← Chapters

အခန်း (၇၀၃-၇၀၄)

Vol. 71 Ch. 703-704

အခန်း (၇၀၃-၇၀၄)

Vol. 71 Ch. 703-704

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၃ - ၇၀၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီကျန့် ပြောလိုက်သည်။ “စစ်သူကြီးကျီ ၊ စိတ်ချပါဗျာ ၊ ခင်ဗျားရဲ့ ပဉ္စမမြောက် တပ်မတော်က တပ်သားသစ်တွေချည်းပါပဲ။ ယေဘုယျပြောရရင်တော့ ခင်ဗျားအနေနဲ့ သီးခြား စစ်နယ်မြေတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုကို တာဝန်ယူရမှာ မဟုတ်ပါဘူး။ ပထမ တစ်နှစ် ၊ နှစ်နှစ်အတွင်းမှာ တခြားတပ်မတော်တွေကို ကူညီပြီး တိုက်ခိုက်ပေးရဖို့ များပါတယ်။ ပြီးတော့ ခင်ဗျားရဲ့ သိုင်းပညာကလည်း မြင့်မားတယ်လေ။ စစ်ရေးကျမ်းတွေကိုလည်း ကျွမ်းကျင်ပြီး လူတိုင်းရဲ့ လေးစားမှုကို ရရှိထားသူဖြစ်လို့ ပဉ္စမမြောက် တပ်မတော်ကို ဦးဆောင်ဖို့ အသင့်တော်ဆုံးသူပါပဲ”

“သေချာတာပေါ့ ၊ ဒါက အရှင့်ရဲ့ အလိုဆန္ဒလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ကျွန်တော်ဖြစ်စေ ၊ သခင်ကြီး လီဝမ်ဟွေ့ဖြစ်စေ ခင်ဗျားကို ဒီရာထူး ပေးပိုင်ခွင့်မရှိပါဘူး” လီကျန့်က ပြုံးလျက် ပြောလိုက်သည်။

ကျီချင်းကျူ တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် မြောက်ဘက်သို့ ဦးညွှတ်ကာ ပြောလိုက်၏။ “အရှင့်ရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။”

**--**--**--**--**--**--**--**

အိမ်သို့ ပြန်ရောက်လာချိန်တွင် ကျီချင်းကျူ၏ ခန္ဓာကိုယ်သည် သွေးဆူနေဆဲဖြစ်ကာ ၊ သူ၏ ခြေလှမ်းများမှာ လေထဲတွင် လွင့်မျောနေသကဲ့သို့ ပေါ့ပါးသွက်လက်နေလေ၏။

ကျီပြောင်ပြောင်သည် အစားအသောက်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း သူမသည် သိုင်းပညာများကို အရူးအမူး ကျင့်ကြံနေခဲ့၏။

မူလက သူမသည် တုပိုင်၏ ကိုယ်ရံတော် ဖြစ်ခဲ့သော်လည်း ၊ အကြိမ်ကြိမ်အခါခါ တုပိုင်အား မကာကွယ်နိုင်ခဲ့ချေ။ ထိုအစား တုပိုင်ကပင် သူမအား ပြန်လည်ကာကွယ်ပေးခဲ့ရသည်။

ထို​အခါ အရှက်တရားကို ခံစားနားလည်ပြီးနောက် စိတ်အားထက်သန်လာကာ ၊ သူမသည် သူမ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက် ရူးသွပ်သော နည်းလမ်းပေါင်းစုံကို အသုံးပြုလေတော့သည်။

ယခုအခါ ထိုအကျိုးသက်ရောက်မှုမှာ အလွန် သိသာထင်ရှားနေပြီး ၊ သူမသည် ပထမအဆင့် မဟာဆရာသခင်မှ စတုတ္ထအဆင့် မဟာဆရာသခင်အထိ တိုးတက်ရောက်ရှိသွားခဲ့ပြီ ဖြစ်လေသည်။

ထို့အပြင် သူမသည် တုပိုင်အတွက် ကိုယ်ရံတော်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ကာ ၊ အသစ္စာအရှိဆုံးနှင့် အစွမ်းအထက်ဆုံး သိုင်းပညာရှင်များကိုသာ ရွေးချယ်ထားလေ၏။ ထို့နောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၏ အနက်ရှိုင်းဆုံး အပိုင်းတွင် အချိန်ပြည့် နေထိုင်စေကာ ၊ စွမ်းအင်ကျောက်တုံးများ ၊ ဆေးဝါးများနှင့် ပူးပေါင်း၍ လေ့ကျင့်မှုများ ပြုလုပ်စေခဲ့သည်။

အချုပ်အားဖြင့် ဆိုရလျှင် သူမသည် တုပိုင်အား ကာကွယ်ပေးနိုင်ရုံသာမက စစ်တပ်အတွင်း၌ ထက်မြက်သော ဓားမြှောင်တစ်လက်သဖွယ် ဖြစ်လာနိုင်မည့် အစွမ်းအထက်ဆုံးနှင့် လက်ရွေးစင်အကျဆုံးသော ကိုယ်ရံတော်တပ်ဖွဲ့တစ်ခုကို ဖန်တီးလိုခြင်း ဖြစ်လေ၏။

သူမသည် သူမ၏ အလားအလာအား အချည်းနှီး မဖြစ်စေဘဲ သူမ၏ တန်ဖိုးကို အပြည့်အဝ ဖော်ထုတ်ပြသရမည် ဖြစ်သည်။

သွေးကွမ်ရင်ကဲ့သို့ပင် သူမသည် နေ့စဉ်ရက်ဆက်နီးပါး ကျောင်းလုံ စစ်သင်္ဘောပေါ်တွင် အချိန်ဖြုန်းကာ အသိပညာသစ်များကို သင်ယူလေ့လာနေပြီး ဤသံချပ်ကာ စစ်သင်္ဘောကြီးကို အတိုတောင်းဆုံး အချိန်အတွင်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေလျက်ရှိသည်။

သို့သော် စိတ်အနှောင့်အယှက် ဖြစ်စရာအချက်တစ်ခုလည်း ရှိနေသေး၏။ ဤစစ်သင်္ဘော၏ ကပ္ပတိန်ဖြစ်သော မင်းသမီး လီအာနာသည် သွေးကွမ်ရင်အား အလွန်သဘောကျနေပြီး သူမအား အသည်းအသန် ပိုးပန်းနေခြင်းပင် ဖြစ်လေသည်။

ယခုအချိန်ကာလအတွင်း ကျီပြောင်ပြောင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်၌ သိုင်းပညာများကို ကျင့်ကြံနေသင့်ပေသည်။ သို့သော် သူမ၏ ဖခင် ပြန်လည်ရောက်ရှိလာချိန်တွင်တော့ သူမ အလွန်တရာ ဝမ်းသာသွားခဲ့ပြီး လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များကို ခေတ္တရပ်နားကာ ဖခင်ဖြစ်သူနှင့်အတူ အိမ်၌သာ နေထိုင်နေခြင်းဖြစ်သည်။

ဖခင်ဖြစ်သူသည် ပေမင်ဓားဂိုဏ်း၏ ဖမ်းဆီးအကျဉ်းချခြင်းကို တစ်နှစ်ကျော်ကြာ ခံခဲ့ရပြီးနောက် ပြန်လည်ရောက်ရှိလာခဲ့သည်ကို သူမ သိရှိလေသည်။ ဤနေရာတွင် ဖခင်ဖြစ်သူအတွက် ရာထူးနေရာ မရှိတော့သကဲ့သို့ ဖြစ်နေသဖြင့် သူမ၏ စိတ်ထဲတွင် အလွန်အမင်း ဟာတာတာ ဖြစ်နေခဲ့ရသည်။

ဖခင်ဖြစ်သူက ဖုံးကွယ်ထားရန် ကြိုးစားနေသော်လည်း ၊ ကျီပြောင်ပြောင်သည် သူမ၏ ဖခင်အကြောင်းကို အလွန် ကောင်းစွာ သိရှိထား၏။ ယခုအချိန်တွင် ဖခင်ဖြစ်သူ၏ ရင်ဘတ်ထဲ၌ အလွန်တရာ နာကျင်နေမည်ကို သူမ သိလေသည်။

သူမ၏ ဖခင်ဖြစ်သူသည် အလွန် မာနကြီးသူဖြစ်ပြီး ယခုကဲ့သို့ နေရာမရဖြစ်နေခြင်းကို လက်ခံနိုင်မည် မဟုတ်ချေ။

ယနေ့ ပြန်ရောက်လာချိန်တွင် ဤသို့ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။ ဖခင်ဖြစ်သူ၏ မျက်နှာမှာ နီမြန်းနေ၏။ စိတ်လှုပ်ရှားနေမှုကြောင့် သူ၏ အသက်ရှူနှုန်းများ မြန်ဆန်နေပြီး ခြေလှမ်းများမှာလည်း များစွာ သွက်လက်နေကာ လမ်းလျှောက်နေစဉ်အတွင်း သူ၏ ခြေလှမ်းများမှာ ခုန်ပေါက်နေသကဲ့သို့ပင် ဖြစ်နေလေတော့သည်။

မည်သည့်အရာက သူမ၏ ဖခင်အား ဤမျှလောက် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစေခဲ့သနည်း။

“အဖေ ၊ စိတ်မပူပါနဲ့။ အရှင့်ရဲ့ မြောက်ပိုင်းက စစ်ပွဲပြီးသွားတာနဲ့ သမီး အရှင့်ဆီ ချက်ချင်း သတင်းပို့ပေးပါ့မယ်။ စာပေရော သိုင်းပညာပါ ထူးချွန်တဲ့ ဒီလိုဆရာသခင် တစ်ယောက်ကို အလဟဿ အဖြစ်မခံနိုင်ပါဘူး” ကျီပြောင်ပြောင်က တစ်ဝက် နှစ်သိမ့်ကာ တစ်ဝက် စမ်းသပ်သည့်ဟန်ဖြင့် ပြောလိုက်သည်။

ကျီချင်းကျူသည် ထိုင်ချလိုက်ပြီး အရက်ခွက်ကို ကောက်ကိုင်ကာ သူ့ဘာသာသူ တစ်ခွက် ငှဲ့လိုက်သော်လည်း ၊ တုံ့ဆိုင်းသွားပြီးနောက် ခွက်တစ်ဝက်ခန့်သာ ငှဲ့လိုက်လေ၏။

“သမီး ပြောစရာ မလိုတော့ပါဘူး” ကျီချင်းကျူက ပြောလိုက်သည်။ “အကုန်လုံး ဆုံးဖြတ်ပြီးသွားပြီ ၊ လူအင်အား ရှစ်သောင်းရှစ်ထောင်ရှိတဲ့ ပဉ္စမမြောက် တပ်မတော်သစ်ကို အရှင်က အဖေ့ကို ဦးဆောင်စေချင်နေတယ်။ အဖေ တကယ်ကို စိုးရိမ်မိလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့သေးတယ်။ ဒါပေမဲ့ သခင်ကြီး လီဝမ်ဟွေ့နဲ့ စစ်သူကြီး ကျီရှီ တို့ကတော့ ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားပြီလို့ ပြောကြတယ်”

အရက်တစ်ခွက်ကို သောက်လိုက်ပြီးနောက် ကျီချင်းကျူက ဆက်ပြောသည်။ “ဒီတော့ အဖေ့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားရုံကလွဲပြီး တခြားမရှိတော့ဘူး။ ကံကောင်းတာက ပေမင်ဓားဂိုဏ်းမှာ ရှိနေတဲ့ အချိန်ကာလတစ်လျှောက်လုံး အဖေ လက်မလျော့ခဲ့တာပဲ။ အဖေဖတ်ဖူးသမျှ စစ်ရေးကျမ်းတွေ အားလုံးကို နေ့တိုင်း စိတ်ထဲကနေ ပြန်ပြန်ရွတ်ဆိုပြီး သေချာ နားလည်သဘောပေါက်အောင် ကြိုးစားခဲ့တယ်။ စာရွက်ပေါ်မှာပဲ ရှိနေသေးတယ် ဆိုပေမဲ့ ၊ စစ်ရေးဗျူဟာတွေနဲ့ ပတ်သက်လာရင်တော့ အဖေက ဘယ်သူ့ကိုမှ အရှုံးပေးမှာ မဟုတ်ဘူး”

ကျီပြောင်ပြောင်သည် ဖခင်ဖြစ်သူအတွက် ဝမ်းသာသွားခဲ့ပြီး သူမ၏ စိတ်ထဲတွင် ပြုံးလိုက်မိလေ၏။ သူမ ဖခင်၏ ရာထူးအာဏာအပေါ် မက်မောမှုမှာ အမှန်တကယ်ပင် ကြီးမားလှသည်။

“အရက်သောက်တာ အမှားပဲ” ကျီချင်းကျူက အရက်ခွက်ကို ချလိုက်ပြီး ပြောလိုက်သည်။ “အခုကစပြီး အထူးကိစ္စတွေကလွဲရင် ငါ ဒီအရက်ကို သောက်တော့မှာ မဟုတ်ဘူး”

မည်သူကများ မိမိ၏ သောကများကို ဖြေဖျောက်ရန် နေ့စဉ်ရက်ဆက် အရက်သောက်နေခဲ့သနည်းဟု သူမမေးချင်သော်လည်း ပါးစပ်ပိတ်ထားလိုက်သည်။

“ကောင်းပြီ ၊ သမီးလည်း စစ်ဘက်ဆိုင်ရာ ကိစ္စတွေနဲ့ အလုပ်များနေတာပဲ။ ပြန်တော့ ၊ နေ့တိုင်း အိမ်မှာပဲ မနေနဲ့” ကျီချင်းကျူက ပြောလိုက်သည်။ “အဖေ စစ်ရေးအကယ်ဒမီမှာ ခဏလောက် သွားရောက်လေ့လာပြီးတာနဲ့ တပ်စွဲထားတဲ့ နေရာကို တိုက်ရိုက် သွားတော့မယ်”

ထိုအချိန်၌ ကျီချင်းကျူ၏ ခန္ဓာကိုယ်သည် ကုန်ဆုံးနိုင်ခြင်းမရှိသော ခွန်အားများဖြင့် ပြည့်နှက်နေပြီး သူ၏ စွမ်းရည်များကို ချက်ချင်း ဖော်ထုတ်ပြသကာ သူ လူရွေးမမှားကြောင်းကို တုပိုင်အား ပြသရန် မစောင့်ဆိုင်းနိုင်တော့ချေ။

ထို့အပြင် ယခုအခိုက်အတန့်တွင် ကျီချင်းကျူ၏ စိတ်ထဲရှိ တုပိုင်ဆိုသော ကောင်လေး၏ ပုံရိပ်မှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ၊ အကြည့်တစ်ချက်ဖြင့် အရာအားလုံးကို သိမြင်နားလည်နိုင်သော အရှင်သခင် တစ်ပါးအနေဖြင့်သာ အစားထိုး နေရာယူသွားလေတော့၏။

**--**--**--**--**--**--**--**

တာ့ဂျင်အင်ပါယာ၏ မြို့တော် ရှန်းတူးတွင် အဆုံးအဖြတ် တိုက်ပွဲကြီးမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ ရှန်ယန်မြို့ ကာကွယ်ရေးခံစစ်မျဉ်း တစ်လျှောက်လုံးတွင် စစ်သည်အင်အား သုံးသိန်းခန့် စုရုံးရောက်ရှိနေကြ၏။

လျောင်တုန်း အရှေ့ပိုင်းရှိ ဤအကြီးဆုံး မြို့တော်ကြီးသည် ခေါင်းအစခြေအဆုံး အပြည့်အဝ လက်နက်တပ်ဆင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။

အရှေ့ဘက် ပြည်ထောင်စုသည် သံချပ်ကာဝတ်စုံ ငါးထောင်ကို ပေးပို့ခဲ့ရုံသာမက ၊ အမြောက် နှစ်သုတ်ကိုပါ ပေးပို့ခဲ့လေ၏။ ပထမအသုတ်တွင် အမြောက် တစ်ရာ ပါရှိပြီး ၊ ဒုတိယအသုတ်တွင် အမြောက် တစ်ရာ့သုံးဆယ် ပါရှိသည်။

ထိုသည်များအပြင် အမျိုးအစားစုံလင်လှသော အမြောက်ဆန် ထောင်ပေါင်းများစွာကိုလည်း ပို့ဆောင်ပေးခဲ့သေးလေ၏။ အခဲကျည်များ ၊ ပြန့်ကျဲကျည်များ ၊ ဗုံးသီးကျည်များနှင့် အံ့မခန်း အဖျက်စွမ်းအား အကောင်းဆုံးသော ပေါက်ကွဲတတ်သည့် ဗုံးသီးကျည်များလည်း ပါဝင်လေသည်။

ထို့ကြောင့် လက်ရှိအချိန်၌ ရှန်ယန် တစ်မြို့လုံးတွင် အမြောက် နှစ်ရာ့သုံးဆယ် အပြည့်အဝ ရှိနေပြီး အားလုံးမှာ ပြောင်းဝကျယ် အမြောက်ကြီးများ ဖြစ်ကြသည်။ ခြောက်ဆယ်ရာခိုင်နှုန်းကျော်မှာ ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာ အမြောက်ကြီးများ ဖြစ်ကြသည်။

ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးသူမှာ သံတမန် တုကျန့်ပင် ဖြစ်ပြီး ၊ တုပိုင်၏ ဆန်ကုန်မြေလေး ဦးလေးခြောက်ပင် ဖြစ်၏။ ယခုတစ်ကြိမ်တွင် သူသည် အမြောက် တစ်ရာ့သုံးဆယ်ကျော်နှင့် အမြောက်ဆန် ထောင်ပေါင်းများစွာကို ယူဆောင်လာခဲ့သည်။

ထို့အပြင် အလွန်ထူးခြားသော စစ်တပ်တစ်တပ်လည်း ပါဝင်လာသေး၏။ သူတို့ ဝတ်ဆင်ထားသော စစ်ဝတ်စုံများမှာ သာမန်နှင့် လုံးဝကို ကွဲပြားခြားနားနေပြီး ၊ သံခမောက်မှလွဲ၍ ကျန်သည့်အရာ အားလုံးမှာ အဝတ်အထည်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။

အကယ်၍ တုပိုင်သာ ဤနေရာ၌ ရှိနေမည်ဆိုပါက ၊ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဤသည်မှာ ခေတ်သစ် စစ်ဝတ်စုံများ ဖြစ်ကြောင်း ချက်ချင်း သိသွားပေလိမ့်မည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ဤစစ်ဝတ်စုံသစ်ကို ဝတ်ဆင်လိုက်ပြီးနောက် လူတစ်ကိုယ်လုံး အထူးတက်ကြွနေပုံ ရလေ၏။

ဤစစ်တပ်သစ်၏ လက်နက်မှာ ပြောင်းချောသေနတ်များပင် ဖြစ်ပေသည်။ ထို့အပြင် ယင်းတို့သည် ကျည်ထည့်ရသော မီးခတ်သေနတ်များဖြစ်ကြ၏။

ဤသေနတ်အမျိုးအစားသည် ပြောင်းဝမှ ယမ်းမှုန့်များ ထည့်ရန် မလိုသကဲ့သို့ ၊ ပြောင်းဝမှနေ၍ ကျည်ဆန်များကို သစ်သားတုတ်ရှည်ဖြင့် ထိုးထည့်ရန်လည်း မလိုအပ်တော့ချေ။ အရှေ့ဘက် ပြည်ထောင်စုသည် ကမ္ဘာကြီးကို နောက်တစ်ကြိမ် ထပ်မံ ဦးဆောင်သွားပြန်ပြီဖြစ်လေ၏။

ရှန်ယန်မြို့ထဲသို့ ဝင်ရောက်လာသော သေနတ်ကိုင်တပ်သစ်တွင် လူတစ်ထောင်ခန့်သာ ရှိလေသည်။ သို့ရာတွင် ဂျင်ထိုက်ဂျိသည် ရိုးရှင်းသော စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်ကြည့်လိုက်ချိန်၌ ထိုလူတစ်ထောင်သာရှိသော သေနတ်ကိုင်တပ်သစ်သည် ရန်သူ ငါးဆကျော်ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိကြောင်း အံ့အားသင့် ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ပစ်ခတ်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး ၊ အဆင့်သုံးဆင့်ခွဲ၍ ပစ်ခတ်သည့် နည်းဗျူဟာကို အသုံးပြုထားသောကြောင့် ပစ်ခတ်မှုများမှာ လုံးဝ ရပ်တန့်သွားမည် မဟုတ်ပေ။

ထို့အပြင် တိကျမှုအပိုင်းတွင်လည်း လေးနှင့်မြှားထက် များစွာ သာလွန်ကောင်းမွန်ကာ ၊ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာလည်း လေးနှင့်မြှားထက် များစွာ ပိုမိုဝေးကွာသေး၏။

သံတမန် တုကျန့်က အပြုံးဖြင့်ပြော လိုက်သည်။ “မဟာခန်းမင်းကြီး ၊ တုပိုင် ဆိုတဲ့ ခွေးကုန်းကုန်းလေးကို နှိမ်နင်းဖို့အတွက် ကျွန်တော်တို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာမှ သူ့ကို မချေမှုန်းနိုင်ဘူးဆိုရင်တော့ တကယ်ကို သည်းခံနိုင်စရာ အကြောင်းမရှိတော့ပါဘူး”

လက်ရှိအခြေအနေမှာ တူကြီးတစ်လက်ကို အသုံးပြုနေခြင်း မဟုတ်တော့ဘဲ ၊ တောဝက်တစ်ကောင်ကို ပစ်ခတ်ရန် ဒုံးကျည်တစ်စင်းကို အသုံးပြုနေခြင်းပင် ဖြစ်လေ၏။

အပြည့်အဝ လက်နက်တပ်ဆင်ထားသော သွေးမိစ္ဆာစစ်သည် ငါးထောင် ၊ ပြောင်းဝကျယ် အမြောက်ကြီး ၂၃၀ ၊ သေနတ်ကိုင်တပ်သားသစ် တစ်ထောင်တို့အပြင် စစ်သည်အင်အား သုံးသိန်းလည်း ရှိနေသေး၏။ တာ့နင်အင်ပါယာ၏ ပေါက်လို့ပဲစား ဆန်ကုန်မြေလေး စစ်သည်များ မဟုတ်လေဘဲ ပြိုင်ဘက်ကင်းသည်ဟု နာမည်ကျော်သည့် တာ့ဂျင်စစ်သည် သုံးသိန်းပင်ဖြစ်လေ၏။

ထို့အပြင် တောင့်တင်းခိုင်မာသော ရှန်ယန်မြို့ကြီးလည်း ရှိနေပေသေးသည်။ ဤမျှ ကြီးမားသော စစ်အင်အားမျိုးဖြင့်ဆိုလျှင် စစ်သည်အင်အား တစ်သန်းကိုပင် အနိုင်ယူနိုင်စွမ်းရှိရာ ၊ စစ်သည်အင်အား လေးသောင်းသာရှိသော တုပိုင်ကိုဆိုလျှင်တော့ ပြောစရာပင်မလိုတော့ချေ။

ယခုတစ်ကြိမ်တွင် ဂျင်ထိုက်ဂျိ၏ အင်အားသည် တုပိုင်၏ ဆယ်ဆ မကတော့ဘဲ ၊ အဆနှစ်ဆယ် ၊ အဆသုံးဆယ်ကိုပင် ကျော်လွန်သွားပြီ ဖြစ်လေ၏။

“တုပိုင် ၊ မင်း ဒီတစ်ကြိမ်မှ မသေဘူးဆိုရင်တော့ ကောင်းကင်ဘုံရဲ့ တရားမျှတမှုက လက်ခံနိုင်စရာ မရှိတော့ဘူး။”

ဂျင်ထိုက်ဂျိ ဖြန့်ကြက်ထားသော ပိုက်ကွန်သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းထားသည့် ပိုက်ကွန် သက်သက်မဟုတ်တော့ဘဲ စကြဝဠာကြီးတစ်ခုလုံးကိုပင် လွှမ်းမိုးထားသည့် ပိုက်ကွန်မျိုး ဖြစ်သည်။

လီယွမ် ကောင်းကင်ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ “တုပိုင် ၊ မြန်မြန်လာစမ်း ၊ မြန်မြန်လာပြီး သေလိုက်စမ်းပါ။ မင်း ဒီတစ်ကြိမ်မှ မသေဘူးဆိုရင် တကယ်ကို လက်ခံနိုင်စရာ မရှိတော့ဘူး”

တုကျန့် ပြောလိုက်၏။ “နှစ်နာရီ။ အလွန်ဆုံး နှစ်နာရီအတွင်း တိုက်ပွဲပြီးဆုံးသွားပြီး တုပိုင် အပြတ်အသတ် ချေမှုန်းခံရလိမ့်မယ်။”

**--**--**--**--**--**--**--**

အရှေ့ဘက် အရပ်မှ နေမင်းကြီးသည် ဖြည်းညင်းစွာ ထပ်မံ ထွက်ပေါ်လာပြန်၏။

“ဒုန်း… ဒုန်း… ဒုန်း…”

တောင်ဘက် မိုးကုတ်စက်ဝိုင်းမှ အနက်ရောင် မျဉ်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ စစ်သည်အင်အား လေးသောင်း ၊ အမြောက် တစ်ရာ နှင့် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးသောင်းခြောက်ထောင်တို့သည် မြောက်ဘက်သို့ ခံ့ညားထည်ဝါစွာ ချီတက်လာကြသည်။

နာရီဝက် ကြာပြီးနောက်တွင်တော့ ၊ တုပိုင်၏ စစ်တပ်သည် ရှန်ယန်မြို့အနီးသို့ ရောက်ရှိလာကြ၏။ မြောက်ပိုင်းရှိ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး တရားဝင် စတင်ပြီဖြစ်သည်။

တုပိုင်နှင့် တာ့ဂျင်အင်ပါယာတို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံး တိုက်ပွဲကြီး တရားဝင် စတင်ပြီဖြစ်လေသည်။

**--**--**--**--**--**--**--**

“လီယွမ် ၊ တုပိုင်ကို ချေမှုန်းပြီးသွားရင် မင်း ဘယ်ကိုသွားမလဲ” ဝမ်ယန်ယင်းတူ ရုတ်တရက် မေးလိုက်သည်။

ဂျင်ထိုက်ဂျိ ဖွင့်ဟလိုက်သည့် အချိန်မှစ၍ လီယွမ်၏ အရှေ့ဘက် ပြည်ထောင်စုမှ သူလျှိုဆိုသော သရုပ်မှန်မှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။

လီယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါမသိဘူး ၊ အခုလောလောဆယ်တော့ တုပိုင် ဘယ်လိုသေမလဲ ဆိုတာကိုပဲ ကြည့်ချင်တော့တယ်”

ဝမ်ယန်ယင်းတူ မေးလိုက်၏။ “မင်း သူ့ကို အဲဒီလောက်တောင် မုန်းနေတာလား”

လီယွမ် ပြန်ဖြေလေသည်။ “ဟုတ်တယ် ၊ ငါမုန်းတယ် ၊ သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေတာ။ သေချာတာပေါ့ ၊ သူ့ကို အရိုးကြိတ် အရေခွံခွာချင်နေတဲ့ လူတွေ အများကြီး ရှိပါတယ်။ အရှင်မင်းကြီးဆီကနေ တုပိုင်ရဲ့ အလောင်း အစိတ်အပိုင်း တစ်ခုကို တောင်းဆိုရမယ်။ လက်ရိုးဖြစ်ဖြစ် ၊ ခြေသလုံးရိုးဖြစ်ဖြစ် ၊ တင်ပါးဆုံရိုးဖြစ်ဖြစ် ရပါတယ်။ ငါ အဲဒါကို အရက်ခွက် လုပ်ချင်လို့”

ဝမ်ယန်ယင်းတူ ပြောလိုက်သည်။ “တကယ်တော့ တုပိုင်က မင်းအပေါ် ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူး ၊ လုံးဝကို မလုပ်ခဲ့တာပါ။ ပြောင်းပြန်အနေနဲ့ မင်းကသာ သူ့ကို သစ္စာဖောက်ခဲ့တာလေ ၊ မင်းက သူ့ရဲ့ သစ္စာဆိုထားတဲ့ ညီအစ်ကို ဖြစ်ရက်နဲ့ပေါ့”

လီယွမ် ပြောလိုက်၏။ “သူက ငါ့အပေါ် ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတဲ့ အချက်ကြောင့်ပဲလေ။ သူက အရမ်းကို ကြီးမြတ်ပြီး ရိုးသားဖြောင့်မတ်လွန်းတော့ ငါ့ကို ယုတ်မာတဲ့သူအဖြစ် ပေါ်လွင်သွားစေတာ မဟုတ်ဘူးလား။ သွားပြီး ယွမ်ထင်နယ်စားမင်း နဲ့ လန်အောက်နယ်စားမင်း တို့ကို သွားမေးကြည့်လိုက်ပါလား ၊ သူတို့ကရော တုပိုင်ကို အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ်ချင်နေကြတာ မဟုတ်ဘူးလား”

ဝမ်ယန်ယင်းတူ နားလည်သွားလေ၏။

ထို့နောက် သူ ရုတ်တရက် မေးလိုက်သည်။ “မင်း... လီလျန်တင်းအပေါ် သံယောဇဉ် ရှိသေးလား”

လီယွမ် တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်၏။ “မသိဘူး ၊ မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။ အနည်းဆုံးတော့ သူသေသွားတဲ့အချိန်မှာ ငါ အဲဒီလောက်ကြီး ဝမ်းမနည်းခဲ့ဘူးလေ”

ဝမ်ယန်ယင်းတူ ထပ်မံ၍ တိတ်ဆိတ်သွားပြန်လေသည်။

ဤလောကတွင် ၊ သူ၏ ဇနီးနှင့် သားသမီးများမှလွဲ၍ သူ အလွန်တရာ သံယောဇဉ်ကြီးမားသော အခြားလူနှစ်ဦး ရှိလေ၏။ တစ်ဦးမှာ တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိ ဖြစ်ပြီး သူ၏ ဝမ်းကွဲအစ်ကိုလည်း ဖြစ်သည်။

သူ အလွန် ငယ်ရွယ်စဉ်က ၊ ဝံပုလွေတစ်ကောင်၏ အစွယ်အောက်မှ သူ၏ အသက်ကို ဂျင်ထိုက်ဂျိက ကယ်တင်ပေးခဲ့ဖူးလေ၏။ ထိုမျှမက သူ ငယ်စဉ်က ဂျင်ထိုက်ဂျိသည် သူ၏ ကိုယ်ပိုင်ဆရာတစ်ပိုင်းလည်း ဖြစ်ခဲ့သေးသည်။

ရဲရင့်ပြီး ခိုင်မာပြတ်သားတတ်ရန် သူ့အား သင်ကြားပေးခဲ့၏။

ဂျာချင်လူမျိုးစုကို ပြန်လည် ထွန်းတောက်စေမည့် ကြီးကျယ်ခမ်းနားသော စံပြရည်မှန်းချက် တစ်ရပ်လည်း ရှိသေးသည်။

ထို့ကြောင့် အလွန် ငယ်ရွယ်စဉ် ကတည်းကပင် ၊ ဂျာချင်လူမျိုးစုသည် အခြားသူများနှင့် မတူညီဘဲ ကွဲပြားခြားနားကြောင်း ဝမ်ယန်ယင်းတူ အခိုင်အမာ ယုံကြည်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားကမ္ဘာတစ်ခု၏ စွမ်းအင်များ အလွန်များပြားနေသော နေရာဒေသတစ်ခုတွင် နေထိုင်ကြသောကြောင့် ဖြစ်၏။ သူတို့သည် အခြားသော လူမျိုးစုများထက် များစွာ ပို၍ သန်မာကြပြီး အအေးဒဏ်ကိုလည်း ခံနိုင်ကြသည်။

လွန်ခဲ့သော နှစ် ၃၀၀ ခန့်က ရွှေဧကရာဇ်ထယ်မူဂျင်သည် အမှန်တကယ်ပင် ရွေးချယ်ခံရသူဖြစ်ပြီး သူ၏ လူမျိုးများသည်လည်း ရွေးချယ်ခံရသူများ ဖြစ်ကြသောကြောင့် ၊ သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော ကြီးမားလှသည့် ရွှေအင်ပါယာကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဂျင်ထိုက်ဂျိက သူ့အား အမြဲတစေ သင်ကြားပေးခဲ့၏။

ဂျာချင်လူမျိုးစုသည်လည်း ရွေးချယ်ခံရသူများ ဖြစ်ကြသောကြောင့် ၊ ဂျာချင်တို့သည် ဒုတိယမြောက် ရွှေအင်ပါယာတစ်ခုကို တည်ဆောက်နိုင်လိမ့်မည် ဖြစ်သည်။

ဤစံပြရည်မှန်းချက်ကြောင့်ပင် ၊ ဂျာချင်လူမျိုးစု ပြင်းထန်သော အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရချိန်တွင် ၊ သူသည် မိဘမဲ့ ကလေးတစ်ဦးအဖြစ် တာ့နင်အင်ပါယာအတွင်းသို့ သူလျှိုလုပ်ရန် ပြတ်သားစွာ သွားရောက်ခဲ့ခြင်း ဖြစ်လေ၏။

နောက်ဆုံးတွင် အနှစ်နှစ်ဆယ် အကြာ၌ ၊ အရေးပါသော တိုက်ပွဲတစ်ပွဲတွင် ဝမ်ယန်ယင်းတူ၏ သစ္စာဖောက်မှုက စစ်ပွဲ၏ ရလဒ်ကို ပြောင်းလဲသွားစေခဲ့ပြီး လျောင်တုန်းရှိ ဧကရာဇ် ထျန်ယွင်၏ ပင်မစစ်သည်အင်အား သောင်းချီကို ပျက်စီးသွားစေခဲ့လေ၏။ ထိုအချိန်မှစ၍ လျောင်တုန်းသည် စစ်သေနာပတိ ယွမ်ထိန်၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီး ၊ ဂျာချင်လူမျိုးစုသည် ခံစစ်မှသည် တိုက်စစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ဂျာချင်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ၊ လူအများအပြားက ယင်းတူအား လူသစ်နှင့် ပြင်ပလူတစ်ဦးအဖြစ် သတ်မှတ်ကာ ဖယ်ကြဉ်ထားခဲ့ကြ၏။ ဂျာချင် ခန်းနိတ်နိုင်ငံ၏ ပြီးခဲ့သော မဟာခန်းမင်းကြီး နူအာချီကပင် ယင်းတူအား နေရာပေး အသုံးမပြုခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် မဟာခန်းမင်းကြီး နူအာချီက ယင်းတူအား ‘အကယ်၍ ဧကရာဇ် ထျန်ယွင်သာ မင်းရဲ့ အရှေ့မှာ ရပ်နေခဲ့ရင် ၊ မင်း သူ့ကို သတ်မှာလား’ ဟု မေးမြန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။

ထိုအချိန်က ဂျာချင်မှူးမတ် တစ်စုလုံးသည် ဝမ်ယန်ယင်းတူအား စိုက်ကြည့်နေခဲ့ကြ၏။ အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေခဲ့ပြီးနောက် ၊ ဝမ်ယန်ယင်းတူသည် သူ၏ ရင်တွင်းမှ အဖြေကို ပေးလိုက်လေသည်။

သူသည် ဧကရာဇ် ထျန်ယွင်အား သတ်ပစ်မည် မဟုတ်ဘဲ ၊ သူ့အား အသက်ရှင်ရပ်တည်နိုင်ရန် နေအိမ်အကျယ်ချုပ်ဖြင့်သာ ထားရှိမည် ဖြစ်ကြောင်း ဖြေကြားခဲ့၏။

နူအာချီသည် ထိုအဖြေအတွက် အလွန် ဒေါသထွက်သွားခဲ့ပြီး ၊ တောင်ပိုင်းအရိုင်းအစိုင်းတို့၏ သာယာလှပသောကမ္ဘာဖြင့် ပျက်စီးယိုယွင်းနေသော တာ့နင်အင်ပါယာအပေါ် ဝမ်ယန်ယင်းတူ သံယောဇဉ် တွယ်နေသေးကြောင်း လူပုံလယ်တွင် စွပ်စွဲပြောဆိုခဲ့လေသည်။

ထို့ကြောင့် နှစ်အနည်းငယ် ကြာပြီးနောက် ဝမ်ယန်ယင်းတူသည် နူအာချီ၏ သမီးတော်နှင့် လက်ထပ်ခဲ့သော်လည်း ၊ သူသည် မည်သည့်အခါမျှ အရေးတယူ အသုံးပြုခြင်း မခံခဲ့ရဘဲ ဂျာချင် ခန်းနိတ်နိုင်ငံတွင် ဘေးဖယ်ခံထားရသော အရေးမပါသူ တစ်ဦးသာ ဖြစ်ခဲ့လေ၏။

နူအာချီ ကွယ်လွန်သွားပြီး ဂျင်ထိုက်ဂျိ အာဏာရလာသည့် အချိန်ရောက်မှသာ ယင်းတူအား ပြန်လည် အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

တာ့နင်အင်ပါယာ ၊ ဝါတန်ခန်းနိတ်နိုင်ငံ နှင့် ဂျိုဆွန်းပြည် တို့နှင့် ဖြစ်ပွားသော စစ်ပွဲများတွင် ဝမ်ယန်ယင်းတူသည် စစ်ရေးအောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပြီး ၊ နောက်ဆုံးတွင် သူသည် တာ့ဂျင်အင်ပါယာ၌ ရွေ့မင်းသား ဒိုမိုဂွန် ပြီးလျှင် ဒုတိယအဆင့်ရှိသော ဆူးမင်းသား အဖြစ် သတ်မှတ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဝမ်ယန်ယင်းတူ၏ စိတ်နှလုံးထဲတွင် သံယောဇဉ် အပြည့်အဝ ရှိနေသော အခြားလူတစ်ဦးမှာ ဧကရာဇ် ထျန်ယွင်ပင် ဖြစ်ပေ၏။

သူသည် အမှန်တကယ်ပင် အလွန် ကြင်နာတတ်သော ဧကရာဇ်တစ်ပါး ဖြစ်သည်။ လူတစ်ဦးအပေါ် ယုံကြည်မိပြီဆိုလျှင် မည်သည့်အရာကိုမျှ ဖုံးကွယ်ချန်လှပ်ထားခြင်း မရှိဘဲ ၊ ဧကရာဇ်တို့၏ လှည့်ကွက်များကို လုံးဝ အာရုံစိုက် အသုံးပြုခြင်း မရှိသူ တစ်ဦး ဖြစ်လေ၏။

သစ္စာဖောက်ပြီးနောက်ပိုင်းတွင် ၊ ဝမ်ယန်ယင်းတူသည် သူ၏ စိတ်ထဲ၌ တစ်ကြိမ်မက ပြောဆိုခဲ့ဖူးသည်။ “တောင်းပန်ပါတယ် အရှင်မင်းကြီး ၊ ကျွန်တော်က ဂျာချင်လူမျိုး တစ်ယောက်မို့လို့ပါ”

“တုပိုင် ၊ စစ်ရှုံးသွားပြီးတဲ့နောက် ငါ မင်းရဲ့ ခေါင်းကိုဖြတ်ပြီး ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့် ပေးပါ့မယ်” ဝမ်ယန်ယင်းတူ ရေရွတ်မိသည်။ “ဧကရာဇ် ထျန်ယွင်ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ငါ မင်းရဲ့ အလောင်းကို အကောင်းတိုင်းမြုပ်နှံပေးမယ်”

**--**--**--**--**--**--**--**

တုပိုင်၏ စစ်သည်အင်အား လေးသောင်းသည် ရှန်ယန် မြို့ရိုးနှင့် တစ်ကီလိုမီတာခန့် အကွာတွင် ရပ်တန့်လိုက်ကြ၏။ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ခြောက်ရာသည်လည်း ရပ်တန့်သွားကြသည်။

ယင်းတို့၏ ကျောပေါ်မှ ပြောင်းဝကျယ် အမြောက်ကြီး တစ်ရာကိုလည်း ချလိုက်ကြကာ အမြောက် ရာချီတို့၏ ပြောင်းဝများကို စတင် ချိန်ညှိလိုက်ကြပြီး ၊ တစ်ကီလိုမီတာခန့် ဝေးကွာသော ရှန်ယန် မြို့တံခါးဆီသို့ စတင် ချိန်ရွယ်လိုက်ကြသည်။

ဤသည်မှာ အရှေ့ဘက် ပြည်ထောင်စု၏ ပြောင်းအတွင်း ရစ်ကြောင်းပါသော ဟောင်ဝစ်ဇာ အမြောက်ကြီးများ ဖြစ်ပြီး ၊ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ တစ်ကီလိုမီတာကျော်အထိ ရှိလေသည်။ ယင်းတို့ကို တုပိုင်က အရှေ့ဘက်ပြည်ထောင်စု၏ နောက်ဆုံးပေါ် စစ်သင်္ဘောထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

“မြို့တံခါးကို ချိန်ရွယ်လို့ ပြီးပါပြီ။” အမြောက်တပ်သားက သတင်းပို့လိုက်သည်။

“ပစ်။” တုပိုင်က ခက်ထန်စွာ အမိန့်ပေး၏။

“ဘန်းးးး ဘန်းးးး ဘန်းးးး”

အမြောက် ရာချီသည် ပြင်းထန်စွာ ဟိန်းဟောက် ပေါက်ကွဲသွားလျက် ဟောင်ဝစ်ဇာ အမြောက်ဆန် ရာချီသည် ရှန်ယန် မြို့တံခါးဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

ခဏအကြာတွင် ဗုံးသီးကျည်များ၏ ခြောက်ဆယ်ရာခိုင်နှုန်းသည် ဧရာမ မြို့တံခါးကြီးအား ထိမှန်သွားလေသည်။

“ဘုန်းးးး ဘုန်းးးး ဘုန်းးးး ဘုန်းးးး”

ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေကြီး တုန်ဟည်းသွားမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာလေ၏။ မြို့ကြီး တစ်မြို့လုံးသည် ပြင်းထန်စွာ တုန်ယင်သွားရသည်။

မီးခိုးငွေ့များ ရှင်းလင်းသွားသောအခါ အလွန် ခိုင်ခံ့သော မြို့တံခါးကြီးသည် ပေါက်ကွဲမှုကြောင့် လုံးဝ ပုံပျက်သွားခဲ့ပြီး အပေါက်များစွာ ဖြစ်ပေါ်နေသော်လည်း ပြိုကျသွားခြင်းတော့ မရှိသေးကြောင်းကို မြင်လိုက်ရ၏။

မြို့တံခါးမှာ ထူထဲသော သစ်လုံးကြီးများဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်တွင် သံပြားများကို ကပ်ထားကာ ၊ တံခါးတိုင်များကို မြို့ရိုးအတွင်းသို့ ပေအနည်းငယ်မျှ နက်ရှိုင်းစွာ သံမှိုအထူကြီးများဖြင့် စိုက်သွင်းထားခြင်း ဖြစ်လေသည်။

ဟောင်ဝစ်ဇာ အမြောက်သာ မဟုတ်လျှင် ၊ ယင်းသည် လုံးဝ ပေါက်ကွဲပျက်စီးသွားမည် မဟုတ်ဟုပင် ဆိုနိုင်ပေသည်။

“ပစ်။”

“ဘန်းးးး ဘန်းးး ဘန်းးး ဘန်းးး”

တုပိုင်၏ ဟောင်ဝစ်ဇာ အမြောက် ၁၀၀ သည် ထပ်မံ၍ ပစ်ခတ်တိုက်ခိုက်လိုက်ပြန်၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး” အံ့မခန်း ကျယ်လောင်လွန်းလှသည့် ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။

“ဝုန်းးးး” နောက်ဆုံးတွင်တော့ ၊ အလွန် ခိုင်ခံ့လှသော မြို့တံခါးကြီးသည် ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုကျသွားလေတော့သည်။

သို့သော် အတွင်းဘက်၌ နောက်ထပ် မြို့တံခါးတစ်ခု ရှိနေသေးသည်။ ထိုသည်မှာ ပုံမှန် အခြေအနေပင် ဖြစ်သည်။

“ပြောင်းဝကို ချိန်ညှိပြီး အတွင်းဘက်က ဒုတိယ မြို့တံခါးကို ပစ်ခတ်လိုက်”

တုပိုင် အမိန့်ပေးလိုက်သည်။

အမြောက်တပ်သားများသည်လည်း အမိန့်အတိုင်း ပြောင်းဝကို စတင် ချိန်ညှိကြ၏။

ချိန်ရွယ်ခြင်း ပြီးဆုံးသွားသောအခါ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြန်သည်။

“ပစ်။”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

တတိယအကြိမ်မြောက် အမြောက် ပစ်ခတ်မှုတွင် ဟောင်ဝစ်ဇာ အမြောက်ဆန် ဒါဇင်ပေါင်းများစွာသည် နက်ရှိုင်းသော တံခါးပေါက်အတွင်းသို့ ပစ်ခတ်ခံလိုက်ရပြီး အတွင်းဘက်ရှိ မြို့တံခါးအား ပြင်းထန်စွာ ဝင်စောင့်မိသွားကြ၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ကမ္ဘာမြေ တုန်ဟည်းသွားမတတ် ပေါက်ကွဲမှုကြီးနှင့်အတူ ရုတ်တရက်ဆိုသလိုပင် အတွင်းဘက်ရှိ မြို့တံခါးကြီးသည် ချက်ချင်းပင် ပုံပျက်သွားရကာ ဆွဲဖြဲခံလိုက်ရသကဲ့သို့ တစ်စစီ ဖြစ်သွားလေတော့၏။

ထိုသည်သာမက မြို့တံခါး၏ နံရံတစ်ခုလုံးသည်လည်း ကြီးမားသော အက်ကွဲကြောင်းများနှင့် အပေါက်ကြီးများ အဖြစ်သို့ ပျက်စီးသွားလေပြီး ၊ ရှေ့တန်းရှိ စစ်သည် ဒါဇင်ပေါင်းများစွာမှာလည်း ပေါက်ကွဲမှုအရှိန်ကြောင့် သေဆုံးသွားခဲ့ကြသည်။

ရှန်ယန်မြို့တွင် စုစုပေါင်း အမြောက် နှစ်ရာ့သုံးဆယ် ရှိပြီး ၊ အားလုံးမှာ အရှေ့ဘက် ပြည်ထောင်စုမှ ကူညီထောက်ပံ့ထားသော အမြောက်အမျိုးအစားသစ်များ ဖြစ်ကြကာ ၊ အမြောက်ဆန် ထောင်ပေါင်းများစွာ ရှိနေကြောင်းကို သိထားရပေမည်။

သို့သော်လည်း အစမှအဆုံးတိုင်အောင် ဂျာချင်တို့၏ အမြောက်များသည် ပစ်ခတ်ခြင်း မရှိခဲ့ချေ။

ဂျင်ထိုက်ဂျိသည် တုပိုင်၏ အမြောက်များက သူ၏ မြို့တံခါးများကို ဤကဲ့သို့ ပစ်ခတ်နေသည်ကို စကားတစ်ခွန်းမျှပင် မဟဘဲ ခွင့်ပြုထားခဲ့၏။ တာ့ဂျင်အင်ပါယာ အရှင်သခင်ကြီး၏ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေခြင်းကို စကားလုံးများဖြင့် ဖော်ပြရန်ပင် မဖြစ်နိုင်တော့ချေ။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ကမ္ဘာမြေ တုန်ဟည်းသွားမတတ် အံ့မခန်း ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြန်လေ၏။ ယခုအခေါက်၌မူ ရှန်ယန်မြို့၏ အတွင်းဘက် မြို့တံခါးကြီးသည် တိုက်ရိုက် လွင့်စင်ပေါက်ကွဲသွားလေတော့သည်။

တစ်ချိန်တည်းတွင် တုပိုင်၏ ဗုံးသီးကျည်များသည်လည်း ကုန်ဆုံးသွားပြီဖြစ်လေသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၃ - ၇၀၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters