စန့်တုန့် နတ်ဘုရားရှစ်ပါး
Vol. 3 Ch. 230
ရုတ်တရက်ပင်…
ဝူချင်ကျီ၏ ဆံပင်များမှာ လေတိုက်ခတ်ခြင်း မရှိဘဲ လေထဲသို့ လွင့်မျော သွားလေသည်။ သူ၏ နက်မှောင်သော ဆံနွယ်များမှာ ချက်ချင်းပင် အဖြူရောင်သို့ ပြောင်းလဲ သွားသည်။
အလွန်အမင်း ဒေါသ ထွက်နေသည့် စိတ်ခံစားချက်ကြောင့် ထိုသို့ ပြောင်းလဲသွားရခြင်း ဖြစ်လေသည်။
လေထုထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ ဖုံးလွှမ်းသွားပြီး ဝူချင်ကျီ၏ ဦးခေါင်းထက်တွင် ထူးဆန်းသည့် ပန်းသုံးပွင့် ထွက်ပေါ် လာလေသည်။ ပမ်းများ၏ အရောင်မှာ ထူးဆန်းပြီး အတိအကျ ပြောနိုင်ခြင်း မရှိပေ။
ကျင့်စဉ်လမ်း အဆင့်တက် သွားပြီး နောင်တစ်ချိန်တွင် မူလဝိညာဉ် ခန္ဓာဖြစ်တည်ရန် အထိ ဦးတည်သွားလျှင် ဦးခေါင်းထက်တွင် ထိုသို့ ပန်းသုံးပွင့် ပေါ်လာလေ့ ရှိလေသည်။ မိုးမြေ စွမ်းအားများက ဝူချင်ကျီ၏ ခန္ဓာကိုယ် အစိတ်အပိုင်း ငါးခုဆီသို့ ပျံ့နှံ့သွားပြီး နတ်ဘုရား တစ်ပါး ဖြစ်လာတော့မည့် အလား ခံစားရလေသည်။ အဆင့်မြင့်ဆုံးသော ကျင့်စဉ်လမ်းကို ရောက်ရှိသွားခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီသည် ဝူချင်ကျီကို ကြည့်နေလေသည်။ ကြည့်နေရုံမှ လွဲပြီး သူမ ဘာမှ မတတ်နိုင်ပေ။
ပတ်ဝန်းကျင်တွင် နတ်ဘုရား အငွေ့အသက်များ ပြည့်နှက်နေလေသည်။ ချင်းယွင်ထိုင် စင်မြင့်ပေါ်တွင် နတ်မိစ္ဆာ ရွှေပြဒါး အမြုတေကို ဝယ်ယူရန် အတွက် ယိယွမ်ပြဒါးဆေး လဲလှယ် နေကြသည့် ကျင့်ကြံသူ အချို့လည်း ရှိနေလေသည်။ သူတို့ကလည်း ပြောင်းလဲ သွားသည့် အခြေအနေများကြောင့် အံ့သြ တုန်လှုပ်ကာ ကြည့်နေကြလေသည်။
ရုတ်တရက် ဖြစ်တည် လာသည့် ဝိညာဉ် စွမ်းအား ဖိအားများကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး သာမက ကျူးထျန်း တိမ်လွှာ တန်ခိုးစွမ်းအားဖြင့် ဖန်ဆင်းထားသည့် တိမ်တိုက် နန်းဆောင်များပါ တုန်ခါ လာကြာလေသည်။ အဝေးဆီမှ လမင်းကို စွမ်းအား လှိုင်းများကြားတွင် တုန်ခါနေသယောင် မြင်တွေ့ ရလေသည်။
စွမ်းအားလှိုင်းများက ပြင်းထန်နေပြီး ထိုက်စန့် စက္ခု တန်ခိုးစွမ်းအားများ ပေါ်ထွက် လာလေသည်။ ကျင့်စဉ်အဆင့် တက်လှမ်းခြင်းတွင် မိုးမြေစွမ်းအားများက ဆန်းကြယ်စွာ ပေါင်းစည်း နေကြသည်။
တိမ်တိုက် နန်းဆောင်ကြီးပေါ်တွင် ယင် စွမ်းအား နှင့် ယန် စွမ်းအားများ တဖြည်းဖြည်း ပေါင်းစည်းသွားပြီး မိုးကြိုး ပစ်ခတ်သံများနှင့် မိုးခြိမ်းသံကြီးများ ထွက်ပေါ် လာလေသည်။ သဘာဝတရားသည် ဝူချင်ကျီ၏ စိတ်သဘောအတိုင်း ရောင်ပြန်ဟပ် နေလေသည်။
ဝူချင်ကျီ ကျင့်စဉ်လမ်း အဆင့် တက်သွားသည်မှာ ကျောက်ရှောင်ယွီကြောင့် ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ အမှန်တော့ ဝူချင်ကျီမှာ ကျင့်စဉ်လမ်း အဆင့် မတက်နိုင်ဘဲ ရပ်တန့်နေသည့် အခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။ သို့သော် သူ၏ ကျောက်ရှောင်ယွီ အပေါ်ထားသည့် မေတ္တာတရားများမှာ ဒေါသတရားအဖြစ် ကူးပြောင်းသွားပြီး ခံစားချက် အရင်းအမြစ်ထိ ပေါက်ကွဲကာ ကျင့်စဉ်လမ်း အဆင့် တက်သွားရခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ဖော့ဝမ့်အဆင့် အောင်မြင်သွားသည့် ကျင့်ကြံသူ တစ်ယောက်ကို မျက်စိရှေ့တွင် ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ ဝူချင်ကျီကို ကြည့်ရင်း ဖော့ဝမ့်အဆင့် တက်ရောက် နိုင်ရန်မှာ ခက်ခဲသလို အခွင့်အရေး ကောင်းလည်း လိုအပ်သည်ဟု သုံးသပ် နေမိသည်။
ဝူချင်ကျီမှာ ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်ပြီး နှလုံးသားနှင့် စိတ်ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ သူက အချိန်တိုင်းတွင် ကျင့်စဉ်လမ်းအတွက် အာရုံစိုက်နေခဲ့ပြီး ယခုအချိန်တွင်တော့ တရားအလင်းရကာ ဖော့ဝမ့်အဆင့်သို့ တက်ရောက် နိုင်ခဲ့ပြီ ဖြစ်လေသည်။
တာအိုဆရာဟွမ်ကျန်းမှာလည်း ဖော့ဝမ့် အဆင့် တက်ရောက်ပြီး သူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူက ကွမ်းချင်း နတ်ဘုရားဂိုဏ်း၏ ကိစ္စများကို ဆောင်ရွက်နေသည့် အတွက် နတ်ဘုရား တစ်ပါးဖြစ်သည့် အဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ဟွမ်ကျန်းမှာ ဆန်းလျန် မျှော်လင့် ထားသည်ထက် ပိုပြီး ကြောက်စရာ ကောင်းသူ တစ်ယောက် ဖြစ်လေသည်။
ကောင်းကင်ထက်တွင် မိုးကြိုးများ ဖြစ်တည်နေပြီး ဓားတစ်လက် ပုံသဏ္ဌာန် ပေါ်လာလေသည်။ ရုတ်တရက်ပင် ထိုဓားရိပ်သည် အောက်သို့ ထိုးစိုက် ကျလာလေသည်။ မိုးနတ်မင်း ကိုယ်တိုင် သူ၏ လက်ဖြင့် ဒေါသတကြီး ထိုးစိုက် လိုက်သကဲ့သို့ ဖြစ်လေသည်။
ဝူချင်ကျီ၏ ဦးခေါင်းထက်တွင် ဖြစ်တည်နေသည့် ပန်းသုံးပွင့်သည် ယင်နှင့်ယန် စွမ်းအားများနှင့် ပေါင်းစပ် သွားလေသည်။ ထိုက်စန့် စက္ခုတန်ခိုး စွမ်းအား ဖြစ်တည်လာပြီး ချင်ဝူကျီ၏ ခံစားချက်များ သန့်စင် သွားလေသည်။ ထိုက်စန့် စက္ခုတန်ခိုး စွမ်းအားက ယင်နှင့် ယန်ကို ထိန်းချုပ် ထားလိုက်သည်။
ကျောက်ရှောင်ယွီ၏ လှပသည့် မျက်နှာထက်တွင် မည်သည့် ခံစားချက်မှ ရှိမနေပါ။ သူမက အနက်ရောင် ကြာပန်း တစ်ပွင့် ဖန်ဆင်းလိုက်ပြီး ကောင်းကင်ထက်သို့ လွှတ်တင်လိုက်သည်။
သူမ၏တန်ခိုးစွမ်းအားမှာ အလွန်နက်ရှိုင်းသည့် အပြင် နတ်ဘုရား တစ်ပါးကဲ့သို့ အမိန့် အာဏာနှင့်လည်း ပြည့်စုံလေသည်။
အနက်ရောင် ကြာပန်းမှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ကောင်းကင်ထက်မှ ထိုးစိုက် ကျလာသည့် မိုးကြိုးဓားကို အချိန်မီ တားဆီး ထားလိုက်လေသည်။
ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လေထဲတွင် လျှပ်စီးများ လင်းလက် နေလေသည်။ နတ်ဘုရား ဈေးပွဲတော် တစ်ခုလုံး လျှပ်စီးများကြောင့် လင်းထိန်နေပြီး ကောင်းကင်ထက်မှ ဓားသည် အနက်ရောင် ကြာပန်းကို တစ်စစီ ခုတ်ပိုင်း ပစ်လိုက်လေသည်။
တိမ်တိုက် တစ်ခုလုံးမှာ မမြင်ရသည့် စွမ်းအားများကြောင့် တုန်ခါ သွားရလေသည်။
နောက်ဆုံးတွင် အိတ်တစ်လုံး ပျံသန်း ထွက်ပေါ်လာပြီး မိုးကြိုးဓားနှင့် အနက်ရောင် ကြာပန်း နှစ်ခုလုံးကို သိမ်းယူ သွားလေသည်။ ထို့နောက် ဝိညာဉ် စွမ်းအားဖိအားများ အားလုံး လုံး၀ ပျောက်ကွယ် သွားလေတော့သည်။
ဝူချင်ကျီက သူ၏ တန်ခိုးစွမ်းအားများကို ပြန်လည် သိမ်းယူလိုက်သည်။ ပန်းပွင့်သုံးပွင့်သည် ဝူချင်ကျီ၏ ဦးခေါင်းထက်ရှိ ပိုင်ဟွေ့ ဆုံချက်ဆီသို့ ဖြည်းဖြည်းချင်း ကျဆင်း ပျောက်ကွယ်သွားပြီး ဝူချင်ကျီ၏ ဆံပင်များမှာလည်း အနက်ရောင် အဖြစ် ပြန်လည် ပြောင်းလဲသွားလေသည်။ သူ၏ မျက်ဝန်းများက ယခင်ကထက် ပိုမို တောက်ပနေလေသည်။
"ရှောင်ယွီ၊ ကျုပ် မင်းအပေါ် ရိုင်းပျမိသွားတယ်"
ဝူချင်ကျီက သက်ပြင်းချရင်း ပြောလိုက်လေသည်။
ထို့နောက် ဆန်းလျန်ကို ခေါင်းတစ်ချက် ညိတ်ပြကာ နှုတ်ဆက်လိုက်ပြီး အလင်းတန်း တစ်ခုအသွင်ဖြင့် ထွက်ခွာ သွားလေတော့သည်။
ဝူချင်ကျီမှာ ကျင့်စဉ်လမ်း အဆင့်တက်သွားပြီ ဖြစ်လေသည်။ သူ၏ ဦးခေါင်းထက်တွက် ပန်းပွင့်သုံးပွင့် ပွင့်လန်းလာပြီး "ဖော့ဝမ့်" အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ။ ထိုက်စန့် စက္ခုတန်ခိုးကျင့်စဉ်မှာ အလွန် တန်ခိုး စွမ်းအား ကြီးမားသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။ ဆန်းလျန် အံ့သြသွားရသည့် အချက်မှာ ဝူချင်ကျီသည် ကျောက်ရှောင်ယွီကို သူ၏ စိတ်ခံစားချက်များ အတွက် အသုံးချသွားပြီး ကျင့်စဉ်လမ်း အဆင့် တက်သွားနိုင်ခြင်းပင် ဖြစ်လေသည်။
"ထိုက်စန့် နတ်ဘုရား ဂိုဏ်းကလူတွေက အမြဲတမ်း မာနကြီးကြတာပဲ၊ ပြီးတော့ ရှင်မသိတဲ့ အချက် တစ်ချက်လည်း ရှိသေးတယ်"
ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်လေသည်။
"ဘာများလဲ…"
ဆန်းလျန်က ပြန်မေးလိုက်သည်။
"ဟိုး လွန်ခဲ့တဲ့ တစ်ချိန်တုန်းကလည်း ထိုက်စန့် နတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်က ကျင့်စဉ် တက်လှမ်းဖို့အတွက် အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်အခက်အခဲကို ကျော်လွန်နိုင်ဖို့ ချင်းရွှမ် နတ်တံခါးက ဆရာဘွားဘွား လီချင်းဆွေကို အသုံးချခဲ့ဖူးတယ်"
ကျောက်ရှောင်ယွီက ပြောလိုက်သည်။
"ဒါကို ကျုပ်မသိခဲ့တာ အမှန်ပါ၊ နောက်ဆုံးတော့ ဘာများဖြစ်သွားလဲ"
ဆန်းလျန်က ပြုံးရင်း မေးလိုက်လေသည်။
"ဘာဖြစ်ရမလဲ၊ ဆရာဘွားဘွား လီချင်းဆွေ လက်ချက်နဲ့ တန်းအသတ် ခံလိုက်ရတာပေါ့၊ နောက်တော့ ဘာတွေ ဆက်ဖြစ်သေးလဲ ရှင်လည်း မသိသလို ကျွန်မလည်း မသိတော့ဘူး"
ကျောက်ရှောင်ယွီက သူမ၏ နူးညံ့လှပသည့် လက်လေးများဖြင့် ဆံပင်လေးကို နားရွက်နောက်သို့ အသာ သပ်တင်ရင်း ပြောလိုက်လေသည်။
ဆန်းလျန် မအံ့သြတော့ပါ။
စာအုပ်များထဲတွင် ရေးသားထားသည့် ဆရာဘွားဘွား လီချင်းဆွေ၏ ဒေါသကို သူသိပြီးသား ဖြစ်လေသည်။ သူမက ကျိလင်နတ်သမီး၏ အခြားဘက်ခြမ်း ဖြစ်သည့် ချင်းရှောင်း နတ်သမီးနှင့် ဆင်တူလေသည်။ အမြဲတမ်း သတ်ချင် ဖြတ်ချင်နေသူ ဖြစ်လေသည်။
"မင်းကလည်း ကိစ္စတော်တော် များများကို သိထားတာပဲ"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
ဆန်းလျန်မှာ ပညာဗဟုသုတနှင့် ပြည့်စုံသူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ကျောက်ရှောင်ယွီကတော့ အခြားသူများ မသိသည့် လျှို့ဝှက်ချက် များစွာကို သိထားသူ တစ်ယောက် ဖြစ်လေသည်။
ထို့နောက် ကျောက်ရှောင်ယွီက ဖုန်းဟယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး….
"မင်းက ဒီမှာ ဘာလုပ်နေတာလဲ၊ ငါတို့ စကားပြောတာကို နားထောင် မနေသင့်ဘူးလေ"
ဖုန်းဟယ်မှာ ထိတ်လန့်သွားပြီး တောင်းပန် လိုက်လေသည်။ ထို့နောက် ဆန်းလျန်ကို ခွင့်တောင်းသလို တစ်ချက် လှမ်းကြည့်လိုက်သည်။
"မင်းသွားနှင့်တော့နော်၊ ကျုပ်အကူအညီ လိုရင် မင်းကို ခေါ်လိုက်ပါ့မယ်"
ဆန်းလျန်က သိမ်မွေ့စွာ ပြောလိုက်သည်။
ဖုန်းဟယ် ထွက်ခွာသွားလေသည်။
"ဒီတိမ်တိုက်ပေါ်မှာပဲ ကျုပ်တို့ စကားပြော ကြရအောင်လေ၊ မကြာခင် နေလည်း ထွက်လာတော့မှာပဲ"
ဆန်းလျန်က ကျောက်ရှောင်ယွီကို ပြောလိုက်လေသည်။
"ဆန်းကျွင်း အရှင်က အရင်ကထက် ပိုပြီး ကျွန်မကို ရင်းနှီးလာသလိုပဲ"
ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်သည်။
သူမက ရိုးသားပွင့်လင်းစွာ ပြောလိုက်မိခြင်း ဖြစ်လေသည်။ ကျောက်ရှောင်ယွီ တကယ်တမ်း ပျော်ရွှင်နေသည်ကို ဆန်းလျန် ကိုယ်တိုင်လည်း ခံစား သိရှိမိလေသည်။ ကျောက်ရှောင်ယွီမှာ ကျင့်စဉ်လမ်း တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး အရာအားလုံးကို ကျောခိုင်းထားသူ ဖြစ်လေသည်။ သို့သော် ယနေ့တော့ သူမသည် လူသား ဆန်နေလေသည်။
ထိုခံစားချက်က အလွန်မှ ထူးဆန်းပြီး ဆန်းလျန်မှာ လူသား ဆန်နေသည့် ကျောက်ရှောင်ယွီကို သဘောကျ နေမိတော့သည်။
သူတို့နှစ်ယောက် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သည့် သူငယ်ချင်းဟောင်း နှစ်ယောက် အမှတ်မထင် ဆုံတွေ့မိပြီး စကားလက်ဆုံ ကျနေသည်နှင့်ပင် တူနေလေတော့သည်။
ဆန်းလျန်မှာ အမြဲတမ်း နတ်ဘုရား တစ်ပါး ဖြစ်လာရန် ရည်ရွယ်ချက် ရှိသည့်တိုင် လူသားဆန်သူ တစ်ယောက် ဖြစ်လေသည်။
သူတို့နှစ်ယောက် တိမ်တိုက်ပေါ်တွင် ဘေးချင်းယှဉ် လမ်းလျှောက် နေကြလေသည်။ တိမ်ခိုးများက သူတို့နှစ်ယောက် ဘေးတွင် ဝေ့၀ဲ ပျံသန်းနေကြသည်။
သူတို့နှစ်ယောက် လမ်းလျှောက်သွားရင်း တိမ်တိုက် အစွန်းတစ်ဖက်သို့ ရောက်ရှိ သွားကြလေသည်။ လမင်းနှင့် နီးကပ်နေသလို ခံစားရပြီး ကြယ်စင်လေးများ ကလည်း ကောင်းကင်ထက်တွင် တလက်လက် တောက်ပနေလေသည်။ အဝေးဆီမှ နဂါးငွေ့တန်းကို မြင်တွေ့ နေကြရလေသည်။
လမင်းက ထိန်ထိန်သာနေပြီး ကြည်လင်သည့် ကောင်းကင်အောက်တွင် ဆန်းလျန်မှာ မိန်းမလှလေး တစ်ယောက်နှင့် အတူရှိနေလေသည်။ လေပြေလေးက တိုက်ခတ်လာသည့် အတွက် တိမ်ခိုးလေးများက လွင့်ပျံ သွားရလေသည်။
"ကျွန်မက ရှင့်လောက်မသိပါဘူး၊ ဒါပေမဲ့ ရှင်မသိတဲ့ အရာတွေကိုလည်း ကျွန်မ သိထားတယ်လေ၊ ရှင်က ထိုက်စန့် နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်လို့ ဘာမှမသိဘူး၊ ကျွန်မကတော့ သိတယ်လေ"
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
ဆန်းလျန်သည် နဂါးငွေ့တန်းကို ငေးမော ကြည့်နေလေသည်။ နဂါးငွေ့တန်းကို ကြည့်ရသည့် အတွက် မည်သည့်အခါမှ ရိုးသွားသည်ဟူ၍ မခံစားရပေ။
"ရှောင်ယွီ၊ ကျုပ်ကို ပြောမပြချင်ဘူးလား"
ဆန်းလျန်က ပြောလိုက်သည်။
"ဒါပေါ့၊ ဆန်းကျွင်း အရှင်သိချင်ရင် ပြောပြရမှာပေါ့"
ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်လေသည်။ သူမ၏ အပြုံးမှာ အဓိပ္ပာယ်ဖော်၍ မရသည့် အပြုံးတစ်ခု ဖြစ်လေသည်။
"ထိုက်စန့် နတ်ဘုရားဂိုဏ်းဆိုတာ အရင်တုန်းက ဟိုးပင်လယ် တစ်ဖက်က တိုင်းတစ်ပါးမှာ တည်ရှိတဲ့ နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်းပဲ၊ အခု ကျွန်မတို့ သိထားတဲ့ ထိုက်စန့် နတ်ဘုရား ဂိုဏ်းဆိုတာ ထိုက်စန့် နတ်ဘုရား ဂိုဏ်းကိုးဂိုဏ်းရဲ့ ပင်မဂိုဏ်းကြီးကို ပြောတာ၊ ထိုက်စန့် နတ်ဘုရား ဂိုဏ်းကိုးဂိုဏ်းရဲ့ ပင်မ ဌာနချုပ်လို့ ပြောလို့ရတယ်၊ တခြားဂိုဏ်း ရှစ်ခုရှိသေးတယ်၊
ထိုက်စန့် စက္ခုတန်ခိုး စွမ်းအားကတော့ ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ အဓိကကျင့်စဉ်ပဲ၊ အဲဒီကျင့်စဉ်ကို ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ပင်မဂိုဏ်းကြီးက တပည့်တွေပဲ ကျင့်ကြံခွင့်ရှိတယ်၊ ကျန်တဲ့ ဂိုဏ်းခွဲရှစ်ခုကို စန့်တုန့် နတ်ဘုရားရှစ်ပါးက အုပ်ချုပ် ကြတယ်၊ အဲဒီ စန့်တုန့် နတ်ဘုရား ရှစ်ပါးလုံးဟာ တစ်ယောက်ပြီး တစ်ယောက် မိုးကောင်းကင် နတ်ဘုရားတွေ ဖြစ်သွားကြတယ်၊ ဒါဟာ ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ထိပ်ဆုံး အဆင့်ပဲပေါ့၊ ဒီလိုမျိုး နတ်ဘုရားရှစ်ပါး တစ်ပြိုင်တည်း ထွက်ပေါ်တယ်ဆိုတာ တကယ့်ရှားပါး ဖြစ်ရပ်ပဲလေ၊ အဲဒီ နောက်မှာတော့ စန့်တုန့် နတ်ဘုရား ရှစ်ပါးဟာ ထိုက်စန့် စက္ခုတန်ခိုးစွမ်းအား ကျင့်စဉ်ကို ယူဖို့အတွက် ထိုက်စန့် နတ်ဘုရားဂိုဏ်းရဲ့ ပင်မ ဂိုဏ်းကြီးကို သွားခဲ့ကြတယ်”
***