← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အပိုင်း (၃၀၄) လျှို့ဝှက်ချက် (၁)

စူးဖေးသည် မိမိ၏အခြေအနေကို ဖွင့်ချမိနေမှန်း မသိဘဲ တိုးတိုးလေး ဆက်ပြီး ရေရွတ်နေမိသည်။ "မင်း စစ်မြေပြင်ရောက်ရင် သတိအထူးထားရမယ်။ အကျိုးဆောင်မှုယူဖို့က ဒုတိယထား၊ အသက်ရှင်ပြီး ပြန်လာနိုင်တာက အရေးကြီးဆုံးပဲ"

"စစ်မြေပြင်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်။ တစ်ချို့လူတွေက ကံမကောင်းဘူး။ ကောင်းကင်ဘုံက အချိန်မတန်ခင် ခေါ်ဆောင်သွားနိုင်တယ်။ အသက်ရှင်ကျန်ရစ်သူကသာ နောက်ဆုံးမှာ ပြုံးနိုင်မှာ"

"သေသွားတာက သာ့ကောလား အာ့ကောလား"

လီဟောက်က ရုတ်တရက် ထမေးလိုက်သည်။

စူးဖေးက အလွယ်တကူပင် ပြန်ဖြေလိုက်လေသည်။ "အဲဒီ့ အသက်တိုတဲ့ကောင် နှစ်ကောင်လုံး သေသွားတာ"

လီဟောက် "..."

စူးဖေး "..."

သားအမိနှစ်ယောက် မျက်လုံးချင်းဆုံသွားကြသည်။

လီဟောက်၏ မျက်ဝန်းနက်များက ရေကန်နက်ကြီးပမာ နက်ရှိုင်းနေတော့သည်။

စူးဖေးက မိမိ၏လျှာကို ဖြတ်ပစ်ချင်စိတ် ပေါက်သွားပြီး ထစ်အထစ်အဖြင့် ပြန်ပြောလိုက်လေသည်။ "ငါက ဒီအတိုင်း လျှောက်ပြောလိုက်တာပါ။ မင်း အတည်မယူပါနဲ့။ ငါ့ဆိုလိုရင်းက သူတို့နှစ်ယောက်လုံး စစ်မြေပြင်မှာ သေသွားရင် ကောင်းမယ်လို့ ပြောချင်တာပါ။ ဒါဆိုရင် မင်းက အကြီးဆုံးမင်းသား ဖြစ်သွားပြီလေ။ အားစိုက်ထုတ်စရာမလိုဘဲ မင်း ထိုက်ဇီ ဖြစ်သွားမှာပေါ့"

လီဟောက်က မျက်နှာပျက်နေသည့် စူးဖေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။

စူးဖေးက အသည်းအသန် ဆင်ခြေပေးနေရတော့သည်။ "အားဟောက် ငါ တကယ် ဘာမှမသိပါဘူး။ ဒါတွေအားလုံးက ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေပါ။ မင်း နားထောင်ပြီးရင် မေ့ပစ်လိုက်ပါ"

လီဟောက်က နောက်ဆုံးတော့ ပါးစပ်ဟလိုက်လေသည်။ "ဒီစစ်ပွဲမှာ သာ့ဝေက အင်အားအကုန်သုံးပြီး တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ ယန်နဲ့ချူကို အနိုင်ယူပြီး တိုင်းပြည်ကို စုစည်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သာ့ဝေကလည်း ကြီးမားတဲ့ ပေးဆပ်မှုတွေ ပေးလိုက်ရတယ်။ ဖုဟွမ်က ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ သာ့ကောနဲ့ အာ့ကောလဲ စစ်မြေပြင်မှာ သေဆုံးခဲ့တယ်။ ကျွန်တော်က ကံကောင်းလို့ အသက်ရှင်လျက် ပြန်ရောက်လာခဲ့တယ်။ ဖုဟွမ်က ဒဏ်ရာပြင်းထန်လို့ မကြာခင် နတ်ရွာစံတော့မယ်။ ကျွန်တော့်ကို ထိုက်ဇီအဖြစ် ခန့်အပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်က ဧကရာဇ်ဖြစ်လာပြီး မူဖေးက မယ်တော်ကြီး ဖြစ်လာတယ်"

စူးဖေး "..."

"ဒါတွေအားလုံးက တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေပဲ။ မူဖေးက တစ်ချိန်လုံး မပြောရဲခဲ့ဘူး။ လုမင်ယွိနဲ့ ရန်ငြိုးရန်စ ရှိတယ်ဆိုတာကို ဝန်မခံရဲခဲ့ဘူး"

တောက်ပနေသည့် ဖယောင်းတိုင်မီးရောင်အောက်တွင် လီဟောက်၏ ချောမောသော မျက်နှာသည် အလင်းရောင်များ ဖုံးလွှမ်းနေသယောင် ဝါးတားတား ဖြစ်နေသော်ငြား အသံကတော့ အထူးကြည်လင် ပြတ်သားနေတော့သည်။

"ပြန်စဉ်းစားကြည့်လိုက်ရင် ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ်"

"လုမင်ယွိက အစက တတိယမင်းသားကြင်ရာတော်။ ကျွန်တော့်ရဲ့ ဇနီးသည် ဖြစ်ခဲ့သင့်တာ။ ဟုတ်တယ် မဟုတ်လား"

စူးဖေး၏ နှုတ်ခမ်းများ လှုပ်ခတ်သွားသော်ငြား စကားတစ်လုံးမှ ထွက်မလာပေ။ သူမ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။ နှလုံးသားက ရင်ခေါင်းထဲမှ ခုန်ထွက်မတတ် ဖြစ်နေတော့သည်။

လီဟောက်၏ အကြည့်သည် ဓားသွားကဲ့သို့ စူးရှနေပြီး စူးဖေး၏ မျက်ဝန်းထဲသို့ တိုးဝင်သွားတော့သည်။

"မူဖေး။ မူဖေးမှာ လျှို့ဝှက်ချက်တွေ ဒီလောက်များနေတာတောင် ဘာလို့ ကျွန်တော့်ကို ဖုံးကွယ်ထားရတာလဲ။ မူဖေး လုမင်ယွိအပေါ် မကောင်းတာတစ်ခုခု လုပ်ခဲ့မိလို့ ကျွန်တော့်ကို ပြောပြဖို့ မျက်နှာမရှိတာလား"

စူးဖေးသည် သားဖြစ်သူ၏ စူးရှသော အကြည့်အောက်တွင် နောက်သို့ ခြေလှမ်းများ ဆုတ်လိုက်မိပြီး စားပွဲနှင့် တိုက်မိသွားတော့သည်။

သို့သော် သူမ နာကျင်ကြောင်း အော်ဟစ်ရန် သတ္တိမရှိပေ။ သားဖြစ်သူနှင့် အကြည့်ချင်းဆုံရန် သတ္တိမရှိသဖြင့် အကြည့်လွှဲလိုက်ပြီး တုန်ယင်စွာဖြင့် ငြင်းဆန်လိုက်လေသည်။

"အားဟောက် မင်း စိတ်ကယောင်ကတမ်း ဖြစ်နေပြီ။ ဘာမှ မဖြစ်ခဲ့ဘူး။ မင်း ဆက်မပြောနဲ့တော့"

လီဟောက်က ဘာမှဆက်မပြောဘဲ စူးဖေးကို စိုက်ကြည့်နေလိုက်သည်။

စူးဖေး၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ခြေထောက်များ ပျော့ခွေလာတော့သည်။ စားပွဲကိုသာ မှီမထားပါက ကြမ်းပြင်ပေါ်သို့ လဲကျသွားလောက်သည်။

အတော်ကြာမှ စူးဖေးက စကားအနည်းငယ် ပြောထွက်လာတော့သည်။ "ကောင်းပြီ။ ငါ မင်းကို အကုန်ပြောပြမယ်"

လီဟောက်၏ မျက်နှာထား ပြောင်းလဲသွားခြင်း မရှိသော်ငြား နှလုံးခုန်သံများ မြန်ဆန်လာပြီး လက်ဖဝါးတွင် ချွေးစေးများ ထွက်လာတော့သည်။

အမှောင်ထုထဲတွင် ဖုံးကွယ်ထားသော ဒီလျှို့ဝှက်ချက်၊ သူ တစ်နှစ်ကျော်ကြာ တိတ်တဆိတ် တွေးတောနေခဲ့သော ဒီလျှို့ဝှက်ချက်သည် နောက်ဆုံးတော့ ကုလားကာကိုဖွင့်ပြီး သူ့ရှေ့မှောက်သို့ ရောက်ရှိလာတော့မည်။

...

စူးဖေးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံတုန်တုန်ဖြင့် ပြောလိုက်လေသည်။ "မင်း ထင်တာ မှန်ပါတယ်။ ဒါတွေအားလုံးက တကယ်ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပါ။ ငါက ပြန်လည်ဝင်စားလာသူ တစ်ယောက်ပါ။ လုမင်ယွိလည်း အတူတူပဲ"

"အရင်ဘဝတုန်းက မင်း လက်ထပ်ခဲ့တာ တကယ်ပဲ လုမင်ယွိပါ"

လီဟောက်၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး နှလုံးခုန်သံများ ပြင်းထန်လာသော်ငြား အသံကတော့ ထူးခြားစွာ တည်ငြိမ်နေတော့သည်။

"ပြီးတော့ရော"

ရှောင်ယွိက အစက သူ့ရဲ့ဇနီးသည်ပဲ။

ပြန်လည်ဝင်စားလာပြီးတဲ့နောက် သူမက သူ့ကို လက်မထပ်ချင်တော့ဘဲ သားရဲတိရစ္ဆာန်လို သဘောထားပြီး ရေခဲတမျှ အေးစက်စွာ ဆက်ဆံခဲ့တယ်။

ဒီကြားထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ။

ပြောဖို့ခက်ခဲဆုံး စကားကို ပြောပြီးပြီဖြစ်သဖြင့် ရေကာတာကျိုးသကဲ့သို့ စကားလုံးများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

စူးဖေး၏ မျက်နှာသည် ပိုပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး အသံများ တုန်ယင်လာတော့သည်။

"ဒီစစ်ပွဲမှာ မင်းရဲ့ ဖုဟွမ်က ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ပထမမင်းသားနဲ့ ဒုတိယမင်းသားက အသက်တိုတဲ့ ကောင်တွေမလို့ စစ်မြေပြင်မှာ သေဆုံးခဲ့တယ်။ ထိုက်ဇီဖြစ်ဖို့ အလှည့်က မင်းဆီ ရောက်လာတာပေါ့"

"ဒီထီးနန်းက တရားဝင် ရရှိခဲ့တာပါ။ ငါတို့ သားအမိ ဘယ်သူ့အပေါ်မှ အမှားမလုပ်ခဲ့ဘူး"

"လုမင်ယွိက မကြာခင် ကိုယ်ဝန်ရှိလာပြီး သားလေးတစ်ယောက် မွေးဖွားခဲ့တယ်။ မကြာခင်မှာပဲ မင်းရဲ့ ဖုဟွမ် နတ်ရွာစံသွားပြီး မင်းက ဧကရာဇ် ဖြစ်လာတယ်။ လုမင်ယွိက မိဖုရားခေါင် ဖြစ်လာတယ်။ ငါလည်း မယ်တော်ကြီး ဖြစ်လာတာပေါ့"

"အားလုံး အဆင်ပြေနေတာပါ။ လုမင်ယွိကသာ သဘောထားသေးသိမ်ပြီး လောဘကြီးလွန်းတာ။ မင်းတစ်ယောက်တည်းကို ပိုင်ဆိုင်ချင်နေတယ်။ မင်းက ဧကရာဇ်တစ်ပါး ဖြစ်လာမှတော့ ကိုယ်လုပ်တော် တစ်ယောက်နှစ်ယောက် ထားတာ ဘာဖြစ်လို့လဲ။ သူကတော့ မင်းနဲ့ ရန်သူလို ဖြစ်သွားပြီး မင်းကို သူ့အိပ်ဆောင်ထဲ ပေးမဝင်တော့ဘူး"

စူးဖေး၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်လာပြီး ခန္ဓာကိုယ် တုန်ယင်မှု ပျောက်သွားကာ ခါးကို မတ်လိုက်လေသည်။ အသံကလည်း မတုန်တော့ဘဲ ဒေါသသံများ ပါဝင်လာတော့သည်။

"သူက မိဖုရားခေါင် ဖြစ်နေပြီပဲ။ ဘာကို မကျေနပ်နိုင်ရတာလဲ။ အနောက်နန်းဆောင်မှာ တစ်ဦးတည်း အချစ်ခံရဖို့ မျှော်လင့်နေသေးတာ ရယ်စရာကောင်းလိုက်တာ"

"ငါက စိတ်မရှည်လို့ သူ့ကို နည်းနည်း ဆူလိုက်တာနဲ့ သူက ငါ့ကို ပြန်ရန်တွေ့တယ်။ ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမကို မရိုမသေ လုပ်တာ တကယ်ကို မုန်းစရာကောင်းတယ်။ သူက သူ့နောက်မှာ လုမိသားစု ရှိနေတာကို အားကိုးပြီး ငါ့လို ယောက္ခမကို မျက်လုံးထဲ ထည့်တာ မဟုတ်ဘူး"

စူးဖေးသည် ပြောရင်းနှင့် ပိုပြီး အရှိန်ရလာကာ မူလက မပြောချင်သော စကားများကိုပါ ထုတ်ဖော် ပြောကြားလိုက်လေသည်။

"မင်းက စစ်မြေပြင်မှာ ဒဏ်ရာရခဲ့လို့ သက်တမ်းက အများကြီး ထိခိုက်သွားတယ်။ ထီးနန်းကို ၂နှစ်လောက် စိုးစံပြီးတာနဲ့ နတ်ရွာစံသွားခဲ့တယ်"

"အဲဒီအချိန်တုန်းက ယန့်အာက ၂နှစ်ပဲ ရှိသေးတယ်။ စကားတောင် ပီပီသသ မပြောတတ်သေးဘူး။ ဘယ်လိုလုပ် ထီးနန်းကို စိုးစံနိုင်မှာလဲ။ တကယ်လို့ ငယ်ရွယ်တဲ့ ထိုက်ဇီကို နန်းတင်လိုက်မယ်ဆိုရင် လုမင်ယွိလို ရည်မှန်းချက်ကြီးတဲ့ မိန်းမက အနောက်နန်းဆောင်မှာ ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး။ နိုင်ငံရေးလောကထဲ ဝင်ရောက်စွက်ဖက်မှာ သေချာတယ်"

"သာ့ဝေမင်းဆက်က လုမင်းဆက်အဖြစ် ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ဒီလိုကိစ္စ မဖြစ်အောင် ငါ တားဆီးရမယ်"

"ငါက မင်းကို ပြောလိုက်တယ်။ ထီးနန်းကို အားချန်ဆီ ခဏလွှဲပေးလိုက်ပါလို့။ ယန့်အာ အရွယ်ရောက်လာရင် အားချန်က တူတော်မောင်ဆီ ထီးနန်းပြန်အပ်ပါလိမ့်မယ်လို့။ မင်းက သေတမ်းစာ ရေးပေးခဲ့ပြီး မျက်လုံးမှိတ်သွားခဲ့တယ်"

"လုမင်ယွိက ဒါကို အငြိုးထားပြီး ငါနဲ့ အားချန်ကို ရန်ငြိုးဖွဲ့တော့တာပဲ။ လုမိသားစုကလည်း ညီလာခံမှာ အားချန်ကို နေရာတိုင်း တိုက်ခိုက်နေတယ်"

"လုမင်ယွိကို မရှင်းထုတ်ပစ်ရင် လုမိသားစုက ငြိမ်နေမှာ မဟုတ်ဘူး"

နောက်ဆုံး စကားတစ်ခွန်းတွင်တော့ အမုန်းတရားများ ပြည့်နှက်နေတော့သည်။

စူးဖေးသည် မှန်မကြည့်မိသဖြင့် သူမ၏ ရုပ်သွင် မည်မျှ အရုပ်ဆိုး အကျည်းတန်နေသည်ကို မသိလိုက်ပေ။

လီဟောက်သည် ရေခဲရေတစ်ပုံး ခေါင်းပေါ် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

သူ၏ အသံသည်လည်း အဝေးတစ်နေရာမှ လာသကဲ့သို့ ထူထဲသော အတားအဆီးတစ်ခုကို ဖြတ်ကျော်လာရသဖြင့် မပီမသ ကြားနေရသည်။

"မူဖေး သူ့ကို သတ်လိုက်တာလား"

စူးဖေး၏ မျက်လုံးများထဲတွင် ရက်စက်မှုများ လက်ခနဲ ဖြစ်သွားပြီး မျက်နှာပေါ်က အမူအရာသည်လည်း ထူးဆန်းနေတော့သည်။ ကျေနပ်နေသလိုလို ကြောက်ရွံ့နေသလိုလိုပင်။

"ဟုတ်တယ်။ ငါ လူလွှတ်ပြီး မုန့်ထဲမှာ အဆိပ်ခတ်ခိုင်းလိုက်တယ်။ ယန့်အာကို သွားပို့ခိုင်းလိုက်တာ။ သူက တခြားသူကို မယုံပေမဲ့ ကိုယ့်သားရင်းကိုတော့ သတိမထားမိဘူးလေ။ မုန့်ကို စားလိုက်ပြီး နာတာရှည်အဆိပ် မိသွားတာ"

"သူ အိပ်ရာပေါ်မှာ လဝက်လောက် လဲနေပြီး နာကျင်စွာ သေဆုံးသွားခဲ့တယ်"

"ငါက သူ့ကို နောက်ဆုံးခရီး လိုက်ပို့ပေးချင်လို့ သွားတွေ့တာ။ ဘယ်သူထင်မှာလဲ။ သူက မသေခင်မှာတောင် စိတ်ကောင်းမရှိဘူး။ စောင်အောက်မှာ ဓားမြှောင်တစ်ချောင်း ဝှက်ထားတယ်။ ငါ ခေါင်းငုံ့လိုက်တဲ့အချိန်မှာ သူက ဓားနဲ့ ငါ့ရင်ဘတ်ကို ထိုးလိုက်တာ"

"အားဟောက် သူက ငါ့ကို သတ်လိုက်တာ"

စူးဖေးက လီဟောက်ကို ရုတ်တရက် ပွေ့ဖက်လိုက်ပြီး ငိုကြွေးလေတော့သည်။

"အားဟောက် မင်း အမေအတွက် လက်စားချေပေးရမယ်နော်"

...

အပိုင်း (၃၀၅) လျှို့ဝှက်ချက် (၂)

အဘွားတစ်ယောက်ဖြစ်ပါလျက် ငယ်ရွယ်နုနယ်သေးသည့် မြေးအရင်းကို အသုံးချပြီး ချွေးမကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည်တဲ့လား။

လောကကြီးမှာ ဒီထက်ရယ်စရာကောင်းတဲ့ကိစ္စ ဘယ်မှာရှိအုံးမှာလဲ။

သူ့အမေက ဘယ်လိုမျက်နှာမျိုးနဲ့များ သူ့ကို လက်စားချေပေးဖို့ ပြောနေရတာလဲ။

ယန့်အာက သူ့ရဲ့မြေးအရင်းဆိုတာကို သူ စဉ်းစားခဲ့ဖူးရဲ့လား။ ယန့်အာက ဒီလောကကြီးထဲမှာ သူချန်ထားခဲ့တဲ့ တစ်ခုတည်းသော သွေးသားရင်းဆိုတာကိုရော တွေးခဲ့ဖူးရဲ့လား။ ငယ်ရွယ်တဲ့ ထိုက်ဇီကို အမေသတ်တဲ့ လူသတ်သမားဆိုတဲ့ နာမည်ဆိုးကြီး ပေးလိုက်ရက်တယ်ပေါ့လေ။

လီဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး လက်နှစ်ဖက်ကလည်း သူ့အလိုအတိုင်း မလိုက်နာတော့ဘဲ ခက်ခဲစွာ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်မိတော့သည်။

"မူဖေးက ရှောင်ယွိကို အရင်သတ်ခဲ့တာပဲ"

စူးဖေး၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် တုန်ယင်သွားပြီး မျက်ဝန်းအိမ်များ နီရဲလာတော့သည်။

"ငါသာ သူ့ကိုမသတ်ရင် ယန့်အာကြီးလာပြီး ထီးနန်းဆက်ခံတဲ့အခါ သူက ငါနဲ့အားချန်ကို သတ်မှာ သေချာတယ်။ ထီးနန်းကို ကာကွယ်ဖို့အတွက် ငါ သူ့ကို သတ်ရမှာပဲ"

လီဟောက်က လက်ဆန့်ကာ စူးဖေးကို တွန်းထုတ်လိုက်လေသည်။

တွန်းလိုက်သည့်အားက ပြင်းထန်လွန်းသဖြင့် စူးဖေး ထင်မှတ်မထားဘဲ ယိုင်လဲသွားကာ စားပွဲနှင့် နောက်တစ်ကြိမ် ဝင်တိုက်မိသွားပြန်သည်။

စူးဖေးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒေါသထွက်နေသည့် လီဟောက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"အားဟောက် မင်း ..."

"အဲဒါ ကျွန်တော့်ရဲ့ သားမယားတွေလေ" လီဟောက်၏ မျက်လုံးများ နီရဲလာပြီး ထောင်ချောက်ထဲမိနေသည့် သားရဲတစ်ကောင်ပမာ ဖြစ်လာတော့သည်။

"မူဖေး ဘယ်လိုလုပ် ကျွန်တော့်သားကို အသုံးချပြီး ကျွန်တော့်မိန်းမကို သတ်ရဲရတာလဲ"

လူသတ်ချင်နေသည့် လီဟောက်၏ အကြည့်အောက်တွင် စူးဖေးသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မျက်ရည်များ ထပ်မံစီးကျလာတော့သည်။

"ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ သူက အာဏာရလာပြီး ငါနဲ့အားချန်ကို သတ်မှာကို ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူးလေ"

လီဟောက်၏ အသိစိတ်များ အနည်းငယ် ပြန်လည်ဝင်ရောက်လာပြီး စူးဖေး၏ စကားထဲက အမှားကို ဖမ်းမိလိုက်လေသည်။

"အားချန်က ဘာလုပ်ခဲ့လို့ ရှောင်ယွိက သူ့ကို သတ်ချင်ရတာလဲ။ အားချန်က သူ့ရဲ့မရီးကို မရိုမသေလုပ်ခဲ့တာလား။ ဒါမှမဟုတ် လုမိသားစုကို ဒုက္ခပေးခဲ့တာလား"

စူးဖေး၏ ငိုသံရပ်တန့်သွားပြီး မျက်လုံးများက ဟိုဒီဝေ့ဝဲနေတော့သည်။ "အားချန်က ရိုးသားတဲ့ကောင်လေးပါ။ သူက ဘယ်လိုလုပ် မရီးကို မရိုမသေလုပ်ရဲမှာလဲ။ လုမိသားစုက ညီလာခံမှာ အာဏာပြင်းထန်လွန်းတော့ အားချန်က သူတို့ရဲ့ အာဏာကို လျှော့ချလိုက်တာကြောင့် လုမင်ယွိက အားချန်ကို အငြိုးထားတာပါ"

မဟုတ်ဘူး။

လီချန်က လုမင်ယွိကို ဒေါသထွက်စေမယ့် ကိစ္စတစ်ခုခု လုပ်ခဲ့မှာ သေချာတယ်။

မဟုတ်ရင် လုမင်ယွိရဲ့ စိတ်နေစိတ်ထားနဲ့ဆို လီချန်အပေါ် ဒီလောက်ထိ မုန်းတီးနေစရာ အကြောင်းမရှိဘူး။

လီဟောက်က စူးဖေးကို စိုက်ကြည့်ကာ အသံအက်အက်ဖြင့် မေးလိုက်လေသည်။ "မူဖေး အားချန်က ဘာလုပ်ခဲ့တာလဲ"

စူးဖေး၏ ခန္ဓာကိုယ်က ပိုပြီး တုန်ယင်လာကာ မျက်ရည်များ အဆက်မပြတ် စီးကျလာပြီး ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"အားဟောက် မင်းက မင်းရဲ့ အမေအရင်းနဲ့ ညီအရင်းကိုတောင် မယုံတော့ဘူးလား။ အားချန်က မင်းရဲ့ ခုတင်ဘေးမှာ မင်းကို ကတိပေးခဲ့ဖူးတယ်။ မရီးနဲ့တူလေးကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့လေ။ သူက ဘယ်လိုလုပ် မရီးအပေါ် မရိုမသေ လုပ်ရဲမှာလဲ"

"အရာအားလုံးက လုမင်ယွိရဲ့အမှားတွေချည်းပဲ။ သူက အားချန် ထီးနန်းရသွားတာကို မကျေနပ်ဘဲ ငါတို့သားအမိကို ရန်သူလို သဘောထားခဲ့တာ။ သူက မိဖုရားခေါင် ဖြစ်ခဲ့ဖူးတော့ အရည်အချင်းရှိပြီး ရက်စက်တတ်တယ်။ နန်းတော်ထဲက လူတိုင်း သူ့ကို ကြောက်ကြတယ်။ ငါလည်း မတတ်သာလို့ အားချန်ကို ကာကွယ်ဖို့ သူ့ကို သတ်လိုက်ရတာပါ"

လီဟောက် ဘယ်လောက်ပဲ မေးမေး စူးဖေးကတော့ ဒီစကားတွေကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့သည်။

လီဟောက်သည် မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။

နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်သည့်အခါ လီဟောက်၏ မျက်နှာထားက အနည်းငယ် တည်ငြိမ်သွားသော်ငြား အသံကတော့ အက်ကွဲနေဆဲပင်။

"မူဖေး မပြောချင်ရင်လည်း ကျွန်တော် ဆက်မမေးတော့ပါဘူး"

"နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးမယ်။ မူဖေး ဘာလို့ ကျွန်တော့်ကို ရှောင်ယွိနဲ့ လက်ထပ်ဖို့ သဘောမတူတာလဲ"

စူးဖေးက အင်္ကျီလက်ဖြင့် မျက်ရည်သုတ်လိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။ "လောကကြီးမှာ ယောက္ခမကို သတ်တဲ့ချွေးမဆိုတာ ဘယ်မှာရှိလို့လဲ။ ဒီလိုချွေးမမျိုးကို ငါ လက်မခံနိုင်ဘူး"

လီဟောက်က ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်လေသည်။ "ရှောင်ယွိကရော ဘာလို့ ကျွန်တော်နဲ့ ထပ်ပြီး လက်မထပ်ချင်ရတာလဲ"

စူးဖေးက နှာခေါင်းရှုံ့လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။ "သူကလည်း ပြန်လည်ဝင်စားလာသူပဲလေ။ အရင်ဘဝက အငြိုးတွေကို ငါ့ထက်တောင် ပိုပြီးမှတ်မိနေသေးတယ်။ ငါက အလျှော့ပေးလိုက်တာတောင် သူက နည်းနည်းလေးမှ လက်မခံဘဲ မင်းနဲ့လက်ထပ်ဖို့ ငြင်းဆန်နေတာ ငါ ဘာတတ်နိုင်မှာလဲ"

ဒါဆိုရင် သူ မသိလိုက်ခင်မှာ လုမင်ယွိနဲ့ စူးဖေးတို့က အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြပြီးပြီပေါ့။

လီဟောက်၏ ဦးနှောက်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည့် လုမင်ယွိ၏ မျက်ဝန်းနက်များ၊ ရေခဲတမျှ အေးစက်နေသည့် သူမ၏ လှပသော မျက်နှာလေးနှင့် လှောင်ပြောင်သရော်နေသည့် သူမ၏ နှုတ်ခမ်းထောင့်များက တဖျပ်ဖျပ် လက်သွားတော့သည်။

နောက်ဆုံးတွင် လီကျင့်နှင့်အတူ ကလေးနှစ်ယောက်ကို ပွေ့ဖက်ကာ ပြုံးရယ်နေသည့် ပုံရိပ်လေးက ဦးနှောက်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့တော့သည်။

သွေးညှီနံ့တစ်ခုက လည်ချောင်းဝသို့ ဆန်တက်လာတော့သည်။

သူက ခေါင်းကို လှည့်လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်လေသည်။

ထိုသွေးစက်များသည် ကြမ်းပြင်ပေါ်သို့ ကျရောက်သွားပြီး သွေးပန်းပွင့်လေး တစ်ပွင့်ပွင့်လာသကဲ့သို့ ကြည့်ရဆိုးလှသည်။

စူးဖေးသည် လန့်ဖျပ်သွားပြီး ပြေးလာကာ သူ့လက်မောင်းကို ဆွဲကိုင်လိုက်လေသည်။

"အားဟောက် မင်း ဘာလို့ သွေးအန်တာလဲ။ လန့်လိုက်တာ။ အခုပဲ သမားတော် သွားခေါ်ခိုင်းလိုက်မယ်"

လီဟောက်က စူးဖေး၏လက်ကို ပြန်ဆွဲထားလိုက်ပြီး မော့ကြည့်လိုက်လေသည်။ "မလိုတော့ဘူး"

စူးဖေးသည် ဘဝနှစ်ခုပေါင်းသော်လည်း သားဖြစ်သူ၏ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုးကို တစ်ခါမှ မမြင်ဖူးချေ။ နှလုံးခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

"အားဟောက် မင်း... မင်း စိတ်လျှော့ပါအုံး"

လီဟောက်၏ မျက်လုံးများ နီရဲနေသော်ငြား လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်လေသည်။

စူးဖေးသည် သက်ပြင်းချလိုက်ပြီး နောက်သို့ဆုတ်ကာ ကျောကုန်းနှင့် စားပွဲ ထိကပ်သွားမှသာ စိတ်လုံခြုံမှုကို ခံစားလိုက်ရတော့သည်။

...

အခန်းထဲတွင် နောက်တစ်ကြိမ် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

စူးဖေး၏ နှလုံးခုန်သံများ မြန်လိုက်နှေးလိုက် ဖြစ်နေပြီး လေထုတစ်ခုလုံး ရပ်တန့်နေသလို ခံစားရကာ အလွန်အမင်း မွန်းကြပ်လာတော့သည်။ အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူမ မလှုပ်ရဲသလို စကားလည်း ထပ်မပြောရဲတော့ပေ။

အချိန်အတော်ကြာမှ လီဟောက်က ပါးစပ်ဟလာလေသည်။

"ဒါ အကုန်ပဲလား"

စူးဖေးက အားတင်းကာ ပြန်ဖြေလိုက်လေသည်။ "ငါ သိသလောက် အကုန်ပြောပြပြီးပြီ။ အားဟောက် ဒါတွေအားလုံးက အတိတ်က ကိစ္စတွေပါ။ အခု ပြန်ပြောနေလဲ ဘာမှအဓိပ္ပာယ် မရှိတော့ပါဘူး"

"ဒီတစ်ခေါက် စစ်ထွက်ရင် မင်း ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ အောင်မြင်မှု မရရင်နေပါစေ။ စစ်မြေပြင်မှာ ဒဏ်ရာမရဖို့က အရေးကြီးတယ်။ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင် ကျေနပ်ပါပြီ"

လီဟောက်က စူးဖေးကို ကြည့်ကာ နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။

"မူဖေး ကျွန်တော့်ကို ဖုံးကွယ်ထားတာတွေ ရှိသေးလား"

"မရှိပါဘူး" စူးဖေးက စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်လေသည်။ "တကယ်ပဲ အကုန်ပြောပြပြီးပါပြီ"

လီဟောက်က တိတ်ဆိတ်ငြိမ်သက်နေလိုက်သည်။

စူးဖေးက စိတ်ကို တည်ငြိမ်အောင်ထားပြီး အသံကို ပျော့ပျောင်းအောင် ပြုလုပ်ကာ ပြောလိုက်လေသည်။

"အားဟောက် ငါက မင်းရဲ့အမေအရင်းပါ။ အားချန်က မင်းရဲ့ညီအရင်းပါ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ငါတို့သားအမိ သုံးယောက်က ဒီလောကမှာ အရင်းနှီးဆုံး လူတွေပါပဲ"

"လုမင်ယွိက မင်းနဲ့ လက်မထပ်ချင်ဘူးဆိုရင်လည်း တခြားဂုဏ်ရည်တူ မိန်းကလေးကို လက်ထပ်လိုက်တာပဲ အတူတူပါပဲ။ အမေအရင်းဆိုတာ တစ်ယောက်ပဲရှိတယ်။ ညီအရင်းဆိုတာ တစ်ယောက်ပဲရှိတယ်။ မိန်းမဆိုတာကတော့ ဘယ်သူ့ကိုယူယူ ရတာပဲလေ"

"ဒီနေ့ ငါပြောခဲ့တဲ့ စကားတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့။ နောက်ဆိုရင်လည်း ပြန်မပြောပါနဲ့တော့။ ဘာမှမကြားခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"

"အခု အရေးကြီးဆုံးက နောက်နှစ် ဒုတိယလ စစ်ထွက်မဲ့ကိစ္စပဲ။ မင်း မှတ်ထားနော်။ ကွမ်းပင်းနယ်စားနဲ့ အတူတူနေ။ မင်းယောက္ခမကို ဂရုစိုက်ပေးဖို့ ပြောထား"

"ကွမ်းပင်းနယ်စားရဲ့ စစ်တိုက်တဲ့ အရည်အချင်းက ရှင်းယန်ဝမ်ထက် မလျော့နည်းပါဘူး။ ရှင်းယန်ဝမ်က နောက်ပိုင်း ယန်တိုင်းပြည်ကို တိုက်ခိုက်ရင်း ယန်စစ်သူကြီး လက်ချက်နဲ့ သေဆုံးခဲ့တာ။ ကွမ်းပင်းနယ်စားကတော့ ဘေးကင်းကင်းနဲ့ နေပြည်တော် ပြန်ရောက်လာနိုင်ခဲ့တယ်။ မင်း သူ့အနားမှာ ကပ်နေပြီး အောင်မြင်မှု အနည်းအကျဉ်းလောက် ယူထားလိုက်။ ဘေးကင်းဖို့က အဓိကပဲ"

စကားလုံးပေါင်း များစွာ ပြောဆိုလိုက်သော်လည်း လီဟောက် ဘယ်နှလုံးလောက် နားထောင်လိုက်သလဲ ဆိုတာ မသိရပေ။

လီဟောက်က လှုပ်ရှားခြင်းမရှိဘဲ ချောမောသော မျက်နှာပေါ်တွင် ခံစားချက် ကင်းမဲ့နေတော့သည်။

စူးဖေးသည် ထိုမြင်ကွင်းကိုကြည့်ကာ ရင်ထဲတွင် အေးခဲသွားတော့သည်။ သူမက အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်ပြီး အသံကို ပိုပြီးချိုသာအောင် ပြုလုပ်ကာ ပြောလိုက်လေသည်။

"မိုးချုပ်နေပြီ။ မင်း စောစောပြန်နားတော့လေ"

လီဟောက်က ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားတော့သည်။

စူးဖေးသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဘာကြောင့်မှန်းမသိ လိုက်သွားပြီး စကားပြောရန် သတ္တိမရှိတော့ပေ။ လီဟောက် တံခါးဖွင့်ပြီး ထွက်သွားမှသာ သူမ ကြမ်းပြင်ပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။

တစ်ကိုယ်လုံး ချွေးစေးများ ပြန်နေပြီး နှလုံးခုန်သံများ မြန်ဆန်နေတော့သည်။

ကံကောင်းထောက်မစွာ သူမသည် အရေးကြီးဆုံး လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားနိုင်ခဲ့သည်။ အကယ်၍ လီဟောက်သာ လီချန် လုမင်ယွိအပေါ် ဘာလုပ်ခဲ့သလဲဆိုတာ သိသွားရင် ညီအစ်ကိုနှစ်ယောက် လုံးဝ ကွဲကွာသွားမှာ အသေအချာပင်။

...

အပိုင်း (၃၀၆) လျှို့ဝှက်ချက် (၃)

ပြင်းထန်လှသည့် ဆောင်းရာသီကာလတွင် လေတိုက်ခတ်မှုသည် အရိုးခိုက်အောင် အေးစက်လှလေသည်။

လီဟောက်သည် ယိဟွားနန်းဆောင်မှ ထွက်လာပြီးနောက် ခြေလှမ်းများကို ရပ်တန်လိုက်ပြီး အိမ်ရှေ့စံနန်းဆောင်ရှိရာဘက်သို့ မော့ကြည့်လိုက်လေ၏။

အေးစက်လှသည့် လေပြင်းတစ်ချက်က မျက်နှာကို လာရောက်ရိုက်ခတ်သွားပြီး သူ့မျက်နှာကို တစစ်တစ် နာကျင်ရစေသည်။ ရင်ဘတ်ထဲက ဆူပွက်နေသည့် သွေးများကလဲ လည်ချောင်းဝအထိ ဆန်တက်လာပြန်၏။

လီဟောက်သည် မိမိကိုယ်ကိုမိမိ အားတင်းထားကာ ဆက်လက် လျှောက်လှမ်းလိုက်ပြီး နန်းတော်တံခါးဝသို့ ရောက်သည်နှင့် မြင်းပေါ်သို့ ခုန်တက်လိုက်လေသည်။

သူက မြင်းဗိုက်ကို ခြေထောက်နှင့် အားကုန်ကန်လိုက်ရာ မြင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ဒုန်းစိုင်းပြေးထွက်သွားတော့သည်။ မင်းသား၏ ကိုယ်ရံတော်တပ်များ အားလုံးကလဲ လန့်ဖြန့်သွားကြပြီး အလျင်အမြန်ပင် မြင်းပေါ်တက်ကာ နောက်မှ လိုက်ပါသွားကြတော့သည်။

လီဟောက်သည် အစွမ်းကုန် ဒုန်းစိုင်းနှင်နေသဖြင့် ကိုယ်ရံတော်တပ်သားများ လိုက်မမှီနိုင်တော့ချေ။ အဝေးကနေသာ လှမ်းမျှော်ကြည့်ရင်း လိုက်ပါသွားတော့သည်။

တတိယမင်းသားအိမ်တော်သည် နန်းတော်နှင့် သိပ်မဝေးလှသဖြင့် မကြာခင်မှာပင် အိမ်တော်သို့ ရောက်ရှိလာခဲ့လေသည်။

လီဟောက်သည် မြင်းပေါ်က ခုန်ဆင်းလိုက်ပြီး အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကာ စာကြည့်ခန်းထဲသို့ ဝင်ပုန်းနေလိုက်၏။

အိမ်တော်ထဲတွင် တညလုံး စောင့်ဆိုင်းနေခဲ့ရသည့် မုန့်ယွင်လော်သည် လီဟောက် ပြန်ရောက်လာပြီးသည့်နှင့် စာကြည့်ခန်းထဲသို့ ဝင်သွားသည်ဟု ကြားလိုက်ရသဖြင့် စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားတော့သည်။

သူမသည် ကိုယ်ဝန်ဆောင်ထားရသဖြင့် အော့အန်ခြင်းကိုလည်း ပြင်းပြင်းထန်ထန် ခံစားနေရ၏။ တစ်ကိုယ်လုံး ပိန်ကျသွားခဲ့သည်။ လီဟောက်သည် ပုံမှန်ဆိုလျှင် သူမကို ဂရုစိုက်တတ်ပြီး မည်မျှပင် အလုပ်များနေပါစေ အိမ်ပြန်ရောက်လာလျှင် သူမအနားသို့ လာရောက်ကာ အဖော်ပြုပေးတတ်လေသည်။

ဒီနေ့ညတော့ ကောင်းသေးရဲ့လား။ ဘာသံမှမပေးဘဲ စာကြည့်ခန်းထဲကို ဝင်သွားတယ်ပေါ့။

မုန့်ယွင်လော်သည် စိတ်မရှည်နိုင်တော့ဘဲ စာကြည့်ခန်းထဲသို့ အလျင်အမြန် လိုက်ပါသွားလေ၏။

စာကြည့်ခန်းရှေ့တွင် စောင့်ကြပ်နေသူမှာ တတိယမင်းသား၏ အနီးကပ်ကုန်းကုန်းလေး ရှောင်နျန် ဖြစ်လေသည်။

ရှောင်နျန်ကုန်းကုန်းသည် မုန့်ယွင်လော်ကို တားဆီးလိုက်ပြီး အခက်တွေ့နေသည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ဟွမ်စစ်ဖေးညန်ညန် ခဏလောက် သည်းခံပါအုံး။ အရှင်မင်းသားက ဒီနေ့ ယိဟွားနန်းဆောင်ကိုသွားပြီး စူးဖေးနဲ့ ဘာတွေပြောခဲ့လဲ မသိပါဘူး။ ဒေါသတကြီးနဲ့ နန်းတော်ထဲကနေ ထွက်လာတယ်။ အိမ်ပြန်ရောက်လာတာနဲ့ စာကြည့်ခန်းထဲမှာ ကိုယ့်ဟာကို ပိတ်လှောင်ထားတယ်။ ကျွန်တော်မျိုး သတ္တိမွေးပြီး လျှောက်တင်ပါရစေ။ ညန်ညန်က စာကြည့်ခန်းထဲ မဝင်ပါနဲ့တော့ အဆောင်ပြန်ပြီး နားလိုက်ပါအုံး"

ရှောင်နျန်သည် သခင်ကို နှစ်ပေါင်းများစွာ ပြုစုလာခဲ့သော်ငြား လီဟောက်၏ မျက်နှာအမူအယာက ဒီလောက်အေးစက်ပြီး ကြည့်ရဆိုးနေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ပြန်စဥ်းစားကြည့်လိုက်ရုံနှင့် ဒူးများ တုန်လာလေတော့သည်။

မုန့်ယွင်လော်သည် ကိုယ်ဝန်ရှိနေသဖြင့် စိတ်ဆတ်နေပြီး ချက်ချင်းပင် အော်ဟစ်လေတော့သည်။ "ဒီည ငါ အရှင်မင်းသားကို တွေ့ရမှဖြစ်မယ်လို့ သွားပြောလိုက်"

ရှောင်နျန်သည် မတတ်သာတော့ဘဲ တံခါးထပ်ခေါက်လိုက်လေသည်။ ပါးစပ်ဟပြီး စကားမပြောရသေးခင်မှာပင် အခန်းထဲက ဒေါသတကြီး အော်ဟစ်သံ ထွက်လာတော့၏။ "ထွက်သွားစမ်း!"

မုန့်ယွင်လော်ကလဲ ကြားလိုက်သဖြင့် ဒေါသတကြီးနှင့် ခြေဆောင့်လေသည်။ "လီဟောက် တံခါးဖွင့်!"

အခန်းထဲက ဘာသံမှ ထွက်မလာပေ။ ထွက်သွားဆိုသည့် အသံပင် မကြားရတော့ချေ။

မုန့်ယွင်လော်သည် ဒေါသထွက်သလို ဝမ်းနည်းသလို ခံစားလိုက်ရပြီး မျက်လုံးများ နီရဲလာကာ ငိုကြွေးလေတော့သည်။ "အမြဲတမ်း ဒီလိုချည်းပဲ။ ဘာကိစ္စပဲဖြစ်ဖြစ် ရှင်က ကိုယ့်ဟာကို စာကြည့်ခန်းထဲမှာ ပိတ်လှောင်ထားပြီး ကျွန်မကို စကားတစ်လုံးမှ မပြောဘူး။ ရှင်က ကျွန်မကို ဇနီးလို့ရော သဘောထားသေးရဲ့လား"

သူမက မည်မျှပင် ငိုယိုအော်ဟစ်နေပါစေ အခန်းထဲက ဘာအသံမှ ထွက်မလာပေ။

ရှောင်နျန်သည် ငိုကြွေးနေသည့် တတိယမင်းသားကြင်ရာတော်ကို သနားကြင်နာစွာ ကြည့်လိုက်ပြီး တိုးတိုးလေး နှစ်သိမ့်လိုက်လေ၏။ "ဟွမ်စစ်ဖေးညန်ညန် ကိုယ်ဝန်ရှိနေတာဆိုတော့ စိတ်မဆိုးသင့်ပါဘူး။ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ အဆောင်ပြန်ပြီး နားလိုက်ပါတော့"

မပြန်လို့ရော ဘာတတ်နိုင်မှာလဲ။

ဂရုစိုက်မဲ့သူမှ မရှိတော့ဘဲ ဘယ်သူ့ကို ငိုပြရမှာလဲ။

မုန့်ယွင်လော်သည် အင်္ကျီလက်စဖြင့် မျက်ရည်သုတ်လိုက်ပြီး လှည့်ထွက်သွားတော့၏။

...

ယနေ့ တစ်ညလုံး မုန့်ယွင်လော်သည် ဟိုလှိမ့်ဒီလှိမ့်နှင့် အိပ်မပျော်ခဲ့ချေ။ နောက်တနေ့ မနက်စောစောတွင် သူမသည် အိပ်ရာထကာ စာကြည့်ခန်းဆီသို့ သွားလိုက်လေသည်။

နှစ်ကုန်ခါနီးပြီဆိုတော့ လီဟောက်ကလဲ နန်းတော်ထဲ ဝင်ရအုံးမှာပဲလေ။ စာကြည့်ခန်းထဲမှာ တစ်ချိန်လုံး ပုန်းနေလို့မရပါဘူး။

မုန့်ယွင်လော် ထင်ထားသည်ကလဲ မမှားချေ။ စာကြည့်ခန်းရှေ့သို့ ရောက်သည်နှင့် တံခါးခေါက်ရန် မလိုတော့ဘဲ တံခါးပွင့်လာကာ လီဟောက်က ထွက်လာခဲ့လေသည်။

လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင် ဆုံမိသွားကြတော့၏။

မုန့်ယွင်လော်၏ ရင်ထဲက ဝမ်းနည်းမှုနှင့် မကျေနပ်ချက်များ အားလုံးသည် လီဟောက်ကို မြင်လိုက်ရသည်နှင့် ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုနှင့် စိတ်ပူပန်မှုတို့ အစားထိုး ဝင်ရောက်လာတော့၏။ သူမသည် ရှေ့သို့ ပြေးသွားလိုက်လေသည်။

"အရှင်မင်းသား ဘာဖြစ်တာလဲ။ အရှင်မင်းသားရဲ့ ဆံပင်တွေ ... ဘာဖြစ်လို့ ဒီလောက်တောင် ဖြူသွားတာလဲ"

တညအိပ်ပြီး နိုးလာတဲ့အချိန်မှာ လီဟောက်ရဲ့ ဆံပင်တွေက အများကြီး ဖြူသွားခဲ့တာပဲ။

တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။

မုန့်ယွင်လော်သည် ထိတ်လန့်လွန်းသဖြင့် မိမိ၏ ဝမ်နည်းမှုကိုပင် မေ့လျော့သွားပြီး အလျင်အမြန် မေးမြန်းလိုက်လေသည်။ "နန်းတော်ထဲမှာ တစ်ခုခု ဖြစ်လို့လား"

လီဟောက်သည် တညလုံး မအိပ်ရသေးသဖြင့် မျက်လုံးများနီရဲနေပြီး မျက်နှာပေါ်တွင် အေးစက်မှုများ ဖုံးလွှမ်းလို့နေ၏။ နားထင်ဘေးက ဆံပင်ဖြူများကလဲ သိသာထင်ရှားနေတော့သည်။ သူက ပါးစပ်ဟလိုက်သည်အခါ အသံက ကွဲအက်နေပြီး ကြားရသူအဖို့ တုန်လှုပ်စရာ ကောင်းနေတော့သည်။ "ဘာမှမဖြစ်ပါဘူး"

မုန့်ယွင်လော်၏ မျက်ရည်များက နောက်တကြိမ် စီးကျလာပြန်သည်။

"ကျွန်မတို့က လင်မယားတွေလေ။ လင်မယားဆိုတာ တစ်စိတ်တစ်ဝမ်းတည်း ရှိရမှာပေါ့။ ဘာကိစ္စပဲဖြစ်ဖြစ် အတူတူ ရင်ဆိုင်ရမှာပေါ့။ ရှင်က ကျွန်မကို ဒီလိုဖုံးကွယ်ထားတာ ကျွန်မကို အရေးမလုပ်ဘူးဆိုတဲ့ သဘောပဲ"

လင်မယားဆိုသည့် စကားလုံးနှစ်လုံးက လီဟောက်၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးနှက်လိုက်သလို ဖြစ်သွားတော့သည်။

လီဟောက်၏ မျက်ဝန်းနက်နက်များထဲတွင် နာကျင်မှုများ ဖြတ်ပြေးသွားပြီး အတော်ကြာမှ ပြောလာလေသည်။ "မင်းကိုယ်ဝန်ရှိနေတာဆိုတော့ စိတ်အပင်ပန်း မခံသင့်ဘူးလေ။ ပြန်ပြီးနားလိုက်ပါ"

မုန့်ယွင်လော်က အင်္ကျီလက်စဖြင့် မျက်ရည်ကို သုတ်လိုက်ပြန်သည်။ "မသွားဘူး။ ကျွန်မ မသွားနိုင်ဘူး။ ရှင့်ရဲ့ ဒီပုံစံနဲ့ နန်းတော်ထဲဝင်သွားရင် မြင့တဲ့သူတိုင်းက တစ်ခုခုမှားယွင်းနေမှန်း သိကြမှာပဲ။ လူလွှတ်ပြီး ခွင့်တိုင်လိုက်ပါ။ တစ်ရက်လောက်တော့ နားလိုက်ပါ"

ရှောင်နျန်ကလဲ သတ္တိမွေးကာ ထောက်ခံလိုက်လေသည်။

"မင်းသမီးပြောတာ မှန်ပါတယ်။ အရှင်မင်းသား တညလုံး မအိပ်ရသေးဘူးဆိုတော့ ခဏလောက် အိပ်လိုက်ပါအုံး"

ဒီပုံစံနဲ့ နန်းတော်ထဲဝင်သွားရင် ဘယ်လောက်တောင် အတင်းပြောခံရမလဲ မသိဘူးလေ။

လီဟောက်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ခေါင်းညိမ့်လိုက်လေသည်။ မုန့်ယွင်လော်ကို ကြည့်ကာ ပြောလိုက်၏။ "မင်း စိတ်မပူပါနဲ့။ ငါ တစ်ရက်လောက်နားလိုက်ရင် ကောင်းသွားမှာပါ"

အသံက မာကျောနေဆဲဖြစ်သော်ငြား အရင်လောက်တော့ စိမ်းကားခြင်း မရှိတော့ပေ။

မုန့်ယွင်လော်သည် အငိုရပ်သွားပြီး မို့မောက်လာသည့်ဗိုက်လေးကို ပွတ်သပ်လိုက်သည်။

"သားအမိချင်း စိတ်ချင်းဆက်နေတယ်ဆိုတာ တကယ်ပဲ။ ကျွန်မ စိတ်လှုပ်ရှားလိုက်တာနဲ့ ဗိုက်ထဲက ကလေးကလဲ လှုပ်ရှားလာတယ်။ ကလေးက သူ့အမေကို စိတ်ပူနေတာဖြစ်မယ်"

လီဟောက်၏ အကြည့်သည် မုန့်ယွင်လော်၏ လက်အတိုင်း ဗိုက်ပေါ်သို့ ကျရောက်သွားတော့၏။ ဦးနှောက်ထဲတွင်လည်း နာမည်တစ်ခု ပေါ်လာလေသည်။

ယန့်အာ။

သူနဲ့ လုမင်ယွိမှာ ယန့်အာလို့ခေါ်တဲ့ သားတစ်ယောက်ရှိခဲ့ဖူးတယ်။

လည်ချောင်းဝတွင် သွေးညှီနံ့တစ်ခု ရလာတော့၏။

လီဟောက်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှုပ်ထွေးနေသည့် အတွေးများကို ဖိနှိပ်ထားလိုက်လေတော့သည်။

မုန့်ယွင်လော် ထွက်သွားပြီးနောက် သူသည် ရေချိုး အဝတ်အစားလဲပြီး ဖယောင်းဖတ်ကြီးကို စားနေရသလို အရသာမရှိလှသည့် မနက်စာကို စားလိုက်လေသည်။

ရှောင်နျန်ကတော့ သတ္တိမွေးကာ အကြံပေးလိုက်၏။

"အရှင်မင်းသား ရုတ်တရက် ဆံပင်တွေဖြူသွားတာ လူတွေမြင်ရင် အတင်းပြောကြပါလိမ့်မယ်။ ကျွန်တော်မျိုး ဆံပင်ဆိုးဆေးရှာပြီး ဆံပင်ဖြူတွေကို ဆိုးပေးပါရစေ"

လီဟောက်က ခေါင်းညိမ့်လိုက်လေသည်။

...

လီဟောက် ခွင့်ယူလိုက်သည့်ကိစ္စသည် လူအများ၏ အာရုံစိုက်ခြင်းကို မခံရချေ။

နှစ်ကုန်ပိုင်း ရောက်နေပြီဖြစ်သဖြင့် နန်းတော်ထဲက လူတိုင်းသည် နှစ်သစ်ကူးအတွက် အလုပ်ရှုပ်နေကြပြီး ပျော်ရွှင်တက်ကြွ နေကြလေသည်။ စူးဖေးကလွဲလျှင် မည်သူကမှ လီဟောက် နန်းတော်ထဲ မလာသည်ကို သတိမထားမိကြပေ။

မဟုတ်သေးချေ။ သတိထားမိသူတစ်ယောက်တော့ ကျန်သေးလေသည်။

လီချန်က စူးဖေးကို တိုးတိုးလေး မေးလိုက်၏။ "မူဖေး စန်းကောက ဘာလို့ နန်းတော်ထဲ မလာတာလဲ"

စူးဖေးသည် စိတ်ညစ်နေသဖြင့် လီချန်ကို ဂရုစိုက်ချင်စိတ်မရှိဘဲ သာမန်ကာလျှံကာသာ ဖြေလိုက်တော့သည်။ "သူက လူလွှတ်ပြီး ခွင့်တိုင်ထားတယ် နေမကောင်းဘူးတဲ့"

လီချန်သည် အစ်ကိုဖြစ်သူကို ဂရုစိုက်တတ်သဖြင့် ချက်ချင်းပြောလိုက်တော့သည်။ "ကျွန်တော်လဲ ဘာမှလုပ်စရာမရှိဘူး။ အခု နန်းတော်ထဲကထွက်ပြီး အစ်ကို့ဆီကို သွားလည်လိုက်မယ်"

စူးဖေးမှာ စိတ်လှုပ်ရှားသွားပြီး လွှတ်ခနဲ ပြောထွက်သွားလေသည်။ "မသွားနဲ့"

စိတ်လောသွားသဖြင့် အသံက စူးရှသွား၏။

လီချန်သည် စူးဖေး၏ ပြင်းထန်လှသည့် တုံ့ပြန်မှုကြောင့် လန့်ဖြန့်သွားပြီး အဆီများကြောင့် ကျဥ်းမြောင်းနေသော မျက်လုံးများကလဲ ကြောင်တောင်တောင်လေး.ဖြစ်သွားတော့၏။

"မူဖေး ကျွန်တော် စကားပြောမှားသွားလို့လား"

စူးဖေးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လီချန်ကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။

"မင်းအစ်ကိုက နေမကောင်းဖြစ်နေတာ အိမ်မှာ အေးအေးဆေးဆေး နားနေရမှာ မင်းက ဘာသွားရှုပ်အုံးမှာလဲ။ မင်းရဲ့ အိပ်ဆောင်ထဲမှာပဲ ငြိမ်ငြိမ်လေးနေစမ်းပါ ပြဿနာမရှာပါနဲ့"

သူက အစ်ကိုဖြစ်သူကို သွားကြည့်ချင်ရုံလေးပဲလေ။ ဘာလို့ ပြဿနာရှာတယ် ဖြစ်သွားရတာလဲ။

လီချန်၏ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများ ပြည့်နှက်လာတော့သည်။ တစ်ခုခုပြောချင်သော်ငြားလည်း စူးဖေးက စိတ်မရှည်စွာဖြင့် လက်ဝှေ့ယမ်းကာ သူ့ကို ထွက်ခွာသွားခိုင်းလိုက်၏။

လီချန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားလေတော့သည်။

တစ်ရက်ကုန်ဆုံးသွားပြီးနောက် နှစ်ကုန်နန်းတွင်းစားသောက်ပွဲနေ့ ရောက်ရှိလာခဲ့၏။

လီဟောက်သည်လဲ နန်းတော်သို့ ဝင်ရောက်လာခဲ့လေသည်။

သူသည် ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေပြီး နားထင်ဘေးက ဆံပင်ဖြူများကိုလဲ ဆေးဆိုးထားသဖြင့် ထူးခြားမှု မရှိတော့ချေ။ သို့သော်ငြား လီချန်ကို ကြည့်နေသည့် မျက်လုံးများကတော့ အထူးတလည် စူးရှနေလေတော့သည်။

...

All Chapters