← Chapters

အခန်း (၇၀၉-၇၁၀)

Vol. 71 Ch. 709-710

အခန်း (၇၀၉-၇၁၀)

Vol. 71 Ch. 709-710

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၉ - ၇၁၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများသည် ခေတ္တမျှ ယိမ်းယိုင်သွားကြပြီး အချို့မှာ မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း ၊ ချက်ချင်းပင် အားအင်အပြည့်ဖြင့် ပြန်လည် မတ်တပ်ရပ်လာကြလေ၏။

သောက်ကျိုးနည်း ၊ ဤကျည်ဆန်များသည် လေးနှင့်မြှားများထက် များစွာ ပိုမို အစွမ်းထက်လှပြီး ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ၏ ခန္ဓာကိုယ်ထဲသို့ နှစ်လက်မ ၊ သုံးလက်မခန့်အထိ တိုက်ရိုက် စိုက်ဝင်သွားကြသည်။

“ဒိုင်းးးး ဒိုင်းးးး ဒိုင်းးးး”

နောက်ထပ် သေနတ်သံများ ထပ်မံ ထွက်ပေါ်လာပြန်လေ၏။ သွေးမိစ္ဆာစစ်သည် အချို့မှာလည်း ထပ်မံပြီး ယိမ်းယိုင်သွားကြရသည်။

အလွန်တရာ ခိုင်ခံ့မာကျောလှသော သံချပ်ကာဝတ်စုံများသည် ဓားများ ၊ လေးနှင့် မြှားများကို ကာကွယ်တားဆီးနိုင်စွမ်း ရှိသော်လည်း ၊ အရှေ့ဘက် ပြည်ထောင်စု၏ ကျည်ဆန်များကိုမူ မဟန့်တားနိုင်ကြချေ။ သံချပ်ကာဝတ်စုံကို ဖောက်ထွင်းကာ ကျည်ဆန်များသည် ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားကြသည်။

ကျည်ဆန်၏ အရှိန်အဟုန်မှာ များစွာ လျော့ကျသွားသဖြင့် သွေးမိစ္ဆာစစ်သည်များကို အသေသတ်နိုင်ခြင်း မရှိတော့သော်လည်း ၊ ထိခိုက်ဒဏ်ရာများစွာကိုမူ ရရှိသွားစေခဲ့လေ၏။ သွေးမိစ္ဆာစစ်သည်များ၏ သံချပ်ကာဝတ်စုံများထဲမှ သွေးများ ပန်းထွက်လာကြလေသည်။

သေနတ်ကိုင်တပ်သားများသည် အမှန်တကယ်ပင် အစွမ်းထက်လွန်းလှပြီး ၊ တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်ကို ချက်ချင်းပင် အသေအပျောက် ထိခိုက်ဒဏ်ရာများ ရရှိသွားစေသည်။

“သေနတ်ကိုင်တပ်သားတွေကို အရင်ရှင်း” တုပိုင် စူးရှစွာ စိုက်ကြည့်လျက် အမိန့်ပေးလိုက်၏။

ရုတ်တရက်ဆိုသလို ရာနှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများသည် လျှပ်စီးကဲ့သို့ တဟုန်ထိုး ပြေးထွက်သွားကြလေ၏။

လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဂျာချင်အင်ပါယာ တပ်ဖွဲ့ဝင်များသည် သူတို့ကို ဟန့်တားရန် ရူးသွပ်စွာ ရှေ့တိုးထွက်လာကြသည်။

သို့သော် ဤမျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ အရှိန်တင်ကာ တဟုန်ထိုး ပြေးဝင်သွားပြီဆိုပါက သူတို့ကို တားဆီးရန် မဖြစ်နိုင်တော့ချေ။

သွေးမိစ္ဆာမြင်းတပ်သားများသည် မြို့ရိုးထိပ်ဆီသို့ အလွယ်တကူ တဟုန်ထိုး ပြေးတက်သွားကြလေ၏။

“ပစ် ၊ ပစ်စမ်း”

အရှေ့ဘက် ပြည်ထောင်စု စစ်သားများသည် အထိတ်တလန့် အော်ဟစ်ကာ သွေးမိစ္ဆာမြင်းတပ်ဆီသို့ ချိန်ရွယ်၍ အပြင်းအထန် ပစ်ခတ်လိုက်ကြလေသည်။

“ဒိုင်းးးး ဒိုင်းးးး ဒိုင်းးးး”

ဒါဇင်နှင့်ချီသော မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများမှာ ကျည်ဆန်ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ယိမ်းယိုင်လဲကျသွားကြလေ၏။ ဤသေနတ်ကိုင်တပ်သားများသည် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ၏ အစစ်အမှန် ကမ္ဘာ့ရန်သူများပင် ဖြစ်သည်။

မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ မြေပြင်ပေါ် လဲကျသွားပြီးနောက် အနီးအနားရှိ ဂျာချင်စစ်သည်များသည် အခွင့်ကောင်းယူကာ သူတို့ကို သတ်ဖြတ်ရန် ရူးသွပ်စွာ ပြေးဝင်လာကြလေ၏။

သို့သော် သူတို့၏ ကျောပေါ်ရှိ သွေးမိစ္ဆာစစ်သည်များ ချက်ချင်း ဆင်းသက်လာကာ စစ်သံဓားကြီးများကို ဝှေ့ယမ်း၍ သူတို့၏ စီးတော်ယာဉ်များကို ကာကွယ်ရင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြလေတော့သည်။

အရှေ့ဘက် ပြည်ထောင်စု၏ ဤသေနတ်ကိုင်တပ်သားများ အလွန်တရာ အစွမ်းထက်လှသော်လည်း သူတို့အတွက် နောက်တစ်ကြိမ် ထပ်မံပစ်ခတ်ရန် အခွင့်အရေး မရှိတော့ချေ။

“ဘန်းးးး”

ရာနှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများသည် သူတို့၏ တပ်ဖွဲ့ထဲ တဟုန်ထိုး ပြေးဝင်လာကြလေ၏။ ထို့နောက်တွင်မူ သွေးချောင်းစီးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သည်။

ဒေါသတကြီး အမျက်ချောင်းချောင်းထွက်နေသော မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများသည် ရန်သူများကို အလွယ်တကူ အပိုင်းပိုင်းအစစ ကိုက်ဖြတ် ဝါးမျိုပစ်လိုက်ကြပြီး သွေးမိစ္ဆာစစ်သည်များ၏ စစ်သံဓားကြီးများကလည်း သူတို့ကို အလယ်မှနေ၍ အလွယ်တကူ နှစ်ပိုင်းတိတိ ခုတ်ပိုင်းပစ်လိုက်ကြလေသည်။

အနီးကပ်တိုက်ပွဲ စတင်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် အရှေ့ဘက် ပြည်ထောင်စုမှ ထောက်ပံ့ပေးထားသော သေနတ်ကိုင်တပ်သား တစ်ထောင်လုံး အသတ်ခံလိုက်ရလေ၏။

သူတို့၏ စွမ်းဆောင်ရည်ပြသချိန် အလွန်တိုတောင်းလှပြီး မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ယင်းက တုပိုင်နှင့် ဂျင်ထိုက်ဂျိတို့ နှစ်ဦးစလုံးကို ကြီးမားသော တုန်လှုပ်မှုကြီးတစ်ခု ပေးစွမ်းသွားခဲ့လေသည်။

ယမ်းမှုန့်များ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာသော ခေတ်ကာလတစ်ခုသို့ ရောက်ရှိလာသောအခါ ဤလောကရှိ လေးသမားများ မည်မျှပင် ပိုမို အစွမ်းထက်နေပါစေ လေးနှင့်မြှား ခေတ်ကာလမှာ လုံးဝ အဆုံးသတ်သွားပေလိမ့်မည်။

သေနတ်များသည် စစ်မြေပြင်၏ အနာဂတ်ပင် ဖြစ်ကြသည်။ သေနတ်ကိုင်တပ်သား တစ်ထောင်ကို သတ်ဖြတ်ပြီးနောက် တုပိုင်၏ ရာနှင့်ချီသော သွေးမိစ္ဆာစစ်သည်များသည် တပ်မတော်ဆီ ပြန်လည် ဆုတ်ခွာမလာဘဲ မြို့ရိုးပေါ်တွင် ဆက်လက်၍ တဟုန်ထိုး ဝင်ရောက် သတ်ဖြတ်နေကြတော့၏။

ဤသည်မှာ အနောက်ဘက် မြို့ရိုးပင် ဖြစ်လေသည်။ အပြင်ဘက်တွင်မူ တုပိုင်၏ စစ်သည်အင်အား လေးသောင်း ရှိနေ၏။ သူတို့ဆီသို့ ချိန်ရွယ်ထားသော အမြောက် စုစုပေါင်း ခုနစ်ဆယ် ရှိနေသောကြောင့် သူတို့အတွက် တဟုန်ထိုး တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။

အနောက်ဘက် မြို့ရိုးတစ်ခုလုံးမှာ ခြောက်မိုင်ခန့် ရှည်လျားပြီး အမြောက် ခုနစ်ဆယ်အပြင် ဂျာချင်စစ်သည် တစ်သောင်းပါ ရှိနေသေးသည်။

ဂျာချင်အင်ပါယာ၏ စစ်သည်တစ်သောင်းနှင့် သွေးမိစ္ဆာမြင်းတပ်သား ခြောက်ရာတို့ ရင်ဆိုင်ကြရာတွင် မည်သူက နိုင်၍ မည်သူက ရှုံးနိမ့်မည်နည်း။

ရလဒ်ကတော့ မကြာမီမှာပင် ထွက်ပေါ်လာတော့မည် ဖြစ်လေ၏။

သွေးမိစ္ဆာမြင်းတပ်သား ခြောက်ရာသည် ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိသွားခဲ့ပြီး ယင်းမှာ အလုံးစုံ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး သက်သက်သာ ဖြစ်လေ၏။

ကျယ်ဝန်းပြန့်ပြူးသော မြို့ရိုးပေါ်တွင် သွေးမိစ္ဆာမြင်းတပ်သားများသည် လျှပ်စီးကဲ့သို့ တဟုန်ထိုး ပြေးဝင်သွားကြကာ တစ်စက္ကန့်လျှင် မီတာ ၂၀ ကျော် အမြန်နှုန်းဖြင့် ချီတက် တိုက်ခိုက်နေကြလေသည်။

သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဂျာချင်အင်ပါယာ၏ စစ်သည်များ အားလုံးမှာ အရိုးများ ကျိုးကြေသွားကြပြီး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြတ်တောက်ကာ လွင့်စင်ထွက်သွားကြရသည်။ ဂျာချင်စစ်သည်များသည် မြို့ရိုးပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြလေ၏။

အချိန် တစ်နာရီ၏ လေးပုံတစ်ပုံခန့် အတွင်းမှာပင် ဤရာနှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများသည် မြို့ရိုး၏ တစ်ဖက်စွန်းမှနေ၍ အခြားတစ်ဖက်စွန်းအထိ တဟုန်ထိုး ချေမှုန်းပစ်လိုက်ကြလေသည်။

ထို့နောက်တွင်တော့ အနောက်ဘက် မြို့ရိုးတစ်ခုလုံးမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားရတော့သည်။ အရှေ့ဘက် ပြည်ထောင်စု၏ သေနတ်ကိုင်တပ်သားများနှင့် ရင်ဆိုင်ရချိန်တွင် သွေးမိစ္ဆာမြင်းတပ်သည် အသေအပျောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ သို့သော် ဂျာချင်အင်ပါယာ တပ်မတော်၏ သာမန် လက်နက်များနှင့် ရင်ဆိုင်ရချိန်တွင်မူ သွေးမိစ္ဆာမြင်းတပ်သည် လုံးဝ ပြိုင်ဘက်ကင်းနေခဲ့လေ၏။

အနောက်ဘက် မြို့ရိုးတစ်ခုလုံးရှိ ရန်သူများကို သတ်ဖြတ်ပြီးနောက်တွင်ပင် တုပိုင်၏ ရာနှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများ၏ အသေအပျောက်မှာ အလွန်တရာ နည်းပါးနေဆဲပင် ဖြစ်လေသည်။

သွေးမိစ္ဆာမြင်းတပ်သားများသည် အနောက်ဘက် မြို့ရိုးကို ထိန်းချုပ်လိုက်ပြီးနောက် မြို့အပြင်ဘက်ရှိ တုပိုင်၏ တပ်မတော်ဆီသို့ ချက်ချင်း အချက်ပြလိုက်ကြလေ၏။

ဖူဟုန်ပင်း ဓားကို ရုတ်တရက် ဆွဲထုတ်ကာ အားမာန်အပြည့်ဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ “တိုက်ကြ.. အရှင်မင်းကြီးနဲ့အတူ ယှဉ်တွဲပြီး တိုက်ပွဲဝင်ကြစမ်း။”

တုပိုင်၏ စစ်သည်အင်အား လေးသောင်းသည် ငွေရောင်ဒီရေလှိုင်းလုံးကြီးတစ်ခုအလား ရှန်ယန်မြို့ထဲသို့ တဟုန်ထိုး ပြေးဝင်သွားကြလေတော့၏။

ရှန်ယန်မြို့တွင်း တိုက်ပွဲမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်လေ၏။

သေနတ်ကိုင်တပ်သားများနှင့် အမြောက်များကသာလျှင် သွေးမိစ္ဆာမြင်းတပ်ကို ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်စွမ်း ရှိပေသည်။ ယခုအချိန်တွင် ယင်းတို့ နှစ်ခုစလုံးမှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ဂျာချင်စစ်သည်များမှာ သာမန် လက်နက်များကိုသာ အားထားနိုင်တော့လေသည်။

ဂျာချင်အင်ပါယာ၏ စစ်သားများသည် အမှန်တကယ်ပင် ရဲရင့်ကြလေ၏။ ကမ္ဘာမြေ၏ အက်ကွဲကြောင်းများကြားမှ ထွက်ပေါ်လာသော တန်ဂူစကာမှ စစ်သည်များသည် သေဆုံးရမည်ကို လုံးဝ ကြောက်ရွံ့ခြင်း မရှိကြချေ။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြလေ၏။

သို့သော်လည်း အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ပေသည်။ မီးတောက်ထဲသို့ တိုးဝင်နေသော ပိုးဖလံများအလားပင် ဖြစ်လေ၏။ သွေးမိစ္ဆာမြင်းတပ်၏ စွမ်းအားသည် တုပိုင်၏ စိတ်ကူးထက် များစွာ သာလွန်နေသလို ၊ ဂျင်ထိုက်ဂျိ၏ စိတ်ကူးကိုလည်း ကျော်လွန်နေသည်။

မျှော်လင့်ထားချက်အရဆိုလျှင် သွေးမိစ္ဆာမြင်းတပ် ငါးထောင်သည် အစွမ်းထက်လှပြီး ၊ တစ်ယောက်လျှင် ရန်သူဆယ်ယောက် ၊ သို့မဟုတ် နှစ်ဆယ်အထိ ရင်ဆိုင်နိုင်လျှင်ပင် အလွန် ကောင်းမွန်နေပြီ ဖြစ်လေသည်။ တာ့ဂျင်အင်ပါယာ၏ စစ်သည်သုံးသိန်းသည်လည်း သွေးမိစ္ဆာမြင်းတပ် ငါးထောင်ကို အချိန်ဆွဲ အင်အားချည့်နဲ့အောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။

သို့သော်လည်း ရလဒ်မှာမူ သူတို့ထင်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေခဲ့လေ၏။ မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် သွေးမိစ္ဆာမြင်းတပ်ကို ထိခိုက်သေဆုံးမှု အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့သည်။

ဤပြုပြင်ပြောင်းလဲထားသော သွေးမိစ္ဆာစစ်သည်များသည် အဆုံးအစမရှိ အစွမ်းထက်ပြီး လျင်မြန်လှကာ ၊ သူတို့သည် ဘယ်သောအခါမျှ ပင်ပန်းနွမ်းနယ်ခြင်း မရှိသကဲ့သို့ပင် ဖြစ်လေ၏။

စစ်သည်တိုင်းသည် ဓားချက်ပေါင်း ရာနှင့်ချီ ၊ ထောင်နှင့်ချီ၍ ဝှေ့ယမ်းခုတ်ပိုင်းနေကြသော်လည်း ၊ သူတို့၏ အမြန်နှုန်းမှာ လုံးဝ လျော့ကျသွားခြင်း မရှိချေ။

မရေမတွက်နိုင်သော ဂျာချင်စစ်သည်များသည် နေရောင်အောက်မှ နှင်းများ အရည်ပျော်ကျသွားသကဲ့သို့ အမှန်တကယ်ပင် အပိုင်းပိုင်းအစစ အရည်ပျော်ကျသွားကြလေ၏။

ဖူဟုန်ပင်းက စစ်သည်အင်အား လေးသောင်းကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်ရောက်လာပြီးနောက် တုပိုင် အမိန့်ပေးလိုက်သည်။ “ဖူဟုန်ပင်း.. မင်းရဲ့ တပ်မတော်ကို ဦးဆောင်ပြီး ရှာမန်တွေကို ကာကွယ်ပေးလိုက်။”

ရုတ်တရက် သွေးမိစ္ဆာမြင်းတပ် ငါးထောင်၏ တပ်ဖွဲ့စည်းပုံသည် အဟန့်တစ်ခု ပွင့်သွားခဲ့ပြီး ၊ ဖူဟုန်ပင်း၏ တပ်မတော်က အထဲသို့ တဟုန်ထိုး ဝင်ရောက်လာကာ တပ်ဖွဲ့စည်းပုံကို စတင် တည်ဆောက်ပြီးနောက် ရှာမန်များကို အလယ်တွင် ကာကွယ်ပေးထားလိုက်ကြ၏။

“သွေးမိစ္ဆာစစ်သည်တို့ ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးတွေပေါ်ကို တက်ပြီး ရန်သူတွေကို သွားရောက် ချေမှုန်းကြ”

ထိုအမိန့်ပေးသံနှင့်အတူ ၊ သွေးမိစ္ဆာစစ်သည်များသည် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများဆီသို့ အပြေးအလွှား သွားရောက်တက်စီးလိုက်ကြလေ၏။ ထို့နောက် ဒါဇင်နှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများ ပါဝင်သည့် တပ်စုတစ်ခုသည် မြို့တွင်း၌ စတင် သတ်ဖြတ်ကြလေတော့သည်။

ရှာမန်များကို ကာကွယ်ရန်အတွက် ၊ သူတို့သည် ပြိုင်ဘက်ကင်း မြင်းတပ်ကို ခြေလျင်တပ်အဖြစ် အသုံးပြုခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော်လည်း ယခုအခါတွင်မူ ၊ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများ လျှပ်စီးကဲ့သို့ တဟုန်ထိုး ပြေးလွှားသွားကြချိန်တွင် ၊ သွေးမိစ္ဆာမြင်းတပ်သည် သူတို့၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ကြလေပြီ။

ပိုမို ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာလေ၏။ အခြေအနေမှာ ဒါဇင်နှင့်ချီသော သွေးမိစ္ဆာမြင်းတပ်သားများက ရာနှင့်ချီ ၊ သို့မဟုတ် ထောင်နှင့်ချီသော ဂျာချင်စစ်သည်များကို ရူးသွပ်စွာ လိုက်လံ သတ်ဖြတ်နေကြခြင်းပင် ဖြစ်လေသည်။

သွေးမိစ္ဆာမြင်းတပ် ငါးထောင်သည် အပိုင်းပိုင်း ခွဲထွက်သွားကြပြီး ၊ တပ်စု ရာပေါင်းများစွာအဖြစ် ပြောင်းလဲကာ မြို့တွင်း၌ တဟုန်ထိုး ပြေးလွှားနေကြလေ၏။ သူတို့်သည် တာ့ဂျင်အင်ပါယာ၏ နန်းတော်ထဲသို့ ၊ စစ်တန်းလျားများထဲသို့ ၊ အိမ်ရာများထဲသို့ တဟုန်ထိုး ဝင်ရောက်သွားလာကြသည်။

“ဘန်းးးး ဘန်းးးး ဘန်းးးး”

မြို့တွင်းရှိ သစ်သားအိမ်များသည် သွေးမိစ္ဆာမြင်းတပ်၏ ရှေ့မှောက်တွင် ကလေးကစားစရာ အိမ်လေးများအလား ဖြစ်နေပြီး ၊ သူတို့၏ တိုက်ခိုက်မှုကြောင့် အလွယ်တကူပင် ပျက်စီးသွားကြရကာ အရာအားလုံး ဖျက်ဆီးခံလိုက်ရလေ၏။

ဤသွေးမိစ္ဆာမြင်းတပ်သားများသည် သတ်ဖြတ်နေရုံသာမက ၊ အစွမ်းထက်သော အင်အားဖြင့် တစ်မြို့လုံးကိုပါ ဖျက်ဆီးပစ်နေကြခြင်း ဖြစ်လေသည်။

တာ့ဂျင်အင်ပါယာ၏ ဧကရာဇ် ဂျင်ထိုက်ဂျိသည် ထိုမြင်ကွင်းကို ကြည့်ရင်း ၊ သူ၏ မျက်လုံးများ တစ်ခုလုံး သွေးကြောများ နီရဲလာကာ ၊ သူ၏ အမြင်အာရုံထဲတွင် မြင်သမျှ အရာအားလုံးသည် အနီရောင်အဖြစ် ပြောင်းလဲသွားလေတော့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လုံးဝ အေးစက်တောင့်တင်းသွားရသည်။

အမြောက်များနှင့် သေနတ်ကိုင်တပ်သားများကို ဆုံးရှုံးလိုက်ရပြီးနောက် ၊ သူ၏ စစ်သည်အင်အား သုံးသိန်းမှာ လုံးဝ ကူရာကယ်ရာမဲ့ ဖြစ်သွားရလေပြီ။ ဤသည်မှာ တိုက်ပွဲတစ်ခု လုံးဝ မဟုတ်တော့ဘဲ ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး သက်သက်သာ ဖြစ်တော့၏။

လက်နက်ချ အညံ့ခံခဲ့ကြသော ဟန်တရုတ်စစ်သားများနှင့် မွန်ဂိုစစ်သားများ အားလုံးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ရီနေကြပြီး ၊ ကြောက်လန့်တကြားဖြင့် သေးထွက် ၊ ချေးထွက် ဖြစ်ကုန်ကြတော့သည်။

သူတို့သည် တုပိုင်ထံသို့ ထပ်မံ၍ လက်နက်ချ အညံ့ခံလိုက်ကြပြန်သည်။ ရဲရင့်သော ဂျာချင်စစ်သည်များသည် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်သော်လည်း ၊ ဆက်လက်၍ အသတ်ခံနေကြရဆဲပင် ဖြစ်လေ၏။

တပ်မတော် တစ်ခုလုံး ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ဤသည်မှာ ဇာတ်သိမ်းပင် ဖြစ်၏။

ဂျာချင်အင်ပါယာကြီး ပြီးဆုံးသွားလေပြီ။ လီယွမ်သည် သူ၏ ရှေ့မှောက်ရှိ ငရဲဘုံအလား မြင်ကွင်းကြီးကို စိုက်ကြည့်နေမိလေ၏။ သူ၏ ရင်ထဲတွင် လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားရသည်။

လီယွမ်သည် ကောင်းကင်ကြီးကို မော့ကြည့်ကာ စကားမဆိုနိုင်လောက်အောင် မေးခွန်းထုတ်နေမိလေ၏။ ဤအချိန်တွင် ၊ သူသည် အလွန်တရာ ဝမ်းနည်းပူဆွေးနေရပြီး ၊ တုပိုင်၏ အသက်နှင့် လဲလှယ်ရမည်ဆိုပါက မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေသည်။

တုပိုင်အပေါ် ထားရှိသော လီယွမ်၏ ရင်တွင်းမှ အမုန်းတရားနှင့် နာကြည်းမှုများကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ချေ။

အထူးသဖြင့် တုပိုင်က အောင်ပွဲတစ်ခုပြီး တစ်ခု ဆက်တိုက် ရရှိနေချိန် ၊ ကောင်းကင်ဘုံက တုပိုင်ကို အလွန်အမင်း မျက်နှာသာ ပေးနေချိန်တွင် ဖြစ်လေ၏။

မနာလို ဝန်တိုမှုသည် အဆိပ်ပြင်းသော မြွေတစ်ကောင်အလား ၊ လီယွမ်၏ နှလုံးသားကို အငမ်းမရ ဝါးမျိုနေသည်။ သို့သော်လည်း သူသည် လက်တွေ့ကမ္ဘာဆီသို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိလာ၏။

လီယွမ်သည် ဂျင်ထိုက်ဂျိထံသို့ အပြေးအလွှား သွားရောက်ကာ အော်ဟစ်လိုက်လေသည်။ “အရှင်မင်းကြီး ၊ ထွက်သွားပါ ၊ သွားပါတော့။ အခု မထွက်သွားဘူးဆိုရင် နောက်ကျသွားလိမ့်မယ်။”

ဧကရာဇ် ဂျင်ထိုက်ဂျိသည် နေရာအနှံ့အပြားရှိ အလောင်းများကို ကြည့်ရှုရင်း ၊ တုန်ရီနေသော အသံဖြင့် မေးလိုက်လေ၏။ “သွားရမယ်.. ငါ ဘယ်ကို သွားရမှာလဲ။”

လီယွမ်က ပြန်ဖြေလိုက်သည်။ “အရှေ့ဘက် ပြည်ထောင်စုကို သွားရမှာပါ။ အရှင်တုကျန့်ရဲ့ စစ်သင်္ဘောက ရှန်းတူးမြို့နဲ့ မိုင်ခုနစ်ရာလောက်ပဲ ဝေးတဲ့ အန်တုန်းဆိပ်ကမ်းမှာ ရပ်နားထားတုန်းပါပဲ။”

ဂျင်ထိုက်ဂျိသည် ဝမ်းနည်း ဒေါသထွက်စွာဖြင့် ပြုံးလိုက်လေ၏။ “ငါ့ရဲ့ တာ့ဂျင်အင်ပါယာကြီး ပြီးဆုံးသွားပြီ။ အရှေ့ဘက် ပြည်ထောင်စုကို သွားလို့ရော ဘာတွေ ပြောင်းလဲသွားနိုင်မှာမို့လို့လဲ။”

လီယွမ်က ဖြောင်းဖျလိုက်သည်။ “အရှင်မင်းကြီး ၊ တုပိုင်ရဲ့ သွေးမိစ္ဆာမြင်းတပ်က အရမ်း အစွမ်းထက်တယ်ဆိုတာ အရှင်မင်းကြီးလည်း မြင်တဲ့အတိုင်းပါပဲ။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကမ္ဘာ့ရန် ရှိပါတယ်။ အဲဒါကတော့ အမြောက်သစ်တွေ ၊ သေနတ်ကိုင် တပ်မသစ်တွေပါပဲ။ အရှင်မင်းကြီးရဲ့ သိုင်းပညာက အလွန် ထူးချွန်ပြောင်မြောက်လှပါတယ်။ ပြီးတော့ ကျွန်တော်တို့ အရှေ့ဘက် ပြည်ထောင်စုမှာ ပင်လယ်ကြီး လေးစင်း ရှိပါတယ်။ နောင်ကျရင် အရှင်မင်းကြီးကို ဂျာချင်ဘုရင်အဖြစ် ဘွဲ့နှင်းသဘင် ကျင်းပပေးနိုင်ပါတယ်။”

ဂျင်ထိုက်ဂျိ၏ မျက်နှာမှာ သွေးဆုတ်ကာ ထုံထိုင်းနေဆဲပင် ဖြစ်လေ၏။

လီယွမ်က ဟိန်းဟောက်လိုက်သည်။ “အရှင်မင်းကြီး ၊ အရှင်မင်းကြီးက တုပိုင် ကျရှုံးသွားတာကို မမြင်ရသေးသလို ၊ တုပိုင် သေဆုံးသွားတာကိုလည်း မမြင်ရသေးဘူးလေ။ ဒီအတိုင်း လက်ခံလိုက်ချင်လို့လား။”

ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ၊ ဂျင်ထိုက်ဂျိ၏ မျက်လုံးများမှာ တုန်ခါသွားလေ၏။

လီယွမ်က သွားကြိတ်ကာ ဆက်ပြောလိုက်လေသည်။ “အရှင်မင်းကြီး ၊ အခုဆိုရင် အရှင်မင်းကြီးက သေဆုံးသွားပြီလို့ သတ်မှတ်လို့ရနေပြီ။ တုပိုင်က အရှင်မင်းကြီးဆီမှာ ချန်ထားရစ်ခဲ့တဲ့ နောက်ဆုံး မှတ်ဉာဏ်က မာနထောင်လွှားပြီး ၊ ဗိုလ်ကျစိုးမိုးနိုင်စွမ်းရှိတဲ့အပြင် ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ အရာပဲ။ အရှင်မင်းကြီးက ဒီအတိုင်း ကျေနပ်နိုင်ပါ့မလား။ သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပြီး ချေမွပစ်တာကို မမြင်ချင်ဘူးလား။ လင်းချီ စီရင်ခံရတာကိုကော မမြင်ချင်ဘူးလား။”

လီယွမ်၏ အပြောအောက်တွင် ဂျင်ထိုက်ဂျိ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

လီယွမ်က အသံပြဲကြီးဖြင့် ဆက်ပြောသည်။ “တုပိုင်က အရမ်း အစွမ်းထက်တယ်လို့ ထင်ရပေမဲ့ ၊ ကျွန်တော်တို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ရှေ့မှာတော့ ပုရွက်ဆိတ် တစ်ကောင်သာသာပါပဲ။ အခုအချိန်မှာ အိမ်ရှေ့စံမင်းသားရဲ့ မဟာဗျူဟာမြောက် အချက်အချာက ကမ္ဘာသစ်မှာ ရှိနေပြီး ၊ အနောက်ကမ္ဘာနဲ့ စစ်ပွဲကို ရင်ဆိုင်နေရတယ်။”

“တောင်ပေါ်မှာ ကျားမရှိတဲ့အချိန် တောင်ဝှေးထောက်ပြီး မျောက်က ဘုရင်လုပ်နေတဲ့ တုပိုင်က ကြီးစိုးနေတာ။ မင်းသားလေးက တာ့နင်အင်ပါယာဘက်ကို အာရုံစိုက်လာတဲ့ အချိန်ကျရင် ၊ တုပိုင်ဆိုတဲ့ မျောက်လေးက မြှုပ်နှံစရာ နေရာတောင် မရှိဘဲ သေဆုံးရလိမ့်မယ်။ အဲဒီအချိန်ကျရင် အရှင်မင်းကြီးက တပ်မတော်ကို ကိုယ်တိုင် ဦးဆောင်ပြီး တုပိုင်ရဲ့ အသိုက်အမြုံကို ဖျက်ဆီးပစ်နိုင်လိမ့်မယ်။”

“အရှင်မင်းကြီး ၊ တုပိုင်ရဲ့ သွေးမိစ္ဆာစစ်သည်တွေက အရမ်း အစွမ်းထက်တယ်လို့ ထင်နေလား။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ အရှေ့ဘက် ပြည်ထောင်စုရဲ့ ခွန်လွန်ကျွန်စစ်သည်တွေနဲ့ နှိုင်းယှဉ်လို့ ရနိုင်ပါ့မလား။ တုပိုင်ဆီမှာ သွေးမိစ္ဆာစစ်သည် ဘယ်လောက်တောင် ရှိလို့လဲ။ ငါးထောင်တည်းပါ။”

“ကျွန်တော်တို့ အရှေ့ဘက် ပြည်ထောင်စုဆီမှာရော ခွန်လွန်ကျွန်စစ်သည် ဘယ်လောက် ရှိလဲ။ တစ်သိန်းကျော်တယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အရေအတွက်နော်။” လီယွမ်က ထမ်မံဟိန်းဟောက်လိုက်လေ၏။ “မကြာခင်မှာ အရှင်မင်းကြီးက သောင်းနဲ့ချီတဲ့ ခွန်လွန်ကျွန်စစ်သည်တွေကို ဦးဆောင်ပြီး တုပိုင်ရဲ့ အနောက်တောင်ပိုင်းဒေသကို ခြေမှုန်းပစ်မယ် ၊ ရှန်ဟိုင်ကွမ်ကို ဖြိုခွင်းပြီး တုပိုင်ရဲ့ မိန်းမတွေကို အတင်းအဓမ္မ သိမ်းပိုက်မယ်ဆိုတာကို စိတ်ကူးကြည့်စမ်းပါ။ ဒါက ဘယ်လောက်တောင် အရသာရှိလိုက်မလဲ။ တုပိုင်ရဲ့ လက်ထဲမှာ ဂျာချင်စစ်သည် ဘယ်လောက်တောင် သေဆုံးခဲ့ရလဲ။ ဒီကလဲ့စားကိုမှ မချေနိုင်ရင် သူရဲကောင်းဖြစ်ရတာ အချည်းနှီးပဲ။”

ရွေ့မင်းသား ဒိုမိုဂွန် ၊ မင်းသား ဝမ်ယန်ယင်းတူနှင့် အခြားသူများသည် ဂျင်ထိုက်ဂျိထံသို့ အပြေးအလွှား ရောက်ရှိလာကြလေ၏။

သူတို့သည် ထိုစကားများကို အပြည့်အဝ ကြားလိုက်ရသည်။ လီယွမ်သည် ဂျင်ထိုက်ဂျိကို ဂရုစိုက်သောကြောင့် ထွက်ပြေးရန် အကြံပေးနေခြင်း မဟုတ်ဘဲ ၊ လီယွမ် ကိုယ်တိုင် ထွက်ပြေးလိုသောကြောင့် ဖြစ်လေ၏။

လက်ရှိအချိန်တွင် လီယွမ် တစ်ယောက်တည်း အသက်လု ထွက်ပြေးမည်ဆိုပါက ၊ သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။ အသက်ရှင်ကျန်ရစ်ရန်အတွက် သူသည် ဂျင်ထိုက်ဂျိ ၊ ဒိုမိုဂွန်နှင့် အခြားသူများ၏ နောက်သို့ လိုက်ပါကာ ထွက်ပြေးရမည် ဖြစ်လေသည်။

“အရှင်မင်းကြီး ၊ လီယွမ် ပြောတာ မှန်ပါတယ်။ တောင်တန်းစိမ်းတွေ ရှိနေသရွေ့ ထင်းမရှိမှာကို ပူစရာမလိုပါဘူး။”

ဝမ်ယန်ယင်းတူက ဟိန်းဟောက်လိုက်သည်။ “အရှင်မင်းကြီး ၊ သွားပါ ၊ သွားပါတော့ ၊ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက် နောက်ချန်ပြီး တားဆီးပေးထားပါ့မယ်။”

မင်းသား ဒိုမိုဂွန်က အော်ဟစ်လိုက်သည်။ “နောင်တော်ဧကရာဇ် ၊ သွားပါ ၊ သွားပါတော့။”

ဂျင်ထိုက်ဂျိသည် စစ်မြေပြင်ကို နာကျင်စွာဖြင့် တစ်ချက် ဝေ့ကြည့်လိုက်ပြီး ၊ မကြာသေးမီကမှ အသစ်ပြန်လည် မွမ်းမံထားသော ယာယီနန်းတော်ကြီးကို လှမ်းကြည့်လိုက်လေ၏။

မူလက ၊ သူသည် မြို့တော်ကို သိမ်းပိုက်ပြီးနောက် နန်းတက်ပွဲ အခမ်းအနားကို ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။ တစ်ချိန်က ၊ သူသည် တာ့နင်အင်ပါယာ၏ မြို့တော်ဖြစ်သော တားမြစ်နန်းတော်ကြီးနှင့် အလွန် နီးကပ်ခဲ့ပြီး ၊ ရွှေနဂါးပလ္လင်နှင့်လည်း အလွန် နီးကပ်ခဲ့လေသည်။

ယခုအခါတွင်မူ ၊ ထိုအရာများအားလုံးသည် ပုံရိပ်ယောင်တစ်ခုထက်မပိုတော့ချေ။

“သွားမယ် ၊ သွားမယ် ၊ သွားကြမယ်။” ဂျင်ထိုက်ဂျိက အမိန့်ပေးလိုက်လေ၏။ “တန်ဂူစကာ သိုင်းပညာရှင်တွေ အားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ ဒိုမိုဂွန် ၊ ဝမ်ယန်ယင်းတူ ၊ ဟောက်ကော် ၊ မင်းတို့ကော ငါ့နောက်ကို လိုက်ခဲ့ကြ။”

ရုတ်တရက် ၊ ဂျင်ထိုက်ဂျိသည် အထူး အရပ်မောင်းမြင့်မားသော စစ်မြင်းကြီး တစ်ကောင်ပေါ်သို့ တက်စီးလိုက်ပြီး မြို့ပြင်သို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။

မင်းသားကြီးဟောက်ကော် ၊ ရွေ့မင်းသား ဒိုမိုဂွန် ၊ ဆူးမင်းသား ဝမ်ယန်ယင်းတူနှင့် အခြားသူများ အားလုံးလည်း သူတို့၏ မြင်းများပေါ်သို့ တက်စီးလိုက်ကြလေသည်။ အစွမ်းအထက်ဆုံး တန်ဂူစကာ စစ်သည် သုံးထောင်သည် သူတို့၏ မြင်းများပေါ်သို့ တက်စီးကာ ဂျင်ထိုက်ဂျိနှင့် အခြားသူများ ထွက်ပြေးလွတ်မြောက်နိုင်ရန် အစောင့်အရှောက်အဖြစ် လိုက်ပါသွားကြလေ၏။

“အရှင်မင်းကြီး ထွက်သွားနိုင်ဖို့ ကာကွယ်ပေးကြစမ်း။”

“အရှင်မင်းကြီးအတွက် နောက်ချန်ပြီး ဟန့်တားပေးထားကြ။”

ထိုအချိန်တွင် ၊ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးနေခဲ့သော ဂျာချင်စစ်တပ်ကြီးသည် ရူးသွပ်သွားကြပြီး ၊ သေဆုံးရမည်ကို မကြောက်ရွံ့ဘဲ တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်ဆီသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်သွားကြပြန်လေ၏။

ဂျင်ထိုက်ဂျိကို ထွက်ပြေးခွင့် လုံးဝ မပေးနိုင်သလို ၊ လီယွမ်ကိုလည်း ထွက်ပြေးခွင့် ပေး၍ မရနိုင်ချေ။ တုပိုင်သည် သွေးမိစ္ဆာမြင်းတပ်ကို လျင်မြန်စွာ စုစည်းလိုက်လေ၏။

ရှန်ယန်မြို့တွင်းမှ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကာ ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးမှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲပင်။

သို့သော်လည်း မကြာမီမှာပင် ၊ သွေးမိစ္ဆာမြင်းတပ်သား တစ်ထောင့်ငါးရာသည် တုပိုင်၏ အနီးသို့ လျင်မြန်စွာ စုရုံးရောက်ရှိလာကြလေ၏။

ရုတ်တရက် နူးညံ့မွှေးပျံ့သော ကိုယ်လုံးလေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လာခဲ့လေ၏။ လီတောက်ယွဲ့ပင် ဖြစ်လေသည်။

ဤအမျိုးသမီးသည် အခြားသူများ၏ အမြင်ကို လုံးဝ ဂရုမစိုက်ချေ။ သူမသည် မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီး တစ်ကောင်ကို ကိုယ်တိုင် စီးနှင်းနိုင်စွမ်း ရှိသည်မှာ သိသာထင်ရှားသော်လည်း ၊ တုပိုင်နှင့် အတူတကွ စီးနင်းလိုနေသည်။

အသက် တစ်ရာ့ငါးဆယ်အရွယ် ရှာမန် နိုင်ငံတော်ဆရာသခင်က ကျယ်လောင်စွာ ပြောလိုက်၏။ “အစွမ်းအထက်ဆုံး ရှာမန် သုံးဆယ် ၊ ငါ့နောက်ကို လိုက်ခဲ့ကြ။”

မကြာမီမှာပင် ၊ အစွမ်းထက်သော ရှာမန် သုံးဆယ်သည် မျိုးဗီဇပြောင်း ဝံပုလွေကြီးများပေါ်သို့ ခုန်တက်လိုက်ကြပြီး သွေးမိစ္ဆာစစ်သည်များနှင့်အတူ စီးနင်းလိုက်ကြလေ၏။

“အရှင်သခင် ၊ ဂျင်ထိုက်ဂျိရဲ့ သိုင်းပညာက အလွန်တရာ မြင့်မားပါတယ်။ ဒိုမိုဂွန်နဲ့ ဝမ်ယန်ယင်းတူတို့ကလည်း ထိပ်တန်း သိုင်းပညာရှင်တွေ ဖြစ်ကြပြီး ၊ တန်ဂူစကာ စစ်သည် သုံးထောင်ကလည်း အရမ်းကို အစွမ်းထက်ပါတယ်။” ရှာမန် နိုင်ငံတော်ဆရာသခင်က ပြောလိုက်လေ၏။ “သူတို့ကို လိုက်လံချေမှုန်းဖို့ အရှင်သခင်နဲ့အတူ ကျွန်တော်မျိုးတို့ကို လိုက်ပါခွင့် ပြုပါ။”

“ခွင့်ပြုတယ်။” တုပိုင်က ခေါင်းညိတ်သည်။

ခဏအကြာတွင် ၊ တုပိုင်သည် သွေးမိစ္ဆာမြင်းတပ်သား တစ်ထောင့်ငါးရာကို ဦးဆောင်ကာ လိုက်လံ ချေမှုန်းရန် ထွက်ခွာသွားလေ၏။

ရှန်ယန်မြို့တွင်းမှ တိုက်ပွဲ အခြေအနေကိုမူ ကျန်ရစ်နေသော သွေးမိစ္ဆာမြင်းတပ်သား သုံးထောင့်ငါးရာနှင့် ဖူဟုန်ပင်း၏ တပ်မတော်ထံသို့ လွှဲပြောင်းပေးခဲ့လေသည်။

**--**--**--**--**--**--**--**

ဂျင်ထိုက်ဂျိနှင့် အခြားသူများသည် နာရီဝက်စော၍ ထွက်ပြေးသွားခဲ့ကြသော်လည်း ၊ သူတို့၏ မြင်းများ၏ အမြန်နှုန်းမှာ မျိုးဗီဇပြောင်း သားရဲဝံပုလွေကြီးများထက် များစွာ နှေးကွေးလှပေသည်။

မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးတွင်ပင် ၊ တုပိုင် ဦးဆောင်သော သွေးမိစ္ဆာမြင်းတပ်သား တစ်ထောင့်ငါးရာသည် သူတို့ကို လိုက်မီသွားခဲ့ပြီ ဖြစ်လေ၏။

ဂျာချင် နယ်စားမင်းတစ်ဦးသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြောလိုက်လေ၏။ “ညီအစ်ကို တစ်ထောင် ၊ အရှင်မင်းကြီးအတွက် ငါနဲ့အတူ ယှဉ်တွဲ တိုက်ပွဲဝင်ကြဖို့ ထွက်လာခဲ့ကြစမ်း။”

ခဏချင်းအတွင်းမှာပင် ၊ တန်ဂူစကာ စစ်သည် တစ်ထောင်သည် ထွက်လာခဲ့ကြပြီး တုပိုင်ကို ဟန့်တားရန် ကွင်းပြင်ထဲတွင် တပ်ဖွဲ့စည်းပုံ တစ်ခုကို တည်ဆောက်လိုက်ကြလေ၏။ ဂျင်ထိုက်ဂျိသည် တန်ဂူစကာ စစ်သည် နှစ်ထောင်ကို ဦးဆောင်ကာ အန်တုန်းဆိပ်ကမ်းဆီသို့ ဆက်လက်၍ တဟုန်ထိုး ထွက်ပြေးသွားလေ၏။

ရှေ့တွင်ရှိနေသော ဂျာချင်အင်ပါယာ၏ တန်ဂူစကာ စစ်သည် တစ်ထောင်ကို ကြည့်ရင်း ၊ တုပိုင် ဦးဆောင်သော သွေးမိစ္ဆာစစ်သည် တစ်ထောင့်ငါးရာသည် ရပ်တန့်မသွားဘဲ ၊ အရှိန်မြှင့်တင်ကာ တဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။

“အရှင်မင်းကြီးအတွက် ၊ တာ့ဂျင်အင်ပါယာကြီးအတွက် ၊ သတ်ကြစမ်း...”

ဂျာချင် နယ်စားမင်းသည် တန်ဂူစကာ စစ်သည် တစ်ထောင်ကို ဦးဆောင်ကာ အပြင်းအထန် အရှိန်မြှင့်တင်လိုက်ပြီး ၊ သူ၏ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။

မြင်းတပ် နှစ်ခုစလုံးသည် လျင်မြန်စွာ နီးကပ်လာခဲ့ကြသည်။ သို့သော်လည်း တုပိုင်၏ သွေးမိစ္ဆာမြင်းတပ်ကမူ များစွာ ပို၍ မြန်ဆန်နေလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းတပ် နှစ်ခုသည် အပြင်းအထန် ဝင်တိုက်မိသွားကြလေတော့၏။

“ဘန်းးး ဘန်းးး ဘန်းးး”

ကျယ်လောင်လှသော အသံကြီးများ ထွက်ပေါ်လာလေ၏။ ဂျာချင်အင်ပါယာ၏ တန်ဂူစကာ မြင်းတပ်မှာ တိုက်ရိုက်ပင် လွင့်စင်ထွက်သွားသည်။

အမှန်တကယ်တော့ ဤတန်ဂူစကာ စစ်သည်များသည် အလွန်တရာ အစွမ်းထက်လှသော်လည်း ၊ သူတို့၏ စစ်မြင်းများမှာမူ အလွန် အားနည်းလွန်းနေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဝင်တိုက်မှုအောက်တွင် ၊ မြင်းများ၏ ကြွက်သားများနှင့် အရိုးများ ကျိုးကြေသွားကာ သွေးများ ပန်းထွက်သွားရ၏။ စစ်မြင်းပေါ်ရှိ တန်ဂူစကာ စစ်သည်များသည် ချက်ချင်းပင် ခြေလျင်တပ်သားများအဖြစ်သို့ ပြောင်းလဲသွားရလေသည်။

​ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၀၉ - ၇၁၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters