အခန်း (၁၁၅-၁၁၆)
Vol. 10 Ch. 115-116
အပိုင်း(၁၁၅)
မင်းဆက်ကိုးခု၏ကပ်ဘေး၊ သက်တမ်းစုဆောင်းခြင်း
ရွှေဝိညဉ်အရှင်၏တိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက် လ၀က်ကြာချိန်ထိပင် အဓိပတိဂိုဏ်းသည် သတိအနေအထားတွင်ရှိနေပြီး အပြင်ရောက်နေသောတပည့်များကို ဆက်တိုက်ပြန်ခေါ်နေခဲ့ကာ ထိုတပည့်များသည် ဆန်းကြယ်တောင်ကြားရော တတိယတောင်ကြားပေါ်ကပါ ဥဒဟိုပျံသန်းသွားလာနေခဲ့ကြသည်။
ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင်
ကုအန်ရီလန်ပြောပြသော အမတကျင့်ကြံခြင်းကမ္ဘာထဲရှိ အခြေအနေများနှင့် မြေအောက်ကမ္ဘာလမ်းကိုးသွယ်အကြောင်းနားေထာင်နေခဲ့၏။
“ပြောကြတာတော့ မြေအောက်ကမ္ဘာကိုတိုက်ရိုက်ဦးတည်နေတဲ့ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ဆိုတာရှိတယ်တဲ့ တခဏဂိုဏ်းက အဲ့ဒီလမ်းရဲ့၀င်ပေါက်ကို မဟာကျိုးမင်းဆက်ရဲ့ ဖုန်မဲ့ဖုန်းဆိုးမြေမှာ ဖွင့်လိုက်တယ်လေ အခု တခဏဂိုဏ်းရဲ့ ကျင့်ကြံသူတွေက ဖုန်မဲ့ဖုန်းဆိုးမြေကို အပြေးအလွှားသွားနေကြပြီ သူတို့ရည်ရွယ်ချက်က ပြန်ဆုတ်ဖို့လား အခြားအစီအစဉ်တွေရှိနေသေးလားဆိုတာတော့ မသဲကွဲဘူး အဓိပတိဂိုဏ်းကလည်း အဲ့ဒီကိစ္စကိုစုံစမ်းဖို့ တပည့်တစ်အုပ်လွှတ်ထားတယ်” ရီလန် ပြောပြလိုက်သည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်အကြောင်းပြောချိန်တွင် သူ့မျက်လုံးထဲ၌ အလင်းတစ်ချက်ပင်လက်သွားခဲ့၏။
ကုအန်လည်း စိတ်၀င်တစားပြန်မေးလိုက်သည်။
“ညီမလေးလည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်အကြောင်းအတော်လေး စိတ်၀င်စားနေပုံပါလား”
ရီလန် ဖြေလိုက်သည်။ “ဒဏ္ဍာရီတွေကပြောတာတော့ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကနေ တစ်ဆင့် အဆုံးမဲ့တဲ့ပင်လယ်ကြီးကိုဖြတ်သန်းပြီး ပိုမိုကျယ်ပြန့်တဲ့ အမတကမ္ဘာကြီးဆီအရောက်သွားနိုင်တယ်တဲ့ တခဏဂိုဏ်းက မြေအောက်ကမ္ဘာလမ်းကိုးသွယ်ရဲ့ အဲ့ဒီလိုမက်လုံးကိုသုံးပြီး ကျင့်ကြံသူတွေကိုဆွဲဆောင်ခဲ့တာလေ ဒါပေမယ့် ညီမလေးအရည်အချင်းနဲ့ကတော့ အဲ့ဒီနေရာကိုရောက်ရင်တောင် ကံကောင်းဖို့ထက် ကံဆိုးဖို့က ပိုများပါတယ်”
ထို့နောက် ရီလန်စကားလွှဲကာ ဆရာသခင်ဓားအရှင်အကြောင်း ပြောပြခဲ့၏။
သူဥပဒေရေးရာခန်းမမှရသောသတင်းများအရ ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းတစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်သော စွမ်းအားမျိုးကို ပြသခဲ့သည်ဟု ဆိုသည်။ အကယ်၍သူသာဝင်မပါခဲ့ပါက အဓိပတိဂိုဏ်းသည် ရွှေဝိညဉ်ရှင်လက်ထဲတွင် ပျက်ဆီးသွားခဲ့ရပေလိမ့်မည်သာ။
ရီလန် ထိုအကြောင်းပြောပြနေရင်း ကုအန်အမူအရာကိုလည်း သေချာအကဲခတ်နေခဲ့၏။
ကုအန်မှာလည်း စိတ်၀င်တစားနားထောင်နေပြီး သူ့အမူအရာမှာ ဆရာသခင်ဓားအရှင်သည်သူနဲ့ဘာမှ မဆိုင်သလိုပင်။
တစ်နာရီခန့်ကြာမှသာ ရီလန် ဥပဒေရေးရာခန်းမသို့ ပြန်သွားခဲ့လေသည်။
ရီလန်ပြန်သွားသောအခါ ကုအန် ယန်နီ၏ဉယျာဉ်ရှိရာသို့ လမ်းလျှောက်ထွက်လာခဲ့၏။
ယန်နီသည် အပြင်စည်းမြို့သို့ထွက်သွားကာ ဆရာသခင်ဓားအရှင်အကြောင်းသွားစုံစမ်းနေခဲ့ပြန်သည်။ ကုအန်လည်း သူ့ကို စုရှန်သေဆုံးသွားပြီမှန်း ပြောမပြခဲ့ဘဲ ဆက်သာရှာနေခိုင်းလိုက်သည်။
နောက်တစ်နှစ်နေလို့ စုရှန်ပြန်မလာသည်ကို သိမှသာ ယန်နီ၏ရှာဖွေနေမှု အလိုလိုရပ်တန့်သွားပေလိမ့်မည်။
ကုအန် ဉယျာဉ်ထဲရှိ ယန်နီစိုက်ထားသော တခဏပင်ကို သေချာကြည့်နေခဲ့မိ၏။
ထိုအပင်မှ စိတ်ဝိညဉ်စွမ်းအားတစ်မျိုးထုတ်လွှတ်နေသည်ကို ကုအန်ခံစားနေခဲ့မိသော်လည်း ထိုစွမ်းအားက ကောင်းမွန်သော စွမ်းအားလား ဆိုးယုတ်သောစွမ်းအားလားဆိုတာကိုတော့ သူမသိပေ။
တခဏဂိုဏ်းသို့၀င်သည့် ကျင့်ကြံသူတိုင်းသည် တခဏပင်မျိုးစေ့များ ရလေ့ရှိကြပြီး ထိုမျိုးစေ့များအား စိုက်ပျိုးခြင်းသည် ဂိုဏ်းကိုအကျိုးပြုခြင်းဖြစ်သလို ဂိုဏ်းတွင်းဂုဏ်သိက္ခာကို တည်ဆောက်ခြင်းလည်း ဖြစ်ပြန်သည်။
ထိုတခဏပင်သည် ဘာအတွက်လဲဆိုတာကိုတော့ လက်ထောက်ဂိုဏ်းချုပ် ကျုံးလင်ပင် သေချာမသိခဲ့ပေ။
မင်းဆက်ကိုးခုရှိ တခဏဂိုဏ်းသည် ပင်မတခဏဂိုဏ်းကြီး၏ ရုပ်သေးတစ်ရုပ်သာဖြစ်ပြီး ထိုဂိုဏ်းမှလူများသည် အဓိကအရေးကြီးသော ကိစ္စရပ်များကို ဘာမှမသိကြပေ။
ထို့နောက် ကုအန် တခဏပင်တစ်ပင်ကိုယူလိုက်ပြီး သဘာ၀ဂူရှစ်လုံးထဲသို့သွားကာ ထိုအပင်ကို နွယ်စိမ်းပင်ရှေ့သို့ ချလိုက်၏။
“ဝေးဝေးကိုယူသွား….ဝေးဝေးကိုယူသွား…”
နွယ်စိမ်းပင်ထဲမှ စိတ်သောကရောက်နေသော မိန်းမသံတစ်သံထွက်ပေါ်လာခဲ့သည်။
ကုအန် အံ့ဩသွားဟန်ဖြင့် မေးလိုက်၏။ “နင်က အဆင့်၇ စိတ်ဝိညဉ်ပင်ပဲမလား ဘာလို့အဆင့်၆ပင်လေးကို ကြောက်နေရတာလဲ”
“သူ့အနံ့က….အရမ်းစိတ်အနှောက်အယှက်ဖြစ်စေတယ်…ကျွန်မမကြိုက်ဘူး” နွယ်စိမ်းပင်ခပ်တိုးတိုးပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားသောအခါ ကုအန်လည်း တခဏပင်ကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်၏။
ထို့နောက် အနီးတွင်တင်ပလ္လင်ခွေထိုင်ရာ စိတ်ဝိညဉ်လက်ကောက်ကိုထုတ်ပြီး ရွှေဝိညဉ်အရှင်၏ အမွေအနှစ်များကို စတင်စစ်ဆေးလေတော့သည်။
သို့သော် မွှေနှောက်ရှာကြည့်ပြီးသည့်တိုင်အောင် ကုအန် တခဏပင်နှင့်ပတ်သက်သော မည်သည့်အချက်အလက်ကိုမှ မတွေ့ခဲ့ပေ။
သို့သော် သူဆေးကျမ်းတစ်ခုကိုတော့ တွေ့လိုက်ရသောကြောင့် သေချာလှန်လောဖတ်ရှုနေခဲ့၏။
သူ၏ဆေးတာအိုသည် ဆရာသခင်အဆင့်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် ဆေးဖော်စပ်နည်းကိုမြင်ရုံဖြင့် ထိုဆေးကိုဖော်စပ်နိုင်ပေသည်။
တစ်၀က်ခန့်ဖတ်ပြီးသောအခါ ကုအန်ရုတ်တရက် ရပ်တန့်လိုက်၏။
“တခဏမိစ္ဆာဆေးတဲ့လား!”
…..
ဤသို့ဖြင့် ဆောင်းရာသီသို့ရောက်ရှိလာခဲ့ကာ နှင်းများသည် အမတကျင့်ကြံခြင်းကမ္ဘာ၏ အရောင်ကို ပြောင်းလဲပစ်ခဲ့သည်။
ထျန်းယတောင်ကြားတွင်
ဆေးပင်တစ်သုတ်ရိတ်သိမ်းပြီး သက်တမ်း၁၀၀၀၀ ခန့်ရလိုက်သောကြောင့် ကုအန် စိတ်ကျေနပ်နေခဲ့၏။
ထျန်းယတောင်ကြားကို အထူး၀င်္ကပါတစ်ခုဖြင့် ကာကွယ်ထားခြင်းကြောင့် တောင်ကြားထဲသို့ မည်သည့်နှင်းမှလည်း မကျရောက်နိုင်ခဲ့ပေ။
ကုအန် ဆေးပင်များကို ဂိုထောင်ထဲသွားသိမ်းရန် စွန်းတကိုခိုင်းလိုက်ပြီး သူကတော့ ခြံ၀န်းတစ်ခုထဲတွင် သောက်ကာ အမတကျင့်ကြံခြင်းကမ္ဘာအကြောင်း ဆွေးနွေးနေကြသော လျူဟွမ်နှင့် ယိလျူယွမ်တို့ဆီ သွားခဲ့လေသည်။
“အခု မြေအောက်ကမ္ဘာလမ်းကိုးသွယ်က အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးက လူတွေရဲ့အာရုံကိုဆွဲဆောင်ထားတယ် မင်းဆက်တိုင်းက အဲ့ဒီအရာကိုစုံစမ်းဖို့ ကျင့်ကြံသူတွေလွှတ်ခဲ့ကြတယ် ဒါပေမယ့် ၀င်ပေါက်ကို တခဏဂိုဏ်းသားတွေကဝိုင်းထားလို့ ဘယ်သူက မအောင်မြင်ခဲ့ကြသေးဘူး” လျူဟွမ်မျက်မှောင်ကြုံ့၍ ပြောလိုက်၏။
ယိလျူယွမ် သူတို့ဆီလျှောက်လာနေသော ကုအန်ကိုတစ်ချက်ကြည့်ကာ လျူဟွမ့်စကားကို တုံ့ပြန်လိုက်သည်။
“အဲ့တာလည်း ကောင်းတာပါပဲ အခုဆို တခဏဂိုဏ်းရဲ့ ဖိအားကိုရင်ဆိုင်နေရတာ အဓိပတိဂိုဏ်းတစ်ခုတည်း မဟုတ်တော့ဘူးပေါ့”
လျူဟွမ် ခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်။
“တခဏဂိုဏ်းရဲ့ တကယ့်အင်အားက မြေအောက်ကမ္ဘာလမ်းကိုးသွယ်နောက်မှာရှိတာသေချာတယ် အဲ့တာက မင်းဆက်ကိုးခုလုံးအတွက်ကပ်ဘေးပဲ နောက်ပြီး အခုတလော တခဏပန်းပင်တွေကို မင်းဆက်ကိုးခုလုံးရဲ့ နေရာအနှံ့မှာတွေ့နေရတယ်လို့ကြားတယ် အဲ့ဒီအပင်တွေရင့်မှည့်လာတာနဲ့ မိစ္ဆာတွေ တစ္ဆေတွေကိုဆွဲဆောင်လိမ့်မယ် တခဏဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ တကယ်ပဲမရှင်းဘူး”
ကုအန် သူတို့ဘေးတွင်ထိုင်ကာ ဆွေးေနွးနေသည်များကို နားထောင်နေလိုက်၏။
ထို့နောက် စိတ်၀င်တစားပင်၀င်မေးလိုက်သည်။
“တခဏပန်းပင်နဲ့ပတ်သက်တဲ့ ဆိုးဝါးတဲ့ဒဏ္ဍာရီတစ်ခုခုမရှိဘူးလား”
သူအစက တခဏဂိုဏ်းသည် အဓိပတိဂိုဏ်းနှင့် နယ်မြေလုနေရုံသက်သက်သာပင် ထင်ခဲ့မိသော်လည်း အခုတော့ တခဏဂိုဏ်း၏ ရည်ရွယ်ချက်မှာထိုထက် နက်နဲနေပုံပေါ်နေ၏။
ပင်မတခဏဂိုဏ်း၏အင်အားကိုမသိသေးဘဲ သူေမြေအာက်ကမ္ဘာလမ်းကိုးသွယ်ထဲသို့လည်း ၀င်မသွားရဲပေ။
ယိလျူယွမ်မျက်မှောင်ကြုံ့ကာပြောလိုက်သည်။
“တကယ်တော့ ငါကြားထားတဲ့ဒဏ္ဍာရီတစ်ခုရှိတယ် တခဏပန်းကမြေအောက်ကမ္ဘာကလာတဲ့ ပန်းတစ်ပွင့်ဖြစ်ပြီး သေခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုတယ် အဲ့ဒီပန်းလူသားကမ္ဘာမှာပေါ်လာခဲ့ရင် သူကကပ်ဘေးတွေကိုသယ်ဆောင်လာပြီး အသက်ပေါင်းများစွာကို ဆုံးရှုံးစေလိမ့်မယ်”
လျူဟွမ်ဖြည့်ပြောလိုက်၏။ “အခုဆို မင်းဆက်ကိုးခုလုံးက တခဏဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် တခဏပန်းပင်တွေကိုရှင်းလင်းပစ်ဖို့ အမိန့်ချလိုက်ပြီလေ တခဏပန်းပင်တွေပြန့်ပွားလာမှုက အခုဆိုသူတို့ကိုလည်း ခြိမ်းခြောက်နေပြီ”
ထိုစကားကိုကြားသောအခါ ကုအန် စိတ်သက်သာရာရသွားမိသည်။
ကမ္ဘာကြီး၏ ဒုက္ခသည် ကောင်းကင်အောက်ရှိလူတိုင်းနှင့်ဆိုင်သောအရာဖြစ်၏။ ထိုကိစ္စကို သူ့တစ်ယောက်တည်း စိုးရိမ်ပူပန်မနေချင်ပေ။
အကယ်၍ တစ်ကမ္ဘာလုံးက တခဏပန်းပင်များကို သုတ်သင်ပစ်ဖို့ စီစဉ်နေလျှင်တော့ သူလည်းထိုအစီအစဉ်ထဲ ပါ၀င်ရပေလိမ့်မည်။
အခုကစပြီး သူလည်းတခဏပန်းပင်များကို ရှင်းလင်းတော့မည်ဖြစ်ပြီး သူ့အတွက်သက်တမ်းလည်းရကာ အသက်များကိုကယ်တင်ပြီးသားလည်းဖြစ်နေလေရာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပင်။
ထို့နောက် ကုအန်လျူဟွမ်တို့စကားဝိုင်းကို ဆက်နားထောင်နေလိုက်ပြီး သူတို့စကားဝိုင်းထဲမှ နာမည်အမြောက်အများကိုလည်း ကြားခဲ့လိုက်ရ၏။
မြေအောက်ကမ္ဘာလမ်းကိုးသွယ် လူသားကမ္ဘာတွင်ထွက်ပေါ်လာမှုက မင်းဆက်တိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေသော ကျင့်ကြံသူကြီးများပင် အလျိုလျိုထွက်လာခဲ့ကြသည်။
ဤသို့ဖြင့် တခဏဂိုဏ်းသည် မင်းဆက်ကိုးခုလုံး၏ ဘုံရန်သူ ဖြစ်လာခဲ့၏။
ဤအရာသည် ကောင်းသောအရာသာဖြစ်ပြီး ဂိုဏ်းအားမင်းဆက်ကိုးခုလုံးက သုတ်သင်ချင်နေသည်ကို သိပါက ဂိုဏ်းသို့၀င်တာမကြာသေးသော ဂိုဏ်းသားသစ်များမှာလည်း အခွင့်အရေးကိုစောင့်ကာ ဂိုဏ်းထဲမှ ထွက်ပြေးကုန်ကြပေလိမ့်မည်။
ညနေရောက်မှသာ ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့လေသည်။
သူ့နတ်အာရုံဖြင့် တောင်ကြားတစ်ခုလုံးကိုကြည့်လိုက်ပြီး ကုအန် အကြည့်များ ထူးဆန်းသွားခဲ့၏။
ယန်နီသည် တခဏပင်များအားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး သူ့ဉယျာဉ်ထဲတွင် ပြာမှုန်များသာ ကျန်တော့လေသည်။
ယန်နီ အမြင်မှန်ရသွားတာများလား!
ကုအန် ယန်နီ့ကိုတော့ သွားမေးမနေတော့ဘဲ အိမ်ထဲသို့သာ ၀င်လာခဲ့လိုက်၏။
ညဉ့်အချိန်သို့ရောက်သောအခါ ကုအန်နတ်အာရုံသုံး၍ တခဏပန်းပင်များကိုရှာရန် ထိုက်ကန်မင်းဆက်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။
မြင်ကွင်းမှာ သူ့ကိုပင် ကြောက်ရွံ့သွားစေခဲ့၏။
အဘယ်ကြောင့် တခဏပန်းပင်ထိုမျှအများကြီး ပွားများလာရသနည်း။
ပြီးခဲ့တဲ့လကပင် တစ်ပင်မှ မရှိခဲ့သေးပေ။
ထို့နောက်ကုအန်အိမ်ထဲမှ ရုတ်ချည်းပျောက်ကွယ်သွားကာ ထိုအပင်များကို ရှင်းလင်းပစ်ရန် ထွက်ခွာလာခဲ့၏။
ခြေနှစ်လှမ်းလှမ်းပြီးသောအခါ ကုအန် ဆန်းကြယ်တောင်ကြားနှင့်မိုင်ပေါင်းထောင်ချီဝေးသော ရွာအနီးရှိ တခဏပန်းပင်များ စုပြုံပေါက်နေရာ တောအုပ်တစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် တခဏပန်းပင်တစ်ပင်ကို ဆွဲနှုတ်လိုက်ရာ သက်တမ်းတစ်နှစ်ရရှိလိုက်၏။
ဒီပန်းပင်တွေက ဒီလောက်အမြန်ကြီးထွားလာကြတာ အံ့ဩစရာတော့ မရှ်ိတော့ဘူးပဲ သူတို့ကိုနောက်ကနေ အားတစ်ခုနဲ့တွန်းပြီး ဒီလောက်မြန်မြန်ကြီးအောင်လုပ်ထားတာ အဲ့တာကေြာင့် သူတို့သက်တမ်းကလည်း အရမ်းနည်းနေတာ ဒါပေမယ့် တစ်နှစ်ကလည်းတစ်နှစ်ပါပဲလေ!
ဤသို့ဖြင့် ကုအန် တခဏပင်များကို စတင်ရှင်းလင်းလေတော့သည်။
….
အာရုံတက်ချိန်တွင်
ကုအန် သူ့အိမ်လှေကားမှ ဆင်းလာခဲ့ပြီး ထိုအချိန်တွင် သူ့စိတ်ဝိညဉ်ပင် လှုပ်ခါနေခဲ့၏။
မနေ့ညက သူသက်တမ်း ၄၀၀၀၀ခန့်ပင် စုဆောင်းနိုင်ခဲ့ပြီးထိုအဖြစ်အပျက်က တခဏပင်များ မည်မျှများပြားနေသလဲဆိုတာကို ညွှန်ပြနေခဲ့သည်။
ထို့နောက် ကုအန် အကြောလျှော့လေ့ကျင့်ခန်းလုပ်ရာသို့ သွားခဲ့ပြီး ထိုနေရာတွင် ယန်နီလည်းရောက်နေခဲ့၏။ သို့သော် သူ့ပုံစံမှာ တစ်ခုခုအပေါ်စိတ်ရောက်နေဟန်ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကို စိတ်မရှိနေခဲ့ပေ။
လေ့ကျင့်ခန်းပြီးသောအခါ ယန်နီ ကုအန်နားရောက်လာပြီး သူထွက်သွားတော့မည် ဆိုသည့်အကြောင်းပြောလိုက်လေသည်။
“ဘယ်သွားမှာလဲ” ကုအန် မျက်မှောင်ကြုံ့၍ မေးလိုက်၏။
ယန်နီ ပြန်ဖြေလိုက်သည်။ “အချို့ကိစ္စလေးတွေ ရှင်းဖို့ပါ”
ကုအန် အကြံပေးလိုက်၏။ “လတ်တလော တခဏဂိုဏ်းကို မင်းဆက်ကိုးခုလုံးက ရှင်းပစ်ချင်နေတာ စီနီယာအဲ့ဒီကိစ္စတွေကနေ ဝေးဝေးမှာနေသင့်တယ်”
ယန်နီခေါင်းညိတ်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ငါက တခဏဂိုဏ်းနဲ့ဘာမှမပတ်သက်ပါဘူး”
ပြောနေရင်း သူ့အကြည့်က ကုအန်ဆီရောက်နေခဲ့၏။
ဘာမှမပြောဖြစ်ကြတော့သော်လည်း သူတို့နှစ်ယောက်လုံး ဆိုလိုသည်ကို သိနေခဲ့ကြသည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ ယန်နီအထုတ်ပြင်ကာ တောင်ကြားမှ ထွက်ခွာသွားခဲ့၏။
ကုအန် ပြတင်းပေါက်တွင်ရပ်ကာ ကြည့်နေရင်း ဤနှုတ်ဆက်မှုက နောင်နှစ်ပေါင်းများစွာကြာသည့်အချိန်ထိ တွေ့ဖို့လွယ်တော့မည်မဟုတ်မှန်း တွေးနေခဲ့မိသည်။
တစ်နေရာတွင်
ဖုန်မဲ့ဖုန်းဆိုးမြေပေါ်တွင် မြူများနှင့်ပြည့်နှက်နေခဲ့ပြီး ကောင်းကင်တွင်လည်း တိမ်မည်းများက ဖုံးနေခဲ့ကာ ကျီးကန်းများက ဖြတ်၍ ပျံသန်းနေခဲ့ကြသည်။
လီယ တောင်ကမ်းပါးတစ်ခုပေါ်တွင်ရပ်ကာ မြောက်ပင်လယ်ဓားကြီးကို လွယ်ထားရင်း သူ့အောက်ရှိ လူပင်လယ်ကြီးကို မျက်မှောင်ကြုံ့၍ ကြည့်နေခဲ့၏။
တခဏဂိုဏ်းတွင် ထိုမျှလူများလိမ့်မည်ဟု သူထင်မထားမိခဲ့ပေ။
“မြေအောက်ကမ္ဘာလမ်းကိုးသွယ်က အတော်လေး ဆိုးယုတ်တာပဲ သူ့ထဲမှာ မိစ္ဆာတွေ တစ္ဆေတွေရဲ့စွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်” ဘိုးဘေး၏အသံ လီယနားထဲပေါ်လာခဲ့လေသည်။
လီယ ခပ်လှမ်းလှမ်းရှိ ကျောက်တုံးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်နေသော ကျက်သရေကြိုးကြာခရီးသွားကို အလိုလိုကြည့်မိသွားခဲ့၏။
“ကိစ္စမရှိပါဘူး မူလဘိုးဘေးရောက်လာရင် အကုန်လုံးကို တစ်ချက်တည်းဖမ်းပလိုက်လို့ရတယ်”
ယခုအခါ သူသည် ထိုဆန်းကြယ်သောပုံရိပ်အပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး ထိုပုံရိပ်က ကမ္ဘာပေါ်တွင် အားအကောင်းဆုံးတည်ရှိမှုဟု ထင်နေခဲ့လေသည်။
“အဲ့တာက အဲ့လောက်မရိုးရှင်းဘူးသူဘယ်လောက်စွမ်းအားကြီးကြီး သူ့စိတ်ဝိညဉ်စွမ်းအားက အကန့်အသတ်ရှိတယ် တခဏဂိုဏ်းတစ်ခုလုံးကိုရင်ဆိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ သူသာတကယ်ပဲအရမ်းစွမ်းအားကြီးနေရင် ဘာလို့သူ့သရုပ်မှန်ကိုကာကွယ်ဖို့ ရွက်ဝါတစ်ထောင်မျှော်စင်ရဲ့ မိစ္ဆာအရိပ်နတ်သိုင်းကို ကျင့်ထားမှာလဲ” ဘိုးဘေး ပြောလိုက်သည်။
ထိုစကားကြောင့် လီယမကျေမနပ်ဖြစ်သွားခဲ့၏။ ဘိုးဘေးသည် တခဏဂိုဏ်းနှင့် ရင်ဆိုင်ပြီးကတည်းက သူ၏ အရင်လိုဆန်းကြယ်ပြီး နက်နဲသော ပုံရိပ်ပျောက်ဆုံးသွားခဲ့ရသည်။
သို့သော် လီမိသားစုမူလဘိုးဘေး၏ သတိပေးချက်ကို ပြန်စဉ်းစားမိပြီး လီယ ဘိုးဘေးစကားကို ပြိုင်ငြင်းမနေခဲ့တော့ပေ။
ထိုအချိန်တွင်
မြေပြင်စတင်လှုပ်ခါလာခဲ့ပြီး လီယ တောင်ကမ်းပါးမှ မြေပြင်ပေါ်သို့ ပျံသန်း၍ ဆင်းသက်ခဲ့လိုက်ပြီး ကျက်သရေကြိုးကြာခရီးသွားမှာတော့ ကျောက်တုံးပေါ်တွင် မလှုပ်မယှက်သာ ရှ်ိနေခဲ့သည်။
လီယ မြေအောက်ကမ္ဘာလမ်းကိုးသွယ် ၀င်ပေါက်သို့ ကြည့်လိုက်လေရာ ထို၀င်ပေါက်၏ အောက်ရှိ အစီအရင်သည် ကွဲအက်သွားခဲ့ကာ မြေကြီးထဲမှ သစ်ကိုင်းများထွက်ပေါ်လာခဲ့ပြီး နောက်တွင်တော့ ပင်စည်ကြီးပါ ထွက်ပေါ်လာခဲ့၏။
တခဏဂိုဏ်းသားများသည်လည်း သူတို့ရှေ့ရှ်ိ မြေကြီးထဲမှထွက်လာသော ဧရာမသစ်ပင်ကြီးကို ကြည့်နေခဲ့ကြသည်။
ဤတခဏပင်ကြီးသည် အလွန်တရာကြီးမားလှပြီး ကုအန်အရင်က ရှင်းလင်းခဲ့သောအပင်ထက်ပင်ကြီးကာ အမြင့် မီတာ ၅၀၀ခန့် ရှိပြီး သူ့အပင်ဖျားမှာ တိမ်တိုက်နက်များနှင့်ပင် ထိနေခဲ့၏။
အနက်ရောင် အက်ကွဲကြောင်း၀င်ပေါက်နောက်တွင် ထိုမျှကြီးမားသော အပင်ကြီးရှိနေသော မြင်ကွင်းမှာ အတော်လေး ကြောက်စရာကောင်းလှပေသည်။
“ဟမ့် သူတို့ကတကယ်ပဲ တခဏပင်တစ်ပင်စိုက်ခဲ့တာပဲ!”
ထိုစဉ် အေးစက်စက်ထေ့ငေါ့လိုက်သည့် အသံတစ်သံ ကောင်းကင်နှင့်မြေပြင်တွင်ဟိန်းထွက်လာခဲ့ပြီး လူတိုင်း၏ နှလုံးသားများ အေးစက်သွားခဲ့ရသည်။
ကျန်းချောင်အသံထွက်လာရာဘက်သို့ လှည့်ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသော ဓားအလင်းတစ်ချက်ကိုတွေ့လိုက်ရပြီး ထိုဓားအလင်းသည် တခဏပင်ကြီးဆီသို့ ဦးတည်သွားနေသည်ကို တွေ့လိုက်ရ၏။
ထိုအခါ အပင်ကြီးရှေ့တွင် အနက်ရောင်၀တ်စုံ၀တ်ကာ မျက်နှာဖုံးတပ်ထားပြီး လက်ထဲတွင် ရွှေရောင်တုတ်တိုတစ်ချောင်းကိုကိုင်ထားသော မိန်းမတစ်ယောက် ပေါ်လာခဲ့လေသည်။ ထိုမိန်းမကိုယ်မှ စိတ်ဝိညဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး အပင်ကြီးဆီပြေး၀င်လာသော ဓားအလင်းရောင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရာ ဓားအလင်းရောင်တစ်ဝိုက်ရှိ အာကာသပင် ပုံပျက်သွားခဲ့ရ၏။
အပိုင်း(၁၁၆)
ခရီးသွားဖော်များ
တောနက်ထဲရှိ ဆောင်းညတစ်ညတွင်
ကုအန် နှင်းထဲရှိ နောက်ဆုံးတခဏပင်ကိုဆွဲနှုတ်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်၏။
သက်တမ်း တစ်နှစ်သာရလိုက်သော်လည်း သူမကျေမနပ်တော့ မဖြစ်ခဲ့ပေ။ ဤလအတွင်း သူသက်တမ်း ၅သိန်းကျော်ရရှိခဲ့ပြီဖြစ်ပြီး သူ့သက်တမ်းမှာ ၁သန်းပင် ပြန်ကျော်သွားခဲ့သည်။
ဒီညပြီးလျှင်တော့ ထိုက်ကန်မင်းဆက်တွင် တခဏပင်တစ်ပင်မှ ရှိတော့မည် မဟုတ်ပေ။
တစ်လအတွင်း ကုအန် တခဏပင်တစ်သန်းကျော်ရိတ်သိမ်းခဲ့ပြီဖြစ်ပြီး ထိုထဲမှတစ်၀က်လောက်သည် စိုက်ပျိုးထားတာသိပ်မကြာသေးေသာကြောင့် ဘာသက်တမ်းမှ မရခဲ့ပေ။
သို့သော် ကုအန်ထိုအပင်များကို မရှင်းလျှင်ပင် ထိုက်ကန်မင်းဆက်မှလူများက ရှင်းပစ်မည်ဖြစ်သောကြောင့် သူသက်တမ်းရှိမရှိမသေချာဘဲ မချန်ထားနိုင်ခဲ့ပေ။
ထို့အပြင် တခဏဂိုဏ်း၏ တခဏပင်များ ကမ္ဘာတစ်ခုလုံးကိုဖုံးလွှမ်းသွားမည့် အဖြစ်မျိုးကိုလည်း သူလျစ်လျူရှုမထားနိုင်ပေ။ တခဏဂိုဏ်း၏ အကြံအစည်သာအောင်မြင်သွားပါက အခြေအနေများမှာ ပို၍ပင် ဆိုးလာပေလိမ့်မည်။
ခပ်မှောင်မှောင်တောအုပ်ထဲတွင် ကုအန် အပျင်းကြောဆန့်လိုက်၏။
အချိန်သည် အာရုံတက်ချိန်သို့ပင်ရောက်တော့မည်ဖြစ်ရာ ကုအန် အနီးနားရှိမြို့ထဲတွင် လျှောက်သွားရန် စီစဉ်ထားခဲ့သည်။
ဆေးတောင်ကြားတွင်သာ အမြဲတမ်းနေထိုင်ခြင်းသည် ကောင်းသောအရာမဟုတ်ဘဲ တစ်ခါတရံ အပြင်လောကသို့ ထွက်၍လည်း အသိအမြင်အသစ်များ ရှာဖွေသင့်ပေသည်။
ဝူကျဲ၏ ညဏ်အလင်းပွင့်မှုအခြေအနေကို ကြုံပြီးကတည်းက ကုအန်လည်း ထိုသို့သော ညဏ်အလင်းပွင့်မှုမျိုးကို စိတ်၀င်စားမိနေခဲ့၏။
ညဏ်အလင်းပွင့်မှုသည် ကံကောင်းခြင်းအပေါ်သာမူတည်နေခြင်းမဟုတ်ဘဲ ဘ၀အတွေ့အကြုံများနှင့်လည်း သက်ဆိုင်နေရမည်ဟု သူခံစားမိနေသည်။
ဤသို့ဖြင့် နေလံုးကြီးသည် တဖြည်းဖြည်းမြင့်တက်လာချေပြီ။
လီတစ်ရာခန့်ဝေးသော မြို့ထဲမှ ဆူညံသံများ စတင်ထွက်ပေါ်လာခဲ့ပြီး နေ့တစ်နေ့ကို စတင်လိုက်ကြ၏။
မွန်းတည့်ချိန်တွင် ကုအန် စားသောက်ဆိုင်တစ်ဆိုင်၏ ဒုတိယထပ်တွင်ထိုင်နေရင်း အရက်သောက်ကာ ပြတင်းပေါက်မှတစ်ဆင့် လမ်းပေါ်ရှိ သိုင်းသမားများ အော်ဟစ်ကာ သိုင်းအလှပြနေသည်ကို ကြည့်ရှုနေခဲ့သည်။
ဤကမ္ဘာကြီးတွင် သာမန်လူများရှိနေသောကြောင့် သိုင်းလောကလည်း ရှိ၏။ ထိုက်ကန်မင်းဆက်ရှိလူတိုင်းသည် ကျင့်ကြံနေကြခြင်းမျိုးမဟုတ်ဘဲ မင်းဆက်ရှိပြည်သူပေါင်း ၉၀ရာခိုင်နှုန်းသည် မကျင့်ကြံနိုင်ကြပေ။ ထိုအစား သိုင်းပညာကိုသာ လေ့ကျင့်ကြပေသည်။ သူတို့သိုင်းေလာကသည် ကျင့်ကြံခြင်းလောကနှင့် မသက်ဆိုင်ဘဲ သူတို့၏ ကိုယ်ပိုင်အောင်မြင်မှုများ ဂုဏ်သိက္ခာများ ရှိကြ၏။
ဤမြို့တစ်မြို့လုံးတွင် ကုအန် သူ့လိုကျင့်ကြံသူမျိုး သုံးယောက်ကိုသာ အာရုံခံမိပြီး ကျန်သူများမှာ သိုင်းသမား သာမန်လူများသာ ဖြစ်ကြသည်။
အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးသည် တခဏဂိုဏ်း၏ ခြိမ်းခြောက်မှုကို ခံနေကြရပြီး မင်းဆက်ကိုးခုအပြင်ဘက်တွင်လည်း မိစ္ဆာမျာ းအပြည့်ရှိနေသောကြောင့် စိတ်သောကရောက်နေကြရပါသော်လည်း ထိုကိစ္စသည် သာမန်လူများအပေါ်တော့ သက်ရောက်မှု မရှိခဲ့ပေ။
သာမန်လူအများစု၏ သက်တမ်းသည် ဆယ်စုနှစ်အနည်းငယ်သာဖြစ်သောကြောင့် သူတို့မွေးပြီး သေဆုံးသွားချိန်တွင်ပင် မိစ္ဆာကပ်ဘေးမှာ ကျရောက်လာဦးမည် မဟုတ်ပေ။
ဤအရာသည် သာမန်လူများနှင့် အမတများကြား ကွာခြားချက်သာ ဖြစ်၏။
ကျင့်ကြံသူများနှင့် သာမန်လူများသည် ကမ္ဘာတစ်ခုထဲတွင် နေထိုင်ကြသော်လည်း မတူညီသော စည်းမျဉ်းများအောက်တွင် နေထိုင်ကြရသူများ ဖြစ်ကြပေသည်။
ကုအန် သာမန်လူများနှင့် အမတများကြား ကွာခြားချက်အကြောင်းစဉ်းစားနေရင်း သူ့စိတ်ထဲ ခံစားချက်ပေါင်းစုံ ပေါ်လာခဲ့ရ၏။
ထိုကဲ့သို့သော ခံစားချက်များသည် သူ့အား ညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ခေါ်ဆောင်သွားနိုင်မလားဆိုတာကိုလည်း ကုအန် သိချင်နေခဲ့သည်။
ဤသို့ဖြင့် သူတစ်နေ့လုံးနီးပါး ထိုင်တွေးနေခဲ့သော်လည်း ညဏ်အလင်းပွင့်အခြေအနေသို့ ရောက်ရှိမသွားခဲ့ပေ။ သို့သော် ကုအန် ထိုအချိန်များကို ဖြုန်းတီးပစ်လိုက်ရသည်ဟုတော့ မထင်ပေ။
တစ်ခါတရံ ဘာမှမပြော ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်ကလေးထိုင်၍ လူသား၏ဖြစ်တည်မှုကို စဉ်းစားတွေးတောရခြင်းမှာလည်း စိတ်ကျေနပ်စရာ တစ်ခုသာ ဖြစ်ပေ၏။
ဤသို့ဖြင့် ညနေစောင်းချိန်သို့ ရောက်ရှိလာခဲ့ကာ တစ်ရက်တာ ရပ်တန့်သွားခဲ့သော နှင်းများသည် ပြန်လည် ကျဆင်းလာခဲ့ပြန်သည်။
ထိုအချိန်မှ ကုအန် ထရပ်လိုက်ကာ စားပွဲပေါ်တွင် ငွေစများ ချန်ထားခဲ့ပြီး စားသောက်ဆိုင်မှ ထွက်လာခဲ့၏။
ထို့နောက် သူတောင်ကြားသို့ တန်းမပြန်ခဲ့ပေ။ ထိုအစား မြို့ထဲရှိ လူအုပ်ထဲတွင် လမ်းလျှောက်ကာ ကျဆင်းနေသောနှင်းများကို ခံစားရင်း သာမန်လူတစ်ယောက်၏ ဘ၀ကို ခံစားနေခဲ့သည်။
နောက်တစ်နေ့မနက်ရောက်မှသာ ကုအန်တောင်ကြားသို့ ပြန်လာခဲ့၏။
ကုအန် တတိယတောင်ကြားသို့ ပြန်ရောက်သောအခါ တပည့်များ စုရံုးနေသော မြင်ကွင်းကို တွေ့လိုက်ရသည်။
အဝေးမှပင် ထိုတပည့်များ အဓိပတိအကြီးအကဲအကြောင်းဆွေးနွေးနေသည်ကို ကုအန် ကြားနေခဲ့ရ၏။
အဓိပတိအကြီးအကဲတစ်ယောက် ပြန်လာချေပြီ!
ထိုသတင်းသည် အဓိပတိဂိုဏ်းတစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး ဂိုဏ်းက ထိုအကြီးအကဲ၏ သရုပ်မှန်ကိုပင် ကြေငြာပြီးပြီ ဖြစ်သည်။ ထိုအကြီးအကဲသည် နှစ်ပေါင်း ၁၅၀၀ အသက်ရှင်ပြီးသူဖြစ်ပြီး သူ့ကျင့်ကြံခြင်းမှာလည်း နက်နဲမှာ သေချာ၏။
လက်ရှိအချိန်တွင် အဓိပတိဂိုဏ်းသည် တခဏဂိုဏ်း၏ ခြိမ်းခြောက်မှုကို ခံနေရပြီး ထိုအချိန်တွင် ဂိုဏ်း၏ အဓိပတိအကြီးအကဲတစ်ယောက်ပြန်လာခြင်းကြောင့် ဂိုဏ်းသားများ၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့ကြသည်။
ထိုက်ကန်မင်းဆက်၏ ဦးဆောင်လမ်းပြဂိုဏ်းကြီးသည် သူတို့၏ လွှမ်းမိုးလိုသော စိတ်ဓာတ်ကို ပြန်လည်ရရှိခဲ့လေပြီ!
ထိုအဓိပတိအကြီးအကဲ၏ နာမည်မှာ ရွှမ်ကွမ်း ဖြစ်ပြီး ဘိုးဘေးရွှမ်ကွမ်းဟု လူသိများသူ ဖြစ်၏။
ထိုအကြီးအကဲပြန်လာခြင်းမှာ ဘိုးဘေးရွှမ်ထျန်းသေဆုံးသွားသော သတင်းကြောင့်ဖြစ်ရမည်ဟု ကုအန် ခန့်မှန်းလိုက်မိသည်။
တခဏကြာနားထောင်ပြီးသည့်နောက်တွင်တော့ ကုအန် သူ့ဆေးပင်ခူးသည့်အလုပ်ကိုသာ ဆက်လုပ်နေလိုက်၏။
ဆေးပင်ခူးနေရင်း ကုအန် လွန်ခဲ့တဲ့နှစ်ရက်က သူရရှိခဲ့သော အတွေးအမြင်သစ်များကိုလည်း ပြန်တွေးနေခဲ့မိသည်။
ထိုအတွေးများကြောင့် သူညဏ်အလင်းပွင့်ခြင်းအဆင့်သို့ မ၀င်ရောက်နိုင်ခဲ့သော်လည်း သူ့ဆန်းကြယ်နှလုံးသားပေါ်တွင်တော့ သင်္ကေတအက္ခရာ အသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
ဆန်းကြယ်နှလုံးသားသည် နတ်သိုင်းများကို စုစည်းထားပေးနိုင်သော အရာဖြစ်ပြီး ကုအန် လက်ရှိတွင် မဟာယနအဆင့်၉ သို့ရောက်ရှိနေပြီ ဖြစ်ပါသော်လည်း သူ့နတ်သိုင်းများကတော့ ဆက်လက်တိုးတက်နေဆဲသာ ဖြစ်သည်။ ထိုအရာများဧ။် တိုးတက်မှုသည် ကျင့်ကြံခြင်းပေါ် မမူတည်ဘဲ အသိအမြင်အသစ်များပေါ်တွင်သာ မူတည်သော အရာဖြစ်၏။
ကုအန် သူ့နတ်သိုင်းများအားလုံး အခြေခိုင်သွားမှသာ နောက်တစ်ဆင့်သို့ တက်မည်ဟူ၍လည်း စဉ်းစားထားခဲ့ပြီး ဖြစ်သည်။
သုံးရက်ကြာပြီးနောက်
ကုအန် အပြင်စည်းဂိုဏ်း စာအုပ်ခန်းမသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထုံးစံအတိုင်းပင် အကြီးအကဲလျူကိုယ်တိုင် သူ့ကိုတွေ့၍ ဧည့်ခံခဲ့သည်။
အကြီးအကဲလျူနှင့်မတွေ့တာ လပေါင်းများစွာ ကြာသွားပြီးဖြစ်သောကြောင့် အကြီးအကဲလျူသည် အတော်လေးအိုမင်းနေပုံပေါက်နေခဲ့ပြီး သူ့အသက်ဓာတ်မှာလည်း အတော်လေးလျော့နည်းလာခဲ့၏။
[အကြီးအကဲလျူ(အခြေခံတည်ဆောက်ခြင်းအဆင့် ၉): ၂၅၈/၂၇၀/၃၄၀]
တစ်ဖက်လူ၏ သက်တမ်းကိုကြည့်ကာ ကုအန် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။
အကြီးအကဲလျူ၏ ကျင့်ကြံခြင်းသည် ဆေးများကိုအားကိုး၍ တိုးတက်လာခြင်းဖြစ်သောကြောင့် အခြားအခြေခံတည်ဆောက်ခြင်းများနှင့် ယှဉ်ပါက နည်းနေ၏။
နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ရပြီးသည့်နောက် သူတို့နှစ်ယောက်သည် သူတို့ကြားရှိ အသက်အရွယ်ကွာဟမှုကို ဘေးဖယ်ထားပြီး မိတ်ဆွေများပင် ဖြစ်နေကြပြီ ဖြစ်သည်။ အခုလို သူ့မိတ်ဆွေဟောင်းတစ်ယောက် သေဆုံးတော့မည်ကို ကြည့်ပြီး ကုအန် စိတ်မကောင်းဖြစ်နေခဲ့ရ၏။
သို့သော် ဤအရာအတွက်သူပြင်ဆင်ထားပြီးသားပင်။
အခုပဲဖြစ်ဖြစ် နောင်တစ်ချိန်တွင်ပဲဖြစ်ဖြစ် နောက်ဆုံးတွင် သူ့အနားရှိလူတိုင်းမှာ ထွက်ခွာသွားကြရမည်သာ။ နောက်ဆုံးတွင် သူတစ်ယောက်တည်းသာ ကျန်နေခဲ့မည်ဖြစ်ပြီး အမတလမ်းစဉ်ဆိုသည်မှာ အတော်လေးအထီးကျန်လှသော အရာသာ ဖြစ်ပေသည်။
အကယ်၍ သူအနာဂတ်တွင် သက်တမ်းအကန့်အသတ်ကို ဆွဲဆန့်ပေးနိုင်မည့်နည်းလမ်းကို ရှာတွေ့ခဲ့မည် ဆိုလျှင်တောင် ဤအရာသည် အချိန်ဆွဲပေးနိုင်ရုံသာဖြစ်ပြီး လူတစ်ယောက်ကို အမတတစ်ပါးဖြစ်အောင် လုပ်ေပးနိုင်ဖို့ကတော့ အတော်လေး ခက်ခဲနေမည့် ကိစ္စသာ ဖြစ်၏။ ကုအန် သူ့သက်တမ်းများကို အခြားသူဆီသို့လည်း လွှဲပြောင်းမပေးနိုင်ပေ။
ထိုသို့တွေးနေရင်း ကုအန် အထီးကျန်မှုကြောင့် စိတ်ပျက်ရမည့်အစား ပို၍ပင် သန်မာလိုစိတ်များ ဖြစ်လာရသည်။
သူတွေးမိလေလေ ပို၍ အသက်ရှင်လိုစိတ် ပြင်းပြလာလေလေပင်။
နောက်နှစ်ပေါင်းတစ်သောင်းတွင် သူ့မိတ်ဆွေဟောင်းများ ကိုယ်စား လူသားကမ္ဘာကြီးကို ကြည့်ရှုပေးချင်ပြီး နောက်နှစ်ပေါင်း တစ်သန်းတွင်တော့ လူသားကမ္ဘာရှ်ိ ပင်လယ်များ တောင်တန်းများ၏ အပြောင်းအလဲကို သူ့မိတ်တွေေဟာင်းများကိုယ်စား သူမြင်ချင်မိ၏။
“အကြီးအကဲလျူ ဒါက ကြည်ညိုဖွယ်အဓိပတိအမတ နောက်ဆုံးစာအုပ်ပါ” ကုအန် စာအုပ်တစ်အုပ်ထုတ်ကာ ပြုံး၍ ပြောလိုက်သည်။
အကြီးအကဲလျူ စာအုပ်ကိုယူကာ စိတ်၀င်တစားပြောလိုက်၏။ “ငါက မင်းအချိန်ယူပြီး နောက်နှစ်အနည်းငယ်လောက်ကြာမှ ထုတ်မယ်ထင်ထားတာ”
“ဒီဇာတ်လမ်းက ပြီးသင့်နေပါပြီ ဇာတ်လမ်းရဲ့အခြေအနေက အဓိကဇာတ်ကောင်ပါရမီရှင်က မိစ္ဆာတွေလက်ထဲကနေ ကမ္ဘာကြီးကိုကာကွယ်ပြီး ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ပေးတဲ့အချိန်လေ အဲ့တာက လက်ရှိကမ္ဘာကြီးရဲ့ အခြေအနေနဲ့ တူမနေဘူးလား” ကုအန် ရယ်မော၍ ပြောလိုက်သည်။
ထို့နောက် သူခဏရပ်သာ ဆက်ပြောလိုက်၏။ “ကျွန်တော်က သာမန်ပါရမီပဲရှိလို့ လက်ရှိအခြေအနေတွေကို အများကြီးမကူညီနိုင်ပေမယ့် ကျွန်တော့်စာအုပ်တွေနဲ့ လူတွေရဲ့ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်ပေးနိုင်ခဲ့ရင်လည်း ကမ္ဘာကြီးကို အကျိုးပြုတာလို့ သတ်မှတ်လို့ရတယ်မဟုတ်လား”
အကြီးအကဲလျူ စာအုပ်ကို လှန်လှောလိုက်ကာ အားကျဟန်ဖြင့် ပြောလိုက်၏။
“မင်းစာအုပ်က လွှမ်းမိုးမှုအရမ်းကြီးတယ် မင်းမတိုင်ခင်က ကျင့်ကြံသူတွေက ကျင့်ကြံခြင်းကိုပစ်ပြီး ဘယ်သူမှစာမဖတ်ကြဘူး အခုတော့ မင်းရဲ့ ဖန်းအန်ဆိုတဲ့နာမည်က သူတော်စင်တစ်ပါး အမည်နာမလိုပဲ”
“အကြီးအကဲလျူက မြှောက်နေပြန်ပြီ အဲ့လောက်လည်းမဟုတ်ပါဘူး”
“ဟားဟား မင်းနောက်ထပ်ဘာစာအုပ်ရေးမယ် စဉ်းစားထားလဲ”
“အချိန်တစ်ခုထိတော့ ရေးဖြစ်မှာမဟုတ်ဘူး နောက်မှပဲ ကြည့်ရမှာပေါ့”
“ဒါလည်း ဟုတ်ပါတယ် ဂန္တ၀င်လက်ရာတစ်ခုဆိုတာ အခွင့်အခါသာမှ ထွက်ပေါ်လာရတာ အလောတကြီးလုပ်လို့ရတဲ့အရာမှ မဟုတ်ဘဲ”
သူတို့နှစ်ယောက် စကားပြောနေကြရင်း အကြီးအကဲလျူက သူတို့ပထမဆုံးတွေ့ဆုံစဉ်က အကြောင်းများကို ပြန်ပြောနေလေရာ ကုအန်လည်း နားထောင်ပြီး လှိုက်လှိုက်လှဲလှဲပင် ပြန်ပြောပေးနေခဲ့၏။
နှစ်နာရီခန့်ပြောပြီးသောအခါ အကြီးအကဲလျူ ရုတ်တရက်ပြောလိုက်သည်။ “ဒီနောက်ဆုံးစာအုပ်ထုတ်ပြီးရင် ငါဒီရာထူးကနေ အနားယူတော့မယ် ပြီးရင် အဓိပတိဂိုဏ်းကထွက်ပြီး ငါ့မွေးရပ်ဇာတိမြို့ကို ပြန်ဖို့ စီစဉ်ထားတယ်”
“အဓိပတိဂိုဏ်းမှာ နှစ်ပေါင်း ၂၄၀လောက်နေခဲ့ပြီး အခုဆို ငါ့ဇာတိမြို့က ပြောင်းလဲသွားပြီလားဆိုတာတောင် မသိတော့ဘူး”
သူ့အဆုံးသတ်နီးကပ်လာသည်ကို သူလည်း ခံစားမိ၏။
လူများသည် သူတို့သေခါနီးအချိန်များတွင် မွေးဖွားရာ ဇာတိမြေကို ပြန်လည်တမ်းတတတ်ကြပေသည်။
ကုအန် သူ့နောက်ဆုံးအချိန်တွင် တစ်ယောက်တည်းထွက်ခွာသွားခဲ့သော ချန်းရွှမ်တန်ကိုပင် သတိရမိသွားခဲ့၏။
“ဒါဆို အကြီးအကဲလျူရဲ့ လမ်းခရီးချောမွေ့ပါစေဗျာ” ကုအန် အကြီးအကဲလျူ၏ သက်တမ်းကို သတိမပြုမိဟန်ဖြင့် ပေါ့ပေါ့ပါးပါးပြံုကာ ပြောလိုက်သည်။
ထို့နောက် အကြီးအကဲလျူကို နှုတ်ဆက်ပြီး ကုအန် ဆေးခန်းမသို့ ထွက်လာခဲ့လိုက်၏။
ကုအန် ဆေးခန်းမထဲမ၀င်ဘဲခန်းမအပြင်မှသာ ဆေးခန်းမဟူသော ဆိုင်းဘုတ်ကို ကြည့်ရှုနေခဲ့မိသည်။
အကြီးအကဲလျူကြောင့် သူကျူးချင်းလု ကိုလည်း တွေးမိသွားခဲ့၏။
ကျုးချင်းလုသည် ဆေးခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ကိုများစွာ ကူညီခဲ့သူဖြစ်ကာ ယခုအခါတွင် သူ၏သက်တမ်းမှာလည်း အဆုံးသတ်သို့ နီးကပ်လာချေပြီ။
နောက်နှစ်အနည်းငယ်အတွင်း ကုအန် သူ့မိတ်ဆွေဟောင်းကြီးများကို နှုတ်ဆက်ရပေတော့မည်။
ထိုအခိုက်အတန့်တွင် ကုအန် အသိမဲ့သွားသော အခြေအနေသို့ ၀င်ရောက်သွားခဲ့လေသည်။
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့၏။
ကုအန် ရုတ်တရက်နိုးလာပြီး မျက်လုံးများပွင့်လာသောအခါ သူ့ရှေ့တွင်ရပ်နေသော တပည့်တစ်ယောက်ကို မြင်လိုက်ရသည်။
ထိုတပည့်မှာ အရင်က ညဏ်အလင်းပွင့်ခြင်းလမ်းစဉ်အောင်မြင်ခဲ့သော ဝူကျဲမှလွဲ၍ အခြားမဟုတ်ပေ။
“ညီကို အဆင်ပြေရဲ့လား” ဝူကျဲ ဂရုတစိုက်မေးလိုက်၏။
သူလမ်းပေါ်တွင် ဖြတ်သွားရင်း ကုအန်၏ အခြေအနေကို သတိထားမိခဲ့ခြင်းဖြစ်ပေသည်။ ကုအန်လည်း သူ့လို ညဏ်အလင်းပွင့်နေခြင်းလားဟု သူသံသယရှိခဲ့ပြီး အနီးကပ်ကြည့်လိုက်သောအခါ ထိုတပည့်သည် သူအရင်က ညဏ်အလင်းပွင့်စဉ်က တွေ့ခဲ့သော တပည့်ဖြစ်မှန်း သိရှိသွားခဲ့၏။
ကံကြမ္မာမှာ ဆန်းကြယ်လွန်းလှပေသည်။
ထိုနေ့က သူညဏ်အလင်းပွင့်စဉ်က ထိုတပည့်က သူ့ကိုတွေ့ခဲ့ပြီး ယခုအခါ ထိုတပည့်ညဏ်အလင်းပွင့်နေသောအခါ သူက တွေ့ခဲ့ရပြန်သည်။
ဝူကျဲ ကုအန်ကို နှစ်သက်သလိုခံစားရသောကြောင့် သူ့အနားတွင် နေကာ ညဏ်အလင်းပွင့်ခြင်းနှောင့်ယှက်မခံရအောင် စောင့်ရှောက်ပေးမည်ဟု ဆုံးဖြတ်လိုက်၏။ သူတခဏတာ စောင့်ရှောက်ပြီးသည့်နောက် ကုအန် မျက်လုံးများ ပွင့်လာလေရာ နှောင့်ယှက်ခံလိုက်ရသလားဟု စိတ်ပူသွားပြီး အဆင်ပြေလားလို့ မေးလိုက်ခြင်း ဖြစ်သည်။
ကုအန်သည် အမှန်တကယ်ပင် ညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ၀င်ရောက်သွားခဲ့ခြင်းဖြစ်ပြီး သူ့ဆန်းကြယ်နှလုံးသားတွင်လည်း သင်္ကေတအက္ခရာ အသစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့၏။ သူဝူကျဲကို ကြည့်ကာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“အဆင်ပြေပါတယ် ဒါနဲ့ ကျွန်တော်တို့အရင်ကတွေ့ခဲ့ဖူးလား”
ဝူကျဲပြုံးကာ ပြောလိုက်၏။ “တွေ့ဖူးတယ်လေ အရင်က ကျွန်တော်သစ်ပင်အောက်မှာရှိနေတုန်းက ညီကိုက အခုကျွန်ေတာ်မေးခဲ့သလိုမျိုး အဆင်ပြေရဲ့လားလို့ မေးခဲ့တယ်လေ”
ကုအန် သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။
[ဝူကျဲ(အခြေခံတည်ဆောက်ခြင်းအဆင့်၂): ၆၄/၂၈၀/၁၀၄၀]
ဘယ်လိုဖြစ်လို့ သူ့သက်တမ်း နှစ်၅၀၀ ထပ်တိုးသွားတာလဲ!
ဒီကောင် နောက်တစ်ခါထပ်ပြီး ညဏ်အလင်းပွင့်သွားတာများလား!
သူ့နောက်ခံကဘာလဲ!
ကြမ်းလိုက်တဲ့ကောင်!
ဟန်မင်သည်သူ့တစ်ဘ၀လုံးတွင် တစ်ကြိမ်သာ ညဏ်အလင်းပွင့်ခဲ့ပြီး သူ့ရှေ့မှလူမှာတော့ နှစ်လအတွင်း နှစ်ကြိမ် ညဏ်အလင်းပွင့်ခဲ့လေသည်။
“ညီကို ညဏ်အလင်းပွင့်ခြင်းအခြေအနေကို ၀င်ရောက်သွားတာလား ကျွန်တော်တို့ အေးဆေးစကားသွားပြောကြမလား” ဝူကျဲ ပြောလိုက်သည်။
ကုအန်လည်း သူ့အကြောင်းစိတ်၀င်စားနေသောကြောင့် သဘောတူလိုက်၏။
တခဏအကြာတွင် သူတို့နှစ်ယောက် ဝူကျဲအိမ်သို့ ရောက်သွားခဲ့ပြီး တံခါးပိတ်ကာ စားပွဲတွင်၀င်ထိုင်လိုက်ကြပြီး စကားပြောရန် ပြင်လိုက်ကြသည်။
ဝူကျဲသည် အတော်လေး တက်ကြွနေပြီး စိတ်အားထက်သန်စွာပင် သူ့အတွေ့အကြုံများကို ပြန်ပြောပြနေခဲ့၏။
သူသည် အရင်က မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ဆရာ အဓိပတိဂိုဏ်း၏ အပြင်စည်းတပည့်တစ်ယောက်က မွေးစားကာ ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့ကို သူ့မိဘများက အပင်တစ်ပင်အောက်တွင် စွန့်ပစ်သွားခဲ့ခြင်းပြီး သူ့ဆရာက တာ၀န်တစ်ခုထမ်းဆောင်နေရင်း သူ့ကိုတွေ့ကာ သားရဲများစားသွားမည်စိုးသောကြောင့် ကယ်တင်ခဲ့ခြင်း ဖြစ်၏။
အဓိပတိဂိုဏ်းထဲတွင် ဝူကျဲ၏ စိတ်ဝိညဉ်အမြစ်များမှာ သာမန်သာဖြစ်သော်လည်း သူ့ဆရာ၏ ကာကွယ်မှုကြောင့် ကောင်းကောင်းနေခဲ့ရလေသည်။ သို့သော် မကြာခင်က သူ့ဆရာသည် တာ၀န်တစ်ခုတွင် တခဏဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ထိုအရာက ဝူကျဲအတွက် ကောင်းကင်ကြီး ပြိုကျသွားသလိုပင်။
တိုက်ဆိုင်စွာဖြင့် နောက်တစ်နေ့တွင် တခဏဂိုဏ်းက အဓိပတိဂိုဏ်းကို တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်နေသော ကျင့်ကြံသူများကို ကြည့်ကာ အဘယ်ကြောင့် ကျင့်ကြံသူများက အချင်းချင်း သူသေကိုယ်သေတိုက်ခိုက်ဖို့ လိုနေသလဲဟုတွေးရင်း ညဏ်အလင်းပွင့်ခဲ့ခြင်း ဖြစ်၏။
သူပြောပြီးသောအခါ ဝူကျဲ ကုအန်ကိုမေးလိုက်သည်။
“ညီကိုကု ကရော ဘယ်လိုညဏ်အလင်းပွင့်ခဲ့တာလဲ”
ကုအန် ပြန်ဖြေလိုက်၏။ “ကျွန်တော် ညဏ်အလင်းပွင့်ခြင်းလမ်းစဉ်က သေခြင်းရှင်ခြင်းနဲ့ ဆက်စပ်နေတာ မိတ်ဆွေဟောင်းတစ်ယောက် သေခြင်းတရားနဲ့ နီးကပ်လာတာကို ကြည့်ပြီး ညဏ်အလင်းပွင့်ခဲ့တာ”
သူခပ်အေးအေးသာ ပြောလိုက်သော်လည်း ဝူကျဲ သူ့စကားထဲမှ ၀မ်းနည်းမှုကို ခံစားလိုက်ရပြီး ထိုအကြောင်းအရာကြောင့် ဝူကျဲ သူနှင့် ကုအန် ပို၍ နီးကပ်သွားသည်ဟု ခံစားလိုက်ရသည်။
“ညီကိုကု ကျွန်တော်တို့ ညဏ်အလင်းပွင့်တဲ့အကြောင်းဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူးနော် ကျွန်တော်ညဏ်အလင်းပွင့်ပြီးကတည်းက ကျွန်တော့် ကျင့်ကြံတဲ့အမြန်နှုန်းပိုမြန်လာပြီး နားလည်နိုင်စွမ်းတောင် တိုးတက်လာခဲ့တယ် ကျွန်တော့်ဆရာက ကျွန်တော်ငယ်ငယ်လေးကတည်းက အမြဲပြောခဲ့တာ တစ်ခုရှိတယ် လူတစ်ယောက်က အရမ်းကြွားဝါနေလို့မဖြစ်ဘူး အတတ်နုိင်ဆံုးသိုသိုသိပ်သိပ်နေနိုင်ဖို့ပဲ ကြိုးစားရမယ်တဲ့” ဝူကျဲ ပြောလိုက်၏။
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး ကြိတ်၍ ချီးကျူးလိုက်မိသည်။
ကြည့်ရသည်မှာ ဝူကျဲဆရာသည် သူနှင့်လမ်းစဉ်တူသူ ဖြစ်ရပေမည်။
ဝူကျဲ လမ်းစဉ် ညဏ်အလင်းပွင့်ခြင်းသည် ရုတ်ချည်းဖြစ်သွားခြင်းမဟုတ်ဘဲ သူ့ဆရာသေဆုံးမှုမှတစ်ဆင့် ဖြစ်ပေါ်လာသော အရာဖြစ်နိုင်သည်ဟုလည်း ကုအန် ခံစားလိုက်ရ၏။
သိပ်တော့ အကျိုးအကြောင်းမသင့်သေးဘူးပဲ!