ်စဉ်ကို အကျဉ်းချုံး၍ ပြောပြသည်။

“ ကျားရဲတောင်တန်းဒေသအကြောင်းလား ”

မင်းသမီးချူယွမ်၏ စိတ်ဝင်စားမှုက ထပ်မံ မြင့်တတ်သွားသည်။ သူက အလျင်စလို မေးသည်။

“ ဘာအရေးကြီးကိစ္စလဲ… ငါတို့ကို မြန်မြန် ပြောစမ်း ”

ယခု သူတို့က ကျားရဲတောင်တန်းဒေသထဲမှာ ရှိနေကြသည်။ သူတို့ထဲမှ လူတချို့သာလျှင် ကျားရဲတောင်တန်းဒေသ၏ အစွန်အဖျားသို့ ရောက်ဖူးကြသည်။ ထို့ကြောင့် ကျားရဲတောင်တန်း၏ အတွင်းပိုင်းက မည်သို့ပုံစံရှိကြောင်း မည်သူမှ သေချာမသိကြပေ။ သူတို့ထဲမှ တချို့က ကျင့်ကြံသူများဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်က လေပေါ် ပျံသန်းနိုင်သော အဆင့်သို့ မရောက်ရှိသေးပေ။ ထို့ကြောင့် သူတို့ဆီမှာ ကျားရဲတောင်တန်းဒေသနှင့်ပတ်သက်သော သတင်းအချက်အလက်အများကြီး မရှိပေ။

ယခု ကျားရဲတောင်တန်းဒေသအကြောင်း သိနိုင်မည့် အခွင့်အရေးတစ်ခုရှိလာလေရာ သူတို့က စိတ်ဝင်စားသွားကြသည်။

ကျန်းပိုင်ချွင်းသည်လည်း သူ့လက်ထဲမှ ယပ်တောင်ကို ပြန်ခေါက်လိုက်သည်။ စိတ်ဝင်စားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒါက… အရှင့်သမီးတော်နဲ့ စစ်သူကြီးတို့ အတူသွားကြည့်ဖို့ ကျွန်တော်ပြောချင်ပါတယ်… အဲ့ဒီလူပြောတဲ့ စကားကို ကိုယ်တိုင်ကြားတာက ဒီငယ်သားပြောတာထက် ပိုပြီးလက်ခံယုံကြည်ရပါတယ် ”

အစောင့်အကြပ်နာလိုင်က တိုက်ရိုက် မပြောပေ။

“ ကောင်းပြီ… အဲ့ဒီသိုင်းပညာရှင်က ဘယ်လိုသတင်းကို သယ်ဆောင်လာလဲ ငါသွားကြည့်မယ် ”

မင်းသမီးချူယွမ်သည် အစောင့်အကြပ်နာလိုင်ကို အပြစ်မတင်ပေ။ ယင်းအစား သူက စိတ်ဝင်စားစွာ သဘောတူလိုက်သည်။

မင်းသမီးချူယွမ် ဆုံးဖြတ်ချက်ချလိုက်သည့်အခါ တခြားလူများက ဘာမှဝင်မပြောနိုင်တော့ပေ။ ထိုသိုင်းပညာရှင်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အချိန်ကြာကြာ အသက်မရှင်နိုင်တော့ကြောင်း အစောင့်အကြပ်နာလိုင်က ပြောခဲ့သည်။ ထို့ကြောင့် သူတို့အုပ်စုသည် နောက်ထပ် တုံ့ဆိုင်းမနေဘဲ အစောင့်အကြပ်နာလိုင်၏ ခေါ်ဆောင်မှုအနောက်သို့ အမြန်လိုက်သွားကြသည်။

မကြာမီ သူတို့က မြေကွက်လပ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။

အစောင့်အကြပ်များသည် မြေကွက်လပ်၏ ထောင့်တစ်ထောင့်စီမှာ သတိကြီးစွာထား၍ ရပ်နေကြသည်။ သူတို့က မည်သည့်မတော်တဆမှုမှ မဖြစ်လာစေရန် ဂရုတစိုက် ကာကွယ်စောင့်ကြပ်နေကြသည်။ မြေကွက်လပ်၏ အလယ်တွင် ရွက်ဖျင်တဲတစ်ခု ရှိသည်။ ရွက်ဖျင်တဲ၏ အရှေ့တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ထမ်းစင်ပေါ်မှာ လဲလျောင်းနေသည်။ ထိုလူ၏ တစ်ကိုယ်လုံးက သွေးချင်းချင်းနီရဲနေပြီး သူက အသက်မြော့မြော့သာ ကျန်တော့သည်။ သူက တမလွန်သို့ သွားရန် သိပ်မလိုတော့ပေ။ ယခုပုံစံအရဆိုလျှင် သူက အချိန်မရွေး သေဆုံးသွားနိုင်သည်။

ထိုလူက သတိမေ့မြောနေသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှာ အကြောက်လွန်သော အမူအရာရှိသည်။ သူ၏ နှုတ်ခမ်းက အဆက်မပြတ် တုန်ယင်နေလေရာ ပါးစပ်မှ တစ်စုံတစ်ခု ရေရွတ်နေသည့်အလားပင်။ အကယ်၍ တစ်စုံတစ်ယောက်က ဂရုတစိုက် သေချာနားထောင်မည်ဆိုလျှင် သူ့ပါးစပ်ထဲမှ ထွက်လာသော စကားတချို့ကို မသဲမကွဲ ကြားရလိမ့်မည်။

မင်းသမီးချူယွမ်နှင့် တခြားလူများက အရှေ့သို့ ရောက်လာကြသည်။ သတိမေ့မြောနေသော ထိုလူကို သူတို့မြင်သွားသောအခါ မည်သို့ကြောင့် အစောင့်အကြပ်နာလိုင်က သူတို့ကို ကိုယ်တိုင်သွားကြည့်သင့်သည်ဟု တိုက်တွန်းခဲ့ကြောင်း ချက်ချင်း နားလည်သွားကြသည်။ သူတို့က အရှေ့သို့ အတူတကွ လျှောက်သွားကြသည်။ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်။ မြေကြီးပေါ်မှာ သတိမေ့မြောနေသော ထိုလူ၏ ဂယောင်ဂတမ်း ရေရွတ်သံက ပီသစွာ ထွက်ပေါ်လာသည်။

“ ပြေး… ပြေးကြ… ”

“ ဝံပုလွေ… ဝံပုလွေတွေ အများကြီးပဲ ”

“ သေကုန်ပြီ… သူတို့အားလုံး သေကုန်ပြီ… ဘယ်လောက်ကြီးလိုက်တဲ့ အနက်ရောင်ကျားလဲ… အဲ့ဒီကျားက မိစ္ဆာဖြစ်လာပြီ ”

ထိုစကားများက သက်လတ်ပိုင်းအမျိုးသား၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သူက အလွန်ချောက်ချားဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုကို တွေ့ကြုံခဲ့သည့်အလား သူ၏ စိတ်က တုန်လှုပ်ချောက်ချားနေသည်။

သမားတော်၏ ပြောကြားမှုအရ သူ၏ ခန္ဓာကိုယ်ထဲမှ အရိုးအများကြီးက ကျိုးကြေနေပြီး မရီဒျန်အားလုံးနီးပါးက ပြတ်တောက်နေသည်။ သူ၏ နောက်ကျောမှာ ကြီးမားသော လက်သည်းရာတစ်ခု ရှိသည်။ သူက ပြင်းထန်သော တိုက်ခိုက်မှုကို တွေ့ကြုံခဲ့သည့်အလား လက်သည်းရာက သူ၏ အသွေးအသားထဲမှာ နက်ရှိုင်းစွာ နစ်မြုပ်နေသည်။ လက်သည်းရာ၏ ပုံပန်းသဏ္ဍာန်အရ ယင်းက လူသားတစ်ယောက်၏ လက်သည်းမဖြစ်နိုင်ပေ။ ယင်းအစား တိရိစ္ဆာန်တစ်ကောင်၏ လက်သည်း ဖြစ်ရမည်။

အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် ထမ်းစင်ပေါ်မှာ လဲလျောင်းနေသော ထိုလူက မြောင်ရီတောက်ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားလိမ့်မည်။ ထိုသူက ကိုယ်ဖော့ပညာကို အသုံးပြု၍ ထွက်ပြေးသွားခဲ့သော်လည်း သီရှီထျန်၏ လက်သည်းကုတ်ချက်ကို ထိမှန်သွားခဲ့ဆဲပင်။

မြောင်ရီတောက်၏ အသက်ဓာတ်က အလွန်သန်စွမ်းသည်ဟု ဆိုရမည်။ သီရှီထျန်က ထိုလက်သည်းကို သူ့ကိုယ်ပိုင်မိစ္ဆာစွမ်းအားဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ထံမှ ထွက်သွားစဉ် လက်သည်း၏ စွမ်းအားက နိမ့်ကျသွားသော်လည်း ယင်းက “ ကျားဟိန်းသံကျင့်စဉ် ”ကို ဒုတိယအဆင့်ထိ ကျင့်ကြံထားသော ကျားတစ်ကောင်၏ အစွမ်းကုန် တိုက်ခိုက်မှု ဖြစ်၏။ ထို့ပြင် ထိုကျားက မကြာမီ မိစ္ဆာဖြစ်လာတော့မည့် သားရဲဖြစ်သည်။ သိုင်းလောကထဲတွင် လူအနည်းစုသာလျှင် ထိုကျားလက်သည်းကို ခုခံတားဆီးနိုင်ပေသည်။

ကျားလက်သည်းဖြင့် ထိမှန်သွားပြီးနောက် မြောင်ရီတောက်က နေရာမှာ ချက်ချင်း မသေဆုံးသွားပေ။ ယင်းအစား ကျားလက်သည်းက သူ၏ ခန္ဓာကိုယ်ထဲမှာ ပုန်းလျှိုးနေသော အလားအလာကို နိုးထစေခဲ့သည်။ သူက ဤနေရာအထိ ထွက်ပြေးလာပြီးမှသာ လဲကျသွားခဲ့ခြင်း ဖြစ်၏။ ယင်းကို ကြည့်ခြင်းအားဖြင့် မြောင်ရီတောက်က စစ်မှန်သော ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း မြင်နိုင်ပေသည်။

သို့သော်လည်း သီရှီထျန်၏ မိစ္ဆာစွမ်းအားက အတုအယောင်မဟုတ်ပေ။ အကယ်၍ သူက တောအုပ်ထဲမှ ထွက်ပြေးနိုင်လျှင်ပင် သေခြင်းကံတရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

All Chapters