← Chapters

ဒဏ္ဍာရီထဲက နတ်မိစ္ဆာဘုရင်

Vol. 3 Ch. 226

ဒဏ္ဍာရီထဲက နတ်မိစ္ဆာဘုရင်

Vol. 3 Ch. 226

ယိယွမ်ပြဒါး ဆေးဆိုသည်မှာ မိုးမြေစွမ်းအားများဖြင့် ပြည့်နေသည့် အလွန် သန့်စင်သည့် ပြဒါးဆေးကို ပြောခြင်း ဖြစ်လေသည်။

ထိုဆေးကို စားသုံးခြင်းဖြင့် ကျင့်ကြံသူများသည် အစားအသောက် မစားဘဲ တရားထိုင်ခြင်းဖြင့်သာ နေထိုင်နိုင်ကြသည်။ ထို့ပြင် အတွင်းအားနှင့် အသက်ဓာတ် စွမ်းအားများ တိုးတက်လာမည် ဖြစ်လေသည်။ အဆင့်နိမ့် ကျင့်ကြံသူများ အနေဖြင့် ရေရှည်စွဲပြီး စားသုံးလျှင် ခန္ဓာကိုယ် ကျန်းမာရေး ကောင်းမွန် စေနိုင်လေသည်။ သို့သော် ဝိညာဉ် စွမ်းအားကိုတော့ တိုးမြှင့် ပေးနိုင်ခြင်း မရှိပါ။

ချောင့်တုန့် အဆင့်ကျင့်ကြံသူများပင်လျှင် ယိယွမ်ပြဒါးဆေးကို ဖော်စပ်နိုင်လေသည်။ သို့သော် ချောင်တုန့် အဆင့် မရောက်ရှိနိုင်သေးသည့် ကျင့်ကြံသူများနှင့် ချောင့်တုန့် အဆင့် တက်ရောက် ပြီးသည့်တိုင် ဆေးဖော်စပ်ရန် အချိန်မပေးနိုင်သည့် ကျင့်ကြံသူများက ယိယွမ်ပြဒါးဆေးကို ဝယ်ယူကြလေသည်။

ဆန်းလျန်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများ အတွက်တော့ ယိယွမ်ပြဒါးဆေးမှာ ရှားပါးပစ္စည်း မဟုတ်ပါ။ ထို့ပြင် အဆင့်မြင့် ကျင့်ကြံသူများက ခရီးသွားသည့် အချိန်တွင် ယိယွမ်ပြဒါးဆေးကို ဆောင်သွားလေ့ရှိလေသည်။ ခရီးသွားရင်း ကျင့်ကြံသည့်အခါ မိုးမြေစွမ်းအား အလွန် နည်းပါးသည့် နေရာဒေသသို့ ရောက်ရှိလျှင် ထိုဆေးမျိုးကို အသုံးပြုကာ ကျင့်ကြံလေ့ ရှိလေသည်။

ဆန်းလျန်သည်ပင် ယိယွမ် ပြဒါးဆေးကို အမြဲဆောင် ထားလေ့ ရှိလေသည်။

သို့သော် ချင်းကျန်းဂိုဏ်းသို့သော ဂိုဏ်းငယ်လေးများ အတွက်တော့ ယိယွမ်ပြဒါးဆေးသည် အမှတ်တကယ် အဖိုးတန်သည့် ပစ္စည်း ဖြစ်လေသည်။

ရွှမ်ထုံနတ် မိစ္ဆာဘုရင်မှာ ကျင့်ကြံသူများအတွက် များစွာ စဉ်းစားပေးပြီး ထိုသို့ ပြုလုပ်ခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန် အနေဖြင့် ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မှာ အဘယ်ကြောင့် နတ်ဘုရားဈေး ပွဲတော်အတွက် ထိုမျှအားစိုက်ကာ လုပ်ဆောင်ပေးနေသည်ကို နားမလည်နိုင် ဖြစ်နေရလေသည်။ ယိယွမ် ပြဒါးဆေးကို လဲလှယ်သည့် ငွေကြေးအဖြစ် အသုံးပြုသည်မှာ ရွှမ်ထံနတ်မိစ္ဆာ ဘုရင်၏ ပိုင်နက်တွင်သာ ကြားဖူးခြင်း ဖြစ်လေသည်။

ကျင့်ကြံသူလောကတွင် ယိယွမ် ပြဒါးဆေးကို ငွေကြေးအဖြစ် သဘောထားကာ လဲလှယ်မှု ပြုနိုင်အောင် စီစဉ်ပေးနိုင်သည့် စွမ်းရည်နှင့် တန်ခိုးစွမ်းအား မည်သူ့တွင်မျှမရှိပေ။

ရှန်ဆန်းကျန်းရန် လုကျိုးယွမ်ပင်လျှင် ထိုသို့ စီစဉ်ပေးခြင်း မရှိပေ။ အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခု အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်မည် ဆိုလျှင်တော့ ထိုသို့သော အစီအစဉ်မှာ အထမြောက်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန် ပြုံးလိုက်သည်။ သူက နတ်ဘုရား ဈေးပွဲတော်ကို အကြီးအကျယ် စိတ်ဝင်စားနေမိပြီ ဖြစ်လေသည်။

မိုးမြေစွမ်းအားများမှာ အကန့်အသတ် ရှိလေသည်။ ကမ္ဘာပေါ်တွင် ကျင့်ကြံမှုများ များပြားလာပြီး မိုးမြေ စွမ်းအားများကို စုပ်ယူမှု လျှင်မြန်စွာ မြင့်တက်လာလျှင် မိုးမြေစွမ်းအား ပျက်စီးမှုများ ဖြစ်ပေါ်လာမည် ဖြစ်လေသည်။ ထိုသို့ဖြစ်ရသည်မှာ ကံတရား အတိုင်းပင် ဖြစ်လေသည်။ သဘာဝတရားကို ဖျက်ဆီးခြင်းသည် အဆိုးဆုံး အပြစ်တစ်ခုဖြစ်ပြီး ကျော်လွှားနိုင်ရန် ခက်ခဲလေသည်။ သဘာဝတရား ပျက်စီးသွားလျှင် မည်သည့်ပညာရှိ၊ မည်သည့် သူတော်စင်မှ ပြုပြင်ပေးနိုင်မည် မဟုတ်ပေ။

ဆန်းလျန် အတွေးလွန်နေလေသည်။ ဖုန်းဟယ်မှာ ချောမောလွန်းသည့် ကျင့်ကြံသူ လူငယ်သည် ကျင့်ကြံသူလောက တစ်ခုလုံးကို ပြုပြင် ပြောင်းလဲ ပေးနိုင်မည့် အတွေးများကို တွေးနေသည်ကို သိရှိခြင်းမရှိပါ။

ဆန်းလျန်မှာ ကျင့်ကြံသူ လောကတွင် လေးစားစရာ အကောင်းဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် အပါအဝင် ဖြစ်သည်ကို သူမက သတိပြုမိခြင်းမရှိပါ။

“ကျုပ်နားလည်ပါပြီ၊ ခုတော့ ဘာကိစ္စမှ မရှိသေးလို့ မင်းသွားလို့ရပါပြီ၊ လိုရင် ခေါ်လိုက်ပါ့မယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

ဖုန်းဟယ်မှာ အနည်းငယ် စိတ်ပျက် သွားရလေသည်။ ဆန်းလျန်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူများမှာ သြဇာ တိက္ကမနှင့် ပြည့်စုံသလို ချောမောလှပ ကြလေသည်။ သို့သော် မာနကြီးသူများ ဖြစ်ကြလေသည်။ ဆန်းလျန်မှာလည်း အနည်းငယ် မာနကြီးပုံ ရသည့်တိုင် သူ၏ သဘောကောင်းပြီး နွေးထွေးသူတစ်ယောက် ဖြစ်လေသည်။

ဖုန်းဟယ်မှာ ဆန်းလျန်ကို စိတ်ဝင်စားနေမိပြီး ဆန်းလျန်နှင့် အဖော်ပြုပေးချင်မိသေးသည်။

ဖုန်းဟယ်က ဆန်းလျန်နှင့် အဆင့်အတန်းချင်း မတူညီပါ။ သို့သော် ဆန်းလျန်နှင့် ရင်းနှီးလိုသည့် ဆန္ဒများ ဖြစ်ပေါ် နေမိလေသည်။ သို့သော် ဆန်းလျန်က သူ့အတွေးနှင့်သူ နစ်မျောနေပြီး သူမကို ဂရုစိုက်ခြင်း မရှိပါ။

ရေနွေးအိုးနှင့် လက်ဖက်ရည် ပန်းကန်ကို သယ်ဆောင်ကာ သူမ အခန်းထဲမှ ထွက်ခွာ သွားလေသည်။

ခရမ်းရောင် နန်းဆောင်မှာ ထင်ရှားသည့် အဆောက်အဦး တစ်ခုဖြစ်သော်လည်း မည်သည့် အရံအတားမှ ထားရှိခြင်းမရှိပေ။ အရံအတား ထားရှိထားလျှင်လည်း ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်ကို ကျင့်ကြံသူများက အထင်သေးကြမည် ဖြစ်လေသည်။

ဆန်းလျန်က ခရမ်းရောင် နန်းဆောင်တွင် နေထိုင်ကြသည့် အခြားသော ဧည့်သည် ခြောက်ယောက်ကို သွားရောက် တွေ့ဆုံ နှုတ်ဆက်ခြင်း မရှိပါ။ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ဝါကြွားစွာဖြင့် အခြားသူများကို စတင်မိတ်ဆက်ကာ လိုက်လံ နှုတ်ဆက်နေပါက ဆရာဘွားဘွား ကျိလင်သာသိလျှင် သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

ဖုန်းဟယ်က အခန်းထဲမှ ထွက်ခွာသွားပြီး ရေနွေးအိုးနှင့် လက်ဖက်ရည် ပန်းကန်ကို ဝိညာဉ် ရေကန်လေးထဲတွင် ဆေးကြော နေလေသည်။

ထိုအချိန်မှာပင်…

ရွှမ်ထုံမင်းကြီးက သူမကို မိနစ်သုံးဆယ်ကြာလျှင် ရွှမ်ကွမ်း နန်းဆောင်သို့ လာရန် စိတ်စွမ်းအားဖြင့် ညွှန်ကြားသည့် အသံကို ကြားလိုက် ရလေသည်။ ရွှမ်ကွမ်းနန်းဆောင် ဆိုသည်မှာ ရွှမ်ထုံမင်းကြီး နေထိုင်သည့် နန်းဆောင် ဖြစ်လေသည်။

ရွှမ်ထုံမင်းကြီးက မိနစ်သုံးဆယ်ဟု အတိအကျမှာသည့် အတွက် သူမအနေဖြင့် မိနစ်သုံးဆယ်ထက် နောက်ကျ၍လည်း မရသလို စော၍လည်း မဖြစ်ပေ။ ဖုန်းဟယ်က ရေနွေးအိုးနှင့် လက်ဖက်ရည် ပန်းကန်များကို ဆေးပြီး လမ်းလျှောက်သွားလျှင် ကြာမည့်အချိန်ကို တွက်ချက် နေလိုက်သည်။

ထိုအချိန်မှာပင် နန်းဆောင် အမှတ်ကိုးတွင် နေထိုင်သည့် အဖြူရောင်ဝတ် မိန်းကလေး ရောက်လာသည်ကို တွေ့လိုက် ရလေသည်။ သူမ၏ ပုံစံမှာ ချောမောလှပပြီး ကြာပန်းဖြူ တစ်ပွင့်အလား သန့်စင် လွန်းလေသည်။ ဖုန်းဟယ်က ထိုမိန်းကလေးကို ချက်ချင်းပင် ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

မိန်းကလေးက ဖုန်းဟယ်ကို တွေ့သည်နှင့် ပြုံးလိုက်ပြီး…

“မင်း ဘယ်သွားမလို့လဲ”

ဖုန်းဟယ်မှာ ထိုမိန်းကလေးကို သိလေသည်။ ဖုန်းဟယ်၏ အစ်မဖြစ်သူက သူမအတွက် ဝန်ဆောင်မှု ပေးနေရသူ ဖြစ်လေသည်။ သူမက ထူးဆန်းသူ တစ်ယောက် မဟုတ်ပါ။ သို့သော် အစားအသောက်နှင့် ပတ်သက်ပြီး အလွန်ဇီဇာ ကြောင်သူ တစ်ယောက် ဖြစ်လေသည်။ လွန်ခဲ့သည့် ဆယ်ရက် သူမရောက်ရှိလာသည့် အချိန်မှစပြီး နတ်ဘုရား ဈေးပွဲတော် တာဝန်ခံနှင့် စတင်ပြဿနာ တက်လေသည်။ သို့သော် ခရမ်းရောင် နန်းဆောင်မှ ဧည့်သည်များ တောင်းဆိုသမျှကို ဖြည့်ဆည်း ပေးရမည်ဟု ရွှမ်ထုံမင်းကြီးက မှာကြားထားသည့် အတွက် သူမ၏ တောင်းဆိုမှုများကို မည်သူမျှ မငြင်းဆန်ရဲကြပေ။

“မင်းကြီးက ကျွန်မကို ဆင့်ခေါ်လို့ပါ”

ဖုန်းဟယ်က ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။

“အိုး… မင်းတို့မင်းကြီးက မင်းလို အစေခံငယ်လေးကို ဆင့်ခေါ်တယ် ဆိုတော့ ဘာအကြောင်းများ ရှိလို့လဲ”

အဖြူရောင် မိန်းကလေးက စပ်စုလိုက်သည်။

“မင်းကြီးက ဘာကိစ္စရှိလို့ ခေါ်လဲဆိုတာ ဘယ်သိမှာလဲ၊ ပြီးတော့ သိလဲ သူ့ကို ဘာလို့ ပြောပြရမှာလဲ”

ဖုန်းဟယ်က စိတ်ထဲမှ တွေးလိုက်လေသည်။

မိန်းကလေးက ဖုန်းဟယ်၏ စိတ်ထဲမှာ တွေးသည့်အတွေးကို သိသည့်အလား တစ်ချက် ရယ်မောလိုက်ရင်း…

“ကောင်းပြီလေ”

သူမက ပေါ့ပါးသည့် ခြေလှမ်းများဖြင့် ဖုန်းဟယ်ဘေးမှ ထွက်ခွာသွားလေသည်။

“မင်းခုန ကြိုဆိုလိုက်တဲ့ ဧည့်သည်က အတော်ချောတာပဲ၊ မင်းကိုတောင် လက်ဖက်ရည် တစ်ခွက် တိုက်လိုက်သေးတယ် မဟုတ်လား၊ သူက ယောကျ်ားလေး တစ်ယောက် ဆိုပေမယ့် မင်းသူ့ကို သွားတော့ သဘောမကျမိစေနဲ့၊ ယောကျ်ားတွေဆိုတာ ကျင့်စဉ်လမ်း အဆင့်မြင့်မားလာလေ အကြင်နာ တရားကင်းမဲ့လေပဲ”

သူမက ဖုန်းဟယ်ဘေးမှ ဖြတ်သွားရင်း ထိုစကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။

သူမ၏ လေသံမှာ မကျေနပ်မှုများဖြင့် ပြည့်နေလေသည်။

ဖုန်းဟယ်မှာ အဖြူရောင်ဝတ် မိန်းကလေး၏ စကားကြောင့် ရှက်သွေးဖြာသွားလေသည်။

ခရမ်းရောင် နန်းဆောင်တွင် တည်းခိုနေသည့် ဧည့်သည်တိုင်းမှာ အံ့သြစရာများဖြင့် ပြည့်နှက်နေလေသည်။ ဆန်းလျန်မှာ အကြင်နာ တရားကင်းမဲ့ပြီး ရက်စက်တတ်သူ မဖြစ်နိုင်ကြောင်း ဖုန်းဟယ် တွေးနေမိသည်။ သို့သော် ဆန်းလျန်ကဲ့သို့သော လူမျိုးမှာ သူမ ကဲ့သို့သော အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်ကို မည်သို့ စိတ်ဝင်စားပါမည်နည်း။ ထိုသို့ တွေးလိုက်မိသည့် အခါတွင်တော့ သူမ ဝမ်းနည်း သွားရလေသည်။

ဖုန်းဟယ်က သူမကိုယ်သူမ အဖြူရောင်ဝတ် မိန်းကလေးနှင့် နှိုင်းယှဉ် ကြည့်လိုက်သည်။ အဖြူရောင်ဝတ် မိန်းကလေးက တော်ဝင်ပန်းလေးဆိုလျှင် သူမကတော့ ပန်းရိုင်း တစ်ပွင့်မျှသာ ဖြစ်သည်။

“သူ့လို မိန်းကလေးမျိုးကသာ ဟိုသခင်လေးနဲ့ သင့်တော်မှာပါလေ”

ဖုန်းဟယ် ဝမ်းနည်းစွာဖြင့် တွေးလိုက်မိလေသည်။

သူမ၏ အရည်အချင်းဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ပါ။ တန်ခိုးစွမ်းအား အချို့ရရှိသည် အထိသာ ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ ထို့ပြင် သူမဘဝကလည်း သူတစ်ပါးထံတွင် အလုပ်လုပ်နေရသည့် အစေခံ တစ်ယောက် ဖြစ်လေသည်။ သူမအနေဖြင့် ဆန်းလျန်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ကို စိတ်ကူးယဉ်ခွင့်ပင် ရှိနိုင်မည်မဟုတ်ပေ။ ဆန်းလျန် သူမကို ချစ်ခဲ့မည်ဆိုလျှင်တောင်မှ အချစ်ဆိုသည့် အရာသည် ကျင့်စဉ်လမ်းတွင် အရေးမပါလှပေ။ ထို့ကြောင့် သူမအပေါ်တွင် အရူးအမူး ချစ်မိသွားရန်မှာ မဖြစ်နိုင်ပေ။

စိတ်မကောင်းခြင်း များစွာဖြင့် သူမ ရွှမ်ကွမ်း နန်းဆောင်သို့ ရောက်လာခဲ့လေသည်။

တိုက်တိုက်ဆိုင်ဆိုင် သူမရောက်သည်နှင့် ထုံအော်ကလည်း နန်းဆောင်ရှေ့သို့ ထွက်လာလေသည်။

ရွှမ်ကွမ်းနန်းဆောင်မှာ မြင့်မြတ်သည့် နန်းဆောင် ဖြစ်သည့်အတွက် ဖုန်းဟယ်အနေဖြင့် အရမ်းကာရော ဝင်မသွားရဲပေ။ နန်းဆောင်အတွင်း တစ်စုံတစ်ယောက် ထွက်လာပြီး ခေါ်မှသာ ဝင်ရဲလေသည်။

ထုံအော်က သူမကို ကြည့်လိုက်ရင်း….

“မင်းကြီးအထဲမှာ စောင့်နေတယ်၊ ကျုပ်နဲ့လိုက်ခဲ့ပါ”

သူမ ထုံအော်နောက်မှ လိုက်ပါလာခဲ့လေသည်။

စင်္ကြံလမ်းရှည် တစ်ခုကို ဖြတ်သန်းလာကြလေသည်။ စင်္ကြံလမ်းဘေးတွင် တိမ်တိုက်များ လွင့်မျောနေပြီး ပန်းများလည်းလှပစွာ ပွင့်နေကြလေသည်။ ကောင်းကင်ဘုံမှ ပန်းဥယျာဉ်လေး တစ်ခုအလားပင် ဖြစ်လေသည်။

တန်ခိုးစွမ်းအား မကြီးမားဘဲ ထိုသို့ ဖန်ဆင်း ထားရန်မှာ မဖြစ်နိုင်ပေ။

ရွှမ်ထံမင်းကြီးမှာ ကောင်းကင်ထက်တွင် ထိုမျှကြီးမားသည့် နတ်ဘုရား နန်းတော်ကြီးကို တည်ဆောက် ထားနိုင်သောကြောင့် လူအများက စိတ်ဝင်စား ကြလေသည်။ ထို့ပြင် ထိုနန်းတော်ကြီးကို ထိန်းသိမ်း ထားရန်မှာလည်း များစွာခက်ခဲမည် ဖြစ်လေသည်။ အချို့က မှော်ပညာဖြင့် ဆောက်လုပ်ထားသည်ဟု ပြောကြပြီး အချို့ကတော့ အင်းပညာဖြင့် ဆောက်လုပ်ထားသည်ဟု ဆိုကြလေသည်။ သို့သော် ကောင်းကင်ထက်တွင် အချိန်ကြာမြင့်စွာ တည်ရှိနေသည့် နန်းတော်ကြီး အကြောင်းကို မည်သူမျှ သေသေချာချာ သိရှိနိုင်ခြင်း မရှိကြပေ။

ဒဏ္ဍာရီအရတော့ ရှေးအချိန်တုန်းက “မိုးကောင်းကင်နန်းတော်” ဆိုသည့် နန်းတော်ကြီး တစ်ခု ရှိခဲ့ဖူးလေသည်။ နဂါးငွေ့တန်းရှိ ထျန်းဟယ်မြစ်နံဘေးတွင် မိုးကောင်းကင် နန်းတော် တည်ရှိလေသည်။ သို့သော် ရက်အနည်းငယ် အတွင်းမှာပင် မိုးကောင်းကင် နန်းတော်မှာ နဂါးငွေ့တန်းမှ ပျောက်ကွယ် သွားခဲ့လေသည်။

ဖုန်းဟယ်မှာ ထုံအော် နောက်မှ လိုက်လာရင်း ပတ်ဝန်းကျင်ကိုပင် တစ်ချက် မကြည့်ရဲပါ။

ထိုအချိန် ခြေသံများ ကြားလိုက်ရပြီး လူတစ်စု စင်္ကြံလမ်း တစ်လျှောက် လမ်းလျှောက် လာကြလေသည်။ သူမ မော့ကြည့်လိုက်တော့ ကျားသရေကို ဝတ်ဆင်ထားသည့် စစ်သည်တော် တစ်စုကို တွေ့လိုက်ရသည်။

စစ်သည်တော်အဖွဲ့၏ ခေါင်းဆောင်မှာ ဖုန်းဟယ်ကို တအံ့တသြဟန်ဖြင့် ငေးစိုက် ကြည့်နေလေသည်။

ဖုန်းဟယ်မှာ လူငယ် သူမကို ထိုသို့ စိုက်ကြည့်နေသည့် အတွက် မနေတတ် မထိုင်တတ် ဖြစ်သွား ရလေသည်။ သို့သော် လူငယ်က ယဉ်ကျေးစွာဖြင့်ပင် သူမထံမှ အကြည့်လွှဲလိုက်ပြီး သူမဘေးမှ ဖြတ်လျှောက် သွားလေသည်။

ခန်းမတွင်းသို့ ဖုန်းဟယ် ရောက်လာလေသည်။ သူမ မွှေးရနံ့တစ်ခုကို ရလိုက်ပြီး ရှုတ်ထွေးနေသည့် အတွေးများ ချက်ချင်း ပျောက်ကွယ် သွားရလေသည်။

ရွှမ်ထုံနတ် မိစ္ဆာဘုရင်သည် လိုက်ကာ နောက်တွင် ရှိနေလေသည်။ လိုက်ကာမှာ ပုလဲလုံးလေးများကို ငွေချိတ်လေးများဖြင့် ချိတ်ထားသည့် ပုလဲလိုက်ကာ ဖြစ်သည့်အတွက် လှပသည့် ဂီတသံအလား တဖျောက်ဖျောက် မြည်သံလေးများ ထွက်ပေါ်နေလေသည်။

သူမအတွက် ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်နှင့် ဆုံတွေ့သည်မှာ ဒုတိယအကြိမ် ဖြစ်လေသည်။ ပထမအကြိမ် တွေ့ဆုံခြင်းမှာ လွန်ခဲ့သည့်သုံးနှစ် သူမအလုပ် စတင် ဝင်ရောက်သည့် အချိန်က ဖြစ်လေသည်။

“မင်း စောစောကကြိုဆိုခဲ့တဲ့ ဧည့်သည် အကြောင်း ကျုပ်ကိုပြောပြစမ်း…”

လိုက်ကာနောက်မှ တည်ငြိမ် အေးဆေးသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

ဖုန်းဟယ်လည်း မည်သည့် အကြောင်းအရာကိုမှ ဖုံးကွယ်ထားရဲခြင်း မရှိဘဲ ဆန်းလျန် အကြောင်း အသေးစိတ်ကို ပြောပြလိုက်လေသည်။ သူမနှင် ဆန်းလျန်မှာ အချိန်ခဏလေးသာ တွေ့ခွင့်ရခဲ့သည့်အတွက် ဆန်းလျန်အကြောင်း သိပ်ပြီးသိရှိခြင်း မရှိပါ။ သို့သော် သူမက ရွှမ်ထုံမင်းကြီး မေးသမျှကို သူမသိသမျှ မချွင်းမချန် ဖြေကြား လိုက်လေသည်။

ရွှမ်ထုံမင်းကြီးက သူမပြောသမျှကို တစ်လုံးမကြံနားထောင်ပြီးမှ…

“အနားလာခဲ့…”

ဖုန်းဟယ်က ရွှမ်ထုံမင်းကြီး၏ အမိန့်ကိုနာခံကာ လိုက်ကာအနားသို့ တိုးကပ် သွားလိုက်သည်။ လိုက်ကာ အတွင်းမှ နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး ပိန်သွယ်သည့် လက်တစ်ဖက် ထွက်လာပြီး ဖုန်းဟယ်၏ခေါင်းကို အနည်းငယ် ဖိကိုင် လိုက်လေသည်။

ဖုန်းဟယ်ခေါင်းထဲသို့ ပထမဆုံး ရောက်လာသည့် အတွေးတစ်ခုမှာ “မင်းကြီးဟာ မိန်းကလေး တစ်ယောက်များလား” ဟူ၍ ဖြစ်လေသည်။

ရုတ်တရက် သူမခေါင်းထဲသို့ အလင်းတန်းတစ်ခု စီးဝင်သွားသလို ခံစားလိုက်ရပြီး တစ်စုံတစ်ယောက်က သူမ၏ စိတ်ထဲမှ အတွင်းကျကျ အရာအားလုံးကို သိမြင်သွားသလို ခံစားလိုက်ရလေသည်။

ဆန်းလျန်၏ပုံရိပ်သည် သူမခေါင်းထဲတွင် ထင်ထင်ရှားရှား ဝင်ရောက်လာလေသည်။ ဆန်းလျန်၏ မျက်ခုံး ထူထူလေးများကိုပင် ထင်ရှားစွာ သူမအတွေးထဲတွင် တွေ့မြင်နေရသည်။

ဆန်းလျန်နှင့် တွေ့သည့် အချိန်မှ စတင်ပြီး ဆန်းလျန်၏ အခန်းထဲမှ နောက်ဆုံး ထွက်လာသည့် အချိန်ထိ အချိန်ခဏလေးကို ထင်ရှားစွာ ပြန်လည်အမှတ်ရ သွားမိလေသည်။

ရွှမ်ထုံနတ်မိစ္ဆာဘုရင်က လက်ကို ရုတ်သိမ်းလိုက်ပြီး….

“မင်းသွားလို့ရပြီ၊ အဲဒီဧည့်သည် လိုအပ်တာမှန်သမျှ အကုန်ဖြည့်ဆည်း ပေးလိုက်၊ မင်းဆုံးဖြတ်လို့ မရတဲ့ ကိစ္စမျိုးဆိုရင်တော့ ကျင့်ထင်ထုံအော်ကို လာရှာလိုက်ပါ”

ကျင့်ထင် ထုံအော်ဆိုသည်မှာ ရွှမ်ထုံနတ် မိစ္ဆာဘုရင်၏ လက်အောက်တွင် တာဝန် ထမ်းဆောင်သည့် လူငယ်လေး ထုံအော်ကို ပြောခြင်း ဖြစ်လေသည်။ ကျင့်ထင်တောင်မှ ခေါ်လာပြီး လူသားသဏ္ဌာန် အသွင်ပြောင်းပေး ထားသောကြောင့် ကျင့်ထင်ထုံအောင်ဟု ခေါ်ခြင်း ဖြစ်လေသည်။ ကျင့်ထင်တောင်မှာ ကြာပန်းစိမ်း ဂိုဏ်းတည်ရှိရာ တောင်ဖြစ်လေသည်။ နတ်ဘုရားတစ်ပါး ချန်ရစ်ခဲ့သည့် “ကြာပန်းစိမ်းဓားကျမ်း” ကို အဓိက ကျင့်စဉ်အဖြစ် လေ့ကျင့်ကြသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်သည် ကြာပန်းစိမ်း ဂိုဏ်းသို့ ထိုဓားပညာသင်ယူရန် သွားရောက် ခဲ့လေသည်။ သို့သော် ထိုဂိုဏ်းမှလူများက ခွင့်မပြုသည့်အပြင် သူ့ကို သတ်ဖြတ်ရန် ကြိုးစား ခဲ့ကြလေသည်။

ရွှမ်ထုံနတ်မိစ္ဆာဘုရင် ကျင့်စဉ် အဆင့် တက်လှမ်းပြီးသည့် နောက်ပိုင်းတွင်တော့ ကျင့်ထင်တောင်သို့ နောက်တစ်ကြိမ် ထပ်မံ သွားရောက်ခဲ့လေသည်။ ထိုအချိန်တွင်တော့ ကြာပန်းစိမ်း ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ သူ့ကို မယှဉ်နိုင်တော့ဘဲ အရှုံးပေးခဲ့ကြရပြီး ကြာပန်းစိမ်း ဓားကျမ်းကို သူမကို ပေးခဲ့ရလေသည်။ ထို့နောက်သူက ကြာပန်းစိမ်း ဓားကျမ်းကို ယူလာခဲ့ပြီး မည်သူမျှ သူ့ကို မတားဆီးရဲကြတော့ပေ။

ကျင့်ထင်ထုံအော်မှာ ရွှမ်ထုံမင်းကြီး ကျင့်ထင်တောင်မှ ယူဆောင်လာသည့် ဓားဝိညာဉ် ကျောက်တုံးတစ်တုံး ဖြစ်လေသည်။ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မှာ တန်ခိုးစွမ်းအား ကြီးမားလွန်းသည့် အတွက် ကျောက်တုံးကိုပင် လူသားအသွင် အဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲ ပေးနိုင်ခဲ့လေသည်။

ထိုဒဏ္ဍာရီအရ ကြာပန်းစိမ်း ဂိုဏ်းမှာ အကြီးအကျယ် အရှက်ကွဲခဲ့ရလေသည်။

သို့သော် ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်အတွက်တော့ အသေးအမွှား ကိစ္စလေးမျှသာ ဖြစ်ပြီး ထိုကိစ္စကို သူက ခေါင်းထဲသို့ပင် မထည့်ခဲ့ပေ။

***

All Chapters