အခန်း (၁၂၇-၁၂၈)
Vol. 11 Ch. 127-128
အပိုင်း(၁၂၇)
မူလဝိညဉ်သို့ ပြန်သွားခြင်း လမ်းစဉ်
ကုအန် စိတ်ထဲတွင်သာ ပဟေဠိဖြစ်သွားခြင်းဖြစ်ပြီး ထုတ်ဖော်စုံစမ်းရန်တော့ စိတ်ကူးမရှိပေ။
ထိုလူများ၏ သရုပ်မှန်က ဘာဖြစ်နေပါစေ သူနဲ့လည်း ဆိုင်မနေပေ။ သူ့ကို လာထိခိုက်မနေသရွေ့ ကုအန် သူများကိစ္စများကို ၀င်ပါရန် ပျင်းရိလွန်းလှသည်။
လူသားတို့၏ စိတ်နှလုံးသည် အတော်လေးထွေပြားလှပြီး လူတိုင်းကို တစ်ယောက်ချင်းစီ လိုက်စုံစမ်းနေရန်မှာ မဖြစ်နိုင်ပေ။
ကုအန် လုရှန်နှင့် စကားခဏပြောခဲ့ပြီး လုရှန်မှာ သူ့ကိုအရင်လိုမဆက်ဆံရဲတော့ဘဲ အဝောာ်လေး လေးလေးစားစား ဆက်ဆံနေခဲ့၏။
လုရှန်နှင့် တခဏကြာ စကားပြောခဲ့ပြီးသောအခါ ကုအန် တောင်ကြားမှ ထွက်လာခဲ့သည်။
လုရှန်လည်း လာမည့် ရွှေစာရင်းညီလာခံအတွက်ပြင်ဆင်ရန် လေ့ကျင့်ဖို့ ယိလျူယွမ်ကို သွားရှာခဲ့၏။
ရွှေစာရင်းညီလာခံကျင်းပရန်မှာ အချိန်နှနှစ်သာ လိုတော့ပေသည်။
……..
ဤနှစ်များအတွင်း မင်းဆက်ကိုးခုလုံးသည် အလွန်ငြိမ်းချမ်းနေခဲ့ကာ လူတိုင်းက အဓိပတိဂိုဏ်း၏ ရွှေစာရင်းညီလာခံကိုသာ စိတ်၀င်စားနေခဲ့ကြပြီး ထိုပွဲမှာ ရာစုနှစ်တစ်ခုအတွင်း အကြီးဆုံးပွဲပင် ဖြစ်လာမည် ဖြစ်၏။
နှနှစ်ခန့်ကြာသောအခါ ရွေစာရင်းညီလာခံသည် နီးကပ်လာခဲ့ပြီး ဆန်းကြယ်တောင်ကြားပေါ်မှ ကျင့်ကြံသူများ တဖွဲဖွဲဖြတ်ပြန်နေခဲ့ကြသည်။
အရင်နှင့်မတူသည်မှာ ယခုအခါ အဓိပတိဂိုဏ်းသည် သူတို့၏ မိုးကောင်းကင်အောက်တွင် ပထမဂိုဏ်းဟူသော ဂုဏ်ပုဒ်ကို ကာကွယ်ရန် အပြင်စည်းဂိုဏ်းထဲတွင်ပင် ကင်းလှည့်နေသော ကျင့်ကြံသူအများအပြားကို ချထားခဲ့သည်။
အသက် ၇၂နှစ်အရွယ်ကုအန် အိမ်ထဲ၌ ရီလန်နှင့် တွေ့ဆုံနေခဲ့၏။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲ ၀င်သွားသောဂိုဏ်းသားပထမအသုတ်ပြန်လာပြီဖြစ်ပြီး အောင်မြင်မှုများရရှိလာခဲ့ကြကာ ယခုအခါ ရွှေစာရင်းညီလာခံတွင် ပါ၀င်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
မတွေ့တာကြာသောကြောင့် ရီလန်၏ ပုံစံသည် ယခုအခါ ပါရမီရှင် အမျိုးသမီးကျင့်ကြံသူတစ်ယောက်၏ အသရေမျိုးကိုပင် ပိုင်ဆိုင်နေပြီ ဖြစ်၏။ သူမသည် ကုအန်စကားကို နားထောင်ပြီး တာအိုဖြန့်ကျက်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေခဲ့သောကြောင့် သူမကျင့်ကြံခြင်းမှာတော့ တိုးမလာတော့ပေ။
သူတို့နှစ်ယောက် စားပွဲ၏ တစ်ဖက်တစ်ချက်တွင်ထိုင်ကာ စကားပြောနေခဲ့ပြီး ရီလန် မြေအောက်ကမ္ဘာလမ်းကိုးသွယ်၏ အံ့ဖွယ်အရာများအကြောင်းပြောပြနေခဲ့ပြီး ကုအန်က စိတ်၀င်တစား နားထောင်နေခဲ့သည်။
မြေအောက်ကမ္ဘာလမ်းကိုးသွယ်သည် လမ်းဟုခေါ်သော်လည်း အမှန်တကယ်ပင် လျှို့ဝှက်နယ်မြေတစ်ခုနှင့် ပိုတူပြီး ထိုထဲတွင် မိစ္ဆာများ တစ္တဆများနှင့် ပြည့်နှက်နေခဲ့၏။ ထို့အပြင်ထိုနေရာတွင် သူ့ကိုယ်ပိုင် ဂေဟစနစ်ရှိပြီး ရတနာများမှာလည်း ပေါများလွန်းလှသည်။
တစ်နာရီခန့်ပြောပြီးသောအခါ ကုအန် မေးလိုက်၏။
“ညီမလေး ရွှေစာရင်းညီလာခံမှာ ပါမှာလား”
ရီလန် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ပါမှာ အစ်ကိုကြီး အကြီးအကဲက ညီမလေးကို ဖိတ်စာတစ်ခုပေးထားတယ် အခုပွဲက အဓိပတိဂိုဏ်းရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ရွှေစာရင်းညီလာခံဆိုတော့ ညီမလေးတို့ဂိုဏ်းကို သိက္ခာကျစေလို့ မဖြစ်ဘူး”
ကုအန် မျက်တောင်ခတ်လိုက်ကာ အကူအညီမဲ့သွားရ၏။
သူ့တွင်ရှိသော ဖိတ်စာကို ဘယ်သူ့ကိုပေးရတော့မည်နည်း။
ရှန်းကျန် ကုယူ ကျိုးလင်တို့အားလုံးတွင် ဖိတ်စာကိုယ်စီရှိနေကြပြီး တောင်ကြားမှ တပည့်များကိုပေးရရန်မှာလည်း သူတို့ပါရမီမှာ အလွန်သာမန်ဆန်လှသောကြောင့် ပါ၀င်၍ ဖြစ်မည် မဟုတ်ပေ။
“အစ်ကိုကြီးရော ဘာလို့ မပါတာလဲ အစ်ကိုကြီးကျင့်ကြံခြင်းက နိမ့်တယ်ဆိုပေမယ့် အစ်ကိုကြီး ခွန်အားကတော့ သာမန်မှမဟုတ်ဘဲ” ရီလန် ရယ်မော၍ ပြောလိုက်၏။ သူကုအန်၏ ခြေသိုင်းသန်မာကြောင်းကို ဘယ်တော့မှ မေ့မည် မဟုတ်ပေ။
ကုအန်၏ ကျင့်ကြံခြင်းမှာ တိုးမလာသော်လည်း သူသည် သူ့အချိန်အများစုကို ခြေသိုင်းကျင့်ကြံခြင်းတွင်သာ အသုံးပြုလေ့ရှိသောကြောင့် သူ့ခြေသိုင်းမှာ အတော်လေး ကြောက်စရာကောင်းလှ၏။
ကုအန် ပြန်ပြောလိုက်သည်။ “အစ်ကိုကြီးက ညီမလေးကိုတောင် မနိုင်တာ ရွှေစာရင်းညီလာခံမှာ သွားပြိုင်ရင် ပြဿနာတွေကို ဖိတ်ခေါ်နေသလိုပဲ ဖြစ်မနေဘူးလား”
ထိုစကားကိုကြားသောအခါ ရီလန်လည်း ဆက်တိုက်တွန်းမနေတော့ဘဲ အမတကျင့်ကြံခြင်းကမ္ဘာကြီးရှိ လက်ရှိအခြေအနေများကိုသာ ပြောပြနေခဲ့၏။
ညနေရောက်မှသာ ရီလန် ပြန်သွားခဲ့သည်။
ရီလန့်ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ပြီး ကုအန် မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့ဧ်။။
ရီလန့် သက်တမ်းအကန့်အသတ်သည် တစ်နှစ်တိုးတက်လာခဲ့လေပြီ။ ထိုအရာသည် တာအိုဖြန့်ကျက်ကျင့်စဉ်က အကျိုးသက်ရောက်မှုရှိနေတာကို ဖော်ပြနေလေသည်။
ချူကျင့်ဖုန်း လုကျိကျားနှင့် ရှောင်ချွမ်တို့မှာတော့ မတိုးတက်ခဲ့ဘဲ ကြည့်ရသည်မှာ ပေးဆပ်မှုနှင့်လိုက်၍ ကွာခြားပုံပေါ်ပေသည်။ ထို့အပြင် မြေအောက်ကမ္ဘာလမ်းကိုးသွယ်က ဆန်းကြယ်တောင်ကြားထက် အဆများစွာပို၍ စိတ်ဝိညဉ်စွမ်းအင်သိပ်သည်းမှုကြောင့်လည်း ပါပေလိမ့်မည်။
ထို့နောက် ကုအန် အခန်းထဲ၀င်ကာ ကျိဝေအစီအရင်ကျမ်းကို လေ့လာနေလိုက်၏။
ထိုစာအုပ်သည် ကုအန်၏ အစီအရင်ကျွမ်းကျင်မှုကို များစွာတိုးတက်လာစေပြီး ယခုအခါ ကုအန်သည် အစစ်အမှန် မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်နှင့်ပင် တူနေပြီ ဖြစ်သည်။
မဟာယနကျင့်ကြံသူဆိုသည်မှာ ကျင့်ကြံခြင်းသာ မကဘဲ ဘ၀အတွေ့အကြုံများစွာရှိပြီး များစွာသော လမ်းစဉ်များတွင်လည်း ကျွမ်းကျင်ကြသူများ ဖြစ်ကြ၏။ ကုအန်မှာတော့ သူ့အချိန်များကို ကျင့်ကြံခြင်းတွင် သုံးစရာမလိုလေရာ အခြားလမ်းစဉ်များကို လေ့လာရန် အချိန်ရနေလေသည်။
ထိုညတွင် ကုအန် မြောက်ပင်လယ်တောင်တန်းဒေသသို့ တိတ်တဆိတ်ထွက်လာခဲ့ပြီး သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ သက်တမ်းအလွှာကို ဖွင့်လိုက်ကာ တာအိုဖြန့်ကျက်ကျင့်စဉ်တွင် သက်တမ်း ၅၀၀၀၀ ပေါင်းထည့်လိုက်၏။
တာအိုဖြန့်ကျက်ကျင့်စဉ်သည် အကျိုးသက်ရောက်မှုရှိသောကြောင့် သူထိုကျင့်စဉ်ကို အဆင့်မြှင့်ရပေလိမ့်မည်။
ကုအန် မျက်လုံးထဲ၌ ရူးသွပ်နေသော အမူအရာများ ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် တာအိုဖြန့်ကျက်ကျင့်စဉ်မှာ တာအိုဆန်းကြယ်ကျင့်စဉ်အဖြစ်ပြောင်းလဲသွားခဲ့လေသည်။
တာအိုဆန်းကြယ်အဆင့်သို့ရောက်ရန် သက်တမ်း ၂၀၀၀၀သာ ကုန်ခဲ့ခြင်းဖြစ်ပြီး ကျန် သက်တမ်း၃၀၀၀၀မှာ ထိုကျင့်စဉ်ကို တတ်မြောက်ဖို့ သုံးလိုက်ရသောအချိန်ဖြစ်၏။
ထို့နောက် ကုအန် နောက်ထပ်သက်တမ်း ၅သောင်း ပေါင်းထည့်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သက်တမ်း ၂သောင်းကုန်ပြီးသောအခါ တာအိုဆန်းကြယ်ကျင့်စဉ်မှာ မူလပြန်လည်မွေးဖွားခြင်း ကျင့်စဉ်အဖြစ် ပြောင်းလဲသွားခဲ့၏။
အချိန်နည်းနည်းလေးနှင့် မူလ ဟူသော စာလုံးပါသည့် ကျင့်စဉ်အဖြစ်ပြောင်းလဲသွားခြင်းမှာ နဂို တာအိုဖြန့်ကျက်ကျင့်စဉ်ကပင် အတော်လေးအဆင့်မြင့်သော ကျင့်စဉ်ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
ထို့အပြင် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်သည် သူ့အား မူလဝိညဉ်ပြန်သွားခြင်းလမ်းစဉ် ဟူသော နတ်သိုင်းတစ်ခုကိုလည်း တတ်မြောက်သွားစေခဲ့သည်။
ထို့နောက်ကုအန် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို အမွေဆက်ခံလိုက်ရာ မြေစိတ်ဝိညဉ်စွမ်းအင်များ သူ့ကိုယ်ထဲသို့ စီးဆင်းသွားခဲ့ကြ၏။
မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်သည် တာအိုဖြန့်ကျက်ကျင့်စဉ်လို စွမ်းရည်များ ပါရုံမကဘဲ သက်တမ်းကိုလည်း နှစ်အကန့်အသတ်မရှိ စုဆောင်းနိုင်ပေသည်။
မူလပြန်လည်မွေးဖွားခြင်း ကျင့်စဉ်ကို ကျင့်လိုက်လျှင် ထိုကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှာ တိုးတက်လာတော့မည် မဟုတ်သော်လည်း သူ့ပါရမီကိုတော့ တိုးတက်သွားစေလိမ့်မည်။ တစ်သက်မှာ တစ်ခါသာ စည်းကိုဖြည်ခွင့်ရှိသော တာအိုဖြန့်ကျက်ကျင့်စဉ်နှင့် မတူသည်မှာတော့ မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်က ထပ်ခါ ထပ်ခါ စည်းကိုဖွင့်၍ သုံး၍ရခြင်း ဖြစ်သည်။
ထို့အပြင် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်က စိတ်ဝိညဉ်အမှတ်အသား ပြုလုပ်နိုင်သော စွမ်းရည်လည်း ပါ၀င်၏။ အကယ်၍ ကျင့်ကြံသူက သေဆုံး၍ ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်ရောက်သွားကာ နောက်ဘ၀သို့ ရောက်ရှိသွားလျှင်ပင် ထိုကျင့်ကြံသူ အရွယ်ရောက်သွားလျှင် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်က သူ့စိတ်ထဲ အလိုလိုပြန်ပေါ်လာမည်ဖြစ်ပြီး ထိုလူ အမတတစ်ပါးဖြစ်သွားချိန်ထိ သို့မဟုတ် သူတို့စိတ်ဝိညဉ်ပါပျက်သုဉ်းချိန်ထိ ကျင့်ကြံခြင်းကိုစုဆောင်း၍ ရနေမည်ဖြစ်သည်။
မူလဝိညဉ်ပြန်သွားခြင်းလမ်းစဉ် ဟူသော နတ်သိုင်းမှာတော့ စည်းပိတ်၍ရသော နတ်သိုင်းတစ်မျိုး ဖြစ်၏။ ထိုသိုင်းသည် တစ်ဖက်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းကို ကိုယ်လိုချင်သော အနေအထားထိ ချိတ်ပိတ်ပစ်၍ရပြီး မည်သည့်ကျင့်ကြံခြင်းမှမရှိသော သာမန်လူအဖြစ်ပင် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထိုစည်းတံဆိပ်ကိုလည်း စည်းခတ်ထားသည့်သူ့သာ ဖြည်ပေးနိုင်မည်ဖြစ်ပြီး ကုအန်ထက် ကျင့်ကြံခြင်းမြင့်သော တစ်ယောက်ယောက်ပင် ဖြေနိုင်မည်မဟုတ်ဘဲ အတင်းစည်းကိုဖြည်ပါက စည်းခတ်ခံရသူ ချက်ချင်း သေဆုံးသွားမည် ဖြစ်၏။
ထိုနတ်သိုင်းကို နားလည်ပြီးသောအခါ ကုအန် အတော်လေး ကျေနပ်သွားခဲ့သည်။
သူ့တွင်လိုအပ်နေသည်မှာ ထိုသို့သော နတ်သိုင်းမျိုး ဖြစ်၏။
မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို အဆင့်မြှင့်ရန်တော့ ကုအန် အတော်လေး ပျင်းရိနေခဲ့သည်။ သူ့တွင်စနစ်ရှိသောကြောင့် ထိုကဲ့သို့ သက်တမ်းတိုးပေးသော ကျင့်စဉ်မျိုးကို သူစိတ်မ၀င်စားပေ။
သို့သော်လည်း ထိုကျင့်စဉ်က သူဂရုစိုက်သောသူများကို ပေးရန်တော့ သင့်တော်ပေသည်။
မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်၏ အချက်အလက်များ သူ့စိတ်ထဲ၀င်လာသောအခါ ကုအန် တစ်ခုခုကို နားလည်သွားခဲ့၏။
အမတလမ်းစဉ်သည် ကိုးဆင့်ရှိပြီး တစ်ဆင့်ထက်တစ်ဆင့်ပို၍ ခက်ခဲလှပေသည်။
ပထမအဆင့်သည် နိဗာနအဆင့်ဖြစ်၏။ သို့သော် နိဗာနဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာသည် လူသားတစ်ယောက်က သူ၏လူသားဖြစ်မှုကို စွန့်လွှတ်ရသော အဆင့်ဖြစ်ပေသည်။ နိဗာနအဆင့်သို့မရောက်ခင်တွင် လူတစ်ယောက်၏ သက်တမ်းမှာ ၁၀၀၀၀ကိုလုံး၀ ကျော်နိုင်မည်မဟုတ်ဘဲ နိဗာနအဆင့်သိုရောက်မှသာ သူ့သက်တမ်းက သိသိသာသာ ထပ်မံ တိုးတက်သွားမည် ဖြစ်၏။
သက်တမ်းအကန့်အသတ်သည် ပါရမီကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ လူတစ်ယောက်လူသားဘ၀တွင် မည်မျှနေရမည့် အချိန်ကိုလည်း ဖော်ပြထားသည့် အရာမှန်း ကုအန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ဥပမာအားဖြင့် အန်းဟောင်သည် နိဗာနအဆင့်သို့ရောက်ရှ်ိရန် သက်တမ်း ၉၉၉၉ အသုံးပြု၍ ကြိုးစားနိုင်သော်လည်း ရီလန်အတွက်တော့ သက်တမ်း ၁၀၀ကျော်သာ သုံး၍ ကြိုးစားနိုင်ပေလိမ့်မည်။ လူသားများ၏ သက်တမ်းတစ်လျှောက်တွင် မည်သည့်အခွင့်အလမ်းမျိုးကို ကြုံရမလဲဆိုတာကတော့ ကံတရားနှင့်သာ သက်ဆိုင်ပေသည်။
တာအိုဖြန့်ကျက်ကျင့်စဉ်သည် ရီလန့်ကို သက်တမ်းတိုးတက်အောင် လုပ်ပေးနိုင်မည်ဖြစ်သော်လည်း အကန့်အသတ်ရှိ၏။ အကယ်၍ ရီလန်က မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို တတ်မြောက်သွားလျှင်တောင် သူ့သက်တမ်းက အကြိမ်ရေအနည်းငယ်သာ ထပ်တက်သွားမှာ ဖြစ်သည်။
ကုအန် မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့ပြီး သူ့ပုံစံမှာ လေးနက်နေခဲ့သည်။
“ကောင်းကင်ကံကြမ္မာ….”
….
နွေရာသီရောက်ရှိလာသောအခါ အဓိပတိဂိုဏ်းက ရွှေစာရင်းညီလာခံအတွက် အချိန်ဇယားကို စတင်ကြေငြာခဲ့၏။
ရွှေစာရင်းညီလာခံတွင် ပါ၀င်သူများသည် သက်တမ်း ၅၀၀ အောက်သာ ဖြစ်ရမည်ဖြစ်ပြီး သူတို့၏ အုတ်မြစ်အရည်အသွေးကို အဓိပတိဂိုဏ်းက အထူးဂရုပြု၍ စစ်ဆေးသွားမည် ဖြစ်သည်။
ကုအန်လည်း သူ့တွင်ရှိနေသော ဖိတ်စာကို ဘယ်သူ့ကိုပေးရတော့မည် မသိတော့သောကြောင့်သူလည်း ပါ၀င်ရန် စာရင်းသွင်းလိုက်၏။ မဟုတ်လျှင် ထိုဖိတ်စာကိုဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားတော့မည်ဟု သူခံစားနေခဲ့ရသည်။
ရွှေစာရင်းညီလာခံသည် တစ်ယောက်ချင်း တိုက်ခိုက်ရမည့်ပြိုင်ပွဲဖြစ်ပြီး အချိန်ကန့်သတ်ချက်မရှိဘဲ ပြီးဆုံးသည်ထိ တိုက်ခိုက်ရမည် ဖြစ်၏။ ဒဏ်ရာရရှိသူများကိုမူ အဓိပတိဂိုဏ်းက အတတ်နိုင်ဆုံး ပြန်လည်ကုသပေးပြီး မူလအခြေအနေအတိုင်း ပြန်ကောင်းရန် ကြိုးစားပေးမည် ဖြစ်သည်။
အဓိပတိဂိုဏ်းသည် ပြိုင်ပွဲကို မျှတမှုရှိစေရန် ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဖက်ပြိုင်ဘက်၏ ကျင့်ကြံခြင်းနှင့် တူညီသွားအောင် ညှိပေးသည့် ၀င်္ကပါကြီးတစ်ခုကိုလည်း တည်ဆောက်ထားခဲ့၏။
ရွှေစာရင်းညီလာခံစတင်သောအခါ ကုအန် ရီလန်နှင့်အတူ အပြင်စည်းဂိုဏ်းရှိ အဆောက်အဦးတစ်ခုဧ။် ခေါင်မိုးပေါ်တွင် ကြည့်ရှုနေခဲ့သည်။ သူတို့သည် စားပွဲ တစ်ခု၏ တစ်ဖက်တစ်ချက်တွင် ထိုင်နေကြခြင်းဖြစ်ပြီး စားပွဲပေါ်၌ စိတ်ဝိညဉ်သစ်သီးများ ဝိုင်ကောင်းများနှင့် ပြည့်နှက်နေခဲ့၏။
သူတို့၏ အကြည့်မှာမူ အပြင်စည်းဂိုဏ်း အပေါ်ဘက်ရှိ အလင်းလွှာကြီးတစ်ခုပေါ် ရောက်ရှိနေပြီး ထိုအလင်းလွှာပေါ်တွင် ရွှေစာရင်းညီလာခံကျင်းပနေသော ပုံရိပ်များကို ပြသနေခဲ့သည်။
ကုအန် တိုက်ခိုက်နေသော ကျင့်ကြံသူနှစ်ယောက်ကို မသိသော်လည်း ထိုတိုက်ပွဲကို စိတ်၀င်တစားကြည့်ရှုနေမိ၏။
ရီလန် ကုအန်အတွက် သစ်သီးများ နွှာပေးနေရင်း ပြောလိုက်သည်။
“အစ်ကိုကြီး အစ်ကိုကြီးပေးလိုက်တဲ့ ကျင့်စဉ်က အရမ်းခက်တယ် အရင်တစ်ခုထက်တောင် အများကြီးပို ခက်တယ် ညီမလေးအဲ့တာကို ဘယ်အချိန်မှ တတ်မလဲမသိဘူး”
ကုအန် ပြန်ပြောလိုက်၏။
“ဟမ့် ကျင့်ကြံခြင်းဆိုတာ ဘယ်တုန်းကမခက်ဘဲ ရှိဖူးလို့လဲ”
တာအိုဖြန့်ကျက်ကျင့်စဉ်သည် ရီလန်၏ သက်တမ်းကို နှစ်ဆခန့်သာ တိုးပေးနိုင်မည်ဖြစ်ပြီး မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှာတော့ သူ့သက်တမ်းကို နှစ် ၈၀၀ ကျော်လောက်ထိပင် မြှင့်ပေးကောင်း ပေးနိုင်ပေလိမ့်မည်။
ရီလန့်လို ပါရမီနှင့် လူတစ်ယောက်အတွက်တော့ ထိုပမာဏမှာ ကောင်းချီးကြီးတစ်ခုပင်။
ရီလန်ပြုံးကာ ပြောလိုက်၏။
“ညီမလေး တတ်အောင်ကျင့်ပါ့မယ် စိတ်မပူပါနဲ့”
ထိုအခိုက်တွင် အလွန်တရာကျယ်လောင်လှသော အသံကြီးတစ်သံ အပြင်စည်းဂိုဏ်းတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့လေသည်။
ထိုအသံမှာ ရွှေစာရင်းညီလာခံ ပထမပွဲစဉ် ပြီးသောကြောင့် ထွက်ပေါ်လာသော အသံဖြစ်၏။
“အနိုင်ရရှိသူက မဟာကျိုးမင်းဆက် မီးတောက်ဂိုဏ်းက တျန်းရှု ပဲဖြစ်ပါတယ်”
ကုကျုံး၏ အသံကြီးသည် အလင်းမျက်နှာပြင်မှ တစ်ဆင့် ဟိန်းထွက်လာခဲ့လေသည်။
ရီလန် အလင်းမျက်နှာပြင်ကို ကြည့်ကာ ရယ်မောလိုက်မိ၏။
ဒါက အတော်လေးအံ့ဩစရာပဲ!
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး ခွက်ကိုမကာ သောက်လိုက်လေသည်။
“ညီကိုကု!”
သူတို့ဘေးမှ အသံတစ်သံထွက်ပေါ်လာခဲ့ပြီး ကုအန် လှည့်ကြည့်လိုက်ရာ တစ်ဖက်အဆောက်အဦး၏ ခေါင်မိုးပေါ်ရှိ မကျေမနပ်ဖြစ်ေနေသာ ဝူကျဲ ကိုတွေ့လိုက်ရ၏။
ငါးနှစ်ခန့် မတွေ့ခဲ့ရပြီးနောက် ဝူကျဲကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တွင်သာ ရှိနေဆဲဖြစ်သော်လည်း သူ့ချီသွေးများမှာတော့ လုံး၀ ကွဲပြားသွားခဲ့သည်။
ငါးနှစ်တာ လျစ်လျူရှုပြီးသည့်နောက် ဝူကျဲ ကျင့်ကြံခြင်းသည် မည်မျှအထိ တိုးတက်လာလိမ့်မည်နည်း။
ကုအန် အတွင်းကိုမမြင်ရသော သေတ္တာတစ်လုံးကို ဖောက်ရတော့မလို စိတ်လှုပ်ရှားနေခဲ့ပြီး သက်တမ်းစစ်ဆေးခြင်း သုံးလိုက်၏။
[ဝူကျဲ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ : ၇၄/၃၅၀/၇၆၀၀]
၇၆၀၀!
ဘုရားသခင်!
ဒီကောင်က တကယ်ကြီး နဂါးတစ်ကောင်ဖြစ်လာပြီပဲ!
ထိုစဉ် ဝူကျဲ ရုတ်တရက် ကုအန်တို့ ခေါင်မိုးပေါ်ရောက်လာခဲ့ပြီး သူတို့နှင့် ခုနှစ်လှမ်းအကွာတွင်ရပ်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
“နောက်ပြီး ဒီမိန်းကလေးက ဘယ်သူလဲ မင်းမိန်းကလေးရှန်း အပေါ် မမျှမတဆက်ဆံလို့ မဖြစ်ဘူးလေ”
ထိုစကားကိုကြားသောအခါ ရီလန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မေးလိုက်၏။
“မိန်းကလေးရှန်းဆိုတာ ဘယ်သူလဲ”
ကုအန် ဖိအားကိုခံစားလိုက်ရပြီး အမြန်ပြန်ဖြေလိုက်သည်။
“ဒါက ငါ့ဂျူနီယာညီမလေးပါ သူမကိုဘယ်လိုလုပ် မိန်းကလေးရှန်းနဲ့ နှိုင်းယှဉ်လို့ရမှာလဲ မိန်းကလေးရှန်းဆိုတာ လူမှုရေးအရ ဆက်ဆံနေရတာမျိုးပါပဲ”
ထိုစကားကြားမှသာ ရီလန့် အမူအရာ ပျော့ပြောင်းသွားခဲ့၏။
ဝူကျဲ ဒေါသတကြီးပြောလိုက်ပြန်သည်။
“မိန်းကလေးရှန်းကို ထားလိုက်ဦး မင်းအလုပ်တွေပြီးသွားပြီကို ဘာလို့ ငါ့ကိုလာမတွေ့တာလဲ”
ရီလန် ကြက်သေသွေားခဲ့သည်။
သူအစက ဝူကျဲကို မိန်းကလေးရှန်းဘက်မှ လူတစ်ယောက်ဟု ထင်ခဲ့ခြင်းဖြစ်သော်လည်း အခုတော့ ထိုကောင်မှာ ချက်ချင်းပင် လေသံပြောင်းသွားခဲ့ပြန်သည်။
ကုအန်ခေါင်းခါကာ ပြောလိုက်၏။
“မင်းဘာလို့ အော်ကျယ်အော်ကျယ်လုပ်နေတာလဲ ငါက မင်းကျင့်ကြံခြင်းကို မနှောင့်ယှက်ချင်လို့လေ ဘာလဲ မင်းက အခု ငါနဲ့တိုက်ခိုက်ချင်လို့လား”
ဝူကျဲ မျက်နှာ ဒေါသကြောင့်နီရဲလာကာ ပြောလိုက်သည်။
“ငါဘယ်လိုလုပ်မင်းနဲ့တိုက်ခိုက်ဖို့ ဖြစ်နိုင်မှာလဲ…”
ဝူကျဲသည် သာမန်မဟုတ်သောကြောင့် ရီလန်သူ့ကို သေချာအကဲခတ်နေပြီး သူ၏ ရှက်ရွံ့နေသောပုံစံကြောင့် သူနှင့် ကုအန်ကြား ဆက်ဆံရေးကို သူပို၍ပင် စိတ်၀င်စားလာမိသည်။
ထို့နောက် ကုအန် ဝူကျဲကို သူဘေးတွင်ထိုင်ဖို့ လက်ဟန်ပြလိုက်ရာ ဒေါသထွက်နေသော ဝူကျဲ ကုအန်ဘေးတွင် ၀င်ထိုင်လိုက်၏။
“ဂျူနီယာညီမလေး ဒါက ငါ့သူငယ်ချင်းဝူကျဲတဲ့ သူလည်း ရွှေစာရင်းညီလာခံမှာ ၀င်ပြိုင်မှာလေ” ကုအန် မိတ်ဆက်ပေးလိုက်သည်။
ရီလန် ဝူကျဲကို ခေါင်းညိတ် ပြလိုက်၏။
ဝူကျဲလည်း ခေါင်းကုတ်လိုက်ကာ ပြောလိုက်သည်။
“တကယ်တော့ ငါရွှေစာရင်းညီလာခံမှာ ပါ၀င်ခွင့်ရတာက ညီကိုကု ရဲ့ကျေးဇူးကြောင့်ပါ”
ရီလန် ကုအန်ကိုကြည့်လိုက်ကာ သူ့အကြည့်က အံအားသင့်နေဟန်ပင်။
အစ်ကိုကြီးရဲ့ နည်းလမ်းတွေက တကယ်အံ့ဩစရာကောင်းတာပဲ!
သူ့ကိုယ်သူ စာရင်းသွင်းနိုင်ရုံမကဘဲ သူများအတွက်ပါ ဖိတ်စာရဖို့ စီစဉ်ပေးလိုက်သေးတယ်!
အပိုင်း(၁၂၈)
သုံးပါးတစ်ဆူတောင်ဂိုဏ်း၏ နတ်သိုင်းများ၊ မျှတခြင်းဟု ခေါ်သောအရာ
ကုအန် ရီလန်နှင့် ဝူကျဲတို့ ခေါင်းမိုးပေါ်တွင်ထိုင်ကာ စိတ်ဝိညဉ်သစ်သီးများစား၍ ဝိုင်သောက်နေရင်း ရွှေစာရင်းညီလာခံ ပြိုင်ပွဲများကို ကြည့်ရှုနေခဲ့ကြသည်။ ဤပထမရက်များအတွင်း သူများပွဲများမပါ၍ သူတို့ အေးဆေးကြည့်ရှုနိုင်ကြ၏။
ရီလန်နှင့် ဝူကျဲမှာလည်း ပို၍ ရင်းနီးလာခဲ့ပြီး ဝူကျဲ ရှိုးတို့ရှန့်တန်းပင် ဖြစ်မနေတော့ပေ။
ငါးရက်မြောက်သောနေ့သို့ ရောက်သောအခါတွင်မူ ဝူကျဲ၏ ပြိုင်ပွဲရှိသည့်နေ့သို့ ရောက်လာခဲ့သည်။
ဝူကျဲထွက်သွားသောအခါ ရီလန် ကုအန်ကိုမေးလိုက်၏။
“အစ်ကိုကြီးသူ့ဆရာက ဘယ်သူလဲ သူ့ပုံစံကအတော်လေး ထင်ေပါ်နေတယ်”
သူမသည် ကမ္ဘာပေါ်ရှိ လူပေါင်းများစွာကို မြင်ဖူးသောကြောင့် တစ်ချက်ကြည့်ရုံနှင့် ဝူကျဲက သာမန်မဟုတ်မှန်း သတိထားမိခဲ့သည်။
ဝူကျဲသည် အကြိမ်ပေါင်းများစွာ ညဏ်အလင်းပွင့်ပြီးသည့်နောက်တွင် သူ့ပုံစံမှာ အတော်လေး ပြောင်းလဲလာခဲ့၏။ သာမန်အ၀တ်အစားများကို ၀တ်ဆင်ထားသောအချိန်မှာပင် သူ့ကိုယ်မှ မေ့မရနိုင်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်ပေးနေခဲ့သည်။
“သူ့ဆရာကသေသွားပါပြီ နောက်ပြီး သူကငယ်ငယ်လေးကတည်းက မိဘမဲ့ကလေးဖြစ်ခဲ့တာလေ အစ်ကိုကြီးနဲ့က တွေ့တွေ့ချင်းသူငယ်ချင်းဖြစ်ခဲ့တာ အခုလည်း အစ်ကိုကြီးက လွန်ခဲ့တဲ့ ငါးနှစ်လုံး သူ့ဆီမသွားခဲ့လို့ သူစိတ်ဆိုးနေတာ” ကုအန် ရှင်းပြလိုက်၏။
ထိုစကားကိုကြားသောအခါ ရီလန် ဝူကျဲကို ကရုဏာသက်မိသွားခဲ့သည်။
ထို့နောက် သူပြောလိုက်၏။ “စီနီယာအစ်ကိုကြီး အစ်ကိုကြီးက တကယ်ပဲ…
“ဘာဖြစ်လို့လဲ” ကုအန် မေးလိုက်သည်။
“ဘာမှမဟုတ်ဘူး” ရီလန် ဖြေလိုက်၏။
ထို့နောက် ရီလန့်အကြည့်တွင် အလင်းမျက်နှာပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ယခုအခါ အလင်းမျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူနှစ်ယောက် ရှိနေပြီး တစ်ယောက်မှာ အစိမ်းရောင်၀တ်စုံကို၀တ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ချပ်၀တ်ကို၀တ်ဆင်ထားပြီး လက်ထဲတွင်လည်း လှံရှည်ကြီးတစ်လက်ကိုင်ထားသော လူတစ်ယောက်ဖြစ်၏။
ထိုလူနှစ်ယောက်လုံး၏ ကျင့်ကြံခြင်းအစစ်မှာ ပြိုင်ပွဲထဲသို့ မ၀င်ခင်က ထိုအဆင့်မဟုတ်မှန်း ကုအန် ရုတ်တရက်သတိထားမိသွားခဲ့သည်။
အစိမ်းရောင်၀တ်စုံနှင့် တာအိုပညာရှင်မှာ နတ်အသွင်ပြောင်းခြင်းဖြစ်ပြီး ချပ်၀တ်နှင့်လူက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ဖြစ်၏။
သူတို့နှစ်ယောက်လုံးမှာ အသက်၅၀၀အောက်သာ ရှိကြသေးသောကြောင့် ထိပ်တန်းအဆင့်ပါရမီရှင်များဖြစ်ကြမှန်း လုံး၀သေချာပေသည်။
ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်အထက်သို့ ရောက်ပါက ကျင့်ကြံခြင်းတိုးတက်ရန် ဆေးများကိုသာ အားကိုးနေ၍ လုံး၀ မဖြစ်နိုင်တော့ပေ။
တိုက်ပွဲမှာ စိတ်လှုပ်ရှားစရာ ကောင်းမည်ဟု ထင်ထားသော်လည်း တာအိုပညာရှင်က သူ့ညာလက်ကိုမြှောက်ကာ အစိမ်းရောင်အလင်းများတောက်နေသော တာအိုစာလုံးတစ်လုံးပုံရှိသည့် စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုစာလုံးသည် ကျန်းတစ်ရာခန့်မြင့်မား၍ အကျယ်မှာလည်း ကျန်းတစ်ရာလောက်ရှိပြီး တောင်တစ်လုံးနှင့်ပင် ဆင်တူလှသည်။ ထို့နောက် ထိုစည်းတံဆိပ်ကြီးသည် ချပ်၀တ်နှင့် လူဆီသို့ အလွန်လျင်မြန်သောအရှိန်ဖြင့် တိုး၀င်သွားခဲ့၏။ ချပ်၀တ်လူနှင့် တိုက်မိသွားသောအခါတွင်မူ ထိုလူတိုက်ပွဲကွင်းပြင်မှ နောက်သို့ လွင့်ထွက်သွားခဲ့ကာ သွေးများ အန်လိုက်ရပြီး တိုက်ပွဲထဲပင် ပြန်မ၀င်နိုင်တော့ပေ။
ချပ်၀တ်နှင့် လူသည် နတ်အသွင်ပြောင်းခြင်းအဆင့်ကို တစ်ဆင့်လျှော့၍ တိုက်ခိုက်ရသောကြောင့်ပိုသာမည်ဟု ထင်ထားသော်လည်း တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသောကြောင့် ကုအန် အံ့အားသင့်သွားမိသည်။
သူ့မျက်လုံးသက်သက်နှင့်ပင် တာအိုပညာရှင်သုံးလိုက်သော စည်းတံဆိပ်သည် အလွန်ပြောင်မြောက်သော နတ်သိုင်းတစ်မျိုးဖြစ်မှန်း ပြောနိုင်၏။
တစ်ချက်တည်းနှင့် ပြိုင်ဘက်ကို အနိုင်ယူလိုက်ခြင်းကြောင့် အပြင်စည်းမြို့တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ကြသည်။
“အနိုင်ရရှိသူက ချန်းတန်မင်းဆက် သုံးပါးတစ်ဆူတောင်က သူတော်စင် ရွှမ်မြောင် ဖြစ်ပါတယ်”
အကြီးအကဲတစ်ယောက်၏ အသံထွက်ပေါ်လာရာ လူတိုင်း တာအိုပညာရှင်၏ နာမည်ကို မှတ်မိသွားခဲ့ကြ၏။
ရီလန် အံ့အား သင့်သွားခဲ့သည်။
“သုံးပါးတစ်ဆူတောင်က တကယ်တကယ်ကြောက်စရာကောင်းတယ် ညီမလေးသူတို့နဲ့ မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ ဆုံခဲ့ဖူးတယ် အဲ့ဒီသုံးပါးတစ်ဆူတောင်က တပည့်နည်းနည်းလေးပဲရှိပြီးတော့ ချန်းတန်မင်းဆက်ရဲ့ နံပါတ်၁ ဂိုဏ်းပဲ လူနည်းပေမယ့် သူတို့တစ်ယောက်ချင်းစီက အတော်ကြောက်စရာကောင်းကြတယ် ဟုတ်မဟုတ်မသိပေမယ့် ပြောကြတာတော့ အရင်က သုံးပါးတစ်ဆူဂိုဏ်းကနေ အမတတစ်ပါး ပေါ်ထွက်လာခဲ့ဖူးတယ်တဲ့”
ကုအန် တိတ်တဆိတ်ထိုဂိုဏ်း၏နာမည်ကို မှတ်သားထားလိုက်သည်။ တာအိုပညာရှင် သူတော်စင် ရွှမ်မြောင်ရဲ့ အစွမ်းကို ကြည့်ရုံနှင့် သုံးပါးတစ်ဆူဂိုဏ်းသည် မည်မျှစွမ်းအားကြီးမှန်း သိနိုင်ပေသည်။
တစ်နာရီခန့်အကြာတွင်
နောက်ဆုံး၌ ဝူကျဲအလှည့် ရောက်လာခဲ့၏။
အခြေခံတည်ဆောက်ခြင်းအဆင့်များကြား တိုက်ပွဲကို လူတိုင်းက သူတော်စင် ရွှမ်မြောင်တို့ တိုက်ပွဲလောက် စိတ်မ၀င်စားကြသောကြောင့် အာရုံသိပ်မရှိခဲ့ကြပေ။
သို့သော် ဝူကျဲ လက်သီးချက်များ စတင်ထွက်ပေါ်လာသည်နှင့် ကမ္ဘာမြေတုန်ဟီးလုမတတ် အဟုန်များ ထွက်ပေါ်လာခဲ့ပြီးလူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူ့လက်သီးချက်များသည် တစ်ချက်ချင်းစီတိုင်းက နေရောင်များ ကမ္ဘာမြေပေါ် ထိုးကျလာသလို အားကောင်းလှပြီး တစ်ဖက်လူအဖို့ ခုခံရန် ခက်ခဲလွန်းလှသည်။
ဝူကျဲ၏ လက်သီးချက်တိုင်းမှာ စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ကာ အတော်လေးလည်း လွှမ်းမိုးနိုင်လှ၏။
လက်သီးရှစ်ချက်ပြီးသောအခါ တစ်ဖက်လူဘယ်လိုမှ မခံနိုင်တော့ဘဲ မြေပေါ်ဒူးထောက်ကျကာ သွေးများ အဆက်မပြတ် အန်နေခဲ့ရသည်။
“အနိုင်ရရှိသူက ထိုက်ကန်မင်းဆက် အဓိပတိဂိုဏ်းက ဝူကျဲပါ”
ထိုအသံထွက်ပေါ်လာသည်နှင့် အပြင်စည်းမြို့တစ်ခုလုံး ဝူကျဲအကြောင်း စတင်ဆွေးနွေးကြတော့သည်။
ရီလန်မှာလည်း အံ့အားသင့်နေခဲ့၏။ ဝူကျဲသည် သာမန်တိုက်ခိုက်သူမဟုတ်မှန်း သူသိသော်လည်း ထိုမျှကြောက်စရာကောင်းနေမည်ဟုတော့ ထင်မထားခဲ့ပေ။
ကုအန်နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။ ဝူကျဲ၏ ဒဏ္ဍာရီမှာ ဤနေရာမှ စတင်တော့မည်ဖြစ်မှန်း သူသိထားသည် မဟုတ်ပါလား။
ဆည်းဆာလက်သီးမှာ သာမန်လက်သီးသိုင်းဟုသာ ထင်ရသော်လည်း ပြောင်းလဲခြင်းအဆင့်အထိရောက်နေပြီး ထိုအထက်အဆင့်အငွေ့အသက်များပင်ရှိနေသော ဝူကျဲလက်ထဲတွင်တော့ ထိုလက်သီးသိုင်းက အတော်လေး ကြောက်စရာကောင်းနေခဲ့လေသည်။
ကြည့်ရသည်မှာ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းက နားလည်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးနိုင်ပုံပင်။
…
နေ့လည်ခင်းအချိန်
တတိယတောင်ကြားထဲ၌
ကုအန် လုပိုင်ထျန်းနှင့် အိမ်ထဲတွင် တွေ့ဆုံနေခဲ့ပြီး လုပိုင်ထျန်း၏ မျက်နှာတွင် အပြုံးများနှင့် ပြည့်နေခဲ့၏။
လုပိုင်ထျန်း သူ့လက်ဖဝါးကိုဖြန့်လိုက်ရာ လက်ဖဝါးပေါ်တွင် ပုတီးစေ့တစ်ခု ပေါ်လာလဲ့လေသည်။ သူရယ်မောလိုက်ကာ ပြောလိုက်၏။
“ဒါက အထွတ်အထိပ်အဆင့်မှော်ရတနာ အရိပ်တစ်ထောင်ပုလဲ ပဲ နောက်ရက်အနည်းငယ်လောက်အချိန်ပေးပြီး ဒါကိုသန့်စင်လိုက် ပြီးရင် လကုန်ချိန်ကျ ရွှေစာရင်းညီလာခံရောက်ရင် သုံးလိုက်တော့”
ကုအန် အရိပ်တစ်ထောင်ပုလဲကို ယူလိုက်ပြီး ပြုံးလိုက်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျွန်တော့်ကို နိုင်စေချင်နေတုန်းလား”
အရင်ရက်များအတွင်း ရွှေစာရင်း ညီလာခံ၌ မှော်လက်နက်ကိုအားကိုး၍ အနိုင်ရရှိသွားသူများ ရှိခဲ့ကြ၏။ စညး်မျဉ်းအရ ကျင့်ကြံသူတစ်ယောက်က မှော်လက်နက်တစ်ခု ယူဆောင်လာခွင့်ရှိပေသည်။ ကျင့်ကြံသူများထဲတွင် ဓားကျင့်ကြံသူများ အစီအရင်ပညာရှင်များလည်း ပါ၀င်ကြသောကြောင့် သူတို့အတွက် မှော်အသုံးအဆောင်မယူရလျှင် တရားမျှတမှုမရှိတော့သလိုဖြစ်သွားမည်စိုးခြင်းကြောင့် လူတိုင်းကို တစ်ခုစီ ယူခွင့်ပေးထားခြင်းဖြစ်၏။
ထိုမှော်လက်နက်တစ်ခုတည်းနှင့်ပင် မှော်လက်နက်ပေါ် အားကိုး၍ အနိုင်ရရှိသွားသူများ ရှိနေကြသေးသောကြောင့် မြို့ထဲတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်မှုများ ရှ်ိနေခဲ့ကြသည်။
လုပိုင်ထျန်းရယ်မောကာ ပြောလိုက်၏။
“ငါမင်းရဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရမယ့် အချိန်ကိုစီစဉ်ပေးပြီးသွားပြီ မင်းမှာအချိန်ရှိသေးတယ် ငါမင်းကို ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်မလာစေချင်ပါဘူး ဒါပေမယ့် မင်းထိပ်ဆုံး ၅၀၀ထဲတော့ ပါရမယ် အဲ့တာက အကောင်းဆုံးအခြေအနေပဲ”
မင်းဆက်ကိုးခုလုံးမှ ပါရမီရှင်များကြားထဲတွင် ဆိုပါက ထိပ်ဆုံးအယောက် ၅၀၀ ဆိုသည်မှာလည်း အတော်လေး ကောင်းသောအနေအထား ဖြစ်၏။
ကုအန် အစက သာမန်သာ ၀င်ပါလို့စဉ်းစားထားခြင်းဖြစ်သော်လည်း လုပိုင်ထျန်းက ထိုသို့စီစဉ်ထားလိမ့်မည်ဟု သူထင်မထားမိခဲ့ပေ။
“ဂိုဏ်းချုပ် တရားမျှတမှု အဲ့ဒီစာလုံးလေးလုံးကို မေ့မပစ်ကြရအောင်” ကုအန် အကူအညီမဲ့စွာ သတိပေးလိုက်လေသည်။
လုပိုင်ထျန်း၏ နည်းလမ်းများမှာ လမ်းမှန်ဂိုဏ်းဟူသော လမ်းစဉ်နှင့် အတော်လေး ဝေးကွာလွန်းလှသည်။
သို့သော် ပြန်တွေးကြည့်မိသောအခါ စနစ်နှင့်သူကလည်း ညစ်၍ ကစားနေခြင်းသာ မဟုတ်ပါသလော။
လုပိုင်ထျန်း စိတ်မ၀င်စားဟန်ဖြင့် ပြောလိုက်၏။
“ဒါက ဘယ်လိုမမျှတတာဖြစ်မလဲ အဲ့ဒီဂိုဏ်းကြီးတွေကလည်း သူတို့တပည့်တွေကို အရင်းအမြစ်တွေထောက်ပံ့နေတာပဲ ငါကလည်းမင်းကို မှော်လက်နက်တစ်ခုလောက် ထောက်ပံ့တာဖြစ်သင့်ပါတယ် ပြိုင်ဘက်ကိုစီစဉ်ပေးတာကတော့ ဒါက မင်းကိုကံကောင်းခြင်းနည်းနည်းလေးပေးလိုက်တာ တစ်ဖက်ကိုလည်း အန္တရာယ်မပြုဘူး နောက်ပြီး နောက်ဆုံးအနိုင်ဘယ်သူရမလဲဆိုတာက မင်းတို့ပေါ် မူတည်နေသေးတယ်”
ကုအန် အရိပ်တစ်ထောင်ပုလဲကို ပွတ်ကြည့်နေခဲ့ကာ တွန့်ဆုတ်နေခဲ့၏။
“တကယ်လို့ မင်းထိပ်ဆုံးငါးရာထဲ၀င်ရင် ငါမင်းကို အဆင့်၆ စိတ်ဝိညဉ်ပင်တစ်ပင် ဆုချမယ်” လုပိုင်ထျန်းခပ်တည်တည်ပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါ ကုအန်ချက်ချင်း ပုလဲကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်၏။
“အဲ့ဒီလိုဆိုရင်တော့ ဒီဂိုဏ်းသားက အကောင်းဆုံး ကြိုးစားပါ့မယ်”
လုပိုင်ထျန်း ထရပ်လိုက်ကာ ရယ်မောလိုက်လေသည်။
“ကောင်းပြီးပုလဲထဲက စည်းတွေကို စောစောသန့်စင်ထား အခက်ဆုံးစည်းကိုတော့ ငါသန့်စင်ပေးပြီးပြီ ကျန်တာကို မင်းဆက်သန့်စင်လိုက်”
ထို့နောက် သူထွက်ခွာသွားခဲ့၏။
ကုအန် သူ့ကိုမကြည့်တော့ဘဲ လက်ထဲရှိ အရိပ်တစ်ထောင်ပုလဲကိုကြည့်ကာ အတွေးလွန်နေခဲ့သည်။
….
ရွှေစာရင်းညီလာခံသည် နောက်လပေါင်းများစွာထိ ကျင်းပဦးမည်ဖြစ်ပြီး ကုအန်တွင်လည်း ဆေးတောင်ကြားများကို ဂရုစိုက်ရန်လိုနေသေးသောကြောင့် သူနေ့တိုင်းတော့ သွားမကြည့်နိုင်ခဲ့ပေ။
လမကုန်ခင်တစ်ရက်တွင် ကုအန်ဆီသို့ အကြောင်းကြားစာ ရောက်လာခဲ့၏။ ပြိုင်ပွဲအတွက် သူရွှေစာရင်းတံဆိပ်ပြားကို လဲလှယ်ခဲ့ရပြီး ထိုတံဆိပ်ပြားက ပြိုင်ပွဲ၀င်များကို ဆက်သွယ်နိုင်ကာ ထိုနေ့မနက်အာရုံတက်ချိန်၌ သူ့အလှည့်ရောက်ပြီဖြစ်မှန်း တံဆိပ်ပြားမှ အကြောင်းကြားခဲ့လေသည်။
ရွှေစာရင်းညီလာခံသို့ အလွယ်တကူ သွားလာ၍ ရစေရန် အပြင်စည်းမြို့တိုင်း၌ တည်နေရာကူးပြောင်းခြင်း ၀င်္ကပါတစ်ခု ထားရှိပေး၏။
ကုအန် ထို၀င်္ကပါထဲမှ ပြိုင်ပွဲကျင်းပရာနေရာသို့ သွားကာ စိတ်ရှည်ရှည်စောင့်နေခဲ့သည်။
ပြိုင်ပွဲကျင်းပရာ နေရာသည် အလွန်ကျယ်သော တောင်ကြားကြီးတစ်ခုထဲတွင်ဖြစ်ပြီး တောင်ကြားကို နှစ်ပိုင်းခွဲထားကာ တစ်ပိုင်းက စောင့်ဆိုင်းရသည့်နေရာဖြစ်ပြီး နောက်တစ်ပိုင်းက တိုက်ပွဲကွင်းပြင် ဖြစ်၏။ တိုက်ပွဲကွင်းပြင်သည် မိုင်ပေါင်းများစွာ ရှည်လျားပြီး ပတ်ပတ်လည်၀န်းရံနေသော တောင်များတွင် ၀င်္ကပါများ တပ်ဆင်ထားကာ အပြင်လောကနှင့် တသီးတခြားဖြစ်နေစေရန် စီစဉ်ထားသည်။
“ကုအန် နင်လည်း လာပြိုင်တာလား ရိုက်ခံရမှာမကြောက်ဘူးလား” ခပ်ပေါ့ပေါ့ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့၏။
ကုအန် ရှန်းကျန်မှန်းသိနေသောကြောင့် လှည့်မကြည့်ခဲ့ပေ။
“ဟမ့် ငါတစ်ခါလောက် လာကြိုးစားကြည့်ရုံပါ” ကုအန် အေးဆေးပြန်ပြောလိုက်သည်။
လက်ရှိ အဓိပတိလျှို့ဝှက်မှတ်တမ်းများထဲမှ ဇာတ်ကွက်တစ်ခုက ကုအန်ကို မကျေမနပ်ဖြစ်နေစေခဲ့သည်။ ထိုထဲတွင် ဇာတ်လိုက်ကုအန်က အားနည်းသော ကောင်မလေးတစ်ယောက်ကို အနိုင်ကျင့်သည့်အခန်း ပါနေခဲ့၏။ ထိုအဖြစ်က အထင်လွဲခြင်းသာ ဖြစ်သော်လည်း ကုအန် ရှန်းကျန် ကိုမကျေမနပ်ဖြစ်နေဆဲပင်။
ရှန်းကျန်လည်း ထိုအရာကိုနားလည်ဟန်ဖြင့် ကုအန် အပြုအမူကို စိတ်ထဲမထားဘဲ ထိုအစား ပြုံးကာပြောလိုက်၏။
“နင်ငါနဲ့တွေ့ရင်တော့ ငါကညှာမှာမဟုတ်ဘူးနော် နင်ငါ့ကိုကောင်းကောင်းပြောဆိုဆက်ဆံရင်တော့ ငါကနင့်ကို အရှုံးပေးချင် ပေးမှာပေါ့”
“ဂုဏ်သိက္ခာရှိတဲ့ ယောင်္ကျားတစ်ယောက်ကို နင်အရှက်မခွဲသင့်ဘူး” ကုအန် သူမကိုတစ်ချက်ကြည့်လိုက်ကာထေ့လိုက်သည်။
ရှန်းကျန် အားရပါးရ ရယ်မောလိုက်ပြီး ကုအန်ကို သူ့ပုခုံးနှင့် တိုက်လိုက်ကာ ပြောလိုက်၏။
“စိတ်မဆိုးပါနဲ့ အဲ့ဒီစာအုပ်က မကြာခင်ပြီးတော့မှာပါ ငါလည်းရေးရတာ ပင်ပန်းလှပြီ ရွှေစာရငး်ညီလာခံပြီးရင် ငါလည်း တံခါးပိတ်ကျင့်ကြံတော့မှာ နင်ငါ့ကို နောက်ဆယ်စုနှစ်တွေနဲ့ချီပြီး တွေ့ရတော့မှာ မဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ကုအန် အမူအရာ ပျော့ပြောင်းသွားကြီး မေးလိုက်သည်။
“နင် ပန်းချီပညာကနေ ညဏ်အလင်းရသွားလို့လား”
“ဒါပေါ့ ငါက တာအိုကိုအောင်မြင်ဖို့ လမ်းကြောင်းပေါ်ရောက်နေပြီ” ရှန်းကျန် ရယ်မောကာ ဂုဏ်ယူစွာပြောလိုက်၏။
လေကြီးလိုက်တာ!
ကုအန် ရှန်းကျန်နှင့် စကားပြောနေရင်း သူ့အလှည့်ကို စောင့်ဆိုင်းနေလိုက်သည်။
ရုတ်တရက်
တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့ကာ ကုအန် အာရုံကိုဖမ်းစား သွားခဲ့၏။
တစ္ဆေမိခင်!
ဘယ်လိုလုပ် သူပြန်လာတာလဲ!
အဓိပတိဂိုဏ်းကို ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာ ထင်နေတာလား!
ကုအန် တွေးမိနေသော်လည်း သူ့အကြည့်က တစ္ဆေမိခင်ဆီ လုံး၀ရောက်မသွားခဲ့ပေ။
တစ္ဆေမိခင်သည် ယခုအခါ အခြားအမျိုးသမီးတစ်ယောက်၏ သွင်ပြင်ကို ယူထားခြင်းဖြစ်ပြီး ကြည့်ရသည်မှာ စိတ်ဝိညဉ်ကူးပြောင်းသည့် နည်းစနစ်တစ်မျိုးမျိုးကို သုံးခဲ့ပုံပင်။
သူမလည်း ကုအန်ကို အာရုံမရှိခဲ့ဘဲ သူမပုံစံမှာ ကုအန်ကို လုံး၀ မမှတ်နေသလို ဖြစ်နေခဲ့သည်။
နာရီ၀က်ခန့်ကြာသောအခါ ရှန်းကျန် သူမပြိုင်ပွဲကို အနိုင်ရကာ တောင်ကြားမှ ထွက်သွားခဲ့၏။
နောက်တစ်နာရီခန့်ကြာသောအခါ ကုအန်အလှည့်ရောက်လာခဲ့သည်။
သူ့ပြိုင်ဘက်မှာအားနည်းပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်သာ ဖြစ်၏။ ထိုပြိုင်ပွဲတွင် ကုအန် အကွက်အနည်းငယ်တိုက်ခိုက်ပြီး နောက်ဆုံးမှ အရိပ်တစ်ထောင်ပုလဲ ကိုသုံး၍ အနိုင်ယူခဲ့လိုက်သည်။ သူတို့တိုက်ပွဲမှာ အလွန်သာမန်ဆန်လှရာ မည်သူမှ သတိမထားမိခဲ့ပေ။
ဤသိုဖြင့် နွေရာသီကုန်ကာ ဆောင်းဦးသို့ ရောက်ရှိလာခဲ့ပြီး ကုအန်လည်း တိုက်ပွဲသုံးပွဲတိုက်ခိုက်ပြီး ဖြစ်ကာ ပွဲတိုင်းတွင် သူကပ်၍သာ နိုင်ခဲ့ခြင်း ဖြစ်သည်။
အခုအချိန်ထိ ပြိုင်ပွဲတွင် လူတစ်ထောင်ခန့် ကျန်ရှိနေသေး၏။
အဓိပတိဂိုဏ်းမှာလည်း ဤကာလများအတွင်း ဂိုဏ်းထဲရှ်ိ မြို့များအတွင်း စိတ်ဝိညဉ်ကျောက်တုံးရရှိမှုမှာ နှစ်ဆဖြစ်နေသောကြောင့် ပြိုင်ပွဲကာလကြာချိန်ကို ဂရုမစိုက်ခဲ့ပေ။
သုံးလခန့်ကြာသောအခါ ပြိုင်ပွဲရှိ ပါရမီရှင်များစာရင်းထွက်ပေါ်လာခဲ့ပြီး ထိုထဲတွင် အန်းဟောင်က ထိပ်ဆုံးကဖြစ်ကာ မည်သူမှ သူ့ကိုမနိုင်ခဲ့ပေ။ သူသည် နတ်မင်သက်ဓားသိုင်းကိုပင် မသုံးဘဲ အဓိပတိဂိုဏ်းမှ မှော်သိုင်းများကိုသာ သုံး၍ ပွဲတိုင်းကို အနိုင်ယူနေခဲ့၏။
သူ့နောက်တွင် လုရှန် သူတော်စင် ရွှမ်မြောင်နှင့် အခြားပါရမီရှင်များ ရှိနေကြသည်။ မင်းဆက်တိုင်းတွင် ရွှေစာရင်းညီလာခံ၌ သူတို့နာမည်ကို တည်ဆောက်ထားနိုင်ကြသော ပါရီရှင်များ ရှိနေခဲ့ကြ၏။ ကျိရှောင်ယု မပါ၀င်ခဲ့သော်လည်း ကျိမိသားစုမျိုးဆက်များက ကျိမိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။
ဤသို့ဖြင့် ရွှေစာရင်းညီလာခံသည် မင်းဆက်ကိုးခုလုံးတွင် ပြန့်နှံ့သွားခဲ့ကာ မင်းဆက်ကိုးခုလုံးရှိ ကျင့်ကြံသူများကြားထဲတွင် အဓိပတိဂိုဏ်းဟူသော နာမည်က လူသိများလာခဲ့ပြီး ဂိုဏ်း၏ ဂုဏ်သတင်းလည်း တိုးတက်လာခဲ့သည်။
ထိုက်ကန်မင်းဆက်တွင်လည်း ပြိုင်ပွဲကြောင့် အခြားမင်းဆက်များနှင့် ဂိုဏ်းများ၏ နာမည်က လူသိများလာခဲ့ကြ၏။ ဤသည်မှာ အခြားဂိုဏ်းများ ပြိုင်ပွဲကိုလာခဲ့ကြသော ရည်ရွယ်ချက်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ကုအန်အတွက်တော့ ရွှေစာရင်းညီလာခံဆိုသည်မှာ အပန်းဖြေစရာတစ်ခုသာဖြစ်ပြီး အဆင့်များကို စိတ်ထဲလုံး၀ မထားခဲ့ပေ။
အစကတော့ သူထိုအရာက စိတ်လှုပ်ရှားစရာကောင်းမည်ဟု ထင်ခဲ့သော်လည်း သူ့စိတ်၀င်စားမှုပျောက်ဆုံးသွားသော အခါတွင်တော့ သူ့ကျင့်ကြံခြင်းကိုသာ ကုအန် ပြန်ဦးစားပေးဖြစ်ခဲ့သည်။
ထိုနေ့တွင်
ရွှေစာရင်းညီလာခံရှိ ပြိုင်ပွဲကြီးတစ်ခုက ဂိုဏ်းတစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့၏။
အန်းဟောင်နှင့်လီယ!
လီယမှာလည်း ပြိုင်ပွဲတွင် သူ့ခွန်အားကိုပြသကာ ထိပ်ဆုံး ၁၀၀ထဲ၀င်နိုင်သည့်သူအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး အန်းဟောင်မှာလည်း ရှုံးပွဲမရှိ ပါရမှရှင်ဖြစ်လေရာ သာမန်အားဖြင့် သူတို့တိုက်ပွဲက နာမည်ကျော်မည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
ကုအန် တတိယတောင်ကြားတွင် နေနေရင်း တောင်ကြားပေါ်မှ ဖြတ်သွားသော ကျင့်ကြံသူများ ပြောစကားများမှ ထိုတိုက်ပွဲအကြောင်းကို သိရှိသွားခဲ့ကာ သူလည်း အပြင်စည်းမြို့သို့သွား၍ တိုက်ပွဲကို ကြည့်ရှုချင်နေခဲ့သည်။
အရပ်မျက်နှာပေါင်းစုံမှ ကျင့်ကြံသူများ အပြင်စည်းဂိုဏ်းသို့သွားနေသည့် မြင်ကွင်းကလည်း ကုအန်ကို အံ့အားသင့်သွားစေခဲ့၏။
လုပိုင်ထျန်းက နောက်ဆုံးတော့ မားကတ်တင်းပညာ(အရောင်းပညာ)ကို တတ်သွားပြီပဲ!
ကုအန်လည်း လီယနှင့် အန်းဟောင် ဘယ်သူက ပိုသန်မာမလဲ ဆိုတာကို သိချင်နေခဲ့သည်။
သူတို့နှစ်ယောက်လုံးမှာ ကောင်းကင်ကံကြမ္မာပိုင်ရှင်များ ဖြစ်ကြပုံပေါ်သော်လည်း သူတို့လမ်းစဉ်များမှာတော့ ကွဲပြားကြ၏။