← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 9 Ch. 107-108

အပိုင်း(၁၀၇)

မြင့်မြတ်ကုန်းမြေ၊ လက်ထောက်ဂိုဏ်းချုပ်သေဆုံးခြင်း

ကုအန်မှာတော့ လီယ ဘာတွေကြုံတွေ့ခဲ့ရတာလဲဆိုတာကိုမသိပေ။ သို့သော် သူ့နတ်အာရုံကို ရက်အနည်းငယ်ကြာတိုင်း တစ်ခါ ထိုက်ကန်မင်းဆက်တစ်ခုလုံးသို့ ဖြန့်ကျက်၍ လီယ အခြေအနေကို ကြည့်လေ့ရှိသည်။ လီယသည် ထိုက်ကန်မင်းဆက်အစွန်အဖျားဒေသတွင် ဓားသိုင်းလေ့ကျင့်နေပြီး သူ့ကိုယ်ထဲတွင်လည်း ဝိညဉ်တစ်ခုကို အာရုံခံမိရာ ကြည့်ရသည်မှာ ကျက်သရေကြိုးကြာခရီးသွားသည် သူ့ကိုလိမ်ညာခဲ့ပုံတော့ မရပေ။

ကုအန် တခဏဂိုဏ်းသားများအားလုံး စုဝေးမည့်အချိန်ကို စောင့်ရန်သာ လိုတော့ပြီး သူတို့ဆုံသည်နှင့် တစ်ခါတည်းနှင့် ရှင်းပစ်၍ ရသွားပေလိမ့်မည်။

ကုအန် တခဏပင်ကို ဖျက်ဆီးခဲ့သော်လည်း တခဏဂိုဏ်းသည် ဆက်လက်အသက်ဝင်နေသေးကာ ကြည့်ရသည်မှာ သူတို့တွင် တခဏပင် တစ်ပင်ထက်မက ပိုရှိနေပုံရ၏။

အဓိပတိဂိုဏ်း၏ အဓိကရန်သူမှာ လက်ရှိတခဏဂိုဏ်းမဟုတ်ဘဲ ရောက်လာမည့် ပင်မတခဏဂိုဏ်းမှ ကျင့်ကြံသူကြီးသာ ဖြစ်ပေသည်။

ကုအန် မဟာယနအဆင့်၉ သို့တက်ရန်လည်း စီစဉ်ထားခဲ့၏။

မြင့်မားသောအဆင့်များတွင် အဆင့်ငယ်လေးတစ်ခုမှာလည်း တစ်ခုဆိုသလောက် ကွာခြားမှု ကြီးမားပေသည်။

နွေဦးရာသီကုန်ဆုံးသွားသည့်နောက် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။

လုလင်ကျွမ်းမှာလည်း ကုအန်ဆီသို့ မလာတော့ပေ။ သူနေ့စဉ် ဥယျာဉ်အလုပ်များကိုလုပ်လေ့ရှိပြီး ညအခါတွင်မူ ဆန်းကြယ်သန့်စင်ပင်အောက်တွင် သွားကျင့်ကြံလေ့ရှ်ိပေသည်။ ကုအန် သူ့အားကြည့်မိသည့်အခါတွင်တော့ ကုအန်ပဲ စိတ်ထင်တာလားမသိသော်လည်း လုလင်ကျွမ်းသည် သူ့အကြည့်ကို ရှောင်နေသလိုပင်။

အန်းရှင်းမှာလည်း တတိယဆေးတောင်ကြားတွင်နေထိုင်ရသည့်ဘ၀ကို အသားကျလာခဲ့သည်။ ဆေးတောင်ကြားသခင်သည် အလွန်သဘောကောင်းရုံသာမက တောင်ကြားရှိတပည့်များမှာလည်း ဖော်ရွေကာ ကြင်နာတတ်ကြ၏။ ထို့အပြင် တောင်ကြားတွင် ကျင့်ကြံခြင်းမှာလည်း အဓိကမဟုတ်လေရာ သူ့အတွက်စိတ်သက်သာရာ ရခဲ့သည်။

နွေဦးကုန်ဆုံးကာ နွေသို့ရောက်ခဲ့ပြန်လေပြီ။

ထိုနေ့တွင် ကုအန် အသက်၆၁နှစ် ပြည့်သွားခဲ့၏။

ထိုနေ့တွင် ကုအန် ထန်ယုအား အခြေခံတည်ဆောက်ခြင်းဆေးလုံးချီးမြင့်ပေးခဲ့ပြီး တောင်ကြားတစ်ခုလုံးမှာလည်း ထန်ယုအား ဝိုင်း၀န်းဩဘာပေးခဲ့ကြသည်။

ထိုအဖြစ်အပျက်ကြောင့် လုလင်ကျွမ်းပင် ကုအန်ကို မကြာခဏ ကြည့်မိနေခဲ့ပြီး အန်းရှင်းမှာလည်း ယခုအခါ တောင်ကြားတွင်နေရသည့်ဘ၀ကို လုံး၀ စိတ်ချနေခဲ့ပြီဖြစ်၏။ သူကုအန်အား အထင်လွဲနေခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်တွင်တော့ ကုအန်သည် စစ်မှန်သောလူကောင်းတစ်ယောက် ဖြစ်ပေသည်။

သူသည့် တပည့်များကို ကြင်နာစွာဆက်ဆံရုံသာမက ဘယ်သောအခါမှ ဆူတာဆဲတာမျိုးပင် မလုပ်တတ်ပေ။ ကုအန် မျက်မှောင်ကြုံ့သည်ကိုမြင်ရတာပင်ရှားပါးပြီး ပုံမှန်အားဖြင့် သူသည်အမြဲပြုံးနေတတ်သူ ဖြစ်ကာ သူနှင့်ဆက်ဆံရသည့်သူကို နွေဦးလေပြည်လေးတိုးဝှေ့သွားသလို ခံစားရစေသူ ဖြစ်၏။

‌မွန်းတည့်ချိန်တွင်

ကျိရှောင်ယု ကုအန်ဆီရောက်လာခဲ့သည်။ သူမနှင့်အခြားပါရမီရှင်များသည် တောင်ကြားထဲတွင် နေထိုင်‌ခြင်းဖြစ်သော်လည်း တောင်ကြား တပည့်များနှင့်အဆက်အဆံမရှိဘဲ သီးခြားသာ နေတတ်ကြသူများ ဖြစ်ကြ၏။

“ကျွန်မ မြင့်မြတ်ကုန်းမြေအကဲဖြတ်ပွဲမှာပါ၀င်ဖို့ ထွက်သွားတော့မယ်” ကျိရှောင်ယု စားပွဲတွင်ထိုင်ကာ ခပ်အေးအေးပြောလိုက်လေသည်။

မြင့်မြတ်ကုန်းမြေလား!

ကုအန်သူမကို လက်ဖက်ရည်‌ငှဲ့ပေးလိုက်ပြီး မေးလိုက်၏။ “မြင့်မြတ်ကုန်းမြေက ဘယ်လိုအင်အားစုမျိုးလဲ နောက်ပြီး ဘယ်နေရာမှာတည်ရှိတာလဲ”

ကျိရှောင်ယု ဖြေလိုက်သည်။ “မြင့်မြတ်ကုန်းမြေက နှစ်ပေါင်းသောင်းချီအမွေအနှစ်တွေရှိပြီးတော့ ဒီတိုက်ကြီးမှာ ရှေးအကျဆုံးအင်အားစုတစ်ခုပဲ တည်နေရာကတော့ မင်းဆက်ကိုးခုအလွန်မှာ တည်ရှိတယ် သူတို့က ကမ္ဘာပေါ်က ဝိရောဓိတွေအပေါ် ဝင်ပါလေ့မရှိဘူး နှစ်တစ်ရာပြည့်တိုင်းတော့ တပည့်တွေခေါ်လေ့ရှိတယ် မြင့်မြတ်ကုန်းမြေထဲကိုကျင့်ကြံဖို့ ၀င်သွားပြီးရင်တော့ အများဆုံး နှစ်၁၀၀အတွင်း ပြန်ထွက်လာရတယ်

ကုန်းမြေမှာ ဘယ်လောက်ကြာကြာနေနိုင်မယ်ဆိုတာကတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာပေါ်ပဲ မူတည်တယ် ကျွန်မတို့ ကျိမိသားစုကလည်း မြင့်မြတ်ကုန်းမြေက အမွေအနှစ်တွေနဲ့ ထင်ရှားလာခဲ့တာ”

ထိုစကားကြောင့် ကုအန်ပိုပင် စိတ်၀င်စားသွားပြီး မေးလိုက်၏။ “လူတွေကို လက်ခံမထားဘဲ မြင့်မြတ်ကုန်းမြေက ဘာကိုဦးတည်ချင်နေတာလဲ”

ကျိရှောင်ယု ခေါင်းယမ်းကာ ဖြေလိုက်သည်။ “ဘယ်သူမှမသိဘူး မြင့်မြတ်ကုန်း‌ေမြက ပြန်လာကြတဲ့ ကျိမိသားစု၀င် အကြီးအကဲတွေတောင် အဲ့ဒီအကြောင်းဘယ်သူမှမပြောကြဘူး သူတို့ပြောတာက မြင့်မြတ်ကုန်းမြေမှာရှိနေတဲ့အချိန် အမတလမ်းစဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်လို့ရတယ်တဲ့”

အတော်လေး ဆန်းကြယ်တဲ့ပုံပါလား!

“နှစ်တစ်ရာအတွင်း မဟာမိစ္ဆာကပ်ဘေးတစ်ခုရှိလာမယ်လို့ကျွန်တော်ကြားထားတယ် ဘာလို့မြင့်မြတ်ကုန်းမြေက ၀င်ဖျန်ဖြေမပေးတာလဲ” ကုအန်ထပ်မေးလိုက်သည်။

ကျိရှောင်ယုလက်ဖက်ရည်ခွက်ကို ကိုင်ကာ ဖြေလိုက်၏။

“တကယ်တော့ မင်းဆက်ကိုးခုမတိုင်ခင်ကလည်း မိစ္ဆာကပ်ဘေးတစ်ခုရှိခဲ့တယ် အဲ့တုန်းက မိစ္ဆာတွေက တိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးသွားနိုင်ခဲ့ပြီး လူသားတွေက သူတို့အစာတွေပဲဖြစ်ခဲ့တာ အဲ့ဒီနောက်မှ လူသားတွေက ပြန်မြင့်တက်လာပြီး မင်းဆက်ကိုးခုကိုတည်ထောင်နိုင်ခဲ့တာ ဒါပေမယ့် အဲ့အချိန်တုန်းကတောင် မြင့်မြတ်ကုန်းမြေက ၀င်မပါခဲ့ဘူး ငါတို့ကလန်က အကြီးအကဲတွေပြောတာတော့ မြင့်မြတ်ကုန်းမြေက ကမ္ဘာတစ်ခုလုံးကိုဖြန့်ကျက်ပြီး ကြည့်ကြတာလို့ပြောတယ် သူတို့က လူတစ်ဦးချင်းစီရဲ့အသက်ကို ဂရုမစိုက်ကြဘူး သူတို့က အမတကျင့်ကြံခြင်းတာအိုရိုးရာ တည်မြဲရေးကိုပဲ ဂရုစိုက်ကြတယ်”

ထိုစကားကိုကြားသောအခါ ကုအန် မြင့်မြတ်ကုန်းမြေအပေါ် အမြင်သစ်တစ်မျိုးပင် ဖြစ်လာခဲ့ရသည်။ ကြည့်ရသည်မှာ မြင့်မြတ်ကုန်းမြေသည် အမှန်တကယ်ပင် လူသားကမ္ဘာကိုကျော်လွန်နေသော ကုန်းမြေတစ်ခု ဖြစ်နိုင်၏။

ထို့နောက် ကုအန်ဘာမှထပ်မမေးတော့ဘဲ ကျိရှောင်ယု အကဲဖြတ်ပွဲတွင် အောင်မြင်ရန်သာ ဆုတောင်းပေးလိုက်သည်။

ကျိရှောင်ယုလည်း အကြာကြီးမနေတော့ဘဲ ပြန်သွားခဲ့၏။

ကျိရှောင်ယုပြန်သွားသော အခါ လုလင်ကျွမ်းကုန်အန်ဆီရောက်လာပြီး စိတ်၀င်စားနေဟန်ဖြင့် မေးလိုက်လေသည်။ “တောင်ကြားသခင် ဒီအမျိုးသမီးကဘယ်သူလဲ သူကသာမန်မဟုတ်တဲ့ပဲ”

သူသည် တောင်ကြားတွင် ဂိုဏ်းချုပ်က ကုအန် ကိုယ်တိုင်သင်ကြားခြင်းရန် ပါရမီရှင်ဆယ်ယောက်ကို ပို့ထားမှန်း သိပြီးပြီဖြစ်၏။ ထို့ကြောင့်လည်း သူကုအန်အပေါ် အမြင်ပြောင်းလဲသွားခဲ့ရသည်။

ထိုပါရမီရှင်ဆယ်ယောက်ထဲ၌ ကျိရှောင်ယုကို သူစိတ်အ၀င်စားဆုံး ဖြစ်၏။

သူ ကျိရှောင်ယုကိုယ်ထဲမှ မူလတာအိုအဆောင်ကို အာရုံခံမိနေခဲ့ပြီး အတင်းလုယူပစ်ချင်စိတ်ပင် ဖြစ်ပေါ်ခဲ့ရသော်လည်း စိတ်ထိန်းထားခဲ့ရသည်။

“ဂိုဏ်းရဲ့ တပည့်ရင်း ကျိမိသားစုရဲ့သခင်မလေးလေ သူကဂိုဏ်းရဲ့ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ” ကုအန် မိတ်ဆက်ပေးလိုက်၏။

ကျိရှောင်ယုသည် အမှန်တကယ်ပင် ထိပ်တန်းပါရမီရှင်များကြားထဲမှ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ့ထက် သက်တမ်းပိုများသည်မှာ အန်းဟောင်တစ်ယောက်သာ ရှိပေသည်။

အန်းဟောင်သည် ယခုအခါ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သိုရောက်ရှိသွားပြီဖြစ်ပြီး ဂိုဏ်း၏ ဒဏ္ဍာရီတစ်ခုပင်ဖြစ်လာခဲ့ကာ ဂိုဏ်းတွင်သူနှင့်ယှဉ်နိုင်သည့် ပါရမီရှင်မရှိတော့ပေ။ ကုယူဆိုလျှင်သူ့ကို စစ်မှန်သော အမွေဆက်ခံသူနှင့်တောင် နှိုင်းယှဉ်ပြောဆိုနေသေး၏။

လုလင်ကျွမ်းခေါင်းညိတ်ကာ မေးလိုက်ပြန်သည်။ “တောင်ကြားသခင် အဓိပတိလျှို့ဝှက်မှတ်တမ်းများ ကိုဖတ်ပြီးပြီလား”

ကုအန် မျက်နှာပေါ်မှအပြုံးတောင့်တင်းသွားပြီး မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။ “နင်ဘာလို့ အဲ့လိုစာအုပ်တွေဖတ်နေတာလဲ”

အဓိပတိဂိုဏ်းမှာ ဘယ်တုန်းက ဒီစာအုပ်ကအဲ့လောက်ပေါက်သွားရတာလဲ!

အခုမှ တက်လှမ်းလာတဲ့သူတောင် ဒီစာအုပ်ကိုဖတ်နေပြီ!

ကုအန် ရှန်းကျန်ကိုသာ ကြိတ်၍ ကျိန်ဆဲလိုက်မိသည်။

“ကျွန်မကို အပြင်စည်းဂိုဏ်းကတပည့်တစ်ယောက် ညွှန်းလိုက်လို့ပါ အဲ့ဒီစာအုပ်က တောင်ကြားသခင်ရေးတာမဟုတ်ဘူးမလား ဇာတ်ကောင်းကလည်း တောင်ကြားသခင်နာမည် ဖြစ်နေတာဆိုတော့လေ…” လုလင်ကျွမ်း ပြောလိုက်၏။

ကုအန် ဒေါသတကြီး တုန့်ပြန်လိုက်လေသည်။ “ငါက နင့်အမြင်မှာ အဲ့လိုလူတစ်ယောက်နဲ့တူနေလို့လား”

“ဒါပေါ့ တောင်ကြားသခင်ကတကယ်ကိုမတူပါဘူး အဲ့တာကြောင့် ကျွန်မကမေးကြည့်မိတာ”

လုလင်ကျွမ်း မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့ပြီး ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော ကုအန် အခုလိုယောက်ယတ်ခတ်နေခြင်းက သူ့ကိုစိတ်ကျေနပ်သွားစေခဲ့သည်။

“နောက်တစ်ခါ ငါစာအုပ်ခန်းမကိုသွားစစ်ဆေးဖို့လိုနေပြီ သူတို့စည်းစနစ်တွေက လုံလောက်တောင် မတင်းကြပ်သေးဘူး ဒီလိုစာအုပ်ရောင်းတဲ့လူတွေက ရှိနေတုန်းပဲ နင်အဲ့ဒီစာအုပ်ကို ဖျက်ဆီးပစ်လိုက်တာ ပိုကောင်းတယ်” ကုအန် ခပ်တည်တည်ပြောလိုက်၏။

လုလင်ကျွမ်းမှာတော့ ကုအန်အမူအရာကိုကြည့်ကာ ရယ်ချင်နေပြီး ပြုံးနေရင်း မေးလိုက်ပြန်သည်။ “တောင်ကြားသခင် အဓိပတိလျှို့ဝှက်မှတ်တမ်းများနဲ့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ဘယ်ဟာက ပိုကောင်းတယ်ထင်လဲ”

ထိုမေးခွန်းကြောင့် ကုအန် ကြောင်အသွားစဉ်တွင် လုလင်ကျွမ်း ကုအန်‌အ‌ေဖြကိုမ‌ေစာင့်‌ေတာ့ဘဲ ရယ်ချင်ပက်ကျ်ိ မျက်နှာထားနှင့် လှည့်ထွက်သွားလေတော့သည်။

ကုအန် လှည့်ထွက်သွားသော လုလင်ကျွမ်းပုံရိပ်ကို ကြည့်ကာ သက်ပြင်းသာ ချလိုက်မိသည်။

သူ့ဂုဏ်သိက္ခာမှာ တပည့်သစ်လေးများကြားထဲတွင်ပင် ပျက်ဆီးသွားခဲ့ရချေပြီ!

ကုအန် ခေါင်းယမ်းလိုက်ကာ အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုယူ၍ အိမ်ထဲက ထွက်လာခဲ့လိုက်၏။

သူ့ဂုဏ်သိက္ခာပျက်ဆီးသွားပြီဆိုမှတော့ သူပေါ်တင်ဖတ်လည်း ဘာမှမထူးတော့ပေ။

………

လရောင်နှင့်ကြယ်ရောင်နှင့် ဆန်းကြယ်တောင်ကြားသည် လင်းရှင်းနေခဲ့သည်။

ကုအန် အိမ်ထဲတွင် ကျင့်စဉ်တစ်ခုကို ဖတ်ရှူနေခဲ့၏။ ထိုကျင့်စဉ်သည် သူအတွင်းစည်းဂိုဏ်းမှ၀ယ်ယူခဲ့သော မီးအခြေပြု ကျင့်စဉ်တစ်မျိုး ဖြစ်သည်။ ဤကမ္ဘာတွင် ဒြပ်ငါးပါးလုံးကို ကျင့်ကြံ၍ ရသောကျင့်စဉ်မျိုးမရှိသောကြောင့် ကုအန် ထိုပြဿနာကို သူ့ဟာသူဖြေရှင်းရန် စီစဉ်ထားခဲ့၏။

နောက်ဆုံးတွင် သူသည် သာမန်ပုံစံဖြင့် ကျင့်ကြံသည့်သူမျိုးမဟုတ်ခဲ့ပေ။ သူ့အတွက် ဒြပ်ငါးပါးလုံးကို ကျင့်ကြံရန် လိုအပ်ပေသည်။

ညဉ့်နက်ချိန်တွင် ကုအန် ဆန်းကြယ်တောင်ကြားနယ်မြေ မိုင်တစ်ရာအတွင်းသို့၀င်ရောလာသော ပုံရိပ်တစ်ခုကို သတိထားလိုက်မိ၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း ကျင့်ကြံသူ!

ထိုသို့သော လူမျိုး ဆန်းကြယ်တောင်ကြားဆီချဉ်းကပ်လာခြင်းမှာ ကောင်းသောအရာတော့ မဟုတ်ပေ။

သို့သော် ကုအန် သူ့စိတ်ထဲတစ်ခုခုကို သံသယရှိနေသောကြောင့် စောင့်သာကြည့်နေလိုက်သည်။

အချိန်အတန်သင့်ကြာသောအခါ ယန်နီ သူ့ခြံ၀န်းထဲမှ တိတ်‌တဆိတ်ထွက်ခွာသွားပြီး ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ရှိရာသို့ ဦးတည်သွားခဲ့၏။

ထို့နောက် သူတို့နှစ်ယောက်သည် တောအုပ်ထဲတွင် တွေ့ဆုံခဲ့လေသည်။

ခပ်မှောင်မှောင်တောအုပ်ထဲရှ်ိ သစ်ပင်တစ်ပင်အောက်တွင် ယန်နီ ထိုပုံရိပ်နှင့် တွေ့ဆုံခဲ့၏။ လရောင်ကြောင့် ထိုကျင့်ကြံသူသည် အမျိုးသမီးကျင့်ကြံသူဖြစ်မှန်းတော့ မြင်နေရသည်။

“နင်‌့‌ေခြလှမ်း‌ေတွ လေးလံနေတယ်ယန်နီ နင်ဘာလို့ အပြင်စည်းဂိုဏ်းမှာပဲ တစ်ချိန်လုံးနေနေတာလဲ လီရွှမ်တောက်ကနင့်ကို အတွင်းစည်းဂိုဏ်းထဲရောက်ဖို့ စီစဉ်မပေးဘူးလား” အမျိုးသမီးကျင့်ကြံသူ ယန်နီ့အား အေးစက်စက်အသံဖြင့် မေးလိုက်၏။

ထိုအမျိုးသမီးကျင့်ကြံသူသည် ခရမ်းရောင်၀တ်စုံကို၀တ်ဆင်ထားကာ သူ့ဆံပင်ကို စည်းနှောင်ထားပြီး ခေါင်းပေါ်တွင်လည်း ကျောက်စိမ်းဆံထိုးများစွာ စိုက်ထား‌သည်။ သူ့အမူအရာသည် အေးစက်နေကာ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်တစ်ခုရှိနေသော်လည်း ထိုအမူအရာသည် သူ့အလှကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ယန်နီပြန်ပြောလိုက်၏။ “မပေးဘူး လီရွှမ်တောက်က ကျွန်မကို သူ့သားလီယနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ လူတစ်ယောက်ကို ကာကွယ်ခိုင်းထားတာ”

“လီရွှမ်တောက်က နင့်သရုပ်မှန်ကို သတိထားမိသွားတာလား”

“အဲ့လိုတော့မဟုတ်လောက်ဘူး သူသာသတိထားမိသွားရင် ကျွန်မကိုဘာလို့ သူ့သားလီယကို ကာကွယ်ပေးဖို့လွှတ်လိုက်မှာလဲ”

“တခဏပင်က ဆန်းကြယ်တဲ့ကျင့်ကြံသူကြီးတစ်ယောက် ရှင်းလင်းသုတ်သင်တာကိုခံလိုက်ရတယ် နောက်ပြီး လက်ထောက်ဂိုဏ်းချုပ်လည်းသေသွားတယ် အဲ့ဒီကျင့်ကြံသူက အဓိပတိဂိုဏ်းကဖြစ်နိုင်တယ် အဲ့တာကြောင့် ဂိုဏ်းထဲမှာ ဂိုဏ်းချုပ်အပြင် တစ်သားတည်းဖြစ်ခြင်းအဆင့်၅ အထက်ကျင့်ကြံသူဘယ်သူရှိသေးလဲ ဆိုတာ နင်စုံစမ်းပေးရမယ်”

တစ်သားတည်းဖြစ်ခြင်းအဆင့်၅ အထက်!

ယန်နီသိသိသာသာပင် မျက်နှာပျက်သွားပြီး အမြန်ပြောလိုက်၏။

“ကျွန်မကျင့်ကြံခြင်းအဆင့်နဲ့ ဘယ်လိုလုပ် တစ်သားတည်းဖြစ်ခြင်းအဆင့်ကို စုံစမ်းလို့ရမှာလဲ”

“အကြီးအကဲခန်းမထဲက ငါတို့လူတွေပေးတဲ့သတင်းအရ လုပိုင်ထျန်းကကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့တယ် လက်ထောက်ဂိုဏ်းချုပ်ကို သတ်သွားတာသူမဖြစ်နိုင်ဘူး ဖြစ်နိုင်တာက ဆန်းကြယ်တဲ့ ဆရာသခင်ဓားအရှင်ပဲ သူကနာမည်အရမ်းကျော်နေတော့ ငါတို့ဂိုဏ်းကလည်း သူ့ကိုအရင်ကတည်းက စုံစမ်းထားရတယ်

ဖြစ်နိုင်ချေတွေအားလုံးကိုဖယ်ထုတ်လိုက်တော့ ဆရာသခင်ဓားအရှင်က ကောင်းကင်ပြုပြင်စင်မြင့်ရှ်ိတဲ့ အပြင်စည်းဂိုဏ်းမှာပဲ သူ့ကျင့်ကြံခြင်းကိုဖုံးကွယ်ထားပြီး ပုန်းအောင်းနေတဲ့လူတစ်ယောက်ဖြစ်နိုင်တာကို ခန့်မှန်းမိခဲ့ကြတယ်”

သူ့ရှေ့မှအမျိုးသမီး၏ စကားကြောင့် ယန်နီမျက်မှောင်ကြုံ့သွားခဲ့သည်။

“ဒါပေါ့ ဒါကခန့်မှန်းချက်သက်သက်ပဲ ဒါပေမယ့်နင်က အပြင်စည်းဂိုဏ်းကိုသွားပြီး ဒီခန့်မှန်းချက်အရ သေချာစုံစမ်းပေးရမယ်”

ထိုစကားကိုကြားသောအခါ ယန်နီ ပြန်ပြောလိုက်၏။

“ဒီနေရာမှာ တခဏပင်ကိုစိုက်ပြီးသွားပြီ ကျွန်မဒီက ထွက်မသွားနိုင်ဘူး”

“ထွက်မသွားနိုင်ဘူးလား”

ခရမ်းရောင်၀တ်မိန်းမ တွန့်ဆုတ်သွားပြီး နတ်အာရုံကိုဖြန့်ကျက်ကာ ဆန်းကြယ်တောင်ကြားကို စစ်ဆေးကြည့်လိုက်သည်။

တခဏကြာသောအခါ သူခပ်ထေ့ထေ့ပြောလိုက်၏။ “အဲ့ဒီကောင်လေးမှာ အတော်ကောင်းတဲ့အရေပြားတွေရှိတာပဲ”

ယန်နီ ့အမူအရာချက်ချင်းပြောင်းလဲသွားပြီး အမြန်ပြန်ပြောလိုက်လေသည်။

“ရှင်သူ့ကိုအန္တရာယ်ပေးရဲလား!”

“နင်နဲ့သူ့ဆက်ဆံရေးက ဘာလဲ”

“သူက လီရွှမ်တောက်ကာကွယ်ပေးခိုင်းထားတဲ့လူတင်မဟုတ်ဘူး ကျွန်မတပည့်အသစ်လေးဆိုလည်းဟုတ်တယ်”

“မင်းတပည့်လား ဒါဆိုငါ့ကိုပေးလိုက်ရင်ရောဘယ်လိုလဲ”

“ပိတ်ထားစမ်း”

ယန်နီ ဒေါသထွက်သွားကာ သူ့ဓားကိုပင် ဆွဲထုတ်မိတော့မလိုဖြစ်သွား၏။

ခရမ်းရောင်၀တ်မိန်းမသူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ငါနောက်နှစ်ပြန်လာမယ် အဲ့ဒီအချိန် နင့်မှာငါကျေနပ်လောက်စရာ သတင်းအချက်အလက်ရှိမနေသေးရင် အဲ့ဒီကောင်လေးက ငါ့အပိုင်ပဲ သူ့အသက်စွမ်းအင်တွေကိုစုပ်ယူပြီးသွားရင် သူ့အရိုးကိုဆံထိုးလုပ်ပြီး နင့်ကိုလက်ဆောင်ပေးမှာပါ ဒါဆို နင်လည်းသူ့ကိုသတိရတိုင်းထုတ်ကြည့်လို့ရတာပေ့ါ့”

ပြောပြီးသည်နှင့် သူလှည့်ထွက်သွားခဲ့လေသည်။

ယန်နီ ထွက်ခွာသွားသောပုံရိပ်ကို ဒေါသမျက်လုံးများနှင့် ကြည့်ရှုနေပါသော်လည်း သူ့ဓားကိုထုတ်၍တော့ မတိုက်ရဲခဲ့ပေ။

ထို့နောက် ယန်နီ ကုအန်အန္တရာယ်တစ်ခုခုဖြစ်မှာကို ကြောက်ရွံ့နေဟန်ဖြင့် တောင်ကြားဆီသို့ အမြန်ပြေးသွားခဲ့၏။

ယန်နီ တောင်ကြားဆီသို့ အပြေးပြန်နေချိန်တွင် ခရမ်းရောင်၀တ်မိနး်မမှာတော့ တောထဲတွင်ရှိနေဆဲဖြစ်ပြီး သူ့မျက်နှာတွင် လှောင်ပြောင်နေသောအပြုံးတစ်ခု ရှိနေခဲ့သည်။

ချပ်!

ထိုစဉ် ရုတ်တရက် လက်တစ်ဖက်သူ့ပုခုံးပေါ်သို့ ကျရောက်လာခဲ့ရာ ခရမ်းရောင်၀တ်မိန်းမ ရပ်တန့်သွားပြီး သူ့မျက်လုံးများလည်း ပြူးကျယ်သွားခဲ့၏။

ထို့နောက် သူ့ခါးကိုလှည့်၍ နောက်သို့လှည့်ကြည့်ရန် ပြင်လိုက်စဉ်တွင် မျက်လုံးထောင့်စွန်းက ခရမ်းရောင်ချီပုံရိပ်ကို မြင်လိုက်ရလေသည်။

“ဝုန်းးး”

ကြောက်မက်ဖွယ်နတ်အာရုံတစ်ခု သူ့ကိုယ်ထဲတိုး၀င်လာပြီး သူ့မျက်လုံးများ ဗလာဖြစ်သွားခဲ့၏။

တစ်နေရာတွင်

ယန်နီ ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်လာခဲ့ပြီး ချက်ချင်းကုအန် အိမ်ရှိရာသို့ လှမ်းကြည့်မိလိုက်သည်။ ကုအန်အခန်းသည် မီးလင်းနေဆဲဖြစ်ပြီး အခန်းထဲတွင် သူ့ပုံရိပ်ကို အာရုံခံမိမှသာ ယန်နီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

အခန်းထဲတွင် ကုအန် စားပွဲတွင်ထိုင်နေကာ သူ့ရှေ့တွင်မူ ဗလာမျက်လုံးများနှင့် ခရမ်းရောင်၀တ်မိန်းမရှိနေပြီး ကုအန် သူမခေါင်းပေါ်ကိုလက်တင်ကာ ဝိညဉ်ချုပ်သိုင်းသုံး၍ ရှာဖွေနေခဲ့၏။

သူ့စိတ်ဝိညဉ်စွမ်းအားသည် သူမကိုလွှမ်းခြုံထားပြီး ကုအန်

အစွန်းကိုးပါးယင်ယန်ခန္ဓာသိုင်းကိုသုံး၍ သူမခန္ဓာကိုဖျောက်ထားသောကြောင့် အခန်းထဲသို့ ဝင်မလာမချင်း အပြင်ကဘယ်သူမှ သူမတည်ရှိမှုကို အာရုံခံမိလိမ့်မည် မဟုတ်ပေ။

အပိုင်း(၁၀၈)

မင်းဘာလို့ငါ့ကိုဖိအားပေးနေတာလဲ

ကုအန် အစက သူတို့စကားဝိုင်းကို ချောင်းနားထောင်ရုံသာ စိတ်ကူးထားသော်လည်း ခရမ်းရောင်၀တ်မိန်းမသည် သူ့ကိုနတ်အာရုံဖြင့် စစ်ဆေးရုံသာမက ရန်ပြုလိုစိတ်ပါရှိနေခဲ့သည်။

ဤအရာကို သူမည်သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။

ကုအန် သူမကိုတိုက်ရိုက်သာ ဖမ်းဆီးခဲ့လိုက်၏။

သူမကိုမသတ်ခင် ကုအန် သူမဆီမှ တခဏဂိုဏ်းနှင့်ပတ်သက်သော အချက်အလက်များ ရှာဖွေဦးမည်ဟု ဆုံးဖြတ်ထားလိုက်သည်။ ထိုမိန်းမ၏ သရုပ်မှန်သည် မရိုးရှင်းလောက်လေရာ သူ့ဆီမှ အသုံး၀င်သော အချက်တစ်ချို့ရရှိနိုင်၏။

ခရမ်းရောင်၀တ်မိန်းမ၏နာမည်သည် စုရှန် ဖြစ်ကာ ရွက်ဝါတစ်ထောင်မျှော်စင်၏ အကြီးအကဲဟောင်းဖြစ်ပေသည်။ သူမသည် လွန်ခဲ့သောနှစ်နှရာကတည်းက တခဏဂိုဏ်းသို့ ၀င်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းကာလများတွင် တခဏဂိုဏ်းပြန်လည်ထွက်ပေါ်မလာခင်အထိ ရွက်ဝါတစ်ထောင်မျှော်စင်တွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။

ယန်နီသည် သူမကိုယ်တိုင် တခဏဂိုဏ်းထဲသို့ ခေါ်သွင်းခဲ့သော တပည့်ဖြစ်ပေသည်။ ယန်နီ့အား ဂိုဏ်းထဲသို့ခေါ်ရန် သူမသည် ယန်နီ၏အစ်မကိုသတ်သည့်တရားခံကို ရှာပေးမည်ဟု ကတိပေးကာ ခေါ်ခဲ့ခြင်း ဖြစ်၏။

စုရှန် ယန်နီ့ကို ခေါ်ရသည့်ရည်ရွယ်ချက်မှာ လီရွှမ်တောက်နှင့် လီယအပေါ် စောင့်ကြည့်နိုင်ရန် ဖြစ်ပေသည်။ လီယ ကောင်းကင်စံအိမ်ဓားကို ဆက်ခံခဲ့ပြီးကတည်းက ထိုကောင်လေးသည် မြင့်တက်လာနိုင်သည်ဟု ထင်ခဲ့မိသောကြောင့် လီယနှင့်လီရွှမ်တောက် သားအဖနှစ်ယောက်ကို စောင့်ကြည့်ရန် ယန်နီ့ကို ခေါ်ခဲ့ခြင်းဖြစ်၏။

သို့သော် ယန်နီမှာလည်း စုရှန်ကို လုံး၀ယုံနေခြင်းတော့မဟုတ်ပေ။ သူ့အစ်မ အသတ်ခံရမှုတွင် အဖြစ်မှန်ကိုသိရစေရန် စုရှန်ကို အပိုအကူအညီအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

တခဏဂိုဏ်း၏ အာဏာတည်ဆောက်ပုံမှာ အလွန်ပင် ရှုပ်ထွေးလှ၏။ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အကြီးအကဲတစ်ယောက်ချင်းစီတိုင်းတွင် ကုသိုလ်များကိုယ်စီရှ်ိကြပြီး သူတို့၏ ကုသိုလ်များများပြားလာကာ ဂိုဏ်းအပေါ်အကျိုးဆောင်မှုလုံလောက်သွားပါက ထိုအကြီးအကဲသည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်သို့ ၀င်ခွင့်ရကြသည်။

စုရှန်မှာမူ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ကြားသာကြားဖူးခဲ့ခြင်း ဖြစ်၏။ ပြောကြသည်မှာ မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှတစ်ဆင့် သမုဒ္ဒရာကိုဖြတ်ကာ အခြားတိုက်ကြီးတစ်ခုဆီသို့ သွားနိုင်သည်ဟု ဆိုကြသည်။ မြေအောက်ကမ္ဘာလမ်းကိုးသွယ်သည် တခဏဂိုဏ်းက ယင်နှင့်ယန်ဆုံရာ တစ္ဆေဘုံကိုဖြတ်၍ ဖွင့်လှစ်ပေးထားသော ယင်ယန်လမ်းကြောင်းတစ်ခုဖြစ်၏။ ထိုနေရာတွင် မကောင်းဆိုးဝါးတစ္ဆေများနှင့် ပြည့်နှက်နေပြီး အန္တရာယ်များရော အခွင့်အလမ်းများပါ ပြည့်နှက်နေသော နေရာဖြစ်ပေသည်။

ကုအန် အချိန်အတော်ကြာ စစ်ဆေးကြည့်ပါသော်လည်း ပင်မဂိုဏ်းအကြောင်း ဘာတစ်ခုမှရှာမတွေ့ခဲ့ပေ။

တစ်နာရီခန့်ကြာမှသာ ကုအန် သူ့နတ်အာရုံကို ပြန်ထုတ်လိုက်၏။

ကုအန် စုရှန်းအား အထင်သေးမှုများ ပြည့်နှက်နေသောမျက်၀န်းဖြင့် ကြည့်ရှုလိုက်လေသည်။ သူဝိညဉ်ချုပ်သိုင်းဖြင့် ရှာဖွေခဲ့စဉ်က စုရှန် စိတ်ထဲတွင် မသမာမှုမျိုးစုံကို တွေ့ရှိခဲ့ရ၏။

မိစ္ဆာကျင့်ကြံသူဆိုသည်မှာ မိစ္ဆာကျင့်ကြံသူပင်!

ထို့နောက် ကုအန် စုရှန်ကိုပြာမှုန်များအဖြစ် အဆုံးသတ်ပေးလိုက်သည်။

ဤသို့ဖြင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် လူမသိသူမသိ ပျောက်ကွယ်သွားခဲ့ရပြန်၏။

သူ့ဆီမှ သက်တမ်းအတော်များများရလိုက်၍ ကုအန်လည်း အနည်းငယ်ကျေနပ်သွားမိသည်။

ထို့နောက် ကုအန်စုရှန်ဆီမှရသော သိုလှောင်လက်စွပ်နှစ်ကွင်းကို သိမ်းဆည်းလိုက်၏။

ထိုအချိန်တွင် ယန်နီမှာတော့ အခန်းထဲတွင် ကျင့်ကြံနေရင်း သူ့ပြဿနာတွင် ကုအန်ကိုပါ ဆွဲထည့်မိလိုက်၍ စိတ်မကောင်းဖြစ်နေခဲ့သည်။

ထိုအရာသည် သူကုအန်အပေါ် မရိုးသားသော ခံစားချက်များရှိနေ၍ မဟုတ်ပေ။ နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီးနောက် သူတို့ကြားဆက်ဆံရေး ပိုမိုနီးကပ်လာပြီး ကုအန်လို ဂျူနီယာလေးတစ်ယောက်ကို မထိခိုက်စေလိုခြင်းသာ ဖြစ်၏။

မနက်ခင်းသို့ရောက်သောအခါ လုကျိကျား တပည့်များကို အကြောလျှော့လေ့ကျင့်ခန်းလုပ်ရန် စုဝေးလိုက်သည်။

“တစ်နေ့တာရဲ့ အစီအစဉ်တွေအားလုံးက မနက်ခင်းမှာပဲ မူတည်နေတယ် ယန်နီ မနက်စာလေ့ကျင့်ခန်းလုပ်ရမယ့်အချိန်ပဲ”

ကုအန် ယန်နီနေသော ခြံ၀န်းထဲသို့သွားကာ အော်ခေါ်လိုက်၏။

ယန်နီ သူ့အိမ်ထဲမှ အမြန်ထွက်လာကာ မနေ့ညက ဘာတစ်ခုမှဖြစ်မထားသလိုပင် အသာအယာခေါင်းညိတ်ပြလိုက်သည်။

ကုအန်လည်း ထိုကိစ္စအကြောင်း ဘာမှမပြောခဲ့ပေ။ သို့သော် မနေ့ညက သူ့ကိုအန္တရာယ်ပြုဖို့ ပြောစဉ်က ယန်နီ ဓားဆွဲထုတ်မလိုဖြစ်သွားသည့် အပြုအမူကတော့ သူ့ကို ခံစားသွားရစေ၏။

အနာဂတ်တွင် သူယန်နီ့အား ဆေးမျိုးစေ့‌များများပေး၍ စိုက်ခိုင်းပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရပေလိမ့်မည်။

…..

စုရှန်နှင့် တွေ့ပြီးသည့်ညကတည်းက ယန်နီ အဆင့်မြင့်မျိုးစေ့များ ရှာလိုသည်ဟူသော အကြောင်းပြချက်ဖြင့် အပြင်စည်းဂိုဏ်းသို့ နေ့တိုင်းထွက်သွားလေ့ရှိ၏။

ကုအန်ဘ၀မှာမူ ဆေးတောင်ကြားသုံးခုသို့ လှည့်ပတ်သွားကာ ဆေးပင်များစုဆောင်းနေဆဲဖြစ်ပြီး ပြောင်းလဲသွားတာမျိုး မရှိခဲ့ပေ။

နွေရာသီ ကုန်ချိန်တွင်

ကုအန် ထျန်းယတောင်ကြားသို့ ရောက်ရှိလာခဲ့၏။ လျူဟွမ် နှင့် ယိလျူယွမ်တို့သည် မျောက်သုံးကောင်ကိုခေါ်ကာ ထွက်ခွာသွားကြပြီး တောင်ကြား၌ လုရှန် တစ်ယောက်သာ ကျန်ခဲ့လေသည်။

“မိုင်ထောင်ချီဝေးတဲ့ အရပ်မှာ ရတနာတွေရှိတဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတစ်ယောက်ရဲ့ ဂူတစ်လုံးကိုတွေ့လို့ ရတနာတွေရှာဖို့ ယိလျူယွမ်က အကုန်လုံးကိုခေါ်သွားတယ် ရက်ပေါင်းများစွာကြာတဲ့ထိ ပြန်လာမှာမဟုတ်ဘူး” လုရှန် ကုအန်ဆီရောက်လာကာ ရှင်းပြလိုက်၏။

ကုအန် အသာအယာခေါင်းညိတ်ပြလိုက်ကာ ဆေးဥယျာဉ်ဆီသို့ လှည့်ထွက်သွားခဲ့သည်။

“မင်းကတကယ်ပဲဘယ်သူလဲ ကုအန်” လုရှန် အသံနောက်မှ ထွက်ပေါ်လာခဲ့ပြီး သူ့အသံသည် ခါးသီးနေမှုများဖြင့် ပြည့်နှက်နေခဲ့၏။

ကုအန် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ကာ လုရှန်ဆီပြန်လှည့်၍ ပြုံးပြလိုက်သည်။ “ကျွန်တော်က ဘယ်သူလဲတဲ့လား ကျွန်တော်ကဘယ်သူမှမဟုတ်ပါဘူး အပင်စိုက်ရတာကိုကြိုက်တဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ”

ဒီကောင့်ပုံစံက ထူးဆန်းနေတာပဲ!

ဘာလို့ သူ့ပုံစံက အရင်နဲ့လုံး၀ မတူရတော့တာလဲ!

သူ့ကိုယ်ထဲက ဝိညဉ်တစ်ခုခုက ၀င်ပူးသွားတာများလား!

ကုအန် မျိုးစုံတွေးနေမိသည်။

လုရှန် အေးစက်စက်ရယ်မောလိုက်ကာ ပြောလိုက်၏။

“ငါမင်းကို အကြိမ်ပေါင်းနည်းနည်းပဲ သင်ပေးခဲ့ပေမယ့် မင်းရဲ့ ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါးအပေါ်နားလည်မှုက ငါဆယ်နှစ်လောက် လေ့ကျင့်ခဲ့ရတာထက်ကျော်လွန်သွားတယ်လေ”

ကုအန် မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။ သူထိုမျှ သိုသိုသိပ်သိပ်နေတာတောင် လုရှန် သဲလွန်စတစ်ခုခုရသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဤအရာသည် ပြဿနာရှိနိုင်ပေသည်။

ထိုစဉ် လုရှန်ရှေ့သို့ ခြေတစ်လှမ်းတိုးလာလိုက်ပြီး သူ့ကိုယ်မှ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် အရှိန်အဝါများ တိုးထွက်လာခဲ့ပြီး မြေပြင်ရှိ သစ်ရွက်များပင် မုန်တိုင်းတိုက်သလို လေထဲလွင့်လာခဲ့ကြ၏။

သူ့ကျင့်ကြံခြင်းသည် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉သာ ဖြစ်သော်လည်း သူ့အရှိန်အဝါမှာ စိတ်ဝိညဉ်အခြေတည်အစောပိုင်းအဆင့်နှင့်ပင် ယှဉ်နိုင်ပေသည်။

သူသည် အဓိပတိဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ဟူသော ဘွဲ့ထူးနှင့် ထိုက်တန်လှ၏။

“ငါအဲ့ဒီဂူကိုတွေ့ထားတာကြာလှပြီ တမင်မင်းလာတဲ့အချိန်ကိုတွက်ပြီး သူတို့ကို ပထုတ်လိုက်တာ ဒီနေ့ ငါတို့ဘယ်သူက ပိုတော်လဲဆိုတာ စမ်းသပ်ကြတာပေါ့” လုရှန် အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

လုရှန် လက်ဖဝါးတွင် စိတ်ဝိညဉ်စွမ်းအင်များ စုဝေးလာခဲ့ကာ လေပြင်းများ တိုက်ခတ်လာခဲ့၏။

ကုအန် လက်မြှောက်ကာ ပြောလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ ကျွန်တော်ကတကယ်ကို ပါရမီရှင်မဟုတ်ပါဘူး ဘာလို့ကျွန်တော့်ကို အဲ့လိုထင်နေတာလဲ ကျွန်တော်က အစ်ကို့အတွက် ခြိမ်းခြောက်မှု မဟုတ်ပါဘူး”

မင်းသာအလောတကြီးလုပ်လာခဲ့ရင် ငါ့မှာမင်းကိုသတ်ပစ်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့ဘူးပဲ!

လုရှန် နှုတ်ခမ်းသပ်လိုက်ကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ ငါမင်းကိုမသတ်ပါဘူး မင်းရဲ့အတိမ်အနက်ကို စမ်းသပ်ကြည့်ချင်ရုံပဲ မင်းသာဆက်ပြီး မင်းခွန်အားကို ဖုံးကွယ်ထားချင်သေးတယ်ဆို လီယလိုအဆုံးသတ်မသွားစေဖို့ သတိသာထားပေတော့”

ထိုစကားကြောင့် ကုအန်မျက်လုံးများ အေးစက်သွားခဲ့သည်။

“ငါ့ ဆန်းကြယ်လိပ်လက်ဝါးသိုင်းကို ခံစားကြည့်လိုက်” လုရှန် မိုးခြိမ်းသလို အော်ဟစ်လိုက်ကာ လက်ဖဝါးတစ်ချက် ရိုက်ချလိုက်၏။

ထိုလက်ဝါးချက်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် လှုပ်ခတ်သွားစေခဲ့ကာ ဖိအားကြီးတစ်ခုသည် ကုအန်ဆီဦးတည်သွားနေရင်း လမ်းတစ်လျှောက်ရှိ မြက်ပင်များအားလုံးသည်လည်း အမြစ်မှ ကျွတ်ထွက်ကုန်ကြသည်။

ဝုန်းးး….

လက်ဝါးမှဖြစ်ပေါ်လာသော လေလှိုင်းကြီးသည် ပေ၁၀၀လောက်ပင် မြင့်မားပြီး ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့လေရာ အတော်လေး မင်သက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေါ်နေခဲ့၏။

ထိုစဉ် လုရှန်၏ မျက်နှာပေါ်ရှိ အပြုံးအေးခဲသွားခဲ့ပြီး သူ့အကြည့်သည် လေလှိုင်းလက်ဝါးနောက်ဘက်တွင် မလှုပ်မယှက်ရပ်နေသော ကုအန်ဆီ ရောက်ရှိနေခဲ့သည်။ သူ့လက်ဝါးလှိုင်းချက်မှာမူ အစအနပင် မရှိတော့ပေ။

ကုအန် နောက်ရှိဆေးပင်များမှာ လေထဲတွင် တလူလူလွင့်နေသော်လည်း တစ်ပင်မှ အမြစ်မှ ကျွတ်ထွက်သွားခဲ့ခြင်းမျိုး မရှိခဲ့ပေ။

ထိုအခိုက်တွင် ကုအန်၏ အမူအရာကင်းမဲ့နေသော မျက်နှာရော သူ့ပုံစံတစ်ခုလုံးကပါ အရင်လိုမဟုတ်တော့ဘဲ လုံး၀ပြောင်းလဲသွားသောကြောင့် လုရှန် ကြောက်ရွံ့သွားမိသည်။

“မင်း…”

လုရှန် တုန်ရီစွာ ပြောလိုက်စဉ်တွင် ကုအန် သူ့ဆီသို့ ရောက်ရှိလာခဲ့၏။

ခြေတစ်လှမ်းတည်းနှင့်ပင် ကုအန်သည် သူ့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

ဝုန်းးး!

ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် လုရှန်၏ အရှိန်အဝါကို တစ်စဆီချိုးဖျက်သွားခဲ့ပြီး ပုန်းကွယ်နဂါးအဆင့် ထိပ်ဆုံးမှ ပုဂ္ဂိုလ်ဖြစ်သော လုရှန်သည် သူမဟုတ်သလိုပင် မြေ‌ပြင်ပေါ် ဖင်ထိုင်ကျသွားခဲ့၏။

ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ကာ လက်ဖဝါးဖြင့် လုရှန် မျက်နှာကို ချိန်ရွယ်ထားလိုက်သည်။

ထိုအခိုက်တွင် ကြောက်စရာကောင်းသော စိတ်ဝိညဉ်စွမ်းအားတစ်ခုက သူ့ကိုဖိနှိပ်ထားသောကြောင့် လုရှန် လှုပ်ပင်မရတော့ပေ။

“နတ်အသွင်ပြောင်းခြင်း….” လုရှန် အံကြိတ်ကာ ပြောလိုက်၏။

ယခုအခါတွင်သူသည် အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေခဲ့သလိုဖြစ်နေပြီး နတ်အသွင်ပြောင်းခြင်းအဆင့်စွမ်းအားကို ဖုံးကွယ်ထားခဲ့သော ကုအန်သည် သူ့ကို အလွယ်တကူပင် ဖိနှိပ်ထားခဲ့လေသည်။

“မင်းဘာလို့ငါ့ကို ဖိအားပေးခဲ့ရတာလဲ” ကုအန် မြေပြင်ပေါ်ရှိ လုရှန်ကို ငုံ့ကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။

သို့သော် ကုအန်မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ဆန္ဒကြောင့် လုရှန် သေခြင်းတရားကို ရင်ဆိုင်ရတော့မလို ခံစားနေခဲ့ရသည်။

ကုအန်၏ အမူအရာကင်းမဲ့နေသော မျက်နှာသည် အလွန်ကြောက်စရာကောင်းလှပြီး လုရှန် ထိုမျှကြောက်စရာကောင်းသော အကြည့်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“နေပါဦး!”

လုရှန် အမြန်ပြောလိုက်ပြီး ပထမဆုံးအကြိမ်အနေဖြင့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့နေသော အမူအရာများပင် ရှိနေခဲ့သည်။

ကုအန် နှုတ်ဆိတ်၍သာ သူ့ကိုကြည့်နေလိုက်၏။

တကယ်တော့ ကုအန်လည်း သူ့ကိုမသတ်လိုပေ။ သူသည် လုပိုင်ထျန်း၏သားဖြစ်ရုံသာမက သူ့ကိုလည်း သတ်လိုခြင်းမဟုတ်ခဲ့ဘဲ မျှမျှတတ ယှဉ်ပြိုင်ချင်ခဲ့ရုံသာ ဖြစ်သည်။

သို့သော် ပြဿနာများကိုရှောင်ရှားရန် နတ်အသွင်ပြောင်းခြင်းစွမ်းအားကိုသုံး၍ လုရှန်နှလုံးသားထဲ ကြောက်စိတ်ထည့်ပေးလိုက်ခြင်း ဖြစ်၏။

“ငါမှားသွားပါတယ် …ငါ့ကိုမသတ်ပါနဲ့..” လုရှန် အံကိုကြိတ်ကာ ရှက်လွန်း၍ ကုအန်ကိုပင် မကြည့်ဝံ့ဘဲ ခေါင်းငုံ့၍ ပြောလိုက်သည်။

ကုအန်ရှေ့တွင် မတ်တပ်ပင်မရပ်နိုင်ဘဲ ဖင်ထိုင်လဲကျနေခဲ့ရခြင်းမှာ သူ့ကိုအလွန်ရှက်သွားစေခဲ့၏။

“ဒါပေမယ့် မင်းကငါ့ကျင့်ကြံခြင်းအဆင့် အစစ်ကို ထုတ်ပြရအောင်လုပ်ခဲ့တယ်လေ အဲ့တာက ငါ့ကိုအနာဂတ်မှာ ပြဿနာတွေအများကြီးကိုဖြစ်စေလိမ့်မယ် ငါက ငြိမ်းငြိမ်းချမ်းချမ်းပဲ အပင်တွေစိုက်ရင်းကျင့်ကြံချင်တာပါ မင်းဘာလို့ ငါ့ကိုဖိအားပေးခဲ့ရတာလဲ ဘာလို့လဲ”

ကုအန်အေးစက်စက်ပြောလိုက်ကာအစကသူ့အသံသည် အေးစက်နေသော်လည်း နောက်ပိုင်းတွင်တော့ မာန်ပါလာကာ သူ့ပုံစံသည် ရူးသွပ်တော့မလိုပင်။

လုရှန် ကုအန်အမူအရာကြောင့် အံ့ဩသွားကာ မော့ကြည့်လိုက်မိပြီး အမြန်ပြန်ပြောလိုက်၏။

“ငါဘယ်သူ့ကိုမှ မပြောပါဘူး ကတိပေးပါတယ် ကျိန်လည်းကျိန်ပါတယ်!”

ထိုစဉ် ကုအန်လက်ဝါးတွင် စိတ်ဝိညဉ်စွမ်းအင်များ စုဝေးလာပြီး ကြောက်စရာကောင်းသော နတ်အသွင်ပြောင်းခြင်းစွမ်းအားများ ထွက်ပေါ်လာလေရာ လုရှန် ကြောက်ရွံ့သွားခဲ့သည်။

“နေဦး ငါ့မှာအဆင့်၈ စိတ်ဝိညဉ်ပန်းပင်တစ်ပင်အကြောင်း သဲလွန်စရှိတယ် အဲ့ဒီပန်းပင်က နှစ်ရာနဲ့ချီ ပဋိသန္ဓေတည်နေပြီး အခုထိ အသိညဏ်ရှိမလာသေးဘူး မင်းကအပင်တွေစိုက်ရတာကြိုက်တယ်မလား မင်းအဲ့တာကိုယူလို့ရတယ်” လုရှန် အမြန်ပြောလိုက်ပြီး ကြောက်ရွံ့နေသောကြောင့် သူ့အသံပင် တုန်ရီနေခဲ့၏။

ကုအန် စိတ်လှုပ်ရှားသွားကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလိုက်သည်။ “အဲ့တာက ဘယ်မှာလဲ”

သူ့ကိုယ်ပေါ်မှ ဖိအား ‌အားပျော့သွားသောကြောင့် လုရှန်ချက်ချင်း သိုလှောင်အိတ်ထဲမှ မြေပုံစာလိပ်တစ်ခုထုတ်လိုက်ပြီး ကုအန်ကိုပေးလိုက်၏။ “ဒါက မြေပုံပါ အဲ့တာကို ငါဂိုဏ်းတစ်ရာညီလာခံမှာ ပါခဲ့တုန်းက အကြီးအကဲကြီးတစ်ယောက်ပေးခဲ့တာ”

ကုအန် မြေပုံကိုယူကာ တစ်ချက်ကြည့်လိုက်ပြီး သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်လေသည်။

ထို့နောက် လုရှန်ကိုမျက်မှောင်ကြုံ့၍ ကြည့်လိုက်ကာ ပြောလိုက်၏။

“မင်းတကယ် မပြောဘူးမလား”

“တကယ်လို့ ငါမင်းကျင့်ကြံခြင်းကို ထုတ်ပြောမိရင် ကပ်ဘေးကျော်ဖြတ်တဲ့အခါ စိတ်နတ်ဆိုး၀င်ပြီး ငါ့တာအိုပါ ပျက်သုဉ်းသွားပါစေ”လုရှန် ရုတ်တရက် ကျိန်ပြလိုက်သည်။

ထိုအခါမှ ကုအန် သူ့ကျင့်ကြံခြင်းကို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ပြန်လျှော့လိုက်၏။

ကုအန် သူ့ပုံမှန်ဟုတ်မနေသော ပုံစံကို ပြန်ပြင်လိုက်ပြီး လုရှန်ကို ဆွဲထူပေးလိုက်ကာ ပြောလိုက်သည်။ “အစ်ကိုလု စော်ကားခဲ့မိလို့တောင်းပန်ပါတယ် ဒါမျိုးဟာသတွေထပ်မလုပ်တော့ပါဘူးလို့ ကျွန်တော့်ကို ကတိပေးပါ အဲ့တာကမရယ်ရဘူးဗျ”

ထိုစကားကိုကြားသောအခါ လုရှန် အားတင်း၍သာ ပြုံးပြလိုက်မိသည်။

ထို့နောက် ကုအန်သူ့ရှေ့မှ လှည့်ထွက်သွားလေတော့သည်။

ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ကာ လုရှန် အတန်ကြာ တိတ်ဆိတ်နေမိ၏။

တစ်နာရီခန့် ကြာမှသာ ကုအန် လုရှန်ဆီပြန်လာပြီး နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

လုရှန်မှာတော့ မြက်ခင်းပေါ်ထိုင်ကာ ကောင်းကင်‌ေပါ်ရှိ နေမင်းကြီးကိုကြည့်ရှုရင်း အတွေးလွန်နေမိသည်။

နှစ်ညကြာသွားပြီးသည့်အချိန်ထိ သူထမလာခဲ့သေးပေ။

ထို့နောက်တွင်တော့ လျူဟွမ်နှင့် ယိလျူယွမ်တို့ ပြန်လာခဲ့ကြပြီး သူတို့ရခဲ့သော အကျိုးအမြတ်များ အကြောင်း အော်ဟစ်ကာ ပြောဆိုလာခဲ့ကြသည်။

လုရှန် မြက်ခင်းပေါ်ထိုင်နေသည်ကိုတွေ့သောအခါ ယိလျူယွမ်ရယ်မောကာ မေးလိုက်၏။ “လုရှန် ဘာလို့ကျင့်ကြံမနေတာလဲ”

လုရှန် ရုတ်တရက် ကြက်သီးထသွားပြီး ယိလျူယွမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော် နတ်အသွင်ပြောင်းခြင်းအဆင့်ကို အသက်၁၀၀အတွင်းရောက်မယ်လို့ ထင်လား”

သူသည် ကုအန်မှာလီယနှင့်သက်တူရွယ်တူဖြစ်မှန်း သိ၏။

“မင်းသာအချိန်မဖြုန်းခဲ့ရင်တော့ အသက်၁၀၀အတွင်း နတ်အသွင်ပြောင်းခြင်းအဆင့်ရောက်မှာသေချာတယ် ဒါပေမယ့် မင်းကအခု အသက်၉၀ ဖြစ်နေပြီ ၁၀နှစ်အတွင်း ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၉ ကနေ နတ်အသွင်ပြောင်းခြင်းအဆင့်၁ကိုရောက်ဖို့က ခက်ခဲလိမ့်မယ်” ယိလျူယွမ်ခေါင်းယမ်းကာ ပြောလိုက်၏။

လျူဟွမ် အကြံပေးလိုက်သည်။ “အရှင်မင်းကြီးက မင်းကိုအရမ်းတန်ဖိုးထားတာ မင်းသာသူ့ကိုသွားမေးရင် မင်းကိုဆေးတွေအများကြီး ထောက်ပံ့ပေးလိမ့်မယ်”

လုရှန် ပြန်လည်တိတ်ဆိတ်သွားခဲ့၏။

လုရှန် သူ့ကိုယ်သူလည်း သံသယရှ်ိနေခဲ့ပြီး သူသည် ပါရမီရှင်တစ်ယောက်လုံး၀မဟုတ်ဘူးလား ဟူ၍ပင် သံသယရှိနေခဲ့သည်။

All Chapters