အခန်း (၁၂၅-၁၂၆)
Vol. 11 Ch. 125-126
အပိုင်း (၁၂၅)
ရွှေစာရင်းညီလာခံ၊ အမှောင်ထဲက တစ္ဆေရိပ်များ
“သူ့နောက်ကလူက မရိုးရှင်းဘူး”
လုလင်ကျွမ်း အသံပို့လွှတ်ခြင်းနည်းစနစ်သုံး၍ ကုအန်ကိုသတိပေးလိုက်ရာ ကုအန် ကျိုးတောင်းယူနောက်မှလူဆီသို့ တစ်ချက်ကြည့်လိုက်မိ၏။
ကုအန်ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သတိထားမိပြီးဖြစ်သော်လည်း ပိုသေချာစေရန် သက်တမ်းစစ်ဆေးခြင်း သုံးလိုက်လေသည်။
[ကျိုးလီ(တစ်သားတည်းဖြစ်ခြင်းအဆင့် ၇): ၁၄၇၈/၃၀၀၀/၃၁၀၀]
ကျိုးမျိုးရိုးတူ!
ကုအန် ကြိတ်၍ အံ့ဩသွားမိသည်။ သူနောက်ဆုံးအကြိမ် ကျိုးတောင်းယူနှင့် တွေ့ခဲ့စဉ်က ကျိုးတောင်းယူတွင် ထိုကဲ့သို့ အဖော်မျိုး ရှိမနေခဲ့ပေ။
ကျိုးတောင်းယူ လုလင်ကျွမ်းကို အကဲခတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။
“ညီကိုကု မတွေ့ရတာကြာပြီနော် မင်းမှာလည်း ကာကွယ်ပေးမယ့် ဆရာတစ်ယောက်တောင်ရှိနေပြီ ကြည့်ရတာ ဒီနှစ်တွေမှာမင်းအဆင်ပြေခဲ့တဲ့ပုံပဲ”
ကုအန်ပြုံးကာမေးလိုက်သည်။ “ညီကိုကျိုး ရွှေစာရင်းညီလာခံမှာပါ၀င်ဖို့ လာခဲ့တာလား”
“တကယ်တော့ ဒီအကြိမ် ငါထိပ်ဆုံးထိတက်ပြီး တစ်ကမ္ဘာလုံးမှာ ကျော်ကြားလာဖို့ ရည်ရွယ်ထားတာ မင်းနဲ့ငါ ဆေးတောင်ကြားမှာ သိုင်းပညာသွားဖလှယ်ကြရင်ရော ဘယ်လိုလဲ”ကျိုးတောင်းယူ အရောင်တောက်နေသော မျက်လုံးများဖြင့် မေးလိုက်၏။
သူတို့မတွေ့တာ အတော်ကြာပြီဖြစ်သော်လည်း ကုအန် ကျင့်ကြံခြင်းမှာ သာမန်အတိုင်းသာ ရှိနေဆဲ ဖြစ်သည်။ သို့သော် ကုအန်တွင် အခြားခွန်အားတစ်မျိုးရှိနေမည်ဟု သူခံစားနေခဲ့ရ၏။
ကုအန် ခေါင်းခါလိုက်ကာ “မလုပ်ပါနဲ့ ကျွန်တော်ဒီရက်ထဲ ပြဿနာရှာလို့မရသေးဘူး အခုရက်ထဲ အဓိပတိဂိုဏ်းမှာ ပါရမီရှင်တွေ အရမ်းများနေတာ အဲ့ထဲက တစ်ယောက်ယောက်ကိုပဲသွားရှာလိုက်ပါ”
“ဟားဟား တကယ်တော့ ငါဒီကို အန်းဟောင်ဆိုတဲ့ နာမည်ကိုကြားလို့လာခဲ့တာ မင်းကမလုပ်ချင်ဘူးဆိုတော့လည်း ငါအန်းဟောင်ကိုပဲ သွားရှာရတော့မှာပေါ့”
ကျိုးတောင်းယူ ရယ်မောကာ ပြောလိုက်ပြီး လှည့်ထွက်သွားခဲ့၏။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၇ ကျိုးလီ လည်းခေါင်းညိတ်ကာ ပြုံးလိုက်ပြီး ကျိုးတောင်းယူနောက်မှ လိုက်သွားခဲ့သည်။
သူတို့အဝေးသို့ရောက်သောအခါ လုလင်ကျွမ်း ကုအန်ဘက်ပြန်လှည့်ပြီး ပြောလိုက်၏။
“စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်က ဘာလို့ နင်နဲ့ သိုင်းပညာဖလှယ်ချင်နေတာလဲ”
ကျိုးတောင်းယူသည် စိတ်ဝိညဉ်အခြေတည်အဆင့်ကို ရောက်ရှိသွားပြီဖြစ်ကာ သူ့အရှိန်အဝါကိုလည်း ဖုံးကွယ်မထားခဲ့ပေ။
“အရင်က သူ့ကျင့်ကြံခြင်းကိုဖိနှိပ်ပြီး ကျွန်တော်နဲ့ သိုင်းပညာဖလှယ်ဖူးတယ်လေ အဲ့တုန်းက ကျွန်တော်က နည်းနည်းသာခဲ့တယ်” ကုအန် ဂုဏ်ယူနေချင်ယောင်ဆောင်၍ ပြောလိုက်သည်။
လုလင်ကျွမ်း ရယ်မောလိုက်ကာ “နင့်မှာ အဲ့လိုကျွမ်းကျင်မှုမျိုး ရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ လူတစ်ယောက်ကို အသွင်အပြင်ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးပဲ”
ငါးနှစ်တာ အတူနေပြီးသည့်နောက် သူတို့နှစ်ယောက်ကြား ရင်းနှီးမှုသည် အတော်လေးတိုးတက်လာခဲ့ပြီး ရင်းရင်းနှီးနှီးပြောဆိုတတ်နေပြီ ဖြစ်၏။
သူမသည် လုပိုင်ရှန်း၏ စီစဉ်ပေးမှုကို မကျေနပ်သောကြောင့် ကုအန် အပေါ်အရင်လို လေးလေးစားစားဆက်ဆံနေခြင်းမျိုးတော့ မရှိတော့ပေ။
“ဘာကိုဆိုလိုတာလဲ ကျွန်တော်က ရုပ်မချောလို့လား”
“နင်ကနည်းနည်းတော့ ချောပါတယ် မိစ္ဆာကျင့်ကြံသူ အမျိုးသမီးတစ်ယောက်ရဲ့ သားကောင်ဖြစ်ဖို့ သင့်တော်တယ်”
“အဟွတ် အဟွတ် အကြီးအကဲက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဆိုတာလည်း မမေ့နဲ့ စကားပြောတာဂရုစိုက်ပါဦး”
ပြောပြီးသည်နှင့် ကုအန် ထိုနေရာမှ ထွက်သွားခဲ့၏။
လုလင်ကျွမ်း ပြန်လာပြီးကတည်းက လုလင်ကျွမ်း၏ အခြေအနေတစ်ခုခုမှားနေသည်ကို ခံစားမိသော်လည်း ကုအန်လည်း ဘာမှမတတ်နိုင်ပေ။
အရာအားလုံးမှာ လုပိုင်ထျန်း၏ အမှားသာ ဖြစ်၏။
ဤအရာသည်မည်ကဲ့သို့ အခြေအနေကြီး ဖြစ်နေပါသနည်း။
ကုအန် လုလင်ကျွမ်း၏ ကာကွယ်ပေးမှုကို လုံး၀ မလိုအပ်ပေ။ ကံကောင်းသည်မှာ လုလင်ကျွမ်းကလည်း သူ့ကိုကာကွယ်ရမှာကို အလွန်ပျင်းနေခဲ့ပြီး အချို့အချိန်များသာ သူ့နားနေပေးပြီး သာမန်အားဖြင့် သူလုပ်စရာရှိတာသူ သွားလုပ်နေခြင်း ဖြစ်သည်။ အခုလည်း မြို့ထဲတွင် သူလုပ်စရာရှိ၍ ကုအန်နှင့် အတူလိုက်လာခြင်းဖြစ်၏။
လုလင်ကျွမ်း ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေရင်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ရာ ကုအန်နှင့်မတူသော ဆန့်ကျင်ဘက်အရပ်သို့ ထွက်သွားခဲ့လေသည်။
ကုအန်မှာတော့ ဝူကျဲဆီသို့ သွားလည်ဖို့ ပြင်နေခြင်း ဖြစ်၏။
ယခုအခါ မြို့ထဲတွင် ကြီးမြတ်သည့်ကျင့်ကြံသူအတော်များများရှိနေတာကို ကုအန် သတိထားမိနေပြီး အများစုမှာ သူတို့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကြသည်။
ကြည့်ရသည်မှာ ရွှေစာရင်းညီလာခံမှာ အလွယ်တကူပြီးသွားမည့်ပုံတော့ မပေါ်ပေ။ ပုံမှန်အားဖြင့် အဓိပတိဂိုဏ်းက အောင်မြင်စွာ ကျင်းပနိုင်ခဲ့လျှင်တော့ နောက်နှစ်များတွင်လည်း ဆက်လက်ကျင်းပရန်မှာ ခက်ခဲတော့မည် မဟုတ်ဘဲ အခြားဂိုဏ်းများက ပွဲကြည့်စင်တွင် လာထိုင်ဖို့မှလွဲ ရွေးစရာရှိတော့မည် မဟုတ်ပေ။
ကုအန် ပွဲမအောင်မြင်မှာကိုတော့ လုံး၀ စိတ်မပူပေ။ ယခုအခါ အဓိပတိဂိုဏ်းသို့ အဓိပတိအကြီးအကဲ ဘိုးဘေးရွှမ်ကွမ်းအပြင် နောက်ထပ် ဆန်းကြယ်နှလုံးသားအဆင့် အဓိပတိအကြီးအကဲတစ်ယောက်လည်း ပြန်ရောက်လာပြီ ဖြစ်၏။ ထိုဘိုးဘေးသည် ဘိုးဘေးရွှမ်ကွမ်းထက် အနည်းငယ်အားနည်းသော်လည်း ဆန်းကြယ်နှလုံးသားအဆင့် ဖြစ်နေဆဲပင်။
ဆန်းကြယ်နှလုံးသားအဆင့် နှစ်ယောက်ရှိနေသော အဓိပတိဂိုဏ်းကို လှုပ်ခါဖို့အတွက် အခြားဂိုဏ်းများအတွက် အတော်လေးပို၍ ခက်ခဲနေပေလိမ့်မည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ ကုအန် ဝူကျဲ အိမ်ဆီသို့ ရောက်လာခဲ့သည်။
ဝူကျဲသည် အပေါ်ပိုင်းဗလာနှင့် လက်သီးသိုင်းလေ့ကျင့်နေခြင်းဖြစ်ပြီး စိတ်ဝိညဉ်စွမ်းအင်မပါဘဲနှင့်ကို သူ့လက်သီးများက လေထုကိုပင် တုန်ခါနေစေခဲ့ကာ အတော်လေး သန်မာလှ၏။
[ဝူကျဲ(အခြေခံတည်ဆောက်ခြင်း အဆင့်၉): ၆၉/၃၅၀/၃၅၀၀]
သူ့သက်တမ်းအကန့်အသတ် ထပ်မံတိုးတက်ခဲ့ပြန်လေပြီ!
သူသာ နှစ်လလောက် မသွားလိုက်သည်နှင့် ဝူကျဲသက်တမ်းသည် ထပ်ထပ်တိုးနေခဲ့ကာ ညဏ်အလင်းပွင့်နေသည်ကို ကုအန် သတိထားမိလိုက်သည်။ အကယ်၍သူသာ တစ်နှစ်လောက် မလာဘဲ နေလိုက်ပါက ဝူကျဲ သက်တမ်းမည်မျှထိပင် တိုးသွားနိုင်မည်နည်း။
လမ်းစဉ်ညဏ်အလင်းပွင့်ပြီးချိန်နောက်တွင် ဝူကျဲကိုယ်မှ အထီးကျန်ကာ အဖော်မဲ့နေသော အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေခဲ့၏။
ထိုအရာက ကုအန်ကို အတွေးပွားသွားစေခဲ့သည်။
ထိုကောင်သည် တစ်ယောက်တည်းရှိနေချိန်များတွင် ညဏ်အလင်းပွင့်နိုင်ခြင်း ဖြစ်နိုင်ပါသလော။
ထိုသို့ဆိုလျှင်တော့ သူ့ဆီ တစ်နှစ်လောက် လုံး၀မသွားဘဲနေကာ ဝူကျဲ သက်တမ်းမည်မျှ တိုးတက်လာနိုင်မလဲဆိုတာကို စမ်းသပ်ရပေလိမ့်မည်။
ကုအန် ဝူကျဲ ရှေ့ဆက် ညဏ်အလင်းပွင့်လာနိုင်ကာ အန်းဟောင်ကို လိုက်မှီသွားဖို့ မျှော်လင့်နေခဲ့၏။ သူ့တွင် ပြိုင်ဘက်တစ်ယောက်ရှိနေမှသာ အန်းဟောင် မာနကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။
အမတလမ်းခရီးက အလွန်ချောမွေ့နေခြင်းက ကောင်းသောအရာတော့ မဟုတ်ပေ။
သူ့ဆီလာနေသော ကုအန်ကို တွေ့သောအခါ ဝူကျဲတစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
“မင်းအတွက် ဘာေကာင်းတာလေးယူလာလဲ ကြည့်ပါဦး” ကုအန် အသံထွက်ပေါ်လာခဲ့၏။
ထိုစကားကိုကြားသောအခါ ဝူကျဲ စိတ်မပါလက်မပါဟန်ဖြင့် မေးလိုက်သည်။
“ဘာကောင်းတာလေးလဲ”
ကုအန်သူ့သိုလှောင်အိတ်ထဲမှ အနီရောင်ပေါ်တွင် ရွှေရောင်ကွပ်ထားသော ကြေငြာတစ်ခုကို ထုတ်ယူလိုက်၏။ ထိုကြေငြာစာပေါ်တွင် စာလုံးကြီးလေးလုံးကို ရေးထိုးထားလေသည်။
ရွှေစာရင်းညီလာခံ!
“မင်း မင်းမှာဘယ်လိုလုပ် ဒါရှိနေတာလဲ” ဝူကျဲ အံ့ဩနေဟန်ဖြင့် မေးလိုက်၏။
ရွှေစာရင်းညီလာခံသည် လူတိုင်းပါ၀င်နိုင်သောအရာမဟုတ်ဘဲ ထိုပွဲတွင်ပါ၀င်ရန် မြင့်မားသော ဂုဏ်သိက္ခာနှင့် ၀င်ခွင့်အတွက် ထိပ်တန်းစိတ်ဝိညဉ်ဆယ်တုံး ပေးရန် လိုအပ်ပေသည်။
ရွှေစာရင်းညီလာခံတွင် ပေးသော ဆုကြေးမှာလည်း အလွန်မြင့်မားပြီး ထိပ်ဆုံးသို့ရောက်လေလေ ဆုကြေးမှာ ပိုများလေလေပင်။
ဝူကျဲထိုအကြောင်းကိုကြားကတည်းက ပါရမီရှင်များကို အားကျနေခဲ့ခြင်း ဖြစ်၏။
ကုအန် ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။
“အဲ့တာကိုရဖို့ ငါအတော်လေးအားစိုက်ထားရတာ”
“ဒါပေမယ့် ငါ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို အဲ့ဒီပွဲမှာပါတာက ဖြုန်းတီးမှုတစ်ခုသက်သက်ပဲမဟုတ်လား” ဝူကျဲ ခေါင်းယမ်းကာ ပြောလိုက်၏။
ကုအန် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ရွှေစာရင်းညီလာခံက ပါရမီကိုပဲ စမ်းသပ်မှာ ကျင့်ကြံခြင်းအဆင့်ကိုမဟုတ်ဘူး မင်းကမင်းကျင့်ကြံခြင်းအဆင့်မှာ အသန်မာဆုံးဖြစ်နေသရွေ့ အောင်မြင်ဖို့ အခွင့်အရေးရှိတယ်”
“တကယ်လား”
“တကယ်ပေါ့”
စည်းမျဉ်းတွေက ငါဆွဲထားတာကို ဘယ်လိုလုပ်မှားနိုင်မှာလဲ!
ဝူကျဲ၏ အကြီးမားဆုံးအားနည်းချက်မှာ ကျင့်ကြံခြင်းအရင်းအမြစ် နည်းပါးခြင်းဖြစ်မှန်း ကုအန်သိပေသည်။ ထိုကဲ့သို့ တစ်ယောက်တည်းနေနေခြင်းမှာ အဖြေမှန်တော့မဟုတ်ပေ။ ဝူကျဲလည်း ထိုအကြောင်းကိုသိရှိပြီး အောင်မြင်ချင်သော်လည်း သူတစ်ယောက်ယောက်ကို အကူအညီတောင်းရမှာ ရှက်ရွံ့နေခြင်းသာ ဖြစ်၏။
ဝူကျဲ ကြေငြာစာကိုယူလိုက်ကာ ကုအန်ကို ခပ်တင်းတင်းဖက်လိုက်ပြီး ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်။
“ညီကို ငါအများကြီးမပြောချင်ဘူး ဒါပေမယ့် အနာဂတ်မှာ ငါမင်းကိုဘယ်တော့မှ ပစ်ပယ်သွားမှာမဟုတ်ဘူးကွာ”
အကြိမ်ပေါင်းများစွာ ညဏ်အလင်းပွင့်ပြီးသည့်နောက် ဝူကျဲ လည်း သူ့ပြောင်းလဲမှုကို သတိထားမိပြီး ဖြစ်၏။ ထို့ကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိလာခဲ့သည်။
ထိုယုံကြည်မှုမှာ သန်မာမှုကြောင့်ရလာသော ယုံကြည်မှုပင် ဖြစ်၏။
ကုအန်ပြုံးကာပြောလိုက်သည်။
“မင်းမှာအချိန်ငါးနှစ်ကျန်သေးတယ် ကြိုးစားပြီးကျင့်ကြံထား နောက်ငါးနှစ်လုံး ငါမင်းဆီ လာဖြစ်မှာမဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ဝူကျဲ ရုတ်တရက် စိတ်ရှုပ်သွားခဲ့သည်။ “ဘာလို့လဲ ဘာကိစ္စက ငါးနှစ်ကြာအောင် လုပ်ရမှာမလို့လဲ”
“အဲ့တာက ဂိုဏ်းရဲ့အဓိက ကိစ္စတစ်ခုပါ မင်းကိုပြောပြဖို့ မသင့်တော်ဘူး” ကုအန် ခေါင်းခါကာပြောလိုက်၏။
ထိုအရာသည် ဤဖိတ်စာကြောင့် ဖြစ်နိုင်သလော။
ရုတ်တရက် ဝူကျဲ သူ့လက်ထဲတွင်ကိုင်ထားသော ဖိတ်စာ ကလေးလံလာသလို ခံစားလိုက်ရသည်။
ကုအန် သူ့ကိုသတိပေးလိုက်၏။ “ဆည်းဆာလက်သီးသိုင်းအပြင် လေပြင်းအရိပ်မဲ့ခြေထောက်သိုင်းကိုလည်း ကျင့်ဦး အဲ့တာက မင်းကိုပိုမြန်လာစေနိုင်လိမ့်မယ်”
ဝူကျဲ ခေါင်းညိတ်ပြလိုက်သည်။
ဤတစ်ကြိမ် ရွှေစာရင်းညီလာခံ၌ သူ၏ကိုယ်ပိုင်နာမည်တစ်ခုကို တည်ဆောက်ရပေတော့မည်!
….
နွေရာသီကုန်ဆုံးချိန် ဆန်းကြယ်တောင်ကြားထဲ၌
ကုအန် သစ်ပင်တစ်ပင်အောက်တွင် လဲလျောင်းနေကာ လက်တစ်ဖက်ကိုခေါင်းအုံးပြီး တစ်ဖက်က စာအုပ်ကိုကိုင်ကာ ဖတ်နေခဲ့သည်။
ထိုစဉ် သူ့ဆီပုံရိပ်တစ်ခုချဉ်းကပ်လာခဲ့ပြီး ထိုသူမှာ လီယမှလွဲ၍ အခြားမဟုတ်ပေ။
လီယသည် မြောက်ပင်လယ်ဓားကြီးကို ကျောတွင်လွယ်ထားဆဲဖြစ်ပြီး အနက်ရောင်ကိုယ်ကြပ်၀တ်စုံကို ၀တ်ဆင်ကာ ဆံပင်များကို ခေါင်းစည်းအ၀တ်စတစ်ခုနှင့် စုစည်းထားသောကြောင့် သူ၏ခန့်ညားသော ရုပ်သွင်မှာ ပေါ်လွင်နေခဲ့သည်။
“အဟမ်း အဟမ်း ဂျူနီယာညီလေးကု” လီယ ချောင်းတစ်ချက်ဟန့်၍ ခေါ်လိုက်၏။
အဓိပတိလျှို့ဝှက်မှတ်တမ်းများ…
မျှော်လင့်မထားဘဲ ဂျူနီယာညီလေးကုလည်း ထိုစာအုပ်ကို ဖတ်နေခဲ့သည်။
ကြည့်ရသည်မှာ ဇာတ်ကောင်နှင့်နာမည်တူနေသောကြောင့် သူညီလေး ထိုစာအုပ်ကို ကြိုက်နေပုံရသည်။
လီယ တိတ်တဆိတ်တွေးနေမိ၏။
ကုအန် အမြန်ထရပ်လိုက်ကာ စာအုပ်ကို ရင်ဘတ်ထဲ ထည့်ဖွက်လိုက်လေသည်။ သူအစကတည်းက လီယရောက်ရှိလာမှုကို သိထားပြီးဖြစ်သော်လည်းလီယက သူ့အရှိန်အဝါကိုဖုံးကွယ်သည့် မှော်သိုင်းတစ်ခုသုံးထားသောကြောင့် ကုအန် မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
“စီနီယာအစ်ကိုလီ ဘာကိစ္စရှိလို့ရောက်လာတာလဲ” ကုအန်အံ့ဩနေပုံဟန်ဆောင်လိုက်ပြီး မေးလိုက်၏။
လီယ ပြန်ပြောလိုက်သည်။ “ငါမပြန်တာကြာပြီဆိုတော့ ရွှေစာရင်းညီလာခံမစခင် ခန်းကျိုးကို ခဏပြန်မလို့လေ မင်းကို လာနှုက်ဆက်တာ”
ကုအန် ပြောလိုက်၏။ “အစ်ကိုတကယ်အလုပ်ရှုပ်နေတာပဲ ဒါနဲ့ အစ်ကိုအခု အရမ်းသန်မာနေပြီမဟုတ်လား”
လီယ မေးကိုပင့်လိုက်ကာ ဂုဏ်ယူနေဟန်ဖြင့်ပြောလိုက်သည်။
“အရမ်းတော့ မသန်မာပါဘူး ဒါပေမယ့် အခုချိန်ရွှေစာရင်းညီလာခံမှာ ထိပ်ဆုံး ဆယ်ယောက်ထဲ၀င်ဖို့က ခက်ခဲတဲ့အရာတော့ မဟုတ်ဘူး”
“မျှော်လင့်ထားသလိုပဲ အစ်ကိုလီက ကျွန်တော်တို့ ဆန်းကြယ်တောင်ကြားရဲ့ ဂုဏ်ဆောင်ပါပဲ”
“ဒါပေါ့”
“အစ်ကို ဒီနောက်ပိုင်းထပ်ပြီးတော့ရော ဒဏ်ရာမရဘူးမလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါတို့ခွဲပြီးကတည်းက ငါတစ်ခါမှ သွေးမထွက်တော့ဘူး ငါကအရင်လိုလူမဟုတ်တော့ပါဘူး” လီယ ခပ်တည်တည်ပြောလိုက်၏။
ကောင်းလိုက်တဲ့ သရုပ်ဆောင်!
ကုအန် လီယသူ့ကို ဘိုးဘေးကြီးဟုပင် ပြန်ခေါ်စေချင်သွားခဲ့သည်။
ထိုစဉ် လီယ သိုလှောင်အိတ်ထဲမှ ပစ္စည်းနှစ်ခုထုတ်လိုက်၏။ တစ်ခုမှာ ရွှေစာရင်းညီလာခံ ဖိတ်စာဖြစ်ပြီး နောက်တစ်ခုမှာ သစ်သားသေတ္တာတစ်လုံး ဖြစ်ပေသည်။
“ဒါက ရွှေစာရင်းညီလာခံ ဖိတ်စာပဲ မင်းလည်းပါ၀င်သင့်တယ် ဒီသေတ္တာထဲမှာကတော့ သက်တမ်း ၁သောင်း သစ်သားစိတ်ဝိညဉ်ဂျင်ဆင်းပါတယ် အဲ့တာကိုစားပြီး ငါးနှစ်အတွင်းချေဖျက်လိုက်ရင် မင်းစိတ်ဝိညဉ်စွမ်းအားက သိသိသာသာတိုးတက်လာလိမ့်မယ်” လီယ ရှင်းပြလိုက်၏။
ကုအန် ဆွံ့အသွားခဲ့သည်။
လီယပစ္စည်းများကို ကုအန်လက်မောင်းထဲ ထိုးထည့်လိုက်ပြီး ပြောလိုက်၏။
“ငြင်းဖို့မကြံနဲ့ ငြင်းရင်ငါစိတ်ဆိုးမှာ”
ပြောပြီးသည်နှင့် လီယ ထွက်ခွာသွားခဲ့လေသည်။
ကုအန် သူ့ကိုအမြန်အော်ပြောလိုက်၏။
“ဒီလိုပဲ ထွက်သွားတော့မှာလား”
လီယသူ့ကို လက်ပြလိုက်ကာ ပြောလိုက်သည်။
“အမတလမ်းစဉ်ကို လျှောက်လှမ်းနေတုန်း တွန့်ဆုတ်နေဖို့အချိန်မရှိဘူး မင်းငါ့ကိုထပ်တွေ့ချင်ရင် ရွှေစာရင်းညီလာခံမှာ ကောင်းကောင်းအစွမ်းပြနိုင်ဖို့ ကြိုးစားထား”
ထို့နောက် သူခုန်တက်သွားခဲ့ကာ ဓားပျံကိုစီး၍ တောင်တန်းများကြား ပျောက်ကွယ်သွားခဲ့၏။
ကုအန် သူ့လက်ထဲရှိဖိတ်စာကိုကြည့်ကာ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့မိသည်။
တောင်ထိပ်တစ်ခုပေါ်တွင် ချူကျင့်ဖုန်း ထွက်ခွာသွားသော လီယပုံရိပ်ကို ကြည့်ပြီး မျက်မှောင်ကိုခပ်တင်းတင်းကြုံ့ထားမိ၏။
သူလီယကို မှတ်မိလေသည်။ အရင်ကလီယသည် မင်းသားတစ်ပါးဖြစ်ပြီး သူလီယကို ကြိုးကြိုးစားစားကျင့်ကြံရန် အကြိမ်အနညး်ငယ် ပြောခဲ့ဖူး၏။
သို့သော် နှစ်ပေါင်းများစွာကြာသွားသောအခါ သူတို့အခြေအနေက မိုးနဲ့မြေပမာ ကွာခြားသွားခဲ့ပြီး ကံဆိုးစွာဖြင့် သူက မိုး မဟုတ်ခဲ့ပေ။
ကုအန် ခြောက်ကပ်ကပ်တစ်ချက်ပြုံးလိုက်ပြီး ပစ္စည်းများကို သိုလှောင်အိတ်ထဲ ထည့်လိုက်လေသည်။
….
..
နောက်တစ်နှစ်၏ နွေဦးရာသီ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
ထို့နေ့တွင် ဆန်းကြယ်တောင်ကြား၌ အလွန်စည်ကားနေခဲ့၏။
ကုအန် အခုမှ တတိယတောင်ကြားမှပြန်လာခြင်းဖြစ်ပြီး ဆန်းကြယ်တောင်ကြားရှိ သူ့တပည့်များနှင့် နွေဦးပွဲတော်ဆင်နွှဲရန် ပြန်လာခြင်းဖြစ်သည်။ ယခုအခါ ကုအန် စားပွဲရှည်ကြီး၏ ထိပ်ဆုံးတွင် ထိုင်နေခဲ့ပြီး သူ့ညာဘက်တွင် ကျန်းချင် ထိုင်နေကာ သူ့အား ဝိုင်ငှဲ့ပေးရင်း အမတကျင့်ကြံခြင်းကမ္ဘာကြီးအကြောင်း ပြောပြနေခဲ့၏။
“ကျွန်မတို့ အိမ်နီးချင်း မဟာကျင်းမင်းဆက်မှာ အာဃာတဓားသိုင်းထပ်ပေါ်လာပြန်ပြီ အဲ့ဒီဓားသမားရဲ့ အာဃာတဓားသိုင်းက ပြောင်းလဲခြင်းအဆင့်ကိုတောင် ရောက်နေပြီတဲ့ နောက်ပြီးသူ့မှာ မိစ္ဆာအဖော်တွေလည်းရှိနေသေးတယ် ကြောက်စရာကြီး အဲ့တာက အစ်ကိုစုဟန်ဖြစ်နေမှာ ကျွန်မကြောက်မိတယ်…” ကျန်းချင် အဆုံးသတ်တွင် သက်ပြင်းချကာ ပြောလိုက်သည်။
ကုအန်ပြောလိုက်၏။
“သူကနင့်စီနီယာအစ်ကိုကြီးမဟုတ်တော့ဘူး အနာဂတ်မှာ သူ့အကြောင်းအဲ့လိုမပြောနဲ့ အဲ့တာက နင်ရော ဆန်းကြယ်တောင်ကြားကိုပါ ဒုက္ခရောက်စေလိမ့်မယ်”
ကျန်းချင်ငြင်းချင်သော်လည်း အခန်းထဲရှိ ဆန်းကြယ်တောင်ကြားတပည့်များ မြင်လိုက်သောအခါ တိတ်ဆိတ်၍သာ နေလိုက်ရ၏။
ဝိုင်တစ်ကရားကုန်သောအခါ ကျန်းချင် ပြန်၍ စကားသွက်လာပြန်ပြီး အန်းဟောင်အကြောင်းကို အားကျဟန်ဖြင့် မမောနိုင် မပန်းနိုင် ပြောနေပြန်သည်။
ကုအန် နားထောင်နေရင်း တစ်ခုခုကို အာရုံခံလိုက်မိ၍ ရုတ်ချည်း သူ့အမူအရာပြောင်းလဲသွားခဲ့ဧ်။။
ကျန်းချင် ပြောပြီးသောအခါ ကုအန် ပြောလိုက်သည်။
“ဆရာအခန်းထဲ ပြန်လိုက်ဦးမယ် အန်းဟောင်နဲ့ ၀မ်းယင်ဂိုဏ်းက မိစ္ဆာခေါင်းဆောင်အကြောင်းကတော့ နောက်မှဆက်နားထောင်ကြတာပေါ့”
ပြောပြီးသည်နှင့် ကုအန်ထရပ်ကာ သူ့အခန်းထဲ ပြန်သွားခဲ့၏။
ကျန်းချင်လည်း ဘာမှဆက်မပြောတော့ဘဲ လုကျိကျားနှင့်သာ ခွက်ချင်းတိုက်၍ ဆက်သောက်နေခဲ့သည်။
ကုအန် သူ့အခန်းထဲရောက်သောအခါ အခန်းကို စည်းပိတ်လိုက်ပြီး ခြေတစ်လှမ်းတည်းနှင့် မိုင်တစ်ရာအဝေးသို့ ရောက်ရှိသွားခဲ့၏။
မှောင်မိုက်နေသော တောအုပ်ထဲတွင် ကြောက်မက်ဖွယ် တစ္ဆေပုံရိပ် ၁၃ခုသည် စုဝေး၍လှုပ်ရှားနေခဲ့ကာ သူတို့ထဲမှ လေးယောက်က ခေါင်းတလားကြီးတစ်လုံးကို သယ်ဆောင်ထားခဲ့သည်။
သူတို့သည် သူတို့အား အရိပ်ထဲမှ တိတ်တဆိတ်ထောက်လှမ်းနေသော ကုအန်၏ တည်ရှိမှုကို သတိမထားမိခဲ့ကြပေ။
တစ်သားတည်းဖြစ်ခြင်းအဆင့် အဖွဲ့တစ်ဖွဲ့!
အပိုင်း(၁၂၆)
အမတဘုရင်သရဖူ၊ မကောင်းဆိုးဝါးဧကရာဇ်
ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ တောအုပ်ထဲရှိ လူဆယ့်သုံးယောက်ကို စစ်ဆေးလိုက်သောအခါ ထိုလူဆယ့်သုံးယောက်လုံးသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၃များဖြစ်နေကြပြီး ကျင့်ကြံခြင်းသာ မက အသက်များလည်း တူနေသော လီမျိုးရိုးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကုအန်အရင်က အမတကျင့်ကြခြင်းမ္ဘာကို ဒုက္ခပေးခဲ့သော မြေအောက်ကိုးသွယ် မကောင်းဆိုးဝါး၁၃ဖော်ကို သတိရသွားခဲ့သည်။
ထိုလူများသည် အဓိပတိဂိုဏ်းတွင် ဘာလုပ်နေသနည်း။
ရွှေစာရင်းညီလာခံ ကျင်းပရန်မှာလည်း နှစ်ပေါင်းများစွာ လိုနေသေး၏။
ထိုလူများသည် အလျင်အမြန်လှုပ်ရှားနေခြင်းမဟုတ်သောကြောင့် ကုအန်လည်း ၀င်မတားသေးဘဲ သူတို့ဘာလုပ်နေလဲဆိုတာကိုသာ စောင့်ကြည့်နေခဲ့သည်။
ကုအန် ခေါင်းတလားထဲကို နတ်အာရုံသုံး၍ ကြည့်လိုက်သောအခါ တွင်မူ အခေါင်းထဲတွင် အရိုးစုတစ်ခုရှိနေပြီး ထိုအရိုးစု၏ခေါင်းတွင် သရဖူတစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသရဖူရှိ ရတနာများမှာ ပျောက်ဆုံးနေပြီး ရတနာများနေရာ၌ အပေါက်များသာရှိတော့သော်လည်း သူ့ပုံစံမှာ ဆန်းကြယ်နေဆဲပင်။
ဤသို့ဖြင့် အမွှေးတိုင်၀က်ထွန်းစာ အချိန်လောက် ကြာသွားခဲ့၏။
ပုံရိပ်ဆယ့်သုံးခု ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့ကြပြီးရှေ့ဆုံးရှ်ိ လီရှောင်ယူ နောက်လှည့်၍ အကုန်လုံးကို အချက်ပြလိုက်သည်။ ထိုအခါ သူ့နောက်ရှိ ခေါင်းတလားကိုသယ်ဆောင်လာသော လေးယောက် ခေါင်းတလားကိုချပြီး အဖုံးကိုဖွင့်ရန် ပြင်လိုက်ကြ၏။
အဖုံးကြွလာသည့် အခိုက်အတန့်တွင် ရုတ်ချည်း လက်တစ်ဖက်ထွက်ပေါ်လာပြီး ခေါင်းတလားအဖုံးကို ပြန်ဖိချထားလိုက်လေသည်။
မကောင်းဆိုး၀ါးဆယ့်သုံးဖော် ခေါင်းတလားအစွန်းကိုကြည့်လိုက်သောအခါတွင်မူ ခရမ်းရောင်မိစ္ဆာချီများဖြင့် ဖုံးလွှမ်းထားပြီး ညာလက်က ခေါင်းတလားအဖုံးကိုဖိချထားသော ကုအန်ကို တွေ့လိုက်ကြရ၏။
တောအုပ်မှာ တိတ်ဆိတ်သွားခဲ့သည်။
မကောင်းဆိုးဝါးဆယ့်သုံးဖော် ထွက်ပြေးခြင်းရော တိုက်ခိုက်ခြင်းရောမလုပ်ဘဲ လီရှောင်ယူ ကိုသာ ကြည့်လိုက်ကြ၏။
သူတို့ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်လို ဝေဝါးကာ နက်မှောင်နေသောကြောင့် သူတို့မျက်နှာရှိ ခံစားချက်များကို မမြင်နိုင်ခဲ့ပေ။
လီရှောင်ယူ ခေါင်းညိတ်ပြလိုက်ပြီး ဒူးထောက်ချလိုက်ရာ ကျန်လူများအားလုံးလည်း လိုက်၍ ဒူးထောက်လိုက်ကြလေသည်။
“မြေအောက်ကိုးသွယ် လီ ၁၃ဖော်က ဆရာသခင်ဓားအရှင်ကို ဂါရ၀ပြုပါတယ်”
လီရှောင်ယူ အသံနက်ကြီးဖြင့်ပြောလိုက်ပြီး သူ့အသံမှာ မကျယ်လောင်သော်လည်း ပီသနေဆဲပင်။
ထိုကောင်များသည် သူ့ကိုတွေ့ဖို့ လာခြင်းလောဟု ကုအန် တွေးမိသွား၏။
သူတို့လှူပ်ရှားမှုများမှာ အလွန်သိသာနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကုအန် ပြောလိုက်သည်။
“မင်းတို့ကို မသတ်ဖို့ အကြောင်းပြချက်တစ်ခုပေး”
လီဆယ့်သုံးဖော်သည် တကိုယ်လုံးကို တစ္ဆေချီများဖြင့် ဖုံးအုပ်ထားသောကြောင့် တစ္ဆေကျင့်ကြံသူများဖြစ်မှန်း ထင်ရှားလှသည်။ သို့သော် သူတို့ကိုယ်၌ ချီသွေးနှင့်ရှင်သန်ခြင်း အရိပ်အယောင်များလည်း ရှိနေကြသေး၏။
လီရှောင်ယူ တုန့်ပြန်လိုက်သည်။
“ကျွန်တော်တို့က ဆရာသခင်ဓားအရှင် အမတကုန်းမြေမှာ ဆရာသခင်ဓားအရှင်ရဲ့ရာထူးကို ပြန်လည်ရယူတဲ့ေနရာမှာ အကူအညီအဖြစ် လက်ဆောင်တစ်ခုပေးဖို့ တစ္ဆေမိခင်က လွှတ်လိုက်တဲ့ မြေအောက်ကိုးသွယ်လီ ၁၃ဖော်ပါ”
တစ္ဆေမိခင်လား!
ကုအန်စိတ်ထဲတွင် အံ့ဩမှုများ တိုးလာခဲ့ရသည်။ လီ၁၃ဖော်ထက် ကျင့်ကြံခြင်းတစ်ဆင့်နိမ့်သော တစ္ဆေမိခင်က သူ့တို့ကို ဘယ်လို အမိန့်ပေးနေနိုင်ပါသနည်း။
“ဘာလို့လဲ” ကုအန် မေးလိုက်၏။
သူတို့ဆီမှ မည်သည့်ရန်လိုမှုကိုမှ မခံစားမိနေရော သူတို့လိမ်နေတာမျိုးလည်း မဖြစ်နိုင်ပေ။
လီရှောင်ယူ ဖြေလိုက်သည်။
“အဲ့တာက တစ္ဆေမိခင်ရဲ့အမိန့်ပါ သူက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒကို ကောင်းကင်ပြုပြင်စင်မြင့်မှာ နှစ်ပေါင်းများစွာလေ့လာခဲ့ပြီး ဆရာသခင်ဓားအရှင်က ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တတ်မြောက်ထားတယ်ဆိုတာ သိသွားခဲ့တယ်
အဲ့ဒီဓားသိုင်းက ထိုက်ကန်မင်းဆက်တော်၀င်မိသားစုဆီကနေ ဆင်းသက်လာတာပါ ဒါပေမယ့် တကယ်တော့ အဲ့ဒီဓားသိုင်းကိုတီထွင်ခဲ့သူက လီမိသားစု ဘိုးဘေးမဟုတ်ဘူး သူက တစ္ဆေမိခင်ရဲ့ ဘိုးဘေးဖြစ်တဲ့ အမတဘုရင် ပါ”
“အဲ့ဒီအကြောင်းပြချက်ကြောင့် တစ္ဆေမိခင်က တခဏဂိုဏ်းရဲ့ ဘိုးဘေးအမွေအနှစ်ကို ရှာလိုတဲ့ရည်ရွယ်ချက်နဲ့ ထိုက်ကန်မင်းဆက်အဖျက်ဆီးမခံရသေးခင် ဒီကိုလာခဲ့တာ လွန်ခဲ့တဲ့နှစ် နှစ်ရာကတည်းက သူရောက်နေခဲ့ပေမယ့် ကံဆိုးတာက လီမိသားစု ဆက်ဆံသူတွေအကုန်လုံးက အရမ်းအားနည်းကြပြီး ဘယ်သူမှ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို မတတ်မြောက်ကြဘူး အဲ့တာကြောင့် သူ့မှာ ဆက်စောင့်နေဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ဘူး”
တကယ်တော့ ကုအန် ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို လီမိသားစုဆီမှ ရရှိခဲ့ခြင်းဖြစ်ပြီးထိုသိုင်းက တခဏဂိုဏ်းမှ ဆင်းသက်လာသည်ဟု မထင်ခဲ့ပေ။
“မင်းတို့ တစ္ဆေမိခင်က ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို လိုချင်လို့လား” ကုအန် မေးလိုက်သည်။
လီရှောင်ယူ ပြန်ဖြေလိုက်၏။
“တစ္ဆေမိခင်က ဆရာသခင်ဓားအရှင်ကို တခဏဂိုဏ်းကို ပြန်လိုက်လာပြီး ထိုက်ကန်နတ်မင်သက်ဓားသိုင်းရဲ့ ဓားဆန္ဒကိုသုံးပြီး ဂိုဏ်းချုပ်ရာထူးကို ပြန်ယူစေချင်တာပါ”
ထိုစကားကြောင့် ကုအန် တိတ်ဆိတ်သွားခဲ့၏။
ဤအရာသည် မည်သို့သော လှည့်ကွက်ဖြစ်နိုင်ပါသနည်း။
ဝံပုလွေကိုတိုက်ဖို့ ကျားကိုခေါ်ခြင်းလော။
ထို့နောက် ကုအန် အခေါင်းဖုံးအား တွန်းဖွင့်လိုက်လေသည်။
သူ့အကြည့်အရိုးစုပေါ် ရောက်သွားသောအခါ အရိုးစုပင်ဖြစ်နေသော်လည်း ထိုအရိုးစုဆီမှ အပြစ်သားခံစားချက်မျိုးရနေပြီး ပိုသေချာစေရန် ကုအန် သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။
[မကောင်းဆိုးဝါးဧကရာဇ်(မဟာယနအဆင့်၅): ၇၆၀၀/၉၉၉၉/၉၉၉၉]
အံ့ဩစရာပဲ!
သူထိုအရိုးစုကို သက်တမ်းစစ်ဆေး၍ ရနေဆဲဖြစ်ပြီး သူ့သက်တမ်းအကန့်အသတ်မှာလည်း အန်းဟောင်နှင့် အတူတူ ဖြစ်နေခဲ့သည်။
ကုအန် လန့်၍ ထခုန်မိမတတ်ဖြစ်သွားသော်လည်း မကောင်းဆိုးဝါးဧကရာဇ်၏ အရိုးစုကိုသာ သေချာပြန်ကြည့်လိုက်၏။
ထို့နောက် ကုအန် မျက်လံုးများ ရုတ်ချည်းကျယ်သွားကာ သူ့မျက်လံုးမှ အေးစက်စက်အလင်းတန်းနှစ်ခု ထွက်လာခဲ့လေသည်။
ဝုန်းးး!
အခေါင်းထဲရှိ မကောင်းဆိုးဝါးဧကရာဇ်၏ အရိုးများ ပြာဖြစ်သွားခဲ့ကာ အခေါင်းထဲတွင် သရဖူသာ ကျန်ခဲ့ပြီး အခေါင်းအောက်ခြေတွင်တော့ အပေါက်နှစ်ပေါက် ကျန်ရစ်ခဲ့၏။
မြေအောက်ကိုးသွယ် လီ ၁၃ဖော် တစ်ချက်မော့ကြည့်လိုက်သော်လည်း ထို့နောက်တွင်တော့ ခေါင်းကိုသာ ပြန်ငုံ့ထားလိုက်ကြသည်။
ကုအန် ရှေ့တွင် စာတစ်ကြောင်းပေါ်လာခဲ့၏။
[သင်သည် မကောင်းဆိုးဝါးဧကရာဇ်(မဟာယနအဆင့် ၅)ကို သုတ်သင်ပြီး သက်တမ်း ၃၂၀ ရရှိခဲ့ပါသည်]
ကုအန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သေစမ်း!
သေအောင်ကြောက်စရာကောင်းတာပဲ!
ဘယ်သူက ထိုအရိုးစုကြီးသည် အသက်ရှိနေဆဲဖြစ်ပြီး ကျင့်ကြံခြင်းကလည်း မဟာယနအဆင့် ၅ ရှိမည်ဟု ထင်ထားပါမည်နည်း။
ထိုအခိုက်တွင် သူသည် လူပေါင်းများစွာ၏ ကပ်ဘေးကို ရှင်းလင်းပေးလိုက်သလို ခံစားလိုက်ရသည်။
မကောင်းဆိုးဝါးဧကရာဇ်ဟူသော နာမည်မှာ ဘယ်လိုကြည့်ကြည့် ကောင်းသည့်နာမည်မျိုးတော့ မဟုတ်ပေ။
ထို့အပြင် ထိုလူက သေချင်ယောင်ဆောင်၍ အခေါင်းထဲတွင် ပုန်းအောင်းနေလေရာ သူ့တွင် မကောင်းသည့် လျှို့ဝှက်အကြံအစည်တစ်ခုခုလည်း ရှိနေနိုင်သေးသည်။
ကုအန် စိတ်ဝိညဉ်စွမ်းအင်သုံးကာ အမတဘုရင်သရဖူကို သူ့ရှေ့သို့ ဆွဲယူလိုက်၏။ သူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက်မထိစေရန် သူ့စိတ်ဝိညဉ်စွမ်းအင်ကိုသာ သုံးခြင်း ဖြစ်ပေသည်။
ကုအန် လီရှောင်ယူကို တစ်ချက်ကြည့်ကာ မေးလိုက်၏။
“မင်းမကောင်းဆိုးဝါး ဧကရာဇ်ကိုသိလား”
ထိုစကားကြောင့် လီရှောင်ယူ တခဏတွန့်ဆုတ်သွားပြီး ပြန်ဖြေလိုက်လေသည်။
“အရိုးသားဆုံးပြောရရင် ဒီအရိုးစုက မကောင်းဆိုးဝါး ဧကရာဇ်ရဲ့ အရိုးစုပါ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက တခဏဂိုဏ်းက ဖရိုဖရဲဖြစ်ခဲ့ပြီး မကောင်းဆိုးဝါးဧကရာဇ်က သစ္စာဖောက်တစ်ယောက်ရဲ့ အဆိပ်ခတ်လုပ်ကြံတာကိုခံလိုက်ရပြီး စိတ်ဝိညဉ်စွမ်းအင်စုစည်းလို့မရ ဖြစ်သွားခဲ့တယ် အဲ့ဒီအချိန်မှာ သူက အမတဘုရင်သရဖူကို ၀တ်ဆင်ခဲ့ပြီး ရုတ်ချည်း သူ့အသက်ဓာတ်ကျဆင်းသွားပြီး အရိုးစုအဖြစ်ပြောင်းလဲသွားခဲ့တယ် အဲ့တာကြောင့် တခဏဂိုဏ်းက ဒီသရဖူကို မကောင်းဆိုးဝါးလက်နက်တစ်ခုလို့ မြင်ပြီး ဘယ်သူမှ မထိရဲကြဘူး”
“အဲ့တာကို သိနေတာတောင် မင်းတို့က ငါ့ဆီဒါကိုယူလာရဲသေးတယ်ပေါ့” ကုအန် အသံမှာ သတ်ဖြတ်ခြင်းဆန္ဒများဖြင့် အေးစက်နေခဲ့သည်။
လီရှောင်ယူ ခပ်အေးအေးသာ တုန့်ပြန်လိုက်၏။
“တကယ်လို့ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကိုသာ တတ်မြောက်မယ်ဆိုရင် အမတဘုရင်သရဖူက ဓားဆန္ဒကိုမှတ်မိပြီး သူသခင်ကို အသိအမှတ်ပြုပါလိမ့်မယ် ဒီသရဖူရဲ့ မူလပိုင်ရှင်က ထိုက်ကန်နတ်မင်သက်ဓားသိုင်းကိုဖန်တီးခဲ့တဲ့လူနဲ့ အတူတူပါပဲ”
ကုအန် ဆက်မေးလိုက်သည်။
“တစ္ဆေမိခင်နဲ့ မကောင်းဆိုးဝါးဧကရာဇ်ကရော ဘယ်လိုဆက်စပ်နေတာလဲ”
“တစ္ဆေမိခင်က မကောင်းဆိုးဝါးဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်ပါ”
“အဲ့တာဆိုသူကဘာလို့ သူ့ဘိုးဘေးရဲ့ အရိုးစုကို ငါ့ဆီယူလာတာလဲ ဘိုးဘေးကိုစော်ကားမိမှာမကြောက်ဘူးလား”
“တစ္ဆေမိခင်က သူ့ရဲ့သွေးမျိုးဆက်ကို မုန်းတီးပါတယ် သူမငယ်ငယ်တုန်းက သူမအဖေက သူမကို မကောင်းဆိုးဝါးတစ္ဆေတစ်ကောင်အဖြစ် အတင်းပြောင်းလဲပစ်ခဲ့တာ အဲ့တာကြောင့် သူကသူမနဲ့ သွေးမျိုးဆက်ဆက်စပ်မှုမရှိတဲ့ လီမိသားစု၀င်တစ်ယောက်ယောက်ကို ရှာဖွေခဲ့တာ တကယ်တော့ လီမိသားစုမူလဘိုးဘေးကတခဏဂိုဏ်းရဲ့ တပည့်တစ်ယောက်သက်သက်ပါပဲ
သူမက ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တစ်ယောက်ယောက်ကို တတ်ကျွမ်းစေပြီး အဲ့ဒီဓားသိုင်းနဲ့ ဂိုဏ်းချုပ်ရာထူးကိုယူပြီး ဂိုဏ်းကိုလက်စားချေချင်ခဲ့တာလေ”
“မင်းတို့ငါ့ကို ရှာတွေ့မယ်လို့ ဘာလို့သေချာနေခဲ့တာလဲ”
“တစ္ဆေမိခင်ကပြောဖူးတယ် ကျွန်တော်တို့ ကောင်းကင်ပြုပြင်စင်မြင့်ရှိတဲ့ အပြင်စည်းမြို့ကို ချဉ်းကပ်မိတာနဲ့ ဘယ်လောက်ပဲ စွမ်းအင်ဖုံးကွယ်နိုင်တဲ့ နည်းစနစ်တွေသုံးသုံး ကျွန်တော်တို့ကြားက စွမ်းအားကွာခြားချက်ကြောင့် ကျွန်တော်တို့ကို ဆရာသခင်ဓားအရှင်က သတိထားမိသွားလိမ့်တယ်တဲ့”
သူတို့၏ စွမ်းအင်ဖုံးကွယ်နည်းစနစ်များမှာ အလွန်ကြောက်စရာကောင်းလှပြီး ကုအန် တစ်ယောက်သာ သူတို့ကို သတိထားမိခဲ့၏။
အခုထိ သူတို့ကိုယ်မှ မည်သည့်စွမ်းအင်အငွေ့အသက်မှ ထွက်မလာခဲ့ပေ။
ကုအန် နောက်ထပ်မေးခွန်းများ ဆက်မေးခဲ့ပြီး လီရှောင်ယူကလည်း ဖြေကြားခဲ့ရာ ဤသို့ဖြင့် မိနစ်သုံးဆယ် ကုန်သွားခဲ့သည်။
ထို့နောက် ကုအန်ပြောလိုက်၏။
“ငါဒီ အမတဘုရင်သရဖူကို ယူထားလိုက်မယ် မင်းတို့သွားလို့ရပြီ”
လီရှောင်ယူ သူ့သိုလှောင်အိတ်ထဲမှ ပုလွေတိုတစ်ချောင်းကိုထုတ်ကာ ပြောလိုက်သည်။
“ဒါက မြေအောက်ကိုးသွယ် ပုလွေပါ ဆရာသခင်ဓားအရှင်ဒါကို မှုတ်လိုက်တာနဲ့ ဆရာသခင်ဓားအရှင်ရဲ့ အမိန့်ကိုနာခံဖို့ ချက်ချင်းအရောက်လာခဲ့ပါ့မယ် အခုကစပြီး ဆရာသခင်ဓားအရှင်က တခဏဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါပဲ အနည်းဆုံးတော့ ကျွန်တော်တို့ စိတ်ထဲမှာပေါ့”
ကုအန် ပုလွေကိုမယူခင် ထောင်ချောက်များ ပါမပါ စစ်ဆေးပြီးမှသာ ယူ၍ သိုလှောင်အိတ်ထဲ ထည့်လိုက်ဧ။်။
ထို့နောက် မြေအောက်ကိုးသွယ် မကောင်းဆိုးဝါး ၁၃ဖော်ကို ထွက်သွားရန် အချက်ပြလိုက်လေသည်။
မြေအောက်ကိုးသွယ်မကောင်းဆိုးဝါးဆယ့်သုံးဖော်လည်း ခေါင်းတလားကိုပြန်မကာ ကုအန်ကိုအရိုအသေပေးလိုက်ပြီး ထွက်ခွာသွားခဲ့ကြ၏။
ကုအန်ချက်ချင်း တောင်ကြားသို့ ပြန်မလာခဲ့ပေ။ ထိုအစား သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ သူ့ရှေ့ရှ်ိ အမတဘုရင်သရဖူကို ကြည့်နေမိသည်။
“လီရှောင်ယူ ပြောစကားအရ လူသားကမ္ဘာတွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အမတမင်းဆက်ဟုခေါ်သော မင်းဆက်တစ်ခုရှိခဲ့ပြီး လူသားတိုင်းက ကျင့်ကြံခြင်းကို ကျင့်ကြံနိုင်ကြသည်။ ထိုမင်းဆက်တွင် ဧကရာဇ်မရှိဘဲ မင်းဆက်တစ်ခုလုံး၏ အုပ်ချုပ်သူမှာ အမတဘုရင်ဖြစ်ပြီး အမတဘုရင်က ကုန်းမြေတစ်ခုလုံးနှင့် အမတများကို အမိန့်ပေး အုပ်ချုပ်၏။
သို့သော် အမတမင်းဆက်သည် တဖြည်းဖြည်းနှင့် မဆုံးနိုင်သော ကျုးကျော်မှုများ ကျင့်ကြံသူများ အတွင်းမိစ္ဆာဖြစ်ပေါ်မှုများ နှင့် ကပ်ဘေးမျိုးစုံကို ခံစားခဲ့ရပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း ပျက်ဆီးသွားခဲ့ရသည်။
အမတဘုရင်သည် ရှင်သန်ကျန်ရစ်ခဲ့သော်လည်း အမတမင်းဆက်မှာတော့ မရှိတော့ပေ။ သူလည်း သူ့ကိုယ်သူ အမတဘုရင်ဟု မသုံးနှုန်းဝံ့တော့ဘဲ ကောင်းကင်၏စွမ်းအားကိုလည်း စိန်မခေါ်ရဲတော့ပေ။
နောက်နှစ်ပေါင်းများစွာကြာသောအခါ သူ့မျိုးဆက်များက တခဏဂိုဏ်းကို တည်ထောင်ခဲ့ကြ၏။ ဂိုဏ်းချုပ်များထဲမှ တစ်ယောက်မှာ ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တီထွင်ခဲ့ပြီး ထိုဓားသိုင်း၏ ဓားဆန္ဒမှာ ကောင်းကင်နှင့် အဆင့်မြင့်တည်ရှိမှုများကိုပင် အံ့အားသင့်သွားစေခဲ့သောကြောင့် နတ်မင်သက် ဟူသော နာမည်ကို ပေးခဲ့ခြင်း ဖြစ်သည်။ ထိုဂိုဏ်းချုပ်က သူသည် သူ့ဘိုးဘေးအမတဘုရင်၏ အဆင့်မျိုးကိုရောက်ရှိနေပြီဟု ယုံကြည်ခဲ့သော်လည်း ကံဆိုးစွာဖြင့် သူ့တစ်သက်လုံး ထိုအဆင့်သို့ မရောက်ခဲ့ပေ။
သူ့ဘ၀၏ နောက်ဆုံးနေ့များတွင်သူသည် သူ့ကျင့်ကြံခြင်းကိုသံုး၍ အမတဘုရင်သရဖူကို သွန်းလုပ်ခဲ့လေသည်။ ထိုသရဖူထဲတွင် သူ့ဘိုးဘေး အမတဘုရင်၏ စွမ်းအားများပါရှိပြီး နောက်တက်သည့် ဂိုဏ်းချုပ်အဆက်ဆက်က ထိုစွမ်းအားကိုထုတ်ဖော်ရန် ကြိုးစားခဲ့သော်လည်း ဘယ်သူမှ မအောင်မြင်ခဲ့ကြပေ။
ကုအန် သရဖူကို နတ်အာရုံသုံး၍ ဖောက်ကြည့်သော်လည်း သူ့မဟာယနအဆင့် ၉ စွမ်းအားနှင့်ပင် ဖောက်မရခဲ့ပေ။
သူသူ့ဓားဆန္ဒသုံး၍လည်း မစမ်းရဲပေ။ အကယ်၍ လီရှောင်ယူလိမ်နေတာမဟုတ်ရင်တောင် ဘယ်သူမှ ထိုထဲကို ဓားဆန္ဒထည့်၍ မစမ်းဖူးသေးပေ။ သူထိုသို့လုပ်လိုက်ပါက ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက သိနိုင်မည်နည်း။
ထိုသို့တွေးမိပြီးနောက် ကုအန် ဤမှော်လက်နက်သည် အတော်လေး ဆိုးဝါးပြီး သူ့အနားတွင်မထားသင့်ဘူးဟု ခံစာလိုက်ရသည်။
ထို့နောက် သူမတ်တပ်ရပ်လိုက်ပြီး အကန့်အသတ်မဲ့ လွတ်လပ်ခြင်း ခြေလှမ်းကိုသုံးကာ မြောက်ပင်လယ်တောင်တန်းဒေသဆီ ဦးတည်ခဲ့၏။
ထိုဒေသသို့ရောက်သောအခါ ကုအန် မြောက်ပင်လယ်ထဲ ထိုးဆင်းလိုက်ပြီး သရဖူနှင့် ပုလွေတိုကို မြောက်ပင်လယ်အောက်ခြေရှိ ရွှံ့နွံများထဲတွင် စည်းတံဆိပ်များခတ်၍ ချိတ်ပိတ်ခဲ့လိုက်သည်။
သူအဆင့်ကြီးအနည်းငယ်တက်ပြီးမှသာ ထိုအရာကို ပြန်စစ်တော့တော့မည် ဖြစ်၏။
နောက်ဆုံးတွင် ကုအန်အတွက် အမတဘုရင်၏ စွမ်းအားကို ငှားသုံးရန်လည်း လိုမနေပေ။
အားလုံးပြီးသောအခါမှသာ ကုအန် ဆန်းကြယ်တောင်ကြားသို့ပြန်၍ သူ့တပည့်များနှင့်အတူ နွေဦးပွဲတော်ကို ဆက်လက်ဆင်နွှဲခဲ့လေသည်။
….
မြေအောက်ကိုးသွယ် မကောင်းဆိုးဝါး ၁၃ဖော် ပြန်သွားပြီးကတည်းက ကုအန်ဘ၀သည် ပုံမှန်ပြန်ဖြစ်သွားခဲ့ကာ ဘာနှောင့်ယှက်မှုမှ မခံရတော့ပေ။
ဤသို့ဖြင့် အချိန်သုံးနှစ် ကုန်ဆုံးသွားခဲ့ပြီး ကုအန်အသက် ၇၀ ပြည့်သွားခဲ့၏။
ထိုနေ့၌ ထျန်းယ တောင်ကြားတွင်
ကုအန် ဆေးပင်ခူးပြီး သိုလှောင်ခန်းထဲ ထည့်အပြီးပြန်အလာတွင် လုရှန် သူ့ဆီချဉ်းကပ်လာတာကို တွေ့လိုက်ရသည်။
သူ့ကိုမြင်သောအခါ လုရှန် အမူအရာ မအီမသာဖြစ်သွားခဲ့ရ၏။
ကုအန်ကိုရှုံးပြီးကတည်းက သူအပြင်းအထန်ကြိုးစားလေ့ကျင့်ခဲ့ပြီး သူ့ကျင့်ကြံခြင်းသည် အလျင်အမြန်တိုးတက်လာခဲ့ကာ စိတ်ဝိညဉ်အခြေတည်အဆင့် ၆ သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
အသက် ၉၉နှစ်အရွယ် စိတ်ဝိညဉ်အခြေတည်အဆင့် ၆ တစ်ယောက်!
သို့သော်လည်း လုရှန် မှာ ရှုံးနိမ့်သည်ဟု ခံစားနေရဆဲပင်။ သူဆေးများ အများအပြားသုံး၍ မရပ်မနားကြိုးစားခဲ့သော်လည်း အသက် ၁၀၀မပြည့်ခင်တွင် နတ်အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်နိုင်ခဲ့သေးပေ။
“မင်းရွှေစာရင်းညီလာခံမှာ ၀င်ပြိုင်မှာလား” လုရှန် မေးလိုက်၏။
ကုအန် ရယ်မောလိုက်ကာ “ဘာလို့ပြိုင်ရမှာလဲ ကျွန်တော့်အရည်အချင်းနဲ့သာဆို ကိုယ့်ကိုကိုယ် အရှက်ခွဲမိသလိုပဲ ဖြစ်နေပါလိမ့်မယ်”
လုရှန် မျက်နှာရှုံ့မဲ့သွားခဲ့သည်။ ထို့နောက် သူအသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။
“ငါ၀င်ပြိုင်ဖို့ စီစဉ်ထားတယ် လွန်ခဲ့တဲ့ သုံးနှစ် တစ်ညက ငါရုတ်တရက် ဖိအားကြီးတစ်ခု ငါ့ကိုယ်ထဲက ထွက်သွားတာကို ခံစားမိခဲ့တယ် အဲ့ဒီသုံးနှစ်ကတည်းက ငါစိတ်မိစ္ဆာခြောက်လှန့်တာရော အိပ်မက်တွေမက်တာကိုပါ မခံစားရတော့ဘူး အဲ့တာကြောင့် အခုက ရွှေစာရင်းညီလာခံမှာ သွားပြိုင်ပြီး အပန်းဖြေဖို့ အခွင့်အရေးပဲ”
ရွှေစာရင်းညီလာခံတွင် အပန်းဖြေခြင်း!
အခြားသူများ ထိုစကားကြားလျှင်တော့ ရင်နာကုန်ကြပေလိမ့်မည်။
ကုအန် လုရှန်ကိုယ်ထဲရှိ ဝိညဉ်အကြွင်းအကျန်များကို စစ်ဆေးကြည့်လိုက်၏။
ဟမ်!
ဝိညဉ်တစ်ခုလျော့သွားတာပဲ အရင်က ၇ခုရှိတာ အခု၆ခုပဲ ကျန်တော့တယ်!
လွန်ခဲ့တဲ့ သုံးနှစ်က တစ်ည…
ကုအန်ရုတ်တရက်တစ်ခုခုကို တွေးမိသွားခဲ့သည်။ မကောင်းဆိုးဝါးဧကရာဇ်က လုရှန်ကိုယ်ထဲတွင် ဝိညဉ်အကြွင်းအကျန်တစ်ခု ထားခဲ့ခြင်း ဖြစ်နိုင်ပါသလော။
ထိုအရာက အဓိပ္ပာယ်တော့မရှိပေ။
မကောင်းဆိုးဝါးဧကရာဇ်နှင့် လုရှန်ကြား မည်သို့သော ဆက်သွယ်မှုမျိုး ရှိနေနိုင်မည်နည်း။
မကောင်းဆိုးဝါးဧကရာဇ်သည် တခဏဂိုဏ်း၏ သေသွားတာကြာပြီဖြစ်သော ဂိုဏ်းချုပ်ဟောင်းဖြစ်ကာ လုရှန်က လုပိုင်ထျန်း၏ သား…..
နေပါဦး!
လုပိုင်ထျန်းနဲ့ တခဏဂိုဏ်းဆက်စပ်မှုရှိနေတာ ဖြစ်နိုင်လောက်လား!