အခန်း (၂၈)
Vol. 2 Ch. 28
မျောက်ကြီးနှင့် တခြားနှစ်ယောက်က သေဆုံးသွားပြီဖြစ်သော်လည်း သူတို့ပို့လွှတ်ခဲ့သော အချက်ပြမှုက ဘေးပတ်ဝန်းကျင်မှ သက်ရှိများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
“ ကြည့်စမ်း… အဲ့ဒါ ငါတို့လူတွေရဲ့ အချက်ပြမှုပဲ… တည်နေရာက အရှေ့တောင်ဘက်မှာ ”
မီးငှက်သည် ချူတော်ဝင်မိသားစု၏ အမှတ်သင်္ကေတ ဖြစ်သည်။ ကောင်းကင်ပေါ်သို့ မီးငှက်ပျံတတ်သွားနေသော ပုံရိပ်ကို မြင်သွားသောအခါ ချင်းဟိုင်က နှလုံးခုန်မြန်သွားသည်။ သူ့လူများက ထိုနေရာမှာ တစ်စုံတစ်ခုကို ရှာတွေ့သွားဟန် ရ၏။
“ ဒါဆို ဘာကို စောင့်နေဦးမှာလဲ… ငါတို့ လူတွေကို အမြန်ပြန်ခေါ်လိုက်ပါ… အရှေ့တောင်ဘက်ဆီ အခုချက်ချင်း ထွက်ခွာကြမယ်… ကျားနက်ကို သေချာပေါက် ငါတို့ရှာဖွေရမယ် ”
မင်းသမီးချူယွမ်၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက အလျင်စလို ပြောသည်။
“ ဟား ဟား… မင်းသမီးလေး ဒီလိုအချိန်မျိုးမှာ ကျုပ်ကို အားကိုးစမ်းပါ… ဒီတစ်ကြိမ် ကံကောင်းစွာပဲ ကျုပ်က သားရဲလည်ပတ်ကို သယ်ဆောင်လာခဲ့တယ်… အဲ့ဒီကျားနက် ဘယ်လောက်ပဲ သန်မာပါစေ သားရဲလည်ပတ်နဲ့ဆိုရင် ဒင်း ကျုပ်ရဲ့ အရှေ့မှာ သေချာပေါက် နာခံရလိမ့်မယ် ”
ကျန်းပိုင်ချွင်းက ရယ်မောလိုက်ပြီး ပြောသည်။ ထို့နောက် သူက သိုလှောင်အမွှေးအိတ်ထဲမှ ထူးဆန်းသော အဝါရောင်လည်ပတ်တစ်ခုကို တည်ငြိမ်စွာ ထုတ်လိုက်သည်။ ယင်းက လက်ကောက်တစ်ခုနှင့် ဆင်တူ၏။ ထိုလည်ပတ်ပေါ်မှာ သေးငယ်သော မှော်သင်္ကေတအများအပြား ရေးထွင်းထားသည်။ ယင်းတို့က အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါ်သည်။
“ အဲ့ဒီကျားနက်ကို ရှာတွေ့တာနဲ့ ဒီသားရဲလည်ပတ်ကို အသုံးပြုလိုက်မယ်ဆိုရင် ကျားနက်က မင်းသမီးလေးအပိုင် ဖြစ်သွားပါလိမ့်မယ် ”
ကျန်းပိုင်ချွင်းက ယုံကြည်ချက်ရှိစွာ ပြောသည်။ ရှင်းလင်းစွာပင် သူက သားရဲလည်ပတ်၏ အစွမ်းကို လွန်စွာ စိတ်ချယုံကြည်ထားသည်။ သားရဲလည်ပတ်ဖြင့်ဆိုလျှင် ကျားနက်ကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ ထို့နောက် ကျားနက်က မင်းသမီးကို သူပေးမည့် မွေးနေ့လက်ဆောင်ဖြစ်လာလိမ့်မည်။ မည်သူသိနိုင်မည်နည်း။ ထိုလက်ဆောင်ဖြင့် သူက မင်းသမီး၏ နှလုံးသားကို သိမ်းပိုက်နိုင်သွားလောက်၏။
ထိုအခိုက်အတန့်မှာ ကျားရဲတောင်တန်းဒေသထဲ၌ လှည့်ပတ်သွားနေကြသော အစောင့်အကြပ်များသည် ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသော အချက်ပြသင်္ကေတကို မြင်သွားပြီးနောက် စခန်းဆီသို့ မြန်မြန် ပြန်ရောက်လာကြသည်။ သို့ဖြစ်၍ ချင်းဟိုင်နှင့် တခြားလူများသည် ကြာကြာ မစောင့်လိုက်ရချေ။ အစောင့်အကြပ်အားလုံးကို ပြန်စုစည်းပြီးနောက် သူတို့အုပ်စုသည် မြင်းများနှင့်အတူ အချက်ပြသင်္ကေတ ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ ချီတတ်သွားကြသည်။
စစ်သည်တော်များသည် စူးရှထက်ရှသော အကြည့်ဖြင့် ဓားမော့များ ဆွဲထုတ်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် သူတို့၏ အရှိန်အဟုန်က အလွန်အံ့ဖွယ်ကောင်း၏။
မှန်ပေသည်။ ထိုအချက်ပြမှုက မင်းသမီးချူယွမ်နှင့် တခြားလူများကိုသာ လမ်းညွှန်ပေးခဲ့ခြင်း မဟုတ်ပေ။ သိုင်းလောကထဲမှ သိုင်းပညာရှင်အများအပြားက ဤတောအုပ်ထဲမှာ ရှိနေကြသည် မဟုတ်ပါလော။ သူတို့သည်လည်း တစ်စုံတစ်ခုဖြစ်ပျက်နေကြောင်း သတိထားမိသောအခါ အရှေ့တောင်ဘက်ဆီသို့ ချက်ချင်း ထွက်ခွာကြသည်။ သူတို့အုပ်စု၏ ရွေ့လျားမှုက တောင်တန်းဒေသထဲမှ တိရိစ္ဆာန်များနှင့် ငှက်များကို ထိတ်လန့်ချောက်ချားစေသည်။
“ အဲ့ဒါ ပိုင်ယွဲ့ရဲ့ အူသံပဲ… သူတစ်ခုခု ဖြစ်နေတာလား ”
လှိုဏ်ဂူထဲမှာ ပဟေဠိဆက်နေသော သီရှီထျန်သည် ဝံပုလွေဘုရင်ပိုင်ယွဲ့၏ ဆွဲငင်အူသံကို ကြားသွားသည်။ သူက မတ်တတ်ရပ်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့အရှေ့မှ ထျန်းအင်ပါယာရတနာသေတ္တာကို ကြည့်လိုက်သည်။
သူက ရတနာသေတ္တာကို ပါးစပ်ဖြင့် ကိုက်၍ ကျောက်နံရံဆီသို့ လျှောက်သွားသည်။ သူက ရတနာသေတ္တာကို အောက်ချလိုက်ပြီး ကျောက်နံရံပေါ်သို့ သူ၏ ကျားလက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။
“ ကျီး ”
သတ္ထုမြည်သံ ထွက်ပေါ်လာသည်။ ချွန်ထက်သော ဓားဖြင့် ထိုးဖောက်လျှင်ပင် အချိန်အတော်ကြာ ခက်ခက်ခဲခဲ လုပ်ဆောင်ရမည့် ကျောက်နံရံက ယခု သူ၏ ကျားလက်သည်းအောက်မှာ တိုဟူးကဲ့သို့ အလွယ်တကူ ထိုးဖောက်ခံလိုက်ရသည်။ သူ၏ ကျားလက်သည်းက ကျောက်နံရံထဲသို့ လွယ်ကူစွာ ထိုးဖောက်ဝင်သွားသည်။
ယင်းကို သီရှီထျန် မအံ့ဩပေ။ ယခု သူ၏ ခန္ဓာကိုယ်ထဲ၌ မိစ္ဆာစွမ်းအားက မရီဒျန်အားလုံးထဲမှာ တသွင်သွင် စီးဆင်းနေသည်။ မိစ္ဆာစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ ကျောက်နံရံကို လက်သည်းတစ်ချက်ဖြင့် ထိုးခွဲခြင်းက သူ့အတွက် အလွန်လွယ်ကူပေသည်။
မိစ္ဆာစွမ်းအားဖြင့် သူ၏ ကျားလက်သည်းကို ဖုံးအုပ်ထားမည်ဆိုလျှင် သာမန်ဓားလှံများက သူ့ကို ထိခိုက်ဒဏ်ရာရစေရန် မလုပ်နိုင်ပေ။ တစ်ချိန်တည်းမှာ သူ၏ လက်သည်းက ကျောက်နံရံများကို အလွယ်တကူ ပိုင်းဖြတ်နိုင်သည်အထိ သန်စွမ်းလာလိမ့်မည်။ ဤအခိုက်အတန့်မှာ သူက မိစ္ဆာတစ်ကောင်နီးပါး သန်မာလာ၏။
သူက ကျောက်နံရံပေါ်မှာ အပေါက်တစ်ပေါက်ကို မြန်ဆန်စွာ တူးလိုက်သည်။ သူက ရတနာသေတ္တာနှင့် စွမ်းအင်စုစည်းဆေးပုလင်းကို ကျောက်နံရံအပေါက်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူက ကျောက်တုံးအပိုင်းအစများဖြင့် အပေါက်ကို ပြန်ပိတ်လိုက်သည်။
သူက အတွေးတစ်ချက်ဖြင့် သူ၏ မိစ္ဆာစွမ်းအားကို ကျားလက်သည်းထဲသို့ ပို့လွှတ်လိုက်သည်။ မှိန်ဖျော့သော မဟူရာမိစ္ဆာစွမ်းအင်အလွှာက သူ၏ ကျားလက်သည်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ယင်းက မိစ္ဆာစွမ်းအားကို သူအသုံးပြုသည့်အခါ ထွက်ပေါ်လာမည့် မြင်ကွင်းဖြစ်သည်။
သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး ကျောက်တုံးအပိုင်းအစများပေါ်သို့ ဖိချလိုက်သည်။ မိစ္ဆာစွမ်းအားသည် သူ၏ ကျားလက်သည်းမှတဆင့် ကျောက်တုံးအပိုင်းအစများဆီသို့ စီးဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် မူလက မညီမညာဖြစ်နေသော ကျောက်တုံးအပိုင်းအစများက တစ်ခုနှင့်တစ်ခု ထူးဆန်းစွာ ပေါင်းစပ်သွားကြသည်။ ထို့နောက် ညီညာပြန့်ပြူးသော ကျောက်နံရံက ပြန်ထွက်ပေါ်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံနှင့် တစ်သားတည်းဖြစ်နေလေရာ ထိုနေရာမှာ အပေါက်တစ်ခုရှိကြောင်း မည်သူမှ သတိမထားမိနိုင်ပေ။
“ ဟူး ”
သူက ကျားလက်သည်းကို ပြန်ရုပ်လိုက်ပြီး ကျောက်နံရံကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။ ထိုနေရာမှာ အက်ကွဲရာတစ်ခုပင် အမှန်တကယ် မရှိပေ။ ယခုပုံစံအရ ထိုကျောက်နံရံထဲမှာ တစ်စုံတစ်ခု လျှို့ဝှက်ထားကြောင်း မည်သူမှ ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
“ ဒီနည်းနဲ့ဆိုရင် ဘာအားနည်းချက်မှ မရှိနိုင်ဘူး… ရတနာသေတ္တာဆီမှာ လူသားတွေရဲ့ အာရုံခံနိုင်စွမ်းကို ရှောင်ရှားနိုင်တဲ့ စွမ်းရည်ရှိတယ်… တစ်ယောက်ယောက်က သူ့ကိုယ်ပိုင်မျက်စိနဲ့ မမြင်ရရင် နတ်ဘုရားစိတ်အာရုံကို သုံးပြီး ရှာဖွေရင်တောင် ဘာမှရှာတွေ့မှာ မဟုတ်ဘူး… ကျောက်စိမ်းပုလင်းကိုလည်း အထဲမှာ ဖုံးကွယ်ထားတယ်… ကျောက်နံရံကို ငါ့ရဲ့ မိစ္ဆာစွမ်းအားနဲ့ ပြန်ပြင်လိုက်တော့ အဲ့ဒါက ဘေးပတ်ပတ်လည်က ကျောက်နံရံနဲ့ တစ်သားတည်းဖြစ်သွားပြီ… တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ အမြင်စူးရှပါစေ ဒီနေရာမှာ အပေါက်တစ်ခုရှိတာကို မြင်နိုင်မှာ မဟုတ်ဘူး ”
သီရှီထျန်သည် သူ၏ လုပ်ဆောင်မှုအပေါ် အလွန်စိတ်ကျေနပ်သွားသည်။ ထိုနည်းဖြင့်ဆိုလျှင် သူမရှိသည့်အခိုက် လှိုဏ်ဂူထဲသို့ တိရိစ္ဆာန်တစ်ကောင် သို့မဟုတ် လူသားတစ်ယောက် ဝင်လာလျှင်ပင် ရတနာသေတ္တာ၏ တည်နေရာကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။
ထိုသို့လုပ်ဆောင်ပြီးနောက် သီရှီထျန်၏ ဧရာမကျားခန္ဓာကိုယ်က လှိုဏ်ဂူအပြင်သို့ ပြေးထွက်သွားသည်။
သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
“ အမ်… မီးရှူးမီးပန်းလား… မဟုတ်ဘူး… အဲ့ဒါ အချက်ပြသင်္ကေတပဲ ”
မီးငှက်တစ်ကောင်က ကောင်းကင်ပေါ်သို့ ပျံတတ်သွားရန် ဟန်ပြင်နေကြောင်း စက်ကရာမြင်သွားသည်။ ယင်းက ပုံရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း အစစ်အမှန်သဖွယ် အောက်မေ့ရ၏။ သူက အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ့ဘာသာ တွေးတောလိုက်သည်။
မီးငှက်ထွက်ပေါ်လာသော ဦးတည်ရာက ပိုင်ယွဲ့၏ အူသံ ထွက်ပေါ်လာသော ဦးတည်ရာနှင့် တူညီနေသည်။ ဖြစ်နိုင်သည်မှာ ပိုင်ယွဲ့က အန္တရာယ်တစ်စုံတစ်ရာ တွေ့ကြုံနေခြင်းလော။
ထိုသို့တွေးမိသောအခါ သူက နောက်ထပ် တုံ့ဆိုင်းမနေပေ။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်၍ အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ သူက မီးငှက်ထွက်ပေါ်လာသော ဦးတည်ရာဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။
မည်သည့်ကိစ္စဖြစ်ပါစေ ပိုင်ယွဲ့သည် ဤတောအုပ်ထဲမှာ သူသိမ်းသွင်းခဲ့သော ပထမဆုံး လက်အောက်ငယ်သား ဖြစ်သည်။ အနာဂတ်မှာ မသေမျိုးကျင့်ကြံခြင်းလောကကို သူသွားတိုက်ခိုက်သည့်အခါ ပိုင်ယွဲ့က သူ့အနောက်သို့ လိုက်လိမ့်မည်။ သို့ဖြစ်၍ သူက ပိုင်ယွဲ့ကို မည်သည့်အန္တရာယ်မှ မဖြစ်စေလိုပေ။
အကယ်၍ သူက ကျားရဲတောင်တန်းဒေသတစ်ခုလုံးကို မြေလှန်ရှာဖွေမည်ဆိုလျှင်ပင် ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များကို အများကြီး ရှာတွေ့လိမ့်မည် မဟုတ်ချေ။
အကယ်၍ မတော်တဆမှုတစ်ခု တကယ်ဖြစ်လာလျှင် သူ၏ အစီအစဉ်က အလဟဿဖြစ်သွားလိမ့်မည် မဟုတ်ပါလော။
ကျားရဲတောင်တန်းဒေသထဲတွင် တိရိစ္ဆာန်ပေါင်းရာထောင်ချီ နေထိုင်ကြသည်။ သူတို့က အမျိုးအစားစုံလင်လှ၏။ တချို့က အစားအစာရှာဖွေကြစဉ် တချို့က သစ်ပင်များပေါ်မှာ နေထိုင်ကြပြီး တေးသံသီကျူးကြသည်။ တိရိစ္ဆာန်အားလုံးက သူတို့၏ ကိုယ်ပိုင်ဘဝဖြင့် ရှင်သန်နေထိုင်ကြသည်။
ဤအခိုက်အတန့်မှာ အနက်ရောင်အရိပ်တစ်ခုက တောအုပ်ထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။
လျှပ်တစ်ပြက်အတွင်းမှာ တောအုပ်က တိတ်ဆိတ်ငြိမ်သက်သွားသည်။ အစာရှာရန် အပြင်ထွက်လာကြသော ဝံပုလွေများ၊ ဝက်ဝံများ၊ တောခွေးများနှင့် တခြားတိရိစ္ဆာန်များသည် ခြေထောက်ပျော့ခွေသွားကြသည်။ သူတို့က မြေပြင်ပေါ်မှာ တုန်တုန်ယင်ယင် ဝပ်တွားလိုက်ကြသည်။ အဖြူရောင်ယုန်များနှင့် မီးခိုးရောင်ယုန်များသည် ချုံနွယ်များထဲမှာ ခေါင်းဝှက်လိုက်ကြသော်လည်း သူတို့၏ တင်ပါးက အပြင်မှာ ထွက်ပေါ်နေဆဲပင်။ သူတို့က ကြောက်လန့်စွာ တုန်ယင်နေကြသည်။ တေးသံသီကျူးနေကြသော ကျေးငှက်များသည်လည်း ပါးစပ်ပိတ်သွားကြသည်။ သူတို့က အလွန်ကြောက်လန့်နေလေရာ အတောင်ပံဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်ကြသည်။
သဏ္ဍာန်မဲ့ ကျားရဲအရှိန်အဝါက တောအုပ်ထဲမှာ တိတ်တဆိတ် ပျံ့နှံ့သွားသည်။ သားရဲဘုရင်အရှိန်အဝါ၏ ခြိမ်းခြောက်မှုက လေထဲမှာ ပျံ့လွင့်နေသည်။ ယင်းက အလွန်သန်စွမ်းသော ကျားတစ်ကောင်၏ အရှိန်အဝါဖြစ်သည်။ ထိုကျားက နေရာတစ်နေရာတည်းမှာ အကြာကြီး မနေလျှင်ပင် ၎င်း၏ ကျားရဲအရှိန်အဝါက အချိန်အတော်ကြာသည်အထိ လွင့်ပြယ်မသွားပေ။
ထိုကျား၏ အရှိန်အဝါက အလွန်အမင်း သန်စွမ်းပြီး လွှမ်းမိုးဗိုလ်ကျသည်။
ထိုကျားသည် သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။
ယခု သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးက အချင်းချင်း ချိတ်ဆက်သွားကြပြီး တစ်ခုတည်း ဖြစ်သွားကြသည်။ သို့ဖြစ်၍ မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်အနှံ့သို့ လွတ်လပ်စွာ စီးဆင်းသွားသည်။ သူ၏ ခန္ဓာကိုယ်က ယခင်ကထက် အနည်းငယ် ပိုပြီးကြီးမားလာသော်လည်း ယင်းက သူ၏ အလျင်အပေါ် လုံးဝ သက်ရောက်မှုမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ခန္ဓာကိုယ်က ပိုပြီးသန်မာလာပြီး ကြံ့ခိုင်လာသည်။
သူ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူ့အား အလွန်သန်မာသော ခံစားမှုကို ပေးသည်။ သူပြေးလွှားနေစဉ် သူ၏ အလျင်က မလျော့ကျသွားပေ။ ယင်းအစား အလျင်က တဖြည်းဖြည်း ပိုမြန်လာသည်။
မကြာမီ သူက မီးငှက်ထွက်ပေါ်လာသော နေရာသို့ ရောက်ရှိသွားသည်။
“ အာဝူး ”
“ အာဝူး ”
ဝံပုလွေများက ဆက်တိုက် အူနေကြောင်း ရှင်းလင်းစွာ သူကြားလိုက်သည်။ ထိုအူသံထဲမှာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသော အရိပ်အမြွက် ပါရှိဟန် ရ၏။
“ မင်းအမေကြီးတော်ပဲ… ဘယ်ခွေးသူတောင်းစားက အချက်ပြသင်္ကေတကို ပစ်လွှတ်လိုက်တာလဲ… ငါက တစ်ယောက်ယောက် ရတနာရှာတွေ့သွားပြီလို့ ထင်ခဲ့တာ… ဝံပုလွေအုပ်စုက ငါ့ကို စောင့်ကြိုနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ… အဲ့ဒီခွေးသူတောင်းစားကို ငါမတွေ့မိစေနဲ့… မဟုတ်ရင် အဲ့ကောင်ကို ငါ့ရဲ့ ဓားမော့နဲ့ အပိုင်းပိုင်း ခုတ်ပစ်မယ် ”
ဒေါသတကြီး ကျိန်ဆဲသံက သီရှီထျန်၏ နားထဲသို့ ပျံ့လွင့်လာသည်။
သူက အရွယ်အစားကြီးမားသော ချုံနွယ်ပိတ်ပေါင်း၏ အနောက်မှာ ဝင်ပုန်းအောင်းလိုက်ပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်သည်။
သူ၏ အရှေ့မှာ မြေကွက်လပ်တစ်ခုရှိကြောင်း သူမြင်သွားသည်။ သို့သော်လည်း မြေကွက်လပ်ထဲတွင် သန်စွမ်းကြံ့ခိုင်သော ဝံပုလွေတစ်ထောင်ကျော်က ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံးက အရှေ့သို့ စူးစိုက်ကြည့်နေကြသည်။
ဝံပုလွေအုပ်စု၏ အနောက်မှာ လှိုဏ်ဂူတစ်ခု ရှိ၏။ အရေအတွက်များပြားသော ဝံံပုလွေအကောင်ပေါက်များက လှိုဏ်ဂူထဲမှာ တွားသွားနေကြသည်။ နှစ်ခါစဉ်းစားရန် မလိုပေ။ ယင်းက ဝံပုလွေအသိုက် ဖြစ်သည်။