အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အခန်း (၇၉) - စမ်းချောင်းအောက်ခြေမှ ဧရာမမိကျောင်းကြီးနှင့် တွေ့ဆုံခြင်း
"ခဲခဲ... ဒီပတ်ဝန်းကျင်မှာ ထူးဆန်းတာတစ်ခုခု ခံစားရလား"
ရွှီရှင်း သူ၏ပုခုံးပေါ်မှ ခဲခဲ ကို နောက်တစ်ကြိမ် ထပ်မံမေးမြန်းလိုက်သည်။
"အီးးး"
ခဲခဲ က ခေါင်းခါပြဆဲပင်။
ကြည့်ရတာ ဒီနေရာမှာ မဟုတ်ဘူးထင်တယ်။
ပြန်စဉ်းစားကြည့်လျှင် ဤအပေါက်မှတစ်ဆင့် ဆင်းသွားပါက မည်သည့်မြေအောက်ကမ္ဘာ ဆီသို့ ရောက်သွားမည်မဟုတ်ဘဲ၊ အဆင့်အတန်းချင်း လုံးဝမတူသည့် ဧရာမ မြေအောက်ကမ္ဘာကြီး ဆီသို့သာ ရောက်သွားမည်ဖြစ်သည်။
ထိုမြေအောက်ကမ္ဘာကြီးမှာ သူတို့လက်ရှိအဆင့်နှင့် ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။
လျှို့ဝှက်ဆန်းပြားသောအသံကလည်း မြေအောက်ကမ္ဘာ အဝင်ဝမှာ ယခုလေးတင် ပွင့်သွားခြင်းဖြစ်သည်ဟု ပြောခဲ့ရာ၊ ရွှီရှင်း ယခင်က တူးဖော်ထားခဲ့သည့် ဤအပေါက်မှာ သေချာပေါက် အဝင်ဝ မဟုတ်နိုင်ချေ။
ရွှီရှင်းသည် သံတံခါးကြီးကို တစ်ချက်ကြည့်လိုက်ပြီး၊ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကကဲ့သို့ပင် အတွင်းရှိ အနီရောင်မြူထုများကို ထုတ်လွှတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့တွင် အထဲသို့ ဝင်ကြရမည်ဖြစ်ရာ၊ ယခုကတည်းက ကြိုတင်ရှင်းလင်းထားခြင်းက ပိုကောင်းပေလိမ့်မည်။
ရွှီရှင်းသည် သံချေးတက်နေသော သံလက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ၏ပုခုံးပေါ်မှ ခဲခဲ ကို ပြောလိုက်သည်။
"တင်းတင်းကိုင်ထားနော် ခဲခဲ ၊ ခဏနေရင် ပြေးဖို့ အဆင်သင့်ပြင်ထား။"
"အီးးး"
သူသည် အသက်ကို ပြင်းပြင်းရှူကာ အားကုန်သုံး၍ သံတံခါးကြီးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်တော့သည်။
ယခုအချိန်တွင် သူ၏ခွန်အားမှာ ပထမအကြိမ် လာစဉ်ကထက် များစွာ သာလွန်နေပြီဖြစ်သည်။
သံတံခါးကြီးမှာ ပွင့်ထွက်သွားပြီး အနီရောင်မြူထု အများအပြား အပြင်သို့ တိုးထွက်လာသည်။
ရွှီရှင်းသည် အပြင်သို့ အရှိန်ဖြင့် ပြေးထွက်ကာ မြေအောက်ခန်းထဲမှ
ထွက်ပြီး ငွေရောင်ဘုရင် ပေါ်သို့ တစ်ဆက်တည်း ခုန်တက်လိုက်သည်။
"သွားစို့ ငွေရောင်ဘုရင် ၊ ဒီအနားတစ်ဝိုက်ကို တစ်ပတ်လောက် ပတ်ကြည့်ရအောင်"
"အူးး"
ခပ်လှမ်းလှမ်းမှ ပြန်ကြည့်လိုက်သောအခါ၊ ထိုမြေရိုင်းတောထဲမှ အနီရောင်မြူထု များမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး လေထဲတွင် တဖြည်းဖြည်း လွင့်စင်သွားသည်ကို ရွှီရှင်း မြင်လိုက်ရသည်။
ရွှီရှင်းသည် ဝံပုလွေကိုစီးကာ ထိုအနီးတစ်ဝိုက်တွင် နေ့တစ်ဝက်ခန့် လှည့်လည်ကြည့်ရှုရင်း၊ မြေပုံ ပေါ်ရှိ အပြောင်းအလဲများကို အဆက်မပြတ် စောင့်ကြည့်ခဲ့သော်လည်း မြေအောက်ကမ္ဘာ၏ အဝင်ဝကို ရှာမတွေ့ခဲ့ချေ။
သစ်ပင်များမှလွဲ၍ ဘာမှမရှိသလို၊ ခဲခဲ ကလည်း ဘာတုန့်ပြန်မှုမှ မရှိချေ။
"ဒီဘက်အရပ်မှာ မဟုတ်တာများလား"
ရွှီရှင်း မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
ဤနေရာမှာ မြေအောက်နှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော နေရာဖြစ်သည် မဟုတ်ပါလား။
ရွှီရှင်း နာရီကိုဖွင့်ကာ ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို စစ်ဆေးကြည့်လိုက်သည်။
ဆက်သွယ်ရေးလိုင်းမှာ အတော်လေး တိတ်ဆိတ်နေသည်။
လူတိုင်းနီးပါး မြေအောက်ကမ္ဘာ အဝင်ဝကို လိုက်လံရှာဖွေနေကြပုံရသည်။
ရွှီရှင်း စိတ်ပျက်လက်ပျက် ဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလာသည်။
"ငါ မြေအောက်ကမ္ဘာ အဝင်ဝကို ရှာတွေ့ပြီ"
ရွှီရှင်း ချက်ချင်းပင် စိတ်ဝင်စားသွားကာ ဆက်သွယ်ရေးလိုင်းတွင် တိုက်ရိုက် မေးလိုက်သည်။
"ဘယ်မှာ ရှာတွေ့တာလဲ"
ဤတစ်ကြိမ်တွင် သူသည် အမည်မဖော်ဘဲ မမေးမြန်းတော့ချေ။
"ဝိုး ဒါ ခေါင်းဆောင်ရွှီပဲ။ ခေါင်းဆောင်... ခေါင်းဆောင်... ကျွန်တော့်အိမ်နားက ဂူတစ်ခုထဲမှာ ရှာတွေ့တာပါ။ အစကတော့ မထွက်ခွာခင် လက်နက်ပြင်ဖို့ ကျောက်တုံးအချို့ သွားထုတာ၊ အဲဒီမှာ ဂူအနက်ပိုင်းကနေ ထူးဆန်းတဲ့ အသံတွေ ကြားလိုက်ရတယ်။ ဂူအဆုံးအထိ လျှောက်သွားလိုက်တော့ အပေါက်ငယ်လေး တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီ ထူးဆန်းတဲ့ အသံတွေက အဲဒီအပေါက်ဝကနေ ထွက်လာတာ။ အရင်က ဒီအပေါက် မရှိပါဘူး၊ ဒီဂူတစ်ခုလုံးကို သေချာ စူးစမ်းဖူးလို့ ကောင်းကောင်း မှတ်မိနေတာ။ ဒီလမ်းက အခုမှ အသစ်ပေါ်လာတာ ဖြစ်ရမယ်၊ ဒါက မြေအောက်ကမ္ဘာ အဝင်ဝ ဖြစ်ရမယ်"
"အဲဒီအဝင်ဝကို ရှာတွေ့တုန်းက ဘာအန္တရာယ်နဲ့ တွေ့ခဲ့သေးလဲ"
ဤမေးခွန်းမှာ ကျိချောင်းယန်ထံမှ ဖြစ်သည်။
သူသည်လည်း ဆက်သွယ်ရေးလိုင်းကို အမြဲစောင့်ကြည့်နေပုံရသည်။
"ခေါင်းဆောင် ကျိချောင်းယန် ဘာအန္တရာယ်မှ မရှိပါဘူး၊ အထဲကနေ ထူးဆန်းတဲ့ အသံတွေ ကြားနေရလို့ ကျွန်တော် မဝင်ရဲသေးတာပါ။ အထဲမှာ အန္တရာယ်ရှိတဲ့ အရာတစ်ခုခု ရှိနေနိုင်တယ်"
ဂူထဲမှာတဲ့လား...
ရွှီရှင်းသည် သူ ပထမဆုံး တွေ့ခဲ့သော ဝက်ဝံနက်ဂူ ကို ရုတ်တရက် သတိရလိုက်သည်။
သူသည် ထိုဂူထဲသို့ အကြိမ်ပေါင်းများစွာ ဝင်ဖူးပြီး အထဲမှ ထူးဆန်းသော လေတိုးသံများကို အမြဲကြားခဲ့ရသည်။
မြေအောက်တွင် ဧရာမ ဟာလာဟင်းလင်း နေရာကြီးတစ်ခု ရှိနေပြီး ညည်းတွားသံများ ထွက်ပေါ်နေသကဲ့သို့ ခံစားခဲ့ရကာ ၊ သူ အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း ထိုအသံ၏ အရင်းအမြစ်ကို ရှာမတွေ့ခဲ့ချေ။
"ဒါက ဝက်ဝံနက်ဂူပဲ ဖြစ်ရမယ်"
ရွှီရှင်း လက်ဝါးကို ရိုက်လိုက်ရင်း
"ဒီလောက် ထင်ရှားနေတာကို ငါက သတိမထားမိခဲ့တာပဲ"
ရွှီရှင်း ဆက်သွယ်ရေးလိုင်းတွင် ပြန်စာပို့လိုက်သည်။
"ကျေးဇူးပဲ၊ ငါ မြေအောက်ကမ္ဘာထဲ ဝင်ပြီးရင် အထဲမှာ ဘာတွေရှိလဲဆိုတာ အားလုံးကို ပြန်ပြောပြမယ်။"
"ဟာ... ဟုတ်ကဲ့၊ ကျေးဇူးတင်စရာ မလိုပါဘူး ခေါင်းဆောင်ရွှီရယ်၊ ကျွန်တော်ကတော့ လမ်းညွှန်ချက်ကိုပဲ စောင့်နေပါ့မယ်၊ ခေါင်းဆောင်ပဲ အရင်သွားပါ"
ရွှီရှင်းသည် ငွေရောင်ဘုရင် ကို စီးနင်းကာ မြေအောက်ကမ္ဘာ အဝင်ဝသို့ အရင်ပြန်သွားခဲ့သည်။
ထိုနေရာတွင် အနီရောင်မြူထု များ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူသည် သံတံခါးရှေ့သို့ ဆင်းပြီး အထဲသို့ လှမ်းကြည့်လိုက်ရာ၊ အဆုံးမရှိသော လမ်းရှည်ကြီးကိုသာ တွေ့ရဆဲပင်။
လှေကားများနှင့် သံတံတိုင်းများမှာလည်း အလွန်အမင်း သံချေးတက်နေတော့သည်။
"ဟင်"
လှေကားနှင့် သံတံတိုင်းပေါ်ရှိ သံချေးများမှာ ပြီးခဲ့သည့်အကြိမ်ကထက် သိသိသာသာ ပိုများလာသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။
"ဒါက အနီရောင်မြူထု ကြောင့်လား"
ရွှီရှင်း တွေးတောနေမိသည်။
"ဒီလမ်းကြောင်းက အသုံးပြုနိုင်တဲ့ အကြိမ်ရေ ကန့်သတ်ချက် ရှိနေတာလား။ မြူထုတွေရဲ့ တိုက်စားမှုကို အကြိမ်ကြိမ် ခံရပြီးရင် အသုံးမပြုနိုင်တော့ဘူးလား။"
ထားလိုက်ပါတော့....
ဒါတွေကို စဉ်းစားနေရမည့် အချိန်မဟုတ်သေးချေ။
အနည်းဆုံးတော့ အချိန်အတော်ကြာသည့်တိုင်အောင် ရွှီရှင်းအနေဖြင့် အောက်သို့ဆင်းပြီး ဧရာမ မြေအောက် မွန်းစတား ကြီးများနှင့် ရင်ဆိုင်ရန် မလိုအပ်သေးချေ။
မထွက်ခွာမီ ရွှီရှင်းသည် သံတံခါးကြီးကို ပြန်ပိတ်လိုက်သည်။
သူ ခံစားလိုက်ရသည်မှာ အကယ်၍ ဤတံခါးကို မပိတ်ထားပါက အထဲမှ ထူးဆန်းသော အရာများ ထွက်လာနိုင်သည်ဟူ၍ ဖြစ်သည်။
ထို့အပြင် သူ ခန့်မှန်းထားသကဲ့သို့ အနီရောင်မြူထု များသည် သားရဲများကို ဗီဇပြောင်းလဲစေနိုင်သည်ဆိုပါက၊ ဤနေရာမှ မြူများ အဆက်မပြတ် ထွက်နေခြင်းမှာ တကယ့်ကို အမှားကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
ရွှီရှင်းသည် ငွေရောင်ဘုရင် ကို စီးနင်းကာ တောအုပ်အတွင်း လျင်မြန်စွာ ဖြတ်ကျော်လာခဲ့သည်။
လမ်းတစ်လျှောက်တွင်လည်း သူ၏ မြှားသေနတ် ကို အသုံးပြု၍ တောကြောင်တစ်ကောင်ကို ပစ်ချခဲ့သေးသည်။
[တောကြောင်တစ်ကောင်ကို သတ်ဖြတ်နိုင်သဖြင့် အမှတ် ၁ မှတ် ရရှိသည်။]
အမဲလိုက်ပွဲ ပြီးသွားသော်လည်း အမှတ်ရနေဆဲပင်၊ သို့သော် အရင်က ၅ မှတ် ပေးရာမှ ယခုအခါ ၁ မှတ်သာ ရတော့သည်။
တောကြောင်အလောင်းကို ခွဲစိတ်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်စဉ်၊ ရွှီရှင်းသည် ဧရာမ မိကျောင်းကြီးရှိသော နေရာမှာ ဝက်ဝံနက်ဂူ အဝင်ဝရှိ စမ်းချောင်းထဲတွင် ဖြစ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။
သူသည် ထိုမိကျောင်းကြီးကို သူ၏ ရေအိုင်ထဲသို့ လာရောက်နေထိုင်ပေးရန်နှင့်၊ ရေထဲက အသားစားငါး ပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုနိုင်မလားဟု အမြဲ စမ်းကြည့်ချင်နေခြင်း ဖြစ်သည်။
ထိုဧရာမ မိကျောင်းကြီးအတွက်တော့ အသားစားငါး များမှာ ဘာမှမဟုတ်ချေ။
ထိုငါးများသည် မိကျောင်းကြီး၏ အရေခွံကိုပင် ဖောက်နိုင်မည် မဟုတ်သလို၊ မိကျောင်းကြီးက တစ်လုတ်တည်းနှင့် တစ်အုပ်လုံးကို မျိုချနိုင်ပေလိမ့်မည်။
ထိုမိကျောင်းကြီး၏ အနီစက်ကို မြေပုံပေါ်တွင် မမြင်ရသော်လည်း၊ ၎င်း၏ အစွမ်းမှာ ရေအိုင်ထဲက မြွေကြီးနှင့် တန်းတူ ဖြစ်ရပေမည်။
လောလောဆယ်တွင် ၎င်းသည် သူ့အပေါ် ရန်လိုမှု မရှိသဖြင့်၊ အဆင်ပြေအောင် ကြိုးစားကြည့်တာပိုကောင်းပေမည်။
ထို့ကြောင့် ရွှီရှင်းသည် သစ်ပင်အိမ်သို့ အရင်ပြန်ကာ ယခင်က အမဲလိုက်ထားသော တောဝက်သား ကီလိုဂရမ် နှစ်ရာကို ယူဆောင်ခဲ့သည်။
၎င်းမှာ မိကျောင်းကြီးအတွက်တော့ မုန့်တစ်ခုစာလောက်သာ ရှိသော်လည်း၊ စေတနာ အနေဖြင့် သူ ယူဆောင်သွားခြင်း ဖြစ်သည်။
မကြာမီမှာပင် ရွှီရှင်းသည် ဝက်ဝံနက်ဂူ အဝင်ဝရှိ စမ်းချောင်းအနားသို့ ရောက်ရှိလာသည်။
စမ်းရေမှာ လျင်မြန်စွာ စီးဆင်းနေသော်လည်း အလွန်ကြည်လင်လှသည်။
အကယ်၍ စမ်းချောင်းအောက်ခြေက ကျောက်တုံးကြီးမှာ တကယ်တော့ မိကျောင်းကြီး၏ ကျောကုန်းဖြစ်မှန်း ရွှီရှင်း မသိထားပါက၊ ထူးခြားတာ ဘာမှ တွေ့ရမည် မဟုတ်ချေ။
ရွှီရှင်းသည် စမ်းချောင်းဘေးမှနေ၍ စမ်းသပ် ခေါ်လိုက်သည်။
"မိကျောင်းကြီး... မင်း ရှိလား"
သူ၏ စကားအဆုံးမှာပင် စမ်းချောင်းထဲမှ တုန့်ပြန်မှုတစ်ခု ရှိလာသည်။
စမ်းချောင်း အလယ်တွင် ဝဲဂယက်ငယ်လေးတစ်ခု ဖြစ်ပေါ်လာ၏။
၎င်းမှာ သူ့ကို နှုတ်ဆက်နေသည့်အလား။
ရှိနေသေးတာပဲ။
ရွှီရှင်း မြေပုံကို ကြည့်လိုက်ရာ အနီစက် လုံးဝမတွေ့ရချေ၊ ၎င်းမှာ ဤမိကျောင်းကြီးကို ရန်လိုသော အင်အားစုအဖြစ် မသတ်မှတ်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
ရွှီရှင်း စိတ်အေးသွားပြီး တောဝက်သား ကီလိုဂရမ် နှစ်ရာကို စမ်းချောင်းဘေးတွင် တင်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။
"မိကျောင်းကြီး... မနေ့က ငါပြောခဲ့သလိုပဲ၊ ဒီနားက ဖြတ်သွားရင် စားစရာ တစ်ခုခု ယူလာပေးမယ်လို့လေ။ ဒါဟာ မင်းအတွက်တော့ နည်းပေမဲ့၊ မုန့်တစ်ခု အနေနဲ့တော့ စားလို့ ရမှာပါ"
ရေအောက်မှ မျက်လုံးကြီး နှစ်လုံးမှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး မြေပြင်ပေါ်က အသားကို လှမ်းကြည့်သည်။
ခဏအကြာတွင် ဧရာမ မိကျောင်းကြီးသည် ရေပေါ်သို့ ပေါ်လာပြီး ရွှီရှင်းထံသို့ ဖြည်းဖြည်းချင်း တိုးလာသည်။
စမ်းချောင်းမှာ မိကျောင်းကြီး၏ အရွယ်အစားနှင့် ယှဉ်လျှင် တိမ်လွန်းသဖြင့် ရေကူးလာခြင်းထက် ရေထဲတွင် လမ်းလျှောက်လာခြင်းနှင့် ပိုတူလှသည်။
ထိုဧရာမ ကိုယ်ကြီး၏ အရှိန်အဝါကြောင့် ရွှီရှင်း နောက်သို့ ဆုတ်ချင်စိတ်ကို အောင့်အီးထားလိုက်ရသည်။
သို့သော် မြေပုံပေါ်တွင် အနီရောင် မပြသဖြင့် ၎င်းသည် ရန်လိုမှု မရှိကြောင်း သူ သိသည်။
နောက်သို့ ဆုတ်လိုက်ပါက တစ်ဖက်သားကို စိတ်ပျက်သွားစေနိုင်သည် မဟုတ်ပါလား။
ငွေရောင်ဘုရင် မှာမူ ယခင်က သွေးရောင်ဘီလူး ကို မြင်တုန်းကလို ကြောက်လန့်တကြား မဖြစ်တော့သော်လည်း၊ အနည်းငယ်တော့ ထိတ်လန့်နေပုံရကာ ရွှီရှင်း၏ ကိုယ်ကို တင်းတင်းကပ်ထားသည်။
ခဲခဲ ကတော့ လုံးဝ မကြောက်သည့်အပြင် မိကျောင်းကြီးကို "အီးးး အီးးး" နှင့်ပင် နှုတ်ဆက်နေသေးသည်။
မိကျောင်းကြီးသည် စမ်းချောင်းဘေးမှ တောဝက်သားများကို ၎င်း၏ ဧရာမ ပါးစပ်ကြီးဖြင့် ခဲယူလိုက်ပြီး၊ ခေါင်းကို နောက်လှန်ကာ ကီလို ၂၀၀ ရှိသော အသားပုံကြီးကို တစ်လုတ်တည်းနှင့် မျိုချလိုက်တော့သည်။
ပါးစပ်ကြီးက တကယ်ကို ကြီးမားလှသည်။
"အီးးး"
ခဲခဲ မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးလေးများ ပြူးသွားကာ၊ နှုတ်ဆက်နေသော လက်ကလေးများပင် ရပ်တန့်သွားရှာသည်။
အသားအားလုံး မျိုချပြီးနောက် မိကျောင်းကြီးသည် ရွှီရှင်းနှင့် ခဲခဲ တို့ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် တစ်ချက် အော်လိုက်သည်။
ထိုအသံမှာ ကြည်လင်ပြီး ရွှီရှင်းအနေဖြင့် ၎င်း၏ စေတနာအရိပ်အယောင်ကို ခံစားလိုက်ရသည်။
ထို့နောက် မိကျောင်းကြီးသည် စမ်းချောင်းအောက်ခြေသို့ ပြန်လည် ဆင်းသွားကာ ရေထဲသို့ ငုပ်လျှိုးသွားပြီး ၊ စမ်းချောင်းလေးမှာ မူလအတိုင်း အေးချမ်းစွာ ပြန်လည် စီးဆင်းနေတော့သည်။
ရွှီရှင်းက စမ်းချောင်းကို လက်ပြနှုတ်ဆက်ကာ
"ငါ သွားတော့မယ် မိကျောင်းကြီး၊ နောက်တစ်ခါ ထပ်လာခဲ့မယ်နော်"
"အီးးး"
ခဲခဲ ကလည်း လက်ပြ နှုတ်ဆက်လိုက်၏။
ရေမျက်နှာပြင်ပေါ်တွင် နောက်ထပ် ဝဲဂယက်လေးတစ်ခု ပေါ်လာပြန်သည်။
မိချောင်းကြီးက သူတို့ကို ထပ်မံ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
ဒါက... မိကျောင်းကြီးရဲ့ ခင်မင်မှုကို ရရှိလိုက်တာလား။
ဤအစီအစဉ် ပြီးဆုံးသွားပါက အသားစားငါး ပြဿနာကို ဖြေရှင်းပေးရန် ၎င်းကို သူ အကူအညီ တောင်းကြည့်ရမည်။
ကဲ... အခုတော့ အဓိက အစီအစဉ်ဆီကို သွားရအောင်။
ရွှီရှင်းသည် ဝက်ဝံနက်ဂူ အဝင်ဝသို့ ပြန်လှည့်လိုက်သည်။
ဂူအနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ၊ အထဲမှ လေတိုးသံများမှာ ယခင်ကထက် များစွာ ပိုမို ကျယ်လောင်လာသည်ကို ကြားနေရပြီ ဖြစ်သည်။
ကြည့်ရတာ အဝင်ဝက တကယ်ပဲ ဒီဂူထဲမှာ ရှိနေတာပဲ။
ရွှီရှင်းသည် ငွေရောင်ဘုရင် နှင့် ခဲခဲ တို့ကို ခေါ်ဆောင်ကာ ဝက်ဝံနက်ဂူအတွင်းသို့ သတိကြီးစွာဖြင့် ခြေလှမ်းလှမ်းလိုက်၏။
---
အခန်း ၇၉ ပြီး။
အခန်း (၈၀) - အသစ်ပေါ်လာသော အက်ကြောင်း
ဂူအတွင်းပိုင်းမှာ အလွန်မှောင်မည်းနေသော်လည်း ဂူထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် အထဲမှ တိုးထွက်လာသော လေတိုးသံများကို ရွှီရှင်း အထင်အရှား ကြားနေရသည်။
အနီရောင်အသီးငယ်တစ်လုံးကို စားပြီးနောက် သူ၏မျက်စိရှေ့၌ အရာအားလုံးမှာ လင်းထိန်သွားတော့သည်။
ဤဝက်ဝံနက်ဂူမှာ အလွန်နက်လှသည်မဟုတ်ဘဲ တစ်ချက်ကြည့်ရုံနှင့် ဂူအဆုံးကို မြင်နိုင်သည်။
ယခုအခါ ဂူ၏အနက်ဆုံးနေရာတွင် ရွှီရှင်းတစ်ခါမှမတွေ့ဖူးသော အပြောင်းအလဲတစ်ခု ရှိနေသည်။
၎င်းမှာ စင်တီမီတာ အနည်းငယ်သာ ကျယ်ပြီး အမြင့် နှစ်မီတာခန့်ရှိသော ကျဉ်းမြောင်းသည့် အက်ကြောင်းတစ်ခုဖြစ်သည်။
အက်ကြောင်းအပြင်ဘက် မြေပြင်ပေါ်တွင် ကျောက်တုံးများ ပြန့်ကျဲနေသည်မှာ အတွင်းဘက်မှ တစ်စုံတစ်ခုက ထိုးဖောက်ဖွင့်လှစ်လိုက်သည့်အလားပင်။
ခြောက်ခြားဖွယ်ကောင်းသော လေတိုးသံများမှာ ထိုအထဲမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဒါဟာ ဒေသတွင်းဆက်သွယ်ရေးလိုင်းမှာ လူတစ်ယောက်ပြောခဲ့တဲ့ ဂူအဝင်ဝအသစ် ဖြစ်ရပေမည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ထိုအသံအရဆိုလျှင် ဤနေရာမှာ မြေအောက်ကမ္ဘာ ၏ အဝင်ဝဖြစ်ကြောင်း သေချာသလောက်ရှိနေသည်။
ရှေ့တွင် အန္တရာယ်ရှိကြောင်း ပြသသည့် အနီစက်များ မြေပုံပေါ်တွင် ပေါ်မလာသော်လည်း ရွှီရှင်း သတိမပေါ့လျော့ချေ။
ထိုမြေအောက်မွန်းစတားများသည် အောက်ခြေမှ တက်မလာမချင်း မြေပုံပေါ်တွင် ပေါ်လာမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
သူသည် သစ်ပင်အိမ်၏ ကာကွယ်ရေးနယ်မြေအတွင်း ရောက်ရှိနေသဖြင့် ထိုမွန်းစတားများ အပြင်ထွက်လာပါက စက္ကန့်ပိုင်းအတွင်း သေဆုံးသွားမည်ဖြစ်သော်လည်း၊ ရုတ်တရက် တိုက်ခိုက်ခံရပါက သူကိုယ်တိုင် ထိခိုက်ဒဏ်ရာမရနိုင်ဟု အာမမခံနိုင်ချေ။
သတိထားခြင်းကသာ အကောင်းဆုံးဖြစ်သည်။
အထဲမဝင်မီ သူသည် မိမိကိုယ်ကို အင်အားဖြည့်ရန် လိုအပ်သည်များကို လုပ်ဆောင်လိုက်သည်။
ရွှီရှင်းသည် လိမ္မော်သီးတစ်လုံးနှင့် အက်ပရီကော့တစ်လုံးကို စားသုံးလိုက်ရာ စိတ်ပိုင်းဆိုင်ရာနှင့် ခွန်အားပိုင်းဆိုင်ရာ အာနိသင်နှစ်မျိုးလုံး ရရှိသွားသည်။
ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ အဝင်ဝဆီသို့ လျှောက်သွားလိုက်သည်။
"အီးးး အီးးး"
အက်ကြောင်းဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံရှိသေး၊ သူ၏ပုခုံးပေါ်က ခဲခဲ က ရုတ်တရက် အော်ဟစ်လိုက်သည်။
"အန္တရာယ်ရှိတာလား"
ရွှီရှင်း ချက်ချင်း သတိကပ်လိုက်သည်။
သူသည် ခဲခဲ ၏ အော်သံနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။
ရက်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်လာပြီးနောက် ဤအသံမှာ ရှေ့တွင် အန္တရာယ်ရှိကြောင်း အချက်ပြနေခြင်းမှန်း သူ သိလိုက်သည်။
သို့သော် အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ သွားရမည်သာ။
အက်ကြောင်းမှာ အလွန်ကျဉ်းလွန်းသဖြင့် လှံကို အသုံးပြု၍မရရာ၊ ရွှီရှင်းသည် သူ၏ အသစ်စက်စက် သံဓားကို သားရေအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည်။
အကယ်၍ အက်ကြောင်းထဲမှ မွန်းစတားတစ်ကောင်ကောင် ထွက်လာပါက သူသည် တစ်ချက်တည်းနှင့် ပိုင်းဖြတ်ပစ်မည်ဖြစ်သည်။
အက်ကြောင်းမှာ သေးငယ်လွန်းသဖြင့် ရွှီရှင်းသည် ကိုယ်ကို ဘေးတစောင်းလှည့်၍ ဝင်ရသည်။
သူ အထဲကို လှမ်းကြည့်လိုက်ရာ အတော်လေး နက်ပြီး အကွေ့အကောက်များရှိနေသဖြင့် ရှေ့က ဘာရှိသည်ကို မမြင်ရချေ။
"အူးးး"
ငွေရောင်ဘုရင်မှာ အားကိုးရာမဲ့စွာ အော်ဟစ်လျက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
၎င်း၏ ပုခုံးများမှာ သာမန်ဝံပုလွေများထက် ပိုမိုကျယ်ပြန့်သဖြင့် ဤအက်ကြောင်းထဲသို့ မတိုးနိုင်ချေ။
"ဒါတော့ ခက်ပြီ၊ ငါ့ရဲ့ တစ်ဦးတည်းသော စစ်သည်တော်ကို ဆုံးရှုံးလိုက်ရပြီပဲ။"
ရွှီရှင်းလည်း ဘာမှမတတ်နိုင်ချေ။
အကယ်၍ အဝင်ဝတစ်ခုတည်း ကျဉ်းမြောင်းခြင်းဆိုပါက သူ ထုခွဲဖွင့်လှစ်နိုင်သော်လည်း၊ လမ်းကြောင်းတစ်ခုလုံးက ဤမျှကျဉ်းနေပါက မတတ်နိုင်တော့ချေ။
လမ်းကြောင်းတစ်ခုလုံးကို လိုက်ပြီး တူးနေဖို့ဆိုသည်မှာ မည်မျှကြာမည်ကို မည်သူမျှ မသိနိုင်ချေ။
ရွှီရှင်းအနေဖြင့် ငွေရောင်ဘုရင်ကို အက်ကြောင်းအဝင်ဝမှာပဲ ထားခဲ့ရတော့မည်ဖြစ်ကာ၊ သူနှင့် ခဲခဲ တို့ အရင်ဝင်ကြည့်ကြမည်ဖြစ်သည်။
ထို့နောက်မှ ငွေရောင်ဘုရင် ဝင်နိုင်မည့် အခြားအပေါက်ရှိမရှိ သူ လိုက်ရှာရပေမည်။
အကယ်၍ ကျောပိုးအိတ်ထဲတွင် အသက်ရှိသတ္တဝါများကို ထည့်၍ရပါက ရွှီရှင်းသည် ငွေရောင်ဘုရင်ကို သေချာပေါက် ထည့်ယူသွားမိပေလိမ့်မည်။
ငွေရောင်ဘုရင်ကို ချော့မြူပြီးနောက် အဝင်ဝကို စောင့်ကြည့်ရန်နှင့် တစ်ခုခုဖြစ်ပါက ဟိန်းဟောက်အချက်ပေးရန် အသားတစ်ဖဲ့ ထားခဲ့ပြီးနောက်၊ ရွှီရှင်းသည် ခဲခဲ နှင့်အတူ ကျဉ်းမြောင်းသော အက်ကြောင်းအတွင်းသို့ ဝင်ခဲ့၏။
အသစ်ပေါ်လာသော ဤလမ်းကြောင်းမှာ ဂူဟုပင် မခေါ်ဆိုနိုင်တော့ဘဲ အပေါက်ငယ်လေးတစ်ခုသာ ဖြစ်သည်။
ဤအက်ကြောင်းထဲသို့ တိုးဝင်လိုက်သည်နှင့် ခြောက်ခြားဖွယ်ကောင်းသော "ဝူးးး ဝူးးး" လေတိုးသံမှာ ပိုမိုသိသာလာသည်။
ဤကဲ့သို့ ကျဉ်းမြောင်းသော နေရာမျိုးတွင် လူတစ်ယောက်မှာ ဘယ်သောအခါမှ ဘေးကင်းသည်ဟု မခံစားရချေ၊
အထူးသဖြင့် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သော အခြေအနေမျိုးတွင် ဖြစ်သည်။
ရွှီရှင်းမှာ အလွန်အမင်း သတိကပ်ထားပြီး ကိုယ်ကို ဘေးတစောင်းလှည့်ကာ ရှေ့သို့ တိုးခဲ့သည်။
ဤအက်ကြောင်း၏ အဝင်ဝတွင်သာ လတ်တလော ပွင့်ထွက်သွားသည့် အမှတ်အသားများ ရှိသော်လည်း၊ အတွင်းပိုင်းတွင်မူ ဖုန်မှုန့်များ ထူထပ်နေကာ ကျောက်သားနံရံများပေါ်တွင်လည်း နှစ်ကာလကြာရှည်ခဲ့သည့် အမှတ်အသားများ ရှိနေသည်။
ကြည့်ရသည်မှာ ဤအက်ကြောင်းမှာ အသစ်ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ အမြဲရှိနေခဲ့ခြင်းဖြစ်ကာ အဝင်ဝကိုသာ ပိတ်ထားခြင်း ဖြစ်ရပေမည်။
အထဲသို့ ဝင်လာပြီးနောက်တွင်မူ ဤလမ်းကြောင်းမှာ အောက်ဘက်သို့ အနည်းငယ် စောင်းနေသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။
ဆိုလိုသည်မှာ ရှေ့သို့သွားလေလေ မြေအောက်သို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိသွားလေလေ ဖြစ်သည်။
"အီးးး အီးးး"
ရုတ်တရက် ခဲခဲ က သူ၏ပုခုံးပေါ်မှ ခုန်ဆင်းကာ ရွှီရှင်း၏ သားရေဘောင်းဘီကို လှမ်းဆွဲပြီးနောက် အက်ကြောင်းအတိုင်း ရှေ့သို့ ပြေးထွက်သွားတော့သည်။
"ခဲခဲ... မပြေးနဲ့လေ၊ အန္တရာယ်ရှိတယ်"
ခဲခဲ မှာ ခဏအတွင်းမှာပင် အကွေ့တစ်ခုတွင် ပျောက်ကွယ်သွားသဖြင့် ရွှီရှင်းက ဗီဇအရ လှမ်းခေါ်လိုက်မိသည်။
သို့သော် ဤသတ္တဝါလေးမှာ အန္တရာယ်ကို အာရုံခံနိုင်သည်ကို သူ သတိရလိုက်သည်။
အကယ်၍ ၎င်းက ရှေ့သို့ ပြေးသွားသည်ဆိုပါက ရှေ့တွင် ၎င်းအာရုံခံနိုင်သည့် အန္တရာယ်မရှိဟု ဆိုလိုခြင်း ဖြစ်ရပေမည်။
ဒါဟာ ဒီကောင်လေးက သူ့အတွက် ရှေ့ကနေ လမ်းရှင်းပေးနေတာလား။
ရွှီရှင်း သွားကိုတင်းတင်းကြိတ်ကာ ၎င်းနောက်သို့ အမှီလိုက်ရန် ခြေလှမ်းသွက်လိုက်သည်။
အက်ကြောင်းကဲ့သို့သော ဤဂူမှာ ရှေ့သို့သွားလေလေ ပို၍ကျဉ်းလာလေဖြစ်ကာ၊ မီတာအနည်းငယ်မျှ သွားပြီးနောက်တွင်မူ သူသည် တစ်ချိန်လုံး ကိုယ်ကို ဘေးတစောင်းလှည့်၍ လမ်းလျှောက်နေရတော့သည်။
"ဘုရားရေ... ငါသာ အခုထက် နည်းနည်းလောက် ပိုဝနေရင် ဒီထဲကို တိုးနိုင်မှာ မဟုတ်ဘူး"
ရွှီရှင်း အက်ကြောင်းအတွင်း ခဲရာခဲဆစ် တိုးဝင်နေရ၏။
"အီးးး အီးးး"
ရွှီရှင်း၏ရှေ့ မီတာအနည်းငယ်အကွာ အကွေ့တစ်ခုတွင် ခေါင်းလေးတစ်ခု ပေါ်လာသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ခဲခဲ ဘာကြောင့် ထိုနေရာတွင် ရပ်နေသည်ကို ရွှီရှင်း နားလည်သွားသည်။
ထိုအကွေ့တွင် ရွေးချယ်စရာ လမ်းကြောင်း သုံးခု ရှိနေသည်။
လမ်းဟု ဆိုခြင်းထက် အက်ကြောင်းများဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
တစ်ခုမှာ တည့်တည့်သွားခြင်းဖြစ်ပြီး၊ ကျန်နှစ်ခုမှာ ဘယ်ဘက်နှင့် ညာဘက်သို့ အသီးသီး ခွဲထွက်သွားခြင်း ဖြစ်သည်။
"... လမ်းကြောင်း သုံးခုလား"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်သည်။
သူ့စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။
ဤလမ်းကြောင်း သုံးခုထဲတွင် တစ်ခုတည်းသာ မှန်ကန်သော လမ်းဖြစ်ပေလိမ့်မည်။
လမ်းမှားကို ရွေးချယ်မိပါက ထောင်ချောက်တစ်ခုဆီသို့ သို့မဟုတ် ပြန်လမ်းမရှိသော အမှောင်တွင်းထဲသို့ ရောက်ရှိသွားနိုင်သည်။
ဤကဲ့သို့ ကိုယ်ကို ဘေးတစောင်းပဲ လှည့်လို့ရသည့် ကျဉ်းမြောင်းသော နေရာတွင် ရွှီရှင်းအနေဖြင့် မွန်းစတား တစ်ကောင်ကို ကိုင်တွယ်နိုင်သည်။
သို့သော် အကယ်၍ နေရာ အနှံ့အပြားမှ သတ္တဝါများ ထွက်ပေါ်လာပါက သူသည် သေမင်းနှင့် တွေ့ဆုံရဖို့သာ ရှိတော့သည်။
သူ စိတ်လိုက်မာန်ပါ မရွေးချယ်နိုင်ချေ။
ရွှီရှင်းသည် လမ်းကြောင်း သုံးခုလုံးကို လေ့လာကြည့်သည်။
အက်ကြောင်း တစ်ခုချင်းစီမှာ ခဏအကွာတွင် ကွေ့သွားသဖြင့် ရှေ့တွင် ဘာရှိသည်ကို မမြင်ရချေ။
လမ်းအဝင်ဝများတွင်လည်း ထူးခြားသည့် အမှတ်အသားများ လုံးဝမတွေ့ရချေ။
သူ မြေပုံကို စစ်ဆေးကြည့်သော်လည်း ဝင်္ကပါပုံစံမျိုး ပေါ်မလာဘဲ၊ ကုန်းပေါ်က ဝက်ဝံနက်ဂူနှင့် တောအုပ်ပုံစံကိုသာ ပြသနေဆဲ ဖြစ်သည်။
အတော်ကြာ စူးစမ်းကြည့်သော်လည်း ထင်ရှားသည့် သဲလွန်စတစ်ခုမျှ မတွေ့ရချေ။
"ဒါက ကံတရားအပေါ်မှာပဲ မူတည်နေတာလား ဒါမှမဟုတ် လမ်းမှားသွားလည်း ဘာမှမဖြစ်ဘူးလား"
ရွှီရှင်း မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။
ခဲခဲ ကလည်း လမ်းကြောင်း သုံးခုရှေ့တွင် ဟိုပြေးဒီပြေးလုပ်ရင်း တစ်ခါတစ်ရံ အထဲကို လှမ်းကြည့်နေကာ ၎င်းကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်ပုံရသည်။
"ခဲခဲ... ခုနက အထဲမှာ အန္တရာယ်ရှိတယ်လို့ မင်း ခံစားခဲ့ရတယ် မဟုတ်လား အခု ဘယ်ဘက်မှာ အန္တရာယ်ရှိလဲဆိုတာ မင်း ပြောနိုင်မလား"
ရွှီရှင်းက ခဲခဲ ကို တိုးတိုးလေး မေးလိုက်သည်။
"အီးးး အီးးး..."
ခဲခဲ ခဏမျှ ငြိမ်သွားပြီးနောက်၊ ဘယ်ဘက်လမ်းကို ညွှန်ပြသည်။
ထို့နောက် အလယ်လမ်းကို ညွှန်ပြပြီး၊ နောက်ဆုံးတွင် ညာဘက်လမ်းကို ညွှန်ပြပြန်သည်။
"... အရပ်မျက်နှာ အားလုံးမှာ အန္တရာယ်ရှိနေတာလား"
"အီးးး အီးးး"
"ဘယ်ဘက်က အန္တရာယ် အရှိဆုံးလဲ"
"အီးးး အီးးး။"
ခဲခဲ က ခေါင်းခါပြသည်၊ ၎င်းလည်း မသိဟု ဆိုလိုခြင်း ဖြစ်သည်။
ရွှီရှင်း စိတ်တည်ငြိမ်သွားစေရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဒါ ဘာသဘောလဲပါလိမ့်။ လမ်းတိုင်းမှာ အန္တရာယ် ရှိနေတာလား။
အားလုံးမှာ အန္တရာယ် ရှိနေမှတော့ တစ်ခုချင်းစီကိုပဲ စမ်းကြည့်ရတော့မှာပေါ့။
မဟုတ်သေးပေ၊ သူ ဤမျှ မိုက်မဲလို့ မဖြစ်ချေ။
သေချာ စဉ်းစားပြီးနောက် ရွှီရှင်း လီဝမ်ရှီးထံသို့ စာပို့လိုက်သည်။
"မင်း အဝင်ဝကို ရှာတွေ့ပြီလား"
လီဝမ်ရှီးက သူမ၏ သစ်ပင်အိမ်ပတ်ဝန်းကျင်တွင် သတ္တုတွင်းဟောင်းတွေ ရှိကြောင်းနှင့် ဂူထဲတွင် အဝင်ဝ ပေါ်လာပါက သူမ ရှာတွေ့နိုင်ခြေ များကြောင်း ပြောဖူးသည် မဟုတ်ပါလား။
လီဝမ်ရှီးက စက္ကန့်ပိုင်းအတွင်း ပြန်ဖြေသည်။
"ရှာတွေ့ပြီ ဆက်သွယ်ရေးလိုင်းမှာ လူတစ်ယောက်ပြောတဲ့အတိုင်း ထူးဆန်းတဲ့ အသံတွေထွက်နေတဲ့ တွင်းဟောင်းတစ်ခုထဲ ဝင်ကြည့်တာ၊ အဝင်ဝအသစ်လေး တစ်ခုကို တကယ်တွေ့တယ်"
ရွှီရှင်းက အသံဖြင့်စာ ပို့လိုက်ရာ ချက်ချင်းပင် ဖုန်းကိုင်လာသည်။
"မင်း အထဲဝင်သွားပြီလား"
ရွှီရှင်းက တိုးတိုးလေး မေးလိုက်သည်။
"အင်း... ဝင်နေတာ... ဒါပေမဲ့ လမ်းခွဲတွေ အများကြီးပဲ၊ ကျွန်မ လမ်းပျောက်နေပြီ..."
လီဝမ်ရှီး၏ အသံမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။
"လမ်းပျောက်တာလား"
ရွှီရှင်း အံ့သြသွားရသည်။
"မင်းက ဒီအတိုင်း လျှောက်ဝင်သွားတာလား"
"ဒီအတိုင်း ဘယ်ဟုတ်မလဲ၊ ကျွန်မ အမှတ်အသားတွေ လုပ်ခဲ့တာပေါ့ ဒါပေမဲ့ လမ်းခွဲတွေက အရမ်းများလွန်းတော့ နောက်ဆုံးတော့လည်း လမ်းပျောက်သွားတာပဲ" ဟု လီဝမ်ရှီးက ညည်းတွား၏။
လမ်းခွဲတွေ အများကြီး ဟုတ်လား။
ရွှီရှင်း ရှေ့က လမ်းကြောင်း သုံးခုကို ကြည့်လိုက်သည်။
ဒါဆိုရင် ဒီနေရာမှာတင် လမ်းခွဲတစ်ခုတည်း ရှိတာ မဟုတ်ဘဲ၊ ဒါဟာ ဂူထဲက ဝင်္ကပါကြီး တစ်ခုပေါ့။
အခန်း ၈၀ ပြီး။
အခန်း (၈၁) - ဂူဝင်္ကပါ
ဒါက ရိုးရိုးရွေးချယ်မှုတစ်ခုတင် မဟုတ်ဘူး၊ ဒါက ဝင်္ကပါကြီးတစ်ခုပဲ။
"အခုထိ ဘာအန္တရာယ်မှ မတွေ့သေးဘူးလား"
ရွှီရှင်းက လီဝမ်ရှီးကို မေးလိုက်သည်။
"အင်း... ကြွက်တစ်ကောင်ကို အန္တရာယ်လို့ သတ်မှတ်မလားတော့ မသိဘူး။ ကြောင်ပေါက်လေးတစ်ကောင်လောက် ကြီးတယ်၊ ကိုယ်ပေါ်မှာ သွေးရောင်ပုံစံတွေနဲ့ မျက်လုံးတွေက နီရဲနေတာ။ မြင်မြင်ချင်းပဲ ကျွန်မ ကို လာကိုက်တော့တာပဲ။ ဒါပေမဲ့ ကျွန်မက အပြာရောင်အဆင့် သံချပ်ကာအပြည့် ဝတ်ထားတာဆိုတော့ သူ ကျွန်မ ကို မကိုက်နိုင်ဘူး။ ဒါနဲ့ပဲ ကျွန်မ လှံနဲ့ တစ်ချက်တည်း ထိုးသတ်လိုက်တာ"
လီဝမ်ရှီးက ပေါ့ပေါ့ပါးပါးပင် ပြောပြ၏။
"... မင်းကတော့ တကယ့်ကို သတ္တိခဲမလေးပဲ"
ရွှီရှင်း ဆွံ့အသွားရသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကိုယ်ပေါ်မှာ သွေးရောင်ပုံစံတွေနဲ့ နီရဲနေတဲ့ မျက်လုံးတွေဆိုတာ ရွှီရှင်း အရင်က သတ်ခဲ့ဖူးတဲ့ ညစ်ညမ်းနေတဲ့ ဗီဇပြောင်းသတ္တဝါတွေ မဟုတ်လား။
အမှန်ပင်၊ ဤအစီအစဉ်တွင် ဗီဇပြောင်းသတ္တဝါများ စတင်ပေါ်ပေါက်လာပြီ ဖြစ်သည်။
အရင်အစီအစဉ်တုန်းက ယဇ်ပလ္လင်ကနေ ဆင့်ခေါ်မှသာ ပေါ်လာတာဖြစ်ပြီး၊ အခု တိုက်ရိုက်ပေါ်လာပြီး ရှင်ကျန်သူတွေကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။
"ပြောဖို့မေ့နေတာ၊ အခု အမှတ်တွေတောင် ရနေပြီနော်။ ကျွန်မ အဲဒီထူးဆန်းတဲ့ ကြွက်ကြီးကို သတ်လိုက်တော့ အမှတ် ၂၀ တိတိ ရတယ်"
လီဝမ်ရှီး၏ အသံမှာ စိတ်လှုပ်ရှားနေပုံရ၏။
"အမှတ်တွေ ထပ်ရဦးမယ်ဆိုတာ ငါ သိသားပဲ"
အမှတ် ၂၀ လား အရင်အမဲလိုက်ပွဲတုန်းက တောကြောင်တစ်ကောင် ၅ မှတ်ကနေ ၁ မှတ်အထိ ကျသွားတာနဲ့ တွက်ကြည့်ရင်၊ အကယ်၍သာ အမဲလိုက်ပွဲအတွင်းဆိုရင် လီဝမ်ရှီးသတ်တဲ့ သွေးရောင်ကြွက်ဟာ အမှတ် ၁၀၀ လောက် တန်ပေလိမ့်မည်။
ပြီးတော့ သွေးရောင်ယုန်နဲ့ သွေးရောင်တောကြောင်တွေက အမှတ် ၅၀၀ တန်တာဆိုတော့၊ သူတို့ကြားမှာ အစွမ်းချင်း ကွာခြားချက်ရှိနေသေးတာ သေချာသည်။
လီဝမ်ရှီးရဲ့ ပြောပြချက်အရလည်း သိနိုင်သည်။
သွေးရောင်ယုန် က အပြာရောင်အဆင့် သံချပ်ကာကိုတောင် ဖောက်နိုင်ပေမဲ့၊ ဒီကြွက်ကတော့ လီဝမ်ရှီးရဲ့ ခုခံမှုကို မဖောက်နိုင်ခဲ့ချေ။
ကြည့်ရတာ ယဇ်ပလ္လင်က ဆင့်ခေါ်တဲ့ ဗီဇပြောင်းသတ္တဝါတွေက ပိုပြီးတော့ အစွမ်းထက်ပုံရသည်။
"ရှင် အဝင်ဝ ရှာမတွေ့သေးဘူးလား ဂူတွေထဲမှာ လိုက်ရှာကြည့်ပါဦး၊ ကျွန်မ လည်း ဂူတစ်ခုထဲမှာ ရှာတွေ့တာဆိုတော့ အဝင်ဝတွေက ဂူထဲမှာပဲ ရှိနိုင်တယ်"
ရွှီရှင်း ခဏ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီဝမ်ရှီးက သူ အဝင်ဝရှာမတွေ့၍ စိတ်ပျက်နေသည်ဟု ထင်ကာ အားပေးစကား ဆိုရှာသည်။
"ရှာတွေ့ပါပြီ၊ အထဲမဝင်ခင် မင်းဆီက အခြေအနေလေး အရင်မေးကြည့်တာပါ"
"ဪ... ဒါဆိုရင်လည်း မြန်မြန်ဝင်လိုက်တော့လေ၊ ကျွန်မ လည်း လမ်းထွက်ပေါက် ရှာတွေ့မလားလို့ ဆက်လျှောက်ကြည့်လိုက်ဦးမယ်"
ဖုန်းချပြီးနောက် ရွှီရှင်းသည် မသိရသေးသော အရာများအပေါ် ကြောက်ရွံ့စိတ် အနည်းငယ် လျော့ပါးသွားသည်။
မြေအောက်သတ္တဝါတွေအကြောင်း ကောင်းကောင်းသိနေတဲ့ သူ့ထက်စာရင်၊ ဘာမှမသိဘဲ ရဲရဲဝံ့ဝံ့သွားနေတဲ့ လီဝမ်ရှီးက ပိုပြီး သတ္တိရှိပုံရသည်။
ရွှီရှင်းသည် ဘယ်ဘက်လမ်းကို ရွေးချယ်လိုက်ပြီး၊ လမ်းတစ်ခုကို အဆုံးအထိ အရင်စမ်းလျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် သံဓားကို အသုံးပြု၍ ဘယ်ဘက်အက်ကြောင်း အနားသတ်တွင် အမှတ်အသားတစ်ခုကို နက်နက်ရှိုင်းရှိုင်း ထွင်းထုလိုက်ပြီးနောက်၊ ကိုယ်ကို ဘေးတစောင်းလှည့်၍ အထဲသို့ တိုးဝင်ခဲ့၏။
လီဝမ်ရှီးရဲ့ ပြောပြချက်အရ အထဲမှာ အန္တရာယ်တွေ ရှိနေတာ မှန်သော်လည်း၊ ဒါက အဝင်ဝပဲ ရှိသေးတာကြောင့် အန္တရာယ်က သိပ်မကြီးနိုင်သေးဘူးဟု သူ ယူဆလိုက်သည်။
ဖြစ်နိုင်သည်မှာ သူသည် အရင်က အလွန်အမင်း သတိထားလွန်းနေခြင်း ဖြစ်နိုင်သည်။
ခဲခဲ ကလည်း သူ့နောက်ကနေ လမ်းလျှောက်လိုက်လာသော်လည်း၊ ရွှီရှင်းက ၎င်းကို မြေပြင်မှ ကောက်ချီကာ ပုခုံးပေါ်သို့ ပြန်တင်ထားလိုက်သည်။
ဒီနေရာမှာ ဗီဇပြောင်းကြွက်တွေ ရှိနေတာဆိုတော့၊ ပုံမှန်အားဖြင့် သူတို့ရဲ့ ကိုယ်ခန္ဓာ တစ်စိတ်တစ်ပိုင်းက ပိုပြီး သန်မာနေတတ်သလို စွမ်းရည်တစ်ခုခုကလည်း ထူးခြားနေတတ်ရာ၊ ဤသတ္တဝါလေးသည် သူ့ပုခုံးပေါ်မှာသာ ပို၍ ဘေးကင်းပေလိမ့်မည်။
ဂူအတွင်းမှာ အလွန်တိတ်ဆိတ်နေ၏။
ရွှီရှင်းသည် ပေါ့ပါးသော သားရေချပ်ဝတ်ကို ဝတ်ထားသဖြင့် သူ၏ချပ်ဝတ်က ကျောက်နံရံနှင့် ပွတ်တိုက်သံ၊ ကျောက်ခဲလေးများ ပြုတ်ကျသံနှင့် သူ၏ အသက်ရှူသံ၊ နှလုံးခုန်သံတို့ကိုသာ သဲ့သဲ့ကြားနေရသည်။
ရွှီရှင်းသည် သံဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဖြစ်လာနိုင်သော အန္တရာယ်မှန်သမျှကို နိုးနိုးကြားကြား စောင့်ကြည့်ရင်း ဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာခဲ့၏။
သို့သော် နောက်ထပ် လမ်းခွဲတစ်ခုသို့ ရောက်သည်အထိ ဘာအန္တရာယ်မှ မတွေ့ရသလို၊ မြေပုံပေါ်တွင်လည်း အနီစက်များ ပေါ်မလာချေ။
ရွှီရှင်းသည် ဤလမ်းကြောင်းအတွင်း၌ သူ၏မြေပုံက အလုပ်လုပ်နိုင်ပါဦးမလားဟု သံသယဝင်လာမိသည်။
ဥပမာပေးရလျှင် သူသည် ယခုအခါ မြေအောက်ကမ္ဘာ ထဲသို့ ရောက်နေခြင်းဖြစ်ပြီး၊ မြေပုံမှာမူ ကုန်းပေါ်က ကမ္ဘာကြီးကိုသာ ပြသပေးနေခြင်း ဖြစ်ဟန်တူသည်။
ယခုအချိန်တွင် သူသည် မြေပြင်အောက် တော်တော်လေးကို ရောက်နေပြီဖြစ်ကြောင်း သူလျှောက်ခဲ့သည့် အကွာအဝေးအရ သိနိုင်သည်။
သူသည် မြေအောက်သို့ ရောက်နေသော်လည်း မြေပုံက ကုန်းပေါ်က မြေမျက်နှာပြင်နှင့် ရန်သူများကိုသာ ပြသနိုင်သည်။
ဤမြေအောက်ကမ္ဘာ၏ ဖွဲ့စည်းပုံ သို့မဟုတ် ရန်သူများကိုတော့ မြေပုံက ပြသပေးနိုင်ခြင်း မရှိတော့ချေ။
ဤအချိန်တွင် ရွှီရှင်းသည် ဖန်တီးသူအခွင့်အရေး ကို သော့ဖွင့်ပေးခဲ့သော ထိုအသံကို တောင့်တမိသော်လည်း၊ ထိုအသံမှာ အချိန်ကိုက် ထွက်ပေါ်လာမည်မဟုတ်ရာ သူကိုယ်တိုင်သာ အားကိုးရတော့မည် ဖြစ်သည်။
လမ်းကြောင်းတစ်ခုတွင် အမှတ်အသားပြုလုပ်ပြီးနောက် ရွှီရှင်း ရှေ့သို့ ဆက်တက်ခဲ့သည်။
"အီးးး"
အက်ကြောင်းအတွင်း ဘေးတစောင်း တိုးဝင်နေစဉ် သူ၏ပုခုံးပေါ်က ခဲခဲ က ရုတ်တရက် အော်ဟစ်လိုက်သည်။
"မွန်းစတားတွေ လာနေပြီ"
ရွှီရှင်းသည် သံဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ကျဉ်းမြောင်းလှသော ကျောက်သားကြားတွင် ကိုယ်ကို တောင့်ထားလိုက်သည်။
သူသည် ဖြည်းဖြည်းချင်း ရှေ့တိုးကာ လမ်းအကွေ့တစ်ခုတွင် ကျောကပ်ရပ်လိုက်၏။
ဤသို့ဆိုလျှင် ခေါင်းမလှည့်ဘဲ ဘယ်ညာ နှစ်ဖက်စလုံးကို မြင်နိုင်ပေလိမ့်မည်။
ကျဉ်းမြောင်းသော နေရာဖြစ်သဖြင့် ရွှီရှင်းသည် အသင့်ပြင်ထားသော မြှားသေနတ် ကို ထုတ်ယူကာ၊ ဘယ်ဘက်လက်ဖြင့် ခလုတ်ကို ကိုင်ထားပြီး ညာဘက်လက်ဖြင့် သံဓားကို ဆုပ်ကိုင်ထားလိုက်သည်။
မကြာမီမှာပင် အရပ်မျက်နှာ နှစ်ဖက်စလုံးမှ "ကျိကျိ" မြည်သံများကို ကြားလိုက်ရသည်။
အကျင့်အတိုင်း မြေပုံကို လှမ်းကြည့်လိုက်သော်လည်း ဘာအနီစက်မှ ပေါ်မလာချေ။
"အရေးကြီးတဲ့ အချိန်ကျမှ အသုံးမကျလိုက်တာ"
သူ ကြိုတင်ခန့်မှန်းထားသော်လည်း မကျေမနပ် ရေရွတ်လိုက်မိသည်။
အော်သံများ ပိုမိုနီးကပ်လာသည်နှင့်အမျှ၊ သွေးရောင်ပုံစံများ ဖုံးလွှမ်းနေသော ဧရာမ ကြွက်ကြီး နှစ်ကောင်မှာ ဘေးတစ်ဖက်စီမှနေ၍ ရွှီရှင်းထံသို့ ပြေးဝင်လာကြတော့သည်။
၎င်းတို့မှာ လီဝမ်ရှီး ပြောပြသကဲ့သို့ပင် ကြောင်တစ်ကောင်လောက် ကြီးသည်။
မဟုတ်သေး...
ကြောင်ထက်တောင် ပိုကြီးပုံရသည်။
ကြောင်များမှာ ကိုယ်လုံးသွယ်သော်လည်း ဤကြွက်ကြီးများမှာမူ အတော်လေး ထွားကြိုင်းလှသည်။
ရွှီရှင်းသည် တွန့်ဆုတ်မနေဘဲ ဘယ်ဘက်က သွေးရောင်ကြွက်ထံသို့ မြှားသေနတ် ဖြင့် ပစ်ခတ်လိုက်သည်။
မြှားမှာ အလွန်ပြင်းထန်သော အရှိန်နှင့် ပြေးထွက်သွားရာ၊ ဤကျဉ်းမြောင်းသော နေရာတွင် ထိုကြွက်ကြီးမှာ ရှောင်ရန် နေရာမရှိဘဲ စူးစူးဝါးဝါး အော်ဟစ်လျက် မြေပြင်ပေါ်သို့ မြှားနှင့်အတူ ကပ်လျက် စိုက်ဝင်သွားတော့သည်။
"အီးးး"
ခဲခဲ က ရွှီရှင်း၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်တွင် ရုန်းကန်နေသော ကြွက်ကြီးဆီသို့ ပြေးသွားသည်။
တစ်ချိန်တည်းမှာပင် ညာဘက်မှ ကြွက်ကြီးသည်လည်း သူ့ထံသို့ ခုန်အုပ်လာရာ၊ ရွှီရှင်းသည် သူ၏ ထက်မြက်သော သံဓားကို ဝှေ့ယမ်း၍ ပိုင်းချလိုက်သည်။
သံဓားက ထိုဗီဇပြောင်းကြွက်ကြီးကို နှစ်ပိုင်း တိတိ ပြတ်သွားစေခဲ့သည်။
[ဗီဇပြောင်းကြွက်တစ်ကောင်ကို သတ်ဖြတ်နိုင်သဖြင့် အမှတ် ၂၀ ရရှိသည်။]
ဒီလောက်တောင် အားနည်းတာလား။
ရွှီရှင်း မယုံနိုင်အောင် ဖြစ်သွားရသည်၊ ဤဗီဇပြောင်းကြွက်မှာ မမျှော်လင့်ဘဲ အားနည်းနေခြင်းကြောင့် ဖြစ်သည်။
မှန်ပါသည်၊ ၎င်းမှာ ခဲခဲ ၏ သတိပေးချက်ကြောင့် သူ ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း၊ တိုက်ခိုက်ရန် အကောင်းဆုံးနေရာကို ရယူနိုင်ခြင်းနှင့် အပြာရောင်အဆင့် သံလက်နက် နှစ်ခုကို အသုံးပြုခြင်းတို့ကြောင့် လွယ်လွယ်ကူကူ သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားသူများအတွက်မူ ဤမျှ လွယ်ကူလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း... ယဇ်ပလ္လင်မှ ဆင့်ခေါ်ခဲ့သော သတ္တဝါများနှင့် ယှဉ်လျှင် ဤကြွက်များမှာ အတော်လေး အဆင့်နိမ့်လှ၏။
မြှားဖြင့် အစိုက်ခံထားရသော ကြွက်ကြီးမှာ အသက်မသေသေးဘဲ ရုန်းကန်နေဆဲပင်။
ခဲခဲ က ၎င်းကို တစ်ချက်တစ်ချက် လှမ်းရိုက်နေသော်လည်း ဘာမှမထူးဘဲ ကြွက်ကြီးမှာ ပို၍ပင် အော်ဟစ်ရုန်းကန်နေသည်။
ရွှီရှင်းသည် ဓားဖြင့် တစ်ချက်တည်း ပိုင်း၍ ၎င်း၏ ဝေဒနာကို အဆုံးသတ်ပေးလိုက်သည်။
[ဗီဇပြောင်းကြွက်တစ်ကောင်ကို သတ်ဖြတ်နိုင်သဖြင့် အမှတ် ၂၀ ရရှိသည်။]
အမှတ် ၄၀ ကို သူ လွယ်လွယ်ကူကူ ရရှိလိုက်သည်။
ဤအမှတ်များမှာ ရလွယ်သဖြင့်၊ သူသည် အိမ်ပြန်ရောက်လျှင် အမှတ်အချို့ သုံးစွဲပြီး ထင်းရှူးပင်အချို့၏ ကြီးထွားမှုကို မြန်အောင်လုပ်ကာ သစ်ပင်အိမ် ပြန်လည်မွမ်းမံရန်နှင့် အပြာရောင်အဆင့် အပင်များအတွက် စိုက်ပျိုးခန်းတစ်ခု ဆောက်ရန် သစ်လုံးများ ရယူနိုင်ပေလိမ့်မည်။
ရွှီရှင်းသည် အသားခွဲဓား ကို ထုတ်ယူကာ ဤဗီဇပြောင်းကြွက်ဆီမှ ဘာကုန်ကြမ်းတွေ ရနိုင်မလဲဟု စစ်ဆေးကြည့်လိုက်သည်။
[ရရှိသည့်ပစ္စည်းများ: ဗီဇပြောင်းကြွက်အရေခွံ (အပြာရောင်အဆင့်) ၁ ခု၊ ဗီဇပြောင်းကြွက်အမြီး (အစိမ်းရောင်အဆင့်) ၁ ခု၊ ဗီဇပြောင်းကြွက်သား (အစိမ်းရောင်အဆင့်) ၈ ကီလိုဂရမ်]
ဝိုး... ကြွက်သား ၈ ကီလိုတောင် ရတာလား၊ ဒီကြွက်ကြီးက တော်တော် ဆူတာပဲ။
သို့သော် အရေခွံတစ်ခုတည်းသာ အပြာရောင်အဆင့် ဖြစ်ပြီး အမြီးနှင့် အသားမှာ အစိမ်းရောင်အဆင့် သာ ဖြစ်သည်။
ရွှီရှင်းသည် ကြွက်အရေခွံ၏ အသုံးဝင်ပုံကို သိထားသော်လည်း၊ အမြီးနှင့် အသား၏ ဖော်ပြချက်ကို ဆက်ဖတ်ကြည့်လိုက်သည်။
[ဗီဇပြောင်းကြွက်အမြီး (အစိမ်းရောင်အဆင့်): အကယ်၍ ၎င်းရဲ့ မူလဇာစ်မြစ် ကို သင် ဂရုမစိုက်ဘူးဆိုရင်၊ ဒါဟာ မမျှော်လင့်ဘဲ အရသာရှိပြီး စွပ်ပြုတ်လုပ်ရာမှာ အသုံးဝင်ပါတယ်]
[ဗီဇပြောင်းကြွက်သား (အစိမ်းရောင်အဆင့်): ဗီဇပြောင်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အသားဖြစ်ပြီး၊ အဆီလည်းရှိကာ ဘာအနံ့ဆိုးမှ မရှိပါဘူး။ အသားကင်လုပ်ဖို့အတွက် မရှိမဖြစ်ပါပဲ]
ဟင်။
စားလို့ရတာလားဟ။
ဘာလို့ စားလို့ရတာလဲ။
ဒါက အဆိပ်မရှိဘူးလား။
---
အခန်း ၈၁ ပြီး။