အခန်း (၁၄၁-၁၄၂)
Vol. 12 Ch. 141-142
အပိုင်း(၁၄၁)
အမတလမ်းစဉ်၏ ပရိယာယ်များ၊ အဆုံးအဖြတ်တိုက်ပွဲမတိုင်ခင် အကြိုတိုက်ပွဲ
ကုအန် လင်းချီသုံး၍ လေပွေတစ်ခုဖန်တီးကာ ကျန်းချင်တို့ အုပ်စုကို ထိုက်ကန်မင်းဆက် နယ်စပ်သို့ရောက်အောင် ပို့ပေးလိုက်ခြင်း ဖြစ်ပြီး ပို့ပြီးသည့်နောက် သူလည်းထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအပြုအမူသည် အဓိကအားဖြင့် ကျန်းချင်၏ ဘေးကင်းမှုအတွက် သူလုပ်ပေးလိုက်ခြင်း ဖြစ်၏။
ထိုသို့လုပ်လိုက်ရသော အတွေ့အကြုံမျိုးမှာ အမတလမ်းစဉ်၏ စွမ်းအားကို ခံစားရသောကြောင့် ကုအန် ကျေနပ်နေခဲ့သည်။
နိဗာနအဆင့်သည် အလွန်ဆန်းကြယ်နေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုအဆင့်သည် သက်တမ်း တစ်သောင်းကိုကျော်လွန်နိုင်ရုံ၊ စိတ်ဝိညဉ်စွမ်းအားကို တိုးတက်လာစေရုံသာမကဘဲ နေရာတိုင်းတွင် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
အဓိပတိဂိုဏ်းသို့ပြန်ရောက်သောအခါ ကုအန် ဆေးပင်များ ဆက်၀ယ်နေခဲ့ပြီး နျန်းချူဂူတွင် အပင်စိုက်ရန် ပြင်ဆင်နေခဲ့သည်။
ပျိုးမကြဲခင်တွင် သူ ထျန်းယောင်အာကို ဆေးပင်စိုက်ပျိုးနည်း သင်ပေးရန်လည်း လိုနေသေး၏။
ယခုအခါ သူသည် အမတတစ်ပါးဖြစ်နေပြီ ဖြစ်သောကြောင့် ကိုယ်တိုင်သင်ကြားပေးနေစရာမလိုတော့ပေ။ နှဖူးသို့ တစ်ချက်ထိလိုက်ရုံဖြင့် မြောက်များစွာသော အသိပညာများကို ထျန်းယောင်အာ စိတ်ထဲ ထည့်ပေးလိုက်နိုင်နေပြီဖြစ်သည်။ သို့သော် သူ့စွမ်းအားကို ဖုံးကွယ်ထားရန် ကုအန် သူမကို ဖြည်းဖြည်းချင်းသာ သင်ပေးမည်ဟု စီစဉ်ထားခဲ့၏။
မြစ်ကြီးတစ်စင်းဘေးတွင်
ဥပဒေရေးရာခန်းမမှတပည့်များ သူတော်စင်ရွှမ်မြောင်ကိုကြည့်ကာ တစ်ခုခုပြောဖို့ တုန့်ဆိုင်းနေခဲ့ကြသည်။
သူတို့ကြောင့် သူတော်စင်ရွှမ်မြောင်ထိခိုက်သွားခဲ့ရခြင်းကို သူတို့အတော်လေး အားနာနေခဲ့ကြ၏။
သူတို့ကိုသာ မကယ်တင်ခဲ့ပါက သူတော်စင်ရွှမ်မြောင်က အခုလိုအဆုံးသတ်နှင့် မည်သို့ ကြုံတွေ့ရပါမည်နည်း။
သူတော်စင်ရွှမ်မြောင် မျက်နှာသစ်လိုက်ကာ အားလုံးကိုပြုံးပြလိုက်ပြီးပြောလိုက်သည်။
“ငါ့ကို စိတ်မပူပါနဲ့ ငါ့ကျင့်ကြံခြင်းက ကတိမတည်ခဲ့လို့ တစ်နှစ်ပဲ စည်းပိတ်ခံလိုက်ရတာပါ ဒီကပ်ဘေးကို ရင်ဆိုင်ခဲ့ရတာက အဆင်ပြေပါတယ်”
တပည့်များအားလုံး အမြန်ပင် ထိုကပ်ဘေးသည် သူတို့ကြောင့်ဖြစ်ခဲ့ရခြင်းဖြစ်မှန်း ၀င်ပြောခဲ့ကြသော်လည်း ရွှမ်မြောင် ပြုံး၍သာ တုန့်ပြန်ခဲ့၏။
သူ့ကျင့်ကြံခြင်းကို တစ်နှစ်ကြာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင် စည်းပိတ်ခံလိုက်ရခြင်းကို သူနာသည်ဟု လုံး၀မခံစားရဘဲ ထိုအစား စိတ်ပင်လှုပ်ရှားနေသေးသည်။
ယခုအခါ သူသည် တောင်နတ်ဘုရားမှာ အမတတစ်ပါးမှန်း လုံး၀ ယုံကြည်နေလေပြီ။ တောင်နတ်ဘုရား အသုံးပြုခဲ့သောနည်းလမ်းများမှာ သူ့ကို အတော်လေး အံ့အားသင့်သွားစေခဲ့၏။
အမတလမ်းစဉ်သည် အမှန်တကယ်ပင် အောင်မြင်နိုင်လေသည်။
“ကောင်းပြီ အားလုံးပဲ အခုထိုက်ကန်မင်းဆက်ကိုလည်း ပြန်ရောက်နေပြီဆိုတော့ လမ်းခွဲဖို့အချိန်ပဲ တောင်နတ်ဘုရားရဲ့ တည်ရှိမှုကို ဘယ်သူ့ကိုမှ မပြောဖို့ မှတ်ထားကြပါ” သူတော်စင်ရွှမ်မြောင် ဂါရ၀ပြု၍ ပြောလိုက်၏။
တပည့်များလည်း ချက်ချင်း ဂါရ၀ပြန်ပြုလိုက်ကာ ဘယ်တော့မှ မပြောဖို့ ကတိပေးလိုက်ကြလေသည်။
သူတော်စင်ရွှမ်မြောင်လို သန်မာသည့် တည်ရှိမှုမျိုးပင် ယခုလို ကျင့်ကြံခြင်းစည်းပိတ်ခံလိုက်ရလေရာ သူတို့လို လူမျိုးက အဘယ်ကြောင့် တောင်နတ်ဘုရားစိတ်ဆိုးအောင် လုပ်ဝံ့ပါတော့မည်နည်း။
သို့သော် အမတလမ်းစဉ်၏ ရောင်နီကိုမြင်လိုက်ရသောကြောင့် သူတို့လည်း သူတော်စင်ရွှမ်မြောင်နည်းတူ စိတ်လှုပ်ရှားနေခဲ့ရ၏။
အမတကမ္ဘာကြီးသည် မတိုင်းတာနိုင်လောက်အောင် ကျယ်၀န်းလှပြီး အမတများ အမှန်တကယ်ရှိမရှိဆိုသည်မှာ အခုချိန်ထိ အမတကမ္ဘာကြီးထဲတွင် ငြင်းခုန်နေကြဆဲ အကြောင်းအရာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် အမတများ တကယ်ရှိမှန်း သိခဲ့ရသော သူတို့က ကျင့်ကြံရာတွင် အခြားသူများထက် တစ်ပန်းသာသွားခဲ့၏။
….
ဆောင်းဦးကုန်ဆုံးကာဆောင်းရာသီ ရောက်ရှိလာခဲ့ပြီး နှင်းပွင့်ကြီးများက ဆန်းကြယ်တောင်ကြားကို ဖုံးလွှမ်းထားခဲ့သည်။
ကျန်းချင် ကုအန်ဆီသို့ အလည်ရောက်ရှိနေခဲ့ပြီး အမတကမ္ဘာကြီး မည်မျှ ဖရိုဖရဲဖြစ်နေမှန်း ပြောပြနေခဲ့၏။
“တခဏဂိုဏ်းက လူတွေက များလွန်းတယ် မင်းဆက်ကိုးခုလုံးပေါင်းတာတောင် သူတို့အကုန်လုံးကို ရှင်းလင်းမပစ်နိုင်ဘူး…” ကျန်းချင် သက်ပြင်းချလိုက်မိသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူ့အမြင်မှာ အကန့်အသတ်ရှိ၏။
ကုအန်မှာတော့ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူများကြား တိုက်ပွဲကို မကြာခဏဆိုသလို မြင်နေခဲ့ရသည်။
လက်ရှိအချိန်တွင် မင်းဆက်တိုင်းက သူတို့၏ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူများကို ထုတ်လာကြပြီဖြစ်ပြီး မင်းဆက်ကိုးခု၏ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူ စုစုပေါင်းမှာ ၂၀ ပင်ကျော်လာခဲ့ပြီဖြစ်ကာ ဆက်လည်း တိုးလာနေဆဲပင်။ တခဏဂိုဏ်းမှာလည်း အတူတူသာဖြစ်ပြီး သူတို့ကြား အခြေအနေမှာ မတိုးသာ မဆုတ်သာ ဖြစ်နေခဲ့ကြသည်။
ဤအခြေအနေက နှစ်ပေါင်းများစွာ ကြာနေဦးမည် ဖြစ်၏။
ကုအန်လည်း အလျင်လိုမနေပေ။ မဟာယနအဆင့် ကျင့်ကြံသူထွက်လာမှ သူတစ်ချက်တည်းရှင်းပစ်ဖို့ ကြံနေခဲ့ခြင်း ဖြစ်သည်။
သူ့နတ်အာရုံက မင်းဆက်ကိုးခုလုံးကို ဖြန့်ကျက်နိုင်သော်လည်း မဟာယနကျင့်ကြံသူက မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲတွင် ရှိနေခြင်းဖြစ်သောကြောင့် သူမတွေ့ဖူးသေးပေ။
သူမြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲ လိုက်၀င်သွားဖို့လည်း အစီအစဉ် မရှိပေ။ စစ်မြေပြင်တွင် စောင့်နေပြီး ထွက်လာမှ သတ်ဖြတ်လိုက်မှသာ ထိုမဟာယနအဆင့်ကျင့်ကြံသူသေဆုံးသည့်သတင်းက ပြန့်နှံ့သွားမည်ဖြစ်ပြီး ခေါင်းဆောင်မရှိတော့သော တခဏဂိုဏ်းကျင့်ကြံသူများလည်း ချက်ချင်း ပြိုကွဲကုန်ကြမည် ဖြစ်၏။
ကျန်းချင်ပြောပြီးသည့်နောက် ကုအန် သူမအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“နင်အတော်လေး စိတ်လှုပ်ရှားနေပုံပဲ အပြင်ထွက်သွားတုန်းကထက်တောင် စိတ်တက်ကြွနေပုံပါလား”
ကျန်းချင် ရယ်မောလိုက်ကာ “အပြင်ဘက်မှာ နေရာတိုင်းက သတ်ဖြတ်နေတာဆိုပေမယ့် ရလိုက်တဲ့ အတွေ့အကြုံတွေက ကျွန်မကိုပိုကျင့်ကြံဖို့ စိတ်ခွန်အားပေးတယ်လေ”
“ဆရာ ကျွန်မတံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ် ကျွန်မတို့ တပည့်အသုတ်ရဲ့ တာ၀န်လည်းပြီးသွားပြီဆိုတော့ ဥပဒေရေးရာခန်းမက ကျွန်မတို့ကို အနားယူဖို့ ခွင့်ပေးထားတယ်” သူမပြောလိုက်သည်။
ကုအန် သိုလှောင်အိတ်ထဲမှ ဆေးပုလင်းတစ်လုံး ထုတ်လိုက်ပြီး ကျန်းချင်ကိုပေးလိုက်ကာပြောလိုက်၏။
“ကောင်းကောင်းကျင့်ကြံ အနာဂတ်မှာ ဒီဆရာက မင်းတို့ကိုပဲ မှီခိုရမှာ”
ကျန်းချင်ဆေးပုလင်းကို မငြင်းဘဲယူလိုက်ကာ ရယ်မောလိုက်၏။ “ဆရာ ကျွန်မအမတတစ်ပါးဖြစ်တဲ့အချိန်ထိပဲ စောင့်နေပေး အဲ့ဒီအခါကျ ကျွန်မဆရာ့အတွက် အမတဆေးလုံးတစ်လုံး ဖော်စပ်ပေးမယ်”
သူမတက်ကြွနေပုံကြောင့် ကုအန် ရယ်ချင်နေမိသည်။
စုဟန်နှင့် ယိယန်တို့ ထွက်သွားပြီးကတည်းက ကျန်းချင်သည် ဆန်းကြယ်တောင်ကြားသို့ မကြာခဏလာလေ့ရှိပြီး ထိုနေရာကို သူ့အိမ်ဟု သတ်မှတ်ထားခဲ့၏။
ထိုအရာကို ကုအန်ကလည်း အလုပ်ရှုပ်သည်ဟု တစ်ခါမှမခံစားဖူးပေ။ ကျန်းချင်ရောက်လာတိုင်း စိတ်ပင် ကျေနပ်နေခဲ့ရသေးသည်။
ကျန်းချင်ထွက်သွားသောအခါမှ ကုအန် ဆန်းကြယ်တောင်ကြားတွင် သူ့အပင်များကို လှည့်လည်စစ်ဆေးလိုက်၏။
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေသော်လည်း အဓိပတိဂိုဏ်း လာအတိုက်မခံရသေးသောကြောင့် ကုအန် နေ့ရက်များမှာ အေးချမ်းနေဆဲပင်။
နှစ်ကုန်၍ နောက်နှစ်သို့ ကူးသွားခဲ့ပြန်၏။ ဤနှစ် နွေဦးပွဲတော်သည် အရင်နှစ်များလောက် မစည်ကားခဲ့ဘဲ ကုအန် ဆန်းကြယ်တောင်ကြား၌သာ အစေခံတပည့်များနှင့် ကျင်းပခဲ့ရသည်။
ထိုနေ့ ညဉ့်နက်ချိန်၌ ကုအန် နျန်းချူဂူသို့ တိတ်တဆိတ်ထွက်ခွာလာခဲ့၏။
သူမြက်ခင်းပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာခဲ့ပြီး ဂူထဲရှိ စိတ်ဝိညဉ်စွမ်းအားများ ကြွယ်၀နေမှုကို သူခံစားလိုက်ရပြီး ကျေနပ်သွားခဲ့သည်။ သူကိုယ်တိုင်တည်ဆောက်ခဲ့သော စိတ်ဝိညဉ်စုစည်းရေးအစီအရင်မှာ အစွမ်းပြနေလေပြီ။
ထိုအခိုက်တွင် ထျန်းယောင်အာ ကုအန်ဆီသို့ ပြေးလာခဲ့ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“သခင် အသားတွေယူလာခဲ့သေးလား”
လွန်ခဲ့သောလက ကုအန် သူ့အတွက် အသားကင်လုပ်ကျွေးပြီးကတည်းက သူမသည် အသားကင်ကို စွဲလန်းသွားခဲ့ခြင်းဖြစ်ပြီး ကုအန်ရောက်လာတိုင်း အသားကင် ပါမပါ အရင်ဆံုးမေးတတ်သည်။
နျန်းချူဂူသည် ထွက်ပေါက်မရှိသောကြောင့် သူမအပြင်သို့လည်း မထွက်နိုင်ဘဲ ဂူထဲတွင် ကျင့်ကြံ၍သာ ကုအန်ကို စောင့်နေခဲ့ရ၏။
(နျန်းချူဂူက ၀င်ပေါက်ထွက်ပေါက်မရှိတဲ့ မြေအောက်နေရာလွတ်ပါ ကုအန်က ၀င်ပေါက်လို့ သတ်မှတ်ထားတဲ့နေရာမှာ နျန်းချူဂူ ဆိုတဲ့စာလုံးပါတဲ့ ကျောက်တိုင်ကို စိုက်ထားတာပါ)
“ငါနည်းနည်းယူလာခဲ့တယ် ဒါပေမယ့် ငါတို့အရင်ဆုံး ဆေးမျိုးစေ့ကြဲဖို့လိုတယ် နင့်စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အသားဘယ်လောက်ပေးရမလဲ ဆုံးဖြတ်မယ်” ကုအန် စကားကြောင့် ထျန်းယောင်အာ မျက်လုံး ပြူးကျယ်သွားခဲ့သည်။
ထို့နောက် ကုအန် သူမအား မျိုးစေ့ကြဲနည်းကို သူကိုယ်တိုင် သင်ကြားပေးခဲ့၏။
တစ်ကြိမ်ပြသပြီးကတည်းက ကုအန် သူမဆေးပင်မျိုးစေ့ ကြဲသည်ကို ညနေရောက်သည်ထိ စောင့်ကြည့်နေခဲ့သည်။
ထျန်းယောင်အာသည် အပင်စိုက်ရာတွင် ပါရမီပါသည်ကိုလည်း ကုအန် သတိထားမိလိုက်၏။ သူမသည် တုံးအပုံပေါ်သော်လည်း အပင်စိုက်ရာတွင် လက်ဆိပ်ရှိပေသည်။
ဆေးပင်မျိုးစေ့များ ကြဲပြီးသောအခါ ကုအန် သိုလှောင်အိတ်ထဲမှ သိုးပေါင်တစ်ချောင်းထုတ်လိုက်ပြီး ရသာမှုန့်များ သုတ်ပေးလိုက်၏။ ထျန်းယောင်အာ၏ မျက်လုံးများ အရောင်တောက်သွားပြီး သိုးပေါင်ကို ကင်ရန် မီးစတင်မွှေးလေတော့သည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ
ထျန်းယောင်အာ မြေပေါ်တွင် ထိုင်ကာ အဆီဝေ့နေသော သိုးခြေထောက်ကို အားရပါးရ ကိုက်နေခဲ့၏။
“အကုန်လုံး နင့်ဟာတွေပါ ဖြည်းဖြည်းစား” ကုအန် ရယ်မောကာ ပြောလိုက်လေသည်။
အဘယ်ကြောင့် သူကြောင်တစ်ကောင်မွေးထားမိသလို ခံစားနေရသနည်း။
တကယ်တော့ ထျန်းယောင်အာသည် ကြောင်မိစ္ဆာတစ်ကောင်မဟုတ်ဘဲ ငှက်မိစ္ဆာတစ်ကောင်ဖြစ်၏။ သူ့သက်တမ်းအကန့်အသတ်အရ သူမသည် ဖီးနစ်သွေးမျိုးဆက်မှ ဆင်းသက်လာခြင်းပင် ဖြစ်နိုင်ပေသည်။
အသားကို ပလုပ်ပလောင်းစားနေရင်း ထျန်းယောင်အာ ပလုံးပထွေး မေးလိုက်၏။ “သခင် ကောင်းကင်ဖီးနစ်တောင်ကို ဘာလို့လာခဲ့တာလဲ”
သူမကုအန်နှင့် အတူရှိခဲ့တာ လပေါင်းများစွာကြာပြီဖြစ်သော်လည်း သူကုအန်အကြောင်း ဘာမှမသိပေ။ ယနေ့တော့ ကုအန် စိတ်ကြည်နေပုံပေါ်သောကြောင့် သူမမေးရဲခြင်း ဖြစ်သည်။
“ကောင်းကင်ဖီးနစ်တောင်က အရင်းအမြစ်တွေကြွယ်၀တယ်လေ ငါကဒီကို ဆေးပင်တွေရှာဖို့လာခဲ့တာ အခုငါတို့စိုက်နေတဲ့ အပင်တွေက ကောင်းကင်ဖီးနစ်တောင်ကရတဲ့ အပင်တွေပဲပေါ့”
“သခင် ဆေးတာအိုတတ်လား”
“ဒါပေါ့”
“မိစ္ဆာမိခင်လက်အောက်မှာ ဆေးတာအိုတတ်တဲ့ မိစ္ဆာတစ်ကောင်ရှိတယ် မိစ္ဆာမိခင်က သူ့ကိုအရမ်းအရေးပေးတာ သခင်ကျွန်မကို အနာဂတ်မှာ ဆေးတာအိုသင်ပေးလို့ရမလား”
“အဲ့တာက မင်းရဲ့စွမ်းဆောင်ရည်ပေါ် မူတည်တယ်”
“သခင် သခင်က ဘယ်ကလဲ”
တိတ်ဆိတ်နေသော ဂူထဲတွင် လူတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်၏ စကားသံများက ပဲ့တင်ထပ်နေခဲ့ပြီး မီးဖိုမှ မီးအလင်းရောင်ကြောင့် သူတို့အရိပ်များက နံရံပေါ် ထင်နေခဲ့ကြသည်။
ထျန်းယောင်အာ ကုအန်ကိုကြည့်နေရင်း ဖော်ပြ၍မရသော သက်တောင့်သက်သာဖြစ်မှုကို ခံစားနေခဲ့ရ၏။
သူမသည် ဂူထဲတွင် ပိတ်မိနေသော်လည်း ကုအန်နှင့် အတူရှိသည့်အခါ အေးချမ်းမှုကို ခံစားရပြီး ကြောက်ရွံ့မှုမျိုးကို မခံစားရပေ။
နောက်တစ်နေ့တွင် ထျန်းယောင်အာ အပင်စိုက်သည့်နည်းလမ်းအားလုံးကို မှတ်မိသွားသောကြောင့် ကုအန် သူမဆီ ညတိုင်းလာနေစရာမလိုတော့ပေ။
ကုအန်ထွက်သွားသောအခါ ထျန်းယောင်အာ ကြိုးစား၍ ကျင့်ကြံနေခဲ့လေသည်။ ကုအန် သူမကို စိတ်ပျက်သွားကာ ထားခဲ့မှာမျိုးကို သူမမလိုချင်ပေ။ ထို့ကြောင့် အားသည့်အချိန်တိုင်း ကြိုးစား၍သာ ကျင့်ကြံနေခဲ့၏။
မျက်စိတစ်မှိတ်အတွင်း
နှစ်၀က်ကုန်လွန်သွားခဲ့သည်။
ကုအန်အသက်သည် ၇၄နှစ်ကိုရောက်ရှိနေပြီဖြစ်ကာ သူ့သက်တမ်းက ၂သန်းကျော်သွားပြီဖြစ်ပြီး အရာအားလုံးသည် သူ့စိတ်တိုင်းကျ ရှေ့ဆက်သွားနေခဲ့သည်။
တစ်နေ့တွင် ကုအန် အပြင်စည်းမြို့သို့ ဆန်းကြယ်တောင်ကြားမှ ဆေးပင်များ ပို့ရန် သွားခဲ့၏။
ဆေးခန်းမမှ ထွက်လာသောအခါ ကုအန် တပည့်များ ဆွေးနွေးနေသံများကို ကြားလိုက်ရသည်။
သူတို့ပြောနေသည်မှာ တခဏဂိုဏ်းက ထိုက်ချန်မင်းဆက်ရှိ ၀မ်ကျိတောအုပ်ထဲတွင် ယဇ်ပလ္လင်ကြီးတစ်ခုကို တည်ဆောက်နေပြီး သက်ရှိများကို ယဇ်ပူဇော်ရန် စီစဉ်နေသည့် အကြောင်းဖြစ်၏။ ယခုအခါ မင်းဆက်ကိုးခုရှိ လူများ ပျောက်ဆုံးနေခဲ့ကြပြီး မင်းဆက်ရှစ်ခုလုံးက ထိုက်ချန်မင်းဆက်ဆီ အမြန်သွားနေခဲ့ကြသည်။
သူ့နတ်အာရုံကိုဖြန့်ကျက်လိုက်သောအခါ ကုအန် ယဇ်ပလ္လင်ကြီးကို မြင်လိုက်ရ၏။ ထိုပလ္လင်ကြီးသည် အတော်လေး ကြီးမားလှကာ မိုင်တစ်ရာပတ်လည်လောက်ကိုပင် ဖုံးအုပ်ထားခဲ့သည်။ ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ဒယ်စောက်ကြီးတစ်လုံးရှ်ိနေပြီး ထိုဒယ်စောက်ထဲ၌ နှိပ်စက်ခံနေရသော ဝိညဉ်များစွာရှိနေခဲ့၏။
ယဇ်ပလ္လင်ပတ်ပတ်လည်တွင် ဆန်းကြယ်နှလုံးသားအဆင့် အနည်းဆုံး ၄၀လောက်ရှိပြီး ကြည့်ရသည်မှာ ဒီတစ်ခါ တခဏဂိုဏ်းက ရှိသမျှ အကုန်ထုတ်ထားပုံပင်။
ဤအရာသည် မဟာယနအဆင့်ကျင့်ကြံသူ ထွက်လာတော့မည် ဟူ၍လည်း ညွှန်ပြနေခဲ့သည်။
ကုအန် သူ့နတ်အာရုံကို ပြန်ရုတ်လိုက်ပြီး ဝူကျဲအိမ်ဆီသို့ ကြည့်လိုက်၏။
ဝူကျဲသည် အတွင်းစည်းဂိုဏ်းသား ဖြစ်သွားပြီဖြစ်သော်လည်း အပြင်စည်းဂိုဏ်းရှိ သူ့အိမ်ကို မရောင်းခဲ့ဘဲ တစ်ခါတစ်ရံတွင် ထိုအိမ်၌ လာနေတတ်လေသည်။
ယခုအခါ ဝူကျဲ ထိုအိမ်တွင်ရှိနေပြီး ကြည့်ရသည်မှာ ကုအန်ကို စောင့်နေပုံပင်။
ထို့ကြောင့် ကုအန် ဝူကျဲအိမ်သို့ ဦးတည်သွားလိုက်ပြီး ခြံ၀န်းထဲရောက်သောအခါ လေ့ကျင့်နေသော ဝူကျဲကို ပြုံးပြလိုက်၏။ “နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့ ငါက ငါထွက်မသွားခင် မင်းကိုမတွေ့ရတော့ဘူးထင်နေတာ”
ဝူကျဲ၏ သက်တမ်းမှာ တိုးတက်မလာသော်လည်း သူ့ကျင့်ကြံခြင်းမှာတော့ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အိမ်တံခါးကို ပိတ်လိုက်ပြီးသည့်နောက် ကုအန် ဝူကျဲကို ပြုံး၍ ကြည့်လိုက်ကာ မေးလိုက်သည်။ “ဘာလို့ ငါ့ကိုစောင့်နေတာလဲ”
“ဆရာက တခဏဂိုဏ်းကို ရှင်းလင်းဖို့ ငါ့ကိုထိုက်ချင်မင်းဆက်ကို ခေါ်သွားဖို့ စီစဉ်ထားတယ် ထိုက်ချင်က ထိုက်ကန်နဲ့အရမ်းဝေးတော့ ငါဘယ်တော့မှ ပြန်ရောက်မလဲမသေချာဘူးလေ အဲ့တာကြောင့် မသွားခင် မင်းကိုနှုတ်ဆက်သွားချင်လို့” ဝူကျဲ လေ့ကျင့်နေသည်ကို ရပ်လိုက်ကာ ပြောလိုက်၏။
သူတည်ငြိမ်အောင်ကြိုးစားနေသော်လည်း သူ့စိတ်ထဲရှိ ကြောက်ရွံ့မှုကို ကုအန် ခံစားနေမိသည်။
ဝူကျဲသည် သေခြင်းရှင်ခြင်းတိုက်ပွဲမျိုးကို တစ်ခါမှမကြုံဖူးဘဲ တခဏဂိုဏ်းလက်ထဲတွင် သူ့ဆရာကလည်း သေဆုံးသွားခဲ့ရသောကြောင့် သူ့ကြောက်ရွံ့နေမှုမှာ သာမန်သာ ဖြစ်သည်။
“မင်းလိုပါရမီရှင်တစ်ယောက်က ဂိုဏ်းထဲမှာပဲ အေးဆေးနေသင့်တာမဟုတ်လား” ကုအန် ပြောလိုက်၏။
ဝူကျဲ ခေါင်းယမး်လိုက်ကာ “တခဏဂိုဏ်းက စွမ်းအားကြီးလွန်းတယ် တခဏဂိုဏ်းကို အမြစ်ပြတ်ရှင်းဖို့ အဓိပတိဂိုဏ်းက အားကုန်ထုတ်သုံးဖို့လိုတယ် နောက်ပြီး ငါ့မှာလည်း မသွားလို့မဖြစ်တဲ့ အကြောင်းပြချက်တွေ ရှိနေသေးတယ်လေ”
သူ့ဆရာအတွက် သူကလဲ့စားချေရဦးမည် ဖြစ်သည်။
သူ့ဆရာကို သတ်သွားသည်မှာ တခဏဂိုဏ်းမှ မည်သည့်မိစ္ဆာမှန်း သူမသိသော်လည်း တခဏဂိုဏ်းတစ်ခုလုံးကို ရှင်းလင်းပစ်နိုင်ပါက သူ့ဆရာအတွက် ကလဲ့စားချေလိုက်နိုင်သည်ဟု မှတ်ယူနိုင်၏။
“အဲ့တာဆိုရင်လည်း ဂရုစိုက်ပါ မိစ္ဆာလမ်းစဉ်က ထူးဆန်းပြီး မာယာများလွန်းတယ် မင်းလူတစ်ယောက်ရဲ့စွမ်းအားကို သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ ကြည့်ပြီးဆုံးဖြတ်လိုက်လို့မရဘူး…” ကုအန် ဝူကျဲအား စတင်၍ ဆိုဆုံးမလေတော့သည်။
ကုအန် အကြံပေးစကားများအား နားထောင်နေရင်း ဝူကျဲ ငြီးငွေ့သည်ဟုမခံစားရဘဲ ပြုံးသာပြုံးနေလိုက်၏။
ထိုကဲ့သို့ သူငယ်ချင်းမျိုးရှိနေသေးသောကြောင့် သူဤခရီးကို သွားကို သွားရပေလိမ့်မည်။
အကယ်၍ တခဏဂိုဏ်း၏ ယဇ်ပူဇော်မှုသာ အောင်မြင်သွားခဲ့ပါက ထိုဂိုဏ်းက ဖြည်းဖြည်းချင်း အဓိပတိဂိုဏ်းကို တိုက်ခိုက်လာမည်ဖြစ်ပြီး ထိုအခါ ကုအန်လည်းအန္တရာယ်ရှိလာပေလိမ့်မည်။
ထို့နောက် ဝူကျဲ ကုအန်အား ဤတစ်ကြိမ်ခရီးကို ဂိုဏ်းက မည်သို့စီစဉ်ထားကြောင်း စတင်ပြောပြခဲ့၏။ ဂိုဏ်းချုပ်သည် ဤခရီးတွင် အတွင်းစည်းဂိုဏ်းသား သုံးပုံတစ်ပုံကို ခေါ်သွားမည်ဖြစ်ပြီး ဂိုဏ်းကဤတာ၀န်ကို မည်မျှအလေးထားနေမှန်း မြင်နိုင်ပေသည်။
အပိုင်း(၁၄၂)
ဆန်းကြယ်နှလုံးသား အဆင့် ၉ ၏တိုက်ခိုက်မှု
ဝူကျဲထွက်ခွာသွားပြီး နောက်နေ့များတွင် ဆန်းကြယ်တောင်ကြားရော တတိယတောင်ကြားပေါ်မှပါ ကျင့်ကြံသူအများအပြား ဖြတ်ပျံသွားကြသည်ကို ကုအန် တွေ့နေခဲ့ရသည်။
အဓိပတိဂိုဏ်း၏ ခရီးသည် စတင်ခဲ့လေပြီ!
တံစက်မြိတ်အောက်တွင် ရပ်နေရင်း ကုအန် ၀မ်ကျိတောအုပ်ထဲရှိ တိုက်ပွဲများကို ကြည့်ရှုနေခဲ့၏။ အဓိပတိဂိုဏ်းအရင် ရောက်ရှိနေသော ဂိုဏ်းများက စတင်တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်သည်။
ကံဆိုးစွာဖြင့် ဆန်းကြယ်နှလုံးသားအဆင့် ၄၀ သည် အလွန်အားကောင်းလှပြီး မင်းဆက်ကိုးခုမှ ကျင့်ကြံသူများ ဘယ်လိုမှ ရှေ့ဆက်မတိုးနိုင်ဘဲ လန်သာ ကျနေခဲ့ရကာ အင်အားသာ ထပ်စုနေခဲ့ရ၏။
ထို့နောက် ကုအန် သူ့အကြည့်ကို ဖုန်မဲ့ဖုန်းဆိုးမြေသို့ ပြောင်းလိုက်သည်။ ထိုနေရာသည် တခဏဂိုဏ်းသိမ်းပိုက်ထားသော နယ်မြေဖြစ်ပြီး မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲမှ တခဏဂိုဏ်းကျင့်ကြံသူများ တဖွဲဖွဲထွက်လာနေခဲ့ကြကာ အရပ်မျက်နှာပေါင်းစုံသို့ ဦးတည်သွားနေခဲ့ကြသည်။
မင်းဆက်ကိုးခုမှာ ထိုက်ကန်၊ မဟာယု၊ ချန်းတန်၊ ထျန်းဝေ၊ ထိုက်ချန်၊ ဟန်လု၊ မဟာကျိုး၊ မဟာကျင်း နှင့် ဝူကျန်း တို့ဖြစ်ကြ၏။
ထိုက်ချန် မင်းဆက်သည် မင်းဆက်ကိုးခု၏ အလယ်တွင်ရှ်ိနေသော မင်းဆက်တစ်ခုဖြစ်ပြီး သေချာကြည့်ပါက ယခုတိုက်ပွဲသည် အလယ်ရှိ ထိုက်ချန်သို့ အဖက်ဖက်မှ ၀င်တိုးနေသော တိုက်ပွဲ ဖြစ်မှန်း သိနိုင်ပေသည်။
ထိုအခြေအနေကိုကြည့်ပြီး ကုအန်လည်း တိုက်ခိုက်လိုစိတ်များ ပေါ်လာခဲ့ရ၏။
သို့သော် သူ့ကိုယ်ပိုင်ဆေးတောင်ကြားကို ကာကွယ်ရဦးမည်ဖြစ်ပြီး ထိုအရာက အရေးအကြီးဆုံးအရာ ဖြစ်ပေသည်။
ထို့အပြင် သူအစောကြီးထွက်လှုပ်ရှားလိုက်ပါက မဟာယနအဆင့်ကျင့်ကြံသူက ထွက်လာတော့မည် မဟုတ်ပေ။
တစ်ဖက်လူများ၏ လှုပ်ရှားမှုများက တစ်ခုခုကိုပြင်ဆင်နေသလို ကုအန် ခံစားနေခဲ့ရ၏။
၀မ်ကျိတောအုပ်ထဲရှိ ယဇ်ပလ္လင်မှာ ငါးစာတစ်ခုသာ ဖြစ်ပြီး တခဏဂိုဏ်းသည် အဓိပတိဂိုဏ်းကို တိုက်ခိုက်ရန် ချောင်းမြောင်းနေသည်ဟုပင် ကုအန် သံသယရှိနေခဲ့သည်။
ထိုသို့ သံသယရှိနေသည်မှာ ကုအန်တစ်ယောက်တည်း မဟုတ်ပေ။ အဓိပတိဂိုဏ်းကလည်း သံသယရှိနေပြီး ဂိုဏ်းကို သေချာ ကာကွယ်ထားခဲ့သည်။ ဆန်းကြယ်နှလုံးသား အဆင့်နှစ်ယောက်ထဲမှ တစ်ယောက်ကိုပင် ဂိုဏ်းကို ကာကွယ်ရန် ထားခဲ့ပြီး ထိုအကြီးအကဲမှာ ဘိုးဘေးရွှမ်ကွမ်းမဟုတ်သော တစ်ယောက် ဖြစ်၏။
မြို့များထဲတွင် ကင်းလှည့်နေသော တပည့်အရည်အတွက်များ တိုးပွားလာခဲ့ပြီး အဓိပတိဂိုဏ်းထဲရှိ လေထုမှ တင်းကြပ်နေခဲ့သည်။ ထိုတင်းကြပ်နေမှုမှာ တတိယတောင်ကြားနှင့် ဆန်းကြယ်တောင်ကြားကိုလည်း သက်ရောက်မှုရှိခဲ့၏။
ဆန်းကြယ်တောင်ကြား၏ အကြီးဆုံးတပည့်တစ်ယောက်အနေနှင့် လုကျိကျား တောင်ကြားတစ်ဝိုက်ရှိ တောင်ထိပ်များတွင် တပည့်များကို ကင်းစောင့်စေကာ တခဏဂိုဏ်းမှ မိစ္ဆာများ ချဉ်းကပ်မလာစေရန် ကာကွယ်ထားခဲ့သည်။
တတိယတောင်ကြားတွင်လည်း ထို့အတူသာဖြစ်ပြီး တပည့်များက ကင်းလှည့်နေခဲ့ကြသည်။
တတိယတောင်ကြား၏ မနက်ခင်းတစ်ခုတွင်
မနက်ခင်းလေ့ကျင့်ခန်း ပြီးဆုံးပြီးသည့်နောက် ကုအန် သူ့အိမ်သို့ ပြန်နေစဉ်တွင် တစ်ခုခုကို အာရုံခံလိုက်မိပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားပါသော်လည်း ခြေလှမ်းများကိုတော့ မရပ်တန့်ခဲ့ပေ။
ဝုန်းးးး
ရုတ်တရက် နားကွဲလုမတတ်အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး တောင်ကြားထဲရှိလူတိုင်း အံ့အားသင့်သွားခဲ့ကာ အသံထွက်ပေါ်လာရာနေရာသို့ လှည့်ကြည့်မိလိုက်ကြသည်။
အတွင်းစည်းဂိုဏ်းရှိ ကောင်းကင်တွင် မိုးကြိုးတိမ်တိုက်များ လိမ့်တက်လာခဲ့ပြီး ကောင်းကင်တစ်ခွင်လုံး မိုးကြိုးတိမ်တိုက်များက ဖုံးလွှမ်းသွားခဲ့၏။
“အဲ့တာ ဘာအသံလဲ”
“တခဏဂိုဏ်းက တိုက်ခိုက်မှု ဖြစ်နိုင်လား”
“တခဏဂိုဏ်းက ထိုက်ချန်မင်းဆက်မှာ မဟုတ်ဘူးလား”
“အဓိပတိဂိုဏ်းသာ ကျရှုံးသွားခဲ့ရင် မင်းဆက်ကိုးခုလုံးရဲ့ စိတ်ဓာတ် ထိုးကျသွားလိမ့်မယ်”
“အဲ့တာက ငါတို့ ဆေးတောင်ကြားကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်…”
တောင်ကြားရှိတပည့်များ စုဝေးကာ ဆွေးနွေးနေခဲ့ကြသည်။
ကုအန်လည်း သူ့ခြေလှမ်းများကို ရပ်လိုက်ကာ ဆေးဉယျာဉ်၏ ခြံ၀န်းထောင့်စွန်းတွင်ရပ်၍ ကောင်းကင်ကို ကြည့်ရင်း ပင်မမြို့တော်ရှိ တိုက်ပွဲကို ကြည့်ရှုနေခဲ့၏။
ပင်မမြို့တော်သည် အဓိပတိဂိုဏ်း၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး အတွင်းစည်းဂိုဏ်းသားများပင် ၀င်ခွင့်ရှိသော်လည်း နေထိုင်ခွင့်တော့မရှိပေ။ ပင်မမြို့တော်တွင် နေထိုင်ခွင့်ရှိသူများမှာ အဓိပတိဂိုဏ်း၏ အာဏာရှိလူတန်းစား အရပ်ရပ်သာ ဖြစ်ပေသည်။
ထိုအခိုက်တွင် ပင်မမြို့တော်ထဲရှိ အဓိပတိဂိုဏ်း၏ တစ်သားတည်းဖြစ်ခြင်းအဆင့် အကြီးအကဲ ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေခဲ့ကြသည်။ သူတို့တိုက်ပွဲမှာ တဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့ပြီး ပင်မမြို့တော်ကို ဖရိုဖရဲဖြစ်လာစေခဲ့၏။
ဤတိုက်ခိုက်မှုသည် တခဏဂိုဏ်း၏ တိုက်ခိုက်မှုမဟုတ်ဘဲ တခဏဂိုဏ်း သူလျှိုများ၏ တိုက်ခိုက်မှု ဖြစ်သည်။
ထိုစဉ် လုလင်ကျွမ်း သူ့ဘေးရောက်ရှိလာခဲ့ပြီး ပြောလိုက်၏။
“တောင်ကြားသခင် အခုကစပြီး ဆေးတောင်ကြားက ထွက်မသွားတာကောင်းမယ် ထင်တယ်နော်”
သူမလည်း ပင်မမြို့တော်ထဲရှိ တိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။
သူမလည်း တစ်သားတည်းဖြစ်ခြင်းအဆင့် နှစ်ယောက်ကို သတိထားမိနေခဲ့ပြီး ထိုနှစ်ယောက်လောက်က သူမကို စိတ်သောကရောက်အောင်လုပ်နေခြင်းတော့ မဟုတ်ပေ။
သူမစိတ်ညစ်နေသည်မှာ ဤထက်ပိုကြီးမားသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေရသောကြောင့် ဖြစ်၏။
ကုအန် အသာအယာခေါင်းညိတ်ကာ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
တတိယတောင်ကြားသည် ညအချိန်ရောက်လာသလို ကောင်းကင်မှာ မှောင်မည်းလာခဲ့၏။
ဂျိန်းးးဂျလိန်းးး
တိမ်ပင်လယ်ထက်တွင် သားရဲကြီးတစ်ကောင် ဟိန်းဟောက်လိုက်သလို နားကွဲလုမတတ် မိုးချိန်းသံကြီးများ ထွက်ပေါ်လာခဲ့လေသည်။
“သံတမန်ကြီး မင်းထွက်လာသင့်ပြီနော် မင်းနဲ့ငါရဲ့ကြားက တိုက်ပွဲကပဲ အဓိပတိဂိုဏ်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တော့မှာ!”
အေးစက်စက်အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ရာ အဓိပတိဂိုဏ်းရှိလူတိုင်း၏ ရင်ထဲတွင် မသက်မသာ ဖြသ်သွားခဲ့ရသည်။
လုလင်ကျွမ်း၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့၏။ ထိုအသံပိုင်ရှင်၏ ကျင့်ကြံခြင်းမှ တစ်သားတည်းအဆင့်ကို ကျော်လွန်တာ သေချာပေသည်။
ကုအန်မှာတော့ တိမ်ပင်လယ်ထက်တွင် လမ်းလျှောက်နေသော ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကို မြင်ပြီးပြီ ဖြစ်၏။ ထိုလူသည် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ခေါင်းပေါ်တွင် ခရမ်းရောင်သရဖူတစ်ခုကို စောင်းထားပြီး ရွှေရောင်ဓားပျံ ၁၈ လက်က သူ့နားတွင် လွင့်မျောနေခဲ့သည်။ သူရှေ့သို့ တိုးလာသည်နှင့် လေပြင်းများက နဂါးများနှယ် သူ့ကိုယ်မှထွက်ပေါ်လာခဲ့ပြီး သူ့ပုံစံမှာ အတော်လေး လွှမ်းမိုးမှု ရှိလှ၏။
ဆန်းကြယ်နှလုံးသား အဆင့် ၅!
ဤပုဂ္ဂိုလ်သည် တခဏဂိုဏ်း၏ အရှင် ၁၀၀ထဲမှ တစ်ယောက်ဖြစ်ပုံရပြီး သူ့ကျင့်ကြံခြင်းမှာ ဆန်းကြယ်နှလုံးသားအဆင့်၅ ဖြစ်ကာ အဓိပတိဂိုဏ်းရှိ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူထက် အဆင့် ၃ထက် ပိုမြင့်ပေသည်။
အတွင်းစည်းဂိုဏ်းထဲရှိ စာအုပ်ခန်းမတွင်
အကြီးအကဲ ရှုလု စာအုပ်စင်ရှေ့တွင် ရပ်နေရင်း လှေကားပေါ်မှဆင်းလာသော ပုံရိပ်ကိုကြည့်ကာ မမေးဘဲ မနေနိုင်ခဲ့ပေ။ “ခင်ဗျား ဘယ်လောက် ယုံကြည်ချက်ရှ်ိလဲ”
သူ့အကြည့်သည် လှေကားပေါ်မှ ဆင်းလာသော အနက်ရောင်၀တ်စုံ၀တ်လူပေါ်ရောက်နေပြီး ထိုလူသည် လက်ထဲတွင် မြင်းမြှီးနှင်တံ တစ်ချောင်းကို ကိုင်ထားကာ သူ့မျက်နှာက အေးချမ်းနေခဲ့သည်။
ထိုလူသည် လှေကားပေါ်မှဆင်းသက်နေခြင်းကို ရပ်တန့်မသွားဘဲ ရှေ့ဆက်သွားနေရင်း စကားတစ်ခွန်းသာ ချန်ခဲ့၏။
“အကောင်းဆုံး လုပ်ခဲ့မယ်”
ရှုလု ပြတင်းပေါက် အပြင်ဘက်ရှိ မိုးကြိုးတိမ်တိုက်များကို ကြည့်ကာ သူ့မျက်လုံးထဲတွင် စိတ်ပူနေသော အရိပ်အယောင်များ ဖုံးမရဖိမရ ပေါ်လွင်နေခဲ့သည်။
“ဒီနေ့က ဒီနိမ့်ကျတဲ့ တာအိုပညာရှင်လေး ဆန်းကြယ်နှလုံးသားအဆင့်ကိုရောက်ကတည်းက ပထမဆုံးအကြိမ်ဆန်းကြယ်နှလုံးသားအဆင့်ချင်း တိုက်ခိုက်ဖူးခြင်းပါ သံတမန်ကြီးရဲ့ နာမည်ကို သိပါရစေ ဒီတာအိုပညာရှင်ရဲ့ နာမည်ကတော့ ဘိုးဘေးကူစုန့် လို့ခေါ်ပါတယ်”
အကြီးအကဲကူစုန့် အသံက အဓိပတိဂိုဏ်းတစ်ခုလုံးတွင် ပြန့်နှံ့သွားခဲ့သည်။
ဆန်းကြယ်နှလုံးသား အဆင့်တဲ့လား!
လုလင်ကျွမ်းဤအဆင့်အကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
တစ်သားတည်းဖြစ်ခြင်းအဆင့်အထက်က ဆနး်ကြယ်နှလုံးသားအဆင့်လား!
လုလင်ကျွမ်း တိမ်ပင်လယ်ထက်ရှိပုံရိပ်ကို မြင်နေရပြီဖြစ်ပြီး ထိုလူ့ကို အားကျခြင်း မနာလိုခြင်းများပါသည့် မျက်၀န်းများဖြင့် ကြည့်ရှုနေခဲ့သည်။
သူထိုအဆင့်သို့ ရောက်ကို ရောက်ရပေမည်။
မဟုတ်ဘူး!
သူဆန်းကြယ်နှလုံးသားအဆင့်ကို ကျော်လွန်ရပေမည်။
“ငါက တခဏဂိုဏ်းက အရှင်ချိီချင် ပဲ ငါ့လက်ထဲမှာ သေရတာက မင်းအတွက်ဂုဏ်ယူစရာ ဖြစ်လာမှာပါ”
ထိုအသံကြီး ထွက်ပေါ်လာရာ အဓိပတိဂိုဏ်းရှိ အကြီးအကဲကူစုန့်ဘက်မှလူများ ချွေးပျံသွားခဲ့ရသည်။
ဝုန်းးးး
ဖိအားကြီးတစ်ခု အဓိပတိဂိုဏ်းပေါ် ကျဆင်းလာခဲ့ပြီး မြို့တိုင်းရှိ အကာအကွယ်အလွှာများ ပွင့်လာခဲ့ကာ အရောင်များလက်လာခဲ့ပြီး ဖိအားကြီးကို တောင့်ခံခဲ့၏။
အရှင်ချီချင်နှင့် ဘိုးဘေးကူစုန့်ကြား တိုက်ပွဲမှ စတင်ခဲ့လေပြီ။
နှစ်ယောက်လုံးသည် ကောင်းကင်ထက်တွင် တိုက်ခိုက်နေကြခြင်းဖြစ်သော်လည်း သူတို့ တိုက်ပွဲ၏ ပြင်းထန်မှုကြောင့် တောင်များပင် တုန်ခါနေခဲ့ရသည်။
လုလင်ကျွမ်း ကောင်းကင်ပေါ်မှတိုက်ပွဲကို တစ်ချက်မှမလွတ်အောင် အသေးစိတ် ကြည့်ရှုနေခဲ့၏။
ကုအန် သူမကို တစ်ချက်ကြည့်လိုက်သည်။
ဟမ်!
သူဒီတိုက်ပွဲကနေ ညဏ်အလင်းပွင့်သွားနိုင်လောက်လား!
တခဏအကြာတွင်
လုလင်ကျွမ်းသည် တိုက်ပွဲထဲတွင် အာရုံရောက်နေဆဲဖြစ်ပြီး ကုအန် တောင်ကြားအ၀င်၀သို့ လှည့်ကြည့်လိုက်၏။
အဓိပတိဂိုဏ်းသို့ ရောက်လာသည်မှာ အရှင်ချီချင်တစ်ယောက်တည်းမဟုတ်ဘဲ အခြားအစွမ်းထက်သော တည်ရှိမှုများလည်း တတိယတောင်ကြားအ၀င်၀သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကုအန် တောင်ကြားအ၀င်၀ ခပ်လှမ်းလှမ်းမှ အဖြူရောင်၀တ်စုံ၀တ်ထားပြီး အ၀ကျယ်ကျယ်ခမောက်ကြီးတစ်လုံးကို ဆောင်းထားသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူမ၏ ခါးနားတွင် ကျနေသော လက်များမှာ ဖြူဖွေးနုနေပြီး သူမပုံစံသည် ကောင်းကင်ပေါ်မှ ကျဆင်းလာသော နတ်သမီးတစ်ပါးနှင့်ပင် တူပြီး သူမကိုကြည့်ပြီး မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူတစ်ယောက်ဟု ဘယ်လိုမှ ထင်နိုင်ဖွယ် မရှိပေ။
[နတ်သမီးပိုင်ရှ(ဆန်းကြယ်နှလုံးသားအဆင့်၉): ၂၁၈၀/၄၉၀၀/၆၅၀၀]
ဆန်းကြယ်နှလုံးသားအဆင့် ၉!
သူတို့က တကယ်ကြီး အဓိပတိဂိုဏ်းကို အပြတ်ရှင်းဖို့ ကြံထားတာပဲ!
ကုအန် အမြန်ပင် နတ်သမီးပိုင်ရှနား ချဉ်းကပ်သွားလိုက်ကာ ဂါရ၀ပြုလိုက်ပြီးမေးလိုက်သည်။
“တခဏဂိုဏ်းကြောင့် ဂိုဏ်းကဖရိုဖရဲဖြစ်နေချိန်မို့ ဒီက မိတ်ဆွေရဲ့ နာမည်ကို သိပါရစေ”
နတ်သမီးပိုင်ရှ၏ ခမောက်မှ ကျနေသော ပုဝါစမှတစ်ဆင့် သူ့အနီရောင်နှုတ်ခမ်းလေးများကို မြင်နေခဲ့ရ၏။
ဤစုန်းမသည် အမှန်တကယ်ပင် သတိထားရမည့် စုန်းမဖြစ်ပေသည်။ သူသည် လျှို့ဝှက်နည်းစနစ်အချို့ကိုသုံးကာ သူ့ကျင့်ကြံခြင်းကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁ အဖြစ် ဖုံးကွယ်ထားခဲ့၏။
“မောင်လေး ဒီဆေးတောင်ကြားရဲ့ စိတ်ဝိညဉ်စွမ်းအင်တွေက ကြွယ်၀လွန်းတယ် ကြည့်ရတာမောင်လေးရဲ့ သရုပ်မှန်က ရိုးရှင်းပုံတော့မရဘူး မမကို မောင်လေးရဲ့ သရုပ်မှန်ပြောပြနိုင်မလား” နတ်သမီးပိုင်ရှပြောလိုက်ပြီး သူ့အသံမှာ အတော်လေး သာယာလှပြီး ကြားရသူကို စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြုပ်သွားစေနိုင်ပေသည်။
ကုအန် လက်မြှောက်ကာ သူ့လက်ကောက်၀တ်ကို ဖမ်းဆုပ်လိုက်ပြီး ပြောလိုက်၏။
“ကျွန်တော်က သာမန် အပြင်စည်းဂိုဏ်းသားတစ်ယောက်ပါပဲ”
ပိုင်ရှ ရယ်မောလိုက်လေသည်။ သူ့ရယ်သံမှာ အတော်လေး ချိုလွင်လှ၏။ သူမသည် ကုအန် သူမလက်ကောက်၀တ်အား ဖမ်းဆုပ်ထားမှုကို စိတ်ထဲထားပုံမရဘဲ အသံပို့လွှတ်ခြင်းနည်းစနစ်သုံး၍ မေးလိုက်ပြန်သည်။ “သတင်းတွေအရတော့ ဆရာသခင်ဓားအရှင်က ဒီနယ်မြေ မိုင် ၁၀၀၀ ပတ်လည်မှာ လှုပ်ရှားတယ်လို့ ဆိုကြတယ် မောင်လေးက မမကို ဆရာသခင်ဓားအရှင်ရဲ့ သတင်းပြောပြမယ်ဆိုရင် မောင်လေးအသက်ကို ချမ်းသာပေးမယ်”
သူမ အသံပို့လွှတ်ခြင်းနည်းစနစ်သုံးလိုက်၍ ကုအန် အံ့ဩသွားမိပြီး အဆုံးထိ နားထောင်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ကုအန် အမူအရာ တင်းမာသွားကာ ပြောလိုက်၏။
“ကြည့်ရတာ မင်းကတကယ်ပဲ မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ”
ရုတ်တရက် နတ်သမီးပိုင်ရှ သူ့ကိုယ်ကို စိတ်ဝိညဉ်စွမ်းအားတစ်ခုက လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာ ဖြူဖျော့သွားခဲ့လေသည်။ သူမလက်အား ရုန်းဖို့ကြိုးစားလိုက်သော်လည်း ကုအန်လက်ထဲမှ လုံး၀ မရုန်းနိုင်သည်ကို သိလိုက်ရ၏။
သူမမျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားခဲ့လေသည်။
သူမ မူလဝိညဉ်ကိုလည်း လုံး၀ထုတ်မရတော့သောကြောင့် သူမပို၍ ကြောက်လန့်လာခဲ့၏။
ထိုမျှကြောက်စရာကောင်းသောခံစားချက်မျိုးကို သူတစ်ခါမှ မခံစားခဲ့ဖူးပေ။
ထိုစဉ် သူမကျင့်ကြံခြင်းက လျင်မြန်စွာ ကျဆင်းသွားပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ၁ သို့ အမှန်တကယ်ပင် ကျဆင်းသွားခဲ့ရသည်။ နတ်သမီးပိုင်ရှ အံ့ဩလွန်း၍ အသံတစ်သံပင် ထွက်သွားခဲ့ရသည်။
“မဖြစ်နိုင်တာ…”
သူမ၏ ကြောက်လန့်နေသော အကြည့်အောက်တွင်ပင် ကုအန် ပုလဲတစ်လုံးကို သုိလှောင်အိတ်ထဲမှ ထုတ်လိုက်၏။
သူ့ကို လုပိုင်ထျန်းပေးခဲ့သော အရိပ်တစ်ထောင်ပုလဲ!
သူ့ဘယ်လက်ဖြင့် နတ်သမီးပိုင်ရှ လက်ကောက်၀တ်ကို ဆုပ်ကိုင်ထားရင်း ညာလက်ဖြင့် အရိပ်တစ်ထောင်ပုလဲကိုကိုင်ကာ ပိုင်ရှ ၀မ်းဗိုက်ကို ရိုက်ချလိုက်လေတော့သည်။
“မိစ္ဆာကျင့်ကြံသူ ဒါကို ယူလိုက်!”
ကုအန်၏ အော်သံ ထွက်ပေါ်လာခဲ့၏။ ထို့နောက် ဝုန်းကနဲအသံကြီးနှင့်အတူ ပုလဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်သမီးပိုင်ရှအား ရိုက်မိသွားခဲ့ကာ သူ့ကိုယ်မှ သွေးများ ပြန့်ကျဲလာပြီး သွေးများက ကုအန် မျက်နှာကိုပင် စွန်းထင်းသွားစေခဲ့သည်။
အရိပ်တစ်ထောင်ပုလဲသည် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကို မသတ်ဖြတ်နိုင်သောကြောင့် ကုအန် ပုလဲကိုမသုံးခင် ပိုင်ရှ၏ ဝိညဉ်ကို ချေမွခဲ့ပြီး ပိုင်ရှသေဆုံးသွားသော အဓိကအချက်မှာ သူ့ဝိညဉ်ကြေမွသွားခဲ့ရခြင်းကြောင့် ဖြစ်၏။
ကုအန်၏ အော်သံမှာ အစေခံတပည့်များ၏ အာရုံကို ဆွဲဆောင်သွားစေခဲ့သည်။
လုလင်ကျွမ်း ရုတ်တရက် ကုအန်ရှေ့တွင်ပေါ်လာခဲ့ပြီး ကုအန်၏ သွေးစွန်းနေသော မျက်နှာကို ကြည့်ကာ မေးလိုက်၏။ “အဆင်ပြေရဲ့လား ဘာလို့ငါ့ကို အရင်မခေါ်လိုက်တာလဲ”
ကုအန် ကြောက်ရွံ့နေဟန်ဖြင့် ဖြေလိုက်သည်။
“ကျွန်တော်က သူ့ကို အတွင်းစည်းဂိုဏ်းသားတစ်ယောက်လို့ ထင်ထားတာ ဒါပေမယ့် သူကရောက်လာပြီးမှ မိစ္ဆာကျင့်ကြံသူအဖြစ်ပြောင်းသွားတယ် အမြန် သူ့အလောင်းကို ရှင်းလိုက်ကြရအောင် မဟုတ်ရင် မိစ္ဆာကျင့်ကြံသူတွေ လိုက်လာကြလိမ့်မယ်”
သူ၏ အရိပ်တစ်ထောင်ပုလဲကို ကိုင်ထားသော လက်မှာ တုန်ခါနေခဲ့၏။
နတ်သမီးပိုင်ရှကို သတ်ဖြတ်လိုက်ခြင်းမှ သက်တမ်း၉၅နှစ် ရရှိခဲ့ရာ သိပ်တော့ မဆိုးလှပေ။
လုလင်ကျွမ်း ကုအန်အမူအရာအား လက်မခံလိုဟန်ဖြင့် ပြောလိုက်သည်။ “နင့်ကြည့်ရတာ လိပ်ပြာလွင့်မတတ်ကြောက်သွားတဲ့ပုံနဲ့ နင်ဟန်ဆောင်နေတာကိုလည်း ပြန်ကြည့်ပါဦး အနည်းဆုံးတော့ နင်က ရွှေစာရင်းက ပါရမီရှင်တစ်ယောက်ပဲလေ ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့် ကိုရောက်ခါစ ကျင့်ကြံသူတစ်ယောက်ကြောင့် နင်က ဒီလောက်ကြောက်သွားစရာလား”
ထို့နောက် လုလင်ကျွမ်း သူမကြည့်ခဲ့သော တိုက်ပွဲကြောင်း ပြန်သုံးသပ်နေလိုက်သည်။
ထိုတိုက်ပွဲမှ သူမတစ်ခုခုကို ဖမ်းဆုပ်နိုင်ခဲ့သလို ခံစားနေခဲ့ရ၏။
ဆန်းကြယ်နှလုံးသားအဆင့်မှာ အမှန်တကယ်ပင် အားကျစရာ ကောင်းလှသည်။
တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ နှင့် ဆန်းကြယ်နှလုံးသားအဆင့်ကြား ကွာဟချက်မှာ စိတ်ကူး၍ပင် မရပေ။
ရုတ်တရက် ဆန်းကြယ်နှလုံးသားအဆင့်သို့ရောက်မှသာ ကိုယ့်ကိုကိုယ် ကြီးမြတ်တဲ့ကျင့်ကြံသူလို့ ခံယူသင့်သည်ဟုပင် သူမခံစားလိုက်ရသည်။