အခန်း (၂၇)
Vol. 2 Ch. 27
ဤအခိုက်အတန့်မှာ ပိုင်ယွဲ့သည် သီရှီထျန် သူ၏ ခန္ဓာကိုယ်ထဲမှာ ချန်ထားပေးခဲ့သော မိစ္ဆာစွမ်းအားဖြင့် ရင်းနှီးကျွမ်းဝင်ရန် ကြိုးစားနေသည်။ မိစ္ဆာစွမ်းအားကို ပိုပြီးသူရင်းနှီးလာသည်နှင့်အမျှ မိစ္ဆာစွမ်းအားက မည်မျှအံ့ဖွယ်ကောင်းကြောင်း နားလည်သွားသည်။ အဘယ့်ကြောင့်ဆိုသော် မိစ္ဆာစွမ်းအားကို သူလှည့်ပတ်လိုက်စဉ် သူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း သန်မာလာနေကြောင်း သူခံစားမိသောကြောင့်ပင်။ ယင်းက အနည်းငယ်မျှသာ ဖြစ်သော်လည်း ယခင်ကထက် ပိုပြီးသန်မာလာကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်၏။
တောအုပ်ထဲတွင် အရာအားလုံးကို ခွန်အားဖြင့်သာ ဆုံးဖြတ်သည်။
ဝံပုလွေဘုရင်သည် ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်တစ်ကောင် ဖြစ်သည်။ သူ့အား ထိုသို့စွမ်းအားကို အပ်နှင်းပေးခဲ့သည့်အတွက် သီရှီထျန်ကို အလွန်ကျေးဇူးတင်သည်။ သူက လူသားများကဲ့သို့ ဉာဏ်နီဉာဏ်နက်မများပေ။ သူ၏ စိတ်ထဲမှာ သီရှီထျန်ကို လုံးလုံးလျားလျား အညံ့ခံလိုက်သည်။ ထို့ပြင် သူ၏ နှလုံးသားထဲမှာ သစ္စာရှိမှုက စတင်မွေးဖွားလာသည်။
“ အာဝူး ”
ဝံပုလွေဘုရင်က မျက်လုံးဖွင့်လိုက်ပြီး မြေကြီးပေါ်မှာ မတ်တတ်ရပ်လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ ဆွဲငင်အူလိုက်သည်။
ဝံပုလွေဘုရင် အူလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဝံပုလွေများက ချက်ချင်း တုံ့ပြန်လိုက်ကြပြီး လိုက်လံအူကြသည်။ သို့သော်လည်း ဝံပုလွေဘုရင်၏ အူသံထဲမှာ အဓိပ္ပာယ်တစ်ခုရှိနေဟန် ရ၏။
ဝံပုလွေဘုရင်၏ အူသံ ဆုံးသွားသည်နှင့် သန်စွမ်းကြံ့ခိုင်သော ဝံပုလွေများက သုံးကောင်မှ ငါးကောင်အထိ အုပ်စုတစ်စုဖွဲ့၍ အရပ်မျက်နှာအသီးသီးဆီသို့ ထွက်သွားကြသည်။ အုပ်စုတစ်စုနှင့်တစ်စုက ဦးတည်ရာမတူညီပေ။ မျက်စိတစ်မှိတ်အတွင်းမှာ ဝံပုလွေတစ်ထောင်ကျော်က ခွဲထွက်သွားကြသည်။ အရေအတွက်တစ်ထောင်ကျော်သော ဝံပုလွေများ၏ လှုပ်ရှားမှုက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်စေသည်။
“ အရှင်က ငါ့ကို စွမ်းအားနဲ့ နာမည် ပေးအပ်ခဲ့တယ်… အရှင်က ငါ့ကို သုံးရက်ကြာပြီးရင် လာတွေ့ဖို့ ပြောခဲ့တယ်… အရှင့်ဆီ ငါမသွားခင် အရှင်ပေးထားတဲ့ တာဝန်ကို အရင်ပြီးမြောက်အောင် ထမ်းဆောင်ရမယ် ”
ဝံပုလွေဘုရင်ပိုင်ယွဲ့သည် တောအုပ်၏ အနက်ပိုင်းထဲသို့ လေးနက်စွာ စိုက်ကြည့်လိုက်သည်။
စက်ကရာသည် သူပြန်မထွက်သွားခင် ကျားရဲတောင်တန်းဒေသထဲမှာ တခြားသားရဲဘုရင်များ ရှိနေသည်လော ဝံပုလွေဘုရင်ကို စုံစမ်းခိုင်းခဲ့သည်။
ဝံပုလွေဘုရင်ပိုင်ယွဲ့သည် ထိုအမိန့်ကို သူ၏ နှလုံးသားထဲမှာ အမြဲမှတ်သားထားသည်။
… … …
ဝံပုလွေဘုရင်က တောအုပ်၏ အနက်ပိုင်းထဲသို့ ကြည့်နေစဉ် သူ၏ နားရွက်က ရုတ်တရက် လှုပ်ခါသွားသည်။ သူ၏ အကြည့်က အေးစက်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး မနီးမဝေးမှ ချုံနွယ်ပိတ်ပေါင်းကို ကြည့်လိုက်သည်။ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းလာသည်။
“ အာဝူး ”
ဝံပုလွေဘုရင်က ခေါင်းမော့လိုက်ပြီး မောက်မာထောင်လွှားစွာ အူလိုက်သည်။ ထိုအူသံကြောင့် မြေကြီးပေါ်မှာ လဲလျောင်းနေကြသော ဝံပုလွေအားလုံးက ရုတ်တရက် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့က ချုံနွယ်ပိတ်ပေါင်း၏ ဦးတည်ရာဆီသို့ မြန်ဆန်စွာ ပြေးသွားကြသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အရေအတွက်ရာချီသော ဝံပုလွေများက ချုံနွယ်ပိတ်ပေါင်း၏ တည်နေရာကို အဖက်ဖက်မှ ဝိုင်းရံလိုက်ကြသည်။
“ မကောင်းတော့ဘူး… ငါတို့ကို ရှာတွေ့သွားလို့ မဖြစ်ဘူး ”
ဝံပုလွေဘုရင်က သူတို့၏ ဦးတည်ရာဆီသို့ စိုက်ကြည့်နေကြောင်း နှာခေါင်းကြီးမြင်သွားသောအခါ သူက နှလုံးခုန်မြန်သွားသည်။ သူတို့သုံးယောက်ကို ရှာတွေ့သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူက တခြားနှစ်ယောက်ကို ခေါ်၍ ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် အလွန်နောက်ကျသွားချေ၏။
ဝံပုလွေဘုရင်သည် အလွန်သတိကြီးသည်။ သူက ထိုသုံးယောက်ကို ရှာတွေ့သွားသည်နှင့်ချက်ချင်း တခြားဝံပုလွေများကို အမိန့်ပေးလိုက်ပြီး ထိုနေရာကို ဘေးပတ်ပတ်လည်မှ ဝိုင်းရံစေသည်။
ရာပေါင်းများစွာသော ဝံပုလွေများသည် သူတို့သုံးယောက်ကို ထူထဲစွာ ဝိုင်းရံထားကြပြီး စိုက်ကြည့်နေကြသည်။ သွေးဆာလောင်မှုက သူတို့အားလုံး၏ မျက်လုံးထဲမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။ ယင်းက တစ်စုံတစ်ယောက်ကို ဆံပင်မွှေးထောင်စေရန် လုံလောက်ပေသည်။ ထိုသို့အခြေအနေဖြင့် တွေ့ကြုံရသောအခါ နှာခေါင်းကြီးက စိတ်ထဲမှာ ခါးသီးစွာ ရယ်လိုက်သည်။
သူက မတ်တတ်ရပ်လိုက်ပြီး သူ့ဘေးမှ ဝမ်စန်းနှင့် မျောက်ကြီးကို အားတုံ့အားနာ ကြည့်လိုက်သည်။
“ ညီအကိုဝမ်စန်း၊ မျောက်ကြီး… ဒီနေ့ ကျုပ်တို့ ဝံပုလွေတွေရဲ့ ဗိုက်ထဲမှာ အဆုံးသတ်တော့မယ် ထင်တယ်… ဒါတွေအားလုံးက ကျုပ်ရဲ့ အမှားပါ… ခင်ဗျားတို့ကို ဒီနေရာဆီ ကျုပ်မခေါ်လာခဲ့ရင် အခုလို ဖြစ်မှာမဟုတ်ဘူး ”
သူတို့၏ အရှေ့မှ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများကို ကြည့်နေစဉ် စိတ်ပျက်အားလျော့သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထိုမျှများပြားသော ဝံပုလွေများ၏ ဝိုင်းရံမှုအောက်မှာ သူတို့အတွက် လွတ်လမ်းမရှိကြောင်း သူတို့သိလိုက်ကြသည်။
“ နှာခေါင်းကြီး… ခင်ဗျား ဘာပေါက်ကရတွေ ပြောနေတာလဲ… ကျုပ်တို့ထဲက ဘယ်သူက အလောင်းတွေကြားမှာ မရှင်သန်ဖူးလို့လဲ… တကယ်လို့ ကျုပ်တို့ သေရမယ်ဆိုရင်တောင် အတူတူ သေကြတာပေါ့… ခင်ဗျားက သေရမှာကြောက်တယ်ဆိုရင် ယောင်္ကျားမစစ်လို့ပဲ ”
ဝမ်စန်းက မျက်လုံးပြူးလျက် စိတ်ဆိုးစွာ ပြောသည်။ ချွင်ဟူသော မြည်သံနှင့်အတူ သူက ခါးပေါ်မှ ဓားမော့ကို ဆွဲထုတ်လိုက်သည်။ ထိုဓားမော့သည် စစ်ပွဲသုံးဓားမော့ဖြစ်ပြီး ထိပ်တန်းအရည်အသွေးရှိသည်။ ဓားမော့ထွက်ပေါ်လာသည့်အခိုက် အလင်းပြန်မှုက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါက ဓားမော့ပေါ်မှာ စုဝေးသွားသည်။ ယင်းက လူသတ်ရန် အထူးပြုသော လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။
“ ညီအကိုဝမ်စန်းပြောတာ မှန်တယ်… အဆိုးဆုံးအခြေအနေဖြစ်လာရင် ကျုပ်တို့သုံးယောက် ဒီနေရာမှာ အတူတူ သေကြတာပေါ့… ဒါပေမဲ့ ကျုပ်တို့မသေခင် ဝံပုလွေဘယ်လောက်များများကို ကျုပ်တို့နဲ့အတူ ငရဲပြည်ဆီ အပါခေါ်ဆောင်သွားနိုင်မလဲ ကြည့်ကြရအောင် ”
မျောက်ကြီးသည် ခန္ဓာကိုယ်ပိန်ပါးသော်လည်း အရေးကြီးအခြေအနေတွင် သွေးကြောင်မနေပေ။ သူက တုံ့ဆိုင်းမနေဘဲ သူ၏ စစ်ပွဲသုံးဓားမော့ကို ဆွဲထုတ်လိုက်ပြီး လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ သွေးဆာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုက သူ့ထံမှ ထွက်ပေါ်လာသည်။
“ ကောင်းပြီ… အချက်ပြမှုကို အရင်ပို့လွှတ်ရအောင်… ပြီးသွားရင် ဒီဝံပုလွေတွေနဲ့ အသေအကြေ တိုက်ခိုက်ကြမယ် ”
သူ၏ ညီနောင်များ၏ စကားကို ကြားသောအခါ နှာခေါင်းကြီးက စိတ်ထဲမှာ ဂုဏ်ယူမှုကို ခံစားမိသွားသည်။
ထိုအရာအားလုံးက စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သူတို့သုံးယောက်သည် ချုံပုတ်ထဲမှ မတ်တတ်ရပ်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်လိုက်ကြသည်။ ဝါးကျည်တောက်တစ်ခုက မျောက်ကြီး၏ လက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ဝါးကျည်တောက်၏ အောက်ပိုင်းကို မီးရှို့လိုက်သည်။
“ ရွှီး ”
ထို့နောက် နားစူးရှစေမည့် လေခွင်းသံက ဘေးပတ်ဝန်းကျင်ဆီသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ တောက်ပသော ရောင်စုံအလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
“ ဘန်း ”
ရောင်စုံအလင်းတန်းက လေထဲမှာ ပေါက်ကွဲသွားသည့်အခါ မရေမတွက်နိုင်သော အလင်းစက်များက ဧရာမမီးငှက်တစ်ကောင်၏ အသွင်သဏ္ဍာန်အဖြစ် ကောင်းကင်ယံမှာ ပြန့်ကျဲသွားကြသည်။ မီးငှက်က သက်ဝင်လှုပ်ရှားနေဟန် ရ၏။ ဤသည်မှာ ၎င်းက အတောင်ပံဖြန့်၍ ကောင်းကင်ပေါ်သို့ အချိန်မရွေး ပျံတတ်သွားတော့မည့်အလားပင်။ မီးငှက်၏ ပုံရိပ်သည် မပျောက်ကွယ်သွားမီ လေထဲမှာ စက္ကန့်အနည်းငယ်ကြာ တည်ရှိနေခဲ့သည်။ သို့ဖြစ်၍ အချင်းမိုင်တစ်ရာအတွင်းမှ သက်ရှိအားလုံးက ယင်းကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။
“ အာဝူး ”
ဝံပုလွေဘုရင်သည်လည်း ကောင်းကင်ပေါ်မှ မီးငှက်ပုံရိပ်ကို မြင်တွေ့သွားသည်။ သူက အသိဉာဏ်ရှိသော်လည်း လေထဲမှ မီးငှက်ပုံရိပ်၏ အဓိပ္ပာယ်ကို နားလည်ရန် အလုံအလောက်ဉာဏ်မရှိပေ။ သို့သော်လည်း ထိုမီးငှက်ပုံရိပ် ထွက်ပေါ်လာခြင်းက ကောင်းမွန်သော လက္ခဏာမဟုတ်ကြောင်း အကြမ်းဖျဉ်း သူခန့်မှန်းနိုင်သည်။ သူက ဝံပုလွေအုပ်စု၏ ဝိုင်းရံခံထားရသော လူသုံးယောက်ကို စူးစိုက်ကြည့်လိုက်သည်။ သေခြင်းအရှိန်အဝါက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ဆွဲငင်အူလိုက်သည်။
ဝံပုလွေအုပ်စုသည် တိုက်ခိုက်ရန် အချက်ပြမှုကို ရရှိသွားကြသည်။
“ ဝှစ် ”
“ ဂီး ”
“ ဂရား ”
ရိုင်းစိုင်းကြမ်းကြုတ်သော ဝံပုလွေများသည် လူသားသုံးယောက်ပေါ်သို့ တစ်ပြိုင်နက် ခုန်အုပ်လိုက်ကြသည်။ သူတို့က ချွန်ထက်သော ဝံပုလွေလက်သည်းများနှင့် သူတို့၏ ပါးစပ်ထဲမှ သွားအစွယ်များကို ထုတ်ဖော်လိုက်ကြသည်။ လေထဲသို့ ခုန်အုပ်လိုက်စဉ် ကြွင်းကျန်ပုံရိပ်များက သူတို့၏ အနောက်မှာ ကျန်နေခဲ့ကြသည်။
သန်စွမ်းကြံ့ခိုင်သော အရွယ်ရောက်ဝံပုလွေများက အပေါ်၊ အောက်နှင့် လေးဘက်လေးလံမှ ပိတ်ဆို့တိုက်ခိုက်လိုက်ကြသည်။ ဤလောကတွင် ဝံပုလွေသည် အုပ်စုဖွဲ့၍ တိုက်ခိုက်ရာတွင် ကြောက်စရာအကောင်းဆုံး တိရိစ္ဆာန်ဖြစ်သည်။ မြက်ခင်းလွင်ပြင်၌ဖြစ်စေ တောင်တန်းဒေသ၌ဖြစ်စေ သို့မဟုတ် တောအုပ်ထဲ၌ဖြစ်စေ မည်သူမှ ဝံပုလွေအုပ်စုကို ရင်မဆိုင်ချင်ကြပေ။ အကြောင်းအရင်းမှာ ဝံပုလွေအုပ်စုက သန်စွမ်းသော ရက်စက်ကြမ်းကြုတ်မှုကိုသာ ပိုင်ဆိုင်ထားခြင်း မဟုတ်သောကြောင့်ပင်။ သူတို့က အလွန်မြန်ဆန်စွာ ရွေ့လျားနိုင်ကြသည်။ သူတို့ဆီမှာ စိတ်ချင်းဆက်သွယ်မှုလည်း ရှိ၏။ ထို့ကြောင့် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက အလွန်အံ့ဖွယ်ကောင်းသည်။
ထိုသို့စိတ်ချင်းဆက်သွယ်နိုင်မှုက ဝံပုလွေအုပ်စု၏ တိုက်ခိုက်စွမ်းရည်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလိုက်သည်။ အထူးသဖြင့် ဝံပုလွေဘုရင်၏ အမိန့်ပေးမှုအောက်တွင် သူတို့ကို တားဆီးရန် မလွယ်ကူပေ။
ဝံပုလွေများသည် အရေအတွက်အများကြီး စုပြုံမတိုက်ခိုက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ရန်သူသုံးယောက်ရှိနေသော နေရာက အလွန်ကျဉ်းမြောင်းသည်။ ထိုနေရာမှာ တိုက်ခိုက်မှုပြုလုပ်နိုင်သော ဝံပုလွေများ၏ အရေအတွက်က အကန့်အသတ်ရှိသည်။ ဥပမာ ဝံပုလွေအကောင်လေးဆယ် ငါးဆယ်သာလျှင် ရန်သူသုံးယောက်ကို တိုက်ခိုက်နိုင်ကြသည်။ ထိုထက် အရေအတွက်ပိုများလာလျှင် သူတို့အတွက် တိုက်ခိုက်ရန် နေရာရှိတော့မည် မဟုတ်ချေ။ သို့ဖြစ်၍ ကျန်ဝံပုလွေများက သူတို့ကို အေးစက်စက် စိုက်ကြည့်နေကြပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်လိုက်ကြသည်။
“ သတ် ”
ထိုလူသုံးယောက်သည် တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံဖူးသော စစ်သည်တော်များဖြစ်ကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးမှာ ကြောက်ရွံ့ခြင်းက သူတို့၏ ပြဿနာကို မဖြေရှင်းပေးနိုင်ကြောင်း သူတို့သိကြသည်။
ဝမ်စန်း၏ ခန္ဓာကိုယ်က အတော်လေး သန်မာသည်။ အရပ်ရှည်သော ဝံပုလွေတစ်ကောင်က သူ့ဆီသို့ ခုန်အုပ်လာကြောင်း မြင်သောအခါ သူက မျက်လုံးပြူးလိုက်ပြီး စစ်ပွဲသုံးဓားမော့ကို သူ၏ ရင်ဘက်အရှေ့မှာ အလျားလိုက် ထားလိုက်သည်။ ဓားစက်ဝန်းအလင်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
“ စစ်ရေးသိုင်းပညာ… အမြစ်ဖြုတ်တိုက်ကွက် ”
ဓားမော့ကိုင်ထားသော ကိုယ်ဟန်အနေအထားနှင့် နည်းစနစ်အရ သူက သေချာလေ့ကျင့်ခံထားရသော စစ်သည်တော်ဖြစ်ကြောင်း ထင်ရှား၏။ သတ်ဖြတ်ခြင်းအရှိန်အဝါက အပြည့်အဝ လှုံ့ဆော်ခံလိုက်ရသည်။ သူ့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းအရှိန်အဝါက သူ့အရှေ့မှ ရန်သူများကို မခုခံနိုင်သော အရှိန်အဟုန်ကို ပေးသည်။ ဤသည်မှာ စစ်သည်တော်တစ်ထောင်က ဓားတစ်ချက်ဖြင့် အမြစ်ဖြတ်အသတ်ခံရတော့မည့်အလားပင်။ ပုံမှန်အားဖြင့် စစ်ရေးသိုင်းပညာများသည် တိုက်ရိုက်ကျပြီး ရိုးရှင်းသည်။ ယင်းတို့က လူအများနှင့်တစ်ယောက် တိုက်ခိုက်ရန် ဖန်တီးထားသော လူသတ်သိုင်းပညာများ ဖြစ်ကြသည်။ ယင်းတို့က ရန်သူများကို အမြန်ဆုံးနှင့် အလွယ်ကူဆုံး သတ်ပစ်နိုင်ရန် ရည်ရွယ်သည်။
“ ရွှတ် ”
ဓားမော့သည် အလွန်အမင်း ထက်ရှပြီး လျှပ်စီးပမာ မြန်ဆန်သည်။ ယင်းက သူ့အပေါ်သို့ ခုန်အုပ်လာသော ဝံပုလွေ၏ ဦးခေါင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ သို့သော် ထိုဝံပုလွေ၏ အရှိန်အဟုန်က အလွန်ကြောက်စရာကောင်းသည်။ အထူးသဖြင့် ၎င်းက လေထဲမှာ ရှိနေ၏။ သို့ဖြစ်၍ ဝံပုလွေ၏ ဦးခေါင်းက ခုတ်ပိုင်းခံလိုက်ရသော်လည်း ၎င်း၏ လက်သည်းက မူလအရှိန်အဟုန်ကြောင့် အောက်သို့ ကျဆင်းလာဆဲပင်။
ဝံပုလွေလက်သည်းသည် ဝမ်စန်း၏ ဘယ်လက်မောင်းပေါ်သို့ ကျဆင်းသွားသည်။
“ ဗြိ ”
အရိုးများပင် မြင်နေရမည့် လက်သည်းရာက ဝမ်စန်း၏ လက်မောင်းပေါ်မှာ ချက်ချင်း ထွက်ပေါ်လာသည်။
သူတို့က မင်းသမီးလေးနောက်သို့ လိုက်လာလေရာ ပုံမှန်ဝတ်နေကျ သံချပ်ကာကို မဝတ်ခဲ့ကြပေ။ သူတို့က အစောင့်အကြပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် သူတို့၏ ခုခံကာကွယ်မှုက အကန့်အသတ်ရှိ၏။ သာမန်လူတစ်ယောက်၏ အရေပြားက ဝံပုလွေလက်သည်း၏ ထက်ရှမှုကို မည်သို့ခုခံနိုင်မည်နည်း။
“ အာဝူး ”
ဝံပုလွေသည် ရက်စက်ကြမ်းကြုတ်သော တိရိစ္ဆာန်မျိုးစိတ် ဖြစ်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့က ကြောက်လန့်တကြား ထွက်မပြေးကြပေ။ ယင်းအစား ၎င်းတို့က ပိုပြီးရက်စက်ကြမ်းကြုတ်လာလိမ့်မည်။ ဝံပုလွေတစ်ကောင်ပြီးတစ်ကောင်က အသက်ကို အမှုမထားဘဲ အရှေ့သို့ ကြမ်းတမ်းစွာ ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့က သေရမည်ကို မကြောက်ကြပေ။ အကယ်၍ ၎င်းတို့သေရမည်ဆိုလျှင်ပင် ရန်သူ၏ ခန္ဓာကိုယ်ပေါ်မှာ လက်သည်းရာတစ်ခု သေချာပေါက် ချန်ထားခဲ့ရမည်။
သတ်ဖြတ်မှုစတင်သည်နှင့်ချက်ချင်း သေကြေပျက်စီးမှုက ထွက်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဝံပုလွေဒါဇင်ခန့်က မြေကြီးပေါ်မှာ လဲကျသွားကြသည်။ ဝံပုလွေများ၏ ဝိုင်းရံခံထားရသော လူသုံးယောက်သည်လည်း သွေးချင်းချင်းနီရဲနေကြသည်။ ယင်းက ဝံပုလွေ၏ သွေးနှင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ စီးကျနေသော သွေးဖြစ်သည်။ သွေးထွက်နေသော ဒဏ်ရာဒဏ်ချက်များက သူတို့၏ ခန္ဓာကိုယ်အနှံ့ပေါ်မှာ ရှိ၏။ သူတို့၏ ခန္ဓာကိုယ်က ယိမ်းထိုးနေသည်။ သူတို့က ကောင်းကောင်း မတ်တတ်မရပ်နိုင်ကြတော့ချေ။
“ ညီအကိုတို့… နောင်ဘဝကျရင်လည်း ကျုပ်တို့တွေ ညီအကိုပဲ ဆက်ဖြစ်ကြမယ်… ကျုပ် ဝမ်စန်း… တမလွန်ကို အရင်သွားနှင့်မယ်… သေစမ်း ဝံပုလွေစုတ်တွေ ”
ဝမ်စန်းက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ ပြေးသွားသည်။ သူက လက်ထဲမှ ဓားမော့ဖြင့် သူ့အရှေ့မှ ဝံပုလွေတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။
“ စစ်ရေးသိုင်းပညာ… အမြစ်ဖြုတ်တိုက်ကွက် ”
“ တောင်ခွဲဓားကွက် ”
သွေးစက်များက ဝံပုလွေအုပ်စုပေါ်သို့ ပြန့်ကျဲသွားသည်။ သို့သော်လည်း ဝံပုလွေဘုရင်က ထိုလူ၏ ရူးသွပ်စွာ တိုက်ခိုက်မှုကို ရပ်ကြည့်မနေပေ။ ဝံပုလွေဘုရင်က ဆွဲငင်စွာ အူလိုက်သည်။ ၎င်း၏ အူသံကြောင့် အရပ်ရှည်သော ဝံပုလွေဒါဇင်ခန့်က ဝမ်စန်းပေါ်သို့ တစ်ပြိုင်နက် ခုန်အုပ်လိုက်ကြသည်။ တစ်ခဏကြာပြီးနောက် ဝမ်စန်း၏ လည်ပင်းက ဝံပုလွေတစ်ကောင်၏ အကိုက်ခံလိုက်ရသည်။ သူက နေရာမှာတင် သေဆုံးသွားသည်။
“ နောင်ဘဝကျရင်လည်း ညီအကိုတွေပဲ ဆက်ဖြစ်ကြမယ် ”
မျောက်ကြီးနှင့် နှာခေါင်းကြီးသည်လည်း ကျယ်လောင်စွာ အော်လိုက်ကြပြီး အရှေ့သို့ ပြေးသွားကြသည်။ ထိုမျှများပြားသော ဝံပုလွေများ၏ အထပ်ထပ် ဝိုင်းရံမှုအောက်မှာ လွတ်လမ်းမရှိတော့ကြောင်း သူတို့သိထားကြသည်။ ထို့ကြောင့် ယခုအချိန်မှာ အရေးကြီးဆုံးက သူတို့မသေခင် ဝံပုလွေဘယ်နှစ်ကောင်ကို သတ်နိုင်မလဲ ဖြစ်သည်။
မျှော်လင့်ထားသကဲ့သို့ပင် အချိန်သိပ်မကြာမီ သူတို့နှစ်ယောက်သည်လည်း ဝံပုလွေအုပ်စု၏ တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားကြသည်။
ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာဟန် ထင်ရသော်လည်း အမှန်မှာ ဖြစ်စဉ်အစမှအဆုံး ဆယ့်ငါးမိနစ်သာလျှင် ကြာခဲ့၏။ သူတို့သုံးယောက်က ဝံပုလွေအုပ်စု၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားကြသည်။
“ အာဝူး ”
သူတို့သုံးယောက် သေဆုံးသွားသည်ကို မြင်သောအခါ ဝံပုလွေဘုရင်က မျက်လုံးဝင်းလက်သွားသည်။ သူက ထိုအလောင်းသုံးလောင်းကို လှိုဏ်ဂူထဲသို့ ဆွဲခေါ်သွားရန် ဝံပုလွေများကို အမိန့်ပေးလိုက်သည်။ အသတ်ခံလိုက်ရသော ဝံပုလွေများကိုလည်း လှိုဏ်ဂူထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားကြသည်။
… … …