အခန်း (၂၄)
Vol. 2 Ch. 24
မကြာမီ မြောင်ရီတောက်သည် နောက်ဆုံးအသက်ရှူမှုနှင့်အတူ တမလွန်သို့ ကူးပြောင်းသွားသည်။
သို့သော် မြောင်ရီတောက်၏ ဂယောင်ဂတမ်း စကားများကို ကြားခဲ့သော မင်းသမီးချူယွမ်နှင့် တခြားလူများက စိတ်မအေးနိုင်ကြချေ။
မည်သို့ဖြစ်ပါစေ သေခါနီးလူတစ်ယောက်က အမှန်ကိုသာ ပြောလေ့ရှိ၏။ မြောင်ရီတောက်၏ စကားများအရ သူက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ ကျားရဲတောင်တန်းဒေသထဲသို့ သူတို့ထက်အရင် ဝင်ရောက်သွားခဲ့ကြောင်း အလွယ်တကူ သူတို့မှန်းဆနိုင်ပေသည်။ သို့သော်လည်း သူတို့အဖွဲ့က ကံမကောင်းခဲ့ပေ။ သူတို့က မည်သည့်ရတနာမှ ရှာမတွေ့ဘဲ ဝံပုလွေအုပ်စုဖြင့် ရင်ဆိုင်ခဲ့ရသည်။ အရေအတွက်များပြားသော ဝံပုလွေများ၏ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သူတို့အဖွဲ့က ကြီးမားသော သေကြေပျက်စီးမှုဖြင့် တွေ့ကြုံခဲ့ရသည်။
နောက်ဆုံးအချိန်တွင် မြောင်ရီတောက်က အနက်ရောင်ကျားတစ်ကောင်အကြောင်း ပြောသွားခဲ့သည်။ သို့ဖြစ်လေရာ သူမသေဆုံးခင်မှာ အရွယ်အစားကြီးမားသော ကျားနက်တစ်ကောင်ကို မြင်ခဲ့ကြောင်း သေချာ၏။ ထို့ပြင် သူ၏ ပြောစကားအရ ထိုကျားနက်သည် သာမန်မဖြစ်နိုင်ပေ။ သို့မဟုတ်လျှင် မိစ္ဆာကျားဟု သူပြောခဲ့မည် မဟုတ်ချေ။
“ ကျားရဲတောင်တန်းဒေသထဲမှာ ကျားတွေ တကယ်ရှိနေတာပဲ ”
မင်းသမီးချူယွမ်က မျက်လုံးဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“ ကောင်းတယ်… ခဏနေကျရင် အစောင့်အကြပ်တွေကို တောင်တန်းဆီ စေလွှတ်ပြီး အဲ့ဒီကျားနက်ကို လိုက်ရှာခိုင်းမယ်… ငါတို့ အဲ့ဒီကျားနက်ကို မိအောင် ဖမ်းရမယ်… အဲ့ဒီကျားနက်က ဘာတွေ ထူးခြားနေလဲ ငါကြည့်ကြည့်မယ်… သာမန်ကျားတွေကို ငါမြင်ဖူးပေမဲ့ မိစ္ဆာကျားက ဘယ်လိုပုံစံရှိမလဲ ငါသိချင်မိတယ် ”
အစကတည်းက သူက ကျားတစ်ကောင်ဖမ်းရန် စဉ်းစားနေခဲ့သည်။ ယခု ဤတောင်တန်းဒေသထဲမှာ အမှန်တကယ် ကျားတစ်ကောင်ရှိနေကြောင်း သူရှာတွေ့သွားသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ ထို့ပြင် ၎င်းက သာမန်ကျားတစ်ကောင် မဟုတ်ပေ။ သူက ကျားကို မကြောက်ပေ။ ယင်းအစား သူက ပိုပြီးစိတ်အားထက်သန်လာသည်။ ထိုကျားနက်ကို ဖမ်းဆီးပြီး ၎င်းက မည်သို့ထူးခြားကြောင်း သူစူးစမ်းကြည့်ချင်သည်။
“ ဂုဏ်ပြုပါတယ် မင်းသမီးလေး ”
ဤတစ်ကြိမ်တွင် ကျန်းပိုင်ချွင်းက မင်းသမီးချူယွမ်ကို ရုတ်တရက် ဂုဏ်ပြုလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဖော်လံဖားသော အမူအရာ မရှိပေ။ ယင်းအစား သူက စိတ်ရင်းမှန်ဖြင့် ဝမ်းသာပျော်ရွှင်နေသည်။
အစောနက မြောင်ရီတောက် သေဆုံးသွားခဲ့စဉ်မှာ သူက အရှေ့သို့ လျှောက်သွားပြီး မြောင်ရီတောက်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးကြည့်ခဲ့သည်။ ယခု သူက မတ်တတ်ရပ်လိုက်ပြီး ဝမ်းသာပျော်ရွှင်သော အမူအရာဖြင့် စကားပြောသည်။
“ ဘာဝမ်းသာစရာရှိလို့လဲ ”
ချင်းဟိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြတ်ပြတ် ပြောသည်။
“ တကယ်လို့ ဒီတောင်တန်းထဲမှာ ကျားတစ်ကောင်ရှိမယ်ဆိုရင်တောင် ငါ့ရဲ့ အစောင့်အကြပ်တွေကို စေလွှတ်ပြီး ဖမ်းခိုင်းလိုက်လို့ ရတယ်… ကျားကို ရှာဖွေရတာက ပုန်းကွယ်နေတဲ့ ဝိညာဉ်ရတနာတွေကို ရှာဖွေရတာလောက် မခက်ခဲပါဘူး ”
ထိုသို့ပြောပြီးနောက် သူက အထင်သေးရှုံ့ချသော အမူအရာကို ထုတ်ဖော်လိုက်သည်။
ယင်းကို ကျန်းပိုင်ချွင်းကြားသောအခါ မှိန်ဖျော့သော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သို့သော်လည်း အလင်းတန်းက မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ သူက ခပ်ရေးရေး ပြုံးလိုက်ပြီး သိမ်မွေ့စွာ ပြောသည်။
“ ညီအကိုချင်း… ခင်ဗျားမသိသေးတဲ့ အချက်တစ်ချက် ရှိတယ်… ကျုပ် စောစောက သေဆုံးသွားတဲ့ သိုင်းပညာရှင်ရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်ခဲ့တယ်… အဲ့ဒီမှာ ထူးဆန်းတဲ့အရာကို ကျုပ်ရှာတွေ့ခဲ့တယ် ”
“ အဲ့ဒါက ဘာလဲ ”
မင်းသမီးချူယွမ်က ကျန်းပိုင်ချွင်းကို ကြည့်လိုက်ပြီး စူးစမ်းလိုစွာ မေးသည်။
မင်းသမီးချူယွမ်က သူ့အပေါ် အာရုံစိုက်လာကြောင်း မြင်သောအခါ ကျန်းပိုင်ချွင်းက ပျော်ရွှင်သွားသည်။ သူ၏ အပြုံးက ပိုပြီးထင်ရှားလာသည်။ သူက လက်ထဲမှ တောင်တန်းမြစ်ယပ်တောင်ကို ဖြန့်လိုက်ပြီး အကြိမ်ရေအနည်းငယ် ယပ်ခတ်လိုက်သည်။ သူက သိမ်မွေ့စွာ ပြောသည်။
“ မင်းသမီး… အဲ့ဒီသိုင်းပညာရှင်ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာထဲမှာ မိစ္ဆာအရှိန်အဝါရှိနေတာကို ကျုပ်ရှာတွေ့ခဲ့တယ် ”
“ မိစ္ဆာအရှိန်အဝါလား ”
ချင်းဟိုင်နှင့် တခြားလူများက မျက်မှောင်ကြုတ်လိုက်ကြသည်။
“ ရှင်ပြောချင်တာက ဒီတောင်တန်းထဲမှာ မိစ္ဆာကျားတစ်ကောင် တကယ်ရှိနေတာလား ”
မင်းသမီးချူယွမ်၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် မိစ္ဆာအရှိန်အဝါက မည်သည့်အရာကိုဆိုလိုကြောင်း သူနားလည်သည်။
“ ဟား ဟား… မင်းသမီးပြောတာ မှန်ပါတယ်… အဲ့ဒီလူ မသေခင်မှာ ပြောခဲ့တဲ့ စကားကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီတောင်တန်းပေါ်မှာ ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးတဲ့ ကျားတစ်ကောင် သေချာပေါက် ရှိရပါမယ်… ဝိညာဉ်အသိဉာဏ်ရှိတဲ့ တိရိစ္ဆာန်တွေက မိုးမြေကြားက ဝိညာဉ်စွမ်းအားနဲ့ နေနဲ့လရဲ့ အနှစ်သာရကို ဘယ်လိုစုပ်ယူရမလဲ သိကြပါတယ် ”
ကျန်းပိုင်ချွင်းက ကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းမှ ရောက်လာလေရာ သူက သာမန်လူများထက် အများကြီး ပိုသိသည်။ ယခု သူက လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည့်အခါ ပိုပြီးစိတ်အားထက်သန်စွာ ပြောသည်။
“ နေနဲ့လရဲ့ အနှစ်သာရကို စုပ်ယူနိုင်ကြတဲ့ တိရိစ္ဆာန်အားလုံးဆီမှာ ဝိညာဉ်အသိဉာဏ်ရှိကြတယ်… ကျင့်ကြံခြင်းလောကမှာ အဲ့ဒီတိရိစ္ဆာန်တွေကို မိစ္ဆာတွေလို့ ခေါ်ကြတယ်… သူတို့ရဲ့ အသိဉာဏ်က သိပ်မမြင့်မားတာကြောင့် သူတို့ကို ရင်ဆိုင်ဖို့က မခက်ခဲပါဘူး… ဒါ့အပြင် တကယ်လို့ သူတို့ကို သိမ်းသွင်းနိုင်မယ်ဆိုရင် သူတို့က ဝိညာဉ်သားရဲတွေ ဖြစ်လာနိုင်လိမ့်မယ်… ဝိညာဉ်သားရဲတွေက လူသားတွေရဲ့ နောက်လိုက်ဖြစ်နိုင်တယ် ”
“ ဝိညာဉ်သားရဲတွေက သူတို့ရဲ့ သခင်ကို ကျင့်ကြံခြင်းလောကမှာ အများကြီး အကူအညီပေးနိုင်တယ်… သူတို့ရဲ့ ကျင့်ကြံခြင်းက ပိုပြီးမြင့်မားလာပြီး အမြူတေဓာတ်လုံးကို သူတို့ဖွဲ့စည်းနိုင်မယ်ဆိုရင် သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်လိုမျိုး သန်မာလာလိမ့်မယ်… သူတို့က အံ့ဖွယ်ကောင်းတဲ့ တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ကြလိမ့်မယ် ”
ကျန်းပိုင်ချွင်းက လိုချင်တပ်မက်သော အကြည့်ကို ထုတ်ဖော်လျက် ပြောသည်။
“ စွမ်းအားကြီးမားတဲ့ ဝိညာဉ်သားရဲတစ်ကောင်က မသေမျိုးကျင့်ကြံခြင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ ရတနာတစ်မျိုးပဲ… သေချာလေ့ကျင့်ပေးခြင်းခံထားရတဲ့ အစွမ်းထက်ဝိညာဉ်သားရဲတွေကို ရှာတွေ့ဖို့ အရမ်းခက်ခဲတယ် ”
ဥပမာ ဤသို့တွေးကြည့်နိုင်၏။ တိုက်ပွဲတစ်ပွဲမှာ တစ်ဖက်လူက ဝိညာဉ်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ထိုဝိညာဉ်သားရဲက အမြူတေဓာတ်လုံးကို ဖွဲ့စည်းထား၏။ သို့ဖြစ်၍ ထိုလူဆီမှာ အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ အကူအညီရှိသည်ဟု သတ်မှတ်နိုင်ပေသည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်သည့်အခါ နောက်ဆုံးရလဒ်ကို တွေးကြည့်စရာ မလိုပေ။
သို့သော်လည်း ဤလောကတွင် ဝိညာဉ်သားရဲများကို ရှာတွေ့ရန် မလွယ်ကူပေ။ ကျင့်ကြံခြင်းလောကထဲမှာပင် ဝိညာဉ်သားရဲများက အလွန်ရှားပါးသည်။ ထို့ပြင် ဝိညာဉ်သားရဲများကို လေ့ကျင့်ပေးရန် အထူးနည်းလမ်းတစ်ခု လိုအပ်သည်။ ယင်းက လွယ်ကူသော အလုပ်မဟုတ်ပေ။ လုံလောက်သော အရင်းအမြစ်များမရှိလျှင် အစွမ်းထက်ဝိညာဉ်သားရဲတစ်ကောင်ကို လေ့ကျင့်ပေးနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ အစွမ်းထက်ဝိညာဉ်သားရဲတစ်ကောင်၏ တန်ဖိုးက မိုးထိမြင့်မား၏။
မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်နာမည်ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်း ရှိ၏။ ယင်းကို သားရဲတစ်သောင်းဂိုဏ်းဟု ခေါ်သည်။ ထိုဂိုဏ်းမှာ ဝိညာဉ်သားရဲများကို လေ့ကျင့်ပေးနိုင်သော အထူးနည်းလမ်းတစ်ခု ရှိသည်။ ထို့ကြောင့် သားရဲတစ်သောင်းဂိုဏ်းမှ တပည့်များသည် ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များကို နေရာအနှံ့မှာ လိုက်လံရှာဖွေကြသည်။ ထို့နောက် သူတို့က ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များကို ဂိုဏ်းဆီသို့ ခေါ်ဆောင်သွားပြီး လေ့ကျင့်သင်ကြားပေးလိမ့်မည်။ ၎င်းတို့ကို အပြင်လောက၌ ပြန်ရောင်းသည့်အခါ ဝိညာဉ်သားရဲတစ်ကောင်၏ တန်ဖိုးက မိုးထိမြင့်မားနေလိမ့်မည်။
သားရဲတစ်သောင်းဂိုဏ်းသည် ထိုစီးပွားရေးကြောင့် ကျင့်ကြံခြင်းလောကထဲမှာ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။ လူတချို့ ပြောကြသည်မှာ သားရဲတစ်သောင်းဂိုဏ်းထဲ၌ ပုန်းလျှိုးနေသော ပညာရှင်အများကြီး ရှိသည်။
ထို့ပြင် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် သားရဲတစ်သောင်းဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ သင့်တော်မည့် ဝိညာဉ်သားရဲတစ်ကောင်ကို လိုက်လံရှာဖွေကြသည်။ ယင်းက သားရဲတစ်သောင်းဂိုဏ်း၏ အင်အားကို အကြီးအကျယ် တိုးမြှင့်စေသည်။ ထို့ကြောင့် သားရဲတစ်သောင်းဂိုဏ်းဆီမှာ အလွန်သန်စွမ်းသော အခြေခံအုတ်မြစ်ရှိသည်။
မင်းသမီးချူယွမ်သည် ကျန်းပိုင်ချွင်း၏ စကားများကို နားထောင်နေရင်း ကျားရဲတောင်တန်းဒေသထဲမှ ကျားနက်ကို သူ့ကိုယ်ပိုင်ဝိညာဉ်သားရဲအဖြစ် ပိုင်ဆိုင်ချင်လာသည်။ လိုချင်တပ်မက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
“ အကိုချင်း… ကျွန်မ အခု ဝိညာဉ်ရတနာတွေကို လိုက်မရှာချင်တော့ဘူး… ဝံပုလွေစစ်တပ်ရဲ့ အစောင့်အကြပ်တွေကို ချက်ချင်း စေလွှတ်ပြီး တောင်တန်းထဲမှာ ကျားနက်ကို ရှာဖွေခိုင်းပါ… အဲ့ဒီကျားနက်ကို ကျွန်မတို့ သေချာပေါက် ရှာတွေ့ရမယ်… အဲ့ဒီကျားနက်ကို ဖမ်းဆီးပြီး ကျွန်မရဲ့ ဝိညာဉ်သားရဲဖြစ်လာအောင် လုပ်မယ် ”
မင်းသမီးချူယွမ်က ခေါင်းလှည့်လိုက်ပြီး သူ့ဘေးမှ ချင်းဟိုင်ကို ပြောသည်။ ဤတစ်ကြိမ် သူ၏ လေသံထဲမှာ မေးခွန်းပြန်မထုတ်နိုင်သော တော်ဝင်အရှိန်အဝါက ကိန်းအောင်းနေ၏။
မင်းသမီးချူယွမ်သည် သေမျိုးလောက၏ တော်ဝင်မိသားစုထဲမှာ မွေးဖွားလာသူ ဖြစ်သည်။ ထို့ကြောင့် သူက သာမန်သေမျိုးများကဲ့သို့ မသေမျိုးကျင့်ကြံခြင်းလောကအကြောင်း ဘာမှမသိနားမလည်သူ မဟုတ်ပေ။ သေမျိုးများ၏ အရှေ့မှာ တော်ဝင်မိသားစုက ကြီးကျယ်မြင့်မြတ်သော်လည်း မသေမျိုးကျင့်ကြံသူများ၏ အရှေ့မှာ တော်ဝင်မိသားစုက သာမန်သေမျိုးများနှင့် ဘာမှမခြားနားပေ။
ဥပမာ ဤတစ်ကြိမ် ကျင်းပမည့် မွေးနေ့ပွဲပြီးသွားလျှင် မင်းသမီးချူယွမ်သည် မသေမျိုးကျင့်ကြံခြင်းလောက၏ လျန်ယွင်ဂိုဏ်းဆီသို့ သွားရောက်ရလိမ့်မည်။ ထိုအချိန်ကျလျှင် သူက မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်ကို တရားဝင် စတင်လျှောက်လှမ်းလိမ့်မည်။ သူ၏ ဝိညာဉ်အမြစ်က မဆိုးပေ။ ယင်းကို ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။ တော်ဝင်မိသားစု၏ အနောက်မှ ပံ့ပိုးပေးမှုဖြင့်ဆိုလျှင် သူက လျန်ယွင်ဂိုဏ်းထဲမှာ သေချာပေါက် ပညာရှင်တစ်ဦးဖြစ်လာလိမ့်မည်။ ထို့ပြင် ယင်းက တော်ဝင်မိသားစုကို သေမျိုးလောကထဲမှာ ပိုပြီးတည်မြဲနိုင်စေမည့် နောက်ခံအင်အားပင် မဟုတ်ပါလော။
တော်ဝင်မိသားစုက တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်နေလေရာ အပေါ်ယံ မြင်ရသလောက် မရိုးရှင်းပေ။
မင်သမီးချူယွမ်သည်လည်း ဝိညာဉ်သားရဲများအကြောင်းကို အထိုက်အလျောက် နားလည်ထားသည်။ သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
‘ အစက ဘိုးဘေးပြောထားတာက ဂိုဏ်းဆီ ငါဝင်ရောက်ပြီးရင် ဝိညာဉ်သားရဲတစ်ကောင်ကို ငါ့ကို ပေးမယ်တဲ့… တကယ်လို့ ဒီတစ်ကြိမ် ငါသာ အဲ့ဒီကျားနက်ကို ဖမ်းဆီးပြီး သိမ်းသွင်းနိုင်မယ်ဆိုရင် ဘိုးဘေးရဲ့ အရှေ့မှာ ငါက ပိုပြီးထင်ပေါ်သွားလိမ့်မယ်… အဲ့ဒီအခါ ဘိုးဘေးဆီကနေ ဝိညာဉ်ဆေးလုံးတချို့နဲ့ ဓမ္မလက်နက်တချို့ တောင်းဆိုမယ်ဆိုရင် ဘာပြဿနာမှမရှိနိုင်ဘူး… ဒါမှမဟုတ် ဘိုးဘေးက အရမ်းပျော်ရွှင်သွားပြီး ငါ့အတွက် သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ပေးဖို့တောင် ကူညီပေးနိုင်လောက်တယ် ’
‘ သက်စောင့်ဓမ္မလက်နက်ကို စောစော ဖွဲ့စည်းနိုင်လေ အနာဂတ်ကျင့်ကြံခြင်းအတွက် ပိုပြီးကောင်းလေလို့ ငါကြားဖူးတယ်… ဓမ္မလက်နက်ကို သက်စောင့်ဓမ္မလက်နက်အဖြစ် သန့်စင်နိုင်ဖို့ အခွင့်အရေးရှိနိုင်တယ် ’
ယင်းကို စဉ်းစားမိသောအခါ သူက ကျားနက်ကို ဖမ်းဆီးရန် ပိုပြီးစိတ်အားထက်သန်လာသည်။ ယခုအချိန်မှာ သူက ဆုံးဖြတ်ချက်ပြတ်သားစွာ ချလိုက်သည်။ သူက ကျားရဲတောင်တန်းဒေသထဲမှာ ရတနာရှာဖွေမည်ဟူသော အတွေးကို ဖျောက်ဖျက်လိုက်သည်။ သူက ကျားနက်ကို ရှာဖွေရန်သာ အဓိကအာရုံစိုက်လိုက်သည်။ သူ၏ အတွေးအားလုံးက ကျားနက်ပေါ်မှာသာ ရှိတော့၏။
ဝိညာဉ်သားရဲတစ်ကောင်ကို ပိုင်ဆိုင်လျှင် ရရှိမည့် အကျိုးကျေးဇူးများအား ကြားပြီးနောက် ချင်းဟိုင်၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူက လေးနက်စွာ ပြောသည်။
“ မင်းသမီးလေး ဘာမှစိတ်မပူပါနဲ့… ကျုပ် ချင်းဟိုင် မီးခိုးရောင်ဝံပုလွေစစ်တပ်ကို ဦးဆောင်ပြီး သေသွားတဲ့ သိုင်းပညာရှင်ချန်ထားခဲ့တဲ့ ခြေရာလက်ရာနောက်ကို အခုချက်ချင်းပဲ လိုက်စုံစမ်းပါမယ်… ကျုပ်မှာ အချိန်အလုံအလောက်ရှိမယ်ဆိုရင်၊ အဲ့ဒီကျား ဒီတောင်တန်းထဲကနေ ထွက်မသွားသရွေ့ ဒင်းကို သေချာပေါက် ရှာဖွေပေးပါမယ်… ပြီးရင် ကျုပ်ကိုယ်တိုင် အဲ့ဒီကျားကို ဖမ်းဆီးပြီး မင်းသမီးလေးကို လက်ဆောင်ပေးပါမယ် ”
မင်းသမီးချူယွမ်၏ လိုအင်ဆန္ဒကို လိုက်လျောနိုင်မည့် အခွင့်အရေးတစ်ခုက ယခု သူ့အရှေ့သို့ ရောက်လာလေရာ ချင်းဟိုင်သည် ယင်းကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။ သူက ချက်ချင်း ကတိပေးလိုက်သည်။
“ အဲ့ဒီကျားနက်က ဝိညာဉ်အသိဉာဏ်ရှိပြီး မိစ္ဆာစွမ်းအားကို ကျင့်ကြံနိုင်နေပြီ… အဲ့ဒါဆိုရင် ငါ့ရဲ့ ရတနာရှာဖွေမှော်အဆောင်နဲ့ သူ့ကို ရှာဖွေနိုင်တယ်… ငါမင်းနဲ့ အတူသွားမယ်… ငါတို့အတူပူးပေါင်းရင် ပိုပြီးမြန်လိမ့်မယ် ”
ကျန်းပိုင်ချွင်းသည်လည်း သူ၏ လုပ်နိုင်စွမ်းကို ဖော်ပြနိုင်မည့် ဤသို့အခွင့်အရေးကို မည်သို့လက်လွှတ်ခံမည်နည်း။ သူက တုံ့ဆိုင်းမနေဘဲ ဝင်ရောက်ပူးပေါင်းလိုက်သည်။
“ စစ်သည်တော်အားလုံး နားထောင်ကြ… လူသုံးယောက် တစ်အုပ်စုဖွဲ့ပြီး တောင်တန်းထဲက နေရာတိုင်းမှာ လိုက်ရှာဖွေကြမယ်… မင်းတို့ ကျားနက်ကို ရှာတွေ့တာနဲ့ အချက်ပြမှုကို ထုတ်လွှတ်ပြီး ကျားနက် အဝေးထွက်မပြေးနိုင်အောင် တတ်နိုင်သလောက် ဟန့်တားထားပါ… ငါတို့ရောက်လာတဲ့အထိ စောင့်ဆိုင်းနေပါ ”
“ အမိန့်အတိုင်းပါ ”
ချင်းဟိုင်၏ အမိန့်ပေးမှုအောက်မှာ ဘေးပတ်ဝန်းကျင်မှ အစောင့်အကြပ်များက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။ သူတို့၏ ပြိုင်တူအော်သံသည် တောင်တန်းဒေသထဲမှာ မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ အနီးနားမှ ကျေးငှက်များသည် ကြောက်လန့်သွားကြပြီး အဝေးသို့ ထပျံသွားကြသည်။
ထို့နောက် လူရာပေါင်းများစွာသည် အဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖွဲ့လိုက်ကြသည်။ နောက်ဆုံးမှာ လူတစ်ရာသာလျှင် ဤဧရိယာကို စောင့်ကြပ်ရန် ကျန်နေခဲ့ကြသည်။ ကျန်လူများသည်တော့ တောအုပ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားကြသည်။
ယခု မမြင်ရသော အန္တရာယ်သည် သီရှီထျန်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။
မှန်ပေ၏။ သီရှီထျန်က ထိုအကြောင်းကို မသိထားပေ။