အခန်း (၉၉-၁၀၀)
Vol. 9 Ch. 99-100
အပိုင်း(၉၉)
အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်း၊ အဓိပတိအကြီးအကဲ
ညဉ့်အချိန်တွင် နှင်းများက မြောက်ပင်လယ်တောင်တန်းဒေသတွင် တဖွဲဖွဲကျဆင်းနေကြသည်။
ကုအန် တောင်ကမ်းပါးတစ်ခုတွင်ထိုင်ကာ သက်တမ်းအလွှာကိုဖွင့်ထားရင်း အဆုံးအစမဲ့ဆန်းကြယ်ကောင်းကင်ခြေလှမ်းထဲသို့ သက်တမ်း နှစ်၁သိန်းပေါင်းထည့်လိုက်၏။
ထိုအခါအဆုံးအစမဲ့ ဆန်းကြယ်ကောင်းကင်ခြေလှမ်းသည် အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် ထိုသိုင်းကိုလည်း အထွတ်အထိပ်အဆင့်အထိ အောင်မြင်သွားခဲ့၏။
မြောက်ပင်လယ်တောင်တန်းဒေသတွင် စိတ်ဝိညဉ်စွမ်းအင်များ ကျဆင်းလာပြီးနောက် ကုအန် အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကို စတင်အမွေဆက်ခံလေတော့သည်။
တစ်နာရီခန့်ကြာသောအခါ ကုအန်မျက်လုံးများပွင့်လာပြီး အမွေဆက်ခံခြင်း ပြီးဆုံးသွားခဲ့၏။
အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းသိုင်းနှင့်ဆိုပါက လူတစ်ယောက်သည် တိုက်ပွဲတွင် တစ်ဖက်လူ၏ တိုက်ကွက်များကို ကြိုတင်ခန့်မှန်းနိုင်ရုံသာမက စည်းများ ၀င်္ကပါများကိုလည်း ဖြတ်ကျော်နိုင်ပေသည်။
ဒီသိုင်းက တိုက်ခိုက်ရေးရော လွတ်မြောက်ရေးအတွက်ပါ ကောင်းတဲ့သိုင်းမျိုးပဲ!
ကုအန် နောက်တစ်လကြာမှသာ သူ၏မဟာယင်ယန်ပြောင်းလဲခြင်းသိုင်းကို အဆင့်လာမြှင့်မည်ဟု စီစဉ်ထားခဲ့၏။
ထို့နောက် အဓိပတိဂိုဏ်းဆီသို့ ပြန်လာခဲ့လေသည်။
ကုအန်လမ်းတစ်လျှောက်လုံးတွင် နတ်အာရုံကိုဖြန့်ကျက်၍ လီယကို ရှာဖွေနေခဲ့၏။
လီယသည် မြောက်ပင်လယ်ကန်ဘေးတွင် ကုအန်ပေးခဲ့သော ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို အပြင်းအထန်လေ့ကျင့်နေခြင်းဖြစ်ပြီး သူဘယ်အချိန်ထိုသိုင်းကို တတ်မြောက်သွားမလဲဆိုတာတော့ မသေချာသေးပေ။
ကုအန် လီယနှင့် အန်းဟောင်တို့ တွေ့ဆုံမည့်အချိန်ကို စောင့်နေမိသည်။ ထိုနှစ်ယောက်သည် တိုက်ခိုက်ကြသည့်အခါ နှစ်ယောက်လုံးက ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို သုံးမိပြီး အံ့ဩသွားကြမည့်အဖြစ်ကို ကုအန် မြင်ယောင်နေမိ၏။
အဲ့တာက အတော်လေးစိတ်၀င်စားစရာကောင်းမှာပဲ!
ကုအန် ကောင်းကင်နဂါးကိုရှာဖွေရာမူ မြောက်ပင်လယ်တောင်တန်းဒေသတွင် သူ့ကိုဘယ်မှာမှ မတွေ့ရတော့ပေ။
ဒီကောင် မြောက်ပင်လယ်တောင်တန်းဒေသက မိစ္ဆာတွေနှင်ထုတ်တာ ခံလိုက်ရတာများလား။
သူအစားခံလိုက်ရခြင်းလည်း ဖြစ်နိုင်ပေသည်။ အဲ့ဒီလိုဆိုရင်တော့ သူ့ကံဆိုးမှုကိုသာ အပြစ်တင်ရပေလိမ့်မည်။
အာရုံမတက်ခင် ကုအန် ဆန်းကြယ်တောင်ကြားသို့ အရောက်ပြန်လာခဲ့လေသည်။
….
နှစ်သစ်ကူးသို့ တစ်ဖန်ရောက်ရှိလာခဲ့ပြီး နွေဦးပွဲတော်လည်း ကျင်းပခဲ့ရပြန်သည်။
လုပိုင်ထျန်းတတိယတောင်ကြား၏ နွေဦးပွဲတော်ကိုဆင်နွှဲရန် သူ့တပည့်အသစ်လေး အန်းဟောင်ကိုပါ ခေါ်လာခဲ့၏။ အန်းဟောင်မှာလည်း အပြင်စည်းဂိုဏ်းမှ အန်းရှင်းကိုခေါ်ရန် လိုက်လာခဲ့ခြင်း ဖြစ်သည်။
အရွယ်ရောက်လာပြီဖြစ်သော အန်းရှင်းမှာ ယခုအခါ နှစ်လိုဖွယ်ကောင်းစွာ လှပကျော့ရှင်းနေပြီဖြစ်ပြီး အန်းဟောင်ဘေးတွင်ရပ်လိုက်သောအခါ သူတို့မှာ နတ်ဖက်သောစုံတွဲကဲ့သို့ပင်။
ကုအန်နှင့်လုပိုင်ထျန်းတို့ သစ်ပင်အိုကြီးတစ်ပင်အောက်တွင် ထိုင်ကာ သောက်ကြစားကြရင်း တတိယတောင်ကြားရှိ ကိစ္စအသေးအဖွဲလေးများအကြောင်း ပြောဆိုကြနေကြသည်။
လုပိုင်ထျန်းပြောပုံအရ သူ့ဘ၀၏အအေးချမ်းဆုံးနေ့ရက်များမှာ တတိယတောင်ကြားတွင် နေခဲ့ရသော နေ့ရက်များဟု ဆို၏။
“ဂိုဏ်းချုပ် တတိယတောင်ကြားကိုအဲ့လောက်စိတ်ဝင်စားနေရင် ဘာလို့ ဂိုဏ်းချုပ်နေရာကဖယ်ပေးပြီး ဒီမှာပဲ ဉယျာဉ်မှူးလာမလုပ်တာလဲ” ကုအန် စနောက်လိုက်သည်။ သူတို့ဆက်ဆံရေးသည် ပိုမိုရင်းနှီးလာသောကြောင့် ကုအန် လုပိုင်ထျန်းကိုပင် စနောက်ရဲနေပြီ ဖြစ်၏။
ဒါပေါ့ သူစနောက်ရဲသည့်အဓိကအကြောင်းအရင်းမှာ သူ၏ မဟာယနအဆင့်ကျင့်ကြံခြင်းကြောင့် ဖြစ်ပေသည်။
လုပိုင်ထျန်းခေါင်းခါလိုက်ကာ ရယ်မောလိုက်၏။ “အဲ့လောက်တော့မလွယ်ဘူး ငါသာ ဂိုဏ်းချုပ်နေရာကို လက်လျှော့လိုက်ရင် မကြာခင်ပဲ သစ္စာဖောက်အဖြစ်တံဆိပ်ကပ်ခံရပြီး ဂိုဏ်းရဲ့မကောင်းမှုတွေအကုန်လုံးအတွက်လည်း တာ၀န်ယူရပြီး မိစ္ဆာဂိုဏ်းသူလျှိုလို့တောင် စွပ်စွဲခံရနိုင်သေးတယ်”
“နောက်ပြီး ငါ့ကိုထောက်ခံနေတဲ့ လုမိသားစုနဲ့ ကုမိသားစုကလည်း ဒါမျိုးအဖြစ်ခံမှာမဟုတ်ဘူး အဓိပတိဂိုဏ်းထဲမှာ ကျင့်ကြံခြင်းကအဓိကဆိုပေမယ့် တစ်ခါတလေတော့လည်း ကျင့်ကြံခြင်းမြင့်တာနဲ့ အရာအားလုံးလုပ်လို့ရနေတာတော့ မဟုတ်ပြန်ဘူး”
သူပြောနေသည့်လေသံမှာ လေးနက်ကာ အဓိပ္ပာယ်ပြည့်၀နေပြီး ကုအန် တစ်ခုခုအား သဲလွန်စပေးနေသလိုပင်။
ကုအန် စကားလွှဲလိုက်၏။ “လတ်တလော တခဏဂိုဏ်းရဲ့ ဂိုဏ်းခွဲတစ်ခု ကျင့်ကြံခြင်းကမ္ဘာမှာပေါ်လာတာ ဂိုဏ်းချုပ်ကြားမိတယ် မဟုတ်လား”
လုပိုင်ထျန်းခေါင်းညိတ်လိုက်ကာ ကုအန် ကို ဝိုင်အနည်းငယ်ငှဲ့ပေးလိုက်ပြီး ပြောလိုက်သည်။
“အဓိပတိဂိုဏ်းက တခဏဂိုဏ်းရဲ့တည်ရှိမှုကို သတိထားမိနေတာ ကြာပါပြီ ပြောရရင် လွန်ခဲ့တဲ့နှစ်နှရာလောက်က တခဏဂိုဏ်းက ထိုက်ကန်မင်းဆက်ကို စိမ့်၀င်ဖို့ ကြိုးစားခဲ့ဖူးတယ် အဲ့အချိန်တုန်းက တော်၀င်မိသားစုတောင် တခဏဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့ရတယ်
အဲ့ဒီတုန်းက ငါကပဲ အဓိပတိဂိုဏ်းကိုဦးဆောင်ပြီး မြောက်ပင်လယ်မှာ တိုက်ပွဲတစ်ခုဆင်နွှဲပြီး တခဏဂိုဏ်းကို မောင်းထုတ်နိုင်ခဲ့တာ”
“အခုတခဏဂိုဏ်းပြန်ပေါ်လာတာက အဓိပတိဂိုဏ်းက တိုက်ပွဲကြီးတစ်ခုကိုကြုံတွေ့ခဲ့ရပြီး အားနည်းသွားပြီထင်လို့ ပေါ်လာရဲကြတာ တကယ်လည်း လက်ရှိအချိန်ဂိုဏ်းက တခဏဂိုဏ်း မိစ္ဆာဂိုဏ်းတွေကို ဝါးမြိုနေတာကို တားဆီးနိုင်စွမ်းမရှိဘူး”
ထိုစကားကိုကြားသောအခါ ကုအန် မရေရာဟန်ဖြင့် မေးလိုက်သည်။
“ဒါဆို ကျွန်တော်တို့ဘာလုပ်ကြရမှာလဲ သူတို့ကိုဒီတိုင်းပဲ ကြီးထွားလာခွင့်ပြုထားရမှာလား”
လုပိုင်ထျန်းခပ်အေးအေးသာ ပြန်ဖြေလိုက်၏။ “အဲ့တာက ကိစ္စမရှိပါဘူး အဓိပတိဂိုဏ်းထဲမှာ တခဏဂိုဏ်းက သူလျှိုတွေရှိသလို သူတို့ဂိုဏ်းထဲမှာလည်း ငါတို့သတင်းပေးတွေရှ်ိပါတယ် တခဏဂိုဏ်းက ဂိုဏ်းခွဲတွေအများကြီးရှိတယ် ဒါပေမယ့် အခုထိငါတို့က သူတို့မူလသရုပ်မှန်ကို မသိရသေးဘူး ရန်သူကိုသိရှိပြီး မိမိကိုယ်ကိုယ်လည်းသိရှိရင် တိုက်ပွဲတစ်ရာတိုက်တောင်မရှုံးနိုင်ဘူးတဲ့ အဲ့တာကြောင့် စောင့်ပဲကြည့်နေကြတာပေါ့ နောက်ပြီး ငါလည်းကောင်းကင်ကံကြမ္မာကို ချိုးဖျက်ဖို့ ပြင်ဆင်နေတယ်”
ထိုအရာကို အဘယ်ကြောင့်ကိစ္စမရှိဘူးဟု သတ်မှတ်နိုင်မည်နည်း။
လက်ရှိသူတို့သည် ရန်သူ၏ အစစ်အမှန်အင်အားကိုပင် သိမနေဘူး မဟုတ်ပါလား။
လုပိုင်ထျန်းသည် ရန်သူကိုမတိုက်ခိုက်ခင် အဆင့်ချိုးဖျက်ချင်သောကြောင့် စိတ်အေးချင်ယောင်ဆောင်နေသည်ဟု ကုအန်ခံစားလိုက်ရသည်။
“တခဏဂိုဏ်းဆိုမှ ငါဂိုဏ်းထဲက ပါရမီအရှိဆုံး တပည့်ငယ်ဆယ်ယောက်ကို တတိယတောင်ကြားကိုပို့ထားမယ်လို့ စီစဉ်ထားတယ် သူတို့က မင်းကိုလည်းကာကွယ်ပေးနိုင်သလို မင်းစိတ်ထားကိုအတုယူပြီးလည်း ကျင့်ကြံနိုင်တာပေါ့” လုပိုင်ထျန်းပြုံး၍ ပြောလိုက်၏။
ကုအန် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်သည်။ “သူတို့က ကျွန်တော်နဲ့ဘာလုပ်ဖို့ လာကျင့်ကြံမှာလဲ
ကျွန်တော်လည်း သူတို့ကို ဘာလမ်းညွှန်ချက်မှ မပေးနိုင်ဘူးလေ”
“မင်းလမ်းညွှန်ပေးစရာမလိုပါဘူး သူတို့ဖာသာ ဒီနေရာမှာနေထိုင်ရတဲ့ ဘ၀ကိုခံစားပြီး သူတို့စိတ်တည်ငြိမ်အေးချမ်းသွားရင်ရပြီ” လုပိုင်ထျန်းခေါင်းခါကာ ပြန်ပြောလိုက်သည်။
ကုအန်ရုတ်တရက် ထိုလူသည် သူ့ကို ဆရာသခင်ဓားအရှင်မှန်း သိသွားပြီလားဟု သံသယဖြစ်သွားမိသည်။
မဟုတ်လျှင် အဘယ်ကြောင့် သူ့ကိုထိုမျှကောင်းနေပြီး ပါရမီရှင်ဆယ်ယောက်ကိုပင် သူ့အောက်တွင်ထားဖို့ ပို့ပေးမည်နည်း။
သူတို့ကို ဒီနေရာပို့လိုက်သည်မှာ ဆရာသခင်ဓားအရှင်ဆီမှ လမ်းညွှန်မှု ခံယူဖို့ ပို့လိုက်ခြင်း ဖြစ်နိုင်ပါသလော။
ကုအန် ထိုအကြောင်းကိုသံသယ၀င်နေသောကြောင့် ဆရာသခင်ဓားအရှင်ဆိီမှာဘာေကြာင့် သွားမသင်ခိုင်းသလဲဟု စကားအစ်ကြည့်လိုက်သည်။
လုပိုင်ထျန်းမျက်မှောင်ကြုံ့သာ ပြန်ပြောလိုက်၏။
“အမှန်တော့ ငါတို့မှာ ဆရာသခင်ဓားအရှင်ဘယ်သူလဲဆိုတာနဲ့ ပတ်သက်တဲ့ သဲလွန်စလေးတစ်ခုတောင်မရှိဘူး ကြည့်ရတာသူက အမည်မဖော်လိုတဲ့ တိတ်တဆိတ်ကျင့်ကြံသူတစ်ယောက်ယောက်ပဲဖြစ်ရမယ် အမတကျင့်ကြံခြင်းကမ္ဘာမှာ အဲ့လိုကိစ္စတွေကလည်း မရှိတာတော့ မဟုတ်ဘူးလေ
အဓိပတိဂိုဏ်းက တည်ရှိလာခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ မွေးထုတ်ပေးလိုက်တဲ့ တပည့်ပေါင်းကလည်း သန်းနဲ့ချီတယ် အဲ့ဒီထဲမှာ အချို့က ကံကြမ္မာကောင်းတွေနဲ့ တွေ့ခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့မဖော်ပြချင်ကြတာတွေ ရှိကြတယ်”
“နောက်ဖြစ်နိုင်ချေတစ်ခုက ဆရာသခင်ဓားအရှင်က ဂိုဏ်းရဲ့ အဓိပတိအကြီးအကဲကြီးတွေထဲက တစ်ယောက်ဆိုတာပဲ အဓိပတိအကြီးအကဲကြီးတွေကဖမ်းရခက်တယ် တစ်ခါတလေမှသာ မမျှော်လင့်ဘဲ ဂိုဏ်းကိုပြန်လာတတ်တာ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်က လမ်းမှန်ဂိုဏ်းဆိုတဲ့ စာလုံးကိုကြည့်ရင် ကြည့်ရတာအဓိပတိအကြှီးအကဲကြီးတစ်ယောက်က ဂိုဏ်းရဲ့လမ်းစဉ်ကို ၀င်တည့်မတ်ပေးခဲ့ပုံပဲ”
အဓိပတိအကြီးအကဲတစ်ယောက်တကယ်ရှိနေတာပဲ!
လုပိုင်ထျန်းကြောက်ရွံ့မနေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
ကုအန်လည်း လုပိုင်ထျန်းသူ့ကို ဆရာသခင်ဓားအရှင်မှန်း သိနေတာမဟုတ်မှန်း စိတ်ရှင်းသွားရသည်။
တကယ်တော့ ကုအန်အတွေးလွန်နေခြင်းသာ ဖြစ်၏။
သူ့အသက်သည် မည်မျှရှိသေးသနည်း။
ဘယ်သူက သူ့ကိုဆရာသခင်ဓားအရှင်ဟု ထင်နိုင်ပါမည်နည်း။
အများဆုံးသူတို့တွေးမည်မှာ သူနှင့်ဆရာသခင်ဓားအရှင်တို့ ပတ်သက်မှုတစ်ခုခုရှိမည်ဟုသာ တွေးနိုင်မည်ဖြစ်သည်။
ကုအန်စိတ်ရှင်းသွားသောကြောင့် ဆက်မေးလိုက်၏။
“ဂိုဏ်းချုပ် ဂိုဏ်းချုပ်သာ အဆင့်ချိုးဖျက်ပြီးရင် တခဏဂိုဏ်းတစ်ခုလုံးကို တစ်ယောက်တည်းရှင်းပစ်နိုင်လောက်လား”
လုပိုင်ထျန်းရယ်မောကာ ပြန်ပြောလိုက်သည်။ “တကယ်လို့ တခဏဂိုဏ်းကသာ လွန်ခဲ့တဲ့နှစ်နှစ်ရာလောက်က အင်အားမျိုးပဲရှိနေမယ်ဆိုရင် ငါအဆင့်ချိုးဖျက်ပြီးတာနဲ့ သူတို့ကိုတစ်ယောက်တည်း သွားရှင်းပစ်လို့ရပြီ”
“ကောင်လေး ငါဘယ်အဆင့်လဲဆိုတာသိလား”
လုပိုင်ထျန်းမေးကိုပင့်ကာ ၀င့်ကြွားနေဟန်ဖြင့် မေးလိုက်သည်။
ကုအန် တွေးတောနေဟန်ဖြင့် ပြန်ဖြေလိုက်၏။ “ဂိုဏ်းချုပ်က နတ်အသွင်ပြောင်းခြင်းအဆင့်အထက်ကအဆင့် ဖြစ်သင့်တယ်မဟုတ်လား”
“ဟားဟားဟား”
လုပိုင်ထျန်း အော်ရယ်လိုက်ကာ တောင်ကြားထဲမှ အခြားသူများပင် သူ့ကိုသတိထားမိသွားေလသည်။
“နတ်အသွင်ပြောင်းခြင်းအထက်က အဆင့်က ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အဲ့ဒီအထက်မှာက တစ်သားတည်းဖြစ်ခြင်းအဆင့် ငါကတစ်သားတည်းဖြစ်ခြင်းအဆင့် ၉ မှာပဲ” လုပိုင်ထျန်း ခပ်အေးအေးသာ ပြောလိုက်သည်။
ကုအန် ထိတ်လန့်သွားမိပုံဖြင့် ခပ်တိုးတိုးရေရွတ်လိုက်၏။
“တစ်သားတည်းဖြစ်ခြင်းအဆင့်၉ အဲ့ဒီအဆင့်ကိုရောက်ဖို့ နှစ်ပေါင်းဘယ်လောက်တောင် ကျင့်ကြံရမှာလဲ”
“ဟားဟား မင်းပါရမီနဲ့ဆိုရင်တော့ တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုအသာထား တစ်သက်လုံး စိတ်ဝိညဉ်အခြေတည်အဆင့်ရောက်ဖို့တောင် ခက်လောက်တယ် ငါ့တပည့်လုပ်ရင်တော့ တစ်ချိန်ကျ ငါ့ကျင့်ကြံခြင်းက မင်းအပိုင်ဖြစ်လာလိမ့်မယ်” လုပိုင်ထျန်း သူ့ဆန္ဒကိုထပ်ပြောလိုက်ပြီး သူ့အသံမှာ မြူဆွယ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
ကုအန် မျက်နှာတွင် တွေဝေလာဟန်များ ပေါ်လာလေရာ လုပိုင်ထျန်းကြိတ်၍ ကျေနပ်သွားမိသည်။
ဒီကောင်လေး လမ်းမှန်ပေါ်ရောက်လာပြီ!
“မေ့လိုက်ပါတော့ အမြင့်မှာရပ်ရတယ်ဆိုတာလည်း မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး ဂိုဏ်းချုပ်လိုပေါ့ ဒီလောက်ကျင့်ကြံခြင်းမြင့်တာတောင် အကူအညီမဲ့တဲ့အချိန်တွေ ရှ်ိနေသေးတယ် ဘယ်လောက်ကျင့်ကြံခြင်းမြင့်မှ တကယ့်အစစ်အမှန် ကျင့်ကြံခြင်းမြင့်တယ်လို့ သတ်မှတ်လို့ရမှာလဲ အဲ့လိုလုပ်မယ့်အစား ဘ၀ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းရတာပိုမကောင်းဘူးလား” ကုအန် ခေါင်းခါ၍ ပြောလိုက်ရာ လုပိုင်ထျန်း သွေးပင်အန်ချင်သွားမိသည်။
ဒီကလေးက အမတကျင့်ကြံခြင်းကမ္ဘာကြီး ဘယ်လောက်အန္တရာယ်များလဲ မသိဘူးလား!
အကယ်၍ အဓိပတိဂိုဏ်း၏ကာကွယ်မှုအောက်တွင်သာ ရှိမနေပါက ထိုကလေး အဘယ်ကြောင့်ထိုမျှ စိတ်လွတ်ကိုယ်လွတ်နေနိုင်မည်နည်း။
လုပိုင်ထျန်း ပြောရန်ပြင်လိုက်သော်လည်း ကုအန်၏ အရင်ကအပြင်စည်းဂိုဏ်းအပေါ်အမြင်များနှင့် သူပြောခဲ့သည်များကို ပြန်စဉ်းစားလိုက်မိပြီး စကားများကို ပြန်မြိုသိပ်လိုက်ရသည်။
သူကုအန်ကို စိတ်ဝင်စားရခြင်းမှာ ကုအန်၏ လွတ်လပ်ပြီး အလိုလောဘကင်းသော အမြင်များကြောင့်သာ မဟုတ်ပါလား။
အကယ်၍ ထိုသို့အလိုလောဘကင်းသော ကုအန်သာ ဂိုဏ်းချုပ်ဖြစ်လာခဲ့ပါက အဓိပတိဂိုဏ်းအတွက်ကောင်းချီးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။ သူယခုတွင် ဂိုဏ်းချုပ်ဖြစ်မလာချင်သေးသော်လည်း အနာဂတ်တွင် ဖြစ်မလာချင်ဘူးဟု မဆိုလိုပေ။ နောက်ဆုံးတွင် ကုအန်၌ အသက်ရှင်ရန် အချိန်အများကြီးကျန်ရစ်နေသေးသည်။
ကုအန် ထပ်မေးလိုက်၏။ “ဂိုဏ်းချုပ် တစ်သားတည်းဖြစ်ခြင်းအဆင့်အထက်က ဘာအဆင့်လဲ”
ကုအန် အဓိပတိဂိုဏ်း၏ အတိမ်အနက်ကိုအစ်ကြည့်နေခြင်း ဖြစ်သည်။
လုပိုင်ထျန်းထေ့ငေါ့လိုက်သည်။ “မင်းငါ့တပည့်ဖြစ်လာရင် ပြောပြမယ်”
“ဂိုဏ်းချုပ်ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ်လိုချင်နေသေးတာလဲ ဂိုဏ်းချုပ်မှာအန်းဟောင်ရှိနေပြီမဟုတ်လား ဘာလို့သူ့ကို ဂိုဏ်းချုပ်ဖြစ်လာအောင် ပျိုးထောင်မပေးတာလဲ”
“သူ့နောက်ခံကမရှင်းလင်းဘူး နောက်ပြီးသူက ချူထျန်းချီရဲ့ တပည့်ဖြစ်ဖူးတယ် ငါသူ့ကိုတပည့်အဖြစ်လက်ခံလိုက်တာက သူ့ပါရမီကို အသိအမှတ်ပြုလို့ပဲ သူ့ကိုလုံး၀မယုံကြည်နိုင်သေးဘူး”
“ဒါဆို ကျွန်တော့်ကိုတော့ ယုံတယ်လား”
“ဒါပေါ့ ငါမင်းအကြောင်းစစ်ဆေးပြီးပြီ မင်းကကျိမိသားစုမှာ မွေးလာတဲ့ အစေခံတစ်ယောက် လီရွှမ်တောက်နဲ့ အဆက်အသွယ်အချို့ရှိတယ် နောက်ပြီး ရွက်ဝါတစ်ထောင်မျှော်စင်နဲ့တောင် အဆက်အသွယ်နည်းနည်းရှိနိုင်သေးတယ် ဒါပေမယ့် အဲ့တာတွေက မင်းဆန္ဒအရမဟုတ်ဘဲ အတင်းအကြပ်ချည်နှောင်ခံထားရတယ်ဆိုတာ ငါမြင်နိုင်ပါတယ်
မင်းလီရွှမ်တောက်နဲ့အဆက်အသွယ်ရှိတာက လီယကြောင့် ရွက်ဝါတစ်ထောင်မျှော်စင်နဲ့အဆက်အသွယ်ရှိတာကတော့ အရင်တောင်ကြားသခင်ကြောင့်ပဲ” လုပိုင်ထျန်း ကုအန်ကိုအလုံးစုံဖောက်မြင်နေရသလိုကြည့်ကာ စကားကိုအဆုံးသတ်လိုက်သည်။
ကုအန် သိသိသာသာ မျက်နှာပျက်သွားသည်ကိုကြည့်ကာ လုပိုင်ထျန်းကြိတ်၍ ကျေနပ်နေမိ၏။
“ဂိုဏ်းချုပ်သိနေမယ်လို့ ကျွန်တော်ထင်မထားဘူး အဲ့တာတွေကတကယ်ပဲ ကျွန်တော့်ဆန္ဒအရမဟုတ်ပါဘူး ကျွန်တော်သူတို့နဲ့ ဆက်ဆံရေးတွေကို အနာဂတ်မှာ ဖြတ်တောက်လိုက်ရမလား” ကုအန် ကြောက်ရွံ့နေဟန်ဖြင့် မေးလိုက်သည်။
လုပိုင်ထျန်း လက်ကာပြလိုက်ကာ ပြောလိုက်၏။
“မလိုပါဘူး အရင်လိုပဲထားလိုက် တိုက်ရိုက်ပြီး အဆက်အသွယ်ဖြတ်တာက မင်းကိုဒုက္ခရောက်စေလိမ့်မယ် နောက်ပြီး မင်းဆီကနေတစ်ဆင့် သူတို့သတင်းအချက်အလက်တွေလည်း ငါလိုချင်သေးတယ် အဓိပတိဂိုဏ်းထဲမှာ သူလျှိုတွေက ကြယ်တွေလိုများပြားတယ် ငါကအကုန်သိပေမယ့် သူတို့ကို မတို့မထိပဲ ထားထားတယ်”
ကုအန် ရုတ်တရက် ထိုလူသည် နားလည်ရခက်သည်ကို သိလိုက်ရပြီး အားကျသည့်အကြည့်ဖြင့်သာ ကြည့်နေလိုက်သည်။
လုပိုင်ထျန်းလည်း ကုအန်အကြည့်ကြောင့် ကျေနပ်သွားပြီး အဓိပတိဂိုဏ်းထဲရှိ သူလျှိုများကြောင့် ဖြစ်ခဲ့သော အဓိကအဖြစ်အပျက်ကြီးများအကြောင်း စတင်ပြောပြလေတော့သည်။
ဂိုဏ်းထဲတွင် သူလျှိုများကြောင့် ကြီးကြီးမားမား ဂယက်ထသွားပါက လုပိုင်ထျန်းသည် သူလျှိုများအားလုံးကို ဖမ်းဆီးပစ်လိုက်သည်။ သူသည် တရား၀င်အားဖြင့် သူလျှိုများအားလုံးကို ဖမ်းဆီးလိုက်သည် ဆိုပါသော်လည်း တကယ်တော့ သူလျှိုများ၏တစ်၀က်ကိုသာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်တစ်၀က်မှာ သူ၏ဂိုဏ်းအတွင်းရှိ ပြိုင်ဖက်များကို သူလျှိုဟု တံဆိပ်ကပ်၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကာ ကျန်သူလျှုိတစ်၀က်ကိုတော့ သူ့ဘက်သို့ သိမ်းသွင်းထားခဲ့သည်။
လက်ကျန်သူလျှိုများကို ရာထူးများလည်း တိုးမြှင့်ပေးလိုက်၏။ ထိုအခါ သူလျှိုများသည် သူ့ကိုနက်နက်ရှိုင်းရှိုင်းယုံကြည်လာခဲ့ပြီး လမ်းမှန်ဂိုဏ်းသားများအဖြစ် ပြောင်းလဲသွားခဲ့ကာ မပြောင်းလဲခဲ့လျှင်လည်း အရင်ထက်တော့ ပိုပြီး သတိမဲ့လာခဲ့သည်။ ဤသို့ဖြင့် သူတို့သည် လုပိုင်ထျန်း၏ အမိန့်မှန်သမျှကို နာခံလာခဲ့ကြ၏။
တခဏကြာ စကားပြောပြီးသည့်နောက် လုပိုင်ထျန်းသည် သူ့အား ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဂိုဏ်းကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်ဖြစ်မှန်း သင်ပေးနေခြင်းဖြစ်မှန်း သိလာခဲ့သည်။
ညနေရောက်မှသာ လုပိုင်ထျန်းပြန်သွားခဲ့ပြီး ကုအန်လည်း ဆန်းကြယ်တောင်ကြားသို့ပြန်ကာ အခြားတပည့်များနှင့် ညစာစားပွဲကျင်းပခဲ့၏။
ထိုညစာ စားပွဲတွင် ကုအန် လုကျိကျားအား အကြီးဆုံးတပည့်အဖြစ် ခန့်အပ်လိုက်ပြီး ဆန်းကြယ်တောင်ကြား၏ ကိစ္စအ၀၀ကိုလည်း တာ၀န်ယူခိုင်းလိုက်သောကြောင့် လုကျိကျားပင် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။
ယန်နီလည်း မျက်မှောင်ကြုံ့ပြီး တွေးနေလိုက်၏။ “သူတကယ်ပဲ ငါ့ကိုသံသယ၀င်နေတာပဲ ပုံမှန်အားဖြင့် သူက လုကျိကျားဆိုတဲ့တပည့်နဲ့ အဆက်အဆံမလုပ်ဘူး အခုမှ ဘာလို့ရုတ်တရက်ကြီး သူ့ကိုအကြီးဆုံးတပည့် ခန့်လိုက်တာလဲ”
သူမ အကွက်ရွှေ့ဖို့ အချိန်တန်ပြီဟု ခံစားလိုက်ရလေသည်။
အပိုင်း(၁၀၀)
ရှန်ကျိုးကျမ်းစာ၊ တစ်သားတည်းဖြစ်ခြင်းအဆင့်၏ ကြောက်ရွံ့မှု
ကုအန်မှာတော့ ယန်နီ ဘာတွေးနေလဲဆိုတာ မသိခဲ့ပေ။ သူလုကျိကျားအား ရွေးခဲ့လိုက်ခြင်းမှာ ရိုးရှင်းစွာပင် ရွေးစရာလူမရှိတော့၍ ဖြစ်သည်။
သူ့အမြင်တွင် ယန်နီမှာ မကြာခင်တွင် ထွက်ခွာသွားမည့်လူဖြစ်ပြီး တောင်ကြား၏ အဓိကတပည့်ဖြစ်လာမည့်လူ မဟုတ်ပေ။
ညဉ့်နက်သောအခါ တပည့်များအားလုံး ပြန်သွားသောအခါမှ ကုအန် သဘာ၀ဂူ၈လုံးဆီသို့ တိတ်တဆိတ်ထွက်ခွာလာခဲ့၏။
သူသည် ဆန်းကြယ်အနန္တအဆိပ်သိုင်းအကြောင်း အချိန်အနည်းငယ်ပေး၍ လေ့လာနေခြင်းဖြစ်ပြီး လေ့လာရာတွင်လည်း တိုးတက်မှုရှိနေပြီ ဖြစ်သည်။
ကုအန် နွယ်စိမ်းပင်ခြေဆီသို့ သွားကာ အတွေးတစ်ချက်တွေးလိုက်သည်နှင့် ဂူအ၀င်၀မှ ပုံရိပ်တစ်ခုသူ့ဆီ ပျံသန်းလာခဲ့၏။
ထိုပုံရိပ်မှာ အဆိပ်အလောင်းကောင်အဖြစ် ပေြာင်းလဲခံထားရသော မုန့်လန်မှလွဲ၍ အခြားသူမဟုတ်ပေ။
ကုအန် မုန့်လန်ကို နတ်အာရုံသုံး၍ ထိန်းချုပ်လိုက်ပြီး ရင့်မှည့်နေသော ဆေးပင်တစ်ပင်ကို ခူးခိုင်းလိုက်လေသည်။
မုန့်လန် ခူးပြီးသောအခါ ကုအန် တိတ်တဆိတ်စောင့်ဆိုင်းနေသော်လည်း သူ့ရှေ့တွင် မည်သည့်စာတန်းမှပေါ်မလာခဲ့ပေ။
အစီအစဉ်က ကျရှုံးသွားပြီ!
ကြည့်ရတာ အနာဂတ်မှာလည်း ဆေးပင်ခူးတာကို ငါကိုယ်တိုင်လုပ်နေမှ ရမယ်ထင်တယ်!
ကုအန် အနည်းငယ်နောင်တရသွားသလို ခံစားလိုက်ရသော်လည်း စိတ်တော့ပျက်မသွားပေ။ ယခုအခါ သူ၏တတိယတောင်ကြားနှင့် ထျန်းယတောင်ကြားမှ ဆေးပင်ထွက်နှုန်းသည် အားလုံးပေါင်း တစ်နှစ်လျှင် သက်တမ်း တစ်သိန်းကျော်ထိ ရိတ်သိမ်း၍ ရနေပြီး နောက်နှစ်၁၀၀မတိုင်ခင်တွင် သူသက်တမ်း ၁၀သန်းပြည့်သွားပေလိမ့်မည်။
ထိုမျှအမြန်နှုန်းသည် ကုအန်ကို စိတ်ကျေနပ်သွားစေခဲ့ပြီး နောက်ဆုံးတွင် သာမန်ကျင့်ကြံသူတစ်ေယာက်က နှစ်၁၀၀အတွင်း အဆင့်မည်မျှ တိုးတက်လာနိုင်ပေလိမ့်မည်နည်း။
ကုအန် မုန့်လန်အလောင်းကောင်အား ဂူထဲသို့ ပြန်သွားစေလိုက်ပြီး ကောင်းကင်စံအိမ်ဓားကိုထုတ်ကာ သစ်သားဝိညဉ်ဓားသိုင်းကို စတင်လေ့ကျင့်လေတော့သည်။
….
နောက်တစ်နေ့မနက်တွင် ကုအန် အိမ်ပေါ်မှဆင်းလာကာ တပည့်များနှင့်အတူ လေ့ကျင့်ခန်းလုပ်ခဲ့ပြီး ယန်နီလည်း သူတို့နှင့်အတူ လာလုပ်ခဲ့၏။ လေ့ကျင့်ခန်းပြီးသောအခါ ယန်နီ တောအုပ်ထဲသို့ အလောတကြီး၀င်သွားခဲ့သည်။
ယန်နီ၏ အမူအရာမှာ သာမန်မဟုတ်ဘဲ ထူးဆန်းနေသောကြောင့် ကုအန် စောင့်ကြည့်နေလိုက်ရာ ယန်နီသည် တောထဲတွင် မျိုးစေ့များ ကြဲနေသည်ကို တွေ့လိုက်ရ၏။
အဲ့ဒီမျိုးစေ့တွေက မရင်းနှီးတဲ့ပုံစံပါလား!
မဟာယနအဆင့်တစ်ယောက်အနေနှင့် သူသည် သူမြင်ဖူးသမျှ အရာအားလုံးကိုမှတ်မိပေသည်။ ထိုမျိူးစေ့မှာတော့ သူတစ်ခါမှ မမြင်ဖူးတဲ့ပုံစံမျိုး ဖြစ်နေ၏။
ကုအန် ယန်နီ့ဆီသို့ နောက်မှတိတ်တဆိတ်ချဉ်းကပ်သွားကာ လိုက်သည်။
“ဘာတွေစိုက်နေတာလဲ” ကုအန်စိတ်၀င်တစားမေးလိုက်ပြီး ယန်နီစိုက်နေေသာ မျိုးစေ့ရှိရာသို့ သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
[တခဏအပင်(အဆင့်၆) ၀/၁၂၀/၅၀၀၀]
အဆင့်၆ ပန်းပင်လား!
နောက်ပြီးသူ့နာမည်ကလည်း တခဏ တဲ့!
ထိုအပင်သည် တခဏဂိုဏ်းနှင့်ပတ်သက်နေမလားဟု ကုအန်မတွေးဘဲ မနေနိုင်တော့ပေ။
ယန်နီ ပြန်ပြောလိုက်လေသည်။ “ဒါကို မကြာခင်တုန်းက ရန်သူတစ်ယောက်အိတ်ထဲက ရခဲ့တာလေ အဲ့ဒီမျိုးစေ့ကိုဘယ်လိုခေါ်မှန်းမသိဘူး အဲ့တာကငါ့ သိုလှောင်အိတ်ထဲရှိနေခဲ့တာ နှစ်ပေါင်းဒါဇင်နဲ့ချီကြာနေပြီ ဒီနေ့မှ စိတ်ဖို့ စိတ်ကူးရလို့”
“အဲ့ဒီလိုလား” ကုအန် စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။
ကုအန်၏ အမူအရာကိုကြည့်ကာ ယန်နီ ထပ်ပြောလိုက်၏။
“ဟုတ်ပါတယ် ဒါတွေကိုစိုက်လို့မရဘူးလား”
“စိုက်ပါ စိုက်ပါ” ကုအန် ပြုံး၍ ပြန်ဖြေလိုက်ပြီး ပန်းပင်၏ မူလဇစ်မြစ်ကိုမူ မမေးခဲ့ပေ။
ယန်နီက အဆင့်၆ ပန်းပင်ကိုစိုက်ချင်နေမှတော့ သူဘာကြောင့် ငြင်းနေရမည်နည်း။
နောက်ဆုံးတွင် ထိုအပင်များမှာ သူသာ ရိတ်သိမ်းရမည် မဟုတ်ပါလား။
ကုအန် ယန်နီအား စကားအနည်းငယ်ပြောပြီးသည့်နောက် ပြန်လှည့်လာခဲ့လိုက်သည်။
ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ ထိုကောင်လေးသည် ပို၍ပင် ဆန်းကြယ်လာသည်ဟု ယန်နီ ခံစားလိုက်ရ၏။
ထို့နောက် တစ်ယောက်တည်းတွေးနေမိသည်။ “ငါထင်ရှားတဲ့ အောင်မြင်မှုတစ်ခုခုရပြီးတာနဲ့ နင့်လုံခြုံရေးကို ဂရုစိုက်ပေးမှာပါ ပြီးရင် နင့်ကို တခဏဂိုဏ်းနဲဘ မိတ်ဆက်ပေးမယ်”
နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ပြီးသည့်နောက်တွင် သူကုအန်ကို နှစ်သက်လာခဲ့ပြီး ထိုသို့သော ဂျူနီယာလေးတစ်ယောက်သည် ဂိုဏ်းများကြားက ဝိရောဓိများကြားထဲတွင် မသေသင့်ဘူးဟု တွေးနေမိသည်။
သူ့လိုပါရမီနှင့် ကောင်လေးတစ်ယောက်သည် တခဏဂိုဏ်းကို၀င်ဖို့သာ သင့်တော်ပြီး အနာဂတ်တွင်လည်း ဂိုဏ်းထဲ၌ ဆက်လက်၍ တောက်ပနိုင်၏။
….
နှစ်သစ်ကူးပြီးသည့်နောက် အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး အဓိပတိဂိုဏ်းလည်း ပြန်အသက်၀င်လာခဲ့သည်။
မတ်လကုန်ခါနီးတွင် ကုအန်နှင့် ရှန်းကျန်တို့ အခန်းထဲ၌ စာအုပ်များအကြောင်း ဆေးနွေးနေကြစဉ် တစ်ခုခုကို အာရုံခံလိုက်မိသဖြင့် နှစ်ယောက်လုံး ကိုင်ထားသော စာအုပ်များကို ချလိုက်ကြ၏။
ကုအန် ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။
“ဒါတွေကို ဖယ်လိုက်ဦးလေ”
ရှန်းကျန်လည်း အမြန်ပင်စားပွဲပေါ်မှ ပုံဆွဲစာရွက်များအားလုံးကို သိုလှောက်အိတ်ထဲ ကောက်ထည့်လိုက်၏။
အားလုံးရှင်းပြီးမှသာ သူတို့နှစ်ယောက် လှေကားမှ ဆင်းလာခဲ့ကြသည်။
အိမ်ရှေ့သို့ရောက်သောအခါ သူတို့ဆီသို့ ပျံသန်းလာနေသော ကျင့်ကြံသူ၁၁ယောက်ကို တွေ့လိုက်ရ၏။ ထိုလူအုပ်ထဲတွင် ကျိရှောင်ယုလည်း ပါသည်ကို ကုအန် တွေ့လိုက်ရသည်။ ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
ရှေ့ဆုံးမှဦးဆောင်လာသော ကျင့်ကြံသူမှလွဲ၍ အခြားသူများအားလုံးသည် အသက်၁၀၀အောက် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့ထဲရှိအနိမ့်ဆုံးကျင့်ကြံခြင်းရှိသည့်သူမှာ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၈ဖြစ်ပြီး စိတ်ဝိညဉ်အခြေတည်အဆင့် ၂ယောက်ပင် ပါသေး၏။
အသက်၁၀၀အောက်တည်းနှင့် စိတ်ဝိညဉ်အခြေတည်အဆင့်ရောက်နေသော ပါရမီမှာ အတော်လေး ကြောက်စရာကောင်းပေသည်။
သူတို့ထဲရှ်ိ ပါရမီအနည်းဆုံးလူမှာလည်း အမြင့်ဆုံးနေနိုင်သည့်သက်တမ်း ၂၀၀၀ရှိ၏။
သူတို့အဖွဲ့အား ဦးဆောင်လာသူမှာ လုချန် ဟုခေါ်သော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၂ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြေပေါ်ဆင်းသက်လာပြီးသည့်နောက် ကုအန်ကို လက်သီးဆုပ်၍ နှုတ်ဆက်ကာ ပြောလိုက်သည်။
“တောင်ကြားသခင် ဒါက ဂိုဏ်းချုပ်ပို့လိုက်တဲ့ တောင်ကြားသခင်လက်အောက်မှာ စိတ်တည်ငြိမ်အောင် ကျင့်ကြံကြမယ့် တပည့်၁၀ယောက်ပါ”
သူသည် ကုအန်ကို အတော်ရိုရိုသေသေပြောနေပြီး သူ့လို ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ကုအန်ကို ထိုမျှ ရိုကျိုးနေအောင် လုပိုင်ထျန်း ဘာတွေများပြောလိုက်လဲလို့ ကုအန် စိတ်ဝင်စားသွားမိသည်။
ကြည့်ရသည်မှာ လုမိသားစု၀င်တိုင်းသည် လူမှုဆက်ဆံရေး ကောင်းကြပုံပင်။
ကုအန်လည်း လက်သီးဆုပ်၍ ပြန်နှုတ်ဆက်လိုက်ကာ ပြောလိုက်၏။
“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်စီနီယာ”
ကုအန်၏ ရိုကျိုးတဲ့အမူအရာကိုတွေ့သောအခါ လုချန် ခေါင်းညိတ်ပြ၍ ပြုံးလိုက်ပြီး ပြန်လည်ထွက်ခွာသွားလေတော့သည်။
ကုအန် တပည့်၁၀ယောက် ကြည့်ရှုလိုက်ပြီး ထိုတပည့်များကလည်း သူ့ကို ပြန်အကဲခတ်နေကြ၏။
“ရှန်းမိန်းကလေး ဒီမှာဘာလုပ်နေတာလဲ” တပည့်များထဲမှ အစိမ်းရောင်ဝတ်စုံ၀တ်တပည့်တစ်ယောက်သည် ရှန်းကျန် ကုအန်နားရပ်နေသည်ကို မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
ထိုတပည့်၏ အမည်မှာ လျူယူ ဖြစ်ပြီး သူသည် ဗဟိုအူတုိင်ဖွဲ့စည်းခြင်းအဆင့်၉တစ်ယောက်ဖြစ်ကာ ပါရမီမှာလည်း အမြင့်ဆုံးသက်တမ်း ၂၄၀၉ နှစ်နေနိုင်သူ ဖြစ်ပေသည်။
ရှန်းကျန် သူ့ကိုဘာမှပြန်မပြောဘဲ ကုအန်ကိုသာ ပြောလိုက်၏။
“တောင်ကြားသခင်မှာ ဧည့်သည်တွေရှိနေပြီဆိုတော့ ကျွန်မပြန်လိုက်ပါဦးမယ် နောက်တစ်ကြိမ်မှ နှစ်ယောက်တည်းထပ်ဆုံကြတာပေါ့”
ပြောပြီးသည်နှင့် ရှန်းကျန် လေပေါ်တက်သွားခဲ့ကာ သူ့ပုံရိပ်သည် တောင်တန်းများကြား ပျောက်ကွယ်သွားခဲ့သည်။
နှစ်ယောက်တည်းအတူတူလား!
လူတိုင်းသည် ကုအန်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြပြီး လျူယူ၏ မျက်လုံးထဲတွင်လည်း အေးစက်စက်အလင်းတစ်ချက် ပေါ်လာခဲ့၏။
[လျူယူတွင် သင့်ကိုတိုက်ခိုက်ချင်စိတ် ရှိနေပါသည် သူ့ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးချင်ပါသလား]
ငါ့ကိုတိုက်ခိုက်ချင်တာလား!
ကုအန် ပြောလိုက်သည်။ “မိန်းကလေးရှန်းနဲ့ငါနဲ့က စာဖတ်ရတာကြိုက်တာချင်းတူလို့ တစ်ခါတရံ အတွေးအမြင်တွေ ဖလှယ်ကြရုံပါ အဲ့တာအပြင်ဘာမှမပိုဘူး သူမပြောတာတော့ သူမ တာအိုမိတ်ဆွေဖြစ်ချင်တာက ဆရာသခင်ဓားအရှင်ကလွဲလို့ ဘယ်သူမှမရှ်ိဘူးတဲ့”
ပါရမီရှင်လေးများအားလုံး ထိုစကားကိုကြားသောအခါ မရယ်ဘဲ မနေနိုင်တော့ပေ။ လျူယူလည်း ကုအန်အား တောင်းပန်ဟန်ဖြင့် တချက်ကြည့်လိုက်၏။
သူတို့သည် အရူးများမဟုတ်ကြပေ။ လုပိုင်ထျန်းကိုယ်တိုင်က သူတို့ကို ကုအန်ဆီသွားခိုင်းသည်ဆိုကတည်းက ကုအန်တွင် အစွမ်းအစတစ်ခုခု ရှိရပေလိမ့်မည်။ သို့သော် ကုအန်တွင် ဘာမှမရှိလျှင်တောင် သူသည် လုပိုင်ထျန်း၏လူသာ ဖြစ်ပြီး သူတို့ ကုအန်ကို မစော်ကားရဲကြပေ။
အဓိပတိတိုင်းက ပါရမီရှင်များကို တန်ဖိုးထားသော်လည်း ပါရမီရှင်ဖြစ်ရုံနှင့် လုပ်ချင်တာ လုပ်လို့ရတာမျိုးတော့ မဟုတ်ပေ။
ကျိရှောင်ယု မေးလိုက်၏။ “တောင်ကြားသခင် ကျွန်မတို့ဘာလုပ်ရမှာလဲ အမိန့်သာ ပေးလိုက်ပါ”
သူပြောလိုက်သည်နှင့် အခြားတပည့်များလည်း ရယ်သံများ တိတ်ဆိတ်သွားပြီး ကုအန်ကို စိတ်၀င်တစားကြည့်လိုက်ကြသည်။
ဂိုဏ်းချုပ်ပြောခဲ့သည်မှာ သူတို့အား ဤနေရာသို့ ပို့လိုက်ခြင်းသည် စိတ်နှလုံးကို လေ့ကျင့်ရန်ပို့လိုက်ခြင်းဖြစ်ပြီး သူတို့မသိစိတ်ကလည်း ထိုလေ့ကျင့်မှုက သူတို့ကျင့်ကြံရေး၌ အထောက်အကူပြုလိမ့်မည်ဟု ခံစားနေခဲ့ရ၏။
ကုအန် ပြုံးလိုက်သည်။ “ဒါဆို ငါ့နောက်က လိုက်ခဲ့ကြ ဒါပေမယ့် ပင်ပန်းတာတွေ နာကျင်ရတာတွေကိုတော့ ငြီးငြူနေလို့မရဘူးနော် နောက်ပြီး ဘယ်သူမှ လမ်းတစ်၀က်နဲ့ ရပ်ပိုင်ခွင့်မရှိဘူး လုံး၀ မလုပ်နိုင်တော့မှသာ ရပ်တန့်ရမယ်”
သူ့စကားကြောင့် ပါရမီရှင်လေးများ ပိုမိုစိတ်လှုပ်ရှားလာကြပြီး တစ်ယောက်နှင့်တစ်ယောက်လည်း လျှပ်စီးများ ကူးတော့မတတ် မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
ပါရမီရှင်များဆိုသည်မှာ ပြိုင်ဆိုင်လိုစိတ် အလွန်ပြင်းထန်သော သူများသာ။
ထို့နောက် ကုအန် သူတို့အား မိုင်ဒါဇင်ချီအဝေးရှ်ိ တောအုပ်တစ်ခုထဲသို့ ခေါ်သွားလိုက်ပြီး ထိုမြေနေရာကို ရှင်းလင်းကာ ဆေးမျိုးစေ့စိုက်ပျိုးနည်းနှင့် ထိုနေရာတစ်ဝိုက်ရှိ ဆေးပင်များကို စစ်ဆေးနည်းများ သင်ပေးလိုက်သည်။
ထိုအရာများသည် သာမညောင်ည အလုပ်လေးများသာ ဖြစ်သော်လည်း ပါရမီရှင်များသည် အလွန်လေးနက်နေပြီး ကုအန် စကားများကို တစ်လုံးမှ မလွတ်အောင် နားထောင်နေခဲ့၏။
ရက်အနည်းငယ်ခန့်ကြာသောအခါ တပည့်တစ်ယောက်သည် သည်းမခံနိုင်တော့ပေ။
ချန်းခန် ဟုခေါ်သော တပည့်သည် သည်းမခံနိုင်တော့ဘဲ ကုအန်ကိုကြည့်ကာ ထပြောလိုက်လေသည်။
“မင်းငါတို့ကို ကစားနေတာလား ငါတို့စိတ်ကိုလေ့ကျင့်ပေးနေတာက ဘာလို့ ဆေးအလုပ်သမားတွေရဲ့ တာ၀န်တွေနဲ့ တူနေရတာလဲ”
အခြားတပည့်များလည်း ကုအန်ကို ကြည့်ရှုလိုက်ကြပြီး ကျိရှောင်ယုပင် မျက်ခုံးများ တွန့်ကွေးနေခဲ့၏။
ကုအန် ထိုသို့အဖြစ်အပျက်များ ဖြစ်လာမည်ကို သိခဲ့ပါသော်လည်း လုပိုင်ထျန်းက အလျှော့မပေးဘဲ သူ့ဆီပို့ချင်နေခဲ့ခြင်းဖြစ်သည်။
ကုအန် သက်ပြင်းတစ်ချက်ချလိုက်ကာ သိုလှောင်အိတ်ထဲမှ စာအုပ်ဆယ်အုပ်ထုတ်လိုက်ပြီး တစ်ယောက်တစ်အုပ်စီ ပစ်ပေးလိုက်၏။
ထိုအခါ စာအုပ်ကိုဖမ်းလိုက်ပြီး သူတို့မျက်နှာများ တောက်ပသွားခဲ့သည်။
“ရှန်ကျိုးကျမ်း” တစ်ယောက်ယောက်သည်စာအုပ်ခေါင်းစဉ်အား ခပ်ကျယ်ကျယ်ဖတ်လိုက်၏။
ထိုသို့သောနာမည်မျိုးမှာ ကြည့်လိုက်ရုံဖြင့် နက်နဲသည်ဟု ထင်ရသောနာမည်မျိုးဖြစ်ပေသည်။
ကုအန် နောက်ပြန်လှည့်လိုက်ကာ ပြောလိုက်၏။
“မင်းတို့ဖာသာ အဖြေရှာကြ”
ပြောပြီးသည်နှင့် ကုအန် ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
လျူယူ စာအုပ်ပထမစာမျက်နှာအား အသံထွက်၍ ဖတ်လိုက်၏။ “ပြောလို့ရတဲ့ တာအိုက ထာ၀ရတာအိုမဟုတ်ဘူး ခေါ်လို့ရတဲ့နာမည်က ထာ၀ရနာမည်မဟုတ်ဘူး…”
ကုအန် ထိုနေရာမှ ကျောခိုင်း၍ ထွက်လာပြီး သူ့နှုတ်ခမ်းထောင့်ချိုးများ တွန့်ကွေးနေခဲ့သည်။
ရှန်ကျိုးကျမ်းသည် တောက်တဲ့ကျမ်းမဟုတ်ပေ။ သူတရုတ်ရှေးဟောင်းဂန္ဓ၀င်စာအုပ်များထဲမှ စာသားများကို ဟိုဟိုဒီဒီစုထည့်ပြီး ဖြတ်ညှပ်ကပ်လုပ်ထားသော စာအုပ်ကြီးတစ်အုပ်သာ ဖြစ်၏။ ထိုထဲမှစာများသည် တစ်ယောက်ယောက် ဖြီးဖြန်းရန်တော့ လုံလောက်သော စာများ ဖြစ်ကြပေသည်။
ကုအန် တောက်တဲ့ကျမ်းအစစ်ကိုတော့ ရေးမပေးရဲပေ။ မတော်၍ တစ်ယောက်ယောက်ကထိုကျမ်းကိုဖတ်ပြီး အမှန်တကယ် ညဏ်အလင်းပွင့်သွားလျှင် မည်သို့လုပ်မည်နည်း။ ထိုအခါ တကယ့်ပြဿနာကြီး ရှိလာပေလိမ့်မည်။
….
ရှန်ကျိုးကျမ်းကို ရပြီးကတည်းက ကျိရှောင်ယုနှင့် အခြားတပည့်များသည် နေရာတစ်ခုရှာ၍သာ စာအုပ်ကိုဖတ်နေကြပြီး မည်သူ့ကိုမှ မနှောင့်ယှက်တော့လေရာ တတိယတောင်ကြားသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ငါးရက်ခန့်ကြာသောအခါ
ကျိရှောင်ယု ရှန်ကျိုးကျမ်းကိုပိတ်လိုက်ပြီး တောင်အောက်ရှိ အလုပ်ရှုပ်နေကြသော ဆေးလုပ်သားများကို ကြည့်ကာ မတ်တပ်ထရပ်လိုက်ပြီး သူတို့ကိုကူညီရန် တောင်အောက်သို့ ဆင်းသွားခဲ့၏။
သူ၏ ဆန့်ကျင်ဘက်တောင်တွင် နေရာယူထားသော ပါရမီရှင်တစ်ယောက်မှာလည်း ကျိရှောင်ယု ဆင်းသွားသည်ကို မြင်ပြီးတစ်ခုခုကို နားလည်သွားပုံဖြင့် တောင်အောက်သို့ လိုက်ဆင်းသွားခဲ့ပြန်သည်။
သူတို့သည် ရှန်ကျိုးကျမ်းကို နားမလည်ကြသော်လည်း ထိုကျမ်းသည် အမှန်တကယ်ပင် လေးနက်လှပုံပင်။ ထိုကျမ်းနှင့် ကုအန်အစက သူတို့ကိုစီစဉ်ပေးခဲ့ပုံနှင့် ဆက်စပ်မိပြီး တောင်အောက်တွင် အလုပ်ဆင်းလုပ်ပါက ထိုကျမ်းနှင့် ပတ်သက်ပြီးတစ်ခုခုညဏ်အလင်းပွင့်လာမည်ဟု ထင်ကာ တောင်အောက်ဆင်းသွားကြခြင်း ဖြစ်၏။
နောက်ထပ် ဆယ်ရက်ကြာသောအခါ ပါရမီရှင်များအားလုံး တတိယတောင်ကြားရှိဆေးလုပ်သား အလုပ်များနှင့် ကျွမ်း၀င်သွားကြပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေကြကာ အားလပ်ချိန်များတွင် ရှန်ကျိုးကျမ်းကိုဖတ်၍ ညအချိန်တွင် ကျင့်ကြံကြလေသည်။
ဤအရာသည် ကုအန်အား စိတ်ကျေနပ်သွားစေခဲ့၏။ လုပိုင်ထျန်းရွေးပေးလိုက်သော ပါရမီရှင်များသည် သူတို့ ပါရမီကိုဖယ်လိုက်လျှင်တောင် အရူးများမဟုတ်တာ သေချာပေသည်။ တစ်ခုခုသည် သူတို့လုပ်ဖို့မှန်ကန်သောအရာဖြစ်သည်ဟု ယုံကြည်နေသရွေ့ ထိုပါရမီရှင်များသည် ထိုအရာကို ရရှိရန် မဆုတ်မနစ်ကြိုးစားကြမည်သာ။
မျက်စိတစ်မှိတ်အတွင်း နှစ်၀က်ကုန်ဆုံးသွားခဲ့ပြန်သည်။
ကုအန်လည်း အသက်၅၉ နှစ် ပြည့်သွားခဲ့၏။ ထို့နေ့တွင် သူထျန်းယတောင်ကြားတွင် ဆေးပင်ခူးနေရင်း တစ်ခုခုကို အာရုံခံလိုက်မိသောကြောင့် ခူးလက်စဆေးပင်များကို သူ့ဘေးရှိ စွန်းတ လက်ထဲထည့်ကာ တောင်ကြားမှ အမြန်ထွက်ခွာသွားခဲ့၏။
ထိုအရာသည် လျူဟွမ်ကိုပင် အံ့ဩသွားစေခဲ့သော်လည်း သူဘာမှတော့ များများစားစား တွေးမနေခဲ့ပေ။
လုရှန်တစ်ယောက်မှာတော့ ကုအန် ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးသိုင်းကို တတ်မြောက်သွားပြီးကတည်းက သူ့ကိုလုံး၀မနှောင့်ယှက်တော့ သလို အခြားသူများကိုလည်း မနှောင့်ယှက်တော့ဘဲ ပြင်းပြင်းထန်ထန်သာ လေ့ကျင့်နေခဲ့သည်။ ဤသို့ဖြင့် သူ့ကျင့်ကြံခြင်းသည်လည်း မကောင်းဆိုးဝါးတစ်ကောင်လို မြင့်တက်လာပြီး မကြာမီတွင် စိတ်ဝိညဉ်အခြေတည်အဆင့်သို့ပင် ရောက်ရှိတော့မည် ဖြစ်၏။
ထျန်းယ တောင်ကြားမှထွက်ခွာပြီး မိုင်တစ်ရာအဝေးသို့ရောက်သောအခါ ကုအန် လေထုထဲတွင် ပျောက်ကွယ်သွားပြီး လေဟာနယ်ကိုဖြတ်သန်းကာ မိုင်ထောင်နှင့်ချီဝေးသော ဆန်းကြယ်တောင်ကြားရှေ့သို ရောက်ရှ်ိလာခဲ့သည်။
ကုအန် ချက်ချင်း တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲ ၀င်လိုက်ပြီး ဆန်းကြယ်သန့်စင်အပင်ရှေ့သို့ လျှောက်သွားလိုက်၏။
ဆန်းကြယ်သန့်စင်ပင်သည် ထိုနေရာတွင် ရှိနေဆဲဖြစ်သော်လည်း သူ့ရှေ့တွင် လူတစ်ယောက်ရှိနေကာ ထိုလူသည် အပင်အား ကြည့်ရှုနေခဲ့လေသည်။
အဝေးမှ ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်လိုက်၏။
[ကျုံးယင် တစ်သားတည်းဖြစ်ခြင်းအဆင့်၄: ၈၆၀/၂၈၀၀/၃၁၀၀]
ထိုကောင်သည် ဆန်းကြယ်သောမှော်သိုင်းတစ်မျိုးကို ကျင့်ကြံထားပုံရပြီး အပေါ်ယံတွင် သူ့ကျင့်ကြံခြင်းကို စိတ်ဝိညဉ်အခြေတည်အဆင့်ဟူ၍သာ ဖော်ပြထားခဲ့သည်။
ကုအန် သူ့ကျင့်စဉ်အား စိတ်၀င်စားသွားမိ၏။ သူ့လို မဟာယနကျင့်ကြံသူတစ်ယောက်ပင် သက်တမ်းစစ်ဆေးခြင်းသုံး၍ ကြည့်ပါက ထိုကောင်၏ကျင့်ကြံခြင်း ဖုံးကွယ်ထားသည်ဆိုတာကိုသာ အာရုံခံနိုင်ပြီး ကျင့်ကြံခြင်းအတိအကျကို မမြင်နိုင်ခဲ့ပေ။
ကုအန် ဆန်းကြယ်သန့်စင်ပင်နား ကပ်သွားကာ စတင်မိတ်ဆက်လိုက်၏။
“ကျွန်တော်က ဒီဆေးတောင်ကြားရဲ့သခင် ကုအန်ပါ ဒီကမိတ်ဆွေကဘယ်သူများလဲ သိပါရစေ..”
ကျုံးယင်သည် မျက်လုံးလေးများပံုပါသော တာအို၀တ်စုံကို၀တ်ဆင်ထားပြီး သူ့ပါးစပ်တွင်လည်း မုတ်ဆိတ်မွှေးရှိနေပြီး ကြည့်လ်ုက်သည်နှင့် သာမညောင်ညလူမဟုတ်မှန်း သိနိုင်သောလူ ဖြစ်ပေသည်။
ကျုံးယင် ပြုံးကာ လက်မြှောက်၍ နှုတ်ဆက်လိုက်၏။
“ကျွန်တော်က အတွင်းစည်းတပည့် ကျုံးယင်ပါ ဒီနေရာက ဖြတ်သွားရင်း ဒီသာမန်မဟုတ်တဲ့အပင်ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတာ ဒါက ဒဏ္ဍာရီလာ ဆန်းကြယ်သန့်စင်ပင်များ ဖြစ်နေမလား”
ကုအန် ရှေ့တိုးသွားကာ ကျုံးယင်၏ လက်ကောက်၀တ်ကို ဆွဲလိုက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အားသုံး၍ ညှစ်လိုက်ကာ ပြောလိုက်သည်။
“တကယ်ပဲ ဒါကဆန်းကြယ်သန့်စင်ပင်ပါ မိတ်ဆွေလိုချင်လို့လား”
ကျုံးယင်မှာတော့ အခြေခံတည်ဆောက်ခြင်းလေးတစ်ယောက်က သူ့အပေါ် လက်တင်ဝံ့သလားဟု တွေးမိသွားသည်။
အဓိပတိဂိုဏ်းသည် အခြေခံတည်ဆောက်ခြင်းအဆင့်လေးတစ်ယောက်ကို ဆန်းကြယ်သစ်ပင်စိုက်ခိုင်းရလောက်အောင်ပင် ဂိုဏ်း၌တကယ်ပဲ လူမကျန်တော့ပုံပင်။
ဒါပေမယ့် ဒါကအဓိပ္ပာယ်တော့ရှိတာပဲ ဒီနည်းလမ်းနဲ့ လူတွေရဲ့ အာရုံစိုက်မှုတွေကို ရှောင်ရှားနိုင်တယ်!
ကျုံးယင် ကုအန်လက်ညှစ်ထားမှုမှ ရုန်းရန် ပြင်လိုက်ပြီး သူ၏စိတ်ဝိညဉ်အခြေတည်အဆင့်အားကို သုံးလိုက်ပါက တစ်ဖက်လူ အရှက်ရသွားစေလိမ့်မည်ဟု တွေးနေမိသည်။
သို့သော် တခဏအကြာတွင် သူ့အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ရ၏။
သူ့မျက်လုံးများ ခက်ထန်လာပြီး သူ့မျက်ခုံးများပင် တွန့်ကွေးလာခဲ့ကာ သူခပ်ကြမ်းကြမ်းရုန်းလိုက်လေသည်။
သူ့အမူအရာ ထပ်မံပြောင်းလဲသွားခဲ့ရပြီး ဤတစ်ကြိမ်တွင် အံ့အားသင့်သွားရုံသာမက သူကြောက်လည်း ကြောက်လာခဲ့၏။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!