အခန်း (၃၂၁-၃၂၂)
Vol. 23 Ch. 321-322
ယွမ်ကျိုး အပိုင်း(၃၂၁) မျက်နှာကိုအားဖြင့် ဖြတ်ရိုက်ပစ်ခြင်း
“ဘာဖြစ်လို့လဲဟ။ ဟင်းတွေတောင် မရောက်လာသေးဘူး” ကျောက်ယွီကျွင့်က အရင်ဆုံးအသိဝင်လာပြီး သူ့ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။
“အရင်ဆုံး တန်းသွားစီရအောင်။ နို့မို့ဆို ရှင်းပြနေတာနဲ့ အကုန်ပြောင်သွားဦးမယ်”
ဝူကျိုးက သူ့ကောင်မလေး၏လက်ကို
ဆွဲကာ လမ်းလျှောက်ထွက်လာခဲ့ရင်း ခပ်ဟဟပြောသည်။
“ဘာဖြစ်လို့လဲလို့”
ကျွမ်းရှင်းမူက စိတ်မရှည်တော့သလိုဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး။ သူဌေးယွမ်ကသိပ်အကြံပက်စက်တာပဲ။ လာအရသာရှိတာလေးတွေ သွားစားကြစို့။ အခုသွားရင် မှီနိုင်လောက်သေးတယ်”
ဝူကျိုးက အချိန်ကို တစ်ချက်ကြည့်လိုက်ကာ ကျွမ်းရှင်းမူကို နှစ်သိမ့်သလို ပြောလိုက်သည်။
“သူဌေးယွမ်က ဟင်းပွဲအသစ်ရောင်းနေလို့လား”
မန်နေဂျာရှီက အံအားသင့်သွားကာ မေးလိုက်သည်။
“ဘယ်တုန်းကမှ မရောင်းဖူးတဲ့ဟင်းပွဲအသစ်တဲ့”
ဝူကျိုးက အံကြိတ်ကာ ပြောလိုက်သည်။
“ကျွတ်စ်...ဒီသူဌေးယွမ်ကတော့သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ”
မန်နေဂျာရှီက ထိုသို့ပြောလိုက်ကာ သူ့ခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။
“ဘယ်လိုဟင်းပွဲအသစ်မို့လို့ မင်းက ဒီလောက်တက်ကြွနေရတာလဲ” ကျောက်ယိင်းကျွင့်ကလည်း ခြေလှမ်းကို မြန်မြန်လှမ်းလိုက်ကာ ယခုလေးတင် မှာယူထားသော ဟင်းပွဲများကို လျစ်လျူရှုလိုက်တော့သည်။
“ဘာဖြစ်လို့လဲ အစ်ကိုဝူ။ ဘာများကူညီပေးရမလဲရှင့်”
သူတို့၏သုတ်သီးသုတ်ပြာအမူအရာများကို မြင်သောအခါ စားပွဲထိုးမလေးရှောင်ကျင်းက သူတို့ထံ အလျင်အမြန်ရောက်လာကာ မေးသည်။
“ကျွန်တော်တို့မှာ အရေးကြီးကိစ္စလေးပေါ်လာလို့ပါ။ ဟင်းတွေအားလုံးကို ပါဆယ်ထုပ်ပေးပါနော်။ ဒါက ကျွန်တော့်ဘဏ်ကဒ်ပါ။ လျို့ဝှက်နံပါတ်မလိုဘူး။ ဟင်းပွဲတွေနဲ့ ဘဏ်ကဒ်ကို ခင်ဗျားတို့ဆိုင်ရှေ့က ယွမ်ကျိုးရဲ့စားသောက်ဆိုင်ကို ပို့ပေးပါဗျာ။ ကျွန်တော် အဲ့ဒီဆိုင်မှာ စောင့်နေပါ့မယ်”
မန်နေဂျာရှီက သူ့ဘဏ်ကဒ်ကို ချက်ချင်းထုတ်ယူလိုက်ကာ သေချာပြောပြလိုက်သည်။
“ဟုတ်ကဲ့၊ တခြားဘာရောလုပ်ပေးရဦးမလဲရှင့်”
စားပွဲထိုးမလေးမှာ အနည်းငယ်ကြောင်အသွားသည်။ နောက်ဆုံးတော့ သူမ ဒီဆိုင်မှာ အလုပ်လုပ်ရသည်မှာ တစ်ရက်သာရှိသေးပြီး ယခုကဲ့သို့အခြေအနေမျိုးကို တွေ့ကြုံဖူးခြင်းမရှိပေ။
“ဟုတ်ကဲ့ပါ။ ကျေးဇူးပြုပြီး ခဏစောင့်ပါနော်။ ကျွန်မ ဟင်းတွေသွားထုပ်ပြီး အဲ့ဒီကို လာပို့ပေးပါ့မယ်ရှင့်”
စားပွဲထိုးမလေးရှောင်ကျင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
အံ့သြသွားသော်လည်း သူမက ထိုသူတို့ကို တံခါးဝအထိ တာဝန်ကျေပွန်စွာ ပို့ဆောင်ပေးခဲ့ပြီး ပြန်လာခဲ့သည်။ ပထမဦးစွာ ကျသင့်ငွေကိုရှင်းပေးလိုက်ပြီး မီးဖိုခန်းဘက်သို့ ဟင်းပွဲများကို ထုပ်ပိုးပေးရန်မှာလိုက်သည်။
သို့ရာတွင် ထိုကဲ့သို့ရုတ်တရက်ဖြစ်ရပ်မှာ ပြီးဆုံးသွားခြင်းမရှိပေ။ ဝူကျိုးနှင့် အခြားသူများထွက်သွားပြီးနောက် ဆိုင်အတွင်းရှိ အခြားလူများသည်လည်း သတင်းတစ်ခုခု လက်ခံရရှိသကဲ့သို့ ဟင်းပွဲများကို ပါဆယ်သာ ထုပ်ပေးရန်မှာကြားခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် ထပြန်သွားကြသည်။
“သူဌေးယွမ်ရဲ့စားသောက်ဆိုင်ကိုသွားကြစို့”
မိန်းကလေးတစ်ဦးက သူမ၏ရည်းစားကို ဆွဲထူလိုက်ကာ ထွက်သွားရန် ပြင်လိုက်သည်။
“ဘာလို့ လောနေတာလဲ။ ဒီမှာပိုက်ဆံတောင် မရှင်းရသေးဘူး" ကောင်လေးမှာ သူ့ကောင်မလေးကို ပြန်ဆွဲလိုက်ပြီး အသာပြောသည်။
“မြန်မြန်လုပ်ပါဆို။ အဲ့လိုမှမဟုတ်ရင် အချိန်မမှီဘဲ နေတော့မယ်” မိန်းကလေးမှာ ပိုက်ဆံကို ဆွဲယူလိုက်ပြီး ကျသင့်ငွေကို မြန်မြန်ရှင်းပေးလိုက်သည်။
“ပါဆယ်ထုပ်ပေးပါနော်။ ဒီဟင်းတွေ အကုန်ယူမယ်၊ ငါးဟင်းမဟုတ်လား။ အဲ့ဒါယူမယ်နော်” မိန်းကလေးက သူမ၏ဘေးရှိ စားပွဲထိုးမလေးအား သေချာပြောလိုက်သည်။
“အခုမှ စရောင်းတာမဟုတ်လား။ ကိုယ်တို့ အဲ့ဆိုင်ကို ညနေမှသွားလို့မရဘူးလား”
ကောင်လေးမှာ အနည်းငယ်တွေဝေနေသည်။
သူသည် ဤပတ်ဝန်းကျင်တွင် အလုပ်လုပ်သူမဟုတ်ရာ ယွမ်ကျိုးဆိုင်ကို တစ်ခါမှ မရောက်ဖူးသဖြင့် နားမလည်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ယွမ်ကျိုး၏ကမ်းလှမ်းချက်ကို လုံးဝမသိပေ။
သူက ဤဆိုင်တွင် တစ်နပ်ပြီးအောင်စားလိုက်ပြီး ညနေကျမှ ယွမ်ကျိုး၏စားသောက်ဆိုင်သို့သွားချင်သည်။ ဘာမှထူးထူးခြားခြား ပြောင်းလဲသွားမည် မဟုတ်ချေ။
“မရဘူး။ ဒီဟင်းက အခုမှ စရောင်းမှာ။ မစားရဘူးဆိုရင်တောင် သွားကြည့်မှ ရမယ်”
မိန်းကလေးက အခိုင်အမာပြောဆိုနေသည်။
“ညီမရေ...ဟင်းတွေ ပါဆယ်ထုပ်ပေးပါဦး။ ပါဆယ်ယူသွားမယ်” သူတို့နှစ်ဦးငြင်းခုန်နေစဉ်ပင် အခြားသူများသည်လည်း ဟင်းများကို ပါဆယ်ထုပ်ကြတော့သည်။
ထိုသူတို့၏အသံများကို ကြားသည်နှင့် တစ်ပြိုင်နက် မိန်းကလေးမှာ ပိုစိတ်ပူလာသည်။ သူမ၏ရည်းစားကို အမှန်ပင် ဆွဲထုတ်ပစ်လိုက်ချင်ပြီး ဟိုဘက်ဆိုင်သို့သာ ချက်ချင်းပြေးသွားလိုက်ချင်သည်။ ထိုအချိန်တွင် အခြားတစ်ဖက်မှလည်း အသံထွက်ပေါ်လာသည်။
“သွားကြစို့။ သူဌေးယွမ်က ဟင်းပွဲအသစ်ရောင်းနေတယ်တဲ့။ ငါတို့လွတ်သွားဦးမယ်”
သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးမှာ ထရပ်လိုက်ပြီး ချက်ချင်းပြေးထွက်သွားတော့မည့်ပုံပင်။
“စားပွဲပေါ်က ဟင်းတွေက ဘယ်လိုလုပ်မလဲ”
ထိုသူနှင့်အတူ ထိုင်နေသူတစ်ဦးက ကောင်းမွန်သောဟင်းလျာများကို စွန့်ပစ်ခဲ့ရန် နှမျောနေသည်။
ဤဆိုင်၏ ဟင်းလျာများမှာ အမှန်ပင်ဈေးမသေးလှ။ ဆေးဖက်ဝင်အပင်များပါဝင်သောဆော့စ်နှင့် သိုးသားနံရိုးကင်တစ်ပွဲပင်လျှင် ယွမ်ထောင်ချီကျသည်။ သူ အကုန်ကျခံ ကျွေးမွေးခြင်းမဟုတ်သော်လည်း အလွန်နှမျောမိနေဆဲပင်။
“အဲ့ဒါတွေ ထားလိုက်စမ်းပါ။ အခုသွားရအောင်”
သက်လတ်ပိုင်းအမျိုးသားက ဘေးရှိစင်ပေါ်တွင် တင်ထားသော အိတ်ကို ဆွဲယူကာ ဘာမှမဖြစ်သလို ပြောလိုက်သည်။
“သူဌေးယွမ်ရဲ့ဆိုင်မှာတုန်းက အစားအသောက်ကို မဖြုန်းတီးရဘူးလို့ မင်းပဲ ငါ့ကိုပြောတာမဟုတ်လား”
အခြားတစ်ဦးက ချက်ချင်းပြောလိုက်သည်။
“အေးပါကွာ အေးပါကွာ။ ငါ ဒါတွေကို ပါဆယ်ထုပ်လိုက်ပါ့မယ် ဟုတ်ပြီလား”
သက်လတ်ပိုင်းအမျိုးသားက ထိုသို့သာ ပြောလိုက်ချေသည်။
ပင်မစားသောက်ခန်းတွင် ထိုင်နေကြသော စားသုံးသူများ၏ သုံးပုံတစ်ပုံမှာ တစ်ပြိုင်နက်တည်းထွက်ခွာသွားကြပြီး သူတို့ မှာယူထားသည့်ဟင်းပွဲများကို ပါဆယ်ထုပ်သွားကြသည်။
ဤဖြစ်ရပ်မှာ အလွန်မြန်ဆန်လှရာ စားပွဲမလေးများမှာ ကြိုတင်မပြင်ဆင်ထားမိခဲ့ချေ။ လျိုရို့ယွိကို အသိပေးခဲ့ကြသူများမှာ အခြားစားပွဲထိုးများဖြစ်သည်။
စားပွဲထိုးက သူမထံသို့ လာရောက်အသိပေးချိန်တွင် မစ္စတာချန်နှင့် အခြားသူများက လီလီ၏ဟင်းချက်စွမ်းရည်အား ဝိုင်းဝန်းချီးကျူးနေသည်ကို တွေ့လိုက်ရသည်။
“မစ္စတာလီ...ခင်ဗျားရဲ့ဟင်းချက်လက်ရာကတော့ တကယ့်ကိုအံ့မခန်းပါပဲဗျာ။ ဒီလောက်လတ်ဆတ်ပြီး နူးညံ့တဲ့သိုးသားနံရိုးကင်ကို အရင်က မစားဖူးဘူးဗျို့။ အဲ့ဒါအပြင် လုံးဝကို မညှီဘူးနော်”
ထိုသူတို့မှာ တစ်ဝိုင်းတည်းထိုင် စားသောက်နေကြသည်ဖြစ်ရာ အလိုအလျောက်ပင် ချိုသာသော စကားများကိုသာ တွင်တွင်ပြောနေကြသည်။
“ကျွန်တော် တကယ့်ကို ဂုဏ်ယူမိပါတယ်ဗျာ။ တကယ်စားကောင်းတယ်”
မစ္စတာချန်က လက်မထောင်ပြကာ ပြောလိုက်သည်။
“ကျေးဇူးပဲဗျာ”
လီလီမှာ အနောက်တိုင်းဟင်းချက်နည်းကို သင်ယူခဲ့ပြီး သူ၏ချက်နည်းပြုတ်နည်းများမှာလည်း အလွန်ပင် အနောက်တိုင်းဆန်လှသည်။ သူက ဧည့်သည်များအား မနေတတ်သလို ကျေးဇူးတင်စကားပြန်ပြောလိုက်သည်။
“မစ္စတာချန် အခု သူ့ကို စိတ်ချထားလိုက်လို့ရပါပြီ”
စားပွဲတွင် ထိုင်နေသည့် နျိုလီက မစ္စတာချန်အား စနောက်လိုက် သည်။ ဟင်းများစားသောက်ပြီးနောက် သူမ ယုံကြည်မှုပိုရှိလာသည်။
သူမသည် ယွမ်ကျိုး၏လက်ရာမြောက်လှသော ကြက်ဥထမင်းကြော်တစ်ပန်းကန်ကို တစ်ခါမြည်းစမ်းကြည့်ဖူးသည်။
အရသာမှာ အလွန်ကောင်းမွန်လွန်းလှရာ ကြက်ဥထမင်းကြော်အနေဖြင့်ဆိုရလျှင် အဆုံးစွန်သောအရသာဖြစ်သည်။ လီလီသည် ဟင်းချက်စွမ်းရည်၌ ယွမ်ကျိုးထက်မသာလွန်နိုင်ဟု သူမယုံကြည်ခဲ့ဖူးသည်။
သို့သော် လီလီပြောဖူးသကဲ့သို့ပင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ရာ၌ အရသာကောင်းသောဟင်းပွဲအချို့ထက် သာလွန်သောအရာများစွာရှိသည်ပင်။ ဝန်ဆောင်မှုသည်လည်း အောင်မြင်ရသည့်အဓိကအကြာင်းရင်းတစ်ခုဖြစ်ပေ သည်။
ယွမ်ကျိုး၏ ကြက်ဥထမင်းကြော်နှင့် လတ်ဆတ်နူးညံ့သောသိုးသားနံရိုးကင်အကြောင်းကို တွေးမိသောအခါ နျိုလီမှာ ဗိုက်ပြန်ဆာလာသလို ခံစားလိုက်ရပြီး နောက်တစ်လုတ်လောက် ထပ်စားလိုက်သည်။
“မင်းကတော့ ငါ့ကိုနောက်နေပြန်ပြီ။ ငါ ဘယ်တုန်းက စိတ်မချဖြစ်ဖူးလို့လဲ။ ကိုယ့်ကိုကိုယ်လည်း ပြန်ကြည့်။ စားပုံ၊ သောက်ပုံလည်းထိန်းပါဦး”
မစ္စတာချန်က ပြုံးရွှင်စွာ ပြန်ပြောရင်း သူမကို မနှစ်သက်သည့်ဟန်ပြလိုက်သည်။
“ဒါတွေအားလုံး မစ္စတာလီဟင်းချက်ကောင်းလို့ပေါ့ဗျာ။ ကျုပ်သာမရှက်တတ်ဘူးဆိုရင် ခင်ဗျားပန်းကန်ဆေးဖို့တောင် မလိုလောက်ဘူး”
သူ့ဘေးဖက်ရှိ လူတစ်ဦးမှ ဆော့စ်အနည်းငယ်နှင့် အရံဟင်းပွဲသာကျန်တော့သော ပန်းကန်ပြားကို ပြရင်း ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်လေသည်။
အခန်းတွင်းရှိ အနေအထားမှာ လိုက်လျောညီထွေရှိနေချိန်တွင် ဟင်းပွဲချပေးသူတစ်ဦးက တံခါးခေါက်လာသည်။
“ဒေါက် ဒေါက် ဒေါက်”
အခန်းအတွင်း၌ တံခါးခေါက်သံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာရာ မစ္စတာချန်က ချက်ချင်းပင် “ဝင်ခဲ့လေ” ဟု ပြောလိုက်သည်။
အဖြူရောင်အလုပ်ယူနီဖောင်းဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး အခန်းတွင်းသို့ ဝင်လာသည်။
“မန်နေဂျာလျို၊ ပင်မစားသောက်ခန်းထဲမှာ အရေးပေါ်ကိစ္စလေးဖြစ်နေလို့။ ခဏလာကြည့်ပေးပါဦး” စားပွဲထိုးမှာ အခြားသူများအား အရင်ပြုံးပြလိုက်ပြီးမှ အလေးအနက်ပြောလိုက်သည်။
“ငါထင်တာတော့ ဧည့်သည်တွေများပြီး ထိုင်ခုံမလောက်တာပဲဖြစ်မယ်။ သူတို့ဖြေရှင်းဖို့ လိုမှာပေါ့” စားသုံးသူတစ်ဦးမှ ပြုံးရယ်ကာပြောသည်။
“ငါလည်း အဲ့လိုပဲထင်တယ်။ ဝယ်သူတွေ အရမ်းများနေတာ။ အဲ့လောက်များမယ်လို့ ငါထင်တောင်မထင်ထားဘူး”
အခြားတစ်ဦးမှလည်း ခေါင်းညိတ်ကာ သံယောင်လိုက်သည်။
“ဟုတ်ပြီ ရို့ယွိ။ မင်း သွားလုပ်ပေးလိုက်ပါဦး”
မစ္စတာချန်က ခေါင်းညိတ်ကာ ပြုံးလျက်ဆိုသည်။ ထိုသူများပြောသည်ကို သဘောတူပုံရသည်။
တကယ်တမ်းတွင် ပင်မခန်းမထဲ၌ ပြည့်လျှံကျမတတ် လူများခဲ့ရာ အခန်းပြည့်ကျပ်သွားသည်ဟု ထင်ကြခြင်းမှာ မဆန်းပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကိစ္စများမှာ ပြောင်းပြန်ဖြစ်သွားသည်။ စားပွဲထိုးလေးမှာ ပင်မစားသောက်ခန်းကြီးကြပ်ရေးမှူးမှ လျိုရို့ယွိထံလွှတ်လိုက်သူဖြစ်သည်။ သူကိုယ်တိုင်ကမူ အဖြစ်အပျက်များကို စောင့်ကြည့်ရန်အတွက် နေခဲ့သည်။
လွန်ခဲ့သောမိနစ်အနည်းငယ်အတွင်းပင် ဝယ်သူသုံးပုံတစ်ပုံမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ထွက်သွားကြသည်။
“စိတ်မရှိပါနဲ့ခင်ဗျာ။ ခင်ဗျားကို တစ်ခုလောက်မေး.....”
ကြီးကြပ်ရေးမှူးမှာ လူတွေ ဘာကြောင့် ဟင်းပွဲတွေကို မစားတော့ပဲ ပါဆယ်ထုပ်သွားရသည်ကို မမေးဘဲမနေနိုင်တော့ချေ။
သို့သော် သူ့မေးခွန်းမဆုံးခင်မှာပင် ထိုလူတွေထဲမှ တစ်ဦးက “စိတ်မရှိပါနဲ့ဗျာ..အချိန်မရတော့လို့” ဟုဖြတ်ပြောလိုက်သည်။ ထို့နောက်တွင်မူ ကြီးကြပ်ရေးမှူးကို ကျော်ကာ တံခါးမှ လျင်မြန်စွာ ထွက်သွားတော့သည်။
ကြီးကြပ်ရေးမှူးသည်လည်း ဆုံးဖြတ်ချက်ချထားရာ “ဂရုစိုက်ပြန်ပါ”ဟု ပြောလိုက်ပြီး အခြားတစ်ဦးအား ဆက်မေးရန် ကြိုးစားလိုက်သည်။
“ဆရာ...ကျွန်တော်မေး...”
“ပိုက်ဆံရှင်းပြီးပြီနော်။ သွားပြီ” ဤသူမှာ ပို၍ပင်ရှင်းရှင်းလင်းလင်းပြောလိုက်သည်။ သူက ကြီးကြပ်ရေးမှူး၏ မေးခွန်းကို လုံးဝပင် လျစ်လျူရှုပြီး နှုတ်ဆက်စကားတန်းဆိုသည်။ ဝယ်သူအချို့ကို တားရန်ကြိုးစားပြီးနောက်တွင်မူ တစ်ဦးမှာ လိုလိုလားလားရပ်ပေးလာသည်။
သို့သော်လည်း ထိုအချိန်တွင် ပင်မစားသောက်ခန်း၌ လူအနည်းငယ်သာ ကျန်တော့သည်။ သီးသန့်ခန်းများတွင်ရှိ စားသုံးသူအချို့တော်တော်များများပင် ပြန်ကုန်ကြသည်။
အဆိုပါပုဂ္ဂိုလ် ရပ်ပေးလိုက်ရသည့်အကြောင်းရင်းမှာ အလွန်ပင် ရှင်းသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် တန်းစီရန် အလွန်နောက်ကျသွား၍သာ ဖြစ်သည်။
...
ယွမ်ကျိုး အပိုင်း(၃၂၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၂၂)
မစ္စတာချန်၏မျက်နှာပေါ်မှ နာကျင်မှု
“ဆရာ...ကျွန်တော်တို့ဆိုင်မှာ တစ်ခုခုလိုအပ်တာများရှိလို့လားခင်ဗျာ”
ပင်မစားသောက်ခန်းကြီးကြပ်ရေးမှူးက ထွက်လာပြီး ယဉ်ကျေးစွာမေးလိုက်သည်။
သူ စကားပြောနေကြပုံစံထက် အနည်းငယ် ပိုမြန်မြန်ပြောလိုက်သည်။ သူ စကားဆုံးအောင် ပြောခွင့်မရလိုက်မည်ကို စိုးရိမ်၍ ဖြစ်သည်။
“မဟုတ်ပါဘူး။ မရှိပါဘူးဗျာ။ ကျွန်တော့်ကိစ္စလေးတွေ ပေါ်လာလို့ပါ”
ထိုသူမှာ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ မကြာခဏသွားလေ့ရှိသည်။ ဤနေရာအနီးရှိ စီးပွားရေးအဆောက်အဦးတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်သည်။ သူ့နာမည်မှာ “ချင်ဖန်” ဖြစ်ပြီး သိမ်မွေ့သောစရိုက်သဘာဝရှိရာ စကားပြောရာတွင် အတော်ယဉ်ကျေးလေသည်။
“ဆရာ ကျွန်တော်တို့က စားသုံးသူတွေရဲ့ ဘယ်အကြံပြုချက်ကိုမဆို လက်သင့်ခံပါတယ်ဗျ”
ကြီးကြပ်ရေးမှူးမှာ ထိုသူက စကားပြန်ပြောလိုစိတ်ရှိမှန်းသိလိုက်ရာ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။
“ဒီဆိုင်က ဝန်ဆောင်မှုလည်းတော်တော်ကောင်းပါတယ်ဗျ။ ပတ်ဝန်းကျင်ရော၊ ဟင်းအရသာတွေရော ကောင်းပါတယ်” ကြီးကြပ်ရေးမှူး၏စစ်မှန်သောအမူအရာကို မြင်သောအခါ ချင်ဖန်က ခဏလောက် စဉ်းစားပြီး အလေးအနက်ဖြေပေးလိုက်သည်။
“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အပန်းမကြီးဘူးဆိုရင် ဘာလို့ ဒီမှာထိုင်မစားချင်တာလဲဆိုတာ ပြောပြပေးလို့ရမလားဗျာ”
ကြီးကြပ်ရေးမှူးက ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်မေးလေသည်။
“အပန်းမကြီးပါဘူးဗျာ။ ဘာလို့လဲဆိုတော့ သူဌေးယွမ်က ဟင်းပွဲအသစ်ရောင်းလို့လေ။ ကြည့် အဲ့မှာ အဲ့လူတွေ အကုန်လုံး တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်သွားနေကြတာ”
ချင်ဖန်မှာ ခပ်လှမ်းလှမ်းရှိ ယွမ်ကျိုးစားသောက်ဆိုင်တံခါးတွင် လူများတဖြည်းဖြည်းများလာသည်ကို ကြည့်ကာ ပြောစရာစကားမရှိတော့ချေ။
“အဲ့ဒါဆိုရင် ဆရာရော ဘာလို့မသွားတာလဲ”
ကြီးကြပ်ရေးမှူးမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း သူ့ထုံးစံအတိုင်း ဆက်မေးလိုက်သည်။
“မမှီတော့ဘူးလေ။ အခုသွားရင် တံခါးနားတောင် မရောက်နိုင်ဘူး။တခြားသူတွေပြောတာပဲ နားထောင်ရတော့မှာ”
ချင်ဖန်က သက်ပြင်းချကာ အလေးအနက် ပြောလာသည်။
“ဒီသူဌေးယွမ်ဆိုတာက ဘယ်နာမည်ကျော်စားဖိုမှူးလဲ မသိဘူးနော်”
ကြီးကြပ်ရေးမှူးက ဖြစ်နိုင်ချေအရှိဆုံးအဖြေကို ကြိုတင်စဉ်းစားထားကာ ချင်ဖန် အခုလေးတင်ပြောလိုက်သည်ကို သေချာသတိထားကာ မေးလိုက်သည်။ ထိုသို့ကြားလိုက်သောအခါ ချင်ဖန်မှာ ကြီးကြပ်ရေးမှူးသည် သူပြောသည်ကို အထင်လွဲသွားပြီမှန်းသိလိုက်သည်။
ထို့နောက်
“နာမည်ကျော်...ဒီအတိုင်း ဟိုဘက်ဆိုင်က သူဌေးလေ” ဟု သိပ်မဝေးသော ယွမ်ကျိုး၏စားသောက်ဆိုင် ဘက်သို့ လက်ညှိုးထိုးကာ ပြောလေသည်။
“ဟုတ်ကဲ့ ကျေးဇူးပါဆရာ။ ဆရာ့ဟင်းတွေရော အခု ပါဆယ်ထုပ်ပေးရမလား”
ကြီးကြပ်ရေးမှူးက မလှမ်းမကမ်းတွင် လူများတဖြည်းဖြည်းတိုးလာပြီး လူတန်းရှည်ကြီးဖြစ်လာသည်ကို မြင်သောအခါ ဆံခြည်တစ်မျှင်မျှ မပြောင်းလဲဘဲ တံတွေးမြိုချကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
“ဒါပေါ့။ ကျွန်တော် ရှောင်ကျောင်းလို့ခေါ်တဲ့ စားပွဲထိုးမလေးကို ပါဆယ်ထုပ်ပေးဖို့ ပြောထားတယ်”
ချင်ဖန်က ခေါင်းညိတ်ကာ သဘာဝကျစွာ ပြောသည်။
“ဟုတ်ကဲ့ပါခင်ဗျာ။ ဆရာ့အကြံပြုချက်နဲ့ ရှင်းပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့ ဟင်းတစ်ပွဲလောက်လက်ဆောင်ပေးပါရစေ”
အပြုံးတစ်ခုနှင့် စကားကိုအဆုံးသတ်လိုက်ကာ ကြီးကြပ်ရေးမှူးက စားပွဲထိုးမလေးကို လှမ်းခေါ်လိုက်ပြီး တစ်ခုခု ပြောလိုက်သည်။
“ကျေးဇူးပဲ”
ချင်ဖန်က ခေါင်းတစ်ချက်ညိတ်ကာ ယွမ်ကျိုးစားသောက်ဆိုင်ဘက်သို့ လှမ်းကြည့်ရင်း သူ့ဟင်းပွဲကို စောင့်နေလိုက်သည်။
“ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ကျွန်တော်တို့ဆိုင်နဲ့ သူဌေးယွမ်ရဲ့ဆိုင်၊ ဘယ်ဆိုင်က လက်ရာပိုကောင်းတယ်လို့ ဆရာထင်လဲ” ကြီးကြပ်ရေးမှူးက ရုတ်တရက်မေးလိုက်သည်။
'သူ တကယ်ကို သိချင်ရုံသက်သက်ပင်။ ဒီလောက်ကောင်းတဲ့အခင်းအကျင်း၊ ဝန်ဆောင်မှု၊ ဟင်းလျာတွေနဲ့ စားသောက်ဆိုင်ကြီးကို ဆိုင်သေးသေးတစ်ခုက ဟင်းလျာအသစ်ရောင်းရုံနဲ့ အလဲထိုးလိုက်နိုင်တာလား'
“ခင်ဗျားက ယှဉ်ကြည့်ဖို့ ပြောတာလား”
ချင်ဖန်က တအံ့တသြဖြင့် မေးလိုက်သည်။
“ဟုတ်ကဲ့ ဘယ်လိုထင်ပါသလဲ” ကြီးကြပ်ရေးမှူးက အပြုံးတစ်ခုနှင့် ဆက်မေးသည်။
“ဟော..ကျွန်တော့်ပါဆယ်ရတော့မယ်”
ချင်ဖန်မှာ ထိုသို့ဖြတ်ပြောလိုက်ရာ ပြန်မဖြေလိုသည်မှာ သိသာသည်။
ကြီးကြပ်ရေးမှူးကို ခေါင်းညိတ်ကာ ကျေးဇူးတင်စကားထပ်ဆိုလိုက်ရင်း ထွက်သွားတော့သည်။
“စိတ်ဝင်စားစရာပဲ။ သူက ဘယ်လိုတောင် သူဌေးယွမ်နဲ့ယှဉ်ရဲတာလဲ”
ချင်ဖန်မှာ ထိုသို့တွေးမိရင်း မရယ်ဘဲ မနေနိုင်တော့ချေ။
သူ့စိတ်ထဲတွင် ဟင်းချက်စွမ်းရည်ပိုင်း၌ သူဌေးယွမ်နှင့် ဤစားသောက်ဆိုင်ကို တန်းတူ မတွေးထားခဲ့ဖူးပေ။ ပြတ်ပြတ်သားသားထထွက်သွားကြသူများသည်လည်း ထိုနည်း၎င်းပင်။
သူတို့သာ နည်းနည်းလောက်နှိုင်းယှဉ်ကြည့်လိုစိတ်ရှိပါက ဤစားသောက်ဆိုင်မှဟင်းပွဲများ မည်သည့်အရသာရှိသည်ကို မြည်းပင်မကြည့်တော့ဘဲ ထွက်သွားကြမည်မဟုတ်ပေ။
ကြီးကြပ်ရေးမှူးမှာ လှည့်ထွက်သွားပြီးနောက် လျိုရို့ယွိက သူ့ထံသို့ မျက်နှာထားခပ်တည်တည်ဖြင့် လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ မည်မျှပင် မျက်နှာထားတင်းနေစေကာမူ သူမဘေးမှ ဖြတ်သွားသော ဧည့်သည်များကိုမူ အပြုံးတစ်ခုဖြင့်နှုတ်ဆက်နေဆဲပင်ဖြစ်သည်။ သူမမှာ အလွန်ပင်တာဝန်ကျေပွန်သူဖြစ်သည်။
“ဘာပြဿနာရှိလို့လဲ”
လျိုရို့ယွိက သူမ၏ရှေ့ရှိ ကြီးကြပ်ရေးမှူးအား တန်းမေးလိုက်သည်။
“ဒီနားက စားသောက်ဆိုင်အသေးလေးရဲ့သူဌေးယွမ်က ဟင်းပွဲအသစ်ရောင်းတယ်လို့ ကြားတယ်။ အဲ့ဒါကြောင့် လူတိုင်းက မှာပြီးသားဟင်းပွဲတွေကို ပါဆယ်ပြန်ထုပ်သွားကြတာ”
ကြီးကြပ်ရေးမှူးက သူမအား အဖြစ်မှန်ကို ထုတ်ပြောလေသည်။
“ယွမ်ကျိုးရဲ့စားသောက်ဆိုင်လား။ သူ ကိုး။ ရပြီ သဘောပေါက်ပြီ” လျိုရို့ယွိက ခေါင်းညိတ်ပြကာ သူ ဘာကိုဆိုလိုမှန်း နားလည်ကြောင်းပြလိုက်သည်။
အလွတ်နီးပါးဖြစ်နေသော လူအနည်းငယ်သာရှိတော့သည့် ပင်မစားသောက်ခန်းနှင့် သီးသန့်ခန်းများကို ကြည့်ကာ လျိုရို့ယွိက ချာခနဲ လှည့်ထွက်သွားပြီး ခေါင်းဆောင်စားဖိုမှူးဆီသို့ သွားတော့သည်။
ထိုသို့သောအခြေအနေမျိုးအတွက် သူတို့ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်တစ်ခုရှိနေခဲ့ပြီးဖြစ်သည်။
စားသောက်ဆိုင်အသစ်မှာ ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်ကို ထုတ်သုံးနေချိန်တွင် ယွမ်ကျိုးမှာမူ သူ့ကိစ္စများကိုသာ အားတက်သရော လုပ်ကိုင်နေသည်။
"သူဌေး ဒီနေ့ ရောင်းမယ့်ဆွီဒင်အသားလုံးက ဘယ်ဈေးလဲ"
ကျိုကျာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“နံရံပေါ်မှာ ရေးထားတယ်လေ” ယွမ်ကျိုးက နံရံကို ညွှန်ပြရင်းပြောသည်။
“ဟုတ်ကဲ့ သူဌေး။ ကျွန်မ တစ်ခုလောက် အကြံပေးလို့ရမလား” ကျိုကျာက ခဏလောက်စဉ်းစားလိုက်ပြီး ပြောသည်။
“ရတယ်။ ပြောလေ”
ယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။
“သူဌေးက လူများတာမကြိုက်မှန်းကျွန်မသိပေမယ့် နောက်တစ်ခါဆို အနည်းဆုံးတော့ ကျွန်မကို ကြိုပြောလို့ရမလား။ အဲ့ဒါဆို ကျွန်မတို့ ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့”
ကျိုကျာမှာ နဂိုက အနည်းငယ်စိတ်ပူနေပြီးဖြစ်ရာ ယခုမူ ဘာလုပ်ရမှန်း မသိတော့ချေ။ မှန်ပေသည်။ သူမ စိတ်ပူသည်။ ကျိုကျာတကယ်ကို စိတ်ပူနေသည်။ ဘေးကပ်ရပ်တွင် ဤကဲ့သို့သော အရည်အသွေးမြင့် စားသောက်ဆိုင်အသစ်ဖွင့်လာခဲ့ရာ ဖွင့်ပွဲအခမ်းအနားမှာပင် အလွန်ကြီးကျယ်ခမ်းနားပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယွမ်ကျိုး၏စားသောက်ဆိုင်မှာမူ ဆိုင်းဘုတ်ပင်မရှိသောဆိုင်အသေးလေးတစ်ခု ဖြစ်သည်။ ထို့အပြင် ဝန်ဆောင်မှုလည်း လုံးဝနီးပါး မရှိပေ။
ယွမ်ကျိုးမှာ သူမအား ဟင်းပန်းကန်လုံးများနှင့် ပန်းကန်ပြားကိုပင် မရှင်းခိုင်းချေ။ ထို့အစား စားသုံးသူများက ကိုယ်တိုင်လုပ်ရလေသည်။
ဒီစားသုံးသူများက သူမ၏သူဌေးရဲ့လက်ရာကြောင့် ဒီဆိုင်ကို လာကြမှန်း သူမ သိသော်လည်း သူမမှာမူ မစားဖူးရာ ဘယ်လောက်အရသာရှိမှန်းမသိချေ။ သူမ သိသည်မှာ သူတို့အားလုံး အရသာရှိရှိစားကြခြင်းပေ။
တိတိကျကျပြောရလျှင် စားသောက်ဆိုင်တစ်ဆိုင်၏ အောင်မြင်မှုမှာ အရသာရှိသောဟင်းပွဲများပေါ်တွင်သာ အားကိုးနေ၍ မရချေ။ သို့သော် ယွမ်ကျိုး၏စားသောက်ဆိုင်မှာမူ ထိုသို့ခမ်းနားလှသောဆိုင်များနှင့် ကွာခြားလှပေသည်။
စနစ်မှ ထောက်ပံ့ပေးလာသော အကောင်းဆုံး (သို့မဟုတ်) ပြိုင်ဖက်ကင်းဟင်းခတ်ပါဝင်ပစ္စည်းများနှင့် ယွမ်ကျိုး၏ကျွမ်းကျင်လှသော ဟင်းချက်စွမ်းရည်ကိုပေါင်းစပ်လိုက်သောအခါ ဟင်းပွဲများမှာ “အရသာရှိသည်” ဟူသော စကားကိုပင် ကျော်လွန်သွားတော့သည်။
ပိုကောင်းသောအရာကို လိုချင်ကြသည်မှာ လူသားများ၏ သမားရိုးကျဆန္ဒပင် ဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ကို ယှဉ်ရွေးဖို့ပင် မလိုချေ။
“ရုတ်တရက်ဆိုတော့ မအံ့သြသွားဘူးလား”
ယွမ်ကျိုးက နားမလည်ဟန်ဖြင့် ငေးကြောင်ရပ်နေဆဲဖြစ်သော ကျိုကျာကို ကြည့်လိုက်သည်။
“သူဌေးယွမ် တကယ်တော့လေ။ လူတိုင်းရဲ့ဟာသကို နားလည်နိုင်စွမ်းက မတူဘူးသိလား”
ကျိုကျာမှာ တည်ကြည်စွာဖြင့် ပြန်လည်ဖြေကြားလေသည်။
“အင်း...အဲ့ဒါတော့ ဟုတ်တယ်။ ငါတော့ ဒီအတိုင်း ကောင်းတယ်ထင်တာပဲ။ ကြည့်လေ...သူတို့လည်းသဘောကျတဲ့ပုံပဲ”
ယွမ်ကျိုးက အပြင်ဖက်ရှိ လူတန်းရှည်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်။
ဤဖြစ်ရပ်မှာ အမှန်ပင် တမူထူးခြားသည်။ မကြာခဏဆိုသလို တစ်ဖက်ဆိုင်မှ စားပွဲထိုးဝတ်စုံများဝတ်ဆင်ထားသည့် လူတချို့က တန်းစီနေသူများထံသို့ ပစ္စည်းများလာပေးနေကြလေသည်။
ပါဆယ်ထုပ်ထားသော ဟင်းများအပြင် ဘဏ်ကဒ်များ၊ ပိုက်ဆံအိတ်များ စသည်ဖြင့် ပစ္စည်းအစုံပင်။ ထူးဆန်းပေစွ။
ယွမ်ကျိုး တစ်ဖက်သို့လှည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားကာ အပြုံးတစ်ခုပေါ်လာသည်။ ထို့နောက်တွင်မူ ဟင်းပွဲများကို အလေးအနက်ပြင်ဆင်တော့သည်။ စားသုံးသူများ၏ယုံကြည်မှုကို တုံ့ပြန်ရန် ရာနှုန်းပြည့်အရသာရှိစေရမည်ဖြစ်သည်။
အောင်မြင်မှုအထွဋ်အထိပ်ကိုခံစားကာ ထမင်းစားပြီးနောက် မစ္စတာချန်သည် လူများကို တံခါးဆီသို့ ခေါ်လာသည်။ လမ်းတွင် အခြားသူများနှင့် စနောက်ပြောဆိုရန်လည်း မမေ့ခဲ့ချေ။
“ကျုပ်တို့ ဒီမှာစောစောစားလိုက်ရတာ တော်သေးတယ်။ အပြင်ဖက်က လူတွေတော့ အခုမှစားရလောက်တယ်။ လူတွေ အရမ်းများတော့ လမ်းပျောက်နေဦးမယ်ဗျို့” မစ္စတာချန်က ပြုံးကာပြောသည်။
ဖွင့်ပွဲအခမ်းအနားအောင်မြင်မှုကြောင့်ပဲလား (ဒါမှမဟုတ်) သူ့ကိုယ်ပိုင်ဘရန်းကို ယုံကြည်၍ပဲလား (ဒါမှမဟုတ်) လီလီ၏ ဟင်းချက်စွမ်းရည်ကို အသိအမှတ်ပြု၍ပဲလားမသိ၊ မစ္စတာချန်မှာ သူ့စီးပွားရေးလုပ်ငန်းမြန်ဆန်စွာ ကြီးထွားလာရန် ပြဿနာမရှိဟု ခံစားလာရသည်။
သို့သော် သူ့အားအဖော်ပြုပေးနေသော အခြားသူများမှာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသည်။ နျိုလီတောင်မှ သူမ၏စိတ်သဘောထားကို ဆက်လက်မထိန်းသိမ်းနိုင်တော့ဘဲ အနည်းငယ်တွေဝေကာ စိတ်တိုလာသည်။
“အရမ်းတိတ်ဆိတ်နေတယ်မဟုတ်လား”
မည်သူမှ သူ့အား မတုံ့ပြန်လာသည်ကိုတွေ့သောအခါ မစ္စတာချန်မှာ ခေါင်းလှည့်လိုက်ပြီး စိတ်ထဲမှတိုးတိုးလေးရေရွတ်လိုက်သည်။
သူလှည့်ကြည့်လိုက်သည်နှင့် အနည်းငယ်ကြောင်အမ်းသွားတော့သည်။ ဘာများဖြစ်သွားလို့ ဒီလောက် လူနည်းနည်းလေးပဲ ကျန်တော့တာလဲ။
“အဲ့ဒါဘာလဲ”
မစ္စတာချန်မှာ တံခါးဝရှိ လျိုရို့ယွိနှင့် လီလီထံသို့ လျှောက်သွားလိုက်လေသည်။
သူတံခါးသို့ ရောက်သည်နှင့် အခြေအနေကိုနားလည်သွားသည်။ ထို့နောက်တွင်မူ ယခုလေးတင်သူပြောလိုက်မိသော စကားအတွက် မျက်နှာတစ်ခုလုံးပူတက်လာသလို ခံစားလိုက်ရလေတော့သည်။
ယွမ်ကျိုး အပိုင်း(၃၂၂)
ပြီးပါပြီ။