← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 12 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 12 Ch. 145-146

အပိုင်း(၁၄၅)

နင်ကတကယ်ပဲ ဖန်းအန်လား

မျက်နှာဖုံး၀တ် အကြီးအကဲ၏ စကားဆုံးသောအခါ မီးလုံး၏ လှုပ်ရှားမှု ရပ်တန့်သွားခဲ့၏။

အခြား အရှင် ၆ပါးလည်း ခေါင်းငုံ့ထားခဲ့ကြပြီး သူတို့မျက်နှာပေါ်တွင် အမူအရာပေါင်းစုံ ပြောင်းလဲနေခဲ့ကြသည်။ အဓိပတိဂိုဏ်းတိုက်ပွဲပြီးသည့်နောက် သူတို့ ဆရာသခင်ဓားအရှင်ကို ပို၍ ကြောက်လန့်လာခဲ့ကြသည်။

မျက်နှာဖုံး၀တ် အကြီးအကဲ ဆက်ပြောလိုက်၏။

“ဒီကာလအတွင်း ပင်မဂိုဏ်းက ဂိုဏ်းသား ဆယ်ပုံနှစ်ပုံလောက် ဆုံးရှုံးခဲ့ရတယ် အဲ့ဒီထဲမှာ တစ်သားတည်းဖြစ်ခြင်းအဆင့် ၁၆ ယောက်လည်းပါတယ် ကျွန်တော်တို့ ဒုဂိုဏ်းချုပ် သေသလားရှင်သလားဆိုတာ မဆုံးဖြတ်နိုင်ဘူး ဂိုဏ်းချုပ်မှာ သိနိုင်မယ့်နည်းလမ်းရှိလား”

သားသတ်အင်မော်တယ်ကျင်း၏အသံ မီးတောက်နက်များထဲမှ ထွက်ပေါ်လာခဲ့သည်။

“ဒုဂိုဏ်းချုပ်က လေလိုပဲ ငါတောင်သူဘယ်မှာရှိလဲ မသိနိုင်ဘူး ဒါပေမယ့် မင်းဆက်ကိုးခုမှာ မဟာယနအဆင့်ကျင့်ကြံသူ ပေါ်မလာသေးသရွေ့တော့ သူမသေနိုင်ပါဘူး တကယ်လို့ မဟာယနကျင့်ကြံသူပေါ်လာရင်တောင် သူ့ကိုသတ်ဖြတ်တဲ့ ဖြစ်စဉ်က ခပ်သေးသေးဖြစ်မှာ မဟုတ်ဘူး

မင်းတို့ ဆန်းကြယ်နှလုံးသားအဆင့်ကိုကျော်နေတဲ့ အရှိန်အဝါမျိုးခံစားမိခဲ့လား”

မျက်နှာဖုံး၀တ်အကြီးအကဲ ဖြေလိုက်သည်။ “မခံစားမိခဲ့ပါဘူး ဒါပေမယ့် ဒုဂိုဏ်းချုပ်က ရုတ်တရက်ကြီးပျောက်သွားတော့ ကျွန်တော်တို့လည်း ပိုသတိထားဖို့ကလွဲ ဘာမှ မတတ်နိုင်တော့ဘူးလေ”

“‌စိတ်အေးအေးထားပါ သူကဘာသဲလွန်စမှမကျန်ဘဲ အလွယ်တကူ သေဆုံးသွားနိုင်တဲ့လူမျိုးမဟုတ်ဘူး နောက်ပြီး ငါလည်း ကျိန်ဆိုပြီးသွားပြီ အခုပြန်လှည့်လို့မရတော့ဘူး ယဇ်ပူဇော်မယ့် သတ္တဝါတွေထပ်ရှာထား ငါကောင်းကင်ကံကြမ္မာကို တစ်ကြိမ်တည်းနဲ့ သက်သေပြနိုင်ဖို့ များလေကောင်းလေပဲ”

သားသတ်အင်မော်တယ်ကျင်းအသံထွက်ပေါ်လာခဲ့လေရာ လူတိုင်းတစ်ညီတညွတ်တည်း တုန့်ပြန်လိုက်ကြလေသည်။

….

ချန်းတန်မင်းဆက် သုံးပါးတစ်ဆူတောင်တွင်

ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် လီယ တင်ပလ္လင်ခွေထိုင်နေပြီး သူ့နောက်တွင် ချောက်ကမ်းပါးကြီးတစ်ခု ရှ်ိနေကာ မြောက်ပင်လယ်ကောင်းကင်ဓားကြီးကို သူ့ဘေးတွင် ထောင်ထားခဲ့သည်။ သူ့လက်နှစ်လက်လုံးကို သူ့ဒူးပေါ်တင်ထားရင်း လီယ မြေပြင်ပေါ်ရှိ စစ်တုရင်ခုံကိုကြည့်နေကာ ပဟေဠိဖြစ်နေသော အမူအရာ ဖြစ်နေခဲ့၏။

ထိုအခိုက်တွင် ရေးဟောင်းသစ်ပင်ကြီးပေါ်မှ ဝိညဉ်ခန္ဓာတစ်ခု ဆင်းသက်လာခဲ့လေသည်။ ထိုဝိညဉ်သည် ဘိုးဘေးဝိညဉ်ဖြစ်ပြီး ယခုအခါ ပို၍ပင် အကောင်းအထည်ပေါ်လာပြီ ဖြစ်သည်။

“ဟားဟားဟား ကောင်လေးရာ ငါပြောပါတယ် သုံးပါးတစ်ဆူတောင်ရဲ့ စမ်းသပ်မှုတွေက ခက်ခဲကြမ်းတမ်းပြီး ဦးနှောက်ကိုသုံးဖို့လိုပါတယ်လို့ မင်းနားလည်နိုင်စွမ်းက မလုံလောက်သေးဘူး ငါ့နောက်အများကြီးကျသေးတယ် အရင်တုန်းက ငါဒီစစ်တုရင်ပဟေဠိကိုဖြေရှင်းဖို့ အချိန် ၃ရက် ယူခဲ့ရတယ် ဒါပေမယ့်မင်းကိုကြည့်ရတာတော့ အချိန် ၁၀နှစ်ပေးတောင် လောက်ပါ့မလား” ဘိုးဘေးဝိညဉ် တဟားဟားအော်ရယ်၍ ပြောလိုက်၏။

လီယသူ့ကိုတစ်ချက်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ခင်ဗျားက ဘယ်လိုဘိုးဘေးမျိုးလဲ ကိုယ့်မျိုးဆက်ကို ကိုယ့်ထက်မသာဖို့ မျှော်လင့်နေတာလား ကျွန်တော်ကတော့ ခင်ဗျားလောက် မတော်ဘူးဆိုတာ မယုံဘူးဗျာ”

ဘိုးဘေးဝိညဉ်ရယ်မောကာ ပြောလိုက်ပြန်သည်။

“ငါ့ဆရာက အရင်က နိမိတ်ဖတ်ပေးဖူးတယ် လီမိသားစုရဲ့ ကံကြမ္မာပိုင်ရှင်တစ်ယောက်ယောက်က ငါ့ကိုကပ်ဘေးကျော်ဖြတ်တဲ့နေရာမှာ ကူညီပေးလိမ့်မယ်တဲ့ ငါအစက မင်းလို့ထင်ထားတာ အခုတော့ကြည့်ရတာ တစ်ယောက်ယောက်ရှိနေသေးပုံပဲ ကလေး ဘာလို့ကျင့်ကြံခြင်းကို လက်လျှော့ တောင်အောက်ဆင်း မိန်းမယူ ကလေးမွေးပြီး အဲ့ဒီကံကြမ္မာပိုင်ရှင်ကို မွေးဖွားခွင့်မပေးတာလဲ”

လီယ စိတ်တိုသွားခဲ့ကာ ချက်ချင်း မြောက်ပင်လယ်ကောင်းကင်ဓားကြီးကို ကောက်ကိုင်ပြီး ဘိုးဘေးဝိညဉ်ကို လွှဲခုတ်ရန် ပြင်လိုက်လေသည်။

“မင်းတို့နှစ်ယာက် ဘာတွေငြင်းနေကြပြန်ပြီလဲ”

အသက်ကြီးကြီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လီယ လှည့်ကြည့်လိုက်ရာ မြူထဲမှ ထွက်ပေါ်လာသော ငယ်ရွယ်သောမျက်နှာနှင့် အပြာရောင်၀တ်စုံ၀တ်ထားသည့် တာအိုပညာရှင်တစ်ယောက်ကို ‌တွေ့လိုက်ရ၏။ သူ့လက်ထဲတွင် မြင်းမြှီးယပ်တစ်ချောင်းကို ကိုင်ထားပြီး သူ့ပုံစံမှာ အမတတစ်ပါးနှင့်ပင် တူနေခဲ့သည်။

လီယ အမြန် ဂါရ၀ပြုလိုက်၏။

“ဆရာဘိုးဘိုးကို ဂါရ၀ပြုပါတယ်”

လီမိသားစုဘိုးဘေးလည်း ဂါရ၀ပြုလိုက်လေသည်။

“ဆရာ့ကို ဂါရ၀ပြုပါတယ်”

အပြာရောင်၀တ်စုံနှင့်လူအမည်မှာ တာအိုပညာရှင် ထျန်းရှု ဖြစ်ပြီး သူသည် သေမျိုးလောကရှိ မသေမျိုးတစ်ပါးနှင့် အမှန်တကယ်ပင် တူလွန်းသော တာအိုပညာရှင်တစ်ယောက် ဖြစ်၏။

တာအိုပညာရှင်ထျန်းရှု ကမ်းပါးပေါ် ဆင်းသက်လိုက်ပြီး ပြုံးပြလိုက်သည်။

“ကံကြမ္မာပိုင်ရှင်မမွေးဖွားသေးဘူးလို့ ဘယ်သူပြောလဲ ငါထပ်တွက်ကြည့်တော့ လီမိသားစု ကံကြမ္မာက မြင့်တက်နေပြီ ဆိုလိုတာက ကံကြမ္မာပိုင်ရှင်မွေးဖွားပြီးပြီလို့ ဆိုလိုတာပဲ”

ဘိုးဘေးဝိညဉ် ရယ်မောကာ ပြောလိုက်၏။

“ကျွန်တော်က သူ့ကို စနေတာပါဆရာ သူက မာနကြီးပြီး တကိုယ်ကောင်းဆန်တတ်လို့လေ သူ့ဒီလိုအကျင့်နဲ့ဆို တောင်အောက်ဆင်းတာနဲ့ ကျွန်တော့်ကို ပြဿနာတွေယူလာပေးဦးမှာပဲ”

ထိုစဉ် တာအိုပညာရှင် ထျန်းရှု မြင်းမြှီးယပ်ကိုတစ်ချက်ယမ်းလိုက်ပြီး စစ်တုရင်ခုံကို ပြာချပစ်လ်ုက်လေသည်။

လီယ မျက်မှောင်ကြုံ့လိုက်ကာ မေးလိုက်၏။ “ဆရာဘိုးဘိုး ဘာလုပ်နေတာလဲ”

ဆရာဘိုးဘိုးကပင် သူ့ကိုဦးနှောက်မရှိဘူးဟု ထင်သွားပြီလားဟု တွေးမိသောကြောင့် လီယ စိတ်ရှုပ်သွာူးခဲ့သည်။

တာအိုပညာရှင်ထျန်းရှုပြုံးလိုက်၏။

“မဟာကပ်ဘေးကြီးတစ်ခု မင်းဆက်ကိုးခုမှာ ကျရောက်နေပြီ ဒီကပ်ဘေးကြောင့် သုံးပါးတစ်ဆူတောင်တောင် ပျက်ဆီးသွားနိုင်တယ် အဲ့တာကြောင့် မင်းကိုထပ်ပြီး စမ်းသပ်နေဖို့ မသင့်လျော်တော့ဘူး သုံးပါးတစ်ဆူတောင်ရဲ့ အခွဲသုံးခုလုံးက ကမ္ဘာကြီးကိုကယ်တင်ဖို့ တောင်အောက်ကို ဆင်းကြရမယ် ငါမဆင်းခင် မင်းကို နတ်သိုင်းတစ်ခု လက်ဆင့်ကမ်းပေးခဲ့မယ်

သုံးပါးတစ်ဆူတောင်ပျက်ဆီးသွားခဲ့ရင် မင်းက သုံးပါးတစ်ဆူတောင်ရဲ့ တာအိုရိုးရာကို သယ်ဆောင်သွားပေးဖို့ မျှော်လင့်ပါတယ်”

တောင်အောက်ကိုဆင်းဖို့လား!

လီယကော ဘိုးဘေးဝိညဉ်ရောပါ အမူအရာများ ပြောင်းလဲသွားခဲ့ရသည်။

“ကျေးဇူးပြုပြီးသင်ကြားပေးပါဆရာ နောက်ပြီး ကျွန်တော်လည်း တိုက်ပွဲမှ ပါ၀င်ဖို့ဆန္ဒရှိပါတယ်” လီယ အမြန်ပြောလိုက်၏။

ထျန်းရှု ခေါင်းယမ်းလိုက်ကာ “မင်းကျင့်ကြံခြင်းကနိမ့်သေးတယ် တိုက်ပွဲမှာပါလည်း ဘာမှထူးခြားမှုရှိမှာမဟုတ်ဘူး တကယ်လို့ ဒီကပ်ဘေးမှာ ငါတို့တောင်ပျက်ဆီးသွားခဲ့ရင် အခြားသူတွေက မင်းကို မင်းဆက်ကိုးခုနဲ့ ဝေးတဲ့နေရာတစ်ခုကို ခေါ်သွားပေးလိမ့်မယ်

တကယ်တော့ ဒီနယ်မြေကြီးကလည်း အစကတည်းက မိစ္ဆာတွေရဲ့ နယ်မြေကြီးပါပဲ ငါတို့ဂိုဏ်းကလည်း တည်ထောင်လာတာ နှစ်ပေါင်းများစွာကြာလာပြီဆိုတော့ ကောင်းကင်ကံကြမ္မာ ကုန်ဆုံးချိန်ကို ရောက်ပြီပေါ့”

ထျန်းရှု မုတ်ဆိတ်ကိုဆွဲရင်း ပြုံးနေခဲ့ကာ သူ့ပုံစံက ဘာကိုမှ စိတ်ပူမနေသည့်ပုံပင်။

“ဒါပေမယ့်…”

“ဒါပေမယ့်ဆိုတာမရှိဘူး ဒီတိုင်း လက်ခံလိုက်”

လီယ သူ့စကားလုံးများကို ပြန်မြိုသိပ်လိုက်ရ၏။

ထျန်းရှု ပြုံး၍ မေးလိုက်သည်။

“မင်းမှာ ပူပန်စရာတစ်ယောက်ယောက်ရှိနေသေးလို့လား”

ဘိုးဘေးဝိညဉ် ၀င်၍ စနောက်လိုက်၏။ “သူက သူ့ညီလေးကုကို စိတ်ပူနေတာလေ”

ထျန်းရှု ခပ်အေးအေးသာ ပြန်ပြောလိုက်လေသည်။

“လူတစ်ယောက်က ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ရင် သူများထက် သာလွန်သွားမှာပါပဲ အရာအားလုံးက အဲ့ဒီလူရဲ့ အားစိုက်ထုတ်မှုပေါ်မှာပဲ မူတည်တယ် ဘယ်အရာကိုမှ အတင်းအကြပ်မလုပ်ပါနဲ့”

လီယ တိတ်ဆိတ်သွားခဲ့သည်။

….

အဓိပတိဂိုဏ်း တတိယတောင်ကြားတွင်

ကမ္ဘာကြီး မည်းမှောင်နေခဲ့ကာ တောင်ကြားရှိတပည့်များ ကောင်းကင်ရှိမြင်ကွင်းကို မော့ကြည့်နေခဲ့ကြပြီး ထိုထဲတွင် ကုအန်လည်း ပါ၏။

ကောင်းကင်ပေါ်မှ မိုးကြိုးများက လုလင်ကျွမ်း၏ အစီအရင်၀င်္ကပါပေါ်ကျရောက်နေခဲ့ပြီး ကောင်းကင်တွင် သက်တန့်ရောင် အလင်းတန်းများ တောက်ပနေခဲ့သည်။

ခပ်လှမ်းလှမ်းရှိ တတိယတောင်ကြားပတ်လည်ရှိ တောင်ထိပ်များပေါ်တွင် ကျင့်ကြံသူများစွာရှိနေပြီး ထိုထဲတွင် ဂိုဏ်း၏အကြီးအကဲများပင် ပါနေကာ လုလင်ကျွမ်း၏ ကပ်ဘေးချိုးဖျက်မှုကို ကြည့်ရှုနေခဲ့ကြ၏။

ကံကောင်းစွာဖြင့် မိုးကြိုးတန်းကြီးများသည် လုလင်ကျွမး်ကိုသာ ဦးတည်၍ ပစ်ချနေခဲ့ပြီး သူ့အောက်ရှိ တတိယတောင်ကြားကိုတော့ မထိခိုက်ခဲ့ပေ။

ကုကျံးကုအန်ဘေးတွင်ရပ်နေရင်း သူ့အံ့ဩနေမှုကို ထုတ်ပြောလိုက်၏။

“ဆန်းကြယ်နှလုံးသားအဆင့့်က တကယ့်ကို အံ့ဖွယ်ပဲ သူ့ကပ်ဘေးကတောင် ငါ့ကို ဆန်းကြယ်တဲ့ခံစားချက်ကို ခံစားသွားရစေတယ်”

လုလင်ကျွမ်း ကပ်ဘေးကျော်ဖြတ်နေသည်မှာ သုံးရက်ကြာပြီဖြစ်ပြီး မနေ့က မိုးကြိုးများမှာ ယနေ့ထက်ပင် ပြင်းထန်ပြီး ယနေ့က အားပျော့သွားသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ထိုမိုးကြိုးကပင် တစ်သားတည်းဖြစ်ခြင်းအဆင့် တစ်ယောက်ကို အလွယ်တကူ သတ်နိုင်နေဆဲ ဖြစ်၏

လုလင်ကျွမ်းသည် အတွင်းစည်းအကြီးအကဲဆိုတာ သိသွားပြီးသည့်နောက် ဂိုဏ်းထဲရှိ တစ်သားတည်းဖြစ်ခြင်းအဆင့်များမှာလည်း သူ့ကို ကူညီကာ ၀င်္ကပါကိုအားဖြည့်ပေးနေခဲ့ကြသည်။

မိုးကြိုးကြောင့် ၀င်္ကပါကျိုးပျက်တော့မည့် အချိန်တိုင်း သူတို့က စိတ်ဝိညဉ်စွမ်းအားသုံး၍ ၀င်္ကပါကိုပြန်၍ အားဖြည့်ပေးနေခဲ့ကြခြင်း ဖြစ်၏။

ကုအန် သက်ပြင်းချလိုက်မိသည်။ “ကျွန်တော့်ဆီကို ဂိုဏိးချုပ်ပို့ခဲ့တဲ့ အစေခံတပည့်လေးတစ်ယောက်က အခုလို ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး ကျွန်တော်က တကယ်ပဲ ကံကောင်းတဲ့လူ ထင်တယ်”

ကုကျုံးရယ်မောလိုက်၏။ “မင်းက တကယ်ကြီး ဖိုးကံကောင်းဖြစ်နေနိုင်တာပဲ နတ်ဘုရားတို့၏ရာထူးများလို စာအုပ်ကို ရေးနိုင်တာကို ကြည့်ရရင် မင်းက အရင်က အခြားစကြာ၀ဠာက စွမ်းအားကြီးတည်ရှိမှုတစ်ခု ပြန်၀င်စားပြီးတော့ အခုမှ အဲ့ဒီမင်းရဲ့ အတိတ်ဘ၀အကြောင်းကို ပြန်ရေးတာလည်း ဖြစ်နိုင်တယ်လေ”

ကုအန် မျက်လုံးလှန်ကြည့်လိုက်ပြီး ဘယ်လောက်ဆိုးဝါးတဲ့ စိတ်ကူးယဉ်မှုလဲဟု တွေးလိုက်မိသည်။

ကုကျုံး ကုအန်ကို စနောက်နေခြင်းဖြစ်သော်လည်း သူအမှန်တကယ်ပင် ဆေးတောင်ကြားကနေ ဘယ်လိုလုပ် ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ထွက်လာလဲ‌ဆိုတာကို စိတ်၀င်စားမိနေခဲ့သည်။

အမတလမ်းစဉ်ကို ကျင့်ကြံသူများမှာ ကံကြမ္မာကိုယုံကြပြီး အဖြစ်ပျက် ဆန်းကြယ်လာလေလေ ကံကြမ္မာကို ပိုယုံလာလေလေပင်။

ကုအန် လုလင်ကျွမ်းကို ပြန်အာရုံစိုက်လိုက်၏။ သူမဆန်းကြယ်နှလုံးသားသည် စတင်သန့်စင်နေပြီဖြစ်ပြီး အောင်မြင်စွာအဆင့်ချိုးဖျက်တော့မည့် လက္ခဏာမျိုး ပြနေပြီ ဖြစ်သည်။

ကုအန် ကြိတ်၍ သက်ပြင်းချလိုက်မိ၏။

ကပ်ဘေးကျော်ဖြတ်ခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလှသော အရာဖြစ်ပေသည်။

ဆေးများ ၀င်္ကပါများသာမပါပါက တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ကျင့်ကြံသူက တစ်ယောက်က ထိုကပ်ဘေးကို လုံး၀ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးဟု သူခံစားနေခဲ့ရသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ၏ စိတ်ဝိညဉ်စွမ်းအင်များမှာကျယ်ပြန့်လွန်းသော်လည်း ကပ်ဘေးမိုးကြိုးကို တောင့်ခံရန်မှာတော့ မလွယ်ကူလှပေ။

ယခုအခါတွင်တော့ တစ်သားတည်းဖြစ်ခြင်းအဆင့် ၂၀ကျော်နှင့်အတူ ဘိုးဘေးကူစုန့်လည်း လုလင်ကျွမ်းကို ကူညီပေးနေခဲ့သည်။

ကပ်ဘေး၏ အခက်ခဲဆုံးအပိုင်းပြီးဆုံးသွားမှသာ ဘိုးဘေးကူစုန့် ပြန်သွားခဲ့၏။

ကုအန် မသေချာသော်လည်း ဘိုးဘေးကူစုန့်ပုံမှာ တစ်ခုခုကြောင့် အတော်လေး အထီးကျန်‌ဖြစ်နေသည်ဟု ခံစားနေခဲ့ရသည်။

“သူ့ကပ်ဘေးလည်း ပြီးသွားပြီဆိုတော့ ငါလည်းပြန်သင့်ပြီ သူမကျင့်ကြံခြင်းတည်ငြိမ်သွားရင် မင်းသူနဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိအောင် ကြိုးစားထား ပြီးရင် ဂိုဏ်းချုပ်ပြန်လာပြီး စီစဉ်မပေးခင်အထိ သူ့ကို ဆေးတောင်ကြားမှာနေအောင် ထိန်းထား” ထိုစကားများ ချန်ထားပြီး ကုကျုံး ထွက်ခွာသွားခဲ့‌၏။

ကုကျုံး ကောင်းကင်ပေါ်ပျံတက်သွားခဲ့ပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူများကိုလည်း လိုအပ်သည်များ မှာကြားသွားခဲ့သေးသည်။

ကုကျုံးသည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သာ ဖြစ်သော်လည်း ဂိုဏ်းထဲရှိ သူ့အဆင့်အတန်းက အတော်လေး မြင့်မားလှသည်။ သူ့နောက်ခံက ကုမိသားစုဖြစ်သည့်အပြင် ဂိုဏ်း၏ ကိစ္စအ၀၀ကိုလည်း သူကပဲ စီမံရခြင်းဖြစ်သောကြောင့် သူ့ကျင့်ကြံခြင်းမှာ သိပ်အရေးမပါလှပေ။

ကုအန် အဝေးသို့ကြည့်လိုက်ရာ လုလင်ကျွမ်း ကပ်ဘေးဖြတ်ကျော်နေပုံကို ရေးဆွဲနေသော ရှန်းကျန်ကို တွေ့လိုက်ရသည်။

သူမသည် အတော်လေးရဲတင်းလှပေသည်။

ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက်ကိုပင် အပြစ်ပြုရဲနေခဲ့၏။

…

နှစ်ရက်ခန့်ကြာသောအခါ လုလင်ကျွမ်း၏ ကပ်ဘေးဖြတ်ကျော်ခြင်းပြီးဆုံးသွားခဲ့ပြီး မိုးကြိုးများလည်း ပျောက်ကွယ်သွားကာ လုလင်ကျွမ်း သူ့၀င်္ကပါများကို ပြန်သိမ်းလိုက်လေသည်။ ထို့နောက် သူအောက်သို့ရောက်သည်နှင့် သူ့နားတွင် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူများဝိုင်းလာခဲ့ပြီး ချီးကျုးဂုဏ်ပြုလိုက်ကြ၏။

လုလင်ကျွမ်းလည်း သူတို့အကူအညီပေးခဲ့သည်ကို ကျေနပ်နေသောကြောင့် စိတ်လိုလက်ရပင် စကားပြန်ပြောပေးနေခဲ့သည်။

အဓိပတိဂိုဏ်းတွင် နောက်ထပ် ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက် ရှိလာလေပြီ!

အထူးသဖြင့် ယခုလို အကြပ်အတည်းကာလမျိုးတွင် ပေါ်ပေါက်လာခြင်းဖြစ်၏။

ကောင်းကင်သည် အမှန်တကယ်ပင် အဓိပတိဂိုဏ်းကို ကောင်းချီးပေးနေပုံပင်။

တခဏအကြာတွင်

လုလင်ကျွမ်း စကားစဖြတ်လိုက်ပြီး တောင်ကြားသို့ ပျံသန်းလာချိန်တွင် အဝေးမှနေ၍ ကုအန်နှင့် ရှန်းကျန်တို့ကို တွေ့သွားခဲ့သည်။

လုလင်ကျွမ်းဆင်းလာသောအခါ ရှန်းကျန် ချက်ချင်း သူ့ပန်းချီကို သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

လုလင်ကျွမ်း ကုအန်တို့ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

“နင်ခုနက ငါကပ်ဘေးကျော်ဖြတ်နေတဲ့ပုံကို ဆွဲနေတာလား”

ကုအန် အမြန်ဝင်ရှင်းပြလိုက်၏။

“သူက တာအိုဂိုဏ်းရဲ့ မြင့်မြတ်သမီးတောင်ရှန်းကျန်ပါ သူ့မှာ စော်ကားလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး သူက အကြီးအကဲကို အားကျလို့ပါ”

သူပြောလိုသည့်အဓိကအချက်မှာ ရှန်းကျန်သည် တာအိုဂိုဏ်းမှ ဖြစ်သည် ဆိုသည့်အကြောင်းပင်။

လုလင်ကျွမ်း ကုအန်တို့ကြားရှိ နီးကပ်နေမှုကို သတိထားမိသွားပြီး မကျေနပ်ဟန်ဖြင့် ပြောလိုက်လေသည်။

“မိန်းကလေးရှန် ကျေးဇူးပြုပြီး အနာဂတ်မှာ သူနဲ့ အကွာအဝေးတစ်ခုထားပြီး နေပေးပါ”

ရှန်းကျန် အံ့အားသင့်သွားပြီး မေးလိုက်၏။

“ဘာလို့လဲ ဖြစ်နိုင်တာက စီနီယာ့လို ကြီးမြတ်တဲ့ကျင့်ကြံသူတစ်ယောက်က သူ့ကို စိတ်၀င်စား…”

လုလင်ကျွမ်း ပြန်မဖြေဘဲ သူ့ကိုသာ ကြည့်နေခဲ့သည်။

“စီနီယာ ကုအန်ဆိုတဲ့ နာမည်ကို မကြားဖူးဘူးလား”

ရှန်းကျန် စိတ်၀င်တစား မေးလိုက်‌၏။

ထိုစကားကိုကြားသောအခါ ကုအန် အမြန်၀င်ပြောလိုက်သည်။

“အဲ့တာတွေအကုန်လုံးက နင့်အမှားပါ ငါ့ရဲ့နာမည်ကောင်းလေးကိုဖျက်ဆီးဖို့ အဲ့ဒီအသုံးမ၀င်တဲ့ စာအုပ်တွေရေးခဲ့တာ”

လုလင်ကျွမ်းသည် အဓိပတိလျှို့ဝှက်မှတ်တမ်းများ စာအုပ်ကိုဖတ်ပြီးသည့်အပြင် သူ့ကိုပင် ထိုစာအုပ်ရေးသူဟု သံသယ၀င်ဖူးသောကြောင့် ကုအန် ရှန်းကျန်၏ လှည့်ကွက်ကို လုလင်ကျွမ်းရှေ့တွင် အလွယ်လေး ဖော်ထုတ်နိုင်ခဲ့သည်။

ရှန်းကျန် ဒေါသထွက်မသွားဘဲ ရယ်မောလိုက်ကာ

“ဘာကို နင့်နာမည်ကောင်းကိုဖျက်ဆီးတာလဲ နင်လည်းအဲ့စာအုပ်ကနေ အကျိုးအမြတ်တွေရလိုက်တာပဲ မဟုတ်လား”

လုလင်ကျွမ်း ကုအန်ကို ကြည့်သောအကြည့် ထူးဆန်းသွားခဲ့၏။

ထို့နောက် ရှန်းကျန်ဆက်ပြောလိုက်သည်။

“စီနီယာ ကုအန်က သာမန်လူမဟုတ်ပါဘူး သူက နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ရေးခဲ့တဲ့ ဖန်းအန် ပါ စီနီယာသူ့ကို နေ့တိုင်းမျက်စိဒေါက်ထောက်ကြည့်နေတာ ပိုကောင်းမယ် သူ့ကို သဘောကျနေတဲ့ မိန်းကလေးတွေက မနည်းလှဘူး”

ပြောပြီးသည်နှင့် ရှန်းကျန် လုလင်ကျွမ်းကို ဂါရ၀ပြုကာ ထွက်ခွာသွားခဲ့၏။

ကုအန်မှာတော့ ကြိတ်၍ ဒုက္ခတော့ရောက်ပြီဟု ခံစားနေခဲ့ရသည်။

လုလင်ကျွမ်း ရှန်းကျန်ကို လစ်လျူရှုလိုက်ကာ ကုအန်ကိုကြည့်၍ မေးလိုက်၏။

“နင်ကတကယ်ပဲ ဖန်းအန်လား”

အပိုင်း (၁၄၆)

အမတတစ်ပါးဆင်းသက်လာခြင်းကို ကြိုဆိုခြင်း

ကုအန် ထိုအခြေအနေကို တခဏကြာရှင်းပြပြီးမှသာ လုလင်ကျွမ်းကို သူ့ဆန်းကြယ်နှလုံးသားတည်ငြိမ်အောင်လုပ်ဖို့ ကျင့်ကြံရန် ပြန်ပို့ခဲ့ရသည်။

လုလင်ကျွမ်း သူ့ ဖန်းအန် သရုပ်မှန်ကို သိသွားသည့်ကိစ္စနှင့်ပတ်သက်ပြီးလည်း သူခံစားချက်မကောင်းလှပေ။ ကိစ္စများသည် ပို၍ ရှုပ်ထွေးလာနိုင်ပါသလော။

လုလင်ကျွမ်း အလုပ်မရှုပ်စဉ်အခါက နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ဖတ်ရတာ ကြိုက်နှစ်သက်သည်ကို သူမှတ်မိနေသေးသည်။

နောက်ရက်များတွင် လုလင်ကျွမ်း၏ အမည်မှာ တဂိုဏ်းလုံးတွင် ပြန့်နှံ့သွားခဲ့ပြီး တပည့်များအားလုံး စိတ်တက်ကြွသွားခဲ့ကြ၏။

ဆန်းကြယ်နှလုံးသားအဆင့်ဟူသော စာလုံးသုံးလုံးမှာ ဂိုဏ်းတစ်ခုလုံး၏ စိတ်ဓာတ်ကို မြှင့်တင်ရန် လိုအပ်ပေသည်။

ထိုသတင်းမှာ ထိုက်ချန်မင်းဆက်သို့ပင် လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။

ထိုသတင်းကိုကြားသောအခါ ရှေ့တန်းရောက်နေသော တပည့်များအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ဤတိုက်ပွဲကာလအတွင်း သူတို့ ဆန်းကြယ်နှလုံးသားအဆင့်၏ ကြောက်စရာကောင်းပုံကို ပိုမိုနားလည်လာခဲ့ကြပြီး တိုက်ပွဲ၏အဆုံးအဖြတ်မှာလည်း ထိုလူများအပေါ်တွင် ရှိမှန်း သိလာခဲ့ရ၏။

တစ်သားတည်းဖြစ်ခြင်းအဆင့်များ မည်မျှ များနေပါစေ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

လုပိုင်ထျန်းမှာလည်း အလွန်စိတ်ကျေနပ်နေပြီး လုလင်ကျွမ်းအကြောင်းမသိသော အထက်လူကြီးများကို လုလင်ကျွမ်းမှာ သူကိုယ်တိုင်ခန့်အပ်ခဲ့သောအကြီးအကဲတစ်ယောက်ဖြစ်ကြောင်း ပြောပြနေခဲ့သည်။ ထိုမှသာ လူကြီးများ စိတ်အေးသွားခဲ့ကြ၏။

ထို့နောက် သူတို့ လုလင်ကျွမ်းအား ရှေ့တန်းစစ်မြေပြင်သို့ လာရောက်ပူးပေါင်းရန် တောင်းဆိုခဲ့ကြသည်။

ယခုအခါ စစ်မြေပြင်တွင်ရွှမ်ကွမ်း တစ်ယောက်တည်းကိုသာ မီခိုနေရသောကြောင့် မင်းဆက်ကိုးခုမဟာမိတ်တွင် သူတို့ အင်အားမှာ ထိပ်ဆုံး ငါးဂိုဏ်းထဲသို့ပင် မဝင်နိုင်ခဲ့ပေ။ ရွှေစာရင်းကိုပြုစုခဲ့သော ဂိုဏ်းတစ်ခုအနေနှင့် ထိုအဖြစ်မှာ လက်ခံနိုင်စရာမရှ်ိပေ။

လုပိုင်ထျန်း ထိုလူများ၏ တောင်းဆိုမှုများကို ခဏတာ သည်းခံထားဖို့ အကြံပေးလိုက်ပြီး လုလင်ကျွမ်း ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားအောင် စောင့်ဖို့ ပြောလိုက်၏။

ထို့နောက် မင်းဆက်ကိုးခုလုံးသည် ခန်းထျန်ဂိုဏ်း၏ ဦးဆောင်မှုအောက်တွင် ၀မ်ကျိတောအုပ်ကို တိုက်ခိုက်ခဲ့ကြသည်။ ကြီးမြတ်သောကျင့်ကြံသူများက တိုက်ပွဲကိုဦးဆောင်ပြီး အလယ်အလတ်ကျင့်ကြံသူများက ကယ်ဆယ်ရေးအတွက် အဓိကထ တာ၀န်ယူကြကာ အဆင့်နိမ့်ကျင့်ကြံသူများက ထောက်ပို့အဖြစ် အသီးသီးတာ၀န်ထမ်းဆောင်ရကြသည်။

သို့သော် သူတို့ဘယ်လောက်တိုက်ခိုက်နေစေကာမူ မဟာယနလမ်းခြောက်သွယ်အစီအရင်ကို မချိုးဖျက်နိုင်ခဲ့ကြပေ။

….

ဆောင်းဦးရောက်ရှိလာခဲ့ကာ လုလင်ကျွမ်း တံခါးပိတ်ကျင့်ကြံနေသည်မှာလည်း တစ်လပင်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း ကုအန် သူမကို သွားမနှောင့်ယှက်ခဲ့ပေ။

ထိုကာလအတွင်း ကုအန် သူ့ဂူများ ဆေးတောင်ကြားများကိုသာ ပတ်သွားနေခြင်းဖြစ်ပြီး သူ့လမ်းမှန်ပေါ်သို့ ပြန်ရောက်နေပြီ ဖြစ်၏။ ထျန်းယောင်အာ၏ တာ၀န်ကြေမှုများကိုလည်း သူပိုပြီး ကျေနပ်လာခဲ့ရသည်။

ထိုနေ့တွင်

ကုကျုံး ကုအန်ဆီရောက်ရှိလာခဲ့ပြီး လုလင်ကျွမ်းတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် ပေးရန် စာတစ်စောင်ပေးထားခဲ့ပြီး လုလင်ကျွမ်းသည် မြန်နိုင်သမျှမြန်မြန် ၀မ်ကျိတောအုပ်သို့ ကူညီရန်သွားရမည်ဟု ဆိုသည်။

၀မ်ကျိတောအုပ်ထဲရှိ တိုက်ပွဲသည် ပိုမိုကြမ်းတမ်းလာခဲ့ပြီး ကုအန် နတ်အာရုံသုံး၍ ကြည့်လိုက်သည့် အခါမှာလည်း တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။

အရပ်မျက်နှာပေါင်းစုံမှ ရာချီ‌ေထာင်ချီ‌ေသာ ကျင့်ကြံသူများသည် အစီအရင်၀င်္ကပါများကို သုံးကာ တိုက်ခိုက်နေခဲ့ကြပြီး ထိုက်ချန် မင်းဆက်တစ်ခုလုံးရှိ စိတ်ဝိညဉ်စွမ်းအင်များမှာ ၀မ်ကျိတောအုပ်သို့သာ စီး၀င်နေခဲ့ကြသည်။

အခြေအနေမှာ အတော်လေး ကြောက်စရာကောင်းလှ၏။

ကုအန် တခဏကြာ နတ်အာရုံသုံး၍ ကြည့်ရှုပြီးမှသာ သူ့အာရုံကို ပြန်သိမ်းခဲ့သည်။

ရန်သူဘက်မှလည်း ရန်သူများ တစ်သုတ်ပြီး တစ်သုတ်ထပ်ရောက်လာနေခဲ့ပြီး ထိုလူများထဲတွင် ဆယ်ပုံ ကိုးပုံမှာ မဟာယနအဆင့်ကျင့်ကြံသူဆင်းသက်လာရန် ပြင်ဆသ်ပေးဖို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ကြည့်ရသည်မှာ နတ်သမီးပိုင်ရှသေဆုံးမှုက သူတ့်ုအပေါ်သက်ရောက်မှု မရှိပုံပင်။

ညနေမတိုင်ခင်တွင် လုလင်ကျွမ်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ကာ ကုအန်နှင့်အိမ်ထဲတွင် တွေ့ဆုံခဲ့သည်။

ကုအန် ကုကျုံး တောင်းဆိုမှုကို ပြောပြလိုက်၏။ သွားမသွားမှာတော့ လုလင်ကျွမ်းသဘောသာဖြစ်ပြီး ဘယ်သူမှ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို အမှန်တကယ် ထိန်းချုပ်၍ ရမည် မဟုတ်ပေ။

“ဟမ့် ငါအဲ့တာကို အစကတည်းက ကြားပါတယ် ငါနိုးနေတာ နည်းနည်းကြာပြီ” လုလင်ကျွမ်း ခေါင်းညိတ်ပြ၍ ပြောလိုက်ပြီး သူ့ပုံစံမှာ သူ့၀သီအတိုင်း အေးစက်နေခဲ့သည်။

သူမသည် အောက်ဘုံတွင် အသန်မာဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပြီး ယခုအခါ သူ့ကျင့်ကြံခြင်းအဆင့်ကိုရော သူ့အကျင့်ကိုပါ ထပ်မံဖုံးကွယ်နေတော့မည် မဟုတ်ပေ။

ကုအန် ထိုစကားကိုကြားလျက် သူမဘာကြောင့် ထွက်မသွားသေးလဲဆိုတာ အံ့ဩနေခဲ့မိသည်။

လုလင်ကျွမ်း ကုအန်ကိုကြည့်ကာ ပြောလိုက်၏။

“ငါဝမ်ကျိတောအုပ်မှာ ဆန်းကြယ်နှလုံးသားအဆင့်တွေအများကြီးရှိတာကို အာရုံခံမိတယ် သူတို့တစ်ယောက်ချင်းစီက ငါ့နှလုံးသားကိုတုန်လှုပ်သွားစေတယ် ဒီခရီးက ကံကောင်းဖို့ထက် ကံဆိုးဖို့ပိုများနေတဲ့ ခရီးပဲ”

ကုအန် ပြန်ပြောလိုက်သည်။

“နင်လုပ်နိုင်တာကိုပဲ လုပ်ပေါ့ အခြေအနေကိုပြောင်းလဲမပစ်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုကိုယ်ပဲ ကာကွယ်ပေါ့”

လုလင်ကျွမ်း ပြုံးလိုက်ကာ “ဒါပေါ့ အဓိပတိဂိုဏ်းကို ကာကွယ်ဖို့ ငါ့ကိုယ်ငါတော့ အပိုင်းပိုင်းအစစဖြစ်သွားအောင် မလုပ်နိုင်ပါဘူး ဒါပေမယ့် အဲ့ဒီအန္တရာယ်များတဲ့ စစ်မြေပြင်ကို သွားတော့မလို့ပါ နင်ငါ့ကိုမှာစရာ ရှိသေးလား”

ကုအန် လည်ချောင်းရှင်းလိုက်ကာ ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပြောလိုက်၏။

“မိန်းကလေးလု အစက ငါတို့လက်ချင်းထိမိတယ်ဆိုတာ မတော်တဆဖြစ်ရပ်တစ်ခုပါပဲ အဲ့ဒီလောက်နဲ့တော့ ချစ်ခြင်းမေတ္တာလို့ သတ်မှတ်လို့မရပါဘူး အထင်မလွဲပါနဲ့ လက်ထိဖူးရုံနဲ့တော့ လူနှစ်ယောက်က ဘဝကို အတူတူကုန်ဆုံးရမယ်လို့ မဆိုလိုဘူးလေ”

“နောက်ပြီး အမှန်အတိုင်းပြောရရင် နတ်ဘုရားတို့၏ရာထူးများကလည်း ငါရေးတာမဟုတ်ပါဘူး အဲ့တာက တာအိုပညာရှင်ရှုကျုံးလင်က ငါ့ကိုပြောပြခဲ့တာပါ”

လုလင်ကျွမ်း ရယ်မောလိုက်ကာ ပြောလိုက်သည်။

“အဲ့တာက တကယ်ပဲ နင်ရေးတာ မဟုတ်ဘူးဆိုရင် ဖန်းအန်ဆိုတဲ့နင်က နှစ်ပေါင်းများစွာ သူ့အောင်မြင်မှုကို ခိုးယူထားတာလား”

ကုအန် အာစေးမိသွားသည်။

စာရေးဆရာက ကမ္ဘာမြေကဟု သူပြော၍လည်း မဖြစ်သေးပေ။

“တကယ်တော့ နတ်ဘုရားတို့၏ရာထူးများက ဘယ်သူရေးထားတာဖြစ်ဖြစ် အရေးမကြီးပါဘူး နင်နဲ့အချိန်အကြာကြီးအတူရှိပြီးတဲ့နောက် နင်ကအတော်လေး စိတ်သဘောထားကောင်းမှန်း သိလာရတယ် လောဘကြီးတယ်ထင်ရပေမယ့်လည်း နင်က ကြီးသူကိုလေးစားလို့ ငယ်သူတွေအပေါ်မှာလည်း စာနာမှုရှိတယ်…” လုလင်ကျွမ်း ကုအန်ကို စတင်ချီးကျူးနေခဲ့ရာ ကုအန်ပင် မနေတတ်တော့ပေ။

ငါကတကယ်ကြီး အဲ့လောက်တောင်ကောင်းတာလား!

ထို့နောက် လုလင်ကျွမ်းသူ့လေသံကိုပြောင်းကာ ပြောလိုက်၏။

“နင်က ကျင့်ကြံခြင်းမှာအားနည်းနေတာက လွဲရင် နေရာတိုင်းမှာကောင်းပါတယ် နင်င့ါရဲ့ တာအိုလက်တွဲဖော်ဖြစ်လာချင်ရင် အရင်ဆုံး ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုရောက်အောင် ကျင့်ကြံရမယ် အဲ့တာမှသာ ငါနင့်ကိုစဉ်းစားပေးနိုင်မယ် နင်ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုရောက်ရင် ငါတစ်ခါမှ မစမ်းသပ်ဖူးတဲ့ ကျင့်စဉ်တစ်ခုကိုလည်း အတူတူကျင့်ကြံကြမယ်”

အတူတူကျင့်ကြံတာလား!

ကုအန် လျှို့ဝှက်အဓိပတိမှတ်တမ်းများထဲမှ ပုံရိပ်များကို မြင်ယောင်မိသွားပြီး သူ့ကိုယ်ထဲမှ အပူလှိုင်းတစ်လှိုင်းကြွတက်လာခဲ့၏။

မဖြစ်သေးဘူး!

သူငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ကြိုးစားနေတာလား!

ကုအန် လုလင်ကျွမ်းကို တစ်ချက်ကြည့်လိုက်မိပြီး သူ့အပြုံးက အတော်လေး အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။

အသက်၂၀၀၀ရှိတဲ့ မကောင်းဆိုးဝါးအိုကြီးက ငါ့လို အသက် ၇၀ပဲရှိသေးတဲ့ လူငယ်လေးကို အမိဖမ်းချင်နေတာလား!

“ဒါ‌ဆိုရင်တော့ နင်အိပ်မက်မက်နေတာကို ရပ်လိုက်သင့်ပြီ ငါကဘယ်တော့မှ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကိုရောက်မှာမဟုတ်ဘူး” ကုအန် ခပ်တည်တည်ပြောလိုက်သည်။

လုလင်ကျွမ်းပြုံးကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် စားပွဲပေါ်သို့ အနီရောင်ကျောက်စိမ်းလက်စွပ်တစ်ကွင်းတင်ပေးကာ ပြောလိုက်သည်။

“ဒါက နှစ်မွှာအသဲလက်စွပ်ပဲ သန့်စင်ထားလိုက် အဲ့တာဆို နင်အန္တရာယ်တစ်ခုခုကြုံတာနဲ့ ငါချက်ချင်းရောက်လာနိုင်တယ်” ပြောပြီးသည်နှင့် လုလင်ကျွမ်း လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ကုအန် လက်စွပ်ကို ကြည့်နေရင်း သူ့ဘေးရှိ ချင်းဟုန်ဓားကိုလည်း မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

ဘာကြောင့်အဖြစ်အပျက်များက ဤမျှ တိုက်ဆိုင်နေရသနည်း။

….

တစ်ညကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့မွန်းတည့်ချိန်တွင် ကုအန် ထျန်းယတောင်ကြားသိူ့ ရောက်ချိန်တွင် တောင်ကြား၌ လျူဟွမ်မှလွဲ၍ ဘယ်သူမှမရှိသည်ကို သတိထားလိုက်မိသည်။

ကုအန် လျူဟွမ်အား ယိလျူယွမ်နှင့် လုရှန်တို့ ဘယ်ရောက်သွားလဲ မေးလိုက်၏။

“သူတို့နှစ်ယောက်လုံး အရှင်မင်းကြီးနောက်ကိုလိုက်ပြီး ထိုက်ချန်မင်းဆက်မှာ မိစ္ဆာတွေကို သုတ်သင်ဖို့ ပါသွားပြီ အရှင်မင်းကြီးက ကမ္ဘာကြီးတစ်ခုလုံး အန္တရာယ်ဖြစ်နေချိန်မှာ သူလည်း ပုန်းမနေနိုင်ဘူးတဲ့” လျူဟွမ် အားကျနေသည့် မျက်နှာနှင့် ပြောလိုက်လေသည်။ အရှင်မင်းကြီးသာ သူ့ကို တောင်ကြားကိုစောင့်ရှောက်ရန် အမိန့်မပေးခဲ့ပါက သူလည်း ထိုတိုက်ပွဲတွင် ပါ၀င်ချင်ခဲ့၏။

လီရွှမ်တောက်တွင် ထိုကဲ့သို့သော စိတ်သဘောထားမျိုး ရှိနေမည်ဟု ကုအန် မထင်ထားခဲ့ပေ။ ထို့ကြောင့် ကုအန်ဘာမှပြောမနေတော့ဘဲ ခေါင်းညိတ်ပြကာ ဆေးဥယျာဉ်များဆီသို့သာထွက်လာခဲ့လေသည်။

ဤသို့ဖြင့် ‌ကုအန် နောက်တစ်လထပ်စောင့်ခဲ့ရ၏။

ဆန်းကြယ်တောင်ကြားရှိ သူ့အိမ်ပြတင်းပေါက်တွင်ရပ်ကာ ကုအန် ၀မ်ကျိတောအုပ်ရှိ တိုက်ပွဲကို ကြည့်ရှုနေခဲ့သည်။ လုလင်ကျွမ်းသည် အခြားဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်နှင့် တိုက်ခိုက်နေခဲ့ကာ တိုက်ပွဲ မိုင်တစ်ထောင်ပတ်လည်ရှိ တောင်ကြီးများအားလုံးပျက်ဆီးနေကာ ဖုန်များက ‌နေရာအနှံ့တွင် ထူထဲနေခဲ့သည်။

မြေပြင်ပေါ်တွင်လည်း အလောင်းများထပ်နေပြီး မြင်ကွင်းမှာ သွေးပျက်စရာပင်။

မဟာယနအဆင့်က အခုထိ မလာသေးဘူးပဲ!

အကယ်၍ ဆန်းကြယ်သော ယဇ်ပူဇော်သည့် အစီအရင်အသက်သွင်းပြီးချိန်အထိ မဟာယနအဆင့်ကျင့်ကြံသူပေါ်မလာသေးဘူးဆိုရင်တော့ ကုအန် ၀င်၍ လှုပ်ရှားရပေတော့မည်။

နောက်ဆုံးတွင် မိစ္ဆာကပ်ဘေးမှာလည်း ရောက်မလာသေးပေ။

ကုအန် တခဏဂိုဏ်း၏ ပိုက်နက်ဖြစ်နေပြီဖြစ်သော မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကိုလည်း တစ်ချက်ကြည့်လိုက်မိ၏။ ထိုနေရာ၏ မိုင်တစ်ထောင်ပတ်လည်တွင် တခဏပင်များက နေရာအနှံ့ပေါက်ရောက်နေခဲ့ကြသည်။

တခဏဂိုဏ်းကိုရှင်းလင်းပြီးလျှင်တော့ ကုအန် ထိုအပင်များကို ရိတ်သိမ်းရပေဦးမည်။

….

၀မ်ကျိတောအုပ် မဟာယနလမ်း ၆သွယ် အစီအရင်ထဲတွင်

တခဏဂုိဏ်းဧ။် အကြီးအကဲ ၇ယောက်လုံး တစ်ချိန်တည်းတွင် မျက်လုံးများ ပွင့်လာကြပြီး သူတို့အကြည့်များက ကြမ်းကြုတ်နေခဲ့ကြသည်။ မျက်နှာဖုံး၀တ် ခေါင်းဆောင် အရင်စပြောလိုက်၏။

“ငါ့လူတို့ စောင့်ဆိုင်းနေတဲ့အချိန်က ရောက်ရှိလာခဲ့ပြီး ၀င်္ကပါကိုအသက်သွင်းပြီး ဂိုဏ်းချုပ်ကို ကြိုဆိုဖို့ ပြင်ဆင်ကြ!”

သူပြောပြီးသည်နှင့် အခြားအကြီးအကဲ၆ယောက်လည်း မတ်တပ်ရပ်လိုက်ကြ၏။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”

“ငါကြားတာတော့ ထိုက်ချန်မင်းဆက်မှာ ချန်မြွေလို့ ခေါ်တဲ့ နတ်သားရဲတစ်ကောင်ရှိတယ်တဲ့ သူကငါတို့ ယဇ်ပူဇော်တဲ့အစီအစဉ်ကို လာဖျက်ဆီးလောက်လား”

“ပါးစပ်ရာဇ၀င်တွေပါ လူပေါင်းများစွာသေပြီးနေပြီ ငါတို့အခုထိ ချန်မြွေကိုတွေ့ရသေးလို့လား”

“ပြောမှပဲ အခုထိ ဆရာသခင်ဓားအရှင်လည်း ထွက်မလာသေးဘူးနော် ငါတကယ်ပဲ စိတ်အေးမိတယ် ကြည့်ရတာ သူကငါတို့ကို သတိထားနေပြီး သူ့ဂိုဏ်းကိုပဲ ကာကွယ်မှာထင်တယ်”

“ငါတို့မဟုတ်ရင်တောင် မင်းဆက်ကိုးခုက ဖျက်ဆီးခံရမှာပဲ သူ့လို ကြီးမြတ်တဲ့ကျင့်ကြံသူက အမတလမ်းစဉ်ကိုပဲ ရှာဖွေမှာ အမတဖြစ်လာဖို့ လူတစ်ယောက်က အသက်ရှင်နေဖို့ လိုတယ်လေ သူ့ကိုယ်သယ အန္တရာယ်တောထဲ တွန်းပို့မှာမဟုတ်ဘူး”

သူတို့လေသံများမှာ ပေါ့ပါးနေပြီး သူတို့ စီစဉ်နေသည့် တာ၀န်များ ပြီးဆုံးတော့မည့် အလားပင်။

ထို့နောက် သူတို့ တစ်လှမ်းစီဆုတ်လိုက်ကြပြီး မှော်သိုင်းကွက်များ စတင်သုံးစွဲလေတော့သည်။

‌ဝုန်းးး

သူတို့ခြေထောက်အောက်ရှိ မြေပြင် ကွဲအက်သွားကာ မြေကြီးထဲမှ သစ်မြစ်ကြီးများ ထွက်ပေါ်လာခဲ့ပြီး ထိုသစ်မြစ်ကြီးများသည် သူတို့ကို သယ်ဆောင်ကာ ‌လေပေါ် တက်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေသော ဆန်းကြယ်နှလုံးသားများ စိတ်ထဲတွင် လေးလံသွားသလို ခံစားလိုက်ရသည်။

လုပိုင်ထျန်း လှည့်ကြည့်လိုက်ကာ မျက်ခုံးများ တွန့်ကွေးသွားပြီး စကားလုံးများ အလိုလိုထွက်ကျလာခဲ့၏။

“တခဏပင်!”

ဤတခဏပင်ကြီးသည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ရှေ့ရှိအပင်ထက်ပင် ကြောက်စရာကောင်းသေးသည်။

သူ့ဆီမှ အရှိန်အဝါက လူတိုင်းကိုအရိုးထဲထိ အေးစိမ့်သွားစေခဲ့သည်။

ကမ္ဘာမြေထက်တွင် လူတိုင်း၏ မျက်လုံးများပြူးကျယ်နေပြီး တခဏပင်ကြီးက ဆက်လက်မြင့်တက်နေဆဲပင်။ လူများသည် ထိုအပင်ကြီး၏ သစ်ရွက်များလောက်ပင် မကြီးတော့ပေ။

မိုင်ထောင်ချီအဝေးတွင်

လုလင်ကျွမ်း ဓားနှစ်လက်ကို ကိုင်ထားရင်း ရွှေရောင်အလင်းတန်းက သူ့ပတ်ပတ်လည်တွင် ရွှေနဂါးတစ်ကောင်လို လှည့်ပတ်နေခဲ့၏။ သူတစ်နေရာကို လှည့်ကြည့်လိုက်ပြီး တခဏပင်ကြီး၏ ပုံရိပ်ကို တွေ့လိုက်ရသည်။

ထိုစဉ် သူ့ဆံပင်ကြားထဲမှ မြွေလေးတစ်ကောင်ထွက်ကျလာခဲ့ပြီး ပြောလိုက်၏။

“ကြောက်စရာကောင်းတဲ့ တည်ရှိမှုပဲ ကျွန်မတို့လုံလောက်အောင် တိုက်ခိုက်ပေးပြီး သူတို့အကြွေးကိုဆပ်ပြီးပြီပဲ အခုက ထွက်ပြေးဖို့အချိန်ပဲ မဟုတ်လား”

ထိုမြွေလေးသည် လုလင်ကျွမ်းနှင့် အတူတူတက်လှမ်းလာခဲ့သော ဝိညဉ်ဖြူမိစ္ဆာဧကရီမှလွဲ၍ အခြားမဟုတ်ပေ။

ကိုက်တစ်ရာခန့်အဝေးတွင် လုလင်ကျွမ်း၏ ထောင်ချောက်ထဲတွင် ပိတ်မိနေသော ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ရှိနေပြီး ထိုလူသည် လုလင်ကျွမ်းအစီအရင်ကို တောင့်ခံနေရင်း ရယ်မောလိုက်၏။

“ထွက်ပြေးဖို့စဉ်းစားနေတာလား နောက်ကျလွန်းသွားပြီ အမတတစ်ပါးဆင်းသက်လာတာကို ကြိုဆိုဖို့ ပြင်ထားကြ”

အမတတစ်ပါးလား!

လုလင်ကျွမ်းမျက်ခုံးများ တွန့်ကွေးသွားကာ မြွေဖြူလေးလည်း အံ့ဩသွားပြီး မေးလိုက်သည်။

“နင်တို့ဂိုဏ်းမှာ အမတတစ်ပါးရှိနေရင် ဘာလို့ မင်းဆက်ကိုးခုကို မသိမ်းပိုက်နိုင်သေးတာလဲ”

ထိုကျင့်ကြံသူ ပြုံးပဲပြုံးလိုက်ကာ ဘာမှပြန်မပြောဘဲ အစီအရင်ကိုချိုးဖျက်ဖို့သာ ကြိုးစားနေခဲ့၏။

အခြားတိုက်ခိုက်နေသော ဆန်းကြယ်နှလုံးသားအဆင့်များလည်း ရပ်တန့်သွားခဲ့ကြသည်။ မင်းဆက်ကိုးခုမှ ကျင့်ကြံသူများက မူလတခဏပင်ကို ရပ်၍ကြည့်နေကြပြီး တခဏဂိုဏ်းမှ သူများကတော့ အောင်မြင်မှုက သူတို့လမ်းတစ်ကမ်းအလိုတွင် ရောက်နေသလို စိတ်လှုပ်ရှားနေခဲ့ကြ၏။

All Chapters