အခန်း (၃၃၉-၃၄၀)
Vol. 24 Ch. 339-340
ယွမ်ကျိုး အပိုင်း(၃၃၉)
အနောက်တိုင်းစားသောက်ဆိုင်(ပြိုင်ဖက်ကင်းလက်ရာ)တွင်
"ကျေးဇူးပြုပြီး၊ ခဏစောင့်ပေးကြပါ။ ဟင်းပွဲတွေကို အခုချက်ချင်း ချပေးမှာပါရှင့်။ အဆာပြေသစ်သီးတချို့ကို သုံးဆောင်ပါဦးနော်"ဟု စားပွဲထိုးမလေးက ဖော်ရွေစွာဖြင့် ပြောသည်။
"ကျေးဇူးပြုပြီး၊ ကျွန်တော်တို့ကို ဂျာဗားပန်းသီးချပေးပါ"
စုမူသည် ပန်းကန်ပေါ်ရှိ သစ်သီးများကို တကယ်မကြိုက်ပေ။
"ကောင်းပြီ။ အစ်မရော ဘာလိုသေးလဲရှင့်"
ခေါင်းညိတ်ပြီးနောက် စားပွဲထိုးမလေးက ဘေးမှာရှိတဲ့မိန်းကလေးကို လှည့်မေးလိုက်သည်။
"ဖရဲသီးဖျော်ရည် တစ်ခွက်လောက်ပေးပါ"
ယွမ်ကျိုး၏စားသောက်ဆိုင်မှ ဖရဲသီးဖျော်ရည်ကို ပြန်အမှတ်ရပြီးနောက် စုယွဲ့ရှန်းသည် ရုတ်တရက် စိတ်ကူးရလာပြီး ပြန်ဖြေခဲ့သည်။
"ကောင်းပါပြီ။ ကျေးဇူးပြုပြီး၊ ခဏလောက်စောင့်ပေးပါ"
စားပွဲထိုးက ခေါင်းညိတ်ကာ ပြန်ဖြေပြီးနောက် သူ့ဘေးမှာရှိတဲ့ အစားအသောက်သယ်ပေးသူကို အသိပေးလိုက်သည်။
"ဖရဲသီးဖျော်ရည်သောက်တာထက် ဖရဲသီးကိုပဲ စားလိုက်သင့်တာ"ဟု ဆိုပြီး စုမူက ရှည်လျားတဲ့ကောင်တာပေါ်မှာ တင်ထားတဲ့အသီးတွေကို လက်ညှိုးထိုးပြပြီး ပြောသည်။
"လတ်လတ်ဆတ်ဆတ်ညှစ်မယ့်ပုံပါပဲ။ မဟုတ်ဘူးလား"
စုယွဲ့ရှန်း နည်းနည်းရှုပ်ထွေးသွားသည်။
"သေချာပေါက် လတ်လတ်ဆတ်ဆတ် ညှစ်တာပေါ့။ ဒါပေမဲ့ သူတို့က အရည်ညှစ်ဖို့ ဘယ်အစိတ်အပိုင်းကို သုံးလည်းဆိုတာတော့ မသေချာဘူး"
စုမူက ဖရဲသီးအတွင်းပိုင်းအသားကို အသုံးပြုပြီး ဖျော်ရည်ပြုလုပ်လိမ့်မည်ဟု မယုံကြည်ပေ။
ဤနိုင်ငံတွင် ရောဂါရင့်နေသော OCDဝေဒနာရှင်ယွမ်ကျိုးမှ လွဲ၍ မည်သူမှ ထိုသို့ပြုလုပ်မည်မဟုတ်ပါ။ စုမူ၏အတွေးမှာ အမှန်ပင်မှားလေသည်။ လေလံတင်ရာတွင် ယွမ်ထောင်နှင့် ချီကုန်ကျခဲ့သော ဖရဲသီး၏ အတွင်းပိုင်းအသားမှ ဖျော်ရည်ပြုလုပ်ခြင်းသည် ပြည်ပနိုင်ငံများတွင်လည်း မရှိခဲ့ပေ။
ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် စကားပင် မပြောနိုင်တော့ချေ။
"ရုတ်တရက်ကြီး ဖရဲသီးဖျော်ရည်သောက်ချင်လာတာကိုး"
စုယွဲ့ရှန်းက အမှန်အတိုင်းဝန်ခံလိုက်လေသည်။
"အဲ့ဒါတော့ မင်းသဘောပဲလေ။ ဒီအစ်ကိုက အကောင်းနဲ့ သတိပေးတာ"
စုမူက သူ့မျက်နှာကိုပွတ်ကာ ဆိုလိုက်သည်။
"အစ်ကို၊ ဒီမှာရှိတဲ့ဟင်းပွဲတွေက အရသာရှိမယ်လို့ထင်လား"
စုယွဲ့ရှန်းက ရုတ်တရက် မေးလိုက်သည်။
"ဟင့်အင်း။ မကောင်းလောက်ဘူး"
စုမူက အခိုင်အမာပြန်ဖြေလိုက်သည်။
"အဲ့ဒါဆို အစ်ကို ဘာလို့ ဒီဆိုင်လာနေသေးလဲ"
စုယွဲ့ရှန်းက အံ့သြသွားပြီး သူမရဲ့အစ်ကိုကို ကြည့်လိုက်သည်။
"အဲ့ဒါဆို ငါတို့ ပြန်ပြီး တန်းသွားစီကြမလား"
စုမူက တန်းစီနေတာကို လှမ်းကြည့်ပြီး အကြံပေးလိုက်သည်။
"ထားလိုက်ပါတော့။ အခု သွားမယ်ဆိုရင် ဘယ်အချိန်မှာ အလှည့်ရောက်မယ် ထင်လဲ" စုယွဲ့ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး လူတန်းရှည်ကြီးကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။
"အဲ့ဒါပြောတာပေါ့"
စုမူက ပုခုံးတွန့်လိုက်သည်။
"အင်း"
စုယွဲ့ရှန်းက ဖြေပြီးနောက် သတိလက်လွတ်ငေးနေသည်။
"မင်း ဘာလို့ စန်းမြောင်ကို မင်းနဲ့အတူ ခေါ်မလာတာလဲ"
သူ့ညီမ ဟိုဟိုဒီဒီငေးနေတာမြင်တဲ့အခါ စုမူက ကြားဖြတ်နှောင့်ယှက်လိုက်သည်။
"ဒီနေ့ သူ နေမကောင်းဘူးလေ။ အဲ့ဒါနဲ့ တိရစ္ဆာန်ဆေးရုံကို ခေါ်သွားတာ အဲ့မှာတခြားကြောင်တစ်ကောင်နဲ့ တွေ့ပြီး ကစားလိုက်တာ မရပ်တော့ဘူး။ ပြီးမှ သူမကို ပြန်သွားခေါ်ရမှာ"
ကြောင်ကလေးစန်းမြောင်အကြောင်းပြောတဲ့အခါမျိုးမှာသာ စုယွဲ့ရှန်းက စကားများများပြောလေ့ရှိသည်။
"ကြောင်အထီးနဲ့လား"
စုမူက နည်းနည်းအံ့သြသွားသည်။ စုယွဲ့ရှန်း မွေးထားတဲ့ကြောင်က Chausieမျိုးရင်းကြောင်ဖြစ်ပြီး မျက်လုံးအရောင်တစ်ဖက်နှင့် တစ်ဖက်မတူဘဲ တွေ့ရခဲသည်။
ယေဘုယျအားဖြင့် ကြောင်ဖြူတွေမှာပဲ အရောင်မတူတဲ့ မျက်လုံးနှစ်လုံးရှိသည်။ ဒါပေမဲ့ စုယွဲ့ရှန်းက အနက်ရောင်မျက်လုံးရှိတဲ့ကြောင်ကိုပဲ လိုချင်ကြောင်း ခေါင်းမာမာနှင့် တောင်းဆိုခဲ့သည်။ သူမ အချိန်တော်တော်ကြာရှာပြီးတဲ့နောက်မှာ ဒီကြောင်ကို တွေ့ခဲ့လေသည်။ ထိုကြောင်လေးမှာအလွန်ချွဲပြီး မာနလည်းကြီးသေးသည်။ စုယွဲ့ရှန်းမှလွဲ၍ အခြားမည်သူမှ အထိမခံချေ။
စုမူရဲ့ချောမောတဲ့မျက်နှာတောင် ကြောင်ရဲ့လက်သည်းတွေကြောင့် ပျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။ ထိုအချိန်မှစ၍ စုမူသည် စန်းမြောင်ဟုခေါ်သောကြောင်ကို မကြိုက်တော့ချေ။
"မဟုတ်ပါဘူး။ စန်းမြောင်က အေးအေးဆေးဆေးနေတတ်တဲ့ ကြောင်ဖြူမလေးကို သဘောကျတယ်"
စုယွဲ့ရှန်းက ကြောင်ရဲ့ဝါသနာတွေအကြောင်းကို မိသားစုရဲ့အဖိုးတန်ပစ္စည်းတွေကို စာရင်းတွက်နေသလို ပြောပြတတ်သည်။
"ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ်"
စုမူက အဲဒီကြောင်ကို သိပ်ဂရုမစိုက်ပါ။
"လူကြီးမင်းတို့နှစ်ယောက် မှာထားတဲ့ ဟင်းလျာတွေပါ။ ဖြည်းဖြည်းသုံးဆောင်ပါရှင့်"
သူတို့ဆွေးနွေးနေတုန်း စားပွဲထိုးက ပန်းကန်တွေကို သယ်လာသည်။
"ကျေးဇူးတင်ပါတယ်"
နှစ်ဦးစလုံးက စားပွဲထိုးကို ကျေးဇူးတင်ကြောင်း ယဉ်ကျေးကျေးပြန်ပြောခဲ့သည်။
"လှလိုက်တဲ့ပုံစံ"
စုမူက အလှဆင်ထားတဲ့ပွင့်ဖတ်တွေကို တို့လိုက်သည်။ မှန်ပေသည်။ လီလီက ဂျပန်မုန်လာဥဖြူကို ပါးပါးလှီးပြီး ရေပွက်ပွက်ဆူထဲမှာ နှစ်လိုက်သည်။ မုန်လာဥဖတ်များ အကြည်ရောင်ပြောင်းသွားပြီးနောက် ပန်းကန်ပြားပေါ်တင်ပြီး အလှဆင်ရန် ပန်းပွင့်ပုံသဏ္ဌာန်အဖြစ် ပြုလုပ်ခဲ့သည်။
အသားလုံးတွေရဲ့အတွင်းမှာ ဟင်းအနှစ်ရည်ပျစ်ပျစ်ကို ထည့်ထားသည်။
ပန်းကန်ပြားအလယ်တွင် အာလူးထောင်းတွေရှိပြီး တစ်ဖက်မှာတော့ အနက်ရောင်ဘယ်ရီသီးဆော့စ် ပါရှိလေသည်။
“ချိ ကျွီ"
တူတွေက ပန်းကန်ကိုထိပြီး အသံထွက်လာသည်။ စုမူက သူ့ပန်းကန်ထဲတွင် တစ်ခုခုကို ရှာနေခြင်း ဖြစ်သည်။
"ဘာဖြစ်တာလဲ အစ်ကို"
စုယွဲ့ရှန်းက သိလိုစိတ်ဖြင့် မေးခဲ့သည်။
"ဟင်းပွဲထဲမှာ ဘာဖြစ်လို့ အသစ်အဆန်းထည့်ထားတာမျိုး မရှိတာလဲ။ အခုတော့ ငါဘာမှမမျှော်လင့်တော့ပါဘူး"
စုမူသည် ပန်းကန်ပတ်ပတ်လည်ကို စစ်ဆေးခဲ့ရာ သံသယဖြစ်ဖွယ်နေရာချထားမှု တစ်စုံတစ်ရာကို မတွေ့ရာ ဝမ်းနည်းပက်လက်နှင့် ပြောလေသည်။
"အစ်ကို၊ ညီမတို့က သူဌေးယွမ်ရဲ့ စားသောက်ဆိုင်မှာမှ မဟုတ်တာ"
စုယွဲ့ရှန်းလည်း ပြောစရာမရှိတော့ချေ။
"အစကတည်းက ဒီလိုမှန်းသိခဲ့ရင် ဒီဟင်းပွဲကိုမှာဖြစ်မှာ မဟုတ်ဘူး"ဟု စုမူက စိတ်မပါလက်မပါပြောသည်။
"ဒီအတိုင်း စားကြတာပေါ့။ ညီမတို့ ခဏနေပြန်သွားရမှာ"
စုယွဲ့ရှန်းက တစ်ခါတစ်ရံတွင် ကလေးဆန်တတ်သော ဤအစ်ကိုနှင့် ဟာသလုပ်ချင်စိတ်တွေ ကုန်ဆုံးသွားပြီဖြစ်သည်။
“ကျစ်"
စုမူ၏အသံထဲတွင် သဘောမကျမှုကအထင်းသားဖြစ်နေသည်။ စုယွဲ့ရှန်း အရင်စစားတာမြင်မှ သူလည်း စားဖို့ပြင်လိုက်သည်။ စုမူမှာ အရင်က အသားနှင့် ခရမ်စ်ဘယ်ရီသီးဆော့စ်ကို တွဲဖက်၍ စားသုံးရသည်ကို အလွန်နှစ်သက်ခဲ့သည်။ အမှန်ဆိုရလျှင် အချိုနှင့် အချဉ်သည် လိုက်ဖက်လွန်းသည်။ အသားလုံးကို ဆော့စ်ထဲနှစ်ပြီးနောက်မှာတော့ စုမူက ကြည့်နေရင်းပင် စားချင်စိတ်မရှိတော့ချေ။
"ဒါက ဘာလဲ"
တူနှစ်ချောင်းနဲ့ညှပ်ထားတဲ့ အသားလုံးတွေကို စိုက်ကြည့်ရင်း စုမူက စားဖို့ခက်နေသည်။
"အစ်ကို ဘာဖြစ်နေတာလဲ"
စုမူ အချိန်အတော်ကြာ မစားဘဲနေသည်ကို မြင်ရသောအခါ စုယွဲ့ရှန်းက စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။
"အရသာရှိတယ်လို့ ထင်လား"
စုမူက သူ့ရဲ့အသားလုံးကို သူ့ညီမရဲ့အသားလုံးနှင့် နှိုင်းယှဉ်ပြီး သေသေချာချာ မေးလိုက်သည်။
"သိပ်မဆိုးပါဘူး။ ဒါက ခြင်္သေ့ဦးခေါင်း (တရုတ်အသားလုံးပေါင်းဟင်း)ကိုမှ ခရင်မ်များများထည့်ထားတဲ့ပုံစံနဲ့ တူတယ်"
စုယွဲ့ရှန်းက ဆော့စ်ကို မကြိုက်ပေ။ သူမသည် အမြဲလိုလို အသားလုံးကိုသာ စားလေ့ရှိသည်။
"ခြင်္သေ့ဦးခေါင်းဟင်းလား။ ဒါဆို သိပ်တော့မဆိုးပါဘူး"
ထို့နောက် စုမူ စိတ်သက်သာရာရသွားသည်။
ဆွီဒင်အသားလုံးစစ်စစ်လို ကောင်းမွန်သော အစားအစာတစ်ခုကို ထိုခြင်္သေ့ဦးခေါင်းဟင်းအဖြစ် အံ့ဩဖွယ်ဖော်ပြခဲ့ကြသည်။ အဲဒါကို လီလီသာ သိသွားရင် ဘယ်လိုထင်မလဲ။ အဲ့ဒါကို သူသိသွားမယ်ဆိုရင် အကြီးအကျယ် စိတ်ဓာတ်ကျသွားမှာပင်။
"ဘာလို့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာလဲ။ မြန်မြန်စားလိုက်လေ"
စုယွဲ့ရှန်းက ပြုံးကာ ပြောသည်။ သူမမှာ သူမအစ်ကိုနှင့်တူသည့် လှပသောမျက်လုံးတစ်စုံရှိလေသည်။
"ငါ အမဲသားကင်ပဲ စားတာကောင်းမယ်လို့ထင်တယ်"
စုမူက အသားလုံးကို ပန်းကန်ပေါ် ပြန်ချလိုက်ပြီး ရုတ်တရက် အလေးအနက်ကြီးပြောလိုက်သည်။
"မရယ်နဲ့ဟာ။ ငါ တကယ်မစားချင်ဘူး။ မင်းဘာသာပဲ အရသာကို မြည်းကြည့်တော့"
စုမူက စုယွဲ့ရှန်းသည် သူ့ကို လှောင်ပြောင်နေကြောင်း သတိပြုမိသွားပြီဖြစ်သည်။ သူက သူ့ညီမနှင့် အတော်လေးရင်းနှီးသည်။
"ညီမလေးတော့ ဒီလိုစားရတာကို ကြိုက်တယ်"
စုယွဲ့ရှန်း က လှောင်ပြီးနောက် ခပ်တည်တည်ပြောလိုက်သည်။
"သူဌေးယွမ်ရဲ့OCDရောဂါကို ငါ သတိရသွားပြီ။ သူဌေးယွမ်ကသာ စားသုံးသူတွေကို ထောက်ထားစာနာပေးနိုင်တယ်လို့ ငါယုံကြည်တယ်။ သူက လူကောင်းတစ်ယောက်ပါ "
စုမူက ရုတ်တရက် ပြောလိုက်သည်။
"တကယ်ပဲ"
စုမူမစားဘဲပစ်ထားတဲ့ အသားလုံးကို ကြည့်ရင်း စုယွဲ့ရှန်းက နက်ရှိုင်းတဲ့ခံစားချက်နဲ့ ပြောလိုက်သည်။
"သူဌေးယွမ်ရဲ့ဂရုစိုက်မှုနဲ့ အတွေးတွေကို အခုချိန်ထိ နားမလည်ခဲ့ဘူး"
စုမူက သူ့ခေါင်းကို လက်တစ်ဖက်နဲ့ထောက်ပြီး ဘေးဘက်ကိုစောင်းလိုက်သည်။
"ညီမသာ အစ်ကို့နေရာမှာဆိုရင်လည်း မစားဖြစ်လောက်ဘူး"
စုယွဲ့ရှန်းက ခရင်မ်ဘယ်ရီဆော့စ်နဲ့ ဖုံးလွှမ်းနေတဲ့ အသားလုံးကို ကြည့်ပြီး ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။ သူတို့နှစ်ယောက်က ယွမ်ကျိုးကို ချီးမွမ်းတာနဲ့ပတ်သက်ပြီး နားလည်ရခက်တဲ့စကားတွေ ပြောနေသလိုပင် ထင်ရသည်။ တကယ်တော့ ဒီကိစ္စကို နားလည်ရလွယ်ပါသည်။
မူလက ယွမ်ကျိုး ပြင်ဆင်ထားသည့် ဆွီဒင်အသားလုံးဟာ မှော်ပညာလိုမျိုး တောက်ပလင်းလက်သည့်ပစ္စည်းတစ်ခုကဲ့သို့ စုမူခံစားခဲ့ရသည်။ အမှန်တကယ်တွင် အရသာက ထိပ်တန်းအဆင့်ဖြစ်နေဆဲ ဖြစ်သည်။ အဲဒါကို အသားချည်းပဲစားစား ဒါမှမဟုတ် သစ်သီးဆော့စ်နဲ့ပဲစားစား အသားလုံးမှာ အမြဲတမ်းအတွက် အကောင်းဆုံးစားကောင်းသောက်ဖွယ် ဖြစ်ပေသည်။
ဒါပေမယ့် ထောက်ပြရမယ့် အချက်တစ်ချက်တော့ ရှိနေလေသည်။ ဆော့စ်ကို သူ မကြိုက်ဘူးဆိုရင်တောင် ကျန်နေတဲ့ဆော့စ်တွေက လုံးဝအလဟဿဖြစ်သွားမှာ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် လူအချို့က ဆော့စ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတောင် မသိကြပေ။ ယနေ့ အသားလုံးများ၏ ကွာခြားချက်မှာ ဆော့စ်အရည်ပင်ဖြစ်သည်။ ခရင်မ်ဘယ်ရီဆော့စ်နဲ့ ဆွီဒင်အသားလုံးတွေက ပုံမှန်တွဲစပ်မှုပင်ဖြစ်သည်။ လူတွေက အသားလုံးတွေကို ဆော့စ်ထဲမှာ နှစ်ပြီး စားလေ့ရှိကြသည်။ အသားလုံးမျက်နှာပြင်ပေါ်မှာ အဆီပူပူတစ်လွှာရှိနေပြီး ချယ်ရီသီးအနီရောင်နှင့် တွဲဖက်လိုက်တဲ့အခါ ကြည့်ရဆိုးပြီး လူတွေရဲ့စားချင်စိတ်ကို ဆုံးရှုံးသွားစေသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယွမ်ကျိုးကမူ ဆော့စ်အရည်ကို အသားလုံးအား ပတ်ထားသည့်အလွှာပါးကဲ့သို့ ပြုလုပ်ထားသည်။ ထိုသို့လုပ်ထားသည်မှာ ဆွဲဆောင်မှုရှိပြီး လှပသည့်အပြင် လူအများ၏အစာစားချင်စိတ်ကို အကြီးအကျယ်နှိုးဆွပေးတော့သည်။
”သူဌေးယွမ်ရဲ့အသားလုံးကို မစားဖူးဘူးဆိုရင် တစ်ခုခုလိုနေသလို ခံစားရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကပ်စေး၊ ကပ်စေးနဲ့ အနီရောင်ကြီးက ငါ့ကိုမျိုချရခက်စေတာ"
စုမူက အလွန်အမင်းချဲ့ကားပြောဆိုနေသည်။
“ဒါက တကယ် သည်းခံရခက်တယ်"
စုယွဲ့ရှန်းက ခေါင်းညိတ်လိုက်သည်။
"ဒီစားဖိုမှူးက သူ့ရဲ့စားသုံးသူတွေကို လုံးဝ ထောက်ထားစာနာမှု မရှိဘူး"
စုမူက တို့ရုံလေးတို့ထားတဲ့အသားလုံးကို ကြည့်ပြီး မကျေမနပ်ပြောလိုက်သည်။
"ဒါနဲ့ ပတ်သက်ပြီး သူတို့ကို မေးကြည့်လို့ရမယ်ထင်တယ် အစ်ကို"
စုယွဲ့ရှန်းက အကြံပေးလေသည်။
"အင်းနော်။ ဘာလို့မရရမှာလဲ"
စုမူက ခေါင်းညိတ်ကာ စားပွဲထိုးမလေးကို ခေါ်လိုက်သည်။
"မင်းတို့ဆီမှာ အသားလုံးအပေါ်ကနေ ခပ်ပါးပါးသုတ်စားရတဲ့ ဆော့စ်ရှိလား"
စုမူက စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"စိတ်မရှိပါနဲ့ရှင်။ ကျွန်မတို့ဆီမှာ အဲ့လိုမျိုးဆော့စ် မရှိပါဘူး"
စားပွဲထိုးမလေးက နည်းနည်းအံ့သြသွားသည်။ ခပ်ပါးပါးသုတ်စားရတဲ့ဆော့စ်ဟူသည်မှာ အဘယ်နည်း။ သူမ လုံးဝနားမလည်ခဲ့သော်လည်း တာဝန်အရ ပြန်ဖြေ ပေးလိုက်သည်။ သူမက ဤချောမောသောအမျိုးသားမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေသည်ဟု ယူဆသွားသလား မသိနိုင်ပေ။
အရောင်၊ အမွှေးရနံ့နှင့် အရသာတို့အနက် အခြေခံအကျဆုံးဖြစ်သည့် အရောင်ပင်လျှင် ယွမ်ကျိုးချက်သော အသားလုံးလောက် မကောင်းပေ။ ဤရှုထောင့်မှကြည့်လျှင် လီလီမှာ ရှုံးနိမ့်သွားလေပြီ။
ယွမ်ကျိုး အပိုင်း(၃၃၉)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၃၄၀)
“မင်းတို့ဆီမှာ မရှိတာ သေချာလား။ အဲဒါက အသားလုံးနဲ့ တွဲစားဖို့ မရှိမဖြစ်ပါဝင်ပစ္စည်းတစ်ခုပဲလေ"
စုမူက စားပွဲပေါ်က အသားလုံးကို လက်ညှိုးထိုးပြလိုက်သည်။
"လူကြီးမင်းရဲ့ဆော့စ်က ဒီဟာပဲမဟုတ်လား။ လူကြီးမင်းက တခြားအရသာလိုချင်လို့လား။ ဒါမှမဟုတ်....."
စားပွဲထိုးမလေးက သူဘာကိုဆိုလိုတယ်ဆိုတာ နားမလည်တဲ့အတွက် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"မဟုတ်ပါဘူး။ ခရင်မ်ဘယ်ရီဆော့စ်နဲ့ တွဲစားတာကတော့ ဟုတ်ပါပြီ။ ကျွန်တော် လိုချင်တာက အသားလုံးကို အချဉ်ရည်ထဲနှစ်လိုက်တဲ့အခါ အလွှာပါးပါးလေးပတ်ထားသလိုမျိုး ဖြစ်သွားတဲ့ဆော့စ်ကို ပြောတာလေ"
စုမူက ထပ်ပြီး ရှင်းပြလိုက််သည်။
"တောင်းပန်ပါတယ် လူကြီးမင်း။ အခု လူကြီးမင်းလိုချင်တာက ကျွန်မတို့ဆိုင်မှာမရှိပါဘူး။ ဒါပေမဲ့ လူကြီးမင်းရဲ့ ထင်မြင်ချက်ကို ချရေးပြီးတော့ စီမံခန့်ခွဲရေးအဖွဲ့ကို အစီရင်ခံပေးနိုင်ပါတယ်ရှင့်။ နောက်တစ်ကြိမ် လူကြီးမင်းပြန်လာစားတဲ့အခါ ကျွန်မတို့မှာ ရှိလာနိုင်ပါတယ် "
စားပွဲထိုးမလေးက ပြုံးပြရင်း အကြံပြုချက်စာရွက်ကိုထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ခဏလောက် တွန့်ဆုတ်နေပြီး စုမူက အသားလုံးကို ကြည့်ကာ အကြံပြုချက်စာရွက်ကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူက ဘောပင်ကိုယူပြီး စာကြောင်းအနည်းငယ်ကို ရေးချလိုက်သည်။
လီလီမှာ တစ်ညလုံးမအိပ်ခဲ့ရသော်လည်း ယုံကြည်မှုအပြည့်ဖြင့် မီးဖိုချောင်တွင် အလုပ်လုပ်နေဆဲဖြစ်သည်။ သူ့ရဲ့ပိုမိုကောင်းမွန်လာပြီဖြစ်တဲ့ ဆွီဒင်အသားလုံးအကြောင်းကို စဉ်းစားကြည့်လိုက်ရင်း သူအတော်လေး ကျေနပ်မိသည်။
ယွမ်ကျိုးကတော့ တစ်ယောက်ယောက်က သူ့ကို အနိုင်ယူနိုင်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေတာကိုမသိခဲ့ပေ။ သူက လောလောဆယ်တွင် ခေါင်းနည်းနည်းကိုက်နေသလိုပင် ခံစားနေရသည်။
အကြောင်းရင်းကတော့ သူ့ရှေ့မှာရှိတဲ့ ချစ်စရာကောင်းသော မိန်းကလေးနှစ်ယောက်ကြောင့်ပင်ဖြစ်သည်။ သင်္ဘောသား၀တ်စုံပုံစံ၊ ရှပ်အင်္ကျီအဖြူနှင့် အတွန့်တွန့်လေးများပါသောစကတ်ကို ဝတ်ဆင်ရသည်ကို နှစ်သက်ပုံရသော ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စီးထားသည့် မိန်းကလေးက ဝက်ဝံလေးဒူဒူးကဲ့သို့ ဝတ်စားကာ သူနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကတည်းက ယွမ်ကျိုး၏စားသောက်ဆိုင်သည် 2D Animationကို နှစ်သက်သူများ အသိုင်းအဝိုင်းတွင် ကျော်ကြားခဲ့သည်။
(Du Duဆိုတာ တရုတ်ကာတွန်းပညာရှင်ဟွမ်ရှောင်ရဲ့ဘူဘူးနဲ့ ဒူဒူး (Bu Bu and Du Du) အဖြူနဲ့ အညိုဝက်ဝံလေးနှစ်ကောင်ပါတဲ့ ကာတွန်းကားထဲက အဖြူရောင်ဝက်ဝံလေးပါ)
ဆံပင်မြှောက်စီးထားတဲ့မိန်းကလေးကဲ့သို့ပင် 2D Animationကို နှစ်သက်သော ငယ်ရွယ်နုပျိုသည့်မိန်းကလေးများစွာ ရှိလေသည်။ အကြိမ်တိုင်းလိုလိုပင် သူတို့က ငြိမ်ငြိမ်သက်သက်လေးတန်းစီပြီး ဘာတစ်ခုမှ မှာမစားဘဲ ထူးဆန်းတဲ့မေးခွန်းတွေ မေးကြသည်။
အရွယ်ရောက်ပြီးသားလူကြီး အနည်းငယ်လည်း ရှိပေသည်။ ဘာပဲဖြစ်ဖြစ် သိုင်းလောကသည် ယောက်ျားတစ်ဦးအတွက် ချစ်မြတ်နိုးရာဖြစ်သကဲ့သို့ပင် ရုပ်ပြနှင့် Animationသည်လည်း အသက်အရွယ်အုပ်စုအများအပြားကို လွှမ်းမိုးထားပေသည်။
မိန်းကလေးနှစ်ဦးစလုံးသည် Animation စွဲလမ်းသူများဖြစ်ပြီး အစားအသောက်ကို အရူးအမူးစွဲလမ်းကြသူများ ဖြစ်ကြသည်။ ယွမ်ကျိုးဟာ တကယ့်ဘဝမှာ အချက်အပြုတ်ကျွမ်းကျင်သူဆရာသခင်ဖြစ်မှန်း သူတို့ကြားပြီးတဲ့နောက်မှာ သူ့စားသောက်ဆိုင်ကို လာလည်ပတ်ကြတော့သည်။ ယခုလိုပဲ တစ်လကို နှစ်ကြိမ်၊ သုံးကြိမ် လာလေ့ရှိကြသည်။
သူတို့က နေ့လည်ခင်းအချိန်မှာသာ လာတတ်ကြပြီး ညနေပိုင်းမှာတော့ မလာဖူးကြပေ။ သို့သော် ယွမ်ကျိုးမှာ ထိုမိန်းကလေးနှစ်ယောက်ကို တွေ့တိုင်း ခေါင်းကိုက်သွားတတ်သည်။ ယခုလည်း သူတို့ထပ်လာကြပြန်ပြီ။
"သူဌေးယွမ်၊ ခွေးလေးစွပ်ပြုတ် ဘယ်မှာလဲ" ဘယ်ဖက်ခြမ်းရှိ မျက်လုံးဝိုင်းဝိုင်းနှင့် ကျစ်ဆံမြီးတစ်စောင်းကျစ်ထားသည့် လှပတဲ့မိန်းကလေးတစ်ယောက်က အံ့သြတကြီးနဲ့ မေးလိုက်သည်။
"ကျွန်တော် မသိပါဘူး "
ယွမ်ကျိုးက သူ့မျက်နှာကို တင်းထားပြီး ရှင်းရှင်းလင်းလင်း ပြောသည်။
"သူဌေးယွမ်၊ ခွေးလေးစွပ်ပြုတ်ကို စွပ်ပြုတ်နဲ့အစာကျွေးပြီးပြီလားဟင်"
ညာဘက်ခြမ်းရှိမိန်းကလေးက ပိုးသားလို နူးညံ့သည့်ဆံပင်တိုတွေရှိပြီး သူမကို ကြည့်ရသည်မှာ ချစ်စဖွယ်ကောင်းကာ အကောင်ပေါက်လေးလို အန္တရာယ်မရှိသည့်ပုံပေါ်လေသည်။
“အင်း ကျွေးပြီးပြီ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
"ဟေ့ သူဌေးယွမ်နော်။ ဘာဖြစ်လို့ အဲလိုထပ်လုပ်ရတာလဲ။ အခုထိ ခွေးလေးရဲ့ဓာတ်ပုံတစ်ပုံမှ ကျွန်မ မရိုက်ရသေးဘူး"
ဆံပင်တစ်စောင်းကျစ်ထားတဲ့မိန်းကလေးက မကျေနပ်သည့်ဟန်နှင့် နှုတ်ခမ်းဆူလိုက်သည်။
"ဒီလေသံကြီးက တကယ် ထူးဆန်းတယ်" ယွမ်ကျိုးက ခဏလောက်တိတ်နေလိုက်ပြီး တခြားအကြောင်းအရာကို ပြောင်းလိုက်သည်။
"ဘယ်လိုဖြစ်နိုင်မလဲ။ ကျွန်မက ဒီအတိုင်းပဲ ပြောတတ်တာကို"
မိန်းကလေးက မကျေမနပ်ဖြင့် ပြန်ပြောသည်။ အဲဒီနောက် ယွမ်ကျိုးက ဘာပြန်ဖြေရမှန်းမသိဘဲ စကားမပြောနိုင်တော့ပေ။
ညာဖက်ရှိမိန်းကလေးက
"သူဌေးယွမ်၊ စွပ်ပြုတ်နဲ့ အတူနေတာလား" ဟု ကြားဖြတ်မေးလိုက်သည်။ ဤမေးခွန်းက စကားပြောသည့်ပုံစံထက် ပို၍စိတ်ညစ်စရာကောင်းသေးသည်။ ယွမ်ကျိုးကလည်းဒီမေးခွန်းကိုလည်း မဖြေချင်ပေ။ ယွမ်ကျိုး၏ ရှက်ရွံ့နေသောမျက်နှာကို မြင်ရသောအခါ ဝူဟိုင်းနှင့် လင်းဟောင်တို့က ဒီအတိုင်းသာ ပွဲဆက်ကြည့်နေလိုက်သည်။ သူ့ဘေးမှာရှိတဲ့ မန်နေဂျာရှီတောင်မှ သူ့ကိုဝင်မကူညီဘဲ ပြုံးပြုံးကြီးကြည့်နေသည်။
"အဲ့မိန်းကလေးနှစ်ယောက်က တကယ်ကိုချစ်စရာကောင်းတယ်"
ဝူဟိုင်းက မကောင်းဆိုးဝါးလိုအပြုံးနှင့် သူ့နှုတ်ခမ်းမွှေးလေးကို သပ်လိုက်သည်။
"အဟုတ်ပဲ။ သူတို့က စကားကို ဝေ့ဝိုက်ပြောရတာကို ကြိုက်နေတာ"
လင်းဟုန်က ခပ်တည်တည်အမူအရာဖြင့် မှတ်ချက်ပေးလိုက်သည်။
"ဒါပေမဲ့ သူဌေးယွမ် ရှက်နေတာကို ကျွန်တော်တို့ မြင်ရတာကတော့ မဆိုးဘူး"
ဝူဟိုင်းက ပြုံးလျက် ပြန်ပြောသည်။
"မှန်တယ်။ ဒီမိန်းကလေးနှစ်ယောက်မှာပဲ အဲလိုအစွမ်းရှိတယ်"
လင်းဟုန်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ အရင်ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
တကယ်တော့ ယွမ်ကျိုး စကားမပြောနိုင်တော့ဘဲ တစ်ချိန်တည်းမှာ ခေါင်းကိုက်နေတာကို တွေ့ရတာ သိပ်ရှားပါးပါသည်။
မှန်ပေသည်။ ဒီမိန်းကလေးနှစ်ယောက် ဆိုင်ကိုလာတိုင်း အလွန်ထူးဆန်းတဲ့မေးခွန်းတွေ မေးကြသည်။
ဥပမာ "သူဌေးယွမ်၊ စွပ်ပြုတ်က ဒီနေ့ နေမကောင်းသလိုပဲ။ ရှင်ဝမ်းနည်းနေလား”
ယွမ်ကျိုး တကယ် စိတ်ရှုပ်ထွေးခဲ့သည်။ စွပ်ပြုတ်မှာ ဒီလောက် မာမာချာချာကြီး နေကောင်းကျန်းမာနေသည်ကို နေမကောင်းပါဟု သူတို့ဘယ်လိုပြောထွက်သနည်း။ ဒါ့အပြင် သူကရော ဘာကြောင့်ဝမ်းနည်းရမှာလဲ။
"သူဌေးယွမ်...သူဌေးယွမ်၊ မိန်းမလှလေးတစ်ယောက်က စွပ်ပြုတ်ကို ဖက်ချင်နေတယ်။ သွား။ သူမကို သွားတားလိုက်ဦး”
ပြောနေရင်းဖြင့်ပင် မိန်းကလေးနှစ်ဦးစလုံးမှာ စိုးရိမ်ပူပန်နေပုံပေါ်သည်။
နောက်တစ်ယောက်က "သူဌေးယွမ် မနာလိုဖြစ်နေမလား" ဟု ပင်တဲ့တိုးမေးခဲ့သည်။ ထိုသို့ထူးဆန်းသောမေးခွန်းများက ယွမ်ကျိုးကို ပြောစရာစကားမဲ့စေခဲ့သည်။ စွပ်ပြုတ်သည် ခွေးတစ်ကောင်မျှသာဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သူနှင့် ဘာဆိုင်သနည်း။ ထို့ကြောင့် အကြိမ်အများစုတွင် ယွမ်ကျိုးသည် သူတို့လာသည်ကို တွေ့တိုင်း မီးဖိုခန်းတွင်သာ နေလိမ့်မည်။ သူသည် ပင်မစားသောက်ခန်းမှာ ကျိုကျာတစ်ဦးတည်းကိုသာ ထားခဲ့တတ်သည်။
တစ်ခါတစ်ရံ သူ နားမလည်တဲ့ကိစ္စတစ်ခုခုကို သူတို့ဆွေးနွေးနေတာ ကြားနိုင်ပေသည်။
မိန်းကလေးနှစ်ဦးမှာ ပျော်ပျော်ရွှင်ရွှင်နှင့် အင်တိုက်အားတိုက်ဆွေးနွေးကြသည်။ အချိန်အတော်ကြာပြီးနောက်မှာတော့ ဒီမိန်းကလေးနှစ်ယောက်လို ပြုမူပြောဆိုတတ်တဲ့ 'Fujoshi'လို့ ခေါ်တဲ့ မိန်းကလေးအုပ်စုတစ်စုရှိတယ်ဆိုတာ ယွမ်ကျိုးသိလာသည်။
(Fujoshi - ယောက်ျားလေးအချင်းချင်းတွဲတာကို ထောက်ခံတဲ့မိန်းကလေး)
တကယ်တော့ ယွမ်ကျိုးက ဒီမိန်းကလေးနှစ်ယောက် ဘာကြောင့် စွပ်ပြုတ်နဲ့ သူ့အကြောင်း ဒီလောက်မေးရတာကို ဘာကြောင့်ကြိုက်ကြတာလဲဆိုတာ နားမလည်သေးပေ။ ဆိုင်ဖွင့်ချိန်ကုန်ဆုံးသွားပြီးနောက် ယွမ်ကျိုးသည် တံခါးကို ပိတ်လိုက်ပြီး အပေါ်ထပ်သို့ တန်းတက်သွားကာ ခဏစာဖတ်ရန် ပြင်လိုက်သည်။
ဤသည်မှာ အပိုဆုရရန် သူလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ ယွမ်ကျိုးသည် စာဖတ်ရာတွင် အတော်လေး တက်ကြွနေသည်။ အဓိကတာဝန်နဲ့ ပတ်သက်ပြီး လောလောဆယ်တွင် ယွမ်ကျိုးက မည်သည့်သဲလွန်စ တစ်ခုတစ်လေမှ မသိရှိရသေးပေ။ အချိန်ကုန်လွန်လာသည်နှင့်အမျှ တစ်ခုခုကို သူ စဉ်းစားလာနိုင်ပေမည်။ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ယွမ်ကျိုးက စာအုပ်ကို လက်တစ်ဖက်နဲ့ ယူပြီး နောက်တစ်ဖက်နဲ့ သစ်ကြားသီးနို့ဘူးကို ယူပြီး လက်တစ်ဖက်တည်းနဲ့ ဖွင့်ရန် ပြင်လိုက်သည်။
"စည်သွတ်ဘူးကို လက်တစ်ဖက်တည်းနဲ့ ဖွင့်နိုင်တာကမှ ယောက်ျားကောင်းပဲ"
ယွမ်ကျိုးမှာ မန်မန်၏ဘလော့ဂ်တွင် တင်ထားသည့် စာကြောင်းတစ်ကြောင်းကို တွေးမိသွားသည်။ ထိုလှုံ့ဆော်ချက်ကြောင့် ယွမ်ကျိုးက စည်သွတ်ဘူးကို လက်တစ်ဖက်တည်းဖြင့် ဆွဲဖွင့်ရန် ပြင်လိုက်သည်။ သူက ဘူးရဲ့သံကွင်းဝိုင်းကို လက်ချောင်းနဲ့ ခပ်တင်းတင်းဆွဲလိုက်ပြီး ကျန်လက်ချောင်းများဖြင့် သံဘူးကိုယ်ထည်ကို
ဆုပ်ကိုင်ထားသည်။ သူအား ထည့်ဆွဲလိုက်တဲ့အခါမှာတော့ သံဘူးက "ပါဖ့်" ဆိုသည့်အသံဖြင့် ပွင့်သွားလေသည်။
"ထင်တဲ့အတိုင်းပဲ။ ငါက ယောက်ျားကောင်းပဲကိုး"
ယွမ်ကျိုးက လက်ထဲရှိ သစ်ကြားသီးနွားနို့ဘူးကို အားရစွာ ကြည့်လိုက်သည်။ ယွမ်ကျိုးမှာ သူ၏ရှုထောင့်အသီးသီးကို အပြည့်အ၀ စိတ်တိုင်းကျပေသည်။ သို့သော်လည်း လီလီခမျာမှာတော့ လက်ထဲရှိအကြံပြုချက်ကို ဖတ်နေကာ ယွမ်ကျိုးနှင့်အခြေအနေတော်တော်လေး ကွာခြားပုံပေါက်နေသည်။
ပထမစာမျက်နှာမှာ "ခြင်္သေ့ဦးခေါင်းဟင်းဖြစ်မယ်ဆိုရင် တကယ်တော့ မဆိုးပါဘူး" ဆိုတဲ့ စုယွဲ့ရှန်းရဲ့အကြံပြုချက်ပဲ ဖြစ်သည်။
"ကိုယ့်ဘာသာ ဘယ်ဟင်းမှာလို့မှာထားမှန်း မသိဘူးလား"
လီလီက မျက်မှောင်ကြုတ်ပြီး မကျေမနပ်ပြောလိုက်သည်။ အဲ့အကြံပြုချက်၏အနောက်မှာတော့ စုမူရဲ့အကြံပြုချက် ဖြစ်ပေသည်။
"သူ့အတိုင်းလေးက ကောင်းနေပြီးသား။ ဘာပဲဖြစ်ဖြစ် အကုန်လုံးက အသားလုံးတွေပဲဟာ။ ဒါပေမဲ့ ဆော့စ်ရည်ထဲမှာ နှစ်လိုက်တာနဲ့ ကျွန်တော့်ရဲ့အရသာခံစားမှုကို အကြီးအကျယ် ထိခိုက်စေတယ်"
အရင်ဦးဆုံး ထင်မြင်ချက်လာပြီးနောက် အကြံပြုချက်လာချေပြီ။
"စားဖိုမှူးကို သူဌေးယွမ်ဆီကနေ တစ်ခုခုသင်ယူဖို့ အကြံပြုပါတယ်"
"သိပ်ကိုပြောင်မြောက်တဲ့နည်းလမ်းပေါ့လေ”
လီလီ၏အသံတွင် ထေ့ငေါ့မှု့အပြည့်နှင့် ဖြစ်နေသည်။ သို့သော်လည်း ထိုမှတ်ချက်များ၏နောက်တွင်မူ အပြုသဘောဆောင်သည့်မှတ်ချက်အချို့မှ လွဲ၍ ဆွီဒင်အသားလုံးနှင့် ပတ်သက်သည့်အကြံပြုချက်များ အားလုံးကို ရရှိခဲ့သည်။
ပထမအကြိမ်ရောင်းခဲ့တုန်းကလိုပင် ထင်မြင်ချက်များတွင် အကြီးအကျယ် ကွဲပြားမှုတစ်ခု ပေါ်ပေါက်ခဲ့ပြီး
အထင်ရှားဆုံးကတော့ သူဌေးယွမ်ဆိုသည့်စကားလုံးနှစ်လုံးပင် ဖြစ်သည်။
"တကယ်ပဲ ပြဿနာရှိနေတာလား"
လီလီက နည်းနည်းဇဝေဇဝါဖြစ်နေသည်။ သူက ထိုင်ခုံကို မှီပြီး အသေအချာစဉ်းစားခဲ့သည်။ သူသည် အသားလုံးကို စားခဲ့စဉ်က ပန်းကန်အလှဆင်ယင်ထားမှုနှင့် အရသာကို ပြန်စဉ်းစားခဲ့သည်။ တစ်ခဏအတွင်းပင် ထိုမေးခွန်း၏အဖြေကို လီလီသဘောပေါက်သွားသည်။
"ဆော့စ်ကြောင့်များလား"
လီလီက ချက်ချင်း။မတ်တတ်ရပ်လိုက်သည်။ သူက ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းမှ စားပွဲပေါ်ရှိ အကြံပြုစာကို ခပ်ဖွဖွပုတ်ကာ အော်လိုက်သည်။
“ယွမ်ကျိုး၊ မင်း ငါ့ကို အကွက်ချလိုက်ပြန်ပြီ"
ဟုတ်ပေသည်။ လီလီက ယွမ်ကျိုးဖန်တီးထားတဲ့ နေရာချထားမှုဆိုသည့်အဓိပ္ပာယ်ကို ချက်ချင်း နားလည်ခဲ့ပြီဖြစ်သည်။ အသားလုံးကို ဆော့စ်ရည်ပျစ်ပျစ်ထဲ နှစ်လိုက်တဲ့အခါမှာ သစ်သီးအစအနလေးများက ၎င်းအသားလုံးမှာ ကပ်ပါလာပြီး အနီရောင်တောက်တောက်ဆော့စ်ဖြစ်သွားသည်။ အပြင်ပိုင်းပုံစံအရ အဲဒါက အမှန်တကယ်ပင် လူတွေကို စားချင်စိတ်ဖြစ်အောင်မလုပ်နိုင်ပေ။
ပြဿနာက တကယ်တော့ သိပ်မပြင်းထန်ပေ။ အမှန်ဆိုရလျှင် စားသုံးသူအများစုက ဒီကိစ္စကို အနည်းငယ်သာ သတိပြုမိကြသည်။ သူတို့ပိုပြီးဂရုစိုက်တာက ဒီလိုအသေးအဖွဲအရာတွေထက် အရသာကောင်းပြီး လှပသည့်ပုံသဏ္ဍာန်ကိုသာ ဖြစ်သည်။
ပြီးပြည့်စုံမှုကို စွဲလမ်းနေသူတစ်ယောက်ဖြစ်သည့် ယွမ်ကျိုးကတော့ ဒီလိုအပြစ်အနာအဆာများကို လက်မခံနိုင်ချေ။ သူက စနစ်နှင့် ညှိနှိုင်းကာ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သောနေရာချထားမှုတစ်ခုကို ပြုလုပ်ခဲ့လေသည်။ ထိုအကြံမှာ ရှေးခေတ်ယွမ်ယန်အိုးမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ယွမ်ကျိုးက အသားလုံးနှင့် ဆော့စ်တွဲဖက်စားသည့်အခါ တွေ့ရတတ်သည့် အမြင်ဆွဲဆောင်မှုဆိုင်ရာပြဿနာကို ပြီးပြည့်စုံစွာဖြေရှင်းခဲ့လေပြီး လီလီမှာတော့ ပြဿနာကိုတောင် ရှာမတွေ့ခဲ့ချေ။
ယွမ်ကျိုး၏အသားလုံးဟင်းနှင့် လီလီ၏ အသားလုံးဟင်းတို့ကို နှိုင်းယှဉ်ကြည့်ပါက ဒီပြဿနာကို သတိမထားမိသူပဲဖြစ်ဖြစ်၊ သိလျက်နှင့် စိတ်ထဲမထားသူပဲဖြစ်ဖြစ် အားလုံးက ဒီဆောစ့်နှစ်တဲ့ပြဿနာကို တွေ့ကြပေလိမ့်မည်။
ဆိုရိုးစကားရှိသည်မှာ “ပုလဲနှင့် ကျောက်စိမ်းကိုသာ အရင်တွေ့ခဲ့လျှင် နောက်လာမည့်ဟာက တလက်လက် တောက်ပနေတဲ့စိန် ဒါမှမဟုတ် အခြားတစ်ခုခုပင်ဖြစ်ပါစေ နိမ့်ကျနေဦးမည်” ပင်။
၀မ်းနည်းစရာကောင်းစွာနှင့် လီလီ၏အသားလုံးမှာ နှိုင်းယှဉ်ကြည့်လျှင် ပို၍နိမ့်ကျပုံပေါက်လေသည်။ ဤအဖြစ်အပျက်က လူတစ်ဦးအနေဖြင့် နှိမ့်ချကျိုးနွံစွာ နေထိုင်ရမည် ဆိုသည်ကို ပြောပြနေသည်။ ထိုသို့မနေပါက မိုးကြိုးပစ်ခံရလိမ့်မည်။
ယွမ်ကျိုး အပိုင်း(၃၄၀)
ပြီးပါပြီ။