အခန်း (၃၂၉-၃၃၀)
Vol. 23 Ch. 329-330
ယွမ်ကျိုး အပိုင်း(၃၂၉) ကြံ့ကြံ့ခံနိုင်သော ယွမ်ကျိုး (ပထမပိုင်း)
ထိုသူမှာ လီဟုန်ကျီ၏ အတန်းဖော်ဖြစ်သည်။ အတိအကျပြောရလျှင် သူအရင်အလုပ်လုပ်ခဲ့သည့် ကုမ္ပဏီမှ အဖွဲ့ခေါင်းဆောင်ဖြစ်၏။ သူ့အမည်မှာ ကောမင်ဖြစ်သည်။ လွန်ခဲ့သောနှစ်အတော်ကြာက လီဟုန်ကျီမှာ သူ့လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးပြီး ထိုသူမှာ လီဟုန်ကျီအပေါ်အလွန်ကောင်းခဲ့ရာ သူ့စိတ်ထဲတွင် အမြဲ မှတ်မှတ်ရရရှိနေသည်။
ရည်မှန်းချက်မရှိသောသူသည် အရှုံးသမားသာဖြစ်သည်ဟူသော ဆိုရိုးစကားရှိ၏။ လီဟုန်ကျီမှာမူ ရည်မှန်းချက် အပြည့်နှင့်လူဖြစ်သည်။ သူသည် တစ်လလျှင်ယွမ်၃၀၀၀-၄၀၀၀သာရသော အစိုးရလစာဖြင့် မကျေနပ်နိုင်ရာ အလုပ်ထွက်ပြီးနောက် လက်ရှိကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။
ကောမင်မှာ ကောလိပ်ကျောင်းမှာကတည်းက အတော်လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သည်။ သူသည် ချောမောခန့်ညားပြီး ဘတ်စ်ကတ်ဘောကစား၌လည်းတော်၏။ သို့သော်သူ့စရိုက်သဘာဝအရမူ ရည်မှန်းချက်ကြီးသောသူမဟုတ်ပေ။ ကျောင်းပြီးသည့်နောက်တွင် အစိုးရအလုပ်၌သာ လုပ်နေခဲ့သည်။
ထို့အတွက် လီဟုန်ကျီမှာ ကြီးပွါးပြီးနောက်ပိုင်းတွင် ကောမင်အား မကြာခဏဆိုသလို ထမင်းစားဖိတ်တတ်၏။ လူမှန်လျှင် ခက်ခဲချိန်၌ ကူညီခဲ့သူကို မမေ့သင့်ပေ။
“အစ်ကိုကောကိုကျွန်တော်တစ်ခုပြောပြမယ် ဒီဆိုင်ကအစားအသောက်တွေက အရမ်းအရသာရှိတာနော်၊ ဆိုင်သူဌေးနဲ့ တချို့ဖောက်သည်တွေကတော့ စိတ်သိပ်မမှန်ဘူး” နောက်ပိုင်းစကားကို တမင်အသံကိုနှိမ့်၍ ပြောလိုက်၏။
ထိုအချိန်တွင် ကျန်းချန်ရှီ၊ ဝူဟိုင်နှင့် လင်းဟုန်တို့မှာ အချင်းချင်းစကားပြောစနောက်လျက်ရှိသည်။ လင်းဟုန်နှင့် ဝူဟိုင်တို့ မည်မျှပင်စကားပြောကျွမ်းကျင်ပါစေ အမျိုးသမီးသုံးဦးနှင့်ညီမျှသည့် ကျန်းချန်ရှီနှင့်တွေ့သောအခါ အလှောင်ခံရရုံမှတစ်ပါး တခြားမတတ်နိုင်တော့ပေ။
“ငါတို့ရဲ့အလှပဂေး ကျန်း က ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးပဲ”
“ဘယ်ကသာ၊ သူမက ဘုရင်မလိုပုံစံမျိုး”
...
လီဟုန်ကျီက ကောမင်အား မီနူးစာရွက်ကမ်းပေးရင်း “အစ်ကိုကြိုက်တာသာဈမှာဗျာ”
သူတို့ရောက်သည်မှာ အနည်းငယ်စောနေရာ တန်းစီဖို့မလိုခဲ့ချေ။ သို့သော် မိနစ်အနည်းငယ်အတွင်းပင် နဂိုက ဟာလာဟင်းလင်းဖြစ်နေသောစားသောက်ဆိုင်မှာ လူများဖြင့်ပြည့်သွားတော့၏။
“အလိုလေး..တော်တော်လောဘကြီးတဲ့သူဌေးပါလား” မီနူးစာရွက်ကိုမြင်သည်နှင့် ကောမင်ကအသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“ဟုန်ကျီရာ..ငါတို့လမ်းဟိုဘက်က အနောက်တိုင်းစားသောက်ဆိုင်ကို သွားလိုက်လို့ရသားနဲ့၊ ဒီဆိုင်ကတော်တော် ဈေးကြီးတာပဲကွ၊ မရိုးသားတဲ့လူတွေက နေရာတိုင်းမှာပါပဲလား?” ကောမင်၏လေသံမှာ မနှစ်မြို့ကြောင်း ပေါ်လွင်နေ၏။
“အစ်ကိုကောကြည့်ရတာ စိတ်မကြည်ဘူးထင်တယ်၊ ဘာတွေစိတ်အနှောက်အယှက်ရှိလို့လဲ?” လီဟုန်ကျီမှာ လူတော်တစ်ယောက်ဖြစ်ရာ ကောမင်၏စိတ်အခြေအနေကို ချက်ချင်းသိလိုက်သည်။
“အိမ်ကမိန်းမပေါ့ကွာ” ကောမင်မှာ ရာဘာဘောလုံးကဲ့သို့ ပြန်ကန်ထွက်တတ်သည့်လူမျိုးပင်ဖြစ်သည်။
“မရီးက ဘာဖြစ်လို့လဲ” လီဟုန်ကျီက အလျင်အမြန်မေးလိုက်၏။
လီဟုန်ကျီမှာ ကောမင်၏ဇနီးကို တစ်ကြိမ်မျှသာတွေ့ဖူးပြီး သူမနှင့်ပတ်သက်၍ မရေမရာထင်မြင်ချက်သာရှိ လေသည်။ ထိုမရီးမှာ ကောမင်၏ကျောင်းတူဂျူနီယာညီမလေးဖြစ်ကြောင်းကိုသာ မှတ်မိသည်။ သူမသည် အလွန်လှပပြီး နောက်ဆုံးတွင် ကောမင်နှင့်လက်ထပ်ခဲ့၏။
“အဲဒီမိန်းမ က နေ့တိုင်း လိုင်းပေါ်ကနေ ဝယ်ပြီးရင်းဝယ် ဝယ်ပြီးရင်းဝယ် ဝယ်နေတော့တာပဲကွာ၊ မိန်းမတွေက အလှပြင်ပစ္စည်းတွေ၊ အဝတ်အစားအသစ်တွေ လိုမှန်းတော့ ငါလည်းသိပါတယ်၊ ဒါပေမယ့် အဲ့လောက်အများကြီး ဝယ်ဖို့တကယ်လိုလို့လား၊ သူမက ကိုယ့်စီးပွါးရေးအခြေအနေကို လုံးဝမေ့ထားတော့တာပဲ” ကောမင်မှာ မကျေနပ်ချက်များ အတော်များနေရာ ကျယ်လောင်စွာပြောတော့သည်။
“ဟုန်ကျီ၊ မင်းရော ငါပြောတာကိုသဘောတူလား?”
ဤကိစ္စနှင့်ပတ်သက်၍ လီဟုန်ကျီမှာ မည်သည့်ထင်မြင်ယူဆချက်မှ မရှိရာ အပြုံးလေးဖြင့်သာ ဖျောင်းဖျ ပြောဆိုရန် ကြိုးစားလေသည်။
“ဒါပေါ့အစ်ကိုရာ..မဝယ်ခင်တော့ ကိုယ့်အခြေအနေကိုယ် ကြည့်သင့်တာပေါ့၊ ဒါပေမယ့် ကျွန်တော့်အမြင်တော့ မိန်းမတွေက ဈေးဝယ်ရတာကို သဘောကျကြတာလေ၊ အလွန်အကျူးမဟုတ်သရွေ့တော့ စိတ်ပူဖို့မလိုပါဘူး၊ ကျွန်တော်လည်း လိုင်းပေါ်ကနေ တစ်ခါဝယ်ရင် ယွမ်တစ်သောင်းဖိုးလောက်တော့ကျတာပဲ”
“မင်းကယောက်ျားလေကွာ..မတူဘူး” ကောမင်က ဆက်ပြောသည်။
“ဒီနှစ်ထဲမှာ သူ လိုင်းပေါ်ကနေဝယ်တာ ဘယ်လောက်ဖိုးရှိပြီလဲသိလား? ငါမင်းကိုပြောတောင် မပြောပြရဲဘူး”
“ဘယ်လောက်တောင်မို့လဲ?” လီဟုန်ကျီကမေးလိုက်ရင်း အဆင်ပြေသလို ခေါက်ဆွဲနှစ်ပွဲသာလှမ်းမှာ လိုက်သည်။
ကောမင်ကလက်လေးချောင်းထောင်ပြကာ “ဒီလောက်ရှိပြီ၊ ဒီလောက်”
လီဟုန်ကျီမှာ သူခန့်မှန်းထားသည့် ၄၀၀၀၀ ဟူသောပမာဏအား ထုတ်မပြောလိုက်ခင်မှာပင် ကောမင်ပြောလိုက် သည်ကို ကြားလိုက်ရ၏။ “၄၀၀၀၊ ၄၀၀၀အောက်တော့မလျော့ဘူးဟေ့၊ နှစ်ကုန်ဖို့ကဖြင့်လိုသေးတယ် သူမသုံးတာ ၄၀၀၀ရှိပြီ” တစ်နှစ်ကို ယွမ်၄၀၀၀ဖိုး...
လီဟုန်ကျီမှာကြောင်အသွားသည်။ သူအခုပြောနေတာ ဒေါ်လာလား ပေါင်လား?
လီဟုန်ကျီ၏ခပ်အမ်းအမ်းအမူအရာကိုမြင်သောအခါ ကောမင်က “မင်းဘယ်လိုထင်လဲ? မလွန်ဘူးလားကဲ? မနေ့ကတင်ပဲ ဖိနပ်တစ်ရံဝယ်တာ ယွမ်၃၀၀လောက်ကျတယ်၊ ငါအဲ့လိုပြောရမှာတောင်ရှက်တယ်ကွာ၊ ဟုန်ကျီရာ တခြားသူတွေကိုတော့ ဒီကိစ္စမပြောပါနဲ့ကွာနော်”
“ဟုတ်ကဲ့ပါ အစ်ကိုကော၊ ကျွန်တော်သိသလောက်တော့ မရီးရဲ့လစာကလည်းမနည်းဘူးမဟုတ်လား?” လီဟုန်ကျီ မှာ ဘာပြောရမည်မသိအောင် အံ့သြသွား၏။
“သူက ပုဂ္ဂလိကလုပ်ငန်းတစ်ခုက အလယ်တန်းမန်နေဂျာလေ တစ်လကိုယွမ်၃၀၀၀၀လောက်ပဲရတာ” ကောမင်က လှောင်သလိုပြောသည်။
စကားပြောရင်းစနောက်နေကြသော ကျန်းချန်ရှီတို့သုံးဦးမှာ ယခုစကားမပြောကြတော့ပေ။ ကောမင်၏အသံမှာ ကျယ်လောင်လှရာ သူတို့နားမထောင်ဘဲမနေနိုင်ကြ။
အထူးသဖြင့်ဝူဟိုင်။ သူ့မျက်နှာပေါ်တွင် ကြောင်တောင်တောင်အမူအရာတစ်ခုပေါ်နေသည်။ တစ်လကို ယွမ်၃၀၀၀၀ ဝင်ပေမယ့် တစ်နှစ်ကို ယွမ်၄၀၀၀ပဲသုံးရတယ်၊ အဲ့ဒါတောင်များလို့တဲ့?
“အစ်ကိုကော ကျွန်တော်မှတ်မိသလောက်တော့ အစ်ကို့လစာက တစ်လကို ယွမ်၅၀၀၀လောက်ရတာမဟုတ်လား?” လီဟုန်ကျီကပြောသည်။
“ငါ့လစာက တစ်လကို ၅၈၀၀၊ ဒါပေမယ့်မတူဘူးလေကွာ၊ ငါကအစိုးရအလုပ်မှာလုပ်တာ အာမခံချက်ရှိတယ်၊ သူမလုပ်တဲ့ အသေးစားပုဂ္ဂလိကလုပ်ငန်းလိုမျိုး ဘယ်နေ့ဒေဝါလီခံမယ်မသိဖြစ်နေတဲ့ဟာမဟုတ်ဘူးလေ၊ သူမသာ အလုပ်ပြုတ်သွားရင် ငါ့ကိုပဲမှီခိုရတော့မှာ”
သူကပဲဆက်ပြော၏ “အဲ့ဒါကြောင့် သူမပိုက်ဆံသုံးတဲ့ပုံကိုငါတကယ်လက်မခံနိုင်တာ”
အလယ်တန်းမန်နေဂျာတစ်ယောက်ပင် လစာယွမ်၃၀၀၀၀ရပေသည်။ အဲ့ဒါတောင် အသေးစားပုဂ္ဂလိကလုပ်ငန်းတဲ့ လား? ဒီလိုလုပ်ငန်းမျိုးမှာ တရုတ်နိုင်ငံ၌ ထိပ်တန်းလုပ်ငန်း၅၀၀စာရင်းထဲပင်ပါနိုင်သည် အဲ့လိုမဟုတ်တောင် ဒီပြည်နယ်၏ နာမည်ကျော်လုပ်ငန်းမျိုးဖြစ်နိုင်သည်။ အဲ့လိုလုပ်ငန်းမျိုးက အချိန်မရွေးအရှုံးပေါ်နိုင်သတဲ့လား?
“ကျွန်တော်မေးချင်တာလေးတစ်ခုရှိတယ်၊ မရီးဘယ်လောက်သုံးလဲဆိုတာကို အစ်ကိုက ဘယ်လိုသိတာလဲ?” လီဟုန်ကျီကမေး၏။
ထို့နောက်ကောမင်က နောက်ထပ်အံ့သြစရာကောင်းသည့်အချက်တစ်ခုကိုထုတ်ပြောလာလေတော့သည်။ “သူမက ငွေရေးကြေးရေးဆို ကောင်းကောင်းမစီမံနိုင်ဘူးလေ အဲ့ဒါကြောင့်ငါကသူမရဲ့လစာကဒ်ကိုသိမ်းထားပေးတာ၊ အဲ့တော့ သူမလိုင်းပေါ်ကနေ တစ်ခုခုဝယ်တိုင်း ငါ့ဆီမှာမက်ဆေ့ချ်ရောက်တယ်လေ အဲ့ဒါငါမှတ်တမ်းကိုသိမ်းထားတာ”
“မရီးပိုက်ဆံလိုရင်ရော?” လီဟုန်ကျီရဲ့လေသံမှာပြောင်းသွားသော်လည်း ကောမင်ကမူ လုံးဝသတိမထားမိချေ။
“ငါသူမကို ငွေသားလည်း ပေးတယ်လေ တစ်လကို ယွမ်၇၀၀လောက်ပဲ တစ်ခါတစ်လေတော့လည်း ၈၀၀ပေးပါတယ်” ကောမင်ကပြောသည်။
“ယွမ်၈၀၀? လုပ်ဖော်ကိုင်ဘက်တွေနဲ့တွေ့ဆုံပွဲရှိရင်ရော?” ပွင့်ပွင့်လင်းလင်းပြောရလျှင် ယွမ်၇၀၀ ၈၀၀ ဆိုသည်မှာ လီဟုန်ကျီ၏ ညနေစာတစ်ခါစားစာမျှသာ။ ဥပမာအားဖြင့်ပြောရလျှင် ခေါက်ဆွဲပြုတ်နှင့် ခေါက်ဆွဲပြုတ် တစ်စုံစာဆိုလျှင် ယွမ်၅၀၀ ကျော်ပြီ။
“မိန်းမတစ်ယောက်က ဘာကိုများအဲ့လောက်ပိုက်ဆံအများကြီးသုံးပြီး ဝယ်မလဲကွာ?” ကောမင်ကဖြေသည်။
ထို့နောက် လီဟုန်ကျီမှာ ဘာဖြေရမည်မှန်းမသိတော့။ ထိုအချိန်တွင် အခြားအသံတစ်သံထွက်လာ၏။
“ရှင်ကယောကျ်ားဆိုတော့၊ ရှင်ရောဘာအတွက်ပိုက်ဆံသုံးလဲ?”
ထိုသူမှာ ဤကဲ့သို့ယောကျ်ားဝါဒီရှိသော ယောက်ျားမျိုးကို အမုန်းဆုံးဖြစ်သည့် ကျန်းချန်ရှီပင်ဖြစ်တော့သည်။ ကောမင်မှာသာမန်ယောကျ်ားဝါဒီရှိသူထက်ပင် ဆိုးသေး၏။ သူ့စကားများမှာ အမျိုးသမီးများအပေါ် မထီမဲ့မြင်ရှိ ကြောင်း ပေါ်လွင်နေသည်။
“မိန်းမတစ်ယောက်က ဘာကိုများအဲ့လောက်ပိုက်ဆံအများကြီးသုံးပြီး ဝယ်မလဲကွာ?” ဆိုတာ ဘယ်လိုစောက်စကား ကြီးလဲ? “ယောက်ျားတွေကမတူဘူးလေကွာ” ဆိုတာကြီးကရော?
ရုတ်တရက်စကားဖြတ်ပြောခံလိုက်ရသဖြင့် ကောမင်မှာစိတ်မကြည်တော့ဘဲ ချက်ချင်းပြန်ပြောလိုက်၏ “ယောကျ်ား တွေမှာက အလုပ်ကိစ္စဆွေးနွေးရတာတွေရှိမယ်၊ စီးပွါးရေးအတွက် တွေ့ဆုံပွဲတက်ရတာတွေရှိမယ်၊ သိပ်တောင် မကြာသေးဘူး ငါယွမ်သုံးရာတန်အရောင်းစာချုပ်တစ်ခုချုပ်ခဲ့သေးတယ်၊ အဲ့လိုကိစ္စမျိုးတွေအတွက် ငွေလိုတယ်ကွ၊ မိန်းမတွေကတော့ အဲ့လိုဘယ်လုပ်နိုင်မလဲ”
သူ့ကိုပြန်ဖြေမည့်အစား ကျန်းချန်ရှီက ဖုန်းခေါ်လိုက်ပြီး တစ်ဖက်လူကိုအမိန့်ပေးလိုက်သည်။ “ယွမ်ကျိုးစားသောက် ဆိုင်ကို ငါးမိနစ်အတွင်းအရောက်လာခဲ့၊ ဒီလထဲမှာချုပ်ထားတဲ့ ရိုးရိုးစာချုပ်လေးတွေလည်း ငါ့အတွက် ယူခဲ့ပေး”
ယွမ်ကျိုး၏စားသောက်ဆိုင်အတွင်း၌ လုံးဝ တိတ်ဆိတ်သွား၏။ စားသုံးသူများအားလုံးက ကျန်းချန်ရှီနှင့် ကောမင်ကို ကြည့်နေကြသည်။ လေးမိနစ်ခန့်ကြာသောအခါ အမျိုးသမီးလက်ထောက်တစ်ဦး စာချုပ်များကိုင်ဆောင်ပြီး စားသောက်ဆိုင်သို့ ရောက်လာသည်။ “ဘတ်”
ကျန်းချန်ရှီက စာချုပ်များကို စားပွဲပေါ်သို့ပစ်တင်လိုက်၏။ စာချုပ်တွေအားလုံးကို အလုံပိတ်ထားဆဲဖြစ်သည်။
“ဒီစာချုပ်က ကျွန်မနဲ့ ဟုန်ရှန်းလုပ်ငန်းစု ဒီလအစမှာ လက်မှတ်ထိုးထားတာ ယွမ်သန်း၃၀တန်တယ်၊ ဒီတစ်ခုက ယွမ်၄၅သန်းတန်တယ် အယ်လ်ဖာဆိုတဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ချုပ်ထားတာ ဒီလ၅ရက်နေ့တုန်းက”
စာချုပ်များမှာ ကောမင်၏ စိတ်ထဲ၌ တောင်တစ်လုံးကဲ့သို့ လေးလံနေ၏။
“ယွမ်ငါးသန်းလောက်မှမတန်တဲ့ စာချုပ်တွေဆို ကျွန်မစောက်ဂရုတောင်မစိုက်ဘူး” ကျန်းချန်ရှီက ကောမင်အား သူမ၏လှပသောမျက်လုံးများဖြင့် စိုက်ကြည့်ကာဆက်ပြောလေသည်။
“ဒီစာချုပ်တွေအကုန်လုံးကို စီးပွါးရေး တွေ့ဆုံပွဲတွေမှာ ကျွန်မလက်မှတ်ထိုးထားတာ၊ ရှင့်ကိုဘယ်သူပြောလဲ မိန်းမတွေကဒါမျိုး မလုပ်နိုင်ဘူးလို့? ရှင်စောစောက ပြောလိုက်တာလေး ပြန်ပြောစမ်းပါဦး”
ဝူဟိုင်နှင့် အခြားလူများမှာ ယခုမှသာ အမျိုးသမီးသုံးဦးနှင့်ညီမျှသည့် ဤကျန်းချန်ရှီက တကယ်တမ်းတွင် အမျိုးသမီး ဥက္ကဌတစ်ဦးဖြစ်ကြောင်းကိုသိလိုက်ရတော့သည်။ နောက်ဆုံးတွင် ကျန်းချန်ရှီဘာကြောင့်ဒီလောက်အရက်သောက် နိုင်ရသလဲဆိုတာ သိသွားကြပေသည်။
သူမသာအရက်မသောက်နိုင်ခဲ့ပါက စီးပွါးရေးတွေ့ဆုံပွဲများအတွင်း လှပသည့်အမျိုးသမီးဥက္ကဌတစ်ဦးအနေဖြင့် အရက်သောက်ရန်မှာ အလွန်အန္တရာယ်များလှ၏။
သူမ၏အကြည့်အောက်တွင် ကောမင်မှာရှက်လွန်း၍ အငွေ့ပင်ပျံချင်သွားသည်။ သူကချက်ချင်းပင် “ကျုပ်က ကျုပ်သူငယ်ချင်းနဲ့စကားပြောနေတာလေ၊ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ? ခင်ဗျားဘာသာဥက္ကဌပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားမှာအခြေခံလူ့ကျင့်ဝတ်လေးတောင်မရှိဘူး၊ ထင်တဲ့အတိုင်း မိန်းမတွေက ဆံပင်ရှည်သလောက် ဉာဏ်တိမ်တယ်”
ယွမ်ကျိုး ဝင်ပါရမည့်အချိန် ရောက်လာချေပြီ။
....
ယွမ်ကျိုး အပိုင်း(၃၂၉)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၃၀) ကြံ့ကြံ့ခံနိုင်သော ယွမ်ကျိုး(ဒုတိယပိုင်း)
ကျန်းချန်ရှီးက မျက်လုံးများကို စုကြုံ့လျက်ကြည့်နေရာ သူမနှင့် ရင်းနှီးသောသူများမှာ သူမ၏ဒေါသငယ်ထိပ်ရောက်နေပြီ ဖြစ်ကြောင်း သိကြသည်။
“ဒီက လူကြီးမင်းရဲ့နာမည်လေး တစ်ဆိတ်လောက်သိပါရစေ”
ယွမ်ကျိုးက ကောမင်နှင့် လီဟုန်ကျီတို့ထံသို့ လျှောက်လာပြီး ကောမင်အား ဒဲ့တိုးမေးလိုက်သည်။
“ဘာလဲ။ ခင်ဗျားလို ဆိုင်ရှင်သေးသေးလေးကရော ဘာပြဿနာရှိလို့လဲ”
ကောမင်မှာလည်း ဒေါသအိုးပေါက်ကွဲနေပြီ ဖြစ်သည်။ သူ့ဒေါသကို ကျန်းချန်ရှီးအပေါ် ပုံချပြီးနောက် ယွမ်ကျိုးဘက်သို့ လှည့်လာပြန်သည်။
“စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော့်မိတ်ဆွေက စိတ်သိပ်မကြည်နေလို့ပါ”
အနှီပုဂ္ဂိုလ်ကို လီဟုန်ကျီက ဤဆိုင်သို့ခေါ်လာခဲ့သည်ဖြစ်ရာ ယခုလိုအခြေအနေမျိုးအတွက် အတော်ပင် ရှက်ရွံ့နေပြီဖြစ်သည်။
“ကိစ္စမရှိပါဘူး။ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ”
တည်ကြည်သောအကြည့်နှင့် ယွမ်ကျိုးမှာ အခြားအရေးကြီးကိစ္စတစ်ခုအား မေးမြန်းနေသကဲ့သို့ ပြောနေသည်။
ထိုအခြင်းအရာကို မြင်ပြီးနောက် တစ်ခုခုပြောရန် ဟန်ပြင်နေသော ကျန်းချန်ရှီးနှင့် ဝူဟိုင်တို့မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီး ပြောမည့်စကားများကို ခဏပြန်အောင့်အည်းလိုက်ကြသည်။
“ကောမင်ပါ။ ဘာကိစ္စရှိလို့လဲ”
ကောမင်မှာ မယဉ်မကျေးပင် ပြန်ဖြေနေဆဲဖြစ်သည်။ ယွမ်ကျိုးအား ပြန်စိုက်ကြည့်လိုက်ရင်း ထိုသို့အဖြေပြန်ပေးလိုက်သည်။
“စိတ်မကောင်းပါဘူးခင်ဗျာ။ ကျွန်တော်ခင်ဗျားကို နောက်ထပ် ဘာမှရောင်းပေးတော့မှာမဟုတ်ဘူး”
ယွမ်ကျိုးက တည်ကြည်သောလေသံဖြင့် ဘာမှမဖြစ်သလိုပြောလာသည်။
“ခင်ဗျားဘာပြောတာလဲ။ ခင်ဗျားကိုခင်ဗျား ကိုယ့်ဖောက်သည်ကို နှင်ထုတ်နေမိမှန်းရောသိရဲ့လား”
ကောမင်မှာ ချက်ချင်းစိတ်တိုလာပြီး ထရပ်ကာ ပြင်းပြင်းထန်ထန် ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော်ဆိုင်စဖွင့်တော့ ဗေဒင်ဆရာဆီသွားပြီး စီးပွားရေးလုပ်လို့ အဆင်ပြေ၊ မပြေ သွားမေးခဲ့သေးတယ််။ အဲ့တုန်းက ဗေဒင်ဆရာက ပြောတယ်။ ကောမင်လို့ ခေါ်တဲ့လူနဲ့ ခင်ဗျားအဆင်ပြေမှာမဟုတ်ဘူးတဲ့။ အဲ့ဟောကိန်းမှန်လာလိမ့်မယ်လို့ ကျွန်တော် တကယ်မထင်ခဲ့မိဘူးဗျာ” ယွမ်ကျိုးက ထိုသို့တကယ်ဖြစ်ပျက်ခဲ့သလို အလေးအနက်ပြောနေသည်။
“အာ...ဘယ်လိုဗေဒင်ဆရာမျိုးကများ ဒီလူ့နာမည်ကို ပြောနိုင်လောက်တဲ့အထိ တော်ရတာလဲနော်”
လီဟုန်ကျီပင်လျှင် ထိုရယ်စရာကောင်းလှသောအကြောင်းပြချက်ကို မယုံကြည်ပေ။
“ကျေးဇူးပြုပြီး ထွက်သွားပေးပါခင်ဗျာ” ယွမ်ကျိုးက ထိုအကြောင်းပြချက်မှာ ဟာကွက်အပြည့်နှင့် ဖြစ်နေသော်လည်း ဂရုမစိုက်ဘဲ နှင်ထုတ်တော့သည်။
ဘာပဲဖြစ်ဖြစ် ထိုသို့သောလူမျိုးသည် သူ၏ ဟင်းချက်ရာတွင် စိတ်ခံစားချက်အပေါ် အမှန်ပင် အကျိုးသက်ရောက်မှုရှိစေသည်။
“ခစ်...ခစ်...ကျွန်မတော့ သူဌေးယွမ်ရဲ့ ဒီလိုပွင့်လင်းတဲ့အပြုအမူကို တကယ်သဘောကျတယ်”
ကျန်းချန်ရှီးက မနေနိုင်ဘဲ ရယ်လိုက်ကာ အရင်ပြောလိုက်တော့သည်။
“အမှန်ပဲ။ ခင်ဗျား လာရာလမ်းအတိုင်းသာ ပြန်ကြွပါတော့ဗျာ”
ဝင်ပေါက်ဘက်သို့ လက်ညှိုးထိုးပြ၍ ဝူဟိုင်းကလည်း ထိုသူအား ထွက်သွားရန် အမူအရာပြလိုက်သည်။
“ဒါမင်းတို့ပိုင်တဲ့နေရာမဟုတ်ဘူး။ ငါ ဒီနေ့ ဒီဆိုင်မှာ စားဖြစ်အောင်ကိုစားမှာ။ ပိုက်ဆံလည်းပေးပြီးသား”
သူတို့၏သဘောထားများကို မြင်ပြီးနောက် ကောမင်မှာ မျက်နှာနီမြန်းလာပြီးအော်တော့သည်။
“ခင်ဗျားပြောသလိုဆို ကျွန်တော်က ဒီစားသောက်ဆိုင်လေးရဲ့ပိုင်ရှင်ပါ။ ခင်ဗျားပိုက်ဆံကိုလည်း နှစ်ဆပြန်ပေးမယ်။ အဲ့တော့...ခင်ဗျားထွက်သွားပေးပါ”
ထိုသို့ပြောပြီးနောက် ယွမ်ကျိုးမှာ ပိုက်ဆံထုတ်လိုက်ပြီး ကျိုကျာထံ လှမ်းပေးလိုက်သည်။ သူသည် ကောမင်နှင့် အဆက်အဆံပင် မလုပ်လိုကြောင်း ပေါ်လွင်နေသည်။
“ကျိုကျာ သူ့ကို လိုက်ပို့လိုက်တော့”
ယွမ်ကျိုးမှာ နှင်ထုတ်ရန် လက်ယားနေပြီဖြစ်သောကျိုကျာအား ထိုသို့ပြောလိုက်လေတော့သည်။
“ဆရာ...ရှင်လည်း သိတဲ့အတိုင်းပဲ။ ရှင့်အတွက် သူဌေးက မဖြစ်မနေဟင်းချက်ပေးရမယ်လို့ ဘယ်ဥပဒေမှာမှ မပြဌာန်းထား ဘူး”
ကျိုကျာမှာ ကောမင်အား အတော်ပင်သည်းခံခဲ့ပြီးဖြစ်သည်။ သို့သော် စားပွဲထိုးမလေးတစ်ဦးအနေဖြင့် သူမမှာ ထိုသို့ထုတ်ပြော၍မရခဲ့ရာ ယခုမူ အခွင့်အရေးရလာပြီဖြစ်ကာ အလျင်အမြန်ပြောလိုက်တော့သည်။
“မင်း...မင်းတို့တွေ”
ကောမင်မှာ သူသည် ဓလေ့ထုံးတမ်းများကိုလေးစားသောယောကျ်ားတစ်ဦးဖြစ်သဖြင့် အမျိုးသမီးများနှင့် ငြင်းခုံမည်မဟုတ်ဟု ပွစိပွစိပြောနေသော်လည်း သူ့မျက်နှာမှာမူ မည်းပုပ်လာပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ကျေးဇူးပြုပြီး၊ ထွက်သွားပေးပါရှင့်”
ကျိုကျာက ယဉ်ကျေးသောအမူအရာဖြင့်ပြောလိုက်သည်။ ထို့နောက် ကောမင်မှာ ဒေါသတကြီးဖြင့် ထွက်သွားတော့သည်။ သူမထွက်သွားခင် သူ့မိတ်ဆွေ လီဟုန်ကျီကို တစ်ချက်မျှပင် မကြည့်ချေ။
တစ်ခါတစ်ရံတွင် လူများမှာ စိတ်တိုလာလေ ပိုယဉ်ကျေးလာလေဖြစ်သည်။ ဤသည်မှာ ဟန်ဆောင်ခြင်းတစ်မျိုးပင် ဖြစ်သည်။ ယွမ်ကျိုးနှင့် ကျိုကျာတို့မှာ ဥပမာပင် ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ထိုသူအား တံခါးမှဆွဲထုတ်လိုသည်အထိ စိတ်တိုနေကြရာ အလွန့်အလွန် ယဉ်ကျေးသွားကြတော့သည်။
“တော်တော်ရှက်ဖို့ကောင်းလိုက်တာဗျာ”
လီဟုန်ကျီမှာ သက်ပြင်းချလိုက်ပြီး အနည်းငယ်ဘာပြောရမှန်းမသိဖြစ်နေသည်။
“ခင်ဗျားသူငယ်ချင်းက ခင်ဗျားထက်ပိုစိတ်ဝင်စားဖို့ကောင်းတယ်”
ဝူဟိုင်းမှာ လီဟုန်ကျီကိုလည်း သဘောမတွေ့ရာ လှောင်ပြောပြောလိုက်သည်။
“ကျွန်မကတော့ သူ့မိန်းမက ဘယ်လိုလုပ်ပြီးများ သူနဲ့လက်ထပ်လိုက်တာလဲဆိုတာ သိချင်တာ။ ကျွန်မသာဆိုရင် အဲ့လိုလူမျိုးနဲ့ ယူမယ့်အစား တစ်သက်လုံးအပျိုကြီးပဲလုပ်လိုက်မယ်”
ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ကျန်းချန်ရှီးမှာ စိတ်တိုလာရသည်။ ခပ်ရိုင်းရိုင်းစကားများကိုပါ တရစပ်ပြောတော့သည်။
“အစိုးရအလုပ်မှာ လုပ်ရင်းပြောင်းလဲသွားတာဖြစ်ရမယ်။ အရင်တုန်းက သူက ကျွန်တော်တို့ကျောင်းမှာ နာမည်ကြီးပဲ။ ဘက်စုံထူးချွန်တယ်လေ။ ချောလည်းချောတယ်။ အဲ့တုန်းကဆို ကောင်မလေးငယ်ငယ်လေးတွေမှ အများကြီး သူ့ကို လိုက်ကြတာ” လီဟုန်ကျီမှာ ဝူဟိုင်း၏ရွဲ့ပြောသည့်စကားကို လုံးဝစိတ်ထဲမထားဘဲ ကောမင်မိန်းမရသွားသည့်အကြောင်းကိုသာ ရှင်းပြနေသည်။
“ဪ...ဪ...ကျွန်မကတော့ သူအသုံးမကျတာကို သူ့ပတ်ဝန်းကျင်ကို အပြစ်တင်စရာမလိုဘူးထင်တာပဲ”
ကျန်းချန်ရှီးက လှောင်ပြုံးပြုံးကာပြောသည်။ သူမအတွက်တော့ ဤသည်မှာ အကြောင်းပြချက်သက်သက်သာ ဖြစ် ပြီး သိသာသည့် အားနည်းချက်တစ်ခုသာဖြစ်သည်။
“ခင်ဗျားပြောတာလည်းမှန်နိုင်ပါတယ်။ ပြောလက်စနဲ့ အဲ့ဒါဆို ကျွန်တော်နှစ်ပွဲစားလို့ရလား”
လီဟုန်ကျီမှာ အရှက်ရစရာအခြေအနေကို ပြောင်းလဲရန် ကြိုးစားလေသည်။
“တစ်ပွဲစာက ပြန်အမ်းပြီးပြီဆိုတော့ စားလို့မရဘူးရှင့်”
ကျိုကျာက စားပွဲပေါ်ရှိ ပြန်အမ်းငွေကို ညွှန်ပြကာ ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်လေသည်။
“ထားပါတော့။ အဲ့ဒါဆိုလည်း ကိုယ့်ဟာပဲကိုယ်စားတော့မယ်”
လီဟုန်ကျီမှာလည်း စိတ်အခြေအနေ သိပ်မကောင်းပေ။ ထိုသို့သာ ပြောလိုက်ပြီး တိတ်ဆိတ်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ တန်းစီစောင့်နေကြသော စားသုံးသူများက စတင်ဆွေးနွေးကြတော့သည်။
“အဲ့လူက အရင်တုန်းက နာမည်ကြီးဆိုတာဟုတ်ပါ့မလား။ သူဖြင့် ငါ့လောက်တောင် မတော်လောက်ဘူး”
စားသုံးသူတစ်ဦးက မကျေမနပ်ဖြင့်ပြောသည်။
“မင်းပြောတာမှန်တယ်။ အဲ့လိုလူတောင် မိန်းမရသေးတာ ဘာလို့ ငါကျမရတာလဲ"
ထိုဖောက်သည်မှာ ယခုအချိန်ထိ လူလွတ်ဖြစ်နေသူဖြစ်သည်။
“ငါထင်တာတော့ အဲ့အမျိုးသမီးက ရုပ်ဆိုးလို့ပဲ ဖြစ်ရမယ်။ သူမကို အဲ့လူကလွဲပြီး လက်ထပ်မယ့်သူမရှိလို့နေမှာပေါ့”
အခြားတစ်ဦးက အသံခပ်နိမ့်နိမ့်ဖြင့်ပြောသည်။ တစ်ခါတစ်ရံတွင် အမျိုးသားများက အမျိုးသမီးများထက် အတင်းပိုတုပ်တတ်ကြလေသည်။
“ငါထင်တာတော့ အဲ့အမျိုးသမီးမှာလည်း ပြဿနာတစ်ချို့တော့ ရှိလိမ့်မယ်။ သူမယောက်ျားက အဲ့လိုဆိုမှတော့ သူမက ဘာလို့ ပိုက်ဆံမကိုင်တာလဲ”
အခြားအမျိုးသားတစ်ဦးက ပြောပြန်သည်။
“အဓိပ္ပာယ်ရှိတယ်။ မိန်းမတွေက စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်းလို့ ပြောကြတယ်။ ဒီတစ်ယောက်ကတော့ မဟုတ်ပုံပဲ”
နောက်တစ်ယောက်က ခေါင်းညိတ်ထောက်ခံသလို ပြောသည်။
“ငါကတော့ ရုပ်ရည်က ပြဿနာရှိနေတာလို့ထင်တယ်နော်”
ဤသည်မှာ အစပိုင်းက ရုပ်ရည်အကြောင်းပြောခဲ့သည့်လူပင် ဖြစ်သည်။
“သူ့မိန်းမက အတန်းထဲမှာ အလှဆုံးဗျ။ တော်တော်ကိုလှတာ”
သူတို့အတင်းပြောနေကြသည်ကို ခဏနားထောင်ပြီးနောက် လီဟုန်ကျီမှာ မနေနိုင်ဘဲ ထိုသို့ပြောလိုက်သည်။ သူ့အမြင်တွင် ကောမင်၏ဇနီးဖြစ်သူမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းသည်။
“အတန်းထဲမှာအလှဆုံးဟုတ်လား။ ဘုရားရေ...ငါတော့ အဲ့ကောင်ကို မနာလိုဖြစ်လာပြီ” တစ်ကိုယ်တည်းလူပျိုကြီးမှာ မနာလိုသည့်အမူအရာကို ထုတ်ဖော်ပြောတော့သည်။
“သူ့မိန်းမကရော အဲ့လူ ဘာတွေလုပ်နေမှန်းသိရဲ့လား”
ကျန်းချန်ရှီးက မျက်မှောင်ကြုတ်ကာ မေးသည်။
“သူ့မိန်းမက ငွေမထိန်းသိမ်းနိုင်ဘူးဆိုတာ သူတောင်သိတယ်လေ။ သူ့မိန်းမလည်း သူ့အကြောင်းသိမှာပေါ့”
ထိုအချက်တွင်မူ လီဟုန်ကျီပြောသည်မှာ မှန်ပေသည်။
“အဲ့ဒါဆို ဘာလို့ သူ့ကို မကွာရှင်းတာလဲ”
ကျန်းချန်ရှီးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကျွန်တော်မှ သူ့မိန်းမ မဟုတ်တာဗျာ။ ဘယ်သိမလဲဗျ”
လီဟုန်ကျီက စိတ်ရှုပ်သလိုဖြင့် ပြောသည်။
“သူတို့လက်ထပ်တာဘယ်လောက်ကြာပြီလဲ” တစ်လျှောက်လုံးတိတ်ဆိတ်နေခဲ့သော လင်းဟုန်က ရုတ်တရက် မေးလိုက်သည်။
“နှစ်တော်တော်တော့ကြာပြီဗျ။ အတိအကျတော့ မပြောတတ်ဘူး”
လီဟုန်ကျီက ခဏလောက်စဉ်းစားပြီးပြောသည်။
“လက်မထပ်ခင် အချိန်အတော်ကြာတွဲခဲ့ကြသေးလား”
လင်းဟုန်က အသေးစိတ်မေးလိုက်သည်။
“ကျောင်းကတည်းက တွဲခဲ့ကြတာလေ။ အဲ့တုန်းကတော့ သူတို့က စံပြအတွဲပဲ”
ထိုသူ့အကြောင်း ပြောရင်းနှင့်ပင် လီဟုန်ကျီမှာ သူ၏အထက်အရာရှိဟောင်းမှာ ထိုကဲ့သို့ပြောင်းလဲသွားမှန်းကို မယုံကြည်နိုင်ဖြစ်နေသည်။ လင်းဟုန်မှာ ထိုစကားကို ကြားသောအခါ အချိန်အတော်ကြာအောင်ငြိမ်သွားပြီးမှ သူ့အတွေ့အကြုံနှင့် ယှဉ်ကာ ပြောလာသည်။
"သူမ အခုချစ်တာက သူမမျက်စိရှေ့မှာတွေ့နေရတဲ့လူမဟုတ်ဘဲ ကျောင်းတုန်းက နာမည်ကြီး ကောင်လေးဆိုတဲ့အမှတ်တရတွေကိုပဲ ဖြစ်လိမ့်မယ်”
အမျိုးသမီးများက သိပ်ထူးဆန်းကြသည်။ အတိတ်ကို ပြန်မသွားနိုင်ဘူးဆိုတာသိပါလျက်နှင့်ပင် အမှတ်တရဟောင်းတွေကို ဖက်တွယ်ထားတတ်ကြသည်။
အများအားဖြင့် မကောင်းသောယောက်ျားတစ်ယောက်ကို ကျောခိုင်းခဲ့ဖို့ရန်ပင် အမျိုးသမီးများမှာ အသည်းမမာနိုင်ကြဟု ပြောတတ်ကြသည်။ ဤသည်မှာ နှိမ့်ချပြောခြင်းမျိုးတော့ မဟုတ်ချေ။ အနှီမကောင်းသောယောကျ်ားမှာ အချိန်တစ်ခုထိကောင်းပေးခဲ့ဖူးရာ အမျိုးသမီးများ၏ ဒဏ်ရာအပြည့်နှင့် နှလုံးသားကို ကုစားပေးရန် လုံလောက်နေ၍ ဖြစ်သည်။
“အမှတ်တရတဲ့လား”
ကျန်းချန်ရှီးမှာလည်း သက်ပြင်းချလိုက်ကာ လင်းဟုန်ပြောသည်ကို သဘောပေါက်သွားသည်။ သူမ ဝန်မခံချင်သော်လည်း သူမတွင်လည်း တူညီသည့်ခံစားချက်မျိုး အကြောင်းတိုက်ဆိုင်တိုင်း ပေါ်ပေါက်ခဲ့ဖူးလေသည်။
ပြောလက်စနှင့်ပင် သူမမှာ ထိုအမျိုးသမီးအား ကောမင်ကို ကျောခိုင်းသွားရန် တိုက်တွန်းလိုစိတ် တဖွားဖွားဖြစ်လာရတော့ သည်။
သို့သော် ဤသည်မှာ အလိုအလျောက်ဖြစ်လာသည့်ခံစားချက်တစ်ခုပင်။ သူမထိုသို့ တကယ်မလုပ်နိုင်ပေ။ လူတိုင်းမှာ ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်ရာ သူမ သွားပြောလိုက်လျှင်တောင် ထိုအမျိုးသမီးက သူမအကြံပေးချက်ကို လက်ခံမည်မဟုတ်ပေ။ ထို့အပြင် အကြံသွားပေးရလောက်အောင်လည်း သူမမှာ ထိုအမျိုးသမီးနှင့် ဘာများသက်ဆိုင်နေလို့လဲ။ လင်းဟုန်၏စကားကို ကြားပြီးနောက် ကျန်းချန်ရှီး၏စိတ်အနည်းငယ်လှုပ်ရှားသွားသည်။
လမ်းခရီးမဖြောင့်ဖြူးလျှင် ကိုယ့်ခြေအစုံပေါ် မားမားမတ်မတ်ရပ်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။ အချို့ကိစ္စများတွင် ကိုယ်တိုင်တောင် ဖြောင့်ဖြောင့်မသွားနိုင်ဘဲ သူများအား ကူညီရန်မဖြစ််နိုင်ပေ။ ထိုသို့တွေးမိသောအခါ ကျန်းချန်ရှီးမှာ ပို၍စိတ်ဓာတ်ကျသွားသည်။
“ကံမကောင်းလိုက်တာ အရက်လည်းမရှိတော့ဘူး”
သူမမှာ ဝမ်းနည်းစွာ ပြောရုံသာ တတ်နိုင်တော့သည်။
...
ယွမ်ကျိုး အပိုင်း(၃၃၀)
ပြီးပါပြီ။