← Chapters

အခန်း (၇၀၇-၇၀၈)

Vol. 71 Ch. 707-708

အခန်း (၇၀၇-၇၀၈)

Vol. 71 Ch. 707-708

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၇ - ၇၀၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ရှာမန် ဘုန်းတော်ကြီးများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်သည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာစစ်သည်များ အားလုံးသည်လည်း မြေပြင်ပေါ်သို့ ဝပ်တွားဒူးထောက်ကာ ကျယ်လောင်စွာ ဟစ်ကြွေးကြလေ၏။ "ရွှေဧကရာဇ် တုပိုင် သက်တော်ရာကျော် ရှည်ပါစေ ၊ သက်တော်ရာကျော် ရှည်ပါစေ။"

တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် တိုက်ရှန်တောင်ကြီး ပြိုကျလာလျှင်ပင် မျက်နှာပျက်မည့်သူမျိုး မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ခေတ်တစ်ခေတ်၏ အရှင်သခင်တစ်ပါးဖြစ်ပြီး လောကဓံအလီလီကို ကြံ့ကြံ့ခံ ဖြတ်သန်းဖူးသူ ဖြစ်သောကြောင့်ပင်။

သို့သော် ယခုအခါတွင်မူ သူ လုံးဝ မှင်တက်သွားရကာ မျက်လုံးအပြူးသားဖြင့် တုံ့ပြန်နိုင်စွမ်းများ ဆုံးရှုံးသွားလုနီးပါး ဖြစ်နေရသည်။

မင်းသား ဒိုမိုဂွန် ၊ ဝမ်ယန်ယင်းတူ ၊ လီယွမ်နှင့် အခြားသူများအားလုံးလည်း သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် အံ့သြမှင်တက်နေကြ၏။

အချိန်အတော်ကြာမှသာ ဂျင်ထိုက်ဂျိသည် အသက် တစ်ရာ့ငါးဆယ်အရွယ် ရှာမန် နိုင်ငံတော်ဆရာသခင်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးဖြင့် မေးခွန်းထုတ်လေသည်။ "နိုင်ငံတော်ဆရာသခင် ၊ ကျုပ်ကို ဘာလို့ သစ္စာဖောက်ရတာလဲ"

ရှာမန် နိုင်ငံတော်ဆရာသခင် တည်ငြိမ်စွာ တုံ့ပြန်၏။ "ခန်းအရှင်မင်းကြီး ၊ ကျွန်တော်မျိုး အရှင်မင်းကြီးကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ပါဘူး"

ဂျင်ထိုက်ဂျိ အမျက်ချောင်းချောင်းထွက်ကာ ဟိန်းဟောက်လိုက်၏။ "အခုလို လုပ်ရပ်မျိုးက သစ္စာဖောက်တာ မဟုတ်လို့ ဘာလဲကွ"

ရှာမန် နိုင်ငံတော်ဆရာသခင် မျက်နှာသေဖြင့် ရှင်းပြသည်။ "ကျွန်တော်မျိုးက အရှင်မင်းကြီးအပေါ်ကို ဘယ်တုန်းကမှ သစ္စာမခံခဲ့တာ ၊ ဘယ်လိုလုပ်ပြီး သစ္စာဖောက်တယ်လို့ သတ်မှတ်လို့ရမှာလဲ"

ဟုတ်ပေသည်။ တစ်ကြိမ်တစ်ခါမျှ သစ္စာမခံခဲ့ဖူးသူက မည်သို့လုပ်၍ သစ္စာဖောက်နိုင်မည်နည်း။

ဂျင်ထိုက်ဂျိ နာကျင်ခံစားရဟန်ဖြင့် မေးမြန်း၏။ "ငါ မင်းအပေါ်ကို မကောင်းခဲ့လို့လား"

ရှာမန် ဆရာသခင် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ "အရမ်းကောင်းခဲ့ပါတယ် ၊ ပိုကောင်းစရာတောင် မရှိတော့လောက်အောင်ပါပဲ။ အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ ပထမဆုံး စတွေ့တုန်းက ဒူးတစ်ဖက်ထောက်ပြီး ဆရာသခင်လို့ ခေါ်ခဲ့တာကို အခုထိ မှတ်မိနေပါသေးတယ်။ ကျွန်တော်မျိုးကို တွေ့တိုင်းလည်း ဆရာတစ်ယောက်လို အရိုအသေပေးခဲ့တယ်လေ။"

ဂျင်ထိုက်ဂျိ နားမလည်နိုင်စွာဖြင့် မေး၏။ "ဒါဆိုရင် ဘာလို့လဲ"

ရှာမန် နိုင်ငံတော်ဆရာသခင် သက်ပြင်းချကာ ရှင်းပြသည်။ "မဟာခန်းအရှင်မင်းကြီး ၊ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက ရွှေဧကရာဇ် မဟုတ်သလို ၊ မွန်ဂို မဟာခန်းမင်းကြီးလည်း မဟုတ်လို့ပါပဲ။ အရှင်မင်းကြီးက ဂျာချင် မဟာခန်းမင်းကြီး တစ်ပါးဖြစ်ပြီး ၊ ကျွန်တော်မျိုးတို့ မွန်ဂိုရှာမန်တွေအတွက်တော့ အရှင်မင်းကြီးဟာ နယ်မြေသိမ်းပိုက်သူ တစ်ယောက်ပါပဲ။"

ဂျင်ထိုက်ဂျိ တုပိုင်ကို လက်ညှိုးထိုးကာ ခံပြင်းစွာ အော်ဟစ်လိုက်သည်။ "ဒီတုပိုင်ကလည်း မွန်ဂို ခန်းမင်းကြီး မဟုတ်ဘူးလေ။ သူက ဟန်တရုတ်လူမျိုး နယ်စားမင်းတစ်ပါး သက်သက်ပဲ။"

ရှာမန် နိုင်ငံတော်ဆရာသခင် လေးနက်သော လေသံဖြင့် တုံ့ပြန်၏။ "ဒါပေမဲ့ သူက ရွှေဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိထားပြီး ၊ သူ့ဆီမှာ ရွှေမျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေတယ်။ ကျွန်တော်မျိုးတို့ ရှာမန်တွေက ရွှေဧကရာဇ်မင်းမြတ်အပေါ် မျိုးဆက်ဆယ်ချီတိုင်အောင် သစ္စာခံခဲ့ကြတာပါ။ ကျွန်တော်မျိုးရဲ့ ဘိုးဘေးက ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ အရှင်မင်းကြီးက တကယ်ပဲ ထင်နေတာလား။"

"မဟုတ်ပါဘူး ၊ လုံးဝ မဟုတ်ပါဘူး။ သူက ရွှေဧကရာဇ်မင်းမြတ်ရဲ့ သေတမ်းစာအမိန့်ကို လက်ခံရရှိခဲ့လို့ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ ပြီးတော့ ရွှေဧကရာဇ်ရဲ့ ဂူဗိမာန်မှာ မြှုပ်နှံခွင့်ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ရွှေဧကရာဇ်မင်းမြတ်က သူ့ကို သေတမ်းစာအမိန့် ချမှတ်ခဲ့တယ်။ တစ်နေ့ကျရင် ဧကရာဇ်မင်းမြတ် ပြန်လည်ရောက်ရှိလာမယ်တဲ့။ ပြန်လည်ရောက်ရှိလာတဲ့အခါ ကျွန်တော်မျိုးတို့ ဘယ်နေရာမှာပဲ ရှိနေပါစေ ၊ ကျွန်တော်မျိုးတို့ ရှာမန်တွေက ပြန်လည်ရောက်ရှိလာတဲ့ ရွှေဧကရာဇ်အပေါ် သစ္စာခံရမယ်တဲ့။"

ထို့နောက် ရှာမန် နိုင်ငံတော်ဆရာသခင် တုပိုင်ကို ကြည်ညိုလေးစားစွာ စိုက်ကြည့်လျက် ဆိုလေသည်။ "အခုတော့ ၊ ရွှေဧကရာဇ်မင်းမြတ် ပေါ်ထွက်လာခဲ့ပြီ"

ဂျင်ထိုက်ဂျိ ဇဝေဇဝါဖြစ်ကာ မေးခွန်းထုတ်လိုက်သည်။ "ဒါဆိုရင် အရင်တုန်းက ရွှေဧကရာဇ် ဂူဗိမာန်ရဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ဘာလို့ ပြောပြခဲ့တာလဲ။ ဘာလို့လဲ"

ရှာမန် ဆရာသခင် ပြန်ဖြေ၏။ "ခန်းအရှင်မင်းကြီး ၊ ကျွန်တော်မျိုးက အခုဆို အသက် တစ်ရာ့ငါးဆယ် ရှိနေပါပြီ။ အရှင်မင်းကြီးကို စတွေ့တုန်းက ကျွန်တော်မျိုး အသက် တစ်ရာ့သုံးဆယ်ပါ။ ကျွန်တော်မျိုးတို့တွေ စောင့်ဆိုင်းနေခဲ့တာ နှစ်ပေါင်း သုံးရာ ရှိနေပြီ ၊ မျိုးဆက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြတာပါ။ ကျွန်တော်မျိုးတို့အားလုံး ယုံကြည်မှုတွေ ဆုံးရှုံးလုနီးပါး ဖြစ်နေခဲ့ပြီ။"

"ရည်မှန်းချက်နဲ့ ယုံကြည်မှုကိုသာ ဆုံးရှုံးသွားခဲ့ရင် ၊ ကျွန်တော်မျိုးတို့ ရှာမန်တွေရဲ့ စွမ်းအားတွေလည်း တည်ရှိနေတော့မှာ မဟုတ်ဘူး။ ကျွန်တော်မျိုးတို့ အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ ၊ လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလို ဖြစ်နေမှာပဲ။ အရှင်မင်းကြီး ကျွန်တော်မျိုးကို လာရှာတွေ့တဲ့ အချိန်က ၊ ကျွန်တော်မျိုး မျှော်လင့်ချက်တွေ ဆုံးရှုံးလုနီးပါး ဖြစ်နေတဲ့ အချိန်ပါပဲ။"

ရှာမန် နိုင်ငံတော်ဆရာသခင် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေ၏။ "အဲဒီတုန်းက အရှင်မင်းကြီး ဖန်တီးခဲ့တဲ့ အံ့ဖွယ်ကိစ္စတွေက ဘယ်လောက်တောင် များလိုက်သလဲ။ ပြီးတော့ အရှင်မင်းကြီးက အရပ်မောင်းလည်း ကောင်းပြီး ခန့်ညားထည်ဝါတယ်။ ရုပ်ရည်သွင်ပြင် ၊ ခန္ဓာကိုယ်နဲ့ အမူအကျင့်တွေကအစ ရွှေဧကရာဇ်မင်းမြတ်နဲ့ တူနေခဲ့တာပဲ။"

"အဲဒီအချိန်တုန်းက အရှင်မင်းကြီးကို ရွှေဧကရာဇ် အသစ် ဖြစ်လာဖို့ ကျွန်တော်မျိုး ဘယ်လောက်တောင် တောင့်တခဲ့လဲဆိုတာ အရှင်မင်းကြီး သိလား။ ကျွန်တော်မျိုးရဲ့ မျှော်လင့်ချက်တွေ အားလုံးနီးပါးကို အရှင်မင်းကြီးအပေါ်မှာ ပုံအပ်ထားခဲ့တာပါ။ အဲဒီလိုနဲ့ ကျွန်တော်မျိုးတို့ ရှာမန်တွေမှာ ရည်မှန်းချက်အသစ် တစ်ခု ပြန်ရလာခဲ့တယ်။"

"ဒါကြောင့်မို့ ရွှေဧကရာဇ် ဂူဗိမာန်ရဲ့ လျှို့ဝှက်ချက်ကို အရှင်မင်းကြီးကို ပြောပြဖို့ ရွေးချယ်ခဲ့တာပါ။ အရှင်မင်းကြီးက အစစ်အမှန် ဟုတ်မဟုတ် သိချင်ရုံ သက်သက်လေးပါ။ နောက်ဆုံးတော့လည်း အရှင်မင်းကြီး မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးက ရွှေဧကရာဇ် ဂူဗိမာန်ရဲ့ တံခါးကိုတောင် ဖွင့်နိုင်ခဲ့တာ မဟုတ်ဘူးလေ။"

အသက် တစ်ရာ့ငါးဆယ်အရွယ် ရှာမန် နိုင်ငံတော်ဆရာသခင် မျှော်လင့်ချက် ရောင်ခြည်သန်းနေသော မျက်ဝန်းများဖြင့် ဆက်ပြောလေ၏။ "ဒါပေမဲ့ ၊ ကျွန်တော်မျိုးတို့ မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာပဲ ၊ ရွှေဧကရာဇ်ရဲ့ အစစ်အမှန် အမွေခံ ပေါ်ထွက်လာခဲ့တယ်။ အဲဒါကတော့ အရှင်တုပိုင်ပါပဲ။ ဒါကြောင့် ကျွန်တော်မျိုးတို့မှာ အစစ်အမှန် အရှင်သခင် ရှိသွားပြီ။"

"ရွှေဧကရာဇ်က တစ်လောကလုံးကို လွှမ်းမိုးပြီး ကမ္ဘာကြီးရဲ့ ဘုရင်တစ်ပါး ဖြစ်လာအောင် ဦးဆောင်ချင်တာ။ အရှင်မင်းကြီးက အဲဒီလူ မဟုတ်သလို ၊ ကျွန်တော်မျိုးတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ စံပြရည်မှန်းချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။"

ဂျင်ထိုက်ဂျိ မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ "ဒါဆို မင်းက တုပိုင်နဲ့ ပူးပေါင်းပြီး ငါ့ကို ချောက်ချခဲ့တာပေါ့။ ရွှေကမ္ဘာမြေ ဂူဗိမာန်ထဲမှာ သူ့ကို သတ်လိုက်သလို ဟန်ဆောင်ပြီး ၊ သူသေသွားပြီလို့ ငါ အထင်မှားအောင် လုပ်ခဲ့တာပေါ့လေ။ ပြီးတော့ ရွှေဧကရာဇ် ဂူဗိမာန်မှာ ဒုတိယထပ် ရှိနေတယ်ဆိုတာကို မင်း ရှင်းရှင်းလင်းလင်း သိနေတာပဲ။"

"အဲဒီမှာ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေ ရှိနေတယ်ဆိုတာကို သိသိကြီးနဲ့ တမင်သက်သက် ထုတ်မပြောဘဲ ၊ တုပိုင်ကို ဒီမျိုးဗီဇပြောင်း သားရဲဝံပုလွေစစ်တပ်ကို ရှာတွေ့ခွင့်ပေးလိုက်တယ်။ ပြီးတော့ ရှန်ဟိုင်ကွမ် တိုက်ပွဲမှာ ငါ့ရဲ့ ဂျာချင် ပင်မစစ်သည်အင်အားကို အမြစ်ပြတ် ချေမှုန်းပစ်ခဲ့တယ်။ အဲဒီလောက်တင် မကသေးဘူး ၊ အနီရောင်ဆေးရည်နဲ့ အနက်ရောင်ဆေးရည်တွေကိုလည်း တမင် ရှာဖွေပြီး ငါ့ဆီကို ပေးအပ်ခဲ့သေးတယ်။ အမှန်တကယ်ကတော့ အစွမ်းထက်တဲ့ ဂျာချင်စစ်သည်တွေကို သွေးမိစ္ဆာစစ်သည်တွေအဖြစ် ပြောင်းလဲပေးဖို့ ငါ့ဆီကို အသုံးချခဲ့တာပဲ။ မင်းက တုပိုင်အတွက် ဥ ၊ ဥပေးဖို့ ငါ့ဆီက ကြက်ကို ငှားသုံးသွားတာပဲ။"

ရှာမန် ဆရာသခင် ခေါင်းခါယမ်းပြရင်း ငြင်းဆန်လိုက်၏။ "ခန်းအရှင်မင်းကြီး ၊ အရှင်မင်းကြီး ပြောသွားတာတွေ အားလုံး မှန်ပါတယ်။ အမှားတစ်ခုလေးကလွဲလို့ပေါ့။ ကျွန်တော်မျိုးတို့က အရှင်တုပိုင်နဲ့ ဘယ်တုန်းကမှ မပူးပေါင်းခဲ့ပါဘူး။ သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့ဖူးသလို ၊ လျှို့ဝှက်စာလည်း မပို့ခဲ့ဖူးပါဘူး။ အခုမှ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။"

အနည်းငယ် ယုံကြည်ရခက်သော်လည်း ၊ ရှာမန် ဆရာသခင်၏ စကားများမှာ အမှန်ပင် ဖြစ်လေ၏။ တုပိုင်သည် ဤရှာမန်များနှင့် မည်သည့် ဆက်သွယ်မှုမျှ မရှိခဲ့ဖူးချေ။ စကားတစ်ခွန်းမျှ မပြောခဲ့ဖူးဘဲ မျက်လုံးချင်း အပြန်အလှန် ကြည့်ရုံသာ ရှိခဲ့သည်။

ရွှေကမ္ဘာမြေ ဂူဗိမာန် အဝင်ဝတွင် တုပိုင်သည် ဒါဇင်နှင့်ချီသော ရှာမန်များကို အာရုံခံမိခဲ့လေ၏။ ထို့နောက် သူသည် ရွှေကမ္ဘာမြေ ဂူဗိမာန်ကို သွားရောက်ဖွင့်လှစ်ခဲ့ပြီး ကိုယ်တိုင် ဝင်ရောက်သွားကာ ဤရှာမန်များကိုပါ ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်ပါက ၊ သူ ဝင်ရောက်သွားပြီးသည်နှင့် တစ်ပြိုင်နက် တံခါးကို ချက်ချင်း လုံးဝ ပိတ်လိုက်နိုင်ပြီး ၊ ရှာမန်များ လုံးဝ ဝင်ရောက်၍ ရနိုင်တော့မည် မဟုတ်ချေ။

ထို့အပြင် အသက် တစ်ရာကျော်အရွယ် ရှာမန်သည် တုပိုင်၏ ရင်ဘတ်ကို အနက်ရောင်ဆေးရည်ဓားဖြင့် ထိုးသွင်းကာ ၊ သူ့အား အနက်ရောင်ရေခဲအဖြစ် ပြောင်းလဲပြီး သတ်လိုက်သကဲ့သို့ ဟန်ဆောင်ခဲ့သော်လည်း ၊ သူ့အား အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ခွဲမပစ်ခဲ့ချေ။

ထိုအရာအားလုံးသည် အပြန်အလှန် စိတ်ချင်းဆက် နားလည်မှုမှတစ်ဆင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်လေ၏။

မည်သည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု ၊ ဆွေးနွေးတိုင်ပင်မှု သို့မဟုတ် သတင်းအချက်အလက် ဖလှယ်မှုမျှ မရှိခဲ့ချေ။ ယင်းသည် ဝိညာဉ်ရေးရာအရ အပြန်အလှန် စိတ်ချင်းဆက် နားလည်မှု သက်သက်သာ ဖြစ်ပေသည်။

တုပိုင် ရွှေကမ္ဘာမြေ ဂူဗိမာန်ကို ဖွင့်လှစ်လိုက်သည့် အခိုက်အတန့်တွင် ၊ အသက်တစ်ရာအရွယ် ရှာမန်သည် သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး သစ္စာခံမည့်အကြောင်း စိတ်ပိုင်းဆိုင်ရာ အချက်ပြမှုကို ပေးပို့ခဲ့သည်။

တုပိုင် တုံ့ပြန်ခဲ့သည်မှာ ရွှေဧကရာဇ်၏ ပြိုင်ဘက်ကင်းသော ဝိညာဉ်အမှတ်အသားပင် ဖြစ်လေ၏။ ထို့ကြောင့် နှစ်ဖက်စလုံးသည် ဤအံ့မခန်း အစီအစဉ်ကြီးကို အကောင်အထည်ဖော်ရန် မည်သည့် နှုတ်ထွက်စကားမျှ ပြောဆိုဆက်သွယ်ခဲ့ခြင်း မရှိကြချေ။ ဤသည်မှာ အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းပြီး အံ့မခန်းပင် ဖြစ်သည်။

ရှာမန်ဆရာသခင် ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်၏။ "ဒီလို အရှင်သခင်မျိုး ရှိနေတာကို ငါ အရမ်း ဂုဏ်ယူတယ်။ စကားလုံးတွေ ၊ လျှို့ဝှက်စာတွေ ဘာမှ မလိုဘူး။ သူ ဘာလုပ်ချင်တယ်ဆိုတာ ငါ သိသလို ၊ ငါ ဘာလုပ်ချင်တယ်ဆိုတာကိုလည်း သူ သိတယ်။"

အသက် တစ်ရာ့ငါးဆယ်အရွယ် ရှာမန်၏ အသံမှာ ရဲဝင့်လာပြီး ကျေနပ်အားရစွာ မေးခွန်းထုတ်လိုက်သည်။ "ငါတို့အပေါ် လုံးဝ ယုံကြည်မှု ရှိနေလို့သာ အရှင်တုပိုင်က မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး ၄,၆၀၀ နဲ့ အသက်ကို ပဓာနမထားဘဲ ရှန်ယန်မြို့ထဲကို ဝင်လာခဲ့တာပေါ့။ မဟာခန်းအရှင်မင်းကြီး ၊ ဒါက အရမ်းကို မှတ်သားလောက်စရာ မကောင်းဘူးလား။ စကားတစ်ခွန်းမှ မပါဘဲ စိတ်ချင်းဆက် နားလည်နိုင်တဲ့ ဒီလိုမျိုး အခြေအနေက အရှင်မင်းကြီး ငါ့ကို တွေ့တိုင်း ဆရာတစ်ယောက်လို အရိုအသေပေးတာထက် ပိုပြီး တန်ဖိုးမကြီးဘူးလား။"

လက်ရှိအချိန်၌ တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် တည်ငြိမ်သွားခဲ့ပြီ ဖြစ်ကာ ၊ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ လေးနက်စွာ ရေရွတ်လိုက်၏။ "ဟူး.. ကြောက်စရာကောင်းလိုက်တာ ၊ လေးစားစရာလည်း ကောင်းသလို ၊ အားကျစရာလည်း ကောင်းပါလား။"

ဂျင်ထိုက်ဂျိ မျက်လုံးများကို မှိတ်လိုက်လေသည်။

သူ ပြန်ဖွင့်လိုက်သောအခါတွင်မူ ၊ သူ၏ မျက်လုံးတို့သည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြည့်နှက်နေလေ၏။

ထို့နောက် ဂျင်ထိုက်ဂျိ မျက်နှာကြောတင်းကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "သွေးမိစ္ဆာစစ်သည်တို့ ၊ မင်းတို့က ဂျာချင် ညီအစ်ကိုတွေပဲ။ မင်းတို့က တောင်ဖြူရေမည်း ဒေသမှာ ကြီးပြင်းလာခဲ့တဲ့ တန်ဂူစကာ စစ်သည်တွေဖြစ်သလို ၊ ငါ ဂျင်ထိုက်ဂျိရဲ့ ညီအစ်ကိုတွေလည်း ဖြစ်တယ်။ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဂျာချင်လူမျိုးတွေရဲ့ သွေးတွေ စီးဆင်းနေတယ်။ မင်းတို့ သစ္စာခံရမှာက မင်းတို့ရဲ့ ဘိုးဘေးတွေကိုပဲ ၊ ဒီ ရွှေဧကရာဇ် တုပိုင် ဆိုတဲ့ကောင်ကို မဟုတ်ဘူး။"

"ဂျာချင် သွေးမိစ္ဆာစစ်သည်တို့ ၊ မင်းတို့ရဲ့ ဓားတွေကို ဆွဲထုတ်ပြီး ဒီရှာမန်တွေကို သတ်ပစ်ကြစမ်း။"

သို့သော်လည်း သွေးမိစ္ဆာစစ်သည် ငါးထောင်သည် လုံးဝ လှုပ်ရှားခြင်း မရှိကြဘဲ ၊ ဂျင်ထိုက်ဂျိ၏ စကားများကို လုံးဝ ဂရုမစိုက်ကြချေ။

ရှာမန်နိုင်ငံတော်ဆရာသခင် မဲ့ပြုံးတစ်ချက်ပြုံးကာ ဖြည်းညင်းစွာ ရှင်းပြလိုက်၏။ "အချိန်တွေ ဖြုန်းမနေပါနဲ့ ခန်းအရှင်မင်းကြီး။ အခု သူတို့ဆီမှာ ရှိနေတာက ရွှေဧကရာဇ်ရဲ့ သွေးတွေပါ။ နည်းနည်းလေးပဲ ဆိုရင်တောင်မှပေါ့။ သူတို့ကို ထိုးသွင်းလိုက်တဲ့ ဆေးရည်က သူတို့ရဲ့ သွေးတွေကို ပြောင်းလဲပစ်လိုက်တာတင် မကဘူး ၊ သူတို့ရဲ့ ဝိညာဉ်ကိုပါ ပြောင်းလဲပစ်လိုက်ပဲ"

ဂျင်ထိုက်ဂျိ အလွန်တရာ ဝမ်းနည်းဒေါသထွက်သွားရလေ၏။ အဘယ်ကြောင့်နည်း။ တုပိုင်သည် ရွှေဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားရုံမျှဖြင့် ၊ ဤသွေးမိစ္ဆာစစ်သည်များကပင် သူ့ကို သစ္စာခံကြမည်လော။ ဤရှာမန်များ အားလုံးကလည်း သူ့ကို သစ္စာခံကြသည်လော။

သူ ပြန်လည် တည်ငြိမ်သွားပြီးနောက် အေးစက်စက် ပြုံးကာ ဆိုလိုက်သည်။ "ဒီလောကကြီးက တကယ်ကို တရားမျှတမှု မရှိဘူးပဲ ၊ ဒါပေမဲ့ ဘာဖြစ်လဲ။"

ဂျင်ထိုက်ဂျိ မာန်သွင်းကာ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ "ဒီသွေးမိစ္ဆာစစ်သည် ငါးထောင်ကို မင်း ရသွားတော့ရော ဘာဖြစ်လဲ။ ငါ့ဆီမှာ စစ်သည်အင်အား သိန်းနဲ့ချီ ရှိနေသေးသလို ၊ အမြောက်ကလည်း နှစ်ရာကျော် ရှိသေးတယ်။ ပြီးတော့ အရှေ့ဘက် ပြည်ထောင်စုဆီကနေ ရထားတဲ့ သေနတ်ကိုင် တပ်မသစ်လည်း ရှိသေးတယ်။ တုပိုင် ၊ မင်း အရင်အတိုင်း ငါတို့ရဲ့ ကောင်းကင်နဲ့ မြေကြီး ပိုက်ကွန်ထဲမှာ ပိတ်မိနေတုန်းပဲ။"

ကောင်းကင်ယံမှ အောက်သို့ ငုံ့ကြည့်လိုက်ပါက ၊ တုပိုင်နှင့် အခြားသူများသည် အမှန်တကယ်ပင် အုပ်စုလိုက် ဝိုင်းရံပိတ်ဆို့ ခံထားရသည်ကို မြင်တွေ့နိုင်လေ၏။

တာ့ဂျင်အင်ပါယာ၏ အမြောက် နှစ်ရာကျော်အနက် ၊ ထက်ဝက်ခန့်သည် မြို့တွင်းရှိ မြေပြန့်ကွင်းပြင်ဆီသို့ ချိန်ရွယ်ထားကြလေသည်။

ထိုမြေပြန့်ကွင်းပြင်ထဲတွင် တုပိုင်နှင့်အတူ ပြွတ်သိပ်ကျပ်ညပ်နေသော မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး လေးထောင်ငါးရာကျော်နှင့် သွေးမိစ္ဆာစစ်သည် ငါးထောင်တို့ ရှိနေကြပြီး ၊ သူတို့အားလုံးသည် အမြောက် တစ်ရာကျော်၏ ပစ်ကွင်းအောက်တွင် ရှိနေကြလေ၏။

အမြောက်များသာ ပစ်ခတ်လိုက်မည်ဆိုပါက ၊ အစွမ်းထက်လှပါသည်ဆိုသော သွေးမိစ္ဆာစစ်သည်နှင့် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများပင်လျှင် ကူရာ ကယ်ရာ မဲ့သွားကြပေလိမ့်မည်။

"ပစ် ၊ ပစ် ၊ ပစ်စမ်း။" တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် မျက်လုံးများ နီရဲကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်လေ၏။

ချက်ချင်းပင် အမြောက် တစ်ရာကျော်သည် တုပိုင်၏ စစ်တပ်ဆီသို့ ချိန်ရွယ်ကာ တစ်ပြိုင်နက် ဟိန်းဟောက် ပစ်ခတ်လိုက်ကြလေသည်။

တုပိုင်သည် ရှာမန် နိုင်ငံတော်ဆရာသခင်ကို လှည့်ကြည့်လိုက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်ကာ မဲ့ပြုံးတစ်ချက် ပြုံးလိုက်ကြပြီး လုံးဝ မလှုပ်မယှက် ရပ်နေကြလေ၏။ သူ၏ မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေစစ်တပ်နှင့် သွေးမိစ္ဆာစစ်သည်များသည်လည်း လုံးဝ ငြိမ်သက်နေကြသည်။

"ဘန်းးးး ဘန်းးးး ဘန်းးးး"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ၊ ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ပျက်သွား၏။

တုပိုင်၏ စစ်တပ်မှာမူ မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဗုံးသီးကျည် အားလုံးသည် ပြောင်းဝမှ အောင်မြင်စွာ ပစ်လွှတ်နိုင်ခြင်း မရှိဘဲ ၊ အမြောက်ပြောင်းအတွင်း၌ပင် အားလုံး ပေါက်ကွဲသွားခဲ့သောကြောင့် ဖြစ်လေသည်။

အလွန် ထူထဲသော အမြောက်ပြောင်းကြီးများသည် ကောင်းကင်သို့ တိုက်ရိုက် လွင့်စင်ပေါက်ကွဲသွားကြပြီး ၊ အပိုင်းပိုင်းအစစ ဖြစ်ကာ ပုံပျက်ပန်းပျက် ဖြစ်သွားကြလေ၏။ ဘေးပတ်ဝန်းကျင်ရှိ စစ်သားများ အားလုံးမှာလည်း ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းအစစ လွင့်စင်သွားကြရသည်။

"အားးးး အားးးး"

မြို့ရိုးပေါ်နှင့် အမြောက်တပ်စခန်းများပေါ်တွင် ၊ မရေမတွက်နိုင်သော စစ်သည်များစွာသည် နာကျင်စွာ ငိုယိုဟစ်ကြွေးနေကြပြီး ထပ်ခါတလဲလဲ အော်ဟစ်နေကြရသည်။

ဂျာချင်အင်ပါယာ၏ အမြောက် တစ်ရာကျော်သည် လုံးဝ ပျက်စီးသွားပြီဖြစ်လေသည်။ ရှာမန်များက လက်ချက်ဖြစ်ကြောင်း သိသာ၏..

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ၊ ဧကရာဇ် ဂျင်ထိုက်ဂျိ၏ မျက်လုံးအိမ်များပင် ကွဲထွက်မတတ် ပြူးကျယ်သွားရပြီး ၊ သူ၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်သွားလုနီးပါး အံ့သြမှင်တက်သွားရလေ၏။

အလွန်တရာ ယုတ်မာကောက်ကျစ်ပြီး ၊ အရှက်မရှိလွန်းလှပေသည်။ ဤရှာမန်များသည် သူ၏ ဂျာချင်စစ်သည်များကို အသုံးချခဲ့ရုံသာမက ၊ တုပိုင်အတွက် ဥ ၊ ဥပေးရန် ကြက်ကို ငှားသုံးခဲ့ရုံမျှမက ၊ ယခု သူ၏ အမြောက်များကိုပါ ဖျက်ဆီးပစ်လိုက်ကြသေး၏။

ဤမျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေကြီးများနှင့် သွေးမိစ္ဆာစစ်သည်များ မည်မျှ အစွမ်းထက်သည်ကို မည်သူမျှ မသိနိုင်ချေ။ မည်သည့် သံချပ်ကာဝတ်စုံမျှ ဝတ်ဆင်မထားသော သွေးမိစ္ဆာစစ်သည် တစ်ဦးပင်လျှင် ရန်သူဆယ်ဦးကို ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။

သံချပ်ကာဝတ်စုံများပါ ဝတ်ဆင်ထားပါက ယင်းတို့သည် လုံးဝ ထိခိုက်ဒဏ်ရာ မရနိုင်လုနီးပါးပင် ဖြစ်လေ၏။ ယခုအခါတွင်မူ သွေးမိစ္ဆာစစ်သည်များနှင့် မျိုးဗီဇပြောင်း ဝံပုလွေကြီးများသည် အသစ်စက်စက် သွေးမိစ္ဆာမြင်းတပ်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်ရာ ၊ အစစ်အမှန် ပြိုင်ဘက်ကင်း မြင်းတပ်ကြီးတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။

အရေအတွက်အားဖြင့် ငါးထောင်ပင် မပြည့်သော်လည်း ၊ ယင်းတို့ကို မည်သို့ ခုခံတိုက်ခိုက်ရမည်နည်း။ နတ်ဘုရားများသာ သိပေလိမ့်မည်။

ဂျင်ထိုက်ဂျိသည် စစ်မြေပြင်တစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်ရန် မြို့ရိုးထိပ်သို့ ဖြည်းညင်းစွာ တက်သွားလေ၏။

"တာ့ဂျင်အင်ပါယာရဲ့ စစ်သည်တော်တို့ ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ အခိုက်အတန့် ရောက်ရှိလာပြီ။"

"ငါ၏ ဂျာချင် ညီအစ်ကိုတို့ ၊ ကမ္ဘာမြေရဲ့ အက်ကွဲကြောင်းတွေကြားမှာ ကြီးပြင်းလာခဲ့ရတဲ့ ငါ၏ ညီအစ်ကိုတို့ ၊ တောင်ဖြူရေမည်း ဒေသမှာ ကြီးပြင်းလာခဲ့ကြတဲ့ ရဲရင့်သူတွေရဲ့ မျိုးဆက်တွေ ၊ မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရမယ့် အချိန် ရောက်လာပြီ။"

"ငါတို့ရဲ့ ရန်သူတွေက အလွန်တရာ ယုတ်မာကောက်ကျစ်တယ်။ ဒါပေမဲ့ သူတို့ဆီမှာ လူငါးထောင်တောင် မပြည့်ဘူး။ ငါတို့ဆီမှာ လူသုံးသိန်းတောင် ရှိတယ်။"

"ဒီအရှက်ရမှုကို ဆေးကြောပစ်ဖို့အတွက် ၊ ငါတို့ဘက်က တစ်သိန်းဖြစ်ဖြစ် ၊ နှစ်သိန်းဖြစ်ဖြစ် ပေးဆပ်ရပါစေ ၊ ဒီယုတ်မာကောက်ကျစ်တဲ့ ရန်သူတွေကို သတ်ပစ်ဖို့အတွက် ၊ သူတို့ကို သေတဲ့အထိ သတ်ပစ်ဖို့အတွက် ဆန္ဒရှိတယ်။"

"သူတို့ကို ဝိုင်းထားလိုက် ၊ အားလုံးကို သတ်ပစ်ကြစမ်း။ ဒီအရှက်မရှိတဲ့ ရှာမန်တွေ အားလုံးကို သတ်ပစ်ကြ။"

မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် ဒေါသတကြီး ကြုံးဝါးကာ တဟုန်ထိုး ပြေးထွက်လာကြကာ တုပိုင်၏ လူငါးထောင်နီးပါး ရှိသော သွေးမိစ္ဆာမြင်းတပ်ကြီးကို ဝိုင်းရံလိုက်ကြလေသည်။

"သတ် သတ် သတ်စမ်းးးး"

တာ့ဂျင်အင်ပါယာ၏ ဧကရာဇ်က အံကြိတ်ကာ အမိန့်ပေးလိုက်လေ၏။ ဂျာချင်စစ်သည်များသည် မည်သည့် အကြောက်တရားမျှ မရှိဘဲ ရှေ့သို့ ပြေးတက်သွားကြပြီး ၊ တုပိုင်၏ သွေးမိစ္ဆာမြင်းတပ် ငါးထောင်ဆီသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်လာကြ၏။

ဂျင်ထိုက်ဂျိ၏ သားအကြီးဆုံး ဟောက်ကော်သည် မြင်းတပ်တစ်တပ်ကို ဦးဆောင်ကာ ရှာမန် ရာပေါင်းများစွာရှိရာဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။

"ရှာမန်တွေကို ကာကွယ်ကြ။" တုပိုင်က အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်၏။

ထို့နောက် သွေးမိစ္ဆာမြင်းတပ် တစ်ထောင်သည် ရှာမန် ရာပေါင်းများစွာကို လျှပ်စီးကဲ့သို့ တဟုန်ထိုး ကာကွယ်ပေးလိုက်ကြ၏။ "ဘန်းးးး ဘန်းးးး ဘန်းးးး"

မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် တုပိုင်၏ ရက်စက်ကြမ်းကြုတ်သော သွေးမိစ္ဆာမြင်းတပ်များနှင့် အပြင်းအထန် တိုက်ခိုက်ကြလေသည်။

ထို့အတူ ဂျင်ထိုက်ဂျိ၏ သားအကြီးဆုံး ဟောက်ကော် ဦးဆောင်သော မြင်းတပ်သည်လည်း ရှာမန် ရာပေါင်းများစွာ၏ အစီအရင်ထဲသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်လာ၏။

ဤရှာမန်များထဲတွင် အသက်အငယ်ဆုံးသူမှာပင် ခြောက်ဆယ်ကျော်နေပြီဖြစ်ကာ ၊ အလွန် အားနည်းနေပုံပေါ်ပြီး လေတစ်ချက်တိုက်လိုက်လျှင်ပင် လဲကျသွားတော့မည့် ပုံရသည်။

ဟောက်ကော်၏ မြင်းတပ်များ တဟုန်ထိုး ဝင်ရောက်သွားပြီးနောက် ၊ အားနည်းလှသည့် ရှာမန်တို့ကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု ဘဝင်မြင့်စွာ ထင်မှတ်ခဲ့ကြလေ၏။

သို့သော်လည်း... ရှာမန် ရာပေါင်းများစွာသည် ရုတ်တရက် မျက်လုံးများမှိတ်ကာ အစွမ်းထက်သော မန္တန်များကို အာရုံစိုက် ထုတ်လွှတ်လိုက်ကြရာ တစ်ချိန်တည်းတွင် လေထုထဲတွင် ထူးဆန်းသော အသံများ ထွက်ပေါ်လာလေ၏။

ရုတ်တရက်ဆိုသလို ဟောက်ကော်၏ မြင်းတပ်မှ မြင်းများသည် အလွန်တရာ ကြေကွဲဖွယ်ကောင်းလောက်အောင် စူးရှစွာ ဟီးးးလိုက်ကြပြီးနောက် ၊ ခြေထောက်များ တုပ်နှောင်ခံလိုက်ရသည့်အလား တိုက်ရိုက် လွင့်စင်ထွက်သွားကြလေတော့၏။

ချက်ချင်းပင် ရှာမန် ရာပေါင်းများစွာသည် ကျမ်းစာများကို စည်းကမ်းတကျ ရွတ်ဆိုလိုက်ကြပြီး ၊ ကျမ်းစာရွတ်ဆိုသံများသည် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုအဖြစ် စုစည်းသွားလေသည်။

"ဘန်းးးး ဘန်းးးး ဘန်းးးး"

ဟောက်ကော်၏ မြင်းတပ်များ တဟုန်ထိုး ပြေးတက်သွားပြီးနောက် ၊ နံရံတစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားလေ၏။ မြင်းများ အားလုံး၏ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများ ယိုစီးလာကြပြီး ၊ မြင်းတပ်သားများ အားလုံးလည်း သွေးထွက်သံဲယိုဖြစ်သွားကြရသည်။

မရေမတွက်နိုင်သော မြင်းတပ်သားများ ရုပ်ပျက်ဆင်းပျက် လွင့်စင်ထွက်သွားကြလေ၏။ ဤသည်မှာ ရှာမန်များ၏ စွမ်းအားပင် ဖြစ်ပြီး ၊ ရှာမန် ရာပေါင်းများစွာ စုစည်းထားသော အသံလှိုင်း တိုက်ခိုက်မှုပင် ဖြစ်လေသည်။

ချက်ချင်းပင် ဦးဆောင်နေသော ရှာမန် နိုင်ငံတော်ဆရာသခင်သည် အေးစက်စက် အပြုံးတစ်ခုဖြင့် သူ၏ တောင်ဝှေးကို လေထဲသို့ မြှောက်လိုက်ရာ ၊ ရှာမန် ရာပေါင်းများစွာ အားလုံးသည်လည်း တောင်ဝှေးများကို မြှောက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာလေ၏။

ထို့နောက် ရှာမန်အဖွဲ့သည် တုပိုင်ရှိရာသို့ ချဉ်းကပ်သွားကြသည်။ မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် အမျက်ချောင်းချောင်းထွက်ကာ တဟုန်ထိုး ပြေးတက်လာကြပြီး ၊ ဤရှာမန်များကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ရန် ကြိုးစားကြလေ၏။

သို့သော်လည်း သူတို့သည် အနီးသို့ပင် မရောက်လိုက်ကြချေ။ အဆိပ်မီးခိုးငွေ့များနှင့် နီးကပ်သွားသည်နှင့် တစ်ပြိုင်နက် ၊ စူးစူးဝါးဝါး အော်ဟစ်ကာ သေဆုံးသွားကြပြီး ၊ ခန္ဓာကိုယ်များ ပုပ်ပွကာ သေဆုံးသွားကြလေ၏။

ဤရှာမန်များ၏ သတ်ဖြတ်ခြင်း နည်းလမ်းများမှာ အဆုံးအစမရှိလှဘဲ ၊ သူတို့ကို တားဆီးရန်မှာလည်း မဖြစ်နိုင်လုနီးပါးပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ တုပိုင် စေလွှတ်လိုက်သော သွေးမိစ္ဆာမြင်းတပ်သည် ရှာမန် ရာပေါင်းများစွာ၏ အနီးသို့ တဟုန်ထိုး ရောက်ရှိသွားလေ၏။ သွေးမိစ္ဆာစစ်သည်များက လက်ကို ဆန့်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ၊ ဤရှာမန်များ အားလုံးကို မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ၏ ကျောပေါ်သို့ ဆွဲတင်လိုက်ကြပြီးနောက် လျင်မြန်စွာ နောက်လှည့် ပြန်လာကြလေသည်။

ခဏအကြာတွင်တော့ ၊ ဤရှာမန် ရာပေါင်းများစွာကို တုပိုင်၏ အနီးသို့ ခေါ်ဆောင်လာခဲ့ပြီး ဖြစ်လေ၏။

"ရှာမန်တွေကို ကာကွယ်ကြ။" တုပိုင် ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်၏။

လူငါးထောင်နီးပါး ရှိသော သွေးမိစ္ဆာမြင်းတပ်ကြီးသည် ချက်ချင်းပင် တပ်ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ကြပြီး ၊ ကြီးမားကျယ်ဝန်းလှသော မြေပြန့်ကွင်းပြင်ထဲတွင် အလွှာလိုက် အလွှာလိုက် ဖွဲ့စည်းကာ ၊ ရှာမန် ရာပေါင်းများစွာကို အလယ်တွင် ကာကွယ်ထားလိုက်ကြလေ၏။

"သတ် ၊ သတ် ၊ သတ် ၊ သတ် ၊ သတ်စမ်းးးး"

မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် မီးတောက်ထဲသို့ တိုးဝင်နေသော ပိုးဖလံများအလား ၊ သွေးမိစ္ဆာမြင်းတပ်ကြီး၏ အစီအရင်ထဲသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်လာကြလေ၏။

သို့သော်လည်း အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ပေသည်။ သွေးမိစ္ဆာစစ်သည်များသည် သူတို့၏ တစ်ကိုယ်လုံးတွင် အရှေ့ဘက် ပြည်ထောင်စု၏ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် လုံးဝ ထိခိုက်ဒဏ်ရာ မရနိုင်လုနီးပါးပင် ဖြစ်လေ၏။ သူတို့သည် အလွန်တရာ အင်အားကြီးမားလှသဖြင့် ပေါင်ရာနှင့်ချီ အလေးချိန်ရှိသော ဧရာမ စစ်သံဓားကြီးများမှာ သူတို့၏ လက်ထဲတွင် ကစားစရာ ဓားလေးများအလား လွင့်ဝဲနေကြလေသည်။

"ရွှမ်းးးး ရွှမ်းးးး ရွှမ်းးးး"

ပေါင်နှစ်ရာကျော် အလေးချိန်ရှိသော ဧရာမ စစ်သံဓားကြီးများသည် ဂျာချင်စစ်သည်များ၏ ခါးလယ်မှနေ၍ အလွယ်တကူ ဖြတ်သန်းသွားကြသည်။

ဂျာချင် မြင်းတပ်သားများသာမက မြင်းများကိုပါ အလယ်မှနေ၍ နှစ်ပိုင်းတိတိ အလွယ်တကူ ခုတ်ပိုင်းပစ်လိုက်ကြခြင်းဖြစ်လေသည်။

"ဒိုင်းးးး ဒိုင်းးးး ဒိုင်းးးး" ရုတ်တရက် မြို့ရိုးပေါ်မှ ပဲလှော်ပေါက်သံများကဲ့သို့ အသံများ ထွက်ပေါ်လာလေ၏။ အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်ကိုင်တပ်သား တစ်ထောင်တို့က စတင်၍ ပစ်ခတ်လိုက်ကြခြင်း ဖြစ်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၇ - ၇၀၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters