အခန်း (၃၃၇-၃၃၈)
Vol. 24 Ch. 337-338
ယွမ်ကျိုး အပိုင်း(၃၃၇)
လီလီကဆွီဒင်အသားလုံးနှင့်ပတ်သက်ပြီး မနေ့ညကနေ ဒီနေ့မနက်ထိ အလုပ်ရှုပ်နေချိန်မှာ ယွမ်ကျိုးကတော့ နံနက်စောစောလမ်းလျှောက်ထွက်ပြီးလျှောက်ပတ်ကြည့်နေခဲ့သည်။
မနက်စာရောင်းချိန်ပြီးမှသာ ထိုသို့လမ်းလျှောက်ထွက်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက စားသုံးသူတွေ၊ အစားသရဲတွေ နှင့် အစားပုတ်သူတွေကသေချာပေါက်သူ့ဆိုင်မှာ ဆူပူသောင်းကျန်းကြလိမ့်မည်မှာ အသေအချာပင်။
ထို့ကြောင့် ယွမ်ကျိုးသည် အားလပ်ချိန်တွင်သာ ထွက်လာ၍ လမ်းလျှောက်နေခဲ့သည်။ သူဆောင်ရွက်ရမည့် တာဝန်ကြောင့်လည်းဖြစ်သည်။
တစ်လက်မခန့်ထူသော အညွှန်းစာအုပ်ကို စဉ်းစားကြည့်လိုက်ရာ ယွမ်ကျိုးသည် စနစ်ကို ခပ်ရိုင်းရိုင်းဆဲပစ်ချင်စိတ် ပင် ပေါက်နေခဲ့သည်။
"တော်သေးတယ် စာအုပ်ဝယ်ဖို့ အညွှန်းစာအုပ်ကို မယူလာခဲ့လို့။ မဟုတ်ရင်၊ ငါ့ကို အရူးလို့ဝေဖန်ခံရမှာပဲ" ယွမ်ကျိုးသည်စာရွက် ဖြတ်ပိုင်းတခုကိုင်ထားပြီး အတော်ကံကောင်းသွားသည်ဟု ခံစားခဲ့ရသည်။
ယွမ်ကျိုး၏စကားများကို စနစ်မှကြားသော်လည်း သူ့ကိုဂရုမစိုက်ခဲ့ပေ။
ချန်ဒူမြို့၏ ကောင်းကင်မှာ ကလေးတစ်ယောက်ကဲ့သို့ပင် ခန့်မှန်း၍မရပေ။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကြည်လင်ပြီး နေရောင်ခြည်ဖြာကျတဲ့ ကောင်းကင်ကို တိမ်မည်းတွေဖုံးလွှမ်းသွားသည်။
“တဒ် တဒ် တဒ်"
ယွမ်ကျိုးသည် ဦးတည်ရာဆီသို့ လမ်းမကြီးတစ်လျှောက် တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားရင်း တိမ်ထူနေသောကောင်းကင်ကို မော့ကြည့်လိုက်သည်။
အနီးအနားရှိ နေရာတစ်ခုခုမိုးဝင်ခိုရမလား ဒါမှမဟုတ် သွားမယ့်နေရာကိုပဲ ရောက်အောင်သွားရမလား ဆိုသည်မှာ စဉ်းစားရကြပ်နေသည်။
မူလက ဤအချိန်တွင် ထွက်လာရန် သူ မရည်ရွယ်ခဲ့ပါ။ သူသည် နေ့လယ်ခင်းတွင် စားသုံးသူများကို ဈေးရောင်းရဦး မည်ဖြစ်ရာ အချိန်မလုံလောက်ခဲ့ချေ။ ထို့အပြင် သွားရမယ့်နေရာကလည်း မနီးပေ။ ယွမ်ကျိုးက နေ့ခင်းပိုင်းခဏ ဆိုင်ပိတ်ကြောင်း စာရေးထားခဲ့ဖို့ အမှန်ပင်စဉ်းစားခဲ့သေးသည်။
သို့သော် စာအုပ်ဈေးရောင်းပွဲတော်တစ်ခုကိုမှ သူ ရှာမတွေ့ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ အဓိကအကြောင်းပြချက်မှာ သူ သည် မည်သည့်ကြိုတင်အသိပေးချက်ကိုမှ မရခဲ့သောကြောင့်ဖြစ်သည်။
တိရစ္ဆာန်တိုင်းရဲ့ ပင်ကိုအသိစိတ်က အကျိုးအမြတ်ရှာပြီး ဆိုးကျိုးတွေကို ရှောင်ရှားတတ်သည်။ နိဂုံးချုပ်ရလျှင်၊ ရိုက် နှက်ခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်ပေသည်။
သို့သော် ယွမ်ကျိုး၏ရည်ရွယ်ချက်မှာ မှန်ကန်၏။ စာအုပ်များသည် ဉာဏ်ပညာနှင့် လူသားတို့၏ အာဟာရအတွက် အကြီးမားဆုံးရတနာများဖြစ်သည်။ စာအုပ်စုဆောင်းထားခြင်းသည် စည်းစိမ်ဥစ္စာအမြောက်အမြားရှိခြင်းထက် များစွာပိုကောင်းပေသည်။
လူတစ်ဦး၏အသိပညာသည် စာဖတ်ခန်းတွင်သိမ်းထား ၀ယ်ထားသော စာအုပ်အရေအတွက်ပေါ်မမူတည်ပေ။ ထို့အစား သူမည်မျှဖတ်ရှုနားလည်ပြီး လိုက်နာကျင့်သုံးခဲ့သလဲဆိုသည့်အပေါ်သာ အခြေခံသည်။
"ငါက ပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် စာဖတ်ခြင်းကို ချစ်မြတ်နိုးတဲ့ ပညာတတ်တယောက်ပဲလေ။ ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းမှာ ယဉ်ကျေးမှုအငွေ့အသက်တွေ စိမ့်ဝင်နေတာ"
"ငါစာအုပ်တွေ၀ယ်နေတယ်ဆိုတာကို ငါ့မိတ်ဆွေတွေကို ပြောပြရမယ်ထင်တယ်၊ ငါကကြည့်ကောင်းရုံတင်မကဘူး ချက်တတ်ပြုတ်တတ်၊ ဒါ့အပြင်အရသာရှိတဲ့ဟင်းပွဲတွေချက်ပြီး ပိုက်ဆံ ကောင်းကောင်း ရှာနိုင်သေးတယ်" သူ့မေးစေ့ ကို ပွတ်ရင်းယွမ်ကျိုးက ဒီလို ကိုယ့်ကိုကိုယ်အကြံပြုထောက်ခံတာက အတော်လေးဆွဲဆောင်မှုရှိသည်ဟု ခံစားရ သည်။
“အဘက်ဘက်ကပြည့်စုံတဲ့ ငါ့လိုကြည့်ကောင်းပြီး လူချစ်လူခင်များတဲ့မင်းသားလေးက တစ်စစီ ဖျက်ဆီးခံရနိုင် မလား?" ယွမ်ကျိုး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
ဦးတည်ရာမရှိဘဲ တွေးတောနေစဉ်တွင် ယွမ်ကျိုးသည် သူသွားမည့်နေရာသို့မရောက်မီ အချိန်အတန်ကြာ လမ်းလျှောက်လိုက်ရသည်။ သူ၏ကောင်းမွန်သော ကျန်းမာရေးအခြေအနေကို ပြသရန် ၊ သူသည် ထိုနေရာသို့ ခြေလျင်လျှောက်သွားရန် ရွေးချယ်ခဲ့သည်။
" ငါက ကာဗွန်သုံးစွဲမှုလျှော့ချပြီး စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် ဒီနေရာထိ လမ်းလျှောက်လာခဲ့တာ၊ တက္ကစီခ ၇.၅ ယွမ်ဖြစ်ဖြစ် ဘတ်စ်ကား ခ ၃ ယွမ်ကိုပဲဖြစ်ဖြစ် ချွေတာချင်လို့ လုံးဝမဟုတ်ဘူး" ယွမ်ကျိုးက သူလျှောက်လာခဲ့သောခရီးကို ပြန်ကြည့်ပြီး ကိုယ့်ဘာသာ ချီးမွမ်းလိုက်သည်။
သူက ခေါင်းမော့ကြည့်လိုက်တော့ အပေါ်မှာရှိတဲ့ ထိပ်စည်းဆိုင်းဘုတ်မှာရေးထားသည်က "ဒီစာအုပ်ဆိုင်ရဲ့ စာအုပ်အားလုံးအတွက် ၁၂% လျှော့ဈေးပေးနေပါတယ်။ အမြန်လာဝယ်လိုက်တော့နော်!" နောက်ဆုံးရက်သည် အတိအကျ ယနေ့ပင် ဖြစ်သည်။
၈၈ဆိုသည်က ကံကောင်းစေသည့်နံပါတ်ဖြစ်ပြီး ကြော်ငြာကသူ့ကိုမလှည့်စားပါ။ ယွမ်ကျိုးက သူ၏ခပ်တည်တည် မျက်နှာကို ပျော်ရွှင်စွာဆက်ထိန်းထားပြီး သူ၏ခံစားချက်ကို လုံးဝမဖော်ပြဘဲ အလွန်အလေးအနက်ဖြစ်နေပုံပေါ် သည်။
"မင်္ဂလာပါရှင် ကြိုဆိုပါတယ်" လုပ်ငန်း၀တ်စုံကို၀တ်ထားတဲ့ဆံပင်တိုနှင့် မိန်းကလေးတယောက်က ယဉ်ကျေးချိုသာ စွာ နှုတ်ဆက်လာသည်။
"ဘယ်လိုစာအုပ်မျိုးလိုချင်တာလဲရှင့်။ သက်ဆိုင်ရာစာအုပ်တန်းကို ကျွန်မပြောပြပေးလို့ရပါတယ်" ထိုဆံပင်တို မိန်းကလေးရဲ့ အပြုံးက ပြည့်စုံသည်။ သူမက စိတ်အားထက်သန်ပေမဲ့ စိတ်ပျက်စရာကောင်းလောက်အောင်တော့ မဟုတ်ပေ။
ဤစာအုပ်ဆိုင်သို့ ယွမ်ကျိုး အကြိမ်ပေါင်းများစွာ လာခဲ့ဖူးသည်။ နောက်ဆုံးအကြိမ်မှာ ဝူဟိုင်းက အရှုပ်ထုပ်တစ်ခု ၀ယ်ပေးဖို့ ပြောချိန်တုန်းက ဒီဆိုင်မှာ၀ယ်ပေးခဲ့တာပင်။ ထို့အပြင် သူသည် ဤစာအုပ်ဆိုင်တွင် VIP အဖွဲ့ဝင်ဖြစ်သောကြောင့် လျှော့ဈေးရာခိုင်နှုန်း ပိုများများရနိုင်သည်။ ရှင်းပြလို့မရတဲ့ စိတ်ကြီး၀င်သလိုခံစားချက်က သူ့နှလုံးသားထဲမှာ ပြည့်နေသည်။
“အင်း ၊ဂျုံထွက်ပစ္စည်းများချက်ပြုတ်နည်းစာအုပ်ဘယ်နေရာမှာရှိလဲပြောပြပေးပါ" ယွမ်ကျိုးက ခေါင်းညိတ်ပြကာ လေသံကို ထိန်းထိန်းသိမ်းသိမ်းဖြင့်ပြောလိုက်သည်။
"ကျေးဇူးပြုပြီးကျွန်မနောက်ကလိုက်ခဲ့ပါ"မိန်းကလေးကယွမ်ကျိုးကိုသက်ဆိုင်ရာစာအုပ်တွေကိုရှာဖို့ဒုတိယထပ်သို့တန်းခေါ်သွားသည်။
"ဒီမှာတော်တော်လေးပြောင်းလဲသွားတယ်နော်၊ ဟုတ်တယ်မလား" ယွမ်ကျိုးကလှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်သည်။
"ဟုတ်တယ်ရှင့်၊ကျွန်မတို့စာအုပ်တွေထပ်ထည့်ထားလို့ရှင့်၊ ဆရာအနေနဲ့လိုင်းပေါ်မှာ စီးရီးလိုက်ထွက်ထားတဲ့ နာမည်ကြီး၀တ္ထုတွေကိုတောင် ကျွန်မတို့ဆိုင်မှာ တွေ့နိုင်ပါတယ်" ဆံပင်တိုတိုနှင့် မိန်းကလေးက ခေါင်းတစ်ချက်ညိတ်ပြကာ စာအုပ်စင်ကိုညွှန်ပြပြီးပြောလိုက်သည်။
"အမ် ကောင်းမယ့်ပုံပဲ"ယွမ်ကျိုးကခေါင်းညိတ်ကာသဘောတူကြောင်းပြလိုက်သည်။
သူမကယွမ်ကျိုးကစာအုပ်ဆိုင်ကို လှည့်ပတ်ကြည့်နေတာကို မြင်တဲ့အခါမှာ မိန်းကလေးက ရှေ့ဆက်လျှောက်သွား ရင်း စာအုပ်ဆိုင်အကြောင်းရှင်းပြနေသည်။
“ဒီဟောင်ဟန်စာအုပ်ဆိုင်မှာ အထပ်ငါးထပ်ရှိပါတယ်။ ကျွန်မတို့ မှာ ကလေးစာအုပ်၊ လူငယ်စာအုပ်တွေ၊ ဂန္ထဝင် ဝတ္ထုတွေရှိ ပါတယ် ။ " မိန်းကလေးက အသေးစိတ်အချက်အလက်တွေကို တာဝန်အရပြောပြနေသည်။ အဲဒီနောက်တော့ သူတို့ထွက်ခွာပြီး နောက်တစ်နေရာကို ဆက်သွားကြသည်။။
စာအုပ်စင်တန်းတစ်တန်းစီမှာ မတူညီသောစာအုပ်အမျိုးအစားတွေအလိုက် နေရာကို အမှတ်အသားလုပ်ထားပေး သည်။ မဟုတ်ပါက ယွမ်ကျိုးအနေဖြင့် စာအုပ်အားလုံးကို တစ်နေ့တည်းမရှာနိုင်ပေ။
လမ်းညွှန်ချက်အရ ယွမ်ကျိုးကအညွှန်းစာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာရှ်ိတဲ့စာအုပ်များကိုသာ အရင်၀ယ်လိုလေ သည်။
သူရှာနေတဲ့စာအုပ်ကိုရှာတွေ့နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နှင့် ရှည်သွယ်သွယ်လက်ချောင်းများကိုဆန့်ကာ တစ်အုပ်ပြီး တစ်အုပ် စစ်ဆေးကြည့်နေသည်။ ခဏအတွင်းမှာပင် စာအုပ်၈အုပ်ခန့်ရှာတွေ့လိုက်သည်။ ကံမကောင်းစွာဖြင့် ရှာမတွေ့သေးသောစာအုပ်မှာ ထက်၀က်ခန့်ကျန်ရှိနေသေးသည်။
"မင်းတို့မှာဂျုံထွက်ပစ္စည်းချက်ပြုတ်ရန်ခရီးလမ်းတို့၊ ကောင်းမွန်တဲ့ဟင်းပွဲများအတွက် ဖြတ်လမ်းနည်း တို့ ...အဲ့စာအုပ်တွေရောရှိလား?” ယွမ်ကျိုးက အသက်၃၀အရွယ် ၀န်ထမ်းကို အသက်တစ်ရှိုက်စာအတွင်းမှာပင် စာအုပ်၁၀အုပ်စာရင်းကို မေးလိုက်သည်။
"ဟင့်အင်းကျွန်မတို့မှာမရှိဘူး"အမျိုးသမီးကယွမ်ကျိုးကိုအံအားသင့်စွာကြည့်လိုက်ပြီးယဉ်ကျေးစွာဖြေသည်။
“မရှိဘူး?ဒါဆိုရနိုင်မယ့်တခြားနေရာတွေရောသိလား?” ယွမ်ကျိုးကမျက်ခုံးကြုံ့ကာနည်းနည်း စိတ်ရှုပ်ထွေးသလို ခံစားရသည်။
အမျိုးသမီးက အံ့သြတကြီးနဲ့ ယွမ်ကျိုးကို ထပ်ကြည့်လိုက်ပြီး ဖြေလေသည် "ပြောရမယ်ဆို အဲဒီထဲက တစ်အုပ်မှ အရောင်းမရှိပါဘူး။ ဒီလိုစာအုပ်အများစုကို မထုတ်ဝေတော့ပါဘူး။ တခြားအရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်" ထိုသို့ ပြောကာ လှည့်ထွက်သွားတော့သည်။
ယွမ်ကျိုးမှာအနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည်။"စောက်ကျိုးနည်း"မရောင်းတော့ဘူး၊ မထုတ်ဝေ တော့ဘူးတဲ့လား?
ထိုသို့ကြားလိုက်ရတုန်းက သူအနည်းငယ်အံအားသင့်သွားခဲ့သည်။ ခဏလောက်ကြာအောင် စဉ်းစားပြီးနောက် သူချက်ချင်းပျော်သွားလေသည်။
" စနစ် ၊ ဒါကို မင်း ဘယ်လိုထင်သလဲ။ ဒီစာအုပ်တွေကို မထုတ်ဝေတော့ဘူးဆို မဝယ်ဘဲ ကျော်သွားလိုက်လို့ရတယ် ဆိုတဲ့ သဘောလား?" ယွမ်ကျိုးက စနစ်၏ထင်မြင်ချက်များကို ကြင်နာတတ်သည့်အမူအရာဖြင့် မေးလိုက်သည်။
စနစ်က "မင်းဆုကို ယူပြီးသွားပြီ" ဟုပြသခဲ့သည်။
အထူးသဖြင့် ချက်ပြုတ်ကျွမ်းကျင်မှုကဏ္ဍတွင် ဤစနစ်သည် တာဝန်ကို ရိုးရှင်းစေနိုင်မည်မဟုတ်ဟု ယွမ်ကျိုးက ယူဆခဲ့ပြီဖြစ်သော်လည်း သူ့ကို အကြင်နာမဲ့စွာငြင်းပယ်ခံရသည့်အခါ အနည်းငယ်ဝမ်းနည်းနေဆဲဖြစ်သည်။
" ဒါပေမယ့် ဒါက ထပ်မထုတ်တော့တာလေ။ ကြိုမှမသိနိုင်တာ" ယွမ်ကျိုးက အသေအချာပြောလိုက်သည်။
စနစ်က သူ့ကို အဖြေမပေးခဲ့ပါ။ ၎င်း၏အဓိပ္ပာယ်က အလွန်သိသာထင်ရှားစေသည်။ ယွမ်ကျိုးက ဆုလက်ခံယူပြီး ဖြစ်သောကြောင့်တာ၀န်ကိုရှောင်လွှဲ၍မရပေ။
"ဒီပြောင်လက်နေတဲ့ကြမ်းပြင်ကအရမ်းဆွဲဆောင်မှု ရှိသလိုခံစားရပြီး အရမ်းသဘောကျတယ်၊ မင်းပြောစရာမရှိတော့ဘူးဆိုရင် ငါကြမ်းပြင်အေးအေးလေးကိုခံစားလိုက်ဦးမယ်"
ယွမ်ကျိုးသည် စနစ်က သူ့ကို ကျေနပ်ဖွယ်ရာအဖြေ မပေးဘူးဆိုရင် ဒီအဖြူရောင်ကြမ်းပေါ်မှာ လှဲချမယ်ဆိုတဲ့ သိသာထင်ရှားတဲ့ရည်ရွယ်ချက်နဲ့ အဖြူရောင်ကြမ်းပြင်ကို ကြည့်လိုက်သည်။ စနစ်ရှေ့တွင် ယွမ်ကျိုးသည် ဆွဲဆောင်မှုရှိသော မင်းသားတစ်ဦးကဲ့သို့ ခပ်မိုက်မိုက် အပြုအမူမျိုးလုံး၀မရှိတော့ပါ။ တစ်ခုတည်းသောအတွေးက သူဟာ ဒီကပ်စေးနည်းစနစ်ဆီကနေ ဘာများ ဈေးဆစ်လို့ရမလဲဆိုသည်ကိုပင်။ ရခဲ့ပါက အောင်မြင်မှုတစ်ခုပင်ဖြစ် ပေလိမ့်မည်။
စနစ်:"host ကစာအုပ်တွေကိုအွန်လိုင်းကနေဝယ်တာမျိုးဖြစ်ဖြစ် PDF ဖိုင်ကနေ ဖတ်တာမျိုးဖြစ်ဖြစ် လုပ်လို့ရပါ တယ်"
" ဈေးကတော့ တကယ့်စာအုပ်ဆိုင်မှာရှိတာတွေထက် ပိုဈေးကြီးတယ်နော်။ ဒီနေ့ခေတ်စာအုပ်ဆိုင်တွေကမှ လျှော့ဈေးပေးသေးတယ် မင်းလည်းသိသားနဲ့၊ ပြီးတော့ ငါ့မှာ အဖွဲ့ဝင်ကဒ်ရှိတယ်။ ကြည့်ပါလား၊ VIPတွေ့တယ် နော်?" ယွမ်ကျိုးက တလက်လက်တောက်ပနေတဲ့ အဖွဲ့ဝင်ကတ်ကို ငတုံးလိုထုတ်ပြလိုက်သည်။
စနစ်မှာသာ အတွင်းစိတ်ထဲက အသံရှိခဲ့ပါလျှင် စိတ်ပိုင်းဆိုင်ရာ ကျိုးပဲ့ပျက်စီးသွားသည့် အသံသာ ဖြစ်လိမ့်မည်။
စနစ် :" တာဝန် ပြီးမြောက်အောင်လုပ်ခြင်း မှာ အခက်အခဲရှိတာကို ထည့်စဉ်းစားပေးရရင်တော့၊ စနစ် က မန်ထို(၁)ပြုလုပ်နည်းတစ်ရာဆုကို ကျပန်းပေးနိုင်ပါတယ်”
ခြိမ်းခြောက်တာအောင်မြင်သွားပြီကွ!!
၁) မန်ထိုသည် အစာမသွပ်ထားသည့် ဂျုံဖြင့်လုပ်ထားသော ပေါက်စီအလွတ်တစ်မျိုးဖြစ်သည်။
ပြီးပါပြီ။
ယွမ်ကျိုး အခန်း(၃၃၈)
စနစ်ရဲ့လျော်ကြေးကို ရရှိပြီးနောက် ယွမ်ကျိုးမှာ ဂျင်ဆင်းစားပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ ချွေးပေါက်များပွင့်လာသလို ချက်ချင်းခံစားလိုက်ရသည်။ သူတကယ်ပဲ "ကောင်းလိုက်တာ"ဟု အော်ဟစ်ပစ်လိုက်ချင်သည်။
"အောင်မြင်တဲ့လှုပ်ရှားမှုပဲ"
ယွမ်ကျိုးက သုံးသပ်လိုက်သည်။ ကောင်းမွန်တဲ့စိတ်အခြေအနေကြောင့် ဉာဏ်အလင်းပိုပွင့်လာရာ ယွမ်ကျိုးက စိတ်ကူးကောင်းတစ်ခုကို စဥ်းစားလိုက်မိသည်။ ဤစာအုပ်ဆိုင်တွင် သူလိုချင်သည့်စာအုပ်များ မရှိသော်လည်း အခြားဆိုင်များတွင် မရှိဟု မဆိုလိုပေ။ ဒီစာအုပ်ဆိုင်က ချန်ဒူမြို့မှာရှိတဲ့ တစ်ဆိုင်တည်းသောစာအုပ်ဆိုင် မဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ တခြားစာအုပ်ဆိုင်တွေမှာ အထူးလျှော့ဈေးတွေ ရှိနိုင်သည်။
ပန်ကိတ်နောက်တစ်ချပ်နှင့် ကြက်ဥပြုတ်အတွက် သူ ပိုက်ဆံနည်းနည်း ပိုချွေတာနိုင်လိမ့်မည်ဟု တွေးမိသည့်အခါ အတော်ကောင်းသည့်အကြံဟုပင် ခံစားလိုက်ရသည်။
ပြောနေလျှင် ကြာဦးမယ်၊ ချက်ချင်းထလုပ်လိုက်သည်။ ယွမ်ကျိုးက ဖုန်းကိုယူပြီးအနီးအနားမှာ စာအုပ်ဆိုင်၊ စာအုပ်တိုက်တွေရှိသလား စတင်ရှာဖွေလိုက်သည်။ တကယ်လို့ အရမ်းဝေးရင်တော့ နေ့လည်ဆိုင်ဖွင့်ချိန်နီးလာပြီဖြစ်၍ မလွှဲမရှောင်သာလက်လျှော့ရမည်ဖြစ်သည်။
သူက ဧည့်သည်တွေ အထွန့်တက်မှာကို ဂရုမစိုက်ပေမယ့် သူနောက်ကျမှ ပြန်လာသည့်အခါ ဝူဟိုင်း၏ညည်းညူသံတွေကို ထပ်ခါတလဲလဲကြားရန် ဆန္ဒမရှိပေ။
ယွမ်ကျိုးက ဖုန်းကို အလျင်အမြန်ဆွဲထုတ်လိုက်ပြီး ဝက်ဘ်ဆိုက်များတွင် စတင်ရှာဖွေခဲ့သည်။ နှစ်ဘလောက်အကွာမှာ စာအုပ်ဆိုင်ကြီးတစ်ခု ရှိနေတာကို တွေ့လိုက်ရ၍ ရုတ်တရက် မျက်လုံးများတောက်ပလာသည်။ ထိုနေရာတွင် သူ လိုအပ်သောအရာများ ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ ငွေရဖို့အတွက် သူ့မှာ ရှေ့ဆက်တိုးဖို့သာ ရှိသည်။ ယွမ်ကျိုး၏လက်ရှိဝင်ငွေအနေဖြင့် ငွေပမာဏအနည်းငယ်သည် ပြောပစရာမဟုတ်သော်လည်း ငွေတစ်ရွက်စီတိုင်းသည် ထူးခြားသောအနုပညာလက်ရာဖြစ်ရာ သူ့မှာကာကွယ်ရမည့်တာဝန် ရှိသည်။
“တယ်တော်တဲ့ငါပါလား"
ယွမ်ကျိုးက ဖုန်းကိုသိမ်းလိုက်ပြီး ထိုဆိုင်သို့ အပြေးသွားခဲ့သည်။ စာအုပ်ဆိုင်ကို သွားဖို့ အလွန်ကြီးမားတဲ့ရင်ပြင်တစ်ခုကို ဖြတ်သွားရသည်။ ချန်ဒူမြို့အလယ်ပိုင်းမှာ တည်ရှိတဲ့ ထိုရင်ပြင်မှာ ဖွံ့ဖြိုးတိုးတက်လှသည်။ လမ်းများသည် ကွေ့ကောက်နေပြီး ယာဉ်ကြောများသည် ပြည့်ကြပ်နေခဲ့သည်။
ယွမ်ကျိုးသည် ဤနေရာကို မကြာခဏဖြတ်သွားလေ့ရှိသောကြောင့် လမ်းများနှင့် အတော်လေးအကျွမ်းတဝင်ရှိသည်။ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်ပြီးနောက် ယွမ်ကျိုးက လမ်းလျှောက်သွားတာက ပိုမြန်လိမ့်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဘတ်စ်ကားစီးပါက လမ်းလျှောက်တာထက်ပင် ပိုနှေးနိုင်သည်။
ထို့ကြောင့် ယွမ်ကျိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရန် အကောင်းဆုံးနည်းဖြစ်သည့် လမ်းလျှောက်ခြင်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
“တီ...တီ...တီ”
သူသည် လူစည်ကားရာလမ်းကြောင်းမှရှောင်ပြီး ရင်ပြင်ကြီးရဲ့ဘေးဘက် လူသွားလမ်းမှ လျှောက်လာခဲ့သည်။ ရင်ပြင်တွင် ဘာပွဲမှန်းမသိရသည့်ပွဲတစ်ခုကို ပြင်ဆင်နေပုံပေါ်သည်။ စင်မြင့်ကို တည်ဆောက်ထားပြီး ၀န်ထမ်းများက နောက်ဆုံးအဆင့်ကို အပြီးသတ်ပြင်ဆင်နေကြသည်။
"ဟယ်လို...ဟယ်လို...ဟယ်လို"
သာမန်ထသွားထလာဂျက်ကတ်ကို ၀တ်ဆင်ထားပြီး ရုပ်ရည်သိမ်မွေ့ပုံပေါ်သည့်လူငယ်တစ်ဦး စင်မြင့်ပေါ်တွင် ရပ်နေသည်။ သူက မိုက်ခရိုဖုန်းကိုကိုင်ကာ အသံစစ်ဆေးပြီးနောက် စင်ရှေ့ပိုင်းမှာ ရပ်ကာ ပွဲစတင်ရန်ပြင်ဆင်နေသည်။ ပွဲစီစဉ်တင်ဆက်သူဖြစ်ပုံပေါ်သည်။
"ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များအားလုံး.....မင်္ဂလာနံနက်ခင်းပါခင်ဗျာ။ အခု ကျွန်တော်တို့ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်ဖုန်းအသစ်ဈေးရောင်းပွဲ ကျင်းပနေတာဖြစ်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ကျွန်တော်တို့ ကစားပွဲလေးတစ်ခုကို ကစားကြမှာ ဖြစ်ပါတယ်ဗျ။ လူတစ်ယောက်ကို ရွေးပြီးတော့ အဲ့လူက ကစားပွဲကို အဆုံးသတ်နိုင်ရင် အကောင်းဆုံးဆုလက်ဆောင်တွေကို ရရှိမှာဖြစ်ပါတယ်"
လူငယ်၏အသံမှာ ကျယ်လောင်ရှင်းလင်းနေပြီး ယဉ်ကျေးသိမ်မွေ့လှသည်။
ထိုလူငယ်၏အသံမှာ အကွာအဝေးတစ်ခုအထိ ကြားရသည်ဖြစ်ရာ ပတ်ဝန်းကျင်ရှိလူအများမှာ တဖြည်းဖြည်း စုဝေးလာကြသည်။ လူသားများသည် အတူတကွစုဝေးတတ်သည့်သဘောရှိသည်။ ဒါကြောင့် လူတွေ စုဝေးလာသရွေ့ လူကြိုက်များပါ့မလား စိုးရိမ်စရာမလိုပေ။
ပုံမှန်အချိန်များတွင် ယွမ်ကျိုးသည် သူအားလပ်နေပါက အခြားသူများနှင့် အပျော်ရှာမည်မှာ သေချာသည်။ သို့သော် အခုတော့ အချိန်ကောင်းမဟုတ်ရာ ထို့ကြောင့် သူတို့နဲ့မပူးပေါင်းနိုင်တော့ပေ။ သူသည် လူအုပ်ကိုဖြတ်ကျော်ပြီး အခြားတစ်ဖက်သို့ တည့်တည့်သာ လျှောက်သွားခဲ့သည်။
"ကဲ အခု ဘယ်သူမဆို ကံကောင်းစေတဲ့မီးအလင်းရောင်ကျတဲ့သူက စင်မြင့်ပေါ်တက်လာပြီး သီချင်းတစ်ပုဒ်ဆိုရမှာ ဖြစ်ပါတယ်။ နောက်ထပ် စမ်းသပ်မှုပြီးတဲ့အခါမှာတော့ အလွန်မြင့်မားတဲ့ဆုကို ရမှာဖြစ်ပါတယ်" လူငယ်ရဲ့နူးညံ့သိမ်မွေ့တဲ့အသံက လူတိုင်းဆီသို့ ပျံ့နှံ့သွားသည်။ အဲဒီနောက်မှာတော့ ရောင်စုံမီးဆလိုက်အလင်းတန်းတစ်ခုက ဘယ်ဘက်ကနေ ညာဘက်ကို ရွေ့လျားလာပြီး နေရာအနှံ့ကို ဖြန့်ကျက်သွားသည်။
ယွမ်ကျိုးသည် အခြားတစ်ဖက်စွန်းသို့ လမ်းလျှောက်သွားပြီး ထွက်သွားတော့မည့်အချိန်တွင် ထိုအလင်းတန်းက သူ့အပေါ်ကျလာရာ အလင်းရောင်ကြောင့် မျက်စိပင်ကျိန်းသွားသည်။
"ဆရာ၊ အဖိုးတန်အခွင့်အရေးကိုရလို့ ဝမ်းသာပါတယ်။ စင်မြင့်ပေါ်တက်လာပေးပါဗျ"
လူငယ်ရဲ့အသံက အတော်လေးစူးရှလှသည်။ ယွမ်ကျိုးက သီချင်းကောင်းကောင်းမဆိုတတ်ချေ။ သီချင်းဆိုခြင်းက ကိုင်တွယ်ရလွယ်ကူပြီး လုပ်သလောက် အကျိုးကျေးဇူးရသည့် ဟင်းခတ်ပစ္စည်းများနှင့် မတူပေ။ ဒါ့အပြင် စင်မြင့်ပေါ်တွင် ရပ်ပြီး တခြားသူတွေ အကြည့်ခံရမှာကိုလည်း သူသဘောမကျပေ။ ဒါကြောင့် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ စင်မြင့်ပေါ်သို့ လျှောက်သွားခဲ့သည်။
“တာ...တာ...တာ"
ပွဲစီစဉ်သူက မိုက်ကရိုဖုန်းကို ယူပြီး သူ့ဆီ ပြေးလာတာကို မြင်တဲ့အခါ ယွမ်ကျိုးက ထိုနေရာမှာပဲ ရပ်နေပြီး မလှုပ်ရှားတော့ပေ။
"ဆရာ၊ ခင်ဗျားဟာ ဒီနေ့ ရဲ့ပထမဆုံးကံကောင်းတဲ့သူပါ။ ကျေးဇူးပြုပြီး စင်မြင့်ပေါ်တက်လာပြီး သီချင်းတစ်ပုဒ် သီဆိုပေးပါ။ ကျွန်တော်တို့ရဲ့ဉာဏ်စမ်းမေးခွန်းကို ဖြေဆိုအောင်မြင်ပြီးတဲ့နောက်မှာ ဆုကို ယူနိုင်ပါတယ်။ ကျေးဇူးပြုပြီး၊ ဒီဘက်ကိုကြွပါ။" လူငယ်က စိတ်အားထက်သန်စွာ ပြောခဲ့သည်။ တောင့်တင်းနေတဲ့မျက်နှာနှင့် ယွမ်ကျိုးက လူငယ်ကို လေးလေးနက်နက်ကြည့် ပြီး တိတ်ဆိတ်နေလေသည်။
"ဆရာ၊ ဒီလောက်ရှားတဲ့အခွင့်အရေးကို အရယူရမှာနော်"
လူငယ်က ဆက်လက်တိုက်တွန်းနေသည်။
"ကျွန်တော် သီချင်းမဆိုတတ်ဘူး"
ယွမ်ကျိုးက ဖြေလိုက်သည်။
"အရေးမကြီးပါဘူး။ ယှဉ်ပြိုင်ခြင်းကသာအဓိကပါဗျာ။ ရလဒ်တွေက အဓိကမဟုတ်ပါဘူး။ အရေးကြီးတဲ့တစ်ခုက နောက်လာမယ့် ဉာဏ်စမ်းပါပဲ။ ကြည့်ရသလောက် ဆရာက တော်မယ့်ပုံပါ။ ဘာပြဿနာမှ မရှိနိုင်ပါဘူး"
လူငယ်၏အသံက ဆွဲဆောင်မှုအပြည့်နှင့်ဖြစ်နေသည်။ ယွမ်ကျိုးမှာ ထိုလူငယ်က သူ့ထက်မြက်မှုကို သိနိုင်လောက်အောင်မျက်လုံးစူးရှသည်ဟု ခံစားရသော်လည်း၊ သူက အမှန်တကယ်ကို သီချင်းဆိုမတော်ပေ။ ထို့ကြောင့် သူ့စကားက ယွမ်ကျိုးကို မသိမ်းသွင်းနိုင်ပေ။
"တကယ်လို့ ဆရာသာ ဉာဏ်စမ်းဖြေနိုင်ရင် ကျွန်တော်တို့ကုမ္ပဏီက ပေးတဲ့ဆုကြီးကိုအခမဲ့ရနိုင်ပါတယ်"
လူငယ်က ပြောလိုက်သည်။
"ကျွန်တော်က တကယ်ကို သီချင်းဆိုမတော်ပါဘူး"
ယွမ်ကျိုးက ငြင်းနေဆဲပင်။
"အရေးမကြီးပါဘူး။ ဆရာ၊ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုတာနဲ့ ဆုရပြီနော်။ အထဲမှာ ကျွန်တော်တို့ကုမ္ပဏီရဲ့နောက်ဆုံးပေါ်
ဆဲလ်ဖုန်းပါပါတယ်။ ကြည့်ပါ။ ဒါက နမူနာပါ"
နောက်ဆုံးတွင် ထိုလူငယ်သည် အစွမ်းထက်ဆုံးလက်နက်ကို အသုံးပြုခဲ့သည်။ ယွမ်ကျိုးက တင့်တယ်လှပတဲ့ဒီဇိုင်းအသွင်အပြင်နဲ့ ဖုန်းကို တစ်ချက်ကြည့်မိသည်။ ထိပ်တန်းအဆင့်ရှိပုံပေါ်ပြီး တကယ်ကို တောက်ပနေသည်။
"ကျွန်တော်နဲ့ အတိအကျကိုက်ညီတဲ့ သီချင်းတစ်ပုဒ်ကို ရုတ်တရက် ပြန်အမှတ်ရပြီ။ ဒါက လက်ရှိအနေအထားနဲ့ အကောင်းဆုံးကိုက်ညီတယ်လို့ ကျွန်တော်ထင်ပါတယ်" အဲဒီနောက် ယွမ်ကျိုးက လူငယ်ရဲ့ဘာမှန်းမသိဖြစ်နေတဲ့မျက်နှာကို လျစ်လျူရှုပြီး မိုက်ကရိုဖုန်းကို ကိုင်ပြီး စင်မြင့်ပေါ်ကို လှပစွာလျှောက်သွားသည်။
"အဟမ်း...အဟမ်း"
ယွမ်ကျိုးက စင်ပေါ်ကနေ ချောင်းဟန့်ပြီး အောက်က လူတွေကို ဝေ့ဝဲကြည့်လိုက်သည်။ စင်ပေါ်တက်ရမှာ ကြောက်ခြင်း လုံးဝမရှိပေ။ သူက ကုမ္ပဏီတစ်ခုရဲ့မရှိမဖြစ်ကျွမ်းကျင်အလုပ်သမားကိုရော၊ နာမည်ကြီးပန်းချီဆရာ၊ ဒုတိယမျိုးဆက် လူချမ်းသာသူဌေးလေးနှင့် ချစ်စဖွယ်မင်းသမီးလေးတွေတောင် ငြင်းပယ်ခဲ့သေးရာ အခု သူ့ရှေ့မှာရှိနေတဲ့ အဲဒီလူတွေ အကုန်လုံးကိုတောင် ထပ်ငြင်းပယ်နေဦးမည်ပင်။ ဒါက ငြင်းပယ်ခြင်းဘုရားရဲ့အရှိန်အဝါပဲ။
ယွမ်ကျိုးက ဤမျှသြဇာလွှမ်းမိုးသောရောင်ဝါဖြင့် စကားပြောနေသည်ကို မြင်တွေ့ရသောအခါ ပွဲစီစဉ်သူမှာ အတော်လေးမျှော်လင့်လာသည်။ သို့သော် ယွမ်ကျိုး ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ...
"ပြိုင်ဘက်ကင်းသူဖြစ်ရတာ တကယ့်ကို အထီးကျန်လိုက်တာ။ ပြိုင်ဘက်မရှိတော့ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလိုက်လဲ။ လေဆန်မှာ တစ်ယောက်တည်း ရပ်နေတယ်"
သူ၏မျက်နှာပေါ်တွင် အလေးအနက်ထားသောမျက်နှာဖြင့် ယွမ်ကျိုးသည် တင်းမာသောမျက်နှာကို ထိန်းထားပြီး သီချင်းဆိုခဲ့သည်။ စာသားများသည် တက်ကြွလှုပ်ရှားပြီး အားစိုက်ထားသလို ဖြစ်ခဲ့သည်။ ယွမ်ကျိုးရဲ့လေးနက်တည်ကြည်သောမျက်နှာနှင့်အတူ ခိုင်မာသောကိုယ်ခန္ဓာလှုပ်ရှားမှုမြင်ကွင်းသည် လူတို့အတွက် တိုက်ရိုက်ကြည့်ရန် အလွန်ကောင်းမွန်လှပေသည်။
သီချင်း၏အထွဋ်အထိပ်အပိုင်းသို့ ရောက်သွားသောအခါ လူငယ်သည် လက်ထဲရှိ ဆဲလ်ဖုန်းကို တင်းတင်းဆုပ်ကိုင်ခဲ့ပြီး စင်မြင့်ပေါ်တက်သွားပြီးနောက် ယွမ်ကျိုး၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူက မိုက်ကရိုဖုန်းကို ယူလိုက်ပြီး "ဆရာ၊ ဒါက ခင်ဗျားရဲ့ဆုပါ။ ဂုဏ်ယူပါတယ်ဗျာ"
ယွမ်ကျိုးက သူ့လက်ထဲရှိ ဆဲလ်ဖုန်းကို ကိုင်မိစဉ် နည်းနည်းအံ့သြသွားသည်။ ခေတ်ကြီးဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ထင်ခဲ့မိသည်။ ဒါပေမဲ့ အခု သူဆုရသွားပြီဆိုတော့ တိုးတက်လာတာ ကောင်းပေသည်။ ဘာမှမလုပ်ရသေးခင်မှာပင် ဆုပေးလိုက်သည်ဖြစ်ရာ သူ့ရဲ့လှပသောသီချင်းဆိုဟန်ကြောင့်သာ သေချာပေါက်ဖြစ်ရပေမည်။
"နောက်ထပ်ဉာဏ်စမ်းမေးခွန်းမရှိတော့ဘူးလား"
ယွမ်ကျိုးသည် စည်းမျဉ်းများကို လိုက်နာသူတစ်ဦးဖြစ်သည်။
" ဒါက အရေးမကြီးပါဘူး။ ဆရာဆုရသွားပြီဆိုတော့ အဆင်ပြေပါတယ်"
လူငယ်သည် ပြုံးလျက်ရှိသည်။ အခြားပရိသတ်များ ကန့်ကွက်မည်ကို စိုးရိမ်သောကြောင့် ယွမ်ကျိုးသည် တစ်စုံတစ်ရာကို ရှင်းပြရန် ရည်ရွယ်ခဲ့သည်။ သို့သော် သူငုံ့ကြည့်လိုက်သောအခါ ယခင်ရှိခဲ့သောလူအုပ်ကြီးမှာ ထွက်သွားကြပြီဖြစ်ပြီး ထိုနေရာတွင် ကြောင်အနည်းငယ်သာ ကျန်နေခဲ့သည်ကို တွေ့လိုက်ရသည်။
ပုခုံးတွန့်လိုက်ပြီးနောက် လူအတော်များများဟာ စာသားထဲက နက်နဲတဲ့အဓိပ္ပာယ်ကို နားလည်ပြီး အိမ်ပြန်သွားပြီလို့ ယွမ်ကျိုး ခံစားလိုက်ရသည်။ တကယ် အံဩစရာကောင်းလိုက်တာ။
စင်မြင့်ပေါ်မှ လူအုပ်ကို ကြည့်ပြီးနောက် ပွဲစီစဉ်သူမှာ တကယ်ငိုချင်သွားသည်။ လူအများကြီး စုဝေးလာဖို့ သူဘယ်လောက် ကြိုးစား အားထုတ်ခဲ့ရလဲ။ အချိန်သိပ်မစောတော့ရာ ယွမ်ကျိုးက စာအုပ်ဆိုင်သို့ အလျင်အမြန်သွားပြီး ခဏလောက်ရှာလိုက်ရသည်။ နောက်ဆုံးတွင် အညွှန်းစာအုပ်၌ ဖော်ပြထားသော စာအုပ်နှစ်အုပ်ကို သူတွေ့ရှိခဲ့သည်။ ပိုပြီးကံကောင်းသည်က စာအုပ်နှစ်အုပ်စလုံးမှာ ၁% ဈေးလျှော့ချထားတာခြင်းပင်။ ၎င်းသည် အမှန်တကယ် ကံကောင်းသော အချိန်တစ်ခု ဖြစ်ခဲ့သည်။
သူလုပ်ရမယ့်အလုပ် ပြီးသွားတဲ့အခါ နေ့လည်စာစားချိန်ရောက်ပြီ ဖြစ်သည်။ တံခါးအပြင်ဘက်ရှိ လူတန်းအရှည်ကြီးကို ကြည့်လိုက်ရာ ယွမ်ကျိုးမှာ တော်သေးတာပေါ့ဟု ခံစားခဲ့ရသည်။ ကံကောင်းစွာနဲ့ အချိန်မီသူပြန်ရောက်လာခဲ့ပြီလေ။
...
ယွမ်ကျိုး အပိုင်း(၃၃၈)
ပြီးပါပြီ။