တွန်းအားပေးလာခြင်း
Vol. 9 Ch. 81
ပိုင်ချူးရန်၏ စိတ်အတွင်း၌ နာကျင်မှု တခုရှိထားသည်။
ချီသန့်စင်ခြင်း (၆၆,၆၆၆၅)ဆင့် ကျင့်ကြံသူဖြစ်ပြီး နှစ်သုံးထောင်ကြာ ကျင့်ကြံမှု ပြုလာသည့်အတွက် အားနည်းချက်များစွာအား ပြင်ဆင်သည့် နည်းလမ်းများစွာ ပြုလုပ်ထားသည်။ သို့သော်လည်း တချို့သော အချက်များအား ပြုပြင်၍ မရနေပေ။
ထိုအချက်များမှ တခုမှာ မူလချီ ဖြစ်၏ ။ ပိုင်ချူးရန်၏ ချီပင်လယ်မှာ အတိုင်းအဆမဲ့သည်ဟု ဆိုရလောက်သည်။ ချူးရန်အနေဖြင့် ချီ အကန့်အသတ်မဲ့ ပမာဏအား ပိုင်ဆိုင်ထားသော်လည်း ချီပင်လယ်အား အပြည့်ဖြည့်ရန် လိုနေသေးသည်။ ထို့ကြောင့် ချီများအား ဖိနှိပ်ကာ မူလချီအဖြစ်သို့ ပြောင်းနေရသည်။
မူလချီ ရှိမထားသည့်အတွက် အခြေတည်အဆင့်များ အသုံးပြုနိုင်သည့် အခြေခံအကွက်များ ဖြစ်သော ဓားပျံနှင့် မန္တန်ကိုပင် မသုံးနိုင်နေပေ။
လက်စည်း တံဆိပ်များမှာ ပြင်ဆင်ချက် တခုဟု ဆိုနိုင်သော်လည်း တကြိမ်တွင် စည်းတံဆိပ် တခုသာ ပြလုပ်နိုင်သည်။ တချို့သော မန္တန်များမှာ မူလချီဖြင့် ပေါင်းစပ်ပါက များစွာသော စွမ်းရည်ကို တပြိုင်နက် အသုံးပြုနိုင်၏ ။ ထိုသို့သော မန္တန်များအား ပိုင်ချူးရန်မှာ အားကျမနာလိုဖြစ်၍ ငေးကြည့်ရုံသာ တတ်နိုင်သည်။
ဓားပျံ စီးနင်းခြင်းမှာ ပိုင်ချူးရန်အတွက် ရင်နာရလောက်သည့် ဖြစ်ရပ်ပင်။ ငယ်ရွယ်စဉ်၌ ပိုင်ချူးရန်၏ စီနီယာဖြစ်သူမှာ ရည်းစားဖြစ်သူနှင့်အတူ ဓားပျံစီးနင်းသည့် ဝါသနာ ရှိသည်။ ပိုင်ချူးရန် အနေဖြင့် အားကျမနာလိုစွာဖြင့် ရပ်ကြည့်ရုံသာ တတ်နိုင်သည်။
ထို့ကြောင့် လူအိုကြီးမှ ချီသန့်စင်ခြင်း အဆင့်ဟူသော ပြောစကားနှင့် မူလချီ ရှိသည်လောဟူသော အမေးစကားများ ပြောလာချိန်၌ ပိုင်ချူးရန်၏ ေဒါသအား ဆွမိနေခြင်း ဖြစ်သည်။
သို့သော်လည်း လူကြီးလူကောင်းများမှာ တိုက်ခိုက်ခြင်းထက် စကားဖလှယ်ခြင်းသာ အလေးထားသည် မဟုတ်လော။ ထို့ကြောင့် ပိုင်ချူးရန်က စိတ်ရှည်စွာဖြင့် စန္ဒ ပူဇက ဂိုဏ်းသားများအား နားချနေခြင်း ဖြစ်သည်။
"မင်းတို့တွေ မစတာကောင်းမယ်… မဟုတ်ရင် နောင်တရနေရမယ်… တကယ့်ကို နောင်တရနေရမှာ…"
"ဟ မိတ်ဆွေလေးရေ ငါက ဒီလို လေကြီးလေကျယ်ပြောတာကို ကြားဖူးတဲ့ အကြိမ်ရေက မင်းထမင်းစားတာထက်ကို များနေပြီ…"
ရွှေအမြုတေ အဆင့် ကျင့်ကြံသူ လူအိုကြီးက လက်ရမ်းကာ ပြောလာသည်။
"ဟုတ်ပြီလေ ငါမင်းကို အခွင့်အရေးပေးမယ်… မင်းသာ ဓားပျံသုံးနိုင်ရင် မင်းနိုင်တယ်လို့ သတ်မှတ်ရတာပေါ့… အဲ့လိုသာဆို မင်းသွားလိုရာ သွားတော့…"
ထိုစကားကြောင့် ပိုင်ချူးရန်မှ မျက်နှာပျက်သွားသည်။ တစုံတယောက်မှာ အညစ်အကြေး စားသုံးရန် ဖိအားပေးလာသည့်အလား ဖြစ်သွားခြင်းတည်း။
"ဟားဟား မင်း မလုပ်နိုင်ဘူး မဟုတ်လား…"
လူအိုကြီး၏ အနောက်တွင် ရှိနေသည့် တပည့်တဦးက ပိုင်ချူးရန်အား လှောင်ပြောင်စကား ဆိုလိုက်သည်။
"ဓားပျံတောင် မထုတ်နိုင်တာကို လေကျယ်နေသေးတယ်… ညီအစ်ကိုတို့ ငါတို့ သေချာကြည့်ထားကြစို့ ဒီ ချီသန့်စင်ခြင်းအဆင့် ကောင်လေးက ဓားပျံကို ဘယ်လိုထုတ်မလဲဆိုတာပေါ့…"
စန္ဒ ပူဇက ဂိုဏ်းမှ တပည့်များက ဟားတိုက် ရယ်လိုက်ကြသည်။ ထို့နောက်တွင် သက်ဆိုင်ရာ ဓားပျံများကို ထုတ်သုံးက ပိုင်ချူးရန်၏ မျက်နှာအနီးသို့ ပို့လွှတ်၍ စနောက်ကြသည်။
"မင်းတို့တွေက ငါ့ကို တွန်းအားပေးနေကြတာပါလား… အခြေတည်အဆင့် ကျင့်ကြံသူတအုပ်က ငါ့လို ချီသန့်စင်ခြင်းအဆင့်ကို အနိုင်ကျင့်တယ်တဲ့လား… တကယ်မတရားဘူးပဲ…"
ပိုင်ချူးရန်၏ မျက်နှာ၌ ခံစားချက် ကင်းမဲ့နေပြီ ဖြစ်၏ ။ ခေါင်းငုံ့နေရာမှ ရုတ်တရက် ခေါင်းမော့လိုက်ကာ စန္ဒ ပူဇက ဂိုဏ်းသားများအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"အေး ငါ့မှာ ဓားပျံမရှိဘူးလို့ ပြောထားတယ် မဟုတ်လား… နောင်တ မရကြနဲ့…"
ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် သိုလှောင်အိတ်အတွင်းမှ နတ်ဆိုး သွေးကြောများဖြင့် ဖန်တီးထားသည့် ကြိုးအား ထုတ်လိုက်သည်။
"ငါ့မှာ ဓားရှိတာကို ပြရသေးတာပေါ့…"
စကားအဆုံး၌ ပိုင်ချူးရန်က ဧကရာဇ် ရုပ်ထု၏ လက်အတွင်းမှ ဓားအား ကြိုးဖြင့် ရစ်ပတ်လိုက်သည်။ ထို့နောက်တွင် ကြိုးအား ဆွဲယူလိုက်ရာ ရာပ်ထု၏ လက်ပင် ကြေမွသွားရသည်။ ဆွဲယူခံရသည် ဓားကြီးသည်လည်း ကျယ်လောင်စွာ မြည်ဟီး၍ လွင့်ပျံလာနေပြီ ဖြစ်သည်။
"ဘုရားသခင် ကယ်တော်မူပါ…"
ရန်စနေသည့် တပည့်များမှာ မျက်နှာ ပျက်သွားကြသည်။ လူအိုကြီးသည်လည်း မျက်နှာ ဖြူဖျော့သွားသည်။
ရွှေအမြုတေ အဆင့်များ အနေဖြင့် အစွမ်းကုန် အားထုတ်ပါက တောင်နှင့် ချိုင့်ဝှမ်းများအား ဖောက်ခွဲနိုင်မည် ဖြစ်သည်။ သို့သေည်လည်း မီတာ သုံးဆယ်မှ လေးဆယ်ခန့်ရှည်လျားကာ လူနှစ်ကိုယ်စာ အထူရှိသည့် ကျောက်ဓားအား ကြာပွတ်ပမာ ဝှေ့ယမ်းခြင်းအား ပြုလုပ်နိုင်စွမ်း မရှိသေးပေ။ ထိုသို့ပြုလုပ်နိုင်ခြင်းက ရွှေအမြုတေအဆင့်၏ စွမ်းရည်ပင် ကျော်လွန်နေသည်။
"တာအိုရောင်ရင်း… မဟုတ်သေးဘူး စီနီယာ…"
လူအိုကြီးက အလျင်အမြန် လက်ရမ်းကာ တားဆီးမှုပြုသည်။
"ကျေးဇူးပြု၍ စိတ်အေးအေးထားပါ…"
"သေလိုက်စမ်း…"
ပိုင်ချူးရန် ကျောက်ဓားအတွင်းသို့ ချီထည့်သွင်းလိုက်ရာ အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ချူးရန်က ကျောက်ဓားအား ဆွဲယူကာ တပည့်များထံသို့ ဝေ့ရမ်းပစ်သည်။
"ငါ့ရှေ့မှာ ဓားပျံအကြောင်း လာပြောတာကို စိတ်အနှောင့်အယှက် အဖြစ်ဆုံးပဲ… မင်းတို့တွေ ဓားပျံကို သိပ်ကြိုက်ကြတယ် မဟုတ်လား… ကောင်းပြီလေ ဓားပျံကြီး လာပြီဟေ့…"
ထိုဓား၌ စွမ်းအင်များ ပြည့်နေကာ စန္ဒ ပူဇက ဂိုဏ်းမှ တပည့်များအား ဖိနှိပ်ထားသည်။ ရွှေအမြုတေအဆင့် လူအိုကြီးသာ လှုပ်ရှားနိုင်နေသည်။ ထိုသူ၏ ကိုယ်၌ ရွှေအလင်းများ ပေါ်ထွက်လာကာ ကျောက်ဓားအား လက်ဝါးချက်များဖြင့် စတင်တိုက်ခိုက်သည်။
လူအိုကြီး၏ ချီအကာအကွယ်မှာ ဖျက်ဆီး၍ မရနိုင်သည်ဘ အရာဟုပင် ထင်ရလောက်သည်။ သို့သော်လည်း အဆုံးမဲ့ချီများဖြင့် ထိမိချိန်၌ အရံအတား ပျက်စီးသွား၏ ။ လူအိုကြီးသည်လည်း ကျောက်ဓား၏ ဖိအားကြောင့် သွေးတပွက်အန်ထွက်သွားသည်။
ဓားပျံကြီးမှ တပည့်များ ရှိရာသို့ ဦးတည်နေသေး၏ ။ သို့ဖြစ်ရာ စန္ဒ ပူဇက ဂိုဏ်းမှ တပည့်များသည်လည်း ဆရာဖြစ်သူကဲ့သို့ သွေးအန်သွားရသည်။
သေဆုံးသူ မရှိသော်လည်း အကုန်လုံးမှာ မြေပြင်၌ လဲကျကာ နာကျင်နေသည်။
"ဘယ်လိုလဲ င့ါရဲ့ ဓားပျံကို ကြိုက်ကြတယ် မဟုတ်လား…"
ထိုမြင်ကွင်းကြောင့် ပိုင်ချူးရန်က အေးစက်စွာ ရေရွတ်နေသည်။ ထို့နောက် ကြိုးအား ပြန်ဆွဲယူကာ ကျောက်ဓားအား မူလနေရာ၌ ပြန်ထားလိုက်သည်။