← Chapters

သူတော်စင် တေးသွား

Vol. 3 Ch. 233

သူတော်စင် တေးသွား

Vol. 3 Ch. 233

ထိုအချိန်ခဏ အတွင်းမှာပင်…

ဂီတသံတစ်ခုနှင့် အတူ လေထုထဲသို့ တန်ခိုးစွမ်းအား လှိုင်းတစ်ခု ဝင်ရောက် လာလေသည်။ ထိုဂီတသံသည် အသံလုံသည့် သီးသန့်ထိုင်ခုံများ အတွင်းသို့ပင် ထိုးခွင်း ဝင်ရောက် လာနိုင်စွမ်း ရှိလေသည်။

သီးသန့် ထိုင်ခုံများမှာ မမြင်ရသည့် အလွှာတစ်ခုဖြင့် အလုံပိတ်ထားခြင်း ဖြစ်သည့်အတွက် အတွင်းသို့ ထွင်းဖောက် မြင်နေရလေသည်။ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ချင်သည် ဆိုလျှင်တော့ စိတ်စွမ်းအားကို အသုံးပြုကာ ဆက်သွယ်ရမည် ဖြစ်လေသည်။

လေထဲတွင် အဝါနုရောင် ဝတ်ဆင်ထားသည့် ချောမောလှပသည့် အမျိုးသမီး တစ်ယောက် ပျံသန်း လာလေသည်။ ထိုအချိန်မှာပင် ကြာကန် အစွန်းဘက် တစ်နေရာတွင် ကျောက်စိမ်း ပလ္လင်တစ်ခု ပေါ်လာလေသည်။ အမျိုးသမီးက လေထဲတွင် လမ်းလျှောက်သွားပြီး ကျောက်စိမ်း ပလ္လင်ထက်တွင် ထိုင်လိုက်သည်။ အလွန်မှ ညှို့ယူဖမ်းစား နိုင်စွမ်းရှိသည့် အလှတရားကို ပိုင်ဆိုင်သည့် အမျိုးသမီး ဖြစ်လေသည်။

လေထဲတွင် လွင့်မျောနေသည့် သီးသန့်ထိုင်ခုံများမှာ ကျောက်စိမ်း ပလ္လင်ထက်တွင် အမျိုးသမီး ထိုင်လိုက်သည်နှင့် ဘေးတစ်ဖက် တစ်ချက်တွင် အတန်းနှစ်တန်း အဖြစ် အစီအရီ ရပ်တန့် သွားကြသည်။

ဆန်းလျန်မှာ ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မှာ မိန်းကလေး တစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့မိပေ။

နတ်မိစ္ဆာ ဘုရင်မဆိုသည်က တန်ခိုးစွမ်းအား ထက်မြက်သလို ရှားပါးသူများ ဖြစ်လေသည်။ နတ်မိစ္ဆာ ဘုရင်များကလည်း မိဖုရား မြှောက်ရန်အတွက် နတ်မိစ္ဆာ ဘုရင်မများကို ဖမ်းဆီး လိုကြသည်။ သို့သော်.. တကမ်တမ်း နတ်မိစ္ဆာဘုရင်မ အစွမ်းထက်ပြီဆိုလျှင် နတ်မိစ္ဆာဘုရင်များ မယှဉ်ပြိုင်နိုင်ကြပေ။

ကျင့်ထင်ထုံအော်က ရွှမ်ထုံနတ်မိစ္ဆာဘုရင်မ၏ ညာဘက်တွင် ရပ်နေပြီး ပြုံးလိုက်ရင်း….

"ကျုပ်တို့ မင်းကြီးကိုယ်စား လာရောက်တဲ့ ဧည့်သည်တော် အားလုံးကို ကျေးဇူးတင်စကား ပြောကြား လိုပါတယ်၊ ယခုပြုလုပ်မှာကတော့ ရတနာ ပစ္စည်း လေလံပွဲပါပဲ၊ ဒီလေလံပွဲ ပထမပိုင်းမှာ မင်းကြီးက ရတနာ ပစ္စည်းသုံးခုကို ရောင်းမှာ ဖြစ်ပါတယ်၊ လေလံပွဲ ဒုတိယပိုင်းမှာတော့ မိတ်ဆွေတို့ ဘက်က ရောင်းချလိုတဲ့ ပစ္စည်းတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်၊ ကျုပ်တို့မင်းကြီး ပြသမယ့် ရတနာ ပစ္စည်းတွေကိုတော့ ယိယွမ်ပြဒါးဆေးနဲ့ ဝယ်ယူလို့ရပါတယ်၊ မိတ်ဆွေတို့ ရောင်းချလိုတဲ့ ပစ္စည်းတွေကိုတော့ ကုန်ပစ္စည်းချင်း လဲလှယ်တဲ့ စနစ်နဲ့ ဝယ်ယူရောင်းချလို့ ရပါတယ်၊ ဒါကြောင့် အထူး ဧည့်သည်တော်တို့က ပစ္စည်း လဲလှယ်ချင်တယ် ဆိုရင် လဲလှယ်မယ့် ရတနာ ပစ္စည်းတွေကို သီးသန့် ထိုင်ခုံရှေ့က ကျောက်စိမ်း သေတ္တာလေးထဲမှာ ထားရှိ ပေးရုံပါပဲ၊ ကျွန်တော့်ရဲ့ လျှို့ဝှက် စွမ်းအား တစ်ခုကို အသုံးပြုပြီး ကျောက်စိမ်း သေတ္တာလေးထဲက ပစ္စည်းကို ကြည့်မှာဖြစ်ပြီး ရောင်းသူဝယ်သူ သဘောတူတယ် ဆိုရင် အခြားသူတွေ မသိခင်မှာပဲ ပစ္စည်းချင်း လဲလှယ်လိုက်မှာ ဖြစ်ပါတယ်"

ကျင့်ထင်ထုံအော်က ရှည်လျားစွာ ပြောလိုက်လေသည်။

ထိုအချိန်တွင် ကြမ်းတမ်းသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ယိယွမ် ပြဒါး ဆေးမလောက်ရင် ဘယ်လိုလုပ်ရမလဲ"

ဒုတိယမြောက် သီးသန့် ထိုင်ခုံတွင် ထိုင်နေသည့် အနက်ရောင်ဝတ် လူတစ်ယောက်က မေးလိုက်ခြင်း ဖြစ်လေသည်။

ကျင့်ထင်ထုံအော်က ထိုသူကို လေးစားစွာဖြင့် လက်နှစ်ဖက်စုပ်ကာ အရိုအသေ ပေးလိုက်ရင်း....

"ဒီက ဧည့်သည်တော် အားလုံးက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပါ၊ တကယ်လို့ ယိယွမ် ပြဒါးဆေး လိုခဲ့မယ်ဆိုရင် ကျွန်တော်က ဒီစာအုပ်ထဲမှာ စာရင်း မှတ်ထားပါမယ်၊ လေလံအောင်တဲ့ လူကြီးမင်းတို့ရဲ့ ရတနာ ပစ္စည်းတွေကို ထုတ်ယူတဲ့ အချိန်မှာ အခြားပစ္စည်း တစ်ခုနဲ့ ယိယွမ် ပြဒါးဆေးကို ထပ်မံလဲလှယ်ပြီး ပေးချေလို့ ရပါတယ်၊ လူကြီးမင်းတို့ အတွက် အကျိုးမယုတ် စေရပါဘူး"

ကျင့်ထင်ထုံအော်က အနက်ရောင် ဝတ်စုံနှင့်သူကိုကြည့်ပြီး ပြုံးရင်း ပြောလိုက်လေသည်။

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မ၏ ယိယွမ် ပြဒါးဆေးများမှာ အရည်အသွေး သန့်စင်ကြောင်း အားလုံး သိကြလေသည်။ ထို့ကြောင့် နတ်ဘုရား ဈေးပွဲတော်တွင် မသုံးရဘဲ ပိုနေလျှင်လည်း ပြင်ပတွင် သုံးဆွဲနိုင်သလို ဆရာသမားများကို လက်ဆောင် ပေးလျှင်လည်း သင့်တော်လေသည်။

ထို့နောက်တွင်တော့ မေးခွန်း မေးမြန်းကြသူများ မရှိကြတော့ပေ။

ထိုအခါမှ ကျင့်ထင်ထုံအော်က စကားဆက် ပြောလိုက်သည်။

"ယခုတော့ နတ်ဘုရားဈေးပွဲတော်ရဲ့ ရတနာပစ္စည်း လေလံပွဲ စတင်ပါတော့မယ်၊ လူကြီးမင်းတို့ ရောင်းချလိုတဲ့ ပစ္စည်းများရှိရင် ကျွန်တော့်ကို သီးသန့် အကြောင်း ကြားနိုင်ပါတယ်"

အချိန်ခဏ ကြာပြီးသည့် အခါတွင်တော့…

ကျင့်ထင်ထုံအော်က ရေထဲသို့ လက်ဖြင့် ညွှန်လိုက် လေသည်။ ရေထဲမှ ဓားဝိညာဉ် တစ်ခု ထွက်ပေါ်လာပြီး ဓားဝိညာဉ် နောက်တွင် ကြာပန်း တစ်ပွင့် ပေါ်လာလေသည်။

ကြာပန်းမှာ အလွန်မှ ဆွဲဆောင်မှု ရှိလေသည်။ ကြာပန်းထက်တွင် အလင်းရောင်များ တောက်ပနေပြီး ပုလဲ ရတနာ တစ်ခုကို မြင်နိုင်လေသည်။

"ဒီပုလဲက ရေဖြိုခွင်း ပုလဲရတနာပါ၊ ပါးစပ်ထဲကို ငုံထားလိုက်တာနဲ့ ရေအနက် ဘယ်လောက်ပဲ ဖြစ်ဖြစ် မြေင်ပြင်ပေါ်မှာလိုပဲ သွားလာနိုင်မှာပါ၊ ကြမ်းခင်းဈေး ယိယွမ် ပြဒါးဆေး တစ်သောင်းနဲ့ လေလံ စပြီး တင်ပါမယ်၊ စိတ်ဝင်စားသူများ အနေနဲ့ ဈေးပြိုင်ပေးပြီး လေလံ ဆွဲနိုင်ပါတယ်"

ရွှမ်ထုံနတ်မိစ္ဆာ ဘုရင်မက ပြောလိုက်ခြင်း ဖြစ်လေသည်။

သီးသန့် ထိုင်ခုံ တစ်ခုမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာလေသည်။

"မင်းသုံးထား ပြီးသားကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ရွှမ်ထုန်...၊ မင်းသုံးပြီးသားကြီးဆိုရင် ကျုပ်က တခြားလူ ပြန်ရောင်းရင်တောင် ဝယ်မှာ မဟုတ်တော့ဘူး"

ရွှမ်ထုံ နတ်မိစ္ဆာ ဘုရင်ကို စနောက် ရဲသူမှာ မည်သူများလဲဟု ဆန်းလျန်က လှမ်းကြည့် လိုက်သည်။

ရွှမ်ထုံနတ် မိစ္ဆာဘုရင်မကို စနောက် လိုက်သည့်သူမှာ အဝါရောင် မုတ်ဆိတ်မွေးများ ရှိပြီး မျက်နှာက အစိမ်းရောင် ဖြစ်လေသည်။ သူ့ထံမှ မိစ္ဆာ အငွေ့အသက်များ တစိမ့်စိမ့် ထွက်နေလေသည်။ နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်ပုံရလေသည်။

ရွှမ်ထုံက ထိုသူကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ချင်းဟွမ်အော်၊ ဒီလို ရိုင်းစိုင်း နေမယ်ဆိုရင် ဒီလေလံပွဲက ထွက်သွားလိုက်စမ်း"

ချင်းဟွမ်အော်ဆိုသည့် နတ်မိစ္ဆာဘုရင်က တဟဲဟဲ ရယ်မောလိုက်ရင်း....

"ကျုပ်က စတာပါ၊ စတာပါ၊ စိတ်မဆိုးပါနဲ့"

ထို့နောက် ချင်းဟွမ်အော်က ဆက်ပြောလိုက်သည်။

"ကျုပ်က ပြဒါးဆေး နှစ်သောင်းပေးမယ်၊ ဘယ်သူ ဈေးပြိုင်ချင်ပါသလဲ"

ကျင့်ကြံသူ အများစုက ချင်းဟွမ်အော် မည်သူမည်ဝါ ဖြစ်ကြောင်းကို သိကြလေသည်။ ထို့ကြောင့် ချင်းဟွမ်အော်နှင့် ပြိုင်ပြီး ရေဖြိုခွင်း ပုလဲကို ဈေးပြိုင်ခြင်း မပြုလုပ်ကြတော့ပေ။

ဆန်းလျန်က ချင်းဟွမ်အော်၏ အမည်ကြောင့် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည်။

နတ်မိစ္ဆာဘုရင်များ အမြင့်ဆုံး အဆင့် ရောက်ရှိသွားလျှင် "မဟာတန်ခိုးရှင်" ဟု ခေါ်ကြလေသည်။

"မဟာတန်ခိုးရှင်" အဆင့် နတ်မိစ္ဆာဘုရင်မှာ အလွန်မှ တန်ခိုးစွမ်းအား ကြီးမားပြီး မဟာတန်ခိုးရှင် နတ်မိစ္ဆာတစ်ပါး လောကကို ကျော်လွန် သွားလျှင်တောင်မှ သူ၏ မျိုးဆက်များမှာ တော်ဝင် နတ်မိစ္ဆာ မျိုးနွယ် အဖြစ် သတ်မှတ်ခံရလေသည်။

ထိုတော်ဝင် နတ်မိစ္ဆာ မျိုးနွယ်များမှာ သာမန်မျှသာ ကြီးပြင်း လာကြလျှင်တောင်မှ အချိန်တန်လျှင် လူသားအသွင် ပြောင်းနိုင်လေသည်။ အလွန် အဖိုးတန်သည့် "မဟာတန်ခိုးရှင်" ၏ မျိုးဆက်ပင် ဖြစ်လေသည်။

ချင်းဟွမ်အော်မှာ မဟာတန်ခိုးရှင် တစ်ပါး၏ အနွယ်တော် ဖြစ်ပြီး တော်ဝင် နတ်မိစ္ဆာမျိုးနွယ်မှ ဆင်းသက်လာသူ တစ်ဦး ဖြစ်လေသည်။ နတ်မိစ္ဆာဘုရင် အဖြစ် ကျင့်စဉ် အောင်မြင်ခဲ့သည်မှာ  နှစ်ပေါင်း ငါးရာခန့်ပင် ရှိပြီ ဖြစ်လေသည်။ သို့သော် ခေါင်းကိုးလုံး မင်းကြီးလောက်တော့ တန်ခိုးစွမ်းအား ကြီးမားခြင်း မရှိသေးပေ။

မည်သူမှ ဈေးပြိုင် မခေါ်ကြသည့် အတွက် ရေဖြိုခွင်းပုလဲကို ဟွမ်ချင်းအော် ရသွားလေသည်။

ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မမှာ ဟွမ်ချင်းအော်က သူမကို မလေးမစား လုပ်သည့် အတွက် ဒေါသ ထွက်နေဆဲ ဖြစ်လေသည်။ နောက်မှ သူမ အကြောင်းသိအောင် ပညာပြလိုက်ဦးမည်ဟု စိတ်ထဲ တေးမှတ် ထားလိုက်လေသည်။

နောက်ထပ် ရတနာ ပစ္စည်းတစ်ခု ရေကန်ထဲမှ

ထွက်ပေါ် လာပြန်လေသည်။

ယခုတစ်ကြိမ်တွင်တော့ ရေကန်ထဲတွင် တိမ်တိုက် တစ်ခုပေါ်လာပြီး တိမ်တိုက်ပေါ်တွင် ကုချင် ဗျပ်စောင်း တစ်လက်ကို တွေ့မြင်ရလေသည်။

ခုနစ်ကြိုးတပ် ကုချင် ဗျပ်စောင်း တစ်လက်ဖြစ်ပြီး အရင်းပိုင်းတွင် လုံးဝန်းပြီး အဖျားမှာ ရှည်သွယ် သွားလေသည်။ ဗျပ်စောင်းမှာ အနက်ရောင် ဖြစ်ပြီး အနည်းငယ် ရှေးဆန်လေသည်။ နဂါးဇာမဏီ ရေကန် ပုံသဏ္ဌာန် ဖြစ်ပြီး အလယ်တွင် ရွှေရောင် သင်္ကေတ တစ်ခု ပါရှိလေသည်။ ဗျပ်စောင်းကို ထင်းရှူးသားဖြင့် ပြုလုပ်ထားလေသည်။

ဗျပ်စောင်း အရင်းပိုင်းတွင် “သူတော်စင် တေးသွား” ဟု ရေးသားထားလေသည်။

ဗျပ်စောင်း၏ အလျားလိုက် ထိပ်ပိုင်း နှစ်ဖက်ဆီတွင်…

“လျှိုမြောင်ထဲမှာ နှင်းဦးရာသီကို ကြိုဆိုတယ်၊ အေးမြ ကြည်လင်တဲ့ မြစ်ရေထဲမှာ လစန္ဒာရဲ့ အရိပ်က ထင်ဟပ်လို့၊ ဂီတ သံစဉ်တိုင်းက လွတ်လပ်တယ်၊ အထီးကျန်မှုကတော့ အက်ကြောင်း ထင်ကျန်ရစ်လို့ပေါ့”

ဆိုသည့် ကဗျာလေးကို ရေးထွင်း ထားလေသည်။

ရွှမ်ထုန် နတ်မိစ္ဆာဘုရင်မက သူမ၏ လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည်။

တန်ခိုး စွမ်းအားတစ်ခုက စောင်းကြိုးများကို ထိခတ်သွားပြီး သံစဉ်တစ်ခု ပျံ့လွင့် သွားလေသည်။ ထိုသို့ သံစဉ်ကို တီးခတ်လိုက်သည်နှင့် သံစဉ်လှိုင်းများမှ တန်ခိုးစွမ်းအားများစွာ ထွက်ပေါ် လာလေသည်။ ထိုတန်ခိုး စွမ်းအားများမှာ လေထဲတွင် ပျံ့နှံ့ သွားပြီးနောက် ရေကန်တွင်းသို့ ကျရောက် သွားလေသည်။

ရေကန်မှာ ဓားသွားပေါင်းများစွာဖြင့် ပိုင်းဖြတ် ခံလိုက်ရသည့် အလား အပိုင်းပိုင်း ပြတ်တောက် သွားလေတော့သည်။

***

All Chapters