အခန်း (၃၂၇-၃၂၈)
Vol. 23 Ch. 327-328
ယွမ်ကျိုး အပိုင်း(၃၂၇) ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
“ကိုလူချောရှင့်...ဒါက ဆွီဒင်အသားလုံးဟင်းပါနော်”
စားပွဲထိုးမလေးက စားပွဲပေါ်ရှိ ပန်းကန်အလွတ်နှစ်ချပ်ကို ညွှန်ပြရင်း ညင်သာစွာပြောလိုက်သည်။
“ဟမ်...ငါတို့စားလိုက်ပြီလား”
မာကျစ်သာမှာ မယုံနိုင်ပေ။ စားပြီးသွားတာတောင် ဘာလို့ထူးထူးခြားခြားမခံစားမိ လိုက်ရတာလဲ။
“ဟုတ်တယ်ရှင့်။ ရှင်တို့နှစ်ယောက်ကို အရင်ချပေးလိုက်တဲ့ဟင်းက ဆွီဒင်အသားလုံးဟင်းပါ”
စားပွဲထိုးမလေးက ဖြည်းဖြည်းချင်း ရှင်းပြသည်။
“ဒါပေမယ့် ဘာလို့ ငါထူးထူးဆန်းဆန်းမခံစားလိုက်ရတာလဲ။ ကောင်းရွှိုက်၊ မင်းရောဘယ်လိုခံစားလိုက်ရလဲ”
မာကျစ်သာက ဇဝေဇဝါဖြင့် လှမ်းမေးသည်။
ကောင်းရွှိုက်မှာ ခဏလောက်အချိန်ယူစဉ်းစားလိုက်သော်လည်း ကံမကောင်းစွာဖြင့် မည်သည့်ခံစားချက်အကြွင်းအကျန်ကိုမှ မခံစားခဲ့ရချေ။
“ဟင့်အင်း”
ကောင်းရွှိုက်က ခေါင်းခါပြလိုက်သည်။
“သူဌေးယွမ်နဲ့ ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုတာငါသိသားပဲ။ ဒါပေမယ့် ဒါကြီးကတော့ ခြေဖျားတောင် မမှီတာကွာ”
မာကျစ်သာက မကျေမနပ် ရေရွတ်သည်။
“ငါလည်း အဲ့လိုထင်တယ်။ စားစား၊ မစားစား ဘာမှမကွာဘူး။ အသားကင်လောက်တောင် အရသာမရှိဘူးကွာ”
ကောင်းရွှိုက်ကလည်း ခေါင်းညိတ်ကာ မာကျစ်သာ၏စကားကို ထောက်ခံလိုက်သည်။
စားပွဲထိုးမလေးမှာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ဤလူနှစ်ဦးမှာ သူမရှေ့တည့်တည့်တွင် ပွင့်ပွင့်လင်း လင်းပြောဆိုနေကြရာ သူတို့စကားဝိုင်းကြောင့် ရှက်ရွံ့လာရခြင်းပင် ဖြစ်သည်။
“ညီမလေး၊ မင်းတို့ဆိုင်က ဟင်းတွေက စားတာနဲ့ မစားတာနဲ့ ဘာမှမကွာသလိုပဲ”
မာကျစ်သာက အလွန်ယဉ်ကျေးသော အမူအရာဖြင့်ပြောသော်လည်း အခြားသူများကမူ ထိုသို့မခံစားမိချေ။
“ဒီဟင်းကို မင်းတို့ခေါင်းဆောင်စားဖိုမှူးကိုယ်တိုင်ချက်တာမဟုတ်လား။ အဲ့လူလား” ကောင်းရွှိုက်က ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသော လီလီကို လက်ညှိုးထိုးပြရင်းမေးသည်။
“ဟုတ်ပါတယ် ကိုလူချော”
လှပသောစားပွဲထိုးမလေးမှာ သူတို့ကိုကြည့်ရင်း ပြန်ဖြေသည်။ သူမမှာ ပြုံးလိုက်လျှင် အလွန်ကြည့်ကောင်းသည့် ပါးချိုင့်လေးနှစ်ဖက်ရှိသည်။ သို့သော် ကောင်းရွှိုက်မှာ ရိုးရိုးသားသားပင် ဆက်ပြောလိုက်လေသည်။
“ငါကတော့ ဒီဟင်းကို ဆက်မရောင်းသင့်ဘူး ထင်တယ်။ အရသာက သာမန်ပဲ”
“အခုလို အကြံပြုပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။ အကြံပြုလွှာလေးမှာ ဖြည့်ပေးလို့ရမလားရှင်”
စားပွဲထိုးမလေးက ပြုံးကာ ပြောသည်။
“ရတယ် ကိစ္စမရှိဘူး”
သူတို့နှစ်ဦးစလုံးက ခေါင်းညိတ်သဘောတူလိုက်သည်။ သူတို့စားပြီးနောက် စားပွဲထိုးမလေးက အကြံပြုစာကို ယူလာခဲ့ကာ လတ်ဆတ်သောသစ်သီးတစ်ပန်းကန်ကိုလည်း လက်ဆောင်အဖြစ် ယူလာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးမှာ သူတို့၏ထင်မြင်ချက်များကို ရေးကြတော့သည်။ အများအားဖြင့် လီလီကို ဆွီဒင်အသားလုံး ထပ်မချက်တော့ရန် အကြံပြုခြင်းဖြစ်သည်။ အမဲသားကင်မှာမူ မဆိုးလှ။
အကြံပြုစာများကို အပန်းမကြီးဟု ယူဆသည့် စားသုံးသူအများစုက ရေးခဲ့ကြသည်။
သူတို့နှစ်ဦးရေးသည့်အကြံပြုစာများကသာ အပြင်းထန်ဆုံးဖြစ်ပေသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ မရောက်ဖူးသောသူများမှာမူ ဤဆိုင်က အလွန်ကောင်းသည်ဟု ခံစားခဲ့ကြရသည်။ ဝန်ဆောင်မှုကလည်း ကောင်း၊ ဆိုင်အနေအထားကလည်း ကောင်းပေသည်။ ဟင်းများမှာလည်း အရသာရှိသည်။
သို့သော် ယွမ်ကျိုးစားသောက်ဆိုင်သို့ ရောက်ဖူးကြသောလူအများစုမှာမူ ဆွီဒင်အသားလုံးဟင်းအား ထပ်မချက်ရန် တိုက်တွန်းကြလေသည်။ လူအချို့က ဟင်းမှာ အမှန်ပင် အရသာမရှိဟု ပြောင်ပြောင်တင်းတင်းရေးကုန်ကြသည်။
ထိုအကြံပြုစာဖတ်ရသူများမှာ စိတ်မကောင်းဖြစ်သွားစေနိုင်သည်။
ည(၈)နာရီတွင် လီလီမှာ အားလပ်ချိန်ရပြီဖြစ်ပြီး အနားယူရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်၌ နျိုလီက သူမလက်ထဲတွင် ဖိုင်တစ်ခုကိုကိုင်ကာ ရောက်လာသည်။
“မစ္စတာလီ၊ ရှင်ဒါကိုကြည့်ဖို့လိုမယ်ထင်တယ်”
နျိုလီက သူမ၏လက်ထဲရှိဖိုင်ကို မြှောက်ပြလိုက်သည်။
“အဲ့ဒါက ဘာလဲ”
လီလီက မျက်မှောင်ကြုတ်လိုက်သည်။
“ရှင့်ရုံးခန်းထဲကို သွားရအောင်”
နျိုလီက အရင်မဖြေသေးဘဲ စားသောက်ဆိုင်အတွင်းခန်းထဲသို့ ညွှန်ပြလိုက်ကာ ပြောသည်။ လီလီမှာ နျိုလီ၏ အမူအရာကို သေချာအကဲခတ်ကြည့်လိုက်ပြီး သူမမှာ စိတ်ညစ်နေသည်လည်းမဟုတ်၊ ပျော်နေသည်လည်းမဟုတ်ကြောင်း သတိထားမိကာ ခေါင်းညိတ်ပြလေသည်။
ရုံးခန်းသို့သွားရာလမ်းတွင် သူတို့နှစ်ဦးလုံး နှုတ်ဆိတ်နေကြရာ သန့်ရှင်းလှသောကြမ်းပေါ်သို့ ခြေလှမ်းများရိုက်ခတ်သံ “ဒေါက်ဒေါက်”ကိုသာ ကြားရလေသည်။
“ကျွီ”ခနဲမြည်သံနှင့်အတူ လီလီမှာ သူ့ရုံးခန်းတံခါးကိုဖွင့်လိုက်သည်။ သူ့ရုံးခန်းမှာ သင့်တင့်လျောက်ပတ်သော အပြင်အဆင်ရှိသည်။ စာရေးခုံ၊ အလုပ်စားပွဲနှင့် စာအုပ်စင်များကို သစ်မာများဖြင့် ပြုလုပ်ထားပြီး အလွန်လှပသောအသွင်သဏ္ဍာန် ရှိလေသည်။ ရုံးခန်းမှာ သပ်ရပ်သန့်ရှင်းပြီး စီစီရီရီနေရာချထားသည်။ ခဏတဖြုတ်အိပ်စက်အနားယူရန် အိပ်ခန်းအသေးလေးတစ်ခုပင်ပါရှိသေးသည်။
ရုံးခန်းမှာ အခြားသောအမှုဆောင်အရာရှိများ၏ရုံးခန်းများကဲ့သို့ပင်။ တစ်ခုတည်းသောကွာခြားချက်မှာ လီလီ၏စာအုပ်စင်၌ စာအုပ်များထက် ဆုတံဆိပ်များ၊ အသိအမှတ်ပြုလက်မှတ်များက ပိုများလေသည်။ သူ့ဟင်းချက်စွမ်းရည်ကို သူ အလွန်ယုံကြည်ချက်ရှိပုံပေါ်သည်။
ရုံးခန်းအနေအထားကို တစ်ချက်ကြည့်ပြီးနောက် နျိုလီက ထိုသို့မှတ်ချက်ချလိုက်လေသည်။
“ထိုင်ပါဦး”
လီလီက ရေနွေးကြမ်းငှဲ့ပေးကာ နျိုလီအားဧည့်ခန်းနေရာသို့ ဖိတ်ခေါ်လိုက်သည်။
“ဒါတွေက ဒီနေ့ရထားတဲ့အကြံပြုစာတွေ။ ကျွန်မစစ်ကြည့်ပြီးပြီ။ ရှင်လည်း တစ်ချက်လောက် ကြည့်သင့်တယ်ထင်လို့”
နျိုလီက ဖိုင်ကို စားပွဲပေါ်တင်ကာပြောသည်။
“ကောင်းပြီလေ”
အမှုဆောင်စားဖိုမှူးတစ်ဦးအနေဖြင့် အကြံပြုစာများဖတ်ရှုရသည်မှာ သူ့အလုပ်တစ်ခုပင်ဖြစ်ရာ လီလီမှာ ထိုအရာအား ပြဿနာဟုမခံစားရချေ။ နျိုလီက သူ ဟင်းပွဲပြောင်းလဲလိုက်ခြင်းကို ထုတ်မပြောလာသဖြင့် အနည်းငယ်အံ့သြမိခြင်းသာ။ သို့သော် ထိုကိစ္စကို သူ့စိတ်ထဲ လုံးဝမထည့်ပေ။
ရုံးခန်းအတွင်း၌ အတော်ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ လီလီ၏စာရွက်လှန်သံ “ရှပ် ရှပ်”ကိုသာ ကြားနေရသည်။ မည်သို့ပင်ဖြစ်စေ နျိုလီမှာမူ တစ်စုံတစ်ခုကို ငြိမ်သက်ရင်းစဉ်းစားနေလေသည်။
[ဆွီဒင်အသားလုံးဟုတ်လား။ ဒီအတိုင်းသာမန်အသားလုံးလေးပဲကို။ ဘာမှထူးခြားတဲ့အရသာမရှိဘူး]
[လုံးဝကို မတူတာ။ ဒါတောင် ငါ့စိတ်ထဲကအတိုင်းမဟုတ်ဘဲ ကောင်းကောင်းမွန်မွန်ပြောပေးတာ]
[သူဌေးယွမ်ချက်တဲ့ဆွီဒင်အသားလုံးနဲ့ ဒီဆိုင်ကဟာက မတူတဲ့ဟင်းနှစ်ပွဲပဲ။ မင်းတို့ဆိုင်က စားဖိုမှူးခေါင်းဆောင်ကို ဟင်းချက်စွမ်းရည်ပိုကောင်းအောင် လေ့လာဖို့ အကြံပြုပါရစေ]
[သူဌေးယွမ်ဆိုင်က အသားလုံးကို မစားဖူးရင်တော့ ဒီအရသာက မဆိုးပါဘူး]
...
“ဒါက ဘာတွေလဲ။ ဒါတွေက ဒီနေ့ရခဲ့တဲ့ အကြံပြုစာတွေဆိုတာ သေချာရဲ့လား”
လီလီက ဖိုင်ကို ပစ်ချလိုက်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောသည်။
“ဟုတ်တယ်။ သိပ်သေချာတာပေါ့။ ဒါတွေအကုန်လုံးက ဒီနေ့ရထားတဲ့အကြံပြုစာတွေလေ”
နျိုလီက အခိုင်အမာဖြေသည်။
“မင်းလည်း ငါက အဲ့လိုဘယ်ကမှန်းမသိတဲ့ စားဖိုမှူးအမည်ခံတစ်ယောက်လောက်တောင် မတော်ဘူးလို့ထင်နေတာလား”
လီလီက သရော်သလိုပြောသည်။
“ရှင်လည်း အကြံပြုစာတွေ မြင်ပြီးပြီပဲ။ သေချာစဉ်းစားကြည့်ရင် ကောင်းမယ်”
နျိုလီက ချက်ကျလက်ကျပြောလေသည်။
“ဪ...ဪ...ဘာကို စဉ်းစားရဦးမှာတုန်း။ အဲ့လိုဆိုတော့ မင်းလည်း ငါချက်တဲ့ဆွီဒင်အသားလုံးကို သူ့ဟာလောက် မကောင်းဘူးထင်တာပေါ့လေ”
လီလီက စားပွဲပေါ်ရှိဖိုင်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောသည်။
“မှတ်ချက်တွေ အကုန်လုံးကို ကျွန်မဖတ်ပြီးပြီ။ အဖြေကို ရှင်သိချင်လား”
နျိုလီက မတူညီသောမှတ်ချက်များကို ခွဲခြားလိုက်ကာ လီလီအား ကြည့်ရင်းမေးလိုက်သည်။
“သဘောပဲ”
လီလီမှာ လုံးဝဂရုမစိုက်ချေ။ စားသုံးသူအနည်းငယ်၏ထင်မြင်ယူဆချက်က သိပ်အရေးမကြီးပေ။
“ပြောလက်စနဲ့ ငါတော့ အဲ့သူဌေးယွမ်က ဆွီဒင်တို့ ဖင်လန်တို့တောင် ရောက်ဖူးမယ်မထင်ပေါင်”
ဒီတစ်ကြိမ်တွင် လီလီက ဟာသလုပ်ကာပြောလိုက်သည်။ သူ့အမြင်တွင် နိုင်ငံခြားကို တစ်ခါမှ မရောက်ဖူးသူက ဆွီဒင်အသားလုံးစစ်စစ်အကြောင်းကို ပြောဖို့ပင်အရည်အချင်းမရှိပေ။
“ရှင့်ဟင်းကို ကောင်းတယ်လို့အကဲဖြတ်ထားတဲ့သူတွေက ကျွန်မတို့ဆိုင်ကို ပထမဆုံးအကြိမ်လာဖူးတဲ့သူတွေ။ ယွမ်ကျိုးဆိုင်ကိုလည်း သူတို့မရောက်ဖူးဘူး”
လီလီ၏ပြောဆိုမှုကို ဂရုမစိုက်ဘဲ နျိုလီက ဘယ်ဖက်ရှိ စာရွက်ပုံသေးသေးလေးအား ညွှန်ပြကာ ဆက်ပြောလေသည်။
“ဒီဖက်က အကြံပြုစာတွေက အဲ့စားဖိုမှူးရဲ့ ဟင်းချက်လက်ရာကိုမြည်းဖူးတဲ့သူတွေဆီကဟာ။ အကြမ်းအားဖြင့်တော့ သူတို့က ရှင့်ကို ဒီဟင်းကို ထပ်မချက်စေချင်ကြဘူး”
နျိုလီက ဒဲ့တိုးပင် ပြောလိုက်သည်။
“ဪ...ဪ...မင်း အရင်ကစားဖူးတယ်ဆို ပြောပါဦး”
ခဏလောက်ပြုံးနေပြီးနောက် လီလီကပြောသည်။
“ကျွန်မက ကြက်ဥထမင်းကြော်ပဲ စားဖူးတာ။ စားဖူးသမျှထဲမှာတော့ အကောင်းဆုံးပဲ”
အရသာရှိလှသော ထမင်းကြော်အကြောင်းကို စဉ်းစားမိလိုက်သည်နှင့် နျိုလီမှာ သွားရည်မယိုဘဲ မနေနိုင်တော့ချေ။
“အဲ့ဒီတော့ ငါလုပ်တာမှားတယ်လို့ မင်းပြောချင်တာလား”
များမကြာမီမှာပင် နျိုလီ၏ဆိုလိုရင်းကို လီလီ သဘောပေါက်သွားသည်။
“မစ္စတာလီ၊ ကျွန်မ ရှင့်ရဲ့ဟင်းချက်စွမ်းရည်ကို ယုံကြည်ပါတယ်”
ဤသည်မှာ နျိုလီ၏နောက်ဆုံးစကားပင်။
မှားသည်၊ မှန်သည်ဟု ထုတ်မပြောနေချေတော့။ ဆိုဖာပေါ်တွင်ထိုင်နေသော လီလီသည်လည်း ငေးငိုင်သွားတော့သည်။
“အံ့သြစရာပဲ။ ငါက ဆွီဒင်ကိုတောင် တစ်ခါမှ မရောက်ဖူးတဲ့လူကို ရှုံးသွားတာပေါ့လေ” လီလီမှာ ထိုသို့ပြော၍ ကိုယ့်ကိုကိုယ် လှောင်လိုက်သည်။ အနောက်တိုင်းစားသောက်ဆိုင်မှာ ဝန်ဆောင်မှုပိုင်းနှင့် ပတ်သက်၍ စားသုံးသူအချို့၏ကောင်းမွန်သော အကြံပြုချက်များကို ရခဲ့သော်လည်း ဟင်းလျာပိုင်းမှာမူ ယွမ်ကျိုးကို လုံးဝအရှုံးပေးလိုက်ရပေပြီ။
အခြားတစ်ဘက်တွင်မူ ခံစားချက်မရှိ၊ တည်ငြိမ်နေသောယွမ်ကျိုးမှာ အမည်မသိဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ ညနေစာစားချိန်ကုန်ဆုံးပြီးနောက် ယွမ်ကျိုးမှာ အနားယူရန် ထိုင်ခုံတွင် ထိုင်လိုက်သည်။
“ကလင် လင် လင်...ကလင် လင် လင်” ဘယ်တော့မှ ပြောင်းလဲခြင်းမရှိခဲ့သော တယ်လီဖုန်းမှာ အိပ်ငိုက်နေသော ယွမ်ကျိုးအား နှိုးလိုက်လေတော့သည်။
“အမည်မသိဖုန်းနံပါတ်ပါလား”
ယွမ်ကျိုးက ဖုန်းကောက်ကိုင်ပြီး ကြည့်လိုက်ရာ အမည်မသိနံပါတ်တစ်ခု ပေါ်နေသည်။ ခဏလောက်စဉ်းစားပြီးမှ ဖုန်းကိုင်လိုက်သည်။ သို့သော် သူ အရင်စကားစမပြောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးအကြိမ်တုန်းက ယွမ်ကျိုးမှာ ပါဆယ်လုပ်ငန်းအတော်များများကို လှည့်စားခဲ့ပြီးဖြစ်သည်။
နောက်ပိုင်းတွင် သူ့အား ဖုန်းဆိုနိုင်မည့်ဖုန်းများအား စာရင်းခွဲခြားမှတ်သားကာ blacklistပြုလုပ်ထားခဲ့သော်လည်း ဖုန်းတွေက လာနေဆဲပင်ဖြစ်သည်။
“သူဌေးယွမ်လား။ ကျွန်တော်ပါ။ လီရန်ယိရဲ့လက်ထောက်ပါ”
ရန်ကျားဟု ခေါ်သောလူမှာ လီရန်ယိ၏လက်ထောက်ဖြစ်ပြီး အစားအသောက်အတွက် မကြာခဏရောက်လာလေ့ရှိသော်လည်း အလွန်ချေးများလေ့ရှိသည်။ယွမ်ကျိုးမှာ အနည်းငယ်အံ့အားသင့်သွားသော်လည်း “ဘာများကူညီပေးရမလဲ?” ဟုပြန်ဖြေလိုက်သေးသည်။
“ဒါက ဒီလိုရှိပါတယ်။ မစ္စတာလီရန်ယိက ခင်များကို အခုလာမယ့်ဟင်းချက်ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်စေချင်လို့ပါ။ ခင်ဗျားဘယ်လိုသဘောရလဲ” ရန်ကျားက ယဉ်ကျေးစွာပြောသည်။
ယွမ်ကျိုး “...”
ယွမ်ကျိုး အပိုင်း(၃၂၇)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၂၈)
လီရန်ယိ၏ အကြံပြုချက်ကိုနားထောင်ပြီးနောက် ယွမ်ကျိုးမှာ သူ့ပုံမှန်အရှိန်အတိုင်းသာ ဆက်ရှိနေခဲ့၏။
နောက်တစ်နေ့မနက်အစောပိုင်း၊ ယွမ်ကျိုးစားသောက်ဆိုင်ဒုတိယထပ်တွင်
“လေမုန်တိုင်းကြားထဲ ကိုယ်ရှင်သန်ခဲ့..ဇွန်းလေးကိုင်ရင်းကွယ်...ဒီလောကကြီးထဲ ဘယ်သူက သူရဲကောင်းလဲ မေးလိုက်ချင်စမ်းတယ်”
ယွမ်ကျိုးအား ငေးကြည့်နေသောလူမှာ အံ့သြစရာကောင်းလောက်အောင် ချောမောလွန်းနေ၏။ ထိုသူမှာ သိပ်ချော လှရာ ယွမ်ကျိုးမှာ ထိုသူ၏အကြည့်ကြောင့် နှလုံးခုန်နှုန်းပင်မြန်လာချေပြီ။
တဖြည်းဖြည်းမောဟိုက်လာရရာ မတတ်သာဘဲ မှန်ကိုချထားလိုက်ရတော့သည်။ ထို့နောက် အိပ်ရာထပြီး ဆေးကြောရန်ပြင်လိုက်သည်။ သူ့ညအိပ်အင်္ကျီကို ထသွားထလာအဝတ်အစားများဖြင့် လဲလိုက်ပြီးနောက် အနက်ရောင်အစင်းများပါသည့် ဝတ်စုံကိုဝတ်လိုက်သည်။
ထုံးစံအတိုင်း မှန်ထဲရှိသူ့ပုံရိပ်ကိုကြည့်လိုက်ရင်း ထပ်ကာထပ်ကာပြော၏။ “ငါကစောက်ရမ်းမိုက်တဲ့ဘဲကြီး၊ ငါကစောက်ရမ်းမိုက်တဲ့ဘဲကြီး၊ အပိုစကားတွေမပြောဘူး၊ ဟာသတွေမလုပ်ဘူး”
တကယ်တမ်းတွင် ယွမ်ကျိုးမှာ အတော်ရယ်စရာကောင်းသူဖြစ်သည်။ စားသောက်ဆိုင်စဖွင့်စဉ်က လက်ကိုပင် ဘယ်နားထားရမည်မသိ၊ မည်သို့မျက်နှာထား, ထားရမည်ကိုလည်းမသိရာ အမြဲတမ်းခပ်တည်တည်သာနေတတ် ဟန်ဆောင်နေ၏။
ဒီထက်ပို၍ ခပ်တည်တည်နေတတ်ဟန်မဆောင်နိုင်တော့ချေ။ အခြေခံအားဖြင့် သူ့စိတ်ရင်းမှာမူ အလွန်နူးညံ့သိမ်မွေ့ လေသည်။
မနက်စာအချိန်တွင်ရောင်းသည်မှာ ဖက်ထုပ်ပြုတ်ဖြစ်သည်။ လူများဝင်လာလိုက် ထွက်သွားလိုက်နှင့် နေ့လယ်ခင်းတွင်မူ စားသုံးသူပိုများလာ၏။
အခြေအနေမှာ ယခင်ကထက်ပင်ပို၍ ရုပ်ရှင်ဆန်ဆန်လာသည်။ လမ်းဟိုဘက်တစ်ခြမ်းတွင် အရည်အသွေးမြင့် အနောက်တိုင်းစားသောက်ဆိုင် ဖွင့်ပြီးနောက် ယွမ်ကျိုးစားသောက်ဆိုင်၏ ရောင်းအားအခြေအနေမှာ ပို၍ပင် ကောင်းလာသည်။
အကြောင်းပြချက်မှာ ယွမ်ကျိုးစားသောက်ဆိုင်တွင် တစ်ကြိမ်တစ်ခါသာ စားဖူးသူများကိုပင် အနောက်တိုင်းစားသောက်ဆိုင်က ၎င်းတို့၏ပုံမှန်ဖောက်သည်အဖြစ် မဆွဲဆောင်နိုင်ခဲ့ပေ။
သို့သော် အနောက်တိုင်းစားသောက်ဆိုင်၏ မူလဖောက်သည်များမှာမူ စားနေရင်းဖြင့်ပင် အလွန်အမင်းသိချင်လာကြ သည်။ ဒီလိုစားသောက်ဆိုင်လေးက ဝန်ဆောင်မှုကလည်း ညံ့ကညံ့နဲ့ ဈေးကလည်းကြီးသေးတယ်? အဲ့ဒါတောင် လူတွေအများကြီး အဲ့ဆိုင်မှာစားနေကြတုန်း?
လူသားများ၏ စူးစမ်းလိုစိတ်မှာ အမြဲပင်ကြီးမားရာ အနောက်တိုင်းစားသောက်ဆိုင်၏ ဖောက်သည်တော်တော်များ များက ယွမ်ကျိုးဆိုင်သို့သွားကာ မြည်းစမ်းကြည့်ကြ၏။ ထို့နောက်တွင်မူ...ဘယ်တော့မှ အနောက်တိုင်းစားသောက်ဆိုင်သို့ ပြန်ရောက်မလာခဲ့ကြတော့ပေ။
ယွမ်ကျိုးဆိုင်၏ ပုံမှန်ဖောက်သည်များပြောနေကြစကားတစ်ခွန်းကဲ့သို့ပင် ဟင်းချက်အရာတွင် ယွမ်ကျိုးမှာ အမှန်ပင် စူပါမန်းတစ်ယောက်ဖြစ်လေသည်။
“ဟိုဘက်ဆိုင်က ဒီလောက်ကောင်းတာကို” လမ်းတဘက်ရှိ အနောက်တိုင်းစားသောက်ဆိုင်ကို ကြည့်ကာ ယွမ်ကျိုး မနေနိုင်ဘဲ သက်ပြင်းချမိသည်။
“သူဌေးရေ..ကြက်ဥထမင်းကြော်သုံးပွဲနဲ့ ဖီးနစ်အမြီးပုစွန်ဟင်းတစ်ပွဲ” ကျိုကျာက သူ့အား ဟင်းလျာစာရင်းပြောကာ ဖရဲသီးဖျော်ရည်နှစ်ခွက်ကိုပြန်ယူသွား၏။
ထို့နောက် ယွမ်ကျိုးအသိဝင်လာကာ ယောက်မကို လှလှပပကိုင်တွယ်ရင်း ရွှေရောင်ကြက်ဥထမင်းကြော်ကို ချက်ရန်ပြင်တော့သည်။
“သူ့စိတ်ထားလေးကိုကြည့်ပါဦး၊ မျက်နှာမှာ အရမ်းထူးထူးခြားခြားလှတာမျိုးမရှိပေမယ့် သူဌေးယွမ်ကတကယ်စိတ် ရင်းကောင်းတာ၊ အပြင်က ကောင်ချောလေးတွေထက် အများကြီးသာတယ်” ဆံပင်အတိုနဲ့မိန်းကလေးက အံ့သြတကြီးပြောလေသည်။
ယင်းယာမှာ ယွမ်ကျိုးအား မထီမဲ့မြင်နှင့် ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး “ငါတော့ သူဌေးယွမ်မှာ စိတ်ထားကောင်းရယ် လို့မတွေ့မိပေါင်၊ ဝတ်တာစားတာလေးတော့ အခုတလောပိုကောင်းလာတယ်၊ အရင်ဝတ်စုံတုန်းကဆို အပြင်မှာ ယွမ် ရာဂဏန်းလောက်နဲ့ရောင်းတဲ့ဟာတွေ..အခုဝတ်ထားတဲ့ဟာကိုကြည့်၊ အမည်းစင်းတွေကိုအသာထား၊ လည်ပင်းအနား ကွပ်နဲ့ လက်တစ်ဝိုက်ကာ ကြာပန်းပုံထိုးထားတာတွေကိုကြည့် အဲ့ဒါသေချာပေါက်လက်ပန်းထိုး,ထိုးထားတာပဲဖြစ်ရ မယ်၊ ဈေးမနည်းလောက်ဘူး”
တရုတ်ဟန်လူမျိုးဝတ်စုံကို လက်ပန်းထိုးသာ ထိုးထားပါက ယွမ်ထောင်ဂဏန်းအောက် မလျော့နိုင်ချေ။
“နင်တကယ်အလှအပလည်းမခံစားတတ်၊ ကျင့်ဝတ်လည်းမရှိတာနော်”
ယင်းယာ ဇဝေဇဝါဖြစ်သွား၏။ သူမအလှအပမခံစားတတ်ဘူးဆိုသည်ကို လက်သင့်ခံနိုင်ပါသော်လည်း ဘာကြောင့် ကျင့်ဝတ်မရှိဟု ပြောခံရပါသနည်း။ ယခင်ကတည်းက သူမသူငယ်ချင်းနှင့် ဤကိစ္စမျိုးငြင်းခုံကြတိုင်းတွင် ရှုံးခဲ့ရသည်ချည်းဖြစ်ရာ ယခုတစ်ခေါက်တွင်တော့ သူမအနိုင်မခံပြန်ပြောမှဖြစ်မည်။
“ထွမ်ထွမ်..နင်ဘယ်လောက်ပဲ သူဌေးယွမ်ကိုဖားဖား သူနင့်ကိုလျှော့ဈေးနဲ့ရောင်းမှာမဟုတ်ဘူးနော်” ယင်းယာက ခေါင်း လှည့်ကာ “ဟုတ်တယ်မဟုတ်လား၊ ကပ်စေးနှဲ သံလိုက်အိမ်မြှောင်ကြီး” ဟုမေးလိုက်သည်။
“ငါစိတ်ရင်းကောင်းတယ်ဆိုတာက လူတိုင်းသိနေတဲ့လျှို့ဝှက်ချက်ပဲမဟုတ်လား? ဘာလို့ဖားတယ်လို့ မင်းကထင်ရ တာလဲ?” ယွမ်ကျိုးမှာ အမှန်ပင်ဇဝေဇဝါဖြစ်နေဟန်ဖြင့် ယင်းယာကို ကြောင်အစွာ ကြည့်လိုက်သည်။
“..” ထိုသို့ကြားသောအခါ ယင်းယာနှင့် သူမ၏သူငယ်ချင်းအရင်း ထွမ်ထွမ်တို့က ယွမ်ကျိုးပြောသည်မှာ ကျိုးကြောင်း ဆီလျော်သလိုခံစားလိုက်ရပြီး ဘာမှပြန်မပြောနိုင်တော့ချေ။
“သူဌေး..ခင်ဗျားဈေးကိုဘယ်လိုရောင်းနေတာလဲဗျ?”
ရုတ်တရက်ဆိုသလို ယွမ်ကျိုးစားသောက်ဆိုင်အတွင်းရှိလူတိုင်း၏ အာရုံကိုဆွဲဆောင်လိုက်သော ယောက်ျားအသံ တစ်သံထွက်ပေါ်လာသည်။ ယွမ်ကျိုးထိုသူအားကြည့်လိုက်ရာ စီးပွါးရေးလုပ်ငန်းရှင်ဝတ်စုံကိုဝတ်ဆင်ထားသော အသက်လေးဆယ်အရွယ်ရှိ လူတစ်ဦးက သူ့အား ဒေါသတကြီးကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက်သူကဆက်၍ “ကျုပ်က ခေါက်ဆွဲပြုတ်တစ်ပွဲပဲမှာတာ ဒါပေမယ့် စားထိုးမလေးကပြောတယ် ဟင်းတစ်မျိုးကို တစ်ကြိမ်ပဲမှာလို့ရတယ်တဲ့၊ ထပ်စားချင်ရင် ခေါက်ဆွဲအစုံလိုက်မှာရမယ်တဲ့”
“ခေါက်ဆွဲပြုတ်တစ်ပွဲနဲ့ ခေါက်ဆွဲပြုတ်အစုံလိုက်မှာ ပထမတစ်ပွဲက ၂၆၈ယွမ်၊ ဒုတိယပွဲက ၃၀၈ယွမ် ကျတယ်၊ ယွမ်လေးဆယ်ပိုပေးရပေမယ့် နောက်တစ်ပွဲကျတော့ ဟင်းရည်တစ်ပန်းကန်နဲ့ ခေါက်ဆွဲထက် ကြက်သွန်ဖြူကတောင်များသေးတယ်၊ ဒါလိမ်စားတာပဲမဟုတ်လား? ခင်ဗျားဟင်းတွေစားကောင်းတယ်ဆိုရင်တောင် ဝယ်သူကိုဒီလိုတော့မလုပ်သင့်ပါဘူး”
ဤသည်မှာ အရည်သွေးမြင့်စားသောက်ဆိုင်ဘက်မှရောက်လာသည့် စားသုံးသူတစ်ဦးဖြစ်ပြီး ဟင်းပွဲများမြည်းစမ်း ကြည့်ရန် ရောက်လာခဲ့ခြင်းပေ။ အတော်အတန်ဈေးသက်သာသည့် ခေါက်ဆွဲပြုတ်ကို မှာယူခဲ့ပြီး ထိုသို့ထုတ် ပြောလာခဲ့သည်။
“ခင်ဗျားစားသောက်ဆိုင်သာဖွင့်နေတာ ဝယ်သူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အခြေခံအချက်တောင် ခင်ဗျားသိ ရဲ့လား?”
ယွမ်ကျိုးခေါင်းငြိမ့်ပြလိုက်သည်။ ထိုသူမှာ အမှန်ပင်ကျိုးကြောင်းဆီလျော်သဖြင့် ထိုသို့ထပြောရခြင်းဖြစ်မည်ဟုသာ တွေးလိုက်သည်။
“ခင်ဗျားအဲ့လိုသာလုပ်နေရင် ဖောက်သည်တွေပျောက်ကုန်မယ်သိရဲ့လား? မယုံရင် တခြားသူတွေလည်းမေးကြည့်” သူဌေးကခေါင်းခါပြသည်ကို မြင်လိုက်ရသဖြင့် ဝတ်စုံပြည့်ဝတ်ထားသော သက်လတ်ပိုင်းအရွယ်ယောက်ျားမှာ ပိုဒေါသ ထွက်လာ၏။ ထို့ကြောင့် သင်ခန်းစာပေးရန်ကြံတော့သည်။
“အစ်ကို.. ဒီစည်းမျဉ်းကိုလည်း ခင်ဗျားသဘောမကျဘူးပေါ့”
မေးလိုက်သည့်လူမှာ ဝူဟိုင်ဖြစ်၏။ ထိုသို့ကြားသောအခါ ကိုယ်တိုင်မသိလိုက်ပါဘဲ ချက်ချင်းပင် ခပ်တိုးတိုးပြော လိုက်သည် “ဘာပြဿနာရှိလို့လဲ? ဘာမှမဟုတ်တဲ့ဟာကို”
ထိုသူမှာ ဝူဟိုင်အား သူအရူးနဲ့လာတိုးနေသလားဟူသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်လေသည်။ ပြဿနာမရှိဘူးဆို တာ ဘာကိုပြောချင်တာလဲ? ထိုသူမှာအရှုံးမပေးလိုရာ ဆက်ပြောတော့သည်။
“ဒီမိန်းမလှလေးနှစ်ယောက်ကတော့ ရှေ့သင့်နောက်သင့်ရှိမယ့်ပုံပဲ၊ မင်းတို့နှစ်ယောက်တစ်ခုခုပြောကြည့်ပါဦး”
ယင်းယာမှာ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် “ကောင်းတယ်ထင်တာပဲ” ဟုဖြေလေသည်။
ကောင်းတယ်။
ကောင်းတယ်။
ကောင်းတယ်။
ထိုလူ၏စိတ်ထဲတွင် “ကောင်းတယ်” ဟူသောအသံကို ထပ်ကာထပ်ကာပြန်ကြားလိုက်ရသလိုရှိ၏။ ထို့နောက် သူမ၏ သူငယ်ချင်းအရင်းကလည်း သူမကို အားတက်သရောထောက်ခံပြန်လေသည်။ “ကျွန်မလည်း ပြဿနာရှိ တယ် မထင်ပါဘူး၊ သူဌေးယွမ်ထုတ်ထားတဲ့စည်းကမ်းတွေကို သိပ်သဘောကျပါတယ်”
ထိုလူမမေးခင်မှာပင် ကျန်စားသုံးသူများကပါ စတင်ပြောဆိုလာကြတော့သည်။
“ငါတော့ သူဌေးယွမ်က ငါတို့ကို ပိုက်ဆံချွေတာအောင်လုပ်ပေးတာလို့ထင်တယ်၊ မဟုတ်ရင် ငါဘယ်လောက်စားမိ မလဲမသိဘူး”
“ကန့်သတ်ထားတာသာမရှိရင် ကြက်ဥထမင်းကြော်ကို တစ်ခါစားသုံးပွဲလောက်စားနိုင်တယ်၊ ဘယ်လောက်ကြောက် ဖို့ကောင်းလဲ! ငါ့ပိုက်ဆံတွေအကုန်ကုန်သွားလိမ့်မယ်”
“သူဌေးယွမ်က နိုင်ငံနဲ့ပြည်သူအတွက် ကန့်သတ်ချက်ထုတ်ထားရတာ”
“လုံးဝပြဿနာမရှိဘူး၊ သူဌေးယွမ်ရဲ့ဆုံးဖြတ်ချက်နဲ့ စည်းကမ်းတွေအကုန်လုံးကို ကျွန်တော်ထောက်ခံတယ်၊ ရာနှုန်းပြည့်ပဲ”
...
နောက်ဆုံးအနေဖြင့် ဝူဟိုင်ကဝင်၍ ပွဲသိမ်းပေးလိုက်သည်။ “လူအနည်းစုကတော့ သာမန်လူအများရဲ့အကျင့်ကို မလိုက်နာနိုင်ကြဘူးလေ ဖြစ်တတ်ပါတယ်”
ကြာရှည်လှသော စကားနိုင်လုပွဲကြီးအပြီးတွင် ထိုသူမှာ လူအနည်းစုထဲမှတစ်ဦးသာဖြစ်သွားရ၏။ သက်လတ်ပိုင်း အရွယ်အမျိုးသားမှာ နောက်ထပ်မေးခွန်းမရှိတော့ချေ။ ဘာမှမပြောနိုင်ဘဲပြန်ထိုင်ချလိုက်ပြီး ခေါက်ဆွဲပြတ်အစုံလိုက် နောက်တစ်ပွဲသာထပ်မှာလိုက်လေတော့သည်။
လူများအကြားတွင် ဆိုရိုးတစ်ခုရှိလေသည်။ “အမိနိုင်ငံဆိုတာဘာလဲ? အမိနိုင်ငံဆိုတာ မင်းကြိုက်သလောက် စောက်ဖောင်းထု, ထုလို့ရတယ်..ဒါပေမယ့် သူများနိုင်ငံသားတွေကမကောင်းလာပြောရင်တော့ ငြိမ်မခံဘဲပြန်ပြော ရမယ်”
ထိုဆိုရိုးစကားမှာ ဝူဟိုင်အပါအဝင် လူတော်တော်များများတွင် တွေ့ရလေပြီ။ သူတို့မှာ နောက်ကွယ်တွင် ယွမ်ကျိုး အကြောင်းအထွန့်တက်လေ့ရှိကြသော်လည်း ပုံမှန်ဖောက်သည်မဟုတ်သူများက ပြောလာလျှင်မူ ထိုသူများအား ဘာမှပြန်မပြောနိုင်တော့သည်အထိ ပြန်ပြောကြလေသည်။
ကိစ္စသေးသေးလေးတစ်ခုသာဖြစ်ရာ ထို့နောက်တွင် စားသုံးသူများမှာ ပုံမှန်အတိုင်းဆက်လက်စားသုံးနေကြတော့ သည်။
ညနေပိုင်းတွင် ယွမ်ကျိုးဆိုင်သို့အရင်ဆုံးရောက်လာသူမှာ ဝူဟိုင်ပင်ဖြစ်သည်။ ကျန်းချန်ရှီလည်း ယနေ့အစော ကြီးရောက်လာပေ၏။
“မင်းလည်းဒီနေ့စောသားပဲ၊ ဒီမှာအရက်သောက်ဖို့ မဲနှိုက်ဦးမလား"
ဝူဟိုင်က ကျန်းချန်ရှီအား မထီမဲ့မြင်ကြည့်လိုက်ရင်း “ငါတစ်ခုပြောမယ်၊ မင်းလိုမိန်းကလေးတစ်ယောက်က အရက်မသောက်သင့်ဘူး အဲ့လိုမှ မဟုတ်ရင် ရည်းစားမရဘဲနေမယ်” ဟုပြောလိုက်လေသည်။
“အရက်နဲ့အလုပ်က ကျွန်မအကြိုက်ဆုံးအရာတွေလေ၊ ပြီးတော့အဲ့လို ရည်းစားဆိုတာမျိုးက ကျွန်မဘဝစီမံကိန်းထဲ မှာ ယောင်လို့တောင်မပါဘူး” ကျန်းချန်ရှီက ထိုသို့ဖြေလိုက်ပြီး “ဆိုတော့..ကျွန်မတော့ မှားတယ်မထင်ဘူး” ဟုဆက် ပြောလိုက်ပြန်သည်။
ထိုသို့ကြားသောအခါ ဝူဟိုင်မှာ ပြောစရာစကားမရှိတော့ချေ။ သူတို့စကားပြောနေစဉ် အခြားစားသုံးသူများလည်း ဖြည်းဖြည်းချင်း ရောက်လာကြသည်။
နေ့ခင်းက စားသောက်ဆိုင်တွင် ပြဿနာထရှာခဲ့သော သက်လတ်ပိုင်းအမျိုးသားမှာလည်း ရောက်လာပြန်သည်။ သူမှာ ဝူဟိုင်ကဲ့သို့ ယွမ်ကျိုး၏စားသောက်ဆိုင်ကို ကန်တင်းအဖြစ်မှတ်ယူထားသူမဟုတ်ရာ ညနေပိုင်းတွင် သူ့သူငယ်ချင်းတစ်ဦးကိုပါ ဆိုင်သို့ခေါ်လာခဲ့သည်။
ထိုသူ၏အမည်မှာ လီဟုန်ကျီဖြစ်ပြီး အေအဆင့်ရှိကုမ္ပဏီတစ်ခု၏ စီနီယာအလုပ်အမှုဆောင်တစ်ဦးဖြစ်ပေသည်။ လစဉ် ယွမ်သောင်းချီရနေသူဖြစ်ရာ ဒီဆိုင်တွင် ဟင်းပွဲအချို့စားရန် သူ့အတွက်ပြဿနာမရှိချေ။
သူခေါ်လာသောသူမှာ သူ့လုပ်ဖော်ကိုင်ဖက် အထက်အရာရှိဆိုသည်ထက် သူငယ်ချင်းတစ်ဦးသာဖြစ်လေသည်။
ယွမ်ကျိုး အပိုင်း(၃၂၈)
ပြီးပါပြီ။