← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အပိုင်း(၁၁၁)

ဆန်းကြယ်နှလုံးသားအဆင့်၏ တိုက်ခိုက်မှုများ

မိုင်ထောင်ချီရှိသော ကောင်းကင်ကြီးတစ်ခွင်လုံးတွင် တိမ်များလုံး၀ကင်းစင်နေပြီး ထိုတိမ်ကင်းစင်နေသော ကောင်းကင်ကြီးအောက်တွင် ဖုန်းဆိုးမြေကြီးတစ်ခု ရှိနေခဲ့ပြီး ထိုမြေကြီး၏ မျက်နှာပြင်မှာလည်း အက်ကြောင်းများပင် ရှိနေခဲ့၏။

ဖုန်းဆိုးမြေရှိ မြေကွက်လပ်ကြီးတစ်ခုအထက်တွင် အနက်ရောင်ချီများ ထိုးတက်လာခဲ့လေသည်။

ထိုအနက်ရောင်ချီများ၏ အောက်တွင်မူ အဝိုင်းပုံစင်မြင့်ကြီးတစ်ခုရှိနေပြီး အချင်း၃၀မီတာခန့်ကြီးမားကာ စင်မြင့်ထက်တွင်လည်း ဆန်းကြယ်သော အက္ခရာများ ရေးထွင်းထား၏။

ထိုစင်မြင့်အရှေ့တွင် တခဏဂိုဏ်းမှကျင့်ကြံသူအုပ်လိုက်ရှိနေပြီး အရေအတွက် ထောင်နှင့်ချီကာ ထိုထဲတွင် ကျန်းချောင်နှင့် စုဟန်လည်း ပါပေသည်။

ထိုလူအုပ်၏ရှေ့ဆုံးတွင်မူ မီးခိုးရောင်၀တ်စုံ၀တ်လူကြီးတစ်ယောက်ရပ်နေပြီး သူသည် စင်မြင့်ထက်သို့ စိတ်လှုပ်ရှားနေသော အကြည့်ဖြင့် ကြည့်နေခဲ့၏။

“တခဏဂိုဏ်း ပင်မဂိုဏ်း….”

ကျန်းချောင်မှာလည်း အနက်ရောင်ချီထဲရှိ စိတ်ဝိညဉ်အတက်အကျကို ကြည့်ရင်း အလွန်ကြောက်လန့်နေမိသည်။

သူမသည် တခဏဂိုဏ်းသို့ရောက်ရှိနေသည်မှာ အချိန်အချို့ကြာသွားပြီဖြစ်ပြီး ဂိုဏ်းအကြောင်း သိရှိနေလေပြီ။ လူသားကမ္ဘာရှ်ိ တခဏဂိုဏ်းသည် ပင်မတခဏဂိုဏ်းကြီး၏ ဂိုဏ်းခွဲတစ်ခုသာဖြစ်ပြီး ဂိုဏ်းကြီးနှင့် လုံး၀ယှဉ်မရသော ဂိုဏ်းတစ်ခုသာ ဖြစ်ပေသည်။

ရုတ်တရက်!

အနက်ရောင်ချီထဲမှ မိုးခြိမ်းသံကြီးတစ်သံထွက်ပေါ်လာပြီး အနက်ရောက်ချီများသည် ပြန့်ကားသွားကာ ကောင်းကင်ပင် နီညိုရောင်သို့ ပြောင်းလဲသွားခဲ့ရ၏။

မီးခိုးရောင်၀တ်အကြီးအကဲ စင်မြင့်ရှေ့တွင် ဒူးထောက်ချလိုက်ကာ အော်ပြောလိုက်လေသည်။

“ပင်မဂိုဏ်းမှ အထောက်တော်ကို ကြိုဆိုပါတယ်”

သူဒူးထောက်လိုက်သည်နှင့် အခြားတခဏဂိုဏ်းသားများလည်း ဒူးထောက်ကာ အော်ဟစ်လိုက်ကြရာ သူတို့အသံသည် ဖုန်းဆိုးမြေကွင်းပြင်ကြီးထဲတွင် ဟိန်းထွက်နေခဲ့သည်။

ထိုစဉ် လူတိုင်း၏အကြည့်အောက်တွင် အနက်ရောင်ချီများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုပုံရိပ်သည် ခါးတွင် ရွှေခါးပတ်တစ်ခုကိုပတ်ထားကာ ခရမ်းရောင်၀တ်စုံခပ်ကြပ်ကြပ် ကို၀တ်ဆင်ထားသောလူဖြစ်ပေသည်။ သူ့၀တ်စုံပေါ်တွင် တခဏပန်းပွင့်များကို ရေးထိုးထားပြီး နောက်ကျောတွင်မူ တခဏပင်ကြီးကိုပင် ရေးထိုးထား၏။

သူ့တွင် ခန့်ညားကာ မာနကြီးသောသွင်ပြင်ရှ်ိပြီး ခရမ်းရောင်ကျောက်စိမ်းသရဖူအောက်တွင် သူ၏ဆွတ်ဆွတ်ဖြူနေသော ဆံပင်များကို ရစ်ခွေထားခဲ့သည်။

ထိုလူသည် သူ့လက်ကိုနောက်ပစ်ထားရင်း အောက်ရှိဒူးထောက်နေသော နောက်လိုက်များကို ကြည့်ကာ ခပ်ဖြေးဖြေးပြောလိုက်၏။

“အကြီးအကဲ ချိဟန်က ဘယ်သူလဲ”

မီးခိုးရောင်၀တ်အကြီးအကဲ အမြန်ပြန်ဖြေလိုက်လေသည်။

“အထောက်တော်ကို သတင်းပို့ပါတယ် ကျွန်တော်မျိုးပါ”

ခရမ်းရောင်၀တ်ပုဂ္ဂိုလ် ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း မြေပေါ်သို့ ဆင်းသက်လာခဲ့၏။ ထို့နောက် ခပ်အေးအေးပင် ပြောလိုက်ပြန်သည်။

“တစ်ယောက်ယောက်ငါ့ကို အဓိပတိဂိုဏ်းကို လိုက်ပို့ပေး ကျန်တဲ့လူတွေက ဒီမှာနေပြီးနောက်ရောက်လာမယ့် ပင်မဂိုဏ်းကအကြီးအကဲတွေကို စောင့်နေကြ”

ထိုစကားကိုကြားသောအခါ အကြီးအကဲချိဟန် စိတ်လှုပ်ရှားစွာ မေးလိုက်၏။ “နောက်ထပ်စီနီယာတွေ လာကြဦးမှာလား”

“ဟမ့် အခုက တခဏပန်းပွင့်လန်းဖို့အချိန်ပဲ”

….

ဆန်းကြယ်သောအရှိန်အဝါသည် အဓိပတိဂိုဏ်းနှင့်အလွန်ဝေးသော အရပ်မှလာခြင်းဖြစ်ပြီး မဟာယနအဆင့်၏နတ်အာရုံပင် မရောက်နိုင်သော နေရာမှလာခြင်းဖြစ်သည်။ ထိုအရှိန်အဝါသည် ပင်မတခဏဂိုဏ်းနှင့်ဆက်စပ်နေရမည်ဟု ထင်သောကြောင့် ကုအန်လည်း အလောတကြီးမလုပ်ခဲ့ပေ။

တခဏပင်မဂိုဏ်းအကြောင်းရှင်းရှင်းလင်းလင်းနားလည်ထားခြင်းမျိုးမရှိဘဲ သူတဇွတ်ထိုးလုပ်ပစ်၍ မဖြစ်ပေ။

ကျုံးလျန်နှင့် စုရှန်တို့၏ မှတ်ညဏ်များအရ တခဏဂိုဏ်းသည် ပင်မဂိုဏ်းမှ ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သော်လည်း သူတခဏပင်ကို ဖျက်ဆီးပစ်လိုက်သည့်လုပ်ရပ်ကြောင့် ကိစ္စများပြောင်းလဲသွားမှာကို ကုအန် စိတ်ပူနေမိသည်။ အကယ်၍များ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်ထဲသာ လာခြင်းမဟုတ်လျှင် မည်သို့လုပ်မည်နည်း။

ထို့အပြင် အဓိပတိဂိုဏ်းတွင်လည်း နက်နဲသော အရင်းအမြစ်များရှ်ိပြီး သူတို့အဓိပတိအကြီးအကဲပင် ပြန်လာကောင်းလာနိုင်သောကြောင့် ကုအန် ချက်ချင်း၀င်စွက်ဖက်နေစရာ မလိုပေ။

အဓိပတိဂိုဏ်းအပြင် ကျိမိသားစုနှင့် ကုမိသားစု၏ တိုင်းတာ၍မရအောင် နက်ရှိုင်းသည့်အခြေခံအုတ်မြစ်လည်းရှိနေသေးသည်။

ကုအန် ထိုက်ကန်မင်းဆက်တစ်ခုလုံးကို နတ်အာရုံသုံး၍ ရှာဖွေခဲ့စဉ်က ထိုမိသားစုနှစ်ခုက အဓိကစံအိမ်တည်ရှိရာနေရာကို မတွေ့ခဲ့ရပေ။ ကြည့်ရသည်မှာ သူတို့၏အဓိကစံအိမ်များကို ကောင်းကင်နှင့်မြေပြင်ကမ္ဘာငယ်လေးများထဲတွင် ဖွက်ထားကြပုံပေါ်သည်။

ဤကမ္ဘာကြီးတွင် မူလကမ္ဘာထဲမှကွဲထွက်နေသော အခြားဒိုင်မေးရှင်းတစ်ခုတွင် တည်ဆောက်ထားသည်နှင့်တူသည့် ကောင်းကင်နှင့်မြေပြင်ကမ္ဘာငယ်လေးများ ရှိကြ၏။

လုပိုင်ထျန်းထွက်သွားသည့်နေ့ပြီးကတည်းက အဓိပတိဂိုဏ်း၏ လေထုသည် တင်းကြပ်သွားခဲ့သည်။

ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်နှင့်စိတ်ဝိညဉ်အခြေတည်အဆင့်အတော်များများ တတိယတောင်ကြားပေါ်မှ ဖြတ်ကာ အပြင်စည်းဂိုဏ်းဆီသို့ ဦးတည်ပျံသန်းသွားခဲ့ကြပြီး ကုအန်ဆီတွင် ကျင့်ကြံနေသည့် ပါရမီရှင်ကိုးယောက်ပင် ကုအန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြသည်။

တပည့်တိုင်းတွင် တပည့်တံဆိပ်ပြားရှိကြပြီး ယခုအခါ ဂိုဏ်းသည်တပည့်များကို တပည့်တံဆိပ်ပြားမှတစ်ဆင့် အမိန့်ပြန်လိုက်ခြင်းဖြစ်ပြီး အပြင်တွင်လေ့ကျင့်နေသော တပည့်များပင် ဂိုဏ်းဆီသို့ ပြန်လာကြရ၏။

ရှောင်ချွမ် ကုအန်ဘေးသို့ရောက်လာပြီး ကြောက်ရွံ့နေဟန်ဖြင့် မေးလိုက်သည်။ “စီနီယာအစ်ကိုကြီး ဒီတစ်ခါရော ဘာကိစ္စကြီးလဲ တခဏဂိုဏ်းရဲ့တိုက်ခိုက်မှုတော့ မဟုတ်ဘူးမလား”

သူအပြင်စည်းဂိုဏ်းသို့ရောက်တိုင်း တခဏဂိုဏ်းအကြောင်းဆွေးနွေးနေမှုများကို ရှောင်ချွမ်ကြားခဲ့ရ၏။ ယခုအချိန်တွင် မိစ္ဆာဂိုဏ်းများအားလုံးကိုအနိုင်ယူကာ လွန်ခဲ့သော နှစ်၂၀၀လောက်ကလည်း အဓိပတိဂိုဏ်းကိုအကြီးအကျယ်ဒုက္ခပေးခဲ့သော တခဏဂိုဏ်းကို ဂိုဏ်းသားတိုင်းကမလွယ်ကူဘူးဟု ခံစားနေခဲ့ကြရသည်။

“အစ်ကိုကြီးလည်းသေချာမသိဘူး အတွေးမလွန်ပါနဲ့ အစ်ကိုကြီးတို့က ဆေးပင်တွေကိုဂရုစိုက်ဖို့ပဲလိုတာ တကယ်သာတိုက်ပွဲဖြစ်လာရင် အစ်ကိုကြီးတို့ရှိတာမရှိတာက ဘာမှထူးခြားသွားမှာမဟုတ်ဘူး ဂိုဏ်းကိုပဲယုံထားလိုက်ကြတာပေါ့” ကုအန် ရှောင်ချွမ့်ကို နှစ်သိမ့်လိုက်ဧ။။်

ရှောင်ချွမ်လည်း ထိုအရာမှာအဓိပ္ပာယ်ရှိသည်ထင်သော်လည်း သူ့စိတ်ထဲမှကြောက်ရွံ့မှုကတော့ ပြေမသွားခဲ့ပေ။

ထို့နောက်တွင်တော့ ကုအန် ဆေးပင်ခူးရန်သာ ထွက်လာခဲ့လိုက်သည်။

ကောင်းကင်ပြိုကျရင် အဓိပတိဂိုဏ်းကိုပဲ ထမ်းထားခိုင်းလိုက်တာပေါ့ ငါကတော့ဆေးပင်လေးတွေကို ဂရုစိုက်ရဦးမယ်!

တစ်နာရီခန့်ကြာသောအခါ ကုအန်သူ့အိမ်ရှေ့သို့ ပြန်လာပြီး ချင်းဟုန်ဓားကိုထုတ်ကာ ဓားသိုင်းလေ့ကျင့်နေလိုက်ဧ။။်

ကုအန်ဓားသိုင်းကျင့်သော အဖြစ်မှာ အလွန်ရှားလှ၍ တောင်ကြားမှတပည့်များလည်း ကုအန်ဆီသာ အာရုံရောက်နေကြသည်။ ထို့နောက်တွင်‌ေတာ့ ကပ်ဘေးကြီးလာတော့မည်ဖြစ်သောကြောင့် ကုအန်ပါဓားသိုင်းပြန်ကျင့်နေသည်ဟု တွေးလိုက်မိကြပြီး သူတို့လည်း ကိုယ်ပိုင်မှော်သိုင်းများကို စတင်လေ့ကျင့်ကြတော့သည်။

လုလင်ကျွမ်းလည်း ကုအန်၏ ပုံစံမကျသော ဓားသိုင်းလေ့ကျင့်နေမှုကို ကြည့်ရှုနေခဲ့ကာ ခေါင်းယမ်းလိုက်မိ၏။

ကုအန်၏ ဓားသိုင်းလေ့ကျင့်နေပုံမှာ အတော်လေးထူးဆန်းလှပြီး သူ့အမြင်တွင် ဓားသိုင်းထက် ပုဆိန်သိုင်းနှင့်ပင် ပိုတူနေသေးသည်။

လုလင်ကျွမး် တခဏကြည့်ရှုပြီးသည့်နောက် အကြည့်လွှဲလိုက်ကာ တောင်ထိပ်ဆီသို့တက်သွားခဲ့၏။ ထိုနေရာမှတစ်ဆင့် အပြင်စည်းဂိုဏ်းထဲတွင် ဘာတွေဖြစ်နေသလဲဆိုတာကို သူအာရုံခံရပေလိမ့်မည်။

အမှန်တကယ်တွင်လည်း ကုအန်ကျင့်နေသည်မှာ ဓားပညာမဟုတ်ဘဲ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းသာ ဖြစ်ပေသည်။

သူတမင်အခြားသူများကိုလှည့်စားရန် ဓားကိုသုံးနေခြင်းဖြစ်၏။ ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းသည် အဓိပတိဂိုဏ်းထဲတွင် ချန်ထားရစ်သောသိုင်းမျိုးမဟုတ်လေရာ ထိုသိုင်းကိုဓားဖြင့်သုံးသောအခါ မည်သူမှ မှတ်မိမည်မဟုတ်ပေ။

မျက်စိတစ်မှိတ်စာအတွင်း သုံးရက်ကုန်ဆုံးသွားခဲ့ပြန်သည်။

ထိုနေ့တွင် ဆန်းကြယ်တောင်ကြားရှိကိစ္စများကို စီမံပေးခဲ့ပြီး ကုအန် တတိယတောင်ကြားတွင် ဆေးပင်ခူးရန် ရောက်လာခဲ့ဧ။။်

တတိယတောင်ကြားသည် မိုင်ပေါင်းတစ်ရာလောက်ကျယ်သောကြောင့် နေ့စဉ်ရိတ်သိမ်းစရာဆေးပင်များရှိနေပြီး ယခုအခါ ကုအန်လည်းနေ့တိုင်းပင် ရိတ်သိမ်းလေ့ရှ်ိပေသည်။

ဆေးပင်များသည် ရင့်မှည့်နေသည့်အတိုင်းလပေါင်းများစွာထားလိုက်ပါက အာနိသင်ရှိတော့မည် မဟုတ်ပေ။

သက်တမ်း ၅ထောင်စုဆောင်းပြီးသောအခါ ကုအန် ဆေးပင်များကို ဆေးပင်ဂို‌ေထာင်သို့ပို့ရန် တပည့်‌တစ်ယောက်ကို ခိုင်းလိုက်လေသည်။

“ငါအပြင်စည်းဂိုဏ်းကို သွားဖို့စီစဉ်ထားတယ် နင်လိုက်ဦးမလား” ကုအန် မေးလိုက်သည်။ လုလင်ကျွမ်းအရင်က သူအပြင်စညး်ဂိုဏ်းသွားလျှင် လိုက်ချင်သည်ဟုပြောထားခြင်းကြောင့် ကုအန်မေးလိုက်ခြင်း ဖြစ်၏။

ဒါပေါ့ သူ့တကယ့်ရည်ရွယ်ချက်မှာတော့ တိုက်ပွဲဖြစ်လာပါက အဓိပတိဂိုဏ်းအတွက် တိုက်ခိုက်ရန် အင်အားစုတစ်ခု စုဆောင်းပေးထားလိုခြင်း ဖြစ်သည်။

ထို့နောက် ကုအန် လုလင်ကျွမ်းအား အပြင်စည်းဂိုဏ်းသို့ ခေါ်သွားခဲ့၏။

အပြင်စည်းဂိုဏ်းသို့ရောက်သောအခါ ကုအန် လုလင်ကျွမ်းအား ကောင်းကင်ပြုပြင်စင်မြင့်တွင်ထားခဲ့ကာ ညနေမတိုင်ခင် ထိုနေရာတွင်သာ ပြန်ဆုံကြမည်ဟုပြောကာ တစ်ယောက်တည်းထွက်သွားခဲ့လေသည်။

,စဉ်းစားပေးတတ်လိုက်တဲ့လူ!

လုလင်ကျွမ်းကုအန်၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်နေရင်း တီးတိုးရေရွတိလိုက်၏။

ထို့နောက်တွင်တော့ လုလင်ကျွမ်း တောင်ဘက်ဂိတ်တံခါးရှိရာသို့ ဦးတည်သွားလိုက်လေသည်။ တောင်ဘက်ဂိတ်တံခါးအထက်ရှိ လေထဲတွင် ကျင့်ကြံသူများရှိနေကြပြီး သူတို့တစ်ယောက်ချင်းစီ၏ဘေးတွင်လည်း အလံကြီးတစ်ခုစီရှိနေကော မြို့ကိုဝိုင်းပတ်ကာကွယ်ထားကြ၏။ အရေအတွက်မှာလည်း တစ်တစ်ထောင်ခန့်ပင်ရှိပြီး အနိ့မ့်ဆုံးကျင့်ကြံခြင်းမှာ စိတ်ဝိညဉ်အခြေတည်အဆင့်များ ဖြစ်ကြပေသည်။

အပြင်စည်းဂိုဏ်းမြို့တစ်ခုမှာပင် ထိုမျှများပြားသော အဆင့်မြင့်ကျင့်ကြံသူများရှိနေခြင်းဖြစ်၏။ လုလင်ကျွမ်း အခြားအပြင်စည်းမြို့များကိုလည်း နတ်အာရုံသုံး၍ စစ်ဆေးပြီးဖြစ်ပြီး ထိုမြို့များတွင်လည်း အလားတူပင်။ ထိုအရာကြောင့် အဓိပတိဂိုဏ်း၏အုတ်မြစ်အပေါ် သူအတော်လေးအထင်ကြီးသွားမိသည်။

အဓိပတိဂိုဏ်း၏အင်အားနှင့်ဆိုပါက သူမလာခဲ့သော ကမ္ဘာကို အလွယ်တကူပင် သိမ်းပိုက်ပစ်နိုင်ပေသည်။

တစ်ဖက်တွင်

ကုအန် ဥပဒေရေးရာခန်းမမှ ကျန်းချင်ကိုသွားရှာခဲ့၏။

ဥပဒေရေးရာခန်းမမှ တပည့်များသည် တိုက်ခိုက်ရမည့်တာ၀န်များကို မယူရဘဲ မြို့ထဲသို့ တခဏဂိုဏ်းသူလျှိုများ ခိုး၀င်မလာစေရန် ကင်းလှည့်ရသောတာ၀န်ကိုသာ ယူထားရသည်။

ကုအန် ကင်းလှည့်နေသော ကျန်းချင်အား လမ်းဘေးတစ်နေရာသို့ ဆွဲခေါ်လာလိုက်ပြီး တာအိုဖြန့်ကျက်ကျင့်စဉ်အား ပေးလိုက်၏။

“အန္တရာယ်မဖြစ်အောင်နေ နင်ပြန်လာရင် ဒီကျင့်စဉ်ကို ကြိုးကြိုးစားစားကျင့်ကြံ ဘယ်သူ့ကိုမှလည်းဒီအကြောင်းမပြောနဲ့နော် ဆရာဒေါ်လေးရီကိုတောင်မပြောနဲ့”

ကျန်းချင်တစ်ချက်ကြည့်လိုက်ပြီး ကျင့်စဉ်စာအုပ်ဖြစ်မှန်းတွေ့သွားသောအခါ စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်လေသည်။

ကုအန်သည် အတွင်းစည်းဂိုဏ်းထဲတွင် ဆေးတောင်ကြားတစ်ခုပိုင်ဆိုင်ထားမှန်း သူသိထားပြီးဖြစ်ပြီး ကုအန်၏အဆင့်အတန်းသည် ဂိုဏ်းထဲတွင် သာမန်မဟုတ်နိုင်သည်ကို သူသိဧ။။် ထို့ကြောင့် ကုအန်ဆီမှရသော ကျင့်စဉ်သည် သာမန်မဟုတ်နိုင်မှန်းတွေးမိ၍ ကျန်းချင် စိတ်လှုပ်ရှားနေခြင်းဖြစ်ပေသည်။

သူမသည် ကျန်းချောင်ပေးခဲ့သော ကျင့်စဉ်ကိုကျင့်ကြံနေခြင်းဖြစ်သော်လည်း ယခုတလောတွင် သူမ၏ကျင့်ကြံခြင်းတိုးတက်နှုန်းမှာ အလွန်နှေးကွေးနေခဲ့၏။

ခဏကြာစကားပြောပြီးသည့်နောက် သူတို့ဆရာတပည့်နှစ်ယောက် လမ်းခွဲခဲ့ကြလေသည်။

ကုအန်ရီလန့်ကိုတော့ သွားမရှာခဲ့ပေ။ သူမသည် အပြင်စည်းဂိုဏ်းအကြီးအကဲအစည်းအဝေးတက်ရောက်နေခြင်းကြောင့် ဖြစ်၏။

အဓိပတိဂိုဏ်းတစ်ခုလုံးသည် စစ်ပွဲအတွက် အဆင်သင့်အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။

ကုအန် ဒီနေ့အပြင်စည်းဂိုဏ်းသို့လာခဲ့ရသည့် အဓိကအကြောင်းပြချက်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ထက်ကျော်လွန်နေသည့် အရှိန်အဝါတစ်ခု ထိုက်ကန်မင်းဆက်ဆီသို့ချဉ်းကပ်လာနေသည်ကို အာရုံခံလိုက်မိသောကြောင့် ဖြစ်ပေသည်။

ဆန်းကြယ်နှလုံးသားအဆင့်!

ထိုပုဂ္ဂိုလ်သည် အမြန်လာနေခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်နောက်မှ ခပ်နှေးနှေးသာ လိုက်လာနေခြင်းဖြစ်၏။ သူ့ရည်ရွယ်ချက်မှာ ထင်ရှားလှသည်။ သူသည် သူ့အရှိန်အဝါကိုလည်း ဖုံးကွယ်မထားဘဲ နတ်အသွင်ပြောင်းခြင်းအဆင့်များပင်သူ့ကို အာရုံခံမိအောင် ထားထားပြီး တမင်သက်သက် အဓိပတိဂိုဏ်းကိုဖိအားပေးနေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ယနေ့တွင် အဓိပတိဂိုဏ်း၏ လေထုတင်းကြပ်နေခဲ့ခြင်း ဖြစ်ပေသည်။

ကုအန် ယနေ့တွင် အဓိပတိဂိုဏ်းကိစ္စထဲ၀င်ပါချင်၍ ရောက်လာခဲ့ခြင်းမျိုးမဟုတ်ဘဲ အဓိပတိဂိုဏ်း၏ လုပ်နိုင်စွမ်းဘယ်လောက်ရှိမလဲ သိချင်၍ ရောက်လာခြင်းဖြစ်၏။

ရန်သူတိုင်းကိုသာ သူကလိုက်သတ်ပေးနေလျှင် အဓိပ္ပာယ်ရှ်ိလိမ့်မည်မဟုတ်ပေ။

သတ်ဖြတ်ခြင်းသည် သူ့အားသက်တမ်းများထောက်ပံ့ပေးနိုင်ပါသော်လည်း ရရှိသည့်သက်တမ်းမှာ ဆေးပင်ရိတ်သိမ်းခြင်းနှင့်သိပ်မကွာသောကြောင့် ကုအ် လူမသတ်ချင်ပေ။

ဒါပေါ့ ရန်သူအရမ်းများနေလျှင်တော့ အချို့ကိုသတ်ပေးရခြင်းမှာ ကိစ္စမရှိပေ။

ကုအန် ကောင်းကပြုပြင်စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့ပြီး တမင်ပင် တစ္ဆေမိခင်၏ နောက်ဘက်တွင် နေရာယူကာ ဓားဆန္ဒကိုခံစားနေသလိုဖြင့် ထိုင်နေလိုက်သည်။

“ဂျူနီယာကု ဒီမှာဘာလုပ်နေတာလဲ” ရယ်ရယ်မောမောပြောလိုက်သည့် အသံတစ်ခု ဟန်မင့်ဆီမှထွက်ပေါ်လာခဲ့ပြီး ဟန်မင် ကုအန်ဆီသို့ ရောက်ရှိလာခဲ့၏။

သူလည်း တစ္ဆေမိခင်‌ေဘးတွင် ရပ်ကာ ကုအန်နှင့် စကားများပြောဆိုလေတော့သည်။

တစ်ဖက်တွင် တစ္ဆေမိခင်မှာတော့ ဘာမှတုန့်ပြန်ခြင်းမရှိဘဲ ဆိတ်ဆိတ်သာနေကာ မျက်လုံးများမှိတ်ထားခဲ့၏။

ဟန်မင်မှာတော့ သူ့ဘေးတွင်ရှိနေသည်မှာတစ်သားတည်းဖြစ်ခြင်းအဆင့်၂ မကောင်းဆိုးဝါးအိုကြီးမှန်း မသိခဲ့ပေ။

တခဏကြာစကားပြောပြီးသည့်နောက် ကုအန်စိတ်၀င်တစားမေးလိုက်လေသည်။

“တခဏဂိုဏ်းကတိုက်ခိုက်နေပြီ စီနီယာဘာလို့ထွက်မသွားသေးတာလဲ စီနီယာရောဒီစစ်ပွဲမှာ ပါသွားမှာမကြောက်ဘူးလား”

“တခဏဂိုဏ်းက ဘာစိတ်ပူစရာလိုလို့လဲ သူတို့က အဓိပတိဂိုဏ်းကိုလွန်ခဲ့တဲ့ နှစ်၂၀၀ ကရှုံးနိမ့်ပြီးသွားပြီ အခုလည်းထပ်ပြီးရှုံးနိမ့်ဦးမှာပဲ အဓိပတိဂိုဏ်းကဖုံးကွယ်ထားတဲ့ ကြီးမြတ်တဲ့ကျင့်ကြံသူမွန်းစတားအိုကြီးတွေအများကြီးရှိတယ် မင်းလည်းဒီအခွင့်အရေးကိုယူပြီး သေချာစောင့်ကြည့်ပြီးရင် အဓိပတိဂိုဏ်းရဲ့နက်ရှိုင်းမှုကို နားလည်သွားလိမ့်မယ်” ဟန်မင် ရယ်မောကာ ပြောလိုက်သည်။

ထိုစကားကြောင့်ကုအန်ပို၍ပင်စိတ်၀င်စားသွားပြီး ဟန်မင်အား အဓိပတိဂိုဏ်း၏ ကြီးမြတ်သည့်ကျင့်ကြံသူကြီးများအကြောင်းဆက်လက်မေးမြန်းခဲ့၏။

ဟန်မင်လည်း သူသိသမျှအကြောင်းအရာများကို မျှဝေပေးလိုက်ရာ စင်မြင့်ထက်ရှိ အခြားတပည့်များပင် သူတို့စကားဝိုင်းကိုခိုး၍ နားထောင်နေခဲ့ကြသည်။

တစ္ဆေမိခင်မှာတော့ အနှောင့်အယှက်ဖြစ်လာဟန်ဖြင့် ထရပ်လိုက်ကာ အခြားနေရာသို့ပြောင်းရန် ပြင်လိုက်၏။

ကုအန်လည်း တမင်သက်သက်နောက်သို့ ခြေတစ်လှမ်းဆုတ်ဟန်ဖြင့် သူ့ကျောနှင့် တစ္ဆေမိခင်ကို ၀င်တိုက်လိုက်လေသည်။

တစ်ယောက်ယောက်ကိုတိုက်မိသွားသည်ကို သိသွားသောအခါ ကုအန် အမြန်တောင်းပန်လိုက်၏။

“တောင်းပန်ပါတယ် မိန်းကလေး”

တစ္ဆေမိခင်မျက်မှောင်ကြုံ့သွားပါသော်လည်း မျက်မှောင်ကြုံ့လိုက်သာ ခေါင်းသာယမ်းပြလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

သူကုအန်ကိုကျော်သာ ထွက်သွားခဲ့သည်။

“ရပ်လိုက်စမ်း!” ထိုစဉ် ဟန်မင့်အသံရုတ်တရက်ထွက်ပေါ်လာခဲ့၏။

တစ္ဆေမိခင်လည်း ရပ်တန့်လိုက်ရသည်။

ဟန်မင်၏ပုံရိပ်သည် ကောင်းကင်ပြုပြင်စင်မြင့်တွင် ထင်ရှားသောကြောင့် သူ့အပြုအမူသည် အခြားတပည့်များ၏ အာရုံကိုပါ ဆွဲဆောင်သွားနိုင်ခဲ့၏။

ကုအန်အမြန်၀င်ပြောလိုက်သည်။ “ဒါကျွန်တော့်အမှားပါ ကျွန်တော်သူ့ကိုမမြင်ဘဲ ၀င်တိုက်မိသွားတာ”

ဟန်မင် ကုအန်ကိုလစ်လျူရှူထားကာ တစ္ဆေမိခင်ကိုသာ စိုက်ကြည့်နေရင်း မေးလိုက်၏။ “နင်ကတကယ်ပဲ ဘယ်သူလဲ နင့်ကိုယ်နင် ကောင်းကောင်းဖုံးကွယ်ထားနိုင်တာပဲ ဒါပေမယ့် နင်ခုနက အရှိန်အဝါတစ်ချက်ထုတ်လိုက်မိတယ်”

“နင်ကလူမဟုတ်ဘူးမလား နင်ကတစ္ဆေတစ်ကောင်ပဲ”

တစ္ဆေတစ်ကောင်လား!

သူပြောလိုက်သည်နှင့် စင်မြင့်ပေါ်ရှိ တပည့်များ ချက်ချင်းနောက်ဆုတ်သွားကြကာ အချို့‌ဆိုလျှင် မှော်လက်နက်များကိုပါ ထုတ်လိုက်ကြသည်။

ကုအန်လည်း အမြန်ပင် နောက်သို့ ဆုတ်သွားခဲ့ပြီး တစ္ဆေမိခင်အား အံ့ဩနေသောမျက်လုံးများဖြင့် ကြည့်ရှုနေခဲ့၏။

တစ္ဆေမိခင်ပြန်လှည့်လာခဲ့ကာ ကုအန်ကို ဂရုမစိုက်ဘဲ ဟန်မင်ကိုသာ ပြန်ကြည့်ပြီး ပြောလိုက်လေသည်။

“နင်ကအဓိပတိဂိုဏ်းကမဟုတ်ပါဘူး ဘာလို့မလိုအပ်တဲ့ကိစ္စတွေမှာ၀င်ပါပြီး ဒုက္ခရှာနေရတာလဲ”

အပိုင်း(၁၁၂)

ပြိုင်ဘက်ကင်းတိုက်ပွဲ၊ ပန်းချီပညာ၌ ညဏ်အလင်းပွင့်ခြင်း

“ငါက ဆရာသခင်ဓားအရှင်ဆီက ဓားပညာလမ်းညွှန်မှုကိုရရှိခဲ့တယ် အဲ့တာကြောင့် သူ့ကြင်နာမှုကို ပြန်ပေးဆပ်ရမှာကသာမန်ပဲ နောက်ပြီး အဓိပတိဂိုဏ်းကလည်း ငါ့ကို ဒီနှစ်တွေအတွင်းကောင်း‌ေကာင်းဆက်ဆံခဲ့တယ်”

ဟန်မင်ပြောလိုက်ရင်း သူ့နောက်မှ ဓားသေတ္တာကို ထုတ်လိုက်ကာ တိုက်ပွဲအတွက် အသင့်ပြင်ထားလိုက်လေသည်။

ထိုအခိုက်တွင် တစ္ဆေမိခင်ပတ်ပတ်လည်၌ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၃ယောက်လည်း ပေါ်လာခဲ့၏။ ထိုသူများသည် ကောင်းကင်ပြုပြင်စင်မြင့်ကိူ စောင့်ရှောက်နေကြသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်များ ဖြစ်ကြပေသည်။

တစ္ဆေမိခင်မှာမူ တစ်သားတည်းဖြစ်ခြင်းအဆင့်ဖြစ်သောကြောင့် သူတို့ကိုလုံး၀ကြောက်ရွံ့မနေပေ။ ခေါင်းကိုသာအသာယမ်းလိုက်ကာ တစ်ယောက်တည်းခပ်တိုးတိုးရေရွတ်လိုက်၏။

“တကယ်စိတ်‌အနှောင့်အယှက်ဖြစ်စရာပဲ ဒါပေမယ့် အချိန်ကကျလာတော့မှာ”

ထို့နောက် ရုတ်တရက်တစ္ဆေမိခင် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်၃ယောက်လည်း လေထဲတွင်ပျောက်ကွယ်သွားခဲ့ပြီး ကုအန် အာရုံခံကြည့်ရာ သူတို့ အပြင်စည်းဂိုဏ်းအပြင်သို့ရောက်သွားမှန်း သိလိုက်ရ၏။

သို့သော် ဟန်မင်မှာတော့ လိုက်မသွားခဲ့ပေ။ တစ္ဆေမိခင်ကိုဖော်ထုတ်ပေးလိုက်ခြင်းမှာပင် အကျိုးဆောင်မှုဖြစ်ပြီး နောက်မှလိုက်ရန်ကတော့ အဓိပတိဂိုဏ်းအလုပ်ပင်။

သူ ကြောက်လန့်၍ တုန်နေသေးသော ကုအန်ဆီသို့လှည့်လိုက်ကာ နှစ်သိမ့်လိုက်လေသည်။ “မစိုးရိမ်ပါနဲ့ ဒီသရဲမပြန်လာမှာမဟုတ်တော့ဘူး ထွက်ပြေးသွားပြီ”

ကုအန် ခေါင်းညိတ်လိုက်သော်လည်းသူ့အကြည့်များမှာ တစ္ဆေပြန်ပေါ်လာမည်စိုးသောကြောင့် ပတ်၀န်းကျင်ကို ဟိုကြည့်ဒီကြည့်ကြည့်နေခဲ့သေး၏။

ငါ့သရုပ်ဆောင်ချက်က တကယ့်အကယ်ဒမီရှော့ပါလား!

ဟန်မင် သူ့အနားရောက်လာကာ ပုခုံးကိုပုတ်လိုက်ပြီး သူ့အား ကျိုးလင်ရှိရာ ဆွဲခေါ်သွားခဲ့လေသည်။ ထို့နောက်တွင်တော့ ကုအန်စိတ်သက်သာစေရန် သူ၏မိစ္ဆာများနှင့် ရင်ဆိုင်ဖူးသော အတွေ့အကြုံများကို စတင်ပြောပြခဲ့၏။

ကုအန် ကြိတ်၍ ကျိန်ဆဲလိုက်မိပြီး သူ့သရုပ်ဆောင်ချက် လွန်သွားပြီဟု ခံစားလိုက်ရသည်။ အခုတော့ သူဒီနေရာမှ ထွက်သွားဖို့မလွယ်တော့ပေ။

ကုအန် ဟန်မင့်စကားများကို နားထောင်နေရင်း စနစ်မှ သူ့ကိုရန်ပြုလိုသည့် သတိပေးချက်တက်လာသည်ကို စောင့်နေခဲ့သည်။ အကယ်၍ တစ္ဆေမိခင်သာ သူ့ကိုရန်ပြုလိုစိတ်ရှိခဲ့ပါက ထိုတစ္ဆေမိခင် နောက်တစ်နေ့သို့ ကူးနိုင်တော့မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဘာသတိပေးချက်မှတက်မလာခဲ့ဘဲ ကြည့်ရသည်မှာ တစ္ဆေမိခင်သည် သူ့ကို သံသယမဖြစ်ခဲ့သည့်ပုံပင်။

တစ္ဆေမိခင်သည် အဓိပတိဂိုဏ်းအပေါ် မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှမရှိခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။ သူသည် အရင်က မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ် တိုက်ခိုက်ခဲ့စဉ်ကပင် ၀င်မပါခဲ့သူ ဖြစ်၏။

ယခုအခါ ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူ အဓိပတိဂိုဏ်းသို့ ချဉ်းကပ်လာချိန်ဖြစ်လေရာ သူသာ ဆန္ဒရှိပါက ထိုကျင့်ကြံသူနှင့်ပေါင်း၍ အဓိပတိဂိုဏ်းကို ကောင်းကောင်းမွှေလို့ရချိန် ဖြစ်ပေသည်။

တစ္ဆေမိခင်က တခဏဂိုဏ်းနဲ့ပတ်သက်မှာမရှိတာများ ဖြစ်နိုင်မလား!

ကုအန် ဟန်မင့်စကားများကိုနားထောင်ချင်ယောင်ဆောင်နေရင်း တိတ်တဆိတ်တွေးနေမိ၏။

….

ပြာလဲ့နေသော ကောင်းကင်ကြီးအောက်တွင် ဆောင်းဦး၏ အဝါရောင်ရာသီမှာ တောင်တန်းများ မြစ်ပြင်များအပေါ် လွှမ်းခြုံထားခဲ့သည်။

ထိုအချိန်တွင် တောင်ထိပ်တစ်ခု၌ လုပိုင်ထျန်းနှင့် ကျိဟန်ထျန်းတို့ ရပ်နေခဲ့ကြ၏။ ထိုတောင်ထိပ်တွင် သူတို့အပါအ၀င် ကျင့်ကြံသူအားလုံးပေါင်း ၃၂ယောက်ရှိပြီး အားလုံးမှာ အဓိပတိဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများ ဖြစ်ကြပေသည်။

ကျိဟန်ထျန်း လုပိုင်ထျန်းဘေးတွင်ရပ်နေရင်း မေးလိုက်၏။ “တစ်ဖက်လူက တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုကျော်လွန်နေပြီလား”

“အဲ့ဒီလိုပဲနေမယ် သူ့ကျင့်ကြံခြင်းအရှိန်အဝါက ငါ့ထက်အများကြီးသာတယ် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိဘူး အခုမှ အဆင့်ချိုးဖျက်လာတဲ့ပုံလည်း မပေါ်ဘူး” လုပိုင်ထျန်းတည်ငြိမ်နေသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ဆန်းကြယ်နှလုံးသားအဆင့်!

ကျိဟန်ထျန်း၏မျက်နှာ မည်းမှောင်သွားခဲ့၏။

လုပိုင်ထျန်း၏ စကားကို အနားတွင်ရှိနေသောအခြားသူများလည်း ကြားလိုက်ကြပြီး သူတို့အမူအရာများလည်း လေးနက်လာခဲ့သော်လည်း ကြောက်တော့ကြောက်မနေကြပေ။

“ဆန်းကြယ်နှလုံးသားအဆင့်ကဘာဖြစ်လဲ ဒီမှာတစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူတွေအများကြီးရှိနေတာ ငါတို့မှာတိုက်ခိုက်နိုင်ဖို့ အခွင့်အရေးရှိနေသေးတယ်” ခပ်ပိန်ပိန် အကြီးအကဲတစ်ယောက် အေးစက်စက်ပြောလိုက်၏။

“အမှန်ပဲ ဘာကြောက်နေစရာလိုလဲ”

“ငါတို့ကျိမိသားစုက ကြီးမြတ်တဲ့ကျင့်ကြံသူတွေလည်း လမ်းမှာရောက်နေပြီ တခဏဂိုဏ်းကကောင်တွေလာပါစေ အကုန်အမြစ်ဖြတ်သုတ်သင်ပစ်မယ်”

“ငါတို့ကုမိသားစုက အကြီးအကဲကိုမခေါ်နိုင်ခဲ့တာတော့ စိတ်မကောင်းစရာပဲ သူသာရှိနေရင် ငါတို့သိပ်အန္တရာယ်များနေမှာမဟုတ်ဘူး”

“ဟားဟားဟား ဘိုးဘေးတွေကဒီလိုပါပဲ သူတို့ကမင်းခေါ်တိုင်းလာမယ့်လူတွေမဟုတ်ဘူး”

“အမှန်ပဲ အဓိပတိအကြီးအကဲတွေထဲမှာလည်း တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုကျော်လွန်သွားတဲ့ သူတွေက ဂိုဏ်းကနေထွက်သွားပြီး အမတလမ်းစဉ်အတွက် အခွင့်အရေးကိုထွက်ရှာကြတာချည်းပါပဲ”

ထိုစဉ် လုပိုင်ထျန်းသိုလှောင်လက်စွပ်ထဲမှ ဆေးတစ်ပုလင်းထုတ်ကာ မော့သောက်လိုက်လေရာ သူ၏ ဒဏ်ရာများသည် အကောင်းအတိုင်းပြန်ဖြစ်သွားပြီး သူ့ဆီမှ အရင်လိုအရှိန်အဝါမျိုး ပြန်ထွက်လာခဲ့လေသည်။

အခြားကျင့်ကြံသူများလည်း ဆေးကိုယ်စီထုတ်သောက်လိုက်ကြပြီး အချို့က မှော်လက်နက်များကိုပြင်ဆင်ကာ အချို့က ၀င်္ကပါများကို ပြင်ဆင်လိုက်ကြသည်။

“များလိုက်တဲ့ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူတွေ ရှေးဟောင်းဂိုဏ်းကြီးအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်နေဖို့ ထိုက်တန်ပါပေတယ်!”

ခပ်သွမ်းသွမ်းရယ်သံနှင့် အတူအသံကြီးတစ်သံသည် ကောင်းကင်နှင့်မြေပြင်တွင် ဟိန်း၍ ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံပိုင်ရှင်မှာ ပင်မတခဏဂိုဏ်းမှ ခရမ်းရောင်၀တ်ကျင့်ကြံသူမှလွဲ၍ အခြားမဟုတ်ပေ။

လူမရောက်ခင်မှာပင် သူ့ရယ်သံမှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူများအား ဖိအားဖြစ်သွားစေခဲ့၏။

….

အပြင်စည်းဂိုဏ်းထဲတွင်

ကောင်းကင်ပြုပြင်စင်မြင့်မှ ထွက်ခွာလာခဲ့ပြီးသည့်နောက် ကုအန် မြို့ထဲရှိ စားသောက်ဆိုင်တစ်ခုကိုသွားကာ တိုက်ပွဲကိုကြည့်ရှုရန် ပြင်လိုက်သည်။

သူခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် ကောင်းကင်မှ ဂျိန်းဂလိန်းအသံကြီး ထွက်ပေါ်လာခဲ့ကာ အသက်ငါးရှိုက်ခန့်ကြာသောအခါ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ဂိုဏ်း၏အကာအကွယ်၀င်္ကပါကြီးပေါ်ထွက်လာခဲ့၏။

ကုအန် တိုက်ပွဲကိုကြည့်ရှုရန် အမြန်ပင် စားသောက်ဆိုင်သို့ သွားလိုက်လေသည်။

စားသောက်ဆိုင်သို့ရောက်သည်နှင့် ကုအန် စားပွဲထိုးလေးအား ဝိုင်နှင့်အသားမှာလိုက်၏။

အဓိပတိဂိုဏ်းသည် စစ်ပွဲအတွက်ပြင်ဆင်နေသောကြောင့် ဆိုင်ထဲတွင် စားပွဲထိုးလေးအနည်းငယ်သာ ရှိနေခဲ့သည်။

ကုအန် ပြတင်းပေါက်ရှေ့ရှိ ဝိုင်းတွင်ထိုင်ကာ ကောင်းကင်ကိုကြည့်နေရင်း သူ့နတ်အာရုံကို တိုက်ပွဲဆီသို့ ဖြန့်ကျက်ထားလိုက်လေသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူ ၃၂ယောက်က ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို ဝိုင်း၀န်းတိုက်ခိုက်နေသည့် မြင်ကွင်းမှာ အမှန်တကယ် ကြမ်းတမ်းလှပြီး သူတို့အောက်ရှိ မိုင်ပေါင်းထောင်နှင့်ချီသော သစ်တောများပျက်ဆီးသွားခဲ့ပြီး မြေပြင်ပင် အက်ကွဲသွားခဲ့၏။

ကုအန် ထိုမြင်ကွင်းအား စိတ်၀င်တစားကြည့်ရှုနေခဲ့သည်။ ထိုသို့သောမြင်ကွင်းမျိုးမှာ ဆယ်စုနှစ်ပေါင်းများစွာတွင် တစ်ခါမြင်ရန်ပင် ရှားပါးလှသော မြင်ကွင်းမျိုးဖြစ်၏။

ဆန်းကြယ်နှလုံးသားအဆင့်သည် အတော်လေး အားကောင်းလှပေသည်။ သူသည် တစ်ယောက်တည်းနှင့်ပင် တစ်သားတည်းဖြစ်ခြင်းအဆင့် ၃၂ယောက်အား ဖိနှိပ်ထားနိုင်ခဲ့သည်။

ကုအန် တိုက်ပွဲနှင့်မဝေးသော တောင်ထိပ်တစ်ခု၌ ရင်းနှီးနေသော ပုံရိပ်တစ်ခုကိုလည်း သတိထားလိုက်မိ၏။

စုဟန်!

ခရမ်းရောင်၀တ်ပုဂ္ဂိုလ်ကို ဂိုဏ်းသို့ ခေါ်လာခဲ့သည့်သူမှာ စုဟန်ဖြစ်ပေသည်။

ကုအန် အစကတည်းက ထိုကိစ္စကိုသတိထားမိပြီးဖြစ်သော်လည်း ထိုကောင်လေးသည် အခုထိ ထွက်မပြေးသေးသောကြောင့် မကျေမနပ်ဖြစ်သွားခဲ့၏။

ဒီကောင်လေးသေရမှာမကြောက်ဘူးလား!

ကုအန် စုဟန်ကို တစ်ကြိမ်ကယ်တင်ပြီး ဖြစ်ပြီး အနာဂတ်တွင်တော့ သူထပ်ကယ်တော့မည် မဟုတ်ပေ။

ဆရာတစ်ယောက်အနေနှင့် သူအကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီဖြစ်ပေသည်။ ဒီနေ့တွင်တော့ စုဟန် အသတ်ခံရလျှင်ပင် သူ၀င်ပါတော့မည် မဟုတ်ပေ။

ထို့နောက် ကုအန်စုဟန်ကို မကြည့်တော့ဘဲ တိုက်ပွဲကိုသာ အာရုံစိုက်၍ ကြည့်ရှုနေခဲ့သည်။

မကြာခင်တွင် စားပွဲထိုးလေးရောက်လာပြီး ဝိုင်နှင့် ဟင်းပွဲများ လာချပေးခဲ့၏။

ကုအန် အနည်းငယ်သောက်ပြီးချိန်တွင် အသံတစ်သံထွက်ပေါ်လာခဲ့လေသည်။

“လက်စသတ်တော့ နင်ကဒီမှာလာသောက်နေတာပဲ”

ရှန်းကျန်!

သူမ၏ အဓိပတိလျှို့ဝှက်မှတ်တမ်းများကြောင့် သူအတော်လေးဒုက္ခရောက်ထားသောကြောင့် ကုအန် သူ့ကိုကြည်မနေဘဲ လျစ်လျူရှုထားလိုက်၏။

ရှန်းကျန် ကုအန်ရှေ့တွင် ၀င်ထိုင်လိုက်လေသည်။ သူမသည် မျက်နှာတွင် ပုဝါတစ်စကို ၀တ်ဆင်ထားပြီး ထိုပုဝါစကြောင့်လည်း သူမ၏အသွင်အပြင်မှာ ပို၍ ဆန်းကြယ်နေခဲ့၏။

“တိုက်ပွဲကြီးဖြစ်တော့မှာ နောက်ပြီး အဲ့ဒီတိုက်ပွဲက အရင်က လမ်းမှန်ဂိုဏ်းနဲ့မိစ္ဆာလမ်းစဉ်တိုက်ပွဲထက် ပြင်းထန်လိမ့်မယ် ငါဒီတိုက်ပွဲကို မှတ်တမ်းတင်ထားဖို့ စီစဉ်ထားတယ် နင်ငါနဲ့အတူလိုက်မလား ငါအခုတလော ငါ့ပန်းချီတွေနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ရင်း အမြင်အသစ်အချို့ရလာခဲ့တယ် အနာဂတ်မှာ ငါ့အနုပညာကနေ ညဏ်အလင်းပွင့်သွားတာမျိုးတောင် ဖြစ်လာနိုင်တယ်” ရှန်းကျန် သူမပန်းချီဆွဲရင်း ညဏ်အလင်းပွင့်သည့်အကြောင်း ခပ်ကြွားကြွားလေး ပြောလိုက်လေသည်။

သူကုအန်ဆီသို့ ‌တတိယတောင်ကြားမှတစ်ဆင့်ဤနေရာထိပင် လိုက်လာခဲ့ခြင်း ဖြစ်၏။

ကုအန်ပြန်ပြောလိုက်သည်။ “မေ့လိုက်တော့ ငါမပါဘူး အဲ့တာကအန္တရာယ်များလွန်းတယ် ငါ့ကျင့်ကြံခြင်းနဲ့ဆို တိုက်ပွဲနဲ့အဲ့လောက်နီးနီးသာသွားရင် အလွယ်လေးသေသွားလိမ့်မယ်”

“အဆင်ပြေပါတယ် ငါနင့်ကိုကာကွယ်ပေးမယ်”

“နင့်ကျင့်ကြံခြင်းနဲ့ ငါ့ကိုကာကွယ်နိုင်လို့လား”

“အနည်းဆုံးတော့ ငါကဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်လေ!”

“ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တွေကအဲ့လိုတိုက်ပွဲကြီးတွေမှာ အမြှောက်ဆံတွေလိုပဲ နင်ကတိုက်ပွဲထဲရောက်သွားရင် ငါ့ထက်တောင်ကြောက်ရင်ကြောက်နေဦးမယ်”

“နင်…ကောင်းပြီ နင့်မှာငြင်းပိုင်ခွင့်ရှိတယ်”

ရှန်းကျန် ဝိုင်တစ်ခွက်ငှဲ့၍သောက်လိုက်ကာ သူ့အကြည့်သည် အဝေးသို့ရောက်သွားခဲ့၏။

အဝေးမှ တိုက်ပွဲ၏ဖိအားသည် အပြင်စည်းဂိုဏ်းသို့ပင် ရောက်ရှိနေခဲ့ပြီး မည်သို့သော တိုက်ပွဲမျိုးက ထိုမျှအင်အားကြီးနေသလဲဟု သူစဉ်စားနေခဲ့မိသည်။

ကုအန်မှာတော့ နတ်အာရုံသုံး၍ တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။ လုပိုင်ထျန်းသည် အတော်လေးစွမ်းအားကြီးလှသည်။ သူသည် အခြားတစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူများနှင့် မတူသောအဆင့်တွင်ရှိနေ၏။ ကျိဟန်ထျန်းမှာလည်း သိပ်မဆိုးလှပေ။ သူ၏ချီလင်ခြေလှမ်းမှာ ပြောင်းလဲခြင်းအဆင့်သို့ရောက်ရှိနေပြီး အခြားကျင့်ကြံသူများမှာတော့ အနည်းငယ်သာ ခရမ်းရောင်၀တ်ပုဂ္ဂိုလ်နား ကပ်နိုင်ကြပေသည်။

တိုက်ပွဲသည် စတင်တာ မကြာသေးသော်လည်း အဓိပတိဂိုဏ်းဘက်မှ အများအပြားဒဏ်ရာရကုန်ကာ အချို့ဆိုလျှင် ခန္ဓာပျက်ဆီးသွားပြီး မူလဝိညဉ်သာ ကျန်တော့၏။

ခရမ်းရောင်၀တ်ပုဂ္ဂိုလ်မှာမူ သူ့ပတ်ပတ်လည်တွင် မှော်အသုံးအဆောင်များဖြင့် ဝိုင်းခံထားရပါသော်လည်း လှံရှည်ကိုဆွဲကာ ခပ်အေးအေးပင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် စွမ်းအားကုန်ပင် သုံးထားခြင်းမဟုတ်ဟု ကုအန် ခံစားနေရ၏။

အကယ်၍ ဤအတိုင်းသာဆက်သွားနေပါက အဓိပတိဂိုဏ်းသည် သုတ်သင်ခံရပေတော့မည်။

ဟူးး!

အသုံးမ၀င်လိုက်တာ ငါတစ်ခါလောက်ကိုယ်တိုင်လှုပ်ရှားရဦးမယ်!

သူ့အေးအေးချမ်းချမ်းစိုက်ပျိုးနေရသော ဘ၀လေး ပျက်ဆီးမသွားစေရန် အဓိပတိဂိုဏ်းတွင် ကြီးမြတ်သည့်ကျင့်ကြံသူအတော်များများ သေဆုံးသွား၍ မရပေ။ အကယ်၍ သူမနိုင်သော ကျင့်ကြံသူတစ်ယောက်ယောက် ရောက်လာခဲ့လျှင်လည်း ကုအန်‌ထွက်ပြေးရုံမှလွဲ၍ ရွေးစရာမရှိတော့ပေ။

ကုအန် မတ်တပ်ထရပ်လိုက်ပြီးပြောလိုက်၏။ “မိန်းကလေးရှန်း ငါအပြင်ခဏသွားဦးမယ် ဒီမှာစောင့်နေနော် မကြာခင်ပြန်လာခဲ့မယ် ဘယ်မှလျှောက်မသွားနဲ့”

ကုအန် ရှန်းကျန်ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ထွက်လာခဲ့လေသည်။

ရှန်းကျန်မှာလည်း တိုက်ပွဲကိုသာ အာရုံရှိနေသောကြောင့် ကုအန်ကို ဘာမှပြန်ပြောမနေတော့ပေ။

ဤသို့ဖြင့် ကုအန် အပြင်စည်းမြို့ထဲထွက်လာလိုက်ပြီး လမ်းကြားတစ်ခုထဲအရောက်တွင် သူ့နောက်ကိုလိုက်လာသောနတ်အာရုံမရှိတာ သေချာမှ အကန့်အသတ်မဲ့လွတ်လပ်ခြင်း ခြေလှမ်းကိုသုံး၍ ဆန်းကြယ်ကောင်းကင်ဂူဗိမာန် သို့ထွက်ခွာခဲ့လိုက်သည်။

ဂူထဲသို့ ရောက်သောအခါ ကုအန် တဲထဲသို့၀င်လိုက်ပြီး ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကို ကောက်ကိုင်လိုက်ပြီး သူ့ကိုယ်ကို ခရမ်းရောင်ချီများက ဖုံးအုပ်သွားလေတော့သည်။

အစွန်းကိုးပါးယင်ယန်ပြောင်းလဲခြင်း!

ထို့နောက် ကုအန်ပုဆိန်ကိုဆွဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

တစ်စက္ကန့်ကြာသောအခါ ကုအန် ဂူနှင့် အတော်ဝေးသော တောင်ထိပ်တစ်ခုတွင် ပြန်ပေါ်လာခဲ့လေသည်။

ကုအန် သူ့လက်ထဲရှိ ပုဆိန်ကို လွှဲခုတ်ကြည့်လိုက်ရင်း ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်သိုင်းမှ အကွက်များကို ပြန်စဉ်းစားနေမိ၏။

မေ့လိုက်တော့!

ဒီပုဆိန်ကြီးနဲ့ခုတ်မှတော့ အကွက်လိုပါဦးမလား!

ဤသို့ဖြင့် ကုအန် ကောင်းကင်ပိုင်းဖြတ်ပုဆိန်ကြီးကိုဆွဲကာ တိုက်ပွဲထဲသို့ ‌တိုး၀င်သွားလေတော့သည်။

သူရန်သူကိုသတ်ရန် ဘိုးဘေးရွှမ်ထျန်း၏ သရုပ်ကိုသုံးဖို့ စဉ်းစားထားခြင်းဖြစ်၏။ ဤနည်းလမ်းဖြင့် ဘိုးဘေးရွှမ်ထျန်းပြန်လာပြီးဟူသော သတင်းထွက်ပေါ်လာပါက အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးသည် အဓိပတိဂိုဏ်းကို တိုက်ခိုက်ဖို့စီစဉ်ထားလျှင်တောင် သေချာပြန်စဉ်းစားရတော့မည် ဖြစ်သည်။ ဤသို့ဖြင့် သူလည်း အေးအေးဆေးဆေးစိုက်ပျိုးနိုင်ပေလိမ့်မည်။

တစ်နေရာတွင်

ထိုက်ကန်မင်းဆက်၌

ဝုန်းးး!

တောင်တစ်လုံးပြိုကျသွားကာ ဖုန်များလည်းကောင်းကင်ဆီ ထိုးတက်လာခဲ့သည်။

နောက်ထပ် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မြေပေါ်ကျသွားခြင်းဖြစ်ပြီး သူ့ကံကြမ္မာကိုမူ မသိနိုင်သေးပေ။

ကောင်းကင်ယံတွင် ကျိဟန်ထျန်းနှင့် အခြားကျိမိသားစုမှ ကျင့်ကြံသူနှစ်ယောက်မှာ ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံကို ထုတ်ဖော်၍ ခရမ်းရောင်၀တ်လူကို တိုက်ခိုက်နေခဲ့၏။

ရွှေနဂါးပုံရိပ်သည် အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်နေကာ အလင်းရောင်များ တလက်လက်ထနေခဲ့သည်။ သို့သော် မကြာခင်တွင် ရွှေနဂါးပုံရိပ်မှာ ပြိုကွဲသွားခဲ့ရပြန်သည်။

“ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံ ကတကယ်ကို အကျိုးသက်ရောက်မှုရှိတဲ့ နတ်သိုင်းပဲ မင်းတို့က ကျိမိသားစုကပဲဖြစ်ရမယ် ငါမင်းတို့အသက်ကိုချမ်းသာပေးနိုင်တယ် ဒါပေမယ့် မင်းတို့ဆက်တိုက်ခိုက်နေရင်တော့ ငါကျိမိသားစုဂုဏ်သိက္ခာကို မထောက်တာကို အပြစ်မတင်ပါနဲ့” ခရမ်းရောင်၀တ်စုံ၀တ်လူ၏အသံသည် သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေပြီး အရင်လို လှောင်ပြောင်နေသည့် လေသံမျိုးပင် မရှိတော့ပေ။

All Chapters