အခန်း (၇၀၁-၇၀၂)
Vol. 71 Ch. 701-702
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၁ - ၇၀၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ပြောရလျှင် တုပိုင်သည် ပေမင်ဂိုဏ်းသခင်ကျီ၏ ဇနီးနှင့် ဆုံတွေ့ဖူးလေ၏။ နီရှန်တို့ သူ၏ မင်္ဂလာပွဲ ဒုတိယမြောက်နေ့တွင် တွေ့ခဲ့ခြင်းဖြစ်သည်။
မည်သို့ ဆိုရမည်နည်း။ သူမ၏ အလှတရားနှင့် ဟန်ပန်တို့ကြောင့် သူ လုံးဝ မှင်သက်သွားခဲ့ရ၏။
အလှတရားပိုင်းတွင် ကျီယင်ယင်သည် ကမ္ဘာပေါ်၌ နံပါတ်တစ် အလှပိုင်ရှင်ဖြစ်ပြီး ပေမင်ဂိုဏ်းသခင်ကျီ၏ ဇနီးနှင့် ကျီယင်ယင်တို့မှာ အမြွှာညီအစ်မများ ဖြစ်ကြသည်။
ထိုနေ့က တုပိုင်သည် အသက်အန္တရာယ်ကို ပဓာနမထားဘဲ ပေမင်ဓားဂိုဏ်းသို့ သွားရောက်ခဲ့ပြီး သူ၏ဘေးတွင် ပေမင်ဓားဂိုဏ်း၏ ပထမဆုံး အလှပိုင်ရှင်ဖြစ်သော နီရှန် နတ်မိမယ် ရှိနေခဲ့သည်။ သို့သော်လည်း နီရှန်၏ အရှေ့၌ ပေါ်လာသောအခါ သူမသည်သာလျှင် ပေမင်တွင် နံပါတ်တစ် အလှပိုင်ရှင်ဖြစ်သည်ဟု တုပိုင် အထင်မှားသွားခဲ့ရသည်။
ရုပ်ရည်သွင်ပြင်အရ နီရှန်နှင့် ကျီတို့သည် အဆင့်အတန်း တူညီကြပေသည်။ သို့ရာတွင် ညှို့ဓာတ်နှင့် ဟန်ပန်တို့၌ ကျီက ပို၍ပင် သာလွန်နေသေး၏။
ထိုဆွဲဆောင်မှုရှိပြီး ရင့်ကျက်သောဟန်က ယှဉ်ပြိုင်၍မရနိုင်သော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေလေသည်။
နီရှန်သည် ပေမင်ဂိုဏ်းသခင် နင်တောက်ရွှမ်၏ မွေးစားသမီးနှင့် တပည့်ဖြစ်သည်ဟု အမြဲတစေ ပြောဆိုကြသော်လည်း အမှန်တကယ်တွင် သူမ၏ အစစ်အမှန် ဆရာမှာ ကျီသာလျှင် ဖြစ်ပြီး နီရှန်အား ငယ်စဉ်ကတည်းက နတ်မိမယ်သိုင်းပညာများကို သင်ကြားပေးခဲ့သူ ဖြစ်လေသည်။
ကျီ ငယ်စဉ်က ပေမင်ဓားဂိုဏ်းတွင် ပိုင်ဟွာ နတ်မိမယ်ဟု နာမည်ပြောင် ခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။
နီရှန် နတ်မိမယ်ထံတွင် အမြဲတမ်း ပန်းတစ်ရာ ပွင့်လန်းနေသကဲ့သို့ ဆွဲဆောင်မှုရှိသော ရနံ့လေးတစ်ခု ရှိနေတတ်၏။ ထိုရနံ့သည် ပိုင်ဟွာ နတ်မိမယ်ထံမှ အမွေဆက်ခံထားခြင်းနှင့် ပို၍ တူလေသည်။
ကျီသည် လီတောက်ယွဲ့ထက် ပို၍ ငယ်ရွယ်သည်ဟု ဆိုရမည်လော။
သူမသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် အချိုးအစားအရ သူမသည် လီတောက်ယွဲ့ထက် အမှန်တကယ်ပင် ပိုငယ်ရွယ်ကောင်း ငယ်ရွယ်နိုင်ပေသည်။ အပြင်ပန်းရုပ်ရည်နှင့် အသားအရေ တင်းရင်းမှုတို့အရ ကြည့်လျှင် သူမသည် အလွန်ဆုံးမှ အသက် သုံးဆယ့်နှစ်နှစ် အရွယ်ခန့်သာ ရှိပုံပေါ်၏။
သို့သော် သူမ၏ ညှို့ဓာတ်မှာမူ အမှန်တကယ်ပင် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။
**--**--**--**--**--**--**--**
သို့သော်လည်း ဤကဲ့သို့သော အမျိုးသမီးတစ်ဦး တုပိုင်၏ ကုတင်ပေါ်၌ ပေါ်လာသောအခါ သူ၏ ပထမဆုံး အတွေးမှာ လုပ်ကြံမှုပင် ဖြစ်သည်။
ဤသည်မှာ ကျိန်းသေပေါက် လုပ်ကြံမှုတစ်ခုသာ ဖြစ်ရမည်။ ဤအရာအားလုံးသည် ပုံရိပ်ယောင်တစ်ခု ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ဟု သူ ထင်မြင်မိလေ၏။
ဤသို့ တွေးတောမိခြင်းအတွက် တုပိုင်အား အပြစ်တင်၍ မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ပေမင်ဓားဂိုဏ်းနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ရုံသာမက ကြီးမားသော အောင်ပွဲတစ်ခုကို ရယူနိုင်ခဲ့ပြီး ပေမင်ဓားဂိုဏ်း၏ ကြယ်ငါးပွင့် စွမ်းအင်ကာကွယ်ရေး အစီအရင်ကိုပါ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်မှစ၍ တစ်လကျော်သွားပြီဖြစ်သည်။
ပေမင်ဓားဂိုဏ်းအနေဖြင့် ကြယ်ငါးပွင့် အစီအရင်ကို ပြုပြင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့ကြမည်မှာ သေချာသော်လည်း အားလုံးမှာ အချည်းနှီး ဖြစ်သွားရန်သာ ကံကြမ္မာ ဖန်တီးထားဟန်တူ၏။
ထို့ကြောင့် ကျီ ကိုယ်တိုင် ဦးဆောင်လှုပ်ရှားလာခြင်း ဖြစ်နိုင်သည်။
ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းလှပေသည်။ သူမသည် တုပိုင်အား ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲရန် စိတ်စွမ်းအင်သိုင်းပညာများကို အသုံးပြုလိုခြင်း ဖြစ်နိုင်ပြီး ထို့နောက် ကြယ်ငါးပွင့် အစီအရင်ကို ပြုပြင်ရန် သူ့အား ခေါ်ဆောင်သွားလိုခြင်း ဖြစ်ပုံရသည်။ သို့မဟုတ် တုပိုင်၏ ခန္ဓာကိုယ်အတွင်းသို့ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို ထည့်သွင်းပြီးနောက် သူနှင့် သဘောတူညီမှု တစ်ခုခု ရယူရန် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တုပိုင်၏ စိတ်ထဲတွင်တော့ ဤအရာအားလုံးသည် ပုံရိပ်ယောင်တစ်ခု ၊ လုပ်ကြံမှုတစ်ခုသာ ဖြစ်ရမည်ဟု တွေးတောနေမိလေသည်။
"သခင်မကျီ ၊ အချည်းနှီး အားမထုတ်ပါနဲ့တော့" တုပိုင်က လှောင်ပြောင်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်တော့ သူ စကားပြော၍ မရတော့ကြောင်းကို တွေ့ရှိလိုက်ရ၏။ ထိုခံစားချက်သည် ဧရာမ ရေဘဝဲကြီးတစ်ကောင်၏ အာရုံကြောအဆိပ် မိသွားသကဲ့သို့ပင် ဖြစ်သည်။ ယခုအချိန်၌ တုပိုင်၏ ခန္ဓာကိုယ်သည် ကျူးကျော်ဝင်ရောက်ခြင်း ခံရလုနီးပါး ဖြစ်နေ၏။
မကြာမီမှာပင် ဤသည်မှာ စိတ်စွမ်းအင်ဖြင့် ထိန်းချုပ်သည့် နည်းလမ်းတစ်မျိုး ဖြစ်ကြောင်းနှင့် တစ်ဖက်လူ၏ စိတ်စွမ်းအင် ကျင့်ကြံမှုသည် သူ့ထက် အဆပေါင်းများစွာ သာလွန်နေကြောင်းကို တုပိုင် သိရှိလိုက်ရသည်။ ယင်းမှာ ခွေးအိမ်သခင်ကြီးနှင့် ထျန်ကျီကျွန်းသခင်တို့၏ ရှေ့မှောက်တွင် တုပိုင်တစ်ယောက် စိတ်စွမ်းအင်ဖြင့် တိုက်ရိုက် ဖိနှိပ်ခံခဲ့ရသကဲ့သို့ပင် ဖြစ်၏။
လက်ရှိအချိန်၌ အိပ်မက်စနစ်သည် လင်းလက်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
တုပိုင်သည် အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်သော်လည်း ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှာ အလွန်တရာ ထက်မြက်နိုးကြားနေ၏။ တိတိကျကျ ဆိုရလျှင် သူသည် အလွန်အကဲဆတ်နေပေသည်။
"မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ မင်းတွေးနေသလိုမျိုးတော့ ကျိန်းသေပေါက် မဟုတ်ဘူး" အမျိုးသမီးက ပြောလိုက်သည်။
သူမ၏ အသံလေးသည်ပင်လျှင် အထူးသံလိုက်ဓာတ် ပါဝင်နေသကဲ့သို့ အကြွင်းမဲ့ သွေးဆောင်ဖြားယောင်းမှုများ ပြည့်နှက်နေပြီး ရှူထုတ်လိုက်သော လေငွေ့လေးမှာ အကောင်းဆုံးသော သစ်သီးဝိုင်တစ်ခွက်အလား ချိုမြိန်ကာ မူးယစ်စေနိုင်စွမ်း ရှိလေ၏။
မီးတောက်အလား ပူနွေးနေသော သူမ၏ နှုတ်ခမ်းများက တုပိုင်အား နမ်းရှိုက်လိုက်ပြီးနောက် မြွေငယ်လေးတစ်ကောင်ကဲ့သို့ သူမ၏ လျှာဖျားလေးသည်လည်း ထွက်ပေါ်လာ၏။
ထို့နောက်တွင်တော့... အရာအားလုံး ဖြစ်ပျက်သွားခဲ့၏။ တုပိုင်သည် အမျိုးသမီးတစ်ဦး၏ နောက်သို့ တွန်းလှဲခြင်းကို ခံလိုက်ရလေသည်။
**--**--**--**--**--**--**--**
ဤသည်မှာ တုပိုင် စိတ်ကူးယဉ်ထားသော ဇာတ်ညွှန်းနှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။ ဤအရာသည် ဝိညာဉ်ပိုင်းဆိုင်ရာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သင့်ပြီး ၊ လုပ်ကြံမှုတစ်ခုသာ ဖြစ်ရမည် မဟုတ်ပါလော။
သို့သော်လည်း... အရာအားလုံးက အမှန်တကယ်ပင် ဖြစ်ပျက်သွားခဲ့၏။ ထို့အပြင် ဤသည်မှာ တုပိုင်၏ ဝိညာဉ်ကို အလှုပ်ခတ်နိုင်ဆုံး အချိန်လည်း ဖြစ်ပေသည်။
ထိုခံစားချက်မျိုးမှာ မင်းသမီးနင်းရွှဲ့ ၊ လီတောက်ယွဲ့ အပါအဝင် အမျိုးသမီး သုံးဦး၏ ပေါင်းရလဒ်နှင့်ပင် အတူတူလောက်နီးပါး ရှိနေ၏။
အချုပ်အားဖြင့် ဆိုရလျှင် သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ခံစားချက်မျိုးကို အမှန်တကယ်ပင် ခံစားလိုက်ရလေသည်။ ထို့အပြင် တုပိုင်သည် သူ၏ ယောင်္ကျားစွမ်းအားများ ပြန်လည်ရရှိလာပြီးနောက်ပိုင်း ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေခဲ့၏။
နီရှန်ပင်ဖြစ်စေ ၊ နင်းရွှဲ့ပင်ဖြစ်စေ ၊ သို့မဟုတ် နောက်ပိုင်းမှ ရောက်လာသော လီတောက်ယွဲ့ပင်ဖြစ်စေ ၊ သူတို့အားလုံးသည် တုပိုင်၏ အကြွင်းမဲ့ အရေးနိမ့်သူများသာ ဖြစ်ကြသည်။ ထိုသုံးဦး ပေါင်းလျှင်ပင် တုပိုင်၏ ပြိုင်ဘက်များ မဟုတ်ကြချေ။
သို့သော် ယခုအကြိမ်တွင်တော့ တုပိုင်တစ်ယောက် အပြတ်အသတ် ရှုံးနိမ့်သွားကာ အရှုံးပေးလိုက်ရလေတော့သည်။
နောက်ဆုံးတွင်တော့ သူသည် တိုက်ရိုက်ပင် သတိလစ်မေ့မြောသွားခဲ့၏။ အိပ်မက်စနစ်ကမူ မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ သူ မေ့မြောသွားသည်ကိုသာ ထိုင်ကြည့်နေခဲ့သည်။
**--**--**--**--**--**--**--**
အချိန်မည်မျှ ကြာမြင့်သွားမှန်း မသိတော့ချေ။ တုပိုင် မျက်လုံးများကို ဖွင့်လိုက်ချိန်တွင်တော့ အပြင်ဘက်၌ မိုးလင်းနေပြီဖြစ်သည်။ ကုတင်ပေါ်တွင် လွတ်ဟာနေပြီး နတ်မိမယ်တစ်ပါးနှင့် မိစ္ဆာမတစ်ဦးသဖွယ် ဖြစ်နေသော အမျိုးသမီးမှာ ပျောက်ကွယ်သွားပြီဖြစ်၏။
သူမ၏ ထူးခြားလှသော ကိုယ်သင်းနံ့လေးသည်ပင် အရိပ်အယောင်မျှ မကျန်တော့ဘဲ ယခင်က တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသကဲ့သို့ ၊ ယမန်နေ့ညက အဖြစ်အပျက်များမှာ ချိုမြိန်သော အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သကဲ့သို့ ပျောက်ကွယ်သွားလေသည်။
သို့သော်လည်း တုပိုင်၏ ခန္ဓာကိုယ်မှ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများက ယမန်နေ့ညက အဖြစ်အပျက်များသည် အမှန်တကယ်ပင် အိပ်မက်တစ်ခု မဟုတ်ခဲ့ကြောင်း သူ့အား သတိပေးနေလေ၏။
အဘယ်ကြောင့်ဆိုသော် သူသည် ညဘက်တွင် အရက်အလွန်အကျွံ သောက်ထားပြီးနောက် အရက်နာကျနေသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။
တုပိုင် သူ့ခေါင်းသူ ပုတ်လိုက်လေ၏။
"သောက်ကျိုးနည်း"
"အိပ်မက်စနစ် ၊ မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ" တုပိုင် မေးလိုက်သည်။
အိပ်မက်စနစ်က ပြန်လည်ဖြေကြားလာ၏။ "မနေ့ညက ဘာဖြစ်ခဲ့လို့လဲ။ ငါမသိဘူးလေ"
ဤသည်မှာ ပုံမှန်မဟုတ်ပေ ၊ ဤကိစ္စသည် လုံးဝကို ပုံမှန်မဟုတ်ချေ။ ဤသည်မှာ တစ္ဆေခြောက်ခံရခြင်းလော။
ရိုးရိုးသားသား ဆိုရလျှင် ယမန်နေ့ညက တုပိုင် ကုတင်ပေါ်သို့ ရောက်ရှိသွားပြီးနောက် ထိုအမျိုးသမီး၏ မိစ္ဆာတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ထည်ကို ခံစားခဲ့ရပြီး သူမ၏ အသံကိုသာ ကြားခဲ့ရကာ မျက်နှာကိုမူ သေချာရေရာစွာ မမြင်တွေ့ခဲ့ရပေ။
သူမက ပေမင်ဂိုဏ်းသခင်ကျီ၏ ဇနီးဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း မသေချာပေ။ သေချာသည်ကတော့ သူမသည် အလှပဆုံးသော အမျိုးသမီးတစ်ဦး ၊ အဆွဲဆောင်နိုင်ဆုံးသော မိစ္ဆာမတစ်ဦး ဖြစ်သည် ဆိုသည်ကိုသာ သူ သိလေ၏။
သူ၏ အမြင်အာရုံ မကောင်းသောကြောင့် မဟုတ်ဘဲ တစ်ဖက်လူ၏ စိတ်စွမ်းအင်မှာ အလွန်တရာ အားကောင်းလွန်းလှသဖြင့် တုပိုင်၏ အမြင်အာရုံကို အလွန် ထူးဆန်းသော အခြေအနေတစ်ခုသို့ တိုက်ရိုက် ရောက်ရှိသွားစေခဲ့သည်။
တစ်ဖက်လူသည် ကမ္ဘာပေါ်တွင် အလှပဆုံးသော အမျိုးသမီးဖြစ်ကြောင်း ခံစားခဲ့ရသော်လည်း သူမ၏ မျက်နှာကိုမူ ရှင်းလင်းစွာ မမြင်တွေ့ခဲ့ရချေ။
အလှပဆုံးသော အမျိုးသမီးတစ်ဦးအား အိပ်မက်မက်နေသကဲ့သို့ ဖြစ်နေပြီး မျက်နှာကိုမူ အသေးစိတ် ပြန်လည် မမှတ်မိနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
ထိုအချိန်မှာပင် လီတောက်ယွဲ့ ဝင်ရောက်လာလေ၏။
သူမသည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ကလေးများဖြင့် အသည်းအသန် ခန္ဓာကိုယ်ပေါ်မှ မြေခွေးသားရေ ဝတ်ရုံကို ချွတ်လိုက်သည်။ ယမန်နေ့ညက သူမ ကင်းလှည့်ရမည့် အလှည့်ဖြစ်ပြီး တစ်ညလုံး နှင်းတောထဲတွင် ကင်းလှည့်နေခဲ့ရခြင်း ဖြစ်လေ၏။
ဧပြီလသို့ ရောက်ရှိနေသည့်တိုင် လျောင်တုန်းတွင် နှင်းများ ကျဆင်းနေဆဲဖြစ်ကာ ရာသီဥတုမှာ အလွန်အမင်း အေးခဲနေလျက်ရှိသည်။
"တုလန် ၊ အရမ်းအေးတာပဲ" လီတောက်ယွဲ့က နူးညံ့စွာ ပြောလိုက်ပြီးနောက် ပါးလွှာသော ပိုးသားအတွင်းခံလေးသာ ကျန်ရှိတော့သည်အထိ သူမ၏ အဝတ်အစားများကို ချွတ်ချလိုက်ကာ ကုတင်ပေါ်သို့ တိုက်ရိုက် ဝင်ရောက်လာပြီး တုပိုင်၏ ခန္ဓာကိုယ်အား ဖက်တွယ်လိုက်လေသည်။
ထို့နောက် ကုတင်အောက်သို့ ကျန်ရှိနေသော သူမ၏ အဝတ်အစားများကို ဆက်လက် လွှင့်ပစ်လိုက်လေတော့၏။
"မောင်ကြီး ၊ အရင်မထပါနဲ့ဦး ၊ ကျွန်မနဲ့ နာရီဝက်လောက် အိပ်ပါဦး" လီတောက်ယွဲ့က ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ပြောလိုက်သည်။
သူမသည် နင်းရွှဲ့ထက်ပင် ပို၍ ချွဲနွဲ့တတ်ကာ ၊ သူမ၏ အသံမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်တတ်လေ၏။
"အရမ်းပျော်တာပဲ" လီတောက်ယွဲ့၏ မျက်နှာလေးမှာ တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်နေပြီး နူးညံ့စွာ ပြောလိုက်သည်။ "ကျွန်မ ပေမင်ဓားဂိုဏ်းမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတာ တစ်နှစ်ကျော်ခဲ့ပြီ။ ရှင့်ရင်ခွင်ထဲမှာ အိပ်ရတာ အရမ်းကောင်းတာပဲ"
တုပိုင်သည် သူမ၏ ဆံပင်လေးများကို မြတ်နိုးစွာ နမ်းရှိုက်လိုက်လေ၏။
"ဒါနဲ့ ၊ မင်းရဲ့အစ်ကို လီတောက်အန်းက အခုဆို ကိုယ့်ရဲ့ လက်အောက်ငယ်သား ဖြစ်နေပြီနော်" တုပိုင်က ပြောလိုက်သည်။
"သူ့အကြောင်း မပြောပါနဲ့ ၊ ကျွန်မ သူ့ကို မသိဘူး" လီတောက်ယွဲ့က ချွဲနွဲ့ကာ ပြောလိုက်သည်။
တုပိုင်သည် သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။
သူမ ဤသို့ ပြောရခြင်းမှာ သူမနှင့် လီတောက်အန်းတို့ ဆွေမျိုးအဆက်အသွယ် ဖြတ်တောက်ထားသောကြောင့် မဟုတ်ဘဲ ၊ သူမ၏ အသက်အရွယ်ကို တုပိုင်အား သတိမရစေလိုသောကြောင့် ဖြစ်ပေသည်။
"အခု မင်းက ကိုယ့်ဘေးမှာ ရပ်နေတော့ ကိုယ့်ရဲ့ ညီမလေးကျနေတာပဲ" တုပိုင်က ပြောလိုက်သည်။
သူသည် လီတောက်ယွဲ့အား မြှောက်ပင့်ပြောဆိုနေခြင်း သက်သက်မဟုတ်ချေ။ သူသည် အမှန်တကယ်ပင် ထိုသို့ ခံစားနေရခြင်း ဖြစ်လေ၏။
တုပိုင်သည် သူ၏ အသက်အရွယ်ထက် ပို၍ ရင့်ကျက်နေပုံ ပေါ်ပေသည်။
မကြာမီမှာပင် လီတောက်ယွဲ့ထံမှ မှန်မှန်ရှူရှိုက်နေသော အသက်ရှူသံလေးကို ကြားလိုက်ရပြီး တုပိုင်၏ ရင်ခွင်ထဲ၌ ချိုမြိန်စွာ အိပ်ပျော်သွားလေတော့၏။
**--**--**--**--**--**--**--**
အနောက်တောင်ပိုင်း ၊ ကျန့်ရှီးနယ်စားမင်းအိမ်တော်။
လီဝမ်ဟွေ့သည် အဖြူရောင် ဝမ်းနည်းခြင်း အဝတ်အစားကို ဝတ်ဆင်ထားသည်။ ဧကရာဇ်နှင့် လီလျန်တင်းတို့ ကွယ်လွန်သွားခဲ့သည်မှာ လအနည်းငယ် ကြာမြင့်သွားပြီ ဆိုသော်လည်း သူ၏ ဝမ်းနည်းခြင်း အဝတ်အစားကိုမူ တစ်နှစ်တိတိ ဝတ်ဆင်ထားမည် ဖြစ်လေ၏။
ဧကရာဇ်နှင့် လီလျန်တင်းတို့ ကွယ်လွန်သွားကြောင်း သတင်းကို ကြားလိုက်ရချိန်တွင် လီဝမ်ဟွေ့သည် မြေပြင်ပေါ်သို့ တိုက်ရိုက် မေ့လဲကျသွားခဲ့ပြီး ကုတင်ပေါ်၌ ခုနစ်ရက်တိတိ လဲလျောင်းနေရပြီးမှ ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့သည်။
သူသည် ဧကရာဇ်မင်းမြတ်နှင့် သူ၏ မွေးစားဖခင် လီလျန်တင်းတို့၏ ဈာပနကို တက်ရောက်ရန် မြို့တော်သို့ အမှန်တကယ်ပင် သွားရောက်လိုခဲ့၏။
သို့သော်လည်း အနောက်တောင်ပိုင်း၏ ပြည်တွင်းရေး ကိစ္စရပ်များသည် သူ မပါဘဲ လည်ပတ်၍ မရနိုင်သောကြောင့် သူ သွားရောက်၍ မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အနာဂါတ်တွင် အရေးပါလာမည့် သူများဖြစ်ကြသော ချန်ဖိန် ၊ ဟုန်ဟယ်အဖွဲ့ခေါင်းဆောင် လီရူကျစ်နှင့် လီရူဟိုင်၏ ဇနီး မိဖုရားလီ တို့ကို တဖြည်းဖြည်း လေ့ကျင့်ပျိုးထောင်ပေးနေလျက်ရှိ၏။
တုပိုင်၏ လက်အောက်တွင် ထူးချွန်သော ပါရမီရှင်များစွာ ရှိနေသည်။ ဥပမာအားဖြင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရာရှိများသည် အလွန် ကျွမ်းကျင်ပြီး ထူးချွန်ကြကာ ယခုအခါတွင် အနောက်တောင်ပိုင်း ပြည်နယ်သုံးခု၏ အောက်ခြေအဆင့်များအထိ ပျံ့နှံ့ရောက်ရှိနေကြသည်။
ထို့အပြင် လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက အနောက်တောင်ပိုင်းတွင် အကယ်ဒမီကျောင်းပေါင်းများစွာကို ဖွင့်လှစ်ခဲ့၏။
နိုင်ငံရေးအကယ်ဒမီများ ၊ စစ်ရေးအကယ်ဒမီများ ၊ သတ္တုကျိုချက်ခြင်းဆိုင်ရာ အကယ်ဒမီများ ၊ အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ အကယ်ဒမီများ စသည်ဖြင့် ရှိကြပြီး ယခုအခါတွင် စုစုပေါင်း ကျောင်းသားအရေအတွက်မှာ နှစ်သောင်းမှ သုံးသောင်းအထိ ကျော်လွန်လာပြီဖြစ်လေသည်။
သို့သော်လည်း အထက်ပိုင်း အဆင့်များတွင် ပါရမီရှင်များ လွန်စွာ လိုအပ်နေပြီး လီမိသားစုအပေါ်တွင် အလွန် မှီခိုနေရလျက်ရှိသည်။
"အရှင့်ရဲ့ စစ်တပ်က ရှန်ယန်ကို ရောက်နေပြီဆိုတော့ မြောက်ပိုင်းက စစ်ပွဲက မကြာခင် ပြီးဆုံးတော့မှာပါ" လီကျန့်က ပြောလိုက်သည်။ "ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းတဲ့ အချိန်ကာလတစ်ခု လိုအပ်တယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စစ်ရေးအလိုအရတော့ ဒီငြိမ်းချမ်းရေးရနိုင်ချေက အလွန်နည်းပါးပါတယ်။ အရှေ့ဘက် ပြည်ထောင်စုက အရှင့်ကို တာ့နင်အင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ခွင့်ပြုမှာ လုံးဝ မဟုတ်ပါဘူး"
ဟုန်ဟယ်အဖွဲ့မှ လီရူကျစ်သည် သတင်းအချက်အလက် မိတ္တူတစ်စောင်ကို ဝေငှပေးရင်း ပြောလိုက်သည်။ "အရှေ့ဘက် ပြည်ထောင်စုက နှစ်စဉ် ကမ္ဘာ့ကုန်သွယ်ရေးကနေ ငွေတုံး သန်း ၂၀၀ ကျော် မြတ်စွန်းပါတယ်။ ဒါက အပေါ်ယံ အရောင်းအဝယ်သက်သက်ပဲ ရှိပါသေးတယ်။ လျှို့ဝှက် မှောင်ခို အရောင်းအဝယ်တွေက ရတာက ပိုတောင်များပါသေးတယ်"
"တာ့နင်အင်ပါယာ တောင်ပိုင်းပြည်နယ်တွေက ထုတ်လုပ်တဲ့ အထည်အလိပ်တွေ ၊ ကြွေထည်တွေ ၊ လက်ဖက်ရည် ၊ ပိုးထည်နဲ့ ယွန်းထည်တွေက အရှေ့ဘက် ပြည်ထောင်စုဆီကို နှစ်စဉ် ငွေတုံး သန်း ၉၀ ကျော် ဝင်ငွေရစေပါတယ်"
"အရှေ့ဘက် ပြည်ထောင်စုရဲ့ သံထည်ပစ္စည်းတွေ ၊ လက်ဝတ်ရတနာတွေ ၊ စိန်တွေနဲ့ ဆေးလိပ်တွေကို တာ့နင်အင်ပါယာ တောင်ပိုင်းကို အကြီးအကျယ် တင်ပို့ရောင်းချပြီး နှစ်စဉ် ငွေတုံး သန်း ၃၀ ကျော်ကို သိမ်းယူသွားပါတယ်"
"တခြားစကားနဲ့ ပြောရရင် အရှေ့ဘက် ပြည်ထောင်စုက တာ့နင်အင်ပါယာ တောင်ပိုင်းကနေ နှစ်စဉ် ငွေတုံး သန်းတစ်ရာကျော် ဝင်ငွေရနေပါတယ်" လီရူကျစ်က ဆက်ပြောသည်။ "ဒါကြောင့် ကျွန်တော်တို့ရဲ့ တာ့နင်အင်ပါယာဟာ အရှေ့ဘက် ပြည်ထောင်စုရဲ့ ကုန်ပစ္စည်းတွေကို အများဆုံး ထုတ်လုပ်ပေးတဲ့ နေရာနဲ့ အကြီးမားဆုံး ဈေးကွက် ဖြစ်နေပါပြီ။ အရှင့်ရဲ့ အဆိုအရဆိုရင် တာ့နင်အင်ပါယာရဲ့ တောင်ပိုင်းဟာ တကယ်တော့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ကိုလိုနီနယ်မြေတစ်ခု ဖြစ်လာပါပြီ"
"ပြီးတော့ အရှင်က ဂျာချင်အင်ပါယာကို ဖျက်ဆီးလိုက်တာနဲ့ အင်ပါယာရဲ့ တောင်ပိုင်းဒေသကို ပြန်လည်သိမ်းပိုက်ဖို့ နိုင်ငံရဲ့အင်အားတွေကို မလွဲမသွေ စုစည်းပါလိမ့်မယ်" လီကျန့်က ပြောလိုက်သည်။ "အရှေ့ဘက် ပြည်ထောင်စုက အရမ်းအင်အားကြီးတယ်။ အထူးသဖြင့် သူတို့ရဲ့ ရေတပ်ပေါ့ ၊ ဒါပေမဲ့ စစ်သင်္ဘောတွေက ကုန်းပေါ်တက်လို့ မရဘူးလေ"
"ပထမဦးဆုံးအနေနဲ့ ၊ အရှေ့ဘက် ပြည်ထောင်စုက အရှင် ဂျာချင်အင်ပါယာကို ဖျက်ဆီးမယ့်ကိစ္စကို လုံးဝဟန့်တားမှာဖြစ်ပြီး နည်းလမ်းပေါင်းစုံ သုံးပြီးတော့ကို အစွမ်းကုန် လုပ်ဆောင်လိမ့်မယ်"
"ပြီးတော့ ဂျာချင်အင်ပါယာသာ ကျဆုံးသွားခဲ့ရင် ကျွန်တော်တို့ အနောက်တောင်ပိုင်းက အရှေ့ဘက် ပြည်ထောင်စုနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်။ ဒီလိုရင်ဆိုင်ရမှုက နိုင်ငံရေးကနေ စစ်ရေးအထိ ၊ ပင်လယ်ပြင်ကနေ ကုန်းကြောင်းအထိ လုံးဝကို ဘက်စုံ ထိပ်တိုက်ရင်ဆိုင်ရမှုပဲ" လီကျန့်က ဆက်ပြောသည်။ "ဒီအချိန်မှာ အဲဒီအခြေအနေမျိုး မရောက်သေးဘူးဆိုပေမဲ့ အနောက်တောင်ပိုင်းက နေရာတိုင်းဟာ ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွက် ပြင်ဆင်ထားသင့်တယ်လို့ ကျွန်တော် အကြံပြုချင်ပါတယ်"
"အရှေ့ဘက် ပြည်ထောင်စုနဲ့ ဘက်စုံစစ်ပွဲကြီး ဆင်နွှဲဖို့တောင် အသင့်ပြင်ထားရမယ်"
မြောက်ပိုင်းစစ်ပွဲအပြီးတွင် အရှေ့ဘက် ပြည်ထောင်စုနှင့် ဘက်စုံ ထိပ်တိုက်ရင်ဆိုင်ရန် ချက်ချင်း အသင့်ပြင်ဆင်ထားရမည်ဆိုသော ပထမအချက်သည် ချောမွေ့စွာပင် အတည်ပြု အောင်မြင်သွားသည်။
"ဒုတိယအချက်အနေနဲ့ ၊ အရှင်က ဂျာချင်အင်ပါယာကို ဖျက်ဆီးလိုက်တာနဲ့ ဒါက ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပြီး တိုင်းပြည်အတွက်လည်း အဆုံးသတ်တစ်ခု ဖြစ်သွားလိမ့်မယ်။ အရှင်က ကျွန်တော့်ကို ကြိုပြောထားပြီးပါပြီ ၊ သူက ဧကရာဇ်ဆီကနေ စိချွမ်းနဲ့ ဟူနန် ပြည်နယ်တွေကို တောင်းဆိုဖို့ အစပြုပါလိမ့်မယ်" လီကျန့်က ပြောလိုက်သည်။ "သေချာတာပေါ့ ၊ ဒီဗျူဟာက အတိတ်က လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်နဲ့လည်း တစ်ထပ်တည်း ကျနေပါတယ်။ ပြည်နယ်ငါးခုကို သိမ်းပိုက်နိုင်သရွေ့ ဒါက ပြည့်စုံတဲ့ ကာကွယ်ရေးစနစ်တစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီနေရာတွေမှာမှ လုံလောက်တဲ့ လူဦးရေ ၊ လုံလောက်တဲ့ ရိက္ခာနဲ့ လုံလောက်တဲ့ မြေနေရာတွေ ရှိလာမှာပါ"
"ဒါကြောင့် အားလုံးကို ပြင်ဆင်ထားပေးကြပါ။ မြို့တော်ကနေ အမိန့်ရောက်လာတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ စစ်တပ်နဲ့ အရာရှိတွေဟာ ဟူနန်နဲ့ စိချွမ်း ပြည်နယ်တွေထဲကို အမြန်ဆုံး ဝင်ရောက်သွားရမယ်" လီကျန့်က ဆက်ပြောသည်။ "ဒါ့အပြင် စစ်တပ်တိုးချဲ့ရေး အစီအစဉ်ရဲ့ အရှိန်အဟုန်ကိုလည်း မြှင့်တင်ရပါမယ်"
"စစ်သူကြီးဖူဟုန်လင်း ၊ အခု ကျွန်တော်တို့ တပ်သားသစ် ဘယ်လောက်အထိ တိုးချဲ့ထားလဲ" လီကျန့်က မေးလိုက်သည်။
"ရှစ်သောင်းခုနစ်ထောင်ပါ" မြို့စားမင်းလေးကျီရှီ၏ ဇနီးဖြစ်သူ ဖူဟုန်လင်းက ဖြေကြားလိုက်၏။
ထို့နောက် လီကျန့်က မြို့စားမင်းကျီရှီရှောင်နှင့် လီဝမ်ကျောက်တို့ဘက်သို့ လှည့်ကြည့်လိုက်၏။ "အရာရှိဟောင်းတွေကို အသုံးပြုပြီး တပ်သားသစ်တွေကို ဦးဆောင်စေတဲ့ ဗျူဟာကိုပဲ ကျွန်တော် ထောက်ခံပါသေးတယ်။ ပထမတပ်မတော်နဲ့ ဒုတိယတပ်မတော်ဆီကနေ ထူးချွန်တဲ့ အရာရှိတစ်ထောင်ကို တပ်သားသစ် ရှစ်သောင်းခုနစ်ထောင်ဆီ ပြောင်းရွှေ့ပေးသင့်ပါတယ်။ ပဉ္စမမြောက် တပ်မတော်ကိုတော့ သခင်လေးကျီချင်းက ကွပ်ကဲပါလိမ့်မယ်"
ပထမဧကရာဇ်၏ ဒုတိယစစ်သေနာပတိချုပ် ဖြစ်သူ ကျီချင်းကျူသည်လည်း အနောက်တောင်ပိုင်းရှိ အမြင့်ဆုံးအဆင့် အစည်းအဝေးတွင် ပါဝင်တက်ရောက်၏။
သို့သော် အစမှအဆုံးတိုင်အောင် သူသည် နားထောင်ရုံသာ နားထောင်နေခဲ့ပြီး စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်း မရှိခဲ့ချေ။
သူ ပေမင်ဓားဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက်တွင် ၊ အပြာရောင်နဂါးဂိုဏ်းသည်လည်း ပြိုကွဲသွားခဲ့ပြီး သူ၏ လက်အောက်ရှိ တပည့်အများစုမှာ မြို့စားမင်းလေး ကျီရှီ၏ တတိယမြောက် တပ်မတော်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြရာ ကျီချင်းကျူအနေဖြင့် ထိုနေရာသို့ သွားရောက်၍ အာဏာလုယူရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူ အနောက်တောင်ပိုင်းသို့ ရောက်ရှိလာပြီးနောက်တွင်လည်း ၊ လက်အောက်ငယ်သားမရှိသည့် တပ်မှူးတစ်ဦးအဖြစ်သာ ဆက်ရှိနေခဲ့ပြီး လက်တွေ့ကျသော ရာထူးနေရာ မရှိခဲ့ပေ။
မူလ အပြာရောင်နဂါးဂိုဏ်း၏ အဆောက်အအုံသည်ပင်လျှင် တတိယမြောက် တပ်မတော်၏ တပ်စွဲရာ နေရာ ဖြစ်သွားခဲ့လေ၏။
စိတ်ဓာတ်မကျဘူးဟု ဆိုလျှင်တော့ မဖြစ်နိုင်ပေ။ သို့သော်လည်း သူသည် ထိုအခြေအနေနှင့် သင့်လျော်သော စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို လုပ်ဆောင်ထားပြီး ဖြစ်လေ၏။
သို့သော်လည်း ဤအစည်းအဝေးတွင် စစ်သည်အင်အား တစ်သိန်းနီးပါးရှိသော ပဉ္စမမြောက် တပ်မတော်၏ တပ်မှူးသစ်အဖြစ် တိုက်ရိုက် ခန့်အပ်ခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ကျီချင်းကျူ၏ ကျောပြင်မှ ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးဟပ်ခံရသကဲ့သို့ ပူနွေးတက်ကြွလာသည်ကို ခံစားလိုက်ရ၏။
သူသည် ရာထူးအာဏာကို မက်မောစွဲလမ်းသူ တစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့်အကြိမ်က ဧကရာဇ်မင်းမြတ်မှ သူ့အား တကယ့်အာဏာရှိသော အမတ်မင်းအဖြစ် ခန့်အပ်လိုက်ချိန်တွင် ၊ ယခင်က မရှိခဲ့ဖူးသော သူ၏ စိတ်အားထက်သန်မှုများကို နှိုးဆွပေးခဲ့ပြီး ပိုင်ဆယ်မြို့တွင် စစ်သည်နှင့် မြင်းများကို ချက်ချင်း စုဆောင်းခဲ့ရာ စစ်သည်အင်အား တစ်သောင်းသာ ရှိခဲ့သော်ငြား သူ့အား အလွန်တရာ ဩဇာတိက္ကမ ကြီးမားသွားစေခဲ့လေ၏။
ယခုအချိန်တွင်မူ စစ်သည်အင်အား တစ်သိန်းနီးပါးကို သူ ကွပ်ကဲရတော့မည် ဖြစ်လေ၏။ စိတ်လှုပ်ရှားမှုနှင့်အတူ သူ အနည်းငယ်လည်း ထိတ်လန့်သွားခဲ့သည်။
"မဖြစ်နိုင်လောက်ဘူး ထင်တယ်" ကျီချင်းက ပြောလိုက်သည်။ "ကျွန်တော်က ပထမဧကရာဇ်ရဲ့ ဒုတိယစစ်သေနာပတိချုပ် ဖြစ်ခဲ့တယ်ဆိုပေမဲ့ တကယ့်လက်တွေ့မှာ တာဝန်ယူခဲ့ရတာ လအနည်းငယ်ပဲ ရှိသေးသလို တိုက်ပွဲတစ်ခုမှလည်း မတိုက်ခဲ့ရဖူးဘူး။ စစ်ရေးကျမ်းပေါင်းများစွာကို ဖတ်ဖူးပေမဲ့ အမြဲတမ်း စာရွက်ပေါ်မှာပဲ စစ်တိုက်နေခဲ့တာပါ။ ရုတ်တရက်ကြီး ဒီလောက်မြင့်တဲ့ ရာထူးကို ယူရမယ်ဆိုရင်... အရှင့်ရဲ့ အစီအစဉ်တွေကို ပျက်စီးသွားစေမှာ စိုးရိမ်မိပါတယ်"
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၁ - ၇၀၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team