အခန်း (၁၁၉-၁၂၀)
Vol. 10 Ch. 119-120
အပိုင်း(၁၁၉)
ဆရာသခင်ဓားအရှင်၏ ဂုဏ်သိက္ခာ၊ လုလင်ကျွမ်း၏ မှန်းဆချက်
ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ တောင်ကြားတွင် ကိုယ်စီကျင့်ကြံနေသော တပည့်များကို တွေ့လိုက်ရသည်။ ရှေ့တွင် သစ်သားဓားတစ်လက်ကိုစုိက်ထားကာ သစ်ပင်တစ်ပင်အောက်တွင်တရားထိုင်နေသော ချူကျင့်ဖုန်းကိုလည်း ကုအန် တွေ့လိုက်ရ၏။
သူရုတ်တရက်စိတ်၀င်စားသွားမိပြီး ချူကျင့်ဖုန်းဆီ လျှောက်လာခဲ့လိုက်သည်။
“အစ်ကိုချူ ဘာတွေလုပ်နေတာလဲ” ကုအန် စိတ်၀င်တစားမေးလိုက်၏။
ချူကျင့်ဖုန်း မျက်လုံးပွင့်လာပြီး ဖြေလိုက်သည်။ “ငါ့ရဲ့ ကိုယ်ပိုင်ဓားတာအိုကို လေ့လာပြီး နောက်ထပ်ဓားပညာအသစ်တစ်ခု ဖန်တီးနိုင်ဖို့ ကြိုးစားကြည့်နေတာပါ”
“ဓားပညာအသစ်တစ်ခုဖန်တီးတာလား အဲ့တာကအတော်လေးအံ့ဩစရာပဲ ဒါနဲ့ ဘာလို့သစ်သားဓားကိုသုံးနေတာလဲ တကယ်လို့ အစ်ကိုတစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကိုပြောလို့ရပါတယ်”
ကုအန်ပြောနေရင်း သိုလှောင်အိတ်ထဲမှ မှော်ဓားတစ်လက်ထုတ်ပေးလိုက်၏။
ဓားကမ်းပေးနေသော ကုအန်ကိုကြည့်ကာ ချူကျင့်ဖုန်း ခေါင်းယမ်းပြလိုက်သည်။ “မလိုပါဘူးကွာ ငါက သန့်စင်တဲ့ဓားပညာတစ်ခုကို နှလုံးသားကနေတစ်ဆင့်နားလည်သဘောပေါက်ချင်တာ ဓားကနေတစ်ဆင့်မဟုတ်ဘူး”
သူ့စကားမှာ အတော်လေးနက်နဲလှပေသည်။
ကုအန်ဓားကိုပြန်ရုတ်လိုက်ပြီး ပြုံးပြလိုက်၏။ “ဒါဆို တစ်ခုခုလိုရင်တော့ ကျွန်တော့်ကိုသာပြောလိုက်ပါ”
ပြောပြီးသည်နှင့် ကုအန် သူ့အိမ်သို့သာ ပြန်ခဲ့လိုက်သည်။
ချူကျင့်ဖုန်း ထွက်ခွာသွားသော ကုအန်ကိုကြည့်ကာ ကုအန်ဆီမှ ပျော်ရွှင်တက်ကြွနေသာ ခံစားချက်ကို သတိထားမိနေခဲ့သည်။
“သူကအားနည်းပေမယ့် သူ့ကိုကြည့်ရတာ အမြဲပျော်ရွှင်နေတာပဲ”
ချူကျင့်ဖုန်း ကုအန်ကိုကြည့်ကာ မနာလိုပင် ဖြစ်သွားရ၏။
သူ့မှာတော့ ချမ်းသာသောမိသားစုမှ မွေးဖွားလာခဲ့ရပါသော်လည်း နောက်ဆုံးတွင် ဂိုဏ်းတွင်းပဋိပက္ခများကြောင့် အကျဉ်းသားတစ်ယောက်အဖြစ် အဆုံးသတ်ခဲ့ရသည်။ အကယ်၍ သူ့တွင်သာနောက်တစ်ခါအခွင့်အရေးရခဲ့ပါက သူအစေခံတပည့်တစ်ယောက်အဖြစ်သာ မွေးဖွားလာလို၏။
ထို့နောက် ချူကျင့်ဖုန်းတွေးတောနေခြင်းကိုရပ်လိုက်ကာ သူ့ဓားတာအိုကိုသာ ပြန်အာရုံစိုက်လိုက်သည်။
တာအိုဖြန့်ကျက်ကျင့်စဉ်ကို ကျင့်ကြံပြီးကတည်းက သူ့ကျင့်ကြံခြင်းမှာ လုံး၀တိုးမလာတော့ပေ။ အခြားမှော်သိုင်းများကို လေ့ကျင့်ရမှာလည်း ပျင်းစရာကောင်းသောကြောင့် သူဓားတာအိုကိုသာ လေ့လာဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
အကယ်၍ သူသာ ဓားပညာအသစ်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါက မဟာယုမင်းဆက်မှ အရူးဓားသမား ဟန်မင်လိုဖြစ်လာမည်ဖြစ်ပြီး သူ့အနာဂတ်တွင် လမ်းတစ်ခုပွင့်လာပေလိမ့်မည်။
ကုအန် သူ့အိမ်ထဲပြန်ရောက်သောအခါ စားပွဲတွင်၀င်ထိုင်လိုက်ပြီး စနစ်ကိုဖွင့်ကြည့်လိုက်၏။
တခဏပင်ကြီးကိုရှင်းရင်း သူသက်တမ်း ၃သိန်းကျော်ထပ်ရလိုက်သည်။
ထိုအရာသည် သူခုနကတိုက်ပွဲ၌ တခဏဂိုဏ်းကျင့်ကြံသူ ထောင်နှင့်ချီ၍ သတ်ဖြတ်လိုက်မိမှန်း ညွှန်ပြနေ၏။
ထိုအခိုက်၌ ကုအန် လူများအဘယ်ကြောင့် မိစ္ဆာများဖြစ်သွားကြသလဲ ဟူသည့်အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။ သို့သော် ကုအန်စိတ်ပြန်ထိန်းလိုက်ပြီး သူကိုယ်တိုင် ထိုအရာ၌သာယာမနေဘဲ မိစ္ဆာလမ်းစဉ်သို့ကျရောက်မသွားစေရန် သတိပေးလိုက်၏။
ဆေးပင်များ စိုက်ပျိုးခြင်းမှာသာ အကောင်းဆုံးလမ်းစဉ်ဖြစ်ပြီး ကြီးမြတ်သည့် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာပင် အဆင့်၅ဆေးပင်တစ်ပင်ကို ရိတ်သိမ်းသလောက်သာ သက်တမ်းရရှိခြင်း ဖြစ်သည်။
သူ့အတွက် ရန်သူများကိုသတ်ဖြတ်ရခြင်းမှာ ဆေးပင်များရိတ်သိမ်းရခြင်းနှင့် သိပ်မထူးဘဲ ဆေးပင်ရိတ်သိမ်းခြင်းက ပို၍ပင် အန္တရာယ်ကင်းသေးသည်။
ထို့နောက် ကုအန် သူ့အာရုံကိုလွှဲရန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်ကို ထုတ်လိုက်၏။
မကြာခင်တွင် အစိမ်းရောင်သူရဲကောင်း၏ အချစ်အမုန်းဇာတ်ကွက်များကြားထဲ ကုအန် နစ်မြုပ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်
ဖုန်မဲ့ဖုန်းဆိုးမြေ ကောင်းကင်ယံ၌ ကျင့်ကြံသူများစွာ ပျံသန်းနေကြပြီး အချို့မှာ အခုမှရောက်လာခြင်းဖြစ်ကာ အချို့က တစ်ခဏဂိုဏ်းကျင့်ကြံသူများကို လာဖမ်းကြခြင်း ဖြစ်၏။
တောင်ကမ်းပါးတစ်ခုပေါ်တွင် ကျိဟန်ထျန်း အဖြူရောင်၀တ်စုံ၀တ်အကြီးအကဲတစ်ယောက်နောက်တွင်ရပ်ကာ အဖြစ်အပျက်များကို ရိုရိုသေသေပြန်ပြောပြနေခဲ့သည်။
“အခြေအနေကတော့ ဒီလိုပါပဲဘိုးဘေး အားလုံးက ဆရာသခင်ဓားအရှင်ရဲ့ကျေးဇူးကြောင့်ပါ ဒါနဲ့သူက အဓိပတိအကြီးအကဲတွေကြားထဲက ဘယ်သူများလဲ ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်တဲ့ကျင့်ကြံသူတွေတောင် သူ့ရှေ့မှာ ဘာမှမဟုတ်တဲ့အတိုင်းပဲ” ကျိဟန်ထျန်း စိတ်၀င်တစားမေးလိုက်၏။
ဆရာသခင်ဓားအရှင်၀င်ပါလာခြင်းက သူ့ကိုအတော်လေး အံ့ဩ၀မ်းသာသွားစေခဲ့ပြီး သူ့ကိုယ်သူအောင်ပွဲရစစ်သူကြီးတစ်ယောက်လို ခံစားသွားစေခဲ့သည်။
ထိုစဉ်က အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များမျက်နှာရှိ ကြက်သေသေနေမှုကို စဉ်းစားးရင်း ကျိဟန်ထျန်းအတော်လေး ကျေနပ်နေမိ၏။
သူ့ရှေ့ရှိ အဖြူရောင်၀တ်စုံ၀တ် အကြီးအကဲမှာတော့ အခုမှဂိုဏ်းသို့ပြန်လာသော ဘိုးဘေးရွှမ်ကွမ်းမှလွဲ၍ အခြားမဟုတ်ပေ။
ရွှမ်ကွမ်းတိတ်ဆိတ်နေပြီး သူ့မျက်လုံးများမှာ ပိတ်နေဆဲပင်။
ဘိုးဘေးက ဆရာသခင်ဓားအရှင်ဘယ်သူလဲဆိုတဲ့အကြောင်း ပြန်စဉ်းစားနေသည်အထင်နှင့် ကျိဟန်ထျန်း သူ့ကိုမနှောင့်ယှက်ခဲ့ပေ။
သူမသိသည်မှာ ရွှမ်ကွမ်းလည်း ထိုအဖြစ်အပျက်ကို အံ့အားသင့်နေသည် ဆိုတာကိုပင်။
ထိုကဲ့သို့ စွမ်းအားကြီးသောလူမျိုး အဓိပတိအကြီးအကဲများထဲတွင် မရှိခဲ့ပေ။
သို့သော်သူပြန်ရောက်လာကတည်းက ဆရာသခင်ဓားအရှင်အကြောင်း ကြားနေခဲ့ရပြီး ကြည့်ရသည်မှာ ထိုပုဂ္ဂိုလ်သည် အဓိပတိအကြီးအကဲတစ်ယောက်မဟုတ်ဘဲ ဂိုဏ်းကိုသစ္စာရှိသည့် ဂိုဏ်းသားဟောင်းတစ်ယောက်သာ ဖြစ်ပုံပေါ်၏။
သူပင်လယ်ရပ်ခြားဒေသများတွင် ရှိခဲ့စဉ်က ထိုသို့သော ကိစ္စမျိုးကို ကြားဖူးပေသည်။ ဂိုဏ်းတစ်ခု ကပ်ဘေးကာလသို့ ရောက်ရှိနေပါက ထိုဂိုဏ်းမှ ပါရမီရှင်တစ်ယောက်ယောက် ထွက်ပေါ်လာတတ်ပြီးထိုအရာကို ဂိုဏ်း၏ ကံကောင်းခြင်းဟု သတ်မှတ်ကြ၏။
အဓိပတိဂိုဏ်းတွင်လည်း ထိုကဲ့သို့ကံကောင်းခြင်းမျိုး ရှိနေခဲ့သည်လော။
ရွှမ်ကွမ်းမျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာပြီး ပြောလိုက်သည်။
“ဆရာသခင်ဓားအရှင်က ပုန်းကွယ်နေချင်တယ်ဆိုမှတော့ အနှောင့်အယှက်မခံချင်ဝာာသေချာတယ် သူကအဲ့ဒီလိုဆန္ဒရှိရင် ငါတို့ကလည်း သူ့ရဲ့သရုပ်မှန်ကိုပိုဖုံးကွယ်ပေးပြီး သူ့အကြောင်းဘာသတင်းအချက်အလက်မှမပေါက်ကြားအောင် သတိထားကြရမယ် ဒါပေမယ့် သူ့ကိုဂိုဏ်းနဲ့ပိုနီးကပ်လာအောင် သူ့အကြောင်း ဂုဏ်သတင်းကိုတော့ ဂိုဏ်းထဲမှာ ဖြန့်ကျက်ထားရမယ်
မဟုတ်ရင် နောင်တစ်ချိန်အနာဂတ်မှာ သူကဂိုဏ်းကနေ ဘာအကျိုးအမြတ်မှ မရနိုင်တော့ရင် ထွက်ခွာသွားလိမ့်မယ်”
“ကျွန်တော်လည်း အဲ့လိုပဲတွေးပါတယ် ဘိုးဘေး ဆရာသခင်ဓားအရှင်ရဲ့ဂုဏ်သတင်းကို ဂိုဏ်းထဲမှာဖြန့်ကျက်ဖို့လည်း ဂိုဏ်းချုပ်ကို သတင်းပို့ပြီးပါပြီ” ကျိဟန်ထျန်းပြုံး၍ ပြောလိုက်သည်။
အဓိပတိဂိုဏ်းသည် ကပ်ဘေးမှ နောက်တစ်ကြိမ်ထပ်မံရှင်သန်နိုင်ခဲ့ပြန်လေပြီ။ အခက်အခဲများလွန်သည့်နောက် အကျိုးအမြတ်များ ရရှိလာတတ်သည်မှာလည်း ဓမ္မတာသာ ဖြစ်၏။
“မင်းအခုသွားလို့ရပြီ ငါလည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို သွားစစ်ဆေးကြည့်လိုက်ဦးမယ် အဲ့တာက ငါတို့အဓိပတိဂိုဏ်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်”
ပြောပြီးသည်နှင့် ရွှမ်ကွမ်းလေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ကျိဟန်ထျန်းလည်း ဤကိစ္စအကြောင်း ဂိုဏ်းမှလူများနှင့် ဆွေးနွေးရန် ဂိုဏ်းသို့သာ ပြန်လာခဲ့လိုက်၏။
……
နှစ်ကုန်ခါနီးအချိန်သို့ရောက်သောအခါ ကုအန် ဝိုင်ကောင်းများနှင့် ကြက်ကင်များယူ၍ ဝူကျဲရှိရာ အပြင်စည်းမြို့သို့ သွားလည်ခဲ့သည်။
ဝူကျဲသူ့ကိုတွေ့သောအခါ အလွန်ပျော်သွားပြီး အိမ်ထဲသို့ အတင်းဆွဲခေါ်သွားခဲ့၏။
တံခါးပိတ်ပြီးသောအခါ ဝူကျဲ စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်သည်။
“ညီကိုကု ဘယ်လေတိုက်လို့ ရောက်လာတာလဲ”
ဤအကြိမ်သည် ပထမဆုံးအကြိမ်သူ့ဆီသို့ တစ်ယောက်ယောက်လာလည်ခြင်းဖြစ်ရာ သူအဘယ်သို့ မပျော်ရွှင်ဘဲနေမည်နည်း။
“ဒီတိုင်း မင်းပျင်းနေမှာစိုးလို့ အလည်လာခဲ့တာပါ” ကုအန် ရယ်မော၍ ပြောလိုက်သည်။ တကယ်တော့ သူဝူကျဲ ညဏ်အလင်းထပ်ပွင့်မပွင့်သိချင်၍ လာခဲ့ခြင်း ဖြစ်၏။
ကံဆိုးစွာဖြင့် သူညဏ်အလင်းထပ်မပွင့်ခဲ့ပေ။
ကုအန် ဝူကျဲတစ်ယောက် ထပ်ပြီးညဏ်အလင်းပွင့်ကာ သူပါရမီက အဓိပတိဂိုဏ်း၏ ပါရမီရှင်များကို ကျော်လွန်သွားသည့် အဖြစ်မျိုးကို အမှန်တကယ်ပင် မြင်ချင်နေမိသည်။
သူ့အတွက်မူ ညဏ်အလင်းပွင့်ခြင်းဆိုသည်မှာ သူ့သက်တမ်းကအလွယ်တကူတိုး၍ ရနေခြင်းကြောင့် အပျင်းဖြေရုံထက် မပိုပေ။
သူညဏ်အလင်းပွင့်ခြင်းအား စိတ်၀င်စားနေရသည့် အကြောင်းအရင်းမှာ နှစ်ချက်သာရှိပြီး တစ်ချက်က သူပျင်းနေ၍ ဖြစ်ပြီး နောက်တစ်ချက်က လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းအကြောင်းလေ့လာပြီး သူ့အနားရှိလူတွေ၏ သက်တမ်းအကန့်အသတ်ကိုတိုးပေး၍ ရမရ သိချင်၍ ဖြစ်သည်။
ကြည့်ရသည်မှာ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းသည် အတော်လေးခက်ခဲသောအရာဖြစ်ပုံရပြီး နက်နဲသောအတွေ့အကြုံများနှင့် ခံစားချက်များ ပေါက်ကွဲထွက်လာရုံလောက်နှင့်ရနိုင်မည့်အရာ ဖြစ်ပုံမရပေ။
ဝူကျဲ ခွက်များ ပန်းကန်များ ချပေးနေစဉ်တွင် ကုအန် ဝိုင်နှင့် ကြက်ကင်များကို စားပွဲပေါ် နေရာချလိုက်၏။ ထို့နောက် သူအခန်းထဲသို့ တစ်ချက်ကြည့်လိုက်ရာ အခန်းသည် ဘာမှပြောင်းလဲသွားခဲ့ပုံ မရပေ။
“ဒါနဲ့ မင်းဆရာသခင်ဓားအရှင်အကြောင်း ကြားပြီးပြီလား သူကတစ်ယောက်တည်းနဲ့ တခဏဂိုဏ်းတစ်ခုလုံးကို ကိုင်တွယ်ပစ်ခဲ့တာတဲ့ အတော်လေး အံ့ဩစရာပဲ မင်းဆက်ကိုးခုကမဟုတ်တဲ့ မိစ္ဆာသခင်တောင် သူ့လက်ထဲမှာ နှစ်ကွက်ထက် ပိုမခံခဲ့ဘူး သူက ကြည်ညိုဖွယ်အဓိပတိအမတထဲက ကုယူ ထက်တောင် ပိုကြမ်းသေးတယ်”
ကုအန်ကိုဝိုင်ငှဲ့ပေးနေရင်း ဝူကျဲပြောလိုက်လေသည်။
ဆရာသခင်ဓားအရှင်၏ဂုဏ်သတင်းသည် အဓိပတိဂိုဏ်းထဲတွင် ပျံ့နှံ့နေပြီဖြစ်ပြီး ဝူကျဲသာမက တစ်ဂိုဏ်းလုံးက ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြ၏။
လွန်ခဲ့သောရက်အနည်းငယ်က ထျန်းယတောင်ကြားရောက်စဉ်က လျူဟွမ်ပင် ထိုအကြောင်းကို ပြောနေခဲ့သေးသည်။
“ဒါပေါ့ ငါလည်းကြားမိတယ် သူကတကယ်ကိုကြောက်စရာပဲ တကယ့်အပြင်မှာ သူကဘယ်လိုလူလဲဆိုတာ ငါသိချင်မိတယ်” ကုအန် အံ့ဩနေဟန်ဖြင့် ပြောလိုက်၏။
ထို့နောက်သူတို့နှစ်ယောက် ဆရာသခင်ဓားအရှင်အကြောင်းပြောရင်း သောက်လိုက်ရာ မကြာခင်တွင် ဝိုင်တစ်ဂျားကုန်သွားခဲ့သည်။
ထို့နောက်ဝူကျဲ သူ့ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်ပြီး ပြောလိုက်၏။
“ညီကိုကု ငါငါ့ရဲ့စုဆောင်းထားသမျှတွေ အကုန်သုံးပြီး ဒီသိုင်းကျမ်းစာအုပ်ကို လဲလှယ်ခဲ့တာ တစ်ချက်ယူကြည့်လိုက် မင်းပြန်သွားရင် လေ့ကျင့်သင့်တယ်”
ကုအန် အမြန်ငြင်းဆန်လိုက်၏။ “ဘယ်လိုလုပ် ယူကြည့်လို့ဖြစ်မှာလဲ ငါမင်းအပေါ် အခွင့်အရေးမယူနိုင်ပါဘူး”
“အခွင့်အရေးယူတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ မင်းကငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းပဲလေ နောက်ပြီး အသစ်အသစ်တွေကိုသင်ယူတယ်ဆိုတာ မကောင်းတဲ့အရာမှမဟုတ်ဘဲ လမ်းမှန်းဂိုဏ်းတွေနဲ့ မိစ္ဆာတွေကြားအခြေအနေတွေကလည်း တင်းမာနေတာ မကြာခင်ပေါက်ကွဲထွက်ကုန်မှာပဲ နောက်ဆယ်စုနှစ်တွေအတွင်းတော့ ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာမဟုတ်ဘူး” ဝူကျဲပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကုအန်လည်း စာအုပ်ကိုယူလိုက်ပြီး တစ်ချက်ဖတ်ကြည့်လိုက်၏။
ဆည်းဆာလက်သီး!
တစ်ခေါက်ဖတ်ပြီးသည်နှင့် ကုအန် အကုန်လုံးကိုမှတ်မိသွားပြီး စာအုပ်ကို ဝူကျဲဆီ ပြန်ပေးလိုက်လေသည်။
ဝူကျဲစာအုပ်ကိုယူလိုက်ပြီး မေးလိုက်၏။
“အဲ့လောက်မြန်တယ်လား မင်းဒီသိုင်းကိုမကြိုက်လို့လား”
ကုအန် ပြန်ပြောလိုက်သည်။ “ငါက တိုက်ခိုက်ရတာတွေကို မကြိုက်လို့ပါ နောက်ပြီး ဒီသိုင်းကငါ့အတွက်ကြမ်းတမ်းလွန်းတယ်”
ဝူကျဲ သက်ပြင်းချလိုက်မိ၏။ “ကျင့်ကြံသူတွေအတွက်တော့ တိုက်ခိုက်တယ်ဆိုတာ သေခြင်းရှင်ခြင်းကိစ္စပါပဲ မင်းကတစ်သက်လုံး အဓိပတိဂိုဏ်းမှာနေမယ်လို့ စဉ်းစားမထားရင်ပေါ့”
“ဟေး ငါကတကယ်ကြီး အဓိပတိဂိုဏ်းမှာတစ်သက်လုံးနေချင်တာကွ”
“ဒါဆိုရင်တော့ ကောင်းပါပြီ”
ကုအန် ဝူကျဲကို အခွင့်အရေးမယူလိုသောကြောင့် သိုလှောင်အိတ်ထဲမှ ဓားသိုင်းတစ်အုပ် ထုတ်ပေးလိုက်လေသည်။
“ငါ့မှာလည်း ဓားသိုင်းတစ်ခုရှိတယ် မင်းတစ်ချက်ကြည့်ချင်လား”
“မလိုပါဘူး ငါကဆရာသခင်ဓားအရှင်ကို လေးစားပေမယ့် ဓားကိုတော့ မကြိုက်ဘူး နောက်ပြီး အခြားဘယ်မှော်လက်နက်ကိုမှလည်း မကြိုက်ဘူး ငါက လက်သီးနဲ့ခြေထောက်ကိုပဲ ယုံကြည်တယ်” ဝူကျဲ လက်ကာပြလိုက်ကာ သူ့လက်မောင်းကိုညှစ်ပြလိုက်ပြီး ပြောလိုက်၏။
ကုအန် ရယ်မောလိုက်ကာ လေပြင်းအရိပ်မဲ့ခြေသိုင်းကို ထုတ်၍ မေးလိုက်သည်။ “ဒါဆို ဒီတစ်ခုဆိုရင်ရော”
ဝူကျဲ တစ်ချက်ကြည့်လိုက်ကာ အကြည့်မလွှဲနိုင်တော့ပေ။
“ကြည့်ရတာတော့ အတော်စွမ်းအားကြီးပုံပဲ အတော်လေးတန်ဖိုးကြီးတယ်မဟုတ်လား ဒီသိုင်းက”
“စိတ်မပူပါနဲ့ ယူသာယူလိုက် မင်းတစ်နေ့ အဓိပတိဂိုဏ်းမှာ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်လာတဲ့အခါမှသာ ဒီက ညီကိုတစ်ယောက်ရှိနေသေးတာကို သတိရပေး” ကုအန် ပြောလိုက်၏။
သူ့စကားကိုကြားသောအခါ ဝူကျဲလည်း သိုင်းကျမ်းကိုယူလိုက်ပြီး ဂရုတစိုက်ဖတ်ရှုနေခဲ့သည်။
ကုအန် ဝိုင်သောက်နေရင်း သိုင်းကျမ်းကိုစိတ်၀င်တစားဖတ်နေသော ဝူကျဲကို ကြည့်နေလိုက်၏။
နောက်နှစ်ပေါင်း ၁၀၀၀ကြာလျှင် ဝူကျဲဘာဖြစ်လာမလဲဆိုတာကို သူအတော်လေး စိတ်၀င်စားနေမိသည်။
….
နှစ်သစ်ကူး၍ နွေဦးသို့ရောက်ရှိချိန်ထိပင် နှင်းများမှာ ကျဆင်းနေဆဲပင်။
တတိယတောင်ကြားတစ်ခုလုံးကို မီးရောင်စုံများဖြင့် အလှဆင်ထားပြီး တပည့်များမှာလည်း ပွဲတော်အတွက် အလုပ်ရှုပ်နေခဲ့ကာ သူတို့မျက်နှာပေါ်တွင်တော့ အပြုံးများဖြင့် ပြည့်နှက်နေခဲ့၏။
ကုအန် ခြံ၀န်းထဲရှိ ခုံပေါ်တွင်ထိုင်ကာ ပျော်ရွှင်နေသော တပည့်များကို ပြုံးပြုံးကြီး ကြည့်နေမိသည်။
သူ့ဘေးမှလူများအားလုံး အဆင်ပြေနေလျှင် သူ့အတွက်ဘာမှလိုအပ်တော့မည် မဟုတ်ပေ။
ကုအန် စက္ကူဖြတ်နေသော လုလင်ကျွမ်းကိုလည်း တစ်ချက်ကြည့်လိုက်၏။ သူမသည် တပည့်မလေးများကြားထဲ၌ အတော်လေး နူးညံ့သိမ်မွေ့လှပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ တစ်ယောက်ဟု ဘယ်လိုမှ ထင်စရာမရှိပေ။
ထိုစဉ် ရှောင်ချွမ်သူ့ဘေးရောက်လာပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီး ဂိုဏ်းက ကောင်းကင်ပြုပြင်စင်မြင့် ရှေ့မှာ ဆရာသခင်ဓားအရှင်ရဲ့ရုပ်ထုကြီးဆောက်နေတယ် ရုပ်ထုကြီးကအတော်လေး ခမ်းနားလွန်းတယ် အစ်ကိုကြီးသွားကြည့်သင့်တယ်”
“တကယ်ကြီးလား ငါတကယ်ပဲ သွားကြည့်ဖို့လိုနေပြီပဲ” ကုအန် မျက်ခုံးပင့်၍ ပြုံးပြီး ပြောလိုက်၏။
ကုအန် အဓိပတိဂိုဏ်း၏ အပြုအမူကြောင့် ကျေနပ်သွားခဲ့သည်။ အနည်းဆုံးတော့ သူတို့သည် သိတတ်ကြကာ သူ့အပေါ်လေးစားမှုထားသေး၏။
ရှောင်ချွမ် ကုအန်အား အဓိပတိဂိုဏ်းတွင်းပြောင်းလဲမှုများအကြောင်းပြောပြနေစဉ် ကုအန် သူ့ဆီသို့ လုပိုင်ထျန်းလာနေသည်ကို အာရုံခံလိုက်မိသည်။
မကြာခင်တွင်ပင် လုပိုင်ထျန်း သူ့ဆီရောက်လာခဲ့၏။
ထိုအခါ ရှောင်ချွမ်လည်းမနှောင့်ယှက်တော့ဘဲ ထပြန်သွားခဲ့သည်။
“အထဲမှာပြောရအောင်” လုပိုင်ထျန်းပြောလိုက်ကာ အိမ်ထဲသို့ ၀င်သွားခဲ့၏။
လုလင်ကျွမ်း ကုအန်တို့အား စိတ်၀င်တစားတစ်ချက်ကြည့်လိုက်လေသည်။
ကုအန်၏ သရုပ်မှန်အစစ်မှာ မည်သည့်အရာဖြစ်သနည်း။
အဘယ်ကြောင့် တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ကျင့်ကြံသူကြီးက သူ့ဆီမကြာခဏ လာရှာနေရပါသနည်း။
ကုအန်သည် သူ့ကျင့်ကြံခြင်းအစစ်အမှန်ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်ပါသလော။
သူသည် တမင်တကာအားနည်းချင်ယောင်ဆောင်နေခြင်းရော ဖြစ်နိုင်ပါသလော။
ထိုသို့တွေ့းပြီး လုလင်ကျွမ်း ရှောင်ချွမ်နှင့် စကားပြောကာ အစ်အောက်ကြည့်မည်ဟု ဆုံးဖြတ်လိုက်၏။
အခန်းထဲသို့ ရောက်ပြီး ကုအန် တံခါးပိတ်လိုက်သောအခါ လုပိုင်ထျန်း ထုံးစံအတိုင်း အခန်းကို စည်းများချလိုက်ပြီး စားပွဲတွင် ၀င်ထိုင်လိုက်ကာ ပြောလိုက်သည်။
“ငါ့မှာ အခွင့်အရေးကြီးတစ်ခုရှိတယ် မင်းစိတ်၀င်စားလား”
အပိုင်း(၁၂၀)
ဂိုဏ်းကိုတုန်လှုပ်သွားစေသော ဓားဆန္ဒ
“စိတ်မ၀င်စားဘူး” ကုအန် ချက်ချင်းငြင်းဆန်လိုက်လေသည်။ ဂိုဏ်းတောင်အခုမှ ကပ်ဘေးကလွတ်မြောက်လာချိန်တွင် မည်သို့သော အခွင့်အရေးမျိုး ရှိနေနိုင်မည်နည်း။
ကုအန် ချက်ချင်းငြင်းဆန်းလိုက်မည်ဟုထင်မထားသောကြောင့် လုပိုင်ထျန်း ရှုံ့မဲ့သွားခဲ့၏။
“ခွေးကောင်လေး ဘာအခွင့်အရေးလဲဆိုတာတောင် ငါမပြောရသေးဘူးလေ”
ကုအန် ၀င်ထိုင်လိုက်ကာ ပြောလိုက်သည်။ “ကျွန်တော် ဂိုဏ်းချုပ်လည်းမလုပ်ပေးနိုင်ဘူး စာအုပ်လည်းရေးမပေးနိုင်ဘူး နောက်ပြီး အဲ့ဒီ မြင့်မြတ်သားတော် သမီးတော်တွေ လာရှုပ်တာလည်းမခံနိုင်ဘူး”
ထိုစကားကိုကြားသောအခါ လုပိုင်ထျန်း အူလှုပ်သည်းလှိုက် ရယ်မောလိုက်၏။
“မင်းမျက်လုံးထဲမှာ ငါကအဲ့လိုလူမျိုးလားကွ”
“ကျွန်တော်က ဒုက္ခမရောက်ချင်ရုံပါ တကယ်လို့ ကျွန်တော့် ခန့်မှန်းချက်တွေလွဲသွားရင် ဂိုဏ်းချုပ်ကပဲခွင့်လွှတ်ပေးပါ” ကုအန် လေးလေးနက်နက်ပြောလိုက်သည်။ လုပိုင်ထျန်း ရုပ်တည်သွားကာ လုပ်ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်၏။ “ဒါပေါ့ မင်းမှားသွားတယ် ငါမင်းကိုလာရှာတာ အခြားကိစ္စတစ်ခုကြောင့်ပဲ”
“ဘာကိစ္စလဲ”
“မင်းလည်း မြေအောက်ကမ္ဘာလမ်းကိုးသွယ်အကြောင်း ကြားမှာပေါ့ အခုမင်းဆက်တွေက မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲ၀င်ဖို့ ပြင်နေကြပြီ ဂိူဏ်းတွေက အဲ့ဒီနေရာကိုကာကွယ်ဖို့ ကျင့်ကြံသူတွေတောင် စုစည်းထားပြီးပြီ အခုဆို မင်းဆက်တွေက မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲမှာ သွားလေ့ကျင့်ဖို့ တပည့်တွေလွှတ်ဖို့ စီစဉ်ထားကြတယ်
အဲ့ဒီနေရာက မိစ္ဆာတွေ မွန်းစတားတွေနဲ့ ပြည့်နေပေမယ့် ရတနာပစ္စည်းတွေရှိပြီး စိတ်ဝိညဉ်စွမ်းအင်လည်း ကြွယ်၀လို့ ကျင့်ကြံဖို့ သင့်တော်တယ်” လုပိုင်ထျန်း ဖြည်းဖြည်းချင်း ရှင်းပြလိုက်ရာ ကုအန်ပင် အံ့အားသင့်သွားခဲ့ရသည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်သည် ထိုကဲ့သို့ လေ့ကျင့်ရေးဆင်းရသည့် နယ်မြေတစ်ခုဖြစ်နေလိမ့်မည်ဟု သူလုံး၀ မျှော်လင့်မထားခဲ့ဖူးပေ။
“မြေအောက်ကမ္ဘာလမ်းကိုးသွယ်က အရမ်း အန္တရာယ်များတယ် မဟုတ်လား” ကုအန် မေးလိုက်၏။
“ဟုတ်တယ် အန္တရာယ်များတယ် အဲ့တာကြောင့်လည်း အထဲ၀င်မယ့်တပည့်တွေကို ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတွေက ဦးဆောင်ခေါ်သွားမှာ ငါမင်းကိုလည်း လိုက်၀င်စေချင်တယ် မင်းအထဲရောက်သွားတာနဲ့ မင်းကိုကာကွယ်ပေးမယ့်သူက အသင့်ရှိနေမယ် ကျင့်ကြံနိုင်မယ် မိစ္ဆာတွေကိုသတ်ပြီး ရတနာတွေရှာဖွေနိုင်မယ် မင်းဘာပဲလုပ်လုပ် မင်းကိုအရံသင့်ကာကွယ်ပေးမယ့်သူရှိနေမှာလေ အဲ့တာက အခွင့်အရေးကြီးမဟုတ်လို့ ဘာဖြစ်ပါဦးမလဲ
နောက်ပြီး အဓိပတိဂိုဏ်းက မြေအောက်ကမ္ဘာလမ်းကိုးကွယ်ထဲမှာ တပည့်တွေအနားယူနိုင်ဖို့ မြို့တစ်မြို့ဆောက်ဖို့လည်း စီစဉ်ထားတယ်…” လုပိုင်ထျန်း စိတ်အားထက်သန်စွာဖြင့် ဆက်ပြောနေခဲ့လေသည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်ဖွံ့ဖြိုးတိုးတက်လာခြင်းသည် အဓိပတိဂိုဏ်းကိုလည်း တိုးတက်လာစေလိမ့်မည်ဟု သူယုံကြည်ပြီး ဂိုဏ်း၏ တိုးတက်မှုမှာ သမိုင်းထဲတွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိသွားပြီး သူ့နာမည်မှာလည်း သမိုင်းစာအုပ်ထဲတွင် ရေးထိုးခံရပေလိမ့်မည်။
ကုအန် သေချာနားထောင်နေပြီး ထိုအစီအစဉ်က ဖြစ်နိုင်သည်ဟု တွေးနေမိသည်။
လုပိုင်ထျန်းသည် တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ရောက်ပါက နောက်အဆင့်သို့တက်နိုင်ရန် ဂိုဏ်းမှထွက်ခွာသွားသော အစဉ်အလာကို ပြောင်းပြန်လှန်ချင်နေပုံပေါ်၏။ သူသည် ဂိုဏ်း၏ အုတ်မြစ်ကိုတိုးတက်အောင်လုပ်ကာ ဂိုဏ်းကိုပိုသန်မာလာစေပြီး အနာဂတ်တပည့်များအတွက် ကံကြမ္မာကိုရှာဖွေရန် အပြင်လောကသို့ ထွက်စရာမလိုတော့အောင် လုပ်ချင်နေခဲ့သည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ သူ့ပထမဆုံး ခြေလှမ်းဖြစ်ပေသည်။
သူသည် ဘိုးဘေးရွှမ်ကွမ်းဦးဆောင်မှုဖြင့် ပင်လယ်လမ်းကြောင်းကိုပင် ဖွင့်လှစ်မည်ဟု စီစဉ်ထားခဲ့သေး၏။
လုပိုင်ထျန်းပြောနေရင်း ပိုပိုစိတ်လှုပ်ရှားလာခဲ့ကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် သိမ်းပစ်တော့မလို ပြောဆိုနေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ကုအန်လည်း သူ့အစီအစဉ်များကို စိတ်၀င်စားစရာကောင်းသည်ဟု ခံစားရပြီး လုပိုင်ထျန်း၏ ရည်ရွယ်ချက်ကိုလည်း သူအားပေး၏။
အဓိပတိဂိုဏ်းပိုသန်မာလာလေလေ သူလည်းပို၍ ကောင်းကောင်းနေနိုင်လေပင်။
အချိန်အကြာကြီးပြောပြီးသည့်နောက်တွင်တော့ လုပိုင်ထျန်း ကုအန်ကို ကြည့်ကာ မေးလိုက်လေသည်။
“မင်းဘယ်လိုထင်လဲ သွားမှာလား မသွားဘူးလား”
ကုအန် ခေါင်းခါလိုက်ကာ ဖြေလိုက်၏။ “ကျွန်တော်မသွားတော့ပါဘူး ဒီမှာပဲနေပြီး ဆေးတောင်ကြားကို စောင့်ရှောက်လိုက်တော့မယ်”
“မင်းအစားတစ်ယောက်ယောက်ကို စောင့်ရှောက်ခိုင်းထားလို့ရတာပဲ”
“အရိုးသားဆုံးပြောရရင် ကျွန်တော်ကြောက်လို့ပါ ဂိုဏ်းချုပ် မြေအောက်ကမ္ဘာလမ်းကိုးသွယ်က အရမ်းအန္တရာယ်များတယ်လို့ ခံစားရတယ် နောက်ပြီး ကျွန်တော့် တိုက်ခိုက်နိုင်စွမ်းကလည်းအားနည်းတယ်လေ အဲ့တာကြောင့် ကျွန်တော်မသွားရဲဘူး ဒီလိုဆိုရင်ရော ကျွန်တော့်နေရာကို တစ်ယောက်ယောက်ကို အစားထိုးလိုက်လို့ရမလား”
“မင်းကမင်းလည်းမသွားချင်ဘူးမင်းနေရာကိုကျတော့လည်း တစ်ယောက်ယောက်ကို ပေးချင်နေသေးတယ်”
“အနည်းဆုံးတော့ ကျွန်တော်က ဂိုဏ်းကိုအကျိုးဆောင်နေတာပဲမဟုတ်လား ဒီလောက်ကြီးတဲ့ ဆေးတောင်ကြားကြီးကိုဦးစီးနေပေမယ့် ကျွန်တော်ဘာအကျိုးအမြတ်မှ မယူခဲ့ဘူးလေ အဲ့တာကြောင့် ဂိုဏ်းကကျွန်တော့်ကို အဲ့လောက်လေးတော့ ဆုချသင့်တယ်လေ”
ကုအန်၏ လေးလေးနက်နက်ပြောနေသော ပုံစံကိုကြည့်ကာ လုပိုင်ထျန်း ခေါင်းယမ်းလိုက်မိသည်။
သူကုအန်စကားအား တခဏတွေးပြီးသည့်နောက် သဘောတူလိုက်၏။
ကုအန်နေရာကို တစ်ယောက်ယောက်ကို အစားပေးလိုက်ရခြင်းမှာလည်း ကိစ္စတော့ သိပ်မရှိပေ။ သူထိုကောင်လေးအား မျက်နှာသာပေး၍ ဂိုဏ်းနှင့် ပိုမိုနီးကပ်လာအောင် လုပ်ဖို့ လိုပေသည်။
ဂိုဏ်းချုပ်နေရာကို ကုအန် လုံး၀မယူဘူးလို့တော့ သူမယုံပေ။ တစ်နေ့နေ့တွင် တစ်ချိန်မဟုတ်တစ်ချိန် ကုအန် ထိုနေရာကို လက်ခံရမည့်အချိန် ရောက်ရှိလာပေလိမ့်မည်။
ထိုအတွေးကြောင့် လုပိုင်ထျန်းမျက်နှာပေါ်တွင် မျှော်လင့်ချက်များနှင့် ပြည့်နေသည့် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။
“အဓိပတိဂိုဏ်းက မင်းဆက်တွေအကုန်လုံးမှာ နံပါတ်၁ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာမယ်လို့ မင်းထင်လား” လုပိုင်ထျန်း ကုအန်အမြင်ကို သိချင်သည်ရော သူ့ကို ဂိုဏ်းချုပ်တစ်ယောက်နေရာမှ စဉ်းစားနည်းများကို နည်းပြပေးချင်ရောသောကြောင့် မေးလိုက်ခြင်း ဖြစ်၏။
ကုအန် ပြန်ဖြေလိုက်သည်။
“လက်သီးသုံးပြီး နံပါတ်၁နေရာကိုယူတာက အလုပ်ဖြစ်မှာမဟုတ်ဘူး အဲ့တာက အမုန်းတရားတွေကိုပဲ တိုးပွားလာစေလိမ့်မယ် အဲ့ဒီအစား ယဉ်ကျေးမှုစိမ့်၀င်တဲ့နည်းလမ်းက ပိုဖြစ်နိုင်တယ် အရင်တစ်ခါကျင်းပတဲ့ အပြင်စည်းဂိုဏ်းညီလာခံလိုမျိုးပေါ့ အနာဂတ်မှာ အဓိပတိဂိုဏ်းက ၀င်္ကပါပညာပြိုင်ပွဲ ဆေးတာအိုပြိုင်ပွဲ ဓားပြိုင်ပွဲ အဆောင်ပြိုင်ပွဲ အစရှိတဲ့ ပြိုင်ပွဲမျိုးစုံကို ဦးဆောင်ကျင်းပပေးရမယ် အဓိပတိဂိုဏ်းက အဓိကပြိုင်ပွဲကြီးတွေကို နှစ်အနည်းငယ်ကြာတိုင်းကျင်းပပေးတယ်ဆိုတဲ့ အမြင်ကို မင်းဆက်အကုန်လုံးက မြင်သွားဖို့လိုတယ် အဲ့တာက အစပိုင်းမှာတော့ အရင်းအနှီးကြီးလိမ့်မယ် ဒါပေမယ့် လူတွေရဲ့စိတ်ထဲမှာ အဲ့ဒီကိစ္စကို အသားကျသွားရင်တော့ သူတို့စိတ်ထဲမှာ အလိုလို အဓိပတိဂိုဏ်းက ကမ္ဘာပေါ်မှာ ထိပ်ဆုံးလမ်းမှန်ဂိုဏ်းဆိုတဲ့ အတွေးက ၀င်သွားလိမ့်မယ်”
“ဂိုဏ်းချုပ်က ဓားတာအိုကျင့်ကြံတဲ့လူတစ်ယောက်ဖြစ်ပြီး အဓိပတိဂိုဏ်းကကျင်းပပေးတဲ့ ဓားတာအိုပြိုင်ပွဲကို ဓားသမားတိုင်းတက်ရောက်ကြပြီး အဲ့ဒီပြိုင်ပွဲမှာ ဓားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုတည်ဆောက်လို့ရတယ်ဆိုတာကို စိတ်ကူးကြည့်လိုက် အလိုလိုနေရင်း ဓားသမားတိုင်းရဲ့ စိတ်ထဲမှာ အဓိပတိဂိုဏ်းက ဓားတာအိုမှာ ကမ္ဘာပေါ်မှာ ထိပ်တန်းကရပ်တည်နေတဲ့ နေရာလို့ အလိုလိုတွေးမိသွားလိမ့်မယ်”
“အဓိပတိဂိုဏ်းရဲ့ နာမည်ကို ကမ္ဘာပေါ်မှာလူတိုင်းက မကြာခဏပြောနေတာ ဒါမှမဟုတ် စကားဝိုင်းတိုင်းမှာ အဓိပတိဂိုဏ်းနာမည်ပါနေပြီဆိုရင် အဓိပတိဂိုဏ်းက ကမ္ဘာပေါ်မှာ နံပါတ်၁ ဂိုဏ်းဖြစ်ဖို့ မဝေးတော့ဘူးလို့ ဆိုလိုတာပဲ”
“ဒါပေါ့ ဂိုဏ်းရဲ့ ကိုယ်ပိုင်ခွန်အားကတော့ အရေးအကြီးဆုံးအရာပဲ အဲ့တာရှိနေမှသာ ကျန်တာကနောက်ကဆက်လုပ်ရမယ့် အရာတွေ”
ကုအန် ယုံကြည်ချက်ရှိရှိပြောလိုက်ပြီး လုပိုင်ထျန်း၏ စိတ်အားထက်သန်နေမှုကြောင့် သူအသေးစိတ်ပင် ထပ်ဆွေးနွေးလိုက်သည်။
“ပြိုင်ပွဲတွေက ခွန်အားသက်သက်ကိုပြိုင်တာမျိုးပဲ ဖြစ်နေလို့မရဘူး လက်မှုပညာတွေအတွက်လည်း ပြိုင်ပွဲလုပ်ပေးရမယ် နောက်ပြီး ဂိုဏ်းရဲ့ အပြင်စည်း အတွင်းစည်းမြို့တိုင်းရဲ့ စီးပွားရေးတိုးတက်လာဖို့အတွက် ပြိုင်ပွဲတွေကို မတူညီတဲ့မြို့တွေမှာ ပြုလုပ်ပေးရမယ်”
ထို့နောက် ကုအန် ဂိုဏ်းသားများကြား အလွယ်တကူပညာဖလှယ်နိုင်ေစရန် အမျိုးမျိုးသော ဆေးကွန်ယက် ဓားပညာကွန်ယက် စသည့် လူမှုကွန်ယက်အမျိုးမျိုးတည်ဆောက်ရန်ပင် အကြံပေးလိုက်သေးသည်။
လုပိုင်ထျန်း မင်သက်သွားခဲ့၏။
ဤလူငယ်လေးသည် နတ်ဘုရားတို့၏ရာထူးများ လိုစာအုပ်ကို ရေးနိုင်ခဲ့တာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
ကုအန် ပြောပြီးသောအခါ လုပိုင်ထျန်း လက်ဖက်ရည်တစ်ခွက်ကို တစ်ချိုက်တည်းသောက်ပစ်လိုက်ပြီး အတော်လေး ကျေနပ်အားရသွားခဲ့သည်။
လုပိုင်ထျန်း ကုအန်အား တောက်ပနေသော မျက်လုံးများနှင့်ကြည့်ကာ ပြောလိုက်၏။
“ဒါတောင် မင်းကမင်းကိုယ်မင်း ဂိုဏ်းချုပ်နေရာနဲ့ မသင့်တော်ဘူးလို့ ပြောနေသေးတယ်ပေါ့”
ကုအန်လက်ကာပြလိုက်ကာ “ကျွန်တော်က ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီပါဘူး ကျွန်တော့်မှာ ဘာနောက်ခံမှလည်းမရှိဘူး သတ္တိလည်းမရှိဘူး နောက်ပြီး ဒီလိုကိစ္စကြီးတွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းလည်းမရှိဘူး ကျွန်တော်အများဆုံးလုပ်နိုင်တာက အကြံပေးရုံပါပဲ”
ကုအန် ဘယ်တော့မှ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာမည် မဟုတ်ပေ!
လုပိုင်ထျန်းပြုံးလိုက်ကာ ကုအန် ခုနကပြောသော နည်းစနစ်များထဲမှ သူသိလိုသည်များကို ထပ်မံမေးမြန်းခဲ့ပြီး ကုအန်လည်း စိတ်ရှည်လက်ရှည်ပင် ပြန်ဖြေပေးခဲ့သည်။
တစ်နာရီခန့်ကြာသောအခါမှ သူတို့နှစ်ယောက် အိမ်ထဲမှ ထွက်လာခဲ့ကြ၏။
ကုအန်နောက်မှလိုက်လာရင်း လုပိုင်ထျန်းကုအန်၏ နည်းလမ်းများအကြောင်းကိုသာ တွေးနေမိသည်။
သူတို့လှေကားမှဆင်းခဲ့ပြီး အောက်သို့ရောက်သောအခါ လုပိုင်ထျန်း ပွဲတော်အတွက်ပင် နေလိုစိတ်မရှိတော့ဘဲ အမြန်သာ ပြန်သွားခဲ့၏။
ကုအန်လည်း သူ့ကိုမတားခဲ့ပေ။ လုပိုင်ထျန်းမရှိပါက တတိယတောင်ကြားမှ တပည့်များ ပွဲတော်ကိုပို၍ သက်တောင့်သက်သာဖြင့် ဆင်နွှဲနိုင်ပေလိမ့်မည်။
နှစ်သစ်ကူးပြီးသောအခါ မြေအောက်ကမ္ဘာလမ်းကိုးသွယ်သို့ ဝင်ရမည့် အခွင့်အရေးကြီးရှိနေသောသတင်းက ဂိုဏ်းထဲတွင် ပျံ့နှံ့သွားခဲ့သည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်၏ ရတနာများ တန်ဖိုးကြီးပစ္စည်းများ မိစ္ဆာအမြုတေများ စိတ်ဝိညဉ်စွမ်းအင်များအကြောင်းက ဂိုဏ်းထဲတွင် အလျင်အမြန်ပျံ့နှံ့သွားခဲ့၏။ သိသာစွာပင် ထိုအရာသည် ကုအန်၏ အကြံဖြစ်ပြီး အကျိုးအမြတ်များကို ပြကာ ဂိုဏ်းသားများ၏စိတ်ကိုတက်ကြွလာအောင် မျှားလိုက်ခြင်းဖြစ်ကာ ဤနည်းလမ်းဖြင့် ဂိုဏ်းသားများနှင့် ဂိုဏ်းကပို၍လည်း နီးကပ်လာပေလိမ့်မည်။
ဥပေဒေရေးရာ ခန်းမထဲ၌
ရီလန် အကြီးအကဲများခေါ်သောကြောင့် ခန်းမထဲသို့ ရောက်လာခဲ့ရသည်။
ဥပဒေရေးရာခန်းမမှအကြီးအကဲများ သူ့အားချီးကျူးဟန်ဖြင့် ပြောလိုက်၏။
“ရီလန် မင်းကို အထက်က မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို၀င်ရမယ့်ခရီးမှာ တစ်နေရာစာပေးလိုက်တယ် မစိုးရိမ်ပါနဲ့ ဥပဒေရေးရာခန်းမကလည်း မင်းနေရာကိုမလုပါဘူး ငါတို့က မင်းမြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ပိုပြီးချောချောမွေ့မွေ့၀င်နိုင်အောင် ကူညီပေးမယ်”
ရီလန် ဆွံ့အသွားခဲ့သည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်လား!
သူမပထမဆုံးတွေးမိသည်မှာ ကုအန်ပင်။
ဥပဒေရေးရာခန်းမတွင် နှစ်ပေါင်းများစွာတာ၀န်ထမ်းဆောင်ခဲ့သော သူမအဖို့ အဘယ်ကြောင့် မြေအောက်ကမ္ဘာလမ်းကိုးသွယ်လို အခွင့်အရေးမျိုးက ရောက်လာလိမ့်မည်နည်း။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်သို့ ပထမဆုံး၀င်မည့်အသုတ်ကို တပည့်၂၀၀ဟု လျာထားပြီးဖြစ်ပြီး ထို၂၀၀ထဲတွင် သူမလို အပြင်စည်းဂိုဏ်းသားတစ်ယောက်က အဘယ်ကြောင့် ပါနိုင်ရမည်နည်း။
ရီလန့် နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့လေသည်။ သူမအစ်ကိုကြီး၏ ဂရုစိုက်မှုကြောင့် သူမကြည်နူးမှုနှင့် အံ့ဩမှုကို တပြိုင်တည်းခံစားလိုက်ရ၏။
အစ်ကိုကြီး အစ်ကိုကြီး အစ်ကိုကြီး၀န်မခံချင်ပေမယ့် ညီမလေးကို ဂရုစိုက်နေတာပဲမဟုတ်လား!
ကုအန်၏ သူမကိုငြင်းနေသော အကြောင်းပြချက်ကိုလည်း သူမနားလည်ပေသည်။ ထိုကဲ့သို့ နှလုံးသားရေးရာကိစ္စများမှာ ကျင့်ကြံခြင်းကို နှောင့်နှေးစေနိုင်သော အရာများဖြစ်ကြ၏။
ထို့ကြောင့်လည်း သူမကသန်မာလာမည့်အခွင့်အရေးမှန်သမျှကိုယူကာ ကုအန်ရှေ့တွင် သန်မာလာစေရန် သက်သေပြဖို့ကြိုးစားနေခြင်း ဖြစ်သည်။
…
ဆောင်းရာသီကုန်ကာ နွေဦးသို့ရောက်ရှိလာခဲ့ပြီး အရာအားလုံးမှာ ပြန်လည် နိုးထလာခဲ့ချေပြီ။
အချိန်မှာ မတ်လအစသို့ပင် ရောက်ရှိလာခဲ့၏။
တတိယတောင်ကြားထဲ၌ ကုအန် ကောင်းကင်စိတ်ဝိညဉ်ရေကြောင့် ဖြစ်ပေါ်လာခဲ့သော ကောင်းကင်စိတ်ဝိညဉ်ရေအိုင်ရှေ့တွင်ထိုင်ကာ ကန်ထဲသို့ ဂဏန်းတစ်အုပ်လွှတ်ပေးလိုက်ပြီး ရေထဲတွင်ကူးခတ်နေသော ဂဏန်းများကိုကြည့်ကာ ထိဂဏန်းများ ရေထဲမှ စိတ်ဝိညဉ်စွမ်းအားကို စုပ်ယူနိုင်မယူနိုင် လေ့လာနေခဲ့သည်။
လုလင်ကျွမ်း သူ့ဘေးတွင်ရပ်နေရင်း ပြောလိုက်၏။
“သူတို့ကို ဒီလိုမွေးမြူမယ်ဆိုရင် မကြာခင်ဒီဂဏန်းတွေမှာ စိတ်ဝိညဉ်ဖွံ့ဖြိုးလာလိမ့်မယ်”
“ကောင်းကင်စိတ်ဝိညဉ်ရေအိုင်က ဆက်ပြီးကျယ်လာဦးမှာလား” ကုအန်စိတ်၀င်တစားမေးလိုက်သည်။
လုလင်ကျွမ်းပြန်ဖြေလိုက်၏။
“ကျွန်မ ပေးခဲ့တဲ့ ကောင်းကင်စိတ်ဝိညဉ်ရေအရဆိုရင် ဒီရေအိုင်က အချင်းမီတာ ၃၀လောက်ထိတော့ ကျယ်လာလိမ့်မယ်”
ထိုအရွယ်အစားသည် သေးငယ်သည်ဟု ကုအန် ခံစားလိုက်ရသည်။
သူတစ်ခုခုပြောရန် ပြင်လိုက်စဉ်တွင် အဝေးမှ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့၏။
လုလင်ကျွမ်းလည်း မျက်မှောင်ကြုံ့သွားပြီး ဓားဆန္ဒထွက်ပေါ်လာရာအရပ်သို့ ကြည့်လိုက်လေသည်။
ကုအန် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များကို မော့ကြည့်လိုက်၏။
ထိုက်ကန်နတ်မင်သက်ဓားသိုင်းရဲ့ ဓားဆန္ဒ!
ကုအန် အန်းဟောင်၏တည်ရှိမှုကို အာရုံခံလိုက်မိသည်။
ဒီပါရမီရှင်ကောင်လေးက ထိုက်ကန်နတ်မင်သက်ဓားသိုင်းရဲ့ ဓားဆန္ဒကို တတ်မြောက်သွားပြီပဲ!
ကုအန် စိတ်ထဲတွင် ဂုဏ်ယူခြင်းရော အံ့ဩခြင်းကိုပါ တစ်ပြိုင်တည်းခံစားလိုက်ရ၏။
အန်းဟောင်၏ ပါရမီမှာတကယ်ပင် အံ့ဩစရာကောင်းလှပေသည်။
လုလင်ကျွမ်းသူမ၏ အံ့ဩနေမှုကို ထုတ်ပြောလိုက်၏။
“ဒီဓားဆန္ဒက ဆရာသခင်ဓားအရှင် ကောင်းကင်ပြုပြင်စင်မြင့်မှာချန်ထားခဲ့တဲ့ ဓားဆန္ဒနဲ့အတူတူပဲ ဒါပေမယ့် ဒါကအတော်လေး သေးငယ်သေးတယ် ဆရာသခင်ဓားအရှင်ရဲ့ တပည့်တစ်ယောက်ယောက် ဓားတာအိုမှာ အောင်မြင်မှုတစ်ခုရသွားတာ ဖြစ်နိုင်လောက်လား”
ကုအန် စိတ်၀င်တစားမေးလိုက်၏။ “တပည့်တစ်ယောက်လား နင်ကဘာလို့အဲ့လောက်ရှင်းရှင်းလင်းလင်းဆုံးဖြတ်နိုင်နေတာလဲ ငါတောင်ဘာကိုမှအာရုံမခံမိဘူး”
လုလင်ကျွမ်း အံ့ဩနေမှုကိုဖုံးကွယ်လိုက်ကာ ပြန်ဖြေလိုက်သည်။ “ဖြစ်နိုင်တာတော့ ကျွန်မက တစ်ယောက်ယောက်ရဲ့ဓားဆန္ဒအောင်မြင်မှုကို မြင်ဖူးလို့ဖြစ်မယ်”
တစ်နေရာတွင်
တိမ်များမြူများနှင့် ဖုံးအုပ်နေသော အလွန်မြင့်မားသည့် တောင်တစ်လုံးရှိပြီး ထိုတောင်ကြီးမှာ အမတဘုံတစ်ခုလိုပင်။ ယခုအခါ ထိုတောင်ထိပ်၌ လူတစ်ယောက်တရားထိုင်နေပြီး ထိုလူမှာ အန်းဟောင်မှလွဲ၍ အခြားမဟုတ်ပေ။
အန်းဟောင်၏ အဖြူရောင်၀တ်စုံ ကြမ်းကြမ်းတမ်းတမ်းလှုပ်ခါနေပြီး သူ့ရှေ့တွင် ဓားအရိပ်တစ်ခုဖွဲ့တည်နေကာ ထိုဓားအရိပ်မှ ကျယ်ပြန့်သော အရှိန်အဝါတစ်ခုလည်း ထွက်နေခဲ့သည်။
ထိုစဉ် ပုံရိပ်အများအပြားသူ့ဘေးသို့ ရောက်လာခဲ့ကြပြီး ထိုထဲတွင် လုပိုင်ထျန်း ရွမ်ကွမ်းတို့လည်း ပါကြ၏။
ကုကျုံး အန်းဟောင်ကိုကြည့်ကာ အံ့ဩသွားပြီး ပြောလိုက်မိသည်။ “ဒီဓားဆန္ဒက…”
အကြီးအကဲတစ်ယောက်လည်း၀င်ပြောလိုက်၏။
“ဒီဓားဆန္ဒက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒပဲ သူဒါကို ကောင်းကင်ပြုပြင်စင်မြင့်က နားလည်ခဲ့တာဖြစ်လောက်လား”
“မဟုတ်ဘူး ကောင်းကင်ပြုပြင်စင်မြင့်ကဓားဆန္ဒက ဖွဲ့တည်ဖို့ မလုံလောက်ဘူး သူ ဆရာသခင်ဓားအရှင်ရဲ့အမွေအနှစ်တစ်ခုခုကို ရခဲ့တာဖြစ်နိုင်တယ်” အမျိုးသမီးအကြီးအကဲတစ်ယောက် ပြောလိုက်သည်။
“သူကဆရာသခင်ဓားအရှင်ရဲ့ တပည့်တစ်ယောက်များလား ဒီလို ဘာနောက်ခံမှမရှိတဲ့ ပါရမီရှင်တစ်ယောက်ယောက်က သူ့အလိုလို ငါတို့အဓိပတိဂိုဏ်းထဲရောက်လာတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး ဆရာသခင်ဓားအရှင်က သူ့ကိုပျိုးထောင်ပေးပြီး ဂိုဏ်းကိုပို့လိုက်တာပဲ” ကုကျုံး ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။
လုပိုင်ထျန်းလည်း အန်းဟောင်ကိုကြည့်ကာ မျက်လုံးများ တဖြတ်ဖြတ်လက်သွားခဲ့သည်။
ရွှမ်ကွမ်း သူ့မုတ်ဆိတ်များကိုဆွဲနေရင်း ပြောလိုက်၏။
“ဒီလိုလွှမ်းမိုးနိုင်တဲ့ ဓားဆန္ဒမျိုးက ထိုက်ကန်မင်းဆက်မှာ အထင်ရှားဆုံးဓားဆန္ဒလို့တောင်ပြောလို့ရတယ်”
သူ့မှတ်ချက်ကြောင့် အခြားအကြီးအကဲများ ပို၍ပင်စိတ်လှုပ်ရှားသွားကြပြီး အန်းဟောင်၏ ပါရမီနှင့် မူလသရုပ်မှန်အကြောင်း ဆွေးနွေးကြတော့သည်။
ထိုစဉ် ရွှမ်ကွမ်း သူ့အင်္ကျီလက်အိုးကိုယမ်းလိုက်ရာ အလံကြီးများက အန်းဟောင်ဘေးတွင် ပတ်လည်ဝိုင်းသွားပြီး သဘာ၀စိတ်ဝိညဉ်စွမ်းအင်များ ထုတ်လွှတ်ပေးကာ အန်းဟောင်ကိုယ်ထဲသို့ သဘာ၀စိတ်ဝိညဉ်စွမ်းအင်များ တိုး၀င်သွားခဲ့၏။