အခန်း (၃၂၅-၃၂၆)
Vol. 23 Ch. 325-326
ယွမ်ကျိုး အပိုင်း(၃၂၅)
လီလီ၏တန်ပြန်တိုက်ခိုက်မှု
“ဒါဘာကြီးလဲ?” ဝူကျိုးနှင့် သူ့ဘေးရှိအခြားလူများကပါ တစ်ပြိုင်နက်တည်းမေးလိုက်ကြသည်။
“စားပြီးရင်သိလိမ့်မယ်၊ စားကြည့်လေ” ယွမ်ကျိုးက သူတို့ကိုအရင်စားရန် ပြောသည်။
“ဟုတ်တယ်၊ မင်းတို့အရင်စားကြည့်လိုက်ရင် သိလိမ့်မယ်” ဝူဟိုင်က ထိုသူတို့အား မျှော်လင့်တကြီးကြည့်နေ၏။
“ကိုယ်အရင်စားရမလား ချစ် အရင်စားမလား?” ဝူကျိုးက ကျွမ်းရှင်းမူကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ကိုအရင်စား” ကျွမ်းရှင်းမူဖြေလိုက်၏။
“ကျေးဇူးပဲ ချစ်” ဝူကျိုးက ကျွမ်းရှင်းမူ၏လက်ကိုဆွဲကာ စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလေသည်။
“အဖြစ်သည်းနေလိုက်တာကွာ” ကျောက်ယင်းကျွင့်က ရုတ်တရက်ကျယ်လောင်စွာပြောလိုက်၏။
“အဖြစ်သည်းတာမဟုတ်ဘူးကွ၊ မင်းအသားမကျသေးလို့၊ ငါ့မိန်းမလည်း အရမ်းကောင်းတာ” မန်နေဂျာရှီက တကိုယ် တည်းလူပျိုကြီးမဟုတ်ရာ ထိုကိစ္စကိုစိတ်ထဲမထားကြောင်း ပြလိုက်သည်။
“အခုစားကြည့်တော့လေ” သူအမှန်တကယ်ပိုဂရုစိုက်သည်မှာ အစားကိစ္စသာဖြစ်ရာ မြန်မြန်ဆော်ဪ။လိုက်၏။
တကယ်တမ်းတွင် ကျောက်ယင်းကျွင့်နှင့် မန်နေဂျာရှီနှစ်ဦးစလုံးတွင် အသားလုံးများရှိကြသော်လည်း ဝူကျိုးအရင် စားသည်ကို ကြည့်ချင်နေကြဆဲဖြစ်သည်။
စားကောင်းသောက်ဖွယ်များကို စားသောက်ရသည်မှာလည်း ပျော်ရွှင်စရာကိစ္စပင်ဖြစ်၏။
“ဟုတ်သား” ဝူကျိုးက အသားလုံးကိုကောက်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ တုံ့ဆိုင်းခြင်းမရှိထိုးသွတ်လိုက်သည်။
အသားလုံးကိုယူလိုက်စဉ် အသားလုံးကိုပတ်ထားသောအလွှာမှာနူးညံ့ကြောင်း တွေ့လိုက်ရပြီး ပါးစပ်အတွင်းသို့ ရောက်သည့်အခါ ပို၍နူးညံ့နေ၏။
“ထူးဆန်းလိုက်တာ” ဝူကျိုးတစ်ကိုက်ကိုက်လိုက်သည်။ အသားလုံးအရသာမရခင် ချိုချိုချဉ်ချဉ်အရသာတစ်ခု ပျံ့နှံ့လာသည်။
“ထူးဆန်းတယ်?” မန်နေဂျာရှီမှာ ပို၍ပင်သိချင်သွား၏။
သို့သော် တစ်မိနစ်မပြည့်မီမှာပင် ဝူကျိုးက “အွန်း” ဟုအသံတစ်ချက်ပြုလိုက်ကာ အားပါးတရဝါးစားလေတော့သည်။ အသားလုံးမှာပို၍ အရသာရှိပုံပေါ်လာ၏။
“ကောင်းမယ့်ပုံပဲ၊ ငါတို့လည်း စားကြည့်ကြစို့” မန်နေဂျာရှီက ကျောက်ယင်းကျွင့်ဘက်သို့ လှည့်ကာပြောလိုက်သည်။
“အင်း..စားကြမယ်” ကျောက်ယင်းကျွင့်သည်လည်း စားရန်စိတ်ဝင်စားလာပြီဖြစ်သည်။
သူတို့နှစ်ဦးမှာ နေရာချထားမှုပုံစံအား အတော်စိတ်ဝင်စားနေကြပုံပေါ်ပြီး အမျိုးမျိုးစတင်စမ်းသပ်ကြည့်ကြ တော့သည်။
သေချာကြည့်လိုက်သောအခါ အောက်ခြေခပ်ထူထူရှိသည့်ကြာပန်းသဏ္ဍာန်ပန်းကန်ပြားအောက်တွင်အပေါက်ငယ် လေးများရှိပြီး တိုင်လေးများဖြင့်ပိတ်ကာထားရာ ထိုအပေါက်ငယ်လေးများအား ရုတ်တရက်မြင်ရန်ခက်ပေသည်။
ဆွီဒင်အသားလုံးများကို တည်ခင်းထားသောပန်းကန်ပြားမှာ ရှေးခေတ်တွင်အသုံးပြုခဲ့သည့် ကြေးနီဟော့ပေါ့အိုးကဲ့ သို့ပင် အတော်ထူးဆန်း၏။ အပေါ်ပိုင်းမှာ ချောမွေ့သောအဝိုင်းပြားတစ်ချပ်ဖြစ်သည်။ ထိုအပြားပေါ်တွင် အသားလုံး များကို စက်ဝိုင်းသဏ္ဍာန်နေရာချထားပြီး ဘေးဘက်တွင် ဒေါင်းမြီးရှိကာ အလယ်ပိုင်းတွင်အာလူးထောင်းဖြင့်ပြုလုပ် ထားသော ဒေါင်းခန္ဓာကိုယ်နှင့်ခေါင်းပိုင်းရှိလေသည်။
အောက်ပိုင်းတွင် ပန်းကန်ပြားအောက်ခြေနှင့်ဆက်ထားသော တိုင်ပုံသဏ္ဍာန်အရာရှိနေ၏။ တိုင်လုံးကို အလွန်လှပ လက်ရာမြောက်သော ကနုတ်ပန်းပုံစံများထွင်းထားသည်။ ထိုပုံစံများက အပေါက်ငယ်များကို ဖုံးအုပ်နေခြင်းဖြစ် သည်။
မူလက ဒေါင်း၏အလှအပကိုပေါ်လွင်စေရန်အတွက် ထိုပန်းကန်ပြားကိုအသုံးပြုခဲ့ခြင်းဖြစ်မည်ဟု ယူဆရသည်။ နောက်ဆုံးတွင်မူ ထိုသို့သော ပန်းကန်ပြားခပ်မြင့်မြင့်မှာ လူအများအား ဒေါင်းမှာပျံသန်းတော့မလိုခံစားချက်ကို ပေးစွမ်းပေလိမ့်မည်။ သို့သော် ယခုတွင်မူ ထိုပန်းကန်ပြားကိုအသုံးပြုရခြင်းမှာ အလှဆင်ရန်အတွက်သုံးခဲ့ပုံပေါ် သည်။
မန်နေဂျာရှီက အသားလုံးများလိမ့်ထွက်လာသောနေရာကို တူနှင့်ဆော့သလိုထိုးလိုက်ရာ “ပတ် ပတ်”ဟူသော အသံထွက်လာ၏။
“ဒါကထိုးဖွင့်လို့မရဘူးလား? အပြင်ကဖွင့်လို့ရမယ့်ပုံပဲကို” မန်နေဂျာရှီက သူ့ဘာသာတီးတိုးရေရွတ်ရင်း စိတ်ဝင်စား စွာစူးစမ်းနေသည်။
ထို့နောက် သူကတူကိုသုံးကာ ခမ်းနားလှသောတံခါးငယ်လေး၏ အပြင်ပိုင်းကိုတွန်းလိုက်သော်လည်း ဘာမှဖြစ်မလာ ပေ။
“စိတ်ဝင်စားစရာပဲ” အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက်တွင် မန်နေဂျာရှီမှာ တစ်ယောက်ယောက်ကသာ ဒေါင်းမြီးကို အရင်မဆွဲပါက အသားလုံးမှာလိမ့်ထွက်လာမည်မဟုတ်ကြောင်း သိသွားတော့သည်။ လူတွေက အသား လုံးတွေကိုသာ အရင်စားခဲ့ရင် တံခါးလေးတွေကလည်း ပွင့်လာလိမ့်မည်မဟုတ်ပေ။
ဤကဲ့သို့ အလှဆင်ထားမှုမှာ လုံးဝပညာသားပါပေ၏။
မန်နေဂျာရှီနှင့် ကျောက်ယင်းကျွင့်တို့မှာ ကလေးများလို နေရာချထားမှုပုံစံကိုစိတ်ဝင်တစားလေ့လာနေကြတော့ သည်။ ထွက်ကျလာသော အသားလုံးများ၏အံ့ဖွယ်အရသာက သူတို့၏သိလိုစိတ်အား ချက်ချင်းဆိုသလို ထက်သန် လာစေသည်။
မည်သို့ပင်ဖြစ်စေ ဝူကျိုးမှာမူ နောက်ဆုံးအသားလုံးကို သူ့ကောင်မလေးအားပေးလိုက်လေသည်။
“စားစမ်းပါ မူမူရ၊ အသားလုံးစားကြည့်၊ အရမ်းအရသာရှိတာနော် ချစ်ကြိုက်မှာသေချာတယ်” ဝူကျိုးက အသားလုံးကိုကောက်ကာ ကျွမ်းရှင်းမူ၏ ပါးစပ်နားသို့တေ့ပေးလိုက်သည်။
“သူဌေးယွမ်လက်ရာကကောင်းမှာသေချာပါတယ် ဒါပေမယ့် ဟင်းက မလိုင်တွေလည်းပါတော့...” ကျွမ်းရှင်းမူစိတ် ထဲမှာ အနည်းငယ်တွန့်ဆုတ်နေသည်။
မလိုင်ဖြင့်လုပ်ထားသည့်ဟင်းမှာ မလိုက်ဖက်ဟုခံစားရသည်။ အသား၏ ချောမွေ့မှုနှင့် အဆီတွေအပြင် ချိုငန်အရသာကြီးကို စဉ်းစားကြည့်လိုက်ရုံနှင့် သူမ လက်မခံနိုင်တော့ပေ။
“သူဌေးယွမ်ချက်ထားတာပါဆိုကွာ” ဝူကျိုးက အခိုင်အမာပြောလေသည်။
“အင်းပါ ဟုတ်ပါတယ် မြည်းကြည့်လိုက်ပါမယ်လေ” ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို စဉ်းစားမိသည်နှင့် ကျွမ်းရှင်းမူ က တွန့်ဆုတ်မနေတော့ဘဲ တစ်လုတ်တည်းစားလိုက်၏။
ယွမ်ကျိုးချက်ထားသည့် အသားလုံးမှာ မိန်းကလေးတစ်ယောက်၏ ပါးစပ်အနေဖြင့် အနည်းငယ်ကြီးနေလေသည်။ ထို့အတွက် အသားလုံးမှာ စားလိုက်သည်နှင့် သူမပါးစပ်အတွင်းပြည့်သွားလေတော့သည်။ သူမ၏ပါးလေးများဖောင်း နေရာ အလွန်ပင်ချစ်စရာကောင်းနေသည်။
ဝူကျိုးပင် သူ့ကောင်မလေးအား မနေနိုင်ဘဲငေးကြည့်ကာ အရူးလိုရယ်လေတော့သည်။
မည်သို့ပင်ဖြစ်စေ ကျွမ်းရှင်းမူမှာ အံ့အားသင့်သလိုခံစားလိုက်ရပြီး ခက်ခက်ခဲခဲ ဝါးတော့သည်။
ဝါးစားလေလေ အနံ့မှာပိုမွှေးပျံ့လာလေလေဖြစ်သည်။ ထို့နောက် သူမမှာ အရသာရှိသော အစားအသောက်ကို ခံစား ရင်း နစ်မြှုပ်နေ၏။ ရုတ်တရက်ဆိုသလို ကျွမ်းရှင်းမူက ဝူကျိုးအား မျက်စောင်းထိုးလိုက်ရာ သူ့ကောင်မလေး၏ အစားအသောက်စားနေဟန်ကိုကြည့်နေသည့် ဝူကျိုးအား စဉ်းစားရခက်သွားစေသည်။
သို့သော် ကျွမ်းရှင်းမူမှာ သူမမှန်သည်ဟု ခံစားမိနေသည်။ အသားလုံးမှာအရမ်းအရသာရှိသော်လည်း ယခုမူ တစ်လုံး သာကျန်တော့၏။
ဟုတ်ပေသည် ကျွမ်းရှင်းမူမှာ အရသာကိုအသားကျလာပြီး ကြိုက်သွားတော့သည်။
အသားလုံံးမှာ သူမပါးစပ်အတွင်းသို့ ရောက်သည်နှင့် စွဲမက်ဖွယ်ကောင်းသော ချိုချိုချဉ်ချဉ်အရသာ,သာ ရှိတော့ သည်။
ဝါးစားလိုက်သည်နှင့် ခပ်ပျစ်ပျစ်အနှစ်ရှိနေ၏။ ခဏလေးအတွင်းမှာပင် ချိုချိုချဉ်ချဉ်အရသာက အသားလုံး အတွင်းသို့ဝင်ရောက်သွားလေသည်။
သူမအသားလုံးကို ထပ်ကိုက်ဝါးလိုက်ချိန်တွင် ဟင်းအနှစ်နှင့်ကြွပ်ရွရွအခွံနှစ်ခု စလုံးက အချဉ်အရသာအနည်းငယ်ပေးနေသည်။
သို့သော် ထိုအရသာမှာသိပ်မသိသာပေ။ အပြင်ဘက်ရှိအချဉ်အရသာနှင့် အချိုအရသာမှာ လုံးဝပေါင်းစပ်ပျော်ဝင်နေ တော့သည်။
ထိုနည်းအားဖြင့် အသားလုံံး၏ခပ်ထူထူအနေအထားကို အအီပြေစေသည်။ အချဉ်ဓါတ်က အသားကိုပိုမိုနူးညံ့စေပြီး အချိုဓါတ်က အရသာပိုတိုးစေရာ မင်းကြီးနှင့်မှူးမတ်များ အတူတကွပေါင်းစည်းဆောင်ရွက်ကာ ပန်းတိုင်ဆီသို့ ရောက်အောင်သွားသကဲ့သို့ ထိုအရသာနှစ်မျိုးက ပေါင်းစည်းလုပ်ဆောင်လေ၏။
“အရသာရှိလိုက်တာ...ကြည့်..အကုန်ကုန်သွားပြီ” စားပြီးသည်နှင့် ကျွမ်းရှင်းမူက ဝူကျိုးကို ပြောလိုက်သည်။
“တွေ့လား..ကိုယ်ပြောသားပဲ ချစ်,ကြိုက်မှာပါဆို၊ ပထမဆုံးအချိုနဲ့အချဉ်အရသာ၊ ပြီးတော့မှ အရမ်းစားကောင်းတဲ့ အသားလုံး” ဝူကျိုးက ကျေနပ်စွာအရင်ပြောလိုက်သည်။ သို့သော် သူမလေးမှာ အလွန်စိတ်ဆိုးနေပုံပေါ်ဆဲဖြစ်ရာ ချက်ချင်းချော့တော့သည်။
“ကိုယ့်ဟင်းကိုမမှာရသေးဘူးလေ၊ အခု ချစ်အတွက်နောက်တစ်ပွဲမှာလိုက်မယ်နော်, ဟုတ်ပြီလား?” ဝူကျိုးက ပြုံးရင်းပြောသည်။
“ဟွန့်..ဒီတစ်ခါပဲရမယ်” ဈေးနှုန်းကြောင့် ကျွမ်းရှင်းမူမှာ ဝမ်းနည်းသလိုခံစားလိုက်ရသော်လည်း ခိုင်မာစွာပြော လိုက်၏။
စိတ်ထဲမှ တစ်ခါတစ်လေပိုက်ဆံပိုသုံးလိုက်တာ ဘာမှပြဿနာမဟုတ်ပါဘူးဟု သူမကိုယ်သူမ နှိမ့်သိမ့်လိုက်သည်။ အရေးကြီးသည်မှာ ဤအသားလုံးဟင်းက သူမကိုစိတ်ကျေနပ်စေခြင်းပင်ဖြစ်သည်။
ဤဟင်းမှာ ထူးဆန်းသောအရသာနှင့် အသွင်အပြင်များအပြည့်ရှိရုံမျှမက သူမအနေဖြင့် မငြင်းဆန်နိုင်လောက် အောင် အရသာရှိနေသည်။
“သူဌေးယွမ်ရေ ကျေးဇူးပြုပြီး နောက်တစ်ပွဲပေးပါဦး၊ အခုအဲ့ဒါဘာလဲဆိုတာ ကျွန်တော်တို့ကိုပြောပြလို့ရပြီလား?” ဝူကျိုးမှာ အလွန်သိချင်နေပြီ။
“ခရန်ဘယ်ရီ၊ ခရန်ဘယ်ရီသီးယိုပဲ” မန်နေဂျာရှီက စားရင်းပျော်ရွှင်နေ၏။ စားပြီးသောအခါ ပါးစပ်ကိုသုတ်လိုက်ပြီး ခပ်ကြော့ကြော့ပြောလိုက်သည်။
“ယို?” ကျွမ်းရှင်းမူမှာ အလွန်အံ့သြနေ၏။
“ဟုတ်တယ်..ယို၊ အသားလုံးနဲ့စားဖို့ မရှိမဖြစ်လိုတာက ခရန်ဘယ်ရီယိုပဲ၊ သူဌေးယွမ်က ဘာလို့ အဲ့ဒါကိုမပေး ထားလဲဆိုပြီး စဉ်းစားနေတာ၊ လက်စသတ်တော့ ငါတို့ကိုယ်တိုင်ရှာရမယ့်ဟာက အဲ့ဟာဖြစ်နေတာကိုး၊ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့အတွေ့အကြုံပါပဲဗျာ” မန်နေဂျာရှီက သူ့ရှေ့ရှိ ပန်းကန်ပြားအလွတ်ကိုကြည့်ရင်း ကျေနပ်စွာ ပြောလိုက်လေတော့သည်။
“အသားကို ယိုနဲ့တွဲစားလို့ရမှန်းမထင်ထားခဲ့ဘူး၊ သူဌေးယွမ်မို့သာ အဲ့လိုလုပ်နိုင်တာပဲ” ကျွမ်းရှင်းမူက အထိတ်တလန့်ပြောလိုက်သည်။
ဟာသပဲ! တကယ်လို့များ ဟင်းကို တခြားလူတွေချက်ထားပြီး သူမကို အဲ့ဟင်းက အသားနဲ့ယို တွဲချက်ထားကြောင်း တစ်ယောက်ယောက်ကသာ ပြောလာခဲ့ရင် သူမဘယ်တော့မှစားလိမ့်မည်မဟုတ်ချေ။ အရသာရှိစေဖို့ ဖျော်ရည်ကို ထည့်ချက်ကြတာနားလည်ပေးနိုင်ပေမယ့် ဘာကိစ္စယိုကိုထည့်ချက်ကြတာတုန်း?
ပြည်ပဟင်းလျာကတော့ အမှန်ပင်ထူးဆန်းလှပေစွ။
“ချစ်ပြောတာမှန်တယ်၊ ယိုနဲ့အသားလုံးတွေက သူဌေးယွမ်လက်ထဲမှာ လုံးဝကိုလိုက်ဖက်တဲ့အတွဲအစပ်ဖြစ်သွားတာ ပဲ” အာလူးထောင်းကိုစားရင်း ဝူကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာပြောသည်။
“ခင်ဗျားတို့ကြိုက်သလောက်စားဗျာ” ယွမ်ကျိုးက အသားလုံးများကို သူတို့ထံပေးလိုက်ရင်း ခေါင်းတချက်ငြိမ့်ပြကာ အလေးအနက်ပြောလေသည်။
သူဖန်တီးထားသည့် ပန်းကန်ပြားကို သူတို့တတွေ မှတ်ချက်ပြုနေကြသည်ကိုကြည့်ရင်း ယွမ်ကျိုးမှာ စိတ်ထဲ၌ အတော်ပျော်ရွှင်နေသော်လည်း အပေါ်ယံတွင်မူ တည်ငြိမ်နေဆဲဖြစ်သည်။ သူက အေးအေးဆေးဆေးနှင့် တသီး တခြားနေရသည်ကို အသားကျနေပြီဖြစ်ရာ မထူးခြားသလိုဆက်နေနေလေသည်။
ဆိုတော့ မေးခွန်းတစ်ခုရှိလာ၏။ ဒီအတိုင်း ယိုတစ်ဘူးနှင့်ချပေးလိုက်လျှင်ရပါလျက်နှင့် ဘာကြောင့်အခုလို ရှုပ်ထွေးအောင်လုပ်နေရသနည်း?
ဟုတ်ပေသည်၊ ယခုအချိန်အထိ မည်သူမျှထိုကိစ္စကို သတိမပြုမိခဲ့ကြပေ။ သူတို့မှာ ဟင်းလျာအသစ်၏အရသာတွင် နစ်မြှုပ်နေဆဲဖြစ်၍ပင်။
အခြားတစ်ဖက်တွင်မူ လီလီမှာ အရေးကြီးကိစ္စတစ်ရပ်ကို ဆုံးဖြတ်ချက်ချနေ၏။
“ကျုပ်ဒီနေ့ညနေ ဆွီဒင်အသားလုံးကို ကိုယ်တိုင်ချက်မယ်” လီလီက သူ့ဘေးရှိ လျိုရို့ယွိကို လှည့်ပြောလိုက်လေ သည်။
ဒါကဟင်းလျာအသစ်တစ်ပွဲသာဖြစ်သည်။ သူက ယွမ်ကျိုးနှင့် ပေါ်တင်ယှဉ်ပြိုင်တိုက်ခိုက်ရန်ရုံသာရှိသည်။ သူ့ဟင်းချက်လက်ရာက ယွမ်ကျိုးကိုမမီဘူးဆိုလျှင်တောင် ဒီဆိုင်၏ ဝန်းကျင်အနေအထား၊ ဝန်ဆောင်မှုများနှင့်ဆိုပါ က အနည်းဆုံးတော့ ပခုံးချင်းယှဉ်နိုင်လောက်သေးသည်ပင်။
အပိုင်း(၃၂၅)
ပြီးပါပြီ။
၃၂၆ မှ ၃၃၀
ယွမ်ကျိုး အပိုင်း(၃၂၆) အသားလုံးတွေပဲလေ၊ အချင်းချင်းဘာလို့လုနေမှာလဲ?
“နေပါဦး၊ မစ္စတာလီအခုဘာပြောလိုက်တာ?” လျိုရို့ယွိက အနည်းငယ်အံ့သြသွားသည်။
“ပြောတဲ့အတိုင်းပဲလေ၊ သွားပြင်ထားလိုက်တော့” လီလီက အလေးအနက်ပြန်ပြော၏။
“ဒါပေမယ့် ဆရာပဲ အခုလေးတင် မန်နေဂျာနျိုကို ညနေကျရင် ဝိုင်နီမီးတောက်အမဲသားကင်ချက်မယ်လို့ ပြောလိုက်တာမဟုတ်လား?” လျိုရို့ယွိက ဂရုတစိုက်မေးလိုက်သည်။
သူမက လီလီ့ကို ယွမ်ကျိုးနှင့် ပြောင်ပြောင်တင်းတင်းယှဉ်ပြိုင်ခြင်းမပြုစေလိုပေ။ နျိုလီမှာ သူမအား သူမတို့စားသောက်ဆိုင်ဖွင့်နိုင်ရခြင်းမှာ ယွမ်ကျိုး၏စားသောက်ဆိုင်ကြောင့်ဖြစ်ရာ အတတ်နိုင်ဆုံးရှောင်ခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း တစ်ခါပြောခဲ့ဖူးသည်။
“ဘာလဲ? မင်းကသဘောမတူလို့လား?” လီလီက မျက်မှောင်ကြုံ့လိုက်ပြီး လျိုရို့ယွိအား လှည့်ကြည့်လိုက်သည်။
“အမှုဆောင်စားဖိုမှူးလီ၊ ကျွန်မကအဲ့သဘောမဟုတ်ပါဘူး၊ မန်နေဂျာနျိုက ညနေကျရင်တစ်ခါလာဦးမှာလေ” လျိုရို့ယွိက သတိကြီးစွာထားကာပြောလိုက်သည်။
“ငါဘာလုပ်ရမလဲဆိုတာ ငါသိတယ်၊ မင်းသွားသာပြင်ထားလိုက်စမ်းပါ” လီလီက ထရပ်လိုက်ပြီး လျိုရို့ယွိအား ချန်ရစ်ကာ ထွက်သွားမည့်ဟန်ပြုသည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ စားသောက်ဆိုင်၏ အစုရှယ်ယာပိုင်ဆိုင်ထားသည်ဖြစ်ရာ သူဌေးများထဲမှ တစ်ဦးအဖြစ် မှတ်ယူ နိုင်ပေသည်။ ထို့ကြောင့် အချို့အကြံဉာဏ်များကို လက်သင့်ခံမည်ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်၏ အမိန့်ကိုမျှ သူနာခံရန်မလိုချေ။
လီလီထိုသို့ပြောလာသည်ကိုတွေ့သော် လျိုရို့ယွိမှာ အလိုအလျောက်ပင် မနာခံပဲမနေဝံ့တော့။ ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်ပြီး သိလိုစိတ်ဖြင့် “မန်နေဂျာနျိုကိုရော အဲ့အကြောင်းပြောရဦးမလား?” ဟုမေးလိုက်သည်။
“ ငါအခုသွားပြင်ဆင်လိုက်ဦးမယ်” လီလီက ထိုကိစ္စအား လုံးဝဂရုမစိုက်ချေ။ သူလုပ်ချင်တာကို လုပ်ခြင်းမှာ သူ့လွတ်လပ်ခွင့်ပင်။
“ဟုတ်ကဲ့ပါ မစ္စတာလီ၊ ကျွန်မဒီညနေအတွက် မီးဖိုခန်းအကျယ်အဝန်းကိုအရင်သွားစီစဉ်လိုက်ပါ့မယ်၊ ပြီးမှ မန်နေဂျာ နျိုကို ဆရာ့ဆုံးဖြတ်ချက်အကြောင်း အသိပေးလိုက်ပါ့မယ်ရှင့်” လျိုရို့ယွိက ချက်ကျလက်ကျပြောလိုက်သည်။
“အင်း” လီလီက ခေါင်းငြိမ့်ပြ၏။ သူ့အေပရွန်ကို စည်းနှောင်ပြီးနောက် မီးဖိုခန်းဆီသို့ထွက်သွားတော့သည်။
သူထွက်သွားသည့်အခါမှပင် လျိုရို့ယွိမှာ စိတ်သက်သာသွားသလို သက်ပြင်းချလိုက်ပြီး အသံခပ်နိမ့်နိမ့်ဖြင့် တိုးတိုးရေရွတ်လိုက်လေသည် “အစ်မနျိုတော့ဘယ်လိုထင်မလဲမသိဘူး?”
သို့သော် ထိုကိစ္စမှာ သူမစိတ်ပူရမည့်အရာမဟုတ်ပေ။ ယခုအရေးကြီးဆုံးအရာမှာ မီးဖိုခန်းအကျယ်အဝန်းကို ပြင်ဆင် ရန်ဖြစ်သည်။
ဟုတ်ပေသည်။ လီလီ ပရိသတ်များပျော်စေရန်နှင့် အမြင်အားဖြင့် ဆွဲဆောင်နိုင်စေရန် အလို့ငှါ ဆွီဒင်အသားလုံးကို လက်တွေ့ချက်ပြရန် ဆုံးဖြတ်ချက်ချထား၏။
“ခေါင်းဆောင်စားဖိုမှူး၊ ဆရာဒီနေ့ညနေဘာဟင်းချက်မလဲဗျ?’ မျက်နှာခပ်ဝိုင်းဝိုင်းနှင့် ပျော်တတ်သော စားဖိုမှူးမှာ လီလီထံသို့လျှောက်လာပြီး စိတ်အားထက်သန်စွာမေးလိုက်သည်။
“ဆွီဒင်အသားလုံး၊ ကျုပ်အတွက် အရွတ်မပါတဲ့အမဲခြေထောက်သားနည်းနည်းနဲ့ ဝက်ပုခုံးသားတစ်ပိုင်းလောက် သွားပြင်ထားပေးပါ” လီလီကပြောသည်။
“ဟုတ်ကဲ့..ကောင်းပါတယ် ခေါင်းဆောင်စားဖိုမှူး၊ ကျွန်တော်တို့က ဒီလိုစားသောက်ဆိုင်အသေးလေးကို ရှုံးလို့ ဘယ်ဖြစ်မလဲ?” မျက်နှာဝိုင်းဝိုင်းနှင့် စားဖိုမှူးက လက်သီးဆုပ်လိုက်ပြီး အလေးအနက်ပြောသည်။
“ဒါပေါ့.အခုသွားပြင်ထားလိုက်တော့” လီလီကလည်း ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
မည်သည့်ဖုံးကွယ်ထားမှုမျှမရှိသည့် ဤပြိုင်ပွဲတွင် လီလီသည် သူရှုံးလိမ့်မည်ဟု ဘယ်တော့မှမယုံပေ။ သူ့မှာလည်း ကိုယ်ပိုင်မာနရှိရာ တူညီသောဟင်းကိုချက်ရန်ရွေးခြင်းဖြင့် တိုက်ပွဲကိုလက်ခံလိုက်လေသည်။
သူ့အမြင်တွင် ဒီနေ့မှယွမ်ကျိုးက ဟင်းလျာအသစ်ကိုရောင်းရန်ရွေးချယ်ခဲ့ရာ သူနှင့်ယှဉ်ပြိုင်ရန် ကြေငြာချက်ပင်ဖြစ် တော့သည်။
ကိုယ်ပိုင်လေးစားမှုနှင့် မာနတို့ကြောင့် သူကလည်း ပြိုင်ပွဲကိုလက်ခံကာ တူညီသည့်ဟင်းလျာကိုရွေးချယ်၍ ပြန် တိုက်ခိုက်မည်ဖြစ်သည်။ ဤသည်မှာ လီလီ၏မာနပင်ဖြစ်သည်။
နေ့လယ်စာစားချိန်ပြီးနောက် ယွမ်ကျိုးမှာ ဝင်ပေါက်ဆီသို့ လျှောက်သွားကာ ဆိုင်အသစ်ကိုလှမ်းကြည့်လိုက်သည်။ အနောက်တိုင်းစားသောက်ဆိုင်၏ အပြင်ဘက်တွင် လူအများကြီးမရှိသည်ကိုတွေ့ရာ အဖက်မလုပ်သည့်ပုံစံဖြင့် သူ့ ဆိုင်ဘက်ပြန်လှည့်လိုက်သည်။
တံခါးပိတ်ရင်း ယွမ်ကျိုးမှာ ညစ်ကျယ်ကျယ်ပြုံးလိုက်ကာ “ဒီလူတော့ ထွက်ပေါက်မရှိတော့ဘူး”
ဘာပဲဖြစ်ဖြစ် အနောက်တိုင်းစားသောက်ဆိုင်၏ လက်ရှိပုံစံမှာ ဆိုင်ဖွင့်ပွဲအချိန်နှင့်ယှဉ်ပါက တော်တော်လျော့နည်း သွားပြီဖြစ်သည်။
တစ်ဘက်လူမှာ မသိနိုင်သော်လည်း ယွမ်ကျိုးမှာမူ သူ၏ အားသာချက်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိပေသည်။ သူဒီဟင်းလျာအသစ်ရောင်းမည့်ရက်မှာမှ သူတို့က စားသောက်ဆိုင်ကို ဖွင့်ပွဲလုပ်ခြင်းပေ။ သူ့လုပ်ရည်ကိုင်ရည်ကို နားမလည်ကြခြင်း နောက်ဆက်တွဲရလဒ်အနေဖြင့် ထိုသူတို့ ပြင်းထန်စွာ ရှုံးနိမ့်ကြပေလိမ့်မည်။
ထို့နောက် ယွမ်ကျိုးက ဒုတိယထပ်သို့တက်သွားပြီး ကိုယ်လက်ဆေးကြောကာ အနားယူတော့သည်။ ပြီးခဲ့တဲ့ရက် အနည်းငယ်အတွင်း လေ့ကျင့်ခဲ့ခြင်းကြောင့် ယွမ်ကျိုး၏အင်အားတော်တော်များများကို အသုံးပြုပြီးဖြစ်သည်။
အချိန်မှာ အလွန်လျင်မြန်စွာကုန်သွားပြီး ညရောက်လာ၏။ ယွမ်ကျိုး၏ဆိုင်ဖွင့်ချိန်မှာ ပုံသေဖြစ်သော်လည်း လီလီတို့ ဆိုင်မှာမူပုံသေမရှိချေ။
ထို့ကြောင့် အနောက်တိုင်းစားသောက်ဆိုင်မှာ ခပ်စောစောပြန်ဖွင့်လေသည်။ ထို့ကြောင့် လူတော်တော်များများမှာ ထိုဆိုင်အတွင်းသို့ဝင်ပြီး စပ်စပ်စုစုကြည့်နေကြ၏။
စူးစမ်းလိုစိတ်မှာ လူသားတို့၏ ဘုံတူညီချက်ပင်ဖြစ်သည်။
သို့သော် ယွမ်ကျိုးစားသောက်ဆိုင်၏ လူတန်းရှည်ကြီးနှင့် နှိုင်းယှဉ်ပါက အနောက်တိုင်းစားသောက်ဆိုင်အတွင်းသို့ ဝင်သွားသူများမှာ အလွန်နည်းနေသေးပုံပေါ်သည်။
ထိုင်ခုံများတွင် လူမပြည့်တတ်သေး။ ယွမ်ကျိုးစားသောက်ဆိုင်တွင် တန်းစီမည့်လူများသာ ထိုဆိုင်သို့ သွားစားခဲ့လျှင် အနည်းဆုံးတော့ နှစ်ဆိုင်လုံးလူပြည့်နိုင်၏။
ဆိုင်နှစ်ဆိုင်၏ မတူညီသောဆိုင်ဖွင့်ချိန်များကြောင့် ယွမ်ကျိုးဆိုင်တွင် အလှည့်မရောက်နိုင်သူများမှာ အနောက်တိုင်း စားသောက်ဆိုင်သို့ သွားကြရလေသည်။ ဘာပဲဖြစ်ဖြစ် ထမင်းကတော့ မစားဘဲမနေနိုင်ကြ။
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ထိုသူများထဲမှ တစ်ဦးမှာ နေ့ခင်းက ယွမ်ကျိုး၏ ဆွီဒင်အသားလုံးကို မြည်းစမ်းခဲ့သော မာကျစ်သာ့ ဖြစ်သည်။ သူ့ကို ယွမ်ကျိုး၏ စားသောက်ဆိုင်မှ ဟင်းပွဲအားလုံးကို မြည်းစမ်းဖူးသော စီနီယာအစားသရဲ တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။
“ဘာလဲဟ, လန့်လိုက်တာ, ငါနောက်တစ်ခေါက်သွားစားမလို့ကို အခုတော့မျှော်လင့်လို့မရတော့ဘူး” မာကျစ်သာ က သူ့ဘေးရှိသူငယ်ချင်းအား ပုခုံးတွန့်ပြကာ မတတ်နိုင်ဘဲပြောလိုက်သည်။
“အင်း ငါထင်တာတော့ နေ့ခင်းတုန်းက မလာလိုက်ရတဲ့လူတွေအကုန် ဒီရောက်နေတာဖြစ်မယ်၊ ကြည့်ပါဦး..လူတန်း ကြီးဒီလောက်ရှည်နေတာ” မာကျစ်သာ၏ သူငယ်ချင်းမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ကောင်းရွှိုက် ဟူသော အမည်ရှိ၏။ (အရပ်ရှည်ပြီး ချောမောသည်ဟု အဓိပ္ပါယ်ရသည်)
ထို့ကြောင့် မာကျစ်သာမှာ သူ့သူငယ်ချင်းအား ကောင်းဖူရွှိုက်ဟု ခေါ်လေ့ရှိ၏။ (အရပ်ရှည်၊ ချောမောပြီး ချမ်းသာ သည်ဟု အဓိပ္ပါယ်ရသည်)
“ကြည့်ရတာ ငါတို့တော့ ဒီနေ့သူ့ဟင်းကို မစားနိုင်တော့ဘူးထင်တယ်၊ ဆိုင်အသစ်ကိုသွားမြည်းကြည့်ရအောင်” ဆိုင်ချင်းကပ်လျက်ဖြစ်ရာ မာကျစ်သာက လီလီ၏စားသောက်ဆိုင်သို့ အလိုအလျောက်ပင်ရောက်လာ၏။
သူတို့ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် စိတ််အားထက်သန်စွာနှင့် ဂရုစိုက်ပေးသောဝန်ဆောင်မှုကြောင့် အနည်းငယ် ပျော်လာကြသည်။ သူတို့မှာ လီလီဟင်းချက်ပြသည်ကို သူတို့မြင်နိုင်သည့်နေရာသို့ စိတ်လှုပ်ရှားစွာတွေ့လိုက်ရ သည်။
“ဒါအကုန်လှမ်းမြင်နေရတဲ့မီးဖိုခန်းလား?” ကောင်းရွှိုက်က စပ်စုစွာမေးလိုက်သည်။
“ဟယ်လို ကိုလူချော အမြဲတော့မဟုတ်ပါဘူးရှင့် ဒါက ကျွန်မတို့ဆိုင်ဖွင့်တဲ့ပထမနေ့မို့လို့ ခေါင်းဆောင်စားဖိုမှူးက အထူးလက်ဆောင်အဖြစ် ဆွီဒင်အသားလုံးကို ဘယ်လိုချက်တယ်ဆိုတာ ဧည့်သည်တွေမြင်အောင်ပြပေးတာပါ” စားပွဲထိုးမလေးမှာ သူခေါ်ခိုင်းသည့်အတိုင်းခေါ်လိုက်ပြီး သေချာဂရုစိုက်ရှင်းပြလိုက်သည်။
“ကိုလူချောဟုတ်လား? ဟားဟားဟား” မာကျစ်သာက ကောင်းရွှိုက်ကို တစ်ယောက်ယောက်က ထိုသို့ခေါ်လေတိုင်း ရယ်ချင်လာ၏။ အခုလည်းစလာပြန်ပြီ။
ကောင်းရွှိုက်မှာ သူ့အား မထီမဲ့မြင်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်၏။ ဘာပဲဖြစ်ဖြစ် သူသည် နဂိုကတည်းက အရပ်ရှည်၊ ရုပ်ချောပြီး ချမ်းသာသည့်သူပင်ဖြစ်သည်။
“ဆွီဒင်အသားလုံး? မင်းတို့မှာလည်း ဒီဟင်းရှိတယ်ပေါ့ အဲ့ဒါဆိုငါတို့နှစ်ယောက်ကို အဲ့ဟင်းနှစ်ပွဲရယ် အမဲသားကင် နှစ်ပွဲရယ်ပေး” ကောင်းရွှိုက်က ချက်ချင်းမှာလိုက်သည်။
“ဒီဆိုင်က ဆွီဒင်အသားလုံးလား? အဲ့ဒါက လက်ရာစစ်စစ်ဟုတ်မဟုတ် မင်းသိလို့လား?” မာကျစ်သာ့က ဟင်းပွဲများမှာသံကိုကြားလိုက်သောအခါ အရယ်ရပ်ပြီး စိတ်ပူစွာမေး၏။
“ဒီအတိုင်း အစားကောင်းစားချင်စိတ်ပြေသွားအောင် စားကြည့်ကြတာပေါ့ကွာ” ကောင်းရွှိုက်က လီလီ၏ ဟင်းချက် စွမ်းရည်ကို အလွန်မျှော်လင့်ထားသည်။ အနည်းဆုံးတော့ သူတို့ဗိုက်ပြည့်အောင်ဖြည့်ပေးမည်ပင်ဖြစ်သည်။
လီလီမှာ ဟင်းပွဲများကို စတင်ပြင်ဆင်နေလေပြီ။ ထို့ကြောင့် သူတို့ထံသို့ဟင်းပွဲများရောက်ရန် ဆယ်မိနစ်မျှပင် မကြာခဲ့ချေ။
သူတို့နှစ်ဦးမှာ ဘေးဘက်ရှိ စားပွဲထိုးမလေးအား လျစ်လျူရှုကာ စရင်းနောက်ရင်းစကားပြောလျက် စားကြတော့ သည်။
“အရသာကတော့မဆိုးပါဘူး၊ နောက်တစ်ခါ ယွမ်ကျိုးစားသောက်ဆိုင်မှာ အလှည့်မရရင် လာစားလို့ရတယ်” မာကျစ်သာ့က သဘာဝကျကျပြောသည်။
“တော်ပါကွာ ဒီဆိုင်ကဟင်းတွေကဈေးမပေါဘူး ငါတော့ ပိုက်ဆံစုပြီး သူဌေးယွမ်ဆိုင်ကိုပဲသွားမယ်” ကောင်းရွှိုက်က ပြတ်ပြတ်သားသားငြင်း၏။
သူတို့ဟင်းစမှာစဉ်ကပင် ဤဆိုင်၏ဟင်းပွဲများမှာ အတော်လေးဈေးကြီးပြီး ယွမ်ကျိုးစားသောက်ဆိုင်၏ ဈေးနှုန်း နှင့် အတူတူပင်ဖြစ်သည်ကို တွေ့လိုက်ရသည်။
“အင်း..ဟုတ်တယ်” မာကျစ်သာသည်လည်း ဟင်းပွဲများမှာ လုံးဝဈေးမသက်သာသည်ကို ကြားသောအခါ ချက်ချင်း သူ့စိတ်ကိုပြောင်းလိုက်၏။
တခဏမျှစားပြီးသောအခါ မာကျစ်သာက စားပွဲထိုးမလေးကို ရုတ်တရက်လှမ်းခေါ်လိုက်သည် “ဒီဘက်ကိုခဏလောက်”
“ဘာဖြစ်လို့ပါလဲရှင် အစ်ကိုမာ ဘာများလိုအပ်လို့ပါလဲ” စားပွဲထိုးမလေးမှာ သူမ၏အသံချိုချိုလေးဖြင့် ညင်သာစွာ မေးလာသည်။
“မင်းတို့တွေက ဟင်းပွဲချတာနည်းနည်းနှေးသလိုပဲ၊ ဒီမှာကြည့်.. ငါစားနေတာကုန်တော့မယ် မှာထားတဲ့ဟင်းတွေက ရောက်မလာသေးဘူး” မာကျစ်သာ့က စားပွဲကိုညွှန်ပြကာ မကျေမနပ်ဆိုသည်။
စားပွဲထိုးမလေးမှာ စားပွဲအား ထပ်ခါထပ်ခါသေချာကြည့်ပြီးနောက် ဇဝေဇဝါဖြင့်မေးလိုက်သည်။ “ဘယ်ဟင်းပွဲလေး မရောက်သေးတာလဲမသိဘူး?”
“ဆွီဒင်အသားလုံးလေ မရောက်သေးဘူး သိပ်နှေးတာပဲ” ဟင်းချက်ပြုတ်နေဆဲဖြစ်သည့် လီလီ့ကိုလှမ်းကြည့်ရင်း မာကျစ်သာကပြောလိုက်သည်။
“တော်တော်ကိုနှေးတာ” ကောင်းရွှိုက်က ခေါင်းငြိမ့်ကာ သံယောင်လိုက်သည်။
“ဒါပေမယ့် ဒီနှစ်ပွဲက ဆွီဒင်အသားလုံးပဲလေ ရှင်တို့အခုပဲစားပြီးသွားတာ” စားပွဲမလေးမှာ စိတ်မဆိုးခဲ့ချေ။ သူမက ပန်းကန်ပြားနှစ်ချပ်ကိုသာ ညွှန်ပြလိုက်ရင်း ပြောသည်။
မာကျစ်သာ့နှင့် ကောင်းရွှိုက်တို့နှစ်ဦးမှာ တစ်ခွန်းတည်းသာပြိုင်တူပြောလိုက်ကြတော့သည် “ဟမ်?”
အပိုင်း(၃၂၆)
ပြီးပါပြီ။