← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

နှင်းကဲ့သို့ ဖြူဖွေးဆွတ်သော ဝံပုလွေဘုရင်က ကျောက်တုံးကြီးတစ်ခု၏ အပေါ်မှာ ရပ်နေသည်။ သူ၏ ဘေးတွင် အရွယ်အစားကြီးမားသော ဝံပုလွေများ ရှိကြသည်။ ထိုဝံပုလွေများက သူတို့၏ ဘုရင်ကို ကာကွယ်စောင့်ရှောက်ပေးနေကြဟန် ရ၏။

သူတို့က သိုင်းဝတ်စုံ ဝတ်ဆင်ထားသော လူတစ်အုပ်စုကို စူးစိုက်ကြည့်နေကြသည်။ သူတို့ထဲမှာ ယောင်္ကျားများသာမက အမျိုးသမီးများလည်း ပါရှိကြသည်။ သူတို့၏ အရေအတွက်က စုစုပေါင်း အယောက်တစ်ရာကျော်သည်။ သူတို့က ဘေးပတ်ဝန်းကျင်မှ ဝံပုလွေများကို စိုက်ကြည့်နေရင်း ဒေါသတကြီး ကျိန်ဆဲနေကြသည်။

သူတို့အားလုံးက ရတနာရှာဖွေရန် ကျားရဲတောင်တန်းဒေသဆီသို့ ရောက်လာကြသော သိုင်းပညာရှင်များ ဖြစ်ကြသည်။ အစတွင် သူတို့က လူသုံးယောက်မှ ငါးယောက်အထိ အုပ်စုဖွဲ့၍ တောအုပ်ထဲသို့ ဝင်လာခဲ့ကြသည်။ မျောက်ကြီးပစ်လွှတ်လိုက်သော အချက်ပြသင်္ကေတကို မြင်ပြီးနောက် သူတို့က ဤနေရာဆီသို့ အပြေးအလွှား ရောက်လာကြသည်။

သူတို့က ဤနေရာနှင့် အနီးအနားမှာ ရှိနေသောကြောင့် မင်းသမီးချူယွမ်နှင့် တခြားလူများထက် စောစီးစွာ ရောက်လာကြသည်။ ယင်းက မတော်တဆမှု ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့က ရတနာရှာမတွေ့ဘဲ သွေးဆာလောင်နေသော ဝံပုလွေအုပ်စုဖြင့်သာ တွေ့ဆုံသွားကြသည်။ မည်မျှကံဆိုးလိုက်သနည်း။

သူတို့က လက်နက်များ ဆွဲထုတ်၍ သတိကြီးကြီးထားလိုက်ကြသည်။ တစ်ချိန်တည်းမှာ သူတို့က ကျိန်ဆဲလိုက်ကြသည်။

“ ယီး… ဘာလို့ ငါတို့ကံက အဲ့လောက်ဆိုးနေတာလဲ… ဒါပေမဲ့ ငါတို့က ဓားသွားပေါ်မှာ လမ်းလျှောက်နေတဲ့ လူတွေမဟုတ်ဘူးလား… ငါတို့က သာမန်လူတွေ မဟုတ်ဘူး… ဒီတိရိစ္ဆာန်တွေနဲ့ အသေအကြေ တိုက်ခိုက်ကြရအောင်… ဘယ်သူသိနိုင်မှာလဲ… ကံကောင်းရင် ဒီအသက်ဘေးကနေ ငါတို့လွတ်မြောက်သွားနိုင်တယ် ”

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လိုက်ပြီး စိတ်ဓာတ်မြင့်တတ်စေမည့် စကားကို ပြောသည်။ သူ့စကားက လူအများအပြားကို သတ္တိတိုးပွားစေသည်။

“ ဟုတ်တယ်… အဲ့ဒီဝံပုလွေတွေနဲ့ အသေအကြေ တိုက်ခိုက်ကြမယ် ”

မည်သို့ဖြစ်ပါစေ သိုင်းပညာရှင်များသည် အလွယ်တကူ လက်လျော့မည့်လူစား မဟုတ်ကြပေ။ ထိုသို့အခြေအနေမျိုးမှာ သူတို့က ပိုပြီးသူရဲကောင်းဆန်ကြသည်။ သူတို့က ကျယ်လောင်စွာ အော်လိုက်ကြပြီး သတ္တိမွေးလိုက်ကြသည်။

“ အာဝူး ”

ဝံပုလွေဘုရင်ပိုင်ယွဲ့သည် သူ့အရှေ့မှ လူသားများကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ မောက်မာစွာ မော့ကြည့်၍ အူလိုက်သည်။ သူအူလိုက်သည့်အခါ ဝံပုလွေတစ်ရာကျော်က အုပ်စုထဲမှ ခွဲထွက်သွားကြပြီး လိုက်လံအူလိုက်ကြသည်။ ထို့နောက် သူတို့က သိုင်းပညာရှင်အုပ်စုဆီသို့ မြန်ဆန်စွာ ပြေးသွားကြသည်။

ဝံပုလွေအုပ်စုထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူတို့အရှေ့မှ လူများကို ရိုက်ခတ်သွားသည်။ အလုံအလောက် စိတ်ခွန်အားမသန်မာသော သိုင်းပညာရှင်များက မျက်နှာဖြူဖျော့သွားကြသည်။ သူတို့ဆုပ်ကိုင်ထားသော လက်နက်များက စတင်တုန်ယင်လာသည်။

“ ဂီး ”

ကျယ်လောင်သော အော်သံနှင့်အတူ ဝံပုလွေအုပ်စုက သိုင်းပညာရှင်များပေါ်သို့ ချက်ချင်း ခုန်အုပ်လိုက်ကြသည်။ သူတို့ကြားမှ စိတ်ချင်းဆက်သွယ်မှု၊ အရေအတွက်အားသာချက်နှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ဝံပုလွေများ၏ တိုက်ခိုက်မှုကို ပိုပြီးရက်စက်ကြမ်းတမ်းစေသည်။ ထူထဲသော သွေးနံ့က လေထဲမှာ ပြည့်နှက်သွားပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။

သေခြင်းရှင်ခြင်းတိုက်ပွဲတွင် သနားညှာတာမှု မရှိပေ။ ဝံပုလွေများက ရူးသွပ်စွာ တိုက်ခိုက်ကြသည်။ သူတို့က အရေအတွက်အသာစီးရရှိထားပြီး သူတို့၏ တိုက်ခိုက်မှုများက ရက်စက်ကြမ်းကြုတ်သည်။ သို့သော်လည်း ဤနေရာမှာ စုဝေးနေကြသည်မှာ သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က အတူတကွ လက်တွဲလိုက်ကြပြီး သိုင်းကွက်အမျိုးမျိုးကို ထုတ်ဖော်လိုက်ကြသည်။

ဓားမော့ပုံရိပ်များနှင့် ဓားအလင်းများက မိုးရေစက်များသဖွယ် ကျဆင်းလာကြသည်။ အစစ်အမှန်ချီကို လက်နက်များထဲသို့ ထည့်သွင်းလိုက်သည့်အခါ သူတို့က ဝံပုလွေများ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ပိုင်းဖြတ်နိုင်သွားကြသည်။ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများသည် သူတို့မသေခင် ရန်သူ၏ ခန္ဓာကိုယ်ပေါ်မှာ သေးငယ်သော ဒဏ်ရာတချို့သာလျှင် ချန်ထားနိုင်ခဲ့ကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝံပုလွေများက ကြီးမားသော ထိခိုက်ဆုံးရှုံးမှုကို ခံစားရသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝံပုလွေဒါဇင်ခန့်က သေဆုံးသွားကြသည်။ သို့သော်လည်း သူတို့က လူတစ်ယောက်ကိုပင် မသတ်နိုင်သေးပေ။

ချုံပုတ်ထဲမှာ ပုန်းအောင်းနေသော သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောလိုက်သည်။

“ တစ်ခုခု လွဲမှားနေတယ်… လူသားတွေက ပုံမှန်ဆိုရင် ကျားရဲတောင်တန်းဒေသထဲ ဝင်လာကြလေ့မရှိဘူး… တကယ်လို့ ဝင်လာမယ်ဆိုရင်တောင် သူတို့က ဒီအနီးနားမှာ နေထိုင်ကြတဲ့ အမဲလိုက်သမားတွေပဲ ဖြစ်သင့်တယ်… ဒါပေမဲ့ အမဲလိုက်သမားတွေက ကျားရဲတောင်တန်းရဲ့ အစွန်အဖျားမှာပဲ သားကောင်ရှာကြတယ်… သူတို့က တောင်တန်းရဲ့ အနက်ပိုင်းထဲထိ မဝင်ရောက်ရဲကြဘူး… ဒါဆို လူအများကြီးက ဘာလို့ တောင်တန်းရဲ့ အနက်ပိုင်းထဲ ရောက်လာကြတာလဲ ”

သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။

“ ပြီးတော့ ဒါက တစ်ကြိမ် နှစ်ကြိမ်ပဲ မဟုတ်ဘူး… ပထမအသုတ်ကို ငါသတ်ပစ်ပြီးပြီ… အခု ဒုတိယအသုတ် ထွက်ပေါ်လာပြီ… ဆိုလိုတာက အနာဂတ်မှာ နောက်ထပ်အသုတ်တွေ ရှိလာနိုင်တယ်… ဘာလို့ သူတို့က ကျားရဲတောင်တန်းဒေသဆီ ရောက်လာကြတာလဲ ”

ထိုမေးခွန်း၏ အဖြေကို သူမရှာဖွေနိုင်ပေ။ အကယ်၍ ပထမအကြိမ်ဆိုလျှင် ယင်းကို မတော်တဆမှုဟု သူယူဆနိုင်သည်။ အကယ်၍ ဒုတိယအကြိမ်ရှိလာလျှင် ယင်းက မတော်တဆမှု မဟုတ်တော့ပေ။ တစ်စုံတစ်ယောက်က ကျားရဲတောင်တန်းဒေသအပေါ် မျက်စိကျလာခြင်း ဖြစ်ရမည်။

တစ်ခဏတွေးတောပြီးသည့်တိုင် အဖြေကို သူမရှာဖွေနိုင်သေးပေ။ သူက အပြင်ဘက်မှ သတ်ဖြတ်ပွဲကို လှမ်းကြည့်လိုက်လေရာ သူ၏ နှလုံးသားက အေးစက်သွားသည်။

“ ဘာပဲဖြစ်ဖြစ် ပိုင်ယွဲ့က ငါ့ကို အညံ့ခံပြီးပြီ… အနာဂတ်မှာ သူက ငါ့အတွက် အားကိုးရတဲ့ အကူအညီဖြစ်လာလိမ့်မယ်… အဲ့ဒီဝံပုလွေတွေကလည်း ငါ့အတွက် အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်… အဲ့ဒီလူသားတွေက ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်ချင်မှတော့ သူတို့အားလုံး သေရမယ် ”

သီရှီထျန်၏ အတိတ်ဘဝမှ အတွေ့အကြုံများအရ လူသားများ၏ အကျင့်စရိုက်ကို ကောင်းမွန်စွာ သူနားလည်သည်။ လူသားများနှင့် တိရိစ္ဆာန်များ မိတ်ဆွေဖြစ်ရန် မဖြစ်နိုင်လုနီးပါး ခဲယဉ်း၏။ ထို့ပြင် သူက မိစ္ဆာတစ်ကောင်ဖြစ်လာလျှင် မသေမျိုးကျင့်ကြံသူအားလုံးက သူ့ကို ရန်သူဟု သတ်မှတ်ကြလိမ့်မည်။ ထို့ကြောင့် လူသားများကို သတ်ဖြတ်ခြင်းက သူ့အတွက် ဝန်လေးသောအရာ မဟုတ်ပေ။

“ ဝေါင်း ”

ဝိညာဉ်တုန်လှုပ်စေမည့် ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ သီရှီထျန်၏ အနောက်ခြေထောက်နှစ်ချောင်းက မြေကြီးကို ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်က လေထဲသို့ လွှားခနဲ ပျံတတ်သွားသည်။ သူက တစ်ချက်ခုန်လိုက်လေရာ ဆယ်မီတာအကွာအဝေးကို ဖြတ်ကျော်သွားပြီး မြေကြီးပေါ်သို့ ကျဆင်းသွားသည်။

“ အို ဘုရားရေ… အဲ့ဒါ ကျားပဲ ”

“ ဘယ်လောက်ကြီးလိုက်တဲ့ ကျားလဲ ”

“ အို… ငါ့တစ်သက်မှာ ဒီလောက်ကြီးတဲ့ ကျားနက်ကို တစ်ခါမှ မမြင်ဖူးဘူး… အဲ့ဒီကျားက သေချာပေါက် မိစ္ဆာဖြစ်ရမယ် ”

သီရှီထျန် ခုန်ထွက်လာသည့်အခါ သိုင်းပညာရှင်များက အလန့်တကြား အော်ပြောလိုက်ကြသည်။ သူတို့အားလုံးက မျက်လုံးကျွတ်ထွက်လုနီးပါး ထိတ်လန့်သွားကြသည်။ လူသားတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသော ကျားနက်ကြီးက ရုတ်တရက် ခုန်ထွက်လာမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။ ၎င်း၏ တည်ရှိမှုကပင် ကြီးမားသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်နေ၏။

“ ဂရား ”

သီရှီထျန်သည် လူသားများ၏ ထိတ်လန့်ချောက်ချားမှုကို ဂရုမစိုက်ပေ။ သူက အပြင်သို့ ခုန်ထွက်လာမှတော့ ထိုလူများကို အလွတ်ပေးရန် သူ့မှာ ဆန္ဒမရှိပေ။ သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး သူ့အရှေ့မှ လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပမာဏများပြားသော လေက သူ၏ ဝမ်းဗိုက်ထဲသို့ စုပ်သွင်းခံလိုက်ရသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အောက်ခြေမဲ့သော တွင်းနက်ကဲ့သို့ ဖြစ်လာဟန် ရ၏။ သူက ဘေးပတ်ဝန်းကျင်မှ လေအားလုံးကို တိုက်ရိုက် စုပ်ယူလိုက်သည်။

သူ၏ အကြည့်က အေးစက်သွားသည်။ သူက ထိုလူများကို အသုံးပြု၍ ကျားဟိန်းသံအတတ်၏ အစွမ်းပကားကို စမ်းသပ်ကြည့်ရန် ရည်ရွယ်ထားသည်။ သူက ထိုလူများကို ဟိန်းသံတစ်ချက်ဖြင့် သတ်ပစ်နိုင်မည်လော မြင်ချင်၏။

ထိုသို့လေရှူသွင်းမှုက အလွန်ကြမ်းတမ်းသည်။ ယင်းက သူ့အရှေ့၌ အားကောင်းသော လေပြင်းတိုက်ခတ်မှုကို ဖြစ်ပေါ်စေ၏။ ဆိုးရိုးစကားတစ်ခု ရှိသည်။

တိမ်တိုက်သည် နဂါးနောက်သို့ လိုက်ရ၏။ လေပြင်းသည် ကျားနောက်သို့ လိုက်ရ၏။

သီရှီထျန်သည် လေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး သူ၏ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ တစ်ကိုယ်လုံးက ပိုပြီးကြီးမားလာပြီး တုတ်ခိုင်သန်မာလာသည်။ အံ့ဖွယ်ကောင်းသော ကျားရဲအင်အားက ဒီရေသဖွယ် ပေါ်လျှိုးလာပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။

“ အာဝူး ”

သီရှီထျန် ထွက်ပေါ်လာသည်ကို မြင်သောအခါ ဝံပုလွေဘုရင်၏ မျက်လုံးထဲမှာ ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။ သူက ခေါင်းငုံ့လိုက်သည်။ အရေအတွက်ထောင်ချီသော ဝံပုလွေများသည်လည်း သိုင်းပညာရှင်များအပေါ် သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြသည်။ သူတို့က မြေကြီးပေါ်မှာ ဝပ်တွားလိုက်ကြပြီး သီရှီထျန်၏ ဦးတည်ရာထံသို့ ဦးညွတ်လိုက်ကြသည်။

သေမျိုးလောကမှ သိုင်းပညာရှင်များသည် ထိုသို့အံ့ဖွယ်မြင်ကွင်းကို ယခင်က တစ်ခါမှ မမြင်ဖူးကြချေ။ သို့ဖြစ်၍ သူတို့က မျက်လုံးကျွတ်ထွက်လုနီးပါး အံ့ဩသွားကြသည်။

“ ဝေါင်း ”

သီရှီထျန်သည် ထိုအရာကို ဂရုမစိုက်ပေ။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက သူ၏ ညွှန်ကြားမှုအောက်မှာ ရုတ်တရက် သက်ဝင်လှုပ်ရှားလာပြီး မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မိစ္ဆာစွမ်းအားက သူ၏ လည်ပင်းဆီသို့ ဆန်ရေပမာ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။ သူက ပါးစပ်ဟလိုက်ပြီး ခေါင်းမော့လိုက်သည်။ ကမ္ဘာမြေတုန်ဟီးစေပြီး သားရဲတစ်သောင်း ထိတ်လန့်ချောက်ချားစေမည့် ကျားဟိန်းသံက သူ၏ ပါးစပ်ထဲမှ မြည်ဟိန်းလာသည်။ ကျား၏ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါနှင့် လွှမ်းမိုးဗိုလ်ကျသော စိတ်ဆန္ဒက တောအုပ်တစ်လျှောက် ဖုံးလွှမ်းသွားသည်။

ထိုကျားဟိန်းသံသည် လောကဖျက်ဆီးမည့် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။

သီရှီထျန်ကို ဗဟိုပြု၍ မဟူရာအသံလှိုင်းစက်ဝန်းများက အရပ်ရှစ်မျက်နှာဆီသို့ ဆက်တိုက် ပျံ့နှံ့သွားကြသည်။ ဤသည်မှာ ကျောက်ခဲတုံးတစ်တုံးက တည်ငြိမ်နေသော ရေကန်ထဲသို့ ပြုတ်ကျသွားသည့်အလား အဆုံးမဲ့သော လှိုင်းဂယက်များကို ထွက်ပေါ်စေသည်။ သို့သော်လည်း ထိုနှစ်ခုက မတူညီပေ။ ရေကန်က လှိုင်းဂယက်များကိုသာ ထုတ်လွှတ်ပေးနိုင်၏။ ဤအသံလှိုင်းသည်တော့ ကျားတစ်ကောင်၏ ဟိန်းသံ ဖြစ်သည်။

တောင်ပြိုကျသံပမာ ကျယ်လောင်လှသော ကျားဟိန်းသံအောက်မှာ ထိုသိုင်းပညာရှင်အုပ်စုသည် ထွက်ပြေးရန် မတွေးနိုင်တော့ချေ။ သူတို့အားလုံးက ကျားနက်ကို ကြောက်လန့်တုန်ယင်စွာ ကြည့်လိုက်ကြသည်။ အစောနက ဝံပုလွေအုပ်စုနှင့် သူတို့ရင်ဆိုင်ခဲ့ရစဉ်မှာ သတ္တိမွေး၍ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ဆီမှာ အသက်ရှင်နိုင်သော အခွင့်အရေးရှိနေသေးကြောင်း သိထားသောကြောင့်ပင်။

သို့သော် ယခု ထိုမျှကြောက်စရာကောင်းသော ကျားနက်ကြီးဖြင့် ရင်ဆိုင်ရသောအခါ သူတို့၏ ယုံကြည်ချက်နှင့် မျှော်လင့်ချက်အလင်းရောင်က ပြိုလဲသွားသည်။ သူတို့၏ ခြေထောက်နှစ်ချောင်းက အလိုအလျောက် ပျော့ပျောင်းလာသည်။ သူတို့က မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိကြတော့ချေ။

မဟူရာအသံလှိုင်းစက်ဝန်းများက သူတို့ဆီသို့ ပျံ့လွင့်လာနေကြောင်း အကူအညီမဲ့စွာသာ ကြည့်နေနိုင်ကြသည်။ ကျားဟိန်းသံက သူတို့၏ ဦးခေါင်းထဲမှာ မရပ်မစဲ ပဲ့တင်ထပ်နေကြောင်း သူတို့ခံစားမိသွားကြသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများက ပရမ်းပတာ လှုပ်ခါသွားကြပြီး သူတို့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သွေးက သူတို့၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သူတို့က အသံလှိုင်းတိုက်ခိုက်မှုကို မည်သို့ခုခံနိုင်မည်နည်း။ သူတို့တစ်ယောက်ပြီးတစ်ယောက်က မျက်လုံးပြူးသွားကြပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။

“ ဘုတ်… ဘုတ်… ဘုတ် ”

ထိုလူများသည် သေမျိုးလောကတွင် နာမည်ကျော်ကြားသော သိုင်းပညာရှင်များဖြစ်ကြသည်။ သူတို့ကဲ့သို့ ပုဂ္ဂိုလ်များသည် လူတစ်ရာနှင့်တစ်ယောက် ရင်ဆိုင်ရလျှင်ပင် အသက်ရှင်နိုင်ကြလိမ့်မည်။ သို့သော် ဤအခိုက်အတန့်မှာ သူတို့က ကျားဟိန်းသံအောက်မှာ ကူကယ်ရာမဲ့စွာ သေဆုံးသွားကြသည်။ သွေးက ဒွါရခုနစ်ပေါက်မှ စီးကျလာပြီး သူတို့က ဆိုးဝါးစွာ သေဆုံးသွားကြသည်။

All Chapters