← Chapters

ခရမ်းရောင် နန်းဆောင်

Vol. 3 Ch. 225

ခရမ်းရောင် နန်းဆောင်

Vol. 3 Ch. 225

“ကောင်းပါပြီ မင်းကြီး”

အပြင်ဘက်မှ ကြည်လင်သည့် အသံက ပြန်ပြောလိုက်သည်။

လိုက်ကာ အနည်းငယ် ပွင့်သွားပြီး အသံပိုင်ရှင်က စကား ဆက်ပြောလိုက်သည်။

“တုန်းယီမျိုးနွယ်စုက ဧည့်သည်တွေကို ကျုပ်ဆီခေါ်လာခဲ့၊ တာအို ဆရာကိုတော့ ခရမ်းရောင် နန်းဆောင်ကို ခေါ်သွားလိုက်…”

ထုံအော်ဆိုသည့် လူငယ်လေးမှာ စိတ်ဝင် စားသွားမိသည်။ ခရမ်းရောင် နန်းဆောင်ဆို သည်မှာ နန်းတော်၏ အရှေ့ဘက်ခြမ်းတွင် ရှိလေသည်။ နံနက်ခင်းတိုင်းတွင် ခရမ်းရောင် နန်းဆောင်မှာ နံနက်ခင်း နေရောင်ခြည်ကို အရင်ဦးဆုံး မြင်ရသည့် နေရာဖြစ်ပြီး ရှုခင်းများလည်း လွန်စွာ လှပလေသည်။ အထူး ဧည့်သည်တော်များကိုသာ ဧည့်ခံသည့် နေရာဖြစ်လေသည်။

နတ်ဘုရားဈေးပွဲတော် စတင်ရန် အချိန်နီးကပ် လာပြီ ဖြစ်သည့်တိုင် ခရမ်းရောင် နန်းဆောင်တွင် နေထိုင်သည့် ဧည့်သည်မှာ ခြောက်ယောက်မျှသာ ရှိသေးသည်။ ထိုဧည့်သည် အားလုံးမှာ ကျော်ကြားသည့် နတ်မိစ္ဆာ ဘုရင်များနှင့် အဆင့်မြင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ ရောက်ရှိနေသည့် အထူး ဧည့်သည်တော်များထဲတွင် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ တာအိုဆရာ တစ်ပါးပင် ပါဝင်လေသည်။

ဆန်းလျန်နှင့် ကျိမုန်တို့မှာ စင်္ကြံလမ်းအဆုံးတွင် ရွက်လှေကြီး တစ်စင်းပေါ်လာသည်ကို မြင်တွေ့ လိုက်ရလေသည်။ ရွက်လှေကြီးမှာ အလွန်ကြီးမားပြီး ရွက်လှေပေါ်တွင် လူငယ်လေး တစ်ယောက် ပါရှိလေသည်။

ဆန်းလျန်က ကျိမုန်တို့အဖွဲ့ကို လှမ်းကြည့်လိုက်ရင်း….

“ရွှမ်ထုံနတ် မိစ္ဆာ ဘုရင်က အကြိုလွှတ်လိုက်ပြီ”

ဟု ပြောလိုက်လေသည်။

ထုံအော်သည် ကျိမုန်နှင့် စစ်သည်တော် အဖွဲ့ကို တစ်ချက် ကြည့်လိုက်ပြီးမှ ဆန်းလျန်ကို လှမ်းပြီး ခိုးကြည့် လိုက်လေသည်။ ချောမောလှပသည့် တာအိုဆရာလေးမှာ မယုံကြည် နိုင်လောက်အောင် တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။ တစ်ချက် ကြည့်ရုံမျှဖြင့် မိုးကောင်းကင်နှင့် သမုဒ္ဒရာတို့၏ ကျယ်ပြန့် တည်ငြိမ်ခြင်း စွမ်းအားကို တာအိုဆရာလေးထံမှ ခံစားလိုက်ရလေသည်။

ကျိမုန်နှင့် သူ၏အဖွဲ့သားများမှာ စင်္ကြံလမ်းကို ဖြတ်သန်းပြီး ပျံသန်းနေသည့် ရွက်လှေကြီးပေါ်သို့ တက်သွား ကြလေသည်။ ရွက်လှေကြီးမှာ ကြီးမားပြီးလေထဲတွင် တည်ငြိမ်စွာ ရပ်တန့် နေလေသည်။

ထုံအော်က ကျိမုန်ဘက်သို့ လှည့်လိုက်ပြီး….

“တုန်းယီ မျိုးနွယ်စုရဲ့ သခင်လေး၊ ကျုပ်တို့မင်းကြီးက သခင်လေးကို သူ့ထံကိုလာခဲ့ဖို့ ဖိတ်ခေါ် ထားပါတယ်”

ဟု ပြောလိုက်လေသည်။

ထို့နောက် ဆန်းလျန်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး…

“ဒီက နတ်ဘုရားကတော့ ခရမ်းရောင် နန်းဆောင်မှာ အနားယူဖို့ ကျွန်တော် စီစဉ် ပေးထားပါတယ်”

ထုံအော်က ကျိမုန်ကိုတော့ စိတ်စွမ်းအားနှင့် ဆက်သွယ် စကား ပြောလိုက်ခြင်း ဖြစ်ပြီး ဆန်းလျန်ကိုတော့ အသံထွက်ပြီး စကားပြောကာ ဖိတ်ကြား လိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က သိမ်မွေ့စွာပင် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ကျိမုန်က ဆန်းလျန်ဘက်သို့လှည့်လိုက်ပြီး…

“ကျုပ်က ခင်ဗျားရဲ့နာမည်များ သိခွင့်ရှိမလား”

“ကျုပ်ကို ချင်းရှသခင်လေးလို့ ခေါ်လို့ရပါတယ်”

ဆန်းလျန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

ဆန်းလျန်က တုန်းယီဘာသာ စကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည့်အတွက် ထုံအော်မှာ နားမလည် ဖြစ်သွားရသည်။

အချိန်တို အတွင်းမှာပင် ပျံသန်းနေသည့် ရွက်လှေကြီးသည် ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ ပိုင်နက် ဖြစ်သည့် နတ်ဘုရား ဈေးပွဲတော်သို့ ရောက်ရှိ သွားလေသည်။ ဆန်းလျန်က ပတ်ဝန်းကျင် တစ်ခုလုံးကို အကဲခတ်လိုက်သည်။ ကျူးထျန်းတိမ်လွှာ တန်ခိုးစွမ်းအားကို အသုံးပြုနိုင်ကတည်းက ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ တန်ခိုးစွမ်းအား အတိမ်အနက်ကို ခန့်မှန်း ကြည့်နိုင်လေသည်။ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်သည် ဟိုင်သခင်ကြီးလောက် တန်ခိုး စွမ်းအား မကြီးလျှင်တောင်မှ ဟိုင်သခင်ကြီးနီးပါး တန်ခိုးစွမ်းအား ကြီးမားသူ တစ်ယောက် ဖြစ်လေသည်။

နတ်မိစ္ဆာတို့၏ ကျင့်စဉ်လမ်းမှာ လူသားများနှင့် တူညီခြင်း မရှိပေ။ လူသားသဏ္ဌာန် အသွင်ပြောင်းပြီးမှသာ သူတို့၏ တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်လေသည်။ နတ်မိစ္ဆာ တစ်ကောင်သည် “မဟာတန်ခိုးရှင်” အဆင့်မရောက်သေးလျှင် အလယ်အလတ် ကျင့်စဉ် လမ်းတွင်ပင် ရှိနေနိုင် သေးသည်။

နတ်မိစ္ဆာများ၏ ကျင့်စဉ်လမ်းတွင် လူသား ကျင့်ကြံ သူများကဲ့သို့ အဆင့်ကိုးဆင့် မရှိပေ။ လူသား ကျင့်ကြံ သူများမှာလည်း ရှေးယခင် အချိန်များစွာက ဟိုင်သန်းအဆင့် ကျင့်ကြံသူများကို “ရွှေပြဒါး အမြုတေ အောင်မြင်သည့်အဆင့်” ဟု သတ်မှတ်ကြပြီး နောက်တစ်ဆင့်ကို မိုးကောင်းကင် နတ်ဘုရားအဖြစ် တက်ရောက် နိုင်သည့်အဆင့် “ထျန်းရှန်းအဆင့်” ဟု ခေါ်ကြလေသည်။

ထုံအော်က ဆန်းလျန်ကို ခရမ်းရောင် နန်းဆောင်သို့ လိုက်ပို့လေသည်။ ခရမ်းရောင် နန်းဆောင်မှာ ကြီးမား ကျယ်ပြန့်သည့် နန်းဆောင် တစ်ခုဖြစ်ပြီး တစ်ထပ်တည်းတွင် နေရာကိုးနေရာခွဲပြီး "နန်းဆောင်ကိုးခု" တည်ဆောက် ထားလေသည်။ သို့သော် မိုးမြေစွမ်းအား များတော့ ပြင်းထန်ခြင်း မရှိပေ။

ခရမ်းရောင် နန်းဆောင်ကို ရောက်သည်နှင့် အစေခံ မိန်းကလေး တစ်ယောက်က ကြိုဆိုနေလေသည်။ သူမက ချောင့်တုန့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။ မိန်းကလေး၏ အတွင်းအားများက ရှုတ်ထွေးလေသည်။ သို့သော် သူမသည် အနည်းငယ် ဖြူဖျော့ နေသည့်တိုင် ချောမောလှပသည့် မိန်းမပျို တစ်ယောက် ဖြစ်လေသည်။

မိန်းကလေးက ဆန်းလျန်ကို မသိမသာ လေ့လာနေလိုက်ပြီး “တန်ခိုးစွမ်းအား ထက်မြက်သည့် လူတစ်ယောက်ပဲ” ဟု မှတ်ချက်ချလိုက်မိသည်။

ထုံအော်က အစေခံ မိန်းကလေးကို ပြောလိုက်သည်။

"ဒါက မင်းကြီးရဲ့ အထူးဧည့်သည်တော်ပဲ၊ သူ့ကို ကောင်းကောင်း ဧည့်ခံပေးလိုက်နော်၊ ခရမ်းရောင် နန်းဆောင်မှာ ဘယ်အခန်းတွေ လွတ်နေသေးလဲ"

ခရမ်းရောင် နန်းဆောင်တွင် နန်းဆောင်ကိုးခု ရှိပြီး နန်းဆောင်တစ်ခုလျှင် လူတစ်ယောက် တည်းခိုနိုင်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။ သို့သော် မည်သည့်အခါမှ ဧည့်သည် ပြည့်နေသည် ဟူ၍ မရှိပေ။ နန်းဆောင်မှာ အလွန် တိတ်ဆိတ်နေပြီး နတ်ဘုရား ဈေးပွဲတော်သာ မရှိလျှင် မည်သူမျှ လာရောက် ကြမည်မဟုတ်ပေ။

"နန်းဆောင် သုံးခု လွတ်နေပါသေးတယ်၊ နန်းဆောင် အမှတ်တစ်၊ နန်းဆောင်အမှတ်ငါးနဲ့ နန်းဆောင် အမှတ်ခုနစ်ပါ”

အစေခံမိန်းကလေးက ပြန်ဖြေလိုက်သည်။

"နတ်ဘုရားက ဘယ်နန်းဆောင်မှာ နေချင်ပါသလဲ”

ထုံအော်က ဆန်းလျန်ကို မေးလိုက်သည်။

"နန်းဆောင် အမှတ်ခုနစ်မှာ နေမယ်"

ဆန်းလျန်က ပြန်ဖြေလိုက်လေသည်။

ထုံအော်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး…

"ဒီမိန်းကလေးက နတ်ဘုရားကို လမ်းပြ ပေးပါလိမ့်မယ်၊ ကျွန်တော်ကတော့ တုန်းယွီ မျိုးနွယ်စုက သခင်လေးနဲ့ စစ်သည်တော်တွေကို မင်းကြီးနဲ့ တွေ့ရအောင် ခေါ်သွားလိုက်ပါဦးမယ်"

"ကောင်းပါပြီ၊ သွားပါ"

ဆန်းလျန်က ပြုံးပြီး ပြန်ပြောလိုက်သည်။

ထုံအော်တို့ ထွက်သွားကြသည်နှင့် အစေခံ မိန်းကလေးက စကားစပြောလိုက်သည်။

"အထူးဧည့်သည်တော် ကျွန်မနောက်ကို လိုက်ခဲ့ပါ"

သူမက လှပစွာဖြင့် ဆန်းလျန်ရှေ့မှ လမ်းလျှောက် သွားလေသည်။

ဆန်းလျန်က သူမနောက်မှ သင်တောင့်သက်သာပင် လိုက်သွားရင်း မေးခွန်း ထုတ်လိုက်သည်။

"မင်းက လူသား တစ်ယောက်ပဲ၊ ဘာလို့ ဒီမှာ အလုပ်လုပ် နေရတာလဲ"

အစေခံမိန်းကလေးက ရယ်မောလိုက်ရင်း…

"ကျွန်မနာမည်က ဖုန်းဟယ်လို့ ခေါ်ပါတယ်၊ ဒီပင်လယ် ဒေသ တစ်ဝိုက်က ရွှမ်ထုံမင်းကြီးရဲ့ နယ်မြေပါ၊ မလိုအပ်တာတွေ မဖြစ်ရလေအောင် မင်းကြီးက ကာကွယ် ပေးထားပါတယ်၊ မင်းကြီးပြောတာက နတ်မိစ္ဆာတွေက ရိုင်းစိုင်းတယ်၊ အသေးစိတ်ကို မလိုက်နာတတ်ဘူးတဲ့၊ ဒါ့ကြောင့် နတ်ဘုရား မိတ်ဆွေတွေလာရင် ပြဿနာ ဖြစ်မှာစိုးလို့ ကျွန်မတို့လို ကျင့်ကြံသူတွေကို အလုပ်လုပ်ခွင့် ပေးထားတာပါ၊ အစေခံတွေကလည်း မင်းကြီးရဲ့ ကြင်နာမှုအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြပါတယ်၊ ပြီးတော့ သခင်လေးတို့လိုမျိုး အထူး ဧည့်သည်တော်တွေကလည်း နတ်ဘုရား ဈေးပွဲတော် ကျင်းပတဲ့ အချိန်ကျရင် ရောက်လာ ကြတယ်လေ၊ သူတို့က ကျွန်မတို့အတွက် ကျင့်စဉ်လမ်းနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးသွား ကြတယ်လေ၊ ကျွန်မတို့ အတွက်လည်း အကျိုးမယုတ်ဘူးပေါ့"

အစေခံ မိန်းကလေး၏ စကားကြောင့် ဆန်းလျန်မှာ ရွှမ်ထုံမင်းကြီးကို လေးစားသွားရသည်။ ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မှာ နတ်မိစ္ဆာဘုရင် တစ်ပါးဖြစ်လင့် ကစား အခြားသော နတ်မိစ္ဆာများနှင့် မတူဘဲ တစ်မူ ထူးခြားလေသည်။ သူ၏ အတွေးအခေါ် အယူအဆများသည် လူသားများနှင့် ဆင်တူလေသည်။

နတ်ဘုရား ဈေးပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်မှာလည်း ပစ္စည်းများ အရောင်းအဝယ်၊ အလဲအလှယ် ပြုလုပ်ကြရင်း ကျင့်ကြံသူများ ဆုံစည်းဖြစ်အောင် စီစဉ်ပေးခြင်း ဖြစ်လေသည်။ ရှေးယခင် အချိန်များတုန်းကလည်း ကုန်ပစ္စည်းချင်း အလဲအလှယ် ပြုလုပ်ကာ မိတ်ဆွေဖွဲ့သည့် သာဓကများ ရှိခဲ့ဖူးလေသည်။

ကျင့်ကြံသူများမှာ နတ်မိစ္ဆာများထက် အဆင့်မြင့် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်မိစ္ဆာများမှာ စည်းလုံးမှု မရှိကြသလို အမြင်လည်း မကျယ်လှပေ။ တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်လာသည်မှာ အလွန်ကံကောင်း သောကြောင့်သာ ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း....

"မင်းပြောတာနဲ့ မိတ်ဆွေရွှမ်ထုံကို တကယ် စိတ်ဝင်စား သွားမိပြီ၊ သူက ဧည့်သည်တွေကို တွေ့ဆုံလေ့ရှိသလား"

ရွှမ်ထုံမင်းကြီးကို လေးစားသည့် အနေဖြင့် ဆန်းလျန်က မိတ်ဆွေဟု ခေါ်လိုက်ခြင်း ဖြစ်သည်။ ဆန်းလျန်က တန်ခိုးစွမ်းအား ကြီးမားခြင်းထက် နှလုံးသားထဲမှ အသိဉာဏ်ကို ပိုပြီး အလေးထားသူ ဖြစ်လေသည်။

သူက တစ်စုံတစ်ယောက်ကို စိတ်ဝင်စားခြင်း မရှိလျှင် ထိုသို့ မေးမြန်းစုံစမ်း နေမည် မဟုတ်ပေ။

ဖုန်းဟယ်က ဆန်းလျန်ကို ဦးညွတ်လိုက်ရင်း....

"ဒီကိစ္စကိုတော့ တာဝန်ခံကိုသာ မေးကြည့်ပါ၊ ဒါပေမဲ့ ခရမ်းရောင် နန်းဆောင်က ဧည့်သည်တွေ အနေနဲ့တော့ မင်းကြီးနဲ့တွေ့ဆုံဖို့ အခက်အခဲ မရှိနိုင်ပါဘူး"

ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ဖုန်းဟယ်နောက်မှ နန်းဆောင် အမှတ်ခုနစ်သို့ လိုက်ပါ သွားလေတော့သည်။

ခရမ်းရောင် နန်းဆောင်၏ နန်းဆောင်ကိုးခု ဖွဲ့စည်းပြင်ဆင် ထားပုံမှာ တစ်ပုံစံတည်း ဖြစ်လေသည်။

အခန်းပြင်ဆင် ထားပုံက ရိုးရှင်းပြီး မည်သည့် အဖိုးတန် ပစ္စည်းနှင့်မျှ တန်ဆာ ဆင်ထားခြင်း မရှိပေ။ သို့သော် အခန်းမှာ သန့်ရှင်း ကြည်လင် နေလေသည်။

"ရွှမ်ထုံ နတ်မိစ္ဆာဘုရင်က ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ၊ အထူး ဧည့်သည်တော်တွေ အတွက်နေရာကို အရမ်းကို ခမ်းခမ်းနားနား ပြင်ဆင်ထားမယ်လို့ ထင်ခဲ့တာ၊ ဒီလောက် ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားမယ်လို့ ဘယ်သူထင်မှာလဲ"

ဆန်းလျန် စိတ်ထဲမှ တွေးလိုက်မိသည်။

ရွှမ်ထုံနတ်မိစ္ဆာဘုရင်မှာ နတ်မိစ္ဆာ ဘုရင်ဆိုခြင်းထက် တာအိုကျင့်ကြံသူ တစ်ယောက်နှင့် ပိုတူသည်ဟု ဆိုနိုင်လေသည်။ ဆန်းလျန်မှာ သူ့အကြောင်းကို ပိုပြီး စိတ်ဝင် စားလာမိတော့သည်။

ဖုန်းဟယ်က အခန်း ညာဘက်ထောင့်တွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းလေး တစ်ခုကို ညွှန်ပြလိုက်ရင်း....

"တစ်ခုခုလိုအပ်လို့ ကျွန်မကိုခေါ်ချင်ရင် ဒီခေါင်းလောင်းလေးကို တီးလိုက်ပါ၊ ပြီးတော့ မင်းကြီးက ကျင့်ကြံသူတွေ အတွက် မှော်ဆေး လက်ဖက်ရည် စီစဉ်ထားပေးပါတယ်၊ သခင်လေး သောက်မယ်ဆိုရင် ကျွန်မ ကျိုပေးပါ့မယ်"

"ကောင်းပါပြီ၊ လက်ဖက်ရည် တစ်အိုးလောက်ပေးပါ"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ထို့နောက် ဆန်းလျန်က အခန်းကို လှည့်ပတ် ကြည့်ရှု နေလိုက်သည်။ အလွန်ကျယ်ဝန်းသည့် အခန်းတစ်ခု ဖြစ်ပြီး အိပ်ရာ ပြင်ဆင် ပေးထားခြင်းမရှိပါ။ သို့သော် အမည်မသိ မြက်တစ်မျိုးဖြင့် ယက်လုပ်ထားသည့် ကြမ်းခင်း အဝတ်တစ်မျိုး ပေးထားလေသည်။ ဆန်းလျန်က တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုကြမ်းခင်း အဝတ်မှာ ချင်းရှင်း အသွင်ပြောင်း မန္တန်ဖြင့် ယက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရှိလိုက်လေသည်။

ထိုမန္တန်မှာ ဆွေယွဲ့ဝတ် ကျောင်းတော်မှ တန်ခိုးကြီးမားသည့် မန္တန်ပညာဖြစ်ပြီး ထိုမန္တန်ဖြင့် စီရင်ထားသည့် ကြမ်းခင်း အဝတ်ပေါ်တွင် တရားထိုင်လျှင် လျှင်မြန်စွာ သမာဓိ တည်နိုင်လေသည်။ ကြမ်းခင်း အဝတ်များမှာ ဆွေယွဲ့ဝတ် ကျောင်းတော်မှ ရွှမ်ထုံနတ် မိစ္ဆာဘုရင်ကို လက်ဆောင် ပေးထားခြင်းလား၊ သို့မဟုတ် ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်ကိုယ်တိုင်က ထိုမန္တန်ကို အသုံးပြု ဖန်တီးထားခြင်းလား ဆန်းလျန် သိချင်နေမိသည်။

ဆန်းလျန် ကြားဖူးသည်မှာ ရွှမ်ထုံမင်းကြီးသည် နတ်ဘုရား ဂိုဏ်းပေါင်းများစွာမှ ကျင့်စဉ်နှင့် မန္တန်ပေါင်း များစွာကို တတ်မြောက် လေသည်။ ရွှမ်ထျန်းဂိုဏ်းသို့ပင် ဝင်ရောက်ကာ သင်ယူခဲ့သေးသည် မဟုတ်လား။

ကြမ်းခင်း အဝတ်လေးရှေ့တွင် ဗျပ်စောင်းတစ်လက် ရှိနေလေသည်။

ထိုနေရာမှ အပြင်သို့ အပြင်သို့ ကြည့်လိုက်မည် ဆိုလျှင် တိမ်များကို မြင်တွေ့နိုင်ပြီး လေတိုက်ခတ် နေသည့် အသံကို ကြားရမည် ဖြစ်သည်။

ဆန်းလျန်မှာ စိတ်ကြည်နူးစရာ ကောင်းပြီး အေးချမ်း တိတ်ဆိတ်သည့် နေရာလေးကို သဘောကျ နေမိလေသည်။

ထိုအချိန်….

မှော်ဆေး လက်ဖက်ရည် ရနံ့လေး ပျံ့လွင့်လာသည့် အတွက် ဆန်းလျန် လှည့်ကြည့် လိုက်မိသည်။ လက်ဖက်ရည် စားပွဲလေးပေါ်တွင် ဖုန်းဟယ်က ဆန်းလျန်အတွက် လက်ဖက်ရည် ငှဲ့ပေးနေလေသည်။

နှင်းပွင့်ကဲ့သို့ ဖြူစင်သည့် လက်ဖက်ရည် အမြှုပ်လေးများမှာ လက်ဖက်ရည် ပန်းကန် မျက်နှာပြင်ထက်တွင် တောက်ပ နေလေသည်။

လက်ဖက်ရည် ငှဲ့ပြီးသည်နှင့် ဖုန်းဟယ်က ဆန်းလျန်ထံ ကမ်းပေးလိုက်ရင်း...

"လက်ဖက်ရည် သုံးဆောင်ပါ သခင်လေး"

"ကျုပ်မသောက်ချင်သေးဘူး၊ ကျုပ်ကိုယ်စား မင်းပဲ သောက်လိုက်ပါ"

ဆန်းလျန်က ပြုံးရင်း ပြောလိုက်သည်။

နှင်းပွင့် မှော်ဆေး လက်ဖက်ရည်မှာ ဝိညာဉ်စွမ်းအား ပြည့်ဝစေသည့် လက်ဖက်ရည် တစ်မျိုး ဖြစ်လေသည်။ ကျင့်ကြံသူများ အနေဖြင့် ထိုလက်ဖက်ရည်ကို သောက်လျှင် စိတ်ဝိညာဉ် ငြိမ်းအေးပြီး ခန္ဓာကိုယ်လည်း ကျန်းမာစေမည် ဖြစ်လေသည်။ သို့သော်... ဆန်းလျန်အတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေ။

ဆန်းလျန် စကားကြောင့် ဖုန်းဟယ်မှာ လက်ဖက်ရည်ကို သောက်ရမလိုလို မသောက်ရမလိုလို ဖြစ်သွားရလေသည်။

"သခင်လေးက ကျွန်မကို အခက်တွေ့အောင် လုပ်ပြီ"

ဟု သူမက ပြောလိုက်လေသည်။

"သောက်လိုက်ပါ၊ ဒီလက်ဖက်ရည်က မင်းအတွက် အကျိုးရှိလိမ့်မယ်၊ ကျုပ်အတွက်တော့ မလိုအပ်ပါဘူး"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ဆန်းလျန်ကဲ့သို့ သဘောကောင်းသည့် ဧည့်သည်ကို ဖုန်းဟယ် ပထမဆုံးတွေ့ဖူးခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ စေတနာအတွက် သူမ ဘယ်လို ကျေးဇူးတင်ရမှန်း မသိပင် ဖြစ်သွား ရလေသည်။ သူမက လက်ဖက်ရည် ပန်းကန်ကို မော့သောက်လိုက်ပြီး ဆန်းလျန်ကို လေးစားစွာဖြင့် ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။

သူမ ဂါရဝပြုသည်ကို လက်ခံပြီးမှ ဆန်းလျန်က မေးလိုက်သည်။

"နတ်ဘုရားဈေးပွဲတော်က ဘယ်တော့ စမှာလဲ"

"နောက်ဆယ်ရက်နေရင် စပါပြီ"

ဖုန်းဟယ်က ပြန်ဖြေလိုက်သည်။

"ပစ္စည်း အလဲအလှယ် လုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

ဆန်းလျန်က မေးလိုက်သည်။

ကျင့်ကြံသူလောကတွင် ငွေကြေး အတိအကျ သတ်မှတ်ထားခြင်းမျိုး မရှိပေ။ အဆင့်နိမ့် ကျင့်ကြံသူများက အတွင်းအားကို သန့်စင်စေသည့် ပစ္စည်းများ၊ မှော်ကျောက်စိမ်းများ၊ ပြဒါးဆေးများနှင့် အသက်ဓာတ် စွမ်းအားပြည့်ဝသည့် ကျောက်မျက် ရတနာများကို လဲလှယ် ကြလေသည်။

ဟိုင်သန်း အဆင့် အောင်မြင်ပြီးသူများကတော့ ဝိညာဉ် စွမ်းအား ပြည့်ဝသူများ ဖြစ်ကြသဖြင့် ထိုသို့သော အသေးအဖွဲ ပစ္စည်းများကို အသုံးပြုရန် မလိုအပ်ကြတော့ပေ။

ဝိညာဉ်စွမ်းအား ပစ္စည်းများကို ငွေကြေးဖြင့် ရောင်းချမည်ဆိုလျှင် မသင့်တော်လှပေ။ ထိုသို့သာ ရောင်းချမည်ဆိုလျှင် တာအိုဆရာများနှင် နတ်ဘုရား ဂိုဏ်းများမှာလည်း သူဌေးသူကြွယ်များ ဖြစ်ကုန်ကြတော့မည် ဖြစ်လေသည်။ ထို့ကြောင့် ငွေကြေးဖြင့် ရောင်းချခြင်း မပြုကြဘဲ ကုန်ပစ္စည်း လဲလှယ်သည့် အလုပ်ကိုသာ လုပ်ကြလေသည်။

ထိုနည်းလမ်းက ကျင့်ကြံသူများနှင့် အသင့်တော်ဆုံး ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေ နိုင်စေလေသည်။

ဆန်းလျန်ကို လေးစားနေပြီ ဖြစ်သည့် ဖုန်းဟယ်က ဆန်းလျန်၏ အမေးကို ရိုရိုသေသေဖြင့်ပင် ဖြေလိုက်သည်။

"သခင်လေးရဲ့ ဝိညာဉ်စွမ်းအား ပစ္စည်းတွေနဲ့ အင်းစက္ကူတွေကို မင်းကြီးက ယိယွမ်ပြဒါးဆေးနဲ့ တန်ဖိုးညှိပေးမှာပါ၊ အခြားတစ်ယောက် ကလည်း သူ့ရဲ့ပစ္စည်းကို သူတန်ဖိုး ညှိထားမှာပဲ၊ အရောင်းအဝယ် လုပ်သူတွေ အရှုံးမရှိရအောင် မင်းကြီးက စီစဉ်ထားပါတယ်၊ အရမ်းအစွမ်းထက်တဲ့ ပစ္စည်းတွေ ဆိုရင်တော့ ရောင်းတဲ့သူက သတ်မှတ်တဲ့ တန်ဖိုးအတိုင်း လေလံတင်လို့ ရပါတယ်၊ ပစ္စည်းမှန်တယ် ဆိုရင်ပေါ့လေ”

***

All Chapters