← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 12 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 12 Ch. 149-150

အပိုင်း(၁၄၉)

တောင်နတ်ဘုရား ဒဏ္ဍာရီ

နေ့အလင်းရောင်အောက်တွင် ဖုန်လုံးမုန်တိုင်းကြီးမှာ အချိန်အ‌တန်ကြာထိ ပျောက်ကွယ်မသွားခဲ့သေးပေ။ မင်းဆက်ကိုးခုလုံးမှဂိုဏ်းချုပ်များအားလံုး စုဝေးကာ သူတို့ရှေ့ရှိ အပင်များနှင့် မြင်ကွင်းကို ဘာမှမပြောနိုင်ဘဲ ငေးကြောင်၍ ကြည့်နေခဲ့မိကြသည်။

လုပိုင်ထျန်းလည်း ထိုသို့ပင် ခံစားနေခဲ့ရပြီး တခဏဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူ သေဆုံးသွားပြီဖြစ်သော်လည်း သူတို့ရင်ထဲရှိ အကြောက်တရားမှာ ပြေပျောက်မသွားခဲ့သေးပေ။

သူတို့ တိုက်ပွဲအကြာကြီးနွှဲ၍ တိုက်ခိုက်ခဲ့သော်လည်း တခဏဂိုဏ်း၏ အကာအကွယ်ကိုပင် မဖောက်နိုင်ခဲ့ချိန်တွင် အခုတော့ ဤသို့ဖြင့် ဘာမှမဟုတ်ဘဲ တခဏဂိုဏ်း ဂိုဏ်းချုပ်နှင့် ဆန်းကြယ်နှလုံးသားအဆင့်များမှာ ပျောက်ကွယ်သွားခဲ့၏။

ဤကမ္ဘာကြီးပေါ်တွင် မည်သို့သော အရာများ ဖြစ်ပေါ်နေသနည်း။

မင်းဆက်ကိုးခုရှိထိပ်တန်းကျင့်ကြံသူများ အားလုံး ထိုအခိုက်တွင် သူတို့ခံစားချက်ကို မထိန်းချုပ်နိုင် ဖြစ်နေခဲ့ရသည်။

ကပ်ဘေးမှ ရှင်သန်ကျန်ရစ်ခဲ့၍ ပျော်ရွှင်ခဲ့ရသော်လည်း အကြောက်တရားကိုလည်း ခံစားနေခဲ့ရ၏။

ထိုဆန်းကြယ်သော အားကြီးသည် တခဏဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များကိုပင် အလွယ်တကယ် ရှင်းပစ်နိုင်နေသည်မှာ သူတို့ကိုလည်း အလွယ်တကူ ရှင်းပစ်နိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

ခန်းထျန်ဂိုဏ်းချုပ် လျန်ခန်းဟိုင် သုံးပါးတစ်ဆူတောင်မှ တာအိုပညာရှင် ထျန်းရှုကို ကြည့်၍ မေးလိုက်သည်။

“တာအိုမိတ်ဆွေ ထျန်းရှု အဲ့ဒီအားကြီးက ဘာလဲဆိုတာ ခင်ဗျားသိလား”

လူတိုင်း၏ အကြည့်များ ထျန်းရှုဆီ ရောက်ရှိသွားခဲ့ကြသည်။

မင်းဆက်ကိုးခုတွင် သက်တမ်းအရှည်ဆုံးဂိုဏ်းအနေနှင့် သုံးပါးတစ်ဆူတောင်သည် သူတို့ထက်ပို၍ အသိပညာဗဟုသုတ ကြွယ်၀၏။

တာအိုပညာရှင်ထျန်းရှု၏ မျက်နှာလည်း ရှုပ်ထွေးနေခဲ့ပြီး သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။

“ဘယ်သူက ၀င်ပါခဲ့လဲဆိုတာ ငါလည်းမသိဘူး‌ ကောင်းကင်နဲ့မြေကြီးက တခဏဂိုဏ်းကို အပြစ်ပေးတာ ဖြစ်နိုင်တယ်”

ကောင်းကင်နဲ့မြေကြီးတဲ့လား!

ဂိုဏ်းချုပ်များအားလုံး၏ အမူအရာများ မရေမရာဖြစ်ကုန်ကြ၏။

ထိုက်ကန်မင်းဆက် ကျူးရှန်ဂိုဏ်းဧ။်ဂိုဏ်းချုပ် ကျုံးဝူကျင်း အဝေးသို့ကြည့်နေရင်း သက်ပြင်းချကာ ပြောလိုက်သည်။

“ကောင်းကင်နဲ့မြေကြီးမှာသာ စိတ်ဝိညဉ်ရှိတယ်ဆိုရင် သူတို့ကဘာလို့ လူတွေအများကြီးသေဆုံးပြီးတဲ့အချိန်မှ ၀င်ပါရတာလဲ”

ကျုံးဝူကျင်း၏ မေးခွန်းကို ဘယ်သူမှ မဖြေခဲ့ကြပေ။ ဤတိုက်ပွဲကြီးသည် သူတို့ မာနကို ချေမွသွားခဲ့၏။

ဤစွမ်းအားကြီးကို မြင်ပြီးသည့်နောက် တစ်သားတည်းဖြစ်ခြင်းအဆင့်ဟူသည် ဘာမှ မဟုတ်မှန်း သူတို့သိရှိသွားခဲ့ကြသည်။ ဆန်းကြယ်နှလုံးသားအဆင့်ပင်လျှင် ပိုသန်မာသော ပုရွက်ဆိတ်မျှသာ ဖြစ်၏။

တခဏဂိုဏ်းမှ ကြီးမြတ်သည့်ကျင့်ကြံသူကြီးများသည် နည်းနည်းလေးတောင် မခုခံနိုင်ဘဲ သေဆုံးသွားခဲ့ရပြီး သူတို့မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်နေသော အကြည့်ကို သူတို့ မေ့မရခဲ့ကြပေ။

“အဲ့တာ တောင်နတ်ဘုရားပဲ တောင်နတ်ဘုရားက ၀င်ပါခဲ့တာ!”

အသံတစ်သံထွက်ပေါ်လာခဲ့ရာ လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ သူတို့ဆီ ပျံသန်းလာနေသော သူတော်စင်ရွှမ်မြောင်ကို တွေ့လိုက်ရလေသည်။

လုပိုင်ထျန်း ထိုကောင်လေးကို မှတ်မိနေ၏။ ထိုကောင်လေးသည် ရွှေစာရင်းတွင် အဆင့် ၂နေရာကို ရယူနိုင်ခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အန်းဟောင်ကို အားကုန်ထုတ်၍ တိုက်ရအောင် ဖိအားပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော သူဖြစ်ပေသည်။

သူတော်စင်ရွှမ်မြောင် အမြန်ပျံသန်းလာခဲ့ပြီး တာအိုပညာရှင် ထျန်းရှုရှေ့တွင် ဆင်းသက်လာကာ လက်နှစ်ဖက်ဆုပ်၍ ဂါရ၀ ပြုလိုက်၏။

သုံးပါးတစ်ဆူတောင်မှ အကြီးအကဲတစ်ယောက် သူ့ကို အမြန်မေးလိုက်သည်။

“ရွှမ်မြောင် တောင်နတ်ဘုရားဆိုတာဘာလဲ မင်းဘာသိထားလဲ”

ရွှမ်မြောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဂိုဏ်းချုပ်ကို ကြည့်ပြီး ပြောလိုက်၏။

“တခဏဂိုဏ်းကိုသုတ်သင်လိုက်တဲ့ တည်ရှိမှုက တောင်နတ်ဘုရားပါ သူက တောင်အနက်တွေထဲမှ ပုန်းအောင်းနေပြီး ခြေရာခံဖို့ခက်တယ် ကျွန်တော်ကတော့ ကံကောင်းပြီး သူ့ကိုတွေ့ခဲ့ရတယ် အရင်က တောင်နတ်ဘုရားက ကျွန်တော့်ကို သစ်သားရုပ်တုလေးတစ်ရုပ်ပေးခဲ့ပြီး လူသားတွေကို ကယ်တင်ဖို့ ညွှန်ကြားခဲ့တယ် ဒီအဖြစ်အပျက်တွေအကုန်လံုးက အဲ့ဒီ သစ်သားရုပ်တုလေးကြောင့်ပါ”

ထိုစကားများကိုပြောနေရင်း သူ့မျက်နှာပေါ်၌ လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဂိုဏ်းချုပ်များ သူ့ကို မေးခွန်းများတစ်ခုပြီးတစ်ခုဆက်တိုက် မေးနေခဲ့ပြီး ထိုနေရာတစ်ဝိုက်လုံးတွင် စကားသံများကျယ်လောင်လာခဲ့၏။

လျန်ခန်းဟိုင် တစ်ခုခုကို သတိရသွားပုံဖြင့် လက်တစ်ဖက်ဝေ့ယမ်းလိုက်ရာ သူ့ဆီသို့ လူတစ်ယောက်သစ်သားရုပ်တုတစ်ခုကို ကိုင်၍ ရောက်လာခဲ့သည်။

လျန်ခန်းဟိုင် သစ်သားရုပ်တုကို ယူလိုက်ကာ ရွှမ်မြောင်ကိုပြလိုက်ပြီး မေးလိုက်၏။

“မိတ်ဆွေလေးပြောတာ ဒီရုပ်တုများလား”

သူတော်စင်ရွှမ်မြောင် ချက်ချင်းခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟုတ်ပါတယ် ဒါက တောင်နတ်ဘုရားရဲ့ သစ်သားရုပ်တုပါပဲ ဂိုဏ်းချုပ်စော်ကားလို့ မရဘူးနော်”

လူတိုင်း၏ အကြည့်များသည် လျန်ခန်းဟိုင်လက်ပေါ်ရောက်သွားခဲ့ကြ၏။

အချို့မှာ သူတော်စင်ရွှမ်မြောင်စကားများကို မယုံသေးကြသူများ ရှိနေကြသေးသည်။ ထိုစဉ် တာအိုပညာရှင်ထျန်းရှု မြင်းမြှီးယပ်ကို ရွှမ်မြောင့် နှဖူးရှေ့တွင် တစ်ချက်ယမ်းလိုက်ရာ သူ့ခေါင်းထက်တွင် ပုံရိပ်များ ပေါ်လာခဲ့၏။

သူတော်စင်ရွှမ်မြောင်သည် ဒူးထောက်ထိုင်နေပြီး သူ့ရှေ့ရှ်ိ သစ်ကိုင်းပေါ်တွင် အဖြူရောင်ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

ထိုပုံရိပ်ကို မြင်လိုက်လေရာ လျန်ခန်းဟိုင် အံ့ဩလွန်း၍ လက်ထဲမှ သစ်သားရုပ်တုပင် လွတ်ကျသွားခဲ့၏။

သူတကယ်ပြောနေတာပဲ!

အလွန်သေးငယ်သော တောင်နတ်ဘုရား၏ ပုံရိပ်လေးကြောင့် တောင်နတ်ဘုရားက နတ်ဘုရား ဟုတ်မဟုတ် မယုံကြသေးသူများပင် ယုံသွားခဲ့ကြသည်။

“မင်းဆက်ကိုးခုက ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်နေရပါတယ် တောင်နတ်ဘုရားကယ်ပါဦး တကယ်လို့ မင်းဆက်ကိုးခုက လူတွေအကုန်လုံးသာ မိစ္တာတွေသတ်လို့ သေသွားရင် တောင်နတ်ဘုရားကို ကိုးကွယ်မယ့်သူတွေ မရှ်ိဘဲ ဖြစ်ကုန်ပါလိမ့်မယ်”

“ငါ့ကို လူသားတွေပဲ ကိုးကွယ်လို့ရတယ်လို့မင်းဘယ်သူပြောလဲ နောက်ပြီး ငါကရော လူသားမျိုးနွယ်ကိုပဲ ကယ်တင်တယ်လို့ မင်းဘယ်သူပြောလဲကွ”

“ငါလည်း ကူညီချင်ပါတယ် ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ တောင်နတ်ဘုရား ဘာလိုချင်ပါသလဲ”

“ငါမင်းကို ငါ့တာအိုကျောင်းဆောင်ကို စောင့်ရှောက်ဖို့ ထာ၀ရအစေခံတစ်ယောက် ဖြစ်လာစေချင်တယ် နောက်ပြီး မင်းလက်ကျန်ဘ၀တစ်ခုလုံးလည်း အဲ့နေရာကနေ လွတ်မြောက်မှာ မဟုတ်ဘူး”

တောင်နတ်ဘုရား၏ စကားများကို ကြားသောအခါ လူတိုင်းကျောရိုးများပင် အေးစိမ့်သွားခဲ့ကြသည်။

အစကသူတို့ တောင်နတ်ဘုရား ဘာလိုချင်လဲဆိုတာကို ပဟေဠိဖြစ်နေခဲ့သေးသော်လည်း နောက်ပိုင်းစကားများကိုကြားမှသာ တောင်နတ်ဘုရား၏ ကြောက်မက်ဖွယ် စိတ်ရူးပေါက်မှုကို သတိထားမိသွားခဲ့ကြ၏။

အမတနတ်ဘုရားတစ်ပါးနှင့် ညှိနှိုင်းရသည့် တန်ကြေးမှ မသေးလှပေ။

လူတိုင်းတောင့်တင်းစွာ ဆက်ကြည့်နေကြချိန်တွင် ရွှမ်မြောင် ပြန်ပြောလိုက်သည့် စကားက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့လေသည်။

“ကောင်းပါပြီ တောင်နတ်ဘုရားကသာ မင်းဆက်ကိုးခုကို ကယ်တင်ပေးမယ်ဆိုရင် ကျွန်တော်က တောင်နတ်ဘုရားရဲ့ အစေခံအဖြစ် အလုပ်အ‌ေကျွးပြုပါ့မယ်”

“လူတွေကို ကယ်တင်ဖို့ အဲ့တာကိုယူသွား!”

ထိုအသံထွက်ပေါ်လာပြီး ရွှမ်မြောင့်ရှေ့ သစ်သားရုပ်တုတစ်ခု ကျလာချိန်တွင် မြင်ကွင်းမှာ ပြတ်တောက်သွားခဲ့သည်။

တာအိုပညာရှင်ထျန်းရှု၏ အမူအရာသိသိသာသာပြောင်းလဲသွားကာ သွေးတစ်လုပ်အန်လိုက်ရပြီး ဖြူဖျော့သွားခဲ့၏။

ရွှမ်မြောင်လည်း သတိပြန်ရလာသောအခါ တာအိုပညာရှင်ထျန်းရှုကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်လေသည်။

အခြားဂိုဏ်းချုပ်များအားလုံးကတော့ ရွှမ်မြောင့်ကိုသာ ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်ရှုနေခဲ့ကြသည်။

လူပေါင်းများစွာကို ကယ်တင်ဖို့ ရွှမ်မြောင်၏ စွန့်လွှတ်မှုက သူတို့အားလုံးကို ခံစားသွားစေခဲ့၏။ ထိုကောင်လေးသည် ထိုက်ချင်သွေးမျိုးဆက် တပည့်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်သူသာ ဖြစ်ပေသည်။

တောင်နတ်ဘုရား၏ တည်ရှိမှုကို သိရှိသွားပြီးချိန်မှာတော့ သူတို့ သက်ပြင်းချလိုက်မိကြ၏။

ဘာမှန်းမသိသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဟု ထင်နေရခြင်းထက် တောင်နတ်ဘုရားရှိနေခြင်းက သူတို့ကို စိတ်သက်သာရာ ရသွားစေခဲ့သည်။

ထို့အပြင် တောင်နတ်ဘုရား၏စကားများအရ တောင်နတ်ဘုရားသည် လူသားကမ္ဘာကို သိပ်ဂရုစိုက်ပုံ မရပေ။

“တောင်နတ်ဘုရားကို…ခန့်မှန်းလို့မရဘူး…”

လဲကျမှာစိုး၍ တပည့်များက တွဲထားရသော တာအိုပညာရှင်ထျန်းရှု အားနည်းနေသောအသံဖြင့် ထိုစကားများကို ပြောလိုက်ခြင်း ဖြစ်၏။

လျန်ခန်းဟိုင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေတို့ မင်းဆက်ကိုးခုမှ ကပ်ဘေးတွေမဖြစ်ရလေတောင် ကျုပ်တို့ တောင်နတ်ဘုရားကို စော်ကားလို့မရဘူး နောက်ပြီး ကျုပ်တို့တောင်နတ်ဘုရားရဲ့ ကုသိုလ်တွေကိုလည်း မေ့ပစ်လို့မရဘူး လူတိုင်းပဲ တောင်နတ်ဘုရားရဲ့ ပုံရိပ်ကို မှတ်ထားကြပါ ခင်ဗျားတို့ရဲ့ သက်ဆိုင်ရာဂိုဏ်းတွေကိုပြန်ရောက်တဲ့အခါ ကောင်းကင်နဲ့ မြေပြင်အောက်က တောင်နတ်ဘုရားရဲ့ သူတော်ကောင်းတရားကို ချီးမွမ်းဖို့ နတ်ကွန်းတွေဆောက်ပြီး တောင်နတ်ဘုရားရုပ်ထုကို ကိုးကွယ်ကြပါစို့”

ထိုစကားကိုကြားသောအခါ လူတိုင်းခေါင်းညိတ်၍ သဘောတူလိုက်ကြလေသည်။

သူတော်စင်ရွှမ်မြောင် လျန်ခန်းဟိုင်နားကပ်ကာ လေထဲရှိ သစ်သားရုပ်တုကိုယူလိုက်၏။

ထို့နောက် သုံးပါးတစ်ဆူတောင်မှလူများ ဘက်သို့လှည့်ကာ လက်မြှောက်၍ ဂါရ၀ပြုလိုက်ပြီး ပြောလိုက်သည်။ “ဆရာတို့ ဦးလေးတို့ ကျေးဇူးပြုပြီး ဂိုဏ်းကိုပြန်ရောက်တဲ့အခါ ကျွန်တော့်ဆရာကို သတင်းပေးပေးကြပါ အခုကစပြီး ကျွန်တော်က ထိုက်ချင်သွေးမျိုးဆက်တစ်ယောက် မဟုတ်တော့ပါဘူး ကျွန်တော်ဂိုဏ်းကိုလည်း ပြန်မလာတော့ဘူး ဂိုဏ်းက ကျွန်တော့်ရိုင်းပျမှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

တာအိုပညာရှင်ထျန်းရှုနှင့် အခြားတာအိုပညာရှင်များအားလုံး သက်ပြင်းချလိုက်ကြသော်လည်း ဘယ်သူမှ တားဆီးဖို့ မကြိုးစားခဲ့ကြပေ။

“ကတိမတည်တဲ့ ယောင်္ကျားဟာ ယောင်္ကျားမဟုတ်ဘူး တောင်နတ်ဘုရားဆီမှာ အမှုထမ်းရတာလည်း အပြစ်ဒဏ်ခံနေရတာကြီးရယ်လို့တော့ မဟုတ်ပါဘူး ရွှမ်မြောင် အခုကစပြီး သုံးပါးတစ်ဆူတောင်မှာ ဘာကိစ္စပဲရှိလာရှိလာ မင်းတောင်နတ်ဘုရားရဲ့ ဆန္ဒကို ဆန့်ကျင်လို့မရဘူးနော် မင်းနားလည်လား” ထျန်းရှု လေးလေးနက်နက်ပြောလိုက်လေသည်။

သူတော်စင်ရွှမ်မြောင်ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေတော့သည်။

အချို့ဂိုဏ်းချုပ်များတွင် ရွှမ်မြောင်နောက်သို့ လူလွှတ်၍ တစ်ယောက်ယောက်ကို နောက်ယောင်ခံလိုက်ခိုင်းရန် ဆန္ဒရှိသော်လည်း ကြောက်စရာကောင်းသော မြင်ကွင်းကြီးကို ပြန်‌မြင်‌ယောင်မိသောအခါ သူတို့ဆန္ဒကို စွန့်လွှတ်လိုက်ကြ၏။

အနည်းဆုံးတော့ အခုချိန်သည် တောင်နတ်ဘုရားကို စော်ကား၍ ရသောအချိန် မဟုတ်ပေ။

အဝေးတစ်နေရာတွင်

လုလင်ကျွမ်း သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်နေပြီး သူ့ပုခုံးပေါ်တွင် ဝိညဉ်ဖြူမိစ္ဆာဧကရီက မြွေဖြူလေးအဖြစ်ပြောင်းကာ ရစ်ခွေနေခဲ့သည်။

“တောင်နတ်ဘုရား…တကယ်ပဲ မိုးကောင်းကင်အောက်က စစ်မှန်တဲ့အမတတစ်ပါးပဲ” ဝိညဉ်ဖြူမိစ္တာဧကရီ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

သူတို့ ဂိုဏ်းချုပ်များ၏ ဆွေးနွေးနေသံများကို ကြားခဲ့ရပြီး ပုံရိပ်များကိုပင်မြင်ခဲ့ရသေးသည်။

ထိုသို့မြင်ခဲ့သူများမှာ သူတို့သာမဟုတ်ဘဲ အခြားဆန်းကြယ်နှလုံးသားအဆင့် များလည်း ပါ၏။

တောင်နတ်ဘုရား၏ တည်ရှိမှုက ဆန်းကြယ်နှလုံးသားအဆင့်များ၏ နားလည်မှုများကို လှုပ်ခတ်သွားစေခဲ့သည်။

လုလင်ကျွမ်း သူမြင်ခဲ့ရသော အဖြူရောင်ပုံရိပ်လေးကို ပြန်စဉ်းစားနေခဲ့မိ၏။

….

ဆန်းကြယ်တောင်ကြားရှိ အိမ်ထဲတွင်

ကုအန် ကျေနပ်နေခဲ့မိသည်။ ဤအဖြစ်အပျက်မှ သူသက်တမ်း ၁၁၂၇၀၀၀ ပင် ရရှိခဲ့၏။

မဟာယနအဆင့် သားသတ်အမတကျင်းဆီမှ သက်တမ်း ၆၄၉ နှစ်ရရှိခဲ့ပြီး အဆင့်၈ မူလတခဏပင်ကြီးဆီမှ သက်တမ်း ၇၅၀၀ တောင် ရရှိခဲ့ခြင်း ဖြစ်သည်။

အခြား တခဏဂိုဏ်းသားများဆီက သက်တမ်း ဒါဇင်အနည်းငယ်သာ ရရှ်ိခဲ့ပြီး ဆန်းကြယ်နှလုံးသားအဆင့်များဆီမှတော့ အနည်းဆုံး သက်တမ်း ၄၀ လောက်ရရှ်ိခဲ့၏။

ထိုတိုက်ပွဲတွင် သူ လူပေါင်း ၃၀၀၀၀နီးနီးသတ်ဖြတ်ခဲ့ပြီး ထိူလူများသည် တခဏဂိုဏ်း၏ လူကုန်မဟုတ်သော်လည်း လက်ရွေးစင်များဖြစ်တော့ သေချာလှသည်။ ဤတိုက်ပွဲပြီးလျှင် တခဏဂိုဏ်းသည် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

သူကိုယ်တိုင်သည်ပင် ဆန်းကြယ်နှလုံးသားအဆင့် ၇၂ယောက်ကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။

သူ့သက်တမ်းသည် သုံးသန်းသုံးသိန်းကျော်သွားသည်ကို ကြည့်ပြီး ကုအန် ‌ပျော်နေမိသည်။ ထို့ကြောင့် သူ့စိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်ရန် အစိမ်းရောင်သူရဲကောင်း ခရီးသွားမှတ်တမ်းကို ထုတ်လိုက်လေသည်။

တခဏဂိုဏ်းကျရှုံးပြီးနောက် ကမ္ဘာကြီးသည် ဆယ်စုနှစ်အနည်းငယ်တော့ ငြိမ်းချမ်းသွားပေတော့မည်။

မဟာမိစ္ဆာကပ်ဘေးမရောက်ခင်တွင် သူ့သက်တမ်း ၁၀သန်းကို ကျော်လွန်သွားနိုင်မလားဟု ကုအန် တွေးနေမိသည်။

၀မ်ကျိတောအုပ်ရှိ တိုက်ပွဲသတင်းမှာ အမတကမ္ဘာတစ်ခုလုံးကို မပြန့်သွားသေးသောကြောင့် အဓိပတိဂိုဏ်းထဲရှ်ိ လေထုမှာတော့ တင်းကြပ်နေဆဲ ဖြစ်၏။

ဤညရောက်မှသာ ကုအန် တခဏပန်းပင်များကို ရိတ်သိမ်းဖို့ စီစဉ်ထားခဲ့သည်။

အရင်လိုပင် တခဏပင်များမှ သက်တမ်း တစ်နှစ် နှနှစ်သာ ရမည်ဖြစ်သော်လည်း ပမာဏများလှသော တခဏပင်များကို သူလက်လွှတ်မည် မဟုတ်ပေ။

သုံးရက်ကြာသောအခါ

အဓိပတိဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။

တခဏဂိုဏ်းပျက်သုဉ်းသွားသော သတင်းက အမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလုံးကို ပြန့်နှံ့သွားချေပြီ။

နေ့လည်ခင်းချိန်တွင် ရီလန် ကုအန်ဆီသို့ရောက်ရှိလာခဲ့ပြီး ၀မ်ကျိတောအုပ်ထဲမှ တိုက်ပွဲသတင်းကို ပြောပြခဲ့သည်။ ဥပဒေရေးရာခန်းမမှ လူတစ်ယောက်အနေနှင့် သူ့တွင် သတင်းအများကြီးရှိနေပြီး တောင်နတ်ဘုရားအကြောင်းပင် ကုအန်ကို ပြောပြခဲ့၏။

“တောင်နတ်ဘုရားရဲ့ စွမ်းအားက ကောင်းကင်နဲ့မြေပြင်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်

တကယ်ပဲ သေမျိုးတွေရဲ့ အထက်မှာ ရှိတယ် တခဏဂိုဏ်းက စွမ်းအားကြီးပေမယ့် တောင်နတ်ဘုရား တစ်ချက်၀င်ပါတာကိုတောင် မခံနိုင်ဘူးလေ တစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရတယ် တောင်နတ်ဘုရားက အရမ်းကိုစွမ်းအားကြီးလွန်းတယ် ဒဏ္ဍာရီတွေထဲမှာတော့ တောင်နတ်ဘုရားက သူ့နယ်မြေ တစ်စိတ်တစ်ပိုင်းကိုပဲ ကာကွယ်နိုင်တာ မဟုတ်လား

ညီမလေးတို့တောင်နတ်ဘုရားကတော့ ကြမ်းလွန်းတယ် သူက ကောင်းကင်ဘုံက အမတတစ်ပါးလို့ ပြောရင်တောင် ညီမလေးတော့ ယုံမိမှာပဲ” ရီလန် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်၏။

ကျင့်ကြံသူများအတွက် တောင်နတ်ဘုရားတည်ရှိမှုမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်သတင်းကြီး ဖြစ်ပေသည်။

ဤကမ္ဘာကြီးတွင် အမတများ အမှန်တကယ်ပင် တည်ရှိနေ၏။

ကုအန် ရီလန်ပြောသည့်အကြောင်းအရာများကို စိတ်လှုပ်ရှားချင်‌ယောင်ဆောင်၍ နားထောင်နေလိုက်သည်။

သူတော်စင်ရွှမ်မြောင်ထံမှ တောင်နတ်ဘုရား၏ ပုံပြင်ပြန့်နှံ့သွားလိမ့်မည်ကို သူပြင်ဆင်ထားပြီး ဖြစ်၏။ သူတော်စင်ရွှမ်မြောင်သည် သူ့နေရာကိုပြောမည် မဟုတ်သော်လည်း သူ့အကြောင်းဂုဏ်သတင်းကိုတော့ တွေ့သည့်သူတိုင်းကို ကြွားနေမှာကို သူသိပေသည်။

တာအိုပညာရှင် ထျန်းရှု ရွှမ်မြောင့်မှတ်ညဏ်များကို ပြန်ကြည့်သည်ကိုလည်း သူသတိထားမိခဲ့၏။

ထို့ကြောင့် သူနတ်အာရုံသုံး၍ ထျန်းရှုကို သတိပေးသည့် အနေဖြင့် အပြစ်ပေးလိုက်ခြင်း ဖြစ်ပြီး အခြားဂိုဏ်းချုပ်များကိုလည်း ရှိန်သွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။

ထျန်းရှုမ‌ှာတော့ နတ်အာရုံဖြင့် တိုက်ခိုက်ခံရသည်ကို သတိမထားမိဘဲ သူမှတ်ညဏ်များကို ကြည့်မိ၍ အလိုလိုတိုက်ခိုက်ခံရသည်ဟုသာ ထင်နေပြီး တောင်နတ်ဘုရားကို ပို၍ပင် လေးစားသွားခဲ့ရ၏။

နှစ်နာရီခန့် စကားပြောပြီးမှသာ ရီလန် ထွက်သွားခဲ့လေသည်။

သူမစိတ်ဝိညဉ်သည်လည်း တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်၏။ ယခုအခါ ကမ္ဘာကြီးတွင် တောင်နတ်ဘုရားပင် ရှိနေပြီဖြစ်ရာ မဖြစ်နိုင်သည့်အရာ မည်သည့်အရာ ရှိတော့မည်နည်း။

ကုအန် တောင်နတ်ဘုရား၏ လွှမ်းမိုးမှာကို အထင်သေးခဲ့မိသည်။

နောက်ရက်များတွင် ကုအန် အပြင်စည်းမြို့သို့သွားတိုင်း တောင်နတ်ဘုရားအကြောင်း ဆွေးနွေးနေသည်ကို ကြားခဲ့ရ၏။ အပြင်စည်းမြို့တွင် ဂိုဏ်းသားများ အမွှေးတိုင်ထွန်း၀တ်ပြုရန်အတွက် တောင်နတ်ဘုရား တာအိုကျောင်းဆောင်တစ်ခုပင် တည်ဆောက်ပေးပြီးဖြစ်ပြီး ထိုကျောင်းဆောင်တွင်လည်း လူများဖြင့် စည်ကားနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မင်းဆက်ကိုးခုလုံးတွင်လည်း တခဏပန်းပင်များ ကင်းစင်သွားပြီ ဖြစ်၏။

တစ်လအတွင်း မင်းဆက်ကိုးခုလုံးရှိ တခဏပန်းပင် ၉၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားခဲ့ပြီး ကုအန် မရှာချင်တော့သော အပင်အကြွင်းအကျန်လောက်သာ ကျန်ခဲ့လေသည်။

ထိုအပင် ၉၀ ရာခိုင်နှုန်းနှင့်ပင် ကုအန်ရလိုက်သည့် သက်တမ်းမှာ မနည်းလှပေ!

အပိုင်း(၁၅၀)

ထောင်တက်သွားသော သက်တမ်း

တစ်လအတွင်း ကုအန် တခဏပင်များဆီမှ သက်တမ်း ၁.၀၇ သန်း ရရှိခဲ့ပြီး အများစုကို သူပထမလ၀က်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ တခဏပင်များဆီမှ ရရှိသော သက်တမ်းမှာလျော့နည်းလာပြီး နောက်ပိုင်းတွင် သူခူးလိုက်သည်နှင့် အပင်များမှာ ညှိုးခြောက်သွားခဲ့ကြသည်။

ဘာမှန်းမသိသော စွမ်းအားတစ်ခုက အပင်များ၏ အသက်ဓာတ်ကို ဆွဲထုတ်သွားသလိုပင်။

အကြောင်းပြချက်ကို ကုအန် မသိသော်လည်း ထိုမျှပမာဏနှင့်ပင် သူကျေနပ်နေပြီ ဖြစ်၏။

တခဏဂိုဏ်း၏ ကျေးဇူးကြောင့် သူနှစ်ပေါင်း ၂၀လောက် သက်တမ်းစုဆောင်းရန် သက်သာသွားခဲ့ပြီး ယခုအခါ သူ့သက်တမ်းမှာ ၄.၃၉ သန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

တခဏဂိုဏ်း ကျဆုံးပြီးသွားသည့်နောက် မင်းဆက်ကိုးခုတွင် ပျော်ရွှင်ရမည့် အချိန်များ ရောက်ရှိလာခဲ့၏။ တခဏဂိုဏ်းနှင့်ပတ်သက်သည့် အမျိုးမျိုးသောပုံပြင်များ ထွက်ပေါ်လာခဲ့ကာ တခဏဂိုဏ်းသည် မင်းဆက်ကိုးခုတွင် ကြောက်စရာအကောင်းဆုံးသောဂိုဏ်းတစ်ဂိုဏ်းဖြစ်သွားပြီး တောင်နတ်ဘုရားမှာမူ လူသားတို့၏ ကိုးကွယ်ရာ ဖြစ်လာခဲ့‌သည်။

ထိုနေ့တွင်

မြောက်ပင်လယ်တောင်တန်းဒေသရှိ တောအုပ်တစ်ခုထဲတွင်

သူတော်စင်ရွှမ်မြောင် မြေပေါ်တွင် ဒူးထောက်နေခဲ့ပြီး သူ့အမူအရာမှာ အတော်လေး ရိုးကျိုးနေခဲ့သည်။

ရုတ်တရက်သူ့နားထဲ အသံတစ်သံထွက်ပေါ်လာခဲ့ပြီး သူ့မျက်နှာ ၀င်းပသွားခဲ့၏။ ထို့နောက် သူတည်နေရာတစ်ခုသို့ လမ်းလျှောက်၍ ထွက်လာခဲ့လိုက်သည်။

နှစ်နာရီခန့်လမ်းလျှောက်ပြီးသောအခါ ရွှမ်မြောင် ရပ်တန့်လိုက်၏။ သူတောင်အလယ်တစ်နေရာတွင် ရပ်နေခဲ့ပြီး ထိုနေရာမှကြည့်လျှင် တောက်ပနေသော မြောက်ပင်လယ်ကြီးကိုပင်မြင်နေရသည်။

“ဒီနေရာမှာ ငါ့အတွက် တာအိုကျောင်းဆောင်တစ်ခုဆောက်ပေးပြီး ဆေးပင်တွေစိုက်ဖို့ ဆေးဥယျာဉ်တစ်ခုလည်း တစ်ခါတည်း ဆောက်လိုက်” ကုအန်အသံ ရွှမ်မြောင့်နားထဲ ရောက်ရှိလာခဲ့၏။

ရွှမ်မြောင်ချက်ချင်း သဘောတူလိုက်ပြီး သူ့ရှေ့ရှိ အသက်ဓာတ်များပြည့်နှက်နေသော နေရာသို့ သွားခဲ့လိုက်သည်။

ဤသို့ဖြင့် တစ်ရက်တစ်ညကုန်ဆုံးသွားခဲ့၏။

မိုးသောက်အာရုံတက်ချိန်တွင်

ကုအန် အဖြူရောင်လူလေးအဖြစ်ပြောင်းကာ ရွှမ်မြောင့်ပုခုံးပေါ်တွင် ပေါ်လာခဲ့သည်။

ရွှမ်မြောင်မှာတော့ တာအိုကျောင်းဆောင်ရှေ့ရှိ ခြံ၀န်းထဲတွင် ထိုင်နေရင်း မျက်လုံးမှိတ်ကာ ကျင့်ကြံနေခဲ့၏။

ကုအန် ရွှမ်မြောင်တည်ဆောက်ထားသာ တာအိုကျောင်းဆောင်ကိုကြည့်ကာ ကျေနပ်သွားခဲ့သည်။ ကျောင်းဆောင်သည် အရမ်းကြီး ကြီးကျယ်ခမ်းနားနေခြင်းမျိုးမဟုတ်သော်လည်း မဆိုးလှပေ။

ခြံစည်းရိုးများရော ကျောင်းဆောင်ရောကိုပါ ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ကျောင်းဆောင်၏တိုင်များကိုမူ မဟော်ဂနီသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အမိုးကိုမူ အုတ်ကြွပ်ပြား အနီများဖြင့် မိုးထားလေသည်။ တောင်ကြီး၏ အလယ်ရှိ တောနက်ထဲတွင် ဆောက်ထားခြင်းဖြစ်သောကြောင့် ကျောင်းဆောင်ကို တော်ရုံမြင်ရန်လည်း မလွယ်လှပေ။ကျောင်းဆောင်၏ ခြံ၀န်းထဲတွင် အမွှေးတိုင်အိုးကြီးတစ်အိုးရှိနေပြီး ထိုထဲတွင် စိုက်ထားသော အမွှေးတိုင်များမှာ အစိမ်းရောင် မီးခိုးငွေ့များက ကောင်းကင်ပေါ် လိမ့်တက်နေသောကြောင့် ဤနေရာသည် အမတနယ်မြေတစ်ခုနှင့်ပင် အမှန်တကယ် တူနေခဲ့သည်။

သူတော်စင်ရွှမ်မြောင်သည် ကုအန် စိတ်ကျေနပ်စေရန် အစွမ်းကုန် ‌ကြိုးစားထားမှန်း သိသာ၏။

ကုအန်ပြောလိုက်သည်။

“ဒီကျောက်ပြားပေါ်မှာ နာမည် ရေးမထားသင့်ဘူး တောင်နတ်ဘုရားကျောင်းဆောင်ဆိုတာက ယေဘုယျဆန်လွန်းတယ် ဒီကမ္ဘာကြီးမှာ တောင်နတ်ဘုရားတစ်ပါးထက်ပိုပြီး ရှိနေတာလည်း ဖြစ်နိုင်တာပဲလေ”

သူတော်စင်ရွှမ် အသံကြားလိုက်သောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ပုခုံးပေါ်ရှိ တောင်နတ်ဘုရားကို တွေ့သွားပြီး တောင့်တင်းသွားကာ မလှုပ်ရဲတော့ပေ။

သူဂရုတစိုက်မေးလိုက်၏။

“ကျွန်တော် တောင်နတ်ဘုရားရဲ့ အမတဘွဲ့အမည်ကို သိခွင့်ရှိမလား…”

“အခုထိ မစဉ်းစားရသေးဘူး”

ကုအန် ရွှမ်မြောင်ပုခုံးပေါ်မှ ခုန်ကာ ခြံ၀န်းထဲ ဆင်းသွားခဲ့သည်။

ရွှမ်မြောင်သူ့နောက်မှ အမြန်လိုက်ကာ စိတ်၀င်တစားမေးလိုက်၏။

“မစဉ်းစားရသေးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ တောင်နတ်ဘုရား တောင်နတ်ဘုရားက နတ်ဘုရားတို့၏ ရာထူးများထဲကလို အမတအဖွဲ့အစည်းတစ်ခုခုက မဟုတ်ဘူးလား”

“နတ်ဘုရားတို့၏ ရာထူးများဆိုတာဘာကြီးလဲ”

ရွှမ်မြောင် နတ်ဘုရားတို့၏ရာထူးများ စာအုပ်အကြောင်း တရိုတသပြောပြလိုက်လေသည်။

နားထောင်ပြီးသောအခါ ကုအန် လှောင်ပြောင်လိုက်၏။

“သေမျိုးတွေက အမတတွေအကြောင်း လျှောက်ခန့်မှန်းရဲသလား ဒီကမ္ဘာပေါ်မှာ ကောင်းကင်ခုံရုံးတကယ်ရှိလားဆိုတာ ငါမသိဘူး ငါမွေးလာကတည်းက အမတတစ်ပါးမှ မတွေ့ခဲ့ဖူးသေးဘူး”

“ဒါဆို တောင်နတ်ဘုရားက ဘယ်လို…”

“မင်းက ငါ့ကိုယ်ငါတောင်နတ်ဘုရားတစ်ပါးလို့ ဘာလို့ခေါ်ရဲလဲလို့ မေးချင်တာမဟုတ်လား”

“မဟုတ်ပါဘူး ကျွန်တော်မဆိုလို…”

“အမတတစ်ပါးဆိုတာ ဘွဲ့ထူးတစ်ခုတင်ပဲမဟုတ်ဘူး ကျင့်ကြံခြင်းအဆင့်တစ်ခုဆိုလည်းဟုတ်တယ် ဆက်ပြီးကြိုးစားကျင့်ကြံ မင်းလည်းတစ်နေ့ ဒီနေရာကို ရောက်လာလိမ့်မယ်”

ကုအန်စကားများက သူတော်စင်ရွှမ်မြောင်၏ ရည်မှန်းချက်များကို ပို၍ တောက်လောင်သွားစေခဲ့သည်။

သူလည်း တောင်နတ်ဘုရားလို စွမ်းအားကြီးချင်ပေသည်။

တောင်နတ်ဘုရား စိတ်ကြည်နေပုံပေါ်သောကြောင့် ရွှမ်မြောင် ဆေးစိုက်ခင်းအကြောင်း ဆက်မေးလိုက်၏။

“မင်းစိုက်ချင်တာ စိုက်လို့ရတယ် အချိန်ကျလာရင်တော့ ငါကလာရိတ်သိမ်းပြီး ဒီပန်းတွေနဲ့ အပင်တွေကို ပြန်မွေးဖွားလာအောင် စိုက်မယ်” ကုအန်၏ သာမန်အတုိင်းပြန်ဖြေလိုက်ပုံက ရွှမ်မြောင့်ကို ပို၍ လေးစားသွားစေခဲ့သည်။

ပန်းနှင့်အပင်များကို ပြန်လည်မွေးဖွားအောင် လုပ်ဖို့လိုသည်ဟု သူတစ်ခါမှပင် မကြားဖူးပေ။

တောင်နတ်ဘုရား၏ အသိပညာများမှာ သူ့စိတ်ကူးယဉ်မှု အလွန်တွင် ရှိနေ၏။

ကုအန် ရွှမ်မြောင့်ကို လိုအပ်သည်လား ညွှန်ကြားပြီးသောအခါ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး သူမြေအောက်ထဲတွင် အိပ်တော့မည် ဖြစ်သောကြောင့် မနှောင့်ယှက်ရန်လည်း ပြောသွားခဲ့သည်။

မြေအောက်ထဲမှာ အိပ်တာလား!

သူတော်စင်ရွမ်မြောင့် အသိပညာများ ထပ်၍ တိုးလာခဲ့ရပြန်သည်။

….

တခဏဂိုဏ်း ပျက်သုဉ်းပြီး နှစ်လအကြာတွင် အဓိပတိဂိုဏ်းမှ ရှေ့တန်းထွက် ဂိုဏ်းတပည့်များနှင့် အကြီးအကဲများ အားလုံးပြန်‌ေရာက်လာခဲ့ကြ၏။

သူတို့ ပြန်ရောက်လာမှု‌ေကြာင့် ဂိုဏ်းထဲတွင် ပံုပြင်များ ပို၍များလာခဲ့ပြီး တောင်နတ်ဘုရား၏ ဂုဏ်သတင်းမှာလည်း တိုးမြင့်လာခဲ့သည်။

လုလင်ကျွမ်းလည်း ပြန်သည့်ထဲတွင် ပါလာခဲ့၏။

လုပိုင်ထျန်းက သူမကို အကြီးအကဲခန်းမတွင် နေရာချထားပေးလိုက်ပြီး တတိယတောင်ကြားမှလည်း ထွက်လာစေလိုခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ငြင်းဆန်သူမှာ သူမဖြစ်နေခဲ့၏။

“အနာဂတ်မှာ ငါတတိယတောင်ကြားမှာပဲ ဆက်ကျင့်ကြံပြီး နင့်ကိုကာကွယ်ပေးမယ် ဒါပေမယ့် ငါ့ကိုအမိန့်ပေးဖို့တော့ မစဉ်းစားနဲ့နော် ပုံမှန်နေ့တွေမှာ နင်ငါ့ကို ဆေးပင်တွေပေးမယ်ဆိုရင်တော့ နင့်အလုပ်တွေမှာလည်း နည်းနည်းကူပေးမယ်”

အိမ်ထဲတွင် လုလင်ကျွမ်း ကုအန်ရှေ့တွင် ထိုင်နေရင်း ပြောလိုက်လေသည်။

ကုအန် ရယ်မောကာ ပြန်ပြောလိုက်၏။ “နင့်ကို ဆေးပင်တွေပေးရတာက ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် နင်ကိုယ်တိုင်ဆေးပင်မျိုးစေ့တွေ၀ယ်ပြီး ငါ့ကိုစိုက်ခိုင်းသင့်တယ် အဲ့တာဆို ဆေးပင်တစ်ခင်းလုံးက နင့်အပိုင်ဖြစ်ပြီပေါ့ ငါ့အတွက်လည်း အဲ့လောက်အလုပ်ရှုပ်တာမျိုးမဟုတ်ဘူးလေ နောက်ပြီး တတိယတောင်ကြားမှာ နင်ရှိနေတော့ ငါလည်းစိတ်အေးလို့ရတာပေါ့”

ထိုစကားကိုကြားသောအခါ လုလင်ကျွမ်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ “‌ဒါဆို ငါပင်မမြို့တော်ကို ရက်နည်းနည်းကြာရင် သွားလိုက်မယ် အဲ့ဒီကဆေးပင်မျိုးစေ့တွေက ပိုအဆင့်မြင့်တယ်”

ထို့နောက် သူမ ကုအန်အား ၀မ်ကျိတောအုပ်မှ ခက်ခဲကြမ်းတမ်းသော တိုက်ပွဲအကြောင်း ပြောပြခဲ့၏။

သူမသည် တောင်နတ်ဘုရားကိုအတော်လေးလေးစားနေပြီး သူမလို တက်လှမ်းလာသူတစ်ယောက်အနေနှင့် အမတတစ်ပါး၏ ပုံရိပ်က အတော်လေး အရေးပါလှသည်။

သူမစကားကို နားထောင်နေရင်း ကုအန်လည်း တစ်ချက်တစ်ချက် အံ့ဩသင့်သွားသလို ဟန်ဆောင်ပေးနေလိုက်သည်။

သူမပြောပြီးသောအခါမှ ကုအန် မှတ်ချက်ပြုလိုက်၏။

“တောင်နတ်ဘုရားရဲ့ ကျင့်ကြံခြင်းအဆင့်က ငါတို့စိတ်ကူးနိုင်တာရဲ့ အလွန်ကိုရောက်နေတာပဲ အဲ့လို အမတတစ်ပါးရှ်ိနေတာကလည်း ငါတို့ကျင့်ကြံခြင်းကို ဒီဘ၀မှာပဲ အဲ့လောက်အမြင့်ထိရောက်အောင် ကျင့်ကြံလို့ရတယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ ဖြစ်ပေါ်စေတယ်”

လုလင်ကျွမ်း လေးလေးနက်နက်ပြောလိုက်သည်။

“အဲ့တာက ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် ငါတို့က အမတကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာရှိနေတဲ့အတွက် ငါတို့ပန်းတိုင်ကို မရောက်ရောက်အောင်သွားရမယ် ဒါမှလည်း နောင်တမရှိဘဲ သေနိုင်လိမ့်မယ်”

သူမသက်တမ်းသည် ၁၇၀၀လောက် ကျန်သေးမှန်း ကုအန် တွေ့နေရပြီး ထိုနှစ်ပေါင်း ၁၇၀၀အတွင်း သူမသည် ကောင်းကင်ကိုဖီဆန်ကာ နိဗာနအဆင့်ကို ရောက်နိုင်မလားဟု စိတ်၀င်စားနေခဲ့၏။

သူမကို မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်ပေးဖို့တော့ စိတ်ကူးမရှိပေ။ သူနှင့် လုလင်ကျွမ်းကြား ဆက်ဆံရေးသည် ထိုမျှလည်း ရင်းနှီးမနေသေးပေ။

သူပေးမပေးမှာ အနာဂတ်တွင် သူမမည်သို့ပြုကျင့်မည်နှင့် သက်ဆိုင်ပေသည်။

သူမသူ့ကိုပျော်အောင်လုပ်ပေးနိုင်ရင်တော့ ကုအန် ကူညီရပေလိမ့်မည်။

သူမတွင် ဆိုးဝါးသော အမူအကျင့်မျိုးရှိလာခဲ့ရင်တော့ သူ့ဆီက ဘာမှရမည် မဟုတ်ပေ။

တစ်နာရီခန့်ကြာသောအခါ လုလင်ကျွမ်း ပြန်သွားခဲ့ပြီး မသွားခင် ကုအန်ကို သတိပေးခဲ့၏။

“အဲ့ဒီမကောင်းတဲ့စာအုပ‌်တွေပဲ ဖတ်မနေနဲ့ အချိန်ရရင် နတ်ဘုရားတို့၏ရာထူးများလို စာအုပ်တစ်အုပ်‌ထပ်ရေး နတ်ဘုရားဖြစ်သွားပြီးတဲ့နောက် အဲ့ဒီလူတွေမှာ ဘယ်လိုဇာတ်လမ်းတွေထပ်ရှိလာဦးမလဲဆိုတာ ငါသိချင်တယ်”

မကောင်းတဲ့စာအုပ်တဲ့လား!

နင်လုံး၀ နားမလည်ပါဘူးဟာ!

ကုအန် လုလင်ကျွမ်းထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရှုနေပြီး လုလင်ကျွမ်း တံခါးပိတ်လိုက်သောအခါ အဓိပတိလျှို့ဝှက်မှတ်တမ်းစာအုပ်ကို ထုတ်လိုက်လေသည်။

ဤစာအုပ်သည် အဓိပတိလျှို့ဝှက်မှတ်တမ်းများ၏ နောက်ဆုံး စာအုပ်ဖြစ်ပြီး သူဖတ်ပြီးပါက မီးရှို့ပစ်လိုက်ဖို့ စီစဉ်ထားခဲ့သည်။

ထို့နောက် သူပထမစာရွက်ကိုလှန်လိုက်ပြီး စတင်ဖတ်ရှုလိုက်၏။

ဟမ်!

ဒီစာအုပ်က အရင်စာအုပ်တွေနဲ့ မတူပါလား သူ့ရေးဟန်မှာ မှိုင်းညို့အထီးကျန်နေတဲ့ ဟန်တွေကိန်း၀ပ်နေတယ် အရင်လို တက်ကြွမနေဘူး!

ကောင်းတယ် ငါကြိုက်တယ်!

သူသည်လညး် တစ်ယောက်တည်းအထီးကျန်နေတတ်သာသူဖြစ်သောကြောင့် ကုအန် ဤစာအုပ်ကို မီးရှို့မပစ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

….

နှစ်သစ်ကူးချိန်တွင် ကုအန် တတိယတောင်ကြားနှင့် ဆန်းကြယ်တောင်ကြား၌ နှစ်သစ်ကူးပွဲဆင်နွှဲခဲ့ပြီးနောက် ညနက်ချိန်တွင် ကောင်းကင်ဖီးနစ်တောင်ရှိ နျန်းချူဂူသို့သွားခဲ့၏။

သူထျန်းယောင်အာအတွက် အရသာရှိသော ဝိုင်နှင့် အစားအသောက်များ ယူသွားခဲ့ပြီး သူမနှင့်အတူ နွေဦးပွဲတော်ကျင်းပခဲ့သည်။

ဆေးပင်များ စိုက်ပျိုးသောအချိန်မှလွဲ၍ ထျန်းယောင်အာသည် သူမ၏အချိန်များကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားလေ့ရှိပြီး သူမဘ၀မှာ အတော်လေး ပျင်းစရာကောင်းလှပေသည်။ ထို့ကြောင့် ကုအန် သူသွားတိုင်း သူမအတွက်အရသာရှိသော အစားအသောက်များ ယူသွားပေးလေ့ရှိ၏။

ဤတစ်ကြိမ်သည် ထျန်းယောင်အာ အရက်စသောက်ဖူးသော အချိန်ဖြစ်သည်။

သူမ အရက်ခွက်ကို ကိုင်ကာ တစ်ချက်တည်း မော့သောက်ပစ်လိုက်၏။

ထိုအရက်သည် စိတ်ဝိညဉ်ဝိုင်ဖြစ်ပြီး ဗဟိုအူတိုင်ဖွဲ့စည်းခြင်းတစ်ယောက်ကိုပင် များများသောက်လျှင် မူးအောင်လုပ်နိုင်သော ဝိုင်ဖြစ်သည်။

စိတ်ဝိညဉ်ဝိုင်သောက်ခြင်းသည် ကျင့်ကြံခြင်းကို တိုးမြှင့်ပေးစေနိုင်ပြီး ကျင့်ကြံသူများအတွက် ဆေးကောင်းတစ်ခွက်ဟူ၍လည်း သတ်မှတ်၍ ရ၏။

ထျန်းယောင်အာ၏ မျက်နှာလှလှလေးသည် အလျင်အမြန်ပင် ရဲတက်လာခဲ့လေသည်။ ကုအန် သူမကို သတိပေးလိုက်၏။

“မသောက်နိုင်ရင် စွတ်သောက်မနေနဲ့နော် နောက်မှသောက်ဖို့ချန်ထား အရမ်းသောက်နေရင် အရက်စွဲသွားဦးမယ်”

အရက်သောက်ပြီး မျက်နှာနီသွားတဲ့ မိစ္ဆာတဲ့လား!

ဤသို့ဖြစ်မည်ဟု ကုအန်လည်း ထင်မထားခဲ့ပေ။

ထျန်းယောင်အာ ခေါင်းခါပြကာ ပြောလိုက်သည်။

“ကျွန်မသောက်နိုင်ပါတယ် ဘာလို့မသောက်နိုင်ရမှာလဲ”

ကုအန်တောင် ဝိုင်တစ်ခွက်ကုန်သွားသည်ကို ကြည့်ပြီး သူမ အရှုံးမပေးနိုင်တော့ပေ။

ထို့အပြင် ထိုဝိုင်အား သောက်လိုက်သောအခါ သူမတစ်ကိုယ်လုံး နွေးထွေးသွားစေပြီး သက်တောင့်သက်သာရှိလှကာ ထိုခံစားချက်ကို သူမကြိုက်ပေသည်။

ကုအန် ပြန်ပြောဖို့ပြင်လိုက်စဉ်တွင် ရုတ်တရက် တစ်ခုခုကိုအာရုံခံလိုက်မိပြီး မတ်တပ်ထရပ်ကာ ပြောလိုက်၏။

“အသားအရင်စားနှင့် ငါပြီးရင်ပြန်လာခဲ့မယ်”

ကုအန်အသံထွက်ပေါ်လာပြီး သူ့ကိုယ်သည် လေထဲတွင် ပျောက်ကွယ်သွား‌ခဲ့လေသည်။

ထျန်းယောင်အာမှာတော့ ကုအန်ထွက်သွားသည်နှင့် ဝိုင်ကရားကို ကောက်ကိုင်လိုက်၏။

……

ညကောင်းကင်အောက်တွင် တောင်တန်းများက အဆုံးမဲ့တည်ရှိနေပြီး တောင်တန်းများထဲက တစ်ခုမှာတော့ တောင်တန်းမဟုတ်ဘဲ လူမျက်နှာနှင့် လူခြေထောက်များရှိသော မြွေကြီးတစ်ကောင် ဖြစ်ပေသည်။

ထိုမြွေကြီးသည် ၀မ်ကျိတောအုပ်ထဲတွင် ပေါ်ထွက်ခဲ့သော ချန်မြွေကြီးသာ ဖြစ်၏။

ချန်မြွေကြီးးသည် သွေးများရွှဲနေပြီး သူ့ကိုယ်သည် အားနည်းနေကာ လေးကန်စွာ အသက်ရှူနေခဲ့ရသည်။ သူ့နားတွင် မိစ္တာမြူများ ရစ်‌ဝဲနေပြီး တစ္တေအရိပ်များက တွားသွား၍ ကပ်လာနေကြသည်။

မြွေကြီး၏ မျက်လုံးများမှာ လေးကန်နေခဲ့ပြီး အချိန်မရွေး ပိတ်သွားတော့ မလိုပင်။

“ဒီလိုအားကောင်းတဲ့ အသက်ဓာတ်မျိုး ရှေးဟောင်းမျိုးစိတ် တစ်ခုပဲ”

အေးစက်နေသော ချန်မြွေကြီး၏ မျက်လုံးများ အံ့အားသင့်သွားဟန်ဖြင့် ပွင့်လာခဲ့၏။ ခပ်လှမ်းလှမ်းရှိ မိစ္ဆာမြူများထဲတွင် ပုံရိပ်တစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုပုံရိပ်မှာ အနက်ရောင်၀တ်စုံ၀တ်ထားကာ ခေါင်းတွင် ချိုကြီးနှစ်ချောင်းနှင့် ကျောတွင် အတောင်တစ်စုံရှိနေသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူ့ဆံပင်ရှည်များကလည်း မျက်နှာပေါ်တွင် ဝဲကျနေလေရာ သူ့ပုံစံမှာ အတော်လေး ကြောက်စရာကောင်းနေခဲ့၏။

ကောင်းကင်ဖီးနစ်မိစ္ဆာမိခင် ချန်မြွေကြီးကို လောဘများဖြင့် ပြည့်နေသော မျက်လုံးဖြင့် ငုံ့ကြည့်နေခဲ့သည်။

ချန်မြွေလှုပ်ရှားရန် ကြိုးစားခဲ့သော်လည်း ထရန် အားမရှိခဲ့ပေ။

ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်သည် ချန်မြွေနားသို့ ကပ်လာခဲ့ပြီး သူ့ကိုယ်မှ သိပ်သည်းာ‌ေသာမိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာခဲ့ကာ နဂါးနက်ကြီးနှစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့၏။

“နင်မသေချင်ရင် ထွက်သွားလိုက်”

ချန်မြွေကြီးဆီမှ အသံတစ်သံထွက်ပေါ်လာ၍ မိစ္ဆာမိခင် ခြေလှမ်းများ ရပ်တန့်ပြီး သူ့မျက်စိများ ကျဉ်းမြောင်းသွားခဲ့လေသည်။ ရှေ့သို့ ကြည့်လိုက်ရာ ချန်မြွေ၏ ခေါင်းပေါ်တွင် ရပ်နေသော အဖြူရောင်ဝတ်စုံ၀တ်ထားသော မျက်နှာဖုံး၀တ် လူတစ်ယောက်ကို တွေ့လိုက်ရ၏။

ကောင်းကင်ဖီးနစ်မိစ္ဆာမိခင် လှောင်ပြောင်လိုက်သည်။

“နင်ကဘယ်သူလဲ ငါဘယ်သူလဲဆိုတာ မသိဘူးလား”

ထိုစကားကို ကြားသည်နှင့် ကုအန် ပြန်ပြောဖို့ပြင်လိုက်သော်လည်း အလုပ်ရှုပ်သည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူ့အင်္ကျီလက်အိုးကိုပဲ တစ်ချက်ယမ်းလိုက်ရာ ကြောက်စရာ‌ေကာင်း‌ေသာလင်းချီများ ထွက်ပေါ်လာပြီး ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်ကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

[သင်သည် ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်(တစ်သားတည်းဖြစ်ခြင်းအဆင့် ၉]ကို သတ်ဖြတ်ခဲ့ပြီး သက်တမ်း ၂၀၃နှစ် ရရှိခဲ့ပါသည်]

ထျန်းယောင်အာ အကြောက်ဆုံး ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်သည် ကုအန်လက်ထဲတွင် ခုခံနိုင်စွမ်းပင်မရှိဘဲ သေဆုံးသွားခဲ့ရ၏။

ချန်မြွေကြီး လေးကန်နေသော မျက်လုံးများကို ကြိုးစားဖွင့်လိုက်ပြီး လူသားဘာသာစကားဖြင့် ပြောလိုက်သည်။

“…တောင်နတ်ဘုရား…”

သူ့အသံမှာ အတော်လေး အားနည်းနေပြီး ယောင်္ကျား မိန်းမဟူ၍ပင် ‌ဝေခွဲရခက်နေခဲ့၏။

တခဏဂိုဏ်းနှင့် တိုက်ပွဲနေ့တုန်းက သူအစောကြီး ကျရှုံးခဲ့ရသော်လည်း သစ်သားရုပ်တုလေးကို မြင်ခဲ့ရသေးသည်။

ထိုသစ်သားရုပ်တုလေးသည် ယခုသူ့ရှေ့ရှိ လူနှင့် တစ်ပုံစံတည်း တူနေခဲ့၏။

ကုအန် ပြောလိုက်သည်။ “လူသားတွေကို ကယ်တင်ဖို့ ကြိုးစားခဲ့လို့ ငါမင်းရဲ့အသက်ကို ကယ်တင်ပေးမယ်”

ပြောပြီးသည်နှင့် ကုအန် သူသန့်စင်ထားသော ဆေးပုလင်းကို ချန်မြွေ၏ ပါးစပ်ထဲ လောင်းချပေးလိုက်၏။

မူလတခဏပင်၏ တိုက်ခိုက်ခြင်းကို ခံရပြီး တခဏအဆိပ်သင့်ထားသောကြောင့် သူ့ဒဏ်ရာများမှာ တခဏပင်မှသန့်စင်ထားသော တခဏဆေးနှင့် ကုမှသာ ပျောက်နိုင်ပေလိမ့်မည်။

“တောင်နတ်ဘုရား…တစ်ယောက်ယောက်က…တခဏဂိုဏ်းအမွေကို ဆက်ခံ…” ချန်မြွေ အားတင်း၍ ပြောလိုက်ပြီး သူ့မြွေမျက်လုံးထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။

ကုအန် မြွေမျက်လုံးထဲ ကြည့်နေရင်း မျက်နှာဖုံးအောက်ရှိ သူ့အမူအရာ ပြောင်းလဲသွားခဲ့၏။

ဘယ်လိုလုပ် သူဖြစ်နိုင်မှာလဲ!

All Chapters