← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 10 Ch. 109-110

အပိုင်း(၁၀၉)

ဘိုးဘေးရွှမ်ထျန်း၊ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်း

ကုအန်ဂရုစိုက်‌ေပးပြီးကတည်းက လုရှန်သည် လမ်းမှန်ပေါ်သို့ ပြန်ရောက်သွားခဲ့သည်။ ကုအန် ထျန်းယတောင်ကြားသို့ရောက်တိုင်း လုရှန် တံခါးပိတ်ကျင့်ကြံနေခြင်းနှင့်သာ တိုးနေခဲ့ပြီး လျူဟွမ်ပြောစကားအရ သူသည် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ မြန်နိုင်သမျှ မြန်မြန် တက်လိုနေသည်ဟု ဆိုသည်။

ကုအန် ဘာကြောင့်လဲဟု မေးခဲ့သော်လည်း လျူဟွမ်လည်း သေချာမသိခဲ့ပေ။ ထိုမှသာ ကုအန်စိတ်အေးသွားခဲ့ရသည်။ လုရှန်သည် ရူးနှမ်းကာ တစွတ်ထိုးလုပ်တတ်သော်လည်း သူ့ပါးစပ်မှာ လုံပေသည်။

ကုအန် လုရှန်ပေးခဲ့သော မြေပုံကို လေ့လာခဲ့သော်လည်း ထိုမြေပုံရှ်ိတည်နေရာမှာ မင်းဆက်ကိုးခုနှင့် အလွန်ဝေးသောနေရာတွင်ရှ်ိနေသောကြောင့် သူနောက်မှသာ သွားတော့မည်ဟု ဆုံးဖြတ်ထားခဲ့၏။

အကယ်၍ ထိုနေရာတွင် မဟာယနကျင့်ကြံသူတစ်ယောက်ရှိနေလျှင် မည်သို့လုပ်မည်နည်း။

သူမစွန့်စားရဲပေ။

ယခုအချိန်တွင် တောင်ကြားသုံးခုမှရသော သက်တမ်းသည် မနည်းလှပေ။ အရမ်းကြီးများနေခြင်းမျိုးမဟုတ်သော်လည်း သူ့သက်တမ်းမှာ ခပ်မြန်မြန်ပင် တိုးတက်လာခဲ့၏။

မျက်စိတစ်မှိတ်အတွင်း

နှစ်လကုန်ဆုံးသွားခဲ့ပြန်သည်။

အဝါရောင် ဆောင်းဦးရာသီသည် ဆန်းကြယ်တောင်ကြားကို ဖုံးလွှမ်းထားခဲ့၏။ ထိုနေ့့ မွန်းတည့်ချိန်တွင် ရီလန် ကုအန်ဆီရောက်ရှိလာခဲ့သည်။

ကုအန်နှင့် ၁နှစ်နီးပါး မတွေ့ခဲ့ရသောကြောင့် သူအတော်လေး လွမ်းဆွတ်နေမိ၏။ ထို့ကြောင့် အခန်းထဲရောက်သည်နှင့် ကုအန်ကို ပြေးဖက်လိုက်လေသည်။

“ဂျူနီယာညီမလေး!”

ကုအန် ခပ်တည်တည်ပြောလိုက်ကာ ရီလန့်ကို ထိုသို့မလုပ်သင့်မှန်း သဲလွန်စပေးလိုက်ဧ။။်

ထိုမှသာ ရီလန်သူ့ကိုပြန်လွှတ်လိုက်ပြီး ပြောလိုက်သည်။

“တစ်ခါလောက်ဖက်တာ ဘာများဖြစ်လို့လဲ အကြာကြီးမတွေ့ခဲ့ရတဲ့ အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ကြား ဒီအပြုအမူက သာမန်ပဲကို အစ်ကိုကြီးအဲ့အကြောင်းအများကြီး မတွေးပါနဲ့ ညီမလေးအဲ့လိုအချစ်ရေးရာကိစ္စတွေမှာ စိတ်မ၀င်စားတော့ဘူး အမတကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ အာရုံစိုက်ထားတော့တာပါ”

ကုအန် သူမကိုတစ်ချက်ကြည့်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

ထို့နောက် ရီလန့်ကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်ရာ သူ့နှလုံးသားလေးလံသွားတော့သည်။

[ရီလန်(အခြေခံတည်ဆောက်ခြင်းအဆင့် ‌၅): ၅၆/၁၃၀/၁၃၀]

ပုံမှန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ယောက်၏ အမြင့်ဆုံးသက်တမ်းသည် ၂၀၀ကျော်အထိ ရှိရမည်ဖြစ်သော်လည်း ရီလန်မှာ ကုအန်၏ဆေးများကြောင့်သာ ရောက်ရှိခဲ့ခြင်း ဖြစ်၏။

ရီလန်သာ အသက် ၁၃၀ ပြည့်သွားခဲ့လျှင် မည်သို့လုပ်မည်နည်း။

ကုအန် သက်ပြင်းချလိုက်မိကာ တာအိုဖြန့်ကျက်ကျင့်စဉ်ကို ရီလန့်ကိုလည်း သင်ပေးလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်၏။ ထိုကျင့်စဉ်သည် သူ့သက်တမ်းကို တိုးမြှင့်ပေးကောင်း ပေးနိုင်ပေလိမ့်မည်။

တာအိုဖြန့်ကျက်ကျင့်စဉ်သည် စိတ်ဝိညဉ်စွမ်းအင်ကို စုဆောင်းထားရသော ကျင့်စဉ်မျိုးဖြစ်လေရာ ကုအန်တွင် ရဲတင်းသော အကြံအစည်တစ်ခုပင် ရှိနေသေးသည်။

အကယ်၍ ထိုကျင့်စဉ်ကို ကျင့်ကြံသည့်သူကသာ ကျင့်ကြံနေစဉ်အတွင်း စိတ်ဝိညဉ်စွမ်းအင်ဆေးလုံးတွေကို အများအပြားဆက်တိုက်သောက်ပစ်လိုက်လျှင် မည်သို့ ဖြစ်လာမည်နည်း။

ရီလန်မှာတော့ သူ့အစ်ကိုကြီး၏ အတွေးကိုမသိဘဲ ဤခရီးတွင် သူကြုံတွေ့လာခဲ့ရသော အရာများကိုသာ ပြန်ပြောပြနေခဲ့သည်။

ဥပဒေရေးရာခန်းမမှတပည့်များသည် အိမ်ရှေ့မင်းသာလီတိုင်ကို ကာကွယ်ရန် သွားခဲ့ရခြင်းဖြစ်၏။ သူတို့၏ ရန်သူသည် တခဏဂိုဏ်းဖြစ်ကာ လီတိုင်အားကာကွယ်ရင်း တိုက်ပွဲ ၇ ကြိမ် ၈ကြိမ်ခန့်ပင် ဖြစ်ပွားခဲ့ရသည်။

ကုအန် ရီလန့်အား မကြာခဏ နတ်အာရုံသုံး၍ စစ်ဆေးတတ်သောကြောင့် ထိုအရာကို သိရှိပြီး ဖြစ်၏။ တကယ်တော့ ဥပဒေရေးရာခန်းမမှ တပည့်များကို သတင်းပို့သူများအဖြစ်သာ အသုံးပြုခြင်းဖြစ်ပြီး အမှန်တကယ်တိုက်ခိုက်သူများမှာ များစွာသော စိတ်ဝိညဉ်အခြေတည်အဆင့်များ ဖြစ်ကြပေသည်။

“အစ်ကို ညီမလေးတို့က ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကြောင့်သာ ဂိုဏ်းကိုပြန်လာနိုင်ခဲ့ကြတာ စိတ်ဝိညဉ်အခြေတည်အဆင့် အထက်မှာ နတ်အသွင်ပြောင်းခြင်းအဆင့် နတ်အသွင်ပြောင်းခြင်းအဆင့်အထက်မှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ရှ်ိတာလေ အဲ့ဒီစီနီယာက အရမ်းစွမ်းအားကြီးတယ် သူက နတ်အသွင်ပြောင်းခြင်းအဆင့်မိစ္ဆာကို လက်ဝါးတစ်ချက်တည်းသုံးပြီး သတ်ပစ်ခဲ့တာ

အဲ့ဒီတုန်းက ညီမလေးတို့တော့ ဒုက္ခရောက်ပြီလို့ ထင်ခဲ့ကြတာ အိမ်ရှေ့မင်းသားရဲ့နောက်မှာ အဲ့ဒီလိုကျင့်ကြံသူမျိုးရှိနေမယ်လို့ ထင်မထားခဲ့ကြဘူး ညီမလေးကြားတာတော့ သူက အဓိပတိဂိုဏ်းကလည်း မဟုတ်ဘူးတဲ့” ရီလန် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူအကြောင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေခဲ့၏။

ကုအန်လည်း အံ့ဩသွားချင်ယောင်ဆောင်လိုက်ပြီး မေးလိုက်သည်။ “အဲ့လောက်တောင်စွမ်းအားကြီးတယ်လား သူက အသက်ဘယ်နှနှစ်တဲ့လဲ”

“ပြောကြတာတော့ သူ့အသက်က ၉၀၀လောက်ရှိပြီတဲ့” ရီလန် ပြန်ဖြေလိုက်၏။

သူအရင်က ကုအန်ကို ဆရာသခင်ဓားအရှင်လားဟု သံသယဖြစ်ခဲ့ဖူးပေသည်။ ထိုသံသယမှာ အပြင်စည်းဂိုဏ်းကပ်ဘေးတုန်းက သူမ၏ညဉ်ဖြူဓားက ချင်းဟုန်ဓား၏ တည်ရှိမှုကို အာရုံခံမိသောကြောင့် လမ်းမှန်ဂိုဏ်းဟူသော စာလုံးသည် ချင်းဟုန်ဓားဖြင့် ရေးထားခြင်းဖြစ်ရမည်ဟု သူသံသယ၀င်ခဲ့ခြင်း ဖြစ်၏။

သို့သော် သူစုံစမ်းပြီးသည့်နောက် ဆရာသခင်ဓားအရှင်သည် အနည်းဆုံး နတ်အသွင်ပြောင်းခြင်းအဆင့်အထက်မှ ကျင့်ကြံသူဖြစ်မှန်း သိသွားခဲ့သည်။

သူသည် ကုအန်နှင့်အတူတူကြီးပြင်းလာခြင်းဖြစ်သောကြောင့် ကုအန် အသက်ကို သိ၏။

အသက်ဆယ်စုနှစ်အနည်းငယ်ဖြင့် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်မည်သို့ ဖြစ်လာနိုင်မည်နည်း။

ထိုအရာသည် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးတွင် ကြားပင်မကြားဖူးသော အဖြစ်အပျက်မျိုးဖြစ်ပေသည်။

ထို့အပြင် ကုအန်မှာလည်း သူကဆရာသခင်ဓားအရှင်ပါဟု တစ်ခါမှ၀န်မခံခဲ့ဖူးပေ။ ထို့ကြောင့် ကုအန်သည် ဆရာသခင်ဓားအရှင်နှင့် ပတ်သက်နေသော တပည့်တစ်ယောက်ယောက်သာဖြစ်ကောင်း ဖြစ်နေနိုင်၏။

သို့သော် ကုအန်ဘာပဲဖြစ်နေပါစေ အဆင့်အတန်းအရ ကုအန်သည် သူနှင့်လိုက်ဖက်မညီဘူးဟု ရီလန် ခံစားနေခဲ့ရသည်။ ထို့ကြောင့်နောက်ပိုင်းတွင် သူ့ခံစားချက်ကိုပင် မဖော်ပြတော့ဘဲ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူသာသူ့ကျင့်ကြံခြင်းကို မြှင့်တင်နိုင်ခဲ့ပြီး ထိုအချိန်တွင် သူ့စီနီယာအစ်ကိုကြီးကလည်း တာအိုလက်တွဲဖော်တစ်ယောက်လိုချင်သည်ဟု ပြောလာခဲ့ပါက သူ့တွင်အခွင့်အရေးရှိနိုင်သည်။

ကုအန် ထပ်မေးလိုက်ပြန်၏။ “ဂျူနီယာညီမလေး ညီမလေးက အဆင့်မြင့်ကျင့်ကြံသူကြီးတွေနဲ့ ကြုံခဲ့ရပေမယ့် ညီမလေးကျင့်ကြံခြင်းကိုတော့ တိုးမြှင့်ဖို့ ခက်ခဲနေတဲ့ပုံပဲ မင်းစီနီယာအစ်ကိုကြီးပေးမယ့် ကျင့်စဉ်ကို ကျင့်မလား”

“ဘာကျင့်စဉ်လဲ” ရီလန် စိတ်၀င်တစားမေးလိုက်လေသည်။

ကုအန် သူမအားပေးခဲ့သော လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းသည် သူမ၏ အဓိကသိုင်းဖြစ်လာပြီးကတည်းက သူမကုအန်ပေးသော ကျင့်စဉ်များကို အထင်မသေးရဲတော့ပေ။

ဒီကျင့်စဉ်က ဆရာသခင်ဓားအရှင်ပေးခဲ့တာများ ဖြစ်နေမလား!

ကုအန် ရီလန့်အား တာအိုဖြန့်ကျက်ကျင့်စဉ်အကြောင်း မိတ်ဆက်ပေးလိုက်လေသည်။

ကုအန်ရှင်းပြပြီးသောအခါ ရီလန် ပြန်မမေးဘဲ မနေနိုင်တော့ပေ။ “အစ်ကိုကြီးမှာ ဆေးပင်တွေအများကြီးရှိနေတာတောင် အစ်ကိုကြီးကျင့်ကြံခြင်းက အများကြီးတိုးတက်မလာတာ ဒီကျင့်စဉ်ကြောင့်လား”

ကုအန် ခေါင်းညိတ်ပြလိုက်၏။ “ဒါက ပြိုင်ဘက်ကင်းအံ့ဖွယ်ကျင့်စဉ်များပဲ အစ်ကိုကြီးဒါကို ညီမလေးတစ်ယောက်တည်းကိုပဲ ပေးတာ အဲ့တာကြောင့် ဘယ်သူ့ကိုမှပြောပြလို့မရဘူးနော်”

ထိုစကားကိုကြားသောအခါ ရီလန့်နှလုံးသားထဲ နွေးထွေးသွားခဲ့ပြီး တွန့်ဆုတ်နေဟန်ဖြင့် ပြောလိုက်သည်။ “တကယ်လို့ ညီမလေးတာအိုဖြန့်ကျက်ကျင့်စဉ်ကိုကျင့်ရင် အဲ့တာကအစ်ကိုကြီးအတွက် ၀န်ထုပ်၀န်ပိုးဖြစ်လာစေမှာလား”

သူမ ကျင့်ကြံပါက ကုအန်သည် သူမအား ဆေးပင်များ အထောက်အပံ့အရင်းအမြစ်များ ပေးမှာသေချာသောကြောင့် သူမကြောင့်နှင့် သူ့အစ်ကိုကြီး၏ ကျင့်ကြံခြင်းကို မထိခိုက်စေလိုပေ။

ကုအန်ပြုံးလိုက်ကာ “တကယ်လို့ ညီမလေးစိုးရိမ်နေရင် မကျင့်နဲ့လေ အစ်ကိုကြီးက သက်တမ်းရာချီနေရမယ့်အချိန်မှာ ညီမလေးက ညီမလေးသက်တမ်းပြည့်သွားမယ့်အချိန်ကိုသာ စောင့်နေလိုက် အဲ့ဒီအချိန်ရောက်ရင် အစ်ကိုကြီးက ဂျူနီယာညီမလေးတွေ အများကြီးထပ်ခေါ်ပြီး ဘ၀ကိုပျော်ပျော်ကြီး ဖြတ်သန်းပစ်မယ်” ကုအန် စနောက်လိုက်ဧ။။်

“မဖြစ်ဘူး ညီမလေးကျင့်မယ်!” ရီလန် ကုအန်ကို ခပ်စူးစူးကြည့်ကာ ပြောလိုက်လေသည်။

ကုအန်ချက်ချင်း သူကူးရေးထားပြီးသားဖြစ်သော သိုင်းကျမ်းအား ရီလန့်ဆီပေးလိုက်၏။

ရီလန်လည်း ကျင့်စဉ်ကိုသိမ်းလိုက်ကာ သိုလှောင်အိတ်ထဲမှ အနက်ရောင်သစ်သားသေတ္တာတစ်ခုထုတ်လာပြီး ပြောလိုက်သည်။

“ဒါက အစ်ကိုကြီးအတွက် ညီမလေးပြင်ဆင်ပေးထားတဲ့လက်ဆောင်ပါ အစကညီမလေးက အစ်ကိုကြီးနဲ့စကားပြောပြီးမှပေးမလို့ ဒါပေမယ့် အစ်ကိုကြီးက အရင်ဆုံးပေးလိုက်လိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး ညီမလေးလက်ဆောင်က အစ်ကိုကြီးပေးတာလောက် တန်ဖိုးမရှိဖြစ်သွားတယ်”

ကုအန် အနက်ရောင်သစ်သားသေတ္တာကိုယူကာ ပြုံးပြလိုက်၏။

“ဂျူနီယာညီမလေးဘာတွေပြောနေတာလဲ ဒီနှစ်တွေမှာ ညီမလေးက အစ်ကိုကြီးကို အံ့ဩစရာလက်ဆောင်တွေအများကြီးပေးခဲ့တာပဲလေ ညီမလေးကအစ်ကိုကြီးအတွက် အကောင်းဆုံး ဂျူနီယာညီမလေးပါပဲ”

အဆင့်ခြောက်လူမျက်နှာသစ်ပင်သည် ရီလန်ပေးခဲ့တာဖြစ်သလို ရီလန်သည် သူလာတိုင်းအဆင့်မြင့်ဆေးပင်များစွာ ယူလာတတ်ပေသည်။

ကုအန် အစကငြင်းဆန်ခဲ့သော်လည်း ရီလန်က ထိုလက်ဆောင်များကို အကြွေးမှတ်ကာ ဆေးပင်များပြန်ပေးဖို့ ပြောမှသာ ကုအန် လက်ခံခဲ့ခြင်းဖြစ်၏။ အခုတော့ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လက်ဆောင်အပြန်အလှန်ပေးကာ အဆင်နေကြပြီ ဖြစ်သည်။

ကုအန်စကားကိုကြားသောအခါ ရီလန်ပြုံးလိုက်ပြီး မိတ်ဆက်ပေးလိုက်၏။ “ဒါက နွယ်နက်ပင်ပါ အဆင့်၅ဆေးပင်နဲ့တူတယ် ဒါပေမယ့်ဒါကနွယ်ပိုင်းလေးတစ်ခုပါပဲ အဲ့တာက ကြီးထွားလာဖို့ ဆယ်စုနှစ် တစ်ခုနှစ်ခုစာလောက်လိုတယ် သူအပြည့်အ၀ကြီးထွားလာတဲ့အခါ သူကအိမ်ကိုကာကွယ်ပေးနိုင်ပြီး နတ်အာရုံတွေကိုလည်း တားဆီးပေးနိုင်တယ်”

ကုအန် သစ်သားသေတ္တာကိုဖွင့်ကြည့်လိုက်ရာ အနက်ရောင် သစ်ချောင်းလေးအား တွေ့ လိုက်ရလေသည်။

ထို့နောက်တွင်တော့ ရီလန် အမတကျင့်ကြံခြင်းကမ္ဘာအကြောင်းစတင်ပြောပြခဲ့၏။

ကုအန်လည်း ရီလန်ပြောသမျှကို နားထောင်နေလိုက်သည်။

လတ်တလောတွင် မြေအောက်ကမ္ဘာလမ်းကိုးသွယ်မကောင်းဆိုးဝါး၁၃ကောင်ဟူသော ဆန်းကြယ်သည့်ကျင့်ကြံသူတစ်စု အမတကျင့်ကြံခြင်းကမ္ဘာ၌ ပေါ်လာခဲ့၏။ သူတို့သည် ၀မ်းယင်ဂိုဏ်းထဲသို့ အတင်းချိုးဖျက်၀င်ရောက်ကာ ဝမ်းယင်ဂိုဏ်း၏ ရတနာများကို မသွားခဲ့လေရာ သူတို့အင်အားကြောင့် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး ထိတ်လန့်သွားခဲ့ရသည်။

ထို့အပြင် အခြားထင်ရှားသည့် အဖြစ်အပျက်တစ်ခုလည်း ရှေးဟောင်းကောင်းကင်ဂိုဏ်းတွင် ဖြစ်ခဲ့သေးသည်။ ရှေးဟောင်းကောင်းကင်ဂိုဏ်းသည် မြင့်မြတ်သားရဲ ကောင်းကင်နဂါးတစ်ကောင်အား အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့ခြင်းကြောင့် ဂိုဏ်းသားများ၏ စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ခဲ့၏။ ထိုအကြောင်းကို အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး ဆွေးနွေးနေကြပြီး ရှေးဟောင်းကောင်းကင်ဂိုဏ်းသည် တစ်ဖန်ပြန်လည်မြင့်တက်လာတော့မည်ဟု သုံးသပ်နေခဲ့ကြသည်။

ထိုနဂါးမှာ ကုအန်ကိုယ်တိုင်ပျိုးထောင်ပေးခဲ့သော ကောင်းကင်နဂါးမှလွဲ၍ အခြားမဟုတ်ပေ။ သူအရင်ကတည်းက ရှေးဟောင်းကောင်းကင်ဂိုဏ်းကို ထောက်လှမ်းပြီးဖြစ်ပြီး ဂိုဏ်းက သူ့နဂါးလေးကိုကောင်းကောင်းဆက်ဆံနေကြောင်းသိမှသာ သူစိတ်မပူတော့ခြင်း ဖြစ်သည်။

ရီလန့်စကားများအရ အမတကျင့်ကြံခြင်းကမ္ဘာသည် လတ်တလောတွင် အေးချမ်းနေပုံရ၏။ သို့သော် ထိုအေးချမ်းနေမှုမှာ မုန်တိုင်းမလာခင် လေပြည်ထိုးနေခြင်းဖြစ်မှန်း ကုအန် သိပေသည်။

တခဏဂိုဏ်း ပင်မဌာနချုပ်မှ အစွမ်းထက်ကျင့်ကြံသူရောက်ရှိလာသည်နှင့် အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံး ‌ေြဗာင်းဆန်သွားရပေလိမ့်မည်။

…..

ညဉ့်နက်ချိန် မြောက်ပင်လယ်တောင်တန်းဒေသ၌ စိတ်ဝိညဉ်စွမ်းအင်များ ထပ်မံကျဆင်းသွားပြန်သဖြင့် သက်ရှိများအားလုံး အံ့အသင့်သွားကြသည်။

ကုအန် သက်တမ်းအလွှာထဲတွင်ထိုင်ကာ သူ့ကျင့်ကြံခြင်းတက်သွားမှုကို ခံစားနေခဲ့သည်။ သူသက်တမ်း ၃ထောင်သုံး၍ မဟာယနအဆင့်၉သို့တက်ခဲ့ခြင်း ဖြစ်၏။

နာရီ၀က်ခန့်ကြာသောအခါ ကုအန်ဆေးတာအိုထဲသို့ သက်တမ်း ၅၀၀၀ ပေါင်းထည့်လိုက်ပြန်သည်။

သူအစက ဆေးတာအိုကို ကိုယ်တိုင်သာလေ့လာမည်ဟု စဉ်းစားထားသော်လည်း ဆေးတာအိုမှာလည်း ပါရမီလို၏။

ဆေးတာအိုတွင် သက်တမ်း၅ထောင်ပေါင်းထည့်လိုက်ခြင်းကြောင့် သူ၏ ဆေးတာအို ထိုက်ချင်ဆေးလမ်းစဉ်သည် သိသိသာသာ တိုးတက်လာခဲ့သည်။

ကုအန်စိတ်ထဲသို့ မှတ်ညဏ်များ စီး၀င်လာခဲ့ကြ၏။

သူလေ့ကျင့်သောဆေးတာအိုမှာ အဓိပတိဂိုဏ်း၏ အခြေခံဆေးတာအို ဖြစ်ပေသည်။ ဂိုဏ်းအမျိုးမျိုးသည် မတူညီသောဆေးတာအိုများကို ကျင့်ကြံကြပြီး ဤသို့ဖြင့် ဆေးတာအိုလမ်းစဉ်သည် မျိုးစုံ ကွဲထွက်သွားခဲ့ကြ၏။

ထိုက်ချင်ဆေးလမ်းစဉ်တွင်မူ ထိုက်ချင်အစစ်အမှန်မီးတောက်ဟူသော မှော်သိုင်းတစ်မျိုးလည်း ပါပြီး ထိုမှော်သိုင်းသည်ဆေးတာအိုတွင် အကူအညီပေးနိုင်ရုံသာမက ရန်သူကိုလည်း တိုက်ခိုက်နိုင်ပေသည်။

ဤသက်တမ်း ၅၀၀၀ မှာ အလကားဖြုန်းလိုက်ခြင်းတော့ မဟုတ်ပေ။

ကုအန် ပြန်နိုးလာသောအခါ သူ့ညာလက်ကိုမြှောက်သည်နှင့် သူ့လက်ချောင်းထက်တွင် အစိမ်းရောင်မီးတောက်တစ်ခုပေါ်လာခဲ့၏။ ထိုအခါ ကုအန် နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။

စနစ်ကိုစစ်ဆေးလိုက်သောအခါ သက်တမ်း ၄၉၀၀၀၀ ကျန်နေသေးသည်ကို တွေ့လိုက်ရ၏။

အရမ်းချမ်းသာနေတာပဲ!

ထို့‌ေနာက် ကုအန်သက်တမ်းအလွှာကို သိမ်းကာ ထရပ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

ထိုစဉ် သူ့အကြည့်သည် ရုတ်တရက် အနီးရှိ ကမ်းပါးတစ်ခုထဲတွင် အက်ကွဲကြောင်းတစ်ခုကို သတိပြုမိသွားခဲ့သည်။

ဤနေရာတွင် စိတ်ဝိညဉ်စွမ်းအားကျဆင်းပြီး လေပြင်းများတိုက်ခတ်သွားခဲ့သောကြောင့် အက်ကွဲကြောင်းပေါ်ရှိ မြက်ပင်များ လွင့်ထွက်ကုန်ကာ အက်ကွဲကြောင်းပေါ်လာခြင်း ဖြစ်၏။ ထို့အပြင် ထိုအက်ကွဲကြောင်းမှ သာမန်ဒြပ်ငါးမျိုးစိတ်ဝိညဉ်စွမ်းအင်မဟုတ်သော စွမ်းအင်တစ်မျိုးလည်း စိမ့်ထွက်နေခဲ့သည်။

ကုအန် ချက်ချင်းကမ်းပါးဆီရောက်ရှိသွားပြီး အက်ကွဲကြောင်းထဲ နတ်အာရုံသုံး၍ စစ်ဆေးကြည့်လိုက်၏။

မကြာခင်တွင် စည်းတစ်ခုကို အာရုံခံလိုက်မိသည်။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်အောက်ကျင့်ကြံသူများအဖို့တော့ ထိုစည်းကို ချိုးဖျက်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ကုအန် စည်းကိုအတင်းချိုးဖျက်မပစ်လိုက်ဘဲ အစွန်းကိုးပါးယင်ယန်ခန္ဓာကိုသုံးကာ အရိပ်အသွင်ပြောင်းလိုက်ပြီး အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းသုံး၍ အက်ကွဲကြောင်းထဲသို့ ၀င်ခဲ့လိုက်လေသည်။

စည်းကိုဖြတ်ကျော်ပြီးသည့်နောက် ကုအန် မြေအောက်နေရာလွတ်တစ်ခုသို့ ရောက်ရှိသွားခဲ့၏။

ဤနေရာလွတ်သည် သဘာ၀ဂူ၈လုံးထက်ပင်ကြီးမားပေသည်။ နေရာလွတ် အလယ်ဗဟိုတွင် ရေကန်ကြီးတစ်ကန်ရှိပြီး ထိုရေကန်ပတ်လည်တွင် ကျန်း၃၀၀ ခန့်ရှည်လျားကာ ကျန်း၁၀၀ခန့်ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးတစ်ခုရှိနေကာ ထိုမြက်ခင်းပြင်နားတွင် သစ်ပင်အိုကြီးများ အတန်းလိုက်ပေါက်နေကြ၏။

ထိုသစ်ပင်အိုကြီးများထဲမှ တစ်ပင်အောက်တွင်တော့ သစ်သားတဲပျက်လေးတစ်လုံး ရှိနေခဲ့သည်။

ကုအန် နတ်အာရုံကိုသုံး၍ စစ်ဆေးလိုက်ရာမည်သည့်ကျင့်ကြံသူ၏ အရိပ်အယောင်ကိုမှ မတွေ့ရဘဲ သက်ရှိဟူ၍ မြေအောက်ရေကန်ထဲတွင်ရှိသော ငါးများသာရှိပြီး ထိုငါးများထဲတွင် စိတ်ဝိညဉ်သားရဲနှင့်တူသော ၂ကျန်းခန့် ရှည်လျားသည့် ဧရာမငါးကြီးများလည်း ပါ၀င်ကြသည်။

ကုအန် ဂူထဲသို့၀င်လာရင်း စာလုံးလေးလုံးရေးထွင်းထားသော ကျောက်တိုင်တစ်တိုင်ကို တွေ့လိုက်ရ၏။

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်!

ဤနေရာတွင် စိတ်ဝိညဉ်စွမ်းအင်များ အလွန်ကြွယ်၀ပြီး သဘာ၀ဂူ၈လုံးထက်ပင် ပို၍ ကြွယ်၀သေးသည်။ ကုအန် စီတန်းပေါက်ရောက်နေသော သစ်ပင်အိုကြီးများကို သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးကြည့်လိုက်၏။

အကုန်လုံးက နှလုံးသန့်ရှင်းပင်လို့ခေါ်တဲ့ အဆင့်၆ စိတ်ဝိညဉ်ပင်တွေပါလား!

ကောင်းလိုက်တာ!

ကုအန် ချက်ချင်းအပျော်လွန်သွားမိသည်။ အကယ်၍ ဤနေရာတွင်ဘယ်သူမှမနေပါက ဤနေရာကို သူ့စတုတ္ထမြောက်ဆေးတောင်ကြားအဖြစ် သတ်မှတ်နိုင်ပေလိမ့်မည်။

ဆန်းကြယ်တောင်ကြား၊ တတိယတောင်ကြား၊ ထျန်းယတောင်ကြားများအားလုံးသည် အခြားသူများ၏စောင့်ကြည့်မှုအောက်တွင် ရှိနေကြခြင်းဖြစ်ပြီး သူ့ရတနာများကို သဘာ၀ဂူ၈လုံး ထဲတွင်သာ ထားနေရပြီး ယခုတွင်မူ သဘာ၀ဂူ၈လုံးထက် ကျယ်၀န်းသော နေရာလွတ်ကြီးတစ်ခုကို တွေ့ရှိနေလေပြီ။

ကုအန် သစ်သားတဲပျက်ကြီးထဲသို့ ၀င်လိုက်ရာ အထဲတွင် ရေညှိတက်နေသော ကျောက်စားပွဲကြီးတစ်လုံးကို တွေ့လိုက်ရပြီး စားပွဲပေါ်တွင်မူ စာအုပ်နှစ်အုပ် ရှိနေခဲ့လေသည်။

တစ်အုပ်မှာ ‌နာမည်မပါသောစာအုပ်တစ်အုပ်ဖြစ်ပြီး တစ်အုပ်မှာတော့ လျှို့ဝှက်သိုင်းကျမ်းတစ်ခုဖြစ်၏။

ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်း!

အားကောင်းလိုက်တဲ့နာမည်!

ထို့နောက် ကုအန်နာမည်မပါသော စာအုပ်ကိုယူကာ ဖတ်ကြည့်လိုက်သည်။

ထိုစာအုပ်သည် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ပိုင်ရှင်၏ ဆန္ဒကိုရေးသားထားခဲ့သော စာအုပ်ဖြစ်၏။

ပိုင်ရှင်၏နာမည်မှာ ဘိုးဘေးရွှမ်ထျန်းဖြစ်ပြီး သူသည် ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေသည်။

ကုအန် မျက်ခုံးများတွန့်ကွေးသွားပြီး ဆက်ဖတ်ခဲ့သည်။

ဘိုးဘေးရွှမ်ထျန်းသည် အဓိပတိဂိုဏ်းမှ အဓိပတိအကြီးအကဲတစ်ယောက်အဖြစ်မှ နှုတ်ထွက်လာခဲ့သူ ဖြစ်၏။ သူသည် ဂိုဏ်းမှထွက်ခွာလာခဲ့ပြီးနောက် ဤနေရာတွင် ညဏ်အလင်းရှာဖွေရန်ရည်ရွယ်ချက်ဖြင့်ဆန်းကြယ် ကောင်းကင်ဗိမာန်ဂူကို ထွင်းခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် နောက်ဆုံးတွင်သူသည် ကျင့်ကြံခြင်းဖောက်ပြန်သွားခဲ့ပြီး သူမသေခင်တွင် မင်းဆက်ကိုးခုအလွန်မှ မိစ္ဆာကုန်းမြေသို့ ထွက်သွားဖို့ ရွေးချယ်ခဲ့၏။

ကောင်းကင်းပိုင်းဖြတ်နတ်ပုဆိန်သိုင်းသည် ဘိုးဘေးရွှမ်ထျန်း၏ အစွမ်းအထက်ဆုံး နတ်သိုင်းတစ်ခုဖြစ်ကာ ထိုသိုင်းကို မြင့်မြတ်ကုန်းမြေတစ်ခုမှရခဲ့ခြင်းဖြစ်ပြီး ထိုသိုင်းသည် ထိုမြင့်မြတ်ကုန်းမြေ၏ အဓိကအမွေအနှစ်ကြီးကိုးခုအနက်မှ တစ်ခုဖြစ်ပေသည်။

အပိုင်း(၁၁၀)

ကောင်းကင်ပိုင်းဖြတ်ခြင်းပုံစံ၉မျိုး၊ အဝေးမှ အရှိန်အဝါ

“နှစ်ပေါင်း၈၀၀တိုင် ညဏ်အလင်းရှာဖွေခဲ့ပြီး ဆေးပေါင်းများစွာလည်း သုံးခဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ဆန်းကြယ်နှလုံးသားအဆင့်ကိုရောက်ရှိခဲ့တယ် ဒါပေမယ့် ငါ့နှလုံးသားထဲက စိတ်နတ်ဆိုးဆီက မလွတ်မြောက်နိုင်ခဲ့ဘူး ငါယူကျုံးမရ …မရ….”

ကုအန် အမည်မဲ့စာအုပ်ထဲမှ ထိုစာပိုဒ်ကိုဖတ်ရင်း မျက်မှောင်ကြုံ့သွားမိသည်။

ဘိုးဘေးရွှမ်ထျန်း ယူကျုံးမရဖြစ်ခဲ့ရခြင်းမှာ ကောင်းကင်၏ဆန္ဒကို ဖြစ်ခဲ့ခြင်းဖြစ်၏။

ကောင်းကင်သည်သူ့အား ဆန်းကြယ်နှလုံးသားအဆင့်သို့ရောက်အောင် ခွင့်ပြုခဲ့ပါသော်လည်း သူ့အောင်မြင်မှုအတွက် မပျော်ရွှင်ရသေးခင်မှာပင် သူ့စိတ်ထဲတွင် စိတ်နတ်ဆိုးတစ်ကောင်မွေးဖွားလာခဲ့လေသည်။

ထိုစာပိုဒ်ကိုဖတ်ပြီးသည့်နောက် ကုအန်အရင်ဆုံးတွေးမိသည်မှာ အမြင့်ဆုံးသက်တမ်းအကြောင်းဖြစ်၏။

ကြည့်ရသည်မှာ လူတိုင်းတွင် သတ်မှတ်ထားပြီးသား ကံကြမ္မာရှိပုံပေါ်ပေသည်။ ရွှမ်ထျန်း၏ အမြင့်ဆုံးနေနိုင်သည့်သက်တမ်းသည် တစ်သားတည်းဖြစ်ခြင်းအတွက်သာ လုံလောက်သော်လည်း သူကအကူအညီမျိုးစုံသုံး၍ အပြင်းအထင်‌ကြိုးစားခဲ့သောကြောင့် ဆန်းကြယ်နှလုံးသားအဆင့်သိုရောက်ရှိသွားခဲ့သော်လည်း နောက်ဆုံးတွင် စိတ်နတ်ဆိုးမွေးဖွားလာပြီး ကျင့်စဉ်ဖောက်ပြန်ကာ သေဆုံးသွားခဲ့ရသည်။

ကုအန် တွေးမိလေလေ ထိုကိစ္စမှာဖြစ်နိုင်လေလေဟု ထင်လေပင်။

အမတလမ်းစဉ်တွင် လျှောက်လှမ်းနေရသော ကျင့်ကြံသူများသည် ကောင်းကင်ကိုဆန့်ကျင်၍ တိုက်ခိုက်ရရုံသာမက မိမိကံကြမ္မာကိုယ်တိုင်ကိုလည်း ဆန့်ကျင်၍ တိုက်ခိုက်ရပေသည်။

ထို့နောက် ကုအန် ရွှမ်ထျန်း၏ဇာတ်ကြောင်းကို ဆက်လက်ဖတ်ရှုနေလိုက်၏။ ထိုစာအုပ်ထဲတွင် သူအဓိပတိဂိုဏ်းသို့၀င်ခဲ့သည့်အချိန်မှစ၍ ဂိုဏ်းချုပ်နေရာအတွက် ပြိုင်ဆိုင်မှုများအထိပါ၀င်ပြီး သူ့စာအုပ်မှာ ၀တ္ထုတစ်အုပ်လိုပင်။

ကုအန်ဖတ်ပြီးသည့်နောက်တွင်တော့ စာအုပ်ကို သိုလှောင်အိတ်ထဲထည့်လိုက်ကာ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းကို စစ်ဆေးရန်ကောက်ကိုင်လိုက်လေသည်။

ကုအန် စာအုပ်ကိုဖတ်လေလေ စာအုပ်ထဲတွင်နစ်မြောသွားလေလေဖြစ်ပြီး သူသူငယ်အိမ်ထဲ၌ ပုဆိန်တစ်လက်ကိုကိုင်၍ ပိုင်းဖြတ်နေသည့်ပုံများပင် ပေါ်လာခဲ့ရသည်။

ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းတွင် အပိုင်းကိုးခုပါ၀င်ပြီး ထိုကိုးခုမှာ ဘ၀ကိုပိုင်းဖြတ်ခြင်း မိစ္ဆာများကိုပိုင်းဖြတ်ခြင်း တစ္ဆေများကိုပိုင်းဖြတ်ခြင်း တောင်များကိုပိုင်းဖြတ်ခြင်း ပင်လယ်များကိုပိုင်းဖြတ်ခြင်း နိယာမများကိုပိုင်းဖြတ်ခြင်း အမတများကိုပိုင်းဖြတ်ခြင်း နတ်ဘုရားများကိုပိုင်းဖြတ်ခြင်းနှင့် ကောင်းကင်ကိုပိုင်းဖြတ်ခြင်းတို့ ဖြစ်ကြ၏။

ထိုပုံစံကိုးခုမှာ အဆင့်များမဟုတ်ကြဘဲ နည်းစနစ်များသာ ဖြစ်ကြပေသည်။ ဘိုးဘေးရွှမ်ထျန်းသည် ကျင့်ကြံခြင်းဖောက်ပြန်မသွားခဲ့စဉ်က ထိုနည်းစနစ်ကိုးခုလုံးကို တတ်မြောက်ခဲ့၏။ သူသည် သူ့ခေတ်သူ့အခါက ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး သူ့ကြောင်းပင် အဓိပတိဂိုဏ်းသည် အမတဂိုဏ်းကြီးကိုးခုအလယ်၌ အစွမ်းအထက်ဆုံးဂိုဏ်းဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းသည် မြင့်မြတ်ကုန်းမြေမှ အမွေအနှစ်ဖြစ်သောကြောင့် သူထိုသိုင်းကို အဓိပတိဂိုဏ်းတွင် ထားခဲ့၍ မရသလို တစ်ယောက်ယောက်ကို သင်ကြားပေး၍လည်း မရပေ။ အကယ်၍သာ သူထိုသို့လုပ်သည်ကို မြင့်မြတ်ကုန်းမြေက သိသွားပါက ထိုကျင့်ကြံသူကို ကျင့်ကြံခြင်းဖျက်ဆီးပစ်ပေလိမ့်မည်။

တခဏဖတ်ကြည့်ပြီးသည့်နောက် ကုအန် လျှို့ဝှက်သိုင်းအား သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်လေသည်။

ထို့နောက် ကုအန်သစ်သားတဲထဲသို့ လျှောက်ကြည့်ရာ အခန်းထဲတွင် ပျက်ဆီးနေသော ဗီရိုများသာရှိပြီး မြေပြင်တွင်လည်း ပေါင်းမြက်များက ထူထဲစွာပေါက်ရောက်နေခဲ့ကြသည်။ သို့သော် အခန်း၏အလည်တွင်မူ ဖုန်များတက်နေသော ပုဆိန်ကြီးတစ်လက်ရှိနေခဲ့၏။

ကုအန် ပုဆိန်ကြီးဆီသို့ချဉ်းကပ်သွားပြီး အသာအယာမှုတ်လိုက်ရာ ဖုန်များကင်းစင်သွားပြီး သူ့မျက်စိရှေ့တွင် ပုဆိန်နက်ကြီးတစ်လက် ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်သည် အထွတ်အထိပ်အဆင့်မှော်လက်နက်တစ်ခုဖြစ်ကာ မြောက်ပင်လယ်မြေအောက်သံသားနှင့်ပင် ပြုလုပ်ထားခြင်းဖြစ်ပြီး သူ၏မြောက်ပင်လယ်မြေအောက်သံသားမှာ နှစ်သန်းချီသက်တမ်းရှိသော သံသားဖြစ်သောကြောင့် လီယ၏ ဓားထက်ပင်ပိုလေးကာ စိတ်ဝိညဉ်စွမ်းအင်ဒဏ်ကိုလည်း လီယဓားထက်ပိုခံနိုင်ရည် ရှိပေသည်။

ကုအန် ကောင်းကင်ပိုင်းဖြတ်ပုဆိန်အား တစ်ချက်ကိုင်ကြည့်လိုက်ရာ သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

“ဒါကအတော်လေးလေးတာပဲ!

သူ့လို မူလရူယီနတ်ကျင့်စဉ်ကို ကျင့်ကြံထားသော မဟာယနအဆင့်ကျင့်ကြံသူ အတွက်ပင် ထိုပုဆိန်ကြီးဧ

။် အလေးချိန်ကိုခံစားနေရသေး၏။

ကောင်းကင်ပိုင်းဖြတ်ပုဆိန်သိုင်းကိုထားလိုက်ဦး ထိုပုဆိန်ကြီးဖြင့် ဘာသိုင်းကွက်မှမပါဘဲ ဒီတိုင်းခုတ်လျှင်ကို အတော်လေးအစွမ်းထက်မည့်ပုံပင်။

ထို့နောက် ကုအန် အားအနည်းငယ်ထည့်၍ မလိုက်ရာတွင်တော့ ပုဆိန်ကြီးသည် သူ့လက်ထဲတွင် ဘာအလေးချိန်မှရှိမနေတော့သလို အလွန်ပေါ့ပါးသွားပြီး တစ်ချက်နှစ်ချက်ဝေ့ယမ်းလိုက်ရာ လေလှိုင်းများပင် ပေါ်ပေါက်လာခဲ့လေသည်။

ကုအန် ပုဆိန်ကြီးအား သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းကြည့်သော်လည်း ပုဆိန်တွင် နေရာလွတ်စည်းတစ်ခုရှိနေ၍ ထည့်လို့မရခဲ့ပေ။

ထည့်မရဘူး!

စိတ်၀င်စားစရာပဲ!

ကုအန် ပုဆိန်ကိုပြန်ချထားလိုက်ကာ တဲထဲတွင် ရှာဖွေခဲ့သော်လည်း မည်သည့်ရတနာကိုမှ ထပ်မတွေ့ရတော့ပေ။

ထို့နောက်တွင်တော့ ကုအန် ဆန်းကြယ်ကောင်းကောင်ဂူဗိမာန်ထဲမှ ထွက်လာခဲ့လိုက်ပြီး ၀င်ပေါက်ရှိရာ ဂူနံရံရှ်ိ အက်ကွဲကြောင်းကို မည်သူမှ မမြင်ရစေရန် စည်းပိတ်ခဲ့လိုက်ဧ။။်

စည်းပိတ်ခြင်းပြီးဆုံးသွားမှသာ ကုအန် စိတ်အေးသွားခဲ့ရသည်။

အခုကစ၍ ထိုဂူသည် သူ့အပိုင်ဖြစ်သွားခဲ့ချေပြီ!

ကုအန် ခံစားချက်အလွန်ကောင်းမွန်သွားပြီး နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ကာ ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲသို့ ပြန်၀င်သွားလိုက်ဧ။။်

ဆေးပင်ရိုင်းများကို ရိတ်သိမ်းဖို့ အချိန်ရောက်လေပြီ!

…….

ဆောင်းဦးကုန်ဆုံးသည့်အချိန်တွင် တတိယတောင်ကြားရှိတပည့်များ သစ်ရွက်ခြောက်များကို လှည်းကျင်းနေကြရ၍ အလုပ်ရှုပ်နေကြ၏။

လုကျင်ကျွမ်းတံမြက်စည်း‌လှဲနေရင်း ကောင်းကင်ပေါ်မော့ကြည့်လိုက်ကာ တောင်ကြားဆှ အမြန်ချဉ်းကပ်လာသော ပုံရိပ်အား ကြည့်ရှုလိုက်လေသည်။

သူ့မျက်ခုံးများအနည်းငယ်တွန့်ကွေးသွားပြီး စိတ်ထဲတွင် သတိပေးခံစားချက်တစ်ခုကို ရလိုက်မိသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်၉!

ရောက်ရှိလာသူမှာ လုပိုင်ထျန်းမှလွဲ၍ အခြားမဟုတ်ပေ။

လုပိုင်ထျန်းကုအန်အိမ်သို့ တိုက်ရိုက်ပင်ပျံသန်းသွားပြီး အိမ်ပေါ်သို့ တက်ခဲ့လိုက်၏။

လုလင်ကျွမ်းလည်း သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ထိုလူ၏သရုပ်မှန်အကြောင်းစိတ်၀င်စားနေမိသည်။

လုပိုင်ထျန်းသည် တောင်ကြားသို့အကြိမ်များစွာလာလေ့ရှိသော်လည်း သူ့သရုပ်မှန်ကို တစ်ခါမှ ထုတ်မပြဖူးပေ။ အန်းရှင်းနှင့်အန်းဟောင်တို့ သူ့အကြောင်းပြောလျှင်လည်း ဂိုဏ်းမှအကြီးအကဲဟူ၍သာ ပြောလေ့ရှိကြ၏။

အိမ်ထဲသို့၀င်ပြီးသည့်နောက် လုပိုင်ထျန်း တံခါးကိုပိတ်ကာ အခန်းကိုစည်းများချလိုက်လေသည်။

ကုအန် ဖတ်လက်စစာအုပ်ကိုချကာ ပြုံး၍မေးလိုက်၏။ “ဂိုဏ်းချုပ် ဘာကိစ္စရှိလို့များလဲ”

ကုအန် ထရပ်လိုက်ကာ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်လေသည်။

“အစဉ်အလာတွေမလိုပါဘူး ထိုင် စကားပြောရအောင်”

လုပိုင်ထျန်း လက်ကာပြလိုက်ပြီး ခုံကိုဆွဲကာစားပွဲတွင် ၀င်ထိုင်လိုက်၏။

ကုအန်လည်း ပြန်ထိုင်လိုက်ပြီးမေးလိုက်သည်။ “ကျွန်တော်တို့ ဘာအကြောင်းပြောကြမလို့လဲ”

တပည့်လုပ်ခိုင်းဖို့ကိစ္စတော့ မဟုတ်ဘူးမလား!

“လီရွှမ်တောက်အကြောင်းပြောရအောင်” လုပိုင်ထျန်းကုအန်ကိုကြည့်ကာ ပြောလိုက်၏။

ကုအန်လည်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။ “သူ့ရဲ့ဘာအကြောင်းလဲ”

“အိမ်ရှေ့စံ လီတိုင်က သူ့ရွှေအမြုတေထုတ်ယူခံလိုက်ရပြီး အခြေတည်စိတ်ဝိညဉ်နဲ့ ကျင့်ကြံခြင်းလည်း ဖျက်ဆီးခံလိုက်ရတယ် သူ့ကိုစောင့်ရှောက်နေတဲ့ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်လည်းသေသွားတယ်” လုပိုင်ထျန်း စကားများကြောင့် ကုအန် အံ့အားသင့်သွားရသည်။

သူအမှန်တကယ်ပင် အံ့ဩသွားရခြင်းဖြစ်သည်။

ဥပဒေရေးရာခန်းမမှတပည့်များမရှိတော့သည်နှင့် လီရွှမ်တောက် လှုပ်ရှားလိုက်ခြင်းပင်လော။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရုံဖြင့် အခြားဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုသတ်ဖြတ်နိုင်ခြင်း!

တကယ်အံ့ဩစရာပဲ!

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကြီးမြတ်သည့်ကျင့်ကြံသူများသည် တစ်ဖက်လူကို မရှုံးနိမ့်နိုင်တာမဟုတ်သော်လည်း သူတို့တွင် လွတ်မြောက်နိုင်သည့် နည်းလမ်းမျိုးစုံရှိနေပြီး သူတို့ကိုသတ်ဖြတ်ရန်မှာ ခက်ခဲလှဧ။။်

ကုအန်အတွက် သူတို့ကိုသတ်ဖြတ်ရတာ လွယ်ကူနေတာကိုတော့ ထည့်မတွက်သင့်ပေ။ သူသည် သူ၏မြင့်မားသော ကျင့်ကြံခြင်းနှင့် တစ်ဖက်လူကိုအနိုင်ကျင့်နေခြင်းသာ ဖြစ်သည်။

လုပိုင်ထျန်းမေးလိုက်၏။ “လီရွှမ်တောက်ဘက်မှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူရှိသလား”

ကုအန်ဖြေလိုက်သည်။

“ရှိမရှိ ကျွန်တော်လည်းသေချာမသိဘူး”

လုပိုင်ထျန်းလည်း တိတ်ဆိတ်သွားကာ ဖြစ်နိုင်ချေများကို တွေးတောနေခဲ့၏။

“အိမ်ရှေ့စံသေသွားရင် အဓိပတိဂိုဏ်းက လီယကိုပဲ ထောက်ပံ့နိုင်တော့မယ် ပလ္လင်နေရာက အဓိပတိဂိုဏ်းဘက်ကပဲ ရမှဖြစ်မယ် ဒါပေမယ့် ကံဆိုးတာက လီယက ထွက်သွားကြာလှနေပြီး အခုထိလည်းပြန်မလာသေးဘူး” လုပိုင်ထျန်း သက်ပြင်းချလိုက်လေသည်။

“တကယ်လို့သာ တခဏဂိုဏ်းရဲ့တိုက်ခိုက်မှုအောက်ရောက်နေချိန်သာမဟုတ်ရင် ငါချက်ချင်းပဲ လီရွှမ်တောက်ကို နန်းချပစ်တယ်”

ကုအန် အံ့ဩသွားဟန်ဖြင့် ပြန်မေးလိုက်သည်။ “ဘာလို့ သူ့ကိုနန်းချမှာလဲ”

လုပိုင်ထျန်း ရှင်းပြလိုက်ဧ။။်

“လီရွှမ်တောက်က ပလ္လင်နေရာကိုယူထားတာ နှစ်၂၀၀နီးနီးရှိနေပြီ တိုင်းပြည်မှာလည်း ကပ်ဘေးတွေ မကောင်းဆိုးဝါးဝိညဉ်တွေနဲ့ပြည့်နှက်နေပြီး ပြည်သူတွေကလည်း ဆူပူနေကြပြီ ဧကရာဇ်ကို လဲလှယ်ပြီး ကောင်းကင်ဆီစတေးမှသာ တိုင်းပြည်ကံကြမ္မာက ပြန်ကောင်းလာကောင်းလာနိုင်လိမ့်မယ် ကံဆိုးတာက သူ့ဘက်မှာ အကြီးအကဲခန်းမက အကြီးအကဲတွေရှိနေတော့ ငါလည်းအတင်းလုပ်လို့မရဘူး

ငါ့ကျင့်ကြံခြင်းပြန်ရတဲ့အချိန်ကျတော့လည်း တခဏဂိုဏ်းက အချိန်ကိုက်ပဲပေါ်လာပြန်တယ်”

ကုအန်မှာတော့ လုပိုင်ထျန်း သာမန်ပြည်သူများအကြောင်းတကယ်စိတ်ပူနေခြင်းလား လီရွှမ်တောက်ကိုမကြိုက်ရုံသက်သက်လား သေချာမပြောနိုင်ပေ။

သူတို့နှစ်ယောက်လုံးသည် သူ့အား အဆင့်မြင့်ဆေးပင်များထောက်ပံ့ပေးနေသူများဖြစ်သောကြောင့် သူ့အတွက် တစ်ဖက်ကိုရွေးရန်မှာ ခက်ခဲလှသည်။

လီရွှမ်တောက်သည် အမှန်တကယ်ပင် တော်သောသူဖြစ်ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ကျင့်ကြံသူလက်မှ သူ့ကိုယ်သူကာကွယ်ထားနိုင်သည့်အပြင် အလျင်အမြန်လည်း တိုးတက်လာနေသေးသည်။

အကယ်၍ လုပိုင်ထျန်းသာ လီရွှမ်တောက် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ရောက်နေမှန်း သိသွားလျှင်တော့ ဘာကိုမှဂရုစိုက်မနေဘဲ ချက်ချင်းသွားသတ်မည်သာ။

လုပိုင်ထျန်း တခဏဂိုဏ်းအကြောင်းပြောနေရင်း ဂုဏ်သိက္ခာမျှော်စင်က တခဏဂိုဏ်းမှသူလျှိုများကို ဖမ်းမိခဲ့တဲ့အကြောင်းလည်း ပြောပြခဲ့သည်။ ဂိုဏ်းထဲရှိ အကြီးအကဲခန်းမတွင်ပင် သူလျှိုအများအပြားရှိနေကြခြင်းဖြစ်ပြီး တစ်ယောက်တည်းလည်းမဟုတ်ပေ။

ထိုအဖြစ်က လုပိုင်ထျန်းကို စိတ်တိုသွားစေခဲ့သည်။ သူသူလျှိုများကို ရှင်းထုတ်ပြီးတာတောင် မကြာသေးဘဲ နောက်ထပ်သူလျှိုများထပ်ပေါ်လာ၍ ဖြစ်၏။

“တခဏဂိုဏ်းက လက်ထောက်ဂိုဏ်းချုပ်ကျုံးလျန်သေသွားပြီလို့ ငါသတင်းရထားတယ် ရယ်စရာကောင်းတာက အားလုံးက ငါသတ်တယ်လို့ထင်နေကြတာ ငါတော့သူတို့အတွင်းရေးအရှုပ်အထွေးတွေကြောင့် အချင်းချင်းသတ်ကြတယ်ပဲထင်တယ်” လုပိုင်ထျန်း လှောင်ပြောင်လိုက်သည်။

ကုအန် စိတ်၀င်တစားပြန်မေးလိုက်ဧ။။် “ဘာလို့ တခဏဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေ မိစ္ဆာဂိုဏ်းအချင်းချင်းကို မြောက်ပင်လယ်တောင်တန်းဒေသမှာ အကြီးအကျယ်တိုက်ခိုက်ခဲ့ကြတာလဲ”

လုပိုင်ထျန်းပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ တခဏဂိုဏ်းက အကြီးပိုင်းတွေက မြောက်ပင်လယ်တောင်တန်းဒေသမှာ ငါတို့ဂိုဏ်းနဲ့ဆက်စပ်နေတဲ့ အခွင့်အလမ်းတစ်ခုကို ရှာနေကြလို့ပဲ”

“ဘာအခွင့်အလမ်းလဲ”

“မြောက်ပင်လယ်တောင်တန်းဒေသမှာ လွန်ခဲ့တဲ့နှစ်ထောင်ချီက ငါတို့ဂိုဏ်းက ညဏ်အလင်းပွင့်သွားတဲ့အကြီးအကဲတစ်ယောက်ရှိတယ် သူကတစ်သားတည်းဖြစ်ခြင်းအဆင့်ကို ကျော်လွန်ခဲ့ပေမယ့် အစအနမရှိပျောက်ကွယ်သွားခဲ့တယ် ဒါပေမယ့် ဒဏ္ဍာရီတွေအရ သူက သူနဲ့အတူ ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ယူမသွားခဲ့ဘူး အဲ့ဒီပုဆိန်က သိုလှောင်ဓမ္မရတနာတွေထဲ ထည့်သိမ်းလို့မရဘူး အဲ့တာက အမွေအနှစ်ကြီးတစ်ခုပဲ

တခဏဂိုဏ်းက အဲ့ဒီအမွေအနှစ်ကိုရှာဖွေနေကြတာ”

မျှော်လင့်ထားသလိုပဲ!

ကုအန်ကြိတ်၍ ကျေနပ်သွားမိသည်။ တခဏဂိုဏ်းက နှစ်ပေါင်းများစွာရှာ၍ မတွေ့သော်လည်း သူကထိုနေရာကို ကံကောင်း၍ တွေ့ခဲ့မိသည်။

“ကောင်းကင်ပိုင်းဖြတ်ပုဆိန်က သာမန်ပစ္စည်းမဟုတ်ဘူး မြင့်မြတ်ကုန်းမြေနဲ့ ချိတ်ဆက်နေတဲ့ အရာလို့ပြောလို့ရတယ် နှစ်ထောင်ချီအတွင်း အဓိပတိဂိုဏ်းကပဲ မြင့်မြတ်ကုန်းမြေကနေ အဲ့လိုအမွေအနှစ်ကို ရရှိခဲ့တာ နောက်ပြီးအဲ့ဒီအကြီးအကဲက ငါ့ဆရာဘိုးဘိုးလည်းဟုတ်တယ်” လုပိုင်ထျန်း ‌ဂုဏ်ယူစွာ ဆက်ပြောလိုက်သည်။

လုပိုင်ထျန်းသည် အကြီးအကဲရွှမ်ထျန်းကို သူ့စံပြပုဂ္ဂိုလ်အဖြစ်မှတ်ယူထားခြင်းဖြစ်ပြီး သူတစ်ခါမှမတွေ့ခဲ့ဖူးသော်လည်း သူ့ဆရာထံမှ ဆရာဘိုးဘိုးအကြောင်းအများကြီး ကြားခဲ့ဖူး၏။

သူ့ဆရာပြောစကားအရ ဘိုးဘေးရွှမ်ထျန်းသည် သူ့တစ်ဘ၀လုံးတွင် တစ်ခါမှ မရှုံးဖူးဘဲ ရန်သူဘယ်လောက်များများ သူကရှင်းထုတ်ပစ်လိုက်သည်သာ။ နောက်ဆုံးတွင်သူသည် ပင်လယ်တွင် လှည့်လည်သွားလာနေရင်း မှော်သိုင်းတစ်ခုကိုတွေ့ရှိသွားပြီး ဂိုဏ်းသို့ပြန်မလာတော့ဘဲ တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားခဲ့သည်ဟု ဆိုသည်။

သို့သော် ဘိုးဘေးရွှမ်ထျန်းသည် မည်သည့်မှော်သိုင်းကိုမှ ရရှိသွားခြင်းမဟုတ်မှန်း ကုအန်သိပေသည်။ သူသည် ပင်လယ်ပြင်တွင် လှည့်လည်သွားလာရင်း မိစ္တာဘုရင်နှင့် တွေ့ကာ သတ်ခံရလုနီးနီးဖြစ်ပြီး အိမ်သို့ပြန်ပြေးလာခဲ့ရခြင်း ဖြစ်၏။ ထို့နောက်မှ မြောက်ပင်လယ်တောင်တန်းဒေသတွင် ဆန်းကြယ်နှလုံးသားအဆင့်ရောက်သည်အထိ ကျင့်ကြံခဲ့ခြင်း ဖြစ်ပြီး အောင်မြင်မှသာ မိစ္ဆာဘုရင်နှင့်ပြန်ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ကံဆိုးစွာဖြင့် သူ့ဆန္ဒသည် သူသေသည်အထိ ပြည့်မြောက်မသွားခဲ့ပေ။

ရုတ်တရက်ကုအန် သူ့လိုပဲပင်လယ်ပြင်တွင် လှည့်လည်သွားလာနေသော စစ်မှန်သောအမွေဆက်ခံသူအကြောင်း သတိရမိသွားသည်။

ပြောကြသည်မှာ စစ်မှန်သောအမွေဆက်ခံသူသည် လုပိုင်ထျန်းထက်ပင် သန်မာသည်ဟု ဆိုကြပြီး သူသည်ဆန်းကြယ်နှလုံးသားအဆင့်သို့ ရောက်နေသလိုပင်။

သို့သော် ကုအန် ထိုအကြောင်းထုတ်ပြောချိန်တွင်တော့ လုပိုင်ထျန်းမှာ မကြိုက်သည့်ပုံပေါ်နေသောကြောင့် ကုအန် ရပ်လိုက်ရသည်။

ရှင်းလင်းစွာပင် သူတို့ဆက်ဆံရေးမှာမကောင်းခဲ့လောက်ပေ။

လုပိုင်ထျန်းပြောဆိုနေစဉ်တွင် ကုအန်မှာတော့ ရုတ်ချည်းရပ်တန့်သွားမိ၏။

ကုအန် အဝေးမှအားကောင်းသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၍ဖြစ်ပြီး တခဏရပ်သွားပြီးနောက်တွင်တော့ မသိချင်ယောင်သာ ဆောင်နေလိုက်လေသည်။

လုပိုင်ထျန်းလည်း ပြတင်းပေါက်ဘက် ခေါင်းလှည့်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။ “နောက်ဆုံးတော့ အဲ့တာ‌ေရာက်လာပြီလား”

ကုအန် ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်သည်။ “ဘာလာတာလဲ”

လုပိုင်ထျန်း မတ်တပ်ရပ်လိုက်ကာ ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး ငါအခုသွားရတော့မယ်”

သူချက်ချင်းပင်ထွက်ခွာသွားပြီး ကုအန်လည်း တံခါး၀ဆီသို့သွားကာ သူထွက်ခွာသွားကာအရပ်ကို ကြည့်နေခဲ့သည်။

လုလင်ကျွမ်းလည်း ထိုအားကောင်းသောအရှိန်အဝါကို အာရုံခံမိပြီး မျက်မှောင်ကြုံ့သွားသည်ကို ကုအန် မြင်ခဲ့၏။

လုလင်ကျွမ်း ကုအန်အကြည့်ကို သတိထားမိပုံဖြင့် တစ်ချက်ပြန်ကြည့်လိုက်ပြီး တံမြက်စည်းသာ ဆက်လှဲနေခဲ့သည်။

ကုအန် လုပိုင်ထျန်းထွက်ခွာသွားရာ အရပ်ကိုကြည့်ရင်း ထိုအရှိန်အဝါ၏ မူလဇစ်မြစ်ကို စိတ်၀င်စားနေမိ၏။

ထိုအရှိန်အဝါသည် ကျင့်ကြံသူတစ်ယောက်ဆီမှဟု မခံစားရဘဲ ထူးဆန်းသောအရာတစ်ခုဆီမှဟု ခံစားနေရလေသည်။

All Chapters