← Chapters

ဝူချင်ကျီ

Vol. 3 Ch. 227

ဝူချင်ကျီ

Vol. 3 Ch. 227

ဖုန်းဟယ်ထွက်ခွာသွားပြီးသည့်နောက် ကျင့်ထင်ထုံအော် ဝင်လာလေသည်။

“လောကကြီးက ကျယ်ပြောလိုက်တာ၊ တန်ခိုးစွမ်းအား မြင့်မားတဲ့လူတွေ အကုန်လုံးကို ငါမသိနိုင်တာ အံ့သြစရာတော့ မရှိပါဘူး၊ ဒါပေမဲ့ ဒီလူရဲ့ တန်ခိုးစွမ်းအားက အားနည်းနေသလိုပဲ၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ တန်ခိုးစွမ်းအားက နက်ရှိုင်း နေပြန်တယ်၊ တကယ်ရှားပါးတဲ့ တန်ခိုးရှင် တစ်ယောက်ပဲ၊ ပြီးတော့ သူ့ကိုယ်သူလည်း ချင်းရှသခင်လေးလို့ ပြောတယ်၊ ဒါပေမဲ့ သူ့အကြောင်း ခန့်မှန်းကြည့် ရတာတော့ မခက်ပါဘူးလေ”

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်က တီးတိုး ရေရွတ် လိုက်လေသည်။

ကျင့်ထင်ထုံအော်က ဦးညွှတ် လိုက်ရင်း...

"ကျွန်တော် သူ့ကို လိုက်ပို့တုန်းက သူရဲ့ ဝိညာဉ်စွမ်းအား အရမ်း ထက်မြက်တာ ခံစား လိုက်မိတယ်၊ ဒါပေမဲ့ အရမ်း သိသိသာသာကြီးတော့ မဟုတ်ဘူး၊ သူက ပုံမှန် မဟုတ်တဲ့ ကျင့်ကြံသူတော့ မဖြစ်နိုင်ဘူး၊ ကြည့်ရတာ နတ်ဘုရားဂိုဏ်း တစ်ခုခုကပဲ ဖြစ်ရမယ်၊ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက အခုတလော အရမ်း နာမည်ကြီးနေတာ၊ အရည်အချင်း ရှိသူတွေလည်း အများကြီး ထွက်ပေါ်လာတယ်၊ သူက ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကများလား"

"ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကဆိုရင် အငွေ့အသက်က ရက်စက်ပြီး ကြမ်းတမ်းတယ်၊ ဒါပေမဲ့ ဒီလူငယ်ရဲ့ အငွေ့အသက်က သိမ်မွေ့တယ်၊ ပြီးတော့ အသက်လည်း အရမ်းငယ်သေးတယ်၊ ကြည့်ရတာ အသက် တစ်ရာတောင် မပြည့်လောက် သေးဘူး၊ အင်း…. ပထမ ထိုက်စန့်စန့် နတ်ဘုရားဂိုဏ်းက ဝူချင်ကျီ ရောက်လာတယ်၊ အခု ဒီလူငယ်လည်း ရောက်လာတယ်၊ စိတ်ဝင်စားစရာပဲ”

ရွှမ်ထုံမင်းကြီးက နူးညံ့စွာ ရယ်မောရင်း ပြောလိုက်လေသည်။

ကျင့်ထင်ထုံအော်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။ သူ့အနေဖြင့် ရွှမ်ထုံမင်းကြီး၏ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ထိုဧည့်သည်များကို လေးလေးစားစား ဆက်ဆံရမည် ဖြစ်လေသည်။

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး…

"တကယ်တော့ ဒီ ချင်းရှသခင်လေး ဆိုတဲ့လူကို ရိပ်မိသလိုတော့ ရှိပါတယ်၊ ဒါပေမဲ့ သေချာတော့လည်း မပြောနိုင်ဘူး၊ ပြီးတော့ သူက ကျိမုန်တို့ အဖွဲ့ကို ကူညီခဲ့တယ် ဆိုတော့ သူ့အပေါ် အကြွေးတင် နေတယ်၊ သူ ဒီနေရာကိုလာတာ အဖိုးတန် ပစ္စည်းလေလံပွဲက ရှားပါးပစ္စည်း နည်းနည်းလောက်ကို စိတ်ဝင်စားလို့ ရောက်လာတာပဲ ဖြစ်ရမယ်"

"ဒါဖြင့် သူက ဘယ်သူလဲ"

ကျင့်ထင်ထုံအော်က သိချင်စိတ်ကို ထိန်းမရဘဲ မေးမြန်းလိုက်သည်။

ကျင့်ထင်ထုံအော်မှာ အစေခံ တစ်ယောက် ဖြစ်သော်လည်း အခြားသူများထက် ပိုပြီး ရွှမ်ထုံမင်းကြီးနှင့် ရင်းနှီးသူ ဖြစ်လေသည်။ ထို့ပြင် သူ့ကို လူသား အသွင် ပြောင်းပေးသူမှာလည်း ရွှမ်ထုံမင်းကြီးပင်ဖြစ်လေသည်။ သို့သော် သူက ဓားဝိညာဉ်ကျောက်တုံးတစ်တုံး ဖြစ်သည့်အတွက် စကား အပြောအဆို သိပ်ပြေပြစ်သူ မဟုတ်ပေ။

"အဲဒီလူမှာ ပြဿနာတွေ အများကြီး ရှိတယ်၊ မသိချင်ယောင် ဆောင်နေတာပဲ ကောင်းတယ်"

ရွှမ်ထုံမင်းကြီးက ပြန်ပြော လိုက်လေသည်။

ရွှမ်ထုံမင်းကြီး၏ စကား ဆုံးသွားသည်နှင့် လိုက်ကာ နောက်ကွယ်မှ ခေါင်းလောင်း သံလေးများ ထွက်ပေါ် လာလေသည်။

ထို့နောက် အနက်ရောင် အငွေ့များ စိမ့်ထွက်လာပြီး နတ်မိစ္ဆာဘုရင်က ကျင့်စဉ် စတင်ကျင့်ကြံ လိုက်လေသည်။ ကျင့်ထင်ထုံအော်က အခန်းတွင်းမှ အသာထွက်သွားပြီး ခန်းမဆောင် အပြင်ဘက်တွင် စောင့်နေ လိုက်လေသည်။

ဆန်းလျန်မှာ ခရမ်းရောင် နန်းဆောင်ရှိ နန်းဆောင် အမှတ်ခုနစ်တွင် တစ်ယောက်တည်း ရှိနေလေသည်။ သူက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို တိတ်ဆိတ်စွာ ကျင့်ကြံနေလေသည်။ သူ၏ တန်ခိုး စွမ်းအားများသည် သွေးကြော ဆုံချက်တိုင်းတွင် တုန်ခါ နေလေသည်။ တန်ခိုး စွမ်းအားများက တဖြည်းဖြည်း နက်ရှိုင်းလာပြီး သွေးကြောများ တစ်လျှောက် မြစ်တစ်စင်း အလား စီးဆင်း သွားလေသည်။

သူ၏ ကျင့်စဉ်ကျင့်ကြံမှု ပြီးဆုံး သွားသောကြောင့် မျက်လုံးဖွင့်ကြည့် လိုက်သည့် အချိန်တွင် ကောင်းကင်ထက်တွင် လမင်းက ထိန်ထိန်သာနေပြီ ဖြစ်လေသည်။ လရောင်ခြည်မှာ ငွေရောင် စမ်းချောင်းလေးအလား တိမ်တိုက်များ အပေါ်သို့ စီးဆင်း နေလေသည်။ ဆန်းလျန်က ထိန်ထိန်သာ နေသည့် လမင်းကို ကြည့်နေလေသည်။ လောကီ ကိစ္စများမှ လွတ်ကင်းစေရန် အတွက် ထိုလမင်းရှိရာ နေရာသို့ တစ်ယောက်တည်းသာ သွားရောက် နေထိုင်နိုင်လျှင် ကောင်းမည်ဟု သူခံစားနေမိသည်။

ထိုခံစားချက်ကြောင့်ပင် ဆန်းလျန်သည့် ဗျပ်စောင်းကို စတင် တီးခတ် လိုက်မိလေသည်။

ဂီတသံသည် တောင်ပေါ်တွင် စီးဆင်းနေသည့် စမ်းချောင်းလေးအလား ပျံ့လွင့် သွားလေသည်။ အခြားသော နန်းဆောင်များ ဆီမှပင် ဆန်းလျန် တီးခတ်သည့် ဂီတသံကို ကြားနိုင်မည် ဖြစ်လေသည်။

ခန်းဆောင် အမှတ်သုံးတွင် ထိုက်ကျိ ဝတ်စုံကို ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ရှိနေလေသည်။ သူ၏ မျက်ဝန်းများက ကြည်လင်ပြီး နက်ရှိုင်းလေသည်။ သူက ပြတင်း တံခါးနားတွင် ရပ်နေပြီး ထိန်ထိန်သာနေသည့် လမင်းကို ကြည့်နေလေသည်။

ထိုခဏမှာပင်…

ဂီတသံသည် သူ့ထံသို့ ပျံ့လွင့် လာလေသည်။

ဂီတသံမှ သဘာဝ ဆန်လွန်းလှပြီး ငှက်ငယ်လေးများ အော်မြည်သံကိုပင် ကြားယောင် လာရသလို ခံစား လိုက်ရသည်။ သေသေချာချာ နားထောင် ကြည့်သည့်အခါ ထိုဂီတသံထဲတွင် မြင့်မြတ်မှု တစ်ခုကို ရှာတွေ့လေသည်။ သာမန် ဗျပ်စောင်းသံထက် သာလွန်သည့် ဂီတသံ ဖြစ်လေသည်။

ဗျပ်စောင်း ဂီတသံစဉ်နှင့် လူသားတစ်ယောက် …

ဗျပ်စောင်း တီးခတ်သံဖြင့် စတင်ပြီး လူသားတစ်ယောက်၏ စိတ်ခံစားချက်ဖြင့် အဆုံးသတ် သွားသည့် ဂီတသံမျိုး ဖြစ်လေသည်။ လူတစ်ယောက်၏ စိတ်ခံစားချက်ကို ဂီတဖြင့် ပေါင်းစပ် ပေးနိုင်သည့် အတွက် တီးခတ်သူကို သူက အလွန်လေးစား သွားမိသည်။ တီးခတ်သူသည် လောက၏ မရေမတွက်နိုင်သည့် အရှုပ်အထွေးများစွာမှ ကင်းစင်နေသည့် သူတော်စင်တစ်ပါးအလား ဖြစ်လေသည်။

ထိုဂီတသံကို နားထောင်ပြီးသည်နှင့် တီးခတ်သည့် သူကို သိချင်သည့် စိတ်ကို ထိန်း၍ မရတော့ပေ။

ထိုလူရွယ်၏ ရုပ်ခန္ဓာမှာ မှော်ဆန်လွန်းသည်။

သူက ပြတင်းတံခါးနားတွင် ရပ်နေရာမှ အလင်းမှုံလေးများ အဖြစ် အသွင်ပြောင်းသွားပြီး ထိုအလင်းမှုံ လေးများသည် ဆန်းလျန် နေထိုင်သည့် နန်းဆောင် ခုနစ် တံခါးရှေ့သို့ ရောက်ရှိ သွားလေသည်။ အလင်းမှုံလေးများမှာ ထိုလူရွယ်၏ ပုံသဏ္ဌာန် ပြန်လည်ဖြစ်တည်လာလေသည်။

ဗျပ်စောင်းသံကို ပိုပြီး ထင်ရှား ကြည်လင်စွာ ကြားနေရလေသည်။ ထိုသံစဉ်မျိုးကို ဘဝတွင် နောက်တစ်ခါ နားထောင်ခွင့် ရနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် မနေနိုင်ဘဲ လက်ခုပ် တီးလိုက်မိလေသည်။

ဗျပ်စောင်းသံသည် ချက်ချင်း တိတ်ဆိတ် သွားလေသည်။

"ဂီတသံ အရမ်းကောင်းလို့ ရောက်လာရတာပါ၊ ကျုပ်ကြောင့် အနှောင့်အယှက်များ ဖြစ်သွားသလား"

လူရွယ်က ရယ်မောရင်း ပြောလိုက်သည်။

အမှန်ဆိုလျှင် လူရွယ်က ထိုသို့ စတင်မိတ်ဖွဲ့ တတ်သူ တစ်ယောက် မဟုတ်ပါ။ ယခုတော့ ဂီတသံ၏ သာယာမှုက သူ၏ ရင်ထဲမှ ဆန္ဒများကို ကင်းစင် သွားစေသောကြောင့် ယခုကဲ့သို့ ရောက်လာရခြင်း ဖြစ်လေသည်။

"မိတ်ဆွေ ရောက်လာလို့ အနှောင့်အယှက် မဖြစ်ရပါဘူးဗျာ၊ အပြင်မှာ ဘာလို့ ရပ်နေတာလဲ၊ အထဲကို ဝင်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်”

လူရွယ်က အသံထွက်၍ ရယ်မော လိုက်လေသည်။ နန်းဆောင်ခုနစ်မှ ဧည့်သည်သည် ထူးဆန်းသည်ဟု ခံစား ရနေရလေသည်။

"ကျုပ်နာမည်က ဝူချင်ကျီပါ၊ ကျုပ်ဝင်လာလို့ အနှောင့်အယှက် မဖြစ်ပါဘူးနော်"

"ညခင်းက သာယာတယ်၊ ဧည့်သည် တစ်ယောက် အလည်အပတ်လာတော့ ကောင်းတာပေါ့ဗျာ"

နန်းဆောင်တွင်းမှ အသံမှာ တောင်ပေါ် စမ်းချောင်းလေး စီးဆင်းသွားသည့် အလား အေးဆေး တည်ငြိမ်ပြီး ပေါ့ပါးနေလေသည်။

ဝူချင်ကျီမှာ ကြည်လင်ပြီး သဘာဝဆန်သည့် အသံကြောင့် စိတ်ကြည်နူး သွားမိသည်။ သူက တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် ဗျပ်စောင်း ရှေ့တွင် ထိုင်နေသည့် လူငယ်လေး တစ်ယောက်ကို တွေ့ရလေသည်။ သူ၏ ဝတ်ရုံမှာ လေထဲတွင် လွင့်နေလေသည်။ လူငယ်မှာ ငယ်ရွယ်ပြီး ချောမော သန့်စင်လွန်းလေသည်။

“မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် ချောမော လှပလွန်းသူပဲ” ဟု ဝူချင်ကျီ စိတ်ထဲမှ တွေးလိုက်သည်။

ဝူချင်ကျီမှာ လူငယ်ကို သဘောကျ သွားမိလေသည်။ လူငယ်ကို မြင်တွေ့ရသည်မှာ နတ်ဘုရား တစ်ပါးကို မြင်တွေ့ ရသကဲ့သို့ပင် ခံစားရလေသည်။ ထိုလူငယ်ကို ယခင်က တွေ့ဆုံခဲ့ခြင်း မရှိသည်ကိုပင် နှမြောနေမိလေသည်။ စောစောသာ တွေ့ဆုံခွင့်ရခဲ့လျှင် ထိုက်စန့် နတ်ဘုရား ဂိုဏ်းသို့ ခေါ်မိမည် ဖြစ်လေသည်။ သို့သော် လူငယ်သည် ခရမ်းရောင် နန်းဆောင်တွင် နေသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်ပိုင် ကျင့်စဉ်လမ်းကို လျှောက်လှမ်း အောင်မြင်ပြီးသည့် လူငယ် တစ်ယောက် ဖြစ်ပုံရလေသည်။ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါက နတ်မိစ္ဆာ တစ်ယောက် ဖြစ်နိုင်လေသည်။

ကျင့်ကြံသူပင် ဖြစ်စေ၊ နတ်မိစ္ဆာပင် ဖြစ်စေ လူငယ်ကို သူ၏ ထိုက်စန့် နတ်ဘုရား ဂိုဏ်းသို့ ခေါ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ လောကတွင် ဝူချင်ကျီ မျက်စိကျသည့်သူ သိပ်မရှိပေ။ သို့သော် ယခု သူတွေ့မြင် နေရသည့် လူငယ်လေးကိုတော့ အလွန်မှ သဘောကျ နေမိပြီ ဖြစ်လေသည်။ ထိုလူငယ်မှာ မည်သူမှန်း မသိသည့်တိုင် စိတ်ထဲမှ သဘောအကျကြီး ကျနေမိတော့သည်။

ဆန်းလျန်က ဝူချင်ကျီကို မော့ကြည့် လိုက်သည်။

ဝူချင်ကျီ၏ အသားအရေမှာ ကျောက်စိမ်းသားကဲ့သို့ နူးညံ့နေပြီး အနက်ရောင် ဆံပင်ရှည်များမှာ ရေတံခွန် တစ်ခုအလား ကျောပေါ်တွင် ကျနေလေသည်။ သူ၏ မျက်လုံးများက နက်ရှိုင်းပြီး ခန့်မှန်းရခက်သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ သူက ဆန်းလျန်ကို အလွန်ချစ်ခင် လေးစားသည့် အကြည့်ဖြင့် ကြည့်နေလေသည်။

ဝူချင်ကျီ၏ ခပ်သွယ်သွယ် ပုံရိပ်က ဆန်းလျန်ရှေ့သို့ ရွေ့လျား လာလေသည်။ သို့သော် အသံတစ်စက် ကလေးမျှပင် ထွက်ပေါ်ခြင်း မရှိပေ။

ကျင့်စဉ်နှင့် ရုပ်ခန္ဓာ၊ စကြဝဠာနှင့် လူသား ဟန်ချက် ညီခြင်းကြောင့် ဖြစ်ပေါ်လာသည့် တန်ခိုးစွမ်းအား ဖြစ်ကြောင်း ဆန်းလျန် နားလည် လိုက်သည်။ သူက ဝူချင်ကျီ၏ ကျင့်စဉ် လမ်းအဆင့် မြင့်ခြင်းကို အလွန်လေးစား သွားရလေသည်။ လူသား နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစား သဘောကျ နေမိကြလေတော့သည်။

ဝူချင်ကျီက ရင်းရင်းနှီးနှီးဖြင့်ပင် ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ သူတို့နှစ်ယောက်လုံး တင်ပျဉ်ခွေ ချိတ်ပြီး ထိုင်နေကြခြင်း ဖြစ်လေသည်။ ဝူချင်ကျီက ကျောက်စိမ်း သစ်ပင်တစ်ပင် အလားဖြစ်ပြီး ဆန်းလျန်ကတော့ သစ်ခွပန်းပင်လေး တစ်ပင်နှင့် အလားသဏ္ဌာန် တူနေလေသည်။

"မိတ်ဆွေ စောစောက တီးခတ်လိုက်တဲ့ ဗျပ်စောင်း သံစဉ်ကို အရင်က တစ်ခါမှ မကြားဖူးဘူး၊ ကောင်းကင်ဘုံက သံစဉ်လားလို့တောင် ထင်မှတ် မှားမိတယ်၊ အဲဒီသံစဉ်ရဲ့ နာမည်လေးများ သိရမလား"

ဝူချင်ကျီက ပြုံးရင်း မေးလိုက်သည်။

"လကလည်း သာနေတော့ စိတ်ကလည်း ငြိမ်းချမ်းနေတယ်လေ၊ ဒါနဲ့ ဒီသံစဉ်လေးကို သတိရပြီး တီးခတ်မိတာပါ၊ ဒီဂီတသံစဉ်ရဲ့ နာမည်က "မဟူရာည" တဲ့"

ဆန်းလျန်ကလည်း ပြုံးရင်း ပြန်ဖြေ လိုက်သည်။

ဝူချင်ကျီမှာ တန်ခိုးစွမ်းအား အလွန်ကြီးမားသူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်ပင်လျှင် ဝူချင်ကျီ၏ တန်ခိုး စွမ်းအားများကို မခန့်မှန်းနိုင်ပါ။ ထိုသူ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ “ထိုက်စန့် စက္ခုတန်ခိုး” နှင့် ဆင်တူနေလေသည်။

အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှာ အချင်းချင်း ပတ်သက်မှု မရှိဘဲ ကင်းကင်းရှင်းရှင်း ရှိကြလေသည်။ အမည်နာမ အားဖြင့်သာ ပတ်သက်မှု ရှိကြခြင်း ဖြစ်လေသည်။

အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှာ အထူးဆန်းဆုံး နတ်ဘုရား ဂိုဏ်းတစ်ခု ဖြစ်လေသည်။ သို့သော် သူတို့၏ စွမ်းအားက မသေးလှပေ။ ထိုက်စန့် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဆရာသခင်မှာ ရှန်ဆန်းကျန်းရန် လုကျိုးယွမ်ထက် အဆင့်မနိမ့်ဟူ၍ပင် ပြောစမှတ် ရှိကြလေသည်။ သို့သော် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှာ သီးသန့်ဆန်ပြီး လောကနှင့် အဆက်အသွယ် မရှိပေ။ ထို့အတူ သူတို့၏ တန်ခိုး စွမ်းအားများကိုလည်း ထုတ်ဖော် ပြသခြင်း မရှိကြပေ။

သို့သော် လုကျိုးယွမ်နှင့် ထိုက်စန့် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကို နှိုင်းယှဉ်ပြီး ပြောသည်မှာ ကောလာဟလလည်း ဖြစ်လျှင် ဖြစ်နိုင်လေသည်။ အဘယ်ကြောင့် ဆိုသော် လုကျိုးယွမ်မှာ လောကပထမ ဖြစ်သောကြောင့်ပင်။

နှစ်ပေါင်းတစ်သောင်း အတွင်းတွင် လုကျိုးယွမ်ကို ယှဉ်ပြိုင်နိုင်မည့်သူ တစ်ယောက်မှ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။

ဝူချင်ကျီက ရယ်မောလိုက်သည်။

"မဟူရာည တဲ့လား၊ ကျုပ်စိတ်ကို တကယ် ဖမ်းစားလိုက်နိုင်တာပဲ၊ မဟူရာ ညအမှောင်က ရှည်လျားတယ်၊ လရောင်က တိမ်တွေဆီကနေ မြေပြင်ဆီကို နူးညံ့စွာ ဖြာကျလာတယ်"

ဝူချင်ကျီက ပြုံးရင်း ပြန်ပြော လိုက်လေသည်။

***

All Chapters