အခန်း (၃၂၃-၃၂၄)
Vol. 23 Ch. 323-324
ယွမ်ကျိုး အပိုင်း(၃၂၃) ယွမ်ကျိုးရဲ့ပထမဆုံးပြည်ပဟင်းလျာ
ခမ်းနားလှသောစားသောက်ဆိုင်ကြီး၏ တိတ်ဆိတ်ငြိမ်သက်သောအနေအထားမှာ ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဖက်ရှိ ဆူညံသံများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်နေတော့သည်။
“ဘာဖြစ်တာလဲ”
မစ္စတာချန်က အသံခပ်သြသြဖြင့်မေးလိုက်သည်။ ဆိုင်ဖွင့်ပွဲတက်ရောက်ရန် ဖိတ်ကြားခံရသူများ သည်လည်း အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေကြသည်။
အခုလေးတင် ကြိတ်ကြိတ်တိုးစည်ကားနေတဲ့လူအုပ်ကြီးက ဘာကြောင့် ထွက်သွားကြတာပါလိမ့်။
သေချာကြည့်မည်ဆိုပါက အပြင်၌ တန်းစီနေကြသောလူများသည် ဟင်းဘူးများ ကိုင်ထားကြသည်ကိုပင် မြင်နိုင်ပေသည်။ အထူးသဖြင့် လူတန်းကြီး၏ အနောက်ပိုင်းရှိ လူများတွင်ဖြစ်သည်။ သူတို့အများစုမှာ သူ့ဆိုင်မှ ဟင်းဘူးများကို လက်တွင်ကိုင်ထားကြသည်။
အခုခေတ်လူတွေက ဆိုင်မှာ ထိုင်မစားချင်ကြတော့ပဲ ပါဆယ်ယူတာကို ပိုသဘောကျလာကြတာများလား။ ပထမဦးဆုံးအကြိမ်အဖြစ် မစ္စတာချန်မှာ သူ့ကိုယ်သူ ခေတ်မမှီတော့သလို ခံစားလိုက်ရသည်။
“ဟိုဆိုင်က ဟင်းပွဲအသစ်ရောင်းလို့တဲ့။ ပြည်ပဟင်းလျာလို့ ပြောတယ်”
လျိုရို့ယွိ၏မျက်နှာမှာ သိပ်မကောင်းချေ။
ကိစ္စများကို သူမ ကိုင်တွယ်ဖြေရှင်းရန် ထွက်လာစဉ်မှာပင် စားသုံးသူတော်တော်များများမှာ ထွက်သွားကြပြီဖြစ် သည်။ မူလက သူမတို့စားသောက်ဆိုင်၏ စည်းရုံးသွေးဆောင်မှုကို ခံခဲ့ရသူများပင် ယွမ်ကျိုး၏ဆိုင်သို့ ရောက်နေချေသည်။ ပျော်စရာကို ကြည့်ရှုခံစားလိုကြခြင်းမှာ လူသားများ၏ပင်ကိုယ်သဘာဝပင် ဖြစ်သည်။
“ပြည်ပဟင်းလျာလေးပဲမဟုတ်လား။ ဘာဆန်းတာမှတ်လို့” မစ္စတာချန်မှာ မျက်မှောင်ကြီးကြုတ်ကာ ပြောသည်။
သူ့ဘေး၌ရပ်နေသော နျိုလီမှာ အနည်းငယ်ရှက်ရွံ့နေကာ တစ်ပြိုင်နက်တည်းမှာပင် သိလည်းသိချင်နေသည်။ ဟင်းပွဲ အသစ်လေးတစ်ပွဲက ဒီလောက်လူအများကြီးရဲ့နှစ်သက်မှုကို ရရှိခဲ့တာလား။ ကြည့်ရသလောက် ဒီသူဌေးယွမ်ကို လျော့တွက်မိခဲ့တာပဲ။
“ကျွန်မတို့ဆိုင်က လူတွေကိုလည်းတန်းဝင်စီခိုင်းထားတယ်။ ပါဆယ်ယူလို့မရဘူးဆိုရင်တောင် မစ္စတာချိုးကို သေချာမြည်းခိုင်းလို့တော့ ရတယ်လေ”
လျိုရို့ယွိက တဖြည်းဖြည်းစိတ်ငြိမ်လာပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့ ပြောလာသည်။
“အင်း...မြန်မြန်ဖြေရှင်းလိုက်။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ”
မစ္စတာချန်မှာ လုံးလုံးဆန့်ကျင်ဘက်ဖြစ်နေသည့် ဆိုင်နှစ်ဆိုင်၏အနေအထားကို ကြည့်ကာ အမှန်ပင် ခေါင်းကိုက်လာရသည်။
“ဟုတ်ကဲ့”
လျိုရို့ယွိက ခေါင်းညိတ်ပြီး အခိုင်အမာပြောလိုက်သည်။
“ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် မစ္စတာလီ”
မစ္စတာချန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေး၌ ငြိမ်သက်နေသော လီလီကို ပြောသည်။
“ရပါတယ်ဗျာ”
လီလီမှာ မအီမသာဖြစ်နေပုံပေါ်သည်။ ထိုသို့ပြောပြီးနောက် မစ္စတာချန်မှာ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အခြားဧည့်သည်များနှင့် ထွက်ခွာသွားရာ နျိုလီသာ လျှင် ကျန်ခဲ့တော့သည်။
“မစ္စတာလီ...ရှင်ရော ကိုယ်တိုင်သွားမြည်းကြည့်ဖို့ လိုမလား”
နျိုလီက လီလီ့ကို ကြည့်ကာ မေးလိုက်သည်။
“မလိုပါဘူးဗျာ။ ဒါက သူ့အိမ်ကွင်းပဲလေ။ ကျုပ်တို့က အလိုအလျောက်အရေးနိမ့်နေပြီးသားပဲ။ ဒါပေမယ့် သူတို့သာ တစ်ခါလာဖူးကြည့်။ ကျုပ်တို့ဆိုင်ကို ဘယ်တော့မှ မမေ့နိုင်စေရဘူး” လီလီက ဆုံးဖြတ်ထားဟန်ဖြင့်ပြောသည်။
“တခြားဟင်းတွေကို ထားပါဦး။ အဲ့ဆိုင်ကရောင်းတဲ့ ကြက်ဥထမင်းကြော်က လုံးဝအံ့မခန်းပဲ။အဲ့လိုဟာမျိုးကို ကျွန်မဘဝမှာ ပထမဆုံးစားဖူးခဲ့တာ။ ပြီးတော့ အဲ့ဒါက အကောင်းဆုံးရွှေရောင်ထမင်းကြော်ပဲ”
နျိုလီက ခဏလောက် တွန့်ဆုတ်သွားပြီးမှ အကုန်လုံးထုတ်ပြောလိုက်တော့သည်။
နဂိုကတော့ လီလီ့ကို ထိုအကြောင်းများ ထုတ်ပြောရန် သူမ မရည်ရွယ်ခဲ့ပေ။ သူမက လီလီမှာ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ သွားရောက်မြည်းစမ်းကြည့်ရန် မာနအရမ်းကြီးလွန်းနေမှန်း အသေအချာသိလေသည်။
တစ်ခါတစ်ရံမှာ ကိုယ့်ကိုကိုယ်သိသကဲ့သို့ ရန်သူကို သေချာစွာသိခြင်းသည် ပြိုင်ဘက်ကို အလဲထိုးနိုင်စေပေသည်။ သို့သော် ပြိုင်ဘက်မှာ အလွန်အင်အားကြီးနေရာလူတစ်ဦးအနေဖြင့် ကိုယ့်ခေါင်းဆောင်ကို မဖြစ်နိုင်ကြောင်းပြောခြင်းထက် ယုံကြည်မှုတည်ဆောက်ပေးခြင်းက ပို၍ ကူညီရာရောက်ပေသည်။
နောက်ဆုံးတွင် လီလီမှာ လူတစ်ဦးတစ်ယောက်တည်းက ဒေသတွင်းထုတ်ကုန်ပစ္စည်းတန်ဖိုးကို မြင့်တက်စေခဲ့သည် ဟူသော စိတ်ကူးယဉ်စကားများကို တကယ်အယုံအကြည်မရှိပေ။
သူ့အား ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်အကြောင်း ယခုပြောရသည်မှာ ရန်သူကို လျှော့မတွက်စေလို၍ပင် ဖြစ်သည်။ လီလီအတွက်တော့ ဟင်းချက်စွမ်းရည်မှာ ဒေသတွင်းထုတ်ကုန်တန်ဖိုးထက်များစွာ အရေးပါပေသည်။
“ရွှေရောင်ထမင်းကြော်။ ကျုပ်က တရုတ်အစားအစာတော့ မကျွမ်းကျင်ပေမယ့် မင်းက ပြောလာတယ်ဆိုတော့ အခြေအနေကပိုခက်ခဲလာမယ်ထင်တယ်”
လီလီက ခဏလောက်သေချာစဉ်းစားလိုက်သည်။
“တကယ်လား။ အဲ့ဒါဆို သူ့ဟင်းကို အခုသွားမြည်းကြည့်ဖို့လိုမလား”
နျိုလီက ထိုသို့မေးလိုက်ပြီးကာမှ စိတ်ရှုပ်သွားမိသည်။
“မလိုပါဘူး။ မနက်ဖြန်ကျရင် ကျုပ်ကိုယ်တိုင် လူတွေရှေ့မှာ ဟင်းချက်ပြမယ်လို့ ကြေညာလိုက်ပါ”
လီလီက အရင်လက်ခါပြလိုက်ကာ ခေါင်းလှည့်ပြီး လျိုရို့ယွိကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ။ ကျွန်မ အကုန်အသင့်ပြင်ထားလိုက်ပါ့မယ် မစ္စတာလီ”
လျိုရို့ယွိက သူမမျက်နှာပေါ်မှာ စိတ်လှုပ်ရှားဟန်ပြလိုက်ပြီး လုပ်စရာရှိတာ သွားလုပ်တော့သည်။
“မစ္စတာလီကိုပဲ ကျွန်မတို့ ဒုက္ခထပ်ပေးရတော့မယ်”
နျိုလီက အခြေအနေကို လုံးဝ စိတ်ကျေနပ်သွားသည်။
သူမ၏မူလအစီအစဉ်မှာ ယွမ်ကျိုး၏စားသောက်ဆိုင်ကို မဖျက်ဘဲ ထားဖို့ဖြစ်ပြီး ယခုမူ ထိုအစီအစဉ်မှာလည်း ပို၍ မဖြစ်နိုင်တော့ပုံပေါ်သည်။ သို့သော် တစ်ဖန်ပြန်လည်ကျော်တက်သွားဖို့ ပြဿနာမရှိနိုင်လောက်ပေ။ ဘာပဲဖြစ်ဖြစ် ယွမ်ကျိုး၏စားသောက်ဆိုင်မှာ သူမတို့စားသောက်ဆိုင်မရှိခင်ကတည်းက ဈေးကွက်တည်ဆောက်ထားပြီး ဖြစ် သည်ပင်။
အရွယ်အစားသေးရာ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ နောက်ထပ်ဧည့်သည်ထပ်လက်မခံနိုင်တော့ပေ။ အနီးပတ်ဝန်းကျင်ရှိ ကိုယ်ပိုင်အိမ်ချက်ဟင်းလျာရောင်းချသည့် စားသောက်ဆိုင်များသည်ပင် စားသုံးသူတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ရာ ဤနေရာ၌ စားသောက်ဆိုင်လုပ်ငန်းဖွင့်ခြင်းမှာ အကြံကောင်းတစ်ခုပင်ဖြစ်သည်။
ဈေးကွက်တည်ထောင်ပြီးပါက ဆိုင်ကို ယခုထက် ပိုချဲ့ထွင်နိုင်မည်ဖြစ်ပြီး ဈေးကွက်တစ်ခုလုံး၏အကောင်းဆုံးနှင့် အကြီးမားဆုံးပမာဏကို ရပေလိမ့်မည်။ နောက်ဆုံးတွင်မူ ယွမ်ကျိုး၏စားသောက်ဆိုင်ကို ဘယ်တော့မှ အရေးတယူလုပ်ရန် လိုတော့မည်မဟုတ်ချေ။
ယွမ်ကျိုးစားသောက်ဆိုင်၏ အရသာရှိသောဟင်းလျာများက ဝန်ဆောင်မှုနှင့် ပတ်ဝန်းကျင်ကောင်းမွန်မှုထက် လုံးဝသာလွန်နေလိမ့်မည်ဟု နျိုလီသိပ်မထင်ထားခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် သူမတို့မှာ စီနီယာအချက်အပြုတ်အနုပညာရှင်လီလီရှိနေပေပြီ။ ယခုအချိန်တွင် သူတို့မှာ စားသုံးသူများကို ဆွဲဆောင်ရန် အားသာချက်များအပေါ်တွင်သာ မှီခိုရတော့မည်ဖြစ်သည်။
မမြင်ရတဲ့ပြိုင်ဆိုင်မှုမှာ စတင်ခဲ့ပြီ။ ယွမ်ကျိုးမှာမူ သူ့အလုပ်ကို သူ့အချိန်ဇယားအတိုင်းဆက်လုပ်နေဆဲဖြစ်သည်။ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့် မစ္စတာချန်မှာမူ ထိုသို့မတွေးပေ။ ယွမ်ကျိုးမှာ ဤဟင်းလျာအသစ်ကို ယနေ့မှ စတင် ရောင်းချရခြင်းမှာ သူတို့ဖောက်သည်များကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ရန်ဖြစ်သည်ဟု သူယုံကြည်နေသည်။
သူသည် အလိုအလျောက်ပင် မည်သို့ပြန်လည်တိုက်ခိုက်ရမည်ကို စဉ်းစားပြီးဖြစ်သည်။ ယခုအချိန်မှာ နောက်ကြောင်းစုံစမ်းရမည့်အချိန်ပင်ဖြစ်သည်။
“လေးစားရတဲ့သူဌေးယွမ်ရေ၊ ဘာလို့သတင်းထူးဆိုရင် တိတ်တိတ်လေးလုပ်ရတာလဲ? ကျွန်တော်တို့ဘယ်လောက် လောလောဖြစ်သွားလဲသိလား?” ဝူကျိုးက ဆိုင်ကို အလျင်အမြန်ရောက်လာခဲ့ရာ သိပ်မကြာမီပင် သူ့အလှည့်ရောက် လာ၏။
“အင်းလေ၊ ဟုတ်တယ်၊ ဟင်းအသစ်ရောင်းမှာ ကျွန်တော်တို့ကို ဘာလို့ချက်ချင်းမပြောတာလဲ?” ကျောက်ယင်ကျွင်းပင် မနေနိုင်ဘဲ ထိုသို့ပြောလိုက်သည်။
“ခင်ဗျားအခြေအနေကြီးနဲ့ သူဌေးယွမ်ရာ ကျွန်တော်တို့ကို ဘလော့ဂ်လေးဘာလေးကနေတဆင့် သတင်းတွေ အချိန်နဲ့တပြေးညီပေးနေသင့်တာ၊ အဲ့ဒါဆို ကျွန်တော်တို့လည်း ဘာလေးများအသစ်ရှိမလဲ ခဏတိုင်းဝင်ကြည့် နိုင်တာပေါ့ဗျ” မန်နေဂျာရှီက ခပ်တည်တည်ပြောလာသည်။
“ရုပ်ချောပြီးသားလူတွေက အပိုတွေမလိုဘူး” ယွမ်ကျိုးက ပြတ်ပြတ်သားသားပြောလိုက်သည်။
သို့သော် သူစကားပြောမကောင်းကြောင်းကိုတော့ ထည့်မပြောခဲ့ချေ။
“ရုပ်ချောပြီးသားလူတွေ အပိုတွေမလိုတာ ခင်ဗျားနဲ့ဘာဆိုင်လို့တုန်း?” ရုတ်တရက်ဆိုသလို ဖောက်သည်တစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
ယွမ်ကျိုး၏အကြည့်စူးစူးကြောင့် ထိုသူမှာ သူ့စကားကို ပြန်ရုတ်သိမ်းသွား၏။
“ဗိုက်ဆာနေပြီ” ဘေးဘက်ရှိ ကျွမ်းရှင်းမူက ရုတ်တရက်ပြောလာသည်။
“ဪ..ဟုတ်သားပဲ၊ အချစ်..စားချင်တာမှာလေ” ဝူကျိုးက ချက်ချင်းဆိုသလို ချော့မော့သည့်ပုံစံဖြင့်ပြန်ဖြေလိုက် သည်။
“ဟွန့်..ဟင်းအသစ်ကိုပဲစားမှာပေါ့” သူမကိုလျစ်လျူရှုထားခဲ့သည်ဖြစ်ရာ ကျွမ်းရှင်းမူမှာ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့ လိုက်သည်။ သို့သော် သူမကောင်လေးကို အဆုံးစွန်ထိ အကျပ်ကိုင်ရန် စိတ်ကူးမရှိသည်ဖြစ်ရာ ဟင်းပွဲအသစ်ကိုသာ မြည်းစမ်းကြည့်ရန် မှာယူလေတော့သည်။
“ဖရဲသီးဖျော်ရည်နောက်တစ်ခွက်” ဝူကျိုးမှာ သူ့ကောင်မလေးအကြိုက်ဖြစ်သော ဖရဲသီးဖျော်ရည်ကိုလည်း မှာပေး လိုက်သည်။
“ဆွီဒင်ဟင်းလား? အသားလုံးဆိုတာ အဲ့နိုင်ငံရဲ့ ရိုးရာအစားအစာပဲ” မန်နေဂျာရှီမှာ နာမည်ကိုကြည့်ကာ သိပြီးဖြစ် သည်။
“စားကောင်းလား?” ကျောက်ယင်ကျွင်းက ဇဝေဇဝါဖဖြင့်မေး၏။
“မဆိုးပါဘူး၊ သူဌေးယွမ်က ဘယ်လိုအဆန်းထွင်မလဲဆိုတာတော့ မသိဘူး” မန်နေဂျာမှာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး ထိုဟင်းပွဲနှင့် အသားပြုတ်ရည်ခေါက်ဆွဲတစ်ပွဲမှာလိုက်လေသည်။
အသားလုံးတွေမှာ အတော်အတန်အဆီများရာ မန်နေဂျာရှီက အခြားပေါ့ပေါ့ပါးပါးဟင်းဖြင့်သာ တွဲဖက်စားရန်ပြင် ၏။
စားသုံးသူအများစကားပြောနေကြစဉ် ကျိုးကျားမှာ သူတို့မှာယူထားသော ဟင်းပွဲများကို မှတ်သားကာ ယွမ်ကျိုးအား ပြန်လည်သတင်းပို့နေလေသည်။
ထို့နောက်တွင်မူ အသားလုံးနောက်ဆုံးအလုတ်ကို စားပြီးသွားသော ဝူဟိုင်မှာ သူ့ခေါင်းကို ကျေနပ်စွာမော့လိုက်ရာ ခြေစုံရပ်လျက်တန်းစီးနေကြသော လူတော်တော်များများတွင် ခမ်းနားသောဟင်းဘူးများကိုင်ထားသည်ကို တွေ့ လိုက်ရသည်။
“မင်းတို့တွေ ဒီနားက စားသောက်ဆိုင်ကိုသွားခဲ့တာလား?” ဝူဟိုင်းမှာ ဝူကျိုးနှင့်အခြားလူအတော်များများကို ကြည့်လိုက်ပြီးနောက် လည်ဆန့်ကာ အနောက်ပိုင်းတွင် တန်းစီနေသောလူများကိုဆက်ကြည့်လေသည်။
လူတန်းကြီးမှာ တဖြည်းဖြည်းပိုပိုရှည်လျားလာ၏။
“ငါတို့ကအဲ့စားသောက်ဆိုင်အသစ်ကို သွားစုံစမ်းရုံသက်သက်သွားတာ အဲ့မှာစားဖို့မဟုတ်ဘူး” ဝူကျိုးက ဘာမှမဖြစ် သလိုပြောသည်။
“ဆိုင်ကိုစုံစမ်းတာလား အဲ့ဒါဆို ဒီကိုဘာလာလုပ်တာလဲ?” လူအများကိုကြည့်ရင်း ဝူဟိုင်မှာ အသာမေးလိုက်သည်။
“စုံစမ်းပြီးတော့ ဒီကိုပြန်လာတာလေ” ကျောက်ယင်ကျွင်းက ဖြည့်ပြောသည်။
“တခြားဆိုင်ကဟင်းတွေယူပြီးတော့ပြန်လာတာလေ?” ဝူဟိုင်းမှာ သိသိသာသာပင် ထိုသူ၏ပြောစကားကိုမယုံပေ။
“သူဌေးယွမ်ဆိုင်ကိုမလာလို့ ငါတို့ကဘယ်သွားရမှာလဲ?” ဝူကျိုးကပြောလိုက်သည်။
“အဲ့ဆိုင်အသစ်က တကယ်သုံးစား မရဘူး၊ သူတို့ပဲ ထိပ်တန်းဝန်ဆောင်မှုနဲ့ အရည်အသွေးမြင့်စားသောက်ဆိုင် လုပ်ငန်းလို့ ကြေငြာထားတာမဟုတ်ဘူးလား” ဝူဟိုင်က သူ့နှုတ်ခမ်းမွေးစကို သပ်ရင်း မကျေမနပ်ပြောသည်။
“ဝန်ဆောင်မှုကတော့ တကယ်ကောင်းပါတယ်၊ ဆိုင်အနေအထားရော” မန်နေဂျာရှီက ခေါင်းငြိမ့်ကာ အခိုင်အမာ ပြောသည်။
“အဲ့ဒါဆို ဘာလို့ဒီမှာလာထိုင်နေလဲ?” ဝူဟိုင်းက မယဉ်ကျေးသလို မျက်လုံးလှိမ့်ပြလိုက်သည်။
“စားဖို့ပေါ့” လူအများမှာ တစ်လေသံတည်းဖြေလိုက်လေတော့သည်။
“တကယ်အသုံးမကျဘူး၊ သူတို့ဆိုင်ကို လူလာအောင်ပိုဆွဲဆောင်နိုင်ရင် ငါတို့အတွက် ပိုတောင်ကောင်းသေးတယ်၊ အဲ့ဒါမှ တန်းစီဖို့မလိုမှာ၊ ဘာလို့ ယွမ်ကျိုးဆိုင်မှာ လူတွေပိုပိုများလာရတာလဲ” ဝူဟိုင်းမှာ တော်တော်လေး စကား မပြောနိုင်ဖြစ်သွားသည်။
တကယ်တမ်း ဝူဟိုင်းမှာ ဖောက်သည်တွေရဲ့ သဘောထားကို ထူးဆန်းသည်ဟုမခံစားရချေ။ သူတို့မှာ ပိုက်ဆံ ရှိရာ ယွမ်ကျိုးဆိုင်သို့ သဘာဝကျကျရောက်လာကြခြင်းသာ။ အကြောင်းပြချက်လား။ ယွမ်ကျိုးရဲ့ဟင်းတွေကို စားပြီးနောက် အခြားအစားအေသာက်များကို မည်သို့နှိုင်းယှဉ်ကြည့်နိုင်တော့မည်နည်း။
အပိုင်း(၃၂၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၂၄)
ဆွီဒင်အသားလုံးများ၏ ပုံစံအသစ်
ထိုအချိန်၌ ယွမ်ကျိုးက အသုံးမကျဘူးဟု သတ်မှတ်ထားသည့်အနောက်တိုင်းစားသောက်ဆိုင်မှာမူ သူတို့ကိုယ်ပိုင် ပြင်ဆင်မှုများဖြင့် အလုပ်များလျက်ရှိသည်။ သို့သော်လည်း နေ့လယ်ခင်းအချိန်သာရှိသေးသည်။ ယွမ်ကျိုးမှာမူ ဟင်းပွဲများကို သေချာပြင်ဆင်နေသည်။
ဆွီဒင်အသားလုံး၏ချက်ပြုတ်နည်းမှာ အမှန်တကယ် ရှုပ်ထွေးခြင်းမရှိသော်လည်း လိုအပ်သော ပါဝင်ပစ္စည်းများမှာမူ မနည်းလှချေ။ ယွမ်ကျိုး၏ဟင်းပွဲအတွက် လိုအပ်သည်များမှာ ပိုပိုများလာရရာ စတင်မရောင်းချခင် အချိန်အတော်ကြာကတည်းက ပြင်ဆင်ခဲ့ရသည်။
စားသောက်ဆိုင်အသစ် ဖွင့်သည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာ ရောင်းချဖို့ သူဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်း ကျိန်ဝံ့ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ရောင်းဖို့ရွေးချယ်ခဲ့သည်ကတော့ သူသာဖြစ်ပေသည်။ အမျိုးသားနေ့ရုံးပိတ်ရက် ပထမဆုံးနေ့ဖြစ်နေရာ ဤသည်မှာ ဘုရားသခင်ရဲ့ဆန္ဒအတိုင်းသာ ဖြစ်ချေသည်။ ကိုယ့်အရှက်ကိုယ်ခွဲတာ ဘယ်သူ့ကို အပြစ်တင်နေဦးမလဲ။
အားလုံးသိထားကြသည့်အတိုင်းပင် ယွမ်ကျိုးက ယောက်ျားကောင်း၊ ဟင်းချက်ကောင်းသည့်စားဖိုမှူးတစ်ဦး အမြဲတမ်း ရိုးသားကြင်နာတတ်သူဖြစ်သည်။
ဆွီဒင်အသားလုံးဟင်းမှာ ဆွီဒင်နိုင်ငံသာမက အခြားအိမ်နီးချင်းနိုင်ငံများ၌ပါ အတော်လွှမ်းမိုးမှု ရှိလေသည်။ နော်ဝေ၊ ဒိန်းမတ်နှင့် ဖင်လန်နိုင်ငံများတွင် အလွန်ကျော်ကြားသောဟင်းလျာတစ်ခုဖြစ်သည်။
ထို့အပြင် အသားလုံးကို အမျိုးမျိုးသောစားသောက်ဆိုင်များ၊ အသင့်စား စားသောက်ဆိုင်များ၊ စူပါမားကတ်များ၊ ကုမ္ပဏီများ၌သာမက ကျောင်းကန်တင်းများတွင်ပါ တွေ့မြင်နိုင်လေသည်။
ထိပ်တန်းဟင်းလျာ(၁၀)ပွဲစာရင်းတွင်ပင် အသားလုံးဟင်းမှာ ဘယ်တော့မှ နောက်ကောက်မကျခဲ့ပေ။ ယွမ်ကျိုးမှာ ဟင်းချက်နည်းကို လက်ခံရရှိပြီးနောက် အချိန်တစ်ခုကြာသည်အထိ လေ့လာခဲ့ပြီး ရိုးရာချက်ပြုတ်နည်းဖြင့် စမ်းသပ်ချက်ပြုတ်ခဲ့ရသည်။
ယခုတခါ ယွမ်ကျိုး၏စိတ်ထဲတွင် ပေါ်လာသည့်စားဖိုမှူးမှာ ယွမ်ကျိုး စိတ်ကူးထားခဲ့သည့်အတိုင်း တရုတ်လူမျိုးတစ်ဦးမှလွဲ၍ ကျန်လူများမှာ နိုင်ငံခြားသားများဖြစ်ပေသည်။
“ဖောက်သည်တွေဆီ ယူသွားပေးလိုက်”
ယွမ်ကျိုးက အသားလုံးဟင်းပွဲများကို ပြင်ဆင်ပြီးနောက် ကောင်တာပေါ်သို့ တင်ပေးလိုက်ပြီး စားသုံးသူများဆီ ပို့ပေးရန် ကျိုကျာအား မှာလိုက်သည်။ ယွမ်ကျိုးမှာ ယခုအချိန်မတိုင်ခင်ကတည်းက အများစုကိုကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်ရာ ဟင်းပွဲပြင်ပေးသည့်နှုန်းမှာ ပိုမိုမြန်ဆန်လာတော့သည်။ နော်ဒစ်လူမျိုးတွေက အရှေ့တိုင်းသားတွေနဲ့မတူဘဲ ချက်ပြုတ်ရာ၌ အချိန်နှင့် အားအင်ကို ထုတ်မသုံးချင်ကြတာကြောင့်လည်း ဖြစ်ပေသည်။
“ဟာ...အသားလုံးက လှလိုက်တာ”
ဝူကျိုးက အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒါက ဒေါင်းလား”
ကျောက်ယင်ကျွင်း လည်တဆန့်ဆန့်နှင့် လှမ်းစပ်စုသည်။ ဟုတ်ပေသည်။ စားပွဲပေါ်ရှိ ဆွီဒင်အသားလုံးဟင်းမှာ အမှန်ပင် ကြည့်ကောင်းလှပေသည်။ သာမန်ဟင်းပွဲတစ်ခုတွင်မူ အသားလုံးအနည်းငယ်ကို တစ်ဖက်တွင်ထားပြီး တစ်ဖက်တွင် အနားဝိုင်းသည့်အဖြူရောင်ပန်းကန်ပြားတစ်ချပ်ပေါ်တွင် အာလူးထောင်းကို တင်ထားလေ့ရှိသည်။ ထိုအရာနှင့် တွဲဖက်၍ ဘလူးဘယ်ရီဆော့စ် သို့မဟုတ် သခွားချဉ်နှင့် စားသုံးနိုင်သည်။
သို့သော် ယွမ်ကျိုးချက်သော အသား၏မှာမူ လုံးဝကွဲပြားသည်။ အသားလုံးများကို ပန်းကန်ပြားပေါ်တွင် အဆင့် လိုက်နေရာချထား၏။ အလယ်ပိုင်းတွင် နေရာလွတ်ချန်ထားပြီး အာလူးထောင်းကို ဒေါင်းတစ်ကောင်၏ ခန္ဓာကိုယ် သဏ္ဍာန်ပြုလုပ်ထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် လူများမှာ အသားလုံးများဘေး၌ ထိုးစိုက်ထားသော ကျောက်စိမ်းရောင်အပိုင်းအစလေးများကို ဒေါင်းမြီးနှင့် အထင်မှားသွားကြလိမ့်မည်။
“ဒီပုံစံကအရမ်းမိုက်တာပဲ” ဝူကျိုးက ပန်းကန်ပြားကို ဖြည်းဖြည်းချင်းလှည့်ပြီး သေချာကြည့်လိုက်သည်။
“ပုံစံကလည်းအရမ်းမိုက်သလို အထဲမှာအလှဆင်ထားသေးတယ်” ဘေးဘက်ရှိ ဝူဟိုင်က ခပ်ကြွားကြွား အမူအရာဖြင့်ပြောသည်။
“အလှဆင်တယ် ဟုတ်လား နေပါဦး ..သူဌေးယွမ် ခင်ဗျား ခရန်ဘယ်ရီဆော့စ်မပေးဘူးလား?” မန်နေဂျာရှီက ရုတ်တရက် အရေးကြီးတဲ့ အကူပစ္စည်းအကြောင်းကို တွေးမိသွားသည်။
“ပေးထားတယ်လေ၊ ခင်ဗျားဘာသာမြည်းကြည့်ပေါ့” တစ်ခါတစ်ရံတွင် ယွမ်ကျိုးမှာ ပုံမှန်ဖောက်သည်များအား ဟာသလေးဖြင့်စနောက်တတ်သေး၏။
သူ့ဖောက်သည်များကတော့ ယွမ်ကျိုး၏ဟာသများမှာ လုံးဝမရယ်ရကြောင်းသိပြီးသားပင်။
ပြောရလျှင် ယွမ်ကျိုးမှာ အသားလုံးဟင်းကို အကြိမ်များစွာလေ့ကျင့်ပြီးနောက် ကြက်သွန်နီလှီးလျှင်မျက်ရည်မကျ စေသည့် နည်းတစ်ခုကိုပင် သင်ယူပြီးဖြစ်၏။ သူ၏ ဓါးကိုင်စွမ်းရည်ကြောင့် လိုအပ်လှသည်တော့ မဟုတ်သော်လည်း အတော်လေးတော့ ရိုးရှင်းပေသည်။
ပထမအဆင့်အနေဖြင့် ယွမ်ကျိုးရွေးသည့် ကြက်သွန်နီများသည်ပင် မတူညီကြချေ။ ကြက်သွန်နီများကို ဆေးကြော ပြီးနောက် အလုံးလိုက်အတိုင်းပင် ထိပ်မှအောက်သို့လှီးချကာ နှစ်ခြမ်းမကွဲစေဘဲ ညာဘက်သို့လှည့်ပေးပြီး အလယ်တွင်လှီးထားသည့်ဓါးရာနှင့် ဒေါင်လိုက်ကျသည့်ပုံစံအတိုင်း ဆက်လှီးရန်ဖြစ်သည်။
ထို့နောက်တွင်တော့ လှီးရတာပိုလွယ်ကူသွားပြီဖြစ်သည်။ ကြက်သွန်နီကို အရှည်လိုက်လှီးထားတာဖြစ်လို့ တဖက်သို့ လှဲလိုက်ကာ စလှီးရုံပင်ဖြစ်သည်။ ထိုသို့ဖြင့် ကြက်သွန်နီအဖတ်တွေက အရွယ်တညီတညာတည်းရှိ နေမည်ဖြစ် သည်။ ထို့အပြင် အရည်များလည်းမစင်တော့ရာ အစပ်အရသာလည်းမပျက်တော့သလို မျက်ရည်လည်းမမွှန်တော့ ပေ။
“ကိုယ့်ဘာသာမြည်းကြည့်ပေါ့ဆိုတာ ဘာကိုပြောတာတုန်း? ကျွန်တော်တို့က ဒီအတိုင်းစားလိုက်ရမှာလား?” ဝူကျိုးက အသားလုံးတစ်ခုကို တန်းယူလိုက်ပြီး ပါးစပ်ထဲသွတ်လိုက်၏။
အသားလုံးမှာ အညိုရောင်တလက်လက်တောက်နေသည့် ဆော့စ်ပျစ်ပျစ်တွေဖုံးနေပြီး အသားလုံးမျက်နှာပြင်တွင် အစိမ်းရောင်အရွက်အပိုင်းအစလေးများ ပြန့်ကြဲနေသည်။ ထို့အပြင် သွားရည်ယိုစေသည့် အသားအရသာပြင်းပြင်း နှင့်အတူ နူးညံ့တဲ့ရနံ့လေးတစ်ခုရောနှောနေသေးသည်။
“ပလပ် ပလပ်” အသားလုံးကို တကိုက်ချင်းစားသည့် မိန်းကလေးများနှင့်မတူဘဲ ဝူကျိုးမှာ အသားလုံးတစ်ခုလုံးကို ပါးစပ်ထဲထည့်လိုက်ပြီး စစားတော့သည်။
သူ့ခံတွင်းထဲသို့ အသားလုံးရောက်သည်နှင့်တစ်ပြိုင်နက် အပေါ်ယံမျက်နှာပြင်မှာ ဟင်းအနှစ်ဖြင့် နူးညံ့ချောမွေ့ကာ အတွင်းသားမှာမူ ပူစပ်ပူလောင်အရသာနှင့်ကြွပ်ဆတ်နေ၏။
ဝါးလိုက်သည့်အခါ ဟင်းအနှစ်မှာ အသားလုံးအတွင်းသို့ ဝင်ရောက်သွားတော့သည်။ အတွင်းရှိ နူးညံ့လတ်ဆတ်မှုကို ပူစပ်ပူလောင်အရသာရှိသည့် အကာတစ်ခုဖြင့် ထုပ်ပိုးထားပြီး ထိုအကာမှာ ကြွပ်ကြွပ်ရွရွရှိ၏။ ထိုအရာမှာ ကြက်သွန် နီဖြစ်ကြောင်းအလွယ်တကူ ခွဲခြားသိရှိနိုင်လေသည်။
ကြက်သွန်နီ၏ အစပ်အရသာပြင်းရှရှမှာ အားပျော့သွားပြီး ရနံ့မှာမူပိုပြင်းလာ၏။ အစပ်အရသာအနည်းငယ်က အသားညှီနံကို ဖယ်ရှားပေးပြီး ကြက်သွန်နီအနံ့က အလွှာအလိုက်အရသာပိုတိုးလာစေပေသည်။ ကြက်သွန်နီတစ်ခု တည်းကပင် အသားလုံးတွေရဲ့ အနေအထားကို ပိုကောင်းအောင်လုပ်ပေးခဲ့ခြင်းဖြစ်၏။
အသားလုံးတစ်ခုလုံးပါးစပ်ထဲရောက်သွားသောအခါ အမျိုးမျိုးသောအရသာများမှာ ပြင်းထန်သောမုန်တိုင်းကဲ့သို့ အသက်တစ်ချက်ပင်ရှူခွင့်မပေးတော့ပဲ မွှေ့ယမ်းလေတော့သည်။
လှုံ့ဆော်ပေးနိုင်သည့် ငရုတ်ကောင်းမှုန့်အနံ့၊ နို့နှင့် ဒိန်ခဲတို့၏ နူးညံ့သည့်အရသာ၊ အသားအနံ့ကိုပိုကောင်းစေသည့် ကြက်သွန်နီနှင့် နူးညံ့ချောမွေ့သည့်ခံစားချက်ကိုပေးနိုင်သော ခပ်ပျစ်ပျစ်ဟင်းအနှစ်တွေအားလုံးက အသားလုံးတွေကို အဆုံးစွန်သော အရသာရှိမှုဆီသို့ တွန်းပို့ပေးနေလေတော့သည်။
“အရသာရှိလိုက်တာ။ သူဌေးယွမ်က ကျွန်တော်တို့ကို အသားစားတွေလို့ တကယ်ထင်နေတာဖြစ်ရမယ်”
ဝူကျိုးက မျက်လုံးများကို ကျေနပ်စွာမှိတ်လိုက်ပြီး ပျော်ရွှင်နေသည့်အမူအရာဖြင့်ပြောသည်။
“ဒါပေါ့။ ဟင်းအနှစ်များများနဲ့ အထဲက နူးညံ့ပြီး အပြင်ဘက်က ကြွပ်ရွတယ်။ ခံစားချက်က လတ်ဆတ်ပြီးချိုနေတာပဲ။ ဒါကမှ အဆီလုံးဝမပါတဲ့ ဆွီဒင်အသားလုံးစစ်စစ်ပဲ။ ဒါပေမယ့် အသားအရသာလည်းပေါ်လွင်နေသေးတယ်”
မန်နေဂျာရှီက စားရင်းကျေနပ်စွာပြောလိုက်သည်။
“တကယ်စားကောင်းတာ။ အသားကြိုက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပဲ။ အသားလုံးတစ်ခုက ဒီလောက် အရသာရှိမယ်လို့ ငါဘယ်တုန်းကမှထင်မထားဘူး။ သူဌေး၊ ခင်ဗျားဘယ်တော့ တရုတ်ရိုးရာခြင်္သေ့ခေါင်းဟင်းကို ရောင်းမှာလဲ” ပန်းကန်လုံးထဲမှဟင်းကို စားရင်း ကျောက်ယင်းကျွင့်က ဟင်းအိုးထဲရှိ အသားလုံးများကို တွေးရင်း မေးလိုက်သည်။
“ငါတို့အသားလုံးနောက်တစ်ပွဲထပ်မှာလို့ရသေးတယ်ထင်တယ်”
ဝူကျိုးက သူ့ကောင်မလေးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ခဏလေးအတွင်းတွင် “အရသာရှိလိုက်တာ” ဟုဆက်တိုက်ပြောရင်း ဟင်းအနှစ်အပြည့်နှင့် အသားလုံးလေးလုံးကို သူ စားပြီးသွားပြီဖြစ်သည်။ သူအသိဝင်လာချိန်တွင်မူ ပန်းကန်ထဲ၌ အသားလုံးနှစ်လုံးသာ ကျန်တော့သည်။
ယခင်က ထိုသို့တစ်ခါမှ မဖြစ်ဖူးခဲ့ပေ။ ဝူကျိုးမှာ စိတ်မသက်မသာခံစားလိုက်ရပြီး သူ့ကောင်မလေး စိတ်မပျော်မရွှင်ဖြစ်သွားမှာကိုလည်း စိုးထိတ်မိသည်။
“ကိစ္စမရှိပါဘူး။ အနှစ်ပါတဲ့ဟင်းတွေကို တကယ်မကြိုက်ဘူး”
ကျွမ်းရှင်းမူမှာ စားဖို့ထက် ပြည်ပဟင်းလျာကိုကြည့်ဖို့သာ စိတ်ဝင်စားသည်။
“ဒီဟာကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်။ ဒါက စားလို့လည်းရတယ်”
ထို့်နောက် ချက်ချင်းဆိုသလို အလှဆင်ထားသည့်ဒေါင်းမြီးကို ညွှန်ပြကာ ပြောလိုက်သည်။
“အခုမြည်းကြည့်လိုက်လေ”
ဝူကျိုးက တူကိုယူလိုက်ပြီး ကျွမ်းရှင်းမူကို ချော့မော့ကာပေး၏။
“စားမှာ မပူနဲ့” ကျွမ်းရှင်းမူက ပြုံးကာပြောလိုက်သည်။ ထို့နောက် သူမကတူကိုယူလိုက်ပြီး ပုစဉ်းရင်ကွဲအတောင် ကဲ့သို့ပါးလွှာပြီး သဘာဝအတိုင်းအစင်းကြောင်းများပါသည့် ဒေါင်းမြီးအပိုင်းအစကိုယူလိုက်သည်။
“ကလောက်”ဟူသောအသံလေးထွက်လာပြီးနောက် ဒေါင်းမြီးပေါ်တင်ထားသည့်အသားလုံးမှာ ရုတ်တရက် ပျောက်သွား၏။ “ဘာလဲဟ?” သူတို့ဇဝေဇဝါဖြစ်နေစဉ်ပင် အသားလုံးမှာပြန်လိမ့်ထွက်လာသည်။
ယခုအသားလုံးမှာ ယခင်အသားလုံးများနှင့် မတူပေ။ ထိုအသားလုံးကို နှင်းဆီပွင့်ဖတ်ဖြင့် အပြင်ကထုပ်ပိုးထားပြီး အလွန့်လွန်ထူးခြားစွာ လှပပြီး ချိုမြိန်လုံးဝန်းနေ၏။
“ဒါကဘာလဲ?” ဝူကျိုး၊ ကျွမ်းရှင်းမူနှင့် ဘေးရှိအခြားစားသုံးသူများမှာ အံ့သြနေကြပြီး ယွမ်ကျိုးကို နားမလည်စွာ ကြည့်နေကြသည်။
ဝူဟိုင်တစ်ဦးတည်းကသာ ဘေးဘက်တွင် ကျေနပ်စွာပြုံးနေလေတော့သည်။ “နေရာချထားမှု”ဆိုသည့်အရာပင်....
*ခြင်္သေ့ဦးခေါင်းဟင်းဆိုသည်မှာ တရုတ်အစားအစာတစ်မျိုးဖြစ်ပြီး အသားလုံးကြီးများဖြင့် ပြုလုပ်ထားသည့် ထူးခြားသောဟင်းလျာတစ်မျိုးဖြစ်သည်။ အလွန်နာမည်ကြီးသည့် တရုတ်ရိုးရာဟင်းလျာတစ်ခုဖြစ်၏။
ပြီးပါပြီ။