← Chapters

လေစွမ်းအားသားရဲ

Vol. 3 Ch. 228

လေစွမ်းအားသားရဲ

Vol. 3 Ch. 228

ဆန်းလျန်နှင့် ဝူချင်ကျီမှာ စကားလက်ဆုံ ကျနေကြလေသည်။

ဝူချင်ကျီက လိုရင်းတိုရှင်းနှင့် တိတိကျကျ စကားပြောတတ်သူ ဖြစ်လေသည်။ သူ၏ စကားများက အမြဲတမ်း လေးလေးနက်နက် ရှိတတ်သည်။ ဆန်းလျန်ကတော့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးပင် ပြောခြင်း ဖြစ်သော်လည်း စကားများက တည်ငြိမ် လေသည်။

စကားအနည်းငယ် ပြောပြီးသည်နှင့်ပင် ဆန်းလျန်မှာ ဝူချင်ကျီ၏ အသိဉာဏ်ပညာနှင့် အတွေ့အကြုံ မြင့်မားမှုကို နားလည် သွားရသည်။

ဝူချင်ကျီမှာ ထိုက်စန့်နတ်ဘုရားဂိုဏ်းမှ ဟုတ် မဟုတ် မသေချာ သေးသည့်တိုင် ဆန်းလျန်မှာ သူ့ကို အလွန်လေးစား နေမိလေသည်။

ဝူချင်ကျီမှာလည်း ဆန်းလျန်အပေါ်တွင် ထိုကဲ့သို့ပင် ခံစားနေရလေသည်။ ဆန်းလျန်မှာ ထုန်ထျန်းကျင့်စဉ် အောင်မြင်ထားသူ ဖြစ်သည့်အတွက် သူ၏ တန်ခိုးစွမ်းအားများကို ဖုံးကွယ် ထားနိုင်လေသည်။ ထို့ကြောင့် ဝူချင်ကျီမှာ ဆန်းလျန်၏ ကျင့်စဉ်လမ်းကို ခန့်မှန်း၍မရ ဖြစ်နေရလေသည်။ ထို့ပြင် သူက လူ့လောကသို့ မရောက်သည်မှာ ကြာပြီဖြစ်သည့် အတွက်ကြောင့် ပြောင်းလဲနေသည့် အပြောင်းအလဲ များကိုလည်း သိရှိခြင်း မရှိသေးပေ။

ထိုစဉ်မှာပင်….

မနီးမဝေးဆီမှ ဆူညံသံများကို ကြားလိုက် ရလေသည်။

ဝူချင်ကျီက ပြုံးလိုက်ရင်း…

"ရတနာပစ္စည်း လေလံတင်ပွဲတော့ မစသေးဘူး၊ ဒါပေမဲ့ ကျင့်ကြံသူတွေ အများကြီး ရောက်ပြီး နတ်ဘုရား ဈေးပွဲတော်က စည်ကားနေပြီ၊ လောကကြီးမှာ ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိပေမယ့် ကျုပ်တို့က သိပ်စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ တစ်ခါတလေ ကျတော့ နတ်ဘုရား ဈေးပွဲတော်မှာ ရှားပါး ပစ္စည်းလေးတွေ တစ်ခု နှစ်ခု ပါလာတတ်တယ်၊ ဒီက ညီငယ် အဆင်ပြေမယ် ဆိုရင် ကျုပ်တို့ သွားကြည့် ကြရအောင်လား"

ဝူချင်ကျီကဲ့သို့ လူမျိုးမှာ ထိုသို့သော ကိစ္စများကို စိတ်ဝင်စားလိမ့်မည်ဟု ဆန်းလျန်က ထင်မထားမိပေ။

"ဒီက အစ်ကို သွားချင်တယ် ဆိုရင် ကျုပ်လည်း မငြင်းပါဘူး"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ဆန်းလျန်က အခန်းထောင့်မှ ခေါင်းလောင်းလေးကို တီးခတ် လိုက်သောကြောင့် အစေခံ မိန်းကလေး ဖုန်းဟယ် ရောက်ရှိ လာလေသည်။

"ကျုပ်နဲ့ ကျုပ်မိတ်ဆွေနဲ့ နတ်ဘုရား ဈေးပွဲတော်ကို သွားကြည့်ချင်လို့၊ မင်းများ လမ်းပြပေးနိုင်မလား"

ဆန်းလျန်က မေးလိုက်သည်။

ဖုန်းဟယ်မှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်အတွက် ညဘက်တွင် အိပ်လေ့ရှိသူ တစ်ယောက် မဟုတ်သည့်အပြင် သူမက ဆန်းလျန်၏ အခေါ်ကို စောင့်နေခြင်း ဖြစ်လေသည်။

ဖုန်းဟယ်က ဆန်းလျန်ကို ဦးညွှတ်လိုက်ပြီး နတ်ဘုရား ဈေးပွဲတော်ဆီသို့ လမ်းပြ ခေါ်ဆောင် သွားလေသည်။ တိမ်များကြားတွင် မြေပြင်ကဲ့သို့ လမ်းလျှောက်နိုင်ရန် ကျူးထျန်းတိမ်လွှာ တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်း ပေးထားလေသည်။ နူးညံ့သည့် တိမ်ခိုးများကို ခံစားနိုင်ပြီး ပျော့ပျောင်းသည့်တိုင် ခိုင်မာမှုလည်း ရှိလေသည်။ ပြုတ်ကျမည်ကို ကြောက်စရာ မလိုပေ။

လရောင်က တိမ်များကြားတွင် ဖြာဆင်း နေလေသည်။ အဖြူရောင် တိမ်ခိုးငွေ့များကြောင့် ကောင်းကင် နန်းတော်သို့ ရောက်နေသည့် အလား ခံစားရလေသည်။ ဖုန်းဟယ်က ကြေးနီရောင် မီးအိမ်လေးကို ကိုင်ဆောင်ကာ သူတို့ရှေ့မှ လမ်းပြ သွားလေသည်။ မီးအိမ်လေး အလင်းရောင်နှင့် ထိမိသည်နှင့် တိမ်ခိုးများ ပျောက်ကွယ် သွားပြီး လမ်းလေး တစ်လမ်း ပေါ်လာလေသည်။

သိပ်မကြာမီပင် အစိမ်းရောင် သစ်များဖြင့် ဆောက်လုပ်ထားသည့် စင်မြင့် တစ်ခုဆီသို့ ရောက်ရှိ လာလေသည်။ စင်မြင့်ရှေ့တွင် "ချင်းယွင်ထိုင်" ဟု ရေးသားထားလေသည်။

ဆိုင်းဘုတ်အောက်နားတွင်…

"လေအဝေ့မှာ တိမ်တွေဆီကို ရောက်အောင် လမ်းပြပေးပါ"

ဟု ကဗျာလေး နှစ်ကြောင်း ရေးသား ထားလေသည်။

ကဗျာမှာ နားလည်ရန် လွယ်ကူသော်လည်း လက်ရေးမူကတော့ ပညာရှင် ဆန်လေသည်။

စင်မြင့်၏ လှေကားရင်းတွင် ဖုန်းဟယ်က ရပ်တန့်လိုက်သည်။

"ဒီ နှစ်ကြောင်းကဗျာက ရွှမ်ထုံ မိတ်ဆွေ ရေးသားထားတဲ့ ကဗျာလား"

ဆန်းလျန်က မေးလိုက်သည်။

ဖုန်းဟယ်က ခေါင်းညိတ် လိုက်ရင်း…

"မှန်ပါတယ် သခင်လေး၊ ဒီကဗျာလေးကို မင်းကြီး ရေးထားတာပါ"

ဆန်းလျန်က လက်ရေးထဲမှ တန်ခိုး စွမ်းအားကို သတိပြုမိ လိုက်သလို နူးညံ့မှု တစ်ခုကိုလည်း ခံစားမိလေသည်။ စာလုံးများမှာ တစ်ဆက်တည်း ရေးသားထားခြင်း ဖြစ်လေသည်။ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မှာ စာပေပညာကို နားလည် တတ်ကျွမ်းသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်ရမည်ဟု ဆန်းလျန် ခန့်မှန်း လိုက်သည်။

"ဒီကို ရောက်မှတော့ ပစ္စည်းတစ်ခုခုတော့ ဝယ်ရမှာပေါ့၊ အလဲအလှယ် လုပ်ရမှာက ယိယွမ် ပြဒါးဆေးနဲ့ မဟုတ်လား၊ ကျုပ်အတွက် နည်းနည်း လဲပေးပါလား"

ဆန်းလျန်က ပြောရင်း ဖုန်းဟယ်ကို ဝိညာဉ်စွမ်းအား ပစ္စည်းနှစ်ခု ထုတ်ပေး လိုက်လေသည်။

"သခင်လေး၊ ဒီအတွက် စိတ်မပူပါနဲ့၊ ကျွန်မမှာ ယိယွမ် ပြဒါးဆေး တစ်အိတ် ရှိတယ်၊ အိတ်ထဲမှာ ပြဒါးဆေး တစ်သောင်းပါတယ်၊ သခင်လေး အဲဒါကို သုံးလို့ရပါတယ်"

ဖုန်းဟယ်က ပြောရင်း အိတ်လေး တစ်အိတ်ကို ထုတ်ယူ လိုက်သည်။ အမွှေးနံ့သာ အိတ်လေးနှင့် တူလေသည်။ သူမက အိတ်လေးကို ဆန်းလျန်ထံသို့ ကမ်းပေးလိုက်သည်။ အိတ်လေးမှာ သူမ ကိုယ်ငွေ့လေးကြောင့် နွေးနေလေသည်။ လမ်းတစ်လျှောက်လုံး ထိုအိတ်လေး မပျောက်ရအောင် သေချာ ထိန်းသိမ်းလာခြင်း ဖြစ်ဟန် တူလေသည်။

ဆန်းလျန်က အိတ်လေးကို လက်ခံယူလိုက်ရင်း…

"ယိယွမ်ပြဒါးဆေး တစ်သောင်းတောင် ဆိုတော့ အားနာစရာကြီး၊ မင်းက ဘယ်လို ရထားတာလဲ"

"ကျွန်မက တာဝန်ခံ ညွှန်ကြားတဲ့ အတိုင်း လုပ်တာပါ၊ သခင်လေး ယိယွမ်ပြဒါးဆေး လိုချင်ရင် လိုသလောက် ထုတ်ပေးဖို့ မင်းကြီးက ကျွန်မတို့ကို မှာထားပါတယ်၊ ကျွန်မတို့က စာရင်း မှတ်ထားမယ်၊ သခင်လေး ပြန်တော့မှ ပစ္စည်းနဲ့ ပြန်လဲသွားပေါ့"

ဖုန်းဟယ်က ပြန်ပြောလိုက်လေသည်။

"မင်းတို့ မင်းကြီးက တကယ် သဘောကောင်းတာပဲ၊ ဒါပေမဲ့ ကျုပ်ကို ကျတော့ ဒီလိုမျိုး လုပ်မပေးပါဘူး၊ ယိယွမ် ပြဒါးဆေးကို ကျုပ်ရဲ့ ပရိတ်ရေ နှစ်ပုလင်းနဲ့ လဲလိုက်ရတယ်"

ဝူချင်ကျီက ရယ်ရယ်မောမောနှင့် ဝင်ပြောလိုက်လေသည်။

ဖုန်းဟယ်မှာ ရှက်သွေး ဖြာသွားပြီး ဘာပြန် ပြောရမှန်း မသိ ဖြစ်သွားရလေသည်။

ရွှမ်ထုံ နတ်မိစ္ဆာဘုရင်မှာ အတွေ့အကြုံ များသလို သတင်းရယူမှုလည်း မြန်ဆန်သူ ဖြစ်သည့် အတွက် ဆန်းလျန် မည်သူမည်ဝါ ဖြစ်သည်ကို ခန့်မှန်းမိပုံ ရလေသည်။ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဆိုသည့် ဂုဏ်ပုဒ်မှာ အလွန်မြင့်မားသည့် ဂုဏ်ပုဒ် တစ်ခု ဖြစ်လေသည်။ သို့သော် လက်ရှိ ချင်းရွှမ် နတ်တံခါး၏ အခြေအနေမှာ အနည်းငယ် ထိလွယ် ရှလွယ် ဖြစ်နေသည့် အတွက် နတ်မိစ္ဆာ ဘုရင်အနေဖြင့် ချင်းရွှမ် နတ်တံခါးကို မဆန့်ကျင်ချင်သလို ပတ်သက်ချင်ပုံလည်း မရှိပေ။ သို့သော် ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်သည် ဆန်းလျန်ကို လုံး၀ လျစ်လျူရှု ထားခြင်းမရှိပါ။ ထို့ကြောင့် ဆန်းလျန် အပေါ်တွင် သူ၏ ဧည့်ဝတ် ကျေပွန်မှုကို ပြသခြင်း ဖြစ်လေသည်။

"ကြည့်ရတာ အစ်ကို့ရဲ့ ပရိတ်ရေက အစွမ်းထက်တော့ ရွှမ်ထုံမိတ်ဆွေက လိုချင်လို့ ပြဒါးဆေးနဲ့ လဲတာ ဖြစ်ပါလိမ့်မယ်"

ဆန်းလျန်က ပြောလိုက်လေသည်။

ဝူချင်ကျီက မည်သည့် စကားမှ မဆိုဘဲ ဆန်းလျန်ကို ပြုံးပြလိုက်သည်။

ဖုန်းဟယ်မှာ သူမ အဖြေရ ခက်နေသည့် မေးခွန်းကို ဆန်းလျန်က ကူညီဖြေရှင်း ပေးလိုက်သည့် အတွက် ဆန်းလျန်ကို ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်လိုက်သည်။ ဆန်းလျန်က သူမကို ပြုံးပြ လိုက်လေသည်။ သူမက ဆန်းလျန်နှင့် ဝူချင်ကျီကို ချင်းယွင်ထိုင် စင်မြင့်ထက်သို့ ဦးဆောင် ခေါ်သွားလေသည်။ စင်မြင့်မှာ ပေတစ်ရာခန့် မြင့်ပြီး အလွန်ကျယ်ပြန့် လေသည်။

ဖုန်းဟယ်က လူတစ်ယောက်ကို တီးတိုး ပြောလိုက်ပြီး ဆန်းလျန်နှင့် ဝူချင်ကျီတို့ နှစ်ယောက်ကို အထူး ဧည့်သည်တော် ထိုင်ခုံများဆီသို့ ခေါ်ဆောင် သွားလေသည်။ အထူး ဧည့်သည်တော် နေရာမှာ ရှုခင်း အလွန်လှလေသည်။ စင်မြင့်အလယ်တွင် ရေကန်ငယ်လေး တစ်ခုကို တွေ့မြင် နိုင်လေသည်။ လေထဲမှ စင်္ကြံလမ်းလေး တစ်ခုရှိနေပြီး စင်္ကြံလမ်းအဆုံးတွင် ပစ္စည်းများတင်ကာ ပြသသည့် စင်မြင့်လေးတစ်ခု ရှိလေသည်။

ထိုစင်မြင့်လေး ထက်တွင် ကျောက်စိမ်းပြား တစ်ခုကို ပြသထားလေသည်။ စင်မြင့်လေးဘေးရှိ စင်္ကြံလမ်းလေးတွင် မိန်းကလေး ကျင့်ကြံသူ တစ်ယောက် ရပ်နေပြီး ထိုကျောက်စိမ်း ပြားလေးမှာ တောင်ပေါ် နတ်ဘုရားတစ်ပါး၏ ကျောက်စိမ်းပြား ဖြစ်ပြီး နတ်ဘုရား စွမ်းအားများ ပါဝင်ကြောင်း ရှင်းပြနေလေသည်။ ထိုကျောက်စိမ်းပြားကို ဆောင်ထားပါက မိစ္ဆာ စွမ်းအားများကို ကာကွယ် နိုင်လေသည်။

ဝူချင်ကျီနှင့် ဆန်းလျန်တို့မှာ ထိုသို့သော အသေးအဖွဲ ပစ္စည်းလေးများကို စိတ်ဝင်စားခြင်း မရှိပါ။ ထို့ပြင် ဝူချင်ကျီမှာ စင်မြင့်ထက်တွင် ပြသထားသည့် ပစ္စည်းကို စိတ်ဝင်စားခြင်း မရှိပေ။ သူက ညာဘက်ရှိ အထူး ဧည့်သည်တော် နေရာကို စိတ်ဝင် စားနေလေသည်။ ထိုနေရာမှာ ဆန်းလျန်တို့ ထိုင်နေသည့် နေရာနှင့် မတူပေ။ ထိုင်ခုံများကို တိမ်ခိုးလိုက်ကာ လေးများဖြင့် ကာထားလေသည်။ အထဲတွင် မည်သူ ရှိနေသည်ကို မသိနိုင်ပေ။

တိမ်ခိုးလိုက်ကာ နောက်ကွယ်တွင် အဖြူရောင်ရောင် အရိပ်တစ်ခု ရှိနေပြီး ထိုအဖြူရောင် အရိပ်မှာ သူ့ကို ကြည့်နေသည်ကို ဆန်းလျန် ခံစားမိလေသည်။ ထိုအဖြူရောင် အရိပ်မှာ မည်သူ ဖြစ်ကြောင်းကို ဆန်းလျန် ချက်ချင်း သိရှိသွားလေသည်။

သို့သော် ဆန်းလျန်က မသိချင်ယောင် ဆောင်နေလိုက်ကာ စင်မြင့်ထက်တွင် ခင်းကျင်း ပြသနေသည့် ပစ္စည်းများကို အာရုံစိုက် နေလိုက်သည်။

တောင်ပေါ် နတ်ဘုရား ကျောက်စိမ်းကို ယိယွမ် ပြဒါးဆေး ငါးဆယ်ဖြင့် ရောင်းလိုက် ရလေသည်။

နတ်ဘုရားဈေးပွဲတော်သို့ ရောက်ရှိနေကြသည့် ကျင့်ကြံသူ အများစုမှာ ပုံမှန် မဟုတ်သည့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ အချို့မှာလည်း တိုင်တစ်ပါးမှ ကျင့်ကြံသူများ ဖြစ်ကြလေသည်။

ချင်းရွှမ်နတ်တံခါးမှ ကျောက်စစ်မင် သည်ပင်လျှင် တိုင်းတစ်ပါးမှ ရောက်လာသည့် ကျင့်ကြံသူ ဖြစ်လေသည်။ သူက ပထမတွင် လူစောယိနှင့် အဆင်မပြေ ဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာလာသည့် နောက်တွင်တော့ သူ့စိတ်ကိုသူ ပြုပြင်နိုင်ခဲ့လေသည်။ ယခုတော့ ကျောက်စစ်မင်မှာ ရုဟွအဆင့်သို့ပင် တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ ဆန်းလျန်က ကျောက်စစ်မင်ကို စိတ်ဝင်စားမိ လေသည်။ အနာဂတ်တွင် ကျောက်စစ်မင်နှင့် လူစောယိ နှစ်ယောက်လုံးသည် ချင်းရွှမ် နတ်တံခါးအတွက် အရေးပါသူများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

သို့သော် ချင်းရွှမ် နတ်တံခါးအတွက် ချန်ကျန့်မေနှင့် ဆန်းလျန်ကဲ့သို့ ပါရမီရှင်များ ထပ်မံ ပေါ်ထွက်လာခြင်း မရှိသေးပေ။ ချန်ကျန့်မေနှင့် ဆန်းလျန်သာလျှင် နတ်ဘုရား အဆင့် တက်ရောက်နိုင်ရန် အလားအလာကောင်း ရှိသူများ ဖြစ်ကြပြီး အခြားသူများမှာ အလားအလာ မရှိကြသေးပေ။

သို့သော် ထိုအချက်မှာ ပုံမှန်ပင် ဖြစ်ပါသည်။ နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ ခက်ခဲ လွန်းလှသည် မဟုတ်ပါလား။

ဆန်းလျန်မှာ တန်ခိုးစွမ်းအား အဆမတန် မြင့်မားလာသလို ချင်းရွှမ် နတ်တံခါး၏ တပည့်များထဲတွင် ဆန်းလျန်၏ ခြေဖျားကို မီသည့်သူပင် တစ်ယောက်မှ မရှိပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဆန်းလျန် အနည်းငယ် စိတ်ပူသည့်တိုင် စိတ်အနှောင့်အယှက်တော့ မဖြစ်မိပါ။ ဆန်းလျန်က တပည့်များ အားလုံးကို ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ ကူညီပေးလေသည်။ သို့သော် ကျင့်စဉ်လမ်း အောင်မြင်သည် မအောင်မြင်သည်ကတော့ ကျင့်ကြံသူ ကိုယ်တိုင် အပေါ်တွင်သာ မူတည် လေသည်။

နောက်ထပ် ပစ္စည်းတစ်ခုမှာ ထက်ရှသည့် လေစွမ်းအား နှင်တံတစ်ခု ဖြစ်လေသည်။ ဆန်းလျန်က ထိုပစ္စည်းကို စိတ်ဝင်စားနေမိသည်။ ထိုပစ္စည်းမှာ လေစွမ်းအားသားရဲနှင့် အတူတကွ မွေးဖွားလာသည့် ပစ္စည်း ဖြစ်လေသည်။ လေစွမ်းအား သားရဲ၏ ဇာစ်မြစ်မှာတော့ စိတ်ဝင်စားစရာ ကောင်းလေသည်။

လွန်ခဲ့သည့်မျိုးဆက်မှ နတ်ဘုရားတစ်ပါး ရေးသားခဲ့သည့် တာအိုကျမ်းစာ တစ်ခုတွင် နတ်ဘုရားဆေး တစ်မျိုး အကြောင်းကို ရေးသား ထားလေသည်။ ထိုကျမ်းစာအုပ်ထဲတွင်…

"လေစွမ်းအား သားရဲ၏ ပုံသဏ္ဌာန်မှာ အမွေးပါသည့် သားရဲတစ်ကောင် ဖြစ်ပြီး အစိမ်းရောင် ရှိလေသည်။ အလွန်ကြီးမားပြီး တောင်ပင်လယ် ဒေသရှိ တောနက်ထဲတွင် နေတတ်သည်။ ထိုသတ္တဝါကို ပိုက်ကွန်နှင့် ဖမ်းသည့်တိုင် ပိုက်ကွန်ကို မီးရှို့ပစ်နိုင်စွမ်း ရှိလေသည်။ သူ၏ အမွေးများက ထိုးထိုးထောင်ထောင်နှင့် ဖြစ်လေသည်။ သူ့ခေါင်းနှင့် အဝှေ့ခံရလျှင်လည်း သေဆုံး နိုင်လေသည်။ ထို့ပြင် ပါးစပ်မှလည်း လေစွမ်းအားများကို မှုတ်ထုတ် နိုင်လေသည်။ သူ၏ နှာခေါင်းကို တိုက်ခိုက်မှသာ သေနိုင်လေသည်။ ထိုသားရဲ၏ ဦးနှောက်ကို ဂန္ဓမာပန်းနှင့် ရောပြီး ဆေးဖော်စပ်ကာ မှီဝဲလျှင် အသက်ငါးရာ ပိုရှည်နိုင်သည်"

ဟု ရေးသား ထားလေသည်။

လူတစ်ယောက်၏ အသက်ကို အနှစ်ငါးရာ ထပ်မံ အသက်ရှည်စေခြင်းမှာ အလွန်တန်ဖိုး ရှိလေသည်။ မည်သူမဆို ထိုသို့သော ဆေးမျိုးကို လိုချင်ကြမည်ပဲ ဖြစ်လေသည်။

သို့သော် နတ်ဘုရား ဈေးပွဲတော်သို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူ အများစုမှာ လေစွမ်းအားသားရဲ အကြောင်းကို သိပုံမပေါ်ပေ။ ထို့ကြောင့် လေစွမ်းအား နှင်တံကို မည်သူမျှ အလေး မထားကြပေ။

လေစွမ်းအား နှင်တံကို ပိုင်ဆိုင်ထားလျှင် လေစွမ်းအားသားရဲ တည်ရှိသည့် နေရာကို ခြေရာခံနိုင်မည် ဖြစ်လေသည်။

လေစွမ်းအား နှင်တံကို ရောင်းနေသည့် ကျင့်ကြံသူသာ ထိုအကြောင်းကို သိမည်ဆိုလျှင် နှင်တံကို ရောင်းမည် မဟုတ်ပေ။ ဆန်းလျန်က လေစွမ်းအား နှင်တံကို ဝယ်ယူရန် ဆုံးဖြတ် လိုက်လေသည်။

ဆန်းလျန် ငြိမ်သက် နေစဉ်မှာပင် တစ်ယောက်က ဈေးခေါ် လိုက်သည်။ ဆန်းလျန် အနေဖြင့် လောစရာ မလိုပေ။ ဈေးပြိုင်ခေါ် နေကြသည့်သူများကို ခေတ္တ စောင့်ကြည့် နေလိုက်သည်။

နောက်ဆုံး ဈေးနှုန်း အမြင့်ဆုံးမှာ ယိယွမ်ပြဒါးဆေး ငါးဆယ်တွင် ရပ်တန့်သွားလေသည်။

"ခြောက်ဆယ်...."

ဆန်းလျန်က အမြင့်ဆုံး ဈေးထက် ယိယွမ်ပြဒါးဆေး တစ်ဆယ် ပိုပေးကာ ဈေးခေါ် လိုက်သည်။

သို့သော်....

သူ့ကို ပြိုင်ဆိုင်မည့်သူ တစ်ယောက် ပေါ်လာလေသည်။

ဆန်းလျန်က နှင်တံကို သူရတော့မည်ဟု ထင်လိုက်မိသည့် အချိန်မှာပင်.....

"တစ်ရာ့နှစ်ဆယ်...."

တိမ်ခိုးလိုက်ကာဖြင့် ကာရံထားသည့် အထူးဧည့်သည်တော် ထိုင်ခုံမှ နူးညံံ့သည့် အသံတစ်သံက ပြောလိုက်လေသည်။

ဆန်းလျန်ပေးသည့် ဈေးထက် နှစ်ဆ ဈေးခေါ်လိုက်ခြင်း ဖြစ်လေသည်။

တိမ်ခိုးလိုက်ကာ နောက်မှ အဖြူရောင် အရိပ်သည် ဆန်းလျန်ကို စိုက်ကြည့် နေသည်ကို ဆန်းလျန် ခံစား သိရှိလိုက်လေသည်။

ဆန်းလျန်က ဂရုမစိုက်ပါ။ သူက ဈေးထပ်တိုး ပေးရန် ပြင်ဆင် လိုက်ချိန်တွင်….

"တစ်ရာ့ငါးဆယ်..."

ဝူချင်ကျီ ဈေးခေါ်လိုက်သည့် အသံ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

"နတ်မိမယ်က လိုချင်မှတော့ ကျုပ်က လက်ဆောင် ဝယ်ပေးရမှာပေါ့”

ဝူချင်ကျီက အေးဆေးစွာဖြင့် ဆက်ပြော လိုက်လေသည်။

တိမ်ခိုးလိုက်ကာ နောက်ကွယ်မှ အဖြူရောင် အရိပ်က ရယ်မော လိုက်လေသည်။

"ကျွန်မက ဒီပစ္စည်းကို မကြိုက်ပါဘူး၊ ရယူချင်ရုံ သက်သက်ပါ"

သူမက ပြန်ပြောလိုက်သည်။

"သုံးရာ..."

သူမက ဆက်ပြောလိုက်သည်။

သူမ၏ စကားကို ကြားသည်နှင့် ဝူချင်ကျီက ဆန်းလျန်ဘက်သို့ လှည့်လိုက်ပြီး....

"ဒီက ညီငယ်နဲ့ ရှောင်ယွီ နတ်သမီး ကြားမှာ ပြဿနာတစ်ခုခုများ ရှိသလား"

ဟု မေးလိုက်လေသည်။

အတွေ့အကြုံများသည့် ဝူချင်ကျီက မိန်းမပျိုမှာ ဆန်းလျန်ကို တမင်သက်သက် အရွဲ့တိုက်ကာ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ရိပ်မိလိုက်လေသည်။

"သုံးရာ့တစ်..."

ဆန်းလျန်က တိုးတိတ်စွာ ပြောလိုက်သည်။

ထို့နောက် သူက ဝူချင်ကျီကို ပြန်ကြည့်လိုက်ပြီး စိတ်ရှည်ရှည် ထားပါဆိုသည့် သဘောဖြင့် လက်ကာ ပြလိုက်သည်။

"ခြောက်ရာ..."

တိမ်ခိုးလိုက်ကာ နောက်ကွယ်မှ ကျောက်ရှောင်ယွီက ထပ်ပြောလိုက်သည်။

လူတိုင်းက လေလံပွဲကို ဆူညံစွာဖြင့် စိတ်ဝင်တစား ကြည့်နေကြလေတော့သည်။

အထူး ဧည့်သည်တော် နေရာမှ ကျင့်ကြံသူ နှစ်ယောက် ဈေးပြိုင် ကြလိမ့်မည်ဟု သူတို့က မျှော်လင့် မထားမိကြပေ။ သူတို့က လေစွမ်းအားနှင်တံ ပိုင်ရှင်မှာ ကံကောင်းတာပဲဟု တွေးနေ ကြလေသည်။

သို့သော်....

ဆန်းလျန်က ဆက်ပြီး ဈေးမတင်တော့ပါ။ တိတ်ဆိတ် နေလိုက်လေသည်။ ထို့ကြောင့် လေစွမ်းအား နှင်တံကို ကျောက်ရှောင်ယွီ ရရှိသွားလေသည်။

သို့သော်....

ဆန်းလျန် လုံးဝ မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့ပြီး ဆန်းလျန်၏ နားလည်နိုင်ခြင်းများ ပျောက်ဆုံး သွားရလေတော့သည်။

***

All Chapters