ရတနာပစ္စည်း လေလံပွဲ
Vol. 3 Ch. 232
ဆန်းလျန်မှာ နောက်ရက်များတွင် အပြင်သို့ ထွက်ပြီး လည်ပတ်ခြင်း မရှိသလို ကျင့်စဉ် ကျင့်ကြံခြင်းလည်း မရှိပါ။ သူက သာမန် လူတစ်ယောက်ကဲ့သို့ စားလိုက် အိပ်လိုက် လုပ်နေလေသည်။
နတ်ဘုရား ဈေးပွဲတော်တွင် ကျွေးသည့် အစားအသောက်များမှာ သာမန် အစားအသောက်များ မဟုတ်ပါ။ နတ်ဘုရား စွမ်းအားများ ပါဝင်သည့် လတ်ဆတ်သည့် အစားအသောက်များ ဖြစ်လေသည်။
ဆန်းလျန်၏ နေ့ရက်များမှာ အလွန် အဆင်ပြေနေလေတော့သည်။
ဆန်းလျန် မျှော်လင့်မထားသည့် အချက်မှာ ကျောက်ရှောင်ယွီသည် လေစွမ်းအား နှင်တံ၏ အသုံးဝင်ပုံကို မသိဘဲနှင့် သူနှင့် အပြိုင်ဈေးပွဲတော်တွင် လေလံဆွဲခဲ့ခြင်းပင် ဖြစ်လေသည်။
အမှန်တော့ ကျင့်ကြံသူများ ကြားတွင် လူအနည်းငယ်သာ လေစွမ်းအား နှင်တံအကြောင်းကို သိရှိကြခြင်း ဖြစ်သည့်အတွက် ကျောက်ရှောင်ယွီ မသိသည်မှာလည်း မထူးဆန်းပါ။
သို့သော် ဆန်းလျန်ကတော့ လေစွမ်းအား နှင်တံအကြောင်းကို သိရှိနေသူဖြစ်သည့်အတွက် လိုချင်ခဲ့မိလေသည်။ ထိုအချိန်မှာပင် ကျောက်ရှောင်ယွီက ဆန်းလျန်ကို အနိုင်ပိုင်းကာ လေစွမ်းအား နှင်တံကို မရမက ဝယ်ယူသွားလေသည်။ အဆမတန် ဈေးကြီးနေသည့်တိုင် သူမအတွက် မှုလောက်စရာ မရှိပါ။
သူမက အတိတ်မှ ဖြစ်ရပ်များအတွက် ဆန်းလျန်ကို အနိုင်လိုချင်ရုံ သက်သက်ဖြင့်သာ ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်လေသည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် သူမက ဆန်းလျန်နှင့် သူမကြားရှိ အတိတ် ဖြစ်ရပ်များ အားလုံးကို သင်ပုန်းချေလိုက်ပြီ ဖြစ်ပြီး သူမနှင့် ဆန်းလျန်ကြားမှ ဆက်ဆံရေးကို သိက္ခာရှိရှိ ပြန်လည် ထိန်းသိမ်းနိုင်ရန် အတွက် လေစွမ်းအားနှင်တံကို ဆန်းလျန်ဆီသို့ လက်ဆောင်ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုအကြောင်းအရာများ အားလုံးကို ကျောက်ရှောင်ယွီက ဆန်းလျန်ကို ရှင်းပြ ဝန်ခံသွားခြင်း ဖြစ်လေသည်။
လေစွမ်းအား သားရဲဖြင့် ဖော်စပ်သည့် ဆေးသည် လူတစ်ယောက်၏ အသက်ကို အနှစ်ငါးရာ ရှည်စေလေသည်။ ဆန်းလျန်က ထိုဆေးကို ကူးချိုင်ဝေ့အတွက် ဖော်စပ်ပေးလိုခြင်း ဖြစ်လေသည်။
အစပိုင်းတွင် ဆန်းလျန်က သူ၏ ကျင့်စဉ်လမ်း အဓိပ္ပာယ်ကို ကူးချိုင်ဝေ့အား လွှဲပြောင်းပေးပြီး ကျင့်စဉ်လမ်း အဆင့်တက်လှမ်း နိုင်ရန် ကူညီမည်ဟု ဆုံးဖြတ် ထားခဲ့လေသည်။ သို့သော် ထိုသို့ပြုလုပ်လိုက်လျှင် ကူးချိုင်ဝေ့ နတ်ဘုရားတစ်ပါး ဖြစ်ရန်အတွက် မူလ ဝိညာဉ်ရအောင် ကျင့်ကြံသည့် အခါတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။ ထို့ကြောင့် လေစွမ်းအား သားရဲဖြင့် ဆေးဖော်ကာ အသက်ရှည်စေခြင်းက ကူးချိုင်ဝေ့အတွက် ပိုပြီးကောင်းသည့် နည်းလမ်း ဖြစ်မည်ဟု ဆန်းလျန် စဉ်းစားမိလေသည်။
ထို့ပြင် ကူးချိုင်ဝေ့မှာ ချင်းရွှမ်နတ်တံခါးတွင် အရေးပါသူ တစ်ယောက် ဖြစ်လေသည်။ သူမသာ ဟိုင်သန်း အဆင့်တက်ရောက်နိုင်လျှင် လင်ထိုင်တာအို ပြိုင်ပွဲအတွက်လည်း များစွာ အထောက်အကူ ပြုမည် ဖြစ်လေသည်။
သို့သော် ကူးချိုင်ဝေ့မှာ အချိန် သိပ်မကျန်တော့ပေ။ ဟိုင်သန်း အဆင့်တက်ရောက် နိုင်ခြင်းမရှိလျှင် ဘဝအဆုံးသတ် ရတော့မည် ဖြစ်လေသည်။
လေစွမ်းအားနှင်တံကို တွေ့လိုက်ရသည့် အတွက် ဆန်းလျန်က ကူးချိုင်ဝေ့အတွက် လေစွမ်းအား သားရဲဖြင့် ဆေးဖော်ရန် ဆုံးဖြတ် လိုက်လေသည်။ သူသာ ဆေးဖော်နိုင်လျှင် ကူးချိုင်ဝေ့မှာ နောက်ထပ် အနှစ်ငါးရာ ထပ်မံ အသက်ရှင်သန်နိုင်မည် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ သဘော တူညီမှုတစ်ခု ပြုလုပ်လိုက်လေသည်။ ကျောက်ရှောင်ယွီသာ ဆန်းလျန်ကို ကူညီပြီး လေစွမ်းအား သားရဲကို ရှာဖွေပေးမည်ဆိုလျှင် နောင်လေးနှစ်တွင် ကျင်းပမည့် လော်ဝါဒ စည်းဝေးပွဲကြီးတွင် သူမကို လော်ဝါဒ၏ သူတော်စင် မိန်းမပျို တစ်ပါး ဖြစ်လာရန် ဆန်းလျန်က ကူညီမည်ဟူ၍ ကတိပေးလိုက်လေသည်။
ကျောက်ရှောင်ယွီကလည်း ဆန်းလျန်ဆီမှ အကူအညီ ရယူရန် ဆုံးဖြတ် လိုက်လေသည်။
လော်ဝါဒ၏ သူတော်စင် မိန်းမပျိုဆိုသည်မှာ ဂုဏ်ပုဒ်တစ်ခုမျှသာ မဟုတ်ပေ။ ကျန်ရှိနေသေးသည့် လော်ဝါဒ ကျင့်ကြံသူများ အားလုံး၏ ကံကြမ္မာလည်း ဖြစ်လေသည်။ သူမသည် လော်ဝါဒ၏ သူတော်စင် မိန်းမပျိုဖြစ်လာလျှင် လော်ဝါဒ၏ ဆက်ခံသူ ဖြစ်လာပြီး လော်ဝါဒဂိုဏ်းကြီးကို ပြန်လည် တည်ထောင်နိုင်မည် ဖြစ်လေသည်။ လော်ဝါဒဂိုဏ်းကြီးသာ ပြန်လည် အားကြီးလာလျှင် အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုနှင့် အဆင့်အတန်း တူညီသွားမည် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက ဆန်းလျန်ကို ယုံကြည်စွာဖြင့် အရာအားလုံး ပြောပြခဲ့လေသည်။
ဆန်းလျန်ကလည်း ကျောက်ရှောင်ယွီတောင်းသည့် အကူအညီကို ငြင်းပယ်ခြင်း မရှိပါ။ ဆန်းလျန် အတွက်တော့ ကူးချိုင်ဝေ့အတွက် လေစွမ်းအား သားရဲကို ရှာဖွေနိုင်ရန်သာ အရေးကြီး နေလေသည်။ ထို့ပြင် လေစွမ်းအား သားရဲဆေးကို ပိုပြီး ဖော်စပ်နိုင်မည် ဆိုလျှင်လည်း ချင်းရွှမ် နတ်တံခါး အကျိုးအတွက် သုံးစွဲရမည် ဖြစ်လေသည်။
လေစွမ်းအားနှင်တံမှာ ဆန်းလျန် အတွက်တော့ အလွန်အဖိုးတန်သည့် ပစ္စည်း ဖြစ်နေ လေတော့သည်။
နေဝင် နေထွက် နေ့ရက်များစွာ ဖြတ်သန်း ခဲ့ပြီးသည့်နောက် ဆန်းလျန်မှာ စိတ်အေးချမ်း သာလျက်ရှိပြီး စိတ်စွမ်းအားများ ပြည့်ဝ နေလေတော့သည်။
ရတနာ ပစ္စည်းလေလံပွဲ ပြီးသွားလျှင် သူနှင့် ကျောက်ရှောင်ယွီ လေစွမ်းအား သားရဲကို သွားရောက် ရှာဖွေမည် ဖြစ်သည်။ ထို့နောက် ဆေးဖော်စပ်ပြီး ဂိုဏ်းတူ အစ်မကူးချိုင်ဝေ့ကို ပေးမည်။ ထို့နောက် ထိုက်စု နတ်ဘုရား ဂိုဏ်းသို့သွားကာ ရော့ရှီလေးကို ပြန်ခေါ်မည်ဟု အစီအစဉ် ဆွဲထားလေသည်။ ဆန်းလျန်မှာ သူ့အစီအစဉ်နှင့် သူ ဟုတ်နေလေသည်။
ထိုအချိန်…
ဖုန်းဟယ်က ဆန်းလျန်အတွက် နံနက်စာ လာပို့လေသည်။
"ရတနာပစ္စည်း လေလံပွဲက ဘယ်တော့ စမှလဲ"
ဆန်းလျန်က မေးလိုက်သည်။
"လေလံပွဲမစခင် သခင်လေးကို လာဖိတ်ပါလိမ့်မယ်၊ ပွဲပြီးရင်တော့ ဖုန်းဟယ် သခင်လေးကို ထပ်ပြီး ဝန်ဆောင်မှု မပေးနိုင်တော့ပါဘူး"
သူမ အသံတွင် စိတ်ပျက် ဝမ်းနည်းသံများ ထင်ဟပ်နေလေသည်။
သူမဘဝတွင် ဆန်းလျန်နှင့် နောက်တစ်ကြိမ် ထပ်မံ ဆုံတွေ့နိုင်ရန် မဖြစ်နိုင်တော့ပေ။
ဖုန်းဟယ် မည်သို့ ခံစားနေရသည်ကို ဆန်းလျန် နားလည်မိပါသည်။ သို့သော်... သူက ဝမ်းနည်းနေသည့် မိန်းကလေးကို မည်သည့် စကားမှ ပြန်မပြောဖြစ်ပါ။
သိန်းငှက်သည် ကောင်းကင် အမြင့်ထက်တွက် ပျံသန်းပြီး မြင့်မားသည့် တောင်ကမ်းပါး ထက်တွင်သာ နားခိုမည် ဖြစ်သော်လည်း စာကလေး ငှက်ကတော့ မြေပြင်နှင့် နီးကပ်သည့် သစ်တောလေးထဲတွင် နားခိုမည် ဖြစ်လေသည်။ မာန်ဟုန်ပြင်းလွန်းသည့် သိန်းငှက် တစ်ကောင်သည် စာကလေးနှင့် မည်သို့ ယှဉ်တွဲ နိုင်ပါမည်နည်း။
ဆန်းလျန်မှာ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် သူက အဆင့်အတန်း ခွဲခြား တတ်သူတစ်ယောက် မဟုတ်ခဲ့ပါ။ သူက သာမန် လူများနှင့်လည်း ရောရောနှောနှောဖြင့် ခင်မင်စွာ နေတတ်သူ ဖြစ်လေသည်။
သို့သော်....
လက်ရှိအချိန်တွင်…
သူက ယခင်ဘဝကကဲ့သို့ ဆရာဝန်လေး တစ်ယောက် မဟုတ်တော့။
ချင်းရှဝတ် ကျောင်းတော်မှ တာအို ဆရာလေးလည်း မဟုတ်တော့။
ချင်ပြည်နယ် မြို့တော်ရှိ ဆန်းအိမ်တော်မှ တတိယ သခင်လေးလည်း မဟုတ်တော့ပါ။
နွားကျောင်းသားလေးနှင့် ယက္ကန်းခတ်သည့် နတ်မိမယ်လေးတို့၏ အချစ်ဇာတ်လမ်း၊ တုန်ယုံနှင့် နတ်သမီး ခုနစ်ဖော် ကဲ့သို့သော ဇာတ်လမ်းမျိုးမှာ လက်တွေ့ ဘဝတွင် ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဒေဝါများနှင့် သာမန် လူသားများ ဆိုသည်မှာ အခြေအနေ ကွာခြား လွန်းလှသောကြောင့် ဖြစ်လေသည်။
ထိုအချိန်တွင်....
အခန်းအပြင်ဘက်ဆီမှ ကျင့်ထင်ထုံအော်၏ အသံကို ကြားလိုက်ရလေသည်။
"ချင်းရှသခင်လေး၊ မင်းကြီးက သခင်လေးကို ရတနာ ပစ္စည်းလေလံပွဲ တက်ရောက်ဖို့ ဖိတ်ကြားလိုက်လို့ လာခေါ်တာပါ"
"ကောင်းပြီ၊ ကျုပ်လာပြီ"
ပြောပြီးသည်နှင့် ဆန်းလျန်မှာ အခန်းထဲမှ ထွက်ခွာ သွားလေသည်။
ဖုန်းဟယ်သည် ဆန်းလျန်၏ ကျောပြင်ကိုသာ ရိပ်ခနဲ မြင်လိုက်ရလေသည်။ သူမသည် ဆန်းလျန်၏ ဘဝတွင် မီးခို့ငွေ့ တစ်မျှင်ကဲ့သို့သာ ဖြစ်လေသည်။ မကြာမီ ဆန်းလျန်သည် သူမကို မေ့ပျောက် သွားမည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ဖုန်းဟယ်မှာ နတ်ဘုရား တစ်ပါးနှင့် လူသား တစ်ယောက်ကြား မတူညီသည့် အဆင့်အတန်းကို ကြေကွဲစွာဖြင့် ခံစား နားလည် လိုက်ရလေသည်။
သို့သော်....
နောင်နှစ်ပေါင်း များစွာ ကြာသည့် အချိန်တွင် သူမနှင့် ဆန်းလျန် ပြန်လည် ဆုံတွေ့ရဦးမည် ဆိုသည်ကိုတော့ သူမအနေဖြင့် ကြိုတင် သိရှိနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ကျင့်ထင်ထုံအော်က ဆန်းလျန်ကို တွေ့သည်နှင့် ချက်ချင်းပင် ဦးညွှတ် အရိုအသေ ပေးလိုက်လေသည်။
သူက ဆန်းလျန်ကို ပထမ တစ်ကြိမ် တွေ့ဆုံစဉ်ကထက် ပိုပြီး ရိုသေလေးစားစွာ ဆက်ဆံနေလေသည်။
ဆန်းလျန်မှာ ဓားသိုင်းလမ်းစဉ်ဖြင့် ကျင့်စဉ် လမ်းအဆင့် တက်ရောက်ခဲ့သည့် သူတစ်ယောက် မဟုတ်ပါ။ သို့သော် သူ၏ ဓားစွမ်းမှာ ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်ထက် နိမ့်ကျခြင်းမရှိပေ။
ကျင့်ထင်ထုံအော်၏ မူလပုံသဏ္ဌာန်မှာ ဓားကျောက်တုံး တစ်တုံးဖြစ်လေသည်။ ဓားသိုင်း ကျင့်ကြံသူများ သို့မဟုတ် ဓားသမားများက ဓားကို လေးစားသမှုဖြင့် သူ့အပေါ်တွင် တင်ထားလေ့ ရှိလေသည်။ ထို့ပြင် လက်ရှိအချိန်တွင် သူက ရွှမ်ထုံမင်းကြီး၏ လက်သုံးတော်ဓား ဖြစ်လေသည်။ ထို့ကြောင့် သူက ဓားသိုင်းလမ်းစဉ်ကို နားလည်သည့် သူများကို အလွန်လေးစားလေ့ ရှိလေသည်။
ထို့ကြောင့် သူက ဆန်းလျန်ကို သူ၏ ထက်မြက်သည့် ဓားဝိညာဉ် စွမ်းအားဖြင့် အာရုံ ခံကြည့်လိုက်လေသည်။ သို့သော် ဆန်းလျန်ထံတွင် မည်သည့် ဓားဝိညာဉ်ကိုမှ အာရုံခံ၍ မရပေ။ ကျင့်ထင်ထုံအော်မှာ နားမလည်နိုင် ဖြစ်သွားရလေသည်။
ကောလာဟလများ အရဆိုလျှင် ဆန်းလျန်မှာ ဓားသိုင်းထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ ယခု ဆန်းလျန်ထံတွင် ဓားဝိညာဉ် တန်ခိုးစွမ်းအားကို အာရုံခံ၍ မရခြင်းမှာ ဆန်းလျန်က သူ၏ ဓားစွမ်းအားများကို ဖုံးကွယ် ထားခြင်းလေလား။
Top of Form
ဆန်းလျန်၏ ဝတ်ရုံမှာ လေထဲတွင် လွင့်မျော နေလေသည်။ သူ၏ လှုပ်ရှားမှုက လျင်မြန်သည့်တိုင် ခြေသံလုံး၀ ကြားရခြင်း မရှိပေ။
ရုတ်တရက် …
ကျင့်ထင်ထုံအော်၏ ကိုယ်ထဲသို့ တိမ်တိုက်များထဲမှ စွမ်းအားတစ်ခု စီးဝင်လာသလို ခံစားလိုက်ရလေသည်။
စွမ်းအား၏ တုန်ခါမှုက သိပ်ပြီး မပြင်းထန်ပါ။ သို့သော် စည်းချက်ညီသည့် တုန်ခါမှု တစ်ခုကို ဖြစ်ပေါ် နေစေလေသည်။ ထိုတုန်ခါမှုက သူ၏ ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုများစွာကို ဖြစ်ပေါ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို စည်းချက်ညီညီ ဆွဲခေါ်သွားလေသည်။ သူ၏ ခြေလှမ်းများမှာ ဆန်းလျန်၏ ခြေလှမ်းများနှင့် တစ်ထပ်တည်း ကျသွားလေသည်။ သူ၏ ခန္ဓာကိုယ် တစ်ချက် တုန်ခါ သွားပြီး အထိန်းအကွပ် မဲ့ကာ အရုပ်ကြိုးပြတ် ဖြစ်သွားရလေသည်။
ထိုစွမ်းအားကို သူတောင့် မခံနိုင်တော့သည့် အချိန်တွင် ဆန်းလျန်က ထိုစွမ်းအားကို ပြန်လည် ရုတ်သိမ်း လိုက်လေသည်။ ရုတ်တရက် ဗလာနယ် တစ်ခုထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး လဲကျတော့မည်ကဲ့သို့ ဖြစ်သွားရလေသည်။
ဆန်းလျန်က စွမ်းအား တစ်ခုထုတ်လွှတ်ပြီး သူ့ကို လဲမကျစေရန် ထိန်းထား ပေးလိုက်လေသည်။ ထိုစွမ်းအားက သူ၏ကိုယ်တွင်းသို့ စီးဝင်သွားပြီး အအေးဓာတ်များသည် သူ၏ ခြေဖဝါးမှ တစ်ဆင့် ထွက်ခွာ သွားလေသည်။
ယခုမှ ကျင့်ထင်ထုံအော် နားလည်သွားရသည်။
သူက အဏ္ဏဝါ ကြေးမုံပြာကို လှမ်းပြီး ဖမ်းလိုက်သည့် အချိန်တွင် ဆန်းလျန်၏ ရေခဲအလင်းမှ အအေး စွမ်းအားများသည့် သူ၏ ကိုယ်ထဲသို့ ဝင်သွားခဲ့လေသည်။ သူ၏ တန်ခိုးစွမ်းအားက ထိုအအေး စွမ်းအားကို တိုက်ခိုက်နိုင်ခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲတွင် အအေးအဆိပ်များ ဖြစ်ပေါ်လာလေသည်။ ဆန်းလျန်က ထိုအအေး အဆိပ်များကို ဖယ်ရှား ပေးလိုက်ခြင်း ဖြစ်လေသည်။ ဆန်းလျန်သာ ထိုသို့ မပြုလုပ်ပေးပါက နောင်တစ်ချိန်တွင် ကျင့်ထင်ထုံအော်မှာ အတွင်းဒဏ်ရာ ရသွားနိုင်လေသည်။
သူက ဆန်းလျန်ကို ကျေးဇူးတင်စကား ပြောချင်သော်လည်း ရွှမ်ထုံမင်းကြီး အပြစ်ပေးမည်ကို စိတ်ပူနေသည့် အတွက် မပြောဖြစ်တော့ပေ။
တစ်ချိန်တည်းမှာပင် သူက ဆန်းလျန်၏ အပြုအမူမှာ တကယ့် တာအိုဆရာသခင် တစ်ပါး ပီသသည်ဟု ခံစားလိုက်မိ လေသည်။ ထို့ကြောင့်ပင် ဆန်းလျန်သည် နတ်ဘုရား ဂိုဏ်းကြီး တစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေရသည် မဟုတ်ပါလား။
ဆန်းလျန်ကတော့ ကျင့်ထင် ထုံအော်ကိုယ်ထဲမှ အအေးအဆိပ်ကို ထုတ်ပေးလိုက်ခြင်းသာ ဖြစ်လေသည်။ ရွှမ်ထုန် နတ်မိစ္ဆာဘုရင်က သူ့ကို ကူညီခဲ့သည့် အတွက် သူက တစ်ချက်ပင် မဆိုင်းဘဲ ကျင့်ထင်ထုံအော်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်က နတ်မိစ္ဆာများအပေါ်တွင် မုန်းတီးခြင်း မရှိပါ။ သူက နတ်မိစ္ဆာများကိုလည်း ကျင့်ကြံ သူများနှင့်မခြား တန်တူညီမျှ ဆက်ဆံတတ်သူ ဖြစ်လေသည်။
ယခုသူတို့ သွားရသည့် နေရာမှာ ချင်းယွင် ထိုင်စင်မြင့်ကဲ့သို့ သာမန် နေရာတစ်ခု မဟုတ်ပေ။ အနောက်ဘက်ရှိ မိုးကောင်းကင် နန်းဆောင် တစ်ခုဆီသို့ ဖြစ်လေသည်။
"ရတနာ ပစ္စည်းများသည် အနောက် အရပ်တွင်ရှိသည်" ဆိုသည့် ရှေးဟောင်း ဆိုရိုးတစ်ခု အတိုင်းပင် ရတနာ ပစ္စည်းလေလံပွဲကို နတ်ဘုရား ဈေးပွဲတော်၏ အနောက်ဘက် နန်းဆောင်တွင် ပြုလုပ်ခြင်း ဖြစ်လေသည်။ ကံကောင်းစေခြင်း သင်္ကေတ ဖြစ်လေသည်။
အနောက်ဘက် နန်းဆောင်တွင် လူသူ ကင်းရှင်းနေလေသည်။ နန်းဆောင် အတွင်းသို့ ဝင်လိုက်သည်နှင့် ကြာပန်း ရေကန်တစ်ခုကို တွေ့မြင်ရပြီး ထိုနေရာတွင် ကျင့်ကြံသူ ဆယ့်နှစ်ယောက် ရောက်နှင့် နေကြပြီ ဖြစ်လေသည်။ ကျောက်ရှောင်ယွီမှာလည်း ရောက်ရှိနေပြီ ဖြစ်လေသည်။ သူတို့ အသီးသီးမှာ သီးသန့် ထိုင်ခုံများတွင် ထိုင်နေကြလေသည်။
ဝူချင်ကျီလည်း ပြန်လည် ရောက်ရှိလာသည်ကို တွေ့ရပြီး သူ၏ မျက်နှာ အမူအရာက အေးဆေး တည်ငြိမ် နေလေသည်။
သူက ဖော့ဝမ့်အဆင့်ကို ပုံမှန်မဟုတ် ထူးထူးခြားခြားဖြင့် အဆင့် တက်လှမ်းခဲ့သည့်တိုင် ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ ဆရာသခင် တစ်ပါးဖြစ်သည့် အလျောက် အဆင်ပြေပြေနှင့် အောင်မြင်ခဲ့လေသည်။
ဆန်းလျန်က လွတ်နေသည့် သီးသန့် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင် လိုက်လေသည်။
သီးသန့် ထိုင်ခုံအားလုံးမှာ ကြာပန်း ရေကန်ပေါ်ရှိ လေထဲတွင် လွင့်မျော နေကြလေသည်။
လေလံတင်မည့် ရတနာပစ္စည်းများမှာ နတ်ဘုရား စွမ်းအားရှိသည့် အဖိုးတန် ပစ္စည်းများသာ ဖြစ်ပုံရလေသည်။ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်၏ ကြွယ်ဝ ချမ်းသာမှုကို ဆန်းလျန် လေးစားသွားမိသည်။
အတူတကွ ရောက်ရှိ လာကြပုံရသည့် ကျင့်ကြံသူ သုံးဦးလည်း ရှိလေသည်။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ သူတို့မှာ ဟိုင်သန်းအဆင့်ပင် အောင်မြင်ကြသည့်ပုံ မပေါ်သေပေ။ သူတို့ကလည်း သီးသန့် ထိုင်ခုံတစ်ခုတွင် နေရာ ယူလိုက်ကြလေသည်။
သူတို့ သုံးယောက်ထဲမှ ကျင့်ကြံသူ မိန်းမပျိုမှာ အစိမ်းရောင် ဝတ်ဆင်ထားပြီး သူမ၏ မျက်ဝန်းများက စမ်းချောင်းလေး အလား ကြည်လင် နေလေသည်။ သူမက သူမဘေးတွင် ထိုင်နေသည့် အစိမ်းရောင်ဝတ် လူရွယ်ကို တီးတိုး ပြောလိုက်သည်။
"အစ်ကိုငါး၊ အဲဒီ ခပ်ချောချော လူငယ်လေးပေါ့၊ ဟိုနေ့က မိစ္ဆာမ ကျောက်ရှောင်ယွီနဲ့ အတူတူ လမ်းလျှောက်နေတာ၊ သူတို့နှစ်ယောက် ဘယ်လိုများ ပတ်သက်နေလဲ မသိဘူး"
"ညီမလေး၊ ရှောင်ယွီ နတ်သမီးက ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး၊ ဘာလို့ သူ့ကို မိစ္ဆာမလို့ ခေါ်ရတာလဲ"
အစိမ်းရောင်ဝတ် လူရွယ်က ပြန်ပြောလိုက်လေသည်။
"အစ်ကိုငါးကလည်း အဲဒီမိစ္ဆာမကို စွဲလန်းနေပြီထင်တယ်၊ ဆရာသာ သိလို့ကတော့ အစ်ကိုငါးကို နှစ်ဝက်လောက် အခန်းပိတ် ကျင့်ကြံခိုင်းလိမ့်မယ်"
မိန်းကလေးက သူမပါးစပ်ကို လက်ဖြင့် အုပ်ရင်း ပြောလိုက်လေသည်။
"မင်းတို့နှစ်ယောက် တော်ကြစမ်း၊ ဒီကိုလာတာ အမြဲစိမ်းပန်းပွင့်ကို ပြန်ယူဖို့လာတာ၊ စကားလျှောက်ပြောဖို့ မဟုတ်ဘူး"
သူတို့နှစ်ယောက်ထက် အနည်းငယ် အသက်ကြီးပုံရသည့် နောက်ထပ် လူရွယ်တစ်ယောက်က ဝင်ပြော လိုက်လေသည်။
အစိမ်းရောင်ဝတ် မိန်းကလေးက…
"အစ်ကိုသုံး၊ ကျွန်မက လျှောက်ပြောရုံပဲ ပြောတာပါ၊ အစ်ကိုငါးကတော့ မိစ္ဆာမ ကျောက်ရှောင်ယွီကို တန်းတန်း စွဲဖြစ်နေပြီ၊ ဟင့် ကျွန်မက ဟိုခပ်ချောချော သခင်လေးကို စိတ်ဝင်စားနေတာ၊ ကြည့်ရတာ အဲဒီသခင်လေးသာ မိန်းကလေး တစ်ယောက် ဖြစ်မယ်ဆိုရင် မိစ္ဆာမ ကျောက်ရှောင်ယွီ ထက်တောင် ချောဦးမယ်"
သီးသန့် ထိုင်ခုံတစ်ခုစီကို မမြင်ရသည့် အလွှာလေးများဖြင့် ကာကွယ်ထားသည့် အတွက် အသံ လုံလေသည်။ ထို့ကြောင့် သူတို့ သုံးယောက် ပြောနေသည့် စကားများကို အခြားသူများ မကြားရနိုင်ပေ။ အကယ်၍ သူတို့ပြောနေသည့် စကားများကိုသာ ဆန်းလျန်ကြားမည် ဆိုပါက ရယ်ရမလို ငိုရမလို မအီမလည်ကြီး ခံစားရမည် ဖြစ်လေသည်။
***