အခန်း (၉၅-၉၆)
Vol. 9 Ch. 95-96
အပိုင်း(၉၅)
ဆန်းကြယ်နှလုံးသားအဆင့်၉ သို့ချိုးဖျက်ခြင်း
ဂူတစ်လုံးထဲတွင် မီးပုံမှမီးတောက်များ တောက်လောင်နေခဲ့၏။
လီယ ကျောက်တုံးတစ်တုံးပေါ်တွင် အင်္ကျီချွတ်၍ ထိုင်နေပြီး သူ့ဒဏ်ရာများကို အဖြူရောင်အ၀တ်များဖြင့် စည်းပတ်ထားခဲ့သည်။ ဒဏ်ရာများမှ သွေးများဆက်လက် ကျဆင်းနေသော်လည်း လီယ မျက်နှာတစ်ချက်တွန့်မသွားခဲ့ပေ။
သူ့ဘေးတွင်မူ အဖိုးကြီးတစ်ယောက်၏ စိတ်ဝိညဉ်ရှိနေပြီး ထိုအဖိုးကြီးသည် သူ့မုတ်ဆိတ်များကို ဆွဲ၍ လီယကို ကြည့်နေခဲ့၏။
“လက်တစ်ထောင်မိစ္ဆာနွယ်ရဲ့အဆိပ်ကို တောင့်ခံနိုင်ခဲ့ပြီးေတာ့ မင်းခန္ဓာကိုယ်က ပိုသန်မာလာတာပဲ” ဘိုးဘေး ချီးကျူးလိုက်သည်။
လီယ အေးအေးဆေးဆေးပင်ပြန်ပြောလိုက်၏။
“မလုံလောက်သေးဘူး လုရှန်နဲ့ ကျိရှောင်ယုတို့နဲ့ယှဉ်ရင် ဒါကဘာမှမဟုတ်သေးဘူး လက်ရှိဂိုဏ်းထဲမှာ မြင့်တက်လာတဲ့ အန်းဟောင်ကိုဆို ပြောစရာကိုမလိုတော့ဘူး ပြောကြတာတော့ သူ့ပါရမီက ဟိုနှစ်ယောက်ထက်ကို ပိုသာတယ်တဲ့”
ဘိုးဘေးဝိညဉ် တစ်ချက်ရယ်မောလိုက်ကာ ပြောလိုက်သည်။
“သူတို့ကမွေးရာပါ ပါရမီရှင်တွေလေ မင်းကတော့မတူဘူး မင်းကကြိုးစားထားတဲ့ ပါရမီရှင်ပဲ မင်းအနေနဲ့ သူတို့ကိုကျော်တက်ဖို့က မဖြစ်နိုင်ဘူး ငါ့အမြင်မှာတော့ မွေးရာပါပါရမီဆိုတာ အရေးအကြီးဆုံးအရာမဟုတ်ဘူး အရေးအကြီးဆုံးအရာက မယိုင်မလဲ မြဲမြံတဲ့ တာအိုနှလုံးသားနဲ့ အရှုံးပေးဖို့ ငြင်းဆန်တဲ့စိတ်ထားပဲ”
လီယခေါင်းညိတ်ပြလိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် ဂူထဲရှိ မီးတောက်အပြင်းအထန်ယမ်းခါလာရာ လီယ အမူအရာပြောင်းလဲသွားခဲ့သည်။
“စိတ်ဝိညဉ်စွမ်းအင်တွေ ကျဆင်းနေတာလား”
လီယရော ဘိုးဘေးဝိညဉ်ပါ မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
ဘိုးဘေးဝိညဉ် မျက်ခုံးများတွန့်ကွေးသွားပြီး ပြောလိုက်သည်။
“လူလုပ်မဟုတ်ဘဲ သဘာ၀ကပ်ဘေးတစ်ခုဖြစ်နိုင်လား
ဘယ်လို နိမိတ်ဆိုးမျိုးလဲ”
ဘိုးဘေးဝိညဉ် လက်ချောင်းများကိုသုံး၍ တွက်ချက်သော်လည်း ဘာကိုမှတွက်မရခဲ့ပေ။
….
မြောက်ပင်လယ်တောင်တန်းဒေသမှ စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းကုန်သောအခါ နေရာအနှံ့မှ မိစ္ဆာသားရဲများ၏ဟိန်းသံများ ဟိန်းထွက်လာခဲ့ပြီး ဂူထဲတွင် ကျင့်ကြံနေကြသော ကျင့်ကြံသူများလည်း ပြေးထွက်လာခဲ့ကြကာ တိုက်ခိုက်နေသော ကျင့်ကြံသူများပင် ရပ်တန့်သွားခဲ့ကြသည်။
သစ်ပင်အောက်တွင်
ကုအန်၏ ကိုယ်ကို စိတ်ဝိညဉ်စွမ်အင်အလင်းရောင်ငါးမျိုးက ၀န်းရံနေပြီး ဖြတ်ကနဲကြည့်လိုက်ပါက သူသည် အရောင်ငါးမျိုးစပ် ဥကြီးတစ်လုံးထဲတွင် တရားထိုင်နေသလို ဖြစ်နေခဲ့သည်။
နေရာအနှံ့မှ သားရဲများ ဟိန်းဟောက်နေသံများကို သူလည်းကြားနေခဲ့ရသော်လည်း ထိုသို့အဖြစ်အပျက်များကို သူမကြောက်တော့ပေ။
ဤအရာသည် အစသာဖြစ်ပြီး စိတ်ဝိညဉ်အမြစ်အဆင့်မြင့်သွားပြီးလျှင် ကျင့်စဉ်ရော ကျင့်ကြံခြင်းအဆင့်ကိုပါ တိုးမြှင့်ရပေဦးမည်။
မြောက်ပင်လယ်တောင်တန်းဒေသ၏ စိတ်ဝိညဉ်စွမ်းအင်သည် အလွန်ပင်သိပ်သည်းပြီး ဆန်းကြယ်တောင်ကြားထက်ပင် ပိုသိပ်သည်းသေးသည်။ ထို့ကြောင့် သူမည်မျှစုပ်ယူပါစေ စိတ်ဝိညဉ်စွမ်းအင်ကျဆင်းမှုမှာ တောင်တန်းဒေသတစ်ခုလုံးနှင့် ယှဉ်ပါက ထိုမျှသက်ရောက်မှုရှိမည် မဟုတ်ပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ကုအန် သက်တမ်းအလွှာကိုလည်း ပြန်ပြန်စစ်ဆေးနေခဲ့သည်။
ဤတစ်ခါ သက်တမ်းအလွှာကုန်ကျမှုသည် နည်းလှမည်မဟုတ်သည်ကို သူခံစားနေမိခဲ့၏။ ထို့ကြောင့် ခဏခဏပြန်စစ်နေရခြင်းဖြစ်သည်။ သူသက်တမ်းအကုန်သုံးမိသွားပြီး ခမ်းခြောက်၍ သေသွားမှုမျိုး မဖြစ်ချင်ပေ။
နာရီ၀က်ခန့်ကြာသောအခါ ကုအန် ဒြပ်ငါးမျိုးရတနာခန္ဓာပြောင်းလဲမှု ပြီးဆုံးသွားခဲ့၏။ သူ့တစ်ကိုယ်လုံးသာမက ချီသွေးများပင် ပိုမိုသန်မာလာသည်ကို ကုအန် ခံစားမိနေခဲ့သည်။ ထို့အပြင် သူ့ကိုယ်ဧ။် စွမ်းအင်လှည့်ပတ်နိုင်စွမ်းလည်းပိုမိုမြင့်မားလာခဲ့၏။
ပတ်၀န်းကျင်မှ ဒြပ်ငါးမျိုးစွမ်းအင်များ သူ့ကိုယ်ထဲ၀င်လာနေသည့် ဖြစ်စဉ်ကိုပင် သူခံစားမိနေပြီး ထိုခံစားချက်မှာ အလွန် ဆန်းကြယ်လှသည်။
ကုအန် ပျော်ရွှင်နေမှုကို မြိုသိပ်လိုက်ကာ သူ့ခန္ဓာအသစ်၏ စွမ်းအားကို နောက်မှ စမ်းသပ်စစ်ဆေးကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်၏။ ယခုအချိန်တွင်တော့ သူသက်တမ်းများ ထပ်သုံးရပေဦးမည်။
အရင်ဆုံး အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ်ကို မြှင့်လိုက်ကြတာပေါ့!
ထိုကျင့်စဉ်သည် သူ့ကျင့်ကြံခြင်းနှင့် သူ့အရှိန်အဝါကို ဖုံးကွယ်ထားရာ၌ အရေးအပါဆုံးကျင့်စဉ်ဖြစ်၏။
သက်တမ်းတစ်သိန်း အသုံးပြုလိုက်ပါပြီ!
ထို့နောက် အသိပေးချက်များ တစ်ခုပြီးတစ်ခုပေါ်လာပြီး ကုအန်လည်း ဂရုစိုက်၍ ကြည့်နေလိုက်သည်။
အဝါရောင်နဂါးစွမ်းအင်ဆန်းကြယ်ကျင့်စဉ်မှာ ကမ္ဘာမြေနတ်စွမ်းအင်ကျင့်စဉ်အဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့
မူလရူယီကျင့်စဉ်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အဆင့်နှစ်ခုတက်တာ!
မဆိုးပါဘူး!
မူလရူယီကျင့်စဉ်နှင့်ပတ်သက်သော မှတ်ညဏ်များကုအန် စိတ်ထဲ ပေါ်ပေါက်လာလေတော့သည်။
မူလရူယီကျင့်စဉ်သည် လူတစ်ယောက်၏ ကျင့်ကြံခြင်းနှင့် အရှိန်အဝါကို ဖုံးကွယ်ပေးထားနိုင်ရုံသာမက တစ်ခုခုကို စိတ်ဝိညဉ်စွမ်းအင်သုံး၍ ကြီးမားအောင် သေးငယ်အောင်လည်း လုပ်နိုင်ပြီး သက်ရှိများကိုပင် ထိုသို့ ချုံ့နိုင် ချဲ့နိုင်၏။ ထို့ကြောင့် ကုအန် အမတလမ်းစဉ်၏ နက်နဲမှုများကို ပို၍အံ့အားသင့်သွားရသည်။
ထို့နောက် ကုအန်အပြင်ဘက်ရှိ အဖြစ်အပျက်များကို မေ့လျော့သွားပြီး ကျင့်စဉ်အား သုံးသပ်ဆင်ခြင်ရာ၌ နစ်မြုပ်သွားခဲ့၏။
အဝေးတစ်နေရာတွင်
လီရွှမ်တောက် အစီအရင်စင်မြင့်တစ်ခုထက်တွင် သံလိုက်အိမ်မြောင်ကိုထုတ်ကာ ကံကြမ္မာတွက်ချက်သည့် မှော်သိုင်းတစ်ခုကိုအသုံးပြုနေခဲ့သည်။ သံလိုက်အိမ်မြောင်ရှိ လက်တံလေးမှာ ယမ်းခါနေခဲ့ပြီး ဘာရလဒ်မှထွက်မလာေသာေကြာင့် လီရွှမ်တောက်အမူအရာလည်း အလေးအနက်ဖြစ်လာခဲ့၏။
တခဏကြာသောအခါ လက်တံရဲ့ လှုပ်ရှားမှုနှေးသွားပါသော်လည်း အနည်းငယ်တော့ တုန်ခါနေသေးကာ တွက်ချက်မှုသည် ပြီးဆုံးသွားခဲ့သည်။
“ကောင်းကင်ဆန္ဒက မှေးမှိန်နေတယ် ဒါမျိုးကိစ္စကို မတွေ့ရတာ နှစ်ထောင်နဲ့ချီ ကြာပြီ..”
လီရွှမ်တောက် တစ်ယောက်တည်းရေရွတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကာ ထပ်ပြောလိုက်သည်။ “စိတ်ဝိညဉ်စွမ်းအင်တွေ ကျဆင်းနေချိန်ဆိုတော့ ကျင့်ကြံဖို့အတွက် မသင့်တော်ပေမယ့် ငါလိုတာက စိတ်ဝိညဉ်စွမ်းအင်မှမဟုတ်တာ ကပ်ဘေးကျော်ဖြတ်ဖို့လေ ကောင်းကင်ဆန္ဒမှေးမှိန်နေတဲ့အချိန်က ငါ့အတွက်အကောင်းဆုံး အခွင့်အရေးကြီး မဟုတ်လား”
လီရွှမ်တောက်မျက်ခုံးများ တစ်ဖန်ကြုံ့သွားခဲ့ရပြန်ပြီး အနည်းဆုံး တွန့်ဆုတ်နေခဲ့သည်။
တကယ်လို့ စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းသွားရခြင်းသည် ကြီးမြတ်သော ကျင့်ကြံသူကြီးတစ်ယောက်ယောက်ကြောင့် ဖြစ်နေခြင်းဖြစ်ပါက သူသာ ကပ်ဘေးကျော်ဖြတ်လိုက်လျှင် ပြဿနာကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားမည်လော။
သို့သော် တရားရုံးတော်ရှိ အခြေအနေများကို တွေးကြည့်မိသောအခါ လီရွှမ်တောက် အံတင်းတင်းကြိတ်မိသွားသည်။
ကျော်ဖြတ်မယ်!
ကောင်းကင်းကပ်ဘေးကျော်ဖြတ်ရင်း သေရခြင်းမှာ တရားရုံးတော်တွင် သေရခြင်းထက် သာပေသည်။
သူ့ရည်မှန်းချက်မှာလည်း ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်လောက်သာမဟုတ်ဘဲ တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်လိုခြင်း ဖြစ်၏။
သူသည် ဒဏ္ဍာရီထဲမှ ကောင်းကင်ဧကရာဇ်လို အမတဧကရာဇ်ဖြစ်ချင်နေမိခြင်း ဖြစ်သည်။
လီရွှမ်တောက် သံလိုက်အိမ်မြောင်ကိုချလိုက်ကာ လက်မြောက်လိုက်ချိန်တွင် တောင်ကြားထဲ၌ ၀င်္ကပါများတစ်ခုပြီးတစ်ခု အထပ်ထပ်ပေါ်လာကြပြီး သူ့ခေါ်ပေါ်တွင် စိတ်ဝိညဉ်စွမ်းအင်မုန်တိုင်းတစ်ခုပေါ်လာကာ သူ့ခေါင်းပေါ်ရှိ ကောင်းကင်၌ အမည်းရောင်တိမ်များ ဖွဲ့တည်လာခဲ့၏။
ထို့နောက် သူ့အင်္ကျီလက်အိုးကို ယမ်းခါလိုက်ကာ စင်မြင့်ပေါ်ရှိ ဆေးပုလင်းများအားလုံးကိုဖယ်လိုက်ပြီးသည့်နောက် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
သူ့ခေါင်းပေါ်ရှိ ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ ဖွဲ့တည်လာသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး သူ့မျက်လုံးထဲတွင်လည်း ဆုံးဖြတ်ချက် ပြတ်သားကြည့် အကြည့်များပို၍ ထင်ရှားလာခဲ့၏။
သူအောင်ကို အောင်မြင်ရပေမည်!
…
မူလရူယီကျင့်စဉ်ကို အမွေဆက်ခံခြင်းသည် အချိန်နာရီ၀က်လောက် ကြာခဲ့သည်။ ထိုကျင့်စဉ်သည် အရင်တစ်ခုထက်များစွာပိုရှုပ်ထွေးလှပြီး နှစ်တစ်သိန်းစာ ကျင့်ကြံခြင်းမှတ်ညဏ်များကို လွှဲပြောင်းယူရခြင်း ဖြစ်၏။ သို့သော် နာရီ၀က်သာကုန်ကျခြင်းသည် သူ့စနစ်ပိုအစွမ်းထက်လာသောကြောင့် ဖြစ်နိုင်ပေသည်။
သူအရင်က အနာဂတ်တွင် ကျင့်စဉ်များပိုအဆင့်မြင့်လာသည်နှင့်အမျှ ကျင့်စဉ်များကို အဆင့်မြှင့်ရသည့်အချိန်လည်း ပိုမိုကြာမြင့်လာမည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ သူ့သက်တမ်းတိုးလာသည်နှင့်အမျှ သူ့စနစ်လည်း ပိုအဆင့်မြင့်လာပုံပင်။
ကြည့်ရသည်မှာ သူသည် ဘာမဟုတ်တဲ့အရာအပေါ် စိုးရိမ်နေမိခြင်း ဖြစ်လောက်သည်။
ဆက်လိုက်ကြတာပေါ့!
ကုအန် မူလသစ်သားယန်ကျင့်စဉ်ထဲသို့ သက်တမ်း တစ်သိန်းထည့်လိုက်ပြန်၏။
အသိပေးချက်များ သူ့ရှေ့တွင် တစ်ကြောင်းပြီးတစ်ကြောင်းပေါ်ပေါက်လာခဲ့လေသည်။
မူလသစ်သားယန်ကျင့်စဉ်က မူလကမ္ဘာမြေအမတကျင့်စဉ်လို့ ပြောင်းလဲတာပဲ!
အဆင့်တစ်ဆင့်သာ မြင့်သွားခြင်းဖြစ်သော်လည်း အမတ ဟူသောစာလုံးမှာ ကုအန်ကို စိတ်၀င်စားသွားစေခဲ့၏။
ယနေ့ညတွင် မူလ ဟူသောစာလုံးပါသော ကျင့်စဉ်နှစ်ခုထွက်ပေါ်လာခဲ့ရာ ကုအန် ကျိရှောင်ယုကိုယ်ထဲမှ မူလတာအိုအဆောင်ကိုပင် သတိရသွားစေခဲ့သည်။
မူလ ဟူသောအရာသည် ပြောင်းလဲခြင်းအဆင့်တစ်ခု ဖြစ်နေနိုင်သည်လော။
ဤအရာသာမှန်နေပါက ကျိရှောင်ယုသည် လူတစ်ယောက်နှစ်တစ်သိန်းလောက်ကြိုးစားမှ ရနိုင်သော အရာကို မွေးကတည်းကရနေခဲ့ခြင်း ဖြစ်နိုင်၏။
သူမသည် မကောင်းဆိုးဝါးပါရမီရှင်တစ်ေယာက်ဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ!
ကုအန် စိတ်ထဲတွင် ကြိတ်၍သက်ပြင်းချလိုက်မိပြီးနောက်တွင်တော့ ကျင့်စဉ်နှင့် ပတ်သက်သည့် မှတ်ညဏ်များသူ့စိတ်ထဲတိုး၀င်လာလေတော့သည်။
ထိုအခါ စိတ်ဝိညဉ်စွမ်းအင်များ တစ်ဖန်ကျဆင်းလာပြန်သောကြောင့် မြောက်ပင်လယ်တောင်တန်းဒေသရှိ သတ္တဝါများ ထိတ်လန့်သွားရပြန်၏။
ယခုညမှာ မြောက်ပင်လယ်တောင်တန်းဒေသရှိသတ္တဝါများ အေးအေးဆေးဆေးမနေရမည့် ညတစ်ညသာဖြစ်ပေတော့သည်။
……
တစ်နာရီခွဲခန့်ကြာသောအခါ ကုအန်မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး စနစ်ကိုကြည့်လိုက်ရာ သက်တမ်း ၆၈၀၀၀၀ ကျန်နေသည်ကို တွေ့လိုက်ရမှ သက်ပြင်းချလိုက်မိသည်။
သက်တမ်းအလွှာသည် သက်တမ်းသောင်းနှင့်ချီ၍ ကုန်ကျခဲ့ပြီး ထိုပမာဏမှာ သိပ်တော့အဆင်မပြေဘူးဟု ကုအန် စတင်ခံစားလာရသည်။
ကုအန် သက်တမ်းထပ်သုံးဖို့ ပြင်လိုက်စဉ်တွင် သူ့အနောက်ဘက်အရပ်မှ တိုက်ပွဲတစ်ခုဖြစ်ပေါ်လာသည်ကို သတိထားလိုက်မိပြီး မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
တစ်သားတည်းဖြစ်ခြင်းအဆင့်တိုက်ပွဲ!
တိုက်ပွဲသည် သူနှင့်သိပ်မဝေးလှပေ။ သူနှင့် လီ ၂၀၀လောက်သာ ဝေးပေသည်။
ထိုမျှအကွာအဝေးသည် တစ်သားတည်းဖြစ်ခြင်းအဆင့်များကြား အလွန်နီးသော အကွာအဝေးဖြစ်၏။
ကုအန် ချက်ချင်း သူ့အဆင့်ချိုးဖျက်နေမှုကို ရပ်တန့်လိုက်ပြီး တိုက်ပွဲပြီးလို့ သူတို့ထွက်သွားမှသာ ပြန်စမည်ဟု ဆုံးဖြတ်လိုက်သည်။မဟုတ်ပါက အကယ်၍ တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်ရင်း သူ့အဆင့်တက်နေစဉ်တွင် သူ့အလွှာကို၀င်တိုက်မိပါက မည်သို့ လုပ်မည်နည်း
ဟူး အနာဂတ်မှာ သက်တမ်းအလွှာကိုလည်း အဆင့်မြှင့်လို့ရရင် ကောင်းမှာပဲ!
ကုအန် စိတ်ထဲတွင် ကြိတ်၍ သက်ပြင်းချလိုက်မိသော်လည်း အရမ်းတော့ ကြောက်မနေခဲ့ပေ။
အကယ်၍ ထိုသူများသာ သူ့ဆီရောက်လာခဲ့ပါက သူတို့ကို သတ်ဖြတ်ပစ်လိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။
တစ်သားတည်းဖြစ်ခြင်းအဆင့်အထိ ကျင့်ကြံရခြင်းမှာလည်း မလွယ်ကူလေရာ ကုအန်ထိုသူများ သူ့ဆီရောက်မလာဖို့သာ မျှော်လင့်နေမိသည်။
ကံကောင်းစွာဖြင့် သူအတွေးလွန်နေခြင်းသာ ဖြစ်ပြီး အခြေအနေများမှာ သူတွေးထားသလောက် ဆိုးမသွားခဲ့ပေ။ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သည် တခဏသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင်တော့ အဝေးသို့ ထွက်သွားခဲ့ကြ၏။
စလိုက်ကြတာပေါ့!
အရင်ဆုံး သက်တမ်းတစ်သိန်းထည့်ကြည့်လိုက်မယ် အဲ့လောက်ဆို အဆင့်ချိုးဖျက်ဖို့ လုံလောက်မှာပါ!
[သင်သည် ကျင့်ကြံခြင်းတွင် သက်တမ်းတစ်သိန်းပေါင်းထည့်ခဲ့ပါသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၅၀၀ကျင့်ကြံခဲ့ပြီး မူလကမ္ဘာမြေအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။သို့သော် ခန်းယွမ်စိတ်ဝိညဉ်ငါးမျိုးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ သင်၏ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၅၀၀ကျင့်ကြံခဲ့ပြီး မူလကမ္ဘာမြေအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။သို့သော် ခန်းယွမ်စိတ်ဝိညဉ်ငါးမျိုးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ သင်၏ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]
….
နှစ်တစ်ထောင်ကို တစ်ခါကျရှုံးတာလောက်က လက်ခံပါတယ်!
အကြိမ်တစ်ရာလောက် ကျရှုံးပြီရင်တော့ ငါအောင်မြင်နိုင်တယ်မဟုတ်လား!
ငါကျင့်စဉ်နှစ်ခုတောင် အဆင့်မြှင့်ထားပြီးပြီပဲ!
ကျရှုံး!
ကျရှုံး!
ကျရှုံး!
သက်တမ်း ငါးသောင်းကုန်ခါနီးအထိ ကုအန် သည်းခံနိုင်သေးသော်လည်း သက်တမ်း ၆၇၅၀၀ အထိကျရှုံးပြီးသောအခါမှာတော့ ကုအန် အံကိုသာ တင်းတင်းကြိတ်ထားမိသည်။
၆၈ကြိမ်မြောက် ကျရှုံးခြင်း!
ထိုသို့သောအရာကို မည်သူက သည်းခံနိုင်မည်နည်း!
ထို့နောက်တွင်လည်း သူ့ရှုံးနိမ့်မှုများ ဆက်လက်ဖြစ်ပေါ်လာပြန်သည်။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၈၁၅၀၀ကျင့်ကြံခဲ့ပြီး မူလကမ္ဘာမြေအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။သို့သော် ခန်းယွမ်စိတ်ဝိညဉ်ငါးမျိုးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ သင်၏ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၈၂၅၀၀ ကျင့်ကြံခဲ့ပြီး မူလကမ္ဘာမြေအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သင်သည်ခန်းယွမ်စိတ်ဝိညဉ်ငါးမျိုးကောင်းကင်ကပ်ဘေးကိုကျော်ဖြတ်နိုင်ခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် ဆန်းကြယ်နှလုံးသား အဆင့်၁ သို့ ဖောက်ထွက်နိုင်ခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၈၃၀၀၀ ကျင့်ကြံခဲ့ပြီး ဆန်းကြယ်နှလုံးသား အဆင့်၂ သို့ ရောက်ရှိသွားခဲ့သည်]
….
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ် ၉၉၀၀၀ ကျင့်ကြံခဲ့ပြီး မူလကမ္ဘာမြေအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ မဟာယနအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည် သို့သော် သင်သည် ဆန်းကြယ်အဝါရောင်နတ်ငါးပါးကောင်းကင်ကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကောင်းကင်ကပ်ဘေးကို ကျရှူံးခဲ့သည်။]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်တစ်သိန်းကျင့်ကြံခဲ့ပြီး ကပ်ဘေးကိုပြင်ဆင်နေခဲ့သည်]
နောက်ဆုံးစာကြောင်းထွက်ပေါ်လာသောအခါမှ ကုအန် သက်ပြင်းတစ်ချက်ချလိုက်မိ၏။
ဆန်းကြယ်နှလုံးသားအဆင့်၉!
နောက်အဆင့်က မဟာယနအဆင့်ပဲ!
ကုအန် ကြိတ်၍ အံ့ဩသွားမိသည်။ ကြည့်ရသည်မှာ အဆင့်ငယ်များတိုးမြှင့်ခြင်းသည် ထိုမျှခက်ပုံမရဘဲ ကပ်ဘေးကျော်ဖြတ်ခြင်းမှာသာ စိန်ခေါ်မှုတစ်ခု ဖြစ်ပုံရသည်။ အနာဂတ်တွင် အဆင့်ချိုးဖျက်ရာ၌ သူအကြိမ်ပေါင်းရာချီ ထောင်ချီ ကျရှုံးနိုင်ဦးမည်လော။
ထိုစဉ် စိတ်ဝိညဉ်စွမ်းအင်များ ကုအန် ဆီတိုး၀င်လာခဲ့ပြီး စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းသွားခဲ့ပြန်သည်။ သို့သော် သုံးစွဲမှုမှာ နှစ်တစ်သိန်းသာဖြစ်သောကြောင့် အဖြစ်အပျက်မှာ ယခင်အဖြစ်အပျက်များထက် အများကြီး မဆိုးဝါးခဲ့ပေ။
ထို့နောက် ကုအန် စနစ်ထဲရှိ သက်တမ်း ၅၈၀၀၀၀ ကိုကြည့်ကာ အနည်းငယ်တွန့်ဆုတ်နေမိသည်။ သူကျင့်ကြံခြင်းနောက်တစ်ဆင့်သို့ တက်သင့်ပါသလော။ သို့မဟုတ် နတ်သိုင်းများကို အဆင့်မြှင့်သင့်ပါသလော။
အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းသိုင်းနှင့် မဟာယင်ယန်ပြောင်းလဲခြင်းသိုင်းတို့သည် သူ၏ သရုပ်မှန်ကိုဖုံးကွယ်ပေးပြီး ထွက်ပြေးလွတ်မြောက်ရာ၌ အရေးပါသောသိုင်းများဖြစ်သည့်အတွက် မရှိမဖြစ် အဆင့်မြှင့်ရန် လိုအပ်သော သိုင်းများ ဖြစ်ကြ၏။
ထိုနှစ်ခုပြီးလျှင်တော့ တိုက်ခိုက်ရေးသိုင်း ၂မျိုးကို အဆင့်မြှင့်ရန် လိုပေသည်။
ဒီလိုတွေးကြည့်တော့လည်း ဘာလို့ငါ့သက်တမ်းက မလုံလောက်သေးသလို ခံစားနေရပါလိမ့်!
တိုက်ခိုက်ရေးသိုင်းတွေမှာ သက်တမ်းနည်းနည်းလျှော့သုံးလိုက်ရမလား!
နောက်ဆုံးတွင်သူသည် အဆင့်ကျော်၍ တိုက်ခိုက်မည့်လူမျိုးမဟုတ်ဘဲ လက်ရှိသူတတ်မြောက်ထားသော တိုက်ခိုက်ရေးသိုင်းများကလည်း မင်းဆက်ကိုးခုလုံးတွင် အတော်လေး နက်နဲသိမ်မွေ့လှသော နတ်သိုင်းမျိုးဟု သတ်မှတ်နိုင်ပေသည်။
ကုအန် ကျင့်ကြံခြင်းအဆင့်မြှင့်နေရင်း ရှေ့ဆက်ဘာကိုမြှင့်ရမလဲ ဆိုတာကို ဝေခွဲမရ ဖြစ်နေခဲ့၏။
သူ့ကိုယ်ထဲတွင်တော့ ကြောက်စရာကောင်းသောစိတ်ဝိညဉ်စွမ်းအားများ စီးဆင်းနေပြီး သူ့၀တ်စုံပင် ဖောင်းကားနေခဲ့ကာ အချိန်မရွေးပေါက်ကွဲထွက်တော့မလို ဖြစ်နေခဲ့သည်။
အပိုင်း(၉၆)
မဟာယနအဆင့်၈ သို့ချိုးဖျက်ခြင်း
ကုအန်၏ ကျင့်ကြံခြင်းအဆင့်မြင့်လာလေလေ မြောက်ပင်လယ်တောင်တန်းဒေသတွင်လည်း စိတ်ဝိညဉ်စွမ်းအင်များ ပိုမိုကျဆင်းလာလေဖြစ်ပြီး အရင်အခေါက်များနှင့် မတူသည်မှာ ဤတစ်ကြိမ်တွင် လေပြင်းများပါ တိုက်ခတ်လာခြင်း ဖြစ်သည်။
မိစ္ဆာများ ကျင့်ကြံသူများနှင့် တစ္ဆေများအားလုံးသည် အဝေးသို့ ထွက်ပြေးပုန်းရှောင်သွားကြပြီး စိတ်ဝိညဉ်စွမ်းအင်ကျဆင်းမှု ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
သူတို့လည်း ထိုအဖြစ်အပျက်သည် ဘာကြောင့်ဖြစ်နေမှန်း သေချာမသိကြဘဲ ပြီးဆုံးသွားဖို့သာ ဆုတောင်းနေခဲ့ကြ၏။
တောင်ကြားအတွင်းထဲတွင် လီရွှမ်တောက် ကပ်ဘေးကျော်ဖြတ်ခြင်းကို စတင်နေပြီဖြစ်သည်။
တောင်ကြားအပေါ်ဘက်တွင် မိုးကြိုးတိမ်တိုက်များ ရစ်ဝဲနေပြီး သာမန်မိုးကြိုးတိမ်တိုက်များနှင့်မတူသည်မှာ ထိုမိုးကြိုးတိမ်တိုက်များသည် ကောင်းကင်ပေါ်တွင်ရှိနေခြင်းမဟုတ်ဘဲ တောင်ထိပ်ထက် အနည်းငယ်သာ မြင့်သောနေရာတွင် တည်ရှိနေခြင်း ဖြစ်၏။
ထိုမိုးကြိုးတိမ်တိုက်အစုသည် ရစ်ဝဲနေရင်း နတ်စွမ်းအားများစုစည်းနေဟန်ရပြီး တိမ်တိုက်ထဲတွင် မိုးကြိုးအမျှင်များကို တွေ့မြင်နေရလေသည်။
လီရွှမ်တောက်မှာတော့ အစီအရင်စင်မြင့်ထက်တွင် ကျင့်ကြံနေပြီး သူ့ကိုယ်ကို ရွှေနဂါးအရိပ်များက ဝိုင်းပတ်နေကာ စွမ်းအင်များကြောင့် သူ့၀တ်စုံပင် ဖောင်းကားနေခဲ့သည်။
တခဏအကြာတွင်
လီရွှမ်တောက် မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့ပြီး ကောင်းကင်ပေါ်မှ သူ့ဆီကျဆင်းလာသော မိုးကြိုးတစ်စင်းကို ထက်ရှသောမျက်၀န်းဖြင့် ကြည့်ရှုလိုက်၏။
ဝုန်းးးး!
တောင်ကြားထဲရှိ ၀င်္ကပါတစ်ခုမှ အလင်းလွှာတစ်ခုပေါ်လာပြီး ကျဆင်းလာသော မိုးကြိုးအား တားဆီးလိုက်လေသည်။ ပထမမိုးကြိုးတစ်စင်း ကွယ်ပျောက်မသွားသေးခင်မှာပင် နောက်ထပ်မိုးကြိုးများ ထပ်မံကျဆင်းလာပြီး တောင်ကြားတစ်ခုလုံးသည် အလင်းရောင်များဖြင့် လင်းလက်သွားခဲ့၏။
ထိုစဉ် လီရွှမ်တောက် လက်မြှောက်လိုက်ရာ ရတနာဓားတစ်စင်းသူ့လက်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။ ဓားအား ဓားအိမ်မှထုတ်လိုက်သည်နှင့် ဓားထဲမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့ပြီး ဓားသွားတွင်လည်း သွေးချီများဖြင့် ရစ်သိုင်းနေကာ ဓားထဲတွင် ထောင်ချီသော မကောင်းဆိုးဝါးတစ္ဆေများ ရှိနေကြသလိုပင်။
လီရွှမ်တောက် ဓားအား သူ့ဘေးတွင် စိုက်ချထားလိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် မှော်သိုင်းများ ထုတ်သုံးလိုက်ရာ အစီအရင်စင်မြင့်မှ ၀င်္ကပါထဲသို့ စွမ်းအင်များ အရပ်မျက်နှာပေါင်းစုံမှ စီး၀င်သွားကြပြီး ၀င်္ကပါကို အားဖြည့်ပေးလိုက်သည်။
သူ့သိုလှောင်အိတ်ထဲမှလည်း စိတ်ဝိညဉ်ကျောက်တုံးများ ပျံထွက်လာကြပြီး အစီအရင်စင်မြင့်ကို အားဖြည့်ပေးနေခဲ့၏။
လီရွှမ်တောက် မျက်လုံးများအား မှိတ်ထားသော်လည်း သူ့ပါးစပ်ကိုဟထားရာ ဆေးပုလင်းများထဲမှ ဆေးများသည် သူ့ပါးစပ်ထဲသို့ အလိုလို၀င်လာနေကြပြီး ကပ်ဘေးကျော်ဖြတ်နိုင်စွမ်းကို တိုးမြှင့်ပေးနေခဲ့သည်။
ညကောင်းကင်တွင် လေပြင်းများတိုက်ခတ်နေခဲ့ပြီး မိုးကြိုးတိမ်တိုက်များကိုတော့ မှိန်ပျပျသာ မြင်နေရ၏။ အထက်ကောင်းကင်မှ ကြည့်လျှင် လီရွှမ်တောက်၏ တောင်ကြားသည် ကြီးမားလွန်းသော မြောက်ပင်လယ်တောင်တန်းဒေသ၌ မထင်မရှား ခပ်သေးသေးနေရာတစ်ခုသာဖြစ်ပြီး မိုးကြိုးတိမ်တိုက်များ စုဝေးကာ ပစ်ခတ်နေချိန်တွင်ပင် ထိုနေရာသည် ညဉ့်ကောင်းကင်ကြီးထက်က မှိန်ပျပျကြယ်လေးလိုသာ ဖြစ်နေခဲ့သည်။
…..
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့၏။
အချိန်တစ်နာရီခန့်ကြာသောအခါ ကုအန်၏ အဆင့်ချိုးဖျက်မှု ပြီးဆုံးသွားခဲ့ပြီး ဆန်းကြယ်နှလုံးသား အဆင့်၁ မှ အဆင့်၉ သို့ချိုးဖျက်သည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။
ဆန်းကြယ်နှလုံးသားအဆင့်သို့ ရောက်သောအခါ သူ့နှလုံးသားသည် ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်အလင်းများတောက်နေကာ ရွှေရောင်သွေးများ စီးဆင်းနေခဲ့၏။ သူ့နှလုံးသား၏ မျက်နှာပြင်ပေါ်တွင်လည်း မှော်သင်္ကေတအက္ခရာတစ်ခုပေါ်လာခဲ့ပြီး ထိုအက္ခရာသည် သူ့နှလုံးသားပေါ်တွင် ဆန်းကြယ်စွာ ပုံနှိပ်ရေးထိုးထားသလို ပေါ်လာခြင်းဖြစ်သည်။
ကုအန် စိတ်ဝိညဉ်စွမ်းအင်များ စုပ်ယူနေရင်း သူ့နှလုံးသားရှိ သင်္ကေတကို ခံစားနေခဲ့၏။
သူ့စိတ်အတွင်းပိုင်းတွင်လည်း ညဏ်အလင်းပွင့်မှုအချို့ ရရှိနေခဲ့သည်။
မူလနတ်စွမ်းအား!
ဆန်းကြယ်နှလုံးသားရှိ သင်္ကေတသည် ထိုသင်္ကေတပိုင်ရှင် ကျင့်ကြံသူတစ်ယောက်သာ ထုတ်လွှတ်နိုင်သော နတ်စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေး၏။
မည်သည့်အမျိုးအစား နတ်စွမ်းအား ထုတ်လွှတ်ပေးမည် ဆိုသည်မှာတော့ ကျင့်ကြံသူ၏ ကျင့်ကြံခြင်းသက်တမ်းတစ်လျှောက် အောင်မြင်မှုများနှင့် သက်ဆိုင်ပြီး ထိုအောင်မြင်မှူများအပေါ်လိုက်၍ နတ်စွမ်းအားမှာ ကွဲပြားပေသည်။
ကုအန် ထိုကံတရား၏ဆွဲဆောင်မှုကို ခံလိုက်ရပြီး ဆန်းကြယ်နှလုံးသားသင်္ကေတကြောင့် သူ့မှော်သိုင်းများနှင့်ပတ်သက်ပြီး အတွေးအမြင်သစ်များ ညဏ်အလင်းပွင့်သွားခဲ့၏။
တစ်ဖက်တွင်လည်း သူ့ကျင့်ကြံခြင်းမှာ ဆက်လက်တိုးတက်နေခဲ့သည်။
ဆန်းကြယ်နှလုံးသားအဆင့်၂!
ဆန်းကြယ်နှလုံးသားအဆင့်၃!
ဆန်းကြယ်နှလုံးသားအဆင့်၄!
ထိုစဉ်ကုအန် ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး သူ့အကြည့်သည့် တောအုပ်အထက်သို့ ရောက်ရှိသွားခဲ့၏။
တောအုပ်ထက်ရှိ ညဉ့်ကောင်းကင်တွင် မိုးကြီးတန်းကြီးတစ်တန်း ပေါ်ပေါက်လာပြီး ထိုမိုးကြိုးတန်းကြီးသည် ကောင်းကင်ပေါ်မှ ကျလာခြင်းမဟုတ်ဘဲ လေထုအလွှာထဲမှ ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်ပြီး ကောင်းကင်ထက်တွင် မိုးကြိုးပိုးကောင်ကြီးလို ရှိနေခြင်းဖြစ်သည်။
ဒါဘာကြီးလဲ!
ကုအန်မျက်ခုံးများ တွန့်ကွေးသွားကာ မလွယ်ကူတော့သလို ခံစားလိုက်ရ၏။
ထို့နောက် မိုးကြိုးတန်းကြီးသည် လေထဲတွင် စတင်ကွဲထွက်သွားပြီး မိုးကြိုးတန်းလေးများအဖြစ်ပြောင်းလဲသွားကာ ထိုမိုးကြိုးလေးများကြားထဲမှ လေဟာနယ်သည်စုတ်ပြဲသွားကာ အနက်ရောင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းထဲမှ ရှုပ်ပွနေသော ဆံပင်များဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ဆံပင်များရှုပ်ပွနေရုံသာမက သူ၏ အ၀တ်အစားများမှာလည်း စုတ်ပြဲနေလေရာ အ၀တ်အောက်မှ ဖြူဖွေးနေသော အသားလေးများကိုမြင်နေရပြီး ထိုပုံရိပ်မှာ အမျိုးသမီးမှန်းသိသာနေလေသည်။
ကုအန် လူစိမ်း၏အရှိန်အဝါကို အာရုံခံလိုက်မိပြီး ထိတ်လန့်သွားခဲ့ကာ သက်တမ်းစစ်ဆေးခြင်းဖြင့် စစ်ဆေးကြည့်လိုက်၏။
[လုလင်ကျွမ်း(တစ်သားတည်းဖြစ်ခြင်းအဆင့်၉): ၁၉၈၉/၂၇၅၀/၃၇၀၀]
အသက်နှစ်ထောင်နီးနီးရှိတဲ့ မိစ္ဆာအိုကြီးတစ်ကောင်လား!
ဤအမျိုးသမီးသည် ကုအန်တွေ့ဖူးသမျှလူတွေထဲ အသက်အကြီးဆုံးဖြစ်တာ သေချာပေသည်။
ထို့အပြင်သူမ၏ ကျင့်ကြံခြင်းအဆင့် တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ဆိုသည်မှာလည်း လုပိုင်ထျန်းနှင့် အဆင့်တူ ဖြစ်နေ၏။
ဤပုဂ္ဂိုလ်သည် မည်သူဖြစ်သနည်း။
လုလင်ကျွမ်းလေထဲတွင် သံသယဖြစ်နေပုံဖြင့် ရပ်နေခဲ့စဉ် သူ့နောက်မှ လေဟာနယ်အက်ကြောင်း ပျောက်ကွယ်သွားကာ မိုးကြိုးများလည်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ အပြာရောင်တာအို၀တ်စုံကို ထုတ်လဲလိုက်ပြီး သူမခါးလေးအား ခါးပတ်ဖြင့် ပတ်လိုက်၏။
ကုအန်လည်း ယောင်္ကျားမိန်းမကြားထားရမည့်စည်းကိုတောင် သတိမထားမိတော့ဘဲ ထိုမိန်းမ၏ မူလဇစ်မြစ်ကိုသိရှိလိုသောကြောင့် ဆက်ကြည့်နေခဲ့မိသည်။
လုလင်ကျွမ်း၏ ဆံရှည်များသည် လေထဲတွင် ဝေ့ဝဲနေကာ သူမ၏ ချောမောလှပကာ ပြည့်စုံလှသော မျက်နှာလေးသည် ပေါ်လွင်နေပြီး သူမမျက်လုံးထဲတွင် မရေရာမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ထိုစဉ် သူမဆံပင်များထဲမှ ဆံပင်တစ်ချောင်းသည် မြွေဖြူတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားကာ သူမပုခုံးပေါ်တွင် ရစ်ခွေသွားခဲ့သည်။
ကုအန် သက်တမ်းစစ်ဆေးခြင်းအား ထပ်မံအသုံးပြုလိုက်ပြန်၏။
[မြွေဖြူမိစ္ဆာဧကရီ(တစ်သားတည်းဖြစ်ခြင်းအဆင့်၈) : ၄၆၇၈/၆၂၈၀/၈၃၀၀]
တစ်သားတည်းဖြစ်ခြင်းအဆင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်လား!
ဒီမိန်းမက တကယ်ပဲ ဘယ်သူများလဲ!
မြွေဖြူသည် ပါးစပ်ဟ၍ လျှာတစ်ချက်ထုတ်သပ်လိုက်ပြီးသည့်နောက် သူ့ဆီမှ နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ဒီလို ကြွယ်၀တဲ့စိတ်ဝိညဉ်စွမ်းအင်မျိုး ကြည့်ရတာ ကျွန်မတို့တကယ်ပဲ အောင်အောင်မြင်မြင်တက်လှမ်းနိုင်ခဲ့ပြီထင်တယ်”
တက်လှမ်းခြင်းလား!
ထိုစကားလုံး၏ လေးလံမှုကြောင့် ကုအန် မျက်ခုံးများထပ်မံတွန့်ကွေးသွားရပြန်သည်။
လုလင်ကျွမ်းလည်း မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားပြီး ပြောလိုက်၏။
“ငါတို့ကမ္ဘာကူးနေတုန်းပေါ်လာတဲ့ ကောင်းကင်မိုးကြိုးရဲ့ အင်အားကတကယ်ကို ကြောက်စရာကောင်းလွန်းတယ် ငါသေတောင်သေတော့မလို့ တော်သေးတာက မိုးကြိုးရဲ့အားအနည်းဆုံးနေရာကို ပျံထွက်လာနိုင်ပြီး ဒီနယ်မြေကို ရောက်လာခဲ့တာ
စိတ်ဝိညဉ်စွမ်းအင် ကြွယ်၀မှုကိုကြည့်ရင်တော့ ဒီကမ္ဘာက ငါတို့လူသားကမ္ဘာထက် တကယ်ကို ကြွယ်၀လွန်းတယ် ဒါပေမယ့် တက်လှမ်းခြင်းအောင်မြင်ခဲ့ရင်တောင် ငါတို့ခရီးကိုဆက်ဖို့ လိုနေသေးတယ်”
မြွေဖြူမိစ္ဆာဧကရီလည်း အဝေးသို့ကြည့်နေရင်း ပြောလိုက်၏။
“ဒီနေရာက စိတ်ဝိညဉ်စွမ်းအင်တွေက ကျဆင်းနေတယ် နောက်ပြီး အဝေးမှာလည်းတစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာစွမ်းအင်တွေရှိနေတယ် ဒါတွေက တက်လှမ်းခြင်းအောင်မြင်တဲ့ လက္ခဏာတွေဆိုတာ ထင်ရှားပါတယ် ကျွန်မတို့ လူသားကမ္ဘာမှာ နှစ်ပေါင်း၂၀၀တိုင် လှည့်လည်သွားလာခဲ့ပြီး ကမ္ဘာအဆုံးထိအောင် ရောက်ခဲ့ကြတယ် မိစ္ဆာဂိုဏ်းမှာ ကျွန်မကလွဲ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူမရှိတော့ဘူး လူသားတွေဘက်မှာလည်း ၅ယောက်ထက်ပိုမရှိဘူး ဒဏ္ဍာရီလာ မဟာကောင်းကင်နှင့်မြေပြင်မှာပဲ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူတွေ ပေါ်လာကြတာ”
မဟာကောင်းကင်နှင့်မြေပြင်တဲ့လား!
ထိုစကားကိုကြားသောအခါ ကုအန်၏စိတ်၀င်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။
ကြည့်ရသည်မှာ ထိုနှစ်ယောက်သည် ဤကမ္ဘာထက် အားနည်းသောကမ္ဘာတစ်ခုမှ လာခဲ့ပုံပေါ်၏။
ဤကမ္ဘာကြီးသည် အလွန်ကျယ်ပြန့်ပြီး မည်မျှကျယ်ပြန့်မှန်း ဘယ်သူမှမသိကြပေ။ မင်းဆက်ကိုးခုဆိုသည်မှာ ဤကုန်းမြေတိုက်ကြီး၏ ထောင့်စွန်းလေးတစ်နေရာသာဖြစ်ပြီး သမုဒ္ဒရာကြီး၏ဟိုဘက်ခြမ်းတွင် မည်သည့်အရာများ တည်ရှိသည်ကို ဘယ်သူမှမသိကြပေ။ အနည်းဆုံးတော့ တစ်သားတည်းဖြစ်ခြင်းအဆင့်သည် ဤကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော ကျင့်ကြံခြင်းအဆင့်ဟု ကုအန် မယုံပေ။
ဤကျင့်ကြံခြင်းကမ္ဘာ၏ကြီးမားကျယ်၀န်းမှုကို စဉ်းစားမိပြီး ကုအန် သက်ပြင်းသာ ချလိုက်မိသည်။
မင်းဆက်ကိုးခုအပေါ် အပြင်ဘက်မှ အင်အားကြီးစွမ်းအားတစ်မျိုးမျိုး ကျရောက်လာမည်ကို ကုအန် ကြောက်နေမိ၏။ ဤသို့ဆိုသော်လည်း ဆန်းကြယ်နှလုံးသားအဆင့်၉ သည်မလုံလောက်တော့သလိုပင်။
လူတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်အတွဲသည် ဤကမ္ဘာသို့ မည်သည့်နောက်ခံမှမရှိဘဲ တက်လှမ်းလာခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ဤကမ္ဘာနှင့် အသားကျရန် အချိန်အနည်းငယ်တော့ လိုအပ်၏။
တခဏကြာ စကားပြောပြီးသောအခါမှသာ သူတို့နှစ်ယောက် တောင်ဘက်သို့ ပျံသန်းသွားခဲ့ကြသည်။
တောင်ဘက်တွင် လူသားများ၏ စိတ်ဝိညဉ်စွမ်းအင်ကြွယ်၀ပြီး မြောက်ဘက်တွင် မိစ္ဆာစွမ်းအင်များကြွယ်၀သည်ကို သူတို့ခံစားမိကြခြင်းကြောင့်ဖြစ်၏။
သူတို့ အဓိပတိဂိုဏ်းဆီ ဦးတည်ရောက်မသွားဖို့သာ မျှော်လင့်ပါတယ်!
ကုအန် ကြိတ်၍ ဆုတောင်းလိုက်မိသည်။
သူတို့စကားဝိုင်းအရ သူတို့၏တက်လှမ်းခြင်းအောင်မြင်မှုသည် သူ၏သက်တမ်းအလွှာအကူအညီကြောင့်သာ ဖြစ်ရမည်ဟု ကုအန် သံသယဖြစ်နေမိ၏။
ကောင်းကင်ကပ်ဘေးကို ရှောင်ရှားနိုင်သော သက်တမ်းအလွှာသည် ကောင်းကင်မိုးကြိုးများကို အားနည်းသွားစေနိုင်ပြီး ထို့ကြောင့်ပင် ထိုအမျိုးသမီးက ကောင်းကင်မိုးကြိုး၏ အားနည်းသည့်နေရာကို ထိုးဖောက်ပျံသန်းခဲ့စဉ်က ကောင်းကင်မိုးကြိုးအားအနည်းဆုံးနေရာဖြစ်သော ကုအန်၏ သက်တမ်းအလွှာရှေ့သို့ တည့်တည့်ကျလာခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် ကုအန် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့၏။
ကမ္ဘာတစ်ခုလုံးကို တိုက်ခိုက်ကာလမ်းဖောက်၍ အခြားအဆင့်မြင့်သော ကမ္ဘာတစ်ခုသို့ တက်လှမ်းခဲ့သော သူမျိုးသည် ကြောက်စရာကောင်းသော ဇာတ်ကောင်တစ်ကောင်ဖြစ်တာ သေချာပေသည်။ ထိုသို့သော သူမျိုးသည် သူတို့၏လမ်းစဉ်အရ ဤကမ္ဘာတွင်လည်း အမြင့်ဆုံးထိ ဆက်လက် တက်လှမ်းရန်မှာ သေချာ၏။
မဖြစ်သေးဘူး!
ဆန်းကြယ်နှလုံးသားအဆင့်၉က မလုံလောက်သေးဘူး!
နတ်သိုင်းတွေကို အဆင့်မြှင့်ဖို့ စောင့်လိုက်ဦးမယ် အရင်ဆုံး မဟာယနအဆင့်ကို တက်လိုက်ကြတာပေါ့!
လုလင်ကျွမ်းနှင့် မြွေဖြူမိစ္ဆာဧကရီလို ကြောက်မက်ဖွယ်စွမ်းရည်များနှင့် လူမျိုးပင် မဟာယနအဆင့်ကိုရော နှစ်၁၀၀တည်းနှင့် ရောက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကုအန် မဟာယနအဆင့်သို့ သူတို့မတိုင်ခင်ရောက်ထားမှသာ သူ့အတွက် လုံခြုံစိတ်ချရပေလိမ့်မည်။
ကုအန် ချက်ချင်းစနစ်ကို ဖွင့်လိုက်လေသည်။
သူ၏ ကျင့်ကြံခြင်းတက်နေမှု မပြီးဆုံးသေးသော်လည်း ကုအန် နောက်တစ်ခါသက်တမ်းထပ်ထည့်ဖို့ ပြင်ဆင်နေခဲ့၏။
စွမ်းအင်စုပ်ယူတာကိုနောက်မှပဲ ပေါင်းလုပ်လိုက်တာပေါ့!
ပုံမှန်အတိုင်း ကျင့်ကြံခြင်းအဆင့်ချိုးဖျက်ဖို့က သက်တမ်း ၁သိန်းပဲ သုံးလိုက်ကြမယ်!
[သင်သည် ကျင့်ကြံခြင်းတွင် သက်တမ်းတစ်သိန်းပေါင်းထည့်ခဲ့ပါသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၁၀၀၀ကြာ ကျင့်ကြံခဲ့ပါသည်။ သင်သည် မူလေမြကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီး မဟာယနအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် သင်သည်ရွှမ်ဟွမ်းနတ်ဘုရားငါးပါးကောင်းကင်ကပ်ဘေးတွင် မရှင်သန်နိုင်ခဲ့ဘဲ သင်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှူံးခဲ့ရသည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်၃၀၀၀ကြာ ကျင့်ကြံခဲ့ပါသည်။ သင်သည် မူလေမြကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ပြီး မဟာယနအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သို့သော် သင်သည်ရွှမ်ဟွမ်းနတ်ဘုရားငါးပါးကောင်းကင်ကပ်ဘေးတွင် မရှင်သန်နိုင်ခဲ့ဘဲ သင်၏ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှူံးခဲ့ရသည်]
…..
ကောင်းကင်ကပ်ဘေးကို နှစ်၂ထောင်ကြာတိုင်း တစ်ခါကျရှုံးနေရခြင်းကြောင့် ကုအန်မလွယ်ကူဘူးဟု ခံစားနေရ၏။
သက်တမ်းသုံးစွဲ၍ ကျင့်ကြံခြင်းသည် အပြင်လောကတွင်ကျင့်ကြံခြင်းထက် သက်တမ်းပိုကုန်ကျသည် ဆိုပါသော်လည်း မဟာယန အဆင့်သည် မည်မျှခက်ခဲမှန်းတော့ သိသာနေသေးသည်။
နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော အဓိပတိဂိုဏ်း၏ စာအုပ်မျှော်စင်တွင်ပင် မဟာယနအဆင့်၏ အချက်အလက်များမရှိသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
ကုအန် နောက်ထပ် သက်တမ်းတစ်သိန်းထပ်ထည့်ဖို့ပါ ပြင်ဆင်ထားလိုက်၏။
နောက်ဆုံးတွင် သက်တမ်းများသည် ဂဏန်းများသက်သက်သာဖြစ်ပြီး ကျင့်ကြံခြင်းထဲထည့်ပေါင်းလိုက်မှသာ အပြင်လောကရှိ အရာတစ်ခုဖြစ်လာမည် ဖြစ်သည်။
ကျရှုံး!
ကျရှုံး!
ကျရှုံး!
နောက်ဆုံးရလဒ်မှာ ကုအန်ထင်ထားခဲ့သလိုပင် သက်တမ်းတစ်သိန်းကုန်သွားသည့်အချိန်တွင်ပင် သူမအောင်မြင်ခဲ့ပေ။
ကုအန် အံတင်းတင်းကြိတ်လိုက်ပြီး နောက်ထပ်သက်တမ်း ၁သိန်းထပ်ထည့်လိုက်ပြန်၏။
ထိုအခါ စာကြောင်းများထပ်မံပေါ်ပေါက်လာပြန်ပြီး မပြောင်းလဲသော ကျရှုံးမှုများကြောင့် ကုအန် သွေးတက်လာရသည်။
ဆန်းကြယ်နှလုံးသားအဆင့်၉ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် အလွယ်တကူဒေါသထွက်လို့ ဖြစ်မှာလဲ!
သို့သော် ယခုတော့ ကုအန်သူ့ခံစားချက်များကို မထိန်းနိုင်တော့ပေ။
နောက်ဆုံးတော့!
ကုအန် အောင်မြင်သည် ဟူသော စာလုံးလေးကိုမြင်လိုက်ရမှသာ သက်ပြင်းချလိုက်နိုင်ပြီး သူ့မျက်နှာတွင်လည်း အပြုံးတစ်ခု ပွင့်လန်းလာခဲ့၏။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၈၇၀၀၀ကျင့်ကြံခဲ့ပြီး မူလမြေကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများကြောင့် မဟာယနအဆင့်သို့ချိုးဖျက်ရန် ကောင်းကင်ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သည်။ သင်သည် ရွှမ်ဟွမ်းနတ်ဘုရားငါးပါးကောင်းကင်ကပ်ဘေးတွင် ရှင်သန်နိုင်ခဲ့ပြီး သင်၏ကပ်ဘေးကျော်ဖြတ်ခြင်းသည် အောင်မြင်ခဲ့ကာ သင်၏ကျင့်ကြံခြင်းသည် မဟာယနအဆင့်၁ သို့ရောက်ရှိသွားခဲ့သည်]
…
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၉၂၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် မဟာယနအဆင့်၅ သို့ရောက်ရှိလာခဲ့သည်]
သင်သည်စွမ်းအင်စုပ်ယူခြင်းကိုနှစ်ပေါင်း ၉၄၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် မဟာယနအဆင့်၆ သို့ရောက်ရှိလာခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၉၆၀၀၀ ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် မဟာယနအဆင့်၇ သို့ရောက်ရှိလာခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၉၉၀၀၀ကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် မဟာယနအဆင့်၈ သို့ရောက်ရှိလာခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၁သိန်းကျင့်ကြံခဲ့ပြီး သင်၏ကျင့်ကြံခြင်းသည် တိုးတက်လာခဲ့သည်]
မဟာယန အဆင့်၈!
သက်တမ်း၂သိန်း!
ကုအန် ပြန်တွေးမိလိုက်စဉ် အနည်းငယ်ပင်ကြက်သီးထသွားခဲ့ရသော်လည်း ကျေးဇူးတင်စရာကောင်းသည်မှာ သူအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ကပ်ဘေးအားဖြတ်ကျော်ပြီးသည်နှင့် သူအဆင့်ငယ်များတက်ဖို့ သုံးရသည့် သက်တမ်းမှာ ထိုမျှမများသည်မှာ ကုအန်၏ စိတ်ဝိညဉ်အမြစ်နှင့် ကျင့်စဉ်များ အဆင့်မြင့်လာသည်ကို သက်သေပြနေကြ၏။ သူဆန်းကြယ်နှလုံးသား အဆင့်၁မှ အဆင့်၉ သို့ရောက်ဖို့ကို သက်တမ်း၁၈၀၀၀သာ သုံးခဲ့ရပေသည်။
မဟာယနအဆင့်တွင် ကျင့်ကြံရသည်မှာ ပိုမိုခက်ခဲလာသည်မှန်သော်လည်း သူ့စိတ်ဝိညဉ်အမြစ်နှင့် ကျင့်စဉ်၏အစွမ်းကြောင့် သူအတော်လေး အချိန်လျှော့ခဲ့နိုင်သေး၏။ ထို့အပြင် ထိုစိတ်ဝိညဉ်အမြစ်နှင့် ကျင့်စဉ်၏အစွမ်းသည် စနစ်ကိုအသုံးပြုရာတွင်သာ မဟုတ်ဘဲ အပြင်လောက၌လည်း အတော်လေး အသုံး၀င်နေဦးမည် ဖြစ်သည်။
ထိုသို့တွေးမိမှသာ ကုအန် အတော်လေးယုံကြည်မှုပြန်ရှိလာခဲ့၏။
ဤကုန်းမြေတိုက်ကြီးပေါ်ရှိ အသန်မာဆုံး တည်ရှိမှုများနှင့် သမုဒ္ဒအလွန်ရှိနယ်မြေများကို ဘေးဖယ်ထားလျှင် ကုအန်သည် မင်းဆက်၉ခုတွင်တော့ အပူအပင်ကင်းစွာ လှည့်လည်သွားလာနိုင်နေပြီ ဖြစ်သည်။
လုပိုင်ထျန်းလို တစ်သားတည်းဖြစ်ခြင်းအဆင့်၉ တစ်ယောက်ပင် မိစ္ဆာဂိုဏ်းများအားလုံး၏ ကျူးကျော်မှုကို တားဆီးနိုင်ခဲ့ပြီး မိစ္ဆာများသည် သူ့တည်ရှိမှုကြောင့် မကျူးကျော်ရဲတော့တာကို ကြည့်ပါက ထိုက်ကန်မင်းဆက်သည် မင်းဆက်၉ခုတွင် အောက်ခြေမှ မင်းဆက်အသေးလေးတစ်ခုတော့ မဖြစ်တန်ရာပေ။ အကယ်၍ အခြားမင်းဆက်များတွင် ပိုမိုသန်မာသော တည်ရှိမှုများ ရှိနေသည်ဆိုလျှင်တောင် ထိုပုဂ္ဂိုလ်များသည် ဆန်းကြယ်နှလုံးသားအဆင့်ကိုတော့ ကျော်လွန်မည် မဟုတ်ပေ။