← Chapters

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အခန်း (၃၀၁-၃၀၃)

Vol. 21 Ch. 301-303

အပိုင်း (၃၀၁) အပြန်အလှန် ကျေးဇူးဆပ်ခြင်း

ယနေ့ပြီးနောက်တွင်တော့ အိမ်ရှေ့စံနန်းဆောင်၏ အုပ်ချုပ်ရေးပိုင်းဌာနသည် တရားဝင် ပြီးစီးသွားခဲ့ပြီဖြစ်သည်။

လုလင်းသည် ၅ရက်လျှင် တစ်ကြိမ် နန်းတော်ထဲသို့ ဝင်ရောက်လေသည်။ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့က အလှည့်ကျစနစ်ဖြင့် အိမ်ရှေ့စံနန်းဆောင်သို့ ဝင်ရောက်ကာ ထိုက်ဇီကို စာသင်ကြားပေးကြသည်။ အိမ်ရှေ့စံနန်းဆောင် အုပ်ချုပ်ရေးမှူး ဝန်ကြီးရှန်းနှင့် လက်ထောက် အုပ်ချုပ်ရေးမှူးဆွန်းတို့သည် ရာထူးတာဝန် ကိုယ်စီရှိကြသဖြင့် ၃ရက်လျှင် တစ်ကြိမ်သာ လာရောက်ကြသည်။

နေ့စဉ်နေ့တိုင်း အိမ်ရှေ့စံနန်းဆောင်တွင် တာဝန်ထမ်းဆောင်သူများမှာ ဖန်းဇီကျန်း၊ ကျိုးလီ၊ ကျောက်ရွေ့နှင့် လီယန်တို့ လေးဦးဖြစ်ကြသည်။

လောလောဆယ်တွင် အိမ်ရှေ့စံနန်းဆောင်၌ တိကျသည့် အလုပ်တာဝန်များ မရှိသေးသဖြင့် သူတို့သည် ထိုက်ဇီနှင့်အတူ နိုင်ငံရေးကိစ္စများကို နားထောင်ဆွေးနွေးကြလေသည်။ သူတို့အားလုံးသည် တက်ကြွနိုးကြားသည့် လူငယ်များဖြစ်ကြသဖြင့် မကြာခင်မှာပင် ရင်းနှီးကျွမ်းဝင်သွားကြတော့သည်။

ဖူယန်ဟိုဖူးရန်သည် ရှို့နင်နန်းဆောင်သို့ ဝင်ရောက်ဂါရဝပြုသည့်အချိန်တွင် ထိုက်ဇီ၏ သဘောထားကြီးမှုကို မချီးကျူးဘဲ မနေနိုင်တော့ချေ။

"စစ်လန်(စတုတ္ထသား)က အိမ်ရှေ့စံနန်းဆောင်မှာ တာဝန်ထမ်းဆောင်ရတာ ထိုက်ဇီက စစ်လန်ကို တော်တော်လေး ဂရုစိုက်ပါတယ်။ ရက်အနည်းငယ် အတွင်းမှာပဲ စစ်လန်က အများကြီး တိုးတက်လာပါတယ်"

မယ်တော်ကြီးကျောက်သည် ထိုစကားကိုကြားသည့်အခါ သဘောကျစွာ ရယ်မောလိုက်လေသည်။

"သူတို့က ညီအစ်ကိုဝမ်းကွဲတွေပဲလေ။ တခြားသူတွေထက်စာရင် ပိုပြီးရင်းနှီးတာ သဘာဝပါပဲ"

ပြောရမည်ဆိုလျှင်တော့ အိမ်ရှေ့စံနန်းဆောင်ထဲက လူငယ်အနည်းငယ်သည် ထိုက်ဇီနှင့် ဆက်ဆံရေး ရင်းနှီးကြသူများ ဖြစ်ကြသည်။ ဖန်းဇီကျန်းသည် ထိုက်ဇီ၏ ဝမ်းကွဲယောက်ဖဖြစ်ပြီး ကျိုးလီသည် ထိုက်ဇီဖေး၏ ခဲအိုတော်သည်။ ကျောက်ရွေ့က ထိုက်ဇီ၏ ညီအစ်ကိုဝမ်းကွဲဖြစ်ပြီး လီယန်က ထိုက်ဇီ၏ ဝမ်းကွဲညီဖြစ်သည်။ ဘယ်သူမှ ဝေးကွာသူများ မဟုတ်ကြပေ။

ပိုပြီးအရေးကြီးသည်မှာ ဖန်းဇီကျန်းနှင့် ကျိုးလီတို့သည် တကယ့်စာမေးပွဲအောင်မြင်ထားသည့် ပညာရှင်များဖြစ်ကြပြီး စစ်မှန်သည့် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ လီယန်သည် ငယ်ရွယ်သော်ငြား စာပေနှင့်စစ်ရေး နှစ်ဖက်စလုံးတွင် ထူးချွန်လေသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ ကျောက်ရွေ့ကတော့ ... လူတိုင်း နားလည်ကြပေသည်။

ထို့ကြောင့်ပင် ဖူယန်ဟိုဖူးရန်သည် ထိုက်ဇီအပေါ် အထူးကျေးဇူးတင်ရှိနေပြီး မယ်တော်ကြီးကျောက်ရှေ့တွင် ထိုက်ဇီ၏ ကောင်းသတင်းများကို တမင်ရည်ရွယ်ပြီး ပြောဆိုပေးလေသည်။

"ထိုက်ဇီက ကျောက်မိသားစုကို ရင်းနှီးချင်စိတ်ရှိလို့သာ စစ်လန်ကို ဒီလိုမြှောက်စားပေးတာပါ။ ထိုက်ဇီက မယ်တော်ကြီးအပေါ်မှာ ဘယ်လောက်တောင် သိတတ်လိမ္မာလဲဆိုတာ မြင်သာပါတယ်"

မယ်တော်ကြီးကျောက်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားပြီး ရယ်မောကာ ပြောလိုက်လေသည်။

"ထိုက်ဇီက အိုက်ကျားအပေါ် တကယ်ပဲ သိတတ်ပါတယ်"

ထားလိုက်ပါတော့လေ။ ထိုက်ဇီရဲ့ မျက်နှာကို ထောက်ထားပြီး ထိုက်ဇီဖေးလုရှီကို အပြစ်မရှာတော့ပါဘူး။

တုန်းပင်ကျွင်းဝမ်ဖေးသည် နန်းတော်ထဲသို့ ဝင်ရောက် ဂါရဝပြုသည့်အခါတွင်လည်း ထိုက်ဇီ၏ ကောင်းသတင်းများကို မရေမတွက်နိုင်အောင် ချီးကျူးပြောဆိုလေသည်။

လီယန်သည် တော်ဝင်ဆွေမျိုးဖြစ်သဖြင့် ယခင်မင်းဆက် စည်းမျဉ်းများအရဆိုလျှင် လီယန်သည် အိမ်ရှေ့စံနန်းဆောင်တွင် တာဝန်ထမ်းဆောင်ခွင့် ရှိမည်မဟုတ်ပေ။ သို့သော်ငြား သာ့ဝေတိုင်းပြည်သည် မင်းဆက်သစ်ဖြစ်ပြီး ထိုက်ဇီက စည်းမျဉ်းများကို ပြောင်းလဲချင်သည်တွင် ယုံးကျားဧကရာဇ်က တိတ်တဆိတ် ခွင့်ပြုပေးလိုက်သဖြင့် ဒီစည်းမျဉ်းက အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့လေသည်။

ထိုက်ဇီ၏ ကျေးဇူးကို ခံယူထားရသဖြင့် တုန်းပင်ကျွင်းဝမ်ဖေးသည်လည်း ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကောင်းသတင်းများကို ပြောဆိုပေးခြင်း ဖြစ်လေသည်။

မယ်တော်ကြီးကျောက်သည် နားယောင်လွယ်သူဖြစ်သဖြင့် နားထဲတွင် လီကျင့်၏ ကောင်းသတင်းများကိုသာ ကြားနေရသည်တွင် လုမင်ယွိအပေါ်ထားသည့် သဘောထားသည်လည်း အများကြီး လျော့ပါးသွားခဲ့လေသည်။

လုမင်ယွိက ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဂါရဝပြုလာသည့်အခါ မယ်တော်ကြီးကျောက်သည် အရင်ကလို လစ်လျူရှုထားသည့် ပုံစံမျိုးမဟုတ်တော့ဘဲ မျက်နှာသာပေးကာ လုမင်ယွိကို နေရာထိုင်ခိုင်းလေသည်။

လုမင်ယွိသည်လည်း အခြေအနေကို နားလည်သဖြင့် ပြုံးကာ ကျေးဇူးတင်စကားဆိုပြီး တည်ငြိမ်စွာ ဝင်ထိုင်လိုက်ကာ မယ်တော်ကြီးကျောက်နှင့် စကားစမြည်ပြောဆိုပြီးမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

ချီယွင်က ကွယ်ရာတွင် တီးတိုးရေရွတ်လေတော့သည်။

"အရင်တုန်းက ဂါရဝပြုဖို့ လာရင် ၃ခေါက်မှာ ၁ခေါက်လောက် မယ်တော်ကြီးကို တွေ့ရရင် ကံကောင်းတယ်လို့ ပြောရမယ်။ အခုကျတော့ မယ်တော်ကြီးက တခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ။ ညန်ညန်အပေါ် ဒီလောက် ရင်းနှီးဖော်ရွေနေတာ ကျွန်မရဲ့စိတ်ထဲမှာတောင် ကြောက်သလိုလို ဖြစ်မိတယ်"

လုမင်ယွိက ပြုံးလိုက်လေသည်။

"စိတ်ပူစရာမလိုပါဘူး။ မယ်တော်ကြီးက ငါ့အပေါ် ကောင်းမဲ့နေ့ရက်တွေက နောက်ပိုင်းမှာ ကျန်ပါသေးတယ်"

မယ်တော်ကြီးကျောက်သည် ရှုပ်ထွေးပြီး မျက်နှာလိုက်တတ်သော်ငြားလည်း လီကျင့်၏ အဘွားအရင်းဖြစ်ပြီး သာ့ဝေတိုင်းပြည်၏ မယ်တော်ကြီးဖြစ်နေသည်။ ခေါင်းမာမာဖြင့် တင်းခံနေပါက ပြဿနာပေါင်းများစွာ ဖြစ်လာနိုင်ပြီး အိမ်ရှေ့စံနန်းဆောင်၏ ဂုဏ်သတင်းအတွက်လည်း သိပ်ပြီးကောင်းလှမည် မဟုတ်ချေ။

အခုလို အခြေအနေက ပိုကောင်းသေးသည်။

လီယန်ကို မြှောက်စားပေးခြင်းက မယ်တော်ကြီးကျောက်အတွက် အရေးမကြီးလှသော်လည်း ကျောက်ရွေ့ကို နေရာပေးလိုက်ခြင်းကတော့ ဖူယန်မြို့စားအိမ်တော်ကို မျက်နှာသာပေးလိုက်ခြင်းပင်။ မယ်တော်ကြီးကျောက်သည် စိတ်ချမ်းသာသွားသဖြင့် အပြစ်ရှာ ရန်စခြင်းများ မပြုလုပ်တော့ပေ။

...

စစ်ဟွမ်စစ်ဖေး (စတုတ္ထမင်းသားကြင်ရာတော်) ကျောက်ယွီသည်လည်း မိမိ၏အစ်ကိုဖြစ်သူ တိုးတက်လာသည်ကို မြင်တွေ့ရသဖြင့် လုမင်ယွိကိုတွေ့သည့်အခါ အထူးတလည် ကျေးဇူးတင်စကား ပြောလေသည်။

"ကျေးဇူးတင်ပါတယ်နော်။ ထိုက်ဇီက ကျွန်မရဲ့စစ်ကောကို မြှောက်စားပေးလို့ပါ"

လုမင်ယွိက ပြုံးကာ ပြန်ပြောလိုက်လေသည်။

"ဒီလို ကျေးဇူးတင်စကား ပြောနေတာက စိမ်းကားလွန်းရာ ကျတာပေါ့။ ကျောက်မိသားစုက ထိုက်ဇီရဲ့ မိခင်ဘက်က ဆွေမျိုးတွေပဲလေ။ ကျောက်ရွေ့က အရှင်မင်းသားရဲ့ ဝမ်းကွဲပါ။ အရှင်မင်းသားက လူအသုံးပြုမယ်ဆိုရင် ကိုယ့်လူရင်းကို ပိုပြီး ယုံကြည်မှာ သဘာဝပါပဲ"

ကျောက်ယွီက ပြုံးလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ်လေ။ ကျေးဇူးတင်စကားတော့ ပြောရမှာပဲ"

ကျောက်ယွီသည် စကားဝှက်မထားတတ်သူဖြစ်ပြီး နန်းတော်ထဲတွင် မွန်းကြပ်နေသည်မှာ ကြာပြီဖြစ်သဖြင့် စကားစမြည်ပြောရင်း ကျောက်ရွေ့တို့လင်မယား အဆင်မပြေဖြစ်နေသည့် ကိစ္စကို ပြောပြလာလေသည်။

"ကျွန်မရဲ့ အဲဒီ့ စစ်စောင် (စတုတ္ထယောက်မ) က မျက်လုံးက ခေါင်းပေါ်ရောက်နေပြီး စိတ်ကြီးဝင်နေတာ မိုးထိမတတ်ပဲ။ စစ်ကောနဲ့ လက်ထပ်ပြီးတဲ့နောက် တနေ့တနေ့ စစ်ကောကို အရည်အချင်းမရှိဘူးဆိုပြီး ငြိုငြင်နေတော့တာပဲ"

"စစ်ကောလဲ ခေါင်းကိုက်လာတော့ အပြင်ထွက်ပြီး သောက်စားပျော်ပါးတော့တာပေါ့။ သောက်လိုက်တိုင်း စစ်စောင်က တခါ ပြဿနာရှာတော့တာပဲ။ မိဘအိမ်ပြန်ပြီးတော့တောင် တိုင်လိုက်သေးတယ်။ ဒုက္ခရောက်တာက ကျွန်မရဲ့ အဖေနဲ့အမေက ကျင်းမိသားစုဆီသွားပြီး တောင်းပန်လိုက်ရတယ်"

"အဲဒီတစ်ခါ ပြီးသွားတော့ စစ်ကောက တကယ်ပဲ စိတ်ဆိုးသွားပြီး စစ်စောင်အပေါ် ပိုပြီးအေးစက်သွားတယ်။ အချိန်အများစုကို စာကြည့်ခန်းထဲမှာပဲ အိပ်ပြီး စစ်စောင်ရဲ့ အခန်းကို မသွားတော့သလောက်ပဲ"

လင်မယားကြားက ကိစ္စကို ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာ ပြောဖို့ခက်ခဲလှသည်။ သို့သော်ငြား လက်ထပ်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဒီလိုအခြေအနေ ဖြစ်လာတာကတော့ ရှားပါးသည်ဟု ဆိုရမည်။

လုမင်ယွိက ဖြစ်ရပ်မှန်ကို သုံးသပ်ကာ ပြောလိုက်လေသည်။

"ကျင်းချန်အာက မာနကြီးပြီး မျက်နှာလိုချင်တဲ့သူလေ။ နင့်ရဲ့စစ်ကောကကျတော့ ပျင်းရိပြီး ပျော်ပါးရတာ ကြိုက်တဲ့သူ ဖြစ်နေပြန်ရော။ နှစ်ယောက်စလုံးရဲ့ စိတ်နေစိတ်ထားက လိုက်ဖက်မှုမရှိကြဘူး"

ကျောက်ယွီက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"ဒါပေါ့။ အမေက စိတ်ထဲမှာ ဘယ်လောက်တောင် နောင်တရနေလဲ မပြောပါနဲ့တော့"

ကျောက်ရွေ့တွင် မူလက စေ့စပ်ထားသူ ရှိသော်လည်း လက်မထပ်ရသေးခင်မှာပင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဂုဏ်ရည်တူ မိသားစုအသိုင်းအဝိုင်းများက ကျောက်ရွေ့သည် ဇနီးသည်ကို ကံဆိုးစေသည်ဟု ကွယ်ရာတွင် အတင်းပြောဆိုခဲ့ကြသည်။

ဖူယန်ဟိုဖူးရန်သည် သားဖြစ်သူ၏ မင်္ဂလာရေးအတွက် စားမဝင်အိပ်မပျော် ဖြစ်နေခဲ့ရပြီး ကျင်းမိသားစုက သဘောတူလိုက်သည့်အခါ ဖူယန်ဟိုဖူးရန်သည် ဝမ်းသာသွားခဲ့ရသည်။ အပေါ်ယံ ကြည့်မည်ဆိုလျှင်တော့ ကျင်းမိသားစုနှင့် ကျောက်မိသားစုက ဂုဏ်ရည်တူ ဖြစ်ကြသည်။ ကျင်းချန်အာကလဲ ရုပ်ရည်ချောမောသဖြင့် ဘယ်လိုကြည့်ကြည့် လိုက်ဖက်ညီသည့် စုံတွဲဟု ထင်ရသည်။

ကျင်းချန်အာ အိမ်တော်သို့ ရောက်ပြီးနောက်တွင် လင်မယားနှစ်ယောက်က အဆင်မပြေဖြစ်ကာ မကြာခဏ ပြဿနာတက်ကြလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။ နှစ်ဝက်မကြာခင်မှာပင် သီးခြားခွဲနေကြပြီး တစ်ယောက်ကို တစ်ယောက် ဂရုမစိုက်ကြတော့ပေ။

ဖူယန်ဟိုဖူးရန်သည် နောင်တရလွန်းသော်လည်း မတတ်နိုင်တော့သဖြင့် သည်းခံနေလိုက်ရတော့သည်။

"အခု စစ်ကောက အိမ်ရှေ့စံနန်းဆောင်မှာ အရာရှိဖြစ်သွားတော့ အဲဒီ့ မျက်နှာကြီးရာဟင်းဖတ် စစ်စောင်က အစ်ကို့အပေါ် မျက်နှာကောင်းလေး ပြလာတယ်။ စစ်ကောကလဲ သဘောကောင်းတဲ့သူဆိုတော့ ချော့လိုက်တာနဲ့ အရင်ကိစ္စတွေ ပျောက်သွားရော။ ဒီရက်ပိုင်းတွေဆို စစ်စောင်ရဲ့ အခန်းထဲမှာပဲ အိပ်တယ်။ လင်မယားနှစ်ယောက် မဆူမပူကြတော့ဘဲ လင်မယား ပုံစံပေါက်လာပြီ"

ကျောက်ယွီက ပြောရင်းနှင့် နှုတ်ခမ်းကို မဲ့လိုက်လေသည်။

ဒါကလဲ ဖူယန်ဟိုဖူးရန် အကျေနပ်ဆုံးနှင့် အပျော်ရွှင်ဆုံး ကိစ္စဖြစ်လေသည်။ ကွာရှင်းလို့လဲ မရသည်တွင် လင်မယားနှစ်ယောက် အဆင်ပြေသလို ပေါင်းသင်းနေထိုင်ကြခြင်းက အကောင်းဆုံးပင်။

လုမင်ယွိက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်လေသည်။

"အခုလို အဆင်ပြေသွားတာလည်း ကောင်းတာပါပဲ"

...

အိမ်ရှေ့စံနန်းဆောင်၏ ကိစ္စရပ်များ အားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။

ယုံးကျားဧကရာဇ်သည် အခြေအနေကို ကြည့်ကာ စိတ်ထဲတွင် ကျေနပ်နေတော့သည်။

ကိစ္စရပ်များကို တင်းမာစွာ ဖြေရှင်းခြင်းက မကောင်းလှချေ။ နည်းလမ်းအနည်းငယ် သုံးလိုက်ရုံဖြင့် မယ်တော်ကြီးကျောက်ကို နှစ်သိမ့်နိုင်ခဲ့သလို ဖူယန်မြို့စားအိမ်တော်နှင့် တုန်းပင်ကျွင်းဝမ် အိမ်တော်တို့ကိုလည်း စည်းရုံးနိုင်ခဲ့သည်။ ဒါမှသာ အကောင်းဆုံး နည်းဗျူဟာ ဖြစ်လေသည်။

ယုံးကျားဧကရာဇ်သည် စိတ်နှလုံးရွှင်လန်းနေပြီး ထိုက်ဇီကို အရည်အသွေးကောင်းမွန်သည့် စာရေးကိရိယာ တစ်စုံ ဆုချီးမြှင့်လိုက်သည်။

လီကျင့်က ပြုံးကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ "ကျေးဇူးတင်ပါတယ် ဖုဟွမ်"

ထို့နောက်တွင် သူက အခွင့်ကောင်းယူကာ ထပ်မံလျှောက်တင်လိုက်လေသည်။ "သားတော်က ဖုဟွမ်ကို လေးနဲ့မြှားတစ်စုံလောက် ထပ်ပြီး ဆုချပေးဖို့ တောင်းဆိုချင်ပါတယ်"

ယုံးကျားဧကရာဇ်က ရယ်မောလိုက်လေသည်။ "မင်းက စာဖတ်ရတာ ကြိုက်ပြီး သိုင်းပညာဘက်မှာ သာမန်ပဲလေ။ ဒီနေ့ ဘာလို့များ လေးနဲ့မြှား ဆုချဖို့ တောင်းဆိုရတာလဲ"

လီကျင့်က မျက်လုံးများကို ပင့်မော့လိုက်ပြီး လေးနက်တည်ကြည်သည့် မျက်နှာဖြင့် ပြောလိုက်လေသည်။ "နောက်နှစ်ကျရင် သာ့ဝေက စစ်ချီပြီး ယန်နဲ့ချူကို တိုက်ခိုက်တော့မှာလေ။ သားတော်က ဖုဟွမ် ဆုချထားတဲ့ လေးနဲ့မြှားကိုသုံးပြီး စစ်မြေပြင်မှာ ရန်သူတွေကို သတ်ချင်လို့ပါ"

ယုံးကျားဧကရာဇ်သည် အံ့အားသင့်သွားပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျန်းက စစ်ချီထွက်မှာ။ မင်းက ထိုက်ဇီတစ်ယောက်အနေနဲ့ နေပြည်တော်မှာကျန်ခဲ့ပြီး တိုင်းပြည်ကို စောင့်ရှောက်ရမှာလေ"

လီကျင့်က ဒူးထောက်ချလိုက်ပြီး လေးနက်စွာ လျှောက်တင်လိုက်လေသည်။

"ဖုဟွမ်က စစ်ချီထွက်ပြီး စစ်တိုက်မှာဆိုတော့ သားတစ်ယောက်အနေနဲ့ ဖုဟွမ်ရဲ့ နောက်ကို လိုက်ရမှာပေါ့"

"နန်းတော်ထဲမှာ ချောင်ကောလောင် အပါအဝင် သစ္စာရှိပြီး အရည်အချင်းရှိတဲ့ အမတ်တွေ ရှိနေတာပဲလေ။ သားတော်က ဖုဟွမ်နဲ့အတူ စစ်ထွက်ပြီး သာ့ဝေတိုင်းပြည်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို တည်ဆောက်ပေးချင်တာပါ။ ဖုဟွမ် ခွင့်ပြုပေးပါ"

...

အပိုင်း (၃၀၂) ဧကရာဇ်မင်းမြတ်၏ စိတ်တော် (၁)

ဝမ်ဟွားနန်းဆောင်ထဲတွင်တော့ အခိုက်အတန့်အတွင်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ယုံးကျားဧကရာဇ်သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားသည့် ထိုက်ဇီကို စူးစိုက်ကြည့်ကာ အတန်ကြာမှ ဖြည်းညှင်းစွာ မေးလိုက်လေသည်။ "မင်းက စစ်တိုက်တဲ့နေရာမှာ မကျွမ်းကျင်ပါဘူး။ ဘာကြောင့်များ ကိုယ်တိုင်တောင်းဆိုပြီး စစ်မြေပြင်ကိုသွားပြီး ဒုက္ခခံချင်ရတာလဲ"

နေပြည်တော်မှာ ကျန်နေခဲ့ပြီး ထိုက်ဇီတစ်ယောက်အနေနဲ့ အေးအေးဆေးဆေး နေရတာက ပိုမကောင်းဘူးလား။ ဘာကိစ္စ ကိုယ့်ဒုက္ခကိုယ်ရှာနေရတာလဲ။

တခြားညီအစ်ကိုတွေက စစ်မြေပြင်မှာ အောင်ပွဲခံလာပြီး ကိုယ့်ရဲ့ အိမ်ရှေ့စံရာထူးကို ခြိမ်းခြောက်လာမှာ စိုးရိမ်လို့လား။

လီကျင့်က မျက်လုံးများကို ပင့်မော့ကာ ယုံးကျားဧကရာဇ်နှင့် အကြည့်ချင်း ဆုံလိုက်လေသည်။ "သားတော်က ကိုယ်ကျိုးအတွက် တစ်စက်ကလေးမှ မပါပါဘူးလို့ပြောရင် ဖုဟွမ်က သေချာပေါက် ယုံမှာမဟုတ်ပါဘူး။ သားတော် ဖုဟွမ်ကို အမှန်အတိုင်း ဝန်ခံပါမယ်။ တကယ်ပဲ ကိုယ်ကျိုးအတွက် ပါပါတယ်"

"ဒီစစ်ပွဲကို အနိုင်တိုက်နိုင်ရင် သာ့ဝေက ပြည်မကြီးကို ငြိမ်းချမ်းစေပြီး တိုင်းပြည်ကို တစ်စုတစ်စည်းတည်း ဖြစ်စေမှာပါ။ ဖုဟွမ်က မင်းဆက်သစ်ကို တည်ထောင်ပြီး ထာဝရတည်တံ့မဲ့ ခိုင်မာတဲ့အုတ်မြစ်ကို တည်ဆောက်နိုင်မှာပါ။ သားတော်လဲ အားဖြည့်ကူညီပေးပြီး ဖုဟွမ်နဲ့အတူ တိုင်းပြည်ကို တည်ထောင်ချင်ပါတယ်။ ဖုဟွမ်နဲ့ ညီအစ်ကိုတွေ စစ်မြေပြင်ကို သွားနေတာကို ဒီတိုင်းလက်ပိုက်ကြည့်ပြီး နေပြည်တော်မှာ ပုန်းအောင်းပြီး အောင်မြင်မှုကို အလကားထိုင်စောင့်နေတာမျိုး မလုပ်ချင်ပါဘူး"

"သားတော်က ကိုယ်ကျိုးကြည့်တယ်လို့ ပြောချင်ရင်လည်း ပြောနိုင်ပါတယ်။ သားတော်က အကျိုးဆောင်မှုယူချင်တယ်လို့ ပြောချင်ရင်လည်း ပြောနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သားတော်က ဖုဟွမ်နဲ့အတူ လိုက်ပါလာမှာပါ"

လီကျင့်က ပွင့်ပွင့်လင်းလင်းနှင့်ပင် မိမိ၏ ကိုယ်ကျိုးပါသည့်ဆန္ဒကို ဝန်ခံလိုက်သည်တွင် ယုံးကျားဧကရာဇ်၏ မျက်နှာထားက အများကြီး လျော့ကျသွားတော့သည်။

"မင်းမှာ ဒီလိုဆန္ဒရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အမတ်တွေက ဘယ်လောက်ပဲ သစ္စာရှိပါစေ နေပြည်တော်မှာ စောင့်ရှောက်မဲ့သူ တစ်ယောက်တော့ ရှိရမှာပဲလေ။ မင်းက မနေခဲ့ချင်ဘူးဆိုရင် ဘယ်သူ့ကို ထားခဲ့ရမလဲ"

လီကျင့်က စဉ်းစားမနေဘဲ ချက်ချင်း ပြန်လျှောက်တင်လိုက်လေသည်။

"စစ်တိနဲ့ ဝူတိကို နေခဲ့ခိုင်းလိုက်ပါ"

"ဝူတိက ငယ်ပါသေးတယ်။ စစ်မြေပြင်ကို သွားလို့မဖြစ်သေးပါဘူး။ စစ်တိက လက်ထပ်ပြီးတာ မကြာသေးတော့ ရင်သွေးမရှိသေးပါဘူး။ သူ့ကိုပဲ နေပြည်တော်မှာ နေခဲ့ခိုင်းလိုက်ပါ"

ယုံးကျားဧကရာဇ်၏ မျက်နှာထားက နောက်တစ်ကြိမ် လှုပ်ခတ်သွားပြန်သည်။

မင်းသားအားလုံးက အရွယ်ရောက်နေကြပြီ။ ပထမမင်းသားတွင် မယားငယ်မှမွေးဖွားသည့် သားတစ်ယောက်ရှိသည်။ ထိုက်ဇီတွင် သားသမီးတစ်ယောက်စီရှိသည်။ တတိယမင်းသားကြင်ရာတော်၏ ဗိုက်ထဲကကလေးက မိန်းကလေးလား ယောက်ျားလေးလား မသိရသေးသော်ငြား ကလေးရနေပြီဖြစ်သည်။ စတုတ္ထမင်းသား တစ်ယောက်တည်းသာ လက်ထပ်သည်မှာ တစ်လမပြည့်သေးပေ။

အကယ်၍ စတုတ္ထမင်းသားကို စစ်မြေပြင်သို့ စေလွှတ်လိုက်ပြီး မတော်တဆ တစ်ခုခုဖြစ်ခဲ့လျှင် မျိုးဆက်ကျန်ရစ်ခဲ့မည် မဟုတ်ပေ။ ဒီအချက်ကို ထောက်ချင့်စဉ်းစားလျှင် စတုတ္ထမင်းသားကို ချန်ထားခဲ့သင့်ပေသည်။

ယုံးကျားဧကရာဇ် စိတ်လှုပ်ရှားသွားသည်ကို မြင်လိုက်ရသည်နှင့် ကိစ္စထက်ဝက်ပြီးမြောက်ပြီဖြစ်ကြောင်း လီကျင့်လည်း သိလိုက်လေသည်။ သို့သော် သူက ဆက်ပြီးတိုက်တွန်းခြင်း မပြုဘဲ ဆက်လက်ဒူးထောက်နေလိုက်သည်။

ခဏကြာပြီးနောက် ယုံးကျားဧကရာဇ်က ပြောလာခဲ့သည်။ "ဒီကိစ္စက ကိစ္စသေးသေးလေး မဟုတ်ဘူး။ ကျန်း သေသေချာချာ စဉ်းစားရမယ်။ မင်း အရင် ပြန်သွားလိုက်ပါ"

ခဏရပ်ပြီး သူက ထပ်ဖြည့်စွက်ပြောလိုက်လေသည်။ "ဒီကိစ္စကို လောလောဆယ် အသံမထွက်စေနဲ့အုံး။ ကျန်း စဉ်းစားပြီးပြီဆိုရင် အမိန့်တော် ထုတ်ပြန်လိုက်မယ်"

လီကျင့်က ခပ်တိုးတိုးဖြေကြားလိုက်ပြီး ထကာ ပြန်လည်ထွက်ခွာလာခဲ့လေသည်။

လီကျင့်၏ ပုံရိပ်သည် မကြာခင်မှာပင် ပျောက်ကွယ်သွားတော့သည်။

ယုံးကျားဧကရာဇ်၏ စိတ်အခြေအနေသည် ရှုပ်ထွေးနေပြီး ညီလာခံမှတ်တမ်းများကိုပင် ဆက်မဖတ်နိုင်တော့ဘဲ ထကာ ဟိုဒီလျှောက်လမ်းနေတော့သည်။ ဝမ်ဟွားနန်းဆောင်ထဲတွင် အခေါက်ရေပေါင်းများစွာ လမ်းလျှောက်ပြီးနောက်မှ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။

...

အိမ်ရှေ့စံနန်းဆောင်သို့ ပြန်ရောက်ပြီးနောက် လီကျင့်သည် ကလေးနှစ်ယောက်နှင့် အတော်ကြာအောင် ဆော့ကစားပြီး မောင်နှမနှစ်ယောက် အိပ်ပျော်သွားမှသာ လင်မယားနှစ်ယောက် စကားပြောရန် အားလပ်တော့သည်။

"ကို ဖုဟွမ်ကို ကို့ရဲ့သဘောထားကို ပြောပြပြီးပြီ။ စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်ချင်တယ်လို့"

လီကျင့်က လက်နှစ်ဖက်ဖြင့် လုမင်ယွိ၏ ပခုံးကိုကိုင်ကာ လေးလေးနက်နက် ကြည့်လိုက်လေသည်။

"ဖုဟွမ်က ချက်ချင်း သဘောမတူပေမဲ့ စိတ်တော့ ယိုင်နေပါပြီ"

"ဖုဟွမ်ရဲ့ စိတ်ထားအတိုင်းဆိုရင် မကြာခင် အမိန့်တော် ထွက်လာတော့မှာပါ"

"ရှောင်ယွိ... ကို ဒီတစ်ခါ ထွက်သွားရင် ဘယ်တော့ပြန်လာရမယ်မှန်း မသိဘူး။ ကလေးနှစ်ယောက်ကို စောင့်ရှောက်ရမဲ့ တာဝန်က မင်းရဲ့ပခုံးပေါ် ရောက်လာပြီ။ အိမ်ရှေ့စံနန်းဆောင်ကိုလည်း မင်းဆီမှာပဲ အပ်ခဲ့ရတော့မယ်"

ယခင်ဘဝက ဒီစစ်ပွဲသည် ၂နှစ်နီးပါး ကြာမြင့်ခဲ့သည်။

ယခုဘဝတွင် သူတို့နှစ်ဦး ပြန်လည်ဝင်စားလာခြင်းကြောင့် ကိစ္စရပ်များစွာသည် ယခင်ဘဝနှင့် မတူညီတော့ပေ။ ဒီစစ်ပွဲက ဘယ်လောက်ကြာကြာ တိုက်ခိုက်ရမလဲ။ ဘေးကင်းကင်းဖြင့် ပြန်လာနိုင်ပါ့မလား ဆိုသည်မှာ မသိနိုင်သော အရာများ ဖြစ်နေသည်။

လုမင်ယွိက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လီကျင့်၏ လက်ဖမိုးပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်လေသည်။

"ကျွန်မတို့က လင်မယားတွေပဲလေ။ အကောင်းအဆိုး အတူတူပဲပေါ့။ ပင်ပန်းတယ်ဆိုတဲ့ စကားမျိုး ပြောစရာမလိုပါဘူး။ နန်းတော်ထဲမှာ ကျွန်မ ရှိနေတာပဲ။ ရှင် စိတ်ချလက်ချ နေပါ"

ထိုက်ဇီတစ်ယောက်အနေနဲ့ သူက တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ရမှာ။ ကာကွယ်ရမှာက သားမယားတင် မကဘူး။

သူက သူ့ရဲ့တာဝန်ကို ထမ်းဆောင်ရမယ်။ လူတိုင်းသေဆုံးရမဲ့ နိဂုံးကို ပြောင်းလဲပစ်ရမယ်။ သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးက ဘယ်လောက်တောင် လေးလံလိုက်မလဲ။ သူမ လုပ်ပေးနိုင်တာကတော့ ခါးကို မတ်မတ်ထားပြီး သူနဲ့အတူ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းဆောင်ပေးဖို့ပဲ။

လီကျင့်၏ မျက်ဝန်းထဲတွင် မျက်ရည်စများ လက်ခနဲဖြစ်သွားပြီး လက်ကိုဆန့်ကာ သူမကို ရင်ခွင်ထဲသို့ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။ ပူနွေးသည့် နှုတ်ခမ်းများက သူမ၏ နားနောက်နှင့် မျက်နှာပေါ်သို့ မရပ်မနား ကျရောက်လာတော့သည်။

လုမင်ယွိက လက်ဆန့်ကာ သူ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး တစ်ခါမှမရှိဖူးသည့် စိတ်အားထက်သန်မှုဖြင့် တုံ့ပြန်လိုက်လေသည်။

ခြင်ထောင်သည် လျင်မြန်စွာ ကျဆင်းလာပြီး ညဉ့်နက်သန်းခေါင်အထိ တုန်ခါနေလေတော့သည်။

...

နေ့ရက်များက နှစ်ကုန်ခါနီးလာသည့်အတွက် ညီလာခံကိစ္စများ ရှုပ်ထွေးများပြားနေသည်။ အနောက်နန်းဆောင်ထဲက အသေးအမွှားကိစ္စများမှာလည်း ပုံမှန်ရက်များထက် ၂ဆမက များပြားနေသည်။

ချောင်မိဖုရားခေါင်သည် အလုပ်များလာသည်နှင့် ချွေးမတော်ကို အကူအညီတောင်းကာ နန်းတွင်းကိစ္စ တစ်စိတ်တစ်ပိုင်းကို လုမင်ယွိထံ လွှဲပြောင်းပေးလိုက်လေသည်။

လုမင်ယွိသည်လည်း မငြင်းဆန်ဘဲ နန်းတွင်းကိစ္စများကို လွှဲပြောင်းယူပြီးနောက်တွင် ပြတ်သားပြီး လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းလေသည်။

သူမ၏ ဂုဏ်သတင်း ကျော်ကြားမှုကြောင့်သော်လည်းကောင်း သို့တည်းမဟုတ် သူမက အစကတည်းက ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်သည့်အနေဖြင့် တာဝန်ပေါ့လျော့သည့် အိမ်တော်ထိန်းတစ်ဦးကို အပြစ်ပေးလိုက်ခြင်းကြောင့် သော်လည်းကောင်း ကျန်ရှိနေသည့် အိမ်တော်ထိန်းများသည် သူမရှေ့တွင် အထူးတလည် ရိုသေကျိုးနွံနေကြသည်။ ချောင်မိဖုရားခေါင် ကိုင်တွယ်သည်ထက်ပင် ပိုပြီး ချောမွေ့နေတော့သည်။

ချောင်မိဖုရားခေါင်က မရယ်ဘဲ မနေနိုင်တော့ချေ။ "လူဆိုးလုပ်ချင်ကြတာ မဆန်းပါဘူး။ တကယ်ပဲ လူညံ့တွေက လူဆိုးကို ကြောက်ကြတာကိုး"

လုမင်ယွိက ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ "မူဟုပ်က အာရှီကို လူဆိုးလို့ သွယ်ဝိုက်ပြီး ပြောနေတာလား"

ယောက္ခမနှင့် ချွေးမ ဆက်ဆံရေး ကောင်းမွန်သဖြင့် ချောင်မိဖုရားခေါင်သည်လည်း မကြာခဏ စနောက်လေ့ရှိသည်။ "ဒီစကားကို ပန်ကုံး ပြောတာမဟုတ်ဘူးနော်။ အိမ်တော်ထိန်းတွေက မင်းရှေ့မှာ အသက်တောင် ပြင်းပြင်းမရှူရဲကြတာကို ကြည့်ပြီး သိသာနေတာပဲလေ"

လုမင်ယွိက ပြုံးလိုက်လေသည်။ "ထားလိုက်ပါတော့လေ။ မူဟုပ် လက်မရဲလို့ မလုပ်နိုင်တာတွေရှိရင် အာရှီဆီပဲ လွှတ်လိုက်ပါ"

နန်းတွင်းကိစ္စများ ပြီးစီးသွားချိန်တွင် မွန်းတည့်ချိန်နီးပါး ရောက်နေပြီဖြစ်သည်။

ချောင်မိဖုရားခေါင်က ရွှီအာနှင့် ရွှမ်းအာတို့ကို ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။

"နေ့ဝက်လောက် မြေးတော်လေးတွေကို မတွေ့ရသေးဘူး။ မြန်မြန်ခေါ်လာပြီး ပန်ကုံးကို ပြပါအုံး"

တကယ်ပဲ တစ်ရက်လေးတောင် ခွဲလို့မရနိုင်ပါဘူး။

ချောင်မိဖုရားခေါင်သည် ဘယ်လက်ဖြင့် မြေးတော်လေးကိုပွေ့ကာ ညာလက်ဖြင့် မြေးမတော်လေးကို ပွေ့ဖက်ထားရင်း မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေတော့သည်။

လုမင်ယွိက ပြုံးလိုက်ပြီး နေ့လယ်စာ ပြင်ဆင်ရန် အမိန့်ပေးလိုက်သည်။ နေ့လယ်စာ စားချိန်ရောက်တော့ လီကျင့် ရောက်လာခဲ့သည်။

ချောင်မိဖုရားခေါင်သည် ယုံးကျားဧကရာဇ် ဘယ်ရောက်သွားသလဲဆိုတာကို လုံးဝမမေးမြန်းဘဲ လီကျင့်ကို ပြုံးရွှင်စွာ လှမ်းခေါ်လိုက်လေသည်။

"မြန်မြန်လာပါအုံး။ ရွှီအာနဲ့ ရွှမ်းအာက ပျော်နေလိုက်ကြတာ"

လီကျင့်က ပြုံးကာ ပြောလိုက်လေသည်။ "တစ်ယောက်ယောက် ပွေ့ချီထားမှတော့ ပျော်နေမှာပေါ့"

ပြောသာပြောနေရသည်။ သူက ချောင်မိဖုရားခေါင်ထက်ပင် ပိုပြီး တက်ကြွစွာ ပွေ့ချီလိုက်သေးသည်။

မိသားစုတစ်စုလုံး သိုက်သိုက်ဝန်းဝန်းဖြင့် နေ့လယ်စာ စားသောက်ပြီးနောက် လီကျင့်က လုမင်ယွိကို မျက်ရိပ်ပြလိုက်လေသည်။ လုမင်ယွိကလည်း သဘောပေါက်သဖြင့် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အိမ်ရှေ့စံနန်းဆောင်သို့ အရင်ပြန်သွားလေသည်။

နာရီဝက်လောက် ကြာပြီးနောက်တွင် လီကျင့်သည် ကျောင်းဖန်နန်းဆောင်မှ ပြန်လည်ရောက်ရှိလာခဲ့သည်။

"ရှင် မူဟုပ်ကို ပြောပြီးပြီလား" လုမင်ယွိက တိုးတိုးလေး မေးလိုက်လေသည်။

လီကျင့်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"ပြောပြီးပြီ။ မူဟုပ်က အစတုန်းက သဘောမတူဘူး။ ကို အာပေါက်မတတ် ရှင်းပြပြီး အကြာကြီး ချော့ပြောမှ မူဟုပ်က မတတ်သာပဲ သဘောတူလိုက်တယ်။ ဒါပေမဲ့ ငိုတော့ ငိုလိုက်သေးတယ်"

ယခင်ဘဝက လီကျင့်သေဆုံးသည့်သတင်း နန်းတော်ထဲ ရောက်လာချိန်တွင် ချောင်မိဖုရားခေါင်သည် သွေးအန်ကာ သတိလစ်သွားပြီး အိပ်ရာထဲလဲကာ မကြာခင် ကွယ်လွန်သွားခဲ့သည်။ ဒီကိစ္စတွင် စူးဖေး၏ လက်ချက်ပါသလို ချောင်မိဖုရားခေါင် စိတ်ထိခိုက်ပြီး ပြန်မထူနိုင်တော့သည်မှာလည်း အမှန်တရားပင်။ မဟုတ်လျှင် စူးဖေး၏ အကောက်ကြံမှုကို ဒီလောက်လွယ်လွယ်ဖြင့် ခံလိုက်ရပြီး အသက်ဆုံးရှုံးရမည် မဟုတ်ပေ။

ဒါကလည်း လီကျင့်၏ ရင်ထဲက အဖုအထစ်များထဲမှ တစ်ခုပင်။

လုမင်ယွိက တိတ်ဆိတ်စွာ ရှေ့သို့တိုးလာပြီး လီကျင့်ကို စကားလုံးမဲ့သော နှစ်သိမ့်မှု ပေးလိုက်လေသည်။

လီကျင့်က သူမကို ပွေ့ဖက်ထားပြီး မေးစေ့ကို သူမ၏ နဖူးပေါ်တင်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"မူဟုပ် စိတ်မကောင်းဖြစ်နေတာ။ ဒီရက်ပိုင်း ကို မူဟုပ်ကို ပိုပြီး အချိန်ပေးပေးမယ်"

လုမင်ယွိက အင်းဟု ပြန်ဖြေလိုက်လေသည်။

"ကျွန်မလည်း ကလေးတွေကိုခေါ်ပြီး မူဟုပ်နဲ့ စကားသွားပြောပေးမယ်" ခဏရပ်ပြီး သူမက ထပ်ပြောလိုက်လေသည်။ "ရှင် စိတ်ချပါ။ ကျွန်မ မူဟုပ်ကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်"

လင်မယားချင်း စိတ်တူကိုယ်တူ ရှိနေမှတော့ ကျေးဇူးတင်စကား ပြောနေစရာ မလိုတော့ပေ။

လီကျင့်၏ ရင်ထဲတွင် နွေးထွေးမှုများ စီးဆင်းသွားပြီး သူမ၏ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

လုမင်ယွိ၏ ရင်ထဲက လေးလံမှုများ ချက်ချင်း လွင့်စင်သွားပြီး ပြုံးကာ လီကျင့်ကို နှာခေါင်းရှုံ့လိုက်လေသည်။ လီကျင့်က တိုးတိုးလေး ရယ်မောလိုက်ပြီး လုမင်ယွိကို ပွေ့ချီကာ ကုတင်ပေါ်သို့ ခေါ်ဆောင်သွားလေတော့သည်။

...

အပိုင်း (၃၀၃) ဧကရာဇ်မင်းမြတ်၏ စိတ်တော် (၂)

နောက်တနေ့တွင်တော့ လုမင်ယွိသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ကျောင်းဖန်နန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်ခဲ့သည်။ ချောင်မိဖုရားခေါင်မှာ ပုံမှန်လို ပြုံးရွှင်မှုမရှိတော့ဘဲ မျက်နှာက ညှိုးငယ်နေတော့သည်။

"အားကျင့်က စစ်ထွက်ချင်တယ်ဆိုတာကို မင်းကို အစကတည်းက ပြောပြထားပြီးပြီလား"

လုမင်ယွိက မငြင်းဆန်ဘဲ ဖြေလိုက်သည်။ "ဟုတ်ပါတယ်"

ချောင်မိဖုရားခေါင်က စိတ်ဆိုးဒေါသထွက်သည့် အရိပ်အယောင် ပြလာတော့သည်။ "မင်း ဘာလို့ ပန်ကုံးကို စောစောမပြောတာလဲ"

လုမင်ယွိက တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။ "ဒီလို အရေးကြီးတဲ့ကိစ္စကို အရှင်မင်းသားကိုယ်တိုင်က မူဟုပ်ကို ပြောပြတာက ပိုပြီးသင့်တော်မယ်လို့ ထင်လို့ပါ"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းအိမ်များ နီရဲလာတော့သည်။ "သူက ဒီလောက်ထိ ခေါင်းမာနေတာကို မင်းက ဘာလို့များ ဝင်မတားရတာလဲ။ စစ်မြေပြင်မှာ ဓားတွေလှံတွေက မျက်စိပါတာ မဟုတ်ဘူး။ စစ်တိုက်တယ်ဆိုတာ ပျော်စရာကောင်းတဲ့ ကစားနည်းမှ မဟုတ်တာ။ ဒါက ကိုယ့်ရဲ့ခေါင်းနဲ့ရင်းပြီး အောင်မြင်မှုကို လဲလှယ်ရတာ"

"မူဟုပ်ပြောတာ မှန်ပါတယ်” လုမင်ယွိက ခပ်အေးအေး ပြန်ပြောလိုက်လေသည်။ "ကျွန်မရဲ့ အဘိုးက စစ်သူကြီးပါ။ ကျွန်မအဖေကလဲ စစ်သူကြီးပါပဲ။ ကျွန်မရဲ့ သာ့ကျဲဖူ ကျွန်မရဲ့ အာ့ကော အားလုံးက စစ်တပ်ထဲမှာပါပဲ။ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေရတဲ့ အရသာကို ကျွန်မထက်ပိုပြီး သိတဲ့သူ မရှိပါဘူး"

ချောင်မိဖုရားခေါင် "..."

ထိုအခါမှသာ ချောင်မိဖုရားခေါင်သည် မိမိစကားမှားသွားမှန်း သတိပြုမိလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် လေသံကို လျှော့ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ "ပန်ကုံးက စိတ်ပူလွန်းလို့ စကားမှားသွားတာပါ။ မင်း စိတ်ထဲမထားပါနဲ့"

"မူဟုပ်က အရှင်မင်းသားရဲ့ ဘေးကင်းရေးကို စိတ်ပူနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်” လုမင်ယွိက ချောင်မိဖုရားခေါင်၏ အမှားကို ဆုပ်ကိုင်မထားတော့ဘဲ သူမ၏လေသံကလည်း လျော့ကျသွားတော့သည်။

"ဒါပေမဲ့ အရှင်မင်းသားမှာလည်း သူ့ရဲ့စဉ်းစားချက်တွေ ရှိမှာပါ။ ဒီစစ်ပွဲက အရမ်းကို အရေးကြီးပါတယ်။ အရှင်မင်းသားက ကိုယ်တိုင်ဦးဆောင်ပြီး မတိုက်ခိုက်ဘူးဆိုရင် နောင်ကျရင် တခြားမင်းသားတွေကို ဘယ်လိုလုပ် ဖိနှိပ်ထားနိုင်မှာလဲ။ ဘယ်လိုလုပ် စစ်ဘက်၊ အရပ်ဘက် အရာရှိတွေကို ယုံကြည်လေးစားလာအောင် လုပ်နိုင်မှာလဲ"

ချောင်မိဖုရားခေါင်သည် သားဖြစ်သူကို မည်မျှပင် ချစ်ခင်သော်ငြားလည်း အကျိုးအကြောင်း နားမလည်သူတော့ မဟုတ်ချေ။ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။ "သားသမီး အရွယ်ရောက်လာရင် မိဘတွေက ထိန်းချုပ်လို့မရတော့ဘူး ဆိုတာ တကယ်ပဲ။ ပန်ကုံးလဲ သူ့ကို ဘာမှလုပ်လို့မရတော့ဘူး"

လုမင်ယွိက ပြုံးကာ ချောင်မိဖုရားခေါင်ကို နှစ်သိမ့်လိုက်လေသည်။ "သာ့ဝေရဲ့ အင်အားက တောင့်တင်းခိုင်မာပါတယ်။ စစ်သားကောင်း ၂သိန်းကျော်ရှိပြီး စစ်သူကြီးတွေကလဲ ရဲရင့်ပြီး သေမှာမကြောက်ကြပါဘူး။ ဒီစစ်ပွဲမှာ သာ့ဝေက သေချာပေါက် နိုင်မှာပါ"

ချောင်မိဖုရားခေါင်က အားတင်းကာ ခေါင်းညိတ်လိုက်ပြီး မနေနိုင်စွာ ထပ်မံဖြည့်စွက် ပြောလိုက်လေသည်။ "မင်း ရှင်းယန်ဝမ်ကို တွေ့ရင် အားကျင့်ကို ပိုပြီးဂရုစိုက်ပေးဖို့ တိတ်တဆိတ် ပြောပေးပါအုံး"

လုမင်ယွိက ခေါင်းညိတ် သဘောတူလိုက်လေသည်။

...

နှစ်မကုန်မီ ၂၈ရက်၊ ယုံးကျား၉နှစ်၏ နောက်ဆုံးသော ညီလာခံအစည်းအဝေးတွင် ယုံးကျားဧကရာဇ်က အမိန့်တော် ထုတ်ပြန်လိုက်လေသည်။ လာမည့်နှစ် ဒုတိယလတွင် စစ်တပ်ကြီး ချီတက်ထွက်ခွာမည်။ ထိုက်ဇီ၊ ပထမမင်းသားနှင့် တတိယမင်းသားတို့ အတူတကွ လိုက်ပါရမည်ဖြစ်ပြီး စတုတ္ထမင်းသားနှင့် ပဉ္စမမင်းသားတို့က နန်းတော်တွင် နေရစ်ခဲ့ရမည်။

အိမ်ရှေ့စံနန်းဆောင်ဘက်မှ အရာရှိများက ဒီကိစ္စကို ကြိုတင်သိရှိထားကြပြီးဖြစ်သဖြင့် အထူးတလည် အံ့သြမနေကြတော့ပေ။

မင်းသားများကတော့ အလွန်အမင်း တုန်လှုပ်သွားကြသည်။

ပထမမင်းသားက ချက်ချင်း ရှေ့ထွက်လာပြီး လက်နှစ်ဖက်ကို ယှက်ကာ လျှောက်တင်လိုက်လေသည်။

"ဖုဟွမ် ကိုယ်တိုင်ဦးစီးပြီး စစ်ချီတာမလို့ သားတော်က လိုက်ပါရမှာ သဘာဝကျပါတယ်။ အာ့တိက သာ့ဝေရဲ့ ထိုက်ဇီမလို့ နေပြည်တော်မှာကျန်ခဲ့ပြီး တိုင်းပြည်ကို စောင့်ရှောက်သင့်ပါတယ်"

ပထမမင်းသားသည် ကြိုတင်တွက်ချက်ထားပြီးဖြစ်သည်။ ဒီစစ်ပွဲကို အခွင့်ကောင်းယူပြီး အကျိုးဆောင်မှုယူကာ အခြေအနေကို ပြောင်းပြန်လှန်ပစ်မည်။ ဘယ်သူက ထင်ထားပါမည်နည်း။ ထိုက်ဇီကလည်း စစ်ပွဲအောင်မြင်မှုကို လာရောက် လုယူချင်နေသည်တဲ့လေ။ ပထမမင်းသား၏ စိတ်ထဲတွင် မည်မျှပင် ဒေါသထွက်နေမည်နည်း။

သို့သော်ငြား ပါးစပ်က ပြောလိုက်သည့်စကားများကတော့ ခမ်းနားထည်ဝါနေပြီး ကိုယ်ကျိုးအတ္တ တစ်စက်ကလေးမှ မပါဝင်သယောင်ပင်။

လီဟောက်ကလဲ ရှေ့ထွက်လာပြီး လျှောက်တင်လိုက်လေသည်။ "သားတော်ကတော့ သာ့ကော ပြောတာ မှန်တယ်လို့ ထင်ပါတယ်။ ထိုက်ဇီက နေပြည်တော်မှာ နေခဲ့သင့်ပါတယ်။ ဒါမှ ဖုဟွမ်က စိတ်အေးလက်အေးနဲ့ စစ်တိုက်နိုင်မှာပါ"

စတုတ္ထမင်းသားကလဲ အားကျမခံ ရှေ့ထွက်လာလေသည်။ "သားတော်လဲ ဖုဟွမ်နဲ့အတူ စစ်ထွက်ချင်ပါတယ်"

သာ့ကော၊ အာ့ကောနဲ့ စန်းကောတို့ အားလုံးသွားကြပြီး ဘာလို့ သူ့တစ်ယောက်တည်းကို ချန်ထားခဲ့ရတာလဲ။

ယုံးကျားဧကရာဇ်က သားတော်များ၏ မတူညီသော မျက်နှာထားများကို တစ်ချက်ဝေ့ဝဲကြည့်လိုက်လေသည်။

"ကျန်း ဆုံးဖြတ်ပြီးပြီ။ မင်းတို့တွေ ထပ်ပြောမနေကြနဲ့တော့"

မင်းသားများအားလုံး "..."

မင်းသားများသည် ငြင်းဆန်ခံလိုက်ရသဖြင့် ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

ညီလာခံပြီးဆုံးပြီးနောက် ယုံးကျားဧကရာဇ်သည် သားတော်လေးယောက်ကို ဝမ်ဟွားနန်းဆောင်သို့ ခေါ်ယူတွေ့ဆုံလိုက်လေသည်။

"စစ်ထွက်မဲ့ကိစ္စက ထိုက်ဇီ ကိုယ်တိုင်တောင်းဆိုထားတာပါ။ ကျန်း သေသေချာချာ စဉ်းစားပြီးမှ ထိုက်ဇီရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တာ"

"ကျားကိုသတ်ရင် ညီအစ်ကိုအရင်းတွေ လိုအပ်ပြီး စစ်တိုက်ရင် သားအဖတွေ လိုအပ်တယ်။ မင်းတို့ညီအစ်ကိုတွေ စည်းလုံးညီညွတ်ပြီး ယန်နဲ့ချူကို အတူတူ တိုက်ခိုက်သိမ်းပိုက်ရမယ်"

စကားက ဒီအထိရောက်လာမှတော့ သူတို့က ကန့်ကွက်နေလို့လည်း အပိုပင် ဖြစ်တော့မည်။

ပထမမင်းသားက အားတင်းကာ ပထမဆုံး ဖြေကြားလိုက်လေသည်။ "သားတော် ဖုဟွမ်ရဲ့ အမိန့်တော်ကို နာခံပါ့မယ်"

လီဟောက်ကလဲ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပြောလေသည်။ "ဖုဟွမ်ရဲ့ ဆုံးမစကားကို သားတော် မှတ်သားထားပါ့မယ်"

လီကျင့်သည် ထိုက်ဇီတစ်ယောက် ဖြစ်သည့်အားလျော်စွာ အိမ်ရှေ့စံ၏ ဂုဏ်ဒြပ်နှင့် ဟန်ပန်ကို ထုတ်ပြကာ လေးနက်စွာ ပြောလိုက်လေသည်။

"ဖုဟွမ် စိတ်ချပါ။ သားတော်က သာ့ကော၊ စန်းတိတို့နဲ့ အောင်မြင်မှုကို လုယူမှာ မဟုတ်ပါဘူး။ စစ်တပ်ကြီး အောင်ပွဲခံပြီး ပြန်ရောက်လာရင် သားတော်က သူတို့အတွက် ဆုတောင်းပေးပါ့မယ်"

ယုံးကျားဧကရာဇ်၏ မျက်လုံးထဲတွင် ကျေနပ်သည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး ခေါင်းညိတ်လိုက်လေသည်။

"မင်းတို့ ဒီလိုတွေးနိုင်ရင် အကောင်းဆုံးပဲ။ မှတ်ထားကြ။ မင်းတို့အားလုံးက ကျန်းရဲ့ သားတွေပဲ။ ညီအစ်ကိုအရင်းတွေပဲ။ ညီအစ်ကိုတွေ စည်းလုံးရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်"

မင်းသားများအားလုံး လက်နှစ်ဖက်ယှက်ကာ ခံယူလိုက်ကြလေသည်။

စတုတ္ထမင်းသား တစ်ယောက်တည်းသာ မျက်နှာကြီး မဲ့နေရှာသည်။

"ဖုဟွမ်။ သာ့ကော အာ့ကောနဲ့ စန်းကော အားလုံး စစ်တပ်နဲ့အတူ လိုက်ပါရမှာ။ ဘာလို့ သားတော်တစ်ယောက်တည်းကို ချန်ထားခဲ့ရတာလဲ"

သူလဲ အရမ်းလိုက်ချင်တာပေါ့။

အောင်မြင်မှုတွေ တည်ဆောက်ချင်တယ်ဆိုတာ သွေးဆူနေတဲ့ လူငယ်တိုင်းရဲ့ ရင်ထဲမှာ ကမ္ပည်းတင်ထားတဲ့ စကားလုံးပဲလေ။

ယုံးကျားဧကရာဇ်က စတုတ္ထမင်းသားကို တစ်ချက်ကြည့်လိုက်လေသည်။

"မင်း နေပြည်တော်မှာကျန်ခဲ့ပြီး ဘာကိစ္စပဲရှိရှိ ကျန်းဆီကို အချိန်မီ သတင်းပို့ရမယ်"

"ဖုဟွမ် ..."

"ကျောက်ရှီမှာ ကိုယ်ဝန်မရှိသေးဘူး။ မင်းမှာ မျိုးဆက်တောင် မကျန်သေးဘူး။ ဘာစစ်တိုက်မှာလဲ" ယုံးကျားဧကရာဇ်က မျက်စောင်းထိုးလိုက်လေသည်။ "ငြိမ်ငြိမ်လေး နေခဲ့စမ်းပါ"

စတုတ္ထမင်းသား "..."

စတုတ္ထမင်းသားသည် စိတ်ပျက်လက်ပျက်ဖြင့် လက်ခံလိုက်ရတော့သည်။

ယုံးကျားဧကရာဇ်က လက်ဝှေ့ယမ်းကာ သားတော်များအားလုံးကို ပြန်လွှတ်လိုက်လေသည်။

မင်းသားများသည် ဝမ်ဟွားနန်းဆောင်မှ ထွက်လာပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

ပထမမင်းသားက ဟန်ဆောင်ပန်ဆောင်ဖြင့် လီကျင့်ကို ချီးကျူးလိုက်လေသည်။ "အာ့တိက ကိုယ်တိုင် စွန့်စားရဲတာ လေးစားစရာပဲ"

လီကျင့်က ခံစားချက်မပါသော မျက်နှာဖြင့် ပြန်ပြောလိုက်လေသည်။ "ဘယ်သူ့အသက်မဆို တစ်ချောင်းပဲ ရှိတာပါ။ သာ့ကောက စစ်မြေပြင်ကို သွားရဲမှတော့ ကျွန်တော်က ဘယ်လိုလုပ် လူတွေရဲ့အနောက်မှာ ပုန်းနေနိုင်မှာလဲ"

ပထမမင်းသားသည် ပြန်အပြောခံလိုက်ရသဖြင့် အဓိပ္ပာယ်မရှိ နှာခေါင်းရှုံ့လိုက်လေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လီဟောက်ကတော့ ပိုပြီးတည်ငြိမ်ကာ စကားတစ်လုံးမှ မပြောချေ။

စတုတ္ထမင်းသားက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်လေသည်။

"အစ်ကိုတို့ အကုန်လုံး ထွက်သွားကြတော့မယ်။ ကျွန်တော် တစ်ယောက်တည်း နန်းတော်ထဲမှာ ကျန်နေခဲ့ရမှာ။ ပျင်းစရာကြီး"

ပထမမင်းသားက ဟားခနဲ ရယ်မောလိုက်လေသည်။ "မင်း အားကုန်သုံးပြီး သားတစ်ယောက်လောက် ရအောင် အရင်မွေးလိုက်ပါအုံး"

စတုတ္ထမင်းသား "..."

...

ဒီအမိန့်တော်သည် မကြာခင်မှာပင် အနောက်နန်းဆောင်သို့ ရောက်ရှိသွားခဲ့သည်။

မယ်တော်ကြီးကျောက်သည် လက်ခုပ်တီးကာ ဝမ်းသာအားရ ပြောလိုက်လေသည်။

"စတုတ္ထမင်းသား ကျန်နေခဲ့တာ ကောင်းတယ်"

နေပြည်တော်မှာ ကျန်နေခဲ့တာ ဘယ်လောက်တောင် ဘေးကင်းလိုက်သလဲ။

ချင်ဖေးသည်လည်း ဝမ်းသာပီတိဖြစ်နေသော်ငြား ချောင်မိဖုရားခေါင်၏ မကောင်းလှသော မျက်နှာထားကိုမြင်ပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။

စူးဖေးကတော့ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး အမှတ်တမဲ့ လုမင်ယွိကို လှမ်းကြည့်လိုက်မိသည်။

ထူးဆန်းလိုက်တာ။ လုမင်ယွိက ဘာလို့ လီကျင့်ကို တားမထားတာလဲ။ စစ်မြေပြင်ကို သွားခွင့်ပြုလိုက်သေးတယ်။ လီကျင့် ယခင်ဘဝတုန်းကလို စစ်မြေပြင်မှာ သေဆုံးသွားမှာကို သူ မစိုးရိမ်ဘူးလား။

နေပါအုံး။ လုမင်ယွိက သူ သားမွေးပြီးရင် တန်းပြီး မယ်တော်ကြီး လုပ်ချင်နေတာတော့ မဟုတ်ပါဘူးနော်။

စူးဖေးသည် တွေးလေလေ ပိုပြီးထိတ်လန့်လေလေ ဖြစ်လာကာ လုမင်ယွိကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိသည်။

လုမင်ယွိကတော့ စူးဖေး၏ အကြည့်ကို လုံးဝဂရုမစိုက်ချေ။

မွန်းတည့်ချိန်ကျော်လွန်ပြီးနောက် စူးဖေးက လူလွှတ်ကာ သတင်းစကားပါးလိုက်လေသည်။ လီဟောက်သည် သတင်းရသည်နှင့် ယိဟွားနန်းဆောင်သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။

"မူဖေး ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာ ဘာကိစ္စများ ရှိလို့လဲ"

စူးဖေးက မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"အာ့ဟောက် ငါ ဘယ်လိုစဉ်းစား စဉ်းစား စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ ထိုက်ဇီက နေပြည်တော်မှာ နေခဲ့လို့ရရဲ့သားနဲ့ ဘာကိစ္စ စစ်မြေပြင်ကိုသွားပြီး အသက်နဲ့ရင်းရတာလဲ"

အသက်နဲ့ရင်းရတယ်တဲ့လား။

လီဟောက်၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး မသိမသာ စကားနှိုက်လိုက်လေသည်။ "သာ့ဝေမှာ စစ်သားအင်အား အလုံအလောက်ရှိတယ်။ ယန်နဲ့ချူက ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီတစ်ခေါက် ယန်နဲ့ချူကို တိုက်ခိုက်တာက မကြုံစဖူး အောင်မြင်မှုတွေကို တည်ဆောက်ဖို့ပါ။ အသက်နဲ့ရင်းရတယ်ဆိုတဲ့ စကားက ဘယ်ကရောက်လာတာလဲ"

စူးဖေး၏ မျက်မှောင်များ ပိုပြီးကျုံ့သွားတော့သည်။

"စစ်တိုက်တယ်ဆိုတာ ဘယ်မှာ လွယ်ကူလို့လဲ။ စစ်မြေပြင်မှာ မြှားတွေက ပျံသန်းနေတာ။ မတော်တဆ ထိမှန်သွားရင် မကြုံစဖူး အောင်မြင်မှုတွေ မရလိုက်ဘဲ အသက်အရင် ပေးလိုက်ရမှာ။ ဘာလို့များ ဒီလိုလုပ်ရမှာလဲ"

ဒါဆိုရင် ပျံသန်းနေတဲ့ မြှားထိမှန်သွားတဲ့လူက တကယ်တမ်း ဘယ်သူလဲ။

လီဟောက်၏ အကြည့်က စူးဖေး၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။

...

All Chapters