အခန်း (၇၀၅-၇၀၆)
Vol. 71 Ch. 705-706
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၅ - ၇၀၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Characters – 18363
ရှန်ယန် မြို့တံခါးကြီးသည် ဟင်းလင်းပွင့်နေလေ၏။
အအေးလက်နက်ခေတ်တွင် မြို့တံခါးတစ်ခုကို ဖောက်ထွင်းဝင်ရောက်နိုင်ရန် မည်မျှ ပေးဆပ်ရမည်ကို မသိနိုင်သကဲ့သို့ လူမည်မျှ သေဆုံးရမည်ကိုလည်း မသိနိုင်ချေ။ ထို့ပြင် မြို့တံခါး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ယင်းသည် ပုံမှန်အားဖြင့် အောင်ပွဲခံရရှိခြင်းပင် ဖြစ်ပေသည်။
လက်ရှိအချိန်တွင် ဂျင်ထိုက်ဂျိသည် စကားတစ်ခွန်းမျှ မဟသေးချေ။ သူ၏ အမြောက်များကလည်း တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်၏။ ရှန်ယန် တစ်မြို့လုံးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်လေသည်။
မြို့တံခါးကြီးမှာ ဟင်းလင်းပွင့်နေသော်လည်း ယမ်းငွေ့များကတော့ ကျန်ရှိနေဆဲပင်။ ယင်းသည် အောင်ပွဲ၏ သင်္ကေတတစ်ခုနှင့် တူနေသော်လည်း မိစ္ဆာတစ်ကောင် ဖွင့်ဟထားသည့် ပါးစပ်ပေါက်ကြီးတစ်ခုနှင့် ပို၍ တူနေလေ၏။
မြို့တံခါး၏ အနောက်ဘက်တွင် မည်သည့်အရာ ရှိနေသနည်း။ ကောင်းကင်နှင့် မြေကြီး ပိုက်ကွန်လော။ ငရဲထောင်ချောက်လော။ မြို့တံခါးကြီး ပေါက်ကွဲပွင့်ဟသွားပြီဖြစ်ရာ ၊ မြို့ထဲသို့ အတင်းဝင်ရောက်သင့်သည်ဟု တွေးထင်စရာ ရှိပေသည်။
တဟုန်ထိုး ဝင်ရောက်သွားချင်သလော။ တုပိုင် သေချာပေါက် သိရှိနေလေ၏။ တဟုန်ထိုး ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် တာ့ဂျင်အင်ပါယာ၏ မြို့ရိုးပေါ်ရှိ အမြောက်များသည် ရူးသွပ်စွာ ဟိန်းဟောက်လာကြပေလိမ့်မည်။
ရန်သူ၏ အမြောက်များ ပစ်ခတ်ခြင်း မရှိရသည့် အကြောင်းရင်းမှာ စစ်တပ်အား အများဆုံး သတ်ဖြတ်နိုင်ရန်အတွက်ပင် ဖြစ်လေသည်။
တုပိုင်၏ အမြောက်တပ်စခန်းများကို မပစ်ခတ်ရသည့် အကြောင်းရင်းမှာ ၊ တုပိုင်အား မြို့တံခါးကို ပေါက်ကွဲပွင့်ဟစေရန် တမင်သက်သက် ခွင့်ပြုထားခြင်းဖြစ်ပြီး ၊ အိုးထဲက လိပ်ကို ဖမ်းချင်သကဲ့သို့ လှောင်ပိတ်ဖမ်းဆီးလို၍ မဟုတ်ပါလော။
မျိုးဗီဇပြောင်း သားရဲဝံပုလွေများ၏ ရူးသွပ်စွာ ပြေးလွှားနိုင်သည့် အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၃၀ အထိ ရှိနိုင်သည်။
မြို့တံခါးနှင့် တစ်ကီလိုမီတာ အကွာအဝေးကို စက္ကန့်သုံးဆယ်အတွင်း ရောက်ရှိနိုင်လေ၏။
ထိုစက္ကန့်သုံးဆယ်အတွင်း ဂျာချင်အင်ပါယာ၏ အမြောက်များသည် တစ်ကြိမ် ပစ်ခတ်နိုင်စွမ်း ရှိသည်။ တုပိုင်၏ စစ်သည်အင်အား လေးသောင်းအတွက်မူ ဤတစ်ကီလိုမီတာ အကွာအဝေးကို ဖြတ်သန်းရန် ငါးမိနစ်ကျော် အချိန်ယူရမည် ဖြစ်သည်။ ထိုအချိန်အတွင်း ဂျာချင်အင်ပါယာ၏ အမြောက်များသည် ဆယ့်သုံးကြိမ်တိုင်တိုင် ပစ်ခတ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဆယ့်သုံးကြိမ် ပစ်ခတ်မှု ၊ ဗုံးသီးကျည် အလုံးရှစ်ရာဖြင့် လူမည်မျှ သေကြေဒဏ်ရာရစေနိုင်မည်နည်း။ ထို့ထက်ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ပြန့်ကျဲကျည်များပင် ဖြစ်လေသည်။
ထို့အပြင် ပြောင်းအတွင်း ရစ်ကြောင်းပါသော သေနတ်များ၏ တိကျမှုမှာ ပြောင်းချောသေနတ်များနှင့် ယှဉ်နိုင်စရာ အကြောင်းမရှိချေ။
ထိုမျှမက တုပိုင်၏ စစ်တပ်သာ မြို့တံခါးဆီသို့ တဟုန်ထိုး ပြေးဝင်သွားမည်ဆိုပါက ၊ ပြွတ်သိပ်ကျပ်ညပ်နေသော လမ်းလျောက်နေသော ပစ်မှတ်ဘုတ်ပြားများဖြစ်သွားပေလိမ့်မည်။
ရန်သူ၏ ဟောင်ဝစ်ဇာ အမြောက်များဖြင့် ဆယ့်သုံးကြိမ် ပစ်ခတ်ခံရမှုနှင့် ရင်ဆိုင်ရပါက သေကြေဒဏ်ရာရသူ အရေအတွက်မှာ ထို ငါးမိနစ်အတွင်း တစ်သောင်းကျော်အထိ ရှိသွားနိုင်လေ၏။
ဤကမ္ဘာလောက၏ စစ်ပွဲများသည် အရှေ့ဘက် ပြည်ထောင်စုကြောင့် လုံးဝ ပြောင်းလဲသွားပြီဖြစ်လေ၏။
ဓားလှံလက်နက်များဖြစ်သည့် အအေးလက်နက်ခေတ်မှ သေနတ်နှင့် အမြောက်များကဲ့သို့သော အပူလက်နက်ခေတ်သို့ ရောက်ရှိလာပြီဖြစ်လေသည်။ စစ်ပွဲနည်းဗျူဟာများသည်လည်း လုံးဝ ခေတ်နောက်ကျသွားခဲ့ရပြီ ဖြစ်၏။
ထို့ကြောင့် တုပိုင်၏ ခြေလျင်တပ်များသည် တဟုန်ထိုး ဝင်ရောက်၍ မရနိုင်တော့ဘဲ ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ခြောက်ရာကိုသာ မြို့ထဲသို့ ဝင်ရောက်စေနိုင်တော့မည် ဖြစ်လေသည်။
ရှန်ယန် မြို့တံခါးကြီးသည် ဟင်းလင်းပွင့်နေဆဲဖြစ်ကာ ၊ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ကြည့်လေကြည့်လေ ငရဲသို့ ဖွင့်လှစ်ထားသော တံခါးကြီးတစ်ခုနှင့် ပို၍ တူလာလေပင် ဖြစ်သည်။
မြို့ရိုးပေါ်ရှိ ဂျာချင်စစ်သည်များက တစ်ခါတစ်ရံ ချောင်းဆိုးလိုက်သည်မှလွဲ၍ ကျန်သည့်အချိန်များတွင် မည်သည့် အသံမျှ မထွက်ပေါ်လာတော့ချေ။
တုပိုင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရုတ်တရက် မိစ္ဆာဝံပုလွေဘုရင်ဘက်သို့ လှည့်လိုက်သည်။
“မိစ္ဆာဝံပုလွေဘုရင် ၊ နောက်ထပ် ငါတို့ အမြန်ဆုံး အမြန်နှုန်းကို သုံးပြီး မြို့တံခါးထဲကို တဟုန်ထိုး ဝင်ကြမယ် ၊ နားလည်လား” တုပိုင်က ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ၊ ငါတို့ ရပ်တန့်လို့ မရဘူး ၊ အသေအလဲ တဟုန်ထိုး ဝင်ဖို့ပဲ ရှိတယ်”
မိစ္ဆာဝံပုလွေဘုရင် ပြန်ဖြေ၏။ “နားလည်ပါပြီ ၊ အရှင်သခင်။”
ထို့နောက် မိစ္ဆာဝံပုလွေဘုရင်သည် ကောင်းကင်သို့ မော့၍ ခက်ထန်စွာ ဟိန်းဟောက်လိုက်သည်။။
“အာဝူးးးးး”
“အာဝူးးးးး”
ဧရာမ ဝံပုလွေကြီး လေးထောင်ခြောက်ရာ အားလုံးသည်လည်း ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ကြလေ၏။
“အာဝူးးးးး”
“အာဝူးးးးး”
“အာဝူးးးးး”
“အာဝူးးးးး”
“အာဝူးးးးး”
ထို့နောက် ယင်းတို့၏ မျက်လုံးများမှာ ပို၍ပို၍ နီရဲလာကြလေပြီး ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင်ပင် သွေးရောင်များပင် ရုတ်တရက် ထွက်ပေါ်လာကြ၏။ ဤသည်မှာ ယင်းတို့၏ စွမ်းအင်များကို အမြင့်ဆုံးအထိ စုစည်းထားပြီဖြစ်ကြောင်း ပြသနေပြီး ၊ နောက်ထပ် တဟုန်ထိုး ပြေးဝင်မည့် အမြန်နှုန်းမှာလည်း အလွန် လျင်မြန်လာပေလိမ့်မည်။
ရှန်ယန် မြို့ရိုးပေါ်တွင် ၊ တာ့ဂျင်အင်ပါယာ၏ ရွေ့မင်းသားသည် ရုတ်တရက် လက်ကို မြှောက်လိုက်လေ၏။
“အမြောက်တပ်တွေ အားလုံး ၊ အသင့်ပြင်ထား။”
ဤမြို့ရိုးပေါ်ရှိ အမြောက် ခုနစ်ဆယ်လုံးသည် ချိန်ရွယ်ပြီးသား ဖြစ်နေကြ၏။
တုပိုင် ခက်ထန်စွာ အမိန့်ပေးလိုက်၏။ “တဟုန်ထိုး ဝင်စမ်း။”
ချက်ချင်းပင် မိစ္ဆာဝံပုလွေဘုရင်၏ ဦးဆောင်မှုအောက်တွင် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ခြောက်ရာသည် လျှပ်စီးကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကြတော့၏။
သူတို့၏ အမြန်နှုန်းမှာ အံ့မခန်းဖွယ်ကောင်းလောက်အောင် တစ်စက္ကန့်လျှင် ၃၆ မီတာအထိ ရောက်ရှိသွားလေသည်။
မြို့ရိုးပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ၊ ရုတ်တရက်ဆိုသလို အမည်းရောင် ဒီရေလှိုင်းကြီး တစ်ခုက မြို့တံခါးထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်ကိုသာ မြင်တွေ့လိုက်ရလေ၏။ တကယ့်ကို မိုးကြိုးနှင့် လေမုန်တိုင်းအလားပင် ဖြစ်လေသည်။
“ပစ် ၊ ပစ် ၊ ပစ်…”
မြို့ရိုးပေါ်တွင် တာ့ဂျင်အင်ပါယာ၏ မင်းသား ဒိုမိုဂွန်က အမိန့်ပေးလိုက်လေ၏။
“ဘန်းးးး ဘန်းးးး ဘန်းးးး ” အမြောက် ခုနစ်ဆယ်လုံးက တစ်ပြိုင်နက် ပစ်ခတ်လိုက်၏။
တုပိုင်သည် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ခြောက်ရာကို ဦးဆောင်ကာ ၊ ဘေးပတ်ဝန်းကျင်၌ မည်သည့်အရာ ဖြစ်ပျက်နေစေကာမူ လျစ်လျူရှု၍ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်သွားလေတော့၏။
ဗုံးသီးကျည် ဒါဇင်ပေါင်းများစွာသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေ၏။.ကမ္ဘာမြေ တုန်ဟည်းသွားမတတ် ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်မီးလျှံများ ကောင်းကင်သို့ ထိုးတက်သွားသည်။
ရလာဒ်အနေဖြင့် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး တစ်ကောင်ပြီးတစ်ကောင် တိုက်ရိုက် လွင့်စင်ပေါက်ကွဲသွားကြရ၏။
ချက်ချင်းပင် တုပိုင်၏ ရင်ထဲတွင် သွေးထွက်နေသကဲ့သို့ နာကျင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် အမြောက်များဖြင့် ပစ်ခတ်ခံရမှုကို သူတို့ မည်သို့ပင်ဖြစ်စေ သည်းခံကျော်ဖြတ်ရမည် ဖြစ်သောကြောင့်ပင်။
ထို့အတူ ဂျင်ထိုက်ဂျိ၏ ရင်ထဲတွင်လည်း သွေးယိုစိမ့်နေသကဲ့သို့ ခံစားနေရ၏။ သူသည် ဤမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ကျော်ကို သူ၏ ကိုယ်ပိုင်ပစ္စည်းများအဖြစ် အပြည့်အဝ မှတ်ယူထားပြီးဖြစ်ရာ ၊ တစ်ကောင် လျော့နည်းသွားလျှင်ပင် သူ၏ ရင်ထဲ၌ အလွန် နာကျင်ရလေသည်။
သို့သော်လည်း ဤမျိုးဗီဇပြောင်း သားရဲဝံပုလွေများကို ယဉ်ပါးအောင် သင်ကြားလိုပါက ယင်းတို့ကို သွေးထွက်သံယိုဖြစ်အောင် ဒဏ်ရာရစေရမည်ဟု ဝိညာဉ်ရှာမန်က ပြောကြားထားလေ၏။
ဤမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများသည် အမှန်တကယ်ပင် အံ့မခန်း ဖြစ်ကြသည်။ ပေါက်ကွဲလွင့်စင်သွားပြီးနောက် သွေးသံရဲရဲဖြင့် မြေပြင်ပေါ်သို့ ကျလာသော်လည်း ၊ သူတို့၏ ခေါင်းများကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ကြပြီး ရှေ့သို့ ဆက်လက်၍ တဟုန်ထိုး ပြေးဝင်လာကြသည်။
ဂျင်ထိုက်ဂျိအနေဖြင့် ဤမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများကို အစုလိုက်အပြုံလိုက် သေဆုံးသွားစေရန် အမှန်တကယ် နှမြောနေသောကြောင့် ပြန့်ကျဲကျည်များကို အသုံးမပြုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤအကြိမ် အမြောက်များဖြင့် ပစ်ခတ်မှုတွင် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး ရာချီ ဒဏ်ရာရခဲ့သော်လည်း ၊ ဒါဇင်အနည်းငယ်ခန့်သာ သေဆုံးသွားခဲ့ပြီး သို့မဟုတ် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားကြသည်အထိ ပြင်းထန်စွာ ဒါဏ်ရာရသွားကြ၏။
သာရဲဝံပုလွေကြီးလေးထောင်ငါးရာကျော် ကျန်ရှိနေသေးပြီး ယင်းတို့သည် ရူးသွပ်စွာ ဆက်လက်၍ တဟုန်ထိုး ပြေးနေကြဆဲပင်။
စက္ကန့်နှစ်ဆယ်။
ဆယ်စက္ကန့်။
ငါးစက္ကန့်။
မြို့တံခါးနှင့် ပို၍ပို၍ နီးကပ်လာ၏။
နောက်ဆုံးတွင် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ငါးရာကျော်သည် မြို့တံခါးကို ဖြတ်ကျော်ကာ ရှန်ယန်မြို့တွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားကြလေ၏။
တစ်ကီလိုမီတာ အကွာအဝေးကို စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ချေ။ ထိုအမြန်နှုန်းသည် အမှန်တကယ်ပင် ကောင်းကင်၏ နိယာမကို ဆန့်ကျင်နေလေသည်။
ရှန်ယန် မြို့တွင်းသို့ တဟုန်ထိုး ဝင်ရောက်သွားပြီးနောက် ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ စစ်တပ်အနေဖြင့် ရန်သူများကို သတ်ဖြတ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သင့်သည်။
သို့သော်လည်း မြို့တွင်းသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ၊ တုပိုင်သည် ဝိုင်းရံပိတ်ဆို့ ခံလိုက်ရကြောင်းကို တွေ့ရှိလိုက်ရလေ၏။
မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ငါးရာကျော်သည် ဝိုင်းရံခံလိုက်ရသည်။ ရှေ့ဘက် မြို့ရိုးပေါ်တွင် ခေတ်သစ် စစ်ဝတ်စုံများကို ဝတ်ဆင်ထားသော စစ်သား တစ်ထောင် ရှိနေပြီး ယင်းတို့သည် သေနတ်များ ကိုင်ဆောင်ထားကြ၏။ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ယင်းတို့မှာ မီးခတ်သေနတ်များ ဖြစ်ကြောင်း တုပိုင် ချက်ချင်းပင် သိရှိလိုက်သည်။
ချက်ချင်းပင် တုပိုင် အလွန်အမင်း ထိတ်လန့်သွားရလေ၏။ အရှေ့ဘက်ပြည်ထောင်စု၏ နည်းပညာသည် ဤမျှလောက်အထိ အစွမ်းထက်နေပြီလော။ ဤအတိုင်းသာ ဆက်သွားပါက နှစ်အနည်းငယ်အတွင်း ရောမအင်ပါယာနှင့် မီးနတ်ဘုရားဂိုဏ်းတို့ပင် ကျဆုံးသွားတော့မည့်ပုံ ရှိနေသည်။
သေနတ်ပြောင်းဝ တစ်ထောင်သည် တုပိုင်နှင့် သူ၏ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများကို ချိန်ရွယ်ထားကြ၏။
ထိုမျှမကသေးချေ။ မြို့ရိုးပေါ်တွင် ၊ မြို့တွင်းသို့ ချိန်ရွယ်ထားသော အမြောက် ဒါဇင်ပေါင်းများစွာလည်း ရှိနေသေးသည်။
ထို့အပြင် ဤမြို့တွင်း ဧရိယာ၌ အိမ်များအားလုံးကို ဖြိုဖျက်ထားပြီးဖြစ်ကာ ၊ တုပိုင်တို့အနေဖြင့် ပုန်းအောင်းစရာ လုံးဝမရှိသော သိန်းနှင့်ချီသည့် စတုရန်းမီတာ ကျယ်ဝန်းသည့် မြေပြန့်ကွင်းပြင်ကြီး တစ်ခု ဖြစ်နေလေ၏။
ဂျင်ထိုက်ဂျိသည် တုပိုင်အား မြို့တံခါးကို ပေါက်ကွဲပွင့်ဟစေရန် တမင်သက်သက် ခွင့်ပြုထားခဲ့ပြီး ၊ သူ၏ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ စစ်တပ်ကိုလည်း မြို့တွင်းသို့ တဟုန်ထိုး ဝင်ရောက်လာရန် တမင်တကာ ခွင့်ပြုပေးခဲ့သည်။
မြို့တွင်း၌ တုပိုင်အား စောင့်ကြိုနေသည်မှာ အစစ်အမှန် ကောင်းကင်နှင့် မြေကြီး ပိုက်ကွန် ၊ ငရဲထောင်ချောက်ပင် ဖြစ်လေသည်။
ဝုန်း။ ဘီးလှိမ့်သံများ ထွက်ပေါ်လာလေ၏။
ဟောင်ဝစ်ဇာ အမြောက် ဒါဇင်ပေါင်းများစွာသည် အခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး အမြောက်တပ်စခန်းများကိုပင် တည်ဆောက်ထားပြီး ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်၌ ၊ မြို့တွင်းရှိ အဆောက်အအုံများ၏ ပြတင်းပေါက်များပေါ်၌ ဂျာချင်စစ်သည်များ အပြည့်အသိပ် ထွက်ပေါ်လာကြ၏။
ကြီးမားကျယ်ဝန်းလှသော ရှန်ယန် တစ်မြို့လုံးတွင် အရပ်သားများ လုံးဝမရှိသလောက် နီးပါးဖြစ်ပြီး စုစုပေါင်း စစ်သည်အင်အား နှစ်သိန်းကျော် ရှိလေသည်။
နောက်ဆုံးတွင်တော့။
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း…”
ကမ္ဘာမြေကြီး တုန်ခါသွားရသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော စစ်တပ်တစ်တပ်သည် သံမဏိ ရေစီးကြောင်းကြီးတစ်ခုအလား စည်းကမ်းတကျ ထွက်ပေါ်လာလေ၏။
စစ်သည်တစ်ဦးစီတိုင်းသည် အရပ်နှစ်မီတာကျော် မြင့်မားကြပြီး ၊ ယင်းတို့၏ မျက်လုံးသူငယ်အိမ်များမှာ သွေးကဲ့သို့ နီရဲနေကာ အလွန် ခန့်ညားထည်ဝါလှပေသည်။ စစ်သည်တိုင်းသည် လေဝင်လေထွက် မရှိသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး ယင်းတို့၏ မျက်လုံးများကိုပင် အပြည့်အဝ ကာကွယ်ထားကာ ခေါင်းအစခြေအဆုံး အပြည့်အဝ လက်နက်တပ်ဆင်ထားကြလေသည်။
ထို့အပြင် စစ်သည်တိုင်းသည် ကီလိုဂရမ်တစ်ရာကျော် အလေးချိန်ရှိသော ဧရာမ စစ်သံဓားကြီးများကို ကိုင်ဆောင်ထားကြသေး၏။
တစ်ရာကီလိုဂရမ် အလေးချိန်ရှိသော စစ်သံဓားကြီးများမှာ သူတို့၏ လက်ထဲတွင် အလွန် ပေါ့ပါးနေပြီး အားစိုက်စရာ မလိုသကဲ့သို့ ဖြစ်နေလေသည်။
သွေးမိစ္ဆာစစ်သည်... တုပိုင် မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း သိရှိသွားလေ၏။
သံချပ်ကာဝတ်စုံမှလွဲ၍ ဧကရာဇ်ဂူဗိမာန်အတွင်းရှိ သွေးမိစ္ဆာစစ်သည်များနှင့် အားလုံး လုံးဝ တူညီနေကြပြီး အထူးသဖြင့် မျက်လုံးသူငယ်အိမ်များနှင့် မျက်လုံးများပင် ဖြစ်လေသည်။
ရွှေဧကရာဇ်ထယ်မူဂျင်သည် ကမ္ဘာကြီးကို သိမ်းပိုက်ရန် ပြင်ဆင်ထားသော ပြိုင်ဘက်ကင်း စစ်တပ်ကြီးကို ၊ ဂျင်ထိုက်ဂျိက ဖန်တီးခဲ့ခြင်း ဖြစ်လေ၏။ ယခုအခါတွင် တုပိုင် အလွန် သိချင်စိတ် ပြင်းပြနေမိသည်။ ဤသွေးမိစ္ဆာစစ်တပ်ကြီးကို ဖန်တီးရန်အတွက် အစစ်အမှန် စစ်သည်မည်မျှ အသက်ပေးခဲ့ရသနည်း။
သွေးမိစ္ဆာစစ်သည် တစ်ဦးစီတိုင်းသည် ရန်သူ ဆယ်ဦးကို ရင်ဆိုင်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
အစစ်အမှန် စစ်ပွဲဘုရင်များပင် ဖြစ်သည်။
သွေးမိစ္ဆာစစ်သည် ငါးထောင်သည် စတုရန်း ပုံသဏ္ဌာန် တပ်ဖွဲ့လေးခုကို ဖွဲ့စည်းထားပြီး တုပိုင်၏ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ စစ်တပ်ကို ဝိုင်းရံထားကြ၏။
တပ်ဖွဲ့တစ်ခုက မြို့တံခါးကြီးကို ပိတ်ဆို့ထားလေသည်။ တုပိုင်သည် လုံးဝ ဝိုင်းရံခံလိုက်ရပြီး လွတ်မြောက်နိုင်ရန် လမ်းစမရှိတော့ချေ။
ထို့နောက် တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် အပြင်သို့ ထွက်လာပြီး ဖြည်းညင်းစွာ ပြောလိုက်လေ၏။ “အရှင်တုပိုင် ၊ ပိုက်ကွန်ထဲကနေ ကြိုဆိုပါလိုက်တယ်”
နောက်ဆုံးတွင်တော့ တုပိုင်သည် တာ့ဂျင်အင်ပါယာ၏ အရှင်သခင်ကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံလိုက်ရပြီ ဖြစ်သည်။
သူသည် အမှန်တကယ်ပင် အရပ်ရှည်ပြီး မည်သည့် ဆေးရည်ကိုမျှ ထိုးသွင်းထားခြင်း မရှိသော်လည်း ၊ သွေးမိစ္ဆာစစ်သည် တစ်ဦးကဲ့သို့ ခန့်ညားထည်ဝါနေပုံ ရလေ၏။
သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်ပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေ၏။ ဂျင်ထိုင်ဂျိသည် မဟာဆရာသခင် တစ်ဦးဖြစ်ပြီး ၊ ထိပ်တန်း မဟာဆရာသခင် တစ်ဦးလည်း ဖြစ်သေးသည်။
သိုင်းပညာရပ်တွင် လီရူဟိုင်ထက် အနည်းငယ် နိမ့်ကျကောင်း နိမ့်ကျနိုင်သော်လည်း ၊ များစွာ ကွာဟနေခြင်းတော့ မရှိချေ။ ရှင်းရှင်းပြောရလျှင် သူ၏ ကျင့်ကြံမှုမှာ ကောင်းကင်၏ နိယာမကို ဆန့်ကျင်နိုင်လောက်အောင် မြင့်မားလှပေသည်။
ဤဂျင်ထိုက်ဂျိ အရှင်သခင်သည် သူ၏ သိုင်းပညာကို ဤမျှလောက် မြင့်မားအောင် မည်သို့ ကျင့်ကြံခဲ့ပြီး ၊ မည်သည့် ထူးဆန်းသော အတွေ့အကြုံများ ရရှိခဲ့သနည်း ဆိုသည်ကို တုပိုင်ပင် မသိချေ။
သူသည် ယခုနှစ်တွင်မှ အသက် လေးဆယ်ကျော်အရွယ်သာ ရှိသေးလေ၏။ လီရူဟိုင်နှင့် ယှဉ်လိုက်ပါက ၊ သူ၏ ဘုရင်တစ်ပါး၏ အရှိန်အဝါက ပို၍ အားကောင်းနေသည်။
တာ့ယန်တိုင်းပြည်မှ လီရူဟိုင်၏ ရှေ့မှောက်တွင် တုပိုင် အသက်ရှူရပင် ခက်ခဲခဲ့ရခြင်းမှာ ၊ လီရူဟိုင်၏ သိုင်းပညာများ အလွန်တရာ မြင့်မားလွန်းသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် လီရူဟိုင်သည် ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ဦးနှင့် ပို၍ တူလေ၏။
သို့သော် သူ၏ အရှေ့ရှိ ဂျင်ထိုက်ဂျိမှာမူ အစွမ်းထက် သိုင်းပညာရှင် တစ်ဦးသာမက ၊ ဘုရင်တစ်ပါးလည်း ဖြစ်နေသေးသည်။
သူ၏ လက်ထက်တွင် ၊ တန်ဂူစကာ ဂျာချင်လူမျိုးစု တစ်ခုလုံးကို စည်းလုံးစေခဲ့ပြီး ၊ ဝါတန်ခန်းနိတ်နိုင်ငံကို ဖျက်ဆီးခဲ့ကာ ၊ ဂျိုဆွန်းပြည်ကို ချေမှုန်းခဲ့ပြီး ၊ တာ့နင်အင်ပါယာ၏ ပင်မစစ်သည်အင်အားကိုလည်း အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်။
တုပိုင်က ဘုရင်ဂျင်ထိုက်ဂျိအား ကြည့်ကာ လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ “ကောင်းမွန်တဲ့ ရုပ်ရည်သွင်ပြင်ပဲ ၊ တကယ့်ကို နဂါးတစ်ကောင်ရဲ့ အသွင်အပြင် ပါလား”
တုပိုင်သည် မိစ္ဆာဝံပုလွေဘုရင်ပေါ်မှနေ၍ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ “မဟာခန်းမင်းကြီးကို ဂါရဝပြုပါတယ်”
သူသည် တာ့နင်အင်ပါယာ၏ ကျန့်ရှီးနယ်စားမင်း ဖြစ်သည်။ သေချာသည်ကတော့ ၊ သူသည် တာ့ဂျင်အင်ပါယာ၏ ဧကရာဇ်ကို အသိအမှတ် မပြုသော်လည်း ၊ ဂျာချင် ခန်းနိတ်နိုင်ငံ၏ မဟာခန်းမင်းကြီး ဆိုသည့် ရာထူးကိုမူ အသိအမှတ်ပြုရန် ဆန္ဒရှိပေသည်။
ဂျင်ထိုက်ဂျိက ပြောသည်။ “ကျန့်ရှီးနယ်စားမင်း တုပိုင် ၊ တခြားသူဆိုရင်တော့ လက်နက်ချတာကို ငါ လက်ခံမှာပါ။ ဒါပေမဲ့ မင်းအတွက်တော့ လက်နက်ချတာက မင်းရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေတာပဲ။ မင်းကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ပေးမယ်လို့ ငါ ကတိပေးပါတယ်”
တုပိုင် ပြန်ပြောလိုက်၏။ “မဟာခန်းမင်းကြီးကလည်း သူရဲကောင်းတစ်ယောက်ပါပဲ ၊ ကျွန်တော်လည်း ခင်ဗျားကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့်ပေးမယ်လို့ ကတိပေးပါတယ်။”
“ဟားဟားဟားဟား…” ဂျင်ထိုက်ဂျိတစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ ထိုရယ်မောသံသည် သူရဲကောင်းဆန်ပြီး ရှန်ယန် တစ်မြို့လုံးသို့ ထိုးဖောက် ပျံ့နှံ့သွားလေ၏။
ထိုအခိုက် လီယွမ်က လှောင်ပြောင်လိုက်သည်။ “တုပိုင် ၊ သေရတော့မယ့် အချိန်ရောက်နေတာတောင် ရူးရူးမိုက်မိုက် စကားတွေ ပြောနေသေးတာ တကယ်ကို ရယ်စရာကောင်းလှချေလား။”
ဂျင်ထိုက်ဂျိသည် လီယွမ် ဆက်လက် လှောင်ပြောင်နေခြင်းကို တားဆီးရန် လက်ကာပြလိုက်လေ၏။
“နယ်စားမင်း တုပိုင် ၊ မင်းရဲ့ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ကျော်က ငါ့ပိုင်ဆိုင်မှုတွေ ဖြစ်သွားပြီ” ဂျင်ထိုက်ဂျိက ပြောလိုက်သည်။ “ကြည့်လိုက်စမ်း ၊ ငါ့ရဲ့ သွေးမိစ္ဆာစစ်သည်တွေက ဒီမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေကို စီးနင်းလိုက်တဲ့အခါ အစစ်အမှန် ပြိုင်ဘက်ကင်း စစ်တပ်ကြီး ဖြစ်သွားပြီ။ ဒီမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေကို မိုင်ပေါင်းထောင်ချီ ဝေးတဲ့နေရာကနေ ငါ့ဆီ လာပို့ပေးတဲ့အတွက် မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။”
ထို့နောက် သူ အမိန့်ပေးလိုက်လေ၏။ “မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေကို ဖမ်းဆီးကြစမ်း။”
ရုတ်တရက် ရှာမန် ရာပေါင်းများစွာသည် အပြင်သို့ ထွက်လာကြပြီး ၊ ထူးဆန်းသော မန္တန်များကို ရွတ်ဆိုကြလေသည်။
လေထုထဲတွင် အထူးစွမ်းအင် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ ဆေးရည်မှ ထုတ်လွှတ်လိုက်သော အငွေ့အသက်ဖြစ်ပြီး ၊ မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေကြီးများကို အထူး ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
အနီရောင် မီးခိုးငွေ့တစ်အုပ် လွင့်ပျံလာသည်။ ရုတ်တရက်ဆိုသလို ၊ တုပိုင်၏ မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေကြီး လေးထောင်ငါးရာကျော်၏ မျက်လုံးများသည် ဝေဝါးလာကြပြီး ၊ ဧရာမ ခန္ဓာကိုယ်ကြီးများမှာလည်း အနည်းငယ် တုန်ယင်လာကြလေ၏။
သူတို့သည် အသည်းအသန် ရုန်းကန်ကြလေသည်။ သို့သော် ဆေးစွမ်းကို မခံနိုင်တော့သည့်အလား ဖြစ်နေကြသည်။
နောက်ဆုံးတွင်တော့ ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ အားလုံး၏ မျက်လုံးများသည် လုံးဝ ဝေဝါးသွားခဲ့ပြီး ၊ ယင်းတို့၏ ခြေထောက်များ ခွေကျသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားကြလေတော့သည်။
မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ငါးရာကျော်သည် မြေပြင်ပေါ်၌ စည်းကမ်းတကျ ဒူးထောက်နေကြလေ၏။
“သွားကြစမ်း။” ဂျင်ထိုက်ဂျိက ရုတ်တရက် အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် သွေးမိစ္ဆာစစ်သည် ငါးထောင်သည် စည်းကမ်းတကျ ရှေ့သို့ တက်လာကြ၏။ စစ်စည်တစ်ဦးက ဝံပုလွေတစ်ကောင်စီကို ထိန်းချုပ်ကာ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများပေါ်သို့ တိုက်ရိုက် တက်စီးလိုက်ကြလေသည်။
ဆယ့်ငါးမိနစ်အတွင်းမှာပင် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ငါးရာကျော်လုံးသည် သွေးမိစ္ဆာစစ်သည်များကို ကျောပေါ်၌ တင်ဆောင်ထားပြီး ဖြစ်လေသည်။
မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများသည် အသည်းအသန် ရုန်းကန်ကြပြီး ရူးသွပ်စွာ ဟိန်းဟောက်ကြလေ၏။ သို့သော်လည်း ယင်းတို့သည် ဆေးမူးနေဆဲ ဖြစ်သည်။
ထို့အပြင် ဤသွေးမိစ္ဆာစစ်သည်များမှာ အလွန်တရာ အင်အားကြီးမားလှသဖြင့် ယင်းတို့အားလုံးကို မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဖိနှိပ်ထားနိုင်လေ၏။
ဤလောကတွင် သွေးမိစ္ဆာစစ်သည်များမှလွဲ၍ မည်သူမျှ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများကို ယဉ်ပါးအောင် မချိုးနှိမ်နိုင်ချေ။ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ အားလုံးသည် အသည်းအသန် ရုန်းကန် တိုက်ခိုက်ကြပြီး ၊ သွေးမိစ္ဆာစစ်သည်များကလည်း အပြင်းအထန် ဖိနှိပ် ချုပ်ကိုင်ထားကြလေ၏။
မြေပြင်တစ်ခုလုံးမှာလည်း ဧရာမ တွင်းပေါက်ကြီးများ အဖြစ်သို့ ပျက်စီးသွားခဲ့သည်။ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး အများအပြားမှာလည်း ဒါဏ်ရာမှ သွေးများ ယိုစိမ့်ထွက်ကျနေသည်။
နောက်ထပ် ဆယ့်ငါးမိနစ် အကြာတွင် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ အားလုံးကို လုံးဝ ယဉ်ပါးအောင် ချိုးနှိမ်နိုင်လိုက်ပြီဖြစ်၏။
ထပ်မံပြီး ဆေးရည်တစ်မျိုး၏ မီးခိုးငွေ့များသည် လွင့်ပျံလာပြန်လေ၏။ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ အားလုံးသည် သတိပြန်လည် ရရှိလာကြပြီး ၊ ယင်းတို့၏ တိုက်ခိုက်လိုစိတ်များမှာလည်း သွေးကြွလာကာ တစ်ဖန် ပြန်လည် ပြည့်နှက်လာကြပြန်သည်။
သို့သော်လည်း ယင်းတို့သည် သူတို့၏ ကျောပေါ်ရှိ သွေးမိစ္ဆာစစ်သည်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း မရှိကြတော့ချေ။
လီယွမ် ဒူးနှစ်ဖက်စလုံးဖြင့် ထောက်ကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် အရှင်မင်းကြီး ၊ ဂုဏ်ယူပါတယ်။ အရှင်မင်းကြီး အနေနဲ့ ဒီပြိုင်ဘက်ကင်း မြင်းတပ်ကြီးကို ရရှိပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်မယ့် အချိန်က မကြာခင် ရောက်လာတော့မှာပါ။”
ချက်ချင်းပင် ဒိုမိုဂွန် ၊ ဝမ်ယန်ယင်းတူ ၊ ယွမ်ထိန်နယ်စားမင်း ၊ လန်အောက်နယ်စားမင်း နှင့် တာ့ဂျင်အင်ပါယာ၏ အဆင့်မြင့် စစ်သူကြီးများ အားလုံးသည် စည်းကမ်းတကျ ဒူးထောက်ချလိုက်ကြ၏။
“အရှင်မင်းကြီး အနေနဲ့ ပြိုင်ဘက်ကင်း မြင်းတပ်ကြီးကို ရရှိပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်မယ့် အချိန်က မကြာခင် ရောက်လာတော့မှာပါ။”
လီယွမ် ရယ်မောကာ ပြောလိုက်သည်။ “ခွေးကုန်းကုန်း တုပိုင် ၊ မင်း ရှန်ဟိုင်ကွမ် တိုက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုပေမဲ့ ဘာဖြစ်လဲ။ နောက်ဆုံးမှာ ရယ်ရတဲ့သူက ငါတို့ပဲလေ။ မင်းရဲ့ အောင်ပွဲက တာ့ဂျင်အင်ပါယာရဲ့ အရှင်မင်းကြီးဆီကို ဒီမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေ လာပို့ပေးရုံ သက်သက်ပါပဲ”
“တုပိုင် ၊ မင်း သေမယ့်နေ့ ရောက်လာပြီ ၊ တာ့နင်အင်ပါယာကြီး နေဝင်မယ့်နေ့လည်း ရောက်လာပြီပဲ။” လီယွမ်က အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီး ၊ သေဆုံးသွားတဲ့ ရွှေစစ်သည်တွေအတွက် လက်စားချေဖို့ တုပိုင်ကို သတ်ပစ်ဖို့ အမတ်မင်း တောင်းဆိုပါတယ်”
ဧကရာဇ် ဂျင်ထိုက်ဂျိက တုပိုင်အား ကြည့်ကာ ပြောလိုက်၏။ “ဝမ်ယန်ယင်းတူ ၊ ဒိုမိုဂွန် ၊ နယ်စားမင်း တုပိုင်ရဲ့ ခေါင်းကို ဖြတ်ကြစမ်း။”
မင်းသား ဒိုမိုဂွန်က ခေါင်းဆိုက် ဦးညွှတ်ကာ ပြောလိုက်သည်။ “အမိန့်တော်အတိုင်းပါ။”
ထို့နောက် ဒိုမိုဂွန် ၊ ဝမ်ယန်ယင်းတူ နှင့် တန်ဂူစကာမှ သိုင်းပညာရှင် နှစ်ဦးတို့သည် တုပိုင်ရှိရာသို့ လျှောက်သွားကြလေ၏။
လီယွမ်က အော်ဟစ်လိုက်သည်။ “တုပိုင် ၊ သေလိုက်စမ်း။ တာ့ဂျင်အင်ပါယာကြီး ထာဝရ တည်တံ့ပါစေ ၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။”
ပရိသတ်ထဲရှိ တာ့ဂျင်အင်ပါယာ၏ အဆင့်မြင့် အရာရှိများ ၊ မှူးမတ်များနှင့် စစ်သူကြီးများ အားလုံးသည် ထပ်မံ၍ ဒူးထောက် ဦးညွှတ်ကာ ပြောလိုက်ကြလေ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။”
စစ်သည်များ အားလုံးကလည်း စည်းကမ်းတကျ ဒူးထောက်ကာ ပြောလိုက်ကြသည်။ “တာ့ဂျင်အင်ပါယာရဲ့ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။”
“တုပိုင် သေပြီ ၊ တာ့နင်အင်ပါယာလည်း ပျက်သုဉ်းပြီ။”
ရုတ်တရက် တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။
အဘယ်ကြောင့်ဆိုသော် ရှာမန် နိုင်ငံတော်ဆရာသခင်နှင့် သူ၏ ရှာမန် ရာပေါင်းများစွာသည် ဒူးထောက်၍ သက်တော်ရာကျော်ရှည်ပါစေဟု ဟစ်ကြွေးခြင်း မရှိသောကြောင့် ဖြစ်သည်။
လက်ရှိအချိန်၌ လူတိုင်း ဒူးထောက်နေကြရာ ၊ သူတို့လည်း ဒူးထောက်သင့်ပေသည်။
နောက်တစ်စက္ကန့်တွင်တော့ အသက် တစ်ရာ့ငါးဆယ် အရွယ်ရှိပြီဖြစ်သော ရှာမန် နိုင်ငံတော်ဆရာသခင်သည် ဒူးထောက်လိုက်ပြီး ၊ သူ၏ အနောက်ရှိ ရှာမန် ဘုန်းတော်ကြီး ရာပေါင်းများစွာသည်လည်း ဒူးထောက်လိုက်ကြလေ၏။
ဂျင်ထိုက်ဂျိသည် ကျေနပ်အားရစွာ ပြုံးလိုက်သည်။
သို့သော်လည် ထိုအသက် တစ်ရာ့ငါးဆယ် အရွယ် ရှာမန် ဆရာသခင်နှင့် အခြားသော ရှာမန် ရာပေါင်းများစွာသည် ဂျင်ထိုက်ဂျိအား ဒူးထောက်နေခြင်း မဟုတ်ဘဲ ၊ တုပိုင်ရှိရာသို့ မျက်နှာမူကာ ဒူးထောက်နေကြခြင်း ဖြစ်လေ၏။
“ရွှေဧကရာဇ် တုပိုင် ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။”
သွေးမိစ္ဆာစစ်သည်များ အားလုံးသည်လည်း စည်းကမ်းတကျ ဒူးထောက် ဦးညွှတ်လိုက်ကြပြီး ဟစ်ကြွေးလိုက်ကြလေသည်။ “ရွှေဧကရာဇ်မင်းမြတ် ၊ သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။”
ဂျာချင်အင်ပါယာ၏ နိဂုံးချုပ်ချိန် ရောက်ရှိလာပြီဖြစ်လေသည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၅ - ၇၀၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team