← Chapters

အကြင်နာတရားမရှိ

Vol. 3 Ch. 229

အကြင်နာတရားမရှိ

Vol. 3 Ch. 229

ဆန်းလျန်၏ နားလည်နိုင်ခြင်းမျာ ပျောက်ဆုံး သွားရသည့် အချက်မှာ….

ကျောက်ရှောင်ယွီက ဆန်းလျန်ကို မရရအောင် အနိုင်ယူကာ ဝယ်ယူခဲ့သည့် လေစွမ်းအား နှင်တံကို ဆန်းလျန်ထံသို့ လက်ဆောင်အဖြစ် ပေးပို့ ခိုင်းလိုက်ခြင်းပင် ဖြစ်လေသည်။

ထို့နောက် ကျောက်ရှောင်ယွီ ထိုင်နေသည့် အထူးဧည့်သည်တော် နေရာမှ တိမ်ခိုးလိုက်ကာ ပျောက်ကွယ် သွားလေသည်။ စူးရှသော မျက်ဝန်းများဖြင့် ဆန်းလျန်ကို စိုက်ကြည့်နေပြီး နှုတ်ခမ်းအစုံက လှပစွာ ပြုံးနေသည့် အလွန်တရာ ချောမော လှပလွန်းသော မိန်းမပျို ကျောက်ရှောင်ယွီကို လူတိုင်း မြင်တွေ့ လိုက်ကြရလေသည်။

ဆန်းလျန်က သူမစိတ်ထဲမှ အတွေးများကို ခန့်မှန်း ကြည့်နေမိသည်။ သူမ၏ အလှတရားများက ဆန်းလျန်ကို စိတ်လှုပ်ရှား မိစေခြင်းငှာ မတတ်နိုင်ပေ။

သို့သော်... ဝူချင်ကျီမှာတော့ သူမ၏ အလှတရားတွင် ယစ်မူးလျက် ရှိရလေပြီ။

ဆန်းလျန်က လေစွမ်းအား နှင်တံကို သိက္ခာရှိရှိဖြင့်ပင် လက်ခံယူလိုက်သည်။ ဆန်းလျန်က အစကတည်းက ကျောက်ရှောင်ယွီ လုပ်သမျှ အလျှော့ပေးမည်ဟု ဆုံးဖြတ် ထားခဲ့သူ ဖြစ်လေသည်။ နောက်မှ သူလိုချင်သည့် ပစ္စည်းကို သူမလက်ထဲမှ ရအောင် ပြန်ယူမည်ဟု စဉ်းစားထားခဲ့သည်။

သို့သော်...

ကျောက်ရှောင်ယွီက သူနှင့် အတိုက်အခံ လုပ်ပြီး ရအောင်ယူထားသည့် ပစ္စည်းတစ်ခုကို သူ့ကို လက်ဆောင် အဖြစ် ပြန်ပေးမည်ဟု ဆန်းလျန်က လုံးဝ မျှော်လင့် မထားခဲ့မိပေ။ ဆန်းလျန်မှာ သူမ၏ အပြုအမူကြောင့် များစွာ စိတ်ရှုပ်သွားရလေတော့သည်။

အမှန်ဆိုလျှင် သူတို့နှစ်ယောက်မှာ မိတ်ဆွေများ မဟုတ်ကြပေ။ ယွဲ့ထော်တိုင်းပြည်တွင် သူတို့နှစ်ယောက် အပြင်းအထန်ပင် တိုက်ခိုက် ခဲ့ကြသေးသည်။ ထိုတိုက်ပွဲကြောင့်ပင် ဆန်းလျန်မှာ ဟိုင်သန်းအဆင့် တက်ရောက် နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်ကတော့ အတိတ်ကို အတိတ်မှာပင် ထားခဲ့ပြီ ဖြစ်သည်။

အချိန်ငါးနှစ်ကျော်တောင် ကြာခဲ့ပြီပဲလေ..... ။

ဆန်းလျန်လည်း ကျင့်စဉ်လမ်း အဆင့်မြင့်လာသလို ကျောက်ရှောင်ယွီမှာလည်း သိသိသာသာ တန်ခိုးစွမ်းအားများ တိုးတက် လာခဲ့ပြီ ဖြစ်သည်။ သူမ၏ တန်ခိုးစွမ်းအားများမှာ မည်မျှနက်ရှိုင်းနေပြီကို ခန့်မှန်း၍ပင် မရနိုင်တော့ပေ။

အတိတ်မှကိစ္စများကို မကျေနပ်သည့် အတွက်ကြောင့် သူ့ကို လူပုံအလယ်တွင် အရူး လုပ်နေခြင်းများလားဟု ဆန်းလျန် တွေးနေမိသည်။

ဆန်းလျန်အတွက် အတိတ်ဆိုသည်က အရေးမကြီးလှပါ။

ထို့ပြင်... လက်ရှိ အချိန်တွင် ဆန်းလျန်၏ တန်ခိုး စွမ်းအားများက အလွန်မြင့်မားနေပြီး ထုန်ထျန်း တန်ခိုးစွမ်းအားကိုပါ ပိုင်ဆိုင်ထားသည့် အပြင် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်လည်း ဖြစ်နေခဲ့ပြီ။ ကျောက်ရှောင်ယွီ မည်သည့် လှည့်ကွက် သုံးပြီး လှည့်စား တိုက်ခိုက်လာပါစေ ဆန်းလျန်က စိုးရိမ်မည့်သူ မဟုတ်ပေ။

ဆန်းလျန်က ကျောက်ရှောင်ယွီ ပေးသည့် လက်ဆောင်ကို တုံ့ဆိုင်းခြင်း မရှိ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိဖြင့် လက်ခံလိုက်သည်။ သူ့ရင်ထဲတွင် စိုးရိမ်ခြင်း အလျဉ်းကင်းစင် နေလေသည်။

"ညီငယ်လေး၊ မင်းနဲ့ ရှောင်ယွီနတ်သမီး ဘယ်တုန်းကတည်းက သိနေကြတာလဲ၊ မင်းတို့ နှစ်ယောက် ကြည့်ရတာ ရင်းနှီးကြတဲ့ပုံပဲ”

ဝူချင်ကျီက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

"ကျုပ်ကသာ အစ်ကို့စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာ မေးရမှာ မဟုတ်ဘူးလားဗျာ၊ အစ်ကိုက ခုနပဲ သူလိုချင်တာကို ဈေးမတန်တဆ ပေးပြီး ဝယ်ပေးတော့မလို့ လုပ်နေတာ မဟုတ်လား"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

"မင်းကို ဖုံးကွယ်ထားစရာ မရှိပါဘူးကွာ၊ ကျုပ်က ထိုက်စန့်စက္ခု တန်ခိုးစွမ်းအားကို ကျင့်ကြံနေတဲ့ ကျင့်ကြံသူ တစ်ယောက်ပဲ၊ ကျုပ်မှာသာ ပြင်းပြတဲ့ ခံစားချက်မရှိရင် အရေးတောင် လုပ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ရှောင်ယွီ နတ်သမီးကတော့ ကျုပ်တကယ် မြတ်နိုးရတဲ့သူပါ၊ သူ့ဆန္ဒတိုင်းကို ကျုပ်က ဖြည့်ဆည်း ပေးချင်တာပါ၊ ခက်တာက သူက ကျုပ်ကို တစ်ချက်လေးတောင် အရေးမလုပ်ဘူးလေ”

ဝူချင်ကျီက ပွင့်ပွင့်လင်းလင်းပင် ပြောပြ လိုက်လေသည်။

ဝူချင်ကျီမှာ လူတစ်သန်းမှာ တစ်ယောက် ရှာမှရှားသည့် တန်ခိုးရှင် ဖြစ်လေသည်။ ကျောက်ရှောင်ယွီထံမှ လေးစားမှု တစ်ခုတော့ ရသင့်သည် မဟုတ်လား။

အရှေ့ ပင်လယ်မှသည် အနောက်ဘက် ရှီးဟွမ်နယ် အထိ ဝူချင်ကျီ လုပ်သမျှ အလုပ်တိုင်းကို ကျောက်ရှောင်ယွီက တစ်ချက်ပင် ဂရုမစိုက်ပေ။ သို့သော်... ဝူချင်ကျီ အတွက်တော့ လောကတွင် ကျောက်ရှောင်ယွီထက် ပိုပြီး ဂရုစိုက်ရမည့်သူ မရှိပေ။ သို့သော်... သူဘယ်လိုပင် ကြိုးစားကြိုးစား ကျောက်ရှောင်ယွီ၏ ကျောက်သားပမာ နှလုံးသားကို အရည်ပျော်အောင် စွမ်းဆောင် နိုင်ခဲ့ခြင်း မရှိပေ။

ဝူချင်ကျီမှာ အစပိုင်းတွင်တော့ သူ၏ ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်ရန် အတွက် အသုံးချရုံ သက်သက်ဖြင့် ကျောက်ရှောင်ယွီကို စိတ်ဝင်စားခဲ့မိခြင်း ဖြစ်လေသည်။ သို့သော်... ယခုတော့ အချစ်များကျွမ်းကာ အချစ်ရူးကြီးလုံးလုံး ဖြစ်ခဲ့ရပြီ။ နောက်တစ်ယောက်ကို မရှာလို။ ကျောက်ရှောင်ယွီမှ ကျောက်ရှောင်ယွီ အရူးအမူး ဖြစ်နေရလေသည်။ ထိုမေတ္တာရေး အခက်အခဲကို ကျော်လွှားနိုင်ခြင်း မရှိလျှင် သူ၏ ကျင့်စဉ် လမ်းမှာလည်း အဆင့်မတက်နိုငိဘဲ ရပ်တန့် နေရတော့မည် ဖြစ်လေသည်။

"အစ်ကိုရာ အဲဒီလောက်ကြီး ရှင်းမပြနဲ့လေ၊ ပြီးတော့ ကျုပ်တို့ ပြောနေတာတွေ သူကြားတယ်ဗျ"

ဆန်းလျန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။

"ကျုပ်က တကယ် ခံစားနေရတာဗျ၊ ဘာများ ဖုံးကွယ် ထားစရာ လိုလို့လဲ"

ဝူချင်ကျီက ပြန်ပြော လိုက်လေသည်။

ဆန်းလျန်မှာ ဝူချင်ကျီကို အမှန်ပင် လေးစား သွားမိလေသည်။ သူသာ ထိုမိန်းကလေးကို တကယ်တမ်း မြတ်နိုးခြင်း မရှိလျှင် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ထွက်ခွာလာမည် မဟုတ်ပေ။

သို့သော် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေရဲ့သားနဲ့ မိန်းကလေး တစ်ယောက်ကို ဤမျှ အသဲအသန် မေတ္တာ ရှိနေရသလားဟု ဆန်းလန်မှာ တွေးဖြစ်အောင် တွေးလိုက်မိသေးသည်။

ဆန်းလျန်လည်း မည်သည့် စကားမှ မပြောတော့ဘဲ နတ်ဘုရား ဈေးပွဲတော်မှ ပစ္စည်းများကိုသာ လေ့လာ နေလိုက်တော့သည်။

မျက်လုံး တစ်လုံးတည်းသာပါသည့် အသားတစ်တုံး၊ သို့သော် ထိုအသားကို ဘယ်လောက်ပင် စားစား ကုန်မသွားသည့် အပြင် ပို၍ပင် များလာလေသည်။ စားမကုန်နိုင်သည့် အသားတုံးပင် ဖြစ်လေသည်။ ထိုအသားကို “မပျက်စီးနိုင်သည့် အသား” ဟု ခေါ်လေသည်။

ထို့နောက် ရှေးဟောင်းမှန်တစ်ချပ်၊ ထိုမှန်ကို ကြည့်လိုက်သည်နှင့် ကိုယ်တွင်း အင်္ဂါများကိုပါ ဖောက်ထွင်း မြင်ရလေသည်။

ထို့နောက် များစွာသော ပစ္စည်းများကို ရောင်းချ ကြလေသည်။

ပစ္စည်းများ အားလုံးက စိတ်ဝင်စားစရာ ကောင်းသည့်တိုင် ဆန်းလျန် အတွက်တော့ အရေးမပါလှပေ။

“မပျက်စီးနိုင်သည့် အသားမှာ” သာမန် လူတစ်ယောက် အတွက်တော့ အမှန်တကယ်ပင် အသုံးဝင်မည် ဖြစ်လေသည်။

ထို့အတူ ရှေးဟောင်းမှန်မှာလည်း ချောင်တုန့်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် အသုံးဝင်မည် ဖြစ်လေသည်။

သို့သော် ဆန်းလျန်မှာ ဆေးပညာ တိုးတက်သည့် ခေတ်ပေါ်ကမ္ဘာမှ ရောက်လာခဲ့သည့် ဆရာဝန် တစ်ယောက် ဖြစ်သည့်အတွက် လူတို့၏ ကိုယ်တွင်း အင်္ဂါဖွဲ့စည်းပုံများကို အစကတည်းက သိရှိပြီး ဖြစ်လေသည်။ ထို့ကြောင့် ထိုရှေးဟောင်း မှန်ချပ်မှာ ဆန်းလျန်အတွက် အသုံးမဝင်ပေ။

လေစွမ်းအား နှင်တံကို ရရှိပြီးသည့် နောက်ပိုင်း ဆန်းလျန် စိတ်ဝင်စားသည့် ပစ္စည်း မရှိတော့ပေ။

ပစ္စည်း ပြသ ရောင်းချသည့် ဈေးပွဲတော် အစီအစဉ် ပြီးဆုံးသွားသည့် အခါတွင်တော့ ဈေးပွဲတော် တစ်ခုလုံးမှာ အားလုံး တိတ်ဆိတ် ငြိမ်သက် သွားကြလေသည်။

ယခုတော့ ပျော်ရွှင်စရာအစီအစဉ်က ပြီးဆုံးသွားပြီဖြစ်လေသည်။

ထိုအချိန်မှာပင် နတ်ဘုရား ဈေးပွဲတော် တာဝန်ခံက ပစ္စည်းတစ်ခုကို ထုတ်ယူလာလေသည်။ ဝိုင်းစက်နေသည့် ကျောက်တုံး တစ်တုံး ဖြစ်လေသည်။ ထိုကျောက်တုံး၏ ထိပ်တွင် မီးတောက် တစ်ခုကဲ့သို့ပင် အနီရောင် အလင်းတန်းများ လင်းလက်နေလေသည်။

ဆန်းလျန် ထိုင်နေသည့် နေရာမှပင် ထိုအလင်းတန်းမှ ထွက်ပေါ်လာသည့် အပူငွေ့ကို ခံစားနေရလေသည်။

ထိုအရာမှာ နတ်မိစ္ဆာ တစ်ယောက်၏ ရွှေပြဒါး အမြုတေ ဖြစ်လေသည်။ ထိုအမြုတေကို အသုံးပြုပြီး ဟိုင်သန်းအဆင့် တက်ရောက် နိုင်မည် ဖြစ်လေသည်။

လေထု တစ်ခုလုံး ငြိမ်သက်သွားလေသည်။ အချို့သူများ၏ အသက်ရှူသံ ပြင်းပြင်းများကို ကြားနေရသည်။

ချင်းရွှမ် နတ်တံခါးတွင်ပင် ထိုသို့ အရည်အသွေး ကောင်းသည့် နတ်မိစ္ဆာ ရွှေပြဒါး အမြုတေ မရှိပါ။ ထို့ပြင် ချင်းရွှမ်နတ်တံခါးတွင် နတ်မိစ္ဆာ ဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်သည့် တပည့် တစ်ယောက်မှ မရှိသေးပေ။ ဟိုင်သန်းအဆင့် တက်ရောက် နိုင်ရန် အတွက်လည်း မည်သူမျှ နတ်မိစ္ဆာ ဘုရင်တစ်ပါးကို သွား၍ သတ်ဖြတ်မည် မဟုတ်ပေ။ အင်အားကြီးမားသည့် နတ်မိစ္ဆာဘုရင်နှင့်သာ သွားတွေ့လျှင် ကိုယ်ပင် ဒုက္ခရောက် သွားနိုင်လေသည်။

သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်မည် ဆိုလျှင်တော့ ချင်းရွှမ်နတ်တံခါးတွင် နတ်မိစ္ဆာ ရွှေပြဒါး အမြုတေ ခြောက်ခု သို့မဟုတ် ခုနစ်ခုခန့် ပိုင်ဆိုင်ခဲ့ဖူးလေသည်။ ယခု လေလံပြပွဲတွင် တင်ထားသည့် အမြုတေထက် များစွာပင် သာလွန်သေးသည်။

နတ်မိစ္ဆာ ရွှေပြဒါး အမြုတေကို ပြင်ပပြဒါးရှင် အဖြစ် အသုံးပြုပြီး ကျင့်စဉ် လမ်းတက်ရောက် သူသည် ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်တစ်ဆင့်ဖြင့် တက်ရောက် နိုင်မည် ဖြစ်လေသည်။ သို့သော် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် တစ်ဆင့်ဖြင့် တက်ရောက် နိုင်ခြင်းမှာ မည်သည့် တန်ခိုးစွမ်းအားမှ ထူးခြားလာမည် မဟုတ်ပေ။

သို့သော် ပုံမှန်မဟုတ်သည့် ကျင့်ကြံသူ အများစုကတော့ ထိုအခွင့်အရေးကိုပင် လက်လွှတ် မခံလိုကြပေ။

ပုံမှန်မဟုတ်သည့် ကျင့်ကြံသူများနှင့် သာမန် ကျင့်ကြံသူ ဂိုဏ်းများမှာ ဟိုင်သန်း အဆင့် တက်ရောက်နိုင်ခြင်းကို အသည်းအသန် မက်မောကြလေသည်။ ဟိုင်သန်းအဆင့် တက်ရောက် နိုင်လျှင် သက်တမ်း ရှစ်ရာနှင့်အထက် အသက်ရှည် နိုင်တော့မည် ဖြစ်သည့် အတွက် မမက်မောသူ မည်သူ ရှိပါမည်နည်း။ ထို့ပြင် ဟိုင်သန်း အဆင့်တက်လှမ်းနိုင်လျှင် ကျင့်စဉ်လမ်းသို့ စတင် ဝင်ရောက်နိုင်ပြီ ဖြစ်သည့်အတွက် နတ်ဘုရား တစ်ပါးဖြစ်သည် အထိ အပူအပင် ကင်းကင်းဖြင့် ကျင့်စဉ်လမ်းကို ဆက်လက် လျှောက်လှမ်းနိုင်မည် ဖြစ်လေသည်။

နတ်ဘုရား ဈေးပွဲတော် တာဝန်ခံက နတ်မိစ္ဆာ ရွှေပြဒါး အမြုတေကို ယိယွမ်ပြဒါးဆေး ငါးထောင်ဖြင့် ဈေးစခေါ်လေသည်။ ပရိသတ်ထဲတွင် ပြောနေကြသည်မှာ ထိုပစ္စည်းမှာ ရွှမ်ထုံ နတ်မိစ္ဆာဘုရင် ပိုင်ဆိုင်သည့် ပစ္စည်းဟု ပြောနေကြလေသည်။

ကျင့်ကြံသူများ အနေဖြင့် ယိယွမ် ပြဒါးဆေး မရှိလျှင်လည်း ထပ်မံလဲလှယ်၍ ရနိုင်လေသည်။ သို့သော် ယိယွမ် ပြဒါးဆေးများကို ပြန်အမ်း ပေးမည်တော့ မဟုတ်ပေ။

အခြားပစ္စည်း ဆိုလျှင်တော့ ကျင့်ကြံသူများ အနေဖြင့် ဝယ်သင့် မဝယ်သင့် စဉ်းစားကြမည် ဖြစ်သော်လည်း ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခွင့် ရှိသည့် ပစ္စည်းကိုတော့ လက်လွှတ် မခံလိုကြပေ။ ထို့ပြင် ယိယွမ် ပြဒါးဆေးများ ပိုနေ၍လည်း သူတို့အတွက် အကျိုးမယုတ်ပေ။

ထိုသို့ ပြုလုပ်ခြင်းကို ဆန်းလျန် လေးစား သွားမိသည်။

နတ်ဘုရား ဈေးပွဲတော်သို့ ပုံမှန်မဟုတ်သည့် ကျင့်ကြံသူများ အလာများကြလေသည်။ ထိုကျင့်ကြံ သူများအတွက် ဈေးပွဲတော် တာဝန်ခံက ရောင်းချပေးခြင်း ဖြစ်လေသည်။

ကျင့်ကြံသူများက နတ်မိစ္ဆာ ရွှေပြဒါးအမြုတေကို ဝယ်ယူရန် အတွက် ယိယွမ် ပြဒါးဆေးများကို အပြေးအလွှား လဲလှယ် နေကြလေသည်။ ဈေးပွဲတော် တာဝန်ခံက လဲလှယ်ပြီးသည် အထိ အချိန် စောင့်ပေးနေလေသည်။

“ကြည့်ရတာ ဒီပစ္စည်းက နောက်ဆုံးပဲ ထင်ပါတယ်၊ ကျုပ်တို့ နေကြဦးမလား၊ ဒါမှမဟုတ် သွားကြမလား”

ဆန်းလျန်က ဝူချင်ကျီကို မေးလိုက်လေသည်။

ဝူချင်ကျီက ကျောက်ရှောင်ယွီ ထိုင်နေသည့်နေရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျောက်ရှောင်ယွီမှာလည်း ပြန်ရန် မတ်တတ် ရပ်နေပြီ ဖြစ်သည်။ လေစွမ်းအားနှင်တံကို ဆန်းလျန်နှင့် အပြိုင် လုဝယ်ပြီးသည့် နောက်ပိုင်း သူမက မည်သည့် ပစ္စည်းကိုမှ ဝယ်ယူခြင်း မရှိတော့ပါ။

ဖုန်းဟယ်မှာ နတ်မိစ္ဆာ ရွှေပြဒါး အမြုတေကို စိတ်ဝင်စားနေလေသည်။ သို့သော် သူမ၏ တာဝန်က ပစ္စည်းဝယ်ခြင်းထက် ဆန်းလျန်ကို ဝန်ဆောင်မှု ပေးရမည့် တာဝန်ဖြစ်သည့် အတွက် ဆက်ပြီး စိတ်မဝင်စား နိုင်တော့ပေါ။ သူမက ဆန်းလျန်ကို ချင်းယွင်ထိုင်စင်မြင့်ထက်မှ ဆင်းသက်ရန် ဦးဆောင်ပြီး ခေါ်သွားလေသည်။ ဆန်းလျန်က သူမဆီမှ ယူထားသည့် ယိယွမ် ပြဒါးဆေး တစ်သောင်းကို အသုံးပြုရခြင်း မရှိသေးပါ။ သို့သော် သူက ပြန်မပေးတော့ဘဲ သိမ်းထား လိုက်လေသည်။ နောက်ပိုင်း သုံးချင်သုံးရဦးမည်။

“ဖုန်းဟယ်၊ လေစွမ်းအား နှင်တံရောင်းတဲ့ သူကို စုံစမ်းပေးနိုင်မလား”

ဆန်းလျန်က စင်မြင့်ထက်မှ ဆင်းရင်း မေးလိုက်သည်။

ဖုန်းဟယ်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူတို့တွင် ပစ္စည်းရောင်းချသူ မည်သူမည်ဝါ ဖြစ်သည်ကို ထုတ်ဖော် ပြောကြားခွင့် မရှိပေ။ သို့သော် ဆန်းလျန်မှာ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ အထူးဧည့်သည်တော် ဖြစ်သည့်အပြင် ဆန်းလျန် လိုအပ်သမျှ ဖြည့်ဆည်း ပေးရန်လည်း နတ်မိစ္ဆာ ဘုရင်က မှာကြား ထားလေသည်။

“ကျွန်မကတော့ ပြောပြခွင့်မရှိပါဘူး၊ ဒါပေမဲ့ တာဝန်ခံကို မေးပေးပါ့မယ်”

ဖုန်းဟယ်က ပြန်ပြောလိုက်သည်။

ထိုအချိန်မှာပင်….

“ဆန်းကျွင်းအရှင်က လေစွမ်းအား နှင်တံရောင်းတဲ့သူ အကြောင်း သိချင်တာများ၊ ဘာလို့ ကျွန်မကို မမေးရတာလဲ”

စမ်းချောင်းလေးအလား ကြည်လင်နေသည့် အသံလေးသည် ဆန်းလျန်၏ နားတွင်းသို့ ဝင်ရောက် လာလေသည်။

ကျောက်ရှောင်ယွီ၏ အသံဖြစ်လေသည်။

ကျောက်ရှောင်ယွီသည် ချင်းယွင်ထိုင် စင်မြင့်ထက်မှ ကျက်သရေ ရှိလွန်းသည့် အလှတရားဖြင့် ဆင်းသက် လာလေသည်။ အလွန်မှ စွဲဆောင်မှုရှိစွာ တင့်တယ် လှပလွန်းသည့် မိန်းမပျိုလေး ဖြစ်လေသည်။ ကောင်းကင်ထက်မှ မိုးနတ်သူဇာတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည်နှင့်ပင် တူလွန်းလှသည်။ သူမ၏ ရေစင်ကဲ့သို့ ကြည်လင်နေသည့် မျက်ဝန်းများမှာ ယခင်ကဲ့သို့ အေးစက်နေခြင်းမျိုးမရှိဘဲ နူးညံ့သိမ်မွေ့ နေလေသည်။

ကျောက်ရှောင်ယွီမှာ နတ်ဘုရား တစ်ပါးဖြစ်လာရန် အလွန်နီးစပ်နေပြီဟု ဆန်းလျန် သိရှိလိုက်လေသည်။

ကျောက်ရှောင်ယွီမှာ စစ်မှန်သည့် ပါရမီရှင် တစ်ယောက် ဖြစ်လေသည်။ အမှန်တော့ ဆန်းလျန်သာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကိုသာ ကျင့်ကြံထားခြင်း မရှိလျှင် ချန်ကျန့်မေနှင့် ကျောက်ရှောင်ယွီကို မီအောင် ကျင့်ကြံနိုင်ဦးမည် မဟုတ်ပေ။

ကြာပန်း ကိုးပွင့်ကျောင်းတော်မှ သူတော်စင် မိန်းမပျိုသည် ကျင့်စဉ်လမ်းတွင် စဉ်ဆက်မပြတ် တိုးတက် လာနေပုံရလေသည်။ ယွဲ့ထော် တိုင်းပြည်တွင် ဆန်းလျန်က သူမကို အနိုင်  တိုက်ခိုက်ခဲ့သော်လည်း သူမက စိတ်ဓာတ် ကျသွားခြင်း မရှိဘဲ ထပ်မံ ကြိုးစားခဲ့လေသည်။

သူမက ယခင်ကထက် ပိုပြီးတော့ပင် ကြိုးစားကျင့်ကြံခဲ့ပြီး ကြာပန်း ကိုးပွင့်ကျင့်စဉ် ကျမ်း၏ ကန့်သတ်ချက်ကိုပင် ဖောက်ထွက်ခဲ့ကာ သူမကိုယ်ပိုင် ကျင့်စဉ်လမ်းကိုပင် လျှောက်လှမ်း နိုင်နေပြီ ဖြစ်လေသည်။

ဆန်းလျန်က သူမကို လေးစားစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

“ရှောင်ယွီ၊ မတွေ့ရတာကြာပြီနော်၊ အရင်ကထက်တောင် ပိုချော လာသေးတယ်”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီက မျက်လွှာလေး ချလိုက်ရင်း နူးညံ့သည့် အသံလေးဖြင့် ပြန်ပြော လိုက်သည်။

“ဆန်းကျွင်း အရှင်ဆီက ဒီလို စကားမျိုး ကြားရတာ တခြားသူတွေဆီက ကြားရတာထက် ပိုပြီး ပျော်ရွှင် မိပါတယ်”

“ကြည့်ရတာ မင်းတို့ နှစ်ယောက်က မိတ်ဆွေတွေ ထင်တယ်၊ ဆန်းကျွင်းအရှင်နဲ့ ကျုပ်နဲ့ကလည်း အခု မိတ်ဆွေတွေ ဖြစ်သွားပြီ၊ ရှောင်ယွီ နတ်သမီးက ကျုပ်နှစ်သက် သဘောကျ ရတဲ့သူ၊ ကျုပ်တို့ မိတ်ဖြစ်ဆွေဖြစ် သွားသောက် ကြရအောင်လား”

ဝူချင်ကျီက ဝင်ပြောလိုက်လေသည်။

“ဆန်းကျွင်းအရှင်နဲ့ ဆိုရင်တော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ကျွန်မ ရှင့်ကိုတော့ မတွေ့ချင်ဘူး”

ကျောက်ရှောင်ယွီက ဝူချင်ကျီကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်လေသည်။

“ရှောင်ယွီ၊ မင်းဘာလို့ ကျုပ်ကို ဒီလောက် မုန်းနေရတာလဲကွာ၊ ကျုပ်မင်းအပေါ် တစ်ခါမှ အမှား မလုပ်ခဲ့ဖူးပါဘူး၊ မင်းကျုပ်ကို မကြင်နာရင်နေပါ၊ မုန်းနေတာတော့ မဟုတ်သေးပါဘူးကွာ”

ဝူချင်ကျီက ပြန်ပြော လိုက်လေသည်။

“ဝူချင်ကျီ၊ ရှင်က ထိုက်စန့် နတ်ဘုရား ဂိုဏ်းကပဲ၊ ရှင့်ရဲ့ ကျင့်စဉ် လမ်းကလည်း မခန့်မှန်းနိုင်ဘူး၊ နတ်ဘုရား တစ်ပါးလည်း ဖြစ်ကာနီးနေပြီ၊ ရှင့်ရဲ့ ရုပ်ရည် ချောမောမှုနဲ့ဆိုရင် မိုးကောင်းကင်က နတ်မိမယ်ကို ရယူချင်တယ် ဆိုရင်တောင် ရနိုင်သေးတယ်၊ ကျွန်မက ဘာလို့ရှင့်ကို မုန်းရမှာလဲ”

ကျောက်ရှောင်ယွီက သက်ပြင်းချရင်း ပြောလိုက်လေသည်။

“ဒါဖြင့် မင်းဘာလို့ ကျုပ်ကို ရှောင်နေရတာလဲ”

ဝူချင်ကျီက မေးလိုက်သည်။

“ရှင်က ထိုက်စန့် စက္ခုတန်ခိုး ကျင့်စဉ် အောင်မြင်ဖို့ အတွက် ကျွန်မကို အသုံးချချင်နေတာပဲ၊ ဒါကိုလူတိုင်းသိသလို၊ ကျွန်မလည်း သိတယ်၊ ပြီးတော့ ထိုက်စန့် စက္ခုတန်ခိုးကျင့်စဉ်က နက်ရှိုင်းတဲ့ ခံစားချက် အရင်းအမြစ်တွေ အထိ ကျင့်ကြံရတာ၊ ဒါကြောင့် ရှင့်နှလုံးသား တစ်ခုလုံးနဲ့ ကျွန်မကို ချစ်ပြနေတာ မထူးဆန်းလှပါဘူး၊ ဒါကြောင့် ကျွန်မရှင့်ကို မုန်းစရာလည်း မလိုသလို သဘောကျစရာ အကြောင်းလည်း မရှိဘူး၊ ရှင်က ကျွန်မအတွက် သမုဒ္ဒရာကြီး လေးစင်းကို ခန်းခြောက်စေမယ် ဆိုရင်တောင် ကျွန်မကတော့ ရှင့်အပေါ်သဘောထား ပြောင်းလဲလာမှာ မဟုတ်ဘူး၊ ရှင့်အနေနဲ့ ဒါကို နားလည်သင့်တယ်”

ကျောက်ရှောင်ယွီက အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

ဆန်းလျန်က သူတို့နှစ်ယောက် စကားပြောနေသည်ကို တိတ်ဆိတ်စွာပင် နားထောင် နေလိုက်သည်။ သူတို့နှစ်ယောက်၏ အချစ်ရေးကိစ္စတွင် ဝူချင်ကျီမှာ အရှုံးသမား သက်သက်သာ ဖြစ်လေသည်။ ဝူချင်ကျီသည် သူ၏ ဂုဏ်သိက္ခာကိုပင် မထောက်ထားဘဲ ကျောက်ရှောင်ယွီကို မြတ်နိုးခဲ့သူ ဖြစ်သည့်တိုင် ကျောက်ရှောင်ယွီ၏ စိတ်နှလုံးကတော့ တစ်ချက်လေးပင် ယိမ်းယိုင်ခဲ့ခြင်း မရှိပေ။

အမှန်တော့ ကျောက်ရှောင်ယွီမှာ အကြင်နာတရား ကင်းမဲ့သူ တစ်ယောက် ဖြစ်လေသည်။ ကျင့်စဉ်လမ်း အပြင် အခြားသော အကြောင်းအရာများ သူမခေါင်းထဲတွင် မရှိပေ။ ဝူချင်ကျီမှာတော့ ကျောက်ရှောင်ယွီကို မြတ်နိုးခြင်း တစ်ခုတည်း အတွက်ဖြင့် ကျင့်စဉ်လမ်းကို စွန့်လွှတ်ကာ လူ့လောကသို့ ထွက်ခွာ လာခဲ့သူ တစ်ယောက် ဖြစ်လေသည်။

***

All Chapters