နောက်တကြိမ် မရှိနိုင်
Vol. 9 Ch. 87
ပိုင်ချူးရန်က လက်ဝေ့ယမ်းပြန်သည်။ လက်ဖဝါးအတွင်းမှ အစိမ်းရောင် အသက်စွမ်းအင်များမှာ အလင်းရောင် အဖြစ်သို့ ကူးပြောင်း၍ မြေကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည်။
"မင်းက သစ်ပင်ဝိညာဉ်ဆိုပေမယ့် ငါ့မှာ ကောင်းကင်အဆင့် သစ်သား စိတ်ဝိညာဉ်အမြစ် ရှိတယ်…"
"မင့်အသက်အရွယ်က အိုပြီး ပြောလို့ရပေမယ့်လည်း ငါနဲ့ ယှဉ်ရင်တော့ ငယ်သေးတာပဲ…"
"ဟားဟား…'
ဆံနွယ်စိမ်းရှင်က သရော်ကာ ရယ်သွားသည်။
"ချီမင် ဓားခေါင်းဆောင်က အလိမ်အညာတွေ ပြောတတ်တဲ့ သူတော်ကောင်း အယောင်ဆောင်ကြီးပါလား…"
"ပထမဆုံးအနေနဲ့ ငါက မင်းကို မဖြစ်မနေ အမှန်ပြောစရာလိုလို့လား… ငါတို့က ရန်သူတွေလေ…"
ပိုင်ချူးရန်က လက်နှစ်ချောင်း ထောင်လိုက်ပြန်သည်။
"ဒုတိယကတော့ မင်းကိုယ်မင်း ဘယ်သူထင်နေတာတုံး… ငါသာ မင်းကို အနိုင်ယူချင်ရင် အလိမ်အညာတောင် သုံးစရာ မလိုဘူး…"
ပိုင်ချူးရန်က စွေ့လော်အား မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏ ။
"အခု ငါ့စွမ်းအား ဆယ်ပုံတစ်ပုံပဲ သုံးလို့ရတယ် ဒါပေမယ့် ဒီဆယ်ပုံတစ်ပုံက နတ်ဆိုးလောက တခုလုံးကို အနိုင်ယူဖို့ လုံလောက်တယ်… စုန်းအိုမလေးရေ မင်းမပြောနဲ့ နတ်ဆိုးဘုရင် ရောက်လာရင်တောင် နတ်ဆိုးလောက ပြန်သွားရတော့မှာ မဟုတ်ဘူး…"
စွေ့လော်က စကားမဆိုဘဲ စိုက်ကြည့်နေသည်။
"နောက်ပြီး ငါ့ရဲ့ ဆယ်ပုံတစ်ပုံ စွမ်းအားကို ခုခံနိုင်ရင်တောင် ငါက ဆယ်ပုံနှစ်ပုံ ဆယ်ပုံသုံးပုံ ထုတ်ပြီး တိုက်ခိုက်လို့ရသေးတယ်…"
ပိုင်ချူးရန်က နှာခေါင်းကုတ်ကာ စကားဆိုလေသည်။
"စွေ့လော် မင်းက မတည်ငြိမ်သေးဘူး… ငါ့အတွက် အဆိုးဆုံးရလဒ်က ချီသန့်စင်ခြင်းမှ နောက်ထပ် အဆင့်တက်သွားမှာလေးပဲ ဒါပေမယ့် အနည်းဆုံးတော့ မင်းကို လက်သီးအိတ်အဖြစ် သုံးလိုက်ရမှာပေါ့… ငါ့တော့ ဖြေသာပါတယ်… မင်းဒီတခေါက် ပြည်နယ်ကိုးခု နယ်မြေဆီလာတာ ငါ့ကို လက်စားချေဖို့ မဟုတ်လား…"
စွေ့လော်ကာ ပိုင်ချူးရန်အား စိုက်ကြည့်နေဆဲပင်။
"မင်းသမီး ပိုင်လင်ကော ဘယ်မလဲ…"
"ငါ ကာကွယ်ပေးထားတယ်…"
ပိုင်ချူးရန်က စွေ့လော်အား စိုက်ကြည့်ကာ စကားပြန်သည်။
"စိတ်အေးအေးထား မြေခွေးဖြူ ဘုရင့်သမီးကို ငါဘာမှ မလုပ်ဘူး… နတ်ဆိုးဧကရာဇ် သေရင် ဘုရင်ဆယ်ပါးက ပလ္လင်ရဖို့ တိုက်ခိုက်ကြတော့မယ်… နတ်ဆိုး အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင် လူသားမျိုးနွယ်အတွက်က ပျော်စရာပဲပေါ့… မင်းတို့ နတ်ဆိုးလောက အတွင်းရေးကို ငါဝင်မရှုပ်ဘူး …"
"အရှင့်သမီး ပြောပြထားတာလား…"
စွေ့လော်က မျက်နှာပျက်နေသည်။
"အို ဒါပေါ့ သူ့ပြောပြမှာပဲလေ…'
ပိုင်ချူးရန်က လှောင်ပြောင်သည့် လေသံဖြင့် ပြန်ဖြေပေးသည်။
"မင်းက သူမင်းတို့ဘက်ပါမယ် ထင်ထားတာလား… သူက နတ်ဆိုးလူသား သွေးနှောလေ နတ်ဆိုးဧကရာဇ် လူ့လောကလာပြီး မိန်းကလေးတွေကို မတော်တရား ပြုကျင့်တဲ့ ရလဒ်ပေါ့… ကာမသုတြာဂိုဏ်းက သူ့အမေ့ကို သတ်ပြီး သူ့ကို ဂိုဏ်းထဲဝင်ဖို့ ဖိအားပေးတော့ နတ်ဆိုးတွေ ဘာလုပ်ပေးခဲ့လဲ… ဗလာကျင်းတဲ့ ဘွဲ့ပေးရုံနဲ့ သူက နတ်ဆိုးလောကပြန်ပြီး နတ်ဆိုးကလန်ကို သစ္စာစောင့်သိမယ်ထင်တာလား…"
စွေ့လော်က အောက်နှုတ်ခမ်း ဖိကိုက်ထားကာ စကားမဆိုလာပေ။
"သူ့ဆရာက ယောက်ျားတွေရဲ့ စွမ်းအင်စုဖို့ အသုံးချတော့လည်း ငါက သူ့ဆရာကို သတ်ပြီး သူ့ကို ကယ်တယ် သူ့ကိုပါ ဂိုဏ်းခေါင်းဆောင် တင်ခဲ့တာ… မိစ္ဆာ မဟာမိတ်နဲ့ အမှန်တရား မဟာမိတ်အဖွဲ့ရဲ့ ဆက်ဆံရေးကို တဆင့်မြင့်ခဲ့တာပေါ့… သူကကျိန်းသေပေါက် ငါ့ကိုပဲ ကူညီလိမ့်မယ်…"
ပိုင်ချူးရန်က စွေ့လော်အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ စကားဆက်သည်။
'ဒါပေါ့ ငါလည်း သူ့ဘက်ကပဲ… နတ်ဆိုး ဧကရာဇ် ဘာအကွက် ရွေ့နေလည်းဆိုတာပါ သိနေတယ်… နတ်ဆိုးလောက တည်ငြိမ်ဖို့ သူ့သွေးသားရင် ပြန်ရရင်ရ မဟုတ်ရင် အတွင်းရေးကြောင့် စစ်ပွဲပြန်စစေချင်တာ… စုရှန်းရွှယ် သဘောမတူရင် ဒီကိစ္စ စဉ်းတောင်မစဉ်းစားနဲ့… မင်းက လူတဝက်တောင် သတ်ထားပြီးပြီ ဒါပေမယ့် နောက်တကြိမ်ဆိုရင်တော့ ငါကိုယ်တိုင် နတ်ဆိုးလောကဆီ လာပြီး နတ်ဆိုး ဧကရာဇ်ကို ခေါင်းဖြတ်မယ်…"
ထိုစကားအား တခြားတယောက်မှ ပြောလာလျှင် စွေ့လော် အနေဖြင့် ရယ်မိပေလိမ့်မည်။ သို့သော်လည်း ပိုင်ချူးရန်က ထိုသို့ လုပ်နိုင်သည်ကို လွန်ခဲ့သည့် နှစ်နှစ်ထောင်က သက်သေပြခဲ့ပြီး ဖြစ်သည်။ စွေ့လော်၏ အမုန်းတရားနှင့် ဒေါသတို့မှာ ကြောက်စိတ်၏ လွှမ်းမိုးသွားသည်။
"ပိုင်ချူးရန် နင်…"
စွေ့လော်က စကားဆက်လိုက်သည်။ သို့သော်လည်း သစ်တောအတွင်းမှ သံစဉ်ထွက်ပေါ်လာကာ ရန်ပွဲအား ကြားဝင်လာသည်။
"နောက်ဆုံးတော့ ထွက်လာပြီလား…"
သံစဉ်အား ကြားရချိန်တွင် ပိုင်ချူးရန်က ရေရွတ်လိုက်သည်။
စွေ့လော်သည်လည်း မျက်နှာ အမူအရာ ပြောင်းသွားကာ…
"အရှင့်သမီး…"
"တော်လောက်ပြီ စွေ့လော် ရပ်တော့… လူကြီးမင်းပိုင်လည်း သူ့ကို ရန်မဆွပါနဲ့တော့…"
တေးသီငှက်၏ သီကျူးသံအလား ထင်မှတ်ရသည့် အသံတခု ထွက်ပေါ်လာသည်။ ထိုအသံတခုတည်းကပင် သာယာယစ်မူးသွားလောက်သည့် အစွမ်းသတ္တိရှိနေသည်။
ထိုအသံအား ကြားရချိန်၌ ပေရှန်နှင့် ပေတောက်တို့က မိုးကြိုးပစ်သည့်အလား တွန့်လိမ်သွားသည်ကို တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က မြင်နေရသည်။